Wednesday, December 14, 2022

ပွဲသိမ်း တိုက်ကွက်


 

❝ ပွဲသိမ်း တိုက်ကွက် ❞

ကျွန်တော့် အစ်ကို ကိုညီမောင် သည် မြန်မာပြည် လွတ်လပ်ရေး မရမီ အင်္ဂလိပ် လက်ထက် မှာ ၇ - တန်း အထိ နေ ဖူး သူ ဖြစ် လို့ ပြည်တော်သာခေတ် မှာ ကျောင်းဆရာ ဖြစ် သွားသည် ။ ကျောင်း ဆရာ ခန့်စာ ရ သည့် နေ့ က စပြီး လယ် ထဲ မဆင်းတော့ လို့ ကျွန်တော် မရီး မခင်လှ ခမျာ မိန်းမ တန်မယ့် ပျိုး နုတ် ရုံ သာမက မထွန်ရသေး ကျန်နေသည့် လယ်ကွက်တွေ ကို ပါ ထွန် လိုက်ရသေးသည် ။ ကျောင်း ဆရာ လောင်းလျာ က တော့ ဘန်ကောက်လုံချည် တရွှမ်းရွှမ်း ဖြင့် လမ်း သလား နေ တော့သည် ။

ကျောင်းဆရာ ခန့်စာ ရပြီးသော်လည်း ဘယ် ရွာ ကို ကျမယ် ဆိုတဲ့ ပိုစတင် မကျသေးလို့ စောင့် နေရသည် ။ စောင့် နေစဉ် မိမိ ၏ မူရင်း အလုပ် ဖြစ်သည့် လယ် ကို ပြီးစီးအောင် လုပ်ပါ တော့ လား ။

လုပ်ဘူး ခင်ဗျ ၊ လယ် လုပ် နေလျှင် ပိုစတင် ကျ လို့ ပညာအုပ်နှင့် တွေ့ ရန် မြို့ ကို တက် ရသည့် အခါ အသားတွေ မည်းနေမည် ။ တကိုယ်လုံး က ရွံ့စော်နံ နုန်းစော်နံ နေမည် ။ တောသားလယ်သမား ဆိုပြီး အထင် သေး သွားနိုင်သည် ဟု ဆို နိုင်ပါသည် ။ ကျောင်းဆရာလောင်းလျာ က လယ် ထဲ မဆင်းတော့သည့် အခါ ကျောင်းဆရာ ကတော် မဖြစ်တဖြစ် ကျွန်တော့် မရီး က လယ် ထဲ ဆင်း ပြီး အလုပ် လုပ်ခဲ့ရသည် ။ ဒီ ကိစ္စ နှင့် ပတ်သက်ပြီး ကျွန်တော် တို့ ဆွေမျိုး ထဲ မှာ ပြောစရာ တစ်ခုဖြစ် သွားသည် ။

“ ပြည်တော်သာ ခေတ် မှာ ညီမောင် တို့ ကံကောင်း မြောင်း တည့် ပြီး ကျောင်းဆရာ ဖြစ်သွားတာ နဲ့ လယ် မလုပ်ချင်တော့ဘူး ၊ကျောင်းဆရာ ဘဝ မှာ ဘယ်လောက် အောက်ခြေ လွတ် ဦးမလဲ ဆို တာ စောင့်ကြည့်ရဦးမယ် ” 

ကျွန်တော်တို့ ကိန္နရီချောင်း နှင့် ၇ - မိုင် သာ ဝေးသည့် ကိုင်း တောကွင်းရွာ မူလတန်းကျောင်း မှာ တာဝန် ကျသည် ။ ကိန္နရီချောင်း နှင့် ကိုင်းတောကွင်း ကို မနက် သွား ညနေ ပြန်အလုပ် ဆင်းရန် အတွက် ဘိုင်စကယ် ဝယ်ချင်သည် ဆို၍ ၄၅ဝိ/- ဖြင့် ဝယ် ပေးရ သေးသည် ။ မြင်း ကို ချို တပ်ပေးသလို ဖြစ်သွားသည် ။ ဘန်ကောက် လုံချည် ၊ လက်ပါတ်နာရီ ၊ ကတ္တီပါဖိနပ် နှင့် ရာလေးဘိုင်စကယ် ကို စီး နိုင်သော ပြည်တော်သာခေတ်ကျောင်းဆရာ ဖြစ်၍ ပျိုတိုင်းကြိုက် သည့် နှင်းဆီခိုင် မဟုတ်သော် လည်း အအိုတိုင်း ကြိုက်သည့် ကျောင်းဆရာ ဖြစ်နေသည် ။ မရီး မခင်လှ စိုးရိမ်နေရသည့် အခြေအ‌နေ ဖြစ် သည် ။

ပြည်တော်သာခေတ် မှာ လစာ ၁၂၆ ကျပ် ရသော ကျောင်းဆရာ ဖြစ်၍ အထင် ကြီးလောက် သူ ဖြစ်သည် ။ ရွှေတစ်ကျပ်သား ကို ၁၆ဝ ကျပ် ဆန်တစ်ပြည် ကို ၂၅ ပြား ၊ ဆီတစ်ပိဿာ ကို ၃. ၅ဝါး ၊ ဆားတစ်ပိသာ ကို ပြားငါးဆယ် ပေးရသော ခေတ် ဖြစ်လို့ ကျွန်တော့် အစ်ကို ရသော လစာငွေသည် စား မကုန်သည့် အပြင် လစဉ် ရွှေ ဝယ် စုနိုင်သည့် အခြေအနေ ဖြစ်သည် ။ ကျွန်တော့် မရီး က လောဘ ရှိသည် ။ လယ် သိမ်းပြီး လို့ အလုပ် ပါးသည့် အချိန် မှာ အနား မနေဘဲ မုန့် လုပ် ရောင်းသည် ။ သားသမီးတွေ ရဲ့ နောင်ရေး ကရှိ သေးသည် ဆိုပြီး စုဆောင်း သည် ။ အဲဒီတော့ ကျွန်တော့်အစ်ကို နဲ့ မရီး မှာ ရွှေ နဲ့ ငွေ နဲ့ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ရှိသည် ။

စီးပွားရေး စိုစိုပြေပြေ ဖြစ် လာတော့ ကျွန်တော့် အစ်ကို ဗွေဖောက် လာသည် ။ အသောက်အစား ပို များလာသည် ။ ဘိုင်စကယ် ဝယ်ပေးထား ပါလျက် ကိုင်းတောပကွင်းရွာ မှာ ည အိပ် တာတွေ လုပ် လာသည် ။ အကြောင်းပြချက် က တော့ အသောက် များသွားလို့ ဘိုင်စကယ် မနင်းနိုင်တော့လို့ တပည့် တစ်ယောက် ၏ အိမ် မှာ အိပ် လိုက်ရသည် ဟူ၍ ဖြစ်သည် ။

ကျွန်တော့ အစ်ကို အလုပ်ဝင်ပြီး သုံးနှစ် လောက်အကြာ မှာ ကိုင်းတောကွင်းကျောင်းအုပ်ဆရာကြီး အငြိမ်းစား ယူ သွား ၍ ကျွန်တော့် အစ်ကို က ကျောင်းအုပ် ဖြစ်သွားသည် ။ ကျား အတောင် တပ် ပေး လိုက်သလို ဖြစ်သွားသည် ။ ဆရာကိုညီမောင် ဘ၀ မှ ဆရာကြီး ဦးညီမောင် ဖြစ်သွားသည် ။ အစ်မ မခင်လှလည်း ဆရာကြီးကတော် အခေါ် ခံ ရလို့ ဝမ်းသာ နေသည် ။ဘဝ ကို ကျေနပ် နေသည် ။

ကျွန်တော် တို့ ရွာ မှ မိုင် လေးဆယ် ဝေး သည့် မြို့ လစာထုတ်ဖို့ သွား လျင် အစ်ကို့ ဘိုင်စကယ် နောက် က ထိုင်စီးလိုက် သွား ရတာ ကို အတော်အရသာ တွေ့ခဲ့သည် ။ မြို့ဈေးဝ က ရွှေဆိုင် မှာ ရွှေ ဝယ်ပြန် လာသည့် လ ဆို လျှင် ရွှေဆွဲကြိုး တဝင်းဝင်း နဲ့ ရွာ ထဲလျှောက် တာ အတော် မျက်စိနောက် စရာ ကောင်း သည် ။

မြို့နယ်ပညာရေးမှူးရုံး ကို လစာ ထုတ်ရန် အတွက် လစဉ် သွား ရသည့် ကျောင်းအုပ်ဆရာကြီး ဘိုင်စကယ် နောက် က ကယ်ရီယာခုံ မှာ ဆရာကြီး ကတော် မခင်လှ လစဉ် မလိုက်နိုင်သော် လည်း လိုက်မည့် သူ က လစဉ် ရှိသည် ဟု သတင်းစကားတွေ ကြား လာ ရသည် ။ လိုက်သူတွေ က လည်း အမျိုးသမီးတွေ ချည်း ဖြစ်သည် ဟု သိရပြန်သည် ။ အခိုင်အမာ ကြားသိရသည့် သတင်း က တော့ ကိုင်းတောကွင်းကျောင်း က မူလတန်းပြ ဆရာမလေး က ပုံမှန် လိုက်သည် ဟု သတင်း ရ သည် ။ ဆံရာမလေး သည် မြို့ နှင့် နီးသည့် ရွာကလေး တစ်ရွာ ကဖြစ်သည် ။ ကျောင်းအုပ်ဆရာကြီး ၏ ဘိုင်စကယ် နောက် မှာ ထိုင်ပြီး ဆရာကြီး ၏ ခါး ကို ဖက် ကာ လစဉ် လိုက် နေခြင်း ဖြစ်သည် ။ 

ဒီကိစ္စ နှင့် ပတ်သက်ပြီး အစ်ကို နှင့် မရီး တို့ စကားများ ရန်ဖြစ်ကြတာ အကြိမ်ကြိမ် ဖြစ်သည် ။ စကားများ ပြီး ရန်ဖြစ်သည့် နောက် နေ့ မှာ အိမ် ကို ပြန် မလာတော့ဘဲ ကိုင်းတောကွင်းရွာ မှာ ပင် အိပ် နေတော့သည် ။ ဆရာမလေး က လည်း အဲဒီ ရွာမှာ ပဲ အိမ်ငှား နေသည် ( ထိုခေတ် က အိမ်ငှား နေစရာ မလိုပါ ) ထမင်း လခ ၁၅ိ/- ပေး သည့် အိမ် မှာ အလကား နေလို့ ရသည် ။ ဆရာမလေး က လည်း အဒီ ရွာ မှာ ပဲ ရှိနေသည် ။ အစ်ကို လည်း အဲဒီ ရွာ မှာ ပဲ ည အိပ် နေသည် ဆိုတော့ အစ်မ မခင်လှ ကမ္ဘာ မီးလောင်တော့သည် ။

ကမ္ဘာ မီးလောင် ပေမယ့် ကျွန်တော့် မရီး က မာနခဲ ဖြစ်သည် ။ အောက်ကျ ခံပြီး လိုက် မခေါ်ဘဲ ထားသည် ။ ချော့ မပေါင်း ဘဲ ခပ်တင်းတင်း နေ ပြသည် ။ ကျွန်တော့် မရီး ဘက် က ပျော့ မလာ တော့ ကျွန်တော့် အကို က ပိုပြီး မာ ပြသည် ။ တစ်ပါတ်ဆယ်ရက် ကြာ အောင် ရွာ ပြန်မလာဘဲ နေသည် ။ အခြေအနေ က ဆိုးရွား တင်းမာ လာသည် ။ နှစ်ဘက် ဆွေမျိုးတွေ ကြား ဝင် ဖြန်ဖြေရသည့် အဆင့် ကို ရောက် လာသည် ။ နှစ်ဘက် မိဘတွေ နဲ့ ဆွေမျိုးတွေ ချော့မော့ ဖျောင်းဖျ လို့ ကျွန်တော့် မရီး က အလျော့ ပေး လိုက်သည် ။
ကျွန်တော့် အစ်ကို ရွာ ပြန်ရောက် လာသည် ။

အစ်ကို ရွာ ပြန်လာတော့ မှ ပြဿနာ က ပါ လာသည် ။ကျောင်းဆရာမလေး က သူ့ မှာ ဆရာကြီး နဲ့ ရ သည့် ကိုယ်ဝန် သုံးလ ရှိ နေပါပြီ ဆိုပြီး ရပ်ရွာလူကြီးတွေ ကို တိုင် လို့ ကျော်မကောင်း ၊ ကြား မကောင်း ဖြစ်ကြရတော့သည် ။ အဲဒီမှာ ကျွန်တော့် မရီး က ကျွန်တော့် အစ်ကို ကို အိမ် ထဲ အဝင် မခံတော့ပဲ အိပ်ခန်း တံခါး ပိတ်ပြီး ဆန္ဒပြ တော့သည် ။ အိမ် ထဲ မဝင် ရ တော့ ဆရာမလေး ရှိရာ ကိုင်းတောကွင်းရွာ ကို ပြန် သွားပြီး ဆရာမလေး ကို တရားဝင်လက်ထပ် လိုက် တော့သည် ။

ဒီလို ဖြစ် လာတော့ ကျွန်တော်တို့ ဆွေမျိုးတွေ က မရီး ဘက် က ရပ်တည် ကြသည် ။ အားပေး ကြသည် ။ ကလေး နှစ်ယောက် မျက်နှာ မငယ် ရ အောင် ဝိုင်းဝန်း ပံ့ပိုးကြသည် ။ ဖတဆိုး သားလေး သမီးလေးတွေ ဆိုပြီး ပို၍ အလို လိုက်ကြသည် ။ ဒီ အချိန် မှာ သမီး အကြီးမလေး က ဆယ်နှစ်သားအငယ်ကောင်လေး က ခြောက်နှစ် ခန့် ရှိ ကြပြီ ဖြစ်သည် ။ မရီး က မျက်နှာထား တည်တည် ဖြင့် ရွာ လည် ပြီး မုန့် ရောင်း သည် ။

လယ် ကို ကိုယ်တိုင် မပြုလုပ်တော့ဘဲ သူရင်း ငှား ဖြင့် သီးစား ချ ထား လိုက်သည် ။ လယ်ဆီလယ်ခ ခံစား နေသည့် အတွက် ဆန်စပါး တစ်နှစ် စာ ပူစရာ မလို ဖြစ်နေသည် ။ ရွှေ ၊ ငွေ ၊ လက်ဝတ်လက်စား အပြည့်အစုံ ရှိသည့် အတွက် ဣန္ဒြေ မပျက် နေလို့ ရသည် ။ မုန့် လုပ်ရောင်းနေ သူ ဖြစ်လို့ ကလေး မုန့်ဖိုး လည်း မလိုသည့် အခြေအနေ ဖြင့် ခပ်တင်းတင်း နေလို့ ရသည် ။

အခြေမခိုင် ဖြစ် သွားတာ က ကျွန်တော့် အစ်ကို ဖြစ်သည် ။ သူ့ နောက် ကို ရာလေးဘိုင်စကယ် တစ်စီး နှင့် ခါးဝတ်ခါးစား ပဲ ပါ သွားသည် ။ ချမ်းသာ သမျှ စီးပွား အားလုံး သူ့ ဇနီး ကျွန်တော့် မရီး ထံ မှာ ကျန် နေခဲ့သည် ။ ဒေသ ရိုးရာယဉ်ကျေးမှု နှင့် ဓလေ့ထုံးစံ အရ အိမ်ထောင်ရေး စတင် ဖေါက်ဖျက် သူ က လက်သာ ကိုယ်ကျွတ် ဆင်း ပေးရကြေး ဖြစ်လို့ ကျွန်တော့် အစ်ကို က ဘာ တစ်ခု မှ ရပိုင်ခွင့် မရှိ ဖြစ်သွားသည် ။ ပျဉ်ထောင်ကာ ၊ ဓနိမိုးပျဉ်းကတိုး အိမ်ကြီး က အစ မရီး က အပိုင် ရ လိုက်သည် ။ ဒါကို မခံမရပ်နိုင် ဖြစ်သည့် ကျွန်တော့် အစ်ကို က အကွက် ဆင် လာသည် ။

သူ သည် သူ့ ဇနီး နှင့် တရားဝင် ပြတ်စဲတာ မဟုတ်လို့ လက်ထက်ပွား ပစ္စည်းတွေ ကို သူ လည်း တစ်ဝက် ပိုင်သည် ။ မိမိ အိမ် ကို ဝင်နိုင် ထွက်နိုင် သည် ဆိုပြီး အိမ် ထဲ ကို ဝင် ဖို့ ကြိုးစားသည် ။ မြို့တွေ မှာ လို ခြံစည်းရိုး နှင့် ဝင်းတံခါး မရှိလို့ အိမ် ထဲ အထိ ရောက် သွားသည် ။ ကျွန်တော့် မရီး မခင်လှ က အော်ဟစ် အကူအညီတောင်း လို့ နှစ်ဘက် ဆွေမျိုးတွေ နှင့် ကျွန်တော် တို့ ညီအစ်ကိုတွေ ဝိုင်းလိုက် သွားကြသည် ။ ချော့မော့ပြီး ပြန်ဆွဲခေါ် လာ ခဲ့ရသည် ။

“ မရီး စိတ်ဆိုး နေတုန်း မှာ ဒီလို မလုပ်နဲ့ ဦး လေ ၊ သူ စိတ်ပြေ ပြီး သွေးအေးသွားတဲ့ အခါ ကျွန်တော်တို့ပါ ကူပြီး နား ချပေး မှာပေါ့ အဲဒီအခါ ကျတော့ မယားပြိုင် စနစ် ကျင့်သုံးပြီး ဟို ရွာ နှင့် ဒီ ရွာ တစ်လှည့်စီ နေလို့ ရတာပေါ့ ”

ကျွန်တော်တို့ ပြောတဲ့ မယားပြိုင်စနစ် ဆိုတဲ့ စကား ကို သဘော ကျ ပြီး ဖီလင် တက်သွားသည် ။ အိမ် ထဲ က ပြန်ထွက်ပြီး သူ့ မယားငယ် ရှိရာ ရွာ ကို ပြန် သွားသည် ။ မယားငယ် က လည်း မွေးခါနီးပြီ ဟု သိရသည် ။ မယားငယ် မွေးခါနီး ဖြစ် နေလို့ မယားကြီး အနား ကို ပြန် ကပ် လာတယ်လို့ပြောပြီး ပြုံး သူ တွေ တောင် ရှိသည် ကျွန်တော့် အစ်ကို သိက္ခာ ကျ အောင် ကြံဖန် တွေးသူတွေရှိသည် ။ ကျွန်တော့် အစ်ကို ကလည်း ဒီ ကိစ္စမျိုး နှင့် ပတ်သက်လာလျှင် မျက်နှာ ပြောင် သည် ။

လကုန် ရက် မှာ လစာငွေ ၁၂၆ ကျပ် ကို မယားကြီး ကို အပ်ဖို့လာတယ် ဆိုပြီး အိမ် ထဲ ဝင်ပြန်သည် ။ မရီး က လည်း ပိုက်ဆံ ကို သာ လက်ခံမည် ။ လူ ကို တော့ လက်မခံ နိုင် ဆိုသည့် အမူအယာ ပြနေသောအခါ လခ ပိုက်ဆံ ပေးဖို့ လာbသူ က လည်း လူ ကို လက်မခံ လျှင် ပိုက်ဆံ ကို လည်း မပေးနိုင် ဆိုသည့် သဘောဖြင့် အိတ် ထဲ က ပိုက်ဆံ ကို ထုတ်ဖို့ လုပ်ပြီး မှ ပြန် ထိုးသွင်း လိုက်သည် ။ အစ်ကို အိမ် ထဲ ဝင် သွားတာကို မြင်သည့် နှစ်ဘက် ဆွေမျိုးတွေ ဝိုင်းအုံ ရောက် လာကြ ပြန်၍ တရားဝင် မကွာရှင်းရသေးသည့် ငါ့ မိန်းမ ပဲ ဆိုပြီး မဟားဒယား ၊ နသားပါယား လုပ်ခွင့် မသာ ဖြစ်သွားသည် ။ အိမ် က ပြန် ထွက် သွားခါနီး မှာ ကျွန်တော် တို့ ဘက် လှည့်ပြောသွား သေး သည် ။

“ နင့် အစ်မ ရဲ့ လုပ်ပေါက်က မလွယ်ပါဘူးကွာ ”

အခုတော့ ဘယ် လွယ်တော့မလဲ ၊ ဟို မိန်းမ က ဗူး ဆိုရင် ဖရုံ မသီးတဲ့ မိန်းမ ဆိုတော့ မလွယ်ဘူး ဖြစ်နေသည် ။

အစ်ကို နှင့် မရီး တို့ အစေးမကပ် ဖြစ် နေတဲ့ ပြဿနာ မှာ အလိုက်ကန်းဆိုး မသိ သည့် ကျွန်တော်တို့ ရွှေမျိုးတွေ လည်း ပါသည် ။ သူလင် သူမယား နှစ်ယောက်ချင်း တွေ့ အောင် လွှတ် ပေးထားလိုက်ပေါ့ ။ မသကာ လုံးထွေးသတ်ပုတ်ရုံပေါ့ ။ လုံးထွေးသတ်ပုတ် ရင်း အဆင် ပြေချင်လည်း ပြေ သွားမှာပေါ့ ။ အခုတော့ မဟုတ်ပေါင်ဗျာ ။ ကျွန်တော့် အစ်ကို ခင်မျာ ဘာမှ လုပ်ခွင့် မသာအောင် ဆွေတွေ မျိုးတွေ က ဝိုင်းအုံ လာကြတော့ အလုပ် မဖြစ်ဘူး ဖြစ် ဖြစ်သွားသည် ။ မရီး က လည်း ဆွေမျိုးတွေ ရှေ့ မှာ ပိုပြီး ဟန် လုပ်ပြနေရသည် ။ အဲဒီတော့ လုပ်ပေါက် က မလွယ်ဘူးလို့ အပြော ခံ ရတော့သည် ။ ဒါကိုပဲ မရီး က အောင်ပွဲ ရသည့် အနေ ဖြင့် ဂုဏ် ယူ နေသည် ။

ကျွန်တော့် အစ်ကို သည် မယားကြီး နှင့် မယားငယ် ကြား မှာ မယားပြိုင် စနစ် ကျင့်သုံးနိုင်ရေး အတွက် ကြိုးစားတာ ဆယ်နှစ် လောက် ကြာသွားသည် ။ လုံးဝ မအောင်မြင် ဘဲ ပွဲတိုင်း နောက် ကောက် ကျ ခဲ့ရသည် ။ သမီး နှင့် သား ကို စကား ပြောခွင့် တောင် မရ လို့ အတော့် ကို မကျေမနပ် ဖြစ်နေသည် ။ မခင်လှ သည် မိမိ ၏ တရားဝင် ဇနီး ဖြစ်သည် ဆိုတာ ကို ပြသခွင့် မရ ဖြစ်နေတာကြာပြီ ဖြစ် သည် ။ ရှင်းအောင်ပြော ရလျှင် ကျွန်တော့် အစ်ကို သည် မရီး ကို သနား ပြီး ပြန်ပေါင်း ချင်နေတာ ဖြစ်သည် ။ သူ့ မယားငယ် ကျောင်းဆရာမမှာ ဆယ်တန်း အောင်တယ် ဆိုတဲ့ ပညာဂုဏ် နှင့် အသက် ငယ်တယ် ဆိုတဲ့ ငယ်ဂုဏ် သာ ရှိသည် ။ ရုပ်ရည် ရူပါ နှင့်  ကိုယ်လုံးကိုယ်ပေါက် က မရီး မခင်လှ လောက် စွဲမက်စရာ မကောင်း လို့ ကြာ လာတော့ စိတ် ကုန်လာဟန် တူသည် ။

စိတ် ကုန်လာတော့ မှ ပြည့်ပြည့်တင်းတင်း ဖြင့် စွဲမက်စရာကောင်းသည့် မယားကြီးကို အငမ်းမရ ပြန် ပေါင်းချင်သည့် ဆန္ဒတွေ ထိန်းမနိုင် သိမ်းမရ ဖြစ် နေသည် ။

ဒီ ပွဲ က စပြီး မရီး ကို ပြန်လည်နီးစပ်ခွင့် ရလိမ့်မည် အထင် ဖြင့် ပျော် နေသည် ။ သမီး ကို လက်ထပ် ပေးရမည့် ပွဲဖြစ်သည် ။ မင်္ဂလာ ဖိတ်စာ မှာ ဦးညီမောင် နှင့် ဒေါ်ခင်လှ တို့ ၏ သမီး ဆိုသည့် စကားလုံးလေး တော့ ထည့် ရိုက်ရတော့မည် ဖြစ်သည် ။ သို့သော် မင်္ဂလာဖိတ်စာ ထွက်လာသောအခါ နှင့် မင်္ဂလာပွဲ ကျင်းပသော အခါ ကျွန်တော့် အစ်ကို မျှော်လင့် သလို ဖြစ်မလာဘဲ အလွဲလွဲ အမှားမှား တွေဖြစ်ကုန်သည် ။ မင်္ဂလာဖိတ်စာမှာ ဦးလှအေး ၊ ဒေါ်ကြေး တို့ ၏ မြေး ၊ ဒေါ်ခင်လှ ၏ သမီး ဆိုပြီး လုံးချထားသည် ။ ကျွန်တော် အစ်ကို အတော် မကျေနပ် ဖြစ်သွားသည် ။ မင်္ဂလာ ဆောင် သည့် နေ့ ကျပြန်တော့လည်း သတိုးသား ၏ အဖေ က အမေ နှစ်ယောက် ကို ဝဲယာ ရံပြီး သတို့သား နှင့် သတို့သမီး ၏ နောက် မှာ ထိုင် နေတာ ကို မြင် ရတော့ ကျွန်တော့် အစ်ကို ဆောက်တည်ရာ မရ ဖြစ် နေသည် မင်္ဂလာမဏ္ဍပ် အပြင် ဘက် မှာ တောက် တစ်ခေါက်ခေါက် ဖြင့် လမ်းသလားနေသည် ။ သတိုးသမီး က အဖေ ကို မြင်တော့ မျက်ရည်  ကျသည် ။ မင်္ဂလာဦး မှာ မျက်ရည် မကျကောင်းဘူး လို့ ဝိုင်း ပြော ကြလို့ ထွက်လာသည့် မျက်ရည်တွေ ကို ပြန် မြို ချ လိုက်ရသည် ။

“ နင့် အစ်မ ရဲ့ လုပ်ပေါက် က တော့ အတော် ဆိုးတယ်ကွာ ”

“ စိတ် လျော့ လိုက်ပါ အစ်ကို ရယ် ၊ ကလေးတွေ စိတ် အနှော အယှက် ဖြစ်နေပါမယ် ”

“ မင်း စဉ်းစား ကြည့် လေကွာ ၊ ဒီ ပွဲ မှာ တော့ ငါ့ ကို အသိအမှတ် ပြုသင့်ပါတယ် ကွာ ”

“ ဒီ ပွဲ ကို တော့ လက်လျော့လိုက်တော့ ၊ အငယ်ကောင် ရှင်ပြု တဲ့ အခါ အစ်ကို မပါလို့ မရဘူးလေ ။ သပိတ် လွယ် ၊ ယပ် ထမ်း ဖို့ လူစား ထိုး လို့ မရဘူးလေ ။ မရီး က သင်္ကန်းတောင်ပဲ ကိုင်လို့ ရ မှာပေါ့ ။ အဲဒီ ပွဲ က တော့ အစ်ကို့ ရဲ့ ပွဲ ပဲ ။ နွှဲ ဖို့သာ ပြင် ထားပေတော့ ”

ကျွန်တော်တို့ နှစ်သိမ့် စကား ပြော လိုက်လို့ စိတ် သက်သာ သွားရသည် ။ သမီးကြီး ဖြစ်သူ သတိုးသမီး နှင့် အလှချင်း ပြိုင်နိုင် လောက် အောင် ပြင်ဆင်ထားသည့် မယားကြီး ကို ကြည့်ပြီး ဖီလင် တွေ တက်နေဟန်တူသည် ။ မကြာခဏ တံတွေးမျို တာ တွေ့ရသည် ။ မရီး မခင်လှ သည် ကိုယ်လုံးကိုယ်ပေါက်လှသော ညိုချော ဖြစ်လို့ မင်္ဂလာဆောင် အတွက် အထူးရှယ် ပြင်ဆင် ဝတ်စားထားတာမြင်ရ သော ကျွန်တော့် အစ်ကိုရင် မှာ ပြန် ပေါင်းချင်သည့် ချစ်ဖီလင် တွေ ဆောင့် တက် နေဟန် တူသည် ။

နွေ အကုန် ၊ မိုး အကူး အတာကူး သည့် တန်ခူးလ မှာ အငယ်ကောင်ကို ရှင် ပြု ရန် စီစဉ်သည် ။ အိမ် ရှေ့ မှာ မဏ္ဍပ်ကြီး ထိုး ပြီး အိုးကြီးအိုးငယ် ဖြင့် ချက်ပြုတ် နေကြသည် ။ ဖိတ်စာ မဝေ ဘဲ အယုတ်အလတ် ၊ အမြတ် မရွေး ကျွေးမည် ဆို၍ ရှင်လောင်း အဖေ နာမည် ကိစ္စ မပီပြင်သေးဖြစ်နေသည် ။ ကျွန်တော်တို့ အားပေး စကား ပြောထားသည့် စကား အရ သပိတ် လွယ် ၊ ယပ် ထမ်း ဖို့ ကိစ္စ ကြီး ရှိနေသေးလို့ ရှင်လောင်း လှည့်မည့် နေ့ ကို မျှော်လင့်တကြီး စောင့် စားနေရသည် ။ 

“ ကြည့် မယ်လေ ၊ သူ ဘာ လုပ်နိုင်မလဲ ဆိုတာ ကြည့် ရသေးတာပေါ့ ၊ ဒီ ပွဲ က တော့ နောက်ဆုံး ပွဲ ပဲ ။ သူ့ ရဲ့ ပွဲသိမ်း တိုက်ကွက် ကို ကြည့်မယ် ။ သူပဲ ကွဲ မလား ။ ကိုယ် ပဲ လဲ မလား ဟင်းဟင်း ”

မနက်ဖြန် မနက် မှာ ရှင်လောင်း လှည့် ကြတော့မည် ။

အခု အချိန် အထိ သူ့ ကို တစ်စုံတစ်ရာ အကြောင်း မကြား အသိအမှတ် ပြုသည့်လက္ခဏာ ကို မပြသေး ၍ စိုးရိမ်ပြီး ရှက်ရမ်း ရမ်း နေသည် ။ သူ့ မယားငယ် ရှိရာ ကိုင်းတောကွင်းရွာ ကို မပြန်ဘဲ ကိန္နရီချောင်း ရွာ မှာ ည အိပ် နေသည် ။ သူ့ ကို လိုအပ်လို့ ခေါ် လျှင် အသင့် ရှိ နေအောင် မြင်သာသည့် နေရာ မှာ သွားလာ လှုပ်ရှား ပြနေသည် ။ အလှူမဏ္ဍပ်ကြီး ရှေ့ က အိမ် မှာ ထိုင်ပြီး လေသံ မြှင့် စကား ပြော သည် ။ မရီး ရှေ့ ထွက် တာ မြင်လျှင် သူ့ အသံ ကို ကြားအောင် လေသံ မြှင့်ပြီး ကျယ်လောင်စွာ ပြောသည် ။

ရှင်လောင်း လှည့် ကြတော့ မလို့ ကွမ်းတောင်ကိုင် ၊ ပန်းတောင်ကိုင် တွေ တန်းစီ နေရာ ယူကြသည် ။ ကကြိုးတန်ဆာ ဆင်ထားသည့် လှည်းယဉ်ကြော့ ပေါ်မှာ မောင်ရင်လောင်း ကို ရွှေထီး အုပ်မိုး နေလေပြီ ။ ရှင်လောင်း လှည့်တော့မည်ဖြစ်သည် ။ ဒီအချိန် အထိ ကျွန်တော့် အစ်ကို ဦးညီမောင် က တော့ စွပ်ကျယ် လက်မောင်း ပြတ် ကို ဝတ်ပြီး မဏ္ဍပ် ရှေ့ က အိမ် တစ်အိမ် မှာ ဒူးထောင် ပေါင်ကား ပြီး ထိုင် နေရတုန်း ရှိသေးသည် ။ 

ပရိက္ခရာ ရှစ်ပါး အနက် သင်္ကန်း ကို သမီး အကြီးမ က ရွက်သည် ။ သပိတ် ကို ဘယ်သူ လွယ်ပြီး ယပ် ကို ဘယ်သူ ထမ်း မည်နည်း ။ ဒီ နေရာ ကို ဘယ်သူ ဝင်မလဲ ။ ဒီ တာဝန် ကို ဘယ်သူ ယူ မလဲ စောင့်ကြည့်နေကြသည် ။ လူတန်းကြီး ၏ ရှေ့ဆုံး မှာ နေရာ ယူ ထားသည့် ဆိုက္ကား ပေါ် က လော်စပီကာ က ( သပြေတောရွာ ဗျောသံတွေ သာသာယာယာ ) ဖွင့် နေပြီ ။ ရှင်လောင်း လှည့်ပွဲကြီး ရွေ့လျားခါ နီးမှ မရီး မခင်လှ က ဝတ်စုံ ပြည့် ဖြင့် အိမ်ခြံ ထဲ က ထွက် လာသည် ။

မရီး မခင်လှ ကို ကြည့်ပြီး လူတိုင်း အံ့ဩ သွားကြသည် ။ဇာပုဝါရှည် နှစ်စ ကို လည်ပင်း မှ ခွပြီး ချ ထားသည် ။ ဝဲဘက် ပုခုံး မှာ သပိတ် ကို လွယ်ပြီး ယာဘက် ပခုံး မှာ ထမ်းဖူးယပ် ကို ထမ်း ထား သည် ။ ကွမ်းတောင်ကိုင် ၊ ပန်းတောင်ကိုင်တွေ နောက် မှာ မရီး မခင်လှ နေရာ ဝင် ယူ လိုက်သည်နှင့်တပြိုင်နက် ရှင်လောင်း လှည့် ပွဲကြီး စတင် ရွေ့ လျား သွားလေတော့သည် ။ အလှူမဏ္ဍပ်ကြီး ရှေ့က အိမ် မှာ ဒူးစောက်စောက် ဖြင့် ထိုင် နေသည့် ကျွန်တော့် အစ်ကို ထိုင် ရမလို ထ ရမလို ဖြင့် ဆောက်တည်ရာ မရ ဖြစ် သွားလေသည် ။

“ နင့် မရီး ရဲ့ လုပ်ပေါက် က အတော့ ကို ဆိုးတယ်ကွာ ”

“ မရီး ရဲ့ အကြောင်း ကို ဆယ်နှစ် လောက် ပေါင်းလာခဲ့တဲ့ အစ်ကို အသိဆုံး ပေါ့ လေ ”

“ ဘာကို သိရမလဲကွ ”

“ အော် … ဟိုဒင်း .. ကောင်းတာ ၊ ဆိုးတာ ပြောတာပါ ”

“  တော်စမ်းပါ ကွာ … ၊ မင်းတို့ လည်း ဘာမှ အားကိုး ရတဲ့ အကောင်တွေ မဟုတ်ပါဘူး ။ ဘာ ကိစ္စ အတွက် အားကိုးချင်သည် မသိ ၊ မယားငယ် ယူတုန်း က တော့ ဘယ်သူ့ အကူအညီ မှ မယူဘဲ ကိုယ့်အား ကိုယ်ကိုး ယူခဲ့သည် ။ အခု မရီး နဲ့ ပြန်ပေါင်း ချင် တော့ မှ ကျွန်တော်တို့ အကူအညီ မရ လို့ အား မကိုးလောက်ဘူး လို့ ပြောလာသည် ။ ရန် ရှာလာမည် စိုးလို့ ရှင်လောင်း လှည့်ရာ လိုက်ပါ လာခဲ့သည် ။

◾အဏ္ဏဝါစိုးမိုး

📖 မြင်သာမဂ္ဂဇင်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment