Sunday, December 11, 2022

မြနန်းနွယ် ( ၆ )


 အခန်း ( ၁ )


   “ နွေနှောင်းရွက်ကျန် ”


နွေ သည် လူရမ်းကား နှင့် တူ၏ ။ လူရမ်းကား သည် အလှအပများ ကို ဖျက်ဆီးတတ်၏ ။ ထို့ အတူ နွေ သည် လည်း ရမ်းကားလှပေ၏ ။ လောကဓာတ် တစ်ခုလုံး ကို အပူ တိုက်၏ ။ လှပသော အပွင့်အရွက်များ ကို ခြွေပစ်၏ ။ လောင်ကျွမ်းပစ်၏ ။ ထို့ကြောင့် နွေကာလ ရင့်ကျက်လာသည် နှင့် အမျှ သစ်ပင် အကိုင်းအခက် တို့ ဖြင့် ဝေဆာခဲ့သော စိမ်းစိုလှပသည့် အရွက်များ သည် မြေ ခ ခဲ့ ရလေ၏ ။ ယခုအခါ ၌ ကား နွေကာလ ကုန်ခါနီး နွေနှောင်း ချိန် ရောက် နေပြီ ဖြစ်၏ ။ သို့သော် ကြံ့ကြံ့ ခံနိုင်သော အရွက် တချို့ သည် အကိုင်း ထက် ၌ တွဲရရွဲ ခို၍ အားမာန် အပြည့် ဖြင့် ရပ်တည် နေ ကြလေ၏ ။ ထို အရွက်များ ကို ဤသို့ ခေါ်လျှင် ရ၏ ။ 


“ နွေနှောင်းရွက်ကျန် ”


မောင်ဖေသော် သည် နွေနှောင်းရွက်ကျန်များ ကို ကြည့်၍ သက်ပြင်း တစ်ချက် ကို မှုတ်ထုတ် လိုက်လေ၏ ။ ထိုသို့ သက်ပြင်း မှုတ်ထုတ် ပြီး နောက် ...


“ နွေကာလ က နှုတ်ဆက် တော့မယ် ။ သူ နှုတ်ဆက် သွား ရင် မိုးစက် မိုးပေါက်လေး တွေ ရောက် လာတော့မယ် ။ မိုးစက် မိုးပေါက်ကလေးတွေ နဲ့ အတူ ချမ်းစိမ့်စိမ့် လေနုအေးကလေး လည်း ပါ လာလိမ့်မယ် ။ ငါ လည်း ပဲ ဒီ နေရာ ကို ရောက် နေတာ အတော် ကြာ ပြီ ။ နောက်ထပ် ရာသီ နှစ်ခု ပြောင်း မှ ဒီ နေရာ က ခွာ ရမှာ ”


ဟု စိတ် အတွင်း ၌ တွေးတော နေ မိလေ၏ ။ မောင်ဖေသော် သည် နာရီ ကို ငုံ့ ၍ ကြည့် လိုက်၏ ။ ထို့နောက် ၎င်း ၏ စိတ် မှ ..


“ ညနေ ခြောက်နာရီ ထိုး ပြီပဲ ။ မနက်ဖြန် တနင်္ဂနွေနေ့ ဆို တော့ ကျောင်း ပိတ်တယ် ။ ဘာပဲ ဖြစ်ဖြစ် စာ ကျက် ရတာလည်း ပင်ပန်း လှပြီ ။ ဒီနေ့ ည ဝင်းဝင်းရုံ မှာ ပြဇာတ် သွား ကြည့်မယ် ”


ဟု ရေရွတ် လိုက်လေ၏ ။ ပြီးလျှင် ရေမိုးချိုး ၍ အဝတ်အစား လဲ ကာ လခြမ်း ထက် တွင် ကြယ်ပွင့် တစ်ပွင့် ပါ သော တံဆိပ် တပ်ထား သည့် ဘတ်စ်ကား ကို စီး ကာ ပြဇာတ်ရုံ သို့ ထွက် လာ ခဲ့လေ၏ ။ ပြဇာတ်ရုံ အနီး သို့ ရောက် လျှင် ပြဇာတ်ရုံ ထိပ် ၌ ချိတ်ဆွဲ ထား သော ပိုစတာများ ကို ကြည့် လိုက် လေ၏ ။ ပိုစတာ  မှာ ကြောက်စရာ လန့်စရာ ပုံများ ကို ပန်းချီဆရာ က လက်စွမ်း ပြ ၍ ရေးဆွဲ ထား၏ ။ ပြဇာတ် ၏ အမည် မှာ “ ရွှေညောင်ပင်သိုက် ” ဟူ၍ ဖြစ်၏ ။ မင်းသား မှာ ကျော်အေး ဖြစ်၍ မင်းသမီး မှာ မေချစ် ၊ မေမြင့် ဖြစ်၏ ။ လူကြမ်း မှာ ဦးအေးငွေကြီး ဖြစ်၏ ။ လူရွှင်တော် မှာ ဦးစံပ ဖြစ်၏ ။


သိုက်သမိုင်း ဇာတ်ထုပ် ဖြစ်သောကြောင့် မိန်းမပရိသတ် သည် အထူး အားပေးလျက် ရှိ၏ ။ မိန်းမများ ကြည့် ချင်သည် ဆိုသောကြောင့် ယောက်ျား များ လည်း လိုက်ပါ လာရ၏ ။ လက်မှတ် ယူသော ရုံ တွင် ကြိတ်ကြိတ်တိုး နေ လေ၏ ။ မောင်ဖေသော် သည် ပြဇာတ်ရုံ အနီး သို့ ရောက် သော်လည်း ထို ရုံ ၏ ဆင်ဝင်အောက် သို့ မဝင်သေးဘဲ ပလက်ဖောင်း နံဘေး တွင် ရပ်၍ လက်မှတ်ရုံ ကို လှမ်းမျှော် ကြည့်ရှုနေလေ၏ ။ ထို အချိန် ၌ ၎င်း ၏ အနီးသို့ ရထားလုံး တစ်စီး လာ ၍ ရပ်၏ ။ ရထားလုံး ပေါ် မှ အသက် လေးဆယ် အရွယ် မိန်းမ ဝဝကြီး တစ်ဦး ဆင်း လာ၏ ။ ထို မိန်းမကြီး ၏ နောက်တွင် ထပ်၍ အသက် နှစ်ဆယ် အရွယ် ခန့် ရှိ မိန်းကလေးငယ် တစ်ဦး ဆင်း လာ၏ ။ ထို မိန်းကလေး ဆင်း လာသည် နှင့် တစ်ပြိုင်နက် မောင်ဖေသော် ၏ နှာခေါင်းဝ သို့ လွန်စွာ သင်းပျံ့သော ရေမွှေးနံ့ တစ်မျိုး က လာ၍ နှုတ်ဆက် လေ၏ ။ ထို ရေမွှေးနံ့ သည် မောင်ဖေသော် ရှူရိုက်ခဲ့ဖူးသော ရေမွှေးနံ့ တို့ တွင် အသင်းပျံ့ဆုံး ဖြစ်သည် ဟု ဆို ရပေမည် ။ မောင်ဖေသော် သည် ထို မိန်းကလေး ကို လှမ်း၍ ကြည့် လိုက်၏ ။ ထို မိန်းကလေး ၏ အသားရောင် သည် တန်ဆောင်မုန်းလ တွင် ဖူးကာစ စပါးခွံ ၏ အရောင် နှင့် တူ၏ ။ ဝါ သည် ဟု လည်း မဆိုသာ ။ စိမ်း သည် ဟု လည်း မဆိုသာဘဲ ဝါဖန့် စိမ်းစိုသော အသားရောင်မျိုး ဖြစ်၏ ။ မီးရောင် တွင် ထို မိန်းကလေး ၏ အသားရောင် သည် ရွှန်းပ ၍ နေ၏ ။ မျက်နှာ သွယ်၍ မျက်လုံးမျက်ဖန် ညိုမှောင်၏ ။ သူ ၏ မျက်တောင် မှာ ရှည်လျား ၍ ဆင်စွယ် ကဲ့ သို့ ကော့ နေ၏ ။ နှာတံ မှာ ဖြောင့်စင်း၏ ။ နှုတ်ခမ်း အစုံ မှာ ပိရိ စေ့စပ်လှ၏ ။ အပေါ်နှုတ်ခမ်း ၏ အတွန့် သည် ကျွမ်းကျင်သော လေးသမား ၏ လေးကိုင်း ကဲ့ သို့ ညီညီညာညာ တွန့် နေလေ၏ ။ သူ ၏ နှုတ်ခမ်း သည် မဆိုး ဘဲ နီ နေဟန် တူ၏ ။ လည်တိုင် ကျော့ရှင်း၏ ။ ထို ကျော့ရှင်းသော လည်တိုင် တွင် တဖျတ်ဖျတ် အရောင် ထွက်နေသော စိန်လည်တုံကလေး ဆင်မြန်း ထား၏ ။ ခြေဆံ ၊ လက်ဆံ ရှည်သွယ်၏ ။ ကိုယ်လုံး ကိုယ်ပေါက် မှာ လည်း လွန်စွာ လှပ၏ ။ ရင် မှာ လည်း အချိုးကျကျ မောက်၏ ။ ခါး လွန်စွာ သေး၏ ။ အောက်ပိုင်း မှာ စွင့်ကားကား ရှိ၏ ။ နံ့သာရောင် ပိုးအင်္ကျီ ဝတ် ထား၏ ။ အပေါ် မှ နက်ပြာရောင် စိန်ကတ္တီပါ အင်္ကျီ ထပ် ၍ ဝတ်ထား၏ ။ လုံချည် မှာ လည်း နက်ပြာရောင် စိန်ကတ္တီပါလုံချည် ဖြစ်၏ ။ မောင်ဖေသော် မှာ ထို မိန်းကလေး ၏ လုံချည် အောက် နား ဆီ သို့ ကြည့် လိုက်၏ ။ ပြည့်မောက် နေသော ခြေခုံကလေး ကို တွေ့ ရ၏ ။ ဖုထစ် နေခြင်း မရှိသော ခြေမျက်စိ နေရာလေး ကို လည်း တွေ့ရ၏ ။ ထို ခြေမျက်စိ နေရာ တွင် လွန်စွာ တုတ်ခိုင်သော ရွှေခြေကျင်းကြီး ကို တွေ့ ရ၏ ။ ညီညွတ်လှပနေသော ခြေထောက် နှင့် နက်ပြာရောင် ကတ္တီပါဖိနပ် မှာ လွန်စွာ လိုက်ဖက် လှပေသည် ။ မောင်ဖေသော် သည် ထို မိန်းကလေး ကို ငေးစိုက် ကြည့်နေရင်း သူ ၏ စိတ်တွင်း၌ ..


“ သိပ်ပြီး လှ တာပဲ ။ မဟုတ်သေးပါဘူးလေ ၊ သိပ်ပြီး ချော တာပဲ ။ ဒါလည်း မဟုတ်သေးပါဘူး ၊ သိပ်ပြီး မဟာ ဆန် တာပဲ ”


ဟု တီးတိုး ရေရွတ် မိလေ၏ ။ ထို မိန်းကလေး သည် ရထားလုံး ပေါ် မှ ကနွဲ့ကလျလေး ဆင်း လာ၏ ။ ထို့နောက် ပြဇာတ်ရုံ ၏ လက်မှတ် ရောင်း သော နေရာ သို့ မျက်စိ ကစား ၍ ကြည့် လိုက်ပြီးလျှင် သူ ၏ အဖော် မိန်းမကြီး အား


“ ဒေါ်စာဥ ရေ လူတွေ လည်း ပြည့် နေတာပဲ ။ လက်မှတ် ဘယ်လို သွားပြီး ယူ ရ မလဲတောင် မပြောတတ်တော့ ပါ ဘူး ”


ဟု ညည်းညူသံလေး ထည့် ၍ ပြော လိုက်လေ၏ ။ မောင်ဖေသော် သည် ထို မိန်းကလေး ၏ ရုပ်ရည် ကို စိတ် တွင်း မှ ချီးကျူး နေမိ၏ ။ ယခု အသံ ကြား လိုက် ရသော အခါ တွင် မူ ထို မိန်းကလေး ၏ အသံ သည် ရုပ်ရည် ထက် ပို၍ သာ သည် ဟု ဆို ရ မလို ဖြစ်နေ၏ ။ ထို့နောက် ထိုမိန်းကလေး သည် မောင်ဖေသော် ဘက် သို့ မျက်လုံး ဝင့် ၍ ကြည့် လိုက်ပြီး နောက် သွားလေး ပေါ်ရုံ မျှ ပြုံး လိုက်ပြီး လျှင် ..


“ ဒီမှာ ရှင့် ”


ဟု တီးတိုးညင်းညင်းကလေး ခေါ် လိုက်လေ၏ ။ မောင်ဖေသော် ၏ ရင် သည် ဒိတ်ခနဲ ဖြစ်သွား၏ ။ သို့မဟုတ် ရင်တွင်း မှ နှလုံးသည်းပွတ် များ သည် အတန်ငယ် လှုပ်သွား၏ ။ ထို့နောက် ထို မိန်းကလေး က ...


“ နွယ် တို့ တူဝရီး ပြဇာတ် ကြည့် ချင်လို့ပါ ။ အပန်း မကြီးဘူး ဆိုရင် လက်မှတ် ဝယ် ပေး ပါလား ဟင် ”


ဟု ပြော လိုက်လေ၏ ။ နောက်ဆုံးမှ “ ဟင် ” ဟူသော အသံ သည် အတော့် ကို သာယာ၏ ။ ( ထို အသံ ကို စာ ဖြင့် ရေး ပြ ၍ မရပါ ။ “ ဟင် ” ဟု သာ ရေး ပြ ၍ ရ ပါသည် ။ ထို့ကြောင့် ဟင် ဟု သာ ရေး လိုက်ရပါသည် ။ ထို မိန်းကလေး ၏ အသံ မှာ ဟင် မဟုတ်ပါ ။ ထို့ ထက် ပို၍ သာယာပါသည် ) ထို မိန်းကလေး သည် ထိုသို့ ပြောရင်း ပုတီးစေ့များ စီခြယ်ထားသော သူ ၏ လက်ကိုင်အိတ် ကို ဖွင့် ကာ အတွင်း မှ ဆယ်တန် တစ်ရွက် ကို ဆွဲ၍ ထုတ် လိုက်လေ၏ ။ မောင်ဖေသော် လည်း ထို မိန်းကလေး ၏ မျက်နှာ ကို မဝံ့မရဲ ပြန် ၍ ကြည့် လိုက်ပြီးနောက် ..


“ ဟုတ်ကဲ့ ကျွန်တော့် အတွက် အပန်း မကြီးပါဘူး ။ ကျွန်တော် ဝယ် ပေးပါ့မယ် ”


ဟု ဆိုကာ လက် ကို လှမ်း လိုက်လေ၏ ။ ထို မိန်းကလေး ၏ လက်မှ ဆယ်တန် ကို ယူ လိုက်ပြီး နောက် မောင်ဖေသော် သည် စစ်ခရာသံ ကို ကြား သော စစ်မြင်း ကဲ့ သို့ လျင်မြန်စွာ ထွက်ခွာ သွား လေတော့၏ ။ လက်မှတ်ရုံဝ မှ လက်မှတ် တန်းစီ နေသော သူ များ ကို တွန်း ထည့် လိုက်၏ ။ လက်မှတ်ပေါက်ဝ မှ လက် ကို အတင်း ထိုး သွင်းလိုက်၏ ။ ထို့ကြောင့် ၎င်း ထက် အလျင် လက် ထိုး ၍ ဝယ် နေသောလူ ၏ လက် နှင့် ညှပ် မိသွား၏ ။ ထို့ကြောင့် ထို လူ က ..


“ ဘယ်လို လုပ်တာလဲ ၊ ဒီမှာ လက် မှ မထုတ် ရသေးဘူး ။ အရမ်း ဆောင့် တွန်း တာကိုး ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က


“ ဒါတွေ ပြော မနေပါနဲ့ဗျာ ၊ လက်မှတ် ဆိုတာ ဒီလိုပဲ လု ဝယ် ရတာပဲ ။ နည်းနည်းပါးပါး တော့ ထိမိတာ တို့ ၊ ညှပ်မိတာ တို့ ကို ရေးကြီး ခွင်ကျယ် မလုပ်ပါနဲ့ ။ ယောက်ျား ချင်း ပဲ ဗျာ ”


ဟု ဆို ကာ လက်မှတ် သုံးစောင် ဝယ် လိုက် လေ၏ ။ ထို့နောက် လက်မှတ်ပေါက် မှ နေ၍ လက် ကို အတင်း ဆောင့် ၍ ရုန်း ကာ ပြန် ၍ ထွက် လိုက်လေ၏ ။ ထိုသို့ ထွက် လာ ပြီး လျှင် မိန်းကလေး တို့ တူဝရီး အနီး ဆီ သို့ ပြန်၍ သွားလေ၏ ။ ထိုသို့ သွား ပြီးနောက် ၎င်း ၏ လက်မှတ်ဖိုး ကို အိတ် အတွင်း မှ နှိုက် ကာ လက်မှတ် နှစ်စောင် နှင့် အတူ မိန်းကလေး အား ပြန် ၍ ပေးလေ၏ ။ ထိုအခါ မိန်းကလေး က ...


“ မဟုတ်တာပဲ ရှင် ။ ကျွန်မ တို့ တူဝရီး မဝယ်နိုင်တဲ့ လက်မှတ် ကို ဝယ် ပေးတာပဲ ။ အဲဒီတော့ ရှင့် အတွက် လက်မှတ်ခ ကို ကျွန်မ က ပေး ရမှာပေါ့ ၊ မပေးပါ နဲ့ ရှင် ”


ဟု ဆို ကာ ငြင်းဆန် လေ၏ ။ မောင်ဖေသော် က လည်း ..


“ အားနာစရာကြီး ”


ဟု ဆိုကာ အတင်း ပေး၏ ။ သို့ရာတွင် မိန်းကလေးက အတင်း ငြင်းဆန် နေ သောကြောင့် မပေးရတော့ပါ ။ ထို့နောက် မောင်ဖေသော် သည် မြေပဲလှော် ၊ ကွာစေ့ ၊ သကြားလုံး စသော ပြဇာတ် ကြည့်ရင်း အပျင်းပြေ စားရန် မုန့်ပဲသရေစာများ ကို ဝယ်ယူ၍ မိန်းကလေး တို့ တူဝရီး နှစ်ယောက် နှင့် အတူ ရုံ တွင်း သို့ ဝင် လာလေ၏ ။ ပြဇာတ် ကြည့်ခြင်း နှင့် ရုပ်ရှင် ကြည့်ခြင်း မှာ ပြောင်းပြန် ဖြစ်၏ ။ ရုပ်ရှင် သည် နောက် သို့ ရောက် လေ ကြည့်ခ ပို ပေး ရလေ ဖြစ်၏ ။ ပြဇာတ် မှာ မူကား ရှေ့သို့ ပို၍ ရောက်လေ ကြည့်ခ ပို၍ ပေးရလေ ဖြစ်၏ ။ မောင်ဖေသော် ဝယ်ယူခဲ့သော လက်မှတ် မှာ ရှေ့ဆုံးတန်း ၏ နောက် တွင် ကပ်လျက် ရှိသော အတန်း တွင် ဖြစ်ပြီး အလယ် မင်းလမ်းမ ၏ ဘေး တွင် ကျ၏ ။ မောင်ဖေသော် ၏ ခုံနံပါတ် မှာ ၁၄ ဖြစ် ၍ မိန်းကလေး တို့ တူဝရီး နှစ်ယောက် သည် နံပါတ် ၁၃ နှင့် ၁၂ တို့ ကို ရကြ၏ ။ နံပါတ် ၁၁ ထိုင်ခုံ တွင် ကုလားတစ်ယောက် ထိုင် နေနှင့်ပြီ ဖြစ်၏ ။ နံပါတ် ၁၅ တွင် လည်း လူငယ်တစ်ယောက် ထိုင် နေ၏ ။ ထို့ကြောင့် မောင်ဖေသော် လည်း ၁၄ ၌ ပင် ထိုင်နေသည် ဖြစ်ရာ ၎င်းတို့ နှစ်ဦး ကြား တွင် ကာရံ ထား သော တံတိုင်းကြီး သည် ကုလားထိုင် လက်တန်း တစ်ခု သာ ဖြစ်၏ ။ မောင်ဖေသော် သည် မြေပဲလှော်ထုပ်များ ၊ ကွာစေ့ထုပ်များ ၊ ချိုချဉ်များ ကို မိန်းကလေး လက်တွင်း သို့ ထည့် လိုက်၏ ။ မိန်းကလေး က လည်း အဒေါ်ကြီး လက်တွင်း သို့ ထပ်၍ ထည့် ပေးပြန်လေ၏ ။ ထို့နောက် မိန်းကလေး က ..


“ ပြဇာတ် က တစ်နာရီ ထိုးခါနီး မှ ပြီးမှာ နွယ် တို့ နှစ်ယောက် တည်း ပြန် ရ မှာ ကြောက်တယ် ။ ဖြစ်နိုင်ရင် အပြန် မှာ လိုက် ပို့ ပါ နော် ”


ဟု ပြောလိုက်လျှင် မောင်ဖေသော် က


“ ဒီ့ အတွက် မပူပါနဲ့ ၊ နာမည် က “ နွယ် ” တဲ့ လား ”


ဟု ပြန် ၍ မေး လိုက်လေ၏ ။


“ ဟုတ်ပါတယ် ။ အားလုံး က နွယ် လို့ ခေါ် ပါတယ် ။ နာမည် ရင်း က နွယ် တစ်လုံး တည်း မဟုတ်ပါဘူး ။ မြနန်းနွယ် ရယ် ပါ ”


ဟု ပြန်၍ ပြော လိုက်လေ၏ ။ မောင်ဖေသော် ၏ စိတ် ၌ ..


“ လူ က သာ မဟာ ဆန်တယ် ထင်နေတာ ။ နာမည် က လည်း တယ်ပြီး မဟာ ဆန် ပါ လား ”


ဟု ရေရွတ် မိနေလေ၏ ။ ထို့နောက် မောင်ဖေသော် ၏ စိတ် ၌ ..


“ ဘာပဲဖြစ်ဖြစ် မြနန်းနွယ် ဟာ ရိုးရိုး လူသာမန် ထဲ က မဟုတ်ဘဲ ဆွေတော်မျိုးတော် လက်ကျန်တွေ ထဲ က များ လား မဆိုနိုင်ဘူး ”


ဟု တွေး မိလေ၏ ။ ထိုအချိန် ၌ ပင် ပြဇာတ် စ ၍ ထွက်၏ ။ ပြဇာတ် ထဲ တွင် မင်းသား ကိုကျော်အေး သည် ထောက်ကြံ့ ရွာ တွင် နေထိုင်သော လယ်သမား တစ်ဦး အဖြစ် သရုပ်ဆောင် ရ၏ ။ ထို ရွာ တွင် ပွဲစားကြီး တစ်ဦး ရှိ၏ ။ ထို ပွဲစားကြီး အဖြစ် လူကြမ်း ဦးအေးငွေကြီး က သရုပ်ဆောင် ရ၏ ။ ထို ပွဲစားကြီး တွင် နှမ အပျို တစ်ယောက် ရှိ၏ ။ ထို နှမ နေရာတွင် မင်းသမီး မေချစ် က သရုပ်ဆောင် ရ၏ ။ ကျော်အေး နှင့် မေချစ် တို့ သည် လူငယ် ဘာဝ မေတ္တာ မျှ ကြ၏ ။ ပွဲစားကြီး သိ သွား သော အခါ ကျော်အေး အား နှမ နှင့် ပေးစားမည် ၊ ငွေ နှစ်သောင်း တင် တောင်းရမည် ဟု အကျပ် ကိုင်၏ ။ 


ထိုအခါ ကျော်အေး သည် ငွေနှစ်သောင်း ရရန် အတွက် သူ ၏ သူငယ်ချင်း စံပ နှင့် တိုင်ပင်၏ ။ စံပ က ထောက်ကြံ့ နှင့် များစွာ မဝေးသော နေရာ တွင် ညောင်ပင်ကြီး တစ်ပင် ရှိ ၍ ထိုညောင်ပင်ကြီး အောက် ၌ သိုက် တစ်ခု ရှိသည် ။ ထိုသိုက်ကို ရွှေညောင်ပင်သိုက် ဟု ခေါ်ကြောင်း ပြောပြ၏ ။ သိုက် ထဲ တွင် ရတနာ ၊ ရွှေ ၊ ငွေ အမြောက်အမြား ရှိ၍ ထို သိုက် အား တူး မှ သာ လျှင် ပွဲစားကြီး ပြော သော ငွေ ကို ရနိုင်မည် ဖြစ်ကြောင်း ပြောပြ၏ ။ ကျော်အေး မှာ လွန်စွာ ရိုးသားသူ ဖြစ် ၍ သိုက်တူးခြင်း သည် ရေတွင်း တူး သကဲ့ သို့ တူး လျှင် ရနိုင်သည် ဟု ထင်ပြီး ပေါက်တူး တစ်လက် ဖြင့် ရွှေညောင်ပင် ရှိရာ သို့ သွား၏ ။ ထို ရွှေညောင်ပင်သိုက် တွင် သိုက်ချုပ် အဖြစ် သရုပ်ဆောင် ရ သူ မှာ မင်းသမီးချော မေမြင့် ဖြစ်၏ ။ မေမြင့် သည် ကျော်အေး သိုက်တူးပုံ ကို ကြည့်၍ ရယ်မော နေ၏ ။ ထို့နောက် လူယောင် ဆောင် ကာ ကျော်အေး နှင့် လာ၍ စကား ပြော ၏ ။ ထိုအခန်း မှာ ပရိသတ် လွန်စွာ သဘော ကျ သော အခန်း ဖြစ်၏ ။ သိုက်တူးသမား က သိုက် တူးနည်း ကို မသိ သော ကြောင့် သိုက်နန်းရှင် က လာရောက် ၍ တူးနည်း ကို ပြ နေ ရ၏ ။ ပရိသတ် သည် တဟားဟား ၊ တဝါးဝါး နှင့် သဘော ကျ နေ၏ ။ မြနန်းနွယ် သည် ထိုအချိန် ၌ အသံလေး ညင်းညင်း ထွက် ကာ ရယ် လေ၏ ။ ထို့ကြောင့် မောင်ဖေသော် က ..


“ နွယ် ဒီ အခန်း ကို သိပ်ပြီး သဘော ကျ နေတယ် ထင်တယ် ”


ဟု မေး လိုက်ရာ မြနန်းနွယ် က ...


“ သူ ပဲ စဉ်းစား ကြည့်ပါဦး ။ နွယ် က တော့ ဥစ္စာစောင့်တွေ ၊ ဘာတွေ အကြောင်း လည်း မသိပါဘူးလေ ။ ဥစ္စာစောင့်တွေ က အဲဒီလို လူတွေ နဲ့ လာပြီး စကား ပြော လို့ ရ သလား ”


ဟု မေး လိုက်ရာ မောင်ဖေသော် က


“ ကိုယ် က မသိပါဘူး ၊ အမေ တို့ က တော့ ပြောဖူးတယ် ။ ရွှေချိုးဖြူ မူလခဲသိုက် က ဥစ္စာစောင့် ရွှေချိုးဖြူ ဟာ လူယောင် ဆောင်ပြီး ကာလသားတွေ နဲ့ ခြင်းလုံး လာပြီး ခတ်တယ် ဆိုပဲ ၊ ဘာပဲ ဖြစ်ဖြစ်လေ ။ ဥစ္စာစောင့် ဆို တာ လူ မှ မဟုတ်ဘဲ ။ သိ ရင်တော့ ကြောက်စရာကြီး ပေါ့ ”


ဟု ပြန်၍ ပြော လိုက်လျှင် မြနန်းနွယ် က ..


“ ဥစ္စာစောင့် ကို ဘာဖြစ်လို့ ကြောက် ရမှာလဲ ”


ဟု ပြန်၍ မေး လိုက်လေ၏ ။ ထိုအခါ မောင်ဖေသော် က


“ ဥစ္စာစောင့် ဆို တာ နာနာဘာဝ အမျိုးအစား ထဲ က မဟုတ်လား ။ သူ့ ရဲ့ ပုံပန်းသဏ္ဌာန် က ကြောက်စရာကြီး ဖြစ်နေမှာပေါ့ ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ..


“ မဟုတ်တာ မပြောပါနဲ့ ရှင် ။ ဟိုမှာ ဥစ္စာစောင့်မလေး က ဘယ်လောက် ချော သလဲ ”


ဟု ဆိုကာ စင်ပေါ် မှ မင်းသမီးမေမြင့် ကို မေးငေါ့ ၍ ပြ လေ၏ ။


မောင်ဖေသော် သည် မြနန်းနွယ် အား ငဲ့စောင်း ၍ ကြည့်ပြီး နောက် ..


“ ဒါကတော့ နွယ် ရယ် ၊ သူ က တော့ မင်းသမီး ကိုး ။ အဲဒီတော့ လှတာပေါ့ ၊ တကယ့် ဥစ္စာစောင့် က သူ့ လို လှ ပါ့မလား ”


ဟု မေး လိုက်ရာ မြနန်းနွယ် က . .


“ ဒါကတော့ နွယ် လည်း မသိဘူး ။ နွယ် ဒီ အသက်အရွယ် ရောက်ပြီ ဥစ္စာစောင့် လည်း တစ်ခါ မှ မတွေ့ဖူးဘူး ။ သူ ပြောတာ နဲ့ နွယ် တောင် ပြန် ရ မှာ ကြောက် လာပြီ ။ တကယ် လိုက် ပို့ရမယ်နော် ”


ဟု ပြော လိုက်ရာ မောင်ဖေသော် သည် နဂို က ပင် လိုက် ပို့ချင် သူ ဖြစ်သည့် အားလျော်စွာ မြနန်းနွယ် က လိုက်ပို့ရမည် ဟု အကြိမ်ကြိမ် ပြော နေသော အခါ၌ ရေငတ်တုန်း ရေတွင်း ထဲ ကျ ဆိုသော စကား ကဲ့ သို့ စိတ် တွင်း မှ ကျိတ်၍ ပျော် မိ နေလေတော့၏ ။ ၎င်းတို့ သည် တစ်ဦး နှင့် တစ်ဦး စကား တစ်လုံး စ ၊ နှစ်လုံး စ ပြော ကြ၏ ။


ပြီးလျှင် တစ်ဦး နှင့် တစ်ဦး မျက်လုံးချင်း စကား ပြော ဖြစ်ကြ၏ ။ ထိုအချိန် တွင် ပြဇာတ် မှာ လည်း ဇာတ်ရှိန် တက် နေပြီ ဖြစ်၏ ။ ၎င်းတို့ နှစ်ဦး ၏ အချစ်ရှိန် မှာ လည်း တက်နေပြီ ဖြစ်၏ ။ ပြဇာတ် တွင် မင်းသား လုပ် သူ ကျော်အေး သည် ရွှေညောင်ပင်သိုက် ကို တူး၏ ။ ဥစ္စာစောင့် လုပ် သူ မေမြင့် က ကျော်အေး ကို မြင်မြင်ချင်း မေတ္တာ ရှိ သွား၏ ။ ထို့ကြောင့် ကျော်အေး အား သတ်ပစ်ပြီး လျှင် သိုက်ထဲ တွင် ခေါ် ထား လိုက်၏ ။ ကျော်အေး ၊ မေမြင့် တို့ ၏ သရုပ်ဆောင် ကောင်းခြင်း ကြောင့် ပြဇာတ် ကြည့် နေကြသော မိန်းမ အချို့ မျက်ရည်များ ရစ်ဝိုင်း လာကြ၏ ။ ထို အခါ ၌ မြနန်းနွယ် က ..


“ ဒီမှာ ရှင် ။ ဥစ္စာစောင့်မ က လည်း မတရား လိုက်တာ ။ ယောကျာ်း တစ်ယောက် ကို သူ က ချစ်တာနဲ့ သိုက်တံခါး ပိတ်ပြီး သူ့ နား ခေါ် ထား လိုက်တယ် တဲ့ ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..


“ ဒီမှာ နွယ် ၊ အချစ် ဆို တဲ့ အရာ မှာ တရားတာ ၊ မတရားတာ မရှိဘူးကွယ့် ။ အချစ် ကြောင့် လုပ်တာ အားလုံး ဟာ မှန်တာ ချည်း ပဲ ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က နှုတ်ခမ်းလေး ကို လှလှပပလေး စူ လိုက်ပြီး လျှင် ..


“ ဟွန်း တကယ်လို့များ ဥစ္စာစောင့်မ တစ်ယောက် ယောက် က ကို့ ကို ချစ်လို့ အဲဒီလို လုပ် လိုက်ရင် ဘယ့်နှယ် လုပ် မတုံး ”


ဟု မေး လိုက်၏ ။ ထိုအခါ မောင်ဖေသော် က ..


“ ဥစ္စာစောင့်မ တိုင်း အတွက် တော့ မဟုတ်ဘူးလေ ။ နွယ့် လို လှတဲ့ ဥစ္စာစောင့်မလေး က များ သိုက်တံခါးပိတ် ထားမယ် ဆိုရင် ကိုယ် က တောင် ကူ ပြီး ချက် ထိုး ပေးပါ့မယ် ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ..


“ ပို လိုက်တာ ”


ဟု ပြော လိုက်လေ၏ ။ ထိုအချိန်၌ ပြဇာတ်မှ မေချစ် သည် သူ ၏ ချစ်သူ ပျောက်ဆုံး သွား သောကြောင့် အပူတိုက် ၍ ငိုကြွေး နေပြီ ဖြစ်၏ ။ ထို အခန်း ကို ကြည့်၍ မြနန်းနွယ် က ..


“ ဟိုမှာ တွေ့ လား ၊ ဥစ္စာစောင့်မ က ကျော်အေး ကို ရ လို့ ပျော်နေ ပေမယ့် ၊ သူ့ ရည်းစား မေချစ် က တော့ ငို နေရပြီ ။ တကယ်လို့များ ကို့ ကို ဥစ္စာစောင့်မ တစ်ယောက် က ချစ် လို့ သိုက် ထဲ ထည့် လိုက်ရင် ကို့ ရဲ့ ချစ်သူ က ကော ငို နေမှာလား ”


ဟု မေး လိုက်လျှင် မောင်ဖေသော် က ..


“ ဘုရား ပေးပေး ကျမ်း ပေး ပေးပါ နွယ် ရယ် ။ ရည်းစား ဆို လို့ ညောင်း လို့ တောင် နှိပ်ခိုင်း စရာ မရှိပါဘူး ”


ဟု ပြောလိုက်လျှင် မြနန်းနွယ် က ခစ်ခနဲ ရယ် လိုက်လေ၏ ။


“ မူး လို့ တောင် ရှူစရာ မရှိဘူး လုပ် စမ်းပါ ကို ရယ် ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..


“ ရည်းစား က ရှူ ဖို့ မဟုတ်ဘူး ။ နှိပ်ခိုင်း ဖို့ ”


ဟု ပြော လိုက်လေ၏ ။


“ ကို ရယ် ဒီ အရွယ် ရောက် မှ အမြီး မပေါက် ရင် ဘာ မျောက် လို့ ပြော မှာတုံး ”


ဟု မြနန်းနွယ် က မေး လိုက်ရာ မောင်ဖေသော် က ..


“ ကိုယ် က တော့ ကိုယ့် ကိုယ် ကို ဟာနုမာန်မျောက် လို့ ထင် တာပဲ ”


ဟု ပြန် ၍ ပြော လိုက် လျှင် နွယ် သည် တခစ်ခစ် ရယ် လေ၏ ။ ရယ်သံ လွင်လွင်ကလေး ထွက် သွားသောကြောင့် သူ ၏ အထိန်းတော် ဒေါ်စာဥ က နွယ် ၏ ပေါင် ကို ဆွဲ ၍ လိမ် လိုက်လေ၏ ။ ထိုသို့ လိမ် လိုက်သောကြောင့် မြနန်းနွယ် သည် ခါးကလေး တွန့် သွားလေ၏ ။ ပြီးလျှင် ဒေါ်စာဥ ဘက် သို့ နားကလေး ကပ်၍ ပေး လိုက်၏ ။ ထိုအခါ ဒေါ်စာဥ က မြနန်းနွယ် ၏ နား သို့ ကပ် ပြီး ..


“ မိန်းကလေး လုပ်ပြီး ဒီလောက် တောင် ရယ် ရသလား ”


ဟု ဆူ လိုက်လျှင် မြနန်းနွယ် က ..


“ ဒေါ်စာဥ က အပျိုကြီး ဆို တော့ ဘယ် သိမှာတုံး ။ အဲဒါ အချစ် လို့ ခေါ်တယ် ”


ဟု ပြန်၍ ပြော လိုက်လျှင် ဒေါ်စာဥ က ..


“ ခက်တော့တာပဲ မြနန်းနွယ် ရယ် ၊ မိန်းမ တစ်ယောက် အဖို့ အချစ် ဆိုတဲ့ အရာ ဟာ သူ့ ဘဝ တစ်လျှောက်လုံး ဖြစ်ပေမယ့် ယောက်ျား တစ်ယောက် အဖို့ ဆို တာ သူ့ ဘဝ ရဲ့အစိတ်အပိုင်း တစ်ခု ပဲ ဖြစ်တယ် ဆိုတာ ကို ဘယ်တော့မှ မမေ့နဲ့ ”


ဟု ခပ်တိုးတိုး ပြော လိုက်လေ၏ ။


“ ဒေါ်စာဥ ပြော တာ နွယ် တော့ နားမလည်ဘူး ။ ရှင်းပြစမ်းပါဦး ”


ဟု ပြောလိုက်ရာ ...


“ ဟဲ့ နွယ် ၊ ဘာများ ရှင်းစရာ လိုလို့လဲ ၊ နင် တို့ ငါ တို့ မိန်းမ တွေ ဟာ ယောက်ျား တစ်ယောက် ကို ဘဝ တစ်ခုလုံး အတွက် ပုံပြီး ချစ် လိုက်တာ မဟုတ်လား ။ သင်း တို့ ယောက်ျား တွေ က ဒီလို မဟုတ်ဘူး ။ အလုပ်တွေ က အများကြီး ၊ စစ်ရေး ၊ နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး စတဲ့ အရေးတွေ ထဲ က အချစ်ရေး ဆိုတာ ကလေး က အရေး သေးသေးလေး တစ်ခု လောက် ပဲ ဟဲ့ ၊ အဲဒီတော့ အချစ် နဲ့ ပတ်သက် ပြီး လေးနက်ပုံချင်း မတူဘူး ကလေးမ ရဲ့ ”


ဟု ဒေါ်စာဥ က ရှင်း ပြ လိုက်လေ၏ ။


ထိုအခါ မြနန်းနွယ် က ..


“ ဒေါ်စာဥ ရယ် အချစ် နဲ့ ပတ်သက်ပြီး သူ့ ဘက် က မလေးနက်ချင် နေပါစေ ၊ နွယ့် ဘက် က လေးနက် ဖို့ ပဲ အရေး ကြီး ပါတယ် ။ နွယ် ရဲ့ အချစ် က ပေါ့ပေါ့တန်တန် မဖြစ်စေချင်ဘူး ။ နက်နက်ရှိုင်းရှိုင်းလေး ဖြစ် ချင်တယ် ။ ဒါကြောင့် မို့ လို့ တွေ့ တဲ့ ယောက်ျား တိုင်း ကို လည်း နွယ် က စိတ် မဝင်စားပါဘူး ။ သူ့ ကို တော့ နွယ် က တကယ် စိတ် ဝင်စားတယ် ။ သူ က လိပ်ပြာ လှ တယ် ”


ဟု ပြော လိုက်လျှင် ..


“ လိပ်ပြာ ပဲ လှလှ ၊ ပြိတ္တာ ပဲ လှလှ ၊ ညည်း သဘောပဲ ။ ငါ က သတိ ပေးရမှာ မို့ ပေးတာ ၊ တချို့ ယောက်ျားတွေ က မိန်းမ ကို ချစ်တာ မဟုတ်ဘူး ။ မိန်းမ ရဲ့ စည်းစိမ်ဥစ္စာ မက်မော တာ လည်း ရှိသေးတယ် ။ အဲဒါကို သိုက်သမား လို့ ခေါ် တာပေါ့ ။ တချို့က ဘယ်သူ သေသေ ၊ ငတေ မာ ရင် ပြီးရော ဆိုပြီး ကိုယ့် ဘကြီး အရင်း ရဲ့ နဖူး မှာ တောင် ပစ္စည်း ရှိ ရင် ပေါက်တူး နဲ့ တူးမယ့် လူစားမျိုး တွေ လည်း ရှိတယ် ။ အဲဒီလို လူမျိုးတွေ ကို ဘနဖူး မှာ သိုက်တူးမယ့် လူစား မျိုး လို့ ပြော တာပေါ့ ”


ဟု ဒေါ်စာဥ က ပြော လေ၏ ။


မြနန်းနွယ် သည် မောင်ဖေသော် ဘက် သို့ လှည့် လိုက်၏ ။ မောင်ဖေသော် က ..


“ နွယ် တို့ တူအရီး က တတွတ်တွတ် နဲ့ ကိုယ့် အတင်း ကို ပြော နေ ကြတယ် ထင်တယ် ”


ဟု ပြော လိုက် လျှင် ..


“ မဟုတ်တာပဲ ကို ရယ် ၊ နွယ် တို့ တစ်မျိုးလုံး အတင်း မပြော တတ်ပါဘူး ”


ဟု မြနန်းနွယ် က ပြန်၍ ဖြေ လိုက်လေ၏ ။


◾ မင်းသိင်္ခ


📖 မြနန်းနွယ်


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment