❝ သေအောင် ဆော့တဲ့ မျောက် ❞
ဦးတင်မောင် တို့ သားအဖ သည် အပတော ဘက် လွှ ဆွဲရန် ထွက်လာကြ၏ ။ သူတို့ သားအဖ မှာ မျိုးနှင့် ရိုးနှင့် လွှဆွဲ လွှထောင်သမားများ ဖြစ်ကြသည် ။
ဦးတင်မောင် တို့ သားအဖ တောထဲ ဝင် လာကြသည် နှင့် တစ်ပြိုင်နက် သစ်ပင် ပေါ် ရှိ မျောက်များ သည် ကွိကွိကွကွ အော်မြည် ကြတော့သည် ။
ဤသည် မှာ တောထဲ တောင်ထဲ ၌ နေ့စဉ် ကြုံနေ ကြားနေ ရသော အတွေ့အကြုံ မို့ သူတို့ သားအဖ က မျောက် အော်သံ လောက် ကို ဂရု မထား ကြတော့ပေ ။
လွှစင် ရှိ သစ်လုံး တင် ထားရာဆီ သို့ ပုံမှန် ခြေလှမ်းများ နှင့် သူတို့ သားအဖ လျှောက် လာကြရာ မျောက်များ က လည်း သူတို့ သားအဖ နောက် ကို ဤနေ့ မှ ထူးထူးခြားခြား လိုက် လာကြသည် ။
“ ဒီ တော က တယ် မျောက် ပေါပါလား အစ်ကိုကြီး ”
သစ်ပင် ပေါ် တွင် တစ်ပင် တစ်ပင် ခုန် ကူးကာ သူတို့ သွားရာ ဘက် လိုက်ပါ လာကြသော မျောက်များ ကို မော့ကြည့်ပြီး ဦးတင်မောင် ၏ သား အငယ်တင်မြ က ပြော လိုက်၏ ။
“ ဒီ တော က မျောက် ပေါတာတော့ မပြောနဲ့ကွ ၊ ဖေဖေတို့ ငယ်ငယ် က ဆို အင်္ကျီ တောင် ချွတ် မထားရဲဘူး တဲ့ ၊ လွှ ဆွဲ ခါနီး အင်္ကျီ ချွတ်ပြီး သစ်ပင် မှာ ချိတ် ထားရင် မျောက်တွေ က လူ အလစ် ယူ ပြေးပြီး အင်္ကျီတွေ လု ဝတ် တတ်ကြလို့တဲ့ ”
“ ဟင်, တကယ်လား အဖေ ”
သူ့ ထက် တော အတွေ့အကြုံ များသော သားကြီး တင်လှ ပြောသည် ကို သားငယ် တင်မြ က မယုံသလို နှင့် သူ့ အဖေ ကို မေး၏ ။
“ ဟုတ်တယ် သားရယ် ၊ အင်္ကျီ တင် မကဘူးကွ အဖေတို့ ပခုံး ပေါ် တင် ယူလာတဲ့ လုံချည်တွေ ဆိုလဲ လွှ ဆွဲ နေရင် ကိုယ့် ခါးမှာ ကိုယ် ပတ် ထား ကြရတယ် ၊ မေ့ လို့များ လွှစင် နား က သစ်တစ်ပင် ပေါ် တင် ထား လိုက်နဲ့ လူ လစ်တာ နဲ့ မျောက် တစ်ကောင် ကောင် က လုံချည် ကို လာ ယူပြီး လူ လို ဝတ် တော့တာပဲ … အဲဒီ လုံချည် ကို နောက် မျောက်တွေ က လဲ သူ ဝတ်မယ် ငါ ဝတ်မယ် ဝိုင်း လု ကြတော့ ကွမ်းတစ်ယာညက် မကြာခင် မှာ ဘဲ လုံချည် ဟာ အစုတ် တစ်ရာ အပြဲ တစ်ရာ ဖြစ် ကုန်တော့တာပဲ ၊ အဲဒီ လုံချည်စုတ် တွေ ကို တစ်ကောင် တစ်စ စီ ခါး မှာ ပတ်ပြီး သစ်ပင် ပေါ် ခုန်ပေါက် ပြေးဆော့ နေကြတာ မင်းတို့ ကို အဖေ ပြ ချင်တယ် ၊ မျက်စိ လဲ နောက် ရယ်လဲ ရယ် ရပေါ့ကွာ ”
သားအဖ သုံးယောက် စကား တပြောပြော နှင့် လျှောက် လာကြရာ သူတို့ သစ်လုံးကြီး တင် ထားသော လွှစင် နား ရောက် လာကြလေသည် ။
“ သား ထမင်းထုပ် နဲ့ ရေဘူး ကို လွှစင် အောက် မှာ ပဲ ချိတ် ထားနော် ၊ အဖေ တို့ လွှထောင် ဆွဲ နေကြတုန်း မျောက်တွေ ယူ ပြေး သွားလို့ ထမင်း ငတ် နေပါဦးမယ် ကွာ ”
“ ဟုတ် ဟုတ်ကဲ့ အဖေ ”
သားငယ် တင်မြ က သူ့ အဖေ ကို ပြောရင်း သူ တို့ လွှစင် နား ရှိ သစ်ပင် ပေါ် က မျောက်များ ကို ခဲ နှင့် လှမ်းပေါက်သည် ၊ သို့သော် ပေါက်ရုံ ခဏသာ ၊ တင်မြ လက် ရုပ်သည် နှင့် မျောက်များ က သူတို့ လွှစင်နား သစ်ပင် ပေါ် ပြန် ရောက် လာကြ၏ ။
“ ဒီတော က မျောက်တွေ ကို သား ခဲနဲ့ လှမ်းပေါက်လို့ ကတော့ မင်း သာ လက် ညောင်းသွားပြီး လွှ မဆွဲနိုင် ဖြစ်သွားမယ် ၊ မျောက်တွေ ကတော့ ဖြုံမှာ မဟုတ်ဘူး ၊ သူတို့ ဘာသာဘာဝ ဆော့ နေကြပါစေကွာ ၊ အဖေ တို့ လွှ ဆွဲဖို့ သစ်မျဉ်း ချကြမယ် ”
သစ်လုံးကြီး တင် ထားသော လွှစင် ပေါ် က သူ့ အဖေ စကား ကြောင့် မျောက်များ ကို ခဲ နှင့် လှမ်း ပေါက်နေသော တင်မြ က နောက်ထပ် ခဲ မကောက်တော့ ။
တင်လှ က တော့ မီးသွေး မျဉ်းကြိုး တစ်ခွေ ကို ကိုင် ကာ စင်ပေါ် ခုန် တက် လာ၏ ။
မီးသွေး ကို အမှုန့် ကြိတ်ပြီး ရေဖျော်ကာ အုန်းမှုတ်ခွက် ထဲ နှစ် စိမ်ထားသော မျဉ်းကြိုး တစ်စ ကို တင်လှ က သူ့ အဖေ ဘက် လှမ်း ကမ်း ပေးလိုက်၏ ။
ပါးပုတ် ထားသော သစ်လုံး အပေါ်ဘက် ပြင်ညီ တွင် တင်လှ နှင့် သူ့ အဖေတို့ က မျဉ်းကြိုး တစ်စစီ ကို တစ်ယောက် တစ်ဖက် စီ ဆွဲပြီး မျဉ်းသား ရာ ချ ကြသည် ။
ဤ သစ်လုံး မှာ ငါးမူးပျဉ် ချည်း ခွဲတိုက် ဆွဲ ရမည် ဖြစ်သဖြင့် ပျဉ် အချပ်ရေ မည်ရွေ့မည်မျှ ရနိုင်သည် ကို လည်း အဖေ ဖြစ်သူ လွှထောင် ဆရာကြီး က ခန့်မှန်း တွက်ဆ နေသည် ။
ထိုသို့ သူ့ အဖေ နှင့် သူ့ အစ်ကို တို့ အပေါ် က သစ်လုံးပြင်ပေါ် မျဉ်းသား သစ်ထွက် ပျဉ်ထွက် ခန့်မှန်းနေကြစဉ် တင်မြ က လွှစင် နား ၌ ရေနွေး ကြမ်းအိုး တည် နေ၏ ။
လွှ ဆွဲ၍ မော လာလျှင် သူတို့ နားကြမည် ။ ပြီး ရေနွေးကြမ်း သောက်ကြမည် ။တင်လှ လွှစင် ပေါ် က ဆင်းလာ၏ ။
သစ်သား လက်ကိုင် တပ် ထားသော လွှ အောက် ကို ညီအစ်ကို နှစ်ယောက် တစ်ယောက် တစ်ဖက်စီ ဝင် လိုက်ကြ၏ ။
အပေါ် မှ ဝိုင်းဆရာ ဖြစ်သူ ဦးတင်မောင် က လွှ ကို လက်ဆ ပေး လိုက်သည် ။ သား နှစ်ယောက် က အလိုက်သင့် လွှ ကို အပေါ် မြှောက် တင် ပေးလိုက် အောက် ဆွဲ ချလိုက်နှင့် တရှဲရှဲ လွှတိုက် လွှဆွဲ နေကြ၏ ။
သစ်လုံးကြီး ထိပ်မှ မျဉ်းကြောင်း အတိုင်း ရွေ့လျား လာသော လွှသွား နှင့် အတူ လွှစာမှုန့်များ က လည်း ဖွေးဖွေးကြဲကျလာ၏ ။
လွှ တစ်လွတ်စာ ရ သွားသောအခါ ဦးတင်မောင် က သစ်လုံးကြီး ၏ လွှကွဲကြောင်း ပေါ် သစ်သား တစ်စို့ ရိုက်သည် ။
လွှဝိုင်းလွှထောင် ဆရာ ၏ လက် သည် စို့ ရိုက်ရာ၌ အချိန်အဆ တော်ရ တတ်ရသည် ။ သူ ရိုက် ထားသော စို့မှာ လွှ ၏ ရှေ့နောက် ကို လွတ်လွတ်ကျွတ်ကျွတ် ရှိ နေရမည် ။ လွှ က ရှေ့ဘက် ကို တိုက်စား လာလျှင် ထို စို့ ကို ပြန်နှုတ် ၍ ပြန်ရိုက် ရမည် ဖြစ်သဖြင့် မတင်းလွန်း မပျော့လွန်း ၊ ပြန် နှုတ် လျှင်လည်း အလွယ်တကူ ရအောင် ရိုက် တတ်ရပေသည် ။
ဤသို့နှင့် ဦးတင်မောင် တို့ သားအဖ သည် နားလိုက် လွှပြန် ဆွဲလိုက် နှင့် တစ်နေ့လုံး အပတော ၌ လွှ ဆွဲနေကြ၏ ။
နေ ညိုသွားသော အခါ ကွဲကြောင်း တစ်ဝက်လောက် ခရီး ပေါက်နေသော သစ်လုံး ကို စို့တစ်ချောင်း ရိုက် ထားခဲ့ကြ၏ ။ နောက် တစ်နေ့ မှ ထို လွှကြောင်း ထဲ လွှ ကို အလွယ်တကူ ရောက်ရောက် ချင်း သွင်းပြီး တိုက် ဆွဲ နိုင်အောင် အရံသင့် စို့သွင်း ရိုက် ထားခဲ့ကြသည် ။
လွှထောင် သိမ်း၍ သူတို့ သားအဖ လွှစင် နား မှ ခွာ လာကြသည်နှင့် တစ်ပြိုင်နက် မျောက်အုပ် သည် သူတို့ လွှစင် ပေါ် အလုအယက် ပြေး တက်ပြီး ဆော့ ကျန်ခဲ့ကြသည် ။
နောက် တစ်နေ့ ။
လွှစင် နား သူတို့ သားအဖ မရောက်မီ အတော် လှမ်းလှမ်း က ပင် မျောက်များ ကွိကွိကွကွ အော်ဟစ် နေကြသံများ ကို ကြား ရသည် ။
တစ်တောလုံး မျောက်သံတွေ နှင့် ဆူညံ နေသည် ။ လွှစင် နား ရောက် လာကြသော အခါ သူတို့ လွှစင် ထက် ၌ မျောက် များ ခုန်ပေါက်ပြေးဆော့ အော်ဟစ် နေကြသည် ကို လှမ်းမြင် ကြရသည် ။
ဦးတင်မောင် တို့ သားအဖ သုံးယောက် စလုံး လွှစင် နား ချဉ်းကပ် ရောက်လာကြ၏ ။
လွှစင် ပေါ် မှ မျောက်များ သည် တကွိကွိ တကွကွ အော်ဟစ်ကာ သစ်ပင် ပေါ် တက်ပြေး သွားကြ၏ ။
သို့သော် မျောက်အုပ် ထဲ တွင် ခေါင်းဆောင် ဟု ထင်ရသော မျောက် ထီးကြီး တစ်ကောင် က မူ ဦးတင်မောင် တို့ သားအဖ ကို လုံးဝ ဂရုမစိုက်ဘဲ ခွဲလက်စ သစ်လုံး ပေါ် ခွ ထိုင်ကာ ဦးတင်မောင် တို့ သားအဖ သုံးယောက် ကို မကြောက်မရွံ့ စိုက် ကြည့်နေ၏ ။
“ တော်တော် လူပါးဝတဲ့ မျောက် တောက် ”
တင်မြ က ဆဲဆိုပြီး ရရာ ခဲတစ်လုံး နှင့် လှမ်း ပစ် လိုက်သည် ။
လက်သီးဆုပ် နီးပါး ရှိသော ခဲလုံး က သစ်လုံး ပေါ် ခွ ထိုင်နေသော မျောက်ကြီး ကို တည့်တည့် သွား မှန်၏ ။
“ အုန်း ” ခနဲပင် အသံ ကြား လိုက်ရသည် ။ သို့သော် မျောက်ကြီး ကား နကမ္ပတိ မတုန်မလှုပ် သာ ။
“ ဒီ မျောက်ကြီး က ဘယ်လိုလဲ ဟ ၊ တယ် သတ္တိ ကောင်း နေပါလား ”
ဦးတင်မောင် တို့ သားအဖ က လွှစင်နား ကို ပို၍ ချဉ်းကပ် လာကြသည် ။ ထိုအချိန် မှာ စောစော က သူတို့ သားအဖ ကို မြင် ၍ လွှစင် နား ရှိ သစ်ပင် များ ပေါ် တက် ပြေး သွားကြသော မျောက်များ က ပို၍ ဆူညံစွာ အော် ဟစ် လာကြသည် ။
ဦးတင်မောင် တို့ သားအဖ သုံးယောက် သည် အံ့ဩတကြီး နှင့် လွှစင် အောက် ဝင်၍ စင်ပေါ် ကို ပြိုင်တူ မော့ ကြည့် လိုက်ကြသည် ။
“ ဟာ, မျောက်ကြီး က သေနေတာပဲ အဖေရယ် ”
“ အေးဟ, ဘယ့်နှယ် ထိုင် လျက်ကြီး သေနေပါလိမ့် ”
သားအဖ သုံးယောက် လွှစင် ပေါ်ပြိုင်တူ ခုန်တက်၍ မျောက်သေကြီး ကို သေသေချာချာ ကိုင်စမ်း ကြည့် ကြသည် ။
အမှန်ပင် မျောက်ကြီး သေနေပါပြီ ။ အသေ ထူးသော မျောက်ကြီး ကို သားအဖ သုံးယောက် ကိုင်လှုပ် ဆွဲ ကြည့်ကြ၏ ။
သစ်ပင် ပေါ် မှ သူတို့ သားအဖ ကို ဝိုင်း ကြည့် နေကြသော မျောက်များ ၏ အသံ က ပို ညံ လာပြန်သည် ။
“ ဟာ, အဖေ မျောက်ကြီး ကပ်ပယ်အိတ် က သစ်ခွဲခြမ်း လွှကြောင်း ကြား ထဲ ဝင် ညပ်ပြီး သေနေတာကိုး ဗျ ၊ဟဲ ဟဲ တော်တော် အသေဆန်း တဲ့ မျောက် ”
တင်လှ ပြော လိုက်သည်မှာ အမှန်ပင် ဖြစ်သည် ။
မျောက်ကြီး ၏ ကပ်ပယ်အိတ် နှစ်လုံး သည် သစ်လုံး ခွဲကြောင်း ကြား ထဲ ဝင် ညပ် နေ၏ ။
သစ်လုံး ခွဲကြောင်း ထဲ တစ်နေ့ ညနေ က သူတို့ သားအဖ ရိုက်သွင်း ထားခဲ့သော သစ်သား စို့ချွန် လည်း သစ်ခွဲ လွှဆွဲကြောင်း ထဲ မရှိတော့ ။
အဖြစ်မှန်မှာ ဤ မျောက်ကြီး သည် ဦးတင်မောင် စို့ ရိုက် သည်ကို လည်းကောင်း ၊ စို့ ပြန် နှုတ်လိုက် တစ်ခါ ထပ် ရိုက် လိုက် ၊ နေသား မကျသေး၍ တစ်ခါထပ် နှုတ်လိုက် ဆွဲ ချွတ်လိုက် လုပ် နေသည်ကို တစ်နေ့ က မြင် ထားရာ လူ မရှိသော အခါတွင် လူ ကဲ့သို့ သစ်လုံး ပေါ် ခွထိုင်ကာ ကွဲကြောင်း သစ်လုံး ထဲ က စို့ ကို ဦးတင်မောင် နှုတ် သလို ဆွဲ နှုတ်၏ ။
သို့သော် သူ့ ကပ်ပယ်အိတ် နှစ်လုံး သစ်လုံး ကွဲကြောင်း ထဲ ဝင် နေသည် ကို မူ လုံးဝ မသိရှာ ။
ထိုအခါ စို့ ကို ဆွဲ နှုတ် လိုက်သည်နှင့် ကပ်ပယ်အိတ် ကို သစ်ကြား ညပ် ၍ ထိုင် လျက်သေ နေခြင်းသာ ။
( ဤ အဖြစ်အပျက် မှာ လွှဆွဲ လွှထောင်သမားများ ပြောပြသော ကိုယ်တွေ့ အဖြစ်မှန် ဖြစ်ပါသည် )
◾ ဖိုးကျော့
📖 ဂျီအီးစီ ရသစုံမဂ္ဂဇင်း
၁၉၉၈ ခုနှစ် ၊ ဖေဖော်ဝါရီလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment