( ၁ )
တစ်နေ့သ၌ ကျွန်ုပ် သည် ဗိုလ်တထောင်ဘုရား သို့ ဘုရားဖူး ရောက်ခဲ့လေ၏ ။ ကျွန်ုပ် သည် ကျွန်ုပ် ၏ မွေးနေ့ထောင့် ဖြစ်သော တနင်္ဂနွေထောင့် တွင် ထိုင်၍ စေတီတော်မြတ်ကြီး အား ရှိခိုး လေ၏ ။ ထိုသို့ ရှိခိုးပြီး နောက် ထို ထောင့် တွင် ရှိသော ခေါင်းလောင်းကြီး အား ကိုးချက် တိတိ ထိုး လိုက်လေ၏ ။ ပြီးလျှင် စေတီ အတွင်း လိုဏ် သို့ ဝင်ကာ လက်ယာရစ် လှည့်ပတ် ၍ ရှိခိုး ပြန်၏ ။ ထိုနေရာ မှ ထွက်ပြီးလျှင် လိပ်ကန် ဘက်သို့ သွားရောက်ကာ လိပ်များ ၊ ငါးများ ကို အစာ ကျွေး ၍ ဆုတောင်း လေ၏ ။ ပြီးလျှင် လိပ်ကန်အနီး ရှိ လင်းလွန်းပင်လေး အောက် ၌ ထိုင်၍ အမော ဖြေ နေလေ၏ ။ အမော ဖြေ သည် ဆိုရာ၌ အမှန်တကယ် မောပန်း ၍ အမော ဖြေသည် မဟုတ်ပေ ။ အခြား လုပ်စရာ မရှိသောကြောင့် အပျင်း ဆွဲကာ ထိုင် ချလိုက်ခြင်း ဖြစ်၏ ။ ထိုအချိန် ၌ ကျွန်ုပ် ၏ အသက် သည် သုံးဆယ် မျှ သာ ရှိ သေးရာ ဗိုလ်တထောင်စေတီတော် ၏ အတွင်း လိုဏ် ကို တစ်ပတ် ပတ် ရုံ မျှဖြင့် မောပန်းဖွယ်ရာ မရှိပေ ။ ဤသို့ လျှင် လင်းလွန်းပင် အောက် ၌ ထိုင် ချ လိုက်ပြီး နောက် လွယ်အိတ် ထဲ တွင် ပါ သော ဆေးပေါ့လိပ် တစ်လိပ် ကို ထုတ် ယူကာ မီးညှိ ရှိုက်ဖွာရင်း ကမ်းနား ဆိပ် ဘက် မှ ဖြတ် ၍ တိုက်လာသော လေညင်းအေးအေးကလေး ကို အတိုက် ခံ ၍ နေလေ၏ ။ အချိန် အတန်ကြာ ထိုင် နေသော အခါ၌ အေးစိမ့်စိမ့် ပင် ဖြစ် လာသဖြင့် လွယ်အိတ်အတွင်း မှ ဆွယ်တာလက်ပြတ် ကလေး ကို ထုတ်၍ ဝတ် လိုက် ရလေတော့၏ ။
ထိုအချိန်မှာ ပင် အသက် ခြောက်ဆယ်ကျော် အရွယ်ရှိ လူကြီး တစ်ယောက် သည် ကျွန်ုပ် အနီး သို့ ရောက် လာ ပြီးလျှင် ဘုရား ရှိခိုးလေ ၏ ။ ထိုသို့ ဘုရား ရှိခိုးပြီး နောက် ...
“ ရွှေတိဂုံစေတီတော် ၊ ရွှေဘုန်းပွင့်စေတီတော် ၊ ရွှေနားပန် စေတီတော် ၊ ရွှေကြက်ယက်စေတီတော် ၊ ရွှေဂုံတိုင်စေတီတော် ၊ ရွှေစာရံစေတီတော် ၊ ရွှေမုဋ္ဌောစေတီတော် ၊ ခုနစ်ဆူသော ရွှေစေတီ အပေါင်း ၌ ကျွန်ုပ် ပြုခဲ့သော မနောမယ ရွှေအဓိဌာန် ခုနစ် ကြိမ် ၏ ကုသိုလ်ကောင်းမှု ကို ကျွန်ုပ် ၏ သူငယ်ချင်း မောင်ဖေသော် အား အမျှ ပေးဝေပါ၏ ။ မောင်ဖေသော် ရေ .. အမျှ ... အမျှ ... အမျှ ... ”
ဟု ရွတ်ဆို လေ၏ ။ ထို့နောက် လူကြီး လည်း ကျွန်ုပ် ၏ အနီး၌ ပင် ထိုင် လိုက်လေ၏ ။ ထိုသို့ ထိုင် ပြီး လျှင် ထို လူကြီး သည် ဆေးလိပ် တစ်လိပ် ကို ထုတ်၍ သူ ၏ အိတ်တွင် မီးခြစ် ကို စမ်းလေ၏ ။ သို့ရာတွင် မီးခြစ် ကို မတွေ့သောအခါ ကျွန်ုပ် အား ...
“ မီး တစ်တို့ လောက် ပေးပါ ”
ဟု ပြောလေ၏ ။
ကျွန်ုပ် လည်း ထို လူကြီး အား ကျွန်ုပ် ၏ ဆေးလိပ် ကို လှမ်း၍ ပေး လိုက်၏ ။ ထို လူကြီး သည် ကျွန်ုပ် ၏ ဆေးလိပ် ၌ မီး တို့ လေ၏ ။ မီး တို့ ပြီးသော အခါ ၌ ကျွန်ုပ် က ...
“ နေစမ်းပါဦး ဦးလေး ရဲ့ ။ စောစောက ဦးလေး ဆိုတဲ့ ရွှေစေတီ ခုနစ်ဆူ ဆိုတာ ဘာလဲ ခင်ဗျ ”
ဟု မေး လိုက်လေ၏ ။
ထို အခါ ထို လူကြီး က ..
“ ဪ .. မောင်ရင် က ကျုပ် ဘုရား ရှိခိုးနေတာ ကို အစအဆုံး နားထောင် နေတာကိုး ။ အဲဒါက ကျုပ်တို့ ဆရာကြီး ပေး သွားတဲ့ ဓာတ်ပွင့် ၊ လာဘ်ပွင့် ၊ ကိသ်ဓာတ် ၊ ရွှေဓာတ် အဓိဋ္ဌာန် ကွယ့် ။ အဲဒီတုန်း က ကျုပ် က အတော့် ကို ဒုက္ခ ရောက် နေတယ် ”
ဟု ပြော ပြီးလျှင် ဆေးလိပ် ကို ဖွာ လိုက်လေ၏ ။
“ ဘယ်လို ဒုက္ခ ရောက်နေတာလဲ ဦးလေး ရဲ့ ”
ကျွန်ုပ် က စပ်စပ်စုစု မေးမြန်း လိုက်ရာ ထို လူကြီး က ..
“ မောင်ရင် ... စုံထောက် တော့ မဟုတ်ပါဘူး နော် ”
ဟု ပြောလေ၏ ။
“ စုံထောက် မဟုတ်ပါဘူး ဦးလေး ရယ် ။ စုံထောက် က ကျွန်တော့် လို ဗြောင် ဘယ် မေးမလဲ ။ သူ သိချင်တာ ကို ဦးလေး မသိအောင် လေ့လာ မှာပေါ့ ။ ကျွန်တော် က ရိုးရိုး အရပ်သား ပါ ။ ဗဟုသုတ လိုချင်လို့ မေးတာပါ ။ တစ်မျိုး မထင်ပါနဲ့ ”
ဟု ကျွန်ုပ် က ပြော လိုက်လေ၏ ။ ထို လူကြီး က ပြုံး လေ၏ ။ ထိုသို့ ပြုံးပြီး နောက် ..
“ ဒီလို မောင်ရင် ရဲ့ ... ။ အဲဒီတုန်း က ကျုပ် က အသက် သုံးဆယ် လောက် ပဲ ရှိဦးမယ် ။ ဒုက္ခ ရောက်နေတယ် ဆိုတာက ဒီလိုပါ မောင်ရင် ရယ် ။ ဒုက္ခ က တစ်မျိုး တည်း မဟုတ်ဘူး ။ ရှစ်မျိုး တိတိ ကျုပ် ဆီ ကို ရောက် နေတယ် ။
နံပါတ် ( ၁ ) ဒုက္ခ က တော့ ကျုပ် အိမ် မှာ နေတဲ့ အလုပ်သမား နှစ်ယောက် ကျုပ် ဆီ က ပိုက်ဆံ ခိုးပြီး ထွက်ပြေး သွားကြတယ် ။ ပိုက်ဆံ ခိုးတာ က အရေး မကြီးဘူး ။ သူတို့ နှစ်ယောက် ထွက်ပြေး သွားတော့ ကျုပ် မှာ အလုပ် ပျက် တာပေါ့ ။
နံပါတ် ( ၂ ) ဒုက္ခ က တော့ ကျုပ် ရဲ့ကျန်းမာရေး ပဲ ။ ကျုပ် ကို ဆရာဝန် က တီဘီ ရှိတယ် လို့ ပြောတယ် ။ ကျုပ် က လည်း ချောင်း တဟွတ် ဟွတ် ဆိုးတယ် ။ မော လိုက်တာလည်း မပြောပါနဲ့တော့ ဗျာ ။ အသက် ကို သေမင်း ဆီ မှာ ဝ ကွက် ပြီး အပ်ထားရတဲ့ အချိန်ပေါ့ဗျာ ။
နံပါတ် ( ၃ ) ဒုက္ခ က တော့ ကျုပ် က သင်္ဃန်းကျွန်း ဘက် မှာ နေ နေ တာ ။ ကျုပ် ရဲ့ လုပ်ငန်း က မြို့ ထဲ မှာ လုပ် မှ အလုပ် ဖြစ်မှာ ။ ဒီတော့ နေရာ သိပ်ပြီး ပြောင်းချင်တယ် ။ ပြောင်း ဖို့ ငွေ လည်း မရှိဘူး ။ အတော့် ကို ကျပ်တည်း နေ တဲ့ အချိန် ။ နောက် ကျုပ် နေရတဲ့ အိမ် က လည်း မြေစိုက် တဲ ကြီး ဗျ ။ ကျုပ် ရဲ့ရောဂါ နဲ့ လုံးဝ မသင့်တော် ဘူး ။ အဲဒီတော့ ဘာပဲ ဖြစ်ဖြစ် အိမ်ကောင်း အိမ်သန့်လေး တစ်လုံး တော့ ကိုယ်ပိုင် ရ ချင်တာပေါ့ဗျာ ။ အဲဒီ မြေစိုက်တဲကြီး တောင် ကျုပ် က ငှားပြီး နေ နေရတာ မဟုတ်လား ။
နံပါတ် ( ၄ ) ဒုက္ခ က တော့ နယ် မှာ ရှိတဲ့ ကျုပ် ရဲ့ ဖခင်ကြီး က သေလုမြောပါး အချိန် ကို စောင့် နေပြီ ။ သူ့ ကို ကျုပ် ကောင်းကောင်း သဂြိုဟ် ချင်တယ် ။ အဲဒီ အချိန် မှာ သေသွားရင်တောင် ကျုပ် မှာ ပိုက်ဆံ တစ်ပြား မှ မရှိတဲ့ အတွက် အလောင်း ကို ဖျာလိပ် နဲ့ပတ်ပြီး ပစ် ရမလို ဖြစ်နေတယ် ။ အဲဒီ အတွက်လည်း ကျုပ် စိတ် မှာ တော်တော် မကောင်း ဘဲ ဖြစ် နေပြန်တယ် ။
နံပါတ် ( ၅ ) ဒုက္ခ က တော့ ဘာပဲ ဖြစ်ဖြစ် ကျုပ် က အလုပ် လုပ်လို့ ငွေ ရခဲ့တာတော့ မှန်တယ် ။ ဒါပေမယ့် မစုမိ မဆောင်း မိဘူး ။ ငွေပို ငွေလျှံ လည်း မရှိဘူး ။ ကျုပ် က ဘာပဲဖြစ်ဖြစ် နေ့စဉ် စားသောက် သုံးစွဲ နေရတဲ့ အပြင် ဘဏ်တိုက် မှာ ငွေလေး သုံး ၊ လေး ငါးသောင်း လောက် တော့ ငွေပိုငွေလျှံ အနေ နဲ့ စုဆောင်း ထားချင် တာ အမှန်ပဲ ။
နံပါတ် ( ၆ ) ဒုက္ခ က တော့ ကျုပ် ဟာ ဘယ်သူ နဲ့ ပဲ တွေ့တွေ့ သြဇာ မတည်ဘူး ။ အနိမ့်ဆုံး အားဖြင့် ကျုပ် အိမ် မှာ ကျုပ် ထမင်း ကျွေး ထားရတဲ့ ခွေးပိန်မ အပေါ် မှာ တောင် သြဇာ မရှိဘူး ။ ကျုပ် မောင်း ရင် ဘယ်တော့မှ မသွားဘူး ။ သူများ မောင်း ရင် အဲဒီ ခွေးမ က တစ်ချက် တည်း နဲ့ ထ သွားတယ် ။ အဲဒီတော့ ကျုပ် ဟာ တန်ခိုး ဩဇာလေး အတော်အတန် လို ချင်တယ် ။ အဲဒါလေးဟာ အမှန်ပါပဲ ။
နံပါတ် ( ၇ ) ဒုက္ခ က တော့ ကျုပ် ဟာ အလုပ် တွေ တစ်ခု ပြီး တစ်ခု ပြောင်းပြီး လုပ် လာတယ် ။ ဘာ အလုပ် မှ ကျုပ် ကို အကျိုး မပေး ဘူး ။ အလုပ် လည်း မမြဲဘူး ။ အလုပ်လေး တစ်ခု တော့ မြဲ ချင် တယ် ။ ပြီးတော့ နေရာထိုင်ခင်း လည်း မမြဲဘူး ။ ဟို ပြောင်း လိုက် ဒီရွှေ့ လိုက်နဲ့ ။ အဲဒီတော့ စိတ်တိုင်းကျ နေရာလေး လိုချင်တယ် ။
နံပါတ် ( ၈ ) ဒုက္ခ က တော့ ပြော ရမှာတောင် ရှက် ပါတယ် ။ ကျုပ် မျက်နှာ ကို ကျုပ် မှန် ထဲ မှာ ကြည့်လိုက်တဲ့ အခါမှာ တစ်မျိုးကြီး ဗျ ။ ကျက်သရေ မရှိသလို ဖြစ်နေတယ် ။ သူများ အနေနဲ့ မပြောနဲ့ ။ ကိုယ့် မျက်နှာ ကိုယ် ကြည့် တာ တောင် ကိုယ့် မျက်နှာ ကို ကိုယ့် စိတ်ထဲ မှာ ကျက်သရေ မရှိ ဖြစ်နေတယ် ဆိုတော့ သူများ အနေနဲ့ ဘယ်လို နေ မလဲဗျာ ။ အဲဒီတော့ ဘာပဲ ဖြစ်ဖြစ်ဗျာ ။ ကျုပ် မျက်နှာ ကို ကျက် သရေ ရှိ စေချင်တယ် ။ ကျုပ် မျက်နှာ မြင်ရင် ချစ်ခင်ပါစေ ဖြစ် ချင် တယ်ပေါ့ သူငယ် ရယ် ”
ဟု ထိုလူကြီး က ပြောလေ၏ ။
ထိုအခါ ကျွန်ုပ် က ..
“ ဘာပဲဖြစ်ဖြစ် ဦးလေး ရယ် .. ဦးလေး ဒုက္ခ ရှစ်မျိုး က လည်း ခပ်ဆန်းဆန်း ပါ ပဲ လား ။ အဲဒီ ဒုက္ခတွေ ဘယ်လို ဖြစ်ကုန်သလဲ ပြောပါဦး ”
ဟု မေး လိုက်ရာ ထို လူကြီး က ပြုံး လေ၏ ။ ထိုသို့ ပြုံး ပြီး နောက် ..
“ စောစောက မောင်ရင် ကြား တဲ့ ရွှေ ပါတဲ့ ဘုရား ခုနစ်ဆူ မှာ အဓိဋ္ဌာန် လုပ် လိုက်တယ် မောင်ရင် ရဲ့ ။ ကျုပ် တတ် လို့တော့ မဟုတ်ဘူးနော် ။ ကျုပ်တို့ ဆရာ က ခိုင်းလို့ လုပ်တာ ။ ကျုပ်တို့ ဆရာ ဆို တာက တခြား လူ မဟုတ်ဘူး ။ ကျုပ်တို့ က အဘမှည့် လို့ ခေါ် တယ် ။ အခုတော့ မရှိရှာတော့ဘူး ။ မရှိရှာ တော့ဘူး ဆိုတာ သေပြီ လို့ ပြောတာ မဟုတ်ဘူး နော် ။ သူ့ အိမ် မှာ သူ မရှိတာကို ပြောတာ ”
ဟု ထို လူကြီး က ပြောလေ၏ ။ ထိုအခါ ကျွန်ုပ် က ..
“ ဘယ်လို အဓိဋ္ဌာန်တာ လဲ ဦးလေး ရဲ့ ။ ပြောပါဦး ဦးလေး ရဲ့ ။ ဦးလေး နဲ့ စကား ပြော ရတာကလည်း သွားတိုက်ဆေးဘူး ညှစ် ရ သလိုပါပဲ ။ တစ်ခါ ညှစ် မှ တစ်ခါ ထွက်တယ် ။ ကျွန်တော် နားလည် အောင် အစအဆုံး တစ်ခါ တည်း ပြော ပြလိုက်ပါ ဦးလေးရယ် ”
ဟု ပြောရာ ထို လူကြီး က ..
“ စကား ပြောတယ် ဆိုတာ အလကား နေရင်း ကရားရေသွန် မပြော ရဘူး မောင်ရင် ရဲ့ ။ ပုစွန်လက်မ ၊ ကက္ကရ စည်ကြီး တီး သလို တစ် ချက် တီး မှ တစ်ခါ မြည် ရတယ်ကွယ် ။ မောင်ရင် တို့ ခေတ် က လူတွေ စကား ပြော တာ က ဒီလို မဟုတ်ဘူး ။ တစ်ခွန်း မေး ရင် ဆယ်ခွန်း လောက် ဖြေ ကြတယ် ။ ဥပမာ ကွာ ထမင်း စား ပြီးပြီလား လို့ မေးရင် စားပြီး ရင် စားပြီးတယ် လို့ ဖြေဖို့ ပဲ ရှိတယ် ။ အခုတော့ ဒီလို မဟုတ်ဘူး ။ စားပြီးပြီ ၊ ကြက်သားဟင်း နဲ့ ။ အစကတော့ ကြက်သားဟင်း နဲ့ စားဖို့ မဟုတ်ဘူး ။ အဖေ က လည်း နေ မကောင်း လို့ သူ့ ကို ကြက်သားပြုတ်ကြော်လေး လည်း လုပ် ပေးရင်းနဲ့ ကျန် တဲ့ တစ်ခြမ်း ကို ပန်းသုံးပွင့်မဆလာလေး နိုင်နိုင် ခပ်ပြီး ကာလသား ချက် ချက်တာ ။ ဟင်းချိုလေး လည်း သောက် ချင်တာ နဲ့ ကြက်ရိုး ကလေးတွေ ကို ပြုတ်ပြီး ဆူးပုပ်ရွက် ခတ်တာလေ ။ ပြီးတော့ ဘော လယ်ကျွန်း ဘက် က အင်းသူကြီး ကိုသောင်းစိန် ဆိုတဲ့ သူ ယူလာ တဲ့ သုံးဦးစပ် ငါးပိလေး လည်း ကျိုတယ် ။ ပြီးတော့ ငါးကျည်းလေး နှစ်ကောင် လောက် မီး ဖုတ်ပြီး အဲဒီ ငါးပိရည် ထဲ အသား နွှင် ပြီး ထည့်လိုက်တာ ကြက်သွန်ဖြူ နဲ့ ဂျင်းကလေး တောင် ထောင်းပြီး ထည့် လိုက်သေးတယ် ။ ပြီးတော့ တာ ပါ ပဲ ။ မြိန်လိုက်တာ မပြောပါ နဲ့ တော့ လို့ ဆိုတာမျိုး ။ မေး တာ က တစ်ခွန်း ရယ် ဖြေ လိုက် တာက ဆယ်ခွန်း လောက် ဖြေ ကြတယ် ။ အဲဒါ ဘာလို့ဖြစ်လဲ ဆိုတော့ စိတ်ဓာတ် အား နည်း တာ ကို ပြတာ ။ ဒါမှ မဟုတ် မေးခွန်း ကို နား မလည်တာ ကို ပြတာ ။ ဒီမှာ မောင်ရင် ... ကျုပ် က စိတ်ဓာတ် အား နည်းတဲ့ လူ မဟုတ်ဘူး ။ မေးခွန်း နားမလည်တဲ့ သူ လည်း မဟုတ်ဘူး မောင် ။ မောင်ရင် ထပ်ပြီး သိချင်ရင် ထပ်ပြီး မေး ။ ဒါပဲ ”
ဟု ပြော လိုက်လေ၏ ။
ထိုအခါ ကျွန်ုပ် သည် ဆေးလိပ်တို ကို ထိုး ချေ၍ လွှင့်ပစ်ရင်း ..
“ ပုစွန်လက်မ ၊ ကက္ကရစည်ကြီး လည်း ဆိုတော့ တစ်ချက် မေး မှ တစ်ချက် ဖြေမယ် လည်း ပြော ထား တော့ ဦးလေး မထ နဲ့ ။ ကျုပ် သိချင် တာတွေ တစ်ခု ချင်း မေးမယ် ”
ဟု ဆိုကာ ထို လူကြီး ၏ ခါး ကို ကျွန်ုပ် က သိုင်း ၍ ဖက် လိုက် လေ၏ ။ ထိုအခါ ..
“ ဟေ့သူငယ် .. ယားတတ်တယ် ကွ ။ ခါး ကို မဖက်နဲ့ ။ ငါ အခုထိ လူပျိုကြီး လုပ်နေတာ အဲဒီ အချက်ပဲကွ ။ ခါး ကို ထိတာ နဲ့ ကို ယား တာ နဲ့ မိန်းမ မယူရဲ တာ ပေါ့ ”
ဟု ထို လူကြီး က ပြော လေ၏ ။
ထိုအခါ ကျွန်ုပ် က ဖက် ထားသော လက်များ ကို ဖြေ ပေးလိုက်ရင်း ..
“ ကဲပါ ဦးလေး ရယ် ... ရွှေစေတီခုနစ်ဆူ မှာ ဘယ်လို အဓိဋ္ဌာန် လုပ် ရတယ် ဆိုတာ ကျွန်တော့် ကို ပြောစမ်းပါ ။ ဒါပေမယ့် ဦးလေး လို ဒုက္ခ ရှစ်မျိုး တော့ မဟုတ်ဘူး ။ ကျွန်တော့် မှာ အမျိုး ( ၈၀ ) လောက် ရှိမယ် ထင်တယ် ”
ဟု ကျွန်ုပ် က ပြော လိုက်လျှင် ထို လူကြီး က ..
“ လေမျိုး ( ၈၀ ) ပဲ ကြား ဖူးပါတယ် ကွာ ။ ဒုက္ခမျိုး ( ၈၀ ) လို့ တော့ မကြားဖူးပါဘူး ”
ဟု ပြောလေ၏ ။
“ ဒါနဲ့ နေပါဦး ဦးလေး ရဲ့ ။ ကျွန်တော် တို့ စကား ပြောတဲ့ အခါမှာ ဒုက္ခ ကို ဒုက္ခ လို့ တစ်မျိုးတည်း မပြောဘူး ။ ဒုက္ခသုက္ခ လို့ ပြော နေ ကြတယ် ။ ဒုက္ခ ကို တော့ နားလည်ပါပြီ ။ သုက္ခ ဆိုတာ ဘာလဲ ဦးလေးရဲ့ ”
ဟု ကျွန်ုပ် က မေး လိုက်ရာ ထို လူကြီး က ..
“ သုက္ခ ဆို တဲ့ စာလုံးတော့ ပါဠိ စာလုံး ရှိဟန် မတူဘူးကွယ့် ။ စကား ပြောတဲ့ အခါမှာ တုံးတိတိကြီး ဖြစ်မှာ စိုးလို့ စကားဖို ၊ စကားမ အနေ နဲ့ ပြော နေကြတာနဲ့ တူ ပါတယ်ကွာ ။ ဒါမှ မဟုတ်ရင်လည်း ဦးလေး နားလည်သလို ပြောရရင် ဒုက္ခ ဆိုတာက ဆင်းရဲမှု ကွ ၊ သုက္ခ ဆိုတာက ချမ်းသာမှု ထဲ က လာတဲ့ ဆင်းရဲမှု ပဲ ။ ဥပမာ ကိုယ်ပိုင် မော်တော်ကား မရှိတဲ့ လူ ဟာ ကား တိုး စီးရတဲ့ ဒုက္ခ ပေါ့ ကွာ ။ ကိုယ်ပိုင် မော်တော်ကား ရှိတဲ့ သူ က လည်း မင်းတို့ ၊ ငါတို့ လို ဒုက္ခ မဟုတ် ပေမယ့် ကား ဓာတ်ဆီ ထည့် ရတာတို့ ၊ ကိုယ့် ကား ကို သူများ နဲ့ ပွတ်မိလို့ စိတ်ဆင်းရဲတာ တို့ တွေ ရှိ မှာပေါ့ ။ အဲဒါ က တော့ သုခ ထဲ က လာတဲ့ ဒုက္ခ မို့လို့ သူ့ ကို သုက္ခ လို့ ခေါ် လိုက်ဟန် တူတယ် ကွ ”
ဟု ပြောကာ ထို လူကြီး သည် သူ ၏ စကား ကို သူ့ ဘာသာ သဘော ကျ ၍ တခွစ်ခွစ် ရယ်လေ၏ ။ အမှန်အားဖြင့် တခစ်ခစ် ရယ်သည် ဟု ပြော ရ မည့် အစား ထို လူကြီး ရယ်သည့် အခါ၌ ချောင်းသံ ပါ နေ၍ တခွစ်ခွစ် ဖြစ် နေသောကြောင့် တခွစ်ခွစ် ရယ်သည် ဟု ပြော ရခြင်း ဖြစ်၏ ။
“ ကဲပါ ဦးလေး ရယ် .. ဦးလေး ရဲ့ ရွှေစေတီခုနစ်ဆူ အဓိဋ္ဌာန် အကြောင်း ပြောပါဦး ”
ဟု ကျွန်ုပ် က သတိ ပေးလိုက်ရာ ထို လူကြီး က ..
“ ကျုပ် အဓိဌာန် ဝင် တာ တစ်ယောက် တည်း မဟုတ်ဘူး ။ အဖော် ပါ သေးတယ် ။ အဖော် က ဘယ်သူလဲ ဆိုတော့ မီးရထားရုံး က စာရေးလေး မောင်လှဖေ ပဲ ။ မောင်လှဖေ ဟာ ရုံး စ ဝင်ကတည်းက အောက်တန်းစာရေး ပဲ ။ ဆယ်နှစ် ကျော်ပြီ ။ အောက်တန်းစာရေး က ကို မတက်ဘူး ။ အဲဒီတော့ သူ က လည်း အဓိဋ္ဌာန် ဝင် ချင်တယ် ။ သူ လည်း လိုက်ပါရစေ ဆိုတော့ သူ့ ကို ပါ ခေါ် သွားရတယ် ။ အဓိက က တော့ ရွှေစေတီ ခုနစ်ဆူ မှာ ပုတီး စိပ် ရတာပါပဲ ။ တစ်ပတ် မှာ တစ်ရက် ပေါ့ ။ ဗုဒ္ဓဟူး နေ့ မှာ စိပ် ရတယ် ။ စိပ် ရ တဲ့ ဂါထာ ကတော့ ”
ဟု ဆိုကာ အောက်ပါ ဂါထာ ကို ရွတ် ပြလေတော့၏ ။
ဝေရာ ဓံသီယ ဘောဂါစ ၊
အနန္တာ ခီဏ ဘောဂဝါ ။
အနန္တ ဘဇ္ဇ ပရိသော ၊
ဘဝသော ပါပုဏေ သိဝံ ။ ။
“ အဓိပ္ပာယ် က ဘယ်လိုလဲ ဦးလေး ရဲ့ ”
ဟု ကျွန်ုပ် က မေးရာ ထိုလူကြီး က ..
“ အဓိပ္ပာယ် လို့ မပြောရဘူးကွ ။ “ အနက် ” လို့ ပြောရတယ် ။ အနက် က ဒီလိုကွ ။ တစ်လုံးချင်း မင်း ကို ပြောမယ် ။ “ ဝေရာ ဓံသီယ ဘောဂါစ ” ဆိုတာ က ရန်သူမျိုး ငါးပါး တို့ မလုယက် မဖျက်ဆီး နိုင်သော ပစ္စည်းဥစ္စာ ရှိသည် လို့ အဓိပ္ပာယ် ရတယ် ။ “ အနန္တာ ခီဏ ဘောဂဝါ ” ဆိုတာ က အတိုင်းမသိ အဆုံးမရှိ သုံးဆောင်၍ မကုန်နိုင်သော ပစ္စည်းဥစ္စာ ရှိသည် လို့ အဓိပ္ပာယ် ရသည် ။
“ အနန္တာ ဘဇ္ဇ ပရိသော ” ဆိုတာက အတိုင်း မသိ အဆုံး မရှိ မပျက်စီး နိုင်သော ပရိသတ် ရှိသည် လို့ အဓိပ္ပာယ် ရတယ် ။ “ ဘဝသော ” ဆိုတာက ဘဝ တိုင်း ၊ ဘဝ တိုင်း လို့ အဓိပ္ပာယ် ရတယ် ။ “ ပါပုဏေ ” ဆိုတာ က ရောက်ရပါလို ၏ လို့ အဓိပ္ပာယ် ရတယ် ။ “ သိ ” ဆိုတာက နိဗ္ဗာန် လို့ အဓိပ္ပာယ် ရတယ် ။ အဲဒီတော့ကွာ အတိုချုပ် မောင်ရင် နားလည်အောင် အနက် ပေး ရရင်တော့ နိဗ္ဗာန် မရမီ စပ်ကြား ဖြစ်လေရာ ဘဝတိုင်း မှာ ရန်သူမျိုးငါးပါး ဖျက်ဆီးလို့ မရတဲ့ ပစ္စည်းဥစ္စာ ရှိပါစေ ၊ ပစ္စည်းဥစ္စာ နဲ့ ပြည့်စုံပါ စေ ။ အတိုင်းမသိ အဆုံးအစ မရှိ ပစ္စည်းဥစ္စာ ချမ်းသာပါစေ ။ အတိုင်းမသိ တဲ့ ပရိသတ် လည်း ကိုယ့် မှာ ရှိပါစေ လို့ အဓိပ္ပာယ် ရ တာပေါ့ ကွာ ။ ငါ က စာတတ်ပေတတ် ဘုန်းကြီး မှ မဟုတ်ဘဲ ။ အတိအကျ တော့ အဓိပ္ပာယ် ပြန် မပေးနိုင်ဘူးကွ ။ သဘောလောက် ရရင် တော် ရောပေါ့ကွာ ”
ဟု ပြောလေ၏ ။
“ အဲဒါ ဂါထာ က တော့ ဟုတ်ပါပြီ ဦးလေး ရယ် ။ အဲဒါ ဘယ်လို အဓိဋ္ဌာန် ယူ ရမှာလဲ ”
ဟု ကျွန်ုပ် က မေးပြန်ရာ ထို လူကြီး က ..
“ ဗုဒ္ဓဟူး နေ့တိုင်း လုပ် ရမှာကွ ။ တစ်နှစ် မှာ အကြမ်းဖျင်း အားဖြင့် ဗုဒ္ဓဟူး နေ့ ၅၂ ကြိမ် မြောက် လောက် ပါတယ် ။ လုပ် ရမှာက ၄၉ ခါ တိတိ လုပ် ရမှာ ဆိုတော့ တစ်နှစ် လောက် လုပ် ရမှာပေါ့ကွာ ။ လုပ် နေတဲ့ အတွင်း မှာ လည်း ည အိပ်ရာ ဝင် တိုင်း အဲဒီ ကုသိုလ်ကောင်းမှု ကို အမျှ ဝေ ရမယ် ။ ပြီးတော့ တို့ ဆရာကြီး ပြောသွားတဲ့ အတိုင်း ဆိုရင်တော့ အဲဒီ အဓိဋ္ဌာန် လုပ်တဲ့ နေ့ က စပြီး ထမင်း စားတဲ့ အခါ မှာ ကြွေပန်းကန် မှာ ရွှေရေး အနားကွပ်လေး ပါ တဲ့ ဟာမျိုး နဲ့ စား ရမယ် ကွာ ။ သူ ပြောတဲ့ အတိုင်း ကတော့ ဒါမှ ကိသ်ဓာတ် မိတယ် လို့ ဆိုတာပဲ ။ ငါ လည်း မမေး ဝံ့ လို့ မမေး လိုက်ရဘူး ။ ကိသ်ဓာတ် ဆိုတာ ရွှေဓာတ် နဲ့ တူပါတယ် ”
ဟု ပြောလေ၏ ။
“ ပုတီး က ဘယ်နှပတ် စိပ် ရမှာလဲ ”
ဟု ကျွန်ုပ် က မေး လိုက်ရာ ..
“ များများ မဟုတ်ပါဘူးကွ ။ ခုနစ်ပတ် တည်း စိတ် ရမှာ ”
ဟု ထို လူကြီး က ပြော လေ၏ ။
“ ပုတီး စိပ် တာ က ဟုတ်ပါပြီ ဦးလေး ရယ် ။ ဘယ်လို ပုတီးမျိုး နဲ့ စိပ် ရမှာလဲ ”
ဟု ကျွန်ုပ် က မေး ပြန်ရာ ထို လူကြီး က ..
“ ကြိုက်တဲ့ ပုတီး နဲ့ စိပ်နိုင်တယ် ။ သစ်သားပုတီး နဲ့ စိပ်စိပ် ၊ ကျောက် ပုတီး နဲ့စိပ်စိပ် ၊ ကြေးပုတီး နဲ့စိပ်စိပ် စိပ် နိုင်တယ် ။ ဒါပေမယ့် တို့ ဆရာကြီး ပြောခဲ့တဲ့ အတိုင်း ပြောရရင်တော့ ကိုးလုံးပုတီးခေါင်း လေး ကို ရွှေ ချပြီး မှ စိပ်ရမယ် ။ ဒီမှာ မြင်လား ။ ငါ့ ပုတီး ”
ဟု ဆိုကာ ထို လူကြီး သည် သူ ၏ ပုတီးလေး ကို ထုတ် ပြလေ၏ ။ ကျွန်ုပ် သည် သူ ၏ ပုတီး ကို မြင် ရုံမျှနှင့်ပင် ပိတောက်သား ပုတီး မှန်း သိ လေ၏ ။ ထိုကြောင့် ကျွန်ုပ် က .. “ ဦးလေး ပုတီး က ပိတောက်သားပုတီး ပါ ဗျာ ” ဟု ပြော လိုက်ရာ ထို လူကြီး က ..
“ မှန်တာပေါ့ မောင်ရင် ရယ် .. ကျုပ် က တနင်္ဂနွေ သား ၊ နာမည် က အောင်သော် တဲ့ ။ တနင်္ဂနွေ ရဲ့ မိတ် က ကြာသပတေး မဟုတ်လား ။ တနင်္ဂနွေ ရဲ့ ဓာတ် က စနေ မဟုတ်လား ။ အဲဒီတော့ ကြာသပတေး နဲ့ စနေ တွဲ တဲ့ အသား ဆိုတော့ ပိတောက် ပေါ့ ။ အဲဒါလည်း ကျုပ် တို့ ဆရာကြီး ပေးခဲ့တဲ့ နည်း ပါပဲ ။ မိတ် ကို ဓာတ် အုပ် ရမယ်တဲ့ ”
ဟု ပြောပြလေ၏ ။
“ ဟုတ်ပါပြီ ဦးလေး ။ တနင်္ဂနွေ သား အတွက် ပိတောက် ဆို တော့ ဟုတ်ပါပြီ ။ တနင်္လာ သား အတွက် ဆို ဘာလဲ ”
ဟု မေးလိုက်ရာ ဦးအောင်သော်ကြီး က ..
“ တနင်္ဂနွေ အတွက် ပိတောက် ၊ တနင်္လာ အတွက် လက်ပံ ၊ အင်္ဂါ အတွက် သရက် ၊ ဗုဒ္ဓဟူး အတွက် ကသစ် ၊ ကြာသပတေး အတွက် အင်ကြင်း ၊ သောကြာ အတွက် စောင်းလျား ၊ စနေ အတွက် ရှာရ အတော် ခက်တယ် ။ ဒါပေမယ့် လုပ်နည်း ကတော့ ပုတီး ကို လင်းလွန်းသား နဲ့ အုန်းသား နဲ့ လုပ် ရတယ် ။ လင်းလွန်းသား တစ်လုံး အုန်းသီး တစ်လုံး စီ စီ ပြီးတော့ လုပ် ရတယ် ။ အဲဒါက သိပ်ပြီး အရေး မကြီးပါဘူး ။ ဆရာကြီး စကား အရ တော့ ပုတီးခေါင်း မှာ ရွှေ ချ ရတာက အဓိဌာန် နဲ့ ပိုပြီး သက်ဆိုင်တယ် ။ အဓိဋ္ဌာန် လုပ် နေတုန်း မှာ လည်း အခြား ကုသိုလ် ထက် ဆင်းတုတော်တွေ ၊ စေတီ တွေ ရွှေ ချတဲ့ ကုသိုလ် က ပိုပြီး လုပ်သင့်တယ် ”
ဟု ပြောလေ၏ ။
“ အဲဒီ အဓိဋ္ဌာန် လုပ်ရင် ဘယ်နှကြိမ် လောက် မှာ အစွမ်း ပြသလဲ ”
ဟု ကျွန်ုပ် က မေးလိုက်ရာ ဦးအောင်သော်ကြီး က ..
“ ငါ နဲ့ အတူ လုပ်တဲ့ လှဖေ ဟာ အဓိဋ္ဌာန် လေးခါ လည်း ပြီးရော ရာထူး တက် သွားတယ် ။ တခြား လူတွေ အတွက် က တော့ အောက်တန်းစာရေး က အထက်တန်းစာရေး ရ တာဟာ မဆန်းပေမယ့် လှဖေ အတွက် က တော့ ဘုရင်ခံရာထူး ရ တာ ထက်တောင် ဝမ်း သာ သွားတယ် ။ သူ ဟာ ရာထူး တစ်ခါ မှ မတက် ဖူး ဘဲကိုးကွ ။ တကယ် တော့ လှဖေ ဆို တဲ့ ကောင် က ဆန်း တယ်ကွ ။ ရာထူး လည်း တက် ရော ဆက်ပြီး အဓိဋ္ဌာန် မလိုက်တော့ဘူး ”
ဟု ပြော လိုက်လေ၏ ။
“ အဲဒီတုန်းက ဦးလေး ကြုံတွေ့နေရတဲ့ ဒုက္ခ ရှစ်မျိုး က ရော အဓိဋ္ဌာန် ဘယ်နှစ်ကြိမ် လုပ်ပြီးတဲ့ အခါ မှာ ပြေပျောက် သွားသလဲ ”
ဟု ကျွန်ုပ် က မေး လိုက်ရာ ဦးအောင်သော်ကြီး က ..
“ မင်း က အစစ်အဆေး ၊ အမေးအမြန်း ထူ တဲ့ အကောင်ပဲ ။ ပုလိပ် ဘက် မှာ လုပ်ဖို့ ကောင်းတယ် ။ ငါ က အဓိဋ္ဌာန် ရှစ်ကြိမ် အထိ မထူး သေးဘူး ကွ ။ ကိုးကြိမ် ကျ မှ ထူး တာ ။ ကိုးကြိမ် မှာ ဒုက္ခ တစ်ခု ပြုတ် သွားတယ် ။ ဆယ်ကြိမ် မှာ နောက်ထပ် ဒုက္ခ တစ်ခု ပြုတ် သွားတယ် ။ တစ်ဆယ့်ခြောက်ကြိမ် လည်း ရောက်ရော ဒုက္ခ အားလုံး လောက် နီးနီး ပြုတ် သွား တာပေါ့ ။ တစ်ခု ထူးဆန်းတာ က ငါ့ ရဲ့ နောက်ဆုံး ဒုက္ခ ဖြစ်တဲ့ မျက်နှာ မှာ ကျက်သရေ မရှိ ဖြစ် နေတဲ့ ဒုက္ခ ဟာ ဘယ်ပုံ ဘယ်နည်း ပျောက် သွားတယ် ဆိုတာ မင်း ကို ပြောပြ ချင်သေးတယ် ”
“ အဲဒါ ကျွန်တော် အသိချင်ဆုံးပါ ပဲ ဦးလေး ရယ် ။ ကျွန်တော့် ကို ပြောပြစမ်းပါ ”
ဟု ပြော လိုက်ရာ ဦးအောင်သော်ကြီး က ..
“ ဒါက ဒီလို ကွ ”
ဟု အစ ချီ ကာ အောက်ပါ အတိုင်း ရှည်လျားစွာ ပြော ပြ လိုက် လေတော့သတည်း ။
◾မင်းသိင်္ခ
📖 မြနန်းနွယ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment