Monday, December 5, 2022

မောင်အောင်ပွင့်


 

❝ မောင်အောင်ပွင့် ❞

( ဟိုက်ပတ်ပန်းခြံ ထဲ က ပုရွက်ဆိတ် ယောင် ဆောင်ထားတဲ့ လူတစ်ယောက် )

ကျွန်တော် အိပ်ရာ မှ ထ တော့ နေရောင် ပင် အတန်အသင့် ရွှန်းပြက်၍ နေပါပြီ ။ မြောက်ဥက္ကလာပ ၏ နံနက်ခင်း သည် ကျေးငှက်မြည်သံ တချို့ တစ်ဝက် နှင့် နိုးထ ၍ လာခဲ့ပြန်ပါသည် ။

အိမ် ခေါင်းရင်း ဘက် ပြတင်းပေါက် မှ တစ်ဆင့် ဖြတ် ၍ မြင် နေရသော ခြံ ထောင့် ရေဘုံပိုင်ကလေး မှာ တော့ သူတို့ အားလုံး ရောက်ရှိ နေကြပြီ ။ ကိုသင်းခိုင် ၊ ကိုအောင်ပွင့် ၊ ကိုခင်လွန်း ... ။ သွားပွတ်တံ ကိုယ်စီ ၊ ရေခွက် ကိုယ်စီ နှင့် ။

ထို ည က သူတို့ အားလုံး ကျွန်တော့် အိမ် မှာ အိပ် ကြသည် ။ ကျွန်တော့် အိမ် ဆိုသည် ထက် ယမုံ့ အိမ် ဟု ဆိုလျှင် ပို၍ မှန်ပါသည် ။ ယမုံ နှင့် ကျွန်တော် တို့ သည် မယားညီအစ်ကို များ ဖြစ် ကြရာ ထို အိမ် ၌ မိသားစုနှစ်စု အတူ နေခဲ့ကြရာမှ နောက်ပိုင်း ယမုံ တို့ မိသားစု သာပေါင်းမြို့ သို့ ပြောင်းရွှေ့သွားသောအခါ ကျွန်တော် တို့ မိသားစု ဆက်လက် ကျန်ရစ်ခဲ့ကြခြင်း ဖြစ်ပါသည် ။

ထို အိမ် သို့ လူပေါင်းစုံ ရောက်ဖူးကြသည် ။ မန္တလေး မှ ၊ တောင်ကြီး မှ ၊ မကွေး မှ ၊ ရေနံချောင်း မှ ၊ ပုသိမ် မှ ၊ လပွတ္တာ မှ ၊ မြောင်းမြ မှ ... ။ ထို အိမ် တွင် ခြင်ထောင်ကြီး တစ်လုံး လည်း ရှိသည် ။

ဧည့်သည်များ အတွက် ထားသော ခြင်ထောင် ဖြစ်ရာ ကိုမင်းသစ် ၊ ကိုသင်းခိုင် ၊ ဇော် ( ပျဉ်းမနား ) ၊ မောင်ဒေါင်း ၊ ကိုအောင်ပွင့် ၊ ကိုစိုးသစ် ၊ ကိုစိုးအိမ် ၊ မောင်ကောက် ၊ သစ်စိုး ၊ ပန်းချီလှထွဏ်းအောင် စသည် ဖြင့် ခင်မင်သော မိတ်ဆွေအချို့ကို ဤ ခြင်ထောင်ကြီး ၏ အမိုး အောက် မှာ ညများ ကို ဖြတ်သန်းကြဖူးသည် ။ ယခုလည်း ထို ခြင်ထောင်ကြီး ၏ အမိုး အောက် မှာ ကိုသင်းခိုင် ၊ ကိုအောင်ပွင့် နှင့် ကိုခင်လွန်း တို့ တစ်ည ဖြတ်သန်း ပြီးကြပါပြီ ။

ကျွန်တော် က ခြင်ထောင် သိမ်းရန် ကြိုးများ ကို ဖြုတ်ချလိုက်ပြီး လုံးထွေး ပစ်လိုက်သည် ။ ထို့နောက် ခေါင်းအုံး နှင့် စောင်များ ကို ပါ မ ယူကာ အတွင်းခန်း သို့ ပို့ လိုက်သည် ။ ထို့နောက် တွင် မှ ဖျာ ကို လိပ်ပြီး ထရံ တွင် ကပ် ထောင် ထား လိုက်ပြီး နောက် တံမြက်စည်းလှည်း ရန် ပြင်ဆဲ မှာ ပင် မသင်္ကာစရာ ကောင်းသည့် ပစ္စည်းလေး တချို့ကို တွေ့လိုက် ရခြင်း ဖြစ်သည် ။ ဂွမ်းလုံးကလေး နှစ်လုံး ။ အရွယ် မှာ မန်ကျည်းစေ့ ခန့် ။ ဘာအတွက် ဂွမ်းလုံးကလေးများ ပါလိမ့် ။

“ ကိုပွင့် ရေ ၊ ဒါ ဘာလေးတွေလဲ ဗျ ”

ကျွန်တော် က အိမ် ပေါ် သို့ ပထမဦးဆုံး တက်လာသော ကိုအောင်ပွင့် ကို လှမ်း မေးမိသည် ။ သူ က မချိတရိ ပြုံးရင်း...

”အဖြစ် က တော့ ဗျာ ၊ ည က ကိုသင်းခိုင် ဆို တဲ့ လူရယ် လေ ၊ ဟောက် လိုက် သ မှ အိပ် ဖို့ ဆိုတာ ဘယ်လို မှ ကို မတတ်နိုင်တော့ဘူး ။ စောင်ခြုံ မရ ၊ တစ်ဖက် စောင်း အိပ်မရ ။ နောက်ဆုံး နားရွက် ထဲ ဂွမ်းလုံးဆို့ ထည့် မှ အိပ် ရတော့တယ် ။ အဖြစ်များ ...”

အိမ် ပေါ် သို့ ဆက် တက်လာသော ကိုသင်းခိုင် က တော့ ဝက်ဝက်ကွဲ အောင် ရယ်သည် ။ ခြင်္သေ့ ဟိန်းသလား ထင်ရအောင် လိုဏ်သံပါပါ ဖြင့် ရယ်ခြင်း ဖြစ်သည် ။ ကိုအောင်ပွင့် က တော့ သူ့ ထုံးစံအတိုင်း အေးစက်စက် အပြုံး ဖြင့် ။ ၁၉၉ဝ ပြည့် နှစ်လွန် နှစ်ကာလများ .. ။

•••••   •••••   •••••

ကိုအောင်ပွင့် နှင့် ကျွန်တော် တို့ စတင် သိကျွမ်းခဲ့ကြသော နှစ်ကာလများ မှာ ၁၉၈၃ - ၈၄ ခုနှစ် ဝန်းကျင် နှစ်ကာလများ ဖြစ်ပါသည် ။ ထိုစဉ်က ကျွန်တော် သည် ရန်ကုန်တက္ကသိုလ် ၌ မဟာဝိဇ္ဇာတက် နေဆဲ ကာလ ဖြစ်သည် ။ မြစ်ဝကျွန်းပေါ် အတွေ့အကြုံ မရှိသည့် ဆရာကြည်အောင် ကို မြောင်းမြ ၊ ပုသိမ်မြို့များ သို့ ခေါ်သွားရန် ဖြစ်ရာ ထို သွားမည့်နေ့ ၌ ကျွန်တော်တို့ က သင်္ဘောဆိပ် သို့ လိုက် ပို့ ကြသည် ။

ဤတွင် သင်္ဘောဆိပ် ရောက်သောအခါ ဇာတ်လမ်း က တစ်မျိုး ပြောင်း သွားပါသည် ။ ဆရာကြည်အောင် ရော ၊ မိတ်ဆွေ တစ်ဦး က ပါ ကျွန်တော့် ကို အပါ ခေါ်ကြသည် ။ ဘယ်လိုမှ ငြင်း မရသည့် အဆုံးတွင် ကျွန်တော် လည်း မြောင်းမြ ၊ ပုသိမ်မြို့များ သို့ ပါ သွားတော့သည် ။

သို့ဖြင့် ပုသိမ် တွင် ကိုအောင်ပွင့် နှင့် စတင် သိကျွမ်းမိခြင်းဖြစ်ပါသည် ။ ထိုစဉ် က ပုသိမ် တွင် နံနက် ရောက် ညနေ ပြန်ဖြစ်ရာ တရင်းတနှီး စကားပြောခွင့် မရ လိုက်ပါ ။ နောင် တွင် လည်း ထပ်မံ တွေ့ဆုံရလိမ့်ဦးမည် ဟု ကျွန်တော် မထင် မိ ခဲ့ပါ ။ သို့သော် နောက်ပိုင်း မှာကား ဘဝချင်း လုံးထွေး သွားသည် အထိ ဖြစ် ခဲ့ရပါတော့သည် ။

•••••   •••••   •••••

နောက် ထပ် တစ်ခါ ပုသိမ် သို့ ကျွန်တော် ရောက် သွားသည် မှာ ၁၉၈၅ ခုနှစ် က ဖြစ် ပါသည် ။ ထိုစဉ် က သင်္ကြန်ရက်များ သည် လည်း နီးကပ်နေခဲ့ပြီ ဖြစ်ပါသည် ။ ကျွန်တော့် အမျိုးသမီး သည် ပုသိမ်ကောလိပ် ၌ စာမေးပွဲ ဖြေရန် ရောက် နေခြင်း ဖြစ် ရာ သူ နှင့် ပတ်သက်သည့် အိမ် တွင် ခေတ္တ တည်းခို ရာ မှ နေ့လယ်ခင်း တစ်ခု တွင် ကိုအောင်ပွင့် အိမ် သို့ ကျွန်တော် ရောက် သွား ပါသည် ။ ထိုစဉ်က ကိုပွင့် ၏ အိမ် ပေါ် တွင် လူငယ် တော်တော်များများ ကို တွေ့ ရပါသည် ။

ကျွန်တော် က သူ့ အိမ် ပေါ် သို့ တက်တက်ချင်း မှာ ပင် အပေါ့ သွား ခွင့် တောင်း ပြီး အိမ် အနောက် ဘက် သို့ ဝင် ခဲ့ရာ ခြင်းကျားကြီးများ နှင့် အပြည့် ထည့် ထားသော ခိုဖြူငှက်များကို တွေ့ ရပါသည် ။

“ ကိုပွင့် ၊ ခိုဖြူတွေ ဘာ လုပ်ဖို့လဲ ”

“ သင်္ကြန်ကား ထွက် မလို့လေ ၊ လွှတ်ချင်တာ က တော့ ချိုးဖြူ ပဲ ။ ဘယ်လို မှ ရှာ မရလို့ ခိုတွေ နဲ့ လုပ် ထားရတာ ”

ထိုနှစ် က ကိုအောင်ပွင့် တို့ သင်္ကြန်ကား သည် ပုသိမ် တစ်မြို့လုံး က ဆု တော်တော်များများ ကို သိမ်းပိုက် ယူနိုင်ခဲ့ကြောင်း ကျွန်တော် ကြား ရပါသည် ။ အထူးသဖြင့် ငြိမ်းချမ်းရေးပြကွက်များ က လူထု အသည်းစိုင် ကို ဆွဲလှုပ်နိုင်ခဲ့ကြ သည်ဟု ဆိုပါသည် ။

ထိုစဉ် ကတည်း က ပင် ကျွန်တော် က ကိုအောင်ပွင့် နှင့် ငြိမ်းချမ်းရေး ကို တွဲ၍ မြင် ခဲ့သည် ။ ထို့ပြင် ထိုစဉ် က ကျွန်တော် တည်းခို သော အိမ်သို့ ကိုအောင်ပွင့် ကို ခေါ် သွားခဲ့ပါသည် ။

ကိုအောင်ပွင့် သည် ကျွန်တော် တည်းခို သည့် ကြီးကျယ်ခမ်းနားသော အိမ် ကို တစ်ချက် ကြည့် ကာ စက်ဘီး ပေါ် မှ မဆင်းဘဲ

“ ကျွန်တော် ဒီ အိမ်မျိုးတွေ ထဲ မဝင်ချင်ဘူးဗျာ ”

ကိုအောင်ပွင့် ၏ အရိုးခံ မျက်နှာ ကို ကျွန်တော် အလေးအနက် စူးစိုက်၍ ကြည့် နေမိသည် ။ မှန်ပါသည် ၊ ကျွန်တော် က လည်း မတတ်သာ၍ တည်း ရခြင်း ဖြစ် ပါသည် ။ ပိုက်ဆံ ရှာ ဖို့ မှ တစ်ပါး ဘာ အနှစ်သာရ မျှ မရှိသော လူတွေ ထဲ သို့ ကိုအောင်ပွင့် ကို ကျွန်တော် ခေါ်မသွားလိုပါ ။

“ ခဏ စောင့် ကိုပွင့် ၊ ကျွန်တော် ယူစရာ ရှိ တာ ယူ လိုက်ဦးမယ် ။ အပြင် သွား ကြရအောင် ”

•••••   •••••   •••••

ကျွန်တော်တို့ စာပေအဝန်းအဝိုင်းကလေး က ကိုအောင်ပွင့် ကို ပုရွက်ဆိတ် နှင့် တွဲ၍ တွဲ၍ မြင် တတ်ကြသည် ။ ကိုအောင်ပွင့် က လည်း ပုရွက်ဆိတ် ကို နောက်ခံ ထား ကာ ကဗျာ အတော်များများ ကို ရေးဖြစ် ခဲ့ သူ ဖြစ်သည် ။

စံပယ်ဖြူမဂ္ဂဇင်း မှာ သူ ၏ ပုရွက်ဆိတ်ကဗျာများ ကို ကျွန်တော်တို့ ဖတ်ခဲ့ ကြရသည် ။ ပုရွက်ဆိတ်များ ရဲ့ သာရေးနာရေး ပဏာမအစီရင်ခံစာ ၊ ပုရွက်ဆိတ်များပေါ် သို့ အရေးပေါ် ကန့်သတ်ဖြန့်ဝေခြင်း ၊ ပုရွက်ဆိတ် ကြေညာစာတမ်း ၊ ပုရွက်ဆိတ် အဓိပ္ပာယ် ရှင်းလင်းချက် စသည် စသည် ဖြင့် အတန်အသင့် များပြား ပါသည် ။

ပုရွက်ဆိတ်ကဗျာများ သည် အင်အား ပါ သော ကဗျာများ ဖြစ်သည် ဟု ကျွန်တော် က တော့ ယုံကြည်နေမိသည် ။

ဘယ်တွင်း ဘယ်လောက်ကျဉ်းကျဉ်း
ဆင်းတတ်တယ် ။
ဘယ်လောက်နက်နက် ထွက်တတ်တယ် ။
အောက်ဆီဂျင်ဓာတ်
ဂျိုးကပ်ဂျင်းကပ်နဲ့လည်း
နေတတ်တယ် ။
ပုရွက်ဆိတ်တွေဟာ
ရေမှာတောင်
တစ်ကောင်နဲ့တစ်ကောင်
ဖောင်ဖွဲ့ပူးကပ် ကူးတတ်တယ် ။
ပုရွက်ဆိတ်တွေမှာ
ဗိုက်ရွှဲတာမရှိ ၊
မေးစေ့နှစ်ထပ်နဲ့
အသားလတ်တဲ့သူ မရှိ ၊
ပုရွက်ဆိတ်တွေဟာ
လေဘာထပ်စရာ
ပြဿနာမရှိ ။

စသည် စသည် ဖြင့် ကိုအောင်ပွင့် ဖွဲ့ခဲ့ ဖူးသည် ။ စင်စစ် ပုရွက်ဆိတ် ကို တိုင်တည် ၍ ရေးဖွဲ့ ထားသည် မှာ မှန်သော်လည်း လူ့ ဘဝ ကို ထင်ဟပ်ထား သော ကဗျာများ ဟု ကျွန်တော် က မြင်သည် ။ ကိုအောင်ပွင့် ကိုယ်တိုင် ကလည်း သူ့ ကိုယ် သူ ပုရွက်ဆိတ်အဖြစ် ပူးဝင် နေ သူ ဖြစ်ပါသည် ။ သူ ၏ ကဗျာ တစ်ပုဒ် မှာ ပင်

“ ပုရွက်ဆိတ်ကောင် ဟာ
မောင်အောင်ပွင့် ယောင် ဆောင်နေရဲ့ ”

ဟု ဖွဲ့ဆိုခဲ့ဖူးပါသည် ။

မောင်အောင်ပွင့် သည် ပုရွက်ဆိတ် ၊ ပုရွက်ဆိတ် သည် မောင်အောင်ပွင့် ဖြစ်ပါသည် ။ ငဝန်မြစ်ကမ်းပါး ပုသိမ်မြို့ မှ ထိုထိုသော ပုရွက်ဆိတ် တစ်ကောင် သည် တစ်ကြိမ်တစ်ခါမှာတော့ မြို့တော် ကို လွင့် ၍ ကျ လာ ပါတော့သည် ။ မှတ်မှတ်ရရ မုန်တိုင်းများ စဲသွားပြီးစ တစ်နေ့ မှာ ဖြစ်ပါသည် ။

•••••   •••••   •••••

ကျွန်တော်တို့ ကျောင်းသားအရွယ် က ကားလ်မာ့က်စ် ၏ ဘဝ ဇာတ်ကြောင်း ကို ဖတ်ဖူးခဲ့သည် ။ ဂျာမနီ တွင် နေထိုင်ရန် မဖြစ်နိုင်တော့ သော အခါ ဖက်ဆစ် ဂျာမနီ မှ ဝေး ရာ အင်္ဂလန် သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည် ။

အင်္ဂလန် သည် လွတ်မြောက်ရာ ၊ လန်ဒန် သည် ငြိမ်းချမ်းရာ ။ လန်ဒန်မြို့ ဟိုက်ပတ်ပန်းခြံ ထဲ မှာ စိမ်းလန်းသော အိပ်မက်များ ကို ဆက် မက်ရသည် ။

ခုတော့ဖြင့် ပုရွက်ဆိတ် ယောင် ဆောင် နေရသည် ဆို သော မောင်အောင်ပွင့် တစ်ယောက် ကျွန်တော့် ဆီ ကို ရောက်ရှိ ၍ လာပါသည် ။ ငဝန်ကို ကျော ဘက် မှာ ထားရစ်၍ ရန်ကုန် ကို မျက်နှာချင်း ဆိုင်ကာ သူ ရောက်ရှိလာသောကာလ သည် ၁၉၈၉ ခု နှစ်ဦးကာလများ ပင် ဖြစ်ပါသည် ။ တစ်ခါ တစ်ခါ ကျွန်တော်တို့ ၏ အိပ်မက်ဖူးမဂ္ဂဇင်း ကို သူ ရောက် လာသည် ။ တစ်ခါ တစ်ခါ လေထန်ကုန်း လက်ဖက်ရည်ဆိုင် မှာ သူ့ ကိုတွေ့သည် ။ လောကဓံ လက်ချက် ဗရပွ ဖြင့် အလဲလဲ အကွဲကွဲ ။

သူ ဘယ်လို ထမင်း စားသလဲ ၊ သူ ဘယ်လို အိပ်စက် နားနေသလဲ ၊ သူ ဘယ်လို အသက် ရှူသလဲ ၊ ကျွန်တော် မစဉ်းစားတတ် အောင် ရှိ ခဲ့ရသည် ။ ဘယ်လိုပဲ ဖြစ်ဖြစ် လေထန်ကုန်း မှာ ထိုင်ရင်း လက်ဖက်ရည် သောက် လိုက် ၊ ညနေ တိုင် တော့ အနုပညာနယ်ပယ် က လူတွေ နှင့် တစ်နေရာရာ ကို ပါ သွားလိုက် နှင့် ။ ကြာတော့ ညနေ တိုင် ရောက်လာပြီ ဆို လျှင် ကိုအောင်ပွင့် ကိုယ်တိုင် က -

“ နည်းနည်းပါးပါး ရီဝေကြရအောင်ဗျာ ” ဟု တောင့်တ လာတတ်သည် ။ ဒါကို ကျွန်တော် မကြိုက်ချင်ပါ ။ တစ်ခါတစ်ခါ ပုသိမ် မှ တက်လာသည့် သူ့ ညီငယ်များ က လည်း ရီဝေနေသည့် သူတို့ နောင်တော်ကြီး ကို ကြည့် ကာ မနှစ်သက် ဟန် ရှိ တတ်ပါသည် ။ တစ်ခါတော့ ကျွန်တော် က တိုက်တိုင်း မလိုက်ရန် တား ရာ -

“ ခက်တယ် ကိုသာချို ရာ ၊ လူတွေ က အရက် မသောက်ရင် ထမင်း မကျွေးချင်ကြဘူးဗျ ၊ ကျွန်တော့် မှာ ဗျာ ... ” ဟု ဆိုပြီး မျက်ရည် ဝိုင်း နေသော ကိုအောင်ပွင့် ကို ကြည့် ကာ ကျွန်တော့် မှာ ဖြေမဆည် နိုင်တော့ ။ ဘယ်လိုတွေ ဖြစ်ဖြစ် ကိုအောင်ပွင့် က တော့ လေထန်ကုန်း ကို တွယ်တာသည် ။ လေထန်ကုန်း ၏ ဖေးမမှု ကို ယုံကြည်သည် ။ သူ့ ကဗျာ တစ်ပုဒ် တွင် ပင် -

လက်ဖက်ရည်ဆိုင်မှာ
မျက်နှာချင်းဆိုင် ထိလုလု
တို့တွေ ထိုင်ကြတယ် ။
တစ်ခါတလေ ဝိုင်းကျပ်
လူချင်းထိကပ်
သူ့ပခုံးသားထဲ ကိုယ့်ပခုံးဝင်
ကိုယ့်ပခုံးသားထဲ သူ့ပခုံးဝင်နဲ့ ။
ငါ့ဘဝ
တစ်ခြမ်းမက
ထမ်းကြတာ ဒီလူတွေပါလေ ။

စသည် ဖြင့် ရေးဖွဲ့ခဲ့ ဖူးသည် ။

ထိုကဲ့သို့ လေထန်ကုန်း မှာ ကိုအောင်ပွင့် နားခို နေခြင်း ကို ပင် အမြင်များ က လည်း အမျိုးမျိုး ရှိ လာ တတ်ကြပါသည် ။ ကဗျာဆရာ တစ်ယောက် က -

“ ကိုအောင်ပွင့် လေထန်ကုန်း ကို တွယ်တာတာ ဘာ ဆန်းသလဲ ။ လက်ဖက်ရည် သောက်ရတယ် ၊ ထမင်း စားရတယ် ၊ အရက် ရတယ် ။ ခင်ဗျား က ညှာညှာ ပြီး မတွေးစမ်းပါ နဲ့ ကိုသာချို ရ ” ဟု ဆို လာတိုင်း

“ မဟုတ်သေးပါဘူး ဗျာ ၊ မဟုတ်သေးဘူး ” လုပ် ရသည်က ကျွန်တော် ။ ကျွန်တော် က တော့ သည်လို မမြင်ရက် ၊ မမြင်ချင်ပါ ။ သူများ မြင်သည် ကို လည်း ကျွန်တော် မကြိုက်နိုင်ပါ ။ ကိုအောင်ပွင့် ကဗျာ တစ်ပုဒ် ထဲ က လို ပင် သူ့ ဘဝကြီး က လည်း လွမ်းမိလွမ်းမော ဆန်လွန်းလှလေသည် လေ ။

•••••   •••••   •••••

ကိုအောင်ပွင့် က ၁၉၄၅ ခုနှစ် မှာ မွေးသူ ဖြစ်သည် ။ သည်တော့ သူ့ ငယ် ဘဝ နေ့ရက်များ သည် ပြည်တွင်း မငြိမ်မသက်ကာလ ကို ကောင်းကောင်း ဖြတ်ကျော်ခဲ့ရသည် မှာ ထင်ရှားသည် ။ ဒါကြောင့်လည်း သူ့ ငယ်ဘဝ အကြောင်း ပြန် ပြောသည့် ည များစွာ သည် စစ်ရိပ်စစ်ငွေ့ များ ၊ ကြေကွဲဖွယ် ဇာတ်ကွက်များ ၊ အနိဋ္ဌာရုံများ ဖြင့် ပြည့်နှက်လျက် ရှိတတ်မြဲ ဖြစ်သည် ။

“ ကိုသာချို ရယ် ၊ ကျွန်တော် က အမေ ငတ် ခဲ့ တဲ့ ကောင်ပါ ဗျာ ။ အမေ ဆိုတာ ဘယ်လို ဟာလဲ လို့ တစ်ခါလောက် တွေ့ ရရင် ကျွန်တော် ကျေနပ်ပါပြီ ။ ဒီတုန်း က ကျွန်တော် မှတ်မိတာက အမေ ဆို တဲ့ မိန်းမကြီး ကို လူ တစ်စု က ဖမ်း ခေါ် သွားတာပဲ ။ ဆက်သား လုပ်ပေးလို့ ဆိုလား ဗျာ ။

လွတ်လပ်ရေး ရပြီးခါစ ဆိုတော့ ကျွန်တော့် အသက် က လေးနှစ် လောက် ရှိ သေးတာဗျာ ။ ဘယ်သူတွေ က ဘယ်ခေါ်သွား မှန်း လည်း မသိ ။ အမေ နဲ့ ပတ်သက်ရင် ဒါလေး ပဲ ကျွန်တော့် မှာ မှတ်မိတော့တယ် ။ အောင်ပွင့် ဆို တာ အမေ ပေး တဲ့ နာမည် လေ.. ။ ဒါကြောင့် ကျွန်တော် စာ ရေးတဲ့ နာမည် ဟာ လည်း မောင်အောင်ပွင့် ပဲ ဖြစ် ရမှာပေါ့ ”

ကိုအောင်ပွင့် ၏ မျက်နှာ က အလွမ်း ဖြင့် ရီဝေ ၍ နေသည် ။ လှိုင်းတွန့် ဆံပင် သပ်သပ်ရပ်ရပ် ၊ မျက်နှာ ရှည်သွယ်သွယ် ၊ ရိတ်သင်ပြီးခါစ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေး စိမ်းညို့ညို့ ဖြင့် သူ့ မျက်နှာ ကို ကျွန်တော် ငေးရီ၍ နေမိသည် ။ နောက်ကျိ ရီဝေသော ဒီရေ အတက်အကျ ၊ မှောင်ပိန်း နေ သည့် ဓနိတောများ ၊ မြစ်ဝကျွန်းပေါ် က စိမ်းလန်းသော ရွာကလေးတွေ ၊ လွတ်လပ်ရေး ရပြီးခါစ မငြိမ်သက်မှုများ ။ အားလုံး သည် ကျွန်တော့် ရင် ကို လာရောက်ကာ ကပ်ငြိလာကြသည် ။

“ တစ်ယောက် က ဒုံး ကို လုပ်တယ် ။ နောက် တစ်ယောက် က အဲဒီ ဒုံး ကို ခွင်း တဲ့ ဒုံး ကို လုပ်တယ် ၊ နောက် တစ်ယောက် က အဲဒီ ဒုံးခွင်း ကို ခွင်း ဖို့ လုပ်တယ် ။ ကြိုက်သလောက် လုပ်စမ်း ၊ ဘယ်တော့မှ မပြီးဘူးဗျာ ။ ငြိမ်းချမ်းရေး ပဲ ။ အားလုံးဟာ စားပွဲ ပေါ် ရောက် လာ မှ ပြီးကြတာပဲ ဗျာ ။ အာဖရိက ကြည့် ။ အာရပ် ၊ အစ္စရေး ကြည့် ။ ကြိုက်သလောက်သတ်လေ ၊ စားပွဲဝိုင်းတွေ က ပဲ ရန်ကို ငြိမ်း စေတာပါ ဗျ ”

သည်တုန်း က ဖြင့် ကဗျာဆရာ သည် သူ့ အရက်ခွက် ကို ကိုင်ကာ ခေါင်း ငိုက်စိုက် ချလျက် ။

ကိုခင်လွန်း က ဆေးလိပ် ကို မီးခိုးလုံးကြီး ထအောင် ဖွာလျက် ။ ကိုသင်းခိုင် က ကိုက်လန် တစ်ဖတ် ကို တူ ဖြင့် ညှပ် နေ လျက်... ။

“ တစ်မိုးသစ်ပြန်ပြီ ကိုသာချိုရေ ၊ ပုသိမ် က ကျွန်တော့် အိမ်ကလေး မမိုး ရသေးဘူး တဲ့ ။ ဒီမှာလေ ဆရာမ ရေး လိုက်တဲ့စာ ။ ခုတော့ သားအမိ တစ်တွေ မုန့်ဟင်းခါး ရောင်း စား နေကြသတဲ့ ။ ကျောင်းဆရာမ လုပ် ရတာက တစ်ဖက် ။ ဘယ်လောက် ကသီလင်တ ဖြစ် နေကြမလဲ ။ ကျွန်တော် ဗျာ ၊ ရန်ကုန် ကို တကယ် မနေချင်တာပါ ။ ခုတော့ ဟို လူ့ ဆီ လက် ဖြန့် တောင်း ၊ သည် လူ့ ဆီ လက် ဖြန့် တောင်း နဲ့ ၊ သူတောင်းစား အကြီးစား ကို ဖြစ် လို့ဗျာ ။ ကျွန်တော့် ကိုယ် ကိုယ် ကျွန်တော် လည်း ပြန် ကြည့်မိတယ် ။ ဆယ်နှစ် တစ်ကြိမ် အမြဲတမ်း ကံ ခေတယ် ။ ၁၉၆၇ ခုနှစ် တုန်း က တစ်ခါ ။ အဲဒီတုန်းက ၂၂ နှစ်သား ။ ၁၉၇၈ ခုနှစ် မှာ တစ်ခါ ။ ၃၃ နှစ် ။ ခု တစ်ခါ ၁၉၈၉ ခုနှစ် ၊ ၄၄ နှစ် ။ ဘယ်လောက် တိုက်ဆိုင် လိုက်သလဲ ။ ခင်ဗျားတို့ ကိုသင်းခိုင် နဲ့ ကျွန်တော် ၁၉၇၈ ခုနှစ် မှာ ဆုံကြတာပေါ့ ။ ဆိတ်ဖလူးနံ့တွေ ကြား မှာလေ ”

ဒါကတော့ မိုးနံ့ တို့ သင်းပျံ့လာသော ရက် တစ်ရက် မှာ ပြောလာခြင်း ဖြစ်သည် ။

“ ဒီမှာ စာ လာပြန်ပြီဗျ ၊ ဆရာမ ဆီ က ။ ကြည့်ပါဦး ၊ ခေါ်ပုံ က .. ခေါ်ပုံ က ... ပုရွက်ဆိတ်ကြီးရေ တဲ့ ”

မျက်ရည်ကြည်များ ဖြင့် ပြည့်လုပြည့်ခင် ဖြစ်နေသော ကိုအောင်ပွင့် ၏ မျက်ဝန်း ကို ကျွန်တော် မကြည့်ရဲ ၊ မမြင်ရဲ ဖြစ် နေမိသည် ။ ၁၉၈၉ ခုနှစ်မှာ ရန်ကုန် ရောက် လာသော ကိုအောင်ပွင့် တစ်ယောက် ပထမ တော့ လွင့် ချင်ရာ လွင့် နေခဲ့ပြီး ၊ နောက်တော့ ကျွန်တော့် အိမ် နှင့် အိပ်မက်ဖူးမဂ္ဂဇင်း တို့ တွင် နေထိုင် ရာ က မကြာမကြာ ဆိုသလို ပုသိမ် ရှိ သူ့ ဇနီး ဆရာမ နန်းညွန့်ရွှေ ထံ မှ စာများ လာ တတ်သည် ။ လာတိုင်း လည်း ကိုပုရွက်ဆိတ်ကြီး အစ ချီ သော စာများ မှ ပြသင့် ပြထိုက် သည့် စာများ ကို ကျွန်တော့် ကို ပြပါသည် ။

ကျွန်တော့် ရင် ထဲ မှာဖြင့် မောကျပ် နေ လျက် ။ မဲဇာတောင်ခြေ လား ၊ သံလွင်ချောင်းခြား လား ၊ ဆိုက်ဘေးရီးယား လား ။ သူ့ အဖြစ် က သည်လိုတော့ လည်း မဟုတ်ပြန်ပါ ။

ကျွန်တော်တို့ က တော့ မြို့ပြ မှာ သစ်ရွက် တစ်ရွက် လို လွင့်ချင်ရာ လွင့် နေသည့် ကိုအောင်ပွင့် ကို စာနာမိသည် ။

သူ ၏ “ လွမ်းမိလွမ်းမော ” ကဗျာ တွင် သူ ၏ မြို့ပြဘဝများ ကို တွေ့ ရသည် ။

ဟောဒီလူဟာ
ကလေးဘဝ အစကတည်းက
အမေလို့ ခေါ်မယ်ကြံခါရှိသေး
အဝေးပျောက်ဆုံးသွား
ရည်းစားဦးနဲ့ကွဲဖူး
အောင်မြင်မှုတွေနဲ့
အခါခါလွဲဖူး
ဆယ်နှစ်တစ်ကြိမ်
အိမ်သတိရ ခရီးရှည်
ပုံမှန်ထွက်ခဲ့ရ ။

ကြာတော့လည်း
ဒီလူ့အသည်း
တဲတဲလေးမှ တဲတဲလေးရယ်
မျက်လုံးအိမ်ဟာ
အလွမ်းဖွဲ့စိမ်
အချိန်တိုင်း ရီဝေလို့ ။

လေထန်ကုန်း ညနေတွေ
မောင်ဒီ ရယ်လေ
ယိုင်နဲ့လေးကန်စွာ ထွက်ခွာသွား
သူ့ကျောပြင်
ကျွန်တော် မမြင်ရဲဘူးဗျာ
ကျွန်တော့်ပုံရိပ်
တိတ်တိတ်ကလေး ကပ်ပါသွားလို့ပါ ။

သူ တော့ မသိ ၊ သူ့ ကဗျာ ကို ဟို တစ်စ သည် တစ်စ မှတ်မိနေသည့် ကျွန်တော် လည်း တကယ့် ကို လွမ်းမိလွမ်းမော ရပါလေသည် ။

•••••   •••••   •••••

တစ်ခါက တော့ ကျွန်တော် ၊ ကိုခင်လွန်း ၊ မင်းသိုက်မွန် ၊ ကိုအောင်ပွင့် စသည် ဖြင့် လူ တော်တော်များများ သည် အိပ်မက်ဖူး မှ အပြန် ၄၂ လမ်း တွင် ဝင်ကာ နည်းနည်းပါးပါး ရီဝေခဲ့ကြသဖြင့် ခပ်ထွေထွေဖြင့် ပြန်လာခဲ့ကြသည် ။ ဘားလမ်း ( ပန်းခြံလမ်း ) အရောက်တွင် ကျွန်တော် နှင့် လူငယ်သုံးယောက် ဝင် တိုက်မိရာ မှ ရန် ဖြစ်ရာ တစ်ဖက် မှ မျက်နှာ ကို စွတ် ရိုက်လိုက်သဖြင့် ကျွန်တော် မှောက် လဲ နေသည် ။

နှာခေါင်း မှ သွေးများ လျှံလာသောအခါ ကျွန်တော် ဘာကိုမျှ မမြင် တော့ ဘဲ ထီး ကို ကိုင် ၍ သူတို့ ထံ အပြေး ဝင် သွားသည် ။ ကိုခင်လွန်း က ကျွန်တော့် ကို ကုပ် မှ ကိုင်ဆွဲထားရင်း အသင့် ပြင် ထားသည် ။ သို့သော် ကိုအောင်ပွင့် က သည်လို မဟုတ် ၊ နှစ်ဖက် ကြား တွင် ရပ် နေရင်း က

“ ဟေ့ .. တို့ညီအစ်ကိုတွေ ကွာ ၊ ဟေ့ တို့ညီအစ်ကိုတွေ ကွာ ” နှင့် တစ်ကွာ တည်း ကွာ နေတော့သည် ။ ငြိမ်းချမ်းရေး လား ၊ ဘာလား ။ ဒါကိုတော့ ကျွန်တော် မသိတတ် နိုင်ခဲ့ပါ ။

•••••   •••••   •••••

မိတ္ထီလာကောလိပ် သို့ ကျွန်တော် ပြောင်း သွားပြီး နောက်ပိုင်း တွင် ရန်ကုန် ကို မကြာမကြာ ရောက်ပါသည် ။ သွား တိုင်း လည်း ကိုအောင်ပွင့် နှင့် တွေ့ ပါသည် ။ သူ က တော့ ဗွီဒီယို လုပ်ငန်း တစ်ခု မှာ စီစဉ်သူ အနေဖြင့် ထမင်း ရှာ စားနေသည် ။

သူ “ ဉာဏ်မော် ” အမည် ဖြင့် စီစဉ်သော တန်ခိုးကြီးဘုရားများ ၊ ဧရာဝတီ မှတ်တမ်း ၊ who's who စသည် စသည်များကို ကျွန်တော် ကြည့် ဖူးသည် ။ သတင်း နှင့် ယဉ်ကျေးမှု နောက်ခံကာ ရိုက်ကူးသည့် ဗီဒီယိုကားများ ဖြစ်၍ ကိုအောင်ပွင့် ခရီး အများကြီး သွား ခဲ့ရသည် ။ မြောက်ဖျား ၊ တောင်ဖျား ၊ မန္တလေး ၊ ပုဂံ ၊ ကလော ၊ ကလေး ။ ခြေရာချင်း ထပ်ခဲ့သည် ။ အဲဒီ နောက်ခံတွေ နဲ့ လည်း ကဗျာများ ရေးဖွဲ့ခဲ့ပါသေးသည် ။

တစ်ခါ ကျွန်တော် က ရန်ကုန် အရောက် သူ နှင့် အတူ မြစ်ဆိပ်ကို ပါ သွားသည် ။ ထိုစဉ် က မြစ်ညာ တွင် နေဝင်လုလု ။ ပုသိမ်သင်္ဘော က လည်း ထွက်လု ထွက်ဆဲ ။ လေ က တဖျပ်ဖျပ် ထိုးတိုက်နေသည် ။ ကိုအောင်ပွင့် က တော့ သူ ၏ သား မောင်ကြီးငြိမ်းချမ်း နှင့် သမီး လုံမငြိမ်းချမ်း တို့ ကို ပခုံး ကိုယ်စီ ကိုင်ကာ တတွတ်တွတ် ။

“ ကလေးတွေ က လည်း ဖအေကို သတိ ရ လို့ တဲ့ ၊ တက်တက် လာကြတယ် ။ ဆရာမ က လည်း ရန်ကုန် မှာ နေကြဖို့ ကို သတ္တိ မရှိ နဲ့ ၊ ခက်တယ် ဗျာ ။ ကျွန်တော် လည်း အိမ် ပြန် ချင်လှပြီ ”

“ ပတ်ဝန်းကျင် က တော့ ကောင်းတယ် မဟုတ်လား ”

“ ကောင်းလည်း ကိုသာချို ရယ် ၊ လုံမ က အရွယ် ရောက် နေပြီလေ ။ အဖေ မရှိ တဲ့ အိမ် ဗျာ ၊ မူး လာတဲ့ လူ က လည်း ခြံစည်းရိုး ကပ်ပြီး သေးလှန် ပေါက် ရဲတယ် ဗျ ”

ကိုအောင်ပွင့် က သက်ပြင်းရှည်ကြီး ကို ဟူးခနဲ မှုတ်ထုတ် ပစ်လိုက်သည် ။ နောက်ဆုံး အက္ခရာ ၊ နောက်ဆုံး နံပါတ် နှင့် ကားသံများ ၊ ဘီယာဆိုင် ထဲ မှ  ဝေါခနဲ လျှံထွက် လာသည့် အသံများ ။

ထိုထိုသော အသံများ ၏ အောက် တွင် သူ၏ သက်ပြင်းသံ က တိုးလျ ပါးလျား ၍ သွားသည် ။ ဪ ... ကျွန်တော်တို့တစ်တွေ သူများ ရယ်ဖို့ ကိုယ် ငိုခဲ့ကြလေသလား ။

•••••   •••••   •••••

“ ဟေ့လူ ၊ စိန်လိုက်လေဗျာ ၊ စိန်လိုက် ၊ ခင်ဗျား ဘာလဲ ၊ ကျုပ် ဘာလဲ ။ ဒီမှာ မြန်မာပြည် မှာ ကဗျာဆရာ ဆယ်ယောက် ရှိ အဲဒီ ဆယ်ယောက် ထဲ ကျုပ် ပါတယ် ။ ကျုပ် တို့ က သေချာတယ် ။ ခင်ဗျား က ဘာလဲ ၊ ခင်ဗျား ... ဗျာ ”

ပေါက်ကွဲ ချင် တိုင်း ပေါက်ကွဲနေသည့် ကိုအောင်ပွင့် ကို ကြည့်ကာ ကျွန်တော့် မှာ အံ့သြ၍ နေသည် ။ ကိုအောင်ပွင့် သည် လို ပေါက်ကွဲ နေပုံမျိုး ကို ကျွန်တော့် ဘဝ မှာ တစ်ခါမျှ မတွေ့ခဲ့ဖူးဘူး ။

ထိုနေ့ သည် ကျွန်တော် ရန်ကုန် ကို နောက်ဆုံး အကြိမ် ရောက်သွားသည့် အခေါက် မှ နေ့ တစ်နေ့ ဖြစ်သည် ။ ညနေ စောင်း တော့ ၄၂ လမ်း မှာ ဆုံဖြစ်သည် ။ ကျွန်တော် ၊ ကိုအောင်ပွင့် နှင့် ကိုအောင်ဘညို ။

ကျွန်တော် တို့ ထိုင်ပြီး မကြာခင်မှာ ပင် ကိုနော် နှင့် ကိုလင်းဝေမြိုင် တို့ ရောက်ချ လာသည် ။ ကိုနော် က Art for no sake ( အနုပညာ သည် ဘယ်သူ့ အတွက် မှ မဟုတ် ) ဟူသော သဘော ကို ဆောင်းပါး ရေးခဲ့သည့် ဒဿနိကဗေဒ ဆရာ လည်း ဖြစ်သည် ။

သည်တော့ ကိုအောင်ပွင့် က “ No ဆိုတဲ့ ကိစ္စ က တော့ မဟုတ်သေးပါဘူးဗျာ ” ဖြင့် စကား စသည် ။ ကိုနော် က လည်း လူထု အတွက် အနုပညာ ဆိုတာ မရှိ ၊ ရှိအောင် ဖန်တီး လျှင် လည်း အနုပညာ မဟုတ် စသည် ဖြင့် ပြန် ပြောရာ မှ တင်းမာ သွားကြခြင်း ဖြစ်သည် ။ ကိုနော့် ကို ကိုလင်းဝေမြိုင် က ချော့ ၍ ကိုအောင်ပွင့် ကို ကျွန်တော် က ချော့ ရသည် ။

“ နားလည်မှု နည်းနည်းလေး လွဲနေတယ် ကိုပွင့် ရာ ၊ နည်းနည်းလေး လွဲနေတယ် ။ သူ ဆိုလိုတာ က ဝါဒဖြန့် တာ အနုပညာ မဟုတ် ၊ ဒါကို ဆိုလိုတာ ။ အတူတူပါပဲ ကိုပွင့် ရဲ့ ။ ကျွန်တော်တို့ ဟာ ရန်သူတွေ မဟုတ်ပါဘူး ”

“ အေးလေ ၊ ပြေလည်အောင် ပြောလေဗျာ ။ ဘာလဲဗျ ၊ ပါမောက္ခ လေသံ နဲ့ ”

“ ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ။ တော်ပါတော့ ”

ရန်ကုန် ည သည် မူးယစ်ဝေ၍ သွားလေသည် ။

•••••   •••••   •••••

ခုတော့ မိုး တစ်ပြိုက် နှစ်ပြိုက် ရွာ ပြန်ပါပြီ ။ ဗီဒီယို အတွက် လွိုင်ကော် ဘက် ကို တက်ဦးမည် ဆိုသော ကိုအောင်ပွင့် လည်း တက် သွားလောက်ပါပြီ ။ ကျွန်တော် လည်း မိတ္ထီလာ ကို ပြန် ရောက်ပါပြီ ။ ဘာလိုလို နှင့် ချစ်သော ကိုအောင်ပွင့် တစ်ယောက် သူ့ အိမ် နှင့် ဝေးရာ ၊ သူ့ အိပ်ရာ နှင့် ဝေးရာ ၊ သူ့ ထမင်းဝိုင်းကလေး နှင့် ဝေးရာ မြို့ပြလမ်းတွေ ထဲ မှာ အတန်အသင့် ကြာ ခဲ့ပါပြီ ။ ဆယ်နှစ် ဆယ်မိုး တော့ မဟုတ် ၊ ခုနစ်နှစ် ခုနစ်မိုး ။ မှန်ပါသည် ၊ ပုရွက်ဆိတ် ယောင် ဆောင်ထားတဲ့ လူ တစ်ယောက် ဟိုက်ပတ်ပန်းခြံ ထဲ ကို ရောက်နေတာ ခုနစ်နှစ် ခုနစ်မိုး ရှိ ခဲ့ပါပြီ ။

◾မောင်သာချို

📖 ကြူးပစ်မဂ္ဂဇင်း
      ဒီဇင်ဘာလ ၊ ၁၉၉၆ ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment