Wednesday, December 21, 2022

မြနန်းနွယ် ( ၁၆ )


 အခန်း ( ၈ )


မောင်ဖေသော် နှင့် မြနန်းနွယ် တို့ နှစ်ဦး သည် ယှဉ်တွဲ၍ လမ်း လျှောက် လာ ခဲ့ကြ၏ ။ အလယ်ကျွန်း အား တည့်တည့် မြင် ရလောက် သော နေရာ အရောက် တွင် နှစ်ယောက်သား ရပ် ၍ ကန်ရေပြင် ကို ကြည့်ကြ လေ၏ ။ ကန်ရေပြင် သည် လရောင် ကြောင့် တဖျပ်ဖျပ် လက် နေ၏ ။


“ ဒီမှာ အစ်မကြီး မြနန်းနွယ် ၊ အချိန် က မရှိတော့ဘူး ။ ကန်တော်ကြီးစောင်း မှာ မိန်းမချောချော တစ်ယောက် နဲ့ ယောက်ျားလေး တစ်ယောက် အကြာကြီး ရပ်ပြီး နေဖို့ မသင့်တော်ပေဘူး ။ ခင်ဗျား ဘယ် ကို ပြန် မှာလဲ ။ ကျွန်တော် လိုက် ပို့ပေးမယ် ။ ပြီးတော့ ခြေလျင် ပြန်လို့တော့ မဖြစ်ပေဘူး ။ မော်တော်ကား ငှား ပြီး စီးရ မယ် ။ အဲဒီ မော်တော်ကား ငှားဖို့ ပိုက်ဆံ ကို တော့ ကျွန်တော် စိုက် ပေး လိုက်ပါမယ် ”


ဟု မောင်ဖေသော် က ပြော လိုက်ရာ မြနန်းနွယ် က ရယ် လေ၏ ။ 


“ ငွေ အကြောင်း လည်း မပြော နဲ့ ။ စိုးရိမ်စရာတွေ လည်း မပြောပါ နဲ့ ။ ရေ ထဲ ကို ကြည့် လိုက်စမ်း ။ ဘယ်လောက် အေးမလဲ မပြောနိုင် ဘူး ။ မင်း နဲ့ ငါ နဲ့ လက်တွဲပြီး ရေ ထဲ ခုန် ချ ရအောင် ။ ပြီးတော့ ရေ ထဲ မှာ တို့ နှစ်ယောက် ကူးခတ် ရ အောင် ။ ဘယ်လောက်များ ပျော်ဖို့ ကောင်းလိုက်မလဲ ။ လေကလေး က လည်း ဖြည်းဖြည်းကလေး တိုက် နေတယ် ။ လ က လည်း သာ နေတယ် ။ ပြီးတော့ တိတ် ဆိတ် နေတယ် ”


ဟု မြနန်းနွယ် က ပြောကာ မောင်ဖေသော် ၏ ညာဘက် လက် ကို ဆုပ်ကိုင် လိုက်လေ၏ ။


“ မဟုတ်တာဗျာ ။ ညကြီးသန်းခေါင် မိန်းမ နဲ့ ယောက်ျား အတူတူ ရေဆင်း ကူး ရမယ်လို့ ။ ပြီးတော့ ရေစိုကြီး နဲ့ တက် လာပြီး အိမ် ကို ဘယ်လို ပြန်ကြမှာတုံး ”


ဟု မောင်ဖေသော် က မေးလျှင် မြနန်းနွယ် က ..


“ ဟင့်အင်း ၊ ဟင့်အင်း နွယ် ရေကူးချင်တယ် ” 


ဟု ပြောကာ ရေကန် ဘက် သို့ ဆွဲသဖြင့် မောင်ဖေသော် လည်း အတင်း ရုန်းရလေ၏ ။


မြနန်းနွယ် သည် နုနယ်ချောမောသော မိန်းကလေး ဖြစ်သော် လည်း မောင်ဖေသော် သည် ယခု ကဲ့သို့ ရုန်းသော အခါ ၌ သူ ၏ လက် သည် လွန်စွာ သန်မာကြောင်း ကို တွေ့ ရလေတော့၏ ။ သူ ၏ ဆုပ်ကိုင် ထား ပုံ မှာ လည်း မိန်းကလေး တစ်ဦး ဆုပ်ကိုင်ထား ပုံ နှင့် မတူဘဲ သံပြုတ်တူ နှင့် ညှပ် ထား သကဲ့ သို့ မြဲမြံလှပေ၏ ။ ထို့ကြောင့် မောင်ဖေသော် သည် ကိုင်ထား သော လက် ကို လက်ချင်း မဖြုတ်တော့ဘဲ ဒူးဖြင့် နင်း ၍ ဖြုတ်ချ လိုက်လေ ၏ ။ ထိုအခါကျ မှ ပင် လက် လည်း ပြုတ်သွား၏ ။ ပြုတ် သွားသော အခါ၌ မောင်ဖေသော် သည် ထို မိန်းမ ၏ ရင်ဘတ် အား ..


“ သွား ”


ဟု ဆို ကာ ဆောင့်၍ တွန်း လိုက်လေ၏ ။ ထို မိန်းမ သည် ငြိမ်၍ ခံ နေသည် မဟုတ် ။ သူ့ တွင် ပါ လာသော လက်ကိုင်ပဝါ ဖြင့် မောင်ဖေသော် ၏ မျက်နှာ အား ဖြန်းခနဲ ရိုက် လိုက်လေ၏ ။ ထိုသို့ ရိုက်လိုက်သည့် ခဏ ၌ မောင်ဖေသော် သည် သတိ လစ် ၍ လဲကျ သွားလေ၏ ။


မောင်ဖေသော် သည် မည်မျှ ကြာကြာ လဲကျမေ့မြောနေသည် မသိ ။ ပတ္တရောင် လှည့်သော ပုလိပ် က အတင်း လှုပ် ၍ နှိုး မှ ပင် နိုးလေ၏ ။ ပတ္တရောင်ပုလိပ် နှစ်ဦး အနက် တစ်ဦးသော သူ က ..


“ မင်း ဘာဖြစ်လို့ ဒီနေရာ မှာ တစ်ယောက် တည်း လာပြီး ထန်းပင် ကို မှီပြီး အိပ် နေ ရတာလဲ ”


ဟု မေးရာ မောင်ဖေသော် က


“ ထန်းပင် ကို မှီပြီး အိပ် နေတာ မဟုတ်ဘူး ။ မိန်းမ တစ်ယောက် နဲ့ ကျုပ် နဲ့ ရန်ဖြစ်တာ ။ အဲဒီ မိန်းမ က ကျုပ် မျက်နှာ ကို လက်ကိုင် ပဝါ နဲ့ ရိုက် လိုက်လို့ ကျုပ် သတိလစ် မေ့မြော သွားတာ ”


ဟု ပြော လိုက်လျှင် ပတ္တရောင်ပုလိပ် နှစ်ဦး သည် ဟက်ဟက်ပက်ပက် ရယ်လေ၏ ။ ထိုသို့ ရယ် လိုက်ပြီး နောက် တစ်ယောက် သော ပုလိပ် က - 


“ မင်းတို့ လို ကောင်လေးတွေ တွေ့ ရင် ကန်တော်ကြီးစောင်း သရဲ ပုံပြင် တွေ တစ်ခု မဟုတ် တစ်ခု ကြား ရတယ် ။ ငါ ဟာ ဒီ ကန်တော်ကြီးစောင်း ကို စက်ဘီး နဲ့ ပတ္တရောင် လှည့် နေတာ နှစ် သုံးဆယ် ပြည့် လို့ ပင်စင် တောင် ယူ တော့မယ် ။ လာ .. လာ .. မင်း ဘယ် သွား မှာလဲ ”


ဟု ဆို၍ မောင်ဖေသော် အား စက်ဘီး နှင့် တင်ကာ လိုက်၍ ပို့လေ ၏ ။ မအူကုန်း ထိပ် တွင် ရှိသော မိုးလင်း ရောင်း သည့် လက်ဖက်ရည်ဆိုင် သို့ ရောက် လျှင် မောင်ဖေသော် လည်း ထို ပုလိပ် နှစ်ဦးအား လက်ဖက်ရည် တိုက်လေ၏ ။ အချိန် မှာ နံနက် နာရီပြန် သုံးနာရီ ပင် ထိုး နေပြီ ဖြစ်၏ ။ ပြီးလျှင် မောင်ဖေသော် သည် ထို ပတ္တရောင်ပုလိပ် နှစ်ဦး နှင့် လမ်း ခွဲခဲ့လေ၏ ။


မောင်ဖေသော် သည် ထိုနေ့ မှ စ၍ ထို မြနန်းနွယ် ဆို သော မိန်းမ ကို မကြာခဏ အိပ်မက် မြင်မက်၏ ။ အိပ်မက် ၏ အစပိုင်း တွင် ထို မိန်းမ သည် လွန်စွာ ချောမောလှပ၏ ။ အိပ်မက် ပြီးခါနီး တွင် ထို မိန်းမ ၏ မျက်နှာ သည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ သဏ္ဌာန်ကြီး ဖြစ် သွားတတ်၏ ။ မောင်ဖေသော် သည် ထို မိန်းမ အား အိပ်မက် မြင်မက်ရမည် ကို ထိတ်လန့် နေ၏ ။ ထို့ကြောင့် ည အိပ်ရာဝင်ခါ နီး တွင် မေတ္တာသုတ် ရွတ် ခြင်း ၊ အနန္တ သော သတ္တဝါ တို့ အား မေတ္တာ ပို့ခြင်း စသော အမှုများ ကို မှန် မှန် ပြုရလေ၏ ။ ထိုသို့ ပြုလုပ်သော အခါ၌ ထို မိန်းမ အား မြင်မက်သော အိပ်မက်များ သည် တစ်စ တစ်စ လွင့်ပျောက် သွားလေတော့၏ ။


မောင်ဖေသော် သည် ဘုရား သို့ မှန်မှန်ကြီး တက် ခဲ့၏ ။ အဓိဋ္ဌာန် ပုတီး ကို လည်း စိပ်မြဲ စိပ်ခဲ့၏ ။ တစ်နေ့တွင် မောင်ဖေသော် သည် ဘုရား တွင် ပုတီး စိပ် ပြီး၍ တောင်ဘက်မုခ် မှ ဆင်းကာ မြို့ ထဲ ဘက် ဆီ သို့ လျှောက် လာ ခဲ့လေ၏ ။


ကုက္ကိုပင် အရိပ် တစ်ခု သို့ ရောက်သော အခါ၌ နေ ပူ သောကြောင့် ခေတ္တ အရိပ် ခို နေရလေ၏ ။ မောင်ဖေသော် ကဲ့သို့ ပင် အရိပ် ခို နေသော အသက် ၅ဝ အရွယ် ကု,လားကြီးတစ်ဦး သည် မောင်ဖေသော် အား တစ်ချက် လှမ်း ၍ ကြည့် လိုက်၏ ။ မောင်ဖေသော် လည်း ၎င်း အား လှမ်း၍ ကြည့် လိုက်မိလေ၏ ။ ကု,လားကြီး သည် မြက်ဖျာကလေး တစ်ချပ် ကို ခင်း၍ အေးချမ်းစွာ ထိုင် နေခြင်း ဖြစ်၏ ။ လူသွား လူလာ မှာ အတော် ပြတ်၏ ။ မော်တော်ကား များ သာလျှင် တစ်စီး စ ၊ နှစ်စီး စ လမ်း မှ ဖြတ်၍ မောင်း သွား တတ်၏ ။ မောင်ဖေသော် သည် ရေ ငတ် လာသဖြင့် ရေ သောက်ရန် ဟိုကြည့် ဒီကြည့် ကြည့် လိုက်မိလေ၏ ။ ထိုအခါ ကု,လားကြီး က .. “ ဗေတာ ” ဟု လှမ်း၍ ခေါ်လိုက်လေ၏ ။ မောင်ဖေသော် လည်း ဗေတာ ဆို သော ကု,လားစကား ကို ကောင်းစွာ နားလည်၏ ။ “ သား ” ဟု ခေါ်လိုက် ခြင်း ပင် ဖြစ်၏ ။ မောင်ဖေသော် သည် ကု,လားကြီး အနီး သို့ လျှောက်သွား၏ ။ ကု,လားကြီး သည် သူ ၏ ကြေးရေဘူး အတွင်း မှ ရေတစ်ခွက် ကို ရေခွက် အတွင်း သို့ ငှဲ့ ကာ မောင်ဖေသော် အား လှမ်း၍ ပေး လိုက်လေ၏ ။


မောင်ဖေသော် သည် ဝမ်းသာအားရ ရေဖလား ကို လှမ်း၍ ယူပြီး လျှင် ..


“ အတော် အေးတာပဲ ။ ရေငတ် ကို တစ်ခါတည်း ပြေ သွားတာပဲ ” 


ဟု ပြော လိုက်လျှင် ထိုကု,လားကြီး က ခေါင်း ကို ဖြည်းဖြည်း ညိတ် ရင်း ..


“ မင်း မှာ အန္တရာယ် သိပ်ပြီး များ နေတယ် ။ မင်း ကို ဂါထာ တစ်ခု သင်ပေးမယ် ။ အဲဒီ ဂါထာ ကို ဘာ ဂါထာ လဲ လို့ မမေးနဲ့ ။ အန္တရာယ် က လွတ်တဲ့ ဂါထာ လို့ နားလည်ထား ။ အလွန် ထူးခြား တဲ့ အတတ် ပညာ တစ်ခု က လာတဲ့ စကား ဖြစ်တယ် ။ “ အိုဝါယီ ” လို့ ဆို ကြည့် စမ်း ။ အဲဒီ အသံ ဟာ မင်း ကို ကျရောက်မယ့် အန္တရာယ်တွေ က နေ ကာကွယ် ပေးနိုင်လိမ့်မယ် ။ ပါးစပ် ထဲ မှာ ခဏ ခဏ ဆိုနေ ”


ဟု ပြော လေ၏ ။ ထို့နောက် သန္တာ ကို ငွေ ဖြင့် ကွင်း ထားသော လက်စွပ်ကလေး အား မောင်ဖေသော် ၏ လက် တွင် စွပ် ပေးလိုက်လေ၏ ။ မောင်ဖေသော် လည်း ကု,လားကြီး အား ဂါရဝ ပြုပြီးနောက် ထို နေရာ မှ ထွက် လာခဲ့လေ၏ ။ ထိုသို့ ထွက် မလာမီ၌ ကု,လားကြီး အား ငွေ အနည်း ငယ် ပူဇော် ခဲ့သေး၏ ။ မောင်ဖေသော် သည် တစ်လမ်းလုံး နှုတ်မှ တဖွဖွ ' အိုဝါယီး ၊ အိုဝါယီး ' ဟူ၍ ရွတ်ဆို လာခဲ့၏ ။ မောင်ဖေသော် ၏ စိတ် ၌ ဤသို့ ရွတ်ဆိုရ သည် ကို ကျေနပ် နေ၏ ။ ထို့နောက် ကု,လားအဘိုးကြီး ပေးခဲ့သော သန္တာ လက်စွပ်ကလေး ကို လည်း မကြာခဏ ကြည့် နေမိလေ၏ ။ မောင်ဖေသော် သည် အစဉ်သဖြင့် ဆိုသလို “ အိုဝါယီး ” ကို ရွတ် နေ၏ ။ လက်စွပ်ကလေး ကို လည်း သူ ၏ လက်မ ဖြင့် ပွတ်သပ်ကာ စမ်း မိ လေ၏ ။


တစ်လ ခန့် အကြာ တွင် သူ့ အား ကန်တော်ကြီး အတွင်း သို့ အတင်း ဆွဲချ ခဲ့သော မြနန်းနွယ် ဆို သော မိန်းမချော တစ်ဦး အား အိပ်မက် မက် ပြန်၏ ။ အိပ်မက် ထဲ တွင် လည်း ထို မိန်းမသည် လှ နေ၏ ။ အိပ်မက် ထဲ တွင် မောင်ဖေသော် က ထို မိန်းမ အား .. “ ဆိုစမ်းပါဦးဗျ ။ ဘာကိစ္စလဲ ။ ကျုပ် ကို ရေထဲ ဆွဲ ချ ဦး မလို့လား ” ဟု ခပ်ငေါ့ငေါ့ ဆိုလိုက်ရာ ထို မိန်းမ က ..


“ အခု လာ တာ မမ အကျိုးအတွက် လာတာ မဟုတ်ဘူး ။ မောင်လေး အကျိုး အတွက် လာတာ ။ မောင်လေး ခုတလော ဘာတွေ ရွတ်နေ တာလဲ ။ ဗုဒ္ဓဘာသာ နဲ့ မပတ်သက်တဲ့ ဂါထာတွေ မရွတ်နဲ့ ကွယ့် ။ အဲဒါတွေ ဟာ မိစ္ဆာဒိဋ္ဌိ တွေ ရဲ့ ဟာတွေ ။ အပါယ်ငရဲ ကို ကျ လိမ့် မယ် ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က ..


“ အပါယ်ငရဲ ကျ မှာ က နောက် ဗျ ။ ရေကန် ထဲ ကျ မှာ က အရင် ။ အဲဒီ ကု,လားကြီး က အဲဒါ ကို ရွတ်တဲ့ ။ အဲဒါကြောင့် ရွတ် နေရတာ ခင်ဗျား သွားပါ ဗျာ ”


ဟု ပြော လိုက်လျှင် ထို မိန်းမ က ရယ် လေ၏ ။


“ ရေထဲ ကျ မှာ စိုးလို့ ဆိုရင်တော့ မရွတ်ပါနဲ့တော့ ကွယ် ။ မမ မင်း ကို ရေထဲ ဆွဲ မချတော့ပါဘူး ။ ဒါနဲ့ နေစမ်းပါဦး ။ မင်း လက် မှာ ဝတ် ထားတဲ့ လက်စွပ် က လည်း မလှပါဘူး ကွယ် ။ ငွေလက်စွပ်ကြီး ။ မမ ရွှေလက်စွပ် တစ်ကွင်း ပေး ပါမယ် ။ ချွတ် ပစ်လိုက်ပါ ” 


ဟု ပြော လိုက်ရာ မောင်ဖေသော် က ..


“ လှ လို့ ဝတ် ထားတာ မဟုတ်ဘူး ။ ကျုပ် ကို မြင်မြင်ချင်း မေတ္တာ ရှိ သွားတဲ့ သူတော်စင် ကု,လားအဘိုးကြီး က ဝတ်ပါ ဆိုလို့ ဝတ် ထား တာ ။ ခင်ဗျား ပေးမယ့် ရွှေလက်စွပ် ဆယ်ကွင်း နဲ့ မလဲနိုင်ဘူး ။ ဒီ လက်စွပ် မှာ က မေတ္တာဓာတ်တွေ ပါတယ် ။ ခင်ဗျား လက်စွပ် မှာ က ဘာမှ ပါမှာ မဟုတ်ဘူး ။ သွားပါ ဗျာ ”


ဟု ဆိုကာ လက်စွပ် ဝတ် ထားသော လက် ဖြင့် ထို မိန်းမ ၏ မျက်နှာ ကို ရိုက် လိုက်လျှင် ထို မိန်းမ လည်း ပျောက်ကွယ် သွား လေတော့၏ ။


မောင်ဖေသော် လည်း .. 


“ အတော် ဆန်း တဲ့ အိပ်မက် ပဲ ”


ဟု တစ်ကိုယ် တည်း ရေရွတ် လိုက် မိလေတော့၏ ။ မောင်ဖေသော် သည် ရွှေတိဂုံဘုရား တွင်အဓိဋ္ဌာန် လုပ်၍ ရက်စေ့ သွားသော အခါ၌ ဆူးလေဘုရား တွင် အဓိဋ္ဌာန် လုပ် ပြန်သည် ။ ဆူးလေဘုရား တွင် အဓိဋ္ဌာန် လုပ်သော ရက် တွင် လူ တစ်ဦး ကို သတိ ထား မိလေ၏ ။ ထို လူ သည် ဆူးလေဘုရား မုခ်ကြီး လေးခု ရှိ ဆင်းတုတော်များ ကို လှည့်လည် ၍ ဖူးမြော် သူ ဖြစ်၏ ။ ဖူးမြော်ရာ ၌ လည်း အများ သူ ငါ ကဲ့ သို့ ထိုင်လျက် မဟုတ်ဘဲ မတ်တတ် ရပ်လျက် ဖူးမြော်သူ ဖြစ်၏ ။ ဘုရား ကို ဖူးသော အခါ၌ ရိုးရိုး လက်အုပ်ချီ ၍ ဖူးသည် မဟုတ် ။ လက် ပုံသဏ္ဌာန် ( ၈ ) မျိုး ပြောင်းလ ၍ ဖူးမြော်ခြင်း ဖြစ်၏ ။ မောင်ဖေသော် သည် ထို သူ အား လွန်စွာ စိတ်ဝင်စားခဲ့၏ ။ ထို့ကြောင့် ထို သူ ၏ လက်ပုံသဏ္ဌာန် ၈ မျိုး ကို စာ ဖြင့် ရေးကာ မှတ် လေ၏ ။ ထိုသို့ ရေးမှတ်သည် ကို ထို လူ က တွေ့လေ၏ ။ ဘုရား ဝတ်ပြုပြီး သော အခါ ၌ ထို သူ က မောင်ဖေသော် အား ..


“ ဒီမှာ ညီလေး ၊ မင်း ဘာတွေ လိုက်ပြီး မှတ်နေတာလဲ ” 


ဟု မေး လေ၏ ။


“ ဒီလိုပါ အစ်ကိုကြီး ရယ် ။ အစ်ကိုကြီး ရှိခိုးတာ က ပုံစံ အမျိုးမျိုး နဲ့ ရှိခိုးတာ ဆိုတော့ ဆန်း လို့ လိုက် ကူး နေတာပါ ”


ဟု ပြော လျှင် ထို သူ က ပြုံး လေ၏ ။ ထို့နောက် ..


“ ငါ့ ညီ ကို အစ်ကိုကြီး တစ်ခု ပြောပြမယ် ။ မင်း တို့ ငါ တို့ အခု ရှိခိုးနေကြတာ ကတော့ ဆောင့်ကြောင့် ထိုင် ၊ ဒူး နှစ်ဖက် ပေါ် မှာ တံတောင်ဆစ် နှစ်ခု တင်ပြီး မျက်နှာ မှာ လက်ဖဝါး နှစ်ဖက် ကပ် ထား တာပေါ့ကွာ ။ ဒီ ပုံစံ ရှိခိုးနည်း ဟာ ဒီ အချိန် မှာ အမှန်ဆုံး ပဲ ကွ ။ ဒါပေမယ့် ဟိုဘက် ကပ်ကမ္ဘာ ( ၈ ) ခု လောက် က ဆိုရင် ရှိခိုး တဲ့ ပုံစံ ဟာ ဒီ ပုံ မဟုတ်ဘူးကွ ။ ပုံစံ တစ်မျိုး ဖြစ် လိမ့်မယ် ။ အခု အစ်ကိုကြီး ရှိခိုး တာ က ဟိုးဘက် ဟိုးဘက် ကပ်ကမ္ဘာတွေ က ရှိခိုး တဲ့ ပုံသဏ္ဌာန် ( ၇ ) မျိုး နဲ့ အခု ရှိခိုးတဲ့ ပုံစံ ( ၁ ) မျိုး ပေါင်းပြီး ရှိခိုး နေတာ ကွ ။ အဓိပ္ပာယ် က တော့ ကွာ ဘုရား ကို အခုမှ ရှိခိုးတာ မဟုတ်ဘူး ။ ဟိုးဘက် ( ၈ ) ကမ္ဘာ ကတည်း က ရှိခိုး ခဲ့တာ လို့ ကိုယ့် ကို ကိုယ် အသိ ပေး နေတာကွ ”


ဟု ရှင်းပြလေ၏ ။ 


မောင်ဖေသော် လည်း ၎င်း သိ လိုသော အချက် များ ကို မေး၏ ။ ထို သူ က လည်း ရှင်းပြလေ၏ ။ ထို့နောက် အလုပ် သွား ရဦးမယ် ဟု ပြောကာ ထွက် သွားလေ၏ ။


ထို သူ ထွက်သွားလျှင် လူ တစ်ယောက် သည် မောင်ဖေသော် အနီး သို့ ရောက် လာ၏ ။ ထို သူ က မောင်ဖေသော် အား ..


“ ခုန မင်း နဲ့ စကား ပြောတဲ့ လူ ကို အစ်ကိုကြီး သိတာ ကြာပြီ ။ သိပ် ပြီး ဦးနှောက် မကောင်းဘူး ကွ ။ ဘုရား ရှိခိုးတာ ကို ကောင်းကောင်း မရှိခိုးဘူး ။ ကုန်း လိုက် ၊ ကွ လိုက် ၊ ရှေ့ တိုး လိုက် ၊ နောက် ဆုတ် လိုက် နဲ့ တော်တော့် ကို ပုံ ပျက်တယ် ။ ဒီလို ပုံပျက် ပန်းပျက်တွေ ဟာ ဘုရား ပေါ် မှာ မကောင်းဘူးကွ ။ နိုင်ငံခြားသား မြင်ရင် အထင် သေး သွား မှာပေါ့ ”


ဟု ပြောလျှင် မောင်ဖေသော် က ..


“ မဟုတ်ဘူးအစ်ကိုကြီး ရဲ့ ။ သူ က လွန်ခဲ့တဲ့ ( ၈ ) ကမ္ဘာ က ရှိခိုးနည်း တွေ နဲ့ ရှိခိုးတာ တဲ့ ”


ဟု ပြန်၍ ပြော လိုက်လျှင် ထို သူ က ..


“ ငါ့ ညီ စဉ်းစားကြည့်လေ ။ လွန်ခဲ့တဲ့ ( ၈ ) ကမ္ဘာ က ရှိခိုးနည်းတွေ ကို သူ က ဘယ်လိုလုပ်ပြီး သိ မှာတဲ့ လဲ ”


ဟု ပြော လိုက်လေ၏ ။ ထိုအခါ မောင်ဖေသော် လည်း အူကြောင် ကြောင် ဖြစ်၍ သွားလေ၏ ။ မောင်ဖေသော် သည် ဘုရား ပေါ် တွင် အချိန် အတော်ကြာ အဓိဋ္ဌာန် ပြု နေ၏ ။


တစ်နေ့ တွင် ပုတီး ကို ရိုးရိုး မစိပ်ဘဲ စွန်လွှတ် သကဲ့သို့ မြှောက် ၍ မြှောက် ၍ ဆွဲ ချ နေသော ပုတီးသမား တစ်ဦး ကို တွေ့ ရလေ၏ ။ မောင်ဖေသော် လည်း စိတ်ဝင်တစား ဖြင့် ကြည့် နေ၏ ။ ထို သူ ပုတီး စိပ်ပြီး သွား သော အခါ ၌ မောင်ဖေသော် က ..


“ ဦးလေး ပုတီး စိပ်တာ တစ်မျိုးပဲ နော် ။ အဲဒါ ဘယ်လို နည်းလဲ ဆို တာ ကျွန်တော့် ကို ပြော ပြနိုင်ရင် ပြောပြပါ ” 


ဟု ပြော လိုက်ရာ ထို ပုတီးသမား လူကြီး က ..


“ ဒီလို ရှိတယ် မောင်ရင် ရဲ့ ။ တခြား လူ ပုတီး စိပ်တာ တော့ မပြော တတ်ဘူး ။ ကျုပ် ပုတီး စိပ်တာ ကတော့ လေထဲ မှာ ပျံ့နှံ့နေတဲ့ “ ဝေ့ဖ် ” တွေ ကို ဖမ်းတာ မဟုတ်လား ။ ဒါကြောင့်မို့ ပုတီး နဲ့ အုပ်အုပ် ပြီး ဆွဲ ချနေတာ ။ ဒါမှ မြန်မြန် ဓာတ်တွေ ကို ရမှာ မဟုတ်လား ” 


ဟု ပြောလေ၏ ။ ထို့နောက် ထို လူ လည်း မောင်ဖေသော် အနီး မှ ထွက် သွားလေ၏ ။ ထိုအခါ အနီး မှ လူ တစ်ဦး သည် မောင်ဖေသော် အနီး သို့ ဖင်ရွှေ့ ဖင်ရွှေ့ ဖြင့် ရောက် လာ ပြီး လျှင် ..


“ ဒါတွေကို မယုံနဲ့ကွယ့် ။ ပုတီး စိပ်တာ ကောင်းကောင်း မစိပ် ဘဲ နဲ့ စွန် လွှတ် သလို လုပ် တာ ဘယ် ကောင်းမလဲကွယ် ။ ဒါဟာ “ အဂါရဝ ” ပုံစံ တစ်မျိုးပဲ ”


ဟု ပြော လေ၏ ။ ထိုအခါ ၌ မောင်ဖေသော် လည်း .. 


“ ဟုတ်ကဲ့ ဟုတ်ကဲ့ ” 


ဟု ပြောကာ ပြန် ခဲ့ရလေ၏ ။


တစ်ခါတွင် လည်း မိန်းမ တစ်ယောက် သည် ပုတီး ကို လက် နှစ်ဖက် ဖြင့် သေနတ် ကဲ့ သို့ ကိုင် လိုက်ပြီးလျှင် ပါးစပ် မှ လည်း ဗုဒ္ဓေါ ၊ ဗုဒ္ဓေါ ဟု ရွတ်ကာ ဟို ဘက် ချိန် လိုက် ၊ ဒီ ဘက် ချိန် လိုက် လုပ် နေလေ၏ ။ မောင်ဖေသော် သည် ထို မိန်းမ အနီး ၌ ထိုင်၍ ပုတီး စိပ် ရင်း ထို မိန်းမ ပုတီးစိပ် နေသည် ကို ကြည့် နေလေ၏ ။ ထို မိန်းမ ပုတီး စိပ်ပြီးသော အခါ၌ မောင်ဖေသော် က ..


“ အစ်မ ရယ် ။ အစ်မ ပုတီးစိပ် တဲ့ နည်း က အဆန်း ပဲ နော် ။ ကျွန်တော့် ကို သင် ပေးနိုင်ရင် သင်ပေး စမ်းပါ ” 


ဟု ပြော လိုက်ရာ ထို မိန်းမ က ..


“ မမ ဒီမှာ ပုတီး စိပ်နေတာ ကြာ ပြီ ကွယ့် ။ မသိသူ ကျော်သွား ၊ သိသူ ဖော်စား ဆိုတဲ့ စကား ဟာ အားကြီး မှန်တာပဲ ။ ဘယ်သူမှ ဒီ နည်း ကို တောင်းတဲ့ လူ မရှိဘူး ။ တန်ဖိုး ကို နား မလည်ကြဘဲ ကိုး ။ ဒီနေ့တော့ ငါ့ မောင် က လာ တောင်းပြီ ။ တောင်း တော့ လည်း ပေး ရ မှာပေါ့ကွယ် ။ ဒီလို ငါ့ မောင် ရဲ့ ၊ ဓာတ်တွေ က ဟိုပြေး ဒီပြေး ပြေး နေ တာ ကွယ့် ။ ပုတီး ဆိုတာ က ကျည်ဆန် တစ်ရာ့ရှစ်တောင့် ပါတဲ့ ဓာတ် လက်နက် မဟုတ်လား ကွယ် ။ ဒါကြောင့် ပြေးလွှား နေတဲ့ ဓာတ်တွေ ကို ဗုဒ္ဓေါ ၊ ဗုဒ္ဓေါ လို့ ခေါ်ပြီး ပစ် နေရတာကွယ့် ။ အဲဒီလို ပဲ တစ်နေ့ တစ်နေ့ ပုတီး အလုံးပေါင်း များစွာနဲ့ ပစ် နေရတယ်ကွယ့် ” 


ဟု ရှင်းပြလေ၏ ။ မောင်ဖေသော် လည်း ခေါင်း တဆတ်ဆတ် ညိတ်၍ နားထောင် နေလေ၏ ။ ထို့နောက် ထို မိန်းမ လည်း .. 


“ အသေးစိတ် ကို တော့ ငါ့ မောင် စိတ်ဝင်စား ရင် မမ နေ့တိုင်း သင် ပေးမယ် ။ ဒီနေရာ ကို လာခဲ့ပါ ”


ဟု ပြောကာ နှုတ်ဆက် ၍ ပြန် သွားလေ၏ ။


ထိုအချိန် ၌ မိန်းမကြီး တစ်ဦး သည် မောင်ဖေသော် အနီး သို့ ရောက် လာ ကာ ...


“ ဒီမှာ ငါ့ တူ ။ အဲဒီ မိန်းမ ပုတီး စိပ် နေတာ ကို အဒေါ် တွေ့ နေတာ ကြာပြီ ။ ပုတီး ကို ကောင်းကောင်း မစိပ်ဘူး ။ သေနတ် ချိန် သလိုပဲ ဟို လိုက်ချိန် ဒီ လိုက်ချိန် နဲ့ ။ အဒေါ် ဖြင့် အဲဒါတွေ ကို အရေး ယူ ဖို့ သက်ဆိုင်ရာ ကို စာ တင် ရဦးမယ် ”


ဟု ပြော လေ၏ ။


မောင်ဖေသော် သည် ဘုရားများ ကို လှည့်လည်၍ အဓိဋ္ဌာန် ဝင် ရာ ဤသို့ လျှင် ပုံစံ အမျိုးမျိုးသော ပုတီးသမားများ ကို တွေ့ လေ၏ ။


လ အတန် ကြာသော အခါ၌ ထို ပုတီးသမားများ ကို ဘုရား ပေါ် တွင် မတွေ့ရတော့ပေ ။ ဘုရား မှ တာဝန် ရှိသူ များ သည် ဤသို့ ကိုးရိုးကားရား နိုင် သော ပုံသဏ္ဌာန် ဖြင့် ပုတီး စိပ်ခြင်း ၊ ဘုရား ရှိခိုးခြင်း များ ကို လက် မခံ တော့ပေ ။ ထို့ကြောင့် ထိုသူများ လည်း ပျောက်ကွယ်သွားခြင်း ဖြစ်၏ ။ မောင်ဖေသော် သည် ဆူးလေစေတီတော် ၌ အဓိဋ္ဌာန် ပြည့် လျှင် ရွှေဘုန်းပွင့်စေတီတော် သို့ ရွှေ့၍ အဓိဋ္ဌာန် ပြုလုပ်ပြန်၏ ။ ရွှေဘုန်းပွင့် စေတီတော် သို့ ရောက်လျှင် မောင်ဖေသော် သည် သမ္ဗုဒ္ဓေဂါထာတော် ဖြင့် အဓိဋ္ဌာန် ဝင်လေ၏ ။ မောင်ဖေသော် အဓိဋ္ဌာန် ဝင်သော နေ့ မှာ ကြာသပတေး နေ့ ဖြစ်၏ ။ ထို စေတီတော် တွင် ၄၉ - ရက် အဓိဋ္ဌာန် ဝင် ခဲ့၏ ။ နေ့စဉ် အဓိဋ္ဌာန် ပုတီး စိပ် ရန် သွားရောက်ခဲ့ ရာ ၇ - ရက် ပြည့်သော နေ့ တွင် မောင်ဖေသော် အား အသက် ( ၄၀ ) ကျော် အရွယ် လူ တစ်ဦး က .. 


“ ငါ့ ညီ ကို ဒီ ဘုရား မှာ ဒီ အချိန် ဆိုရင် တွေ့ နေ ရပြီ ။ အဓိဋ္ဌာန် ဝင် နေ တာလား ”


ဟု မေးရာ မောင်ဖေသော် က


“ ဟုတ်ပါတယ် ခင်ဗျား ။ အဓိဋ္ဌာန် ဝင် နေတာပါ ” 


ဟု ပြန်၍ ပြော လေ၏ ။ ထိုအခါ ထို လူ က ..


“ ဘယ်လို ဝင် နေတာလဲကွယ် ” 


ဟု မေးရာ မောင်ဖေသော် က


“ သမ္ဗုဒ္ဓေဂါထာ နဲ့ အဓိဋ္ဌာန် ဝင်နေတာ ၊ ၄၉ - ရက် ကြာ မှ အဓိဋ္ဌာန် ပြည့် မယ် ”


ဟု ပြော လိုက်လျှင် ထို လူ က ..


“ ကောင်းပါတယ် .. ကောင်းပါတယ် ။ ကျုပ် လည်း ဘုရားတွေ လှည့်ပြီး အဓိဋ္ဌာန် ဝင် နေတာပဲ ။ တစ်ဦး နဲ့ တစ်ဦး မိတ်ဆွေ ဖြစ် ကြ ရတာပေါ့ ”


ဟု ပြောလေ၏ ။ ထိုအခါ မောင်ဖေသော် က ..


“ ကောင်းပါတယ် ခင်ဗျာ ။ ကျွန်တော့် ကို လည်း မိတ်ဆွေ လို့ သဘော ထားပါ ။ ကျွန်တော် က ကျောင်းသား ပါ ။ ကျွန်တော့် နာမည် မောင်ဖေသော် တဲ့ ။ ဦးလေး နာမည် ကို သိ ပါရစေ ”


ဟု ပြော လိုက်လျှင် ထို လူ က ..


“ ကျုပ် နာမည် က ဦးစိန်မြသာ တဲ့ ”


ဟု ပြော လေ၏ ။


မောင်ဖေသော် လည်း ဦးစိန်မြသာ ဆို သူ ၏ မျက်နှာ ကို သေချာစွာ ကြည့်၏ ။ ထို သူ ၏ ဆံပင် မှာ လွန်စွာ ရှည်၏ ။ ကျော အလယ် သို့ ပင် ရောက်


နေပြီ ဖြစ်၏ ။ သို့ရာတွင် သူ သည် ဆံပင် ကို နောက် မှ စည်း ၍ ထုံးထား၏ ။ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေး တို့ မှာ လည်း လွန်စွာ ရှည်၏ ။ သို့ရာတွင် မုတ်ဆိတ်မွေး ရော ၊ နှုတ်ခမ်းမွေး ပါ လွန်စွာ နက်မှောင်၏ ။ ထို သူ ၏ မျက်လုံး ၊ မျက်ခုံး သည် လွန်စွာ ကောင်း၏ ။ အသံဩဇာ နှင့် လည်း ပြည့်စုံ၏ ။


မောင်ဖေသော် ပုတီး စိပ်သော အခါ၌ ထို ဦးစိန်မြသာကြီး သည် ရောက် လာ တတ်လေ၏ ။ မောင်ဖေသော် ပုတီး စိပ် ပြီး လျှင် ထို လူကြီး သည် မောင်ဖေသော် နှင့် စကား ပြော၏ ။ ကြာသော အခါ၌ မောင်ဖေသော် နှင့် လွန်စွာ ရင်းနှီး လာလေ၏ ။ မောင်ဖေသော် သည် ဦးစိန်မြသာကြီး ကို လွန်စွာ ခင်မင်၏ ။ တစ်နေ့ တွင် ဦးစိန်မြသာကြီး က မောင်ဖေသော် အား .. 


“ ဒီနေ့ မောင်ဖေသော် အဓိဋ္ဌာန် ပြည့်ပြီ နော် ။ ဒီ နေ့ ၄၉ - ရက် ဆို တော့ ဒီနေ့ ပုတီး စိပ် ပြီး တာနဲ့ ပြည့်ပြီပေါ့ ။ မနက်ဖြန် ဘယ် မှာ အဓိဋ္ဌာန် ဝင်မလဲ ။ နားဦးမှာလား ”


ဟု မေး လိုက်လေ၏ ။


“ မနက်ဖြန် တစ်ရက် တော့ နားမယ် ဦးစိန်မြသာ ရေ ။ သန်ဘက်ခါ ပြန် ဝင်မယ် ။ ဒီ တစ်ခါ ဘယ် စေတီ မှာ ဝင် ရမလဲ မသိသေးဘူး ” 


ဟု ပြော လိုက်ရာ ဦးစိန်မြသာကြီး က ရယ် လေ၏ ။


“ မောင်ဖေသော် တို့ လည်း အဓိဋ္ဌာန် ဝင်တာ များပြီ ။ အခုထိ အဓိပ္ပာယ် မပေါက်သေးဘူးလား ။ ဘယ် စေတီတော် မှာ အဓိဋ္ဌာန် ဝင် ရမယ် ဆိုတာ ဘယ်သူ့ မှ မမေးနဲ့ ။ မျက်စိ မှိတ်ပြီး အသာလေး ၊ ငြိမ်ငြိမ်လေး ထိုင် နေလိုက် ။ မင်း အဓိဋ္ဌာန် ဝင်ရမယ့် စေတီ ကို မျက်စိ ထဲ မှာ ပြတ်ပြတ်သားသား မြင် လာ လိမ့်မယ် ။ အဲဒီမှာ ဝင် ရမယ် ။ ကျုပ် ပြောတာ မယုံရင် လုပ် ကြည့်စမ်း ”


ဟု ပြော လိုက်ရာ မောင်ဖေသော် သည် တင်ပျဉ်ခွေ ထိုင်ကာ မျက်စိ ကို မှိတ်၍ ငြိမ်ငြိမ်ကလေး ထိုင် လိုက်လေ၏ ။ နာရီဝက် ခန့် ကြာ လျှင် မောင်ဖေသော် သည် မျက်စိ ကို ဖွင့် လိုက်လေ၏ ။ ထိုသို့ ဖွင့် ပြီး နောက် ..


“ ဒီမှာ ဦးစိန်မြသာ ၊ ကျွန်တော့် အာရုံ ထဲ မှာ ဗိုလ်တထောင်ဘုရား ကို ပဲ ပြတ်ပြတ်ထင်ထင် မြင် နေတယ် ”


ဟု ပြော လိုက်လျှင် ဦးစိန်မြသာ က ..


“ ဒါပေါ့ ငါ့ လူ ရယ် ။ အဲဒီ ဗိုလ်တထောင်ဘုရား မှာ အဓိဋ္ဌာန် ဝင် ရုံ ပေါ့ ။ ကဲ .. ကဲ ဘယ်နှစ်ရက် အဓိဋ္ဌာန် ဝင်ရမယ် ဆိုတာလည်း အာရုံ ပြု ကြည့် လိုက်ပါဦး ”


ဟု ဆိုသဖြင့် မောင်ဖေသော် လည်း မျက်စိ ကို မှိတ် ထားလေ၏ ။


တအောင့်မျှ ကြာ လျှင် မျက်စိ ကို ဖွင့် ပြီး ..


“ ဦးစိန်မြသာ ရေ .. မျက်စိ မှာ ထင်တာ မဟုတ်ဘူးဗျ ။ စိတ် မှာ ထင် တာ ။ တစ်နှစ် တောင် လုပ် ရမယ် ဆိုပဲ ။ အဲဒီတော့ ကျောင်း ဖွင့် ရင် အခက်အခဲ တွေ့ မှာ ပဲ ။ ဘာပဲ ဖြစ်ဖြစ် ကျောင်း ဖွင့် ချိန် မှာ ကျောင်း သွား တက် လိုက် ၊ အဓိဋ္ဌာန် ဝင် ချိန် မှာ ဘုရား သွား လိုက် လုပ်ရမှာ ပဲ ၊ အဓိဋ္ဌာန် ပျက် လို့ တော့ မဖြစ်ပေဘူး ”


ဟု ပြောလေ၏ ။ ဦးစိန်မြသာ သည် တဟားဟား ရယ် လေ၏ ။ 


“ အာရုံ ထဲ မှာ တစ်နှစ် ပေါ် လာ တော့ လည်း တစ်နှစ် လုပ် ရမှာပေါ့ ကွယ် ။ ဒါပေမယ့် တစ်ခုတော့ အကြံ ပေးချင်တယ် ။ မောင်ဖေသော် ရဲ့ အဓိဋ္ဌာန် က တစ်နှစ် လုံး လုံး တစ်မျိုးစား တည်း ၊ တစ်ပုံစံ တည်း လုပ်ရမယ် မထင်ဘူး ။ ပြောင်းသင့် တဲ့ နေရာမှာ ပြောင်း လဲပြီး လုပ် ရမယ် ထင်တယ် ။ ဘာပဲဖြစ်ဖြစ် ကျုပ် လည်း မောင်ဖေသော် နဲ့ အတူ အဓိဋ္ဌာန် ဝင် ပါ့မယ် ။ တစ်ခုတော့ မေတ္တာရပ်ခံပါရစေ မောင်ဖေသော် ။ အဓိဋ္ဌာန် ဝင် တဲ့ ရက် မှာ သက်သတ်လွတ် စားပါ ။ အဲဒီ နား က ထမင်းဆိုင် မှာ တစ်နှစ်လုံး သက်သတ်လွတ် စား ဖို့ ကျုပ် ပိုက်ဆံ ပေး ထားမယ် ”


ဟု ပြောလိုက်လျှင် မောင်ဖေသော် က ..


“ ကျေးဇူးတင်ပါတယ် ဦးစိန်မြသာ ၊ အဲဒီတော့ သန်ဘက်ခါ မနက် ဘယ် အချိန် လောက် ဆုံကြမလဲ ”


ဟု မေးလေ၏ ။ ထိုအခါ ဦးစိန်မြသာ က ..


“ ဗိုလ်တထောင်ဘုရား မှာ ငါးနာရီ လောက် ဆုံကြရအောင် ။ ကျုပ် လည်း အဲဒီ အချိန် လောက် လာ မယ် ။ မောင်ဖေသော် လည်း လာခဲ့ ” 


ဟု မှာ လိုက်လေ၏ ။


မောင်ဖေသော် သည် ဦးစိန်မြသာကြီး နှင့် လမ်း ခွဲခဲ့ပြီ ဖြစ်၏ ။ ည အိပ်ရာ ဝင်သော အခါ၌ ဦးစိန်မြသာကြီး အကြောင်း ကို စဉ်းစား မိလေ၏ ။ သူ ၏ စိတ် ၌ လည်း ..


“ ဦးစိန်မြသာ ဆိုတဲ့ လူကြီး ရဲ့ ဥပဓိရုပ် ဟာ အတော့် ကို သန့်တယ် ။ သူ့ ရဲ့ ဆံပင်တွေ ၊ မုတ်ဆိတ်တွေ ၊ နှုတ်ခမ်းမွေးတွေ က လည်း အတော့် ကို နက်မှောင် နေတာပဲ ။ သူ့ ကို ကြည့် ရ တာ ပန်းချီဆရာ ရေး ထားတဲ့ ဇော်ဂျီရုပ် ကို ကြည့်ရ သလိုပဲ ။ ဘာပဲဖြစ်ဖြစ် သူ ပေး တဲ့ အကြံဉာဏ် ဟာ မဆိုးဘူး ။ အဓိဋ္ဌာန် ကို ဘယ် ဆရာ ဆီ မှာ မှ တောင်း ယူဖို့ မလိုတော့ဘူး ။ ကိုယ့် ဟာ ကိုယ် ငြိမ်ငြိမ်ကလေး ထိုင် ပြီး အာရုံ ပြု လိုက်ရုံပဲ ။ ကိုယ့် စိတ် အာရုံ ထဲ မှာ ပေါ်လာတဲ့ အတိုင်း လုပ်ရုံပဲ ။ ဘာပဲ ဖြစ်ဖြစ် ဒီ လူကြီး ဟာ အတော့် ကို နားလည်တဲ့ လူကြီး ဖြစ်မှာပဲ ။ မနက်ဖြန် မနက် ငါးနာရီ မှာ ဒီ ဦးစိန်မြသာ ဆို တဲ့ လူကြီး နဲ့အတူ ဗိုလ်တထောင်ဘုရား မှာ အဓိဋ္ဌာန် လုပ် ရတော့မယ် ။ ဒီ အဓိဋ္ဌာန် ဟာ ငါ့ ဘဝ အတွက် ထူးခြား တဲ့ အဓိဋ္ဌာန် ဖြစ်မှာပါပဲ လေ ”


ဟု ရေရွတ်ရင်း ကျေနပ် ဝမ်းမြောက်သော စိတ် ဖြင့် အိပ် ချလိုက် လေတော့သတည်း ။


◾မင်းသိင်္ခ


📖 မြနန်းနွယ်


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment