မောင်ဖေသော် သည် မြနန်းနွယ် ၏ လက်ကလေး ကို အသာအယာ ဆုပ်ကိုင် လိုက်လေ၏ ။ ထို့နောက် ဗိုလ်တထောင်ဆိပ်ကမ်း ဘက် ဆီ သို့ ဦးတည် ၍ ဆွဲ ခေါ်လေ၏ ။ မြနန်းနွယ် လည်း အလိုက်သင့်ကလေး လိုက် ပါ ခဲ့၏ ။
မြစ်ဘက် မှ ဖြတ် ၍ တိုက် လာသော လေ ကြောင့် မြနန်းနွယ် ၏ ဆံပင်များ သည် လေ ထဲ တွင် ဝဲပျံ ၍ နေ လေ၏ ။ ထို့နောက် မောင်ဖေသော် က
“ ဒီနေ့ ကျောင်း မှာ ဘာ ဖြစ်သလဲ ဆို တာ နွယ့် ကို မောင် ပြောပြမယ် ”
ဟု စကား စ လိုက်လျှင် မြနန်းနွယ် က ...
“ စာ သင်တာ ကို စိတ် မဝင်စား ဘဲ အပြင် ကို ငေး နေလို့ ဆရာပါကြီး မောင့် နားရွက် ကို လာပြီး ဆွဲ လိမ်တယ် မဟုတ်လား ”
ဟု ပြော လိုက်လေ၏ ။
မောင်ဖေသော် သည် မြနန်းနွယ် ၏ မျက်နှာ ကို သေချာစွာ ကြည့် လိုက်လေ၏ ။ ထိုသို့ ကြည့် ပြီး နောက် ..
“ နွယ် က အဲဒါ ကို ဘယ်လို လုပ်ပြီး သိ နေရတာလဲ ”
ဟု မေး လိုက်လေ၏ ။
“ သိတာပေါ့ မောင် ရယ် ။ နွယ် က မောင့် ကို ချစ် နေတာကိုး ။ အဲဒီတော့ ဘယ်လောက် ချစ်သလဲ လို့ ပြော လိုက်ဦးမယ် ။ နွယ် ရယ် ၊ မောင် ရယ် ဆိုပြီး နှစ်ယောက် မဟုတ်တော့ဘူး ။ တစ်ယောက် တည်း ဖြစ် သွားတယ် ။ နွယ် လည်း မောင် ပဲ ။ မောင် လည်း နွယ် ပဲ ။ အဲဒီတော့ မောင် ဘာဖြစ်နေတယ် ဆိုတာ ဟာ နွယ် ဘာဖြစ်နေသလဲ ဆိုတာ နဲ့ အတူတူ ပဲ ပေါ့ မောင် ရယ် ။ အဲဒီတော့ ဆရာပါကြီး က မောင့် ရဲ့ နားရွက် ကို ဆွဲ လိမ် လိုက်တာဟာ မောင် တစ်ယောက် တည်း နာ တာ မှ မဟုတ်ပဲ ။ နွယ် လည်း နာ တယ် ”
ဟု ပြော လိုက်လေ၏ ။
မောင်ဖေသော် သည် နွယ် ၏ လက်ကလေး ကို တိုး ၍ ညှစ် လိုက်လေ၏ ။ ညှစ် ပြီး လျှင် ပြီး ချင်း ၎င်း က ပင် “ အား ” ဟု အော် လိုက်လေ၏ ။
ထိုအခါ မြနန်းနွယ် က ...
“ နွယ် က အော် ရ မှာ ဘာဖြစ်လို့ မောင် က အော် နေရတာတုံး ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..
“ နွယ် နဲ့ မောင် နဲ့ က နှစ်ယောက် မဟုတ်ဘူးလေ ။ တစ်ယောက် တည်း ပဲ ဥစ္စာ ၊ နွယ် နာ ရင် မောင် လည်း နာ တာပေါ့ ”
ဟု ပြော လိုက်လျှင် မြနန်းနွယ် က ...
“ ဟွန်း .. တတ်တယ် ”
ဟု နှုတ်ခမ်းကလေး စူ ၍ မျက်စောင်းကလေး ထိုး ကာ ပြော လိုက် လေ၏ ။ ထို့နောက် မောင်ဖေသော် နှင့် မြနန်းနွယ် တို့ သည် ဗိုလ်တထောင် ဆိပ်ကမ်း တွင် အချိန် အတော်ကြာ နေ ကြလေ၏ ။
“ သိပ်ပြီး မှောင်လာပြီ မောင် ရေ ။ အချိန် ကို လည်း ဂရုစိုက်ဦး ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..
“ အချစ် မှာ အချိန် မရှိဘူး ”
ဟု ပြန်၍ ပြော လိုက်လေ၏ ။
“ အဲဒီလို မပြောပါနဲ့ မောင် ရယ် ။ နွယ် တို့ အိမ် က လူကြီးတွေ သိ သွား လို့ ရှိရင် ဒုက္ခ ရောက် ကုန်ပါ့မယ် ”
ဟု မြနန်းနွယ် က ပြော လျှင် မောင်ဖေသော် က ...
“ အချစ် မှာ ဒုက္ခ မရှိဘူး ”
ဟု ပြန် ၍ ပြော လိုက်လေ၏ ။ မြနန်းနွယ် သည် ခြေထောက် နှစ်ဖက် ကို ညင်ညင်သာသာ မြေ ကို ဆောင့်၍ ဆောင့်၍ နင်း ရင်း ..
“ ဒါဖြင့် မောင် ရယ် ၊ အချစ် မှာ ဘာ ရှိသလဲ ”
ဟု မေး လိုက်ရာ မောင်ဖေသော် က ..
“ ဘာ ရှိရမလဲ နွယ် ရယ် ၊ အချစ် မှာ အချစ် ပဲ ရှိတာပေါ့ ။ အချစ် ကို သုံးခွက် တစ်ခွက် တင် ကျို ရင်လည်း အချစ် ပဲ ရမယ် ။ အချစ် ကို အဆီ ညှစ် ရင်လည်း ထွက် လာမယ့် ဆီ ဟာ အချစ် ပဲ ဖြစ်မယ် ။ အချစ် ကို ရွှေ ချွတ် သလို ငရဲမီး နဲ့ ချွတ် ရင်လည်း အချစ် ပဲ ရမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အချစ် ဟာ ဓာတ်ပေါင်း မဟုတ်ဘူး ။ ဓာတ်သေ ပဲ ဖြစ်တယ် ။ ဒါဟာ လည်း အချစ်စစ် အချစ်မှန် ကို ပြော တာ ပါ ။ အချစ်တု အချစ်ယောင် ဆို ရင်တော့ ချစ်ဒုက္ခ ငရဲမီး စားလိုက်တာ နဲ့ အခိုးအငွေ့တွေ ဖြစ်ပြီး ပျောက် သွားမှာ ။ မောင့် အချစ် က ဒီလိုမျိုး မဟုတ်ဘူး ။ ကြိုက် တဲ့ ငရဲမီး နဲ့ စားပါ ။ အပြင်းဆုံး အကွာရဂျာ ငရဲမီး နဲ့ စား ရင် တောင် အစား ခံ နိုင်မယ့် အချစ် ပါ ”
ဟု ပြော လိုက်လျှင် မြနန်းနွယ် က ...
“ ဟွန့် ... ”
ဟု ဆိုကာ မျက်စောင်းကလေး တစ်ချက် ထိုး ရင်း ...
“ သူ သိပ်တတ်တယ် ”
ဟု ပြော လိုက်လေ၏ ။ ထို အချိန် ၌ လူ တစ်ယောက် သည် အနီး သို့ ရောက် လာ ပြီး လျှင် ...
“ လေညင်း ခံရင်း သမ္ဗန် စီး ကြမလား .. ”
ဟု မေး လိုက်လေ၏ ။
မောင်ဖေသော် က နွယ် ၏ မျက်နှာ ကို လှမ်း ၍ ကြည့် လိုက်၏ ။ နွယ် က လည်း မောင်ဖေသော် ၏ မျက်နှာ ကို ရွှန်းလဲ့ဝင်းပ သော မျက်လုံးကြီး များ ဖြင့် ကြည့် လိုက်၏ ။ ထို အကြည့် ၌ အဓိပ္ပာယ် ပါ ၏ ။ ထို အဓိပ္ပာယ် မှာ “ မောင့် သဘောပဲ ” ဟူ၍ ဖြစ်တန်ရာ၏ ။ ထိုအခါ မောင်ဖေသော် သည် နွယ် ၏ လက် ကို ဆွဲ ၍ ..
“ ကဲ .. သမ္ဗန်ဆရာ ရေ ... ဘယ်မလဲ ခင်ဗျား သမ္ဗန် ”
ဟု မေး လိုက်ရာ သမ္ဗန်ဆရာ သမ္ဗန် ကို ညွှန်ပြလေ၏ ။ မောင်ဖေသော် နှင့် မြနန်းနွယ် တို့ သည် သမ္ဗန် ပေါ် တက် ကြလေ၏ ။ ပြီးလျှင် နှစ်ဦး ယှဉ်တွဲ ၍ ထိုင် ကြလေ၏ ။ မောင်ဖေသော် က မြနန်းနွယ် အား ဖက် ထား ၏ ။ သမ္ဗန်ဆရာ လည်း ... “ ကျီး ... . ကျော့ ... . ကျွီး ... . ကျော့ ” ဖြင့် ခတ် သွားလေတော့၏ ။ မြနန်းနွယ် သည် သူ ၏ ဦးခေါင်း ကို မောင်ဖေသော် ၏ ရင်ခွင် တွင်း သို့ ထိုးနှစ် ထား၏ ။ မောင်ဖေသော် က မြနန်းနွယ် ၏ တစ်ကိုယ်လုံး ကို သိုင်း၍ ဖက် ထား၏ ။ မြနန်းနွယ် သည် တခစ်ခစ် ရယ်မော ရင်း ...
“ မောင် ရယ် .. ဒီ အချိန်လေး ဟာ တစ်ကမ္ဘာ ဆိုရင် ဘယ်လောက် ကောင်း မလဲ ။ ကြည်နူးရတဲ့ အချိန်ကလေး မဟုတ်လား ။ ဆွတ်ပျံ့ ရတဲ့ အချိန်ကလေး မဟုတ်လား ”
ဟု ပြော လိုက်သည် ။
မောင်ဖေသော် က ..
“ ဒီလို ဆိုရင်လည်း ဒီ အချိန်လေး ကို နွယ့် အနေ နဲ့ တစ်ကမ္ဘာ လို့ သတ်မှတ် လိုက်ပါကွယ် ။ တစ်ကမ္ဘာ ဖြစ် သွားပါလိမ့်မယ် ”
ဟု ပြော လိုက်လျှင် မြနန်းနွယ် က ရယ် လေ၏ ။
ထိုအချိန် ၌ သမ္ဗန်သမား က ...
“ စဉ့်အိုးတန်းဆိပ်ကမ်း အထိ ခတ် မယ်နော် ”
ဟု မေး လိုက်ရာ မောင်ဖေသော် က ..
“ ဖြစ်နိုင်ရင် ပစိဖိတ်သမုဒ္ဒရာ ထဲ အထိ ခတ် သွားစမ်းပါ ကိုယ့် လူ ရာ ။ ချစ်သမုဒ္ဒရာ ထဲ မှာ ချစ်သမွန်လေး စီး သွားရတာ ဘယ်လောက် အရသာ ရှိမယ် လို့ ကိုယ့် လူ ထင် သလဲ ”
ဟု မေး လိုက်ရာ သမ္ဗန်သမား က ရယ် လေ၏ ။
“ ကျုပ် သမ္ဗန် ကို ချစ်သူ နဲ့ အတူ စီးတဲ့ လူတိုင်း ဟာ ဒီလိုပဲ ပြော ကြတာ ချည်းပဲ ။ ပြီးတော့ လည်း အခြား မိန်းမ တစ်ယောက် နဲ့ ဒီ သမ္ဗန် ကိုပဲ ပြန် ရောက် လာတတ်ကြတာပဲ ”
ဟု ပြော လိုက်ရာ မောင်ဖေသော် သည် အူကြောင်ကြောင် ဖြစ် သွား၏ ။
“ ကိုယ့်လူ က တော့ လုပ်ပြီ ”
ဟု ပြော လိုက်လျှင် သမ္ဗန်သမား က ..
.
“ ဒါက အဖြစ် ပြော ပြတာပါ ဆရာ ရယ် ။ အဲဒီလိုပဲ မိန်းမတွေ က လည်း ယောက်ျား တစ်ယောက် နဲ့ ဒီ သမ္ဗန် ကို စီး ပြီးရင် နောက် ယောက်ျား တစ်ယောက် နဲ့ ဒီ သမ္ဗန် ကို ပြန် ရောက် လာတတ်ကြ ပါသေးတယ် ”
ဟု ပြော လိုက်ရာ မြနန်းနွယ် က ...
“ ဒီမှာ သမ္ဗန်ဆရာကြီး ။ ဒီ က ဒီလို အစားမျိုး ထဲ က မဟုတ်ပါဘူး နော် ။ စကား ကို ကြည့်ပြောပါ ။ ဒီက ယောက်ျား တစ်ယောက် တည်း ကို ပဲ ချစ် ဖူးတာ ။ လပြည့် မှ တစ်ကြိမ် သာ ပွင့်ပြီး ကြွေကျ သွားတတ် တဲ့ ကုမုဒြာကြာ မျိုး လို ဒီက အသည်း က တစ်ကြိမ် သာ ချစ်တတ် ပါတယ် ”
ဟု ပြော လိုက်လေ၏ ။ ထိုအခါ သမ္ဗန်သမား က ...
“ ဟို တစ်ခါ သမ္ဗန် စီး သွား တဲ့ မိန်းမ တစ်ယောက် လည်း ဒီလိုပဲ ပြော တာပဲ ။ နောက် တစ်လ ၊ နှစ်လ လောက် ကြာတော့ တခြား ယောက်ျား တစ်ယောက် နဲ့ ဒီ သမ္ဗန် ကို လာ စီး ပြန်ရတာပဲ ။ ပြီးတော့ အဲဒီ စကားမျိုး ပြော သွားတာပါပဲ ”
ဟု ပြော လိုက်ရာ မြနန်းနွယ် က ...
“ ဒီမှာ သမ္ဗန်ဆရာကြီး ။ ကျွန်မ ကို ရှင် ယုံ ဖို့ မလိုဘူး ။ ကျွန်မ ချစ် တဲ့ မောင် ယုံရင် ပြီးတာပါပဲ ။ မောင့် ကို တော့ ကျိန်ပြမယ် ။ နွယ် ဟာ မမှန်မကန် တဲ့ အချစ်မျိုး နဲ့ မောင့် ကို ချစ်မိရင် ဖြစ်လေရာ ဘဝ တိုင်း မှာ မိန်းမ ချည်း ပဲ ဖြစ်ပါစေ သတည်း ။ ပြီးတော့ လင် မရပါစေ သတည်း ။ လင် လို ချင်သော အခါ၌လည်း ယူဇနာ တစ်ရာ ဝေးသော ကန္တာရခရီး ကို အဖော် မပါ တစ်ဦး တည်း ခြေကျင် သွား ပြီး သစ်ငုတ်တို ပေါ် မှာ ဆောင့်ကြောင့် ထိုင် နေတဲ့ လင်အို လင်မင်း ကို အခြားသော လင်ငတ်မ သုံးဦး နှင့် နပန်း လုံး ပြီး လု ယူ ရ ပါစေသတည်း ”
ဟု ကျယ်လောင်စွာ ကျိန် ပြလိုက်ရာ သမ္ဗန်သမား သည် တဟား ဟား ရယ်မော ရင်း ..
“ ဒီ ကျိန်နည်း က ပုဂံခေတ် က ကျိန်တဲ့ နည်း ။ ဒီ ခေတ် မှာ ဒီလို ကျိန်နည်း မျိုး မရှိဘူး ။ သမိုင်းကျောက်စာ အချို့မှာ ပုဂံခေတ် က ကျိန်တဲ့ ကျိန်ဓလေ့တွေ တွေ့ ရတတ်တယ် ။ အခု ခင်ဗျား ကျိန် တာ မျိုး ပေါ့ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ...
“ သမ္ဗန်ဆရာ ၊ ခင်ဗျား ကျောက်စာ လိုက်စားသလား ”
ဟု မေး လိုက်ရာ သမ္ဗန်သမား က ...
“ ဟင့်အင်း..ကျောက်စာ မလိုက်စားပါဘူး ။ ထမင်း ပဲ လိုက်စားတယ် ”
ဟု အရွှန်း ဖောက် လိုက်လေ၏ ။ ထို့ကြောင့် ၎င်းတို့ သုံးဦး သည် ဝါးခနဲ ရယ်မော လိုက်ကြ၏ ။ ၎င်းတို့ ၏ ရယ်မောသံ သည် ရန်ကုန်မြစ် ရိုး တစ်လျှောက် ပျံ့နှံ့ သွား လေတော့၏ ။ ထို့နောက်တွင် ကား သမ္ဗန်ဆရာ သည် တိတ်ဆိတ်စွာ သမ္ဗန် ခတ် ၏ ။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် နေ၏ ။ မြနန်းနွယ် သည် မောင်ဖေသော် ၏ ရင်ခွင် ထဲ တွင် သူ ၏ ဦးခေါင်း ကို နှစ်မြှုပ် ထား ရင်း တွတ်တီး တွတ်တာ ပြော ၍ လိုက်ပါ လာ လေ၏ ။ မောင်ဖေသော် သည် မြနန်းနွယ် ၏ နဖူး ပေါ် တွင် ဝဲကျ နေသော ဆံစကလေးများ ကို လက် ဖြင့် အသာအယာ သပ် ပေးနေ၏ ။
ထိုအချိန် ၌ လ ထွက် လာပြီ ဖြစ်၏ ။ လရောင် သည် ရန်ကုန်မြစ် ၏ လှိုင်းကြက်ခွပ်များ ပေါ် တွင် တဝင်းဝင်း တောက်ပလျက် ပြေးလွှား ဆော့ကစား နေ၏ ။ ထို လရောင် နှင့် အတူ မောင်ဖေသော် နှင့် မြနန်းနွယ် တို့ ၏ စိတ်များ သည် မရပ်မနား ပြေးလွှား ဆော့ကစား နေကြပြီ ဖြစ်၏ ။ ထို့ကြောင့် မောင်ဖေသော် ၏ လည်ချောင်း သည် တံတွေးများ ခန်းခြောက်ကာ ပူလောင် လာ၏ ။ ပူလောင်လာသည် နှင့် အမျှ အသံ သည် လည်း အက်ရှရှ ဖြစ်လာ၏ ။ ထို အက်ရှရှ အသံကြီး ဖြင့် ...
“ မောင် နွယ် နဲ့ မခွဲချင်တော့ဘူး ”
ဟု ပြော လိုက်ရာ သမ္ဗန်သမား က ..
“ ခင်ဗျား အသံကြီး က ဘယ်လို ဖြစ် သွားတာလဲ ”
ဟု ဝင်၍ ပြော လိုက်လျှင် မောင်ဖေသော် သည် အလွန် စိတ်ဆိုး သွား၏ ။
“ သမ္ဗန်သမား ထဲ မှာ ကိုယ့် လူ အညံ့ဆုံး ပဲ ။ ကိုယ် နဲ့ မဆိုင်တဲ့ ကိစ္စ တွေ မှာ ဝင်ပြီး ပါ နေတာကိုး ”
ဟု ပြော လိုက်လျှင် သမ္ဗန်သမား သည် ရယ် လေ၏ ။
“ စိတ်မဆိုးပါ နဲ့ မိတ်ဆွေ ရာ ။ ကျုပ် က ပျော်တတ်လို့ပါ ။ ပြော .. ပြော .. ပြော .. ကျုပ် က လည်း ဘိုင်စကုပ် မကြည့်ရတာ ကြာ ပြီ ဆိုတော့ ခင်ဗျားတို့ နှစ်ယောက် ကို ကြည့်ရင်း သမ္ဗန် ခတ်မယ် ”
ဟု ပြော လိုက်လေ၏ ။
မောင်ဖေသော် သည် နွယ့် အား အသံအက် ကြီး ဖြင့် စကား ပြော၍ နေလေ၏ ။
“ နွယ် ... မောင် လေ နွယ် နဲ့ အတူ အခုလို အမြဲတမ်း နေချင်တယ် ”
ဟု ပြော လိုက်ရာ မြနန်းနွယ် က ...
“ မိတ်ဆွေ ရဲ့အသံကြီး က ဘယ်လို ဖြစ်သွားတာလဲ ”
ဟု တိုးတိုး ပြန်၍ ပြော လိုက်လျှင် မောင်ဖေသော် သည် မြနန်းနွယ် ၏ ဟာသဉာဏ် ရှိပုံ ကို လွန်စွာ သဘောကျ သွားသည့် အလျောက် မြနန်းနွယ် ၏ နဖူးကလေး ကို လက်သီး ဖြင့် မနာကျင်အောင် ထု လိုက်လေ၏ ။ ထို့နောက် ၎င်းတို့ သည် စဉ့်အိုးတန်းဆိပ်ကမ်း သို့ ရောက်ရှိ သွားကြ လေ၏ ။ မောင်ဖေသော် သည် သမ္ဗန်သမား အား သမ္ဗန်ခ ပေး လိုက်၏ ။ ပြီးလျှင် မြနန်းနွယ် ၏ လက် ကို ဆွဲကာ ကုန်းပေါ်သို့ တက် လိုက်၏ ။ ပြီးလျှင် ၎င်းတို့ နှစ်ဦး သည် လက်ချင်း ချိတ်ကာ ဗိုလ်တထောင် ဘက် ဆီ သို့ ခြေကျင် လျှောက် ခဲ့ကြလေတော့၏ ။
မှောင်မိုက်သော ကုန်ရုံကြီးများ အနီး သို့ ရောက်သော အခါ မောင်ဖေသော် က မြနန်းနွယ် အား ...
“ မောင် တော့ ဟောဒီလို မှောင်မှောင်မည်းမည်း ဂိုဒေါင်ရိပ်ကြီး တွေ ထဲ က ဖြတ်ပြီး လျှောက် ရမှာ ကြောက် သလိုပဲ ။ အဲဒီလို နေရာ မျိုးတွေ က မကောင်းဆိုးဝါးတွေ ရှိ တတ်တယ် ”
ဟု ပြော လိုက်ရာ မြနန်းနွယ် က ရယ် လေ၏ ။
“ မကောင်း ရင် ဆိုးဝါး တာ ပေါ့ မောင် ရယ် ။ မကောင်းဆိုးဝါး ဆို တာ သရဲ ကို ပြော တာလား ။ တစ္ဆေ ကို ပြော တာလား ။ သဘက် ကို ပြော တာလား ။ ဥစ္စာစောင့် ကို ပြော တာလား ”
ဟု မေး လိုက်ရာ မောင်ဖေသော် က ..
“ တမလွန် ဘဝ က ဟာတွေ အားလုံး ဟာ မကောင်းဆိုးဝါး ပဲ မဟုတ်လား ”
ဟု ပြော လေ၏ ။ မြနန်းနွယ် သည် ခေါင်းကလေးကိုယမ်းရင်း ...
“ ဟင့်အင်း ... ဟင့်အင်း ... နွယ် တော့ ဒီလိုမထင်ဘူး ။ တမလွန် ဘဝ ကို ရောက်တဲ့ဟာတွေ အားလုံး ကို မကောင်းဆိုးဝါး ထဲ ထည့် လို့ မရဘူး ။ တမလွန် ဘဝ မရောက် ဘဲ နဲ့ မကောင်းဆိုးဝါး ဖြစ်နေတာ တွေ လည်း အများကြီး ပဲ ”
ဟု ပြန်၍ ပြောလေ၏ ။
“ နွယ် ပြော တာ လည်း မှန်ပါတယ် ။ မောင် က တမလွန် ဘဝ ကို ရောက် နေတဲ့ စောစောက နွယ် ပြောတဲ့ တစ္ဆေ တို့ ၊ သရဲ တို့ ၊ သဘက် တို့ ၊ ဥစ္စာစောင့် တို့ ကို အားကြီး ကြောက်တာ ။ ဘာဖြစ် လို့ ကြောက်တာ လဲ ဆိုတော့ သူတို့ အကြောင်း ကို ဂဃနဏ မသိ လို့ ကြောက်တာ ဖြစ်မှာပါ ”
ဟု ပြော လိုက်လျှင် နွယ် က ...
“ သူတို့ အကြောင်း ကို မောင် က သိချင်လို့လား ”
ဟု မေး လိုက်လေ၏ ။
ထိုအခါ မောင်ဖေသော် က ..
“ သိချင်တယ် နွယ် ။ သူတို့ လောက ဟာ ဘယ်လို ရပ်တည်နေတာ လဲ မသိဘူး ”
ဟု ပြော လိုက်လေ၏ ။
“ ဒီလို မောင် ရဲ့ ။ တမလွန် လောက က လူတွေ ကြည့် ကြည့်မှန် လို ပဲ ပြောင်းပြန် ရပ်တည် နေတာ ။ ဥပမာ လူ တစ်ယောက် ဟာ ညာဘက် ပါး ပေါ် မှာ အမှတ်ကြီး တစ်ခု ပါတယ် ဆိုပါတော့ ။ သေ သွားပြီး တမလွန်ဘဝ ရောက်ရင် အဲဒီ အမှတ်ကြီးဟာ ဘယ်ဘက် မှာ ရောက်နေတယ် ။ မောင် လည်း တစ်ခု စဉ်းစား ကြည့် လေ ။ မှန် ကို ကြည့် ပြီး မောင့် ရဲ့ ညာဘက် လက် ကို မြှောက် ကြည့်ပါလား ။ မှန် ထဲက မောင့် အရိပ် ဟာ ဘယ်ဘက် လက် ကို မြှောက် ပြနေလိမ့် မယ် ။ တစ်ခါတလေ တမလွန် လောကသား တွေ ဘာတွေ ဟာ တစ်စုံတစ်ယောက် ကို ပူးကပ်ပြီး စာတွေ ဘာတွေ ရေး ပြ တတ် တယ် ။ အဲဒီလို ရေး ပြတဲ့ အခါမှာ စာတွေ ဟာ မှန် ထဲ မှာ ထင် သလို ပြောင်းပြန်ကြီး ဖြစ် နေတတ်တယ် ။ သူတို့ ရေးတဲ့ စာ ကို မှန် နဲ့ ထောင် ကြည့် မှ အတည့် ဖတ်လို့ ရတယ် မောင် ရဲ့ ။ နောက် ဥပမာ တစ်ခု ပြော ရရင် တမလွန် လောက နဲ့ မောင် တို့ လောက ဟာ ရာဘာစတင့် တံဆိပ်တုံး နဲ့ အဲဒီ တံဆိပ်တုံး ရိုက်ထားတဲ့ တံဆိပ် ကို ကြည့် ရင် အတည့် တွေ ဖြစ်နေတယ် ။ တံဆိပ်တုံး ကို ကြည့် ရင် ပြောင်းပြန် ဖြစ် နေတယ် ”
ဟု မြနန်းနွယ် က ပြော လိုက်လျှင် မောင်ဖေသော် က ..
“ အဆန်းပဲ နော် ... ။ အဲဒါက ဘာကြောင့် ဒီလို ဖြစ် နေရတာတုံး ”
ဟု ပြော လိုက်လေ၏ ။
မြနန်းနွယ် သည် မောင်ဖေသော် ၏ လက် ကို ဆွဲယူ ပြီးလျှင် လက် ကို နမ်းရှုံ့ လိုက်ပြီး နောက် ..
“ အဲဒါဟာ ဘာကြောင့် ဖြစ်လဲ ဆိုတော့ အချိန်ကာလ ဆို တဲ့ စည်းမျဉ်းကြောင့် ဖြစ်တာ ။ အချိန်ကာလ ရဲ့ စည်းမျဉ်း နဲ့ အတူ အမြင်လွှာတွေ လည်း ကွာခြားတယ် ။ အင်္ဂလိပ်လို ပြောရင် “ ဒိုင် မင်းရှင်း ” ပေါ့ မောင် ရယ် ။ မောင် နဲ့ နွယ် တို့ လောက က “ သရီး ဒိုင်မင်းရှင်း ” သုံးဘက်အမြင်လွှာ လောက မဟုတ်လား ။ တမလွန် ဒီလို မဟုတ်ဘူး ။ “ နန်းဒိုင်မင်းရှင်း ” အမြင်လွှာ မဲ့ နေတဲ့ လောက ပေါ့ မောင် ရယ် ”
ဟု ပြော လိုက်လေ၏ ။
မောင်ဖေသော် သည် ခေါင်း ကို ကုတ်၏ ။
ထို့နောက် ..
“ နွယ် ပြောတာတွေ က တော့ ဟုတ်တာတွေ ဖြစ်မှာပါပဲ ။ ဒါပေမယ့် မောင် က တော့ ဘာမှ နားမလည်ဘူး ။ နားမလည်ဘူး ဆိုတာ အိုင်တင် လုပ်ပြီး ပြောတာ မဟုတ်ဘူး ။ တကယ့်ကို နားမလည်တာ ထပ်ပြီး ရှင်းပြပါဦး နွယ် ရယ် ... ”
ဟု ပြော လိုက်လေ၏ ။ ထိုအခါ မြနန်းနွယ် က ...
“ ဒီမှာ မောင်.. အချိန် ဆို တာ တကယ် က မရှိဘူးနော် ။ ရှိ သလို တင်စား ပြောဆို နေရတာ ။ တစ်နာရီ ၊ နှစ်နာရီ ၊ တစ်လ ၊ နှစ်လ ၊ တစ်နှစ် ၊ နှစ်နှစ် ဆိုတာတွေ က နှိုင်းစာပြီး ပြောရတဲ့ စကားတွေ ။ တကယ် က မရှိဘူး ။ အဲဒီလိုပဲ နေရာ ဆိုတာ လည်း သတ်မှတ် ပြောဆို နေရတာ ။ မောင် နဲ့ နွယ် နဲ့ ဘယ်လောက် ဝေး သလဲ လို့ ပြောမယ် ဆိုရင် ဖြေရ သိပ် ခက်သွားလိမ့်မယ် ။ မရှိတဲ့ အချိန်ကာလ ကို ရှိတယ် လို့ အမှတ် မှားပြီး လူ့ လောကကြီး မှာ ရပ်တည် နေကြ ရတာ ။ မရှိတဲ့ အကွာအဝေး ကို ရှိတယ်လို့ သတ်မှတ်ပြီး ရပ်တည် နေကြရတာ ။ အဲဒီ နှစ်ခု စလုံး ဟာ မာယာတွေ ချည်း ဖြစ်တယ် ။ ဒါကို လူတွေ သိဖို့ ခက်တယ် ။ တမလွန် လောကသားတွေ က တော့ သိကြတယ် ။ လွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော် လောက်က နတ်ရွာစံ ကံတော်ကုန် သွားတဲ့ အနော်ရထာဘုရင်ကြီး နဲ့ ဒီနေ့ မနက် မှ သေသွားတဲ့ ကလေးငယ် တစ်ယောက် တို့ ဟာ တမလွန် မှာ အတူတူ ပဲ ။ ဘယ်သူ က မှ ရှေ့ မကျဘူး ။ ဘယ်သူ က မှ နောက် မကျဘူး ။ တစ်ထပ်တည်း ၊ တစ်သားတည်း ဖြစ်တယ် ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် သည် ခေါင်း ကို ကုတ်ရင်း ..
“ ပိုပြီး ရှုပ်ကုန်ပြီ နွယ် ရေ ၊ မောင် တော့ နား မလည်ပါဘူး ။ အချိန် ကာလ နဲ့ အကွာအဝေး ၊ ပြီးတော့ အမြင် လွှာ ၊ အဲဒါ ဘာတွေလဲ ”
ဟု ပြန်၍ မေး လိုက်ရာ မြနန်းနွယ် က တခစ်ခစ် ရယ်လေ၏ ။
“ အဲဒါတွေ က ပဟေဠိ မဟုတ်ဘူး ။ ဉာဏ်စမ်းပုစ္ဆာ တွေ လည်း မဟုတ်ဘူး ။ တကယ့် အရာတွေ ဖြစ်တယ် ။ နွယ် တစ်ခု ပြောမယ် ။ နွယ် ဟာ အခု ခေတ် လူသား မဟုတ်ဘူး ။ ရှေး နှစ်ပေါင်း များစွာ က ရှိ နေတဲ့ လူသား ဖြစ်တယ် ။ အဲဒီလို နှစ်ပေါင်း များစွာ ရပ်တည် ဖို့ ဆိုတာ လူ့ ရဲ့အသွေးအသားတွေ ၊ လူ့ ရဲ့ ခန္ဓာတွေ နဲ့ ရပ်တည် လို့ မရဘူး ။ အဲဒီ အသွေးအသားတွေ ၊ အဲဒီ ခန္ဓာတွေ ဟာ ကြမ်းတမ်း တယ် ။ ဒါကြောင့် အနုသုခုမ ခန္ဓာ ၊ ဒါမှမဟုတ် ဇောတိ ခန္ဓာ နဲ့ ရပ်တည် နေ ရတယ် ။ အင်္ဂလိပ် လို ပြော ရင်တော့ အက်စ်ထရက် ဘော်ဒီ ပေါ့ ”
ဟု ပြော လိုက်ရာ မောင်ဖေသော် သည် သူ ၏ နား ကို မယုံသကဲ့သို့ ဖြစ် သွား ပြီးလျှင် မြနန်းနွယ် ၏ မျက်နှာ ကို စူးစူးရဲရဲ ကြည့် လိုက်လေ၏ ။
“ ဒီလို ဆိုရင် နွယ် ဟာ လူ မဟုတ်ဘူးလား ”
ဟု တုံးတိတိ မေး လိုက်၏ ။ မြနန်းနွယ် က ပြုံး ၍ ...
“ လူ တော့ လူပဲ ။ ဒါပေမယ့် မောင် တို့ လို လူ မဟုတ်ဘူး ။ ဘော်ဒီ က လည်း မောင် တို့ လို ဟူးမင်း ဘော်ဒီ မဟုတ်ဘူး ။ ပြီးတော့ နွယ် တို့ မှာ မောင် တို့ လို ဖလက်အင်ဘုန်း မရှိဘူး ။ ပြီးတော့ ရုပ် က လည်း မောင် တို့ လို ကြမ်းတမ်း တဲ့ သြဠာရိက ရုပ် မဟုတ်ဘူး ။ သုခုမ ရုပ် ဖြစ်တယ် ။ ပြီးတော့ နွယ် ဟာ မောင် တို့ လို သုံးဘက်မြင် လောက မဟုတ်ဘူး ။ နန်းဒိုင်မင်းရှင်း ဖြစ်တယ် ။ မသိတဲ့ လူတွေ က နွယ့် ကို ဥစ္စာစောင့် လို့ တောင် ထင် ကြတယ် ။ အမှန်က ဒီလို မဟုတ်ဘူး ။ နေ တဲ့ ‘ ပလိန်း ’ အလွှာချင်း မတူတာပါ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..
“ နွယ် အခု မောင့် ကို ပြောပြ နေတာတွေ ဟာ တကယ်ပဲလား ။ ကျီစား နေတာလား .. ”
ဟု ပြန် ၍ မေး လိုက်လေ၏ ။ ထိုအခါ ၌ မြနန်းနွယ် သည် ...
“ မောင် မယုံဘူး ဆိုရင် တစ်ခု ပြမယ် ။ မောင် အင်မတန် ကြောက် တဲ့ ဟောဒီ ဂိုဒေါင် အရိပ်မည်းမည်းကြီး ကို လင်း အောင် လုပ်ပြ မယ် ”
ဟု ဆိုကာ သူ ၏ ဘယ်ဘက် လက်ညှိုးကလေး ကို ထောင် လိုက်လေ ၏ ။ ထိုအခါ ၌ ဝပ် ၅ဝဝ ရှိ သော မီးလုံး ကို ထွန်းညှိ လိုက် သကဲ့သို့ လင်းထိန် ၍ သွား လေတော့၏ ။ မောင်ဖေသော် သည် မျက်လုံး ပြူး ၍ သွား ၏ ။ မြနန်းနွယ် သည် သူ ၏ ညာလက်ညှိုး ကို ထောင် လိုက်ပြန်၏ ။ ဝပ် ၁ဝဝဝ ရှိ သော မီးလုံး ကို ထွန်းညှိ လိုက် သကဲ့သို့ လင်းထိန် ၍ သွား၏ ။ ဂိုဒေါင်အရိပ်မည်းကြီး သည် နေ့ခင်း မွန်းတည့်ချိန် ကဲ့ သို့ လင်းထိန် ၍ နေလေတော့၏ ။
မောင်ဖေသော် သည် မြနန်းနွယ် ကို ထိတ်လန့်၍ လူချင်း ခွာ လိုက် လေ၏ ။ ထိုအခါ၌ မြနန်းနွယ် က ...
“ မောင် ... သိပ်ပြီး ကြောက် သွားပြီလား ”
ဟု မေး လိုက်လျှင် မောင်ဖေသော် က ..
“ ကြောက်တယ် လို့ ပြော ရ မှာ ထက် အံ့ဩ သွားတယ် လို့ ပြောရင် ပိုပြီး မှန်ပါတယ် နွယ် ။ ပြီးတော့ နွယ် ဟာ လူ မဟုတ်ဘူး ။ ဘာမှန်း လည်း မောင် မသိဘူး ။ နွယ် နဲ့ မောင် နဲ့ က အလွှာချင်း ၊ ပလိန်းချင်း လည်း မတူဘူး ဆိုတော့ ပေါင်း ရဖို့ ကော ရှိသေးရဲ့လား ”
ဟု မေး လိုက်ရာ မြနန်းနွယ် က ရယ် လေ၏ ။ ထို့နောက် ..
“ ဒါက လွယ်ပါတယ် မောင်ရယ် ။ ပလိန်းချင်း တူ သွားအောင် မောင့် ကို တမလွန် လောက ထဲ ခေါ် ဖို့ ပဲ ရှိ တာပေါ့ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် သည် ...
“ တမလွန်လောက .. ဟုတ်လား ။ တမလွန်လောက ဆိုတာ သေ သွားတာ ကို ပြောတာ မို့လား ”
ဟု အလန့်တကြား အော်ဟစ် လိုက်လေတော့၏ ။ ထို့နောက် မြနန်းနွယ် က ..
“ မောင် က လည်း တမလွန် ဆိုတာ နဲ့ ကြောက် လိုက်တာ မပြောပါ နဲ့တော့ ။ တမလွန် ရယ် ၊ အခု ရယ် ဆို တာ ဟာ တစ်ခုတည်း ပဲ မဟုတ်လား ။ စောစောက နွယ် ပြော ထားသားပဲ ။ အချိန်ကာလ ဆိုတာ တကယ် မရှိဘူးလေ ။ ကဲပါ ... ဟိုမှာ အိမ် ကို ရောက်လာ ပါပြီ ။ မိုးလည်း ချုပ်လှပြီ ။ ဒီမှာ ပဲ အိပ်သွား ”
ဟု ပြော လိုက်လေ၏ ။ မောင်ဖေသော် သည် မြနန်းနွယ် ၏ အိမ်ကြီး ကို ကြည့်လိုက်ရာ မကြာသေးမီက ၎င်း ရောက်ခဲ့ဖူးသော ခမ်းနား ကြီးကျယ် သည့် အိမ်ကြီး ဖြစ်ကြောင်း တွေ့ရ ပြန်လေ၏ ။
ထို့နောက် မြနန်းနွယ် က မောင်ဖေသော် အား အခန်း တစ်ခု သို့ ခေါ် သွား၏ ။ ထို အခန်း ကို လည်း မောင်ဖေသော် ကောင်းစွာ မှတ်မိ ၏ ။ ယခင် တစ်ကြိမ် အိပ်ဖူးခဲ့သော အခန်း ဖြစ်၏ ။ လွန်စွာ ကြီးကျယ် သော ခုတင်ကြီး ပေါ် တွင် လဲလျောင်း လိုက်၏ ။
ထို့နောက် မြနန်းနွယ် က မျက်လုံး တစ်ဖက် ကို မှိတ် လိုက်ပြီးလျှင် ...
“ မောင် .. အိပ်တော့ ”
ဟု ဆိုကာ ထွက်သွား လေတော့၏ ။ မည်မျှကြာကြာ အိပ်ပျော် သွားသည် မသိ ။ နံနက် ( ၈ ) နာရီ ထိုး သောအခါ၌ မြူနီစီပယ်ကုလား အလုပ်သမား နှစ်ဦးသည် မောင်ဖေသော် အား ကုန်ရုံဂိုဒေါင်ကြီး နှစ်ခု ကြား မှ ဆွဲထူ ၍ နှိုး လိုက်ပြီး လျှင် တစ်ယောက်သော သူ က ...
“ ဟေ့ ကောင်လေး ... . မင်း... ကျောင်းသား မဟုတ်လား ။ ဘာဖြစ်လို့ ဒီ ဂိုဒေါင် ကြား ထဲ လာ အိပ်နေတာလဲ ”
ဟု ပြော လိုက်သဖြင့် မောင်ဖေသော် သည် အိပ်မှုန်စုံမွှား ဖြင့် ထ လိုက်ပြီး နောက် ပတ်ဝန်းကျင် ကို ကြည့် ကာ ..
“ ဒီ နေရာ ကို ငါ ဘယ်လို လုပ်ပြီး ရောက် လာတာလဲ ။ ည က အဖြစ်အပျက်တွေ ဟာ အိပ်မက် လား ။ တကယ် လား ။ ဝေခွဲ၍ မရတော့ပါလား ”
ဟု စိတ်ပျက်စွာ ညည်းညူ လိုက် လေတော့ သတည်း ။
◾ မင်းသိင်္ခ
📖 မြနန်းနွယ်
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment