Tuesday, December 27, 2022

မင်းသိုက်မွန်


 

❝ မင်းသိုက်မွန် ❞

( အရက်ဖြူပုလင်း ၊ ချစ်ခြင်းမေတ္တာ ၊ ရွှံ့နွံပွက်အိုင် နှင့် အိုမာခိုင်ယမ် ည များ )

“ မင်းသိုက်မွန် ဓားထိုး ခံရတယ် .. ကိုသာချို ”

ရုတ်တရက် ကြား လိုက်ရသော သတင်း ကြောင့် ကျွန်တော့် နားထင် နားရင်းတွေ ပူ တက် သွားသည် ။ နဖူးကြောများ ပင် ထောင် တက် လာလိမ့်မည် ဟု ကျွန်တော် ထင်သည် ။

ဘယ် မှာ လဲ ၊ ဘာ ဖြစ်လို့ လဲ ၊ ဘယ် သူ က ထိုး တာလဲ ၊ ဘယ်လို အခြေအနေ လဲ ၊ ဘကုန်း ဖြင့် စသော မေးခွန်းတွေ ကုန်သလောက် နီးနီး ကျွန်တော် တန်းစီ မေး ပစ် လိုက်သည် ။

သူ့ ဆီ က အဖြေ တသီတတန်းကြီး ကြား ပြီး သည် နှင့် ကျွန်တော် မြောက်ဥက္ကလာဆေးရုံ ကို ဆက် လိုက်သွားဖြစ်သည် ။

မင်းသိုက်မွန် ကား ခုတင် ပေါ် မှာ ပက်လက် ၊ သွေး သွင်း ထား ရသည် ။ ဗိုက် ကို ခွဲပြီး operation လုပ် ထား ရသည် ။

ရင်ညွန့် မှ သည် ဆီးစပ် သို့ တိုင် အထိ ဓား ဖြင့် ထိုးခွဲ ခံ လိုက် ရခြင်း ဖြစ်သည် ။ ကိုယ့် အူ ကို ကိုယ် ပိုက်ပြီး ဆိုက်ကား ဖြင့် ဆေးရုံ ရောက် လာရသော မင်းသိုက်မွန် ။ သတိ မရ တစ်ချက် ရ တစ်ချက် ၊ နှုတ်ခမ်းဖျား ပေါ် မှာ ကယောင်ကတမ်း စကားများ ။

“ ကျွန်တော် သေလို့ မဖြစ်ဘူး ၊ ကျွန်တော့် ကို ကယ်ကြပါ ။ ကျွန်တော် စာတွေ အများကြီး ရေး သွားဖို့ ရှိ လို့ပါ ၊ ကယ်ကြပါ ”

ပြီးတော့ ... ပြန်လည် မေ့မြော သွားပြန်သည် ။

ကျွန်တော့် မှာ မူ မင်းသိုက်မွန် ကို ကြည့်ကာ ကရုဏာ တစ်ဝက် သက်ပြင်း တစ်ပိုင်း ။ ခေါင်း တဆတ်ဆတ် လည်း ညိတ် မိသည် ။ မင်းသိုက်မွန် အပေါင်း အရက် ညီမျှခြင်း နှလုံးစိတ်ဝမ်း မချမ်းမြေ့ဖွယ် တကား ဟု ကျွန်တော် ကောက်ချက် ဆွဲ ချမိသည် ။ ဘာမျှ မဖြစ်လောက် သော ကိစ္စကလေး နှင့် သေကောင်ပေါင်းလဲ ဖြစ် ခဲ့ရပြီ ။

ထိုစဉ် က မင်းသိုက်မွန် နှင့် သူ ၏ အဖော် တို့ အရက်ဖြူဆိုင် တစ်ဆိုင် မှာ အရက် သောက် နေကြသည် ဟု ဆိုသည် ။

ထုံးစံအတိုင်း ကိုယ်ကျင့်တရားဗေဒ ၊ သစ္စာရှိမှုပေတံ ၊ လူယဉ်ခေတ် ၊ ဥပေက္ခာတံတား ၊ ယဉ်ကျေးမှု ထုံးစံ စသော စကားများ ဖြင့် မင်းသိုက်မွန် ကျွက်ကျွက်ညံ နေခဲ့သည် ဟု လည်း ဆိုသည် ။

မင်းသိုက်မွန် ထိုင် သောက် နေသော ဝိုင်း နှင့် ဝိုင်းချင်း ကပ်လျက် မှ သွေးအေးအေး လူ တစ်ယောက် က ယင်း စကား တို့ ကို နားကြားပြင်း ကတ် ကာ ဆိုင် မှ အထွက် တွင် လိုက် လာပြီး ဓား နှင့် ထိုး သွားခြင်း ဖြစ်သည် ။

“ သူငယ်ချင်း ခုန သုံးနှုန်း နေတဲ့ ဝေါဟာရတွေ ကို ကိုယ် မကြိုက်ဘူး ”

ဟု ပင် ပြော သွားသေး ဆိုလား ။ ပခုံး ကို အသာ ဖက် ၍ ဗိုက် ကို ထိုးခွဲ သွားခဲ့ခြင်း ဖြစ်သည် ။ ဝေါဟာရ မသုံးတတ်သော မြန်မာစာ ဆရာ တစ်ယောက် ၏ အဖြစ် ဆိုး ပေ တကား ။

လွန်ခဲ့သော လေးငါးနှစ် ခန့် က ၊

•••••   •••••   •••••

ကျွန်တော် စာ စ ရေး ဖြစ်သော နှစ် မှာ ၁၉၇၄ ခုနှစ် တစ်ဝိုက် ဖြစ်သည် ။

ကျွန်တော်တို့ လူစု ကိုညိုသစ် ၊ ကိုသန်းအုန်း တို့ လုပ်သော မိုးဝေ စာပေ မဂ္ဂဇင်း တွင် ဝတ္ထုတို တွေ ဝင် ရေး ကြတော့ မင်းသိုက်မွန် က ဝတ္ထု ရော ကဗျာ ပါ ပို၍ စောစွာ ရေး ပြီး နေသူ ဖြစ်သည် ။ ပြီးတော့ မောင်ရိုးပြတ် ဆိုသော ကလောင်ခွဲ နှင့် လည်း ဝေဖန်ရေး တွေ ရေး နေ လိုက်သေးသည် ။

တစ်ခါ မှာ တော့ ရောင်ခြည် ၏ ကခုန်မှု ဆိုပြီး ကဗျာ စာအုပ် တစ်အုပ် ကျွန်တော့် ကို လက်ဆောင် လာ ပေးသည် ။

မောင်သာချို သို့ ချစ်ခြင်း ဟူသော စာတန်း ထိုး၍ ။ ပြီးတော့ စကားတွေ အများကြီး ။

“ ကဗျာ စာအုပ် က စွန့်စားပြီး ထုတ် တာ ကိုသာချို ရ ၊ ကျွန်တော့် အမျိုးသမီး ဆွဲကြိုး ခဏယူ ရောင်းပြီး ထုတ်တာ ၊ အခု ပြန် မဆပ်နိုင်ဘူး ဗျာ ။ စိတ် လည်း ဆိုး ပြီပေါ့ ၊ သမီးရည်းစား တောင် ကွဲ မလို ဖြစ် နေတယ်ဗျာ ....”

သည်တုန်း က မင်းသိုက်မွန် ပြောသည့် အတိုင်း ပင် သူ့ ချစ်သူ နှင့် သူ ကွဲသွား ပါသည် ။ သူတို့ စုံတွဲ မဟာဝိဇ္ဇာဘွဲ့ ရ ပြီးသည် နှင့် အမျိုးသမီး က အထက်အညာ သို့ ပြန် သွားကာ အထက်တန်းပြ ဆရာမ သွား လုပ်နေသည် ။ လက်ထပ်ရန် အတွက် မင်းသိုက်မွန် သွားရောက် ညှိနှိုင်းသည် ၊ မရ ။

ပြန် လာတော့ ဒဏ်ရာ အနာတရတွေ နှင့် နှလုံးသား မှာရော ၊ အရေပြား ပေါ် မှာ ပါ ။

“ မသေကောင်း မပျောက်ကောင်း ပါ ပဲ ကိုသာချို ရာ ၊ ရထား မှောက် တာ ဗျ ၊ ကျွန်တော် က မကောင်းဘူးဗျ ၊ ဥပစ္ဆေဒက ကံ ပါ တယ် ”

ကျွန်တော် ကား ပတ်တီးတွေ ဗရပွ နှင့် မင်းသိုက်မွန် ကို ငေးကာ မောကာ ။

•••••   •••••   •••••

သည့် နောက်ပိုင်း မှာ တော့ အမြဲတမ်း ယစ်ထွေ ၍ နေသော မင်းသိုက်မွန် နှင့် ကျွန်တော် တို့ ပိုမို ရင်းနှီးလာသည် ။ အလုပ် ဝင် ကြတော့ ကျွန်တော် က ရန်ကုန်တက္ကသိုလ် မှာ ရောက်ပြီး သူ က ဒေသကောလိပ် ( ၂ ) သို့ ရောက် သွားသည် ။

မင်းသိုက်မွန် ၏ ဘဝ မှာ သုံးခု ပေါင်း လျှင် ပြည့်စုံသည် ဟု ကျွန်တော် ထင်သည် ။ ကဗျာ ၊ အရက် ၊ ချစ်ခြင်းမေတ္တာ ။ ပေါင်မုန့် ရယ် ၊ ဝိုင်အရက် ရယ် ၊ ချစ်သူ ရယ် ရှိရင် လုံလောက်ပြီ ဟု ဆိုဖွဲ့ ဖူး သော ပါရှန်း ကဗျာဆရာကြီး အိုမာခိုင်ယမ် ကို သတိရ စရာ ဖြစ်သည် ။

“ ကျွန်တော် တစ်ခါ တစ်ခါ ခြေ တစ်ဖက် မသန်တဲ့ ကောင်မလေး တစ်ယောက် ကို ယူ ထား ရ ရင် ကောင်း မလား လို့ စဉ်းစား မိတယ်ဗျာ ၊ ဒါမှ ကိုယ့် ကို အမြဲတမ်း အားကိုးပြီး တွယ်တာ နေမှာ ဗျ ”

မောပန်းလျ စကားများ ။

“ လောကကြီး မကောင်းပုံများ တော့ ဗျာ ... မပြောချင်ပါဘူး ၊ ရည်းစားလေး တစ်ယောက် ထား မိပါတယ် ၊ ကွဲပါလေရော .... ”

တစ်ခါ က စင်မြင့် ပေါ် က အသံများ ။

ကျန်ခဲ့သော နှစ်နှစ် လောက် က တော့ မင်းသိုက်မွန် အိမ်ထောင် ပြုသည် ။ ဒါပေမဲ့ မကြာခင် မှာ ပဲ ကွဲသည် ။

“ ဒီလိုဗျ ကိုသာချို ရ ၊ ကျွန်တော့် အမျိုးသမီး က အရက် ရှောင် ဖို့ ပြောတယ် ။ အနုပညာ ရယ် ၊ အရက်ကလေး တစ်ခါတလေ ရယ် တော့ ဘဝ မှာ လိုအပ်တာပေါ့ ၊ ပြီးတော့ ချစ်သူ ရယ် ပေါ့ ၊ ကဗျာ တစ်ပုဒ် ကိုင် လာတဲ့ လူ ဟာ ယောက်ျား မဟုတ်ဘူး ဗျ ။ ဟား ... ဟား ... ဗီဒီယိုစက် တစ်လုံး ကိုင် ထားတဲ့ သူ က မှ ယောက်ျား ဟား ... ဟား ”

သည့် နောက်ပိုင်း မှာ တော့ မင်းသိုက်မွန် အမြဲတမ်း ယစ်ထွေ နေ တာပဲ ကျွန်တော် တွေ့သည် ။ စာပေ ဆုပေးပွဲ တုန်း က လည်း မူး၍ ထွေ၍ ၊ ၃၃ လမ်း ထိပ် မှာ လည်း ယစ်၍ ထွေ၍ ။

တောင်စဉ်ရေမရ စကားတွေ မွစာကြဲ အောင် လိုက် ပြော နေသည် ။ ဘဝ မှာ ဟန်ချက် မညီသော လူ တစ်ယောက် နှယ် ကျွန်တော် ခံစားရသည် ။

ချစ်ခြင်းမေတ္တာ ၊ အရက် ၊ ကဗျာ တစ်ခု ခု လျော့နည်း နေ၍ မဖြစ် ။ သုံးခု ပေါင်း မှ မင်းသိုက်မွန် ဖြစ်သည် ။

ခုတော့ အိမ်ထောင်ရေး အဆင် မပြေ တိုင်း အရက် သောက် ။

ရေးတဲ့ ဝတ္ထုတွေ က လည်း အသည်းကွဲ ဇာတ်လမ်း ။

ပြောတဲ့ စကားလုံး က လည်း မျက်ရည် ကန် ထဲ က ဆယ်ယူပြီးခါစ စကားလုံးများ ။

“ ကျွန်တော်တို့ အိမ်ထောင်ရေး ပြိုကွဲတာ တစ်ချက် ပဲ ရှိတယ်ဗျ ။ ကျွန်တော်တို့ ခြံထောင့် က ထိန်ပင် နဲ့ ညောင်ပင် ကို ကျွန်တော် ခုတ် ပစ်မိတယ် ။ နည်းနည်း ခိုက် သွားတယ် ထင်တယ် ဗျာ ”

မျက်လုံးတွေ မှေးစင်း ကာ ၊ ကွမ်းတံတွေး တို့ ဖြင့် ပေကျံ နီရဲနေသော သွားများ ဖြင့် မပွင့်တပွင့် ပြုံး ကာ ၊ ဖြစ်ကတတ်ဆန်း ဝတ်ထားသော အင်္ကျီလုံချည်များ ဖြင့် ဖရိုဖရဲ ဖြစ်ကာ ...

ကျွန်တော် က တော့ မင်းသိုက်မွန် ကို ကြည့်ပြီး အောင်လင်း ၊ မြင့်ကျော် ၊ မြင့်နီ တို့ ဝတ္ထုတွေ ထဲ က အသည်းကွဲ ဇာတ်လိုက် တွေ ကိုသာ ပြေး ပြေး မြင် နေမိပါတော့သည် ။

◾မောင်သာချို

📖 အိပ်မက်ဖူး မဂ္ဂဇင်း
      အမှတ် ၄ ၊ ၁၉၈၉ ။

# ကိုအောင်နိုင်ဦး

.

No comments:

Post a Comment