Wednesday, December 28, 2022

အိုင်ဒီယာဂျပိန် ၏ နယ်မြေသစ်


 

❝ အိုင်ဒီယာဂျပိန် ၏ နယ်မြေသစ် ❞

အိုင်ဒီယာဂျပိန် တို့ ရဲ့ ဇာတာ စန်းလဂ် ကတော့ ကြောက် စရာပင် ကောင်းနေသေး တော့သည် ။ ဘယ်သူက များ လမ်းညွှန်လိုက်သည် မသိ ။ ဂျပိန်တို့ အနောက် ဗဟိုလမ်း သို့ ဗီဒီယို ရှူတင် မန်နေဂျာ ကျော်ကျော် ရောက် လာသည် ။

ဂျပိန် ၏ ဇနီးသည် ဂျနီဖာလိုဝက် က ကိုဖြူဝင်း လက်ဖက်ရည်ဆိုင် သို့ အပြေးအလွှား လာ ခေါ် သည် ။

“ ရုပ်ရှင်လောက က ရှူတင် မန်နေဂျာ လို့ ပြောတယ် .. အစ်ကို နဲ့ အရေးတကြီး တွေ့ ချင်လို့ တဲ့  ”

အိုင်ဒီယာဂျပိန် အတန်တန် စဉ်းစားသည် ။ ဒီ လောက နှင့် ဘယ်လိုမှ ဆက်စပ်မှု မရှိ။

“ အိမ် မှားတာများ လားကွ ”

“ ရှင့် နာမည် ကို တိုက်ရိုက် ခေါ်ပြီး ဝင်လာတာ ”

လက်ဖက်ရည် ဝိုင်း မှ ကိုမြင့်စိုး ၊ နိုင်ဝင်း ၊ သိန်းရီ တို့ မှ တစ်ယောက် တစ်ပေါက် ထင်ကြေး ဝင် ပေး ကြသည် ။

“ မင်းသား လာ ငှားတာ ဖြစ် မှာ ပေါ့ ”

“ သက်မွန်မြင့် က ခေါ်ခိုင်း တာ ဖြစ်မယ် ”

“ ကြော်ငြာ ရိုက်ချင်လို့ များ လား ”

ဂျပိန် ဝင့်ကြွားစွာ ထ လိုက် သည် ။ ဘာပဲဖြစ်ဖြစ် ဒါ ငါ့ ရဲ့ အလင်းတန်း စပြီ ထင်တယ် ဟု စိတ် ထဲ က ရေရွတ်လိုက် သည် ။

ဂျပိန် အိမ် ထဲ ကို ဝင်တော့ ရှူ တင်မန်နေဂျာ ဆိုသူ က ဂျပိန် ၏ စာအုပ်စင် ကို စူးစိုက် စွာ ကြည့် နေသည် ။ ဂျပိန့် ကို လည်း တော်တော် အထင်ကြီး ပုံ ရသည် ။ အိမ် ထဲ မှာ ခပ် ယို့ယို့လေး ထိုင် နေသည် ။

“ ဪ ... အစ်ကိုဂျပိန် ဆို တာ ... ”

“ အေး .. ဟုတ်တယ် ”

“ ကိုယ့် ကိုယ် ကိုယ် ပဲ မိတ် ဆက် ပေးပါ့မယ် ... ကျွန်တော် က ရှူတင်မန်နေဂျာ ကျော်
ကျော်ပါ ... အစ်ကို့ ဆီ ဘယ်လို ရောက်လာတယ် ဆိုတာ နောက်မှ ပဲ ပြော ပြတော့ မယ် ... ကျွန်တော်တို့ က ပု ပ္ပား ကို ကားရိုက် ရက် ကပ်နေလို့ ကျွန်တော် လည်း ပြေးရ လွှားရ ဦးမယ် ... လိုရင်းကတော့ အစ်ကို့ ကို တော်လှန်ရေးဇာတ်တွေ ဇာတ်ညွှန်း ခွဲ ခိုင်းမလို့  ...
တော်လှန်ရေးဇာတ်တွေ က ဇာတ်လမ်းတွေ ထပ်နေပြီ အစ်ကို ရ... အဲဒါ အစ်ကို့ ဆီ က အိုင်ဒီယာ အသစ်လေး ဗျာ ”

“ ဟား ဟား ... အိုင်ဒီယာဂျပိန် ပဲကွာ .. ပုံစံခွက် ထဲ က ခွဲ ထွက်ဖို့ ကြံ နေတာ ကြာပြီ .. မင်း ရန်ကုန်ဘဆွေ ရဲ့ မြန်မာပြည်သား ကို ဖတ်ဖူးလား ”

“ ဟင့်အင်း ”

“ သေသော်မှ တည့် ဪ ကောင်း၏ ”

“ ဟင့်အင်း ”

“ ဆရာမြသန်းတင့် ရဲ့ တောင်သမန်ရွှေအင်း က လေညင်း ဆော် တော့ ”

“ ဟင့်အင်း ”

“ သံ နဲ့ သွေး ”

“ ဟင့်အင်း ”

“ ဒါဆို မင်းတို့ ဗီဒီယို လောက က စာ မဖတ်ဘဲနဲ့ တွေ့ရာ ဇာတ်ညွှန်း တွေ ခွဲ နေ ကြတာပေါ့ .. အဲဒါကြောင့် ဇာတ်လမ်းတွေ က တစ်ခါလာ လည်း မည်းပြာ ပုဆိုး ဖြစ် နေတာပေါ့ ၊ အေး ... မင်းတို့ လောက ကို ပုဆိုး အသစ် နဲ့ ဝင် လာမယ် ”

ရှူတင်မန်နေဂျာ က တော်တော်လေး ဘဝင် ခိုက် နေပုံရသည် ။

“ အစ်ကိုဂျပိန် ... ဒီ လောက မှာ ကျွန်တော် နာမည်ကောင်း ရပြီ အစ်ကို့ ဆီ လမ်းညွှန် တဲ့ လူ ကို ကျွန်တော် ကျိတ် ပြီး ကျေးဇူး တင်တယ်ဗျာ ...ဒီလို လုပ် အစ်ကို  ... ကျွန်တော် အစ်ကို့ ကို ယုံ သွားပြီ ... သန်ဘက်ခါ ကို ပုပ္ပား တက် ကြမယ် ... ကား ၄၀ ရိုက် မှာ ... အစ်ကို ရေးနိုင် တွေးနိုင် သလောက်ပေါ့ ... ကျွန်တော် အချိန် မရလို့ ဇာတ်ညွှန်းခ စရန် ၅၀၀၀ဝိ/- ယူ ထား လိုက်ပါ ... အစ်ကို အဆင်သင့် သာ ပြင် ထားလိုက်တော့ ။ ကား က အဝေးပြေးဂိတ် က ညနေ ၄ နာရီ ထွက်မှာ ကျွန်တော် တို့  ၃ နာရီ လောက် ရောက်ရင် တော်ပြီ ။ ကျွန်တော် ကား နဲ့ အစ်ကို့ ကို ဝင် ကြိုမယ် ။ ကျွန်တော့် ကို သွားခွင့် ပြုပါဦး အစ်ကိုဂျပိန် ရာ ... ယမ်းသမားတွေ မချိန်း ရသေးလို့ သွားခွင့်ပြုပါဦး ”

ရှူတင်မန်နေဂျာ ကျော်ကျော် အိမ် ထဲ က ထွက်သွား တော့ စရန်ငွေ ၅၀၀၀၀ ကို ဂျပိန် မှ ဇနီး ထံ တွန်းပို့လိုက် သည် ။

“ အဲဒါပဲ ... အရည်အချင်း ရှိ တဲ့ လူ တစ်ယောက် ဟာ ဘယ် နေရာ မှာ ပုန်းအိပ် ပုန်းအိပ် ... မရဘူး ... လိုက်ကို ရှာရ တာ ”

ဇနီးသည် က အရင် ရက် ၊ လများ နှင့် မတူတော့ ။ လေသံ ပျော့ပျောင်းသွားပုံ ရသည် ။

“ ကိုယ့် လင်မယားချင်းမို့ မေး ရဦးမယ် ... တော် က ဘယ်တုံးက ဗီဒီယိုဇာတ်ကား ရေးဖူးလို့ လဲ ... ဟိုကျမှ အရှက်တွေ ကွဲနေဦးမယ် ”

“ ဆီကျန် နဲ့ လှိမ့် စားနေကြ တဲ့ ဗီဒီယိုဇာတ်ညွှန်းလောက ကို မင်း ယောက်ျား အိုင်ဒီယာ ဂျပိန် ဝင် လာဖို့ အတွက် အိမ်တိုင်ရာရောက် လာ ဖိတ် ခေါ်တာလေ ... မင်း ကို ရှင်းပြ နေရင် ရှည်တယ် ... ဒီငွေ ၅၀၀၀၀ ကို သိမ်းထားလိုက် ”

ထိုနေ့ ည ညဉ့်လယ်ပိုင်း တို့ သည် ကား အိမ်ထောင်ရေး လောက ၏ အသာယာဆုံး အချိန်ကာလ များ ပင် ခပ်ခွာခွာ အိပ်လေ့ ရှိသော ဇနီးသည် ပင် သူမ ၏ ဝါးပိုးဝါးလောက် ရှိသော ညာဘက် လက်မောင်းကြီး ဖြင့် ဂျပိန် ၏ ခန္ဓာကိုယ် ပေါ်သို့ ဖက်ထား ခြင်း သည် ပင် ဒုက္ခ မဟုတ် သုခ အတိ ဖြစ် တော့သည် ။

အိမ်ပိုင်ရှင် ဦးသန်းစိန် သည် အထုပ်အပိုးများ ကို ကြည့် လျက် ...

“ ဟဲ့ ... အထုပ်အပိုးတွေ နဲ့ ဘယ် ကို ခရီး သွားကြမလို့ လဲ ”

“ အဘတူ ပုပ္ပား သွားမလို့ ... ဟိုမှာ ဗီဒီယိုဇာတ်ညွှန်းတွေ သွား ရေးရမယ်လေ ”

“ ဟဲ့ ... တော်ကြာ မင်းသမီး တွေ နဲ့ ညား နေဦးမယ် ”

“ ညားချင် လည်း ညားပါစေ အဘရယ် ... အိမ် ကို ပိုက်ဆံ မှန်မှန် သာ ပေး ... ယူချင် တဲ့ လူ နဲ့ ယူ ”

ဤသို့ဖြင့် လောက သစ် ၊ မျက်နှာ သစ် ၊ ဒေသ အသစ် သို့ အိုင်ဒီယာဂျပိန် ရောက် ခဲ့ သည် ။

ပုပ္ပားဒေသ သည် ကား မိုးနည်းရပ်ဝန်း မို့ တိုင်းပြည် လွတ်လပ်ရေး အတွက် အဖွဲ့ နှစ်ဖွဲ့  ခွဲ၍ တော်လှန် နေကြဆဲ ဖြစ်သည် ။

တစ်ဖွဲ့ က အင်္ဂလိပ် ၊ တစ်ဖွဲ့ က ဂျပန် ။

မိုင်းသံ ၊ ယမ်းသံတွေ နှင့် သဲသဲ ညံ နေသော ထိုဒေသ ၌ ...

အိုင်ဒီယာဂျပိန် မှာ လည်း ထိုတော်လှန်ရေး ၌ ပင် စီးမျော လိုက်ပါခဲ့ရလေပြီ ။ ပုဂံဗိုလ်ချို ၏ မျိုးဆက်များ က အင်္ဂလိပ် ကို ဆက်လက် တော်လှန်နေကြဆဲ ဟု ဂျပိန် က တစ်ခါတစ်ခါ ဟာသ အဖြစ် ပြော မိသေးသည် ။

တော်လှန်ရေးသမားတွေ လက်ပန်းကျ ၊ မကျတော့ မသိ ။ အိုင်ဒီယာ ဂျပိန် ကား လက်ပန်း ကျ ချင် လာပြီ ။ အိုင်ဒီယာ တွေ က လည်း သိပ် မထွက်ချင်တော့ ။ အနား ယူချိန် မရှိ ၊ စားပွဲ နှင့်ခန္ဓာကိုယ် လက်ထိတ် ခတ်ထား သည့်နှယ် ။ ပို၍ ဆိုးသည် ကား အက်ရှင်မင်းသား ကိုယ် ၌ က ဒီ ဇာတ်ညွှန်းရေးဆရာ ရဲ့ ဒိုင်ယာလော့တွေ က အရမ်း ထိမိတာပဲ ဆိုသည့် အပြော ကြောင့် ထုတ်လုပ်သူ ရော ၊ ရှူ တင်မန်နေဂျာ က ပါ မထတမ်း ရေး ခိုင်းတော့သည် ။ လူတစ် ယောက် ဘယ်လောက် ထိ တွေးနိုင် ရေးနိုင်မှာ တုံး ။ ငါ့ ကို ပုပ္ပား ခေါ်ပြီး အသေ သ-တ် နေကြတာလား ဟု လူကြမ်း တစ်ယောက် ကို ဒေါသ နှင့် ပြော ပြခဲ့ဖူးသည် ။

“ ငါ ဒီ ဘုန်းကြီးကျောင်း မှာ မနေနိုင်ဘူး ကျော်ကျော် ”

“ ဟာ .. ဆရာ ... မင်းသား မင်းသမီး တွေ ရော ဒီမှာ ပဲ တည်းကြတာ ”

“ ငါ့ ကို ဒီအနီးတစ်ဝိုက် က တည်းခိုခန်း မှာ ထား ကွာ ... ငါ့ ဦးနှောက်တွေ မွန်းကျပ်နေ တယ် ... အိုင်ဒီယာ သိပ် မထွက်ဘူး ”

ရှူတင်မန်နေဂျာ မှ တစ်ဆင့် ဘယ်ကဲ့သို့ အဆင့်အဆင့်တွေ ဆီလျော် သွား လည်း မသိ ။ စိုက်ပျိုးရေးတည်းခိုခန်း သို့ လူကြမ်းပေါင်းအစုံအလင် နှင့် အိုင်ဒီယာဂျပိန် နန်းရွှေ့သွားတော့သည် ။

“ ဇာတ်ညွှန်းဆရာ ... မီးလျှံ နဲ့ နေကြာ က ဒီနေ့ ပြီးအောင် ရိုက်မှာ တဲ့ ... မနက်ဖြန် ကားသစ် တစ်ကား စ မယ်တဲ့ ... ဆရာ အဆင်သင့် သာ ရေး ထားလိုက်တော့ ”

“ ဟ.. မင်း တို့ ဟာ က စက် နဲ့ များ လှည့် ထုတ်နေသလား မှတ်ရတယ် ... ဦးနှောက် ကွ ... စက် မဟုတ်ဘူး  ”

“ ဆရာ နောက်တော့ အထာ သိ သွားမှာ ... မနက်ဖြန် ရိုက်ကွင်း လိုက် ရေး ဆရာ ရယ် ...ရေး ရိုက် ရိုက် ဆိုတာ အဲဒါ ကို ခေါ်တာ ”

အိုင်ဒီယာဂျပိန် စဉ်းစားသည် ။ ဒီ ပုံ တိုင်းဆို ရူး ချင် ရူး၊ မရူးရင် လူ လည်း ကြောင်တောင် တောင် ဖြစ် လာပြီ ။ ဒီ တော်လှန်ရေးတွေ က လွတ်လပ်ရေး ရမည့် အရိပ် လက္ခဏာ မတွေ့။ ကြာ တော့ အနုပညာ နှင့် မတူ တော့။ ရွာတန်း မီးလောင် တာ နှင့် တူ နေသည် ။ ဒီ ပုပ္ပား မြေ က ဘယ်လို လွတ်အောင် ရှောင် ရမည်နည်း ဟု အကြိမ်ကြိမ် စဉ်းစား မိလေ သည် ။ ဇာတ်ညွှန်းခ ရ သော အသပြာ လည်း မလိုချင်တော့ ။ အိမ် ကို သာ ပြန် ချင် နေသည် ။ စဉ်းစားရင်း စဉ်းစားရင်း ဘယ် အချိန် အိပ်ပျော် သွားလိုက်သည် မသိ ။

“ ဇာတ်ညွှန်းဆရာ ..ဇာတ်ညွှန်းဆရာ ”

ကမန်းကတန်း ထ ကြည့် လိုက်တော့ သကောင့်သား ရှူတင် မန်နေဂျာ ကျော်ကျော် ။

“ ဟာ ... ဆရာ .. ခုမှ နိုး တာလား ... ည က ဘယ်နှ Scence ပြီး ပြီလဲ ”

“ စားပွဲပေါ်မှာ ၈ Scence လား မသိဘူး ... ယူ သွား ကွာ ”

“ ဟာ ... ဆရာ ... ဒီ ၈ Scence က ဒီ မနက် ထမင်း မစားခင် ပြီ သွားမှာ ... ဆက် ရေးထား ဦး ဆရာ ရေ ”

ဟု ပြောပြောဆိုဆို ထွက် သွားသည် ။

“ ဘုရား ဘုရား ... ဝါးများ စား နေကြလား မသိဘူး ”

အိုင်ဒီယာဂျပိန် အထုပ်အပိုး များ ကို အဆင်သင့် ပြင် ထား လိုက်တော့သည် ။ ရေး လက်စ မီးလက်ဝါး ငကြိုင် ပြီး လျှင် ဒီ တော်လှန်ရေးကာလ မှ အနားယူတော့မည် ၊ နုတ် ထွက်တော့မည် ၊ အလံ ဖြူ ထောင်တော့မည် ဟု ဆုံးဖြတ် လိုက်သည် ။

ဇာတ်ညွှန်း ကိုးပုဒ် တော့ ရေးဖြစ် သွားသည် ။ နယ်မြေ သစ် မှာ ဗဟုသုတတွေ အများကြီး ရ လိုက်သည် ။ ဒါ ဟာ ငွေကြေး ထက် တန်ဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံ သစ်။  ဗီဒီယိုလောက ဆိုတာ ဒါပါလား ဟု သိ လိုက်ရသည် ။ ဒီ တံခါးပေါက် ကို ငါ ဘယ် အချိန် ပြန်ဝင်ဝင် အခက်အခဲ မ ရှိ ဟု ဂျပိန် တွေး လိုက်သည် ။

“ ဆရာ ... ကား ပေါ် တက် ... ဘာတွေ ကျန်သေးလဲ ”

“ ဘာမှ မကျန်ပါဘူးကွာ ”

“ ဆရာ့ ကို ထုတ်လုပ်သူ က ရော၊ မင်းသား က ရော ၊ ဒါရိုက်တာ ရော ပြန် မလွှတ် ချင်ဘူး ... ဆရာ့ မိန်းမ အရမ်း နေမကောင်း လို့ သာ ပြန် လွှတ်လိုက်ရတာ ... ဆရာ့မိန်းမ နေ ကောင်းရင် ပြန် တက်ခဲ့ဦး ဆရာရယ် ... ကျွန်တော် ဖုန်း ဆက်လိုက် မယ် ”

“ အခြေအနေ အရပေါ့ကွာ ”

စံကားဝါ ရနံ့တွေ သင်းထုံ နေသည့် စံကားဝါမြေ ပုပ္ပါး ရနံ့ ကို ဂျပိန် အားရပါးရ ရှူ လိုက် သည် ။ နှုတ် မှ ...

“ ခေတ္တ နှုတ်ဆက်ခဲ့ပါတယ် စံကားဝါမြေ ရေ .... ”

◾ဗေလုဝ

📖 ဟဒယမဂ္ဂဇင်း
      အောက်တိုဘာ ၊ ၂၀၀၆

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment