❝ ဟိုချုံ ဒီချုံ မန်ကျည်းချုံ ❞
( ၁ )
ညနေချမ်းဖြစ်၍ နေညိုညိုတွင် လေချိုသွေးနေသည် ။ သစ်ပင်များထက်တွင် ကျေးငှက်များသည် ဘာသာဘာ၀ အော်မြည် ရင့်ကျူးကာ အိပ်တန်းတက် ကုန်ကြပြီ ။ သစ်ပင်ထက်တွင် အချင်းချင်း နေရာလုဟန်ဖြင့် တစ်ကောင်နှင့် တစ်ကောင် ထိုးဆိတ်ရင်း ဆူညံ နေကုန်သည် ။
ကိုဒေါင်းစိန် သည် ဖွဲနုတောင်းကို ထမ်းကာ လျှောက်လာ၏ ။ သူသည် ရွာကို ကျော်လွန်သည် အထိ မရပ်မနား ဆက်လက်၍ သွားနေ၏ ။ ရွာနှင့် အတော်လှမ်းလှမ်း နေရာသို့ ရောက်မှ ကမ်းထိပ်တွင် ထိုင်ကာ ဖွဲနုတောင်းကို ချလိုက်၏ ။ သူ့မျက်စိရှေ့မှာတော့ ရှည်လျား ကောက်ကွေ့သော ချောင်းရိုးကြီး သည် စင်းစင်းကြီး ရှိနေသည် ။ ဤချောင်းရိုးကြီး အတွင်း ကမ်းစပ်တစ်လျှောက်မှာမူ ငါးများ ခိုအောင်းရန် ပြုလုပ်ထားသော ချုံများသည် တစ်ခုနှင့် တစ်ခု ဆက်ကာ ဆက်ကာ ရှိနေသည် ။ ဟိုချုံဒီချုံ အားလုံးသော ချုံများမှာ မန်ကျည်းချုံများ သာ ဖြစ်သည် ။
ကိုဒေါင်းစိန် သည် သူ့ရှေ့ တည့်တည့်ရှိ ကမ်းစပ်မှ ရေလယ်သို့ ထိုးထွက် နေသော သူ့ ချုံကိုသာ စိုက်ကြည့်နေ၏ ။ သူ့ ချုံမှာလည်း အများသော ချုံများနည်းတူ မန်ကျည်းချုံပင် ဖြစ်ပါသည် ။ မန်ကျည်းပင် အကိုင်းအခက် နှင့် မကျည်းတုံးများကို ရေထဲ နှစ်မြှုပ်ထားပြီး အပေါ်မှ ဗေဒါပင်များနှင့် ဖုံးအုပ်ထားသော မန်ကျည်းချုံပင်ဖြစ်ပါသည် ။ အနံအလျား စတုရန်းလေးထောင့် ပတ်လည်အငန်းလေးဆယ် လယ်တစ်ကွက်ခန့်ရှိမည်ထင်၏ ။
သူသည် ဖွဲနုတောင်းကို ခါးစောင်းတင်ကာ ကမ်းစပ်သို့ ဆင်းသွား၏ ။ ဖွဲနုတောင်းထဲမှ ဖွဲနု လက်တစ်ဆုပ် နှိုက်ယူပြီးနောက် ချုံ၏ အလယ်တွင် ဗေဒါပင်များ မရှိသဖြင့် ရေပြောင် ဖြစ်နေသော နေရာသို့ လှမ်းပက် ကြဲဖြန့်လိုက်၏ ။ နောက်ထပ်လည်း တစ်ဆုပ်ပြီး တစ်ဆုပ် နှိုက်ယူကာ ထိုနေရာ သို့ပင် လှမ်းပက် ကြဲဖြန့်နေ၏ ။ ဖွဲနုမှုန်ကလေးများမှာ ချုံ၏ အလယ် ရေပြောင်တွင် ပျံဝဲကျလာပြီးနောက် ပေါလောမျောနေ၏ ။
သူ့တောင်းထဲတွင် ဖွဲနုများကုန်မှ သူ ကမ်းထိပ်သို့ ပြန်တက် လာကာ ရပ်ကြည့်နေ၏ ။ ရေပေါ်တွင် ပေါလောမျော နေသော ဖွဲနုများအား ငါးကလေးများ ထိုးဟပ်စားနေသည် ကိုမြင်၍ သူ့ရင်တွင်း၌ ပီတိ ဖြစ်နေ၏ ။ တစ်နေရာတည်းတွင် မဟုတ်ဘဲ နေရာ အနှံ့အပြားမှ ငါးအမြောက်အများ ထပွက်ကာ ဖွဲနုကလေးများကို ထိုးဟပ် စားနေသည်ကို မြင်ရ၍လည်း ကျေနပ် နေမိ၏ ။ တစ်ချီတစ် ချီတွင် ငါးကြီးများက ဖွဲ့နု စားနေသော ငါးကလေးများအား ဝုန်းခနဲ ထိုးဟပ် လိုက်သည့်အခါတွင်မူ သူ့မျက်နှာသည် ပြုံးပြုံးကြီး ဖြစ်သွားတတ်၏ ။ အား... ငါ့ချုံထဲမှာတော့ ငါးကြီးရော ငါးလေးရော အတော်များများ ရောက်နေ ပါပေါ့ကလား ။
ပင်ပန်းကျိုးဖြင့် နပ်တော့မည် ။ ဝမ်းမြောက်ခြင်းဖြင့် ပြုံးမိသည် ။ ကမ်းစပ် တစ်လျှောက် ချုံတွေက ပေါများလှသည်ဖြစ်ရာ ငါးတွေမှာလည်း အပျံ့ပျံ့အနှံ့နှံ့ ဖြစ်နေသည် ။ သို့သော် သူ့ချုံမှာ အစာ မှန်မှန် ကျွေးနေသော ချုံဖြစ်၍ အခြားချုံမှ ငါးများပင် သူ့ချုံတွင်းသို့ ကူးပြောင်းကာ ပျော်ပိုက်စွာ ခိုအောင်း နေခြင်းဖြစ်ရမည် ။ ပြီးတော့ သူ့ ချုံနေရာမှာ ငါးများ နှစ်ခြိုက်စွာ ခိုအောင်းနေတတ်သော အိုင်ရှိသည့် ကမ်းစပ်တွင် ဖြစ်၍လည်း ချောင်းရိုး တစ်ခုလုံးမှ ငါးများအားလုံးသူ့ချုံထဲ၌သာ ခိုအောင်း နေရမည် ဟုပင် လောဘတကြီး တွေး မိသည် ။ ပင်ပန်းကျိုးဖြင့် နပ်တော့မည် ။ ဝမ်းမြောက်ခြင်းဖြင့် ပြုံးမိသည် ။
“ ဝုန်း ... ဝုန်း ... ဖွမ်း ”
ငါးပတ်ကြီး တစ်ကောင်က ဖွဲနုစားနေသော ငါးကလေးများ ကို ထိုးဟပ်လိုက်ရာ ရေပေါ်သို့ တစ်တောင်ခန့် မြောက်တက် လာသဖြင့် ငါးပတ်ကြီးကို သူ မြင်လိုက်ရ၏ ။ ချစ်သူ ရည်းစားကလေး အား ပထမဆုံးအကြိမ် နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံလိုက်ရသလို သူ့ရင်ထဲ၌ ဒိတ်ခနဲ ဖိုခနဲ နေအောင် ပီတိတွေ ထသွား၏ ။ မယ်စိန်ရေ တို့ ချုံထဲ ခုလို ငါးပေါပုံမျိုးနဲ့ ဆိုရင် ဒီနှစ် တို့တော့ ကြွေးကြီး ဆပ်ပေါ့ ကွယ် ။
အတွေးဖြင့် ကျေနပ် နေစဉ်မှာပင် ငါးရံ့ကြီး တစ်ကောင်က ရေထဲမှ ဝုန်းခနဲနေအောင် ထခုန်လိုက် ပြန်၏ ။ ထိုငါးရံ့ထခုန်လိုက်သော အရှိန်ဖြင့် ငွေရောင် ဖွေးနေသော ငါးဖယ်အောင်း သုံးလေးကောင် က လန့်ဖျပ်ပြီး ခုန်လိုက်ပြန်ရာ ရေမျက်နှာပြင်ပေါ်မှ ဖွဲနုကလေးများကို စားနေသော ငါးကလေးများ မှာလည်း ကြောက်လန့် တကြား ကူးသန်းတိမ်းရှောင်သွားကြရာ ရေမျက်နှာပြင်မှာ တည်ငြိမ်ရာ မရရှာဘဲ တသဲသဲ လှုပ်ရှား သွား၏ ။
သူ့ ချုံထဲ၌ ငါး အနည်းအများကို သည်မျှ လောက် အကဲခတ်လျှင် လုံလောက်ပေပြီ ။ ယခု သူ့ ချုံတွင်း၌ ငါးအတော် ကလေး များနေပြီကို ဒိဋ္ဌ သိရပြီဖြစ်ရာ နက်ဖြန်ကို ပိတ်ဆို့ဖမ်းဖို့ အချိန် တော်ပေပြီ ။
သူသည် ကျေနပ်သော စိတ်ထားဖြင့် နေအိမ်သို့ လမ်းလျှောက်ပြန်လာ၏ ။ ရင်ကိုကော့၍ ခေါင်းကို မော့ကာ ခြေလှမ်း မှန်မှန်နင်းပြီး ခပ်ကြွားကြွား လျှောက် ပြန်ခဲ့၏ ။ ကိုလေးဖိုးကွန့် တို့ အခါတိုင်းနှင့် မတူ တစ်မူ ထူးနေသော သူ့ အား ကိုလေးဖိုးကွန့် က ခပ်ပြုံးပြုံး လှမ်းကြည့် နေရင်းမှ “ ဒေါင်းစိန် တစ်ယောက်တော့ သူ့ ချုံထဲ ငါး တော်တော် တွေ့လာတယ် ထင်တယ်ဟေ့ ” ဟု အိမ်နီးချင်းများအား ခပ်ကျယ်ကျယ် ပြောလိုက်သံ ကို သူ ကြားလိုက်ရသော်လည်း မကြားသလို မသိသလို ဟန်မပျက် လျှောက် လာခဲ့၏ ။ သူ့အိမ်ရှေ့ အရောက် တွင် အိမ်တွင်းသို့ ရုတ်တရက် မဝင်ဘဲ လမ်းမ၌ပင် စုံရပ် ကာ အိမ်နီးချင်းများ ကြားလောက်သော အသံဖြင့် မယ်စိန် အား အော်ဟစ် ပြော လိုက်လေသည် ။
“ ဟေ့ မယ်စိန် ၊ ရွာလယ်က ကိုပေါက်တူးရဲ့ ဂုံနီပိုက်ကို သွားငှားစမ်း ၊ နက်ဖြန်ကို ချုံဆို့ ဖို့ သေချာပြီ လို့ ။ ဂုန်နီပိုက်ကို ဘယ်သူ့မှ လက်မကူးပါနဲ့လို့ ။ နက်ဖြန်ကို မငှားနိုင်သေးဘူး ၊ စောင့်ပါဦး ၊ ဘာညာ ဆိုရင် မစောင့်နိုင်ဘူး ၊ ချုံထဲမှာ ငါးအတော်များနေတုန်း အမိဖမ်းရမှာမို့ နက်ဖြန်ဆက်ဆက်ရမှ ဖြစ်မယ်လို့ ပြော ။ ဒါနဲ့မှ ချေးများနေသေးရင် ပိုက်ခကို ငွေတစ်ဆယ် မဟုတ်ဘူး ၊ တစ်ဆယ့်ငါးကျပ် အထိ ပေးမယ်လို့ ပြောကွာ ။ ရေငုပ်သမားနှစ်ဦးနဲ့ ပိုက်ရှင်ကိုလည်း အရက် အဝ တိုက်မယ်လို့ ပြော ၊ ကြားလား ၊ နက်ဖြန်ဆိုရင် နက်ဖြန် နော် ၊ သန်ဘက်ဖိန်းနွဲ့ မဖြစ်ဘူး ”
( ၂ )
ဘုန်းကြီးကျောင်း မှ အရုဏ်တက် ဝတ်တက် အုန်းမောင်းခေါက်သံ ကြားရသောအခါ ကိုဒေါင်းစိန် လန့်နိုး လာ၏ ။ ခါတိုင်းခါတိုင်း ဆိုလျှင် ဒီအချိန် အိပ်ကောင်းတုန်း အချိန်ဖြစ်၍ အိပ်ရာမှ ထဖို့ စိတ် ကူးပင်မထည့်ခဲ့ ။ သို့သော် ယခုတစ်ကြိမ် တွင်မူ သူသည် အိပ်ရာထဲ၌ အပျင်းမဆန့်ဘဲ ချက်ချင်းပင် ထ လိုက်၏ ။ ယနေ့ကား သူ့ ချုံကို ပိတ်ဆို့၍ ငါးများ ကို ဖမ်းယူရမည့်နေ့ဖြစ်၏ ။ သူ့ ချုံအတွင်း၌ ငါး အတော်များများ မြင်ခဲ့ရသည် ဖြစ်သော ကြောင့်လည်း ချုံဆို့မည့် နေ့နှင့် ဤချုံဆိုမည့် အချိန်ကို သူ စိတ်စော နေခြင်းဖြစ်သည် ။ ထို့ကြောင့်ပင် တစ်ခါမျှ မနိုးဖူးသော အချိန်တွင် နိုး၍ တစ်ခါမှ မထဖူး သောအချိန် သူ ထလိုက်ခြင်း ဖြစ်၏ ။
သူ့ ချုံကို ပိတ်ဆို့ဖို့မှာ အားလုံးအသင့်ဖြစ်နေလေပြီ ။ ညဦး ကတည်းကပင် အသပြာငွေ တစ်ဆယ်နှင့် ငှားလေ့ရှိသော ကိုပေါက်တူး ၏ ဂုန်နီပိုက်ကို တစ်ဆယ့်ငါးကျပ်အထိ တိုးပေးကာ မရမနေ ငှားရမ်းခဲ့ ပြီး သူ့ချုံရှိရာ ကမ်းစပ်သို့ အရောက် ပို့ထားပြီးခဲ့ပြီ ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် ကိုလည်း သူ့ချုံ ဆို့ သည့် အခါတွင် ကူညီညာ လုပ်ကိုင်ရန် ဖိတ်ကြားထားပြီးပြီ ။ ယခုဆိုလျှင် ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် ကို နှိုးကာ သူ့ ချုံကို သွားရောက် ပိတ်ဆို့ရန် အချိန်တန်ပြီ ။
အမှတ်မထင်ပင် ညတုန်းက ကိုလူမောင် နှင့် သူ အငြင်းပွားခဲ့ရသော ကိစ္စတစ်ခု ကို သွား၍ သတိရ မိ၏ ။ ကိုလူမောင် က သူ့ချုံကို မိုးစင်စင်လင်းမှ ပိတ်ဆို့ဖို့ အကြံပေး၏ ။ သူက ထို အကြံပေးချက်ကို လက်မခံဘဲ မိုးမလင်းမီ ဝေလီဝေလင်း အချိန်ကစ၍ ပိတ်ဆို့မည် ဟု တစ်ထစ်ချ ဆုံးဖြတ်ထားသော အသံဖြင့် ပြောခဲ့၏ ။ သူ ခွပြောခြင်း မဟုတ် ။ သူ့၌ လုံလောက်သော အကြောင်းရှိသည် ။ တကယ်ဆို တော့ သူ့ချုံ အကြောင်း သူ ပိုသိသည် ။ သူ့ ချုံတွင်း၌ ငါးမျိုးစုံ ရှိရုံသာမက ငါးဖယ် ကလည်း အတော် များသည် ။ ဤ ငါးဖယ်များမှာ မိုးလင်းသည်နှင့် တစ်ပြိုင်နက် ချုံထဲ၌ မနေတော့ဘဲ အပြင်သို့ အစာရှာ ထွက်တတ်ပြီး မိုးချုပ်မှ ချုံထဲသို့ ပြန်ဝင်သည် ။ အကယ်၍ မိုးစင်စင်လင်းမှ သူ့ချုံကို ပိတ်ဆို့ ပါက ဤ ငါးဖယ်များကို မိလိုက်တော့မည် မဟုတ် ။ မိုးမလင်းမီ ဝေလီဝေလင်း အချိန်ကစ၍ ပိတ်ဆို့မှသာ ဤငါးဖယ်များပါ တစ်ပါတည်း မိနိုင်မည် ။ ဤအချက် ကို မသိသော ကိုလူမောင် ကပင် သူ့ ကို ငေါ့လိုက်သေးသည် ။ “ အေး မင်း ချုံမို့ မင်းဟာ မင်း ဘယ်အချိန်ပိတ် တို့က အကြံပေးရုံ အပြင် က ဘာတတ်နိုင်ဦးမှာလဲ ” တဲ့ ။ သူ က ဘာနားလည်လို့လဲ ။
သူသည် တစ်ချက်မျှ သမ်းဝေလိုက်ပြီးနောက် သူ့ အနီး၌ အိပ်မောကျ နေသော မယ်စိန် ကို ပုတ်နိုး လိုက်၏ ။ မယ်စိန် နိုးလာသော အခါတွင် ထမင်းဟင်းကို စောစောချက်ပြီး ပို့ရန် မှာထားခဲ့ပြီး နောက် အိမ်ပေါ်မှ ဆင်းကာ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် ကို သွားနှိုး၏ ။ ကိုလေးဖိုးကွန့် မှာ အလွယ်တကူ နှင့် နိုး၍ ချက်ချင်း ပင် ထလိုက်လာခဲ့သော်လည်း ကိုလူမောင် ကိုမူကား အချိန် အတော်ကြာအောင် နှိုးယူရသည် ။ ထလာ ပြန်တော့လည်း ပျင်းရိရိနှင့် အီလေးကြီး ဆွဲလို့ ၊ စိတ်မရှည်စရာ ။
ပြာသိုလမို့ ခိုက်ခိုက်တုန်အောင် ချမ်းလှ သဖြင့် သုံးယောက်သား စကား မပြောအားဘဲ ခပ် ကုပ်ကုပ် ကလေး လျှောက်လာ၏ ။ ကိုဒေါင်းစိန် ၏ ချုံရှိရာ ကမ်းစပ်သို့ ရောက်သောအခါ မိုးစင်စင် လင်းလုပါပြီ ။
ကိုဒေါင်းစိန် ကား အချိန်ကို အနည်းငယ်ကလေးမျှ မဖြုန်းဝံ့တော့ဘဲ ချက်ချင်းပင် ပိတ်ဆို့ရန် ပြင်ဆင်ရ၏ ။ မိုးလင်း သွားပါက သူ့ ချုံထဲမှ ငါးဖယ်များ ထွက်သွားတော့မည် ဖြစ်ရာ နှောင့်နှေးနေ၍ မဖြစ်တော့ ။
သူသည် ကိုလေး ဖိုးကွန်း နှင့် ကိုလူမောင် အား ယခုချက်ချင်း ပိတ်ဆို့တော့မည် ဖြစ်ကြောင်း ကြေ ညာလိုက်ပြီးနောက် ချုံအနီးတွင် ဆိုက်ကပ် ထားသော လှေကြီးတစ်စင်း ပေါ်သို့ လှမ်းတက်လိုက် သဖြင့် ၊ ကိုလေး ဖိုးကွန့်နှ င့် ကိုလူမောင် လည်း ထိုလှေကြီးပေါ်သို့ တက် လိုက်လာရ၏ ။ ထိုလှေကြီး ပေါ်တွင်ကား ကိုပေါက်တူး ထံမှ တစ်ဆယ့်ငါးကျပ် ပေး၍ ငှားထားရသော ဂုန်နီပိုက်ကြီး ကို အသင့်တင် ထားပြီးရှိနေသည် ။
ကိုလူမောင် သည် ပဲ့ကိုင်ပေး၍ ကိုဒေါင်းစိန် နှင့် ကိုလေးဖိုးကွန့် က လေးလံလှသော ဂုန်နီပိုက်ကြီး ကို ချုံပတ်လည် တစ်လျှောက်ရှိ ရေထဲသို့ ဆွဲချကာ ပိတ်ဆို့ ဝန်းဝိုင်းလိုက်သည် ။ ဂုန်နီပိုက်ကြီးမှာ ချုံ၏ အနံအလျားနှင့် တိုင်းထွာ ပြုလုပ်ထားသည်ဖြစ်ရာ ချုံပတ်လည်တစ်လျှောက်ကို ဝိုင်းပတ် ပိတ်ဆို့နိုင်အောင် ကိုက် ၆၀ ခန့်ရှည်လျား၏ ။ ထိုဂုန်နီပိုက်၏ အောက်ခြေတွင် ခြေမခန့် အလုံးအထည်ရှိ၍ ကိုက် ၆၀ ခန့်ပင် ရှည်လျားသော သံကြိုးကြီးကို အောက်နားအဖြစ် တပ်ချည်ထားသည်ဖြစ်ရာ ၊ ရေအောက်ရှိ မြေကြီးနှင့် ထိုသံကြိုး တပ်ချီထားသော ဂုန်နီပိုက်အောက်ခြေမှာ စရွေးကိုက်အောင် မြဲမြဲ ထိကပ်လျက် ရှိသဖြင့် ငါး များသည် ရေအောက်မှ တိုးထွက်နိုင်တော့မည် မဟုတ် ။
ပြီးတော့ ဂုန်နီပိုက်၏ အစောက် ( အမြင့် ) မှာလည်း ငါးတောင် ငါးတောင်စီ အနံရှိသော ဂုန်နီချောနှစ်ခုကို စပ်ချုပ်ထားရုံမျှ မက အပေါ်မှ ၆ တောင်ခန့် အစောက်ရှိသော ကျင်သီကြိုး ပိုက်ကွက်ကို တပ်ဆင် ထားသေးသည် ဖြစ်ရာ အားလုံး ဂုန်နီပိုက်၏ အစောက်မှာ ၁၆ တောင်ခန့် မြင့်မားနေ၏ ။
ရေ၏ အစောက်မှာ ၈ တောင် ခန့်ထား၍ ဂုန်နီပိုက် တင်းတင်းရင်းရင်းမရှိဘဲ အိုက်ကျနေသည့် အတွက် ၂ တောင်ခန့် ထားလျှင် ကျန်ရှိသည့် ဂုန်နီပိုက်၏ အစောက် ၆ တောင်ခန့်မှာ ရေမျက်နှာပြင်ပေါ်သို့ မြင့်တက်လျက် ရှိရမည် ဖြစ်သဖြင့် ၊ ချုံထဲမှ ငါးများသည် ပိုက်ကို လွတ်အောင် ခုန်တက်နိုင်တော့မည် မဟုတ် ။ သည်နည်းဖြင့် ချုံထဲမှ ငါးများသည် ဝန်းပတ်ထားသော ဂုန်နီပိုက် အတွင်းမှ လွတ်ကင်းအောင် မည်သည့် နည်းနှင့်မျှ ဖောက်ထွင်းထွက် နိုင်လိမ့်မည် မဟုတ်တော့ ။
ကိုဒေါင်းစိန် သည် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ကာ ပိုက်နံဘေး တွင် လက်နားတိုင်များကို ခိုင်ခိုင် မြဲမြဲဖြစ်အောင် လိုက်၍ စိုက်ထူနေ၏ ။ ဤလက်နားတိုင်များကို စိုက်ထူ၍ ဂုန်နီပိုက် အထက်ဖျားနှင့် လက်နားတိုင်ကို ပူးတွဲ ချည်နှောင်ထားမှသာလျှင် ပိုက်သည် အောက်သို့ လျှောကျမလာဘဲ ခပ်တင်းတင်းခပ်ဆန့်ဆန့်နှင့် ခပ်မတ်မတ် ရှိနေမည်ဖြစ်သည် ။ ဒိုက် နံဘေး တစ်လျှောက် လက်နား တိုင် ၁၀ တိုင်ခန့် စိုက်ထူ၍ ပိုက်အထက်ဖျား နှင့် လက်နားတိုင်ကို ပူးတွဲချည်နှောင်ပြီးမှသာလျှင် သူ ကျေနပ် ရပ်နားလိုက်၏ ။
အသည်နောက်၌ကား သူတို့ အဖို့ ခေတ္တ အားလပ်ခွင့် ရသွားတော့သည် ။ ချုံကို ဂုန်နီပိုက် ဖြင့် ပိတ်ဆို့ ဝန်းဝိုင်းပြီး လျှင် ပိုက်တွင်းရှိ ချုံထဲမှ ဗေဒါပင်များ ၊ မန်ကျည်းပင် အကိုင်းအခက်များနှင့် မန်ကျည်းတုံးများ ကို ကမ်းစပ်ကုန်းပေါ်သို့ သယ်တင်ရမည်ဖြစ်သည် ။ သို့သော် ဤလို စောစော စီးစီး အချိန်တွင် ဤဟာများကို ရေထဲ ဆင်းပြီး သယ်တင်ရမည်မှာ လွန်စွာပင် ချမ်းလိမ့်မည် ။ နေထွက်ချိန်အထိ သူတို့ စောင့်ဆိုင်း နေရဦးမည် ။ သည်ကြားထဲ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် တို့ လုပ်အား ရှိသွားအောင် အရက်ဝိုင်း ဖွဲ့လိုက်ကာ မကောင်းပါလော ၊ အချမ်းပြေလေးပေါ့လေ ။
သူတို့သည် ပျော်ရွှင်ရယ်မောစွာပင် အရက်ဝိုင်းဖွဲ့ရန် ကုန်းပေါ်သို့ ပြန်တက်လာကြသည် ။
( ၃ )
ဆောင်းလေသည် တဝှီးဝှီးနှင့် အပြင်းတိုက်ခတ် နေသည် ။ ချောင်းထဲ၌ လှိုင်းတံပိုးတို့သည် ထကြွ သောင်းကျန်းနေသည် ။ မြူနှင်းကလေးများလည်း ဆောင်းလေကို ခိုစီးကာ ပျံဝဲနေသည် ။ ချမ်းအေး လှသည့် ဆောင်းလပြာသို ။
ကိုဒေါင်းစိန် ၏ ချုံရှိရာ ကမ်းထိပ်၌ ကြီးမားသော ကုက္ကိုပင်ကြီးတစ်ပင်ရှိသည် ။ အကိုင်းအခက်များမှာ ဝေဆာစည်ကားလှသဖြင့် သဘာဝက ဖန်တီးထားသော ထီးကြီး ပမာ အရိပ်အာဝါသ ကောင်းလှသည် ။ တဝှီးဝှီး တိုက်ခတ်နေသော ဆောင်းလေကြောင့် သစ်ရွက်ကလေးများက တေးဂီတကို သီကျူး၍ နွဲ့လျသော အကိုင်း အခက်များက ယိမ်းက နေကြသည် ။ သို့သော် ကြီးမားတုတ်ခိုင်လှ သောပင်စည် ပင်မကြီးမှာမူ ရင့်ကျက် သော ဣန္ဒြေဖြင့် တည်ငြိမ်စွာ ရပ်တည် ရှုစားနေသည် ။
ကိုဒေါင်းစိန် တို့ လူစုကား ချမ်းလွန်းလှသဖြင့် လေကွယ်ရာ ကုက္ကိုပင်ကြီး ၏ နံဘေးသို့ ပြေးကပ်ကြ ရ၏ ။ နောက် သစ်ကိုင်း အခြောက်များဖြင့် ကောက်ရိုးများကို စုပေါင်းကာ မီးဖိုပြီး မီးထိုင်လှုံကြ၏ ။
“ ဟေ့ ဒေါင်းစိန်ရဲ့ ၊ တကယ် ချမ်းပြီလို့ ဆိုရင် စောင်ခြုံလို့လည်း မလုံဘူး ၊ မီးလှုံ လို့လည်း မလှုံဘူး ၊ ဒါတွေက အပြင်အပ က အအေးကိုသာ နွေးအောင် တတ်နိုင်ပေမဲ့ အတွင်းက စိမ့်ပြီး ချမ်းလာတဲ့ အချမ်းကိုတော့ ဒါတွေနဲ့ မရဘူးကွ ဒီတော့ ထုံးစံအတိုင်း အလုပ် ရှိတာကို ခပ်မြန်မြန် လုပ်ပေါ့ကွာ ”
ကိုလေးဖိုးကွန့် က အေးစက်လျက်ရှိသော သူ့လက်ဖဝါးနှစ်ဖက်ကို မီးတောက်ဝယ် ကင်မြိုက်ရင်း ကိုဒေါင်းစိန် သို့ လှမ်းပြောလိုက်၏ ။ ကိုလေးဖိုးကွန့် ၏ စကားများထဲမှ “ ထုံးစံအတိုင်း ” ဟူသော စကားမှာ အင်မတန် အဓိပ္ပာယ် လေးနက်သည် ။ မည်သူ၏ ချုံကိုပင် ပိတ်ဆို့ ပိတ်ဆို့ ၊ ထိုပိတ်ဆို့ သောနေ့တွင် ချုံရှင်က ကူညီညာ လုပ်ကိုင်သူများ နှင့် ရေငုပ်သမားနှစ်ဦးကို အရက်အဝ တိုက်ရသော ထုံးစံရှိသည် ။ ကိုလေးဖိုးကွန့် ၏ ထုံးစံအတိုင်းကား ဤထုံးစံကို ရည်ရွယ်၍ ပြောခြင်း ဖြစ်သည် ။ ကိုဒေါင်းစိန် ကလည်း ချက်ဆိုလျှင် နားခွက် က မီးတောက်သူဖြစ်ပါသည် ။
“ ဟုတ်ကဲ့ စိတ်ချပါ ၊ ရပါစေ့မယ် ၊ ဒီနေ့ဒီရက် ချုံဆို့တော့မယ်ဆိုတာ သေချာနေလို့ ညတုန်းက အမှိုင် ရဲ့ ဘုံဆိုင်မှာ အရက်ခြောက်ပုလင်းကို ချုံပေါ်ပေးနဲ့ အကြွေးယူပြီး လုံခြုံတဲ့ နေရာမှာ ဝှက်ထား ပြီးသားပါ ၊ အခုပဲ သွားယူပေးပါ့မယ် ”
ပြောပြောဆိုဆိုပင် ကိုဒေါင်းစိန် သည် ပေါ့ပါးစွာ ထရပ်လိုက်ကာ အနီးရှိ ချုံနွယ် ပိတ်ပေါင်းများ အကြားတွင် သူ ဝှက်ထားသော အရက် ၆ ပုလင်း အနက်မှ အရက် တစ်ပုလင်း နှင့် ဟင်းသောက်ပန်းကန်လုံး တစ်လုံးကို သွားယူလာ၏ ။
“ ဒါမျိုးကျတော့ ကျွန်တော် လည်း လက်နှေးတဲ့လူ မဟုတ်ပါဘူးဗျာ ၊ အရက် သောက်ချင်တာ ကြာလှ ပြီဗျ ၊ ဒါပေမဲ့ အလွတ်မဲ့ သွားသောက်ရင် မယ်စိန် ဆူမှာစိုးလို့ ဒီချုံ ဆို့မယ့်နေ့ကို စောင့်ရတာ ကြာပြီ ကောဗျာ ။ ခုလို အလုပ်ကလေးအကိုင်ကလေးနဲ့ ငွေဝင်လမ်းလေး ရှိတုန်းအခါမျိုး ၊ အလုပ်ကို ပင်ပင် ပန်းပန်းလုပ်ရမယ့် အခါမျိုးမှာ သောက်ရင်တော့ မယ်စိန် မဆူပါဘူး ”
သူ သည် အရက်ပုလင်းနှင့် ဟင်းသောက်ပန်းကန်လုံးကို ကိုလေးဖိုးကွန့် နှင့် ကိုလူမောင်တို့ အကြားတွင် ချပေးရင်း ပြောလိုက်၏ ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင်လည်း “ မင်း အကြောင်း သိပါတယ်ကွာ ” ဟူသော သဘောမျိုးဖြင့် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ပြုံးဖြဲဖြဲသာ လုပ်နေကြ၏ ။
တစ်ယောက်တစ်ခွက်ဖြင့် ခွက်လှည့်သောက်ချလိုက်ရာ တစ်ခဏအတွင်းမှာပင် အရက်တစ်ပုလင်း လုံး တက်တက်ပြောင်တော့၏ ။ ကိုလူမောင် က အာသာ မပြေသေးသလို ကိုဒေါင်းစိန် ကို လှမ်းကြည့်ကာ လွတ်နေသော ပုလင်းခွံကို မျက်စ ပစ်ပြလိုက်၏ ။ သို့သော် ကိုဒေါင်းစိန် က ခပ်အင်အင် ။
“ အခုတော့ အမြည်းမရှိ ဘာမရှိနဲ့ မို့ အချမ်းပြေ ဒါလောက် တဲလိုက်ရရင် တော်ရောပေါ့ဗျာ ၊ နောက် ရေငုပ်သမားတွေ ရောက်လာတဲ့ အခါမှ အမြီးနဲ့ အကျအန တစ်ချီထပ်ပြီး လှည့်ကြသေးတာပေါ့ ”
ကိုဒေါင်းစိန် ကား အင်မတန် ဝေါဟာရ ကြွယ်သူ ဖြစ်သည် ။ အရက်သောက်သည်ဟူသော ဝေါဟာရ ကိုပင် “ အရက်ကလေး တဲလိုက်ရအောင် ” ဟူ၍ လည်းကောင်း ၊ “ အရက်ကလေး လှည့်လိုက်ရအောင် ” ဟူ၍ လည်းကောင်း အမျိုးမျိုး လှည့်ပတ်ပြီး သုံးစွဲနိုင်သူ ဖြစ်သည် ။
မိုးစင်စင် လင်းပေပြီ ။ သို့သော် လေထန်နေ၍ လည်းကောင်း ၊ နှင်းကလေးများ တဖွဲဖွဲ ကျနေ၍လည်း ကောင်း ချမ်းလွန်း လှသဖြင့် သူတို့ မီးပုံအနီးမှ မခွာနိုင်ကြသေး ။ နေအထွက် ကိုသာစောင့်နေကြ၏ ။ ကိုလေးဖိုးကွန့် က မီးရှိန် လျော့သွားသော မီးပုံကို ထိုးဆွကာ သစ်ကိုင်းခြောက်များ ထပ်ထည့်ပေး နေရင်းမှ ကိုဒေါင်းစိန် သို့ လှမ်း၍ “ ဟေ့ ဒေါင်းစိန် ၊ မင်း ချုံသုံးချုံကို အားလုံး အရင်း ဘယ်လောက် ဝင်သလဲ ” ဟု မေးလိုက်၏ ။
“ ရွာဖျားက ကိုသာဂိ ရဲ့ မန်းကျည်းပင်ကြီးကို ငွေအစိတ် ပေးဝယ်ပြီး ချုံချတာ ၊ အဲဒီချုံ သုံးချုံရတယ် ၊ အဲဒီ မန်ကျည်းပင်ကြီး ကို လှဲပြီး အကိုင်းအခက်တွေ ကို ဖြတ် ၊ မန်ကျည်းတုံးတွေ ကို လွှနဲ့ဖြတ်ပြီး ဒီအရောက် သယ်ယူရာမှာ ကူညီပြီး လုပ်ဖို့ လူတစ်ယောက်ကို ငါးကျပ်ပေး ငှားရတော့ အားလုံးသုံး ဆယ်လောက်ပဲ အရင်းဝင်ပါတယ် ။ ဒါပေမဲ့ တောင်သူလယ်သမားတွေက ကျွန်တော်တို့ ချုံသမား တွေဟာ ဗေဒါပင်တွေကို မွေးထားလို့ ဗေဒါပင်တွေ တစ်နေ့တခြား ပွားများလာပြီး တစ်နေ့ကျရင် ဒီ ဗေဒါပင်တွေဟာ သူတို့ လယ်ယာတွေကို ဖျက်ဆီးပစ်ပါလိမ့်မယ် ဆိုပြီး လယ်သမား အစည်းအရုံး က တစ်ဆင့် ရုံးမှာ တရားစွဲလိုက်လို့ ကျွန်တော်တို့ ချုံသမားတွေ ကို ရုံးက ဆင့်ခေါ်ပြီး တစ်ချုံကို ဒဏ် ငွေတစ်ဆယ် တပ်လိုက်တယ်လေ ။ ကျွန်တော်က သုံးချုံကို ငွေသုံးဆယ် ဆောင်လိုက်ရတော့ အားလုံး ငွေခြောက်ဆယ် အရင်းဝင် သွားတာပေါ့ဗျာ ”
“ အေး တို့ချုံသမားတွေ ကလည်း စည်းကမ်း မရှိဘူးကွ ၊ ကိုယ့် ချုံကိစ္စ ပြီးတယ်ဆိုရင် ဗေဒါပင်တွေ ကို ကုန်းပေါ်ဆွဲတင် ၊ အခြောက်ခံ ၊ မီးပုံရှို့ပြီး အစတုံးလုပ်ပစ်လိုက်ပါလား ။ အခုတော့ ဒီလို မဟုတ်ပေါင် ကွာ ၊ ကိုယ့် ကိစ္စပြီးရင် ပြီးရော ၊ ဘယ်သူ ဘာဖြစ်ဖြစ် ဆိုပြီး ဗေဒါပင်တွေကို ချောင်းရိုးထဲ မျှောလွှတ် လိုက်တော့ အဆမတန် ပွားကုန်တာပေါ့ကွ ၊ မိုးတွင်းလည်း ရောက်ရော ဒီ ဗေဒါပင်တွေဟာ လယ်ကွင်း ထဲဝင်ပြီး ကောက်ပင်တွေကို ဖျက်ဆီးပစ်ရော ၊ ဒီတော့ လယ်သမားမျက်နှာကို ကြည့်ပြီး အလုပ် လုပ်နေရတဲ့ အစိုးရကလည်း လယ်သမား ကို ထိတော့ တို့ကို မညှာဘဲ တွယ်တော့မှာပေါ့ကွ ၊ ဘယ်သူမပြု မိမိမှုလို့ အိမ်က ငါ့မိန်းမ မပြားကြီး ခဏခဏ ပြောတဲ့ အတိုင်းပေါ့ကွာ ”
မိုးစင်စင်လင်းရုံ မျှမက နေကလေးပင် ထွက်ပြူစ ပြုပြီဖြစ်သောကြောင့် သူတို့ စကားလက်စဖြတ် လိုက်ကြကာ အလုပ်လုပ်ရန် ပြင်ဆင်ကြသည် ။
( ၄ )
နေကား ထွက်ပြူ၍ လာပေပြီ ။ ထွက်ပြူစ ဖြစ်ရုံမျှမက ဆောင်းနေမို့ နေခြည်မှာ နုလှပါသေးသည် ။ ဤနေခြည်နုကလေးမျှဖြင့် ကိုဒေါင်းစိန် တို့အား အအေးဓာတ်မှ ကာကွယ်နိုင်စွမ်းမရှိပါ ။ သို့သော် ကိုဒေါင်းစိန် တို့မှာ မီးလှုံလိုက်ရသဖြင့် အချမ်းများ ပြေပျောက် သွားပါပြီ ။ မီးတောက်အရက်ကလေး ကို သောက်လိုက်ရ ၍လည်း ရင်ထဲ ဝမ်းထဲ၌ ပူနွေးနေပါပြီ ။ ထို့ကြောင့် သူတို့ကား အအေးဒဏ်ကို ဖြင့်ဘာမထီ ။ အချမ်းကို လည်း ခံနိုင်ပါပြီ ။
သုံးယောက်သား ဂုန်နီပိုက် ဝိုင်းထားသော ချုံအတွင်း ရေထဲသို့ ဆင်းကာ ဗေဒါပင်များ ကို ကုန်းပေါ် ပစ်တင်ကြ၏ ။ မူလက သစ်ကိုင်းသစ်ခတ်နှင့် သစ်တုံးများအကြားတွင် ငြိမ်သက်စွာ ခိုအောင်းနေ ကြသော ငါးများမှာလည်း ဤကဲ့သို့ လူဆင်း၍ မွှေလိုက်သော အခါတွင် ခိုအောင်းနေရာမှ ထွက်ကာ တဝုန်းဝန်း ထ ခုန်နေ ကြသဖြင့် ဆူညံနေသည် ။
“ ဟ ဒေါင်းစိန်ရဲ့ ၊ မင်း ချုံထဲက တကယ် များတာပါလား ၊ မနေ့တုန်းကတော့ မင်း ကြွားနေတာ မှတ် လို့ ၊ အခုမှ ငါး တကယ်များမှန်း လက်တွေ့ သိရတယ် ၊ မင်းတော့ ကော်ပြီ ”
ကိုလေးဖိုးကွန့်က တဝုန်းဝုန်း ထ ခုန်နေသော ငါးများကို ကြည့်ကာ ပြောလိုက်သဖြင့် ကိုဒေါင်းစိန် က ခပ်ကြွားကြွားလေး ပြုံးလိုက်ကာ “ ငါး များမှာပေါ့ဗျ ၊ ကျွန်တော့် ချုံက သူများချုံတွေလို သစ်ကိုင်း လေး တစ်ခက်နှစ်ခက် ၊ သစ်တုံးလေး တစ်တုံး နှစ်တုံးလောက်နဲ့ ဖြစ်ကတတ်ဆန်း ချထားတဲ့ ချုံ မဟုတ်ဘူးဗျ ၊ သစ်ကိုင်းသစ်ခတ် အလုံအလောက်နဲ့ ချထားတဲ့ချုံမို့ ငါးများများ ခိုအောင်းနေနိုင်တာပေါ့ဗျ ။ ပြီးတော့ ကျွန်တော်က ချုံကို အစာမှန်မှန် လည်းကျွေးတယ် ၊ ကျွန်တော် ချုံချတဲ့ နေရာက လည်း ငါးမကြိုက်တဲ့ ပြန့်မှ မဟုတ်ဘဲ ၊ ငါးတွေ သဘောကျတဲ့ အိုင်ရှိတဲ့ ကျင်းစပ်မှာ ဆိုတော့ ငါးမ များဘဲ နေနိုင်ရောလားဗျ ”
ဗေဒါပင်များ အကုန်အစင် ကုန်းပေါ်သို့ ပစ်တင် ပြီးသောအခါ မန်ကျည်းကိုင်း နဲ့ မန်ကျည်းတုံးများကို ရေထဲ၌ စမ်းသပ်ရှာဖွေကာ ကုန်းပေါ်သို့ သယ်တင် ကြပြန်၏ ။ မန်ကျည်းကိုင်းနှင့် မန်ကျည်းတုံးများ အားလုံး သယ်တင်၍ ပြီးစီးသွားသည့် အခါတွင်မူကား ငါးများမှာ ခိုအောင်းရန် နေရာ မကျန်ရှိတော့ သဖြင့် ဣန္ဒြေရရ မနေနိုင်တော့ ၊ တဖြောင်းဖြောင်းနေအောင် ထ ခုန်နေကြ၏ ။ အချို့ မခုန်နိုင်သော ငါးများကား ပွစိပွစိဖြင့် ရေမျက်နှာပြင်ပေါ်၌ ထ ပွက်နြေကြရာ ဤငါးပွက်များကို ကြည့်ရင်း ကိုဒေါင်း စိန်၏ ရင်ထဲ၌ ဖိုးကြိုင်းတုတ် ဖြစ်နေတော့၏ ။
ချုံထဲ၌ရှိသော ဗေဒါပင်များနှင့် သစ်ကိုင်း သစ်တုံးများ အားလုံး အကုန်သယ်တင်ပြီးဖြစ်၍ သူတို့ ကုန်းပေါ်သို့ ပြန်တက်လာကြ၏ ။ သူတို့ တစ်ကိုယ်လုံး ရေစို နေရုံမျှမက နွံနှစ်များ ပေကျံလျက်ရှိသ ဖြင့် ရှုမကောင်းအောင် အရုပ်ဆိုး နေသည် ။ ချမ်းလွန်း၍လည်း ခိုက်ခိုက်တုန်နေကြ၏ ။ သူတို့သည် နောက်ထပ် အရက်တစ်ပုလင်းကို ဆွဲ၍ မီးပုံ အနီးတွင် ထိုင်ကြပြန်သည် ။
ကိုဒေါင်းစိန် သည် သူ့ ခါးပိုက်ထောင် အိတ်ထဲမှ ပုဇွန်တုပ်ကြီး ၅ ကောင် ကိုထုတ်လိုက်သည် ။ ဤပုဇွန်တုပ်ကြီး ၅ ကောင်မှာ ချုံထဲမှ သစ်ကိုင်း သစ်ခက်များကို စမ်းသပ် ရှာဖွေရင်းမှ ဖမ်းမိထား သော ပုဇွန်တုပ်ကြီး များ ဖြစ်သည် ။ ပုဇွန်တုပ်ကြီးများ ကို မီးဖုတ်ပြီး အရက်နဲ့ မြီးလိုက်ရရင် ဇိမ်ပေါ့ ။
သူ သည် ပုဇွန်တုပ်ကြီးများ ကို မီးပုံထဲ ပစ်ထည့်ကာ မီးဖုတ်နေသည် ။ ထိုအချိန်တွင် ပိုက်ရှင် ကိုပေါက်တူး နှင့် ရေငုပ်သမား နှစ်ဦး ရောက်လာကြရာ သူတို့၏ အရက်ဝိုင်းမှာ စည်ကား သွားသည် ။
မီးဖုတ်ထားသော ပုဇွန်တုပ်ကြီးများမှာ နီရောင် သမ်းလာ၍ အနံ့ကလေးလည်း သင်းပျံ့လာသည် ။ ခပ်စန့်စန့် ရှိနေသော ပုဇွန်တုပ်ကြီးများ ၏ ကိုယ်ကာယများမှာလည်း ကွေးညွတ်လာသည် ။ ဤကား ကျက်ပြီ ဟူသော အထိမ်းအမှတ်ကို ပြသလိုက်ခြင်းပင် ဖြစ်သည် ။ မှန်သည် ။ “ ပုဇွန် အကွေး ငါး အနွေး ” ဟု စာဆို ရှိသည် မဟုတ်လော ။
ကိုဒေါင်းစိန် သည် ပုဇွန်တုပ်ကြီးများ ကို မီးပုံထဲမှ ဆယ်ယူ၍ တစ်ယောက် တစ်ကောင်စီ လိုက်ဝေ၏ ။ ကိုလေးဖိုးကွန့် ၊ ကိုလူမောင် ၊ ပိုက်ရှင် ကိုပေါက်တူး နှင့် ရေငုပ်သမား ( ၂ ) ဦး ၊ ပေါင်း ( ၅ ) ယောက်ကို တစ်ယောက် တစ်ကောင်စီ ဝေလိုက်ရာ သူ့ အတွက်ပင် မကျန်တော့ပေ ။ သို့သော် ရှိပါစေတော့ ၊ သူ့မှာ ကာယကံရှင် ဖြစ်၍ နေရာတကာတွင် အနာခံရမည် ။
အရက်တစ်ပုလင်း နှင့် သည် လူ ခြောက်ယောက် ဆိုလျှင် ဆင့်ပါးစပ်ထဲ နှမ်းပက်သလောက်သာ ရှိမည် ဖြစ်၍ ၊ ကိုဒေါင်းစိန် သည် ကျန်နေသော အရက်လေးပုလင်းကိုပါ ယူထုတ်လာရ၏ ။ သူက ကာယကံရှင် ဖြစ်နေ၍ တစ်ယောက်တစ်ခွက်စီ လိုက် ငှဲ့ပေးနေရ၏ ။ ရေငုပ်သမား နှစ်ဦးမှာ ပို၍ အရေးကြီးသည် ဖြစ်၍ အရက် ကို ပိုတိုက်ရ၏ ။ ပို၍လည်း မျက်နှာချို သွေးနေရ၏ ။
“ သောက်နိုင်သလောက် အဝ သောက်ကြနော် ၊ ဘာမှ အားမနာကြနဲ့ ၊ ကုန်ရင် အမှိုင့် ဆိုင်မှာ ထပ်ပြီး သွားယူ ပေးဦးမယ် ၊ အဲ ကျွန်တော့် ချုံကို သိမ်းရာမှာသာ စေ့စေ့စပ်စပ်နဲ့ ငါးတစ်ကောင် တစ်မြီးမှ မလေမလွင့်ရအောင် သိမ်းပေးပါနော် ”
ကိုဒေါင်းစိန် က ရေငုပ်သမား ၂ ဦး အား တစ်ယောက် တစ်လှည့်စီ ငှဲ့ပေးနေရင်းမှ ပြောလိုက်၏ ။ ရေငုပ် သမား ၂ ဦး ကလည်း ကိုယ့်ကိုယ် ကို ယုံကြည်စိတ်ချသော မျက်နှာထားဖြင့် ကိုဒေါင်းစိန် အား ပြန်ကြား လိုက်၏ ။
“ ဒီအတွက်တော့ မပူစမ်းပါနဲ့ ဒေါင်းစိန်ရယ် ၊ တို့ရဲ့ သတင်းကို မင်းလည်း အကြားသား မဟုတ်လား ၊ အင်မတန် အသိမ်းရ ခက်တဲ့ ငါးကျည်း ၊ ငါးခူ ပေါတဲ့ ချုံ ကိုတောင် တစ်ကောင်မှ မလွတ်အောင် သိမ်း လာခဲ့တဲ့ သူတွေပါကွ ။ ဟေ့ ရေငုပ်တဲ့ နေရာမှာ ၊ ပိုက်သိမ်းတဲ့နေရာမှာဆိုရင် ဗိုလ်မထားဘူးကွ ၊ တစ်မိုးအောက်တစ်ယောက်လို့သာ မှတ်ထင် ထားလိုက်ကြပါ ”
သူတို့၏ စကားမှာ အားရစရာ ကောင်း သလောက် သူတို့ ရုပ်သဏ္ဍာန်မှာလည်း အားရစရာ ကောင်း လှပါသည် ။ တစ်ကိုယ်လုံး မည်းနက်၍ တုတ်ခိုင်သန်စွမ်းလှပုံမှာ ကျွဲပေါက်လေးတစ်ရှဉ်းလားဟုပင် ထင်မှား လောက်ည် ။ ဘဝတွင် ခပ်ကြမ်းကြမ်း စားသောက် နေထိုင်လာခဲ့ရ၍ ထုသားပေသားရနေကြ ပုံရှိသည် ။ ကျန်းမာသန်စွမ်းလှပသော သူတို့ အဖို့ သက်လုံ ကောင်းပုံလည်း ရှိကြသည် ။ ပါရမီပေစွ ။
ဤ ရေငုပ်ပိုက် သိမ်းသော အလုပ်မှာ အင်မတန် ခဲယဉ်းပင်ပန်းသော အလုပ်ဖြစ်ရာ ခြင်္သေ့လို ခွန် အားမျိုးနှင့် ကျန်းမာသန်စွမ်းပြီး သက်လုံကောင်းနိုင်မှလည်းဖြစ်မည် ။ ရေတစ်ခါ ငုပ်လျှင် ၁၅ မိနစ် ၊ မိနစ် ၂၀ ခန့်ကြာအောင် ရေအောက်၌ ငုပ်လျှိုး နေနိုင်မည်ဖြစ်ရာ သက်လုံ မကောင်းသူအဖို့ စိတ်ကူး ပင်မထည့် ရဲသော အလုပ်မျိုး ဖြစ်သည် ။
ပြီးတော့ တစ်ခါတစ်ရံ ငုပ်ရခြင်းမျိုး မဟုတ်ဘဲ ပိုက်သိမ်း၍ မပြီးမချင်း တစ်နေ့လုံး လိုလို ရေထဲ ဆင်းပြီး ငုပ်နေရသည် ဖြစ်ရာ တော်ရုံတန်ရုံ လူဆိုလျှင် ခံနိုင်ဖွယ် အကြောင်းမရှိ ။ ရေငုပ်ပြီး နောက်လည်း ဂုန်နီပိုက်အောက်ခြေရှိ သံကြိုးကို ငါးများကို လွတ်မထွက် နိုင်အောင် မြေကြီးနှင့် ထိကပ်ပြီး ကမ်းစပ်သို့ တဖြည်းဖြည်း ဆွဲကာ ပိုက်ကို ကျဉ်းလာရသည် ။ ဤလို အခါမျိုးတွင် ငါးကျည်း ၊ ငါးခူ စသော အောက်ငါး များကလည်း သူတို့ အနီးတွင် ဝန်းရံကာ သံကြိုး အောက်မှ တိုးထွက်နိုင်ရန် အပြင်းအထန် ကြိုးစားတတ်ကြသည် ဖြစ်၍ ဤငါးများ ကို လက် နှင့် ဖယ်ရှားပြီး အလုအယက် သိမ်း လာကြရသည် ။ ထို့ကြောင့်လည်း သူတို့ တစ်ကိုယ်လုံး ငါးကျည်း များ စူးထားသော ဒဏ်ရာများ မွမွကျဲ နေတတ်ကြသည် ။ ဤဟာများ ကိုလည်း ခံနိုင်ရည် ရှိရမည် ။ ဆောင်းတွင်းဖြစ်၍ တစ်နေ့လုံး ရေထဲ ဆင်းနေရသော အအေးဒဏ် ကိုလည်း ကြံ့ကြံ့ခံနိုင်ရသည် ။ အား... တကယ်ပင် မလွယ်သော အလုပ်ပါတကား ။
( ၅ )
နေကား တဖြည်းဖြည်း မြင့်တက်လာပြီ ဖြစ်ရာ နေခြည် မှာလည်း ရင့်သည်ထက် ရင့်လာသည် ။ တဖွဲဖွဲနှင့် ထူထပ်စွာ ကျလာနေသော မြူနှင်းများသည် ဖရိုဖရဲ နှင့် ပြိုကွဲပျောက်လွင့် ရချေပြီ ။ အအေးဒီဂရီမှာ တဖြည်းဖြည်း ကျဆင်း နေ၍ အပူဒီဂရီက တဖြည်းဖြည်း မြင့်တက်လာနေသည် ။
ကိုဒေါင်းစိန် ချုံပေါ်ပေး ဖြင့် အကြွေး ယူထားသော အရက် ၆ ပုလင်း ကား တက်တက်ပြောင်လေပြီ ။
ထို့ကြောင့် သူတို့ လုပ်ငန်းကို စရန် ပြင်ဆင်ကြ၏ ။ လုပ်ငန်းတာဝန် ကိုလည်း ခွဲဝေကြ၏ ။ ရေငုပ်သမား နှစ်ဦးက ရေငုပ်ကာ ပိုက်ကို ကျဉ်းလာချိန်တွင် ပိုက်ရှင် ကိုပေါက်တူးနှင့် ကိုဒေါင်းစိန် က ပိုက် လက်နား တိုင်များကို လိုက်ပေးရမည် ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် တို့ ကတော့ အတိုအထွာ လိုအပ်သော နေရာများ၌ ဖြည့်စွက် ကူညီပေးကြရမည် ။ ဤသို့ လုပ်ငန်းတာဝန်ကို ခွဲဝေ သတ်မှတ် ထားကြ၏ ။
ချမ်းအေးလှသည့် ဆောင်းကာလ နံနက်ခင်း ၌ပင် အင်္ကျီမဝတ်ဘဲ ကျောပြောင်ကြီးများနှင့်ဖြစ်နေကြ သော ရေငုပ်သမား နှစ်ဦးသည် ခါးတောင်းကို မြှောင်လှအောင် ကျိုက်၍ ပိုက်ဝိုင်းထားသော ချုံအတွင်း ရေထဲသို့ ခုန်ဆင်းလိုက်ကြ၏ ။ နောက် ရေလယ်ဘက်ဆီ၌ ရှိနေသော ဂုန်နီပိုက် အစပ်သို့ ကူးယက်သွားကာ ရေအောက်သို့ စုပ်ခနဲ ငုပ်သွားကြ၏ ။ ချက်ချင်းပင် ရေလယ် ဘက်မှ ဂုန်နီပိုက်အစပ်မှာ တဆတ်ဆတ် ယိမ်းထိုး လှုပ်ရှား နေပြီးနောက် ကမ်းစပ်ဘက်သို့ တဖြည်းဖြည်း ရွေ့မှန်းမသိ ရွေ့လာ၏ ။ ပိုက်ဝိုင်း ထားသော ချုံအပြင်ဘက် ရေထဲတွင်ကား လှေကြီး တစ်စင်းပေါ်တွင် ကိုဒေါင်းစိန် က ပဲ့ကိုင် ပေး၍ ၊ ပိုက်ရှင် ကိုပေါက်တူး က လှေဦး၌ရပ်ကာ ရွေ့လျားသွားသော ဂုန်နီပိုက်အနီးမှ လက်နားတိုင် ကို နုတ်ပြီး ဂုန်နီပိုက် ရွေ့လျား သွားသလောက် လက်နားတိုင်ကို အလိုက်သင့် ရွှေ့ပြောင်းစိုက်ထူပေးနေရ၏ ။
၁၅ မိနစ်ခန့်ကြာမှ ရေငုပ်သမား နှစ်ဦးမှာ တစ်ကြိမ် ပြန်ပေါ်လာ၏ ။ သူတို့ သည် အောင့်ထားရသော ဝင်သက် ကို အဝ ရှူသွင်းလိုက်ပြီးနောက်မှ ဂုန်နီပိုက် အပြင်ဘက်၌ ရှိနေသော ကိုဒေါင်းစိန် အား အော်ဟစ် ပြောလိုက်၏ ။
“ ဟေ့ ဒေါင်းစိန် ရဲ့ ၊ မင်း ချုံထဲ ငါးမျိုးကို စုံလို့ပါကလားကွယ့် ၊ ခါတိုင်း ပါနေကျ ငါးပတ် ၊ ငါးရံ့ ၊ ဒိုး ၊ ခေါင်းပြတ် နဲ့ ကောင်သေးငါးတွေ ကိုတော့ ဖယ်ထား လိုက်ပါဦး ၊ ငါးဖယ်တွေ ကလည်း အောတိုက်နေ တာပဲကွ ၊ ငါးကျည်းတွေ ဆိုတာလည်း ပိုက်အောက်ခြေက သံကြိုးနား မှာ ပိုစုနေလို့ ပိုက်သိမ်းရတာ တယ်မလွယ် ဘူးကွာ ၊ အခုပဲ တို့လက်ကို ငါးကျည်း နှစ်ချက်စီလောက် အစူး ခံလိုက်ရပြီကွ ၊ မင်း ကော်သလောက် တို့ ရေငုပ် သမား နှစ်ယောက်တော့ ခိုက်မှာပါပဲကွာ ”
သူတို့သည် စကား အဆုံးတွင် “ ဒီမှာ ကြည့်စမ်းပါဦး ” ဟု နောက်ဘက် တွယ်ကပ်တက်ကာ ငါးကျည်း စူးထား သဖြင့် သွေးရဲရဲ ဖြစ်နေသော သူတို့ လက်များကို မြှောက်ပြလိုက်၏ ။ ကိုဒေါင်းစိန် ကား ရေငုပ်သမား နှစ်ဦး အတွက် စိတ်မကောင်း ဖြစ်သွားသော်လည်း သူ့ ချုံထဲ ငါးမျိုးစုံ ရှိရုံမက ငါး ပေါများကြောင်း သိရ၍ ဝမ်းသာ သွားမိ၏ ။ ဝမ်းသာရာမှပင် ငါးကျည်းစူး၍ ပိုက်ကို ပြီးစလွယ် သိမ်းလိုက်မည် ကိုလည်း တစ်ဖက်မှ စိုးရိမ် မကင်းဖြစ်လာ ပြန်သောကြေင့် အရေးတကြီး တောင်းပန် လိုက်ရ၏ ။
“ ငါးကျည်းစူးလို့ ဆိုပြီး အဲဒီ ငါးကျည်းတွေကို မလွှတ်ပစ်ခဲ့ပါနဲ့ဗျာ နော် အဲဒီ ငါးကျည်းတွေပါ ပါအောင် တစ်ဆိတ်ကလေး စေ့စေ့စပ်စပ် သိမ်းပေးပါလားဗျာ ၊ ခင်ဗျားတို့ အတွက်လည်း မနည်းစေ ရပါဘူး ။ ခါတိုင်း ချုံတစ်ချုံ ကို ခင်ဗျားတို့ ရေငုပ်ခ ပိုက်သိမ်းခ ငွေနှစ်ကျပ် ရတယ် မဟုတ်လား ၊ အခု ကျွန်တော်က တစ်ဦးကို ငါးကျပ် အထိ တိုးပေးပါ့မယ် ၊ အရက် ကိုလည်း အဝ တိုက်ပါ့မယ်ဗျာ ”
ရေငုပ်သမား နှစ်ဦးက သူ့ စကားကို သဘောကျ သွားသလို ဟက်ဟက်ပက်ပက် ရယ်လိုက်ကြ၏ ။
သူ ၏ စိုးရိမ်စိတ်ကလေး ပျောက်ကင်းသွားအောင်လည်း ချက်ချင်းပင် စကား ပြန်ကြားလိုက်၏ ။
“ ဟေ့ ဒေါင်းစိန်ရဲ့ ၊ တို့နှစ်ယောက်ရဲ့ နာမည်ကို မင်း မေ့သွားပြီ ထင်တယ် ၊ မှတ်ထားကွ ၊ တစ်ယောက် က “ တင်ကျီး ” တဲ့ ၊ တစ်ယောက် က “ နံကရိုင်း ” တဲ့ ။ တင်ကျီး ငှက်များ ဟာ ရေငုပ်သန် ပြီး ငါးဖမ်းကျင်လည်သလို ၊ နံကရိုင်း အမည်ရှိတဲ့ ကျွဲသတ္တဝါများ ဟာလည်း အင်မတန် ရေကြိုက်တဲ့ အကောင်မျိုးဆိုတဲ့ သဘော နဲ့ ဒီ နာမည်တွေကို တို့နှစ်ယောက် ယူထားကြတာပဲကွ ။ ငါးကျည်းစူး လို့ ငါးကျည်း ကို အရှုံးပေးရမယ် ဆိုရင် ရာဇဝင် ရိုင်းတော့မပေါ့ကွာ ၊ မြွေဆေးထိုးတဲ့ နေရာမှာ နာမည်ကျော်တဲ့ ဦးသြဘာသ ရဲ့ တပည့်အစစ်တွေမို့ ငါးကျည်း အဆိပ် လောက်တော့ အပျော့ထားတယ်ကွ ။ ဒါကြောင့်မို့ မင်း စိတ်အေးအေးသာ ထားနေ ၊ တစ်ကောင်တစ်မြီးမှ မကျန်အောင် သိမ်းပေးမယ် ၊ ရေငုပ် ပိုက်သိမ်းခ ကိုလည်း တိုးပေးဖို့ မလိုပါဘူး ၊ ခါတိုင်း ပေးနေကျ တစ်ယောက် နှစ်ကျပ်ပဲ ပေးပါ ၊ ဒါပေမဲ့ အရက် ကိုတော့ အဝ တိုက်ရလိမ့်မယ်ကွ ၊ ခုလို အေးပုံမျိုး ၊ ခုလို ငါးကျည်း စူးပုံမျိုးနဲ့ ဆိုရင် အရက် မကူဘဲ မဖြစ်ဘူး ဆိုတာ မင်း သိတဲ့အတိုင်းပဲ ဟေ့ ”
“ အို စိတ်ချ ၊ အရက် ဆိုတာ ဆန်းတာ မဟုတ်ပါဘူး ၊ ခင်ဗျားတို့ လိုသလောက် ရပါစေ့မယ် ၊ ပြောနေရင် ကြာတယ်ဗျာ ၊ ဗျို့ ကိုလူမောင် ၊ အမှိုင့် ဆိုင်မှာ ကျွန်တော်ကလို့ ဆိုပြီး အရက် ငါးပုလင်း လောက်ထပ်ပြီး သွား ယူထားလိုက်စမ်းပါဗျာ“
ကိုဒေါင်းစိန် က သူတို့အား ကတိ ပေးရုံမျှမက လက်တွေ့ပင် လုပ်ပြ လိုက်သဖြင့် ရေငုပ်သမား နှစ်ဦး မှာ ကျေနပ်သွားကာ ရေအောက်သို့ စုပ်ခနဲ ငုပ်သွားကြပြန်၏ ။ သူတို့ တစ်ကြိမ်ငုပ်လျှင် ပိုက်မှာလည်း ကမ်းစပ်သို့ အနည်းငယ် ရွေ့လျားလာသည် ဖြစ်ရာ ပိုက်လက်နားတိုင် ကို လည်း တစ်ကြိမ် ထပ်လိုက် ပေးရ၏ ။ သည်လိုနှင့် ရေငုပ်လိုက် ၊ ပိုက် အနည်းငယ် ရွှေ့လိုက် ၊ လက်နားတိုင်ကို လိုက်ပေးလိုက် နှင့် ပိုက်အဝိုင်း မှာ တဖြည်းဖြည်း နှင့် ကျဉ်းမြောင်း လာသည် ။
ပိုက်အဝန်းအဝိုင်း ကျဉ်းမြောင်း လာလေလေ ငါးများ က လန့်ဖျပ်ပြီး ခုန်လေလေ ဖြစ်နေရာ တဖြောင်း ဖြောင်းနှင့် ဆူညံ နေသည် ။ အထူးသဖြင့် ငါးပေါ်ငါးလွင့်များ ဖြစ်ကြသော ငါးပတ် ၊ ငါးဖယ် အောင်း ၊ ငါးမြစ်ချင်း ၊ ငါးဒိန်းလုံးက ပို၍ ခုန်သည် ။ တန်းမြင့်ခုန် ပြိုင်ပွဲတွင် ဗိုလ်ဆွဲ နေသော ငါးပတ် များမှာ တစ်ခါတစ်ရံ ပိုက်ကို ကျော်လွန်အောင် ခုန်နိုင်စွမ်း သဖြင့် ပိုက်အပြင်ဘက် ရေထဲသို့ ကျကာ လွတ်မြောက် သွား၏ ။ ထို့ကြောင့် ကိုလေးဖိုးကွန့် က ပိုက်ပတ်လည် တစ်လျှောက် လှေကြီးများ ဆိုက်ကပ်ထားကာ ခုန်စင် အဖြစ် ခံထားရ၏ ။ ပိုက်ကို ကျော်လွန်ပြီး ကျလာသော ငါးပတ်များမှာ ထိုလှေကြီးများ ထဲသို့ ရောက်ကာ ရိုက်နှက်ဖမ်းဆီးခြင်း ခံရတော့၏ ။`
ဤနည်းဖြင့် ငါးပတ် ဆယ်ကောင်ခန့် ရမိထားသည် ။ ဤငါးပတ်များ ထဲမှ အကြီးဆုံး တစ်ကောင်ကို ရွေးချယ်၍ ကိုဒေါင်းစိန် က သူ့သား ဒီလုံးနှင့် မယ်စိန် ထံ အပို့ လွှတ်လိုက်သည် ။ ဤငါးပတ် ကို ဟင်းကောင်းကောင်း ချက်ပြီး ယူလာရန်လည်း အမိန့်ပေးလိုက်သည် ။
( ၆ )
နေကား အတော် မြင့်တက်လာပေပြီ ။ ခန့်မှန်းခြေ အားဖြင့် နံနက် ၁၀ နာရီလောက် ရှိပြီဟု သူတို့ ခန့်မှန်း ကြသည် ။ ရေငုပ်သမားနှစ်ဦးကား ပန်းလှချေပြီ ။ နံနက် ၇ နာရီလောက်က စ၍ ယခု ၁၀ နာရီခန့် အထိ ၃ နာရီ လုံးလုံး အေးမြလှသော ရေထဲသို့ ဆင်းကာ တငုပ်တည်း ငုပ်နေကြရသည် ဖြစ်ရာ ၊ သူတို့ တစ်ကိုယ်လုံး အေးစက် ၍ သူတို့နားမှာ မခံမရပ်နိုင်အောင် ကိုက်ခဲ လျက်ရှိချေပြီ ။ ငါးကျည်း စူးတာလောက်တော့ အပျော့ ဟု ဆိုသော်လည်း ငါးကျည်း အထပ်ထပ် အကြိမ်ကြိမ် စူးထားသဖြင့် သူတို့ တစ်ကိုယ်လုံး ထုံကျဉ် ကိုက်ခဲ စေသည် ။ သူတို့ကား ပန်းလှပါပြီ ။ သူတို့ ၏ ကြိုးစား လုပ်ဆောင်မှုကြောင့် ပိုက်အဝန်းအဝိုင်းမှာ အတော်ပင် ကျဉ်းမြောင်း လာပြီဖြစ်၍ သူတို့အဖို့ အနားယူရန် အချိန်တန်နေပါပြီ ။
ရေငုပ်သမားနှစ်ဦးနှင့် ပိုက်လက်နားတိုင် လိုက်နေသော ကိုပေါက်တူး နှင့် ကိုဒေါင်းစိန် ၊ ငါးပတ်ခုန် စင်ခံနေကြသော ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် တို့ပါ အနားယူကြရန် ကုန်းပေါ် တက်လာကြ၏ ။ ရေငုပ် သမားနှစ်ဦး မှာ မီးပုံ အနီးသု့ ပြေးကာ မီးထိုင်လှုံရင်း “ အရက် ပေးပါ ... အရက် ပေးပါ ” ဟု အော် ဟစ်နေကြ၏ ။ ကိုဒေါင်းစိန် ကလည်း အလိုက်သိစွာပင် ကိုလူမောင် ယူလာသော အရက်ငါးပုလင်း ထဲမှ နှစ်ပုလင်း ကို ချက်ချင်း ယူပေးလိုက်၏ ။
နှစ်ယောက်သား စကား တစ်ခွန်းမှ မပြောနိုင်ဘဲ တဆတ်ဆတ် တုန်နေသော လက်များဖြင့် အရက် ပုလင်း ကိုကိုင်က ပုလင်းလိုက် မော့ချကြ၏ ။ ဤမျှ ပြင်းလှသော မီးတောက်အရက် ကိုပင် အရပ် အနားမရှိဘဲ တစ်ရှိန်တည်း တစ်ပုလင်းလုံး ပြောင်အောင် ပုလင်းလိုက် မော့ချနိုင်ခြင်းမှာ အံ့ဖွယ် ကောင်းလေစွ ။ မော့ပြီး၍ လွတ်သွားသော ပုလင်းခွံ ကို ပစ်ချလိုက်ပြီးနောက် မေးဖျားမှ ယိုစီးကျ လာသော အရက် အနည်းငယ်ကို လက်နှင့် သုတ်ပစ်ရင်း “ ဟား ” ဟု ပြိုင်တူ သက်မကြီး ချလိုက်ကြ၏ ။
သည်တော့မှ သူတို့ နှစ်ဦးမှာ နေသာထိုင်သာ ရှိသွားပုံရကြ၏ ။ သူတို့ တစ်ကိုယ်လုံး နွံနှစ်များ ပေကျံ လျက် ရှိသဖြင့် နွံလူးထားသော ကျွဲကြီးများလားဟု ထင်မှားလောက်သည် ။
ကိုဒေါင်းစိန် ကတော့ ယခုထက်တိုင် ထမင်းပို့ မရောက်သေးသော မယ်စိန်အား မျှော်တော်ဇောနှင့် မောနေရ၏ ။ ထမင်းဆာလှ၍ မယ်စိန် အား မျှော်ခြင်းမဟုတ် ။ တဖြောင်းဖြောင်း တဝုန်းဝုန်းဖြင့် ဆူညံ နေအောင် ငါးပေါများလှသော သူ့ ချုံကို မယ်စိန်အား ပြကာ ကြွားချင်လှ၍ ဖြစ်သည် ။
သူ မျှော်နေခိုက်မှာပင် မယ်စိန် သည် ထမင်းတောင်း ကို ခေါင်းတွင် ရွက်ကာ သုတ်သီးသုတ်ပျာ ရောက်ရှိလာသည် ။ သူက မယ်စိန် ခေါင်းပေါ်မှ ထမင်းတောင်းကို အောက်သို့ ချပေး ပြီးသည်နှင့် တစ်ပြိုင်နက် ၊ မယ်စိန် သည် ပိုက်ဝိုင်းထားသော ချုံ ရှိရာသို့ အပြေး သွားကြည့်ပြီးနောက် ကျေနပ်သွား သလို မျက်နှာ မှာ ပြုံးပြုံးကြီး ဖြစ်သွား၏ ။
ထမင်းပွဲကို ပြင်ဆင်ကာ ဝိုင်းဖွဲ့၍ စားကြ၏ ။ မယ်စိန် ပန်းကန်ပြား မရှိသဖြင့် ငှက်ပျောရွက်များ ကို ခင်းကာ ထမင်းပုံပြီး စားကြ၏ ။ မယ်စိန် က ငါးပတ်ချဉ်ရည်ဟင်းကလေး ချက်လာသည် ။ သူတို့သည် ဟင်းရည်ကို လက်ကြားမှ ယိုကျသည့် တိုင်အောင် ခပ်များများ ဆမ်းကာ ကြီးစွာသော အလုပ်အလွေးဖြင့် မြိန်ရှက်စွာ စားသောက်ကြသည် ။
ထမင်း စားသောက်ပြီးကြသောအခါ ခေတ္တမျှ ထမင်းလုံးစီရင်း အနားယူ ကြပြီးနောက် လုပ်ငန်းကို ဆက်ကြပြန်၏ ။ ရေငုပ်သမား နှစ်ဦးက ရေထဲခုန်ဆင်းကာ ရေငုပ်၍ ပိုက်ကိုသိမ်း၏ ။ ကိုဒေါင်းစိန် နဲ့ ကိုပေါက်တူး က ပိုက်လက်နားတိုင် လိုက်ဖော်၏ ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် က ခုန်ထွက်လာ သော ငါးပတ်ကြီး များကို ဖမ်းရန် ခုန်စင်ခံကြ၏ ။
ထိုအချိန်တွင် ဂုန်နီပိုက် အနီးသို့ ကွန်လှေနှစ်စင်း ရောက်လာသည် ။ ဤ ကွန်လှေနှစ်စင်းကား ပိုက် သိမ်းရာ တွင် ပါမသွားဘဲ လွတ်ကျန်ရစ်သော ငါးများကို ပိုက်အပြင်ဘက်မှ နေ၍ ကွန်ဖြင့် ပစ်ဖမ်းရန် ရောက်ရှိ လာခြင်း ဖြစ်သည် ။
ကွန်လှေ နှစ်စင်းမှ ကွန်သမား နှစ်ဦးသည် သူတို့၏ ကွန်များကို ဝင့်၍ ဂုန်နီပိုက် အနီးသို့ ကပ်ကျသွား အောင် ပစ်ကြဲလိုက်ကြသည် ။ သူတို့၏ ကွန်များကို အတန်ကြာအောင် ရေထဲ၌စိမ် ထားပြီးနောက်မှ တဖြည်းဖြည်း ဆွဲဖော် လိုက်ကြသည် ။ သို့သော် သူတို့၏ မျှော်မှန်းချက် နှင့်ကား ကွာ ဝေးလှသည် ။ သူတို့၏ ကွန်ထဲတွင် ငါးကျည်း သုံးလေးကောင် နှင့် အခြားငါး အနည်းအကျဉ်းမှ တစ်ပါး ဟုတ်ဟုတ်ညားညား မမိကြ ။ သူတို့သည် မကျေနပ်၍ နောက်တစ်ကြိမ် ပစ်ကြဲလိုက်ကြ ပြန်သည် ။ သို့သော် သူတို့၏ ကွန်ထဲတွင် ငါး အလျှင်းပင် မပါတော့ ။
ဤအဖြစ်ကို သိလိုက်သော ရေငုပ်သမား နှစ်ဦးက ပိုက်အတွင်းမှ နေ၍ တဟားဟား အော်ရယ်လိုက် ပြီးနောက် “ ဟေ့ ကွန်သမားတွေရဲ့ ၊ တင်ကျီး နဲ့ နံကရိုင်း နှစ်ယောက် ရေငုပ်ပြီး ပိုက် သိမ်းတဲ့ ချုံမှာ မင်းတို့ ကွန် လာ ပစ်လို့ ဘယ် ငါး မိနိုင်မလဲကွ ၊ တို့က တစ်ကောင်တစ်မြီးမှ မကျန်အောင် ဂရုတစိုက် သိမ်းလာတာမို့ မင်းတို့ ကွန်သမားတွေအဖို့ ဘာငါးမှ ကျန်ရစ်မှာ မဟုတ် ဘူးကွ ။ ဒါကြောင့် ဒီမှာ အလကားအချိန်ကုန် ခံ မနေဘဲ တခြား ချုံတွေမှာသာ သွားပစ်ကြပါကွာ ” ဟု အော်ပြောလိုက်၏ ။
ဤတွင် ကွန်သမား နှစ်ဦးမှာ စိတ်ပျက် သွားကြတာ “ သြ ... ဒီချုံမှာ ရေငုပ်ပိုက် သိမ်းတဲ့ လူက “ တင်းကျီးနဲ့ နံကရိုင်း ” ကိုး ၊ ကျုပ်တို့က ဒီလိုမှန်း မသိလို့ပါဗျာ ၊ ခင်ဗျားတို့ နှစ်ယောက် ပိုက်သိမ်းတဲ့ ချုံ ဆိုရင် ကျုပ်တို့ ကွန်သမားတွေ တစ်ခါမှ ငါးမမိဖူးဘူး ၊ အင်မတန် ပိုက်သိမ်းစေ့စပ်တဲ့ လူတွေပဲ ” ဟု ပြော၍ ထွက်ခွာသွားကြ၏ ။
ကိုဒေါင်းစိန် ကတော့ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်၏ ။ ရေငုပ်သမား နှစ်ဦးအားလည်း ပြေမပြနိုင်အောင်ပင် ကျေးဇူးတင်သွားမိ၏ ။ ဤ ရေငုပ်သမားနှစ်ဦး ပိုက်ကို စေ့စေ့စပ်စပ် သိမ်းသလား ၊ ပြီးစလွယ် သိမ်းသလားဆိုတာ ဤဂုန်နီပိုက် အပြင်ဘက်၌ လာ၍ ပစ်ကြဲကြသော ကွန်သမားများ၏ ကွန်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည် ။ သူတို့ ၏ ကွန်ထဲ ငါးများများ မိလျှင် ရေငုပ်သမား နှစ်ဦးသည် ပိုက်ကို ပြီးစလွယ် သိမ်းသောကြောင့် ငါးများ ပိုက်တွင်းမှ ထွက်ပြီး သူတို့ ၏ ကွန်ထဲ၌ လာမိကြောင်း ခန့်မှန်းသိရှိနိုင်သည် ။ အကယ်၍ သူတို့၏ ကွန်ထဲ၌ ငါး ပြောပလောက် အောင် မပါရှိလျှင်ကား ရေငုပ်သမား နှစ်ဦးသည် ပိုက်ကို စေ့စေ့စပ်စပ် သိမ်းသွားသောကြောင့် ငါး များပိုက်တွင်း၌ တလုံးတစည်းတည်း ပါသွားသည့်အတက် သူတို့၏ ကွန်ထဲ၌ ငါး မပါမရှိကြောင်း ရိပ်မိ သိရှိနိုင်သည် ။ ယခု လာ၍ ပစ်ကြဲကြသော ကွန်သမားများ၏ ကွန်ထဲ၌ ငါး မပါရှိပုံကို ထောက် လိုက်လျှင် ပိုက်ကို စေ့စေ့စပ်စပ် သိမ်းသွားကြောင်း ထင်ရှား နေသည် ။ ထို့ကြောင့် ရေငုပ်သမား နှစ်ဦးအား သူက ကျေးဇူး တင်လိုက်ရသည် ။
ဤရေငုပ်သမား နှစ်ဦးသည် ကိုယ့်ပစ္စည်း ကိုယ့်လုပ်ငန်း မဟုတ်သောကြောင့် အပင်ပန်း မခံဘဲ ပိုက်ကို ပြီးစလွယ် သိမ်းသွားသည် ဆိုလျှင်လည်း သူ ဘာမျှ တတ်နိုင်မည်မဟုတ် ။ သို့သော် သူတို့ နှစ်ဦးကား ဤသို့ မဟုတ်ကြ ။ ကိုယ့်ပစ္စည်း ၊ ကိုယ့်လုပ်ငန်းလို သဘောထားပြီး ငါးကျည်း အစူးခံကာ ဇွဲနပဲနှင့် စေ့စေ့စပ်စပ် သိမ်းပေးကြသည် ။ သူက ဤအတွက် ရေငုပ်ခ တိုးပေးမည် ဆိုသည်ကိုပင် လက်မခံဘဲ ငြင်းပယ်ကြသည် ။ သူတို့ကား အခွင့်အရေး ကို မကြည့်ဘဲ သူတို့ အလုပ် ကိုသာ တန်ဖိုး ထားကြသည် ။ သူတို့ လုပ်လိုက်သော လုပ်ငန်းသည် သေချာစေ့စပ်စွာ ပြီးစီးသွားသည် ဟူသော အလုပ်ဂုဏ် ကိုသာ မြတ်နိုးလိုလားကြသည် ။ ကြည်ညို လေးစားဖွယ် ကောင်းပေစွ ။
( ၇ )
ညနေ ၃ နာရီခန့် အချိန်တွင် ဂုန်နီပိုက်အောက်ခြေရှိ သံကြိုးကို ကမ်းစပ်ကုန်း ပေါ်သို့ ဆွဲတင်နိုင် သည့်အထိ ပိုက်အဝန်းကို ကျဉ်းမိကြ၏ ။ ငါးများမှာ အကျဉ်းအကျပ်ထဲ ရောက်နေ သဖြင့် တစ်ကောင် နှင့်တစ်ကောင် တိုးဝှေ့ကာ ပွက်လောရိုက် နေသည် ။ ယခု ထို ငါးများကို ခြင်းတောင်း နှင့် ခပ်ယူကာ ပိုက်သိမ်းရုံသာ ရှိတော့သဖြင့် ရေငုပ်သမား နှစ်ဦး၏ တာဝန်မှာ ပြီးဆုံးသွားပေပြီ ။
ရေငုပ်သမား နှစ်ဦးသည် ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် ကုန်းပေါ်သို့ တက်လာကြကာ မီးပုံအနီး တွင် ခြေပစ်လက်ပစ် လဲလျောင်း နေကြ၏ ။ သူတို့ တစ်ကိုယ်လုံး နွံနှစ်များ ဖုံး၍ ငါးကျည်းစူးထား သော ဒဏ်ရာ ဒဏ်ချက် များမှာလည်း မွမွကြဲ နေသည် ။ သူတို့ နှစ်ဦးကား အတော်ပင် ဖားသွားချေပြီ ။
ကိုဒေါင်းစိန် သည် အလိုက်သိစွာပင် ကျန်ရှိသော အရက်သုံးပုလင်းကို သူတို့ အနီး၌ ချထား ပေးလိုက်သည် ။
ကိုဒေါင်းစိန် ၊ ကိုလူမောင် နှင့် ကိုလေးဖိုးကွန့် တို့သည် ကျဉ်းမြောင်းလှသော ပိုက်ဝိုင်း အတွင်း၌ မိနေ သော ငါးများအား ခြင်းတောင်းနှင့် ခပ်ကာ လှေကြီး တစ်စင်း ထဲသို့ လောင်းထည့်ကြ၏ ။ ငါးဖယ်များ ကိုမူ ဖောက်သည်ငါး ( ငါးစိမ်းငါး ) အဖြစ်ဖြင့် ငါးစိမ်းသည်မကြီး မမယ်ရင် အား ချိန်ရောင်းရန် သီးခြား ရွေးထုတ်ကာ ရေထဲ တွင် ချထားသော “ ဗုံလုံ ” ထဲ သို့ ထည့်၍ လှောင် ထားသည် ။ ငါးရံ့နှင့် ငါးပတ်များ ကိုမူ တဝုန်းဝုန်း ထခုန် နေကြသဖြင့် လွတ်မြောက်သွားမည်စိုးသောကြောင့် ခေါင်းကို တုတ်ဖြင့် ရိုက်ကာ လှေကန့် တစ်နေရာ တွင် သီးခြားပုံထား၏ ။
ပိုက်ဝိုင်းထဲမှ ငါးများကို ခြင်းတောင်းဖြင့် အကြိမ်ပေါင်း များစွာ ခပ်ယူလိုက်သောအခါ ပိုက်ဝိုင်းထဲတွင် ငါးအနည်းငယ်မျှသာ ကျန်ရစ်တော့သည် ။ ထိုအခါ သူတို့သည် ပိုက်ကို မ ယူကာ ကျန်ရှိနေသော ငါးများအား လှေထဲသို့ လောင်းထည့်လိုက်ကြသည် ။ ကြီးမားလှသော လှေကြီးမှာ ငါးများ မောက် နေအောင် ပြည့်သိပ်သွားတော့သည် ။ ကိုဒေါင်းစိန် ကား ငါးများများ ရမိလိုက် သဖြင့် အူမြူးနေသည် ။ မယ်စိန် ၏ မျက်နှာ မှာလည်း တပြုံးပြုံး ဖြစ်နေသည် ။ ကိုဒေါင်းစိန် သည် ရေငုပ်သမား နှစ်ယောက် မသောက်နိုင်သဖြင့် ချန်ထား ခဲ့သော အရက် တစ်ပုလင်းကို ကိုလေးဖိုးကွန့် ၊ ကိုလူမောင် တို့နှင့်အတူ ခွဲဝေ၍ သောက်လိုက် ပြီးနောက် ငါးလှေ ပေါ်သို့ တက်ကာ လှော်ပြန် လာသည် ။
သူ က လှေပဲ့ မှ လှော်၍ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် က ဦးမှနေ လှော်ကာ ၊ မယ်စိန် ကတော့ လှေလယ်တွင် ထိုင်လိုက်လာသည် ။
ကိုဒေါင်းစိန် သည် ငါးများများ ရ၍ အူမြူးနေသည့် ကြားထဲ အရက်ကလေး ကိုလည်း သောက်ထား ပြန်သောကြောင့် အနည်းငယ်ကလေးမျှ ဂနာမငြိမ်ဘဲ တစ်ကိုယ်လုံး ကြွကြွရွရွ ဖြစ်နေသည့်တိုင် မြူးနေ တော့၏ ။ သူ သည် လှော်တက်ကို ရေထဲ နှစ်ကာ အားစိုက်၍ လှော်ယက်ရင်းမှ လှေဦး မှ ကိုလေးဖိုးကွန့် သို့ လှမ်းကာ “ ဗျို့ ကိုလေးဖိုးကွန့် ၊ ကျွန်တော့် ချုံထဲ ငါးမျိုးစုံပြီး ငါးအတော်များများ ရှိ တယ်လို့ ကျွန်တော် ပြောတုန်းက ခင်ဗျားတို့ ကြွားတယ်လို့ ထင်တယ် မဟုတ်လား ။ အခုတော့ ဘယ့် နှယ်ရှိစ ၊ ဒါကြောင့်မို့ “ ဟိုချုံ ဒီချုံ ကင်ပွန်းချုံ ၊ တိုက်စောင်ခြုံတဲ့ အမေ့ ချွေးမ ” ဆိုတဲ့ သံချပ်ကို တောင် ကျွန်တော်က တစ်မျိုး ပြင်လိုက် ချင်သေးတယ် ”
“ ဆိုစမ်းပါဦးကွ ၊ မင်းက ဘယ်လိုများ ပြင်ချင်လို့လဲ ”
“ ဟိုချုံ ဒီချုံ မန်ကျည်းချုံ ၊ ငါးမျိုးစုံတဲ့ ဒေါင်းစိန်ချုံ ဗျ ” လို့ ပြင်လိုက်ချင်တာပေါ့ ၊ အနို့ မဟုတ်ဘူးလားလို့ ”
“ ဟုတ်ပါသဗျား ၊ မှန်ပါသဗျား ” ဟု ကိုလေးဖိုးကွန့် က သဘောကျ သွားသလို ဟက်ဟက်ပက်ပက် ရယ်ရင်းက ပြောလိုက်ရာ ၊ မယ်စိန် က “ ကာလနာ ကတော့ လုပ်ပြီ ” ဟု ရေရွတ်ရင်း မျက်စောင်း ချိတ်လိုက်သည် ။
“ ကဲဟေ့ ဒေါင်းစိန် ၊ မင်း သံချပ်ကို မင်းက တိုင်ပေး ၊ တို့က လိုက်မယ် ” ဟု ကိုလေးဖိုးကွန့် က ပြောလိုက်ရာ ကိုဒေါင်းစိန် က “ အဟီး ” ဟု အူကြောင်ကြောင် တစ်ချက် ရယ်လိုက်ပြီး နောက် “ ဟိုချုံ ဒီချုံ မန်ကျည်းချုံဟေ့ ” ဟု တိုင်ပေးလိုက်ရာ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် က “ ငါးမျိုးစုံတဲ့ ဒေါင်းစိန် ချုံဗျ ” ဟု သံပြိုင် လိုက်ပေးကြ၏ ။ သို့ဖြင့် အတိုင်အဖောက် ညီစွာ အော်ဟစ် ဆူညံသွားကြရာ ကိုဒေါင်းစိန် တို့ အိမ်ဆိပ် ရောက်မှ ရပ်လိုက်ကြ၏ ။
သူတို့သည် ကိုဒေါင်းစိန် ၏ အိမ်အနီး မြေကွက်လပ် တွင် ယင်းများကို ခင်းပြီးနောက် လှေ ထဲမှ ငါးများကို ခြင်းများနှင့် သယ်တင်ကာ ထို ယင်းပေါ်သို့ လောင်းချကြ၏ ။ ကိုလေးဖိုးကွန့် ၏ မိန်းမ မပြားကြီး နှင့် ကိုလူမောင် ၏ မိန်းမ မဖွားသက် တို့လည်း ရောက်လာကြကာ မယ်စိန် နှင့် အတူ ယင်း ပေါ်မှ ငါးများကို သူ့ အမျိုးအစား နှင့်သူ သီးသန့်ခွဲခြား ရွေးထုတ်နေကြ၏ ။ ကူညီလုပ်ကိုင်သူ များလှ သဖြင့် မမှောင်မီပင် လှေဝမ်း ထဲမှ ငါးများအားလုံး သယ်တင်ပြီး ဖြစ်ရုံမျှမက သူ့အမျိုးအစား နှင့်သူ လည်း ခွဲခြား ရွေးထုတ်ပြီး ဖြစ်နေ၏ ။
ဤအချိန်တွင် ငါးများ ကို ကုန်လုပ်ပြီး ရောင်းချကြမည့် ကုန်သည်ကလေး နှစ်ဦး ရောက်လာကြကာ ဤ ငါးများကို ရောင်းမည်လော ဟု လာမေးကြ၏ ။ မယ်စိန် က ငါးကျည်းများ ကို သူ့ ဟာ သူ ကျပ်တိုက် ပြီး ငါးကျည်းခြောက် ဖြစ်မှ ရောင်းမည် ။ ကောင်သေးငါးများ ကိုလည်း သူ့ ဟာသူ ငါးပိ လုပ်၍ ငါးပိ ဖြစ် မှ ရောင်းမည် ။ ကျန်ရှိသည့် ငါးပတ် ၊ ဒိုး ၊ ခေါင်းဖြတ် နှင့် ချောမီးနီများကိုမူ ငါးစိမ်း အတိုင်း ရောင်း မည်ဟု ကြေညာ လိုက်၏ ။
ဤအချိန်တွင် ကုန်သည်ကလေး နှစ်ဦးသည် အပြိုင်အတိုင် ဈေးပိုတင်ပြီး သူ့ ထက်ငါ ကောင်းလုဝယ် ကြရ မယ်စိန် တို့ ခန့်မှန်းသည့် ဈေးထက် ပို၍ ရ၏ ။ ငါးပတ် မှာ ၇၅ိ ဈေး ။ ဒိုးခေါင်းဖြတ် ချောမီးနီများ မှာ ၆၅ိ ဈေး အထိ ရရှိလိုက်၏ ။ ပေါက်ဈေး ၇၀ ကျပ်နှင့် ၆၀ ကျပ် ဈေးသာရှိရာ အချိန် တစ်ရာကို ငါးကျပ် ပို၍ ရလိုက်၏ ။ သူတို့သည် ရာဇူကို ဆင်ကာ ချိန်ပေးပြီး ငွေ ရှင်း ယူလိုက်ကြသည် ။ ငါးဖယ်များ ကိုမူ ငါးစိမ်းသည်မကြီး မမယ်ရင် အား ချိန် ရောင်းလိုက်ကြသည် ။
မယ်စိန် ကား ကိုဒေါင်းစိန် တစ်နေ့လုံး ပင်ပန်းထားသည် ကို သိ၍ ကျန်ရှိနေသော ငါးရံ့ ၊ ငါးကျည်း နှင့် ကေင်သေးငါးများကို သူ့ ဟာသူ လုပ်တော့မည် ။ ကိုဒေါင်းစိန် အနားယူ လိုက ယူ ဟု ခွင့်ပြု လိုက်၏ ။ ထို့ကြောင့် ကိုဒေါင်းစိန် သည် အိမ်ပေါ်သို့ တက်လာကာ အိပ်ရာထဲ ထိုးလှဲလိုက်၏ ။ အိပ်ရာထဲတွင် လှဲနေရင်းမှ သူ့ လုပ်ငန်း၏ အကျိုးအမြတ်ကို တွက်ကြည့်၏ ။ သူ ချုံချရန် မန်ကျည်းပင်ငယ် ငွေအစိတ် ၊ မန်ကျည်းပင် ကို လှည်းရ ၊ ဖြတ်ရ ၊ ချုံချမည့် နေရာသို့ သယ်ရသည့် အတွက် လူငှားခ က ငွေငါးကျပ် ၊ ပေါင်းသုံးဆယ် ။
လယ်သမားတွေက တရားစွဲလို့ အစိုးရကို ဒဏ်ငွေ ဆောင်ရတာက သုံးဆယ်ဆိုတော့ ပေါင်း ခြောက်ဆယ် ။ ကိုပေါက်တူး ရဲ့ ဂုန်နီပိုက်ငှားခ တစ်ဆယ့်ငါးကျပ် ထပ် ထည့်လိုက်တေ့ ၊ ခုနစ်ဆယ့်ငါးကျပ် ဖြစ်ရော ။ ရေငုပ်သမား နှစ်ဦးအား ပေးရသည့် ငွေလေးကျပ် နှင့် အရက်ဖိုး ကုန်ကျငွေများပါ ထည့်လိုက်ဦး ၊ အားလုံး အရင်းငွေ တစ်ရာ ထက် ပိုမကုန်နိုင် ။ ယခု သူ့ချုံမှ ငွေနှစ်ရာခန့် ရရှိမည်ဟု ခန့်မှန်းနိုင်ပြီ ဖြစ်ရာ ငွေတစ်ရာ အသားတင် မြတ်မည် ။ ပြီးတော့ မပိတ်ဆို့ရသေးသော ချုံ နှစ်ချုံ ကျန်ရှိနေသေးရာ ဤချုံနှစ်ချုံ မှာလည်း အနည်းဆုံး အသားတင် ငွေတစ်ရာ့ငါးဆယ်တော့ ရဦးမည် ။ နောက်ပြီး ထင်းဆိုက်ရန် မန်ကျည်း တုံးများ ၊ မန်ကျည်းကိုင်းများ လည်း ရှိနေသေးရာ ဤဟာများလည်း မြတ်ကျန်ရစ်ဦးမည် ။ ပင်ပန်းရ ကျိုးတော့ဖြင့် နပ်တော့မည် ။ ဝမ်းမြောက်ခြင်းဖြင့် ပြုံးမိသည် ။
သူ့ အကျိုးအမြတ်ကို တိတိကျကျ ခန့်မှန်းနိုင်ပြီးသည် ၏ အခြားမဲ့၌ လူ့ စိတ်နှလုံးမှာ တည်ငြိမ်သွား၍ သူ့ အတွေးများလည်း ရပ်ဆိုင်းသွားကာ သူ့ မျက်လုံးများမှာလည်း မှေးငိုက်လာတော့၏ ။ အိမ် အပြင်မှ မယ်စိန် ၊ မဖွားသက် ၊ မပြားကြီး တို့၏ ငါးခုတ်သံ ၊ စကားပြောသံများကို ကြားရ တစ်ချက် ၊ မကြားရ တစ်ချက်ဖြင့် မျောက်မျဉ်း အိပ်ပျော် နေရာမှ နောက်ဆုံး လုံး၀ မကြားရတော့သည့် တိုင် အိပ်မောကျသွားလေတော့သည် ။
ကိုဒေါင်းစိန် ကား အိပ်မက် ထဲတွင် ဟက်ဟက်ပက်ပက် ရယ်မောကာ ပျော်ရွှင် မြူးထူးနေရှာလေသတည်း ဟု နိဂုံးချုပ် ကာ အဆုံးသ,တ်လိုက်က လွဲမှားနိုင်ပါမည်လော ။
◾ကြယ်နီ
📖 ဝတ္ထုတိုပေါင်းချုပ်
Nov 20, 2024 15:34