Thursday, December 15, 2022

မြနန်းနွယ် ( ၁၀ )


 အခန်း ( ၃ )


မောင်ဖေသော် သည် စာသင်ခန်း အတွင်း သို့ ဝင်၍ ထိုင် နေသော် လည်း စိတ်ဝင်စားခြင်း မရှိတော့ပေ ။ သူ ၏ မျက်လုံးများ သည် အဝေးဆီ သို့ ငေးမော နေ၏ ။


ထိုအချိန်၌ ဆရာပါ က  ...


“ ဟေ့ ... ဖေသော် ... မင်း .. ဘာ ကို ငေးမော နေတာလဲ ။ သိပ် မကြာတဲ့ အချိန်ကာလ အတွင်း မှာ မင်း ဟာ စာမေးပွဲ ဖြေ ရတော့မယ် ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က


“ အချိန်ကာလ ဆိုတာ တကယ် မရှိဘူး ဆရာ ။ ပစ္စုပ္ပန် က နေပြီး ထောက်ဆ ပြောဆို နေရတာ တကယ် မရှိဘူး ”


ဟု ပြော လိုက်လေ၏ ။ ထိုစဉ် ဆရာပါ က ..


“ မင်း ဟာ မိဘတွေ နဲ့ ဝေးကွာနေတဲ့ ဆီ က လာပြီး ကျောင်း တက် နေရတာ ”


ဟု စကား စ လိုက်လျှင် မောင်ဖေသော် က .. 


“ ဝေးတယ် ၊ နီးတယ် ဆိုတာ မရှိဘူး ဆရာ ။ မရှိတဲ့ အာကာသ ကို အရှိ လုပ်ပြီး ပြောဆို နေရတာ ။ တကယ် က တော့ အချိန် ဆို တာ လည်း မရှိဘူး ။ နေရာ ဆိုတာ လည်း မရှိဘူး ။ အမြင်ထောင့် ၊ အမြင်လွှာ ၊ ဒိုင်မင်းရှင်း တွေ ပဲ ရှိတယ် ”


ဟု ပြန်၍ ပြော လိုက်လျှင် ဆရာပါ သည် နေ့ခင်းကြောင်တောင် တစ္ဆေခြောက် ခံ ရသည့် အလား မျက်လုံး ပြူး ၍ သွားလေ၏ ။ ထို့နောက် .. 


“ မောင်ဖေသော် မင်း ဟာ ဖီလော်ဆော်ဖာကြီး ဖြစ် သွားပြီ ဟေ့ ။ ဒါမှ မဟုတ်ရင် ဦးနှောက် ပျက် သွားပြီပေါ့ ”


ဟု ပြော လိုက်လျှင် ကျန်သော ကျောင်းသားများ လည်း ရယ်မော ကြလေ၏ ။ ဆရာပါ က မူ မောင်ဖေသော် အား ကရုဏာ သက် သော မျက်လုံးများ ဖြင့် ကြည့် လေ၏ ။ ထိုသို့ ကြည့်ပြီး နောက် ..


“ မင်း ကို ဒါတွေ ဘယ်သူ ပြောသလဲ ” 


ဟု ပြောရာ မောင်ဖေသော် က .. 


“ မြနန်းနွယ် ပြောတာ ” 


ဟု ပြန်၍ ပြောလေ၏ ။


“ ဟုတ်ပါပြီ ။ မြနန်းနွယ် ဆို တာ ဘယ်သူလဲ ” 


ဟု ဆရာပါ က မေး လိုက်ပြန်၏ ။ မောင်ဖေသော် က .. 


“ လွန်ခဲ့တဲ့ နှစ် တစ်ထောင် က အခု အချိန် အထိ အသက် ရှင် နေ တဲ့ မိန်းကလေး တစ်ယောက် ပါ ။ အဲဒီ မိန်းကလေး တစ်ယောက် နဲ့ ကျွန်တော် နဲ့ မေတ္တာ ရှိ နေကြပြီ ”


ဟု ပြော လိုက်လျှင် စာသင်ခန်း အတွင်း ရှိ ကျောင်းသားများ သည် “ ဝါး ” ခနဲ ရယ်မော ကြပြန်၏ ။ ဆရာပါ က ..


“ ဒီမှာ မောင်ဖေသော် ။ မင်း ဟာ ပေါက်တတ်ကရ စာရေးဆရာ တွေ ရေးတဲ့ ဝတ္ထုတွေ ဖတ်ပြီး အူကြောင်ကြောင် ဖြစ် နေတာပါကွာ ။ လွန်ခဲ့တဲ့ နှစ် တစ်ထောင် ကတည်း က အခု အချိန်ထိ အသက်ရှင် နေတဲ့ မိန်းကလေး ဆိုတာ ရှိ နိုင်ပါ့မလား ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က


“ ဒါတွေဟာ စိတ်ကူး ယဉ် မဟုတ်ဘူးဆရာ ။ ပဟေဠိ တွေ လည်း မဟုတ်ဘူး ။ ဉာဏ်စမ်းပုစ္ဆာ လည်း မဟုတ်ဘူး ။ မြနန်းနွယ် ဟာ တကယ် ရှိ နေတဲ့ အရာ ။ ရီရယ်လတီ ”


ဟု ပြော လိုက်လျှင် ကျောင်းသားများ လည်း ဝါးခနဲ ရယ်ကြ ပြန်လေ၏ ။ ဆရာပါ သည် ခေါင်း ကို တွင်တွင် ယမ်း ၍ ..


“ ဘာပဲ ဖြစ်ဖြစ် မင်း မိဘတွေ ကို အကြောင်း ကြား ရတော့မှာပဲ ။ အဲဒီလိုမှ မဟုတ်ဘူး ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ် တစ်ထောင် ကတည်း က အသက်ရှင် နေတယ် ဆိုတဲ့ မင်း ရဲ့ ရည်းစား မြနန်းနွယ် နဲ့ ငါ့ ကို မိတ်ဆက် ပေးရမယ် ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..


“ မခက်ပါဘူး ဆရာရယ် ။ ဆရာ နဲ့ သူ့ ကို မိတ်ဆက် ပေးပါမယ် ။ အဲဒီတော့ ဆရာ လည်း လေ့လာကြည့်ပေါ့ ။ ဆရာ့ ကို ကျွန်တော် တစ်ခု ပြောပြဦးမယ် ။ မနေ့ ည က ဂိုဒေါင် နှစ်လုံး ကြား က ကျွန်တော် နဲ့ သူ ဖြတ် လာကြတာ မှောင်မည်း နေတာပဲ ဆရာ ။ အဲဒီ တော့ သူ က သူ့ ဘယ် လက်ညှိုးလေး ကို ထောင် လိုက်တယ် ။ ဂိုဒေါင် ( ၂ ) လုံး ကြား မှာ ထိန်ထိန်လင်း သွားတာပဲ ။ နေ့ခင်း အတိုင်းပဲ ဆရာ ” 


ဟု မောင်ဖေသော် က ပြော လိုက်လျှင် ကျောင်းသား တစ်ယောက် က


“ လက်နှိပ်ဓာတ်မီး အသေးစားလေး ကို ထွန်း လိုက်တာ ဖြစ်မှာပါ ။ လက်ညှိုး က တော့ မီး မလင်းနိုင်ပါဘူး ”


ဟု ဝင်၍ ပြော လိုက်သဖြင့် ကျောင်းသားများ သည် ရယ် ကြပြန် သည် ။ မောင်ဖေသော် သည် ထို ကျောင်းသား ကို လှမ်း ၍ ကြည့် ပြီး မှ .. 


“ လက်ညှိုး နဲ့ လက်နှိပ်ဓာတ်မီး ကို မခွဲတတ်တဲ့ သူ မှ မဟုတ်ဘဲ ။ မင်း ရဲ့ စကား ကို မင်း ပြန်ပြီး ရုပ်သိမ်းပါ ”


ဟု ပြော လိုက်လေ၏ ။ ထိုအခါ ထို ကျောင်းသား က .. 


“ ငါ့ ရဲ့စကား ကို ပြန် ရုပ်သိမ်းဖို့ ဆိုရင် မင်း ရဲ့စကား ကို မင်း ပြန် ရုပ်သိမ်းရမယ် ။ အဲဒါက ဘာလဲ ဆိုရင် ဟိုး လွန်ခဲ့တဲ့ နှစ် တစ် ထောင် က နေ အသက် ရှင်ပြီး မင်း နဲ့ သမီးရည်းစား ဖြစ်တယ် ဆို တဲ့ မြနန်းနွယ် ကိစ္စ ပဲ ။ အဲဒါ ဟာ လုံးဝ ယုတ္တိ လည်း မရှိဘူး ။ ဖြစ် လည်း မဖြစ်နိုင်ဘူး ။ ဒါကြောင့် အဲဒီ စကား ကို ရုပ်သိမ်းပါ ။ အဲဒီ စကား ကို ရုပ်သိမ်း ရင် ငါ့ ရဲ့ စကား ကို လည်း ရုပ်သိမ်းမယ် ”


ဟု ပြန်၍ ပြောလေ၏ ။ ထိုအခါ မောင်ဖေသော် သည် ထို ကျောင်းသား ဆီ သို့ လျှောက် သွား ပြီးလျှင် ထို ကျောင်းသား ကို စူးစူးရဲရဲ ကြည့် ကာ .. 


“ ဟေ့ကောင် .. မြန်မာ မကျ ဘာ မကျ ၊ အောက်ကလိအာ ၊ ကျီး လည်း မမည် ၊ ကြက် လည်း မဟုတ် ၊ လူယုတ် ။ ငါ့ လက်သီး နဲ့ နှုတ် ဆက်လိုက်ဦး ဟေ့ ”


ဟု ဆိုကာ ထို ကျောင်းသား ၏ မေးစေ့ ကို လက်သီး ဖြင့် “ ခွပ် ” ခနဲ ထိုးချ လိုက်လေ၏ ။ ထို ကျောင်းသား သည် ထိုင်ခုံ ပေါ် မှ နောက်သို့ လန် ကျ သွား လေ၏ ။ ထို ကျောင်းသား နှင့် လွန်စွာ ရင်းနှီးသော ကျောင်းသား သုံးယောက် သည် သံပေတံများ ကို ကိုင် ၍ ဝုန်းခနဲ ထ လိုက်ကြလေ၏ ။ ထိုအခါ မောင်ဖေသော် က ..


“ မင်းတို့ သုံးယောက် က ငါ့ ကို သံပေတံ သုံးချောင်း နဲ့ခုတ် မလို့ လား ။ သံပေတံ သုံးချောင်း ကိုင် ထားတဲ့ မင်းတို့ လို ကောင်မျိုး သုံး ယောက် မပြောနဲ့ ဟေ့ ။ မြနန်းနွယ် နဲ့ ပတ်သက်လာရင် “ ခေါပဏီ ” တပ်ကြီး နဲ့ လာ ရင်တောင် ငါ က ဂရု စိုက်မှာ မဟုတ်ဘူး ။ အဲဒီတော့ မင်း တို့ ပေတံလေးတွေ သူ့ နေရာ သူ ပြန် ထားလိုက်ကြ ကြွက်စုတ် သုံးကောင် ရေ ..”


ဟု ပြောလိုက်လေ၏ ။


မောင်ဖေသော် ထိုး လိုက်သော ကျောင်းသား မှာ နှုတ်ခမ်း ကွဲ ၍ သွေးများ စီးကျ နေလေ၏ ။ ဆရာပါ ကား ထို ကျောင်းသား ကို ပြုစု နေလေ ၏ ။ ထို့နောက် မောင်ဖေသော် အား ဆူပူ ကြိမ်းမောင်းလေ၏ ။ ပြီးလျှင် ဘော်ဒါဆောင် ၌ သွားနေရန် အမိန့် ပေး လိုက်လေ၏ ။ မောင်ဖေသော် သွား လျှင် သွားချင်း ကျောင်းသူ တစ်ယောက် သည် ထိုင်ရာ မှ ထ၍ ..


“ ဆရာ .. ဆရာ .. ဖေသော် အခု ဖြစ်နေတာ ရိုးရိုး မဟုတ် ဘူး ဆရာ ။ ပယောဂ ။ ကျွန်မတို့ ဘကြီး ဟာ ပယောဂ ကို သိပ်ပြီး နိုင်တာ ။ ကျောက်မြောင်း ထဲ တင် ရှိတယ် ။ သူ နဲ့ ပြ ကြည့် ရင် ကောင်း မယ် ”


ဟု ပြော လိုက်လျှင် ကျောင်းသား တစ်ယောက် က ထ ၍ .. 


“ ဒီလို ရှိပါတယ် ဆရာ ။ မခင်တီ ရဲ့ ဘကြီး ဟာ ပယောဂဆရာကြီး ပါပဲ ။ ဆိုင်းဘုတ်ကြီး လည်း ချိတ်ထား ပါတယ် ။ ဒါပေမယ့် သတိပဋ္ဌာန်လမ်း ထိပ် မှာ သူ နဲ့ ကျွန်တော် လမ်းဘေး ဘိုင်စကုတ် ရပ် ကြည့်ခဲ့ဖူးတယ် ။ ဘိုင်စကုတ် ပြီး လို့ အိမ် ပြန်တဲ့ အခါ မှာ လမ်း မီးတွေ ပျက် နေတယ် ဆရာ ။ အဲဒီ အခါမှာ အဲဒီ အဘိုးကြီး ဟာ သရဲ ကြောက် လို့ အိမ် မပြန်ဝံ့ လို့ ကျွန်တော် ကိုယ်တိုင် လိုက်ပြီး ပို့ ခဲ့ရတယ် ။ ဒီ စကားဟာ အမှန်ပါပဲ ဆရာ ။ မယုံရင် အဲဒီ ဆရာကြီး နဲ့ မျက်နှာဆုံ ပြောဝံ့ပါတယ် ”


ဟု ပြော လိုက်လျှင် ဆရာပါ သည် ကျောင်းသူ မခင်တီ ၏ မျက်နှာ ကို လှမ်း၍ ကြည့် လိုက်လေ၏ ။ ထိုအခါ မခင်တီ က ..


“ ဒီလို ရှိပါတယ် ဆရာ ။ ကျွန်မတို့ ရဲ့ ဘကြီး ဟာ သရဲ ကြောက်တယ် ဆိုတာ လည်း အမှန်ပါပဲ ။ ပယောဂ ကို နိုင်တာလည်း အမှန်ပါပဲ ဆရာ ”


ဟု ပြော လိုက်လျှင် ကျောင်းသားများ သည် ရယ်မောကြလေ၏ ။ ဆရာပါ က မူ ...


“ ဒီမှာ မခင်တီ ။ ပယောဂ ကုတယ် ဆိုတာ သရဲတွေ ၊ တစ္ဆေတွေ ၊ နတ်စိမ်းတွေ ၊ မကောင်းဆိုးဝါးတွေ ကို နိုင် မှ ဖြစ်တယ် မဟုတ်လား ။ မင်း ဘကြီး က သရဲ ကြောက်တယ် ဆို ဘယ်လို လုပ် ပယောဂ ကု မှာ တုံး ”


ဟု ပြော လိုက်လေ၏ ။ ထိုအခါ ကျောင်းသူ မခင်တီ က .. 


“ ဒီလို ရှိပါတယ် ဆရာ ။ ကျွန်မတို့ ဘကြီး ဟာ သရဲ ၊ တစ္ဆေ ကို ကြောက်တာ အမှန်ပါပဲ ။ သရဲ ၊ တစ္ဆေ လူ မှာ ဝင် ပူး ထားရင်တော့ မကြောက်ဘူး ဆရာ ။ ရိုက် လို ရိုက် ၊ ကန် လို ကန် ၊ ထု လို ထု လုပ်ဝံ့ ပါတယ် ။ အဲဒီတော့ ဘကြီး ဟာ သရဲ ကို အပြင် မှာ ကြောက်တယ် ။ လူ မှာ ပူးရင် မကြောက်ဘူးပေါ့ ဆရာရယ် ။ ပယောဂ ကုတယ် ဆို တာ လူ မှာ ပူးတုန်း ကု ရတာ မဟုတ်လား ဆရာ ရယ် ”


ဟု ပြော လိုက်လျှင် ဆရာပါ က ပြုံး လေ၏ ။


“ အကောင်းဆုံး က တော့ စိတ္တဇဆေးရုံ ကို ပို့တာ အကောင်းဆုံး ပါကွယ် ။ ခေတ်မီတဲ့ နည်းစနစ်တွေ နဲ့ ကု လိုက်တာ မြန်မြန် ပျောက် တာ ပေါ့ ”


ဟု ပြော လိုက်လျှင် မခင်တီ သည် တစ်စုံတစ်ရာ ပြောဆိုခြင်း မပြုဘဲ ငြိမ်၍ သွားလေ၏ ။ ဆရာပါ သည် နှုတ်ခမ်း ကွဲ သွားသော ကျောင်းသား ကို အိမ် သို့ ပြန်၍ ပို့ ခိုင်းလိုက်၏ ။ ကျန်သော ကျောင်းသား ၊ ကျောင်းသူ များ ကို လည်း ..


“ တပည့်တို့ ရေ .. မင်းတို့ သူငယ်ချင်း မောင်ဖေသော် ဟာ ယဉ်ယဉ်လေး နဲ့ ရူး သွားပြီ ။ အဲဒီတော့ သူ့ ကို မစကြဖို့ ၊ စကားနိုင် မလုကြ ဖို့ ဆရာ တောင်းပန်ပါတယ် ။ အဲဒီလိုပဲ သူ့ ကို ဗွေ မယူကြနဲ့ပေါ့ ကွယ် ။ သူ ဟာ သနားစရာ အခြေအနေ ကို ရောက် သွားပြီပေါ့ ကွယ် ။ သူ့ မိဘတွေ ကို မှာပြီး ဆေး ကုသဖို့ စီစဉ်ရတော့မှာပဲ ”


ဟု ပြော လိုက်လျှင် ကျောင်းသူကျောင်းသား အပေါင်း တို့ သည် မောင်ဖေသော် အပေါ် ၌ ကရုဏာ သက် ၍ သွား ကြလေတော့၏ ။ ထို့ နောက် တွင် ကား ဆရာပါ သည် ကျောင်း ဆင်း ပေး လိုက်လေတော့၏ ။ ကျောင်းသူကျောင်းသား များ သည် ကျောင်းဆင်း သွားပြီ ဖြစ်၏ ။ ဆရာပါ မှာ မူ အိမ် သို့ မပြန်သေးဘဲ ကျောင်း ရုံးခန်း တွင် ထိုင် ၍ စာ ရေးနေ၏ ။ ၎င်း ရေး နေသော စာ မှာ မောင်ဖေသော် ၏ မိဘများ ကို မှာကြား ခေါ်ယူ သော စာ ဖြစ်၏ ။ ထိုအချိန် ၌ ကျောင်းသား တစ်ယောက် သည် ဆရာပါ ၏ ရှေ့တွင် လာ၍ ရပ်၏ ။ ဆရာပါ သည် ထို ကျောင်းသား ကို မော့ ကြည့် လိုက်လေ၏ ။ ထိုသို့ ကြည့် ပြီး နောက် ..


“ အေး .. အေး .. မောင်ချို ကို ကွယ့် ။ ထိုင်ကွယ် ။ မင်း သူငယ်ချင်း မောင်ဖေသော် နဲ့ ပတ်သက်လို့ မင်း ဘာတွေ သိ ထားသလဲ ။ ဆရာ့ ကို ပြော ပြစမ်း ”


ဟု ပြော လိုက်လေ၏ ။


မောင်ချို သည် ရှေ့နောက် ဘေးဘီ ကို ငဲ့စောင်း ၍ ကြည့် ပြီးနောက် 


“ ဒီ ကောင် ဟာ ဗိုလ်တထောင် ဘက် ကို ညနေတိုင်း သွားတယ် ဆရာ ရဲ့ ။ သူ ပြောတဲ့ မြနန်းနွယ် ဆိုတာ နဲ့ သူ နဲ့ က ပြဇာတ်ရုံ မှာ တွေ့ခဲ့ကြတာ ။ ပန်းဆိုးတန်း က ပြဇာတ်ရုံ မှာ ပါ ဆရာ ။ မြနန်းနွယ် ရဲ့အိမ် က တော့ ဗိုလ်တထောင် မှာ ရှိတယ် လို့ ဖေသော် က ပြော တယ် ။ ပြီးတော့ မြနန်းနွယ် က ဘုရင့် ဆွေတော်မျိုးတော် ထဲ က လို့ တောင် သူ က ပြော နေတော့တယ် ” ဟု ပြော လေ၏ ။


“ ကောင်းပြီ မောင်ချို ရေ ..  ။ မင်း သူငယ်ချင်း ကို မင်း တစေ့တစောင်း ကြည့်ပါကွယ် ။ ဆရာ လည်း သူ့ ကို ဂရုစိုက်ပါ့မယ် ။ ကဲ .. ကဲ .. သွားတော့ကွာ ”


ဟု ဆရာပါ က ပြော လိုက် လေ၏ ။ မောင်ချို ထွက် သွားလျှင် ဆရာပါ သည် အိမ် သို့ ပြန်သွား၏ ။ ရေမိုး ချိုး၏ ။ ထမင်း စား၏ ။ ထို့နောက် သူ ၏ ဟမ်းဘား စက်ဘီးကလေး ကို နင်းကာ ဗိုလ်တထောင်ဘုရား ဘက် ဆီ သို့ ထွက် လာ ခဲ့လေတော့၏ ။ ဆရာပါ သည် ကုန်ရုံများ အနီး သို့ ရောက် သော အခါ စက်ဘီး ကို ရပ်၍ ထောင် လိုက်ပြီး လျှင် ကာပူလီဝါလား ကုလားတစ်ဦး ထံ မှ ဖရုံစေ့လှော် တစ်ထုပ် ဝယ်ယူ ပြီးလျှင် အပျင်းပြေ စား ရင်း ဟိုကြည့် ဒီကြည့် လုပ် နေလေ၏ ။ ထိုအချိန်၌ ရထားလုံး တစ်စီး သည် ဆရာပါ အနီး သို့ ရောက် လာပြီး ရပ် လေ၏ ။ ရထားလုံး ရပ် သည် နှင့် တံခါး ပွင့် လာပြီး ရထားလုံး ပေါ် မှ မိန်းကလေး တစ်ဦး ဆင်း လာ ၏ ။ ဆရာပါ သည် ရထားလုံး ပေါ် မှ ဆင်းလာသော မိန်းကလေး ကို ခြေ ထောက် မှ စ၍ သတိ ပြု မိလေ၏ ။ ဝင်းဝါစိုပြည် သော ခြေထောက် တွင် နက်ပြာရောင် ကတ္တီပါဖိနပ်ကလေး ကို စီး ထားသော ခြေထောက် အလှ ပိုင်ရှင် မိန်းကလေး တစ်ဦး ဖြစ်ကြောင်း ဆရာပါ့ အနေ နှင့် အသိအမှတ် ပြု လိုက်လေ၏ ။ မိန်းကလေး သည် သူ ၏ ငွေနားကွပ် စူရံတီလုံချည် အား မ လိုက်ရာ ခြေဆစ် ၌ လှပသော ရွှေခြေကျင်း တစ်ခု ကို ဝတ်ဆင် ထား ကြောင်း လည်း တွေ့မြင် ရလေ၏ ။ ထို့နောက် မိန်းကလေး သည် ရထားလုံး ပေါ် မှ ဆင်း လိုက်၏ ။ ထို မိန်းကလေး ၏ ကိုယ်လုံးကိုယ်ထည် သည် သွယ်လျ ကာ လက်တံ ၊ ခြေတံ ရှည်၏ ။ အသားအရောင် မှာ တန်ဆောင်မုန်းလ တွင် သီး နေသော စပါးခွံ အရောင် ကဲ့ သို့ ဝါသည် ဟု လည်း မဆိုသာ ။ စိမ်းသည် ဟု လည်း မဆိုသာ ရှိ၏ ။ထို့ကြောင့် ဝါတာတာ စိမ်းဖန့်ဖန့် အသားရောင် ဟု လည်း ဆို နိုင်၏ ။ ဝတ်စားဆင်ယင် ပုံ မှာ လွန်စွာ ယဉ်၏ ။ မျက်လုံးမျက်ဖန် လှ၏ ။ နှုတ်ခမ်း မှာ ပိရိစေ့စပ်လျက် ။ ဆရာပါ သည် ထို မိန်းကလေး ကို ကြည့်ရှု ရင်း “ မဟာဆန်သူ ” ဟု စိတ် အတွင်း ၌ မှတ်ချက် ချ မိလေ၏ ။ ထို မိန်းကလေး သည် ဆရာပါ အနီး သို့ လျှောက် လာ ပြီး လျှင် ဆရာပါ အား လက်ကလေး နှစ်ဖက် ချီ ၍ အရိုအသေ ပေး လိုက် လေ၏ ။ ဆရာပါ သည် ယောင်ယမ်း ၍ “ သာဓု ကွယ် ၊ သာဓု ” ဟု ပြော လိုက်လျှင် ထို မိန်းကလေး က


“ ဆရာ တို့ လို အသက်အရွယ် ကြီးရင့်တဲ့ သူတွေ တော့ မပြောတတ် ဘူး ။ ကျွန်မ နဲ့ ရွယ်တူတန်းတူ ယောက်ျားလေး တွေ ဆိုရင်တော့ အခုလို ညနေ မျိုး မှာ ကျွန်မ အလှ ကို တွေ့ရင် ယစ်မူးမေ့မော သွား တတ် ကြပါတယ် ”


ဟု ပြော လိုက်လျှင် ဆရာပါ က ..


“ ဟုတ်မှာပါ မိန်းကလေး ၊ ဒါကတော့ အရွယ် ရဲ့ လျှို့ဝှက်ချက် ပဲ ။ ကျုပ် က တော့ သမီး အရွယ် လောက် ရှိတဲ့ မိန်းမချောကလေး ကို တွေ့တဲ့ အခါမှာ ငါ့ သမီးလေးများ ဖြစ်ရင် ဘယ်လောက် ကောင်းမလဲ လို့ ဆိုတဲ့ စိတ် က လွဲရင် တခြား ဘာမှ မဖြစ်တော့ပါဘူး ကွယ် ” 


ဟု ပြော လိုက်လျှင် ထို မိန်းကလေး က ..


“ သာဓုပါ ဆရာ ရယ် ”


ဟု ခပ်တည်တည် နှင့် သာဓု ခေါ် လိုက်လေ၏ ။ ထိုအခါ ဆရာပါ က ..


“ ဆိုစမ်းပါဦး သမီး ရယ် ၊ မင်း က ဘယ်သူလဲ ၊ ဘာကိစ္စလဲ ” 


ဟု မေး လိုက်ရာ ထို မိန်းကလေး က ..


“ သမီး ဆရာ့ ကို တွေ့ချင်နေတာ ကြာ ပါပြီ ။ တွေ့ချင်တဲ့ အကြောင်း က တော့ ဟိုး နှစ်ပေါင်း တစ်ထောင် ကျော် က နေ အခု ချိန်ထိ အသက် ရှင် နေတယ် ဆိုတဲ့ မိန်းမ တစ်ယောက် အကြောင်း ကို ပြောပြ ချင် လို့ ပါ ”


ဟု ပြော လိုက်လျှင် ဆရာပါ သည် မျက်လုံး ပြူး သွား၏ ။ ခေါင်း သည် လှုပ်ယမ်း သွား၏ ။ သားကောင် ၏ အနံ့ ကို ရသော မုဆိုး ကဲ့သို့ ဂနာ မငြိမ် ဖြစ် သွား၏ ။ ထို့နောက်


“ ဒီမှာ သမီး မင်း ဘယ်သူလဲ ”


ဟု မေး လိုက်ရာ ထို မိန်းကလေး က ... 


“ မြနန်းနွယ် ရယ် ပါ လေ ”


ဟု ပြော လိုက်လျှင် ဆရာပါ ၏ မျက်နှာ သည် နီမြန်း သွား၏ ။ 


“ မင်း ဟာ နောက်စရာ မရှိ နောက် တတ်တဲ့ မိန်းကလေး ပဲ ။ မင်း နောက် တာ ကိစ္စ မရှိဘူး ။ ငါ့ ရဲ့ကျောင်းသား မောင်ဖေသော် တော့ အရူးထောင် ရောက် တော့မယ် ”


ဟု ဒေါ နှင့် မော နှင့် ပြော လိုက်ရာ မြနန်းနွယ် က အသံလွင်လွင် လေး ဖြင့် တခစ်ခစ် ရယ် လိုက်ပြီးလျှင် ..


“ ဪ ဆရာပါ ၊ ဆရာပါ တပည့် ကို ချစ်တဲ့ ဆရာပါ လား ။ ဆရာ့ ကို သမီး ပြော ပါရစေ ။ သမီး ဟာ ကိုဖေသော် ကို လိမ်လည်ပြီး ကျီစား နေတာ မဟုတ်ပါဘူး ”


ဟု ပြော လိုက်လျှင် ဆရာပါ က ..


“ ဒီလို ဆိုရင် မိန်းကလေး ၊ မင်း ဟာ အသက် တစ်ထောင် ကျော် နေ ပြီ ပေါ့ ”


ဟု မေး လိုက်ရာ မြနန်းနွယ် က ..


“ ဒီမှာ ဆရာ ဆရာ့ ကို သမီး တစ်ခု မေးမယ် ။ ကျွန်းပင်တွေ ရဲ့ သက်တမ်း ဘယ်လောက် ရှိပြီလဲ ဆိုတာ ဘယ်လိုလုပ် သိ နိုင်သလဲ ဆရာ ”


ဟု မေး လိုက်ရာ ဆရာပါ က ..


“ အတိအကျတော့ မပြောနိုင်ဘူး မိန်းကလေး ။ အရစ်တွေ ကို ရေ တွက်ရတယ် လို့ တော့ ကြားဖူးတယ်"


ဟု ပြန် ၍ ပြော လိုက်လေ၏ ။


“ ဒီလို ဆိုရင် လူတွေ ရဲ့ သက်တမ်း ကို ဘယ်လောက် ရှိပြီလဲ ဆိုတာ ကို ဘာနဲ့ သိ နိုင်သလဲ ဆရာ ”


ဟု မြနန်းနွယ် က မေး လိုက်ရာ ဆရာပါ က ..


“ နဖူးတွေ ၊ ပါးရေတွေ တွန့် တာ ကို ကြည့်ပြီး ခန့်မှန်း ပြော ဆိုရမှာ ပဲ ၊ ဘာကို ကြည့်ရင် အသက် ဘယ်လောက် ဆိုတဲ့ နည်းတော့ ဆရာ လည်း မတတ်ပါဘူး ”


ဟု ပြော လေ၏ ။


“ ဒီလို ဆိုရင် ဆရာ ရယ် ၊ ပစ္စည်း တစ်ခု နှစ်ပေါင်း ဘယ်လောက် ကြာပြီ ဆိုတာ ပြောဖို့ နည်းလမ်း ကော ရှိပြီလား ”


ဟု မြနန်းနွယ် က မေး လိုက်ရာ ဆရာပါ က ..


“ နိုင်ငံခြား မှာ တော့ ကာဗွန် ( ၁၄ ) နည်းစနစ် နဲ့ စမ်းသပ်ပြီး ရှေးဟောင်းပစ္စည်းတွေ ကို သက်တမ်း တွက်တယ် ပြော တာပဲ ၊ အဲဒါ က လည်း ကြား ဖူးတာ ပြောတာပါ ၊ ကျုပ် အတိအကျ မပြောနိုင်ဘူး ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ..


“ ဒီလို ဆိုရင် သမီး က ဆရာ့ ကို ရှေးဟောင်းဘုရားဆင်းတုတော် တစ်ဆူ လှူမယ် ။ ဘယ် ခေတ် က ဆိုတာ ပြော နိုင်ပါမလား ” 


ဟု မေး လိုက်ရာ ဆရာပါ က ..


“ အဲဒါတော့ အင်းဝခေတ် ပန်းပုလက်ရာ ဟာ မြတ်စွာဘုရားပုံ ထု တဲ့ အခါမှာ ခြေဖဝါးတော် နှစ်ခု ၊ ပက်လက် လှန် ရက်သား ယှက် ပြီး မထုတတ်သေးဘူး ကွယ် ၊ ဒါကြောင့် ခြေဖဝါး လှန်ထားတဲ့ ပုံ ကြည့် ပြီး အင်းဝခေတ် နဲ့ ကုန်းဘောင်ခေတ် ခွဲလို့ ရပါတယ် ” 


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ..


“ အင်းဝခေတ် တွေ ၊ ကုန်းဘောင်ခေတ် တွေ ရှုပ် ပါတယ် ဆရာ ရယ် ၊ အခု ခေတ် ပဲ ပန်းပုကောင်းကောင်း မထုတတ် သေး တဲ့ ပန်းပုဆရာ တစ်ယောက် ကို ထုခိုင်းမယ် ဆိုရင် သူ လည်း ပဲ ခြေဖဝါးတော် နှစ်ခု ကို အချိုး ကျအောင် ဘယ် ထု နိုင်မလဲ ။ အဲဒါကို ဆရာ က အင်းဝ ခေတ် မှာ ထု တယ် လို့ ပြော မလို့လား ” 


ဟု ပြော လိုက်လေ၏ ။


“ အဲဒါကြောင့် မိန်းကလေး ကို ပြော တာပေါ့ ။ အတိအကျ မပြော နိုင်ပါဘူး လို့ နဂို ကတည်း က စကားပလ္လင် ခံ ထားပြီးပြီပဲ ကလေးမ ရယ် ”


ဟု ဆရာပါ က ပြော လိုက်လျှင် မြနန်းနွယ် က ..


“ ဆရာ နဲ့ စ ပြီး စကား ပြော ကတည်း က သမီး ဂရုစိုက် မိ တာ တစ်ခု ရှိ ပါတယ် ။ အဲဒါ ဘာလဲ ဆိုတော့ အတိအကျ မပြောနိုင်ပါဘူး ဆိုတဲ့ စကားတွေ ပဲ ထပ်ချည်း တလဲလဲ ပြော နေပါတယ် ။ ဆရာ့ အနေနဲ့ အတိအကျ ပြော နိုင်တာလေး တစ်ခုလောက် သမီး ကို ပြော ပြပါလား ”


ဟု ပြော လိုက်လျှင် ဆရာပါ က ..


“ ဆရာ့ အနေ နဲ့ အတိအကျ ပြော နိုင်တာ က တော့ ဘာမှ အတိအကျ မပြောနိုင်ပါဘူး ဆိုတဲ့ စကား ပါ ပဲ ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် သည် အသံလွင်လွင်ကလေး ဖြင့် တခစ်ခစ် ရယ် လိုက်လေ၏ ။ သူမ အသံ သည် ငွေဆည်းလည်းကလေး ခါ လိုက် သကဲ့ သို့ ရှိ၏ ။ ဆရာပါ သည် မြနန်းနွယ် အား စေ့စေ့ ကြည့် လိုက် ပြီး နောက် ..


“ ဒီမှာ မိန်းကလေး ။ မင်း ရော အတိအကျ ပြော နိုင်သလား ။ ပြော နိုင်ရင် အခြား မမေးပါဘူး ။ မင်း ရဲ့အရပ် ဘယ်လောက် မြင့် သလဲ ဆိုတာ ကို ပဲ ဆရာ့ ကို ပြော ပြပါ ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ..


“ သမီး အရပ် ငါးပေသုံးလက်မ အတိအကျ ပဲ ။ အလေးချိန် က ၉၇ ပေါင် တိတိပဲ ။ စီး တဲ့ ဖိနပ် က မန္တလေးပိန်းတန်း နံပါတ် ၈ ၊ ခါး က ၂၃ လက်မ ရှိတယ် ။ ပေါင် က ၂၃ လက်မ ရှိတယ် ။ ရင်ဘတ် အကျယ် က ၃၂ လက်မ ရှိတယ် ။ တင်ပါး ၃၂ လက်မ ပဲ ။ လည်ပင်း က ၁ဝ လက်မ ခွဲ ရှိတယ် ။ ခြေသလုံး က လည်း ၁ဝ လက်မ ခွဲ ရှိတယ် ။ အားတော့ နာပါတယ် ဆရာ ရယ် ။ သမီး က ဘော့ဒစ် ဝတ် ရင် ရွေနှင်းဆီ တံဆိပ် ဘော့ဒစ် ဝတ် တယ် ။ နံပါတ် က ၁၆ ၊ မျက်စိ အကြောင်း လည်း ပြော ပြရဦးမယ် ။ သာမန် မျက်စိ အမြင် ဟာ အဝေး တစ်မိုင် အထိ သဲသဲကွဲကွဲ မြင် ရပါတယ် ။ အနီး အမြင် က တော့ ၆ လက်မ လောက် ကပ် နေတဲ့ စာ ကို လည်း မြင် နိုင်ပါ တယ် ။ အဲဒီတော့ အောင်ဘာလေ ဆုလက်မှတ် ရဲ့ နောက်ဘက် မှာ ရေး ထားတဲ့ ကြေညာချက် ကို လက် တစ်ဆန့် ထားပြီး သမီး ကောင်းကောင်း ဖတ် နိုင်ပါတယ် ”


ဟု ပြော လိုက်လျှင် ဆရာပါ သည် သူ ၏ ခေါင်း ကို လက် ဖြင့် တဗျင်းဗျင်း ကုတ် လေတော့၏ ။


“ ဒီမှာ မိန်းကလေး ၊ မင်း ကိုယ် မင်း လူ မဟုတ်ဘူး လို့ ပြောချင် နေ တာလား ။ ဒါမှမဟုတ် ငါ့ တပည့် မောင်ဖေသော် ကို မင်း ဟာ လူ မဟုတ်ဘူး လို့ ပြော လိုက်တာလား"


ဟု ဆရာပါ က ဒေါ နှင့် မော နှင့် မေး လိုက်ရာ မြနန်းနွယ် က .. 


“ သမီး တစ်ခု ပြောမယ် ဆရာ ၊ မြနန်းနွယ် ဟာ လူ တော့ လူ ပဲ ။ ဒါ ပေမယ့် ဆရာ တို့ ၊ ကိုဖေသော် တို့ လို လူမျိုး မဟုတ်ဘူး ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင် ကျော် ကတည်း က အခု ချိန် အထိ အသက် ရှင် နေတဲ့ လူသား ဖြစ်တယ် ဆရာ ရေ ”


ဟု ပြော လိုက်ရာ ဆရာပါ သည် ပါးစပ် မှ “ အို ” ဟု ရွတ်ဆို မိ လိုက် လေ၏ ။ 


◾  မင်းသိင်္ခ


📖  မြနန်းနွယ်


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment