Saturday, December 17, 2022

ဘက်လိုက် လမင်း



❝ ဘက်လိုက် လမင်း ❞

အခန်း ( ၁ )

လ နတ်သမီး သည် သူ ၏ ပြာလဲ့လဲ့ ညဉ့်ရုံလွှာ ကို တစ်လွှာချင်း ရုတ်သိမ်း နေ ချိန် နေနတ်သား သည် လည်း သူ ၏ နီစွေးစွေး နေ့ ဝတ်ရုံ ကို တစ်လွှာချင်း ဖြန့်ကြက် ခင်းကျင်း နေသည် ။ ကျွန်တော် တည်ရှိနေရာ စက်ရုံဝင်းကြီး ၏ အရုဏ်ဦး အလှ သည် တလှုပ်လှုပ် တရွရွ သွားလာလှုပ်ရှား နေကြသော စက်ရုပ်ဆန်ဆန် လူသားများ ဖြင့် အသက် ဝင်နေ၏ ။ ထက်အာကာ တစ်ခွင် တွင် လစန္ဒာသည် ငိုက်မြည်း နေ၍ နေသူရိန် သည် ဟန်ရေး ကြွ လျက် ရှိသည် ။ နေ ထွက် ၍ လ ဝင် ရပြီ ။ တစ်ဖန် နေ ဝင် လျှင် လ ထွက်ရ ပေဦးမည် ။ ဆုံနိုင်ခွင့်ကင်း သော နေ နှင့် လ ပါတကား ။

သက်ပြင်း မော ကို ကျွန်တော် ရှိုက် မိ၏ ။ ပါးစပ် မှာ ခဲထားသော ဆေးပြင်းလိပ် ကို ယူပြီး ဘေး ရှိ ပြာခွက် ထဲ သို့ ထိုးချေထည့် လိုက်သည် ။ ပက်လက်ကုလားထိုင် ပေါ် တွင် လှဲ နေရာ မှ ထ ထိုင် လိုက်သည် ။ ပျင်းကြော ဆန့်လိုက်၏ ။ တစ်ည လုံး မအိပ် ခဲ့ ရ ၍ ကျိန်းစပ် နေသော မျက်လုံးများ ကို ပွတ်သပ်မိသည် ။ ဝါးခနဲ သန်းဝေ လိုက်ပြီး မက်တပ် ထ ရပ်လိုက်သည် ။ ကြီးမားလှသော စက်ရုံကြီး ကို အမှတ်တမဲ့ ငေး ကြည့် နေမိ၏ ။

အမှန်တော့ ဤ စက်ရုံကြီး သည် ကျွန်တော့် ဘဝ ၏ မဟာကယ်တင်ရှင် ကြီး ပင် ။ ဘုန်းကြီးကျောင်း တွင် ကပ် နေရသော မိဘ မဲ့ တစ်ကောင် ကြွက် ကျွန်တော် က မြ နှင့် တစ်အိုး တစ်အိမ် ထူထောင် လိုက်သော အခါ လောကဓံလှိုင်းကြမ်းများ ကို နဖူး တွေ့ ဒူး တွေ့ ရင်ဆိုင် ရသည် ။ အတန်းပညာ လည်း မရှိ အတတ်ပညာ လည်း မရှိသော ကျွန်တော့် မှာ ဘဝ ရပ်တည်ရန် အလုပ် ရ ဖို့ မလွယ်ကူခဲ့ပေ ။ ဟို လူ့ ဆီ အကူညီ တောင်း ဒီ လူ့ ဆီ အကူညီ တောင်း ဖြင့် အတော်ပင် ကသီ ခဲ့ ရသည် ။

ထို အခက်အခဲ များ ကို ဘုန်းကြီးကျောင်း သို့ အမြဲ လာရောက် လှူဒါန်း နေသော အစ်ကိုကြီး က ဖြေရှင်း ပေးခဲ့သည် ။ ကျွန်တော့် ကို ယုံကြည်စွာ ဖြင့်ပင် သူ့ စက်ရုံ မှာ ညစောင့် လုပ်ခိုင်းခဲ့၏ ။ လစာ ကောင်းကောင်း လည်း ပေး ခဲ့သည် ။ ကျွန်တော့် အပေါ် မှာ လည်း ညီရင်း တစ်ယောက် လို စောင့်ရှောက် ခဲ့၏ ။ ကျွန်တော် က လည်း သူ့ စီးပွားရေး ကို ကိုယ့် စီးပွားရေး လို ပင် သဘော ထားပြီး စောင့်ရှောက် ခဲ့သည် ။ တဖြည်းဖြည်း နှင့် ကျွန်တော် လည်း သူဋ္ဌေး ၏ လူယုံ သဖွယ် ဖြစ် လာရ၏ ။ ထိုသို့ဖြင့် ကျွန်တော် နှင့် မြ သာယာသော အိမ်ထောင် တစ်ခု ကို ထူထောင် နိုင်ခဲ့သည် ။ ယခု ဆို အိမ်ထောင် သက် တစ်နှစ် ပင် ပြည့်လု ပြီ ။

မြ အကြောင်း ကို တွေးမိတော့ ကျွန်တော့် ရင် ထဲ မှာ မကောင်း ။ ရွှေပေါ်မြတင် ဆိုသည့် အတိုင်း မြ သည် ရွှေပုံပေါ် မှာ ကြီးပြင်းခဲ့ရသော သူဋ္ဌေးသမီး တစ်ယောက် ။ ကျွန်တော် နှင့် ညား ၍ သာ သူ့ ခမျာ ဆင်းရဲဒုက္ခ ရောက် နေ ရရှာသည် ။ ထို့ပြင် မြ က ကျွန်တော့် အပေါ် လက်တွဲဖော်ကောင်း ပီသ လွန်း သည် ။ မြ ကို ကျွန်တော် ချစ် လည်း ချစ် သနား လည်း သနား မိ သည် ။ ထို့ကြောင့် ပင် မြ ကို ယခုထက် ပို၍ တင့်တင့်တယ်တယ် ထား နိုင်ရန် အမြဲ ကြိုးစား နေရ၏ ။

“ ဟိတ် မောင်ရွှေ ဘာတွေများတွေး နေတာလဲ ငါ ခေါ် နေတာတောင် မကြားပါလား ”

ပုခုံး ကို ပုတ်၍ နောက် မှ လှမ်းခေါ် လိုက်သော အသံ ကြောင့် လှည့် ကြည့် မိသည် ။

“ ဟာ အစ်ကိုကြီး ဒီနေ့ အစောကြီး စက်ရုံ ထဲ ရောက် နေပါလား ”

“ အေးကွ ငါ မင်း ကို အကူညီ တောင်းစရာ ရှိလို့ ”

“ မလိုပါဘူးဗျာ ။ အစ်ကိုကြီး အတွက် ဆို ကျွန်တော် က အမြဲတမ်း အဆင်သင့် ပါ ”

ကျွန်တော့် စကား ကို အစ်ကိုကြီး က သဘော ကျ စွာ ပြုံးပြီး ...

“ ငါ မနက်ဖြန် မန္တလေး တက်မလို့ ကွ ။ မနက်ဖြန် မနက် က စပြီး မင်း အိမ် မပြန် နဲ့ တော့ စက်ရုံ မှာ ပဲ နေလိုက် ။ ခါတိုင်းလိုပဲ သုံးလေးရက် ပဲ ကြာ မှာပါ ။ ဟို မန်နေဂျာ ကောင် ကို လည်း သေချာ ကြည့်ထား ဒီကောင် က ငါ မရှိရင် မရှိ သလို လုပ် ချင်တာ ”

အစ်ကိုကြီး ၏ စကား အဆုံး မှာ ကျွန်တော် မှိုင်တွေ သွားရသည် ။ ဖွင့်ဟချင် နေတဲ့ နှုတ်ခမ်း အစုံ ကို ခပ်တင်းတင်း ဖိ ကိုက်လိုက်၏ ။ အံထွက်လု ဆဲ စကားလုံး တို့ ကို မျိုသိပ် ပစ်လိုက်သည် ။ ထို့နောက် ခေါင်း ကို ခပ်သွက်သွက် ညိတ်ပြလိုက်၏ ။ အစ်ကိုကြီး က ကျွန်တော့် ပုခုံး ကို အားရ ဝမ်းသာ ပုတ် လိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံး သည် ။

“ ဒါတွေကြောင့် မင်း ကို ငါ အားကိုး နေရတာ ။ မင်း က ငါ့ အပေါ် မှာ နားလည် အပေးနိုင် ဆုံးပဲ ”

အစ်ကိုကြီး က ပြုံးပြုံး ပြုံးပြုံးနှင့် ပြောပြီး လှည့် ထွက်သွားသည် ။ ကျွန်တော် လည်း ပြုံး နေမိသည် ။ သို့သော် မချိ ပြုံး မျှ သာ ။ အကယ်၍ မနက်ဖြန်သည် လပြည့်နေ့လေး သာ မဟုတ်ခဲ့ဘူး ဆိုလျှင်တော့ အစ်ကိုကြီး ၏ အပြုံးများအတွက် ကျွန်တော် ပို၍ ပြုံး နေ မိမည်သာ ။ ယခုတော့ တိုက်ဆိုင် လွန်းသော ကံကြမ္မာကို ပင် ယိုးမယ် ဖွဲ့ ရ မည်လား ။

အခန်း ( ၂ )

စက်ရုံ မှ အိမ် သို့ ပြန်လာရာ လမ်း တစ်လျှောက် ကျွန်တော့်ရင်တွေ မွမ်းကြပ် နေ ရသည် ။ စွန့်လွှတ် လိုက်ရသော မနက်ဖြန် အတွက် အတိအကျ ပြော ရလျှင် တစ်လ မှ တစ်ကြိမ် သာ ကြုံခွင့် ရှိသော ကျွန်တော့် လပြည့်နေ့လေး အတွက် ရင် နှင့် အမျှ နာကျင် နေရသည် ။ အကြောင်း အမျိုးမျိုးကြောင့် လပြည့်နေ့လေး ကို ကျွန်တော် စွန့်လွှတ် ခဲ့ရသည် မှာ သုံးခါ ရှိပြီ  ။ လပြည့်နေ့လေး အကြောင်း ကို အစ်ကိုကြီး အား ပြောပြ ချင် နေမိသည် ။ ပြောပြ ဖို့ လည်း အကြိမ်ကြိမ် အခါခါ ကြိုးစားဖူး၏ ။ သို့သော် အထ မမြောက်ခဲ့ ။ အားနာ လွန်း ၍ ဖြစ်သည် ။ သက်ပြင်း မော ကို သာ ကျွန်တော် ဟူးခနဲ မှုတ် ထုတ်မိ၏ ။

အတွေးများ နှင့် လျှောက် လာရာ အိမ်ဝ သို့ ပင် ရောက်ပြီ ။ သော့ ခတ်ထား သော အိမ်တံခါး ကို နွမ်းလျစွာ ကြည့် မိ၏ ။ အိတ် ထဲ မှ သော့တံ ကို ဆွဲ ထုတ်လိုက်သည် ။

သော့ခလောက် ထဲ ထည့်၍ လှည့် ဖွင့် လိုက်၏ ။ ပွင့်ဟ သွားသော အိမ်တံခါး မှ တဆင့် မြင် လိုက်ရသည် က အိမ်ဝ မှာချိတ်ဆွဲ ထားသော ဝှိုက်ဘုတ် ။ ထို ဝှိုက်ဘုတ် ပေါ် မှာ ရေးသားထားသော ဝိုင်းစက်လှပသည့် မြ ၏ လက်ရေးများ ။

မောင်ရေ

မနက်ဖြန် လပြည့်နေ့ နော် ။ ကံကောင်း ထောက်မလို့ မောင့်သူဋ္ဌေး ခရီး မသွားပါစေ နဲ့ ရှင် ။

မောင့် ကို ချစ်တဲ့ မြ

( အော် အုပ်ဆောင်း အောက် မှာ မောင့် အတွက် ထမင်းပွဲ အဆင်သင့် ပြင် ပေး ထားတယ်  ။ ပူတုန်း စားလိုက်ဦးနော် ။ မြတော့ ဈေး သွားပြီ မောင် )

မြ ရေးထားသော စာ ကို ဖတ်ပြီး ....

“ အော် ... မြ ရယ် မင်းဆုတောင်းတွေ လွဲခဲ့ရပြန်ပြီပေါ့ ”

ကျွန်တော် ခပ်လေးလေး ရေရွတ် လိုက်မိ၏ ။ ကျွန်တော့် ရင်ထဲ တွင် မချိ လိုက်သည့် အဖြစ်ပင် ။ ဝှိုက်ဘုတ် ပေါ် မှ အကြည့်များ ကို လွှဲဖယ် လိုက်ပြီး အိမ် ထဲ သို့ လှမ်း ဝင် လိုက်သည် ။ ထမင်းစား စားပွဲခုံ အပုလေး ဆီ သို့ တန်း သွားမိ၏ ။ အုပ်ဆောင်း ကို လှပ် ကြည့်မိတော့ မြ ပြင်ဆင် ပေးခဲ့သော ထမင်းပွဲလေး က အငွေ့ ပင် မပြယ်ချင်သေး ။ ကျွန်တော် သက်မ ချ ရ ပြန်သည် ။ အုပ်ဆောင်းလေး ကို ပြန် အုပ် လိုက်၏ ။ စားချင်စိတ် လည်း မရှိတော့ ။ အိပ်ခန်း ထဲ သို့ သာ တန်း ဝင် လိုက်တော့သည် ။

အစ်ကိုကြီး မရှိချိန် တွင် စက်ရုံ ကို နေ့ရော ညပါ စောင့်ရှောက်ရမည် ။ ထို့ကြောင့် အိမ် ကို ပြန်မလာဘဲ စက်ရုံ မှာသုံးလေးရက်နေ ရဦးမည် ။ ရင်မော ရပါ၏ ။

“ အော် မနက်ဖြန် လပြည့်နေ့ ဒါပေမဲ့ မောင့် ရင် ထဲ မှာ တော့ လကွယ်ရဦး မှာ ပါလား မြ ရယ် ”

တစ်ယောက် တည်း ခပ်တိုးတိုးသာ ရေရွတ် မိတော့သည် ။

အခန်း ( ၃ )

တစ်နေကုန် လည်ပတ် လှုပ်ရှားနေခဲ့သော စက်ရုံကြီး သည် ညဉ့်သမီးပျို ၏ တေးသွားအောက် မှာ အိပ်မောကျ နေပြီ ။ မအိပ်နိုင် သူ က ကျွန်တော် တစ်ယောက် တည်း သာ ။ ဝါးပက်လက် ကုလားထိုင် ပေါ်ညမှာ လှဲ ပြီး ကောင်းကင် ကို မော့ ကြည့် နေ မိသည် ။ ကောင်းကင်မှာ ထိန်ထိန် သာ နေသော လမင်းကြီး က လှောင်ပြောင် နေ သည့်နှယ် ။ ကျွန်တော် ငိုချင် လာမိသည် ။

ဒီနေ့ လပြည့်နေ့ ။ မြ တစ်ယောက် လမင်းကြီး ကို ကြည့်ပြီး များ ငို နေမည်လား ။ တစ်နေခင်း လုံး ရော နေပျော်ပါရဲ့လား ။ ထမင်း ရော စားပါရဲ့လား ။ ကျွန်တော့် ကို လွမ်းစိတ် နှင့် များ တပိန်ပိန် တလိမ်လိမ် ဖြစ် နေမည်လား ။ စိုးရိမ် မိသည် ။ နေ့လယ် က မြ ဆီ ဖုန်း ဆက်တော့ လွမ်းငွေ့ဝေ နေသည့် မြ အသံ က နား ထဲ မှ မထွက် ။

“ နောက် တစ်လ ပေါ့ မောင် ရယ် ”

မြ ၏ ဖျော့တော့ သော အသံ ကို ကြားယောင် မိ ပြန်သည် ။

အမှန်တော့ ကျွန်တော် နှင့် မြအဖြစ် က အမည် ကြောင့် များ ပညတ် သွားရာ ဓာတ်သက် ပါ နေသည်လား မသိ ။ မောင်ရွှေနှင့် မမြ ဆိုသောကြောင့် နေ နှင့် လ ၊ ရွှေ နှင့် မြ ဆိုသော ဆိုရိုး စကား နှင့် အညီ ဓာတ်သက်ပါ သွား သည်လား မပြောတတ် ။ နေ နှင့် လ ၊ ရွှေ နှင့် မြ လို လိုက်ဖက် လွန်းလှသည်တော့မဟုတ် ။ နေ နှင့် လ လို ဆုံနိုင်ခဲလှ ခြင်း ဖြစ်၏ ။

ကျွန်တော် နှင့် မြ ညားကာ စ ကပင် ကျွန်တော် က အစ်ကိုကြီး စက်ရုံ မှာ ညစောင့် လုပ် ရ၍ မြ က ဈေး ထဲ က ကုန်စုံဆိုင် မှာ ဆိုင်အကူ ဝင်လုပ် ရသည် ။ မနက် ခြောက်နာရီ လုပ်ငန်းခွင် မှ ကျွန်တော် ထွက် လာချိန် မြ က ဆိုင် မှာ အလုပ် ဝင်ရသည် ။ ညနေ ငါးနာရီ ကျွန်တော် လုပ်ငန်းခွင် ဝင် ရချိန် မြ က ဆိုင် သိမ်းပြီး အိမ် ပြန်ရသည် ။ ကျွန်တော် တို့ နှစ်ယောက် အတွက် ဆုံနိုင်ခွင့် သည် တစ်လ တစ်ကြိမ် ဈေး ပိတ်သည့် လပြည့်နေ့လေး သာ ။ ယခုတော့ ထို လပြည့်နေ့လေး ကို ပင် အစ်ကိုကြီး ၏ ကျေးဇူးကြွေးများ အတွက် ထိုး ဆပ်နေရပြီ ။

“ သူ့ ဆန် စား မှ တော့ ရဲ ရတော့ မှာ ပေါ့ မြ ရယ် ”

ကျွန်တော် တစ်ယောက် တည်း ရေရွတ် လိုက်မိပြန်သည် ။ ထိုစဉ် ခုံဘေး မှာ ထားသော ဖုန်း က မြည် လာသည် ။ ကျွန်တော် ယူ ကြည့်လိုက်၏ ။ အစ်ကိုကြီး ခေါ် နေခြင်းပင် ။ ဖုန်း ကိုင်လိုက်ပြီး ဟယ်လို ဟု အသံ ပြုလိုက်သည် ။

“ အေး မောင်ရွှေ ရေ ငါ့ မိန်းမ မင်း ဆီ ဖုန်း ဆက်သေးလား ”

“ မဆက်ဘူး အစ်ကိုကြီး ’’

“ အေးကွာ ဆက်လည်း သူ ယုံအောင် ကြည့် ရွှီး ထားလိုက်ဦး ။ သူ က မင်း စကား ဆိုရင် ယုံတယ် ကွ ”

“ ဟုတ် အစ်ကိုကြီး ကျွန်တော် ပြောတတ် နေပါပြီ ”

“ အေး ဒါနဲ့ ငါ ဒီမှာ နည်းနည်း ကြာမယ်ကွ ။ မင်း မမလေး က ငါ့ ကို မပြန်ချင် လောက် အောင် ကို အပြုစု ကောင်း နေလို့ဟေ့ .. ဟဲ ... ဟဲ ”

“ စိတ်ချပါ အစ်ကိုကြီး စက်ရုံ ကို လည်း ကျွန်တော် သေချာ စောင့်ရှောက် ထား ပါတယ် ”

“ အေး အေး ဒါကြောင့် ငါ့ ညီ ကို အားကိုး နေရတာ ။ ပြန်လာ မှ မင်း ကို လစာ တိုး ပေးမယ် ဟေ့ ”

အစ်ကိုကြီး က ဖုန်း ပြောပြီး ချသွားသည် ။ ကျွန်တော် သက်ပြင်းမော ကို ရှိုက် မိ၏ ။ ကောင်းကင် ကို မော့ ကြည့်မိတော့ လမင်းကြီး က ပြည့်ပြည့်ဝဝကြီး သာ နေသည် ။ ထို လမင်း ကို ကျွန်တော် နာနာကြည်းကြည်း ကြည့် မိ၏ ။ ပြီးတော့ မချင့်မရဲ ပြစ်တင် စကား ဆို လိုက်မိသည် ။

“ လမင်း ရာ မင်း သိပ် ဘက် လိုက်တာပဲ ။ ငါ့ အတွက် ကျ လပြည့်နေ့ က ရှားပြီး ။ အစ်ကိုကြီး အတွက် ကျ တော့ ပေါလိုက်တဲ့ လပြည့်နေ့ တွေ ”

◾စံရတီ

📖 တစ်ယောက် တစ်ဘဝ ( ၁ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment