Tuesday, December 13, 2022

မြနန်းနွယ် ( ၈ )


 အခန်း ( ၂ )


မောင်ဖေသော် သည် ကျောင်း သို့ ပြန် ရောက်လာသည့် အခါ ၌ မြနန်းနွယ် အကြောင်း ကို တွေးတော မိ နေ သောကြောင့် ဘေး မှ သူငယ်ချင်း ခေါ်သည် ကို ပင် မကြားမိဘဲ ရှိလေ၏ ။ ထို့ကြောင့် သူငယ်ချင်း ဖြစ် သူ က


“ ဟေ့ ဖေသော် ၊ မင်း အခု ဘယ်လို ဖြစ် နေတာလဲ ။ မနေ့ က လည်း တစ်ည လုံး ပျောက် သွားတယ် ။ အခု ကြည့် တော့ လည်း အူတူတူ ၊ ငိုင်တိုင်တိုင် နဲ့ မင်း ကို ကြည့် ရတာ ဘိန်းမူး နေ တဲ့ ကောင် လို ပဲ ။ မဟုတ်မှ လွဲရော မနေ့ ည က အပေါင်းအသင်း မှား ပြီး ဘိန်းခန်း ရောက် သွားတယ် ထင်တယ် ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က ..


“ အဲဒါ ခက်တာပေါ့ကွာ ။ အချက် မသိတော့ သားမက် သူခိုး ထင် ၊ ငှက် မသိတော့ ဆက်ရက် ချိုး ထင် ဆိုတာ မျိုး ပေါ့ ။ ဘိန်းခန်း မဟုတ် ဘူးဟေ့ ။ နန်းတော် ကို ရောက် သွားတာ ။ ဘာ နန်းတော် လဲ သိလား ဟေ့ကောင် ။ အချစ်နန်းတော် ကွ ။ မင်းတို့ မသိတဲ့ ဆွေတော်မျိုးတော် ထဲ က အိမ်ကြီး တစ်အိမ် ကို ငါ ရောက်သွားတာ ။ အဲဒီ အိမ် ထဲ က မြနန်းနွယ် ဆိုတဲ့ မိန်းကလေး နဲ့ ငါ နဲ့ ချစ်ကြိုး သွယ်ခဲ့ကြတယ် ဆို ပါတော့ ကွာ ”


ဟု ပြန်၍ ပြော လိုက်လေ၏ ။ ထိုအခါ မောင်ဖေသော် ၏ သူငယ်ချင်း က ...


“ မင်း ပြောတဲ့ ဆွေတော်မျိုးတော် ရဲ့ အိမ်ကြီး ဆို တာ က ဘယ်မှာလဲ ” 


ဟု မေး လိုက်လျှင် မောင်ဖေသော် က ..


“ မသေမချင်း မှတ်ထား ဟေ့ကောင် ။ အဲဒီ အိမ်ကြီး က ဗိုလ်တထောင် က ကုန်ရုံကြီးတွေ နဲ့ သိပ် မဝေးဘူး ”


ဟု ပြော လိုက်ရာ မောင်ဖေသော် ၏ သူငယ်ချင်း က ... 


“ အေး .. မင်း လည်း မသေမချင်း မှတ်ထား ဟေ့ကောင် ။ ငါ က ဗိုလ်တထောင် သား အစစ် ကွ ။ မင်း ပြောတဲ့ ကုန်ရုံကြီးတွေ နား မှာ ဘယ်လို အိမ်ကြီးမျိုး မှ မရှိဘူး ။ မင်း ကို တော့ သရဲ ခြောက် လွှတ် လိုက်ပြီ ထင်ပါရဲ့ ”


ဟု ပြော လိုက်လေ၏ ။ ထိုအခါ မောင်ဖေသော် သည် ရယ် လိုက် လေ၏ ။ အားရပါးရ ရယ်ပြီး နောက် ..


“ ဒီလောက် လှတဲ့ မိန်းမ ဟာ သရဲ ဖြစ် နိုင်ပါ့မလား ငါ့ လူ ရ ။ တစ်ခု တော့ ရှိတယ် ။ သူ့ အိမ် မှာ ခိုင်း ထားတဲ့ ခွင်ကြီး ၊ ခွင်လေး ၊ ပြားကြီး ပြားလေး တို့ ကတော့ သရဲ လေးကောင် ဖြစ်ချင် ဖြစ် နိုင်တယ် ။ ဒါ ပေမယ့် မြနန်းနွယ် က တော့ မင်းသမီး အစစ် ပါ ကွာ ” 


ဟု ပြော လိုက်ရာ မောင်ဖေသော် ၏ သူငယ်ချင်း က ... 


“ ကြည့်လည်း လုပ်ပါဦး ဖေသော် ရယ် ။ ကျောင်း လာ နေတာ ပညာ မတတ် ဘဲ သရဲ ဖမ်းစား လို့ သေသွားတယ် ဆို မကောင်းပါဘူး ။ ကျောင်း လည်း နာမည် ပျက်တယ် ”


ဟု ပြော လိုက်လေ၏ ။


ထို့နောက် သူငယ်ချင်း နှစ်ဦး တို့ သည် စာသင်ခန်း သို့ ဝင် ကြလေ ၏ ။ များမကြာမီ ၌ အင်္ဂလိပ်စာ ပြသော ဆရာပါ ဆိုသူ ရောက် လာပြီး ယမန်နေ့ က သင်ကြားခဲ့သော စာများ ကို တစ်ယောက် ချင်း မေးမြန်းလေ တော့၏ ။ ဆရာပါ သည် လွန်စွာ စိတ် တို တတ်သူ ဖြစ်၏ ။ ထိုအချိန် ၌ ကျောင်းစာသင်ခန်း ၏ အပြင်ဘက် သို့ ငေး နေသော မောင်ဖေသော် အား ‘ ဟေ့ကောင် ’ ဟု အကျယ်ကြီး လှမ်း ၍ ခေါ် သော်လည်း မောင်ဖေသော် သည် မကြားပေ ။ ဆရာပါ သည် မောင်ဖေသော် အနီး သို့ ရောက် သွား ပြီးလျှင် ...


“ ဟေ့ကောင် ငါ ခေါ်နေတာ မကြားဘူးလား ”


ဟု ပြော ပြန်လေ၏ ။ မောင်ဖေသော် သည် မကြား ပြန် ။ ထို့ကြောင့် ဆရာပါ လည်း စိတ် တို ပြီးလျှင် မောင်ဖေသော် ၏ နားရွက် ကို တအား ဆွဲ လိမ် လိုက်လေတော့၏ ။ ထိုအခါ ကျ မှ ပင် မောင်ဖေသော် လည်း “ အား ” ခနဲ အော် လိုက်လေ၏ ။


“ ကျောင်းခန်း ထဲ မှာ ထိုင် ပြီး မင်း စိတ် က ဘယ်ကို ရောက် နေတာလဲ ” 


ဟု မေး လိုက်ရာ မောင်ဖေသော် သည် ယောင်ယမ်း ၍ ... 


“ မြနန်းနွယ် ဆီ ကို ”


ဟု ပြော လိုက်လေ၏ ။ ထိုအခါ ဆရာပါ က .. 


“ ဘယ်က မြနန်းနွယ် လဲ ” 


ဟု မေး လိုက်ရာ မောင်ဖေသော် က 


“ ဗိုလ်တထောင် မှာ ရှိတဲ့ ဆွေတော်မျိုးတော် ထဲ က မြနန်းနွယ် ” 


ဟု ပြန်၍ ဖြေ လိုက်လျှင် ကျောင်းသားများ သည် ရယ် ကြ ပြန် လေ၏ ။ ဆရာပါ က မူ ...


“ မဟုတ်မှ လွဲရော မင်း ပြောတာ ဟာ ပြဇာတ်မင်းသမီး တစ်ယောက် ဖြစ် လိမ့်မယ် ။ ပြဇာတ် ဆိုတာ ကြည့်တော့ ကြည့် ပေါ့ကွာ ။ မင်းသမီး ကို သိပ်တော့ မစွဲရဘူး ”


ဟု ပြော ၍ မောင်ဖေသော် အား စာ ကို မေးလေ၏ ။ မောင်ဖေသော် သည် တစ်လုံး မျှ မဖြေနိုင်ပေ ။ ဆရာပါ လည်း လွန်စွာ စိတ် ဆိုးသွား၏ ။ ထို့နောက် ..


“ မင်း ကို မိဘတွေ က ငွေကုန် ခံပြီး ဒီ ကျောင်း ကို ပို့ ထားတာ ဟာ အငြိမ့်မင်းသမီး ကို စွဲ ဖို့ မဟုတ်ဘူး နော် ။ စာ တော်ဖို့ ၊ ဒါကိုလည်း မင်း သတိ ထားပါ ဖေသော် ”


ဟု ဆရာပါ က ပြော လိုက်လေ၏ ။ ဤသို့နှင့် ပင် မောင်ဖေသော် သည် ကျောင်း စာ ကို စိတ် မဝင်စားဘဲ တစ်နေကုန် စာသင်ခန်း အတွင်း ၌ နေခဲ့ပြီး နောက် ညနေပိုင်း အတွင်း သို့ ရောက်သော အခါ ရေမိုး ချိုး ၍ ဗိုလ်တထောင် ရှိ ကုန်ရုံများ အနီး သို့ ထွက် လာ ခဲ့လေတော့၏ ။ ဗိုလ်တထောင် ကုန်ရုံ အနီး သို့ ရောက် လျှင် မှောင်စ ပျိုး နေပြီ ဖြစ်၏ ။ မောင်ဖေသော် သည် ခပ်သုတ်သုတ် လျှောက် သွား နေ၏ ။ တစ်နေရာ သို့ အရောက် တွင် ခြေခွင် သော လူ တစ်ယောက် က ၎င်း ၏ ရှေ့ တွင် လာ ၍ ရပ် လေ၏ ။ ထိုအခါ မောင်ဖေသော် က ..


“ ကိုယ့် လူ က ခွင်ကြီး ထင် တယ် ”


ဟု ပြော လိုက်ရာ ထို ခြေခွင် သူ က ...


“ မဟုတ်ဘူးဗျ ။ ကျုပ် က ခွင်လေး ။ ခွင်ကြီး ဆို တာ က ကျုပ် ရဲ့ အစ်ကို ။ သူ က ကျုပ် ထက် ပိုပြီး ခွင်တယ် ။ ခြေခွင် တဲ့ လူတွေ ဘုရင်ခံ ခန့်မယ် ဆိုရင်တော့ ကျုပ်တို့ ညီအစ်ကို သေချာပေါက် ရတာ ပေါ့ဗျာ ။ ဒါနဲ့ နေစမ်းပါဦး ၊ ကိုယ့် လူ က ဘယ် သွားမလို့တုံး ” 


ဟု မေး လိုက်ရာ မောင်ဖေသော် က ..


“ ဘယ် သွားရမှာလဲ ။ မြနန်းနွယ် အိမ် ကို သွားမှာပေါ့ ” 


ဟု ပြန်၍ ပြော လိုက်လေ၏ ။ ထိုအခါ ခွင်လေး က ... 


“ မသွားနဲ့ဦး ။ သခင်မလေး မရှိဘူး ။ အပြင် ကို သွားတယ် ” 


ဟု ပြောလေ၏ ။ 


မောင်ဖေသော် သည် ခွင်လေး အား ရှောင်ပြီး ဆက်၍ လျှောက် လာ၏ ။ တစ်နေရာ သို့ ရောက် လျှင် မျက်နှာ လွန်စွာ ပြား သော လူ တစ်ယောက် သည် မောင်ဖေသော် ၏ ရှေ့ တွင် လာ ၍ ရပ် လေ၏ ။ မောင်ဖေသော် က ထို လူ အား .. 


“ ခင်ဗျား ပြားလေး မဟုတ်လား ”


ဟု ပြော လိုက်လေ၏ ။ ထိုအခါ ထို သူ က ..


“ ကျုပ် ပြားလေး မဟုတ်ဘူး ။ ပြားလေး က ကျုပ် ရဲ့ ညီ ။ သူ က မျက်နှာ ကျုပ် မျက်နှာ လောက် မပြားဘူး ။ ကျုပ် မျက်နှာ က သူ့ ထက် ပိုပြီး ပြားတယ် ။ တစ်ခုတော့ ရှိ တာ ပေါ့ဗျာ ။ မျက်နှာ ပြား တဲ့ သူ တွေ သူဌေး ဖြစ်မယ် ဆိုရင်တော့ ကျုပ်တို့ ညီအစ်ကို နှစ်ယောက် ကို ဆာဘိုးသာ ဘယ် မီမလဲ ။ ဒါနဲ့ နေစမ်းပါဦး ။ ကိုယ့် လူ က ဘယ် သွား မလို့လဲ ” 


ဟု မေး ပြန်လေ၏ ။


“ မြနန်းနွယ် အိမ် ကို သွားမလို့ ”


ဟု မောင်ဖေသော် က ပြော လိုက်ရာ ပြားကြီး က ရယ် လေ၏ ။ 


“ ယောက်ျား ကြိုက်တော့ စိုက်စိုက်လာ ဆိုတဲ့ စကား ဟာ ခင်ဗျား အတွက် များ ထား ခဲ့ သလားဗျာ ။ တစ်ခု တော့ ပြောပြမယ် ။ ညနေ တို့ ၊ ဘာတို့ မှာ သခင်မလေး က အိမ် မှာ မရှိဘူး ။ ဗိုလ်တထောင် မှာ သွားပြီး ဘုရား ဖူး လေ့ ရှိတယ် ။ ဒေါ်စာဥကြီး က လိုက် သွား ရတယ် ။ ခင်ဗျား တွေ့ ချင် ရင် အဲဒီကို သွား ။ အဲဒီလို ပြော ပြရတဲ့ အတွက် မုန့်ကလေး ဝယ် ကျွေးဗျာ ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က


“ ပိုက်ဆံ တော့ မပေးချင်ဘူး ။ မုန့်လေး ဘာလေး ဝယ်ကျွေး ဆို ကျွေးမယ် ။ ကဲ ဘာ စားချင်လဲ ”


ဟု မေး လိုက်ရာ .. 


“ ဟောဒီ နား က အမဲအူပြုတ် ရောင်းတယ် ။ ကျုပ် က အမဲအူပြုတ် တအား ကြိုက် တယ်လေ ။ အနံ့လေး က မွှေး နေတာပဲ ။ အမဲသား မစား တဲ့ သူ အဖို့ က တော့ ညှီစော် နံ တယ်ပေါ့ ။ စားတဲ့ သူ အဖို့ က တော့ မွှေး နေတာပဲ ။ ဘယ်သူ မှန်သလဲ လို့ မမေးနဲ့ ။ နှစ်ယောက် စလုံး မှန်တယ် ။ မစား ရင် ညှီတယ် ။ နံနယ် ။ စားရင် မွှေးတယ် ။ ဒါပဲ ”


ဟု ပြော လိုက်လေ၏ ။


မောင်ဖေသော် သည် သူ ၏ အင်္ကျီအိတ် အတွင်း မှ မတ်စေ့ တစ်စေ့ ကို ထုတ်၍ ပေး လိုက်လေ၏ ။ ထို့နောက် .. 


“ ကိုယ့် လူ ဟာ ကိုယ့် လူ သွား ဝယ်စား ” 


ဟု ပြော လိုက်ရာ ပြားကြီး က ...


“ ခင်ဗျား ဟာ စိတ်သဘောထား အလွန် ကောင်း ပါတယ် ။ အဲဒါကို လိပ်ပြာ လှတယ် လို့ ခေါ်တာပဲ ”


ဟု ပြောလေ၏ ။


“ လိပ်ပြာ လှ တော့ ဘာ ဖြစ်သလဲဗျာ ”


ဟု မောင်ဖေသော် က မေးလိုက် ရာ ပြားကြီး က ..


“ လိပ်ပြာ လှ တော့ လိပ်ပြာ အချင်းချင်း ချစ်ကြတာပေါ့ ဗျာ ။ လိပ်ပြာ ဆိုတာ ဝိညာဉ် မဟုတ်လား ။ ဝိညာဉ်လောကသားတွေ က ခင်ဗျား ကို ချစ်ကြမှာပေါ့ ”


ဟု ပြော လိုက်ပြန်ရာ မောင်ဖေသော် က 


“ ဝိညာဉ်လောက အကြောင်း ကိုပြားကြီး သိသလား ” 


ဟု ပြန်၍ မေး လိုက်လေ၏ ။


“ သေသေချာချာတော့ ဘယ် သိမလဲဗျာ ။ သူ ပြော ၊ ငါ ပြော ကြား ဖူးတာတော့ ရှိပါတယ် ။ တစ်ခု တော့ ရှိတယ် ။ ဝိညာဉ်လောက ဆို တာ စိတ်ကူးယဉ် လောက မဟုတ်ဘူး နော် ။ တကယ် ရှိတဲ့ လောက ကိုယ့်လူ ယုံ ချင်မှ ယုံ ။ တကယ် ရှိတယ် ။ အဲဒါကို တမလွန် လောက လို့ ခေါ်တယ် ။ ပရလောက လို့ လည်း ခေါ်တယ် ။ ဝိညာဉ်လောက လို့လည်း ခေါ်တယ် ။ ကြိုက်တဲ့ နာမည် နဲ့ ခေါ် ကြတာပေါ့ ။ အဓိပ္ပာယ် က တော့ အတူတူပဲ ။ ဝိညာဉ်လောကသားတွေ က တခြားလောက ကို မနှောင့်ယှက်ဘူး ။ တခြားလောက သာ သူ့ ကို နှောင့်ယှက် ကြတာပါ ။ သူတို့ လောက မှာ က တန်ဖိုး အထားဆုံးက မေတ္တာတရား ပဲ ဗျ ။ မေတ္တာ ဆိုတာ ဘာလဲ ပြောရတာ သိပ် ခက် တယ် ။ မေတ္တာပို့ တွေ ရွတ် နေ တိုင်း လည်း မေတ္တာ မဖြစ်ဘူး ။ မေတ္တာ ပို့ မရွတ်ဘဲ နဲ့ လည်း သတ္တဝါတွေ အပေါ် မေတ္တာ ထား ရင် မေတ္တာ က ဖြစ် တာပါပဲ ။ မေတ္တာ နဲ့ ပတ်သက်လို့ ပြော ရရင် မေတ္တာ က အဒေါသ စေတသိက် ပဲ ဖြစ်တယ် ။ ဒေါသ မဖြစ်ဘူး ။ မမုန်းဘူး ပေါ့ ဗျာ ။ အဲဒါကို က မေတ္တာ ဖြစ်နေပြီ ”


ဟု ပြောဆိုကာ ပြားကြီး သည် အမဲအူပြုတ် ရောင်းသော ဆိုင် သို့ ထွက် သွားလေတော့၏ ။ ထိုသို့ ထွက်သွားရင်း မောင်ဖေသော်ဘက် သို့ လှည့် ကာ ..


“ စကားပုံ က တော့ တစ်လုတ်စားဖူး သူ့ကျေးဇူး လို့ ဆိုထားတယ် ။ အခု စား မှာက အမဲအူပြုတ် ဆို တော့ တစ်လုတ် မဟုတ်ဘူး ။ တစ်ဖတ် စားဖူး သူ့ ကျေးဇူး လို့ ပြော ရမလို ဖြစ်နေပြီ ။ စကားပုံ မှာ က တစ်လုတ်စားဖူး ပဲ ရှိတယ် ဆိုတော့ ကျေးဇူး မတင်တော့ဘူး နော် ” 


ဟု ပြော လိုက် လျှင် မောင်ဖေသော် က ..


“ ဒါကြောင့်လည်း ကိုယ့် လူ မျက်နှာ က ဒီလောက် ပြားနေတာ ကိုး ။ မျက်နှာ ပြားတဲ့ သူ တွေ ပါး အရိုက် ခံရမယ် ဆိုရင် ကိုယ့် လူ က ရှေ့ ဆုံး က ပဲ ။ ကဲ .. ကျုပ် သွားမယ် ”


ဟု ပြော လိုက်လေ၏ ။ ပြီးလျှင် မောင်ဖေသော် သည် မြနန်းနွယ် ၏ အိမ် ကို မသွားတော့ဘဲ ဗိုလ်တထောင်စေတီတော် ဘက် သို့ ခြေကုန် သုတ် ၍ လျှောက် ခဲ့လေတော့၏ ။ စေတီတော် အဝ သို့ ရောက်လျှင် အင်္ကျီ အပြာ ၊ ထဘီ အပြာ ကို ဝတ်ဆင်၍ ဖိနပ်အပြာ ကို စီးကာ ဗေဒါပန်း ကဲ့ သို့ ပြာနှမ်းနှမ်း ရှိသည့် ပန်း ကို ပန်ထားသည့် မြနန်းနွယ် ကို တွေ့ ရလေ၏ ။ သူ ၏ လက် ထဲ တွင် ကြာပွင့် လေးပွင့် နှင့် ကြာဖူးလေး တစ်ဖူး ကိုင် ထားသည် ကို တွေ့ရ၏ ။ ထိုအချိန်၌ မီးများ စတင် ထွန်းထားပြီ ဖြစ်သောကြောင့် မီးများ သည် မြနန်းနွယ် ၏ ကိုယ် ပေါ် သို့ ဖြာ၍ ကျနေသည် ကို တွေ့ရလေ ၏ ။ ထို့အတူ နေဝင်စ ဖြစ်၍ အနောက်ဘက် မိုးကောင်းကင် တွင် တိမ် များ တောက်နေသည် ဖြစ်ရာ ထို တိမ်များ တောက်သော အရောင် သည် မြနန်းနွယ် ၏ ကိုယ်ပေါ် သို့ ကျနေ၏ ။ ထို တိမ်ရောင် မီးရောင် တို့ ကြောင့် နဂို ကပင် လှသော မြနန်းနွယ် သည် ထူးထူးခြားခြား လှ ၍ နေ၏ ။ မောင်ဖေသော် သည် မြနန်းနွယ် ကို မြင် လျှင် ရင် ထဲ တွင် ထိတ်ခနဲ ဖြစ် သွား၏ ။ ထိုသို့ ထိတ်ခနဲ သည် ကြည်နူး သွားသည်လား ။ ကြေကွဲ သွားသည်လား ။ မဆိုနိုင်ပေ ။ မြနန်းနွယ် သည် သူ ၏ နီရဲသော နှုတ်ခမ်းလေး ကို ပင့် ၍ သူ ၏ သွားအစွန်းကလေး များ ပေါ် ရုံ မျှ ပြုံး လိုက်လေ၏ ။ ထိုသို့ ပြုံး ပြီး နောက်..


“ အစ်ကို ဖေသော်ကြီး ကို ဒီ နေရာ မှာ နွယ် ရှိတယ် လို့ ဘယ်သူ က များ သတင်း ပေး လိုက်ပါလိမ့် ”


ဟု ပြော လိုက်လေ၏ ။


ထိုအခါ မောင်ဖေသော် သည် မြနန်းနွယ် အနီး သို့ တိုးကပ် သွား ပြီး လျှင် ...


“ နွယ် အစ်ကိုဖေသော်ကြီး လို့ ခေါ် လိုက်တာ ရင်ထဲ မှာ နင့်ခနဲ တောင် ဖြစ် သွားတယ် ”


ဟု အသံ ကို နှိမ့် ၍ ပြော လိုက်ရာ မြနန်းနွယ် က ...


“ ဘယ်လို ခေါ်စေချင်လို့ လဲ နွယ် ခေါ်ပါ့မယ် ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က ..


“ မောင် လို့ ခေါ်ပါလို့ ပြောရင် ၊ ကိုယ့် အနေနဲ့ အတင့် ရဲမလား မဆိုနိုင်ဘူး ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ...


“ ခေါ်ရမှာပေါ့ မောင် ရယ် ။ နွယ် က မောင့် ကို ချစ် နေပြီ ပဲ ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် သည် မြေကြီး ပေါ် တွင် ခြေစုံ ရပ် နေရင်း ကောင်းကင် ပေါ် သို့ မြောက် တက် သွားသည် ဟု ပင် ခံစားရ ၏ ။ ထို့ကြောင့် မောင်ဖေသော် က


“ နွယ် ရယ် မောင် က တော့ ကောင်းကင်ပေါ် မြောက် တက် တက် သွားတယ် တောင် ထင်တယ် ”


ဟု ပြော လိုက်လေ၏ ။ ထိုအခါ မြနန်းနွယ် က ...


“ ချစ်သူ ပြောတဲ့ စကားတွေ ဟာ ချို ရင် ဒီလိုပဲ ခံစားရတယ် မောင် ၊ တစ်ခု တော့ ရှိတယ် မောင် ရေ ၊ နွယ် တို့ မောင် တို့ ရဲ့ အချစ် ဟာ အခု တွေ့ပြီး အခု ချစ်တယ် လို့ တော့ မထင် လိုက်နဲ့နော် ။ သံသရာ တစ်လျှောက် လုံး မှာ ဒီလိုပဲ ချစ် ခဲ့ကြတယ် ။ အဲဒါ မောင် သိ ရဲ့လား ဟင် .. ”


ဟု ပြော လိုက်လေ၏ ။ မြနန်းနွယ် ၏ နောက်ဆုံး “ ဟင် ” ဆိုသော စကား ကို စာဖြင့် ရေးပြ ၍ မရပါ ။ အင် နှင့် ဟင် ကြား ထဲ မှ အသံ ဖြစ်၏ ။ ထို အသံလေး သည် မောင်ဖေသော် ၏ နှလုံးသည်းပွတ် အား လှုပ်ယမ်းစေ ခဲ့ သော အသံကလေး ဖြစ်၏ ။


“ နေစမ်းပါဦး နွယ် ရယ် ၊ ကြာပွင့် က ငါးပွင့် ဆိုရင်လည်း ငါးပွင့် ပေါ့ ။ ဘာဖြစ်လို့ အဖူးလေး က တစ်ဖူး ဖြစ် နေရတာလဲ ၊ ပွင့်ဖတ် ကလေးတွေ မောင် လှန်ပေးမယ် ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ...


“ ဟင့်အင်း .. ဟင့်အင်း ... တမင်ကလာ ကို ဒီလို လုပ်ထားတာ ။ ပွင့် နေတဲ့ ကြာပွင့် လေးပွင့် က ပွင့်တော်မူ ပြီးတဲ့ ဘုရားလေးဆူ ကို ရည်ရွယ်တာ ၊ မပွင့်သေးတဲ့ ကြာဖူးလေး က မပွင့်သေးတဲ့ ဘုရား ကို ရည်ရွယ်တာ ။ နွယ် နဲ့ မောင် တို့ က နောက် ဘုရား ပွင့်တဲ အခါမှာ ဘုရား အတူတူ ဖူးကြမယ် ။ ဘုရား ပွင့် ရင် ဘုရား ဖူးပြီး သံသရာ ရဲ့ ဟိုဘက်ကမ်း တိုင် အောင် သွားကြမယ် ။ သံသာလေကမ်းတိုင် ဆိုတဲ့ သီချင်း ကို မောင် မကြားဖူးဘူးလား ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က


“ အမှန်အတိုင်း ပြောမယ် နွယ် ၊ မောင် က စာ သိပ်မဖတ်ဘူး ။ တုံး လည်း တုံးတယ် ။ အ , လည်း အ , တယ် ။ ရှင်းရှင်းလင်းလင်း ပြော မှ မောင် က နားလည်တာ မောင် က လူနုံ ပါ ကွယ် ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ...


“ အဲဒီ မောင် တို့ လို လူနုံတွေ ကို ပဲ ကြောက် ရတာ ၊ လူနုံတွေ က တစ်ချုံ ကွယ် ရင် တမယ် မေ့ တတ်တယ် ”


ဟု ပြောလိုက်လေ၏ ။ ထိုအခါ မောင်ဖေသော် က ... 


“ အဲဒီ အထဲ မှာ မောင် မပါဘူး ။ နွယ့် ကို မောင် က တော့ နွယ် အခုန က ပြော တဲ့ သံသရာ ဟိုဘက်ကမ်း ကို ကူး တဲ့ အထိ မေ့ မှာ မဟုတ်ဘူး နော် ၊ အဲဒီတော့ နွယ် ရယ် သံသာလေ ကမ်းတိုင်  ... ကူးကြမယ် တူစုံ မောင်နှံ .. ဆိုတာ မကြားဖူး ဘူး လား ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ...


“ စောစောတုန်း က တော့ လူအ ၊ လူနုံ ဆို အခုတော့ နွယ် ပြောတဲ့ သီချင်း ကို ဆက်ပြီးတောင် ပြော နိုင်သေးတယ် ။ ဒီ အပြော မျိုး နဲ့ မိန်းမ ဘယ်နှစ်ယောက် ရဲ့ နှလုံးသည်းပွတ် ကို ခြေမွ ခဲ့ ပြီးပြီလဲ မောင် ရယ် ”


ဟု ပြုံးစစ နှင့် မေး လိုက်ရာ မောင်ဖေသော် က ..


“ မမှန်မကန် အကြံ တစ်မျိုး နဲ့ ရိုးရိုး မချစ် ဆိုးညစ် ခဲ့ ရင် မောင့် ကို မိုးကြိုး ပစ်ပါစေ ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ... 


“ ဆောင်းတွင်းကြီး ပါ မောင် ရယ် မိုးကြိုး မပစ်ပါဘူး ။ ကျိန် ချင်ရင် တော့ မိုးဦး ကျ မှ ကျိန်ပြပါ ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..


“ ကျိန်ပါ့မယ် နွယ် ရယ် ၊ နွယ့် အပြင် နွယ့် ထက် ဦး တဲ့ သူ ရှိခဲ့တယ် ဆိုရင် မောင် ဟာ ငရဲ မှ သစ်ငုတ် ဖြစ်ရပါစေရဲ့ ။ ပြီးတော့ အချစ် ဆိပ် သင့်ပြီး မျက်စိ နှစ်ကွင်း အလင်း မရပါစေနဲ့ ”


ဟု ပြော လိုက် လျှင် မြနန်းနွယ် က ... 


“ အိုး မောင် က လည်း ဘာတွေ လျှောက် ကျိန် နေတာလဲ ။ ဒီလောက် တောင် ကျိန်ပြဖို့ မလိုပါဘူး ။ မောင့် ကို နွယ် ယုံပါတယ် ။ ကဲ .. လာ .. ဘုရား ကို ပန်း သွား ကပ်ကြရအောင် ”


ဟု ဆို ကာ မြနန်းနွယ် သည် မောင်ဖေသော် ၏ လက်မောင်း ကို ကိုင်လျက် သူ ၏ ကိုယ်လုံးလေး ကို လှုပ်လှီလှုပ်လဲ့ ဖြစ် စေလျက် ဘုရား ရင်ပြင် တွင် ခပ်သုတ်သုတ်ကလေး လျှောက် သွားလေ၏ ။ ထို့နောက် မြနန်းနွယ် က ...


“ ဒီမှာ မောင် ။ မောင် က ကြာသပတေးသား ဆို တော့ ကြာသပတေး ထောင့် မှာ ပန်း ကပ်ရမယ် ။ နွယ် က လည်း ကြာသပတေးသမီး ပဲ ။ ဒါပေမယ့် ဒီ တစ်ခါ ကြာပန်းတွေ ကို မောင် ပဲ ကပ် လိုက်ပါလေ ။ မောင် ကြာပန်း ကပ် နေတာ ကို နွယ် က ဟို နောက် က ကြည့်ပြီး ကြည်နူးစမ်းပါရစေ မောင် ရယ် ” 


ဟု ပြော လိုက်လျှင် မောင်ဖေသော် က


“ နှစ်ယောက် အတူတူ ထိုင် ပြီးတော့ ဘုရားဝတ်ပြု ကြမယ်လေ ။ ဘာ ဖြစ်လို့ နွယ် က ရပ် နေရမှာတုံး ”


ဟု ပြော လိုက်ရာ မြနန်းနွယ် က ...


“ နွယ် ပြော သလိုသာ လုပ်စမ်းပါ မောင် ရယ် ။ ညနေ တိမ်တောက် တဲ့ အရောင် အောက် မှာ နွယ် ချစ်တဲ့ မောင် တစ်ယောက် ကြာပန်းတွေ ကိုင်ပြီး စေတီတော် ကို ညွတ်တွား နေတာ ကို နွယ် က ဘေး က နေ ကြည့် နေချင်လို့ပါ ”


ဟု ပြော လိုက်ပြန်ရာ မောင်ဖေသော် က 


“ ရပါတယ် နွယ် ရယ် ၊ နွယ် က မောင့် ကို တကယ် ချစ်တာကိုး ” 


ဟု ပြော လိုက်လေ၏ ။ ထိုအခါ မြနန်းနွယ် က


“ ချစ်ပြီလား မောင် ရယ် ၊ ချစ်တယ် ဆိုတော့ တစ်ခါတည်း ပြောထား မယ် ။ နွယ် တို့ မိန်းမတွေ ဟာ အူ တိုတယ် ပဲ ပြော ရမလား ။ သဝန် ကြောင် တယ် ပဲ ပြော ရမလား ။ ကိုယ် ချစ်တဲ့ ယောက်ျား ကို တော့ တခြား မိန်းကလေး က လာပြီး ချစ် သွားမှာ သိပ်ပြီး စိုးရိမ်ကြတယ် ။ အဲဒီ အထဲ မှာ နွယ် လည်း ပါတယ် ။ တခြား မိန်းကလေး က မောင့် နား က ဖြတ် လျှောက် သွားပြီး မောင့် ရဲ့ကိုယ်ငွေ့နွေးနွေးကလေး ကို တိတ်တဆိတ် ခိုး ယူ သွား မှာ ကို လည်း နွယ် က ကြောက် တယ် ။ ပြီး တော့ မကြည့် သလို ကြည့် သလို နဲ့ မောင့် ကို ခိုး ကြည့် သွား မှာ ကို လည်း နွယ် က စိုးရိမ်တယ် ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က ..


“ စိတ်ချ တာမွေ ဘက် မှာ သံပန်း ၊ သံတံခါး လုပ်တဲ့ အလုပ်ရုံ ရှိတယ် ။ အဲဒီမှာ သံကွန်ချာကြီး သွား လုပ် ခိုင်းမယ် ။ ပြီးတော့ နွယ် နဲ့ မောင် အထဲ မှာ ဝင် နေကြမယ် ”


ဟု ပြော လိုက်လေ၏ ။ ထိုအခါ မြနန်းနွယ် က ... 


“ ဒီလို ဆိုတော့လည်း ဘယ် ကောင်းမလဲ မောင် ရယ် ၊ နှစ်ယောက် စလုံး ထောင် ကျ သလို ဖြစ် နေမှာပေါ့ ။ မောင် ပဲ အထဲ မှာ နေပါ ။ နွယ် က အပြင် က နေ လိုအပ်တာတွေ လုပ် ပေးမှာပေါ့ ” 


ဟု ပြော လိုက်လျှင် မောင်ဖေသော် က


“ အဲသလို ဆို ရင် မောင် တစ်ယောက် တည်း ထောင် ကျ သလို ဖြစ် နေမှာပေါ့ ”


ဟု ပြော လိုက်ရာ မြနန်းနွယ် က ...


“ အမှန်ပေါ့ မောင် ရယ် ၊ မောင့် ကို အိမ်ကြီး ပေါ် က ထောင်ကျ အောင် လုပ်ရမယ် ။ အဲဒါကို အိမ်ထောင် ကျတယ် လို့ ပြော တာ မဟုတ်လား ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..


“ အဲဒီ ထောင်မျိုးတော့ မောင် ကျ ချင်တာ ကြာပြီ ” 


ဟု ပြော လိုက်လေ၏ ။


“ ကဲပါ မောင် ရယ် ။ စကားတွေ ပြော မနေပါနဲ့ ။ ဘုရားဝတ်ပြုပါ ။ နွယ် ဟိုနား က ကြည့် နေမယ် ”


ဟု မြနန်းနွယ် က ပြောလိုက်ရာ မောင်ဖေသော် သည် ကြာပန်း များ ကို ကိုင်၍ မြတ်စွာဘုရား အား ကြည်ညို ဝပ်တွား ကာ ပန်းများ ကပ် လှူ လိုက် လေတော့၏ ။ ထို့နောက် နွယ် နှင့် ပေါင်း ရရန် ဆုတောင်း လေ တော့၏ ။ ပြီးလျှင် ကြာပန်းများ ကို ဘုရားပန်းအိုး သို့ သွား၍ စိုက် လိုက် လေတော့၏ ။ ထိုသို့ ပြုလုပ်ပြီး နောက် မောင်ဖေသော် သည် မြနန်းနွယ် ဆီ သို့ လျှောက် ၍ သွား၏ ။ မြနန်းနွယ် သည် မောင်ဖေသော် ၏ လက်ဖျား နှစ်ဖက် ကို ဆုပ်ကိုင် လိုက်၏ ။ ပြီးလျှင်


“ ဒီမှာ မောင် မောင် တို့ ယောက်ျားတွေ ဟာ မာန်မာန ကြီးတတ် ကြတယ် ။ ဒါပေမယ့် မောင် ဟာ ဘုရားဝတ်ပြုတဲ့ အခါမှာ ဖူး မြော်မာန်လျော့ လို့ ဆိုတဲ့ အတိုင်း မာန် လျော့ချ လိုက်တော့ မောင့် မျက်နှာ မှာ အလှတွေ တွေ့ ရတယ် ။ အဲဒါတွေ ဟာ ယောက်ျား တစ်ယောက် ရဲ့ တည်ကြည်မှု ၊ ရင့်ကျက်မှု ၊ မာန်မာန မရှိမှု ဆိုတဲ့ အရာ သုံးမျိုး ပေါင်းစပ်ပြီး ယောက်ျား တစ်ယောက် ရဲ့ အလှ တစ်မျိုး ကို နွယ် တွေ့ရတယ် ။ ဘုရား ကို မာန်လျော့ပြီး ရှိခိုး နေ တဲ့ မောင့် ရဲ့ မျက်နှာ ဟာ တန်ဆောင်မုန်းလပြည့်နေ့ ည မှာ သာတဲ့ လမင်းကြီး လို ပါပဲ မောင် ရယ် ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က


“ မောင် အခု ဘာတွေ ဆု တောင်းခဲ့သလဲ သိလား ” 


ဟု မေး လိုက်ရာ မြနန်းနွယ် က ... 

“ နွယ် နဲ့ ပေါင်းရပါစေသား လို့ ဆုတောင်း မှာ ပေါ့ ။ တခြား ဘာတွေ များ ဆုတောင်းစရာ ရှိလို့လဲ ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က ..


“ အမှန်ပဲ နွယ် ရေ ၊ အဲဒီ အတိုင်း ဆု တောင်းတယ် ”


ဟု ဝန်ခံ လိုက်လေ၏ ။ 


မြနန်းနွယ် သည် မောင်ဖေသော် ၏ လက် ကို ကိုင် ၍ စေတီတော် အပြင် ဘက် ဆီ သို့ လျှောက် လာ ခဲ့လေ၏ ။ လမ်း တွင် မြနန်းနွယ် က ...


“ နွယ် က တော့ မောင့် ရဲ့ မေတ္တာ ကို ရ ချင်တာ ဒီ တစ်ဘဝ တစ်လျှောက် မဟုတ်ဘူးနော် ။ သံသရာ ရဲ့ ဟိုဘက်ကမ်း ကို ကူးတဲ့ အထိ ရ ချင် တာ ။ ပြီးတော့ နွယ် က အခု အရွယ်မှာ တော့ လှ သေးတာပေါ့ ။ အသက် ကြီး လို့ အဘွားကြီး ဖြစ်ပြီး ခါးတွေ ကိုင်း ၊ နားတွေ ထိုင်း တဲ့ အရွယ် မှာ ကော မောင် က ဒီ အတိုင်း ချစ် နေမှာလား ” 


ဟု မေး လိုက်ရာ မောင်ဖေသော် က ..


“ တခြား ယောက်ျားတွေ တော့ မပြောတတ်ဘူး နွယ် ရေ ။ မောင့် အချစ် ကတော့ လျော့ သွားဖို့ မရှိပါဘူး ။ တဖြည်းဖြည်း တိုး သွား ဖို့ပဲ ရှိ ပါတယ် ။ ငယ် က ချစ် အနှစ် တစ်ရာ ဆိုရင် ကြီးလာတဲ့ အခါ မှာ အနှစ် တစ်ထောင် ပေါ့ နွယ် ရယ် ။ အခု မောင် ပြောတဲ့ စကား တွေ ကို နွယ့် စိတ် ထဲ မှာ အပိုတွေ လို့ ထင် ရင် နွယ့် အနေ နဲ့ မောင့် ကို စမ်း နိုင်ပါတယ် ”


ဟု ပြော လိုက်ပြန်ရာ မြနန်းနွယ် က


“ မစမ်းရက်ပါဘူး မောင် ရယ် ။ ကိုယ့် ကို ချစ်တာ ကို မယုံ လို့ ကိုယ် ချစ်တဲ့ ယောက်ျား ကို စမ်းသပ်မယ် ဆိုတာ ရက်စက်ရာ ကျ လှပါ တယ် ။ စမ်း လည်း မစမ်းရက်ပါဘူး ။ စမ်း လည်း မစမ်းချင်ပါဘူး ။ နွယ် ယုံ ပါတယ် ။ တစ်ခု တော့ ရှိတယ် ။ နွယ် နဲ့ မောင် တို့ ကြား မှာ ဒေါ်စာဥကြီး က နှောင့်ယှက် မှာ ။ ဒီ မိန်းမကြီး က နွယ့် အုပ်ထိန်း သူတွေ ကို တိုင်ချင် တိုင် မှာ ”


ဟု ပြော လိုက် လျှင် မောင်ဖေသော် က ..


“ နွယ့် မှာ အုပ်ထိန်းသူ ဟုတ်လား ။ ရှိသလား ။ ဘယ်သူတွေလဲ ” 


ဟု မေး လိုက်ရာ မြနန်းနွယ် က ...


“ အုပ်ထိန်းသူ ရှိတာပေါ့ မောင် ရယ် ။ ဘိုးဘိုးချုပ် ဆို တာ နွယ့် ရဲ့ အုပ်ထိန်းသူ ပေါ့ ။ နွယ် အမှား လုပ် မိတာ နဲ့ နွယ့် ကို ဆုံးမ တယ် ။ တစ်ခါတလေ အပြစ်ဒဏ် တွေ ၊ ဘာတွေ ပေးတယ် မောင်ရဲ့ ။ ဘယ်သူ နဲ့ မှ မတွေ့ရအောင် အလွန် နက်တဲ့ တွင်းကြီး ထဲ ကို ချ ချင် ချ ထား တာ ” 


ဟု ပြော လိုက်ရာ မောင်ဖေသော် က 


“ ဘယ်လောက် ကြာကြာ ချ ထားသလဲ ” 


ဟု မေး လိုက် လျှင် ..


“ သိပ် အကြာကြီး တော့ မဟုတ်ပါဘူး ။ တစ်ခါ ချ ရင် တစ်ရာ့ရှစ် နှစ် ကြာတယ် ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က ..


“ ဟင် ”


ဟု ယောင်ယမ်း ၍ ရေရွတ် လိုက် မိလေတော့၏ ။


◾  မင်းသိင်္ခ


📖  မြနန်းနွယ်


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment