Friday, December 9, 2022

မြနန်းနွယ် ( ၄ )


 

( ၃ )

ကျွန်ုပ် သည် ဦးအောင်သော်ကြီး အတွက် ဆေးလိပ် ၊ မီးခြစ် စသည် တို့ ကို ရှာဖွေကာ ပေးရ၏ ။ ဗယာကြော် လည်း ကျွေးပြီး ဖြစ်၏ ။ သူ ပြောသော စကားများ မှာ လည်း လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းသော ကြောင့် ကျွန်ုပ် သည် သူ ၏ နား မှ ထ ၍ မသွားချင်အောင် ရှိ လေတော့၏ ။ နောက် ဆုံး ကျွန်ုပ် သည် သိမ်ဖြူလမ်း ထိပ် ရှိ ကာကာကုလားဆိုင် သို့ သွားကာ သတ္တု ရေနွေးကရားလေး တစ်လုံး ကို အပေါင် ပေး ၍ ယူ ပြီးလျှင် ရေနွေးကြမ်း ပါ ထည့်၍ အကြမ်းပန်းကန်လုံးကလေး နှစ်လုံး နှင့် အတူ ဦးအောင်သော်ကြီး ထံ သို့ ပြန် လာခဲ့လေ၏ ။ ထို့နောက် ကျွန်ုပ် သည် ဦးအောင်သော်ကြီး အား ရေနွေးကြမ်း တစ်ခွက် ပြီး တစ်ခွက် ငှဲ့ ပေး၏ ။ ဦးအောင်သော်ကြီး သည် လည်း ကျွန်ုပ် ငှဲ့ ပေးသော ရေနွေးကြမ်း တစ်ခွက် ကို သောက် လိုက်ပြီး နောက် ...

“ ဒါကုလားဆိုင် က ရေနွေးအိုး ကွ ၊ အကြမ်းခြောက် ခတ် ထားတဲ့ ရေနွေးမျိုး မဟုတ်ဘူး ။ လက်ဖက်ရည် ဖျော်တဲ့ အချိုခြောက် အကျ ရည် ကို ထည့် ထားတာကွ ။ သောက် လို့ တော့ သိပ် မကောင်းဘူး ။ မြန်မာအကြမ်းခြောက် မှ ကောင်း တာကွ ၊ ကြုံတုန်း ပြောရဦးမယ် ။ ရေနွေးကြမ်း ကို ဒီအတိုင်း မသောက်နဲ့ ကွ ။ ရေနွေး တစ်အိုး ကို နှီးပြားလေး နဲ့ ဆားလေး နှစ်ကော် လောက် ခတ် ပြီး မှ သောက် ရ တယ်ကွ ။ ဘာဖြစ်လို့လဲ ဆိုတော့ လေရောဂါ မဖြစ်ဘူးပေါ့ ကွာ ။ ပြီးတော့ လက်ဖက်ခြောက် ကို လည်း ဒီ အတိုင်း မခတ် ရဘူးကွ ။ ဒယ်အိုးသန့်သန့်လေး ထဲ မှာ ထည့် ပြီး လှော်ပြီး မှ ခတ် ရတယ် ။ လက်ဖက်ခြောက် အနံ့ ပိုပြီး မွှေးတာပေါ့ကွာ ” 

ဟု ပြော လိုက်၏ ။ ထိုအခါ ကျွန်ုပ် က

“ ကျွန်တော် က ရေနွေးကြမ်း မသောက်ပါဘူး ဦးလေး ရယ် ၊ အဲဒါကြောင့် ကျွန်တော့် အတွက် ဦးလေး ပြော တာတွေ ဟာ အရေး မကြီး ပါဘူး ။ ကျွန်တော် မေး ချင်တာ က သင်္ဃန်းကျွန်း အိမ် နေရာ က ရ ခဲ့တဲ့ ရွှေတွေ နောက်တော့ ဘယ်လို ကုန် သွားသလဲ ”

ဟု မေး လိုက်ရာ ဦးအောင်သော်ကြီး က  ...  

“ မင်း ဟာ ကလည်း ကွာ ၊ အခုမှ အပျိုတော် ထွက်ခါစ ရှိ သေးတယ် ၊ အတင်း ကို ဇာတ်သိမ်း ခိုင်း နေပြီလား ” 

ဟု ပြောလေ၏ ။ ထို့နောက် ဆက်ကာ  ...  

“ ဘာပဲဖြစ်ဖြစ် ဟေ့ ၊ ရွှေတွေ ကုန် သွားတာလည်း ငါ က မနှမြော ပါဘူး ။ လောက မှာ ငါ နှမြောတသဆုံး ကတော့ ငါ့ သူငယ်ချင်း ဖေသော် ကွ ၊ ဖေသော် ကြောင့် လည်း ငါ က ငါတို့ ဆရာကြီး “ အဘ မှည့် ” နဲ့ လည်း ပို ရင်းနှီးတာ ၊ ဖေသော် ဆိုတဲ့ အကောင် လည်း ကွာ သနားဖို့ သိပ်ပြီး ကောင်းတာ ” 

ဟု ပြော၍ အဝေး တစ်နေရာ သို့ ငေးမော နေလေတော့၏ ။ ဦးအောင်သော်ကြီး သည် သူ ၏ အတိတ် ဇာတ်ကြောင်းများ ဆီ သို့ စိတ် ရောက်သွားပြီး လျှင် ဆွေးမြည့် နေ ပုံ ရ၏ ။ ကျွန်ုပ် သည် သူ ၏ ဆွေး မြည့်ခြင်း ကို ရပ်တန့်သွားစေရန် အတွက် ..

“ ဦးလေးတို့ ဆရာကြီး အဘမှည့် က ဦးလေး ကို နောက်ထပ် ပညာ တွေ ပေး သေးသလား ” 

ဟု ကျွန်ုပ် က မေး လိုက်လေ၏ ။ ထိုအခါကျမှ ပင် ဦးအောင်သော်ကြီး သည် အဝေး သို့ ငေးမော နေရာမှ ကျွန်ုပ် ၏ မျက်နှာ အား စူးစူးရဲရဲ ကြည့် လိုက်လေ၏ ။

ထိုသို့ ကြည့်ပြီးလျှင် ..

“ ဒီလိုကွ တို့ ဆရာကြီး က တို့ ကို ပညာ သတ်သတ် သင် ပေး တာတော့ မဟုတ်ဘူး ။ လိုအပ်တဲ့ အခါတွေ မှာ လုပ်စရာ ရှိတာတွေ ကို လုပ် ပေးတယ်ကွ ၊ ခိုင်းစရာ ရှိတာတွေ ခိုင်းတယ်ကွ ၊ အဲဒါဟာ ပညာ သင်တာပဲ နဲ့ တူ ပါတယ်ကွာ ၊ ဆရာကြီး က စကား ပြောရင် “ ဓာတ် ”  ဆိုတဲ့ စကားလုံး ဟာ တော်တော်များများ ပါ တယ်ကွ ၊ ဥပမာကွာ ငါတို့ က သူ့ ရှေ့မှာ ထမင်း စားတယ် ဆိုပါတော့ ။ ငါ က ရှောက်သီးတွေ ထမင်း ထဲ ညှစ်ထည့်ပြီး စား တယ်ကွ ၊ အဲဒါကို သူ က မကြိုက်ဘူး ဆိုပါတော့ကွာ ။ တကယ် သူ ပြောရမှာက “ အောင်သော်ရေ အချဉ်တွေ သိပ်မစား နဲ့ ”  လို့ပဲ ပြောရမယ် ။ ဒါပေမယ့် ဒီလို မပြောဘူးကွ ၊ “ ဟေ့ ရွှေအောင်သော် အချဉ်ဓာတ်တွေ သိပ်ပြီး မစားနဲ့ ”  တဲ့ ကွ ၊ အချဉ် ကို အချဉ် လို့ မပြောဘူး ။ အချဉ် ဓာတ် တဲ့ ကွ ။ အဲဒီမှာ တို့ နဲ့ မဝင်း ဆိုတဲ့ ပညာသင်ဖက် မိန်းမကြီး တစ်ယောက် ပါ သေးတယ် ကွ ၊ သူ က ကုလားကပြား ကွ ၊ သူ က အချဉ် မကြိုက်ဘူး ။ အချို ကြိုက်တယ် ။ သူ က လည်း ငြိမ်ငြိမ် မနေဘူးကွ ၊ တို့ ဆရာကြီး ကို သူ က သမီး က တော့ အချို ပဲ ကြိုက်တယ်လို့ သွားပြီး ပြောတယ် ။ အဲဒီမှာ ဆရာကြီး က သူ့ ကို “ ဟဲ့ ဇေတဘာရီမ နင့် ကျတော့ လည်း အချိုဓာတ်တွေ သိပ်ပြီး စား တာကိုး ၊ သွေးတွေ ချို ကုန်လိမ့်မယ် ၊ သွေးတွေ ချို ကုန် ရင် ရောဂါတွေ ဖြစ်မယ့် ဓာတ် ရောက် လာရော ”  လို့ ပြောတယ်ကွ ၊ အချို ကို လည်း အချို မပြောဘူး ။ အချိုဓာတ် တဲ့ ။ အချဉ် ကို လည်း အချဉ် မပြောဘူး ။ အချဉ်ဓာတ် တဲ့ ။ အခါး တို့ ၊ အဖန် တို့ ကို လည်း ဒီလိုပဲ ။ အခါးဓာတ် ၊ အဖန်ဓာတ် တို့ တဲ့ ကွ ။ တစ်နေ့ မှာ ဆရာကြီး အပြင် ထွက် သွားတုန်း ငါတို့ တပည့်တွေ ချည်း ပဲ ကျန် ခဲ့တာပေါ့ကွာ ။ အဲဒီမှာ ငါတို့ က ရယ်စရာတွေ ပြောပြီး တဟားဟား နဲ့ ရယ် နေကြတာပေါ့ ။ အဲဒီအချိန်မှာ ဆရာကြီး က ပြန်ပြီး ရောက်လာတယ် ။ အဲဒီလို ရောက်လာပြီး “ အရယ် ဓာတ်တွေ တယ်ပြီး ပွင့် နေပါလား ” တဲ့ ။ ရယ်တာ ကို လည်း ဓာတ် လို့ ပြောတယ် ။ တစ်ခါက လည်း သူ့ တပည့်မတွေ တစ်ယောက် နဲ့ တစ်ယောက် စကား များ ပြီး ငို ကြတယ် ။ အဲဒါကို လည်း နင် တို့ အငိုဓာတ်တွေ တယ် ပြီး များ ပါလား လို့ ပြောတယ် ။ ငို တာ ကို လည်း ဓာတ် လို့ ပြောတယ် ။ အဲဒီမှာ တစ်ခု ပြောရဦးမယ် ”  

ဟု ဦးအောင်သော်ကြီး က ပြော လိုက်ပြီးလျှင် ရေနွေးကြမ်း ကို မော့ လိုက်လေ၏ ။ ထိုအခါ ကျွန်ုပ် က ...

“ ဖြည်းဖြည်း သောက်ပါ ဦးလေး ရယ် ၊ ပြီးတော့လည်း ဖြည်းဖြည်း ပြော တာပေါ့ ” 

ဟု ပြော လိုက်ရလေ၏ ။ ဦးအောင်သော်ကြီး က ..

“ ပြောစရာ ရှိတာ က တော့ ပြော ရမှာပဲ ဟေ့ ” 

ဟု ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က  ... 

“ ဒီနေ့လည်း ဦးလေး က အပြောဓာတ်တွေ တယ်ပြီး များ နေပါလား ” 

ဟု ပြောလိုက်ရာ ဦးအောင်သော် က  ... 

“ အပြောဓာတ်တွေ များ တာ လည်း မပြောနဲ့လေကွာ ။ မင်း က လည်း အမေးဓာတ်တွေ များ တာကိုး ” 

ဟု ပြောဆိုကာ ၎င်း ဘာသာ သဘော ကျ၍ ရယ်မော နေတော့၏ ။ ထိုသို့ ရယ်မောပြီး နောက် ... 

“ ဆရာကြီး ရဲ့ တပည့် ထဲ မှာ ရုံး က အရာရှိတွေ လည်း ပါ တယ်ကွ ၊ အဲဒီ အရာရှိ ထဲ မှာ ကိုမြင့်သိန်း ဆိုတဲ့ အရာရှိ တစ်ယောက် လည်း ပါတယ် ။ အဲဒီ လူ ဟာ နိုင်ငံခြား သွား ဖို့ အရွေး ခံရပြီး မှ တစ်ယောက် ဝင်ပြီး နှောင့်ယှက် လို့ သူ့ ကို ဖယ်ထုတ် ထားခဲ့တယ် ။ အဲဒါကို သူ က မကျေနပ်တော့ ဆရာကြီး ဆီ လာပြီး သူ့ အဖြစ်အပျက် ကို ပြော ပြတယ် ။ အဲဒီတော့ တို့ ဆရာကြီး က “ ဟ မြင့်သိန်း ရ ၊ မင်း မှာ လည်း အဖျက်ဓာတ်တွေ က များ လှချည်လား ”  လို့ ပြောပြီး တဟားဟား ရယ် တယ်ကွ ၊ အဲဒီလို ရယ်ပြီးတော့ အိပ်ရာ နံဘေး နား မှာ အုန်းမှုတ်ခွက် နှစ်ခု ထား ကွာ တဲ့ ။ ပြီးတော့ အဲ့ဒီ အုန်းမှုတ်ခွက် နှစ်ခု ကို အိပ်ခါ နီး မှာ တဂွမ်းဂွမ်း တီး ပေတော့ တဲ့ ။ အဲဒီတော့ ကိုမြင့်သိန်း က အဘ ဒါ ဘာဓာတ်လဲ လို့ မေးတယ်ကွ ၊ အဲဒီ မှာ အဘ က “ အုန်းမှုတ်ခွက်ကြီး မြည်အောင်တီး ၊ ခရီးအဝေးကြီး သွားလတ္တံ့ ဆိုတဲ့ ဓာတ်ပေါ့ ကွာ ၊ အပျက် ကို အပျက် နဲ့ ချေတဲ့ အပျက်ဖြေဓာတ် ကွ ”  လို့ ပြော လိုက်တယ် ။ အဲဒီမှာ ကိုမြင့်သိန်း ဆိုတဲ့ အရာရှိ ဟာ အုန်းမှုတ်ခွက် နှစ်ခု ကို သူ့ အိပ်ရာ နံဘေး နား ထားပြီး ညည တီး တော့ တာပဲဟေ့ ” 

ဟု ဦးအောင်သော် က ပြော လေသည် ။

“ အုန်းမှုတ်ခွက် တီး တာတော့ ဟုတ်ပါပြီ ဦးလေးရယ် ၊ ခွက်ခွက် ချင်း တီး ရမှာလား ၊ ကုန်းကုန်း ချင်း တီးရမှာလား ” 

ဟု ကျွန်ုပ် က မေး လိုက်ရာ  ...  

“ ကုန်းကုန်း ချင်း တီး ရမှာ ၊ ပြီးတော့ အုန်းမှုတ်ခွက် က လည်း အုန်း သီး တစ်လုံး တည်း ကို ခြမ်း ထားတဲ့ အုန်းမှုတ်ခွက် နှစ်ခု ဖြစ် ရမယ် ”

ဟု ဦးအောင်သော် က ပြော လေ၏ ။

“ အဲဒီတော့ ဦးလေး ရယ် ၊ အဲဒီ ကိုမြင့်သိန်း ဆိုတဲ့ အရာရှိ နိုင်ငံခြား ကို ပါ သွားရောလား ” 

ဟု ကျွန်ုပ် က မေး လိုက်ရာ ဦးအောင်သော် က ...

“ အဲဒါတော့ ဆန်းတယ် ဟေ့ ၊ သူတို့ ရွေးထားတဲ့ အထဲက တစ်ယောက် ဟာ ရုတ်တရက် ဦးနှောက်သွေးကြော ပြတ်ပြီး သေဆုံး သွားလို့ ကိုမြင့်သိန်း ကို ပြန်ပြီး ထည့်ရတယ် ” 

ဟု ပြော လိုက်လေ၏ ။

“ ဒါကတော့ ဒီလို ရှိတယ် ဦးလေး ရဲ့ ၊ အုန်းမှုတ်ခွက် တီးတာ ဟာ အဲဒီ ကိုမြင့်သိန်း တစ်ယောက် တည်း အတွက် ပေး တဲ့ ဓာတ် နဲ့ တူ တယ် ၊ တစ်ခြား လူ လုပ် ရင်ကော အဆင် ပြေပါ့မလား ” 

ဟု ကျွန်ုပ် က ပြော လိုက်ရာ ဦးအောင်သော်  က ... 

“ တခြား လူ လည်း ဒီ ဓာတ်ပဲ ကွ ၊ ငါတို့ စမ်းကြည့်တာ များနေပြီ ၊ အဲဒီအတိုင်း ဖြစ်တယ်ကွ ” 

ဟု ပြောလေ၏ ။

“ နောက်ထပ် ဘာတွေ သင် ပေးသေးသလဲ ဦးလေး ရဲ့ ” 

ဟု ကျွန်ုပ် က မေးပြန်ရာ ဦးအောင်သော် က  ...

“ မင်း ကို ငါ ပြောသားပဲကွ ၊ တကူးတက သင်ပေးတာ မဟုတ်ဘူး ကွ ၊ ကြုံတဲ့အခါ လုပ်ပေးတာ ၊ တစ်ခု ပြော ပြ ရဦးမယ် ၊ သူ့ တပည့် ထဲ မှာ ကိုသန်းဌေး ဆိုတဲ့ လူ တစ်ယောက် ရှိတယ်ကွ ၊ တစ်နေ့မှာ အဲဒီ ကိုသန်းဌေး က အဘ ဆီလာပြီး သူ့ အလုပ်တွေ က ဘာမှ မဖြစ်တဲ့ အကြောင်း ၊ ငွေ ရ စရာတွေ လည်း မရတဲ့ အကြောင်း ပြော ပြတယ် ။ အဲဒီအခါမှာ အဘ က “ သန်းဌေး မင်း တော့ လမ်းဘေး ရောက် တော့မယ် ၊ အဲဒီတော့ ရောက်တော့မယ့် အတူတူ လမ်းဘေး မှာ သွား အိပ်ကွာ ”  ဆိုပြီး ကီလီဆိပ်ကမ်း ကို လွှတ် လိုက်တယ် ။ အဲဒီ ကိုသန်းဌေး ဟာ အဲဒီ ကီလီဆိပ်ကမ်း လမ်း ဘေး ဘောတံတား မှာ တစ်ည အိပ်ပြီး ပြန် လာတယ် ။ အဲဒီမှာ အဘ က ကိုသန်းဌေး ဝတ် လာတဲ့ အင်္ကျီ ၊ လုံချည်တွေ ကို ချွတ်ပြီး လဲ ခိုင်းတယ် ။ ပြီးတော့ အဲဒီ အင်္ကျီ ၊ လုံချည်တွေ ကို ရေ မျှော ခိုင်းတယ် ။ ပြီးတော့ အဝတ်သစ် အစားသစ်တွေ ဝတ်ပြီး ရွှေတိဂုံဘုရား ကို ညာရစ် လှည့်ပြီး ဖူး ခိုင်းတယ် ။ မယုံမရှိ နဲ့ပေါ့ ။ အဲဒီ ကိုသန်းဌေး ဟာ ဒုက္ခ ရောက် မလိုလိုနဲ့ မရောက်ဘဲ စီးပွားရေး ဟာ ထောင် တက် သွားတယ် ။ ဒါနဲ့ တို့လည်း “ မသိလို့ အဘ ရယ် ၊ အဲဒါ ဘာဓာတ် လဲ လို့ မေးတော့ လမ်းဘေး ကနေ ဆွဲ တင်တဲ့ ဓာတ်ပေါ့ကွ ၊ သန်းဌေး ကို လမ်းဘေး က နေ ဆွဲ တင်ပြီး ဘုရားဘေး ကို လွှတ် လိုက် တာ လို့ ပြောတယ်ကွ ။ အဲဒီတော့ ငါတို့ ဆရာကြီး အဘမှည့် ရဲ့ ဓာတ်တွေ လည်း ခပ်ဆန်းဆန်း ကွ ” 

ဟု ပြော လိုက်လျှင် ကျွန်ုပ် က ...

“ ဟုတ်တယ်နော် ဦးလေး ၊ သူ ဟာ ဗေဒင် နဲ့ လည်း မတူဘူး ။ ဗေဒင် နည်း နဲ့ ယတြာ ချေရင် အဲဒါမျိုး မလုပ်ရဘူး ။ ဦးလေး တို့ အဘ နည်း က တစ်မျိုးပဲ ”

ဟု ပြော လိုက်လေ၏ ။ ထိုအခါ၌ ဦးအောင်သော် သည် ရေနွေး ကြမ်း ကို ငှဲ့ ပြန်၏ ။ ငှဲ့ ပြီးလျှင် သောက်ပြန်၏ ။ ထို့နောက် ဆေးလိပ် ကို ဖွာ ပြန်၏ ။ ထို့နောက် ၎င်း က  ...

“ ငါတို့ ဆရာကြီး မှာ တပည့် တစ်ယောက် ရှိတယ်ကွ ၊ အဲဒီ တပည့် နာမည် က ကိုတင်အောင် တဲ့ ။ အဲဒီ ကိုတင်အောင် ကို ဆရာ တစ်ယောက် အဖြစ် မြှင့်တင် တဲ့ အခါမှာ သပြေအစည်းလေး ( ၉ ) စည်း ကို ဘုရား မှာ သတ်သတ် ထိုး ခိုင်းတယ်ကွ ။ အဲဒီ သပြေ ကိုး စည်း မှာ အစည်းလေး တစ်စည်း မှာ သပြေ ( ၉ ) ခက် ပါတယ်ကွ ။ ကိုး စည်း ဆိုတော့ စုစုပေါင်း အခက် ( ၈၁ ) ခက် ပေါ့ကွာ ။ အဲဒီ သပြေ ကိုးစည်း ကို အိုးထဲ ထည့်ပြီး ထိုး ခိုင်း တယ်ကွ ၊ တစ်စည်း ထည့် တိုင်း ထည့် တိုင်း သပြေ တစ်သိန်း လို့ အော် ခိုင်းတယ် ။ နောက် တစ်စည်း ထည့် ရင် သပြေ နှစ်သိန်း လို့ အော် ခိုင်းတယ် ။ ကိုးစည်း ထည့် တော့ သပြေ ကိုးသိန်း ပေါ့ကွာ ။ အဲဒါကို ကိုးရက် လုပ် ခိုင်းတယ်ကွ ၊ တစ်နေ့ တစ်ခါ သပြေပန်းတွေ ကို လဲ ခိုင်းတယ် ။ ကိုးရက် တိတိ လုပ် ရတယ်ကွ ၊ အဲဒါတွေ လုပ်ပြီးလို့ ကိုးရက် ပြည့် တဲ့ အခါမှာ သပြေကိုးသိန်း ကို ရပ် ခိုင်းတယ် ။ ပြီးတော့ ကြေးလင်ပန်း တစ်ခု ထဲ ကို ငွေပန်း ကိုးပွင့် ထည့် ခိုင်းတယ် ။ တစ်ပွင့် ထည့် တိုင်း ထည့် တိုင်း ငွေ တစ်သိန်း လို့ အော် ခိုင်းတယ် ။ ကိုးပွင့် ဆို တော့ ငွေ ကိုးသိန်း လို့ အော် ရတာပေါ့ကွာ ။ အဲဒါကိုလည်း ကိုးရက် လုပ် ခိုင်း တယ် ။ သပြေ ကိုးသိန်း ကိုးရက် မှာ “ သုဂတော ”  ဂုဏ်တော် ကို ကိုးပတ် စိပ် ခိုင်းတယ် ။ ငွေပန်းပွင့်လေးတွေ လှူ တဲ့ ငွေကိုးသိန်း ၊ ကိုးရက် မှာတော့ “ လောကဝိဒူ ”  ဂုဏ်တော် ကို ကိုးရက် စိပ်ခိုင်း တယ် ။ ပြီးတော့ သပြေကိုးသိန်း ထည့် တဲ့ အိုးရယ် ၊ ငွေ ကိုးသိန်း လုပ်တဲ့ ကြေးလင်ပန်း ကို ငါတို့ ဆရာကြီး က ကိုတင်အောင် ကို အပြီး ပေး လိုက်တယ် ။ အဲဒီတော့ ငါတို့ က ငါတို့ ဆရာကြီး ကို အဲဒါ ဘာဓာတ်လဲ လို့ မေးတာပေါ့ကွာ ။ အဲဒီတော့ ဆရာကြီး က “ သပြေ ကိုးသိန်း ငွေ ကိုးသိန်းဓာတ် ” တဲ့ ကွ ၊ နောက်ဆုံး မှာ အဘ တပည့် ကိုတင်အောင်ကြီး ဟာ ဆရာကြီး တစ်ဆူ ဖြစ် သွား တာပဲ ။ လာဘ် လည်း အတော် ပွင့်တယ် ဟေ့ ၊ ဆရာကြီး ပြောတဲ့ စကား တစ်ခု ရှိတယ်ကွ ၊ လောကုတ္တရာ က “ ပရမတ် ”  တဲ့ ။ လောကီ က “ ပညတ် ” တဲ့ ။ လောကီ ကိစ္စတွေ လုပ်တဲ့ အခါ မှာ ပညတ်ဓာတ် တွေ ကို ဦးစားပေးပြီး လုပ် ရတယ် ။ ဆရာကြီး ဟာ ဘယ်သူ ကို ဘာ ပဲ လုပ်ပေး လုပ်ပေး ၊ ပညတ်ဓာတ်တွေ နဲ့ လုပ် ပေးတာကွ ။ နောက် တစ်ခု က ဆရာကြီး ရဲ့ နည်းတွေ ဟာ မင်း ပြော သလိုပဲ ဗေဒင် ယတြာနည်းတွေ မဟုတ်ဘူးကွ ။ ဓာတ်နည်းတွေ ကွ ။ ဓာတ်နည်း တွေ ဆို လို့ ငါ့ ကို မမေးနဲ့ ။ ငါ လည်း မသိဘူးကွ ။ တစ်ခု မှတ်မိတာ ကို ပြော ရဦးမယ် ။ လက်ဖက်ရည်ဆိုင် ဖွင့်မယ့် လူ တစ်ယောက် သူ့ ဆီ ရောက် လာတယ် ။ အဲဒီ လူ နာမည် ကို ကောင်းကောင်း မှတ်မိ သေးတယ် ။ ဦးတင်ရွှေ တဲ့ ။ အင်္ဂလိပ်ခေတ် ပုလိပ်အဖွဲ့ မှာ ပါ ဖူးတယ်ကွ ။ ပါဖူးတဲ့ ပုလိပ်အဖွဲ့ က လည်း ရိုးရိုးပုလိပ်အဖွဲ့ မဟုတ်ဘူး ။ မြင်းစီး တဲ့ ပုလိပ်အဖွဲ့ ကွ ။ ဒါကြောင့် သူ့ ကို မြင်းတင်ရွှေ လို့ ခေါ်ကြတယ် ။ အဲဒီ မြင်းတင်ရွှေကြီး ဟာ လွတ်လပ်ရေး ရတဲ့ ဒီဘက် ခေတ်ကြီး မှာ လက်ဖက်ရည်ဆိုင် ဖွင့်ချင်တယ် ဆိုပြီး ဆရာကြီး ဆီ ရောက် လာတာ ။ ဆရာကြီး က မင်း ရဲ့ လက်ဖက်ရည်ဆိုင် မှာ နံပြားဖို ပါ မလား လို့ မေးတယ် ။ မြင်းတင်ရွှေ က ပါမယ် လို့ လည်း ပြော ရော နံပြားဖို လုပ်ရင် ငါ့ ကို လာ ခေါ်ဦး လို့ ပြော တယ် ။ မြင်းတင်ရွှေ က လည်း ခေါ်ပါ့မယ် ဆရာကြီး ဆိုပြီး ပြန် သွားတယ် ။ နံပြားဖို လုပ်တဲ့ နေ့ မှာ ဆရာကြီး ကို လာ ခေါ်တယ် ။ ငါ က အဖော် အဖြစ် လိုက် သွားရတယ် ။ ဆရာကြီး က ဈေး ထဲ က ပရဆေးဆိုင် ဝင်ပြီး တစ်ကျပ်သား ရှိတဲ့ သွပ်ခဲလေး တစ်ခဲ ဝယ် တယ်ကွ ။ ပြီးတော့ မြင်းတင်ရွှေ ဖွင့်တဲ့ လက်ဖက်ရည်ဆိုင် ရှိတဲ့ နေရာ ကို သွားတယ်ကွ ။ အဲဒီလည်း ရောက်ရော နံပြားဖို ထဲ ကို သူ ဝယ်လာတဲ့ သွပ်ခဲလေး ကို ထည့်ပြီး အင်္ဂတေ နဲ့ ပိတ် ခိုင်းလိုက် တယ် ။ အဲဒီတော့ ငါ က အဘ အဲဒါ ဘာ ဓာတ်လဲ လို့ မေးတော့ သွပ်ဓာတ် တဲ့ ကွ ။ အဲဒီ သွပ် ဟာ မီး ကြိုက်တော့ မီး တောင်းပြီ ကွ ။ မီး တောင်းပြီ ဆိုတော့ အဲဒီ နံပြားဖို ဟာ နံပြားတွေ အများကြီး ဖုတ် ရပြီပေါ့ကွာ ။ နံပြားဖို ဟာ နံပြားတွေ အများကြီး ဖုတ်ရပြီ ဆိုတော့ မြင်းတင်ရွှေ ရဲ့ လက်ဖက်ရည် လည်း အများကြီး ရောင်း ရပြီပေါ့ကွာ ”

ဟု ပြောလေ၏ ။ အဘ ပြောသည့် အတိုင်းပင် မြင်းတင်ရွှေ ၏ နံပြားဖို သည် လူ သုံးယောက် အလဲအလှယ် ထား၍ တစ်နေ ကုန်နံပြား ရိုက် ရသည် ဆို၏ ။ မြင်းတင်ရွှေ လည်း သူ ၏ လက်ဖက်ရည်ဆိုင် နှင့် ပင် လွန်စွာ အကျိုး ပေး လေ၏ ။ ၁ဝ နှစ် ခန့် ကြာသောအခါ၌ ဆိုင် ကို ပြင်၍ ဆောက် ရာ နံပြားဖို ကိုပါ ဖြို ရလေ၏ ။ ထိုသို့ နံပြားဖို ဖြို ရာတွင် ဖို အတွင်း မှ အလွန် အရည်အသွေး ကောင်းသော သွပ်ဓာတ်လုံး တစ်လုံး ကို မြင်းတင်ရွှေ ရခဲ့သည် ဆို၏ ။ ထို သွပ်ဓာတ်လုံး သည် လွန်စွာ မျက်နှာ ပွင့် သည် ဖြစ်ရာ မြင်းတင်ရွှေကြီး သည် အသက် ကြီး မှ မိန်းမ နှစ်ယောက် ထပ်၍ ရ သွားသည် ဆို၏ ။ ထိုသို့ ရ ပြီးမှ ကုန်း ကောက် စရာ မရှိလောက် အောင် မွဲတေ သွားသည် ဟု လည်း ကြား ရလေ၏ ။ 

ကျွန်ုပ် သည် ဦးအောင်သော်ကြီး ပြောသည် ကို နှစ်ခြိုက်စွာ နား ထောင်ခဲ့ရ၏ ။ ဦးအောင်သော်ကြီး လည်း ရေနွေးကြမ်း ကို တစ်ခွက် ပြီး တစ်ခွက် သောက်သည် ဖြစ်ရာ ရေနွေး ကုန် သည် နှင့် ကျွန်ုပ် သည် ကာကာဆိုင် သို့ ပြေး၍ ရေနွေး တောင်းရလေ၏ ။ ဦးအောင်သော်ကြီး သည် ကျွန်ုပ် ထပ်၍ ယူ လာသော ရေနွေးကြမ်း ကို ငှဲ့ ၍ သောက် ပြန်လေ၏ ။ ပြီးလျှင် စကားများ ပြောပြန်လေ၏ ။ ၎င်း ပြောသော စကားများ ထဲတွင် ထူးဆန်းသော အကြောင်းအရာများ များစွာ ပါဝင် လေ၏ ။ ကျွန်ုပ် သည် ဦးအောင်သော်ကြီး နှင့် စကား ပြောရသည် ကို လွန်စွာ ကျေနပ်မိလေ၏ ။ ထို့ကြောင့် ရေနွေးကြမ်း ကို တစ်ခွက် ပြီး တစ်ခွက် ငှဲ့ ပေးရလေ၏ ။ ထိုသို့ ငှဲ့ ပေးရင်း ...

“ နေပါဦး ဦးလေး ရယ် ။ ဦးလေးတို့ ဆရာကြီး ရဲ့ ပညာ က ဘာ ပညာတုံး ။ ကျွန်တော့် ကို ပြောပြပါဦး ” 

ဟု ကျွန်ုပ် က ပြော လိုက်ရာ ဦးအောင်သော်ကြီး က  ... 

“ ဓာတ်စမ ပညာ ကွ ။ ငါ့ ကို ဓာတ်စမ နဲ့ ပတ်သက်လို့ ဘာမှ မသင် ဘူး ။ မသင်ရုံ မသင်တာ မဟုတ်ဘူးကွ ။ ဟ ရွှေအောင်သော် နင် နဲ့ ဓာတ်စမပညာ နဲ့ မတန်ဘူး လို့ ပြော သေးတာ ။ အဲဒီတော့ ငါ က မခံချင် လို့ အဘ ရယ် လူ ပဲ မတန်တာ မရှိပါဘူးလို့ ပြန် ပြီး ပြော လိုက်တော့ ထူးထူးဆန်းဆန်း ပဲ ဟေ့ ။ ဆရာကြီး ဟာ စိတ် မဆိုးဘူးကွ ။ အားရပါးရ ရယ် တယ် ။ အဲဒီလို အားရပါးရ ရယ် ပြီးတော့ “ ဝကာရောစ ၊ ဗုဒ္ဓရူပံ ၊ ဝတစ်လုံး ...  အသုံးအများကြီး ပဲ ”  မင်းတို့ ကို နားလည်အောင် ပြော ထားရဦးမယ် ။ ကိုယ် နဲ့ မဆိုင် တဲ့ ကိစ္စတွေ မှာ ဝင်ပြီး မရှုပ်ရဘူး ။ ဝရုန်းသုန်းကားတွေ ဖြစ် တတ် တယ် ။ ဒါကြောင့် မင်းတို့ အိမ် မှာ စာ ကပ်ထား ၊ ကပ် ထားရမယ့် စာ က ဟောဒီလို လို့ ဆိုပြီး မြေဖြူခဲ နဲ့ ခါးပန်း မှာ စာ ရေးပြတယ် ။ အဘ ရေးပြတဲ့ စာ က ဟောဒီလိုကွ ”

ဟု ဆိုကာ ဦးအောင်သော်ကြီး သည် ကျွန်ုပ် အား စာရွက် တစ်ရွက် ဖြင့် အောက်ပါ စာ ကို ရေး ပြလေ၏ ။

၀၀စား ၊
ဝေးဝေးနေ ၊
ဝင်မရှပ်နဲ့
၀ရုန်းသုန်းကားတွေ
ဖြစ်ကုန်မယ် ။

အထက်ပါ အတိုင်း ရေး ပြပြီးလျှင် ဦးအောင်သော်ကြီး က ... 

“ ဒါနဲ့ ငါ က လည်း အဘ ကို ပြန်ပြီး မေးတယ် ။ အဘ ရယ် အဘ စာ ကလည်း ဆုံးမစာ လည်း မဟုတ် ၊ နီတိ လည်း မဟုတ် ၊ ကလေး ကလား နိုင် လိုက်တာလို့ ပြော လိုက်တော့ အဘ က ရယ်တယ် ။ ရယ် ပြီးတော့ တောင်ဝှေး နဲ့ ငါ့ ခေါင်းကို သုံးချက် ခေါက်တယ် ။ အဲဒီလို ခေါက် ပြီးတော့ ရတနာသုံးပါး ကို ရည်စူးပြီး တော့ သုံး ချက် ခေါက်တယ် လို့ ပြောတယ် ။ အဲဒီတော့ ငါ က အဘရယ် အနန္တော ၊ အနန္တငါးပါး ကို ရည်ရွယ်ပြီး ခေါက်ရင် ကျွန်တော် ငါးချက် အခေါက် ခံရမှာပေါ့ လို့ ပြောတော့ အဘ က ခေါင်း ကို တောင်ဝှေး နဲ့ ကိုးချက် ခေါက် ပြန်တယ် ။ ဂုဏ်တော်ကိုးပါး တဲ့ ။ အဲဒီလို ပြောသေးတယ် ကွ ။ အဲဒါနဲ့ တော် ပါတော့ အဘရယ် လို့ ပြောပြီး နေရာ ရွှေ့လိုက်ရတယ် ။ အဲဒီမှာ အဘ က ခေါင်း ကို တောင်ဝှေး နဲ့ တစ်ချက် ခေါက်ပြန်တယ် ။ ခေါက် ပြီးတော့ “ ဧကော ဓမော ” တဲ့ ။ အဲဒီတော့ ငါ့ ခေါင်း ကို သုံးချက် တစ်ခါ ၊ ကိုးချက် တစ်ခါ ၊ တစ်ချက် တစ်ခါ ဆို တော့ စုစုပေါင်း ၁၃ ချက် ခေါက် ရ တယ် ပေါ့ကွာ ။ ဒါပေမယ့် ငါ့ နား မှာ ထိုင်နေတဲ့ အဘ တပည့် ကိုပေစိ ဆို တဲ့ လူ က အဲဒီ အပတ် မှာ မြင်းပွဲ မှာ သုံး ကိုး တစ် ကို တွဲ ပွဲ လောင်း ပစ်လိုက်တယ် ။ အဲဒါ အဲ့ဒီ လူ တွဲပွဲ တိုက် တယ်ပေါ့ ။ တစ်သောင်းကိုးထောင် လောက် အလျော် ရတယ်ပေါ့ ။ အဲဒီ ငွေတွေ ကို ကိုပေစိ က အဘ ဆီ ကို လာပေးတယ် ။ အဘ က ဘုန်းကြီး ( ၁၃ ) ပါး ပင့်ပြီး ထောပတ်ထမင်း နဲ့ ဆွမ်း ကပ်လိုက်တယ် ကွ ။ ပိုတဲ့ ပိုက်ဆံ ကို ကိုပေစိ ကို ပြန် ပေးလိုက်တယ်ကွ ။ ထောပတ်ထမင်း ကပ်တာ ဘယ်လောက် မှ မကုန်ပါဘူးကွာ ။ နှစ်ရာ ၊ သုံးရာ ပဲ ကုန်ပါတယ် ။ အဲဒီတုန်းက ပိုက်ဆံ က အလွန် အဖိုးတန်တာ ကွ ။ ကိုပေစိကြီး က အလုပ် မည်မည်ရရ မရှိဘူး ။ အဲဒီတော့ သူ က မေးတယ် ။ ဘာ လုပ်ငန်း လုပ်ရမလဲတဲ့ ။ အဲဒီမှာ ထမင်းဆိုင် ဖွင့် တဲ့ ၊ ထမင်းဆိုင် နာမည်ကို ရတနာ လို့ ။ အဲဒီလို ညွှန်ကြား လိုက်တော့ ကိုပေစိကြီး ဟာ ရွှေတိဂုံ အရှေ့ဘက် အဆင်း မှာ ရတနာ ဆို တဲ့ ထမင်းဆိုင် သွားပြီး ဖွင့်တယ် ။ အတော့် ကို ဟန်ကျတာပဲ ကွာ ။ သူ့ ရဲ့ ထမင်းဆိုင် မှာ ထောပတ်ထမင်း စား ချင်ရင် စား လို့ရ တယ် ။ တို့ လည်း အဲဒီတုန်း က ရွှေတိဂုံဘုရား တက် ရင် သူ့ ရဲ့ ထမင်းဆိုင် မှာ ထမင်း စားတယ် ။ အလကား စား တာ မဟုတ် ဘူး ကွ  ။ ပိုက်ဆံ ပေး စားတာပါ ။ ကိုပေစိကြီး က လည်း ကွာ သဘော ကောင်းလိုက်တာ လွန်ပါရော ။ အဲဒီ လူကြီး က မုဆိုးဖို တစ်ဦး ကွ ။ သူ့ ဆီ မှာ ထမင်း လာ စား တဲ့ မိန်းမ တစ် ယောက် နဲ့ အိမ်ထောင် ကျ သွားတယ် ။ အဲဒီ မိန်းမ နာမည် က မစိန်ခင် တဲ့ ။ အင်္ဂါ နဲ့ တနင်္လာ ပူးပြီး မှည့်ထားတဲ့ နာမည် ကွ ။ နောက်တော့ ထမင်းဆိုင် မှာ ကိုပေစိ မထိုင်ဘူးကွ ။ မစိန်ခင် ပဲ ထိုင်တယ် ။ ကိုပေစိ က တော့ မြင်းသမားတွေ နဲ့ မြင်း ပဲ တွက်နေတယ် ။ သူ့ မိန်းမ မစိန်ခင် က လည်း ကိုပေစိ နဲ့ မရခင် က အတော် တော် တာကွ ။ ရွှေတိဂုံ ဘုရား မှာ ပုတီး တက် စိပ်တယ် ။ လပြည့် လကွယ် ဥပုသ် စောင့်တယ် ။ ဝတ် ရင်လည်း အမြဲ ယောဂီရောင် ဝတ် ထားတာ ။ နောက်တော့ အဲဒီ မစိန်ခင် က လည်း ထမင်း လာ စားတဲ့ လူ တစ်ယောက် နဲ့ ငြိ ပြီး ပစ္စည်းတွေ သုံးဖြုန်း ပစ်လိုက်တာ မနည်းပါဘူး ။ ကိုပေစိ က လည်း မြင်း မှာ ဖြုန်း ပစ်လိုက်တာ မနည်းပါဘူး ။ နောက်ဆုံး မှာ ဆိုင်ပါ ပြုတ် သွားတယ်ကွ ” 

ဟု ဦးအောင်သော်ကြီး က ရှည်လျားစွာ ပြောပြလေ၏ ။ ထိုအခါ ကျွန်ုပ် က ...

“ အဲဒီလို ဒုက္ခ ရောက်တော့ ဦးလေး တို့ အဘ ဆရာကြီး မကယ်ဘူးလား ” 

ဟု မေး လိုက်ရာ ဦးအောင်သော်ကြီး က

“ ကယ် တာပေါ့ကွာ ။ မခင်စိန် ကို မယ်သီလရှင် ဝတ်ဖို့ တိုက်တွန်းပြီး သီလရှင် ဝတ် ပေးလိုက်တယ် ။ ကိုပေစိ ကို လည်း ဘုန်းကြီး ဝတ်ဖို့ တိုက်တွန်းပြီး ဘုန်းကြီး ဝတ် ပေးလိုက်တယ် ။ ကိုပေစိ ကို အညာ ဘက် မှာ ဘုန်းကြီး ဝတ် ခိုင်းတာကွ ၊ မခင်စိန် ကို မြစ်ဝကျွန်းပေါ် ဘက် မှာ သီလရှင် ဝတ်ခိုင်းတာကွ ၊ တစ်ယောက် နဲ့ တစ်ယောက် အဝေးကြီး ပေါ့ကွာ ၊ သုံးနှစ်လောက် ကြာတော့ မခင်စိန် က လည်း မြသလွန်ဘုရားပွဲတော် ချိန် မှာ ဘုရား ဖူးဖို့ ဆိုပြီး မကွေး ကို ရောက်လာတယ် ။ ကိုပေစိကြီး က လည်း မြသလွန်ဘုရား ဖူးချင်လို့ ဆိုပြီး မကွေး ကို ရောက်လာတယ် ။ ဘုရားပွဲ မှာ ပြန် ဆုံတော့ ဦးပဉ္စင်း ကိုပေစိ လည်း လူ ထွက်တယ် ။ သူ့ မိန်းမ မစိန်ခင် လည်း သီလရှင် က လူ ထွက်တယ် ။ ပြီးတော့ နှစ်ယောက် သား ပြန်ပေါင်း သွား ကြတယ် ။ ပြီးတော့ နှစ်ယောက်သား ပွဲဈေးတန်းတွေ မှာ လိုက်ပြီး “ မေတ္တာရေစင် ဆိုတဲ့ နာမည် နဲ့ အောင်ဗလမုန့် တို့ ဘာ တို့ ရောင်း ကြတယ်ကွယ် ။ ဆယ့်နှစ်ရာသီ လုံး ပွဲတော်တွေ ရှာ ပြီး ဈေး ရောင်းကြ တာ ပေါ့ကွယ် ။ ရှေးအခါက အဲဒီလို လူတွေ ကို ဆယ့်နှစ်ပွဲ လိုက်တဲ့ လူတွေ လို့ ခေါ်တာကွ ။ အဘ ဆီ ကို သူတို့ လင် မယား လာပြီး ကန်တော့ ကြသေးတယ် ။ အဲဒီ မှာ အဘ က ညောင် ရွက် ပေါ် မှာ ထုံး နဲ့ နငယ် နကင်းပိတ် စမလေး တစ်လုံး ရေး ပေး လိုက်တယ် ။ အဲဒါလေး ရ သွားပြီး ကတည်း က ကိုပေစိ တို့ ဆိုင်ဟာ သိပ်ပြီး ဈေး ရောင်း ကောင်းတယ် ဆိုပဲ ။ မခင်စိန် က လည်း ဒီအတိုင်း မနေဘူးကွ ။ ဆယ့်နှစ်ပွဲဈေးတန်း မှာ သူ က ငွေတိုးလေး ဘာလေး ချ တယ် ။ အဲဒီတော့ သူတို့ လင်မယား နှစ်ယောက် စီးပွား ပြန်ပြီး တက် လာတယ် ။ စီးပွား တက် လာတာ နဲ့ တစ်ပြိုက်နက် ကိုပေစိ က ဖောက် တော့တာပဲဟေ့ ။ သူ က အငယ်အနှောင်း တွေ ဘာ တွေ ထားတယ် ” 

ဟု ပြော လိုက်လျှင် ကျွန်ုပ် က ပြန်၍ ..

“ အဲဒီတော့ မခင်စိန် က ဘာ လုပ်သေးတုံး ” 

ဟု မေး လိုက်ရာ ဦးအောင်သော် က ..

“ မခင်စိန် က ယောက်ျားတွေ နဲ့ တော့ မရှုပ်တော့ဘူးကွ ၊ သူ က ပိုကာ ဒေါင်းတယ် ၊ အရင် တစ်ခါတုန်း က ကိုပေစိ က မြင်း လောင်း တယ် ။ မခင်စိန် က ယောက်ျားတွေ နဲ့ ရှုပ် တယ် ။ ခု တစ်ခါက မခင်စိန် က ပိုကာ ဒေါင်းတယ် ၊ အပြန်အလှန် ပေါ့ ကွာ ။ ဒါပေမယ့် အဲဒီ လင်မယား က အလွန် ကို သဘော ကောင်းတယ် ။ သူများ ကို လည်း သိပ် ကို ကူညီ တတ်တယ် ။ အပေးအကမ်း လည်း သိပ် ရက် ရောတယ်ကွ ” 

ဟု ပြော လိုက်လျှင် ထိုအခါက ကျွန်ုပ် က ..

“ သူတို့ နှစ်ယောက် ဒီတစ်ခါ တော့ မမွဲပါလား ” 

ဟု မေး လိုက်ရာ ဦးအောင်သော်ကြီး သည် ရယ်လေ၏ ။

“ ဟေ့ ကောင်လေး ရဲ့ ၊ မကောင်းတာ လုပ်တိုင်း မွဲ တာ မဟုတ်ဘူးကွ ၊ မကောင်းတာ လုပ်ပြီး ချမ်းသာ နေတာ အပုံကြီး ရှိတယ် ။ ကောင်း တာ လုပ်ပြီး မွဲ နေတဲ့ လူတွေ လည်း အပုံကြီး ရှိတယ် ”  

ဟု ဦးအောင်သော်ကြီး က ပြော လေ၏ ။ ထိုအခါ ကျွန်ုပ် က ... 

“ ထားလိုက်ပါတော့ အဘ ရယ် ၊ အဘ ရဲ့ သူငယ်ချင်း ဦးဖေသော် အကြောင်း ပြော မယ် ဆို ၊ အဲဒီ အကြောင်း ဟာ ပြတ် သွားလိုက် တာ အစ ကို ရှာလို့ မရတော့ဘူး ။ ပြောပါဦး အဘ ရဲ့ ”

ဟု ပြော လိုက်ရာ ဦးအောင်သော်ကြီး က ..

“ သိပ်ပြီး သိချင် ရင် ငါ့ အိမ် လိုက်ခဲ့ ” 

ဟု ပြောလေ၏ ။ ထိုအခါ ကျွန်ုပ် က  ... 

“ လိုက်ရမှာပေါ့ ဦးလေး ရယ် ၊ ကျွန်တော် က သိချင် နေတာပဲ ” 

ဟု ပြော လိုက်လျှင် ဦးအောင်သော် က ..

“ သိရစေ့မယ် ၊ သိရစေ့မယ် ၊ ကဲ လာ သွားကြစို့ ”

ဟု ဆိုကာ ... 

ကျွန်ုပ် အား ၎င်း အိမ် သို့ ခေါ် သွားလေ၏ ။ ကျွန်ုပ် လည်း ထူးဆန်း အံ့ဩဖွယ်ရာ ကောင်းသော ဦးဖေသော် ဆို သူ တစ်ယောက် ၏ အကြောင်း ကို သိရှိခွင့် ရတော့မည် ဟု နှလုံး ပိုက်ကာ ဦးအောင်သော် ၏ နောက် သို့ လိုက်ပါ သွားခဲ့ လေတော့ သတည်း ။

◾  မင်းသိင်္ခ

📖  မြနန်းနွယ်

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment