အခန်း ( ၄ )
မောင်ဖေသော် သည် အဖော် မရှိတော့ပေ ။ ၎င်း တစ်ဦး တည်း သာ ကျန်ရစ်တော့ပြီ ဖြစ်၏ ။ ထို့ကြောင့် ဘုရား ပေါ် သို့ တစ်ယောက် တည်း သွား၏ ။ ပုတီး စိပ်၏ ။ ထို့နောက် မြနန်းနွယ် အား မျှော် နေမိ၏ ။ သူ သည် မြနန်းနွယ် နှင့် ပတ်သက်သော အကြောင်းအရာများ ကို အကြိမ်ကြိမ် စဉ်းစား နေမိ၏ ။ မြနန်းနွယ် အား ပြဇာတ်ရုံ ရှေ့ တွင် စ ၍ တွေ့သည် မှ စ၍ တစ်ခုချင်း ပြန်၍ စဉ်းစားမိ၏ ။
မြနန်းနွယ် အား ပြဇာတ်ရုံ မှ ပြန်၍ ပို့ခဲ့စဉ် က သူ ကိုယ်တိုင် မြနန်းနွယ် ၏ အိမ် သို့ ရောက်ခဲ့၏ ။ မြနန်းနွယ် ၏ အိပ်ရာ ပေါ် ၌ ကောင်းစွာ အိပ် စက်ခဲ့၏ ။
အိပ်ရာ မှ နိုးသော အခါ ဂိုဒေါင်နှစ်လုံး ကြား သို့ ရောက် နေခဲ့သော အဖြစ်အပျက်များ ကို ပြန်၍ စဉ်းစားမိ၏ ။ မြနန်းနွယ် သည် သူ့ အား လှည့် စား နေသော အဖြစ်အပျက်များ ကို ပြန်၍ စဉ်းစား နေခဲ့၏ ။
ထို့နောက် မြနန်းနွယ် နှင့် မြစ် ထဲ တွင် သမ္ဗန် စီးခဲ့ပုံများ ၊ မှောင်မိုက် သော နေရာ သို့ အရောက် တွင် မြနန်းနွယ် ကလက်ညှိုး မှ အလင်းရောင် ကို ထုတ်၍ ထိန်ထိန် လင်း စေ ခဲ့သော အဖြစ်အပျက်များ ကို ပြန်၍ သတိ ရ လာ၏ ။ ထို့နောက် မြနန်းနွယ် သည် ဝေးလံသော နေရာ သို့ လိုက် လာရန် မြေပုံများ ပြသ ခဲ့၏ ။ ထို နေရာ တွင် သူ ရှိသည် ဟု ပြောခဲ့၏ ။
မြနန်းနွယ် သည် အစ ပထမ တွင် သူ နှင့် လာ ဆက်သွယ်၏ ။ နောက်ပိုင်း တွင် သူ ၏ သူငယ်ချင်း နှင့် လည်းကောင်း ၊ သူ ၏ ဆရာ နှင့် လည်း ကောင်း ဆက်သွယ် လာ၏ ။
ဤ အဖြစ်အပျက်များ သည် မောင်ဖေသော် နား မလည်နိုင်သော အဖြစ်အပျက် များ ဖြစ်၏ ။ သို့မဟုတ် ဝိညာဉ်လောက ၏ လှည့်စားချက် များ ဖြစ်၏ ။ ထို့ပြင် မြနန်းနွယ် နှင့် ပတ်သက်သော လူ သုံးယောက် ရှိသည့် အနက် တစ်ယောက် မှာ အသ,တ် ခံသွားရပြီ ဖြစ်၏ ။ တစ်ယောက် မှာ ဘုန်းကြီး တစ်ပါး နှင့် အပြီးတိုင် လိုက်ပါ သွားပြီ ဖြစ်၏ ။ ၎င်း တစ်ဦး တည်း သာ ကျန် တော့၏ ။ ထို သူများ မှာ လည်း ဆရာ တစ်ဦး နှင့် တပည့် နှစ်ဦး ဖြစ်နေ၏ ။ တပည့် နှစ်ဦး အနက် မောင်ဖေသော် သည် တပည့် တစ်ဦး ဖြစ်၏ ။ ဖေသန်းမောင် မှာ လည်း တပည့် တစ်ဦး ဖြစ်၏ ။ ဆရာပါ မှာ ဆရာ ဖြစ်၏ ။ ယခု အခါ၌ ဖေသန်းမောင် သည် အသ,တ်ခံရ၍ သေသွားပြီ ဖြစ် ၏ ။ ဆရာပါ မှာ လည်း ဘယ်ကမှန်း မသိသော ဘုန်းကြီး တစ်ပါး နှင့် အပြီး တိုင် လိုက် သွားပြီဖြစ်၏ ။
ယခု မောင်ဖေသော် တစ်ဦး တည်း သာ ကျန်ခဲ့တော့၏ ။ မောင်ဖေသော် သည် ဤ အဖြစ်အပျက် ကို အထပ်ထပ် စဉ်းစား နေမိ၏ ။ ထိုသို့ စဉ်းစားရာ တွင် မောင်ဖေသော် သည် တုန်လှုပ် လာ၏ ။ ထို့နောက် တစ်ကိုယ် တည်း ရေရွတ် နေမိလေ၏ ။
“ ဒါဟာ လူစု ခွဲတာပဲ ။ ဆရာပါ နဲ့ ငါ နဲ့ လည်း ထပ်ပြီး ခွဲလိုက်ပြီ ။ ပထမဦးဆုံး ဖေသန်းမောင် နဲ့ ခွဲ လိုက်တယ် ။ လူစု ခွဲပြီး ငါ တစ်ယောက် တည်း ကျန်တာကို ဘာများ ဆက်ပြီး လုပ်ဦးမလဲ မသိဘူး ။ ဘာပဲဖြစ်ဖြစ် ဝိညာဉ်လောက ရဲ့ အရှုပ်အထွေး တစ်ခု ထဲ မှာ ငါ ဟာ ကျရောက် နေပြီ ”
မောင်ဖေသော် သည် အထက်ပါ အတိုင်း ရေရွတ်ပြီးနောက် ...
“ ငါ့ ရဲ့ အဖြစ်အပျက် ဟာ ကောင်းတာပဲ ဖြစ်ဖြစ် ၊ ဆိုးတာပဲ ဖြစ်ဖြစ် အန္တရာယ် ရှိတာပဲ ဖြစ်ဖြစ် ၊ မရှိတာပဲ ဖြစ်ဖြစ် ၊ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ အန္တရာယ် ကျရောက် လာတာပဲ ဖြစ်ဖြစ် ၊ ဘာပဲ ဖြစ်ဖြစ် လေ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာတော့ ကျန်တဲ့ လူ သိအောင် မှတ်တမ်း ကို အသေးစိတ် ရေးသွားမယ် ။ ပြီးခဲ့တဲ့ အချိန်ကာလ တွေ က အဖြစ်အပျက်တွေ ကို လည်း မှတ်တမ်း ထဲ မှာ ပြန်ပြီး ရေး ထည့်ထားမယ် ”
ဟု ရေရွတ် ပြီးလျှင် မှတ်တမ်းကြီး ကို ရေး လေတော့၏ ။ မောင်ဖေသော် သည် ထို မှတ်တမ်းကြီး အား ကြိုးစား၍ ရေးခဲ့ရာ သုံးလ ကျော် ကျော် ခန့် ကြာသော အခါ၌ ဆရာပါ ဘုန်းတော်ကြီး တစ်ပါး နှင့် လိုက်ပါ သွားပုံ အထိ မှတ်တမ်းကြီး လည်း ပြီးစီး သွားလေတော့၏ ။
ထိုနေ့တွင် မောင်ဖေသော် သည် မှတ်တမ်းကြီး ကို တစ်ခေါက် ပြန် ၍ ဖတ် ကြည့်၏ ။ ထိုသို့ ဖတ် ကြည့်ပြီး နောက် လိုသော အပိုဒ် နေရာများ ပြန် ၍ ဖြည့်စွက်၏ ။ စာ အရေးအသား ထစ် နေသော နေရာများ ၊ အထားအသို မှားသော နေရာများ ကို ပြန်၍ ပြင်ဆင်၏ ။
ထို့နောက် မှတ်တမ်းကြီး ကို သေချာ ကျနစွာ ထုပ်၍ သိမ်းဆည်း ထား လိုက်လေ၏ ။ မြနန်းနွယ် နှင့် ပတ်သက်၍ ထူးခြားသော အဖြစ်ပျက်များ ပေါ်ပေါက် လျှင် လည်း ထို မှတ်တမ်းကြီး ၌ ဆက်လက် ရေး သွားမည် ဟု ဆုံးဖြတ် လိုက်လေ၏ ။
မောင်ဖေသော် သည် မနက်ပိုင်း ၌ ဘုရား သို့ မတက်ဖြစ်သဖြင့် ညနေပိုင်း တွင် ဘုရား သို့ တက် ခဲ့လေ၏ ။
ဘုရား သို့ ရောက် လျှင် နောင်တော်ကြီး ပေါ် သို့ တက်၍ ပုတီးစိပ် ကာ မီးထွန်းချိန် သို့ ရောက် မှ နောင်တော်ကြီး မှ ဆင်းကာ စေတီတော်ကြီး အား လက်ယာရစ် ပတ်လေ၏ ။ ထို့နောက်မှ မြောက်ဘက်မုခ် မှ ဆင်းကာ ထရန်စပို့လမ်း အတိုင်း လျှောက် လာခဲ့ရာ တောင်ဘက်မုခ် အနီးသို့ ရောက်လျှင် မြေနီလမ်းလေး အတိုင်း ချိုးကွေ့၍ ဦးထောင်ဗိုလ်ကုန်း ဘက် ဆီ သို့ လျှောက်ခဲ့ လေ၏ ။ ထို့နောက် ဦးထောင်ဗိုလ် ရေအိုးစင် သို့ ရောက်လျှင် ရေတစ်ခွက် ကို ခပ်၍ သောက်၏ ။
ထိုသို့ ရေ သောက်နေစဉ် ၌ ..
“ မောင်လေး ရေ က အေး သလားကွယ့် ”
ဟု မိန်းမ တစ်ဦး ၏ မေးသံ ကို ကြား လိုက်ရလေ၏ ။ ထိုအခါ မောင်ဖေသော် သည် ရေ သောက် နေရာ မှ နောက်သို့ လှည့် ကြည့် လိုက်၏ ။
အသက် အစိတ် အရွယ် ခန့် ရှိ မိန်းမချော တစ်ဦး ကို တွေ့ လိုက်ရ၏ ။ မောင်ဖေသော် ၏ စိတ် ထဲ ၌ ..
“ အတော့် ကို ချော တဲ့ မိန်းမ ပဲ ”
ဟု တွေးတောလိုက်မိလေ၏ ။ မောင်ဖေသော် သည် ထို မိန်းမ ကို ခြေဆုံး ၊ ခေါင်းဆုံး ကြည့် ပြီး နောက် ..
“ အေးပါတယ် ခင်ဗျာ ၊ အေးပါတယ် ။ အိုးတွေ က သဲ ထဲ မှာ နှစ်ထား တာ ဆိုတော့ အေးပါတယ် ။ အစ်မ သောက်မယ် ဆိုရင် ခပ် လိုက်ပါ့မယ် ”
ဟု ပြော လိုက်ရာ ထို မိန်းမ က ..
“ သာဓု လို့ ပြော ရမလား ။ ကျေးဇူး တင်ပါတယ် လို့ ပြောရမလား တောင် မသိတော့ပါဘူး ကွယ် ”
ဟု ပြော ပြီးလျှင် လက် ကမ်း လိုက်လေ၏ ။ မောင်ဖေသော် က လည်း သောက်ရေ ကို ခပ်၍ ပေး လိုက်လေ၏ ။ ထိုအခါ ထို မိန်းမ သည် ၎င်း လက်တွင် ဆွဲ ထားသော အိတ်ကလေး အတွင်း မှ ခွက်ကလေး တစ်လုံး ကို ထုတ် လိုက်လေ၏ ။ ထို့နောက် မှ ..
“ မောင်လေး ရယ် ဟောဒီ ခွက်ကလေး အတွင်း ကို လောင်း ထည့် ပေးပါဦး ကွယ် ”
ဟု ပြော လိုက်လေ၏ ။ မောင်ဖေသော် သည် ထို ခွက် အတွင်း သို့ ရေ လောင်းထည့် ရင်း သေချာ ကြည့် လိုက်ရာ ရွှေခွက် ဖြစ် နေကြောင်း တွေ့ ရလေ၏ ။ ထို မိန်းမ သည် ထို ရွှေခွက်ကလေး နှင့် ရေ ကို သောက် လိုက်လေ၏ ။ မောင်ဖေသော် ၏ စိတ် ၌ .. “ တစ်မျိုးပဲနော် ” ဟု တွေး လိုက်မိလေ၏ ။ ထို့နောက်
“ ရွှေခွက် က တော်တော် တန်မှာ ။ သူ တစ်ယောက် တည်း ဒီ လမ်း က သွားရင် သူများ ဆွဲ လု သွားဦးမယ် ”
ဟု တွေး လိုက်မိသော အခါ ၌ ထို မိန်းမ က ..
“ မောင်လေး က ဒီဘက် ကို သွားမှာလား ။ တခြား ကြောင့် မေး တာ မဟုတ်ပါဘူး ။ မမ တစ်ယောက် တည်း ဆိုတော့ မိုး က လည်း ချုပ် နေပြီ ။ မတော်တဲ့ လူ နဲ့ တွေ့ မှာ စိုးလို့ ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ..
“ ကျွန်တော် ဒီဘက် သွား တာ ၊ မသွားတာ အကြောင်း မဟုတ်ပါ ဘူး ။ အစ်မ သွားချင်တဲ့ ဆီ ကို ကျွန်တော် လိုက် ပို့ပေးပါမယ် ”
ဟု ပြောလိုက်ရာ ထို မိန်းမ သည် အသံလွင်လွင်ကလေး ဖြင့် တခစ် ခစ် ရယ် လိုက်လေ၏ ။ ထိုသို့ ရယ် လိုက် ပြီးနောက် ..
“ ကျေးဇူးတင်တယ် လို့ ပြော ရမလား ။ သာဓုပါ လို့ ပြောရမလား တောင် မသိတော့ပါဘူး ငါ့ မောင် ရယ် ”
ဟု ပြောလိုက်ရာ မောင်ဖေသော် က ..
“ ကျေးဇူးတင်ပါတယ် လို့ ပဲ ပြော ပါဗျာ ။ သာဓု လို့ ပြောရအောင် အစ်မ က သီလရှင် မှ မဟုတ်ဘဲ ”
ဟု ပြော လိုက်ရာ ထို မိန်းမ က ..
“ ဒီလိုတော့ မပြောပါနဲ့ ငါ့ မောင် ရယ် ။ အစ်မ က သီလ စောင့်ထိန်း နေတဲ့ လူ ပါ ။ သီလရှင် ဆိုတာ သီလ စောင့် သူ ပဲ မဟုတ်လား ”
ဟု သွားကလေး ပေါ် ရုံ မျှ ပြုံး၍ ပြောလေ၏ ။
“ ကျွန်တော့် နာမည် က မောင်ဖေသော် လို့ ခေါ်ပါတယ် ။ အစ်မ နာမည် က ဘယ်လို ခေါ်သလဲ ”
ဟု ပြော လိုက်ရာ ထို မိန်းမ က ..
“ အခုခေတ် မိန်းကလေးတွေ က နာမည် ကို အဖျားဆွတ် ခေါ် မှ သဘော ကျတယ် မဟုတ်လား ။ အဲဒါကြောင့် မမ နာမည် ကို အဖျား ဆွတ် ပြီးတော့ ‘ နွယ် ’ လို့ ခေါ်ကြတယ် ။ နာမည် အပြည့် အစုံ က တော့ “ မြနန်းနွယ် ” ရယ် ပါ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် သည် ပါးစပ် အဟောင်းသား ဖြစ် သွား၏ ။ ကြက်သေသေ သွား၏ ။ မျက်တောင် သည် ပုတ်ခတ် ပုတ်ခတ် ဖြစ်သွား၏ ။ ထို့နောက် နှလုံးသွေး အကျ သည် မြန် လာ၏ ။
“ ဒီ နာမည် က ကျွန်တော့် ကို ဒုက္ခ ပေး နေတဲ့ နာမည်ပါပဲ ”
ဟု ပြော လိုက်လျှင် မြနန်းနွယ် က တခစ်ခစ် ရယ် လိုက်ပြန်၏ ။
“ မြနန်းနွယ် ဆိုတဲ့ နာမည် တွေ ဒီ ကမ္ဘာကြီး မှာ အများကြီး ရှိ နေမှာ ပါ မောင် ရယ် ။ ဒါပေမယ့် မမ က တော့ ဘယ်သူ့ ကို မှ ဒုက္ခ မပေး ပါဘူး ။ နာမည် ကတော့ မြနန်းနွယ် ပါ ပဲ ။ နာမည် တူ မရှား လူ တူ မရှားတဲ့ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..
“ ကျွန်တော့် ကို ဒုက္ခ ပေးတဲ့ မြနန်းနွယ် က လည်း ချောတယ် ”
ဟု ပြော လိုက်လျှင် ထို မိန်းမက ..
“ ဒီ က မြနန်းနွယ် က ရော မောင်လေး ရဲ့ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် သည် ..
“ ဒီ မြနန်းနွယ် က လည်း လှ တာပါပဲ ”
ဟု ပြော လိုက်လေ၏ ။
“ အလိုလေး ကွယ် ။ တစ်ယောက် ကို တော့ ချောတယ်တဲ့ ။ တစ်ယောက် ကို တော့ လှတယ်တဲ့ ။ ချောတာ နဲ့ လှတာ ကို ဘယ်လိုများ ခွဲ ပါသလဲ မောင်လေး ရယ် ”
ဟု ပြုံးပြုံးကလေး နှင့် မေး လိုက်လေ၏ ။
“ ဘယ်ကိစ္စ မဆို လုပ် လိုက်လို့ အဆင်ပြေ သွားတာကို ချောတယ် လို့ ပြောတယ် မဟုတ်လား ။ ချောတယ် ဆိုတာ အဖုအထစ် မရှိ ၊ ပြေပြစ် တာကို ပြောတာ မဟုတ်လား ။ လှတာ က တော့ ချောတာ ထက် ပို လိမ့်မယ် ။ ချောတာ အပြင် အခြား နှစ်လိုဖွယ်ရာတွေပါ ပေါင်းစပ် ထားတာ ဖြစ်မှာပေါ့ ”
ဟု ပြော လိုက် လျှင် ထို မြနန်းနွယ် ဆို သော မိန်းမ က ..
“ ကဲ .. မမ ဘယ်နေရာ မှာ လှ သတုံး ၊ ဘယ်နေရာ မှာ နှစ်လိုဖွယ် ဖြစ် သတုံး ”
ဟု မေး လိုက်ရာ မောင်ဖေသော် က မြနန်းနွယ် ၏ မျက်နှာ ကို သေချာ စွာ ကြည့် လိုက်၏ ။ ထိုသို့ ကြည့်လိုက်ပြီး နောက် ..
“ လှတာ က တော့ အားလုံး လှ နေတာပါပဲ ။ အဲဒီထဲက တစ်ခု စီ ပြော ရမယ် ဆိုရင်တော့ မျက်လုံးတွေ က လှတယ် ။ မျက်လုံးတွေ က လှ တယ် ဆိုတာ မျက်လုံး မှာ ရှိတဲ့ သူငယ်အိမ် ဟာ တခြား မိန်းမတွေ နဲ့ မတူဘူး ။ ပိုပြီး နက်မှောင် နေတယ် ။ အဲဒီ ဘေး က မျက်ဖြူသား တွေ က လည်း သွေးကြောတွေ ယှက်သန်းပြီး ညစ်ညမ်း မနေဘူး ။ ပကတိ သန့်ရှင်း နေတယ် ။ အဲဒီ မျက်လုံး ပေါ် က အုပ် ထားတဲ့ မျက်ခွံလေး တစ်ခု တည်း ကိုပဲ ကျွန်တော် ရှင်းပြမယ် ။ မျက်လုံး ကို အပေါ် ဘက် က တစ်ခြမ်း အုပ် ထားတဲ့ မျက်ခွံကလေး ရှိတယ် ။ အဲဒီ မျက်ခွံကလေး မှာ မျက်ရစ်ကလေး ရှိတယ် မဟုတ်လား ။ အဲဒီ မျက်ရစ်ကလေး ဟာ သိပ်ပြီး ကြီးရင် ကုလားမ နဲ့ တူ တယ် ။ အဲဒီ မျက်ရစ် မပါဘူး ဆိုရင်တော့ မျက်လုံးကြီး ဟာ ထူအမ်းအမ်းကြီး ဖြစ် နေလိမ့်မယ် ။ တချို့ တရုတ်မတွေ မ လှ တာ အဲဒါကြောင့် မလှ တာ ။ တချို့မှာ မျက်ရစ် မပါကြဘူး ။ မမ ရဲ့ မျက်ရစ်ကလေးတွေ ကတော့ ကြီးလည်း မကြီးဘူး ။ သိပ်လည်း မနက်ရှိုင်းဘူး ။ တိမ် လည်း သိပ်ပြီး မတိမ်ဘူး ။ အလောတော် လောက် ပဲ ။ ပြီးတော့ အဲဒီ မျက်ရစ် အစပ် က မျက်တောင်မွေးလေးတွေ အကြောင်း ပြော ပြ ဦးမယ် ။ အဲဒီ မျက်တောင်မွေးလေးတွေ ဟာ သိပ်ပြီး စိပ် လွန်းရင် ကြည့်ရ ဆိုးတယ် ။ မျက်တောင်မွေး သိပ် ကျဲ ရင်လည်း ကြည့်လို့ မကောင်းဘူး ။ သိပ် ရှည်ရင် ဒီ အတိုင်း နေတာ ကို မျက်လုံးကြီး မှိတ် ပြီး အိပ် နေ သလို ထင် ရတတ်တယ် ။ တိုရင် မျက်ခမ်းစပ် သလို ဖြစ် နေလိမ့်မယ် ။ မမ ရဲ့ မျက်တောင်မွေးတွေ ဟာ အစိပ်အကျဲ အနေတော်ပဲ ။ အတိုအရှည် လည်း အလောတော် ပဲ ။ မမ ရဲ့ မျက်တောင်မွေးလေးတွေ ဟာ အဖျား ကော့ တယ် ။ အဖျား ကော့ တဲ့ နေရာ မှာ လည်း အဖျားလေး တင် ကော့ လို့ မလှဘူး ။ ဆင်စွယ် လို အရင်း က နေ အဖျား ထိ ကော့ သွားမှ လှတာ ။ မမ ရဲ့ မျက်တောင်မွေးလေးတွေ ဟာ အဲဒီ လို ပဲ ”
ဟု ပြော လိုက်ရာ မြနန်းနွယ် ဆိုသော မိန်းမ သည် တခစ်ခစ် နှင့် ရယ် လေ၏ ။
“ ဒီလောက် အချိန်ကလေး အတွင်း မှာ မမ ရဲ့ အလှ ကို မင်း ဟာ ဒီလောက်တောင် သိ နေတာကိုး ။ မျက်လုံး တစ်လုံး တည်း ကို တောင် ချီးမွမ်း လိုက်တာ မမ ဖြင့် မနေတတ်အောင် ပဲ ”
ဟု ပြောကာ ရယ်လေ၏ ။
ထို့နောက် ၎င်း က ပင် ..
“ ကဲပါ ငါ့ မောင် ရယ် ၊ မိုး လည်း ချုပ်လှပါပြီ ။ သွားကြရအောင်ပါ ”
ဟု ဆိုသဖြင့် မောင်ဖေသော် လည်း ၎င်း နှင့် အတူ ယှဉ်တွဲ၍ ခရစ်ယာန်သင်္ချိုင်း ဘက် ဆီ သို့ ဦးတည်ကာ လျှောက်ခဲ့ လေ၏ ။ ထိုသို့ လျှောက် လာရာ ခရစ်ယာန်သင်္ချိုင်း အနီး သို့ ရောက် လျှင် ..
“ မောင်လေး ရေ ၊ ဟောဒါ သင်္ချိုင်း မဟုတ်လားကွယ် ။ မမ ဖြင့် ကြောက် လိုက်တာ ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ..
“ မကြောက်ပါနဲ့ မမ ရယ် ။ ကျွန်တော် ရှိပါတယ် ။ ဘယ်လို အန္တရာယ် မျိုး ပဲ ဖြစ်ဖြစ် မမ ရှေ့ က ကျွန်တော် ကာကွယ်ပါ့မယ် ”
ဟု ပြော လိုက်လျှင် မြနန်းနွယ် က ..
“ သင်္ချိုင်း နား မှာ ကြောက်တယ် ဆိုတာ ရိုးရိုး အန္တရာယ် ဘယ် ဟုတ် မလဲ မောင်လေး ရဲ့ ။ သရဲတစ္ဆေ ကို ကြောက်တာ ။ သရဲတစ္ဆေ ကို ရော ငါ့ မောင် ဘယ်လို ကာကွယ်မလဲ ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ..
“ လူချင်းတောင် မကြောက်တာ မမ ရယ် ။ သရဲတစ္ဆေ ကို ကြောက် စရာ မလိုပါဘူး ။ ပြီးတော့ အဲဒါတွေ က ကျွန်တော် တို့ လို သရဏဂုံ တည် တာ မှ မဟုတ်ဘဲ ။ ကျွန်တော်တို့ မှာ က ဘုရား ရှိတယ် ။ တရား ရှိတယ် ။ သံဃာ ရှိတယ် ။ သင်းတို့ ကို ဘာ ကြောက်စရာ လိုမလဲ ။ ပြီးတော့ ဒါမျိုးတွေ က ကြောက်တတ် တဲ့ လူ ကို သာ ဖြဲပြီး ခြောက် တာ ။ ကျွန်တော် တို့ လို မကြောက်တတ်တဲ့ လူ နဲ့ တွေ့ရင် သင်းတို့ ဘာမှ မတတ်နိုင်ဘူး ”
ဟု ပြော လိုက်လျှင် မြနန်းနွယ် က ..
“ မမ တော့ ဒီ ည မှာ စစ်သူကြီးမဟာဗန္ဓုလ နဲ့ ခရီး သွားရတယ် လို့ မှတ် ထား လိုက်မယ်နော် ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ..
“ မမ က ဒိုင်ယာရီ မှတ် တဲ့ အကျင့် ရှိ လို့လား ။ အဲဒီ အကျင့် ရှိရင် တော့ စစ်သူကြီး မဟာဗန္ဓုလ နဲ့အတူ ခရီး သွားခဲ့ခြင်း လို့ မှတ်ချင် လည်း မှတ် ပေါ့ ။ ဒါမှ မဟုတ် စစ်သူကြီး မဟာဗန္ဓုလ ပြောပြတဲ့ မြနန်းနွယ် ရဲ့ အလှ လို့ ခေါင်းစဉ် တပ် ပေါ့ ။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် လည်း ပဲ ကျွန်တော့် မှတ်တမ်း မှာ ရေး ရဦးမယ် ”
ဟု ပြော လိုက်ချိန်၌ ပင် မြနန်းနွယ် က ..
“ မောင်လေး .. ဟိုမှာ ကြည့်စမ်း ။ လ တောင် ထွက် လာပြီကွယ့် ။ လရောင် က လည်း လှ လိုက်တာကွယ် ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..
“ အဲဒီ လရောင် ဟာ မမ မျက်နှာ ပေါ် ကို ဖြာပြီး ကျ နေ တော့ မမ ရဲ့ မျက်နှာ ဟာ ပိုပြီး လှနေတယ် ။ အဲဒီတော့ ကျွန်တော့် မှတ်တမ်း ထဲ မှာ တော့ လမင်းကြီး က ထိန်ထိန် သာ တယ် ။ မြနန်းနွယ် က လှလွန်းပါတယ် လို့ မှတ်တမ်း တင် ထားလိုက်မယ် ”
ဟု ပြော လိုက်လျှင် မြနန်းနွယ် က အသံစာစာလေး ဖြင့် ရယ် လိုက် လေ၏ ။ သူ ၏ ရယ်သံ သည် ငွေဆည်းလည်းကလေးများ လှုပ်ခါ လိုက် သကဲ့ သို့ သာယာ လှပ နေ၏ ။ ထို ရယ်သံ လွင်လွင်ကလေး သည် ကန်တော်ကြီး ရေပြင် ကို ဖြတ်၍ လောကဓာတ် တစ်ခုလုံး ကို လွှမ်းခြုံသွားသည် ဟု ပင် မောင်ဖေသော် ၏ စိတ် ၌ ထင်မှတ် လိုက် ရလေတော့ သတည်း ။
◾မင်းသိင်္ခ
📖 မြနန်းနွယ်
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment