Sunday, December 18, 2022

ဘကြီးကျန်း


 ❝  ဘကြီးကျန်း ❞


အိမ်ရှေ့ အိမ်ဝရံတာကလေး မှ ကောလိပ်ကျောင်းသား သိန်းအောင် သည် ဘကြီးကျန်း ကို အမြင် ကတ်သော ကြည့်ခြင်းမျိုးဖြင့် လှမ်း၍ ကြည့် ကာ “ တယ် - ဒီ အဘိုးကြီး ဟာ တစ်နေ့ လာ လဲ စာအုပ်အဟောင်းအနွမ်း အစုတ်အပဲ့ ၊ တစ်နေ့ လာ လဲ စာအုပ်အဟောင်းအနွမ်း အစုတ်အပဲ့ နဲ့ ကြည့်ရတာ အမြင် ကပ် လာပြီ ။ ဒီ အစုတ်အပဲ့တွေ ဖတ်ပြီး ၊ ဒီ မြို့ မှာ လူတတ်ကြီး လုပ် နေတာပဲ ။ လူတွေ က လဲ ဒီ အဘိုးကြီး ကို ကမ္ဘာ ပေါ် မှာ အတော်ဆုံး ထင်ပြီး မေးလား စမ်းလား  လုပ်နေတာ ဟာ သိပ် နွား ကျတာပဲ ။ အင်မတန် အသစ်အသစ်တွေ ပြောင်းလဲ ဖြစ်ပျက်နေတဲ့ ခေတ်ကြီး မှာ သူ့ စာအုပ် အစုတ်အပြတ်တွေ ဖတ်ပြီး လူတတ်ကြီး လုပ်နေတာ လူမျိုးခြားတွေ က ရယ်ချင် ကြမှာပဲ ။ မြို့ က ခွ ကို ကျ ပါ သေးတယ် ။ ဒီထဲ နင်တို့ လဲ ပါတာပဲ ” ဟု ဘုရားစင် ၌ ဆွမ်း တင်မည် ပြုသော နှမကလေး ညွန့်ဝေ ကို လှမ်း ၍ ကြိမ်းမောင်း ပြောဆိုလေ၏ ။


ညွန့်ဝေ က လည်း လင်ပန်းကလေး ကို အသာအယာ ချ ကာ မျက်နှာသုတ်ပဝါ ကို ပခုံး ပေါ် သို့ ပင့် ၍ တင် လိုက်ပြီး နောက် “ အစ်ကိုကြီး ကလဲ သိပ် ခက်တာပဲ ၊ အစ်ကိုကြီး ဘာသာ အစ်ကိုကြီး မျက်မုန်းကျိုးရုံ နဲ့ အားမရဘူး ။ သူများတွေ ကို ပါ မှိုချိုးမျှစ်ချိုး လိုက် ပြော နေတာ ပဲ ။ ဘကြီးကျန်း ဘယ်လောက် ကျမ်း တတ်တယ် ဆိုတာ အစ်ကိုကြီး မသိရင် အစ်ကိုကြီး ဟာ ဘကြီးကျန်း ပြောသလို လူ့အန္ဓ မို့ ပဲ ။ ကိုင်း ” ဟု ဒေါသလေးများ ထွက်ကာ ပြန်လှန် ချေပ ပြီး လျှင် ဆွမ်းတော် တင်ရန် ဘုရားစင် ဘက် သို့ မျက်နှာ ကို လှည့် လိုက်လေ၏ ။ 


“ ဟေ့ ဘာပြောတယ် ကွ ၊ ဒီ အဘိုးကြီး က ငါ့ ကို လူ့အန္ဓ တဲ့ လား ။ ငါ သွားမယ် ။ ငါ အခု သွား ဆော်မယ် ။ ဒီ အဘိုးကြီး ကို အမြင် ကပ် နေတာ ကြာလှပြီ ” ဟု ဒေါသကြီးစွာ ပြောလျက် ဒုန်းဒုန်း နှင့် ဆင်းသွားမည် ပြုသည့်အခါ ညွန့်ဝေ မှာ မျက်လုံးကလေးများ ပြူးလျက် -


“ မဟုတ်ပါဘူး အစ်ကိုကြီး ရဲ့ ၊ နေပါဦး လူ့အန္ဓ လို့ ဘကြီး က အစ်ကိုကြီး ကို တိုက်ရိုက် ပြောတာ မဟုတ်ပါဘူး ။ မသိတဲ့ လူ ဟာ အန္ဓ လို့ သာ ပြောတာပါ ။ အစ်ကိုကြီး မသိလို့ ကျွန်မ က အစ်ကိုကြီး ကို စိတ် မရှည်နိုင်တာ နဲ့ လူ့အန္ဓ လို့ ပြော တာ သိပလား ”


ဤတွင်မှ သိန်းအောင် လည်း ကိုယ်ရှိန် သတ်ကာ “ အောင်မာ နင်တို့ က လူပါး ဝလို့ ။ ဒါ ပညာရှိ နဲ့ ပေါင်းလို့ အခုလို လိမ်လိမ်မာမာ ပြောတာပေါ့လေ ၊ ထွီ - ပညာရှိတဲ့ ၊ ဘာပညာ ရှိလဲ ။ ပြင်ပြင်ကြီး ညာ နေတာ တွေ သာ ရှိတာပဲ ။ တယ်လေ ငါ ထင်တိုင်း ပြောလိုက်ရ မကောင်း ဘူး ” ဟု ဒေါ နှင့် မော နှင့် ပြောကာ အတွင်းဘက် သို့ ဝင် သွားသောကြောင့် ညွန့်ဝေ လည်း မိမိ ၏ အစ်ကိုကြီး အတွက် များစွာ စိတ်မကောင်း ဖြစ် ကာ ဆွမ်းတော် ကပ်ခြင်း အမှု ကို ပြုရလေ၏ ။ . 


ထို့နောက် သူ့ ကိစ္စ ၊ ကိုယ့် ကိစ္စ ဖြင့် တစ်ဦး နှင့် တစ်ဦး စကား မပြောနိုင်ဘဲ ရှိနေကြ ရာမှ ထမင်းစားချိန် သို့ ရောက်၍ ထမင်းပွဲ တွင် ဆုံမိကြသော အခါ သို့ တိုင်အောင် သိန်းအောင် မှာ အခဲကျေသေးပုံ မရသည် နှင့် ညွန့်ဝေ လည်း မျက်နှာရိပ် မျက်နှာကဲ ကို ခတ်ကာ စကား တစ်ခွန်း မျှ မပြောဘဲ ထမင်း ကို သာ ငုံ့ ၍ စား ပြီးလျှင် လက်ဆေး ၍ မီးဖိုချောင် ဆီ သို့ ထသွားလေ၏ ။


တစ်ခဏမျှ ကြာ၍ မီးဖိုချောင် မှ ပြန် ထွက်လာသော အခါ ညွန့်ဝေ ၏ လက်တွင် ပန်းကန် လုံးကလေး တစ်လုံး ကို တွေ့မြင် ရလေ၏ ။ ညွန့်ဝေ လည်း သိန်းအောင် စားနေသော ထမင်းစားပွဲ အနီး မှ ဖြတ်၍ ကျော်ကာ အိမ်ရှေ့ လှေကား မှ ဆင်းမည် ပြုရာ သိန်းအောင် က “ ဟဲ့ - ဘယ်လဲ ” ဟု မိုးကြိုး ပစ်လိုက် သကဲ့သို့ တစ်ခဲနက် အသံဖြင့် မေး သောကြောင့် ညွန့်ဝေ လည်း တစ်ကိုယ်လုံး တုန် သွားကာ -


“ အိမ် အိမ်ရှေ့အိမ် ကို ” ဟု တစ်ခွန်းချင်း ခဲယဉ်းစွာဖြင့် ပြန်၍ ဖြေကြားလိုက် ပြီး လျှင် မည်သို့ အဆိုအပြော ခံရမည် ကို အသင့် နာခံနေသည့် အလား ရပ်မိရပ်ရာ လှေကားခုံ မှာ ပင် ရပ်၍ နေမိလေ၏ ။


“ တယ် - ငါ ပြောလို့ မှ မဆုံးသေးဘူး ။ သွားပြီး ပူဇော် ဦးမလို့လား ။ ယူခဲ့ ၊ အခု ဒီ ပန်းကန် သူ့ ဆီ သွား ပို့မယ့် အစား ခွေး ကျွေးပစ်မယ် ။ ယူခဲ့လေ - ငါ ပြော နေတာ မကြားဘူးလား ။ နင်တို့ တွေ ကြောင့် အရပ် ထဲ မှာ လူကျယ် လုပ် နေနိုင်တာသိလား ” ဟု ငေါက်ငမ်းရုံမျှ မက မိမိ မယူခဲ့လျှင် အတင်းပင် လာ၍ ယူငင် ပေါက်ခွဲပစ်တော့မည့် အလား ရှူးရှူးရှားရှား ဖြစ်နေ သည်နှင့် ညွန့်ဝေ လည်း ခွန်းတုံ မပြန်သာဘဲ အလွန် စိတ်မကောင်းစွာ ဖြင့် ဟင်းပန်းကန် ကို ပြန်၍ ယူ လာပြီးလျှင် ကုလားထိုင် တစ်လုံး ကို မှီကာ မျက်ရည်ကလေးများ လည် လျက် အစ်ကို ဖြစ်သူ အား ကြည့် နေမိလေ၏ ။


သိန်းအောင် ကား ထိုမျှ ပြောရ ဆိုရ ရုံဖြင့် မကျေနပ်နိုင် သေး သည့် အလား “ နင်တို့တွေ ဟာ သိပ် ခက်တယ် ။ နင်တို့ မသိတိုင်း ပြော ရင် ညာ တဲ့ လူ ကို ဘုရားလောက် ထင် တာပဲ ။ နင် တို့ လို ဉာဏ် မရှိတဲ့ လူတွေ ကြောင့် မြန်မာပြည်ကြီး မတိုးတက်နိုင်တာပဲ ။ ဉာဏ် မရှိတဲ့ လူတွေ က နင်တို့ မကြားဘူး တဲ့ စကားတွေ ကို ဟန် နဲ့ ပန် နဲ့ ပြော ပြရင် နင်တို့  က သူတို့ ကို ဘုရား စင် တင် ပြီး ရှိခိုး မလောက်ပဲ ။ နင်တို့ မိန်းမတွေ အထူးသဖြင့် အသိဉာဏ် အဆင်ခြင် နည်း လို့ အားလုံး အခု လို ဖြစ်နေတာ ။ လူညာတွေ လဲ လူပါး ဝနိုင်တာ ။ တော် - နောက် နင် ဟိုအိမ် သွားရင် အသတ် ပဲ ” ဟု ကြိမ်းမောင်း ကာ နောက်ဆုံး ထမင်းလုပ် ကို ခံတွင်း သို့ ဒေါ နှင့် မော နှင့် သွင်း လိုက် ပြီးနောက် ဆောင့်ကြီး အောင့်ကြီး နှင့် လက်ဆေး ကာ လက်သုတ်ပဝါ ကို ဆတ်ခနဲ ယူလေ၏ ။


ညွန့်ဝေ မှာ မိမိ အစ်ကိုကြီး ၏ အဖြစ် ကို ရင်ထုမနာ လွန်း လှ၍ ထမင်းပွဲ ကိုပင် မသိမ်းနိုင်ဘဲ အိမ်ခန်း တွင်း သို့ ဝင်ခဲ့လေ၏ ။ အစကမူ မိမိ အစ်ကိုကြီး တက္ကသိုလ်ကျောင်းတော်ကြီး မှ ပြန် လာလျှင် မုချပင် ပညာရပ်များ တိုးပွား တတ်မြောက် လာလိမ့်မည် ။ မိမိ မှာ မိန်းကလေး ဖြစ်၍ ကျောင်း တွင် မနေနိုင် သောကြောင့် အစ်ကိုကြီး ထံ မှ ပင် ပညာ ကို တစ်ဆင့်ခံ ယူတော့မည် ဟု အား အကိုးကြီး နှင့် ကိုးခဲ့ရာ မှ ယခုသော် ဘုရားတရားတော် အတိုင်း သိမ်မွေ့စွာ နေထိုင် ကျင့်ကြံလျက် တရားအတိုင်း ပြောဆိုစီမံ ခန့်ခွဲ ပေး တတ်သောကြောင့် မြို့တစ်မြို့လုံး က ကြည်ညိုလေးစား နေသော သူတော်ကောင်းကြီး ကို ပင် ရစရာ မရှိအောင် ပြောဆို ပုတ်ခတ် နေချေ သောကြောင့် မျှော်လင့် အားထားခဲ့သမျှ တဖြည်းဖြည်း လွင့်ပါးလျက် အစ်ကိုကြီး ဖြစ်သူ ကို ပင် ကြောက်ရွံ့ ၍ လာသည့် အတွက် သိန်းအောင် အိမ် ပေါ်  မှ ဆင်း သွားသော အသံ ကို ကြား ရမှ အိမ်ခန်း ထဲ မှ ထွက် လာ ခဲ့လေ၏ ။


“ ဪ - ကိုကိုသိန်း ရောက် နေတာ ကြာပလား ။ မြ တောင် အိမ်ဘက် လှမ်း ကြည့်ခဲ့ သေးတယ် ။ ဘယ်သူ မှ မမြင်ဘူး ။ ကိုကိုသိန်း ကျောင်း ပိတ် လို့ ပြန်လာပြီ ဆိုတာ မနေ့က မညွန့်ဝေ က ပြောလို့ သိရတယ် ။ ည က တောင် လာဦးမလား လို့ မျှော် မိသေးတယ် ။ မနက် စောစောက လဲ မျှော် မိသေးတယ် ။ မလာနိုင်တာ နဲ့ အကဲလဲ ခတ်ရင်း ဆိုသလို ဘကြီးကျန်း ဆီ သွား ဟင်းကလေး ပို့ ပြီး မမြင်တာ နဲ့ ပြန် လာ ခဲ့တာပဲ ။ ကိုကိုသိန်း မာ ရဲ့ နော် ၊ ဘယ်တော့ ကျောင်း ဖွင့်မလဲ ” ဟူ၍ မတွေ့ ရသည်မှာ ကြာမြင့်ပြီ ဖြစ်သဖြင့် တစ်ခွန်း ပြီး တစ်ခွန်း ဆင့်ကာ ဆင့်ကာ ပျူပျူငှာငှာ ပြောဆို နေသော် လည်း သိန်းအောင် တွင် အိမ် က နှမ ကို ဆိုဆုံးမ၍ ပါးစပ် မပိတ်ရ သေး မီ မိမိ အသက်ပေး ၍ ချစ်သူ မြရီ က ပါ မိမိ ကြည့် ၍ မရသူ အဘိုးကြီး အား ပူဇော် ပသနေသည် ကို တွေ့ ရ သောကြောင့် များစွာ မျက်နှာ မကောင်းဘဲ အလိုသင့် အဆင် ပြေရုံ မျှ ပြန်လည် ဖြေကြားခြင်း ပြုလေ၏ ။  ။


မြရီ က လည်း အကင်းပါးသူ မိန်းကလေး တစ်ယောက် ဖြစ်သည့် အလျှောက် “  ကိုကိုသိန်း မျက်နှာ မကောင်းပါကလား ၊ ဘာ ဖြစ်လို့လဲ ” ဟု အလွန် စိုးရိမ်သော အမူအရာ ဖြင့် မေး သော်လည်း သိန်းအောင် မှာ မိမိ ၏ နှမ ဖြစ်သူ အား ပိုင်ပိုင်နိုင်နိုင် ပြောဆို နိုင် သကဲ့သို့ ပြောဆိုရန် မဖြစ်နိုင် သည့် အတွက် -


“ ဘာမှ မဖြစ်ပါဘူး မြ ရယ် ၊ ဒီ ဘကြီးကျန်း ကို ကိုကိုသိန်း ကြည့် လို့ မရတာ တစ်ခု ပါပဲ ” ဟု စကား ပြတ် စေရန် တိုတိုတုတ်တုတ် ပင် ပြန် ဖြေ လိုက်လေ၏ ။


သို့သော် မြရီ ကား ဤစကား ကို ဤနေရာ တွင် အပြတ် မခံနိုင်၍ “ ဘာဖြစ်လို့ ကြည့် မရတော့လဲ ကိုကိုသိန်း ရယ် ။ ဘကြီးကျန်း က သူ တစ်ဖက်သား ကို ဘာမှ မလုပ်ပါပဲလား ” ဟု ဘကြီးကျန်း ဘက် မှ ခုခံချေပသောအသံ ဖြင့် ပြော လိုက်ရာ သိန်းအောင် မှာ စိတ် ကို ရှည်အောင် မအောင့်အည်း မထိန်းသိမ်းနိုင်တော့ဘဲ စောစောက ညွန့်ဝေ အား ပြောကြား သကဲ့သို့ ဘကြီးကျန်း လိမ်ညာ နေ ပုံ တို့ ကို ပြော ပြလေ၏ ။


မြရီ လည်း တစ်ခွန်းတစ်ပါဒ မျှ ဝင် ၍ မပြောပဲ နေပြီးမှ သိန်းအောင် စကား စ ပြတ်၍ သွားသည့် အခါ “ ဪ ကိုကိုသိန်း ဒီလို ယူဆ ထားတာကိုး ၊ ကိုကိုသိန်း ဒီလို ယူဆ ထားတယ် လို့ မြ အရင် က မသိခဲ့ဘူး ။ တကယ့် ပညာရှိကြီး ၊ သူတော်ကောင်းကြီး တစ်ဆူ ကို ကိုကိုသိန်း သက်သက် ပြစ်မှား နေတာပဲ ။ ပြီး မြို့က လူတွေ ဘကြီးကျန်း အပေါ် မှာ ကြည်ညို နေတာဟာ အ လို့ န လို့ ပဲ ဆိုတာလဲ မြို့ ကို ကိုကိုသိန်း အထင် သေးပြီး ရှုတ်ချရာ ကျ တာပဲ ။ ကိုကိုသိန်း ၁၃ တန်း အောင် လို့ ၁၄ တန်း ရောက်ပြီ ဆို တာ မြ လဲ သိပါတယ် ။ ကိုကိုသိန်း ရဲ့ ပညာ ဟာ အတော် ကြီးမားတယ် ဆိုတာ မြ ယုံကြည်ပါတယ် ။ ဒါပေမယ့် ဒီနေရာ မှာ ကိုကိုသိန်း အတွေး အခေါ် မှားပြီ ထင် ပါတယ် ။ ဘကြီးကျန်း ဟာ ကိုကိုသိန်း တို့ လို တက္ကသိုလ်ကျောင်းကြီး ကို တော့ မရောက်ဖူးရှာဘူး ။ ဒါပေမယ့် ပညာ တော့ တတ် တာပဲ ကိုကိုသိန်း တို့ တတ် တာလဲ တတ်တာပဲ ။ သို့ပေမယ့် လူတွေ ရဲ့ သံသယ ကို ဖျောက် နိုင်လောက်အောင် တတ် မှာ တော့ မဟုတ်ဘူး ။ ဒါ ကိုကိုသိန်း ရဲ့ ချွတ်ယွင်းချက်တော့ မဟုတ်ပါဘူး ။ ကိုကိုသိန်း တို့ ရဲ့ ခေတ်ပညာ မှာ ကို ချွတ်ယွင်း နေတာကိုး ၊ ကိုကိုသိန်း တို့ ရဲ့ ပညာ က သံသယ ကို တိုးတိုးပြီး ဖြစ် စေနိုင်တယ် ။ ဘကြီးကျန်း တို့ ၊ မြ တို့ လိုက်စားတဲ့ ပညာ က သံသယ ကို တိုးတိုးပြီး ဖြေဖျောက် နိုင် စေတယ် ။ တစ်ခု က သံသရာ ရဟတ်ကြီး အရှိန် ပိုပြီး လည်အောင် အားပေးတယ် ။ တစ်ခု က သံသရာရဟတ် ကြီး စက် ရပ်သွားအောင် အားပေးတယ် ။ အဲဒါ ကွာခြားတာပဲ ။ မြ ပြော ဟုတ် - မဟုတ် ကိုကိုသိန်း ကိုယ်တိုင် စဉ်းစားကြည့်လေ ” 


သိန်းအောင် သည် မြရီ ၏ လေးနက်သော မျက်နှာထား ကို ကြည့်ကာ စဉ်းစားနေလေ၏ ။


“ စဉ်းစားလေ ကိုကိုသိန်း ကောလိပ် ကို မသွားခင်က ဒီ လောက အကြောင်း နဲ့ ပတ်သက် ပြီးရှိတဲ့ သံသယ နဲ့ အခု ကောလိပ် ရောက်ပြီး မှ ရှိတဲ့ သံသယ ဘယ်သင်း က ပိုပြီး များသလဲ ။ ကြီးမားလာသလဲ ၊ လူတွေ ပညာ ရှာတယ် ဆိုတာ ကိုယ် လုံးလုံး မသိတာတို့ ၊ တစ်ဝက် တစ်ပျက် သိတာ တို့ ကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် သိအောင် ရှာ ကြတာပဲ မဟုတ်လား ။ ကိုကိုသိန်း အခု ကောလိပ် ရောက်ပြီး မှ ရှေးကထက် တိုးပြီး လောက သဘာဝကြီး ကို နားလည် လာ သလား ဒါမှမဟုတ် ရှေး က ထက် တိုးပြီး အစဉ်းစားရ ကျပ် လာသလား ” 


မြရီ ၏ အသံ သည် လေးနက်စွာ စဉ်းစားနေသော သိန်းအောင် ၏ နား အတွင်း သို့ တစ် လုံးချင်း ပြတ်သားစွာ ဝင်လေ၏ ။ ဘကြီးကျန်း နှင့် ၎င်း၏ စုတ်ပဲ့ပြတ်သတ် နေ သော စာဟောင်း စာမြင်း တို့ အပေါ် တွင် မိမိ ထား ခဲ့သည့် ခိုင်မာသော ထင်မြင်ချက် တို့ သည် တဖြည်းဖြည်း ကြိုး လျှော့သော စောင်း ကဲ့သို့ ပျော့ပျောင်း ၍ လာလေ၏ ။ 


“ ကိုကိုသိန်း တို့ ပညာလဲ သေးငယ်တယ် မဆိုပါဘူး ။ ဒါပေမယ့် မြ အထင် မှာတော့ သံသရာနယ်ကြီး ကို ချဲ့ ပေး နေတာပဲ ။ သံသယ ကို မဖြေဖျောက်နိုင်တဲ့ အပြင် တိုးတိုး ပြီး ဖြစ်အောင် ဟို လူ က တစ်မျိုး ပြော ၊ ဒီ လူ က တစ်မျိုး ဆို နဲ့ ဘယ်တော့ သူတို့ သဘော ညီညွတ်ကြတာ ရှိသလဲ ။ ဒီနှစ် ထွက် တဲ့ စာအုပ် နဲ့ ရှေ့နှစ် ထွက်တဲ့ စာအုပ် ဟာ မတူတော့ဘူး လို့ ကိုကိုသိန်း ပြောဖူးတယ် မဟုတ်လား ။ ဒါဘာကြောင့်လဲ သူတို့ ဟာ ယထာဘူတ ဆိုတဲ့ ဟုတ်မှန်တဲ့ ဉာဏ် ကို မရကြ လို့ စမ်းတဝါးဝါး နဲ့ ရှာဖွေ စူးစမ်နေကြရလို့ မဟုတ်လား ။ မြ တော့ ဗမာတွေ အင်္ဂလိပ်ကျောင်း တွေ မှာ စာ သင်တာဟာ ကိုယ် တတ်ပြီးသား သိပြီးသားဟာတွေ ၊ ဒါမှ မဟုတ်ဘဲ ဗုဒ္ဓဘာသာစာ ပေကျမ်းဂန်တွေ ထဲ မှာ ပါနေလို့ လွယ်လင့်တကူ သိ နိုင်တဲ့ဟာတွေ ကို သက်သက် စွန့်ပြီး မသိ တသိ နဲ့ လူတတ် လုပ်နေကြတဲ့ အင်္ဂလိပ်တွေ ရဲ့ တစ်ဝက်တစ်ပျက် ပညာတွေ ကို လိုက် နေကြတယ် လို့ ဆို ချင်တာပဲ ။ ဘာကြောင့်လဲ ဆိုတော့ ကြည့် လေ ဒီ လူ တစ်ယောက် ထဲ က ပေမယ့်လဲ ဒီနှစ် ရေးတဲ့ ဒီ အကြောင်း စာအုပ် ဟာ ရှေ့နှစ် ကျတော့ မဟုတ်တော့ဘူး ။ အခု ပိုပြီး အသိ ကျယ်လာ ပြီ ဆိုပြီး နောက်ထပ် စာအုပ် ရေး ပြန်တာပဲ ။ မြ ပြောတာ ကိုကိုသိန်း သဘော မကျရင် မြ ကို စိတ် မဆိုးနဲ့နော် မြ စိတ် မှာ ထင်တာ ပြောမိတာပဲ ”


သိန်းအောင် သည် အင်း မလုပ် ၊ အဲ မလုပ် ငြိမ်သက်စွာ နားထောင်နေရာမှ “ မြ ပြောတာ ဟုတ်တော့ ဟုတ်တာပဲ ၊ ဒါပေမယ့် ဒီလောက်တော့လဲ မဆိုးသေးပါဘူး ၊ ကိုကိုသိန်း တို့ တတ် သလောက် တတ်လို့ အခု ဒီ အတန်း အထိ ပဲ ရောက် လာခဲ့ပြီ မဟုတ်လား ”


“ ဟုတ်ပါတယ် ၊ မြ လဲ စောစော ကတည်း က ပြော ထားသားပဲ ၊ ဒါပေမယ့် မြ ဆိုလိုတာ က ဒီ အင်္ဂလိပ်စာတွေ ကို သင်လို့ ကိုကို တို့ ရဲ့ ကိုယ်ပိုင်ဉာဏ် ဟာ ငြိမ်း လာသလား ၊ အဲတာ ပြောပါ ”


သိန်းအောင် သည် အဖြေ ရ ကျပ် နေလေ၏ ။ မိမိ ချစ်သူ ၏ ရှေ့တွင် မိမိ သိမ်ငယ်သွားမည် ကို များစွာ စိုးရိမ်လေ၏ ။ 


“ ကောင်းသင့်သလောက် တော့ ကောင်း လာတာပေါ့ မြ ရဲ့ ၊ ဘယ် အလကား ဖြစ်ပါ့မလဲ ။ မြ မယုံရင် စမ်းကြည့်ပါလား ” ဟု စကား ကို ပေါ့ သွားအောင် ပြုံး လျက်ပြောလေ၏ ။


“ မြ တစ်ခု မေးမယ်နော် ၊ ကိုကိုသိန်း ကို မယုံလို့ မဟုတ်ဘူး ၊ ဒါပေမယ့် သိ ရအောင် ပြောကြည့်တာ ကဲ လူ တစ်ယောက် ဟာ မနက် ခပ်စောစော က ရှစ်ပါးသီလ ယူ ထားတယ်တဲ့ ၊ နောက် မနက် ဆယ်နာရီ လောက် ကျတော့ ငါးပါးသီလ သူများ နဲ့ရောပြီး ယူ လိုက်ပြန်သတဲ့ ။ ဒီတော့ သူ ဟာ ရှစ်ပါးသီလ ပျက် ကရောလား ၊ အဲဒီနေ့ အဖို့ ဘယ် သီလ ကို ထိန်းသိမ်းတယ် ဆိုရမလဲ ”


“ ဟာ ဒါက အလွယ်ကလေးပေါ မြ ရာ  ၊ မေးနေရသေးသလား ၊ ငါးပါးသီလ ကို နောက်ထပ် ယူပြီး ယူတယ် ဆိုပေမယ့် စင်စစ်မတော့ ငါးပါးသီလ ဟာ ရှစ်ပါးသီလ ထဲ မှာလဲ အပါအဝင် ဖြစ်ပြီးသားမို့ ရှစ်ပါး ဘယ် ပျက်မလဲ ၊ အင်္ဂလပ် လို မှာတော့ ရှစ်ပါးသီလ ထဲ မှာ ငါးပါး သီလ လဲ ထုံမွှန်း ( အကျုံးဝင် ) ဖြစ်နေတာကလား ”


“ အဲ လွဲပြီ ၊ ကိုကိုသိန်း လွဲပြီ ၊ ဒီလို ကြည့်ပြီး လွယ်လွယ်ကူကူ တွက်လို့ ရတာမျိုး မဟုတ် ဘူး ။ ရှစ်ပါးသီလ ကို ပထမ ခံယူစဉ် က ရှစ်ပါးသီလ ကို ပေးသနားတော် မူပါဘုရား လို့ တောင်းတယ် ။ ဒီတော့ ရှစ်ပါးသီလ ရတယ် ။ နောက် ငါးပါးသီလ ယူ တော့ အဟံဘန္တေ တိသရဏေနသဟ ပဉ္စသီလံ ဓမ္မံယာစာမိ တို့ ငါးပါးသီလ သာ တောင်း ယူတယ် ။ ဒီလို ငါးပါးသီလ တောင်းယူပြီး တဲ့ နောက် ဒီလူ အဖို့ စောစောက တောင်း ထားတဲ့ ရှစ်ပါးသီလ ဟာ မရှိတော့ဘူး ။ ငါးပါး သာ ရှိ တော့တယ် မဟုတ်လား ။ စဉ်းစားလေ ၊ စဉ်းစားရင် အမှန်အတိုင်း ပေါ် လာမှာပဲ ။ အဲဒါမျိုး ကျတော့ ဘကြီးကျန်း တို့ ဟာ စဉ်းစားတောင် မနေရဘူး ။ တစ်ခဏချင်း ဖြေဆို နိုင်တာပဲ ။ ဒါကြောင့် မြ .. အထင် မှာ ဘကြီးကျန်း တို့ လို ပုဂ္ဂိုလ်မျိုး တစ်ယောက် ဒီ မြို့ မှာ ရှိ တာဟာ တကယ့် တက္ကသိုလ်ကြီး တစ်ခု ပဲ ။ အဲဒါကြောင့် သွား သွားပြီး ဆည်းပူးရတာပဲ ။ အဲဒါကြောင့် ပညာ အတွက် ကန်တော့ ရတာ ကိုကိုသိန်း ရဲ့ ရှင်းပလား ။ ကိုကိုသိန်း စိတ် မကျေနပ်ရင် ဒီ ည ခပ်ခက်ခက် ပြဿနာ တစ် ခု ကို စဉ်းစားထားလေ ။ မနက် ကျ တော့ အိမ် ရှေ့ကူး ပြီး မေး ကြည့်ပါလား ။ ဒိုးခနဲ ဒက်ခနဲ နဲ့ တစ်ချက် မလွှဲအောင် ဖြေ လိုက်လိမ့်မယ် ”


နေ ထန်းတစ်ဖျား လောက် ရှိပြီ ဆိုလျှင် ဘကြီးကျန်း အား အိမ်ရှေ့ ကွပ်ပျစ်ကလေး ပေါ် တွင် ဒူးတစ်ချောင်း ထောင်ပြီး ထိုင်ကာ ဆီများရွှဲနေအောင် ဆမ်းထားသော ပဲပြုတ်ကလေး ကို တဖြည်း ဖြည်း ဝါးမြုံ့ရင်း လက်ဖက်ရည်ကြမ်းသောက် နေသည်ကို တွေ့မြင်ရပေ၏ ။ မျက်စိ နှစ်လုံး မှာ ကား ၎င်း ၏ တစ်သက် တွင် အခါပေါင်း အရာထောင်မက ဖတ်ရှု သုံးသပ်ခဲ့ပြီး ဖြစ်၍ ဟောင်းနွမ်း စုတ်ပြတ်လျက်ရှိပြီ ဖြစ်သော စာအုပ် တစ်အုပ် ကို ဆာလောင် မွတ်သိပ်စွာ ဖတ်ရှုနေသည် ကို တွေ့မြင်ရပေ၏ ။


အိမ်ရှေ့ အိမ်ဝရန်တာကလေး မှ သိန်းအောင် သည် ကြည့်ကာ ည က မိမိ စဉ်းစားထားသော ပြဿနာ ကို မေးခြင်းအားဖြင့် အဘိုးကြီး အား ချောက်ချား စေလိုက်ရဦးမည် ဟု တွေးတော နှစ်သိမ့် နေလေ၏ ။ ထို့နောက် ဘုရား တင်ရန် ပန်းများ ကို ရေ ဆေး နေသော ညွန့်ဝေ ဘက် သို့ လှည့်ပြီး လျှင်


“ ညွန့်ဝေ ၊ ငါ အိမ်ရှေ့အိမ် ကို ခဏ သွားလိုက်ဦးမယ် ” ဟု ပြောပြောဆိုဆို ဆင်း၍ သွား သောကြောင့် ညွန့်ဝေ တွင် ယမန် နေ့ က ပြောစကားများ ကို ပြန်လည် တွေးတော ကာ ဘကြီးကျန်း အား မတော်မသင့် ပြုလုပ်ရန်များလား ဟု ရင်ကလေးများ ခုန် လာသည့် တိုင်အောင် ပူပင်ကြောင့် ကြမိလျက် မိမိ အစ်ကိုကြီး အား မျက်တောင် မခတ် ကြည့် နေမိလေ၏ ။


သိန်းအောင် ကွပ်ပျစ်ပေါ်သို့ ရောက်လေပြီ ။ ဘုရား ... ဘုရား ၊ ဘကြီး ကို များ ထိုးလိုက် ကြိတ်လိုက် မလား ဟု တွေးတောကာ မျက်လုံးကလေးများ ပြူးလျက် အိမ် ပေါ် မှ တစ်ဟုန်တည်း ပြေး ဆင်းလာခဲ့လေ၏ ။


ထို့နောက် မောကြီးပန်းကြီး ဖြင့် ...


“ အစ်ကိုကြီး ... အစ်ကိုကြီး ဘာ လုပ်မလို့လဲ ” ဟု အသက် တောင် မျှ မှန်အောင် မရှူနိုင်ဘဲ မေးလေရာ သိန်းအောင် လည်း


“ ဟ ငါ ည က စဉ်းစားမိတဲ့ မရှင်းတဲ့ မေးခွန်းကလေး တစ်ခု ကို မေး မလို့ပါ ဟ ၊ နင့် နှယ် စိုးရိမ်ရန်ကော ၊ သွား ... အိမ် မှာ လုပ်စရာ ရှိတာ လုပ်ချေ ။ ပြီး မနက် က စားတော်ပဲပြုတ်ကလေး ကျန် သေးတယ် မဟုတ်လား ။ ခွေးမ ကို အပို့ခိုင်းလိုက် ၊ သွား သွား ” ဟု အေးအေးသာသာပင် ပြော သောကြောင့် မိမိ ကိုယ် ကို မယုံနိုင်အောင် ရှိကာ သွား ဆို၍သာ ပြန် လာ ခဲ့ရသော်လည်း မည်သည့် မေးခွန်း ကို မေးပြီး ဘကြီးကျန်း အား မည်သို့ ခွ ထိုး ဦးမည်နည်း ဟု များစွာ သိချင်မိလေ၏ ။


“ အင်း ... လုံမကလေး က ဖြင့် တော်ရှာပါပေတယ် ၊ တော်ရှာပါပေတယ် ၊ ကဲ ... ဘကြီး ကို ဘာများ မေး မလို့လဲကွယ့် ၊ မလာစဖူး လာတာ ” 


“ မလာဖူး လာ ဆို ဘကြီး ကို ကျွန်တော် မေးစရာ တစ်ခု ရှိလို့ပဲ ”


“ အောင်မယ် ၊ မင်းတို့ လို ရန်ကုန် ပြန် အင်္ဂလိပ်စာ တတ် တွေ က တို့ အဘိုးကြီးတွေ ဆီ များ မေးလား စမ်းလား လုပ်မယ် ဆိုတာ ဘကြီး တော့ မယုံချင်ဘူးကွယ် ”


“ မယုံချင်ပေမယ့် ကျွန်တော် မေး ရအောင် ဒီ ရောက်နေပြီ မဟုတ်လား ဘကြီး ရဲ့ ”


“ ကိုင်း ... မေးစမ်းပါဦးကွယ် ၊ မေးစမ်းပါဦး ၊ ဒါပေမယ့် မေး ဆိုတာက ဒီလို ရှိသေးသကွယ့် ၊ မသိလို့ မေးတာလား ၊ ဘကြီး ဖြေနိုင် မဖြေနိုင် သိချင်လို့ မေး တာလား ”


“ မသိလို့ မေးတာပဲ ထားပါ ဘကြီးရယ် ”


“ အင်း မေးတာတော့ ဖြေ ရ တာပေါ့ကွယ် ၊ ဒါပေမယ့် မင်း တို့ အင်္ဂလိပ်စာပေ နဲ့ တို့ မြန်မာစာပေ နဲ့ အယူအဆ ချင်းတော့ တယ်ပြီး တူမျှကြမှာ မဟုတ်လို့ တို့ ပေးတဲ့ အဖြေ ကို မင်း တို့ ကြိုက် ချင် မှ ကြိုက် မှာ ကွယ့် ။ ဥပမာ ကလေး နဲ့ လူကြီး အလားတူ ရာဇဝတ်မှု တစ်ခု ကို ကျူးလွန် တဲ့ အခါ မင်းတို့ လောကီ အကြောင်း အရ ဆိုရင် မလိမ္မာသေး တဲ့ ကလေး က အပြစ် ပေါ့ပြီး လိမ္မာ တဲ့ လူကြီး က အပြစ် လေး မယ် ဒီလို မဟုတ်လားကွယ့် ”


“ ဟုတ်ပါတယ် ဒီ အတိုင်းပါပဲ ။ ဘကြီး က ဒါကို ဘယ်လိုများ ဆိုချင်သေးလို့ပါလဲ ”


“ အဲ ဘကြီး တို့ မြန်မာစာပေကျမ်းဂန် ဘက် က တော့ ဒီလို မဟုတ်ဘူးကွယ့် အမှုကျူးလွန် တဲ့ နေရာ မှာ ကလေး က လူကြီး ထက် သာလွန် ထိရောက်တဲ့ အတွက် အပြစ် ရှိ ရာမှာလဲ ကလေး က ပဲ လူကြီး ထက် သာလွန် အပြစ် ကြီး သေးသကွယ့် ” 


“ ဒီ အယူ ကို ကျွန်တော် သဘော မကျနိုင်ဘူး ဘကြီး ၊ ဘယ်နည်းနဲ့ မှ သဘော မကျနိုင်ဘူး ၊ ကလေး ဆို တာ ဘာမှ သိတာ မဟုတ်ဘဲ ကလား ။ ဒီတော့ ဘယ် မှာ အပြစ် ကြီး နိုင်ပါ့ မလဲ ”


“ အဲ ဒီအယူအဆတွေ ပေါ် မှာ မှီပြီး မောင်တို့ တရားဥပဒေ စီရင်ထုံး တွေ လဲ လုပ် ထားလေ တော့ ဘယ်မှာ လမ်းမှန် ကျ တော့မလဲ ကွယ့် ။ တရားဥပဒေ အရာ မှာ ကလေး ရယ် ၊ လူကြီး ရယ် လို့ ခွဲခြားခြင်း မပြုဘဲ အပြစ် ရဲ့ အဆောက်အအုံ ကြီးခြင်း ကိုပဲ ကြည့်ပြီး ဆုံးဖြတ် စီရင် မှ အပြစ် အထိုက်လျောက် ဖြစ်တော့ မပေါ့ကွယ် မင်း စဉ်းစားလေ ။ တရားဥပဒေ ဆို တာ ပုဂ္ဂိုလ် ခွဲခြား နေရင် ဘယ်မှာ ဖြောင့်မတ် ညီညွတ်ပါတော့မလဲ ။ ပုဂ္ဂိုလ် ခွဲခြားတယ် ဆိုတာ မှာ လဲ လူ က ပဲ လူ ကို ခွဲခြားတယ် မဟုတ်လားကွယ့် ၊ ဒီတော့ မှန်ရာကန်ရာ ဖြစ် နိုင်ပါ့မလား ကွယ့် ၊ ကလေး နဲ့ လူကြီး အပြစ် ကျူးလွန်ကြပြီ ဆိုရင် လူကြီး က အတိုင်းအရှည် ကို သိလို့ ဆင်ခြင် နိုင်သေးတယ် ။ ကလေး က မသိဘူး ။ မသိတော့ ကျူးလွန်တဲ့ နေရာမှာ သာလွန် သွားတတ်တယ် ။ အဲဒီအခါမှာ ကလေး က လူကြီး ထက် အပြစ် ရှိတော့ မပေါ့ကွယ် ။ ဒီနေရာမှာ မင်းတို့ အယူအဆ နဲ့ ကောင်း ကောင်းကြီး ဆန့်ကျင် မနေဘူးလားကွယ့် ” 


သိန်းအောင် သည် ဘာမျှ ပြန် ၍ မပြောဘဲ ငြိမ်သက်စွာ စဉ်းစား၍ နေလေ၏ ။ ထိုအခိုက် ခွေးမ သည် ပဲပြုတ်ဆီဆမ်း ကိုလာ၍ ထည့်ပြီး ပြန် သွားလေ၏ ။


“ ကဲ - ကဲ မင်း မေးချင်တယ် ဆိုတဲ့ ဟာ ကို မေး စမ်းပါဦး ကွယ် ကြား ရအောင် ၊ ဘကြီး တို့ တတ်သလောက် မှတ်သလောက် တော့ ပြော ရတာပေါ့ ”


“ ကျွန်တော် မေးချင်တာက တော့ ငါးပါးသီလ ထဲ မှာပါတဲ့ ကာမေသုမိစ္ဆာစာရ နေရာ မှာ လင်ရှိ မိန်းမ တစ်ယောက် က သူ့ မှာ လင် မရှိပါဘူး လို့ ပြော တာ ကို ယောက်ျား တစ်ယောက် က ယုံကြည်ပြီး တကယ့် လွတ်လပ်တယ် ထင်ပြီး ပေါင်းသင်း ဆက်ဆံမိပါ ရော ။ အဲဒီလို ပေါင်းသင်း ဆက်ဆံမိရာ မှာ ပရဒါရကံ လွတ် မလွတ်ပါပဲ ”


“ ဪ ပရဒါရကံ ဆိုတော့ စကား က မပြည့် တတ် သေးဘူးကွယ့် ၊ ပရ ဆိုတာက သူတစ်ပါး ၊ ဒါရ ဆိုတာက မယား ။ ဒီတော့ ပရဒါရကံ ဆိုတာ သူ တစ်ပါး မယား ကံ ဆိုတာ လောက်ပဲ ရှိ သေး သကွယ့် ၊ အင်း မင်း အမေး က တော့ တော်တော် ကောင်းတဲ့ အမေး တစ်ခုပဲ ။ ခုကာလ လူငယ်တွေ တယ်ပြီး သိ ချင်ကြလိမ့်မကွယ့် ၊ သိလဲ သိထိုက်သကွယ့် ၊ အင်မတန် အရေး ကြီးတဲ့ ပြဿနာကြီး ကလား ၊ ကဲ ကဲ ဖြေ ရတာပေါ့ ။ မင်း မေးတဲ့ အမေး ကို ကျမ်းဂန် အရ ဖြေ ရမယ် ဆိုရင် အဲဒီ ယောက်ျား ဟာ ပရဒါရိကကံ မုချအားဖြင့် ထိုက် သကွယ် ”


“ ဟာ ဘကြီး ရာ ၊ ဘယ်အတွက် ကြောင့် ထိုက် ရမှာလဲ ၊ သူ မှ မသိဘဲ ဟာ မိန်းမ ကိုယ် တိုင် က သူ့ မှာ လင်မရှိပါဘူး လို့ ပြော နေတာပဲ ၊ ဒီတော့ ယောက်ျား က လွန်ကျူးမိမှာပေါ့ ။ တကယ်လို့ မိန်းမ မှာ ယောက်ျား ရှိမှန်း သာ သိမယ် ဆိုရင် ဘယ် ကျူးလွန်ပါ့မလဲ ။ ခုလို မိန်းမ က သူ လွတ်လပ်ပါတယ် ဆို လို့ ယူပြီး ပေါင်းသင်း မိတော့တာ ယောက်ျား မှာ ဘာမှ မသိတာမို့ ပြစ်ချက် မလွတ် ထိုက် ပေဘူးလား ဘကြီး ”


“ မလွတ်ဘူးကွယ့် မလွတ်နိုင်ဘူး ၊ မင်း ပြောတာ က ပါဏာတိပါတ သဘော ခပ်ဆန်ဆန် ပြောနေတာ ။ ပါဏတိပါတ နဲ့ ကာမေသုမိစ္ဆာစာရ ဟာ သဘောချင်း မတူကြဘူး ။ အဋ္ဌသလိနီ အဋ္ဌကထာ မှာ ပါဏာတိပါတာ ဆိုတာ ငါးပါး ပြ ပြီး ကာမေသုမိစ္ဆာစာရ အင်္ဂါ ကျတော့ လေးပါး သာ ပြ ထား သကွယ့် ။ ကာမေသုမိစ္ဆာစာရ အင်္ဂါလေးပါး ဆိုတာကတော့ ( ၁ ) အဂမနိယတ္ထု - မသွားလာ မလွန်ကျူးအပ်တဲ့ မိန်းမ လည်း ဖြစ်စေ ( ၂ ) တသ္မိသေဝနစိတ္တံ - ထို မိန်းမ တို့ ၌ မှီဝဲလိုတဲ့ စိတ် လည်း ရှိစေ ( ၃ ) သေဝနပယောဂေါ - မှီဝဲရန် လုံ့လ နဲ့ လဲ ယှဉ်စေ ( ၄ ) မဂ္ဂနမဂ္ဂပဋိပတ္တိ အဓိဝါ သနံ - မဂ်တစ်ခု ဖြင့် မဂ်တစ်ခု ကို ကျင့်ရာ ၌ သာယာတဲ့ စိတ် လဲ ရှိစေ အဲသည် အင်္ဂါလေးပါး ညီညွတ်ရင် ကမ္မပထ မြောက် တော့တာပဲ ။ ပါဏာတိပါတ မှာ ပါဏ သည် သာ သတ္တဝါ အမှတ်  ရှိသည်လည်း ဖြစ်စေ ဆိုတာ ပါတယ် ။ အဲသလို ကာမေသုမိစ္ဆာစာရ မှာ အာဂမနိယဝတ္ထု သည် သာ အာဂမနိယဝတ္ထု ( မသွားမလာ သော မိန်းမ လည်း ဖြစ်စေ ) ဆိုတဲ့ အင်္ဂါ မပါဘူး ။ ဒီတော့ အမှတ်ပညာ ပဋ္ဌာန်းတော့ဘူး ။ ဆိုလိုရင်း မှာ တော့ ဂမနိယ ( သွားလာအပ်တဲ့ မိန်းမ ) မှတ်ပြီး မှီဝဲ သော်လည်း ဝတ္ထု မှာတော့ ကိုယ် ထင် သလို ဂမနိယ မဟုတ်ဘဲ အဂမနိယ ( မသွားမလာ မလွန် မကျူးအပ်တဲ့ မိန်းမ ) ဖြစ် နေလို့ စင်စစ် အပြစ် မလွတ်ဘူးလို့ မှတ်ပေတော့ ။ ဘယ့်နှယ့်လဲ သဘော ကျရဲ့လား ။ ကျမ်းဂန် ရဲ့ အဆုံးအဖြတ် ကို ”


“ အစ်ကိုကြီး ထမင်းစားရအောင် ။ အေးတောင်ကုန်ပြီ ” ဟူသော အသံ ကြား၍ လှည့် ကြည့် လိုက်မှ ပင် ထမင်း စားချိန် ရောက်၍ ညွန့်ဝေ ထမင်းစား လာ ခေါ်နေသည်ကို သတိ ရ ကာ ထ မည် ပြင်လေ၏ ။


“ မင်း လဲ စဉ်းစားဦးလေ ။ သဘော မကျရင် လာ မေးသေးတာပေါ့ကွယ် ” ဟု အဘိုးကြီး က ပြောလေ၏ ။


အိမ် သို့ ရောက်၍ ထမင်းပွဲ ၌ ထိုင် မိသည့်တိုင်အောင် စကား တစ်စုံတစ်ရာ မပြော စဉ်းစား တွေးတော ၍ သာ နေ သောကြောင့် ညွန့်ဝေ လည်း မျက်နှာရိပ် မျက်နှာကဲ ကို ခတ်ကာ


“ အစ်ကိုကြီး ဘယ့်နှယ့်လဲ ၊ ဘကြီး ကို ဘယ်လို သဘော ရသလဲ ၊ အစ်ကိုကြီး တို့ ကောလိပ် က ဆရာတွေနဲ့ ဘယ့်နှယ် နေသလဲ ။ ကျွန်မ လဲ မမမြရီ ပြော မှ သိတော့တယ် ။ မမမြရီ အခုန မှ ပြန်သွားတယ် ။ အစ်ကိုကြီး ကို လာ စောင့်နေတယ် ၊ နောက်တော့ မစောင့်နိုင်တာနဲ့ “ လာရင် အိမ်ဘက် လာပါဦး လို့ ပြော လိုက်ပါဆိုပြီး ” ထွက်သွားတယ် ။ 


“ ထမင်း မြန်မြန် စားပြီး လိုက် သွားလေ ။ တော်တော်ကြာ မမမြရီ က စိတ်ဆိုး နေဦးမယ် ”


သိန်းအောင် သည် ထမင်းလုပ် ကို ပါးစပ် ထဲ သို့ သွင်းမည် လုပ် ပြီး မှ မသွင်းသေး ၊ “ တယ် ဒီကောင်မလေး က နောက်တီး နောက်တောက် ” ဟု ငေါက်သလို ပြောကာ မူ မမှန်စွာ ပြုံး လိုက်မိသည် ကို ဖုံးကွယ် လို၍ ထမင်း လုပ် ကို အမြန် သွင်းကာ ဟန် နှင့် ၊ ပန် နှင့် စားနေလေ ၏ ။ ညွန့်ဝေ  ကား ဘကြီးကျန်း အိမ် သို့ တစ်နေ့ ဟင်းတစ်ခွက် မှန်မှန်ကြီး ပို့ ရတော့မည် ဖြစ်၍ ယောက်မလောင်း မမြရီ ကို ပင် စိတ် ထဲ မှ ကျေးဇူး တင် ၍ နေလေ၏ ။


◾ ရွှေလင်းယုန် 


📖 ဂျာနယ်ကျော်

      ၁၉၃၉ ခု  ၊ မေ ၂၇ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment