❝ ဘောလုံး နဲ့ အချစ်ဆုံး ❞
ကျွန်မ မှန် ထဲ မှာ ကိုယ့် ပုံ ကိုယ် ကြည့်ပြီး စိတ်ညစ်ရ မလို၊ ရယ်ပစ်ရ မလို ဖြစ်နေတယ်။ ကြည့်စမ်း၊ ကျွန်မ ပုံ က ဘောလုံး နဲ့ တူသတဲ့။ ဒါဆို ကျွန်မတို့ ရဲ့ ဖူးစာရေးနတ် က ဘောလုံးကြီး ပေါ့။ သူ ပြောပုံအရ ဆိုရင်လေ။
သူ နဲ့ ကျွန်မ အိမ်ထောင်သက် သုံးနှစ် ကျော်ပြီ။ ရည်းစား ဘဝ က သူ့ ပါးစပ် က ကျွန်မ ကို ချစ်ကြောင်း၊ ကြိုက်ကြောင်း၊ လွမ်းကြောင်း ပဲ ထွက်တယ်။ တစ်ခါမှ ဘောလုံး ဆိုတာ မကြားဖူးပါဘူး။ ကျွန်မတို့ နဲ့ ဘောလုံး က အဝေးကြီး ... အဲဒီ လို ထင်ခဲ့ မိတာ။ အဲဒါ တက်တက်စင် လွဲ တာပဲ။ မှားတယ် ဆိုတာ တောင် သူ့ လောက် အမှား မကြီးဘူး။
ဘောလုံးအကြောင်း ကို ကျွန်မ နဲ့ သူ နဲ့ ရပြီး မင်္ဂလာဦး ည မှာ စ ကြားရတာ ။ ဒီလိုပါပဲ တစ်ယောက် နဲ့ တစ်ယောက် ရောက်တတ် ရာရာ ပြော ကြတာပဲ။ အိမ် အကြောင်း၊ သူငယ်ချင်း တွေ အကြောင်း၊ ကိုယ့် အလုပ် အကြောင်း အစုံပဲပေါ့။ အဲဒီ မှာ စကား က စပ်မိသွားရော။ ဖြစ်ချင်တာ ပြောပါတယ်။ သူ နဲ့ ကျွန်မ က အထက် တန်းကျောင်းမှာ တစ်ကျောင်း တည်း အတူ နေခဲ့ကြတာ။ ဒါပေမဲ့ တစ်ယောက် နဲ့ တစ်ယောက် သိဖူး၊ မြင်ဖူး တာ မဟုတ်ဘူး။ သူ က ကျွန်မ ထက် လေးနှစ် နီးပါး ကြီး တော့ လူကြီး ပေါ့။ သူ က လည်း ကျွန်မ လို ချာတိတ် ကို ခေါင်း ထဲ မထည့်။ တခြား ရွယ်တူ ကောင်မလေး တွေ လှတာ လောက် ပဲ သိ နေ၊ ကျွန်မ က လည်း ကိုယ့် စိတ်ဝင်စားမှု နဲ့ ကိုယ် ပေါ့။ အနေသာကြီး။
ဒါပေမဲ့ ဘယ်နေရာ မှာ စကား က သွား ဆုံသလဲ ဆိုတော့ သူ က ကျောင်း မှာ လက်ရွေးစင် ဘောလုံးသမား ပါ တဲ့။ အဲဒီ တော့ မှ ကျွန်မ က အံ့ဩ တော့တာ။ သူ က ကျွန်မ မြင်ဖူးနေတဲ့ ဘောလုံးသမားတွေ လို တုတ်တုတ်ခိုင်ခိုင် ထွားထွားကြိုင်းကြိုင်း မှ မဟုတ်ဘဲ။ ရုပ် က အနုပညာသမား ရုပ်မျိုး။ နုနုဖတ်ဖတ် ရယ်။ ကျွန်မ က လည်း ကျောင်း က ဘောလုံးသမား တွေ ကို ပန်းစည်း ဆက်ဖို့ ဆရာမတွေ က တာဝန် ပေးတဲ့ လှပျိုဖြူတွေ ထဲ မှာ ပါသပေါ့ လေ။ ဒါပေမဲ့ ဖူးစာ က အချိန် မကျသေး လေ တော့ ကျွန်မ ပန်းစည်း ဆက် ရတဲ့ ဘောလုံးသမား က စိတ်ကူး ယဉ်စရာ မကောင်း လောက် အောင် ကုလားကြီးပဲ ဖြစ် နေ၊ သူ ပန်းစည်း လက်ခံ ရတဲ့ သူ က လည်း မျက်နှာမှာ ပေါင်ဒါ အဖွေးသား နဲ့ ချောကလက် မှိုတက် ပဲ ဖြစ်နေ ပါသတဲ့။ အဲဒီ တော့ မှ စ သိရတာ။ သူ ဘောလုံး ဝါသနာ ပါတာ ကိုး။ သူ က သူ့ အကြောင်း ကို မျိုး နဲ့ ရိုး နဲ့ ချီပြီး ဇနီး ဖြစ်သူ ကို ပြောပြရှာတာပါ။ သူ့ အဖေ ရဲ့အဖေ၊ သူ့ အဘိုး ကတည်း က ဘောလုံး ကို အသေအလဲ ဝါသနာ ကြီးတာ တဲ့။ အသက် ၆ဝ ကျော်၊ ၇၀ ကျော်ထိ ရောက်တာ တောင် ရပ်ကွက် ဘောလုံးပွဲ က အစ သူ့ ကို လက်ဆွဲပြီး ရှေ့ဆုံး က သွားအားပေးတုန်းပါ တဲ့။ တစ်ခါ ဘောလုံးပွဲ မှာ ' ညစ် ' ကြလို့ အချင်းချင်း ချကြတော့ သူ့ အဘိုး ကို မထိခိုက်အောင် လူအုပ် ကြား ထဲ က ကာကွယ်ပြီး ခေါ် ခဲ့ရတယ် ဆိုလားပဲ။ ကျွန်မ လည်း ပြုံးပြီး ငေး နားထောင် နေလိုက်တယ်။ ဒါက အင်ထရို ပေါ့ နော်။
ပြီးတော့ သူ့ အဖေ ဘောလုံး ကို စိတ်ဝင်စား ပုံ၊ သူ့ဦးလေး က ဘောလုံး အသဲအမဲ ဖြစ် ပုံ တွေကို စုံနေအောင် ပြောပြ နေတာပါ။ ဒါမှ သူ ဘောလုံး စိတ်ဝင်စား တာ ဟာ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာ တစ်ခု လို။ ဥပမာ နေ က အရှေ့ က ထွက် ပြီး အနောက် ကို ပြန် ဝင် သွား သလိုမျိုး။ ကမ္ဘာ က နေ ကို ပတ် နေ တဲ့ ကိစ္စ လို မျိုး ကျွန်မ က သတ်မှတ်ရတော့ မလိုပါ။ မျိုး နဲ့ ရိုး နဲ့ ချီနေတာ ဆိုတော့လေ။
အဲဒီ ဘောလုံး အကြောင်း ဆက် မပြောခင် ကျွန်မ တို့ နှစ်ယောက် အကြောင်း နည်းနည်း ပြောပါရစေဦး။
ကျွန်မ နဲ့ သူ နဲ့ က ရုပ်သွင်ပြင် လက္ခဏာ က စ လို့ အကြိုက်ချင်း က အရှေ့ နဲ့ အနောက်၊ တောင် နဲ့မြောက် ပဲ။ သူ က ပိန်ပိန်ဖြူဖြူ၊ ကျွန်မ က ညိုညိုဝ၀။ သူ့ အကြိုက်ဆုံး အစားအစာ တညင်းသီး နဲ့ ကန်စွန်းရွက်ချဉ်ရည် ဖြစ်ပြီး ကျွန်မ ခံတွင်း တွေ့ တာ က ပုစွန်တုပ် နဲ့ ဝက်သား တို့ မှ ပါ။ ဒီတော့လည်း ဆိုဒ်ချင်း က မတူ ပါ လေ ဆိုတဲ့ အထဲ က ပေါ့။ ဒါပေမဲ့ နှစ်ယောက် စလုံး က ဟာသတွေ နှစ်သက်သူ မို့ ကျွန်မတို့ နှစ်ယောက် ကို တွေ့ ရင် ကြံဖန် ရယ်ပြုံး နေတတ်ပြီး တချို့ သူငယ်ချင်းတွေ က စိတ် ချမ်းသာလို့ ဒီ စုံတွဲ ကို အမြဲ မြင်ချင်ပါသတဲ့။
အစာ စား ရင် သူ က အသား သိပ် မကြိုက် ဘဲ အရွက် ပဲ စားတာ များပြီး ကျွန်မ က တော့ အသား ပဲ ရွေးစားပြီး အရွက်စိမ်းစိမ်း မြင် တာ နဲ့ သူ့ ပန်းကန် ထဲ ထည့် လိုက် တော့တာပါ။ အဲဒါကို ကြည့်ပြီး ကျွန်မ အဒေါ် လို ချစ် ရတဲ့ ကြီးကြီး တစ်ယောက် က ' နင်တို့ လင်မယား က ဟန်ကျလိုက်တာဟယ်၊ အစားအသောက် ဆို ဘာ မှ မပစ်ရဘူး။ တစ်ယောက် က အသား ကြိုက်၊ တစ်ယောက် က အရွက် ကြိုက် ' တဲ့။ ကြီးကြီး ပြောတာ မှန်ပါတယ်။ အကြိုက်ချင်း တူ ရင် လု စားနေရဦးမှာ။ ခုတော့ ဒုက္ခ အေးတာပေါ့။
ကျွန်မ နဲ့ ချစ်တော့ သူ က မေး တယ်။ ရှေ့ရေး ကို တွက်ချက်ပြီး ကြိုတင် ပြင်ဆင်ထားချင်လို့ပါ တဲ့။ ကျွန်မ ကြိုက်တဲ့ အသုံးအဆောင်၊ အနေအထိုင်၊ အစား အသောက်တွေ အင်တာဗျူး ပါ လေရော။ တစ်နှစ် ကို ဖိနပ် ဘယ်နှရံ ကုန်သလဲ တဲ့။ ( ကျွန်မ လည်း ကိုယ် စီးတာတောင် မရေတွက် ထားမိပါဘူး။)အင်း ... သုံးလေး ရံ တော့ ရှိမှာပေါ့ ဆိုတော့ သက်ပြင်း ချရှာတယ်။ ဖိနပ် ကို ရှပ်တိုက် မစီးပါနဲ့ တဲ့။ ပါးကုန်မှာ စိုး လို့ ဖွဖွ နင်းပါ ဆိုလားပဲ။ ကျွန်မ တော့ ငတက်ပြား လျှောက်နည်း ခြေဖျား ထောက် လျှောက် ရမယ့် ပုံ။ အင်္ကျီ က တစ်လ ဘယ်နှထည် ဝယ် သလဲတဲ့။ ပုံမှန် မရှိပါဘူး ဆိုတော့ ဖျင်ကြမ်းကြီး ဆို ခိုင်ခံ့သတဲ့။ ကျွန်မ တော့ ဖျင်ကြမ်း ထူလပျစ်ကြီးပဲ မချွတ်တမ်း ' ဒါဝတ် ' လုပ်ရမယ့် ပုံ။ ' အအေး ' က ရော တဲ့။ ဘာ ' အအေး ' ကြိုက်သလဲ တဲ့။ ကျွန်မ က သွက်လက်စွာ ထောပတ်သီးဖျော်ရည် လို့ ပြောတော့ သူ က ဟိုး အဝေးကြီး ကို ဆွေးဆွေးမြည့်မြည့် ငေး နေသေးတယ်။ ပြီးတော့မှ တွေးတွေးဆဆ ပြောတယ်။ တစ်လ တစ်ခွက် လောက် တော့ သောက်ပေါ့ တဲ့။ မှားမိပါတယ် နော်။ ဟင်း ရောတဲ့။ ( အသံ က သိပ် တိုး နေပြီ။ ) ကျွန်မ က တကယ်လည်း အကြိုက် ဆုံးဖြစ်ပြီး သူ့ ကို သနားတာ လည်း ပါ တာမို့ ' ကြက်ဥ ကို ပြုတ်ပြုတ်၊ ကြော်ကြော် အကုန် ကြိုက်တာပဲ ' လို့ ဖြေလိုက် တော့ သူ က အားရပါးရ ပြုံးပြီး ' ဒါတော့ မဆိုး ဘူး ' တဲ့။ ကျွန်မတို့ ချစ်တဲ့ အချိန် က ကြက်ဥဈေး က တစ်လုံး သုံးကျပ်ခွဲ ပဲ ရှိသေး တယ်လေ။ ကျွန်မတို့ ရဲ့ အိမ်ထောင် မပြုခင် ကြိုတင် ဆွဲတဲ့ အဲဒီ အသုံးစရိတ် ဇယားလေး ဟာ ရန်ကုန်တက္ကသိုလ် က ဦးယမ်းဘီလူးဆိုင် သွား တဲ့ ကော်ရစ်ဒါ နံရံလေး မှာ ဆေး အသစ် သာ မသုတ်သေး ရင် ခုထိ ရှိ ဦးမှာပါ။ ကျွန်မ တကယ်ပဲ လွမ်း မိပါတယ်။
အဲဒီလို စကားမျိုးတွေ .. ချစ် ကြောင်းလွမ်းကြောင်းတွေ ပဲ အပ်ကြောင်း ထပ် ခဲ့တဲ့ ကျွန်မတို့ ချစ်ခရီး ဟာ အိမ်ထောင် ပြု အပြီး မှာ တော့ ကျွန်မ သူ့ ကို သူ့ လို အင်တာဗျူး ဘာလို့များ မလုပ်ခဲ့မိပါလိမ့် လို့ နောင်တ ရမိပါတော့တယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်မ သာ သူ့ ကို မေး ဖြစ်ခဲ့ရင် ဘာမေးမေး၊ ဘာ ဗျူးဗျူး သူ့ ပါးစပ် က ဘောလုံး၊ ဘောလုံး ဆိုတာချည်း ပဲ ကြားရ မှာ ကို အသေအချာ သိ နေလို့ပါပဲ။
ကျွန်မ ဘောလုံး ကို မမုန်းပါဘူး။ သူ နဲ့ ရ မှ ဘောလုံးပွဲ ကို ပွဲကြည့်စင် မှာ ကျွန်မ ထိုင် ကြည့်ဖူးတဲ့ သူ ပါ။ ကြည့်ခဲ့တဲ့ အကြိမ်ပေါင်း လည်း မနည်းလှ ပါဘူး။ သူ ကြည့်ချင် တဲ့ ပွဲဆိုရင် မိုး ရွာရွာ၊ နေ ပူပူ သူ နဲ့ အတူ မခွဲမခွာ တကယ့် ကို စိတ် ပါဝင်စားစွာ လိုက် အားပေး ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ က ကစား နေတဲ့ ဘောလုံးပွဲ ထက် ဘောလုံးပွဲ ကြည့် ပရိသတ် ကို ပို စိတ်ဝင်စား နေမိတာတော့ ဝန်ခံရမှာပဲ။ ပရိသတ်ကြီး စိတ်အားထက်သန် တာ၊ ပျော်ရွှင် တာ၊ အားမလို အားမရ ဖြစ် တာ၊ စိတ် ပျက်လက်ပျက် ဖြစ် တာ တွေ ဟာ ကျွန်မ ရင် ထဲ ကို လှိုင်းတွေ လို တစ်ချိန်လုံး ဝင်ရိုက်ခတ်နေခဲ့တာ။ ကျွန်မ လူအုပ် နဲ့ အတူ အားပေး မိတယ်။ သီချင်းတွေ သံပြိုင် ဆို မိတယ်။ ကြွေးကြော် အော်ဟစ်ခဲ့တယ်။ သူ့ လက် ကို မြဲမြဲ ဆုပ်ကိုင်ရင်း ပေါ့။
ဒါ့အပြင် တီဗီ မှာ လည်း ဘောလုံးပွဲ တွေ အမြဲ လာနေသေးတယ်။ တိုက်ရိုက် ထုတ်လွှင့်မှု ဆိုရင် ညဘက် မှာ လာ တတ်တာမို့ အင်မတန် အိပ်ရေး ပျက်ပါ တယ်။ အဲဒါဆိုရင်တော့ အပြင် မှာ လည်း ဘောလုံး၊ အိမ် မှာ လည်း ဘောလုံး ဆို တော့ ကျွန်မ လည်း ငြီးငွေ့ပြီ။ ညလယ်စာ ဘောလုံးပွဲ ကြည့် ရင်း စားဖို့ ခေါက်ဆွဲ ပြုတ် ဖြစ်ဖြစ် လုပ်ပေးပြီး ကျွန်မ အိပ် တော့တာပဲ။ တစ်ခါတလေ ကျွန်မ အိပ်မောကျ နေတုန်း ကျွန်မ ကို လာနှိုးပြီး ' ဟိုမှာ အာဆင်နယ် က ဂိုးသွင်းတော့မယ်၊ မြန် မြန်လာ ' တဲ့။ သူ ကြည့်နေရာ က ကောင်းတဲ့ အကွက်လေး လွတ် သွားမှာ စိုးလို့ တကူးတက ခေါ်ရှာပါတယ်။ ကျွန်မ သာ ပြန် အိပ်လို့ လည်း မပျော် ဘဲ မူးတူး ကြောင်တောင် ဖြစ် ကျန်ခဲ့ ရတယ်လေ။
တစ်ခါတစ်ခါ ကျွန်မ လည်း
ဘောလုံးပွဲ ကြည့်တဲ့ သူ့ ဘေးမှာ ထိုင် ပြီး ' အဲဒါ မိုက်ကယ်အိုဝင် မဟုတ်လား ' လို့ မေး လိုက် မိရင် ကျွန်မ ပါ စိတ်ဝင်စား လာပြီ ထင်ပြီး ဝမ်းသာ အားရ ရှင်း ပါလိမ့်မယ် တသီကြီး။
အင်အားဂျာနယ်၊ တက်လမ်း
ဂျာနယ် စတဲ့ အားကစားဂျာနယ်တွေ ရဲ့ အမာခံပရိသတ်ဟာ သူ မှ အစစ်ပေါ့။ တစ်ခါက သူ ချောတယ် ဆိုတဲ့ ဘောလုံးသမားတွေ ပြလို့ ကြည့် လိုက်တော့ အား လုံး ခေါင်းတုံးတွေ ချည်း။ ပုံစံအမျိုးမျိုး နဲ့ ပို့စ် ပေး နေကြတာပါ။ အားပေးတဲ့ လူတွေ ရှိတော့ လည်း လုပ်ကြပေါ့လေ လို့ ပဲ စိတ် လျှော့ရပါသေးတယ်။ ကမ္ဘာ့ ဘောလုံးဝိဇ္ဇာတွေ တော် ပုံ၊ အားကြိုးမာန်တက် ကြိုးစားခဲ့ရ ပုံ၊ အခု တစ်လ မှာ ဝင်ငွေ က ဘယ်လောက် တောင် မြင့်သွားပြီ၊ အသင်း ပြောင်း ကြေး က ဘယ်နှသန်း တောင် ပေးရ တာ ဆိုတာတွေကို အင်မတန် စိတ်ရှည် သဘောကောင်း တဲ့ ဆရာ တစ်ယောက် လို နူးညံ့စွာ ရှင်းပြ တတ် ပါတယ်။ ကျွန်မ က တော့ သူတို့ အကြောင်း ထက် သူတို့ ဝင်ငွေတွေ ကို ပဲ အားကျ နေမိပါတော့တယ်။ အဲဒီ တော့ မခက်လား။
ကမ္ဘာ့ဖလား ပွဲတု န်း က တော့
အဆိုးဆုံး ပါ ပဲ။ ပွဲစဉ်ဇယားတွေ ကို စနစ် တကျ မင်နီ၊ မင်ဝါ၊ မင်စိမ်း တွေ တား ပြီး Hight Light လုပ်ကာ အိပ်ရာ ခေါင်းရင်း မှာ ကပ် ထားပါ
တယ်။ ဒါ့အပြင် အနိုင်ရတဲ့၊ အမှတ်များ တဲ့ ဟို အသင်း နဲ့ ဒီအသင်း တွေ့ကြတာ မို့ မြားတွေ ရှုပ်ယှက်ခတ်ပြီး ဟိုထိုး ဒီထိုး နဲ့ ပြ ထား သေးတယ်။ ပြီးရင် ဒေးဗစ်ဘက်ခမ်း က ဘယ်လို ကန်တင် ပေးလိုက်တာ၊ ဇီဒန်း က ဘယ်လို ဂိုး သွင်းပြီး၊ ရော်နယ်ဒို က လိမ်ခေါက်ပြီး ဘောလုံး ဆွဲပြေးသွားတာ က အစ မာလ်ဒီနီ ဘောလုံး ဖျက်ထုတ် လိုက်တာ အဆုံးပါပဲ။ ကျွန်မ လည်း သူ ပြောတဲ့ နာမည်တွေ များလွန်းတော့ ဒီဘက် နား က ဝင်ပြီး ဟိုဘက် နား က ထွက် သွားတော့တာပဲလေ။
ကမ္ဘာ့ဖလား ပွဲ ပြီးတုန်း က တော့ ကျွန်မ လည်း ဝဋ် ကျွတ်ပြီကွ ဆိုပြီး အားရဝမ်းသာ
လက်သီးလက်မောင်း တန်း ရုံ ရှိသေး၊ ဥရောပခြေစစ်ပွဲ တွေ လာတော့ မယ် ဆိုလား၊ လာနေပြီ ဆိုလား၊ ဟို ကောင်တွေ အပြတ် ကျင့် ကုန်ကြပြီ ဆိုလား ပြောလို့ စိတ်ဓာတ်များ တောင် ကျ ရ ပါသေးတယ်။
ဒီလို ပြောလို့ သူ က အလုပ် မေ့၊
မယား မေ့ တဲ့ သူတော့ မဟုတ်သေးပါဘူး။ သူ က ကျွန်မ ကို အင်မတန် ဂရု စိုက် တတ်သူ တစ်ဦး ပါ။ သူ့ အကြောင်း စဉ်းစား ရင် ကျွန်မ စိတ် ကျေနပ်ခဲ့ရ၊ သူ့ ရဲ့ အလိုက်သိမှု ကို အံ့သြရ၊ သူ့ ရဲ့ ဣန္ဒြေရတဲ့ မြတ်နိုးမှု ကို ကြည်နူးခဲ့ရ တဲ့ အကြိမ်ပေါင်း မရေမတွက်နိုင် လောက်အောင် များပြား လွန်းလှပါတယ်။ ဒီလိုပဲ ကျွန်မ ကိစ္စ၊ ကျွန်မ ဆန္ဒ၊ ကျွန်မ လိုအပ်ချက်၊ ကျွန်မ စိတ်ဝင်စားမှု တွေ မှန်သမျှ သူ့ခေါင်း ထဲ မှာ အမြဲ ထည့် ထားသလို ကျွန်မ ခေါင်း ထဲ မှာ
လည်း သူ ပြောတဲ့ အနီကတ်၊ အဝါကတ်၊ ရှေ့တန်းတိုက်စစ်မှူး၊ နောက်တန်း ညာအစွန်လူ၊ ခံစစ်နည်းဗျူဟာ၊ ခြေစစ်ပွဲ၊ အုပ်စုပတ်လည်ပွဲ၊ .တစ်ဂိုးစီ၊ သရေပွဲ နဲ့ တစ်မှတ်စီ ခွဲ ယူ လိုက်ရတယ်တို့ အစုံ ရောက် နေတာပေါ့ ရှင်။
ကမ္ဘာ့ဖလား၊ ဥရောပအဖွဲ့ချုပ် ဖလား၊ အမေရိကန်ဖလား၊ အရှေ့တောင် အာရှဖလား စတဲ့ ဖလား တွေ လည်း ဒီလောက် ပေါများ မှန်း ခုမှ သိ ရပါတော့ တယ်။ ကျွန်မ က ရေဖလား လောက် သာ သိသူ မဟုတ်လား။
တစ်ခါတလေတော့ လည်း ငါတို့ အကြိုက်ချင်း၊ ဝါသနာချင်း တူ ရင် အကောင်းသား လို့ စိတ် အားငယ် မိပါရဲ့။ ဘောလုံး ကို သဝန်တိုကာ ကျွန်မ နဲ့ ဘောလုံး ဘယ်သူ့ ပို ချစ်သလဲ လို့ မေး ရအောင်လည်း ဘောလုံး က သက်ရှိ ဆို ဟုတ်တုတ် တုတ်။ သူ ချစ် တဲ့ ဘောလုံး မှာ ကန်နေတဲ့ သူတွေ တောင် မိန်းမ ပါရှာတာ မဟုတ်ပါဘူးလေ လို့ ရူးရူးပေါက်ပေါက် လျှောက် တွေးမိတဲ့ အထိပါပဲနော်။
တစ်နေ့ က တော့ သူ က ကျွန်မကို ချစ်စဖွယ် စေ့စေ့ကြည့် ပြီး ပြုံး နေ တော့ ကျွန်မ က ' ဘာပြုံးတာလဲ ' လို့ မေး ကြည့် မိတယ်။ အဲဒီ တော့ သူ က ဘာပြန် ပြောသလဲ သိလား။ ကျွန်မ က ဝပြီး လုံး နေတော့ ဘောလုံးလေး နဲ့ တူ နေတယ်တဲ့။ ဒါကြောင့် သူ ပို ချစ်မိ သွားတာ ဖြစ်မယ်တဲ့ ... ကဲ။
ဒီလိုများဖြင့် လေ အင်မတန် လှကြပါတဲ့ အခု ခေတ် မော်ဒယ်လ်တွေ လို ပိန်ဖို့ ဆိုတာ ဒီ ဘဝ မှာ ရှိပါစေတော့။
◾မိုးချိုသင်း
📖ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း
အမှတ် ၁၂၂၊
ဇန်နဝါရီလ၊ ၂ဝဝဝ ပြည့်နှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment