အခန်း ( ၄ )
ဆရာပါ သည် “ အို ” ဟု ယောင်ယမ်း ၍ အော် လိုက်၏ ။ ထို့နောက် မျက်စိ ကို ဆတ်ခနဲ ဖွင့် ကာ ဦးခေါင်း ကို ထောင် လိုက်၏ ။ ပြီးလျှင် ဘေး ဘယ်ညာ ကို ကြည့် လိုက်ရာ ဆရာပါ ၏ မိန်းမ က ..
“ ကိုပါ ရှင် ဘာ ဖြစ်နေတာလဲ ”
ဟု မေး လိုက်လေ၏ ။
“ ငါ မြနန်းနွယ် နဲ့ တွေ့ နေတာ ။ ဗိုလ်တထောင်ဘုရား နား မှာ ဘယ်လို ဘယ်လို ငါ့ အိမ် ကို ပြန် ရောက် နေတာတုံး ”
ဟု ပြော လျှင် ဆရာပါ ၏ မိန်းမ က ..
“ ရှင် ပဲ ထမင်း စား ပြီး တာ နဲ့ နည်းနည်း ပင်ပန်းတယ် ။ ငါ တစ်ရေး လောက် မှေး လိုက်ဦးမယ် ဆိုတာ နဲ့ ကျွန်မ အဲဒီ နား မှာ ဖျာ ခင်းပေး ထား တာလေ ။ အိပ်မက် မက်နေတာ ဖြစ်မှာ ပေါ့ ကိုပါ ရယ် ။ ရှင့် တပည့် မောင်ဖေသော် က တော့ မြနန်းနွယ် ကို အိပ်မက် မက်ပြီး ရူးတယ် ၊ ရှင် လည်း အဲဒီလို ရူး နေဦးမယ် ။ ဆရာ ရော ၊ တပည့် ကော ရူးတယ် ဆိုရင် မကောင်းပါဘူး ”
ဟု ပြော လိုက်ရာ ဆရာပါ က ..
“ ရူးတာ မရူးတာ က အကြောင်း မဟုတ်ပါဘူးကွာ ။ နည်းနည်း တော့ ထူးဆန်း နေပြီ ”
ဟု ပြောလိုက်လေ၏ ။
ထို့နောက် တွင် ကား ဆရာပါ သည် မောင်ဖေသော် ၏ ကိစ္စ ကို ယခင် က ကဲ့သို့ ပေါ့ပေါ့တန်တန် သဘော မထားတော့ဘဲ အလေးအနက် သဘော ထား ခဲ့လေ၏ ။ မောင်ဖေသော် ၏ မိဘများ သည် မောင်ဖေသော် အား စိတ္တဇဆေးရုံ သို့ ပြသ ခဲ့လေ၏ ။ ထို့နောက် အိမ် သို့ ပြန်၍ ခေါ် သွား လေတော့၏ ။ ၁၀ တန်း ဖြေ ရန် အချိန် နီးကပ်လာသည် အထိ မောင်ဖေသော် သည် ကျောင်း သို့ ပြန် ၍ ရောက် မလာတော့ပေ ။ ဆရာပါ သည် သူ ၏ ကျောင်းသားများ အား သူ ကိုယ်တိုင် မြနန်းနွယ် ကို အိပ်မက် မက် ခဲ့ ပုံ ကို ပြော ပြလေ၏ ။ မြနန်းနွယ် ပြောသော စကားများ ကို လည်း ကျောင်းသားများ အား ပြန် ၍ ပြော ပြလေ၏ ။ ကျောင်းသားများ သည် မောင်ဖေသော် အား နောက်ပြောင် ဝံ့ သော် လည်း ဆရာပါ အား မနောက်ပြောင် ဝံ့ သော ကြောင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကာ ပြုံးစိစိ ဖြစ် နေကြ၏ ။
နှုတ် မစောင့် နိုင်သော ကျောင်းသား တစ်ယောက် က မူ
“ မောင်ဖေသော် က တော့ အရူးထောင် ရောက် သွားပြီ ။ ဆရာ ပဲ ကျန် တော့တယ် ။ အခု ဆရာ လည်း အရူးထောင် ရောက် သွားရင် တော့ သင်ခန်းစာတွေ က လည်း မပြတ်သေးဘူး ဆိုတော့ ငါတို့ တစ်တန်း လုံး ၁၀ တန်း အောင်ဖို့ မရှိဘူး ။ အဲဒီတော့ မြနန်းနွယ် ဟာ လူ ပဲ ဖြစ်ဖြစ် ၊ သရဲ ပဲ ဖြစ်ဖြစ် ၊ နတ်သမီး ပဲ ဖြစ်ဖြစ် တို့ ပညာရေး ကို နှောင့်ယှက် တဲ့ အတွက် တို့ အနေ နဲ့ အလို မရှိဘူး ”
ဟု ပြော လေ၏ ။ ထိုအခါ အနီး မှ ကျောင်းသား က ..
“ ဟေ့ကောင် ဖေသန်းမောင် ။ အကောင်းဆုံး က တော့ အဲဒီ မြနန်းနွယ် ဆိုတဲ့ စကား ကို မပြောမိဖို့ပဲ ။ သူ က ဘာမှန်းတော့ မသိဘူး ။ လူ နှစ်ယောက် ကို ဖမ်းစား တာ က တော့ တို့ မျက်မြင် ပဲ ”
ဟု ပြော လိုက်လေ၏ ။
“ ဟေ့ကောင် အောင်သူ ၊ လူ ပဲ ဖြစ်ဖြစ် ၊ သရဲ ပဲ ဖြစ်ဖြစ် ၊ နတ်သမီး ပဲ ဖြစ်ဖြစ် တို့ ကို ဒုက္ခ ပေး ရင်တော့ ဆန့်ကျင်ရ မှာပဲ ။ ဒါ ပရင်စီပယ် ပဲ ။ မနက်ဖြန် ပိုစတာတွေ ရေး လာပြီး ကျောင်းခန်း ထဲ မှာ ကပ် ထားမယ် ”
ဟု ပြောလေ၏ ။
အမှန်တကယ် လည်း နောက်တစ်နေ့ ၌ “ မြနန်းနွယ် အလိုမရှိ ” ဆိုသော ပိုစတာများ ကို နံရံလေးဖက် တွင် ကပ် ထားလိုက်၏ ။ ဆရာပါ ကိုယ်တိုင် လည်း ထို ပိုစတာများကို ကြည့်၍ ပြုံး လေ၏ ။ သုံးရက် ခန့် ကြာ သော အခါ ၌ ဖေသန်းမောင် သည် သူ ၏ ပိုစတာများ ကို သူ ကိုယ်တိုင် ဆုတ်ဖြဲ ပစ်လိုက်၏ ။ ပြီးလျှင် ပိုစတာအသစ်များ ကပ် ပြန်၏ ။ ထို ပိုစတာအသစ် များ မှာ အောက်ပါ အတိုင်း ဖြစ်လေ၏ ။
“ မြနန်းနွယ် တကယ် ရှိ ”
ကျောင်းသူ ကျောင်းသားများ သည် ဖေသန်းမောင် အား အံ့ဩ ကြ လေ၏ ။ ဆရာပါ လည်း အခန်း တွင်း သို့ ရောက် လာသော အခါ ၌ ဖေသန်းမောင် ၏ ပိုစတာ အသစ်များ ကို တွေ့ ရလေ၏ ။ ထိုအခါ ဆရာပါ က ..
“ ဘယ်လို ဖြစ်တာလဲ ဖေသန်းမောင် ၊ မနေ့က ထိ အလို မရှိ ၊ ဒီနေ့ ကျတော့ တကယ် ရှိ ၊ ဘယ်လို ဖြစ် တာတုံး ”
ဟု မေး လိုက်ရာ ဖေသန်းမောင် သည် မတ်တတ် ရပ်၏ ။ မတ်တတ် ရပ် ရာ ၌ ကြမ်းပြင် ပေါ် ၌ မတ်တတ် ရပ် သည် မဟုတ် ။ ထိုင်ခုံ ပေါ် မှ ရပ် လိုက် ခြင်း ဖြစ်၏ ။ ထို အပြုအမူ မှာ ပုံမှန် စိတ် မဟုတ်ကြောင်း ဖော်ပြ၏ ။ ကျောင်းသားများ လည်း ပါးစပ် အဟောင်းသား ဖြင့် ငေးမော ကြည့်ရှု နေ၏ ။ ထိုအခါ ဆရာပါ သည် ..
“ ပြောစမ်းပါဦးကွ ၊ မင်း ဟာ က မနေ့ က အထိ အလို မရှိ ၊ ကနေ့ ကျ တော့ တကယ် ရှိ ၊ ဘယ်လို ဖြစ်တာတုံး ”
ဟု မေး လိုက်ရာ ဖေသန်းမောင် က ..
“ ဒီက ဒီလိုပါ ဆရာရယ် ။ လောကသဘာဝ ရဲ့ ဖြစ်စဉ်လမ်းကြောင်း မှာ တည့် တဲ့ လူတွေ ဟာ တစ်ချိန် ချိန် မှာ မသင့်မမြတ် ဖြစ်သွား တတ်တယ် ။ အဲဒီလိုပဲ မသင့်မြတ်တဲ့ လူတွေ ဟာ လည်း တစ်ချိန် ချိန် မှာ သင့်မြတ် သွားတတ်ကြတယ် ။ နိမ့်ပါးတဲ့ လူတွေ ဟာ မြင့် တက် လာပြီး မြင့်မားတဲ့ လူတွေ ဟာ နိမ့်ပါး သွား တတ်ကြတယ် ။ ဆိုး တဲ့ လူတွေ ဟာ ကောင်း လာ နိုင်ပြီး ၊ ကောင်း တဲ့ လူတွေ ဟာ ဆိုး သွား နိုင်တယ် ။ ဒါဟာ အထူးအဆန်း တော့ မဟုတ်ဘူး ဆရာ ။ လောက သဘာဝ ဖြစ်စဉ် လမ်းကြောင်း ပဲ ။ အဲဒီ ဖြစ်စဉ် လမ်းကြောင်း ဟာ မကြာခဏ ဖြစ် လာတဲ့ အခါမှာ ပုံသေ လို ဖြစ် သွား တယ် ။ အဲဒီအခါမျိုး မှာ လူတွေ က နိယာမ လို့ ခေါ် လိုက်တာပဲ ”
ဟု ပြော လိုက်ရာ ကျန် ကျောင်းသားများ သည် ဖေသန်းမောင် အား ဝိုင်း ရယ်ကြလေ၏ ။ ဆရာပါ က မူ လုံးဝ ပြုံးရယ်ခြင်း မရှိဘဲ ..
“ ပြောစမ်းပါဦး တပည့် ရဲ့”
ဟု ပြော လိုက်လေ၏ ။ ထိုအခါ ဖေသန်းမောင် က ..
“ ဖြစ်တည်မှု ဆိုတာ ပုံစံ အမျိုးမျိုး ရှိတယ် ဆရာ ။ ကိုယ် သိထားတဲ့ ပုံစံ မဟုတ်တာ နဲ့ မဖြစ်နိုင်ဘူး ၊ မရှိနိုင်ဘူး လို့ မပြောသင့်ဘူး ။ မြနန်းနွယ် ဟာ ကျွန်တော် တို့ နဲ့ မတူတဲ့ ဖြစ်တည်မှု တစ်ခု နဲ့ ဖြစ် တည် နေတယ် ”
ဟု ပြော လိုက်လျှင် ကျောင်းသားများ က ရယ်မော ကြလေ၏ ။ ထိုအခါ ဖေသန်းမောင် က ..
“ မရယ်ကြနဲ့ သူငယ်ချင်း တို့ ၊ မြန်မာစကား မှာ ရယ်မော လို့ ပြောတယ် မဟုတ်လား ။ ရယ် ပြီး ရင် မော ရ တတ်တယ် ။ မင်းတို့ အားလုံး မော ရ တော့မယ် ။ အဲဒါ ဖြစ်စဉ် လမ်းကြောင်း ပဲ ”
ဟု ပြော လိုက်လျှင် ကျောင်းသား တစ်ယောက် က ထ ၍ ..
“ ဖေသန်းမောင်ရယ် ၊ ဖြစ်တည်မှု တွေ ဖြစ်စဉ်လမ်းကြောင်း တွေ နဲ့ မင်း စကား တွေ က နား ယား ဖို့ ကောင်း လိုက်တာကွာ ။ ငါ တော့ ကျောင်း ဆင်း တာ နဲ့ နား ကလော် တဲ့ ဆီ သွားပြီး နား ကလော် ပစ် ရဦးမယ် ”
ဟု ပြော လျှင် ဖေသန်းမောင် က ..
“ နား တကယ် ယား ရင်တော့ ကလော် ရ မှာပေါ့ သူငယ်ချင်း ရာ ။ ဒါပေမယ့် ငါ့ ကို လှောင်ပြောင် ဖို့ ကလော် တာ ဆိုရင်တော့ ငါ က မင်း ကို ဘာမှ မလုပ်ပါဘူး ။ မင်း ရဲ့နား က မင်း ကို လှောင်ပြောင် လိမ့်မယ် ”
ဟု ပြော လိုက်လေ၏ ။ ထို နေ့ တွင် ဆရာပါ သည် မည်မည်ရရ စာ မသင်နိုင်ဘဲ မြနန်းနွယ် နှင့် ပတ်သက်သော ကိစ္စများ ကို ရှင်းလင်း ပြော ဆို နေ ရလေ၏ ။
နောက် တစ်နေ့ ရောက်သော အခါ၌ ဖေသန်းမောင် ၏ စကားများ ကို နား ယား ၍ နား ကလော် ရ ဦး မည် ဆိုသော ကျောင်းသား သည် ကျောင်း မတက်နိုင်ဘဲ ရှိ လေ၏ ။ သူ ၏ အိမ် မှ ခွင့်စာ လာ ပေး၏ ။ ဆရာပါ သည် ခွင့်စာ ကို ဖတ် ကြည့်ရာ ထို ကျောင်းသား သည် ယမန်နေ့ ည က ကျောင်း ဆင်း သော အခါတွင် လမ်းဘေး တရုတ်ဘိန်းစား တစ်ဦး ထံ ၌ နားကလော် သည် ဟု ဆို၏ ။ တရုတ်ဘိန်းစား သည် ဘိန်းငိုက် သော ကြောင့် ထို ကျောင်းသား ၏ နား ကို နားဖာချေး ကော် သော သံချွန် ဖြင့် ထိုး မိ သည် ဟု ဆို၏ ။ ထို့ကြောင့် ထို ကျောင်းသား သည် ဆေးရုံ ရောက်သွားသည် ဟု ဖော်ပြ ထား လေ၏ ။
ထို အလွတ် ပညာသင်ကျောင်းကလေး တွင် မြနန်းနွယ် ဆိုသော ထူးခြားဆန်းကြယ် သည့် မိန်းကလေး တစ်ဦး ကြောင့် ယောက်ယက်ခတ် လျက် ရှိလေတော့၏ ။ အမှန်စင်စစ် အားဖြင့် ထို မိန်းကလေး ကို တစ်စုံ တစ်ယောက် မျှ မြင်ဖူးကြသည် မဟုတ် ။ အိပ်မက် မက် ခဲ့ကြခြင်း သာ ဖြစ် ၏ ။ မည်သို့ ဖြစ်စေ ၊ ဆရာပါ သည် သူ ၏ စာသင်ကျောင်းကလေး ကို ပြန် လည်၍ ထိန်းသိမ်း ထား နိုင်၏ ။ ကျောင်းသားများ ကို လည်း မြနန်းနွယ် နှင့် ပတ်သက်သော အကြောင်းများ ကို မပြောဆို ကြရန် အမိန့် ထုတ် ထား လေ၏ ။
မောင်ဖေသော် သည် သုံးလ ခန့် ကျောင်း ပျက်ခဲ့ပြီး နောက် ၁ဝ တန်း စာမေးပွဲ ဖြေခါနီး တွင် ကျောင်း သို့ ရောက် လာ၏ ။ ကျောင်း သို့ ရောက် လာသော အခါ ခေါင်းတုံး တုံး လျက် သား ရောက် လာခြင်း ဖြစ်၏ ။ မောင်ဖေသော် ၏ သူငယ်ချင်းများ က အကျိုးအကြောင်း ဝိုင်း ၍ မေးမြန်းကြရာ မောင်ဖေသော် က ..
“ ဒီလို ရှိတယ် သူငယ်ချင်း တို့ ။ ကိုယ့် မိဘတွေ က ကိုယ့် ကို အိမ် ခေါ် သွားတဲ့ အခါ မှာ အိမ် မှာ ပယောဂဆရာ က ရောက် နှင့် နေတယ် ။ အဲဒီ ပယောဂဆရာ က ခေါင်းတုံး တုံး ထားတယ် ။ ဗလ ကောင်း တဲ့ သူ့ တပည့် နှစ်ယောက် က ပါ သေးတယ် ။ သူတို့ က လည်း ခေါင်းတုံး တွေ နဲ့ပဲ ။ ကိုယ် လည်း အိမ် ပေါ် တက် လိုက်ရော အဲဒီ ဗလ ကောင်း တဲ့ ခေါင်းတုံး နှစ်ကောင် ဟာ ကိုယ့် ကို ဝိုင်း ချုပ်ပြီး ကတ်ကြေး နဲ့ ကိုယ့် ဆံပင်တွေ ကို ဝိုင်း ညှပ် ပစ် လိုက်ကြတယ် ။ အဲဒီတော့ ကိုယ့် ဆံပင်တွေ ဟာ ကြွက် ကိုက် ထားသလို ဖြစ် သွားတာပေါ့ ။ အဲဒီအခါ မှာ သူတို့ က ကိုယ့် ကို မှန် တစ်ချပ် လာ ထောင် ပြတယ် ။ တော်တော့် ကို ကြည့်ရ ဆိုး နေပြီ ။ အဲဒီတော့လည်း မထူးပါဘူး ဆိုပြီး ခေါင်းတုံး ပဲ ပြောင် အောင် တုံး ခိုင်းလိုက်ရတယ် ။ ခေါင်းတုံး လည်း ပြောင် သွားရော ၊ အဲဒီ ခေါင်းတုံး ဆရာတပည့် သုံးယောက် ဟာ ကိုယ့် မိဘ တွေ ကို ဘာမှ မပူနဲ့ ။ ကျုပ်တို့ လူ ဖြစ်သွားပြီ လို့ ပြောတယ် ။ မှန်တာ ပေါ့လေ ။ ကိုယ် တို့ အိမ်ပေါ် မှာ ခေါင်းတုံး လေးယောက် ဖြစ်သွား ပြီ ။ အဲဒီ ပယောဂဆရာတွေ က ကိုယ့် ကို သူတို့ လူ ဖြစ်သွားပြီ လို့ ပြောတဲ့ အချိန် မှာ ပဲ ကြိုး နဲ့ ဝိုင်း တုပ် ကြတော့တာပဲ ။ ကြိုး နဲ့ လည်း တုပ် ပြီးရော ဆေးကြိမ်လုံး လို့ ပြောတဲ့ နွား ရိုက်တဲ့ ကြိမ်လုံးကြီး နဲ့ တစ်ယောက် တစ်လဲ လှိမ့် ပြီး ရိုက်ကြတော့တာပဲ ။ ပြီးတော့ သပွတ်ခါးသီး နဲ့ ဖော်ထားတဲ့ ဆေးတစ်ခွက် ကျုပ် ကို တိုက်တယ် ။ ဝမ်းတွေ သွား လိုက်တာ လူ ဟာ မြော့မြော့ ပဲ ကျန်တယ် ။ အဲဒီအခါ ကျ မှ သူ တို့ က ကိုယ့် ကို အညိုရောင် အင်္ကျီ လုံချည်တွေ ဝတ် ပေးပြီး ယောဂီ ဘဝ ရောက်သွားပြီ လို့ ပြော ကြတယ် ။ တစ်ခု ဆိုး တာ က ကိုယ့် ကို ထမင်း ကျွေးတဲ့ အခါ ဟင်း နဲ့ မကျွေးဘူး ။ ဆီ နဲ့ ဆား နဲ့ ပဲ ကျွေးခဲ့ တာ ။ ၄၅ ရက် လောက် ဆီ နဲ့ ဆား နဲ့ ပဲ စား ရတယ် ဆိုတော့ အာဟာရ က လည်း ပြတ် လာတာပေါ့ ။ အဲဒီ ပယောဂ ဆရာ ခေါင်းတုံး သုံးယောက် ဟာ လည်း အိမ် ပေါ် က မဆင်းတော့ဘူး ။ ကိုယ့် မိဘ ဆီ က လည်း အကြောင်း အမျိုးမျိုး ပြပြီး ငွေ တောင်း ကြတယ် ။ ဆေး ဖော် ဖို့ ပြောတာ တစ်မျိုး ၊ ဆေး ကြိတ် ဖို့ ပြောတာ တစ်မျိုး ၊ ပွဲ ပြင် ဖို့ လို့ ပြောတာ တစ်မျိုး ၊ ကိုယ့် ကို လည်း နှိပ်စက် လိုက်တာ မပြောပါနဲ့ တော့ ။ သူတို့ ကို ကြည့် ရင် ပယောဂ မျက်လုံး နဲ့ ကြည့်တယ် ဆိုပြီး ထ ရိုက်တယ် ။ မကြည့်ဘဲ နေ ပြန်ရင်လည်း သူတို့ ကို အာခံတယ် ဆိုပြီး ရိုက် တာ ပါပဲ ။ ကိုယ် လည်း အဲဒီ အခါမှာ မထူးဘူး ဆိုပြီး သူတို့ ကို တိုက်ခိုက်ဖို့ စစ်ပြင် ရတော့တယ် ။ စစ် ဆို တဲ့ သဘောဟာ ရန်သူ ကို အနိုင် တိုက်တာပဲ မဟုတ်လား ။ ပထမဆုံး ရန်သူ အင်အား ပြတ် သွား အောင် လုပ်ရမယ် ဆိုတာ ကိုယ် လည်း စွန်ဇူး ရဲ့စာအုပ် တွေ ဖတ်ဖူးတဲ့ ကောင် ဆိုတော့ သိ တာပေါ့ ။ အဲဒီတော့ သူတို့ ဖော် ထားတဲ့ သပွတ်ခါးဝမ်းနုတ်ဆေး ကို ကော်ပြီး သူတို့ စားတဲ့ ချဉ်ပေါင်ဟင်း ထဲ မှာ ထည့် ပေးလိုက်တယ် ။ အဲဒီ ခေါင်းတုံး သုံးယောက် ချဉ်ပေါင် ဟာ လူ နဲ့ တည့်တယ် ဆိုပြီး ကုန်း ပြီး သောက် ကြ တယ် ။ အဲဒီမှာ ဝမ်းတွေ သွားပြီး မြော့မြော့ ပဲ ကျန်တော့တယ် ။ အဲဒီ ကိုယ် က သူတို့ သုံးယောက် ကို ကြိုး နဲ့ တုပ် လိုက်တယ် ။ ပြီးတော့ ကိုယ် က ပယောဂ ရှိတယ် ဆိုပြီး သူတို့ ကြိမ်လုံး နဲ့ သူတို့ ကို နာနာကြီး နှက် လိုက်တယ် ။ သူတို့ မအော်နိုင်အောင် သူတို့ ပါးစပ် ကို အဝတ် နဲ့ ဆို့ ထား သေးတာ ။ ညကြီး သန်းခေါင် ဆိုတော့ ကိုယ့် မိဘ တွေ က လည်း မသိကြဖူး ။ ကိုယ် ဟာ သူတို့ သုံးယောက် ကို ကျေနပ် လောက် အောင် ရိုက် ပြီးတော့ တစ်ယောက် ချင်း မြစ်ဆိပ် ကို ဆွဲ ချ သွားတယ် ။ ပြီးတော့ သုံးယောက် စလုံး ကို သမ္ဗန် ပေါ် တင်ပြီး ရေစီး အတိုင်း မျှော ချ လိုက်တယ် ။ အဲဒီ ခေါင်းတုံး သုံးယောက် ဟာ သမ္ဗန် နဲ့ မျော သွားကြတယ် ။ ကိုယ် လည်း အိမ် ကို ပြန် လာပြီး စားပွဲတင် နာရီ ၊ တိုင်ကပ်နာရီ ၊ အပ်ချုပ်စက်ခေါင်း တွေ ကို မြစ် ထဲ ပစ် ချ လိုက်တယ် ။ ပြီးတော့ မိဘတွေ နိုးလာတဲ့ အခါ မှာ ခေါင်းတုံး သုံးယောက် ဟာ ပစ္စည်းတွေ ယူပြီး ထွက်ပြေး သွားကြတယ် လို့ ပြော လိုက်တယ် ။ အဲဒီမှာ ကိုယ့် အဖေ ဟာ ဒေါ ပွပြီး ဂါတ် မှာ အမှု ဖွင့် တော့ တာပဲ ။ ပြောဖို့ တစ်ခု ကျန်တာ ရှိသေးတယ် ။ အဲဒီ ခေါင်းတုံး သုံးကောင် ကို မြစ် ထဲ ကို မျှော လိုက်တဲ့ အခါ မှာ သူတို့ လည်ပင်း မှာ စာတွေ ဆွဲပြီး လွှတ် လိုက်တယ် ။ စာတွေ က ဘာတွေ ရေးထား သလဲ ဆိုတော့ ..
ဤ သူ သုံးယောက် သည် နယ် လှည့် ၍ လိမ် နေသော သူ သုံးယောက် ဖြစ် ပါသည် ။ ကြုံရင် ကြုံသလို သားပျို ၊ သမီးပျိုများ ကို ဖျက်ဆီးသူများ လည်း ဖြစ်ပါသည် ။ ထို့ကြောင့် သူတို့ ကို ကြိုးများ ဖြေ မပေးကြပါနဲ့ ။ ကြုံတဲ့ လူ က ကြုံသလို ရိုက်ပြီး ဆုံးမ လွှတ်လိုက်ကြပါ ။ ဆက်ပြီး မြစ် ကြောင်း အတိုင်း မျှော လွှတ် လိုက်ကြပါ ။ ကုန်းပေါ် အတက် မခံပါနဲ့ ။ လွန်စွာ ဆိုးသွမ်းသာ ခေါင်းတုံး သုံးယောက် ဖြစ်ပါသည် ။
ဆိုတဲ့ စာ ကို ရေးပြီး လွှတ် လိုက်သေးတယ် ”
ဟု ပြော လိုက်လျှင် နားထောင် နေသော ကျောင်းသား ၊ ကျောင်းသူ အပေါင်း သည် ရယ်မောကြလေ၏ ။ ထို့နောက် တွင် ကား မောင်ဖေသော် သည် ကျောင်း ကို တက်၏ ။ မြနန်းနွယ် နှင့် ပတ်သက်၍ လည်း တစ်စုံ တစ်ရာ ကို ပြောဆိုခြင်း မပြုတော့ပါ ။
ဆယ်တန်း ဖြေချိန် သို့ ရောက်သော အခါ၌ စာမေးပွဲ ဝင်၍ ဖြေ၏ ။ ကျောင်း ပိတ် သော်လည်း မောင်ဖေသော် သည် ၎င်း ၏ ရပ်ရွာ ကို မပြန် တော့ဘဲ ကျောင်း ၌ ဆက် နေ၏ ။ နား ကလော် ၍ နား ခိုက် မိသွားသော ကျောင်းသား မှာ မူ လုံးဝ နား ကန်းသွား၍ ကျောင်း ဆက် နေ၍ မရတော့ ပေ ။ မောင်ဖေသော် သည် ကျောင်း ပိတ်ရက် တွင် ကျောင်း ၌ နေပြီး နောက် ရွှေတိဂုံဘုရား သို့ မှန်မှန် တက်၍ ပုတီး စိပ် တော့၏ ။ ထိုသို့ ပုတီး စိပ် ရင်း ဆရာမှည့် ဆိုသူ နှင့် ရင်းနှီး ခင်မင် သွားလေ၏ ။ ထို့ကြောင့် မောင်ဖေသော် သည် အချိန် အား ရ လျှင် ဆရာမှည့် ၏ အိမ် သို့ သာ သွားရောက် နေ တော့၏ ။ ဆရာမှည့် သည် မောင်ဖေသော် အား လောကီ နှင့် ဆိုင် သော ပညာရပ်များ ကို ကောင်းစွာ သင်ကြား ပေးလေ၏ ။ မောင်ဖေသော် လည်း ကောင်းစွာ သင်ယူ လေ၏ ။
ဆရာကြီး ဆရာမှည့် သည် မောင်ဖေသော် အား မကြာခဏ အဓိဋ္ဌာန် ဝင် ခိုင်း၏ ။ မောင်ဖေသော် လည်း ဆရာကြီး ဝင် ခိုင်းသော အဓိဋ္ဌာန်များ ကို ကောင်းစွာ ဝင်၏ ။ ထို ဆရာကြီး ၌ တပည့် များစွာ ရှိ၏ ။ ဆရာကြီး သည် ထို တပည့်များ အနက် မောင်ဖေသော် အား လွန်စွာ ချစ်ခင်၍ ဦးစား ပေး လေ၏ ။
တစ်ခါတွင် မောင်ဖေသော် သည် ကျောင်း ပိတ်ထားစဉ် အတွင်း ဘော်ဒါဆောင် ၌ အိပ် နေ၏ ။ ဆရာပါ ၏ အိမ် သို့ လာ ၍ တည်းခို နေသော နယ် မှ မိသားစု တွင် ကလေးငယ်လေး တစ်ဦး ပါ လာ၏ ။ ထို ကလေးငယ် သည် ည ရောက်သော အခါ၌ လန့်၍ အော်နေ၏ ။ ကလေး မိဘများ လည်း ကလေး အငို တိတ်စေရန် အတွက် အမျိုးမျိုး ချော့ ၏ ။ သို့ရာတွင် ကလေး သည် ငိုမြဲ ငို နေ၏ ။ ထိုအခါ မောင်ဖေသော် သည် သွားတိုက်ဆေးဘူး အလွတ် တစ်ခု ကို ယူ၍ သွားတိုက်ဆေးဘူး ခဲပြား ကို ဖြန့် လေ၏ ။ ပြီးလျှင် ပြောင်စင်အောင် ဆေးကြော၏ ။ ထို့နောက် ထို သွားတိုက်ဆေးဘူးခွံ အား တစ်လက်မ ပတ်လည် အပြားလေး ဖြစ်အောင် ကတ်ကြေး ဖြင့် ဖြတ် လိုက်လေ၏ ။ ထိုသို့ ဖြတ် ပြီးလျှင် ထို ခဲပြားလေး ပေါ် ၌ အောက်ပါ ပုံသဏ္ဌာန် ကို သံချွန် ဖြင့် ရေးဆွဲ လိုက်လေတော့၏ ။
( ပုံ ကို Comment တွင် ဖော်ပြထားပါသည် )
ပြီးလျှင် မောင်ဖေသော် သည် ထို ခဲပြားလေးအား လိပ် လိုက်လေ၏ ။ ထိုသို့ လိပ်ပြီး နောက် ထို ခဲပြား အလိပ်ကလေး ထဲ တွင် အပ်ချည်ကြိုး ခုနစ်မျှင် ကို လျှို လိုက်လေ၏ ။ ထို့နောက် ငို နေသော ကလေးငယ် ၏ လည်ပင်း တွင် သွား၍ ဆွဲ ပေး လိုက်ရာ ကလေး သည် ချက်ချင်း အငို တိတ် သွား၏ ။ ကလေး ၏ မိဘများ သည် လွန်စွာ ကျေးဇူး တင်သွား၏ ။ ဆရာပါ လည်း မောင်ဖေသော် လုပ်ပုံ ကို ကြည့်၍ ...
“ ဟေ့ မောင်ဖေသော် ၊ မင်း က ဖြင့် တယ် ဟုတ်နေပါလား ။ ကလေး တွေ ညဘက် မလန့်အောင် လည်ပင်း မှာ ဆွဲ ပေးရတဲ့ ‘ လိပ်ပြာချုပ် ’ ဆိုတာ မျိုး လား ”
ဟု မေး လိုက်ရာ မောင်ဖေသော် က ..
“ ဟုတ်ပါတယ် ဆရာ ၊ ကလေး လိပ်ပြာချုပ် က အမျိုးမျိုး ရှိပါတယ် ။ ဒါကလည်း တစ်နည်း ပေါ့ ”
ဟု ပြော လိုက်လျှင် ဆရာ ပါ က ..
“ အတွင်းမှာ ဘာ ရေး ထားသလဲ ”
ဟု မေးလိုက်လေ၏ ။
“ ကပျက်ယပျက် လို့ ဆိုပါတယ် ဆရာ ၊ ကကြီး လို့ လည်း ဖတ် လို့ မရ တော့ဘူး ။ ယပက်လက် လို့ လည်း ဖတ်လို့ မရတော့ပါဘူး ။ နှစ်ခု စလုံး ပျက် သွားတာပေါ့ ။ အဖျက်ဓာတ် တစ်မျိုး ပါပဲ ”
ဟု ပြော လိုက်လေ၏ ။
ဆရာပါ သည် မောင်ဖေသော် အား လွန်စွာ သဘော ကျ သွားလေ၏ ။
“ နောက် ဘာတွေများ တတ် ထားသေးသလဲ မောင်ဖေသော် ရယ် ”
ဟု ဆရာပါ က မေးရာ မောင်ဖေသော် က
“ ကျွန်တော် တို့ ဆရာကြီး အဘမှည့် ဟာ ကျွန်တော် တို့ ကို ပညာ တွေ အများကြီး သင် ပေး ထားပါတယ် ။ သူ့ နေရာ နဲ့ သူ ဆိုသလို သုံးလို့ ရတဲ့ နည်းတွေ ချည်းပါပဲ ”
ဟု ပြန်၍ ဖြေ လိုက်လေ၏ ။
“ နေစမ်းပါဦး မောင်ဖေသော် ရဲ့ ။ မကြာခဏ ဆိုသလို သွား သွားပြီး အဓိဋ္ဌာန် ဝင် နေတော အဲဒီ ဆရာကြီး ဆီ မှာ လား ”
ဟု ဆရာပါ က မေး ရာ မောင်ဖေသော် က ..
“ ဟုတ်ပါတယ် ဆရာ ရယ် ။ အဲဒီ ဆရာကြီး ဆီ မှာ သွားပြီး အဓိဋ္ဌာန် ဝင် နေတာပါ ”
ဟု ပြော လိုက်လျှင် ဆရာပါ က ..
“ ဒီ တစ်ခါ သွားရင် ငါ့ ကို လည်း ခေါ်ပါ မောင်ဖေသော် ရယ် ။ ငါ လည်း လိုက်ချင်တယ် ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ..
“ တစ်ခုတော့ ရှိတယ် ဆရာ ။ အဘမှည့် က ပုတီးအဓိဋ္ဌာန် အများ ကြီး ဝင် မှ သဘော ကျ တာ ၊ ဆရာ့ အနေ နဲ့ အဓိဋ္ဌာန် ဝင် နိုင်မယ် ဆို ရင် တော့ လိုက်ခဲ့ပါ ။ ကျွန်တော် ခေါ် သွားပါ့မယ် ”
ဟု ပြော လိုက်ရာ ဆရာပါ က ..
“ အဓိဋ္ဌာန် ဝင် ဆိုလည်း ဝင် ရမှာပေါ့ တပည့် ရာ ”
ဟု ပြန်၍ ပြော လေ၏ ။
ထိုအခါ မောင်ဖေသော် က ..
“ မနက်ဖြန် ၉ နာရီ ၄၅ မိနစ် မှာ အဘ ဆီ မှာ အဓိဋ္ဌာန် ဝင် ဖို့ ရှိတယ် ဆရာ လိုက်ခဲ့ပေတော့ ”
ဟု ပြော လိုက် လေတော့ သတည်း ။
◾မင်းသိင်္ခ
📖 မြနန်းနွယ်
#ကိုအောင်နိင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment