အခန်း ( ၁ဝ )
မောင်ဖေသော် သည် ကျင့်စဉ်များ ကို ဆက်၍ ကျင့် နေ၏ ။ ယခု ကျင့် ရသော ကျင့်စဉ် မှာ ပဉ္စမမြောက် ကျင့်စဉ် ဖြစ်၏ ။ သူ သည် တစ်ခု တည်း သော ဘုရားစာ ကို သာ စွဲစွဲမြဲမြဲ ပုတီး စိပ် လျက် ရှိ၏ ။ အာရုံ မှာ လည်း အတော့် ကို ငြိမ် သွားပြီ ဖြစ်၏ ။
ထို ကျင့်စဉ် ကို တစ်လ တိတိ ကျင့်ရမည် ဖြစ်၏ ။ ထို ကျင့်စဉ် ရက်များ အတွင်း ၌ နေတိုင်း လိုလို အိပ်မက် ရ၏ ။ အိပ်မက် ထဲ တွင် ဘုန်းကြီး တစ်ပါး လာ၍ မောင်ဖေသော် အား စကား ပြော၏ ။ ထို ဘုန်းကြီး ပြောသော စကားများ ကို မောင်ဖေသော် သည် လုံးဝ နား မလည်ပေ ။ ဘုန်းကြီး သည် အားရပါးရ ပြောနေ၏ ။ စကားလုံးများ ကို လည်း ကြား နေရ၏ ။ သို့သော် နားလည်ခြင်း ကား မရှိပေ ။ ထို့ကြောင့် မောင်ဖေသော် သည် အိပ်မက် ထဲ မှ ဘုန်းကြီး အား
“ အရှင်ဘုရား မိန့်တော် မူတဲ့ စကားတွေ ကို တပည့်တော် တစ်လုံး မှ နား မလည်ပါဘူး ။ အရှင်ဘုရား ဟာ ဘယ်သူလဲ ”
ဟု မေး လေ၏ ။
ထိုအခါ ဘုန်းကြီး က
“ မင်း ဘယ်လို လုပ် နားလည်မလဲ ကွာ ၊ အခု ငါ ပြောတဲ့ စကားတွေ က အလွန် ရှေးကျတဲ့ စကားတွေ ဖြစ်တယ် ။ ငါ ဘယ်သူလဲ လို့ တော့ မင်း ကို ငါ က ပြော ရမှာပေါ့ ။ ပုဂံခေတ် သေလည်ကြောင်မင်း လက်ထက် မှာ အလွန် ကျော်ကြားခဲ့တဲ့ ရှင်အဇ္ဇဂေါဏ ဆိုတာ ငါ ပဲ ကွ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က
“ ဖြစ်နိုင်ပါ့မလား ဦးပဉ္စင်း ရယ် ၊ တပည့်တော် ကြားဖူးတာက ရှင်အဇ္ဇဂေါဏ ဆိုတာ ဆိတ်မျက်လုံး တစ်ဖက် ၊ နွားမျက်လုံး တစ်ဖက် တပ် ထား ရလို့ မျက်လုံး က တစ်ဖက် ကျဉ်း ၊ တစ်ဖက် ကျယ် လို့ ကြား ဖူးတယ် ။ အရှင်ဘုရား က ဒီလိုမှ မဟုတ်ဘဲ ”
ဟု ပြော လိုက်လျှင် ဘုန်းကြီး က ရယ် လေ၏ ။ ထိုသို့ ရယ်ပြီး နောက်
“ မင်း ပဲ တစ်ခု စဉ်းစား ကြည့်လေကွာ ။ လူ့ မျက်လုံး ဆိုတာ က ဆိတ် မျက်လုံး နဲ့ လည်း မတူဘူး ။ နွားမျက်လုံး နဲ့ လည်း မတူဘူး ။ ဘယ်လို တပ်လို့ ရမှာတုံး ။ အဇ္ဇ ဆိုတာ က ဆိတ် ကွ ၊ ဂေါဏ ဆိုတာ က နွား ။ အဲဒါ မျက်လုံး ကို ပြောတာ မဟုတ်ဘူး ။ ငါ့ မှာ ရှိတဲ့ ဓာတ်လုံး နှစ်လုံး ကို ပြော တာကွ ။ ဓာတ်လုံး တစ်လုံး ဟာ ဆိတ် လို ပဲ ပေါ့ ။ ထည့် သမျှ ဓာတ်တွေ ကို အကုန် စား ပစ်တယ် ။ ဓာတ်လုံး တစ်လုံး ဟာ နွား လိုပဲ ဟေ့ ။ စားတော့ စားတယ် lဟေ့ ။ ပြီးတော့ ပြန်ပြီး စားမြုံ့ ပြန် တယ် ။ အဲဒါကြောင့် ဒီ ဓာတ်လုံး နှစ်လုံး ကို တစ်လုံး ကို ဆိတ် ၊ တစ် လုံး ကို နွား လို့ နာမည် ပေးထားတာ ၊ ဒီ ဓာတ်လုံး နှစ်လုံး နဲ့ ငါ့ မျက်လုံး ကို တို့ လိုက်တယ် ဆိုရင်ပဲ ငါ့ မျက်လုံး နှစ်လုံး ဟာ အကောင်း ပကတိ ဖြစ် သွား တာပါပဲ ကွာ ။ ဈေး က သွား ဝယ်တဲ့ ဆိတ်မျက်လုံး နဲ့ နွားမျက်လုံး ကြောင့် မဟုတ်ပါဘူး ကွာ ။ ဓာတ်လုံး ရဲ့ အစွမ်း နဲ့ ကောင်း သွားတယ် ဆိုရင် လုံလောက်ပါပြီ ။ ဒါတွေ ထားလိုက်ပါ တော့ ။ အခု မင်း ကျင့် နေတဲ့ ပဉ္စမ ကျင့်စဉ် ဟာ အတော်လေး ကို တည့်မတ် နေပြီ ။ အဲဒီတော့ မနက် ကျ ရင် တနင်္ဂနွေထောင့် ကို သွား ၊ မင်း ပုတီး စိပ်နေကျ နေရာ မှာ ငါ အထုပ်ကလေး တစ်ထုပ် ထား မယ် ။ အဲဒါ မင်း အပိုင် ယူ လိုက်တော့ ”
ဟု ပြော လေ၏ ။
ထို့နောက် မောင်ဖေသော် သည် အိပ်မက် မက် နေရာမှ လန့် ၍ နိုး လာလေ၏ ။ နံနက် မိုး လင်း၍ တနင်္ဂနွေထောင့် သို့ ပုတီး စိပ်ရန် သွား သော အခါ၌ အညိုရောင် ပိတ်စကလေး ဖြင့် ထုပ် ထားသော အထုပ် ကလေး တစ်ထုပ် ကို တွေ့ ရလေသည် ။ ထို အထုပ် ကို ဖြေ ကြည့်ရာ ရွှေစ ၊ ငွေစ နှင့် အခြား ကျောက်ငါးမျိုး ကို ရရှိ လေ၏ ။
နံနက် ၇ နာရီ ခန့် အချိန် သို့ ရောက်သော အခါ ၌ ဦးစိန်မြသာကြီး ရောက် လာလေ၏ ။
မောင်ဖေသော် သည် ထို အကြောင်း ကို ပြော ပြရာ ဦးစိန်မြသာကြီး က
“ နေရာ ကျ တာပဲကွ ။ ဒါပေမယ့် မင်း ကို တစ်ခု ပြောပြရဦးမယ် ။ အခု မင်း ရ တာ ဟာ ရတနာ ခုနစ်ပါး လို့ ခေါ်တယ် ။ ရွှေ ၊ ငွေ ၊ ပုလဲ ၊ ပတ္တမြား ၊ ကြောင် ၊ စိန် ၊ သန္တာ ၊ ဒါဟာ အပွင့်ဓာတ် တစ်မျိုး ပဲ ။ မင်း ရဲ့အိပ်မက် ထဲ က ဘုန်းကြီး က တော့ ရှင်အဇ္ဇဂေါဏ အစစ် ဟုတ်ဟန် မတူဘူး ။ ဝိဇ္ဇာလမ်း မှာ က ဘိုးဘိုးအောင် ရဲ့ နည်း အတိုင်း လုပ်လို့ ပေါက်မြောက်သွားတဲ့ ပုဂ္ဂိုလ်တွေ အားလုံးဟာ ပထမံ အဖြစ် ခံယူကြတယ် ။ မေး ရင်လည်း ပထမံ လို့ ပဲ ပြောလေ့ ရှိတယ် ။ ရှင်အဇ္ဇဂေါဏ နည်း နဲ့ ဖို ထိုး လို့ ပေါက်မြောက် သွားတဲ့ ပုဂ္ဂိုလ်တွေ က လည်း သူတို့ ရဲ့နာမည်ရင်း ကို မပြောကြတော့ဘူး ။ မေးရင် ရှင်အဇ္ဇဂေါဏ လို့ ပြော ကြတယ် ။ မင်း သိ ထားဖို့ ကတော့ ကျင့်စဉ် တစ်ခု ဟာ ရတနာ ရပြီ ။ အထူးသဖြင့် ရတနာ ခုနစ်ပါး ရပြီ ဆိုရင် ကျင့်စဉ် ရဲ့ လမ်းခွဲ တစ်ခု ကို ရောက် သွားပြီ ။ ဒီမှာ ရှေ့ဆက် မတက် ဘဲ ရပ် လိုက်ရင်လည်း ဓနသိဒ္ဓိ တော့ ရပြီ ပေါ့ကွာ ။ ဒီနေရာ မှာ မင်း ဟာ အင်း ကို ဝါသနာ ပါ ရင် အင်းလမ်း ကို လိုက်ပေတော့ ၊ ဖို လမ်း ကို ဝါသနာ ပါ ရင် ဖိုလမ်း ကို လိုက်ပေတော့ ။ မန္တန်လမ်း ကို ဝါသနာ ပါရင် မန္တန်လမ်း ကို လိုက်ပေတော့ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က
“ ဆယ်တန်း အောင် ရင် တက္ကသိုလ် ကျ တော့ လိုင်းတွေ ခွဲ သွားသလို ပေါ့နော် ”
ဟု ပြော လိုက်လျှင် ဦးစိန်မြသာ က
“ မှန်ပေတယ် မောင်ဖေသော် ၊ အခု မင်း ဟာ ကျင့်စဉ် ရဲ့အခြေခံ အတန်း ကို အောင် သွားတာ ။ အထက်တန်း ကို ဆက် လုပ်ချင် လည်း လုပ်ပါ ။ မလုပ်ချင် လည်း ရပ်လို့ ရပြီ ။ မင်း အတွက် ဆုံး ရှုံးစရာ ၊ နစ်နာစရာ မရှိပါဘူး ”
ဟု ပြော လိုက်လေ၏ ။
မောင်ဖေသော် သည် ကျင့်စဉ် ၏ အဆင့် ကို အောင်မြင်အောင် ပြုလုပ်လေ၏ ။ ပဉ္စမ ကျင့်စဉ် ကို အောင်မြင်သွားသော အခါ၌ ၊ ဆဋ္ဌမ ကျင့်စဉ် ကို ဆက်၍ ကျင့် ရ ပြန်၏ ။ ကျင့် ရန်လည်း အာရုံ ပြုရ ပြန်၏ ။ ဆဋ္ဌမ ကျင့်စဉ် မှာ မီးလွတ် စား၍ ကျင့် ရသော ကျင့်စဉ် ဖြစ်၏ ။ မီးလွတ် စားနိုင်ရန် အတွက် ဦးစိန်မြသာ က ပင် စီစဉ် ပေး၏ ။ ထို ကျင့်စဉ် မှာ ကိုးရက် သာ ဖြစ်၏ ။
ထို ကျင့်စဉ် ကျင့်နေစဉ် အတွင်း မိန်းမ တစ်ဦး နှင့် ယောက်ျား တစ်ဦး သည် အိပ်မက် ထဲ တွင် လာရောက်၍ မောင်ဖေသော် အား အမျိုးမျိုး အဖုံဖုံ သော အကြောင်းအရာ တို့ ကို ပြော ပြကြ၏ ။
ကိုးရက် စေ့သော နေ့ တွင် မောင်ဖေသော် သည် အိပ်မက် တွင် မြင် တွေ့နေကျ ဖြစ်သော မိန်းမ နှင့် ယောက်ျား ကို မြင်မက် ပြန်၏ ။ အိပ်မက် ထဲ တွင် ထို မိန်းမ က မောင်ဖေသော် အား ..
“ ပုတီး စိပ်နေကျ နေရာတွင် ရွှေ ချ ထားသော ဆေးလုံးကလေး တစ်လုံး ချ ထားမည် ။ ထို ဆေး ကို မျိုချ လိုက်ပါ ”
ဟု မှာ ၏ ။ မောင်ဖေသော် သည် နံနက် မိုး လင်းသော အခါ၌ ပုတီး စိပ်နေ ၏ ။ တနင်္ဂနွေထောင့် သို့ သွားရာ ရွှေ ချ ထားသော ဆေးလုံးကလေး တစ်လုံး ကို တွေ့ရ၏ ။ ဆေးလုံး ၏ အရွယ်ပမာဏ မှာ ဖန်ဂေါ်လီလုံး အရွယ် ခန့် ဖြစ်၏ ။ သူ သည် အနီး ရှိ ရေအိုးစင် သို့ သွားကာ ရေ တစ်ခွက် ကို ခပ်၍ ထို ဆေးလုံး ကို သောက် ချ လိုက်၏ ။ ထိုသို့ သောက် ချ လိုက်သည် နှင့် တစ်ပြိုက် နက် တစ်ကိုယ်လုံး မွှေးကြိုင်၍ သွား၏ ။ ထို အမွှေးနံ့ သည် အချိန်အတန် ကြာ မှ ပျောက် သွား လေတော့၏ ။
အမွှေးနံ့ ပျောက် သွားသည် နှင့် တစ်ပြိုက်နက် ဦးစိန်မြသာကြီး ရောက် လာလေ၏ ။ ဦးစိန်မြသာ သည် မောင်ဖေသော် နှင့် တွေ့လျှင် တွေ့ချင်း ..
“ ဘာတွေ ထူးနေပြီလဲ ”
ဟု မေးရာ မောင်ဖေသော် က အကျိုးအကြောင်း ကို ပြောပြ လိုက် လျှင် ..
“ အဲဒါ ပီယသိဒ္ဓိ ခေါ်တယ် ။ အဲဒီ ပီယသိဒ္ဓိ ကို ဆေးပဲ သောက်ရ သောက်ရ ၊ ရေ ပဲ သောက်ရ သောက်ရ အသား ထဲ ကို စုတ် နဲ့ ထိုးနှံ လို့ ပဲ ရရ ၊ သိပ်ပြီး သတိ ထား ရတယ် ။ မိန်းမ အနှောင့်အယှက် က အလွန် လာ တာ ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ပြုံး လေ၏ ။
“ ဦးစိန်မြသာ ရယ် ၊ မိန်းမ အနှောင့်အယှက် ကို ကျွန်တော် မကြောက် ပါဘူး ”
ဟု ပြော လိုက်လေ၏ ။
ထို့နောက် မောင်ဖေသော် သည် သတ္တမမြောက် ကျင့်စဉ် ကို ကျင့် လေ၏ ။ သတ္တမ မြောက် ကျင့်စဉ် သည် တစ်လ လုံး ကျင့် ရ၏ ။ ထို ကျင့်စဉ် မှာ ထမင်း နှင့် ဆား ကို သာ စား ရသော ဆားထမင်း ကျင့်စဉ် ဖြစ်၏ ။ ဆားထမင်း ကျင့်စဉ် ကျင့် သော အခါ၌ ပုတီး စိပ် ရသည် ထက် မေတ္တာ ပို့ ရသော လုပ်ငန်းက ပို များလေ၏ ။ ထိုသို့ ကျင့်နေစဉ် အတွင်း ဘုရားပရဝဏ် အတွင်း ၌ လူ တစ်ယောက် ကို အချိန် ကြာမြင့်စွာ လက်ခံ ထားခြင်း သည် လုံခြုံရေး ကို ထိခိုက်နိုင်သည် ဟု သုံးသပ်ကာ သက်ဆိုင်ရာ မှ မောင်ဖေသော် အား ဘုရားပရဝဏ် အတွင်း ၌ မအိပ်ရန် ပြော လေ တော့၏ ။
ထို ကိစ္စ ကို မောင်ဖေသော် သည် ဦးစိန်မြသာကြီး အား ပြော ပြရာ ဦးစိန်မြသာကြီး က ..
“ ကိစ္စ မရှိပါဘူးကွာ ။ မင်း ဟာ လူကောင်း တစ်ယောက် ဖြစ်ကြောင်း ငါ သွားပြီး အာမခံ လိုက်ပါ့မယ် ။ အဲဒါ ဆိုရင် အိပ်ခွင့် ရမှာပါ ”
ဟု ပြောဆို ပြီးလျှင် ဦးစိန်မြသာကြီး သည် ဘုရား တွင် တာဝန် ရှိ သော လူကြီးများ ထံ သို့ သွားရောက်၍ မောင်ဖေသော် အတွက် အာမခံ ပေး ခဲ့လေ၏ ။
ထိုအခါ ကျ မှ ပင် မောင်ဖေသော် လည်း ဆက်လက်၍ အဓိဋ္ဌာန် ဝင်ခွင့် ရလေတော့၏ ။
ထို အဓိဋ္ဌာန် ဝင် နေစဉ် အတွင်း ၌ မောင်ဖေသော် သည် မကြာခဏ အိပ်မက်ဆိုးများ မက် လေ၏ ။ အိပ်မက် ထဲ တွင် ကု,လားစစ်တပ် မှ စစ်သား တစ်ဦး သည် မကြာ ခဏ မောင်ဖေသော် အား လာရောက် ၍ တိုက်ခိုက် လေ၏ ။ ထိုအကြောင်း ကို မောင်ဖေသော် က ဦးစိန်မြသာ အား ပြော ပြရာ ဦးစိန်မြသာ က
“ အချိန် ရှိသရွေ့ မေတ္တာ သာ ပို့ပေတော့ ၊ အရေးကြီးတဲ့ အစိတ်အပိုင်း ကို ရောက် နေပြီ ။ အဓိဋ္ဌာန် ပြည့်ကာ နီးရင် လာပြီး လည်ပင်း ညှစ် တာ တို့ ၊ ဘာတို့ တောင် လုပ် တတ်တယ် ။ အိပ်မက် မဟုတ်ဘူး ။ တကယ် အညှစ် ခံ ရ တတ်တယ် ”
ဟု ပြော သဖြင့် မောင်ဖေသော် လည်း မေတ္တာ နှင့် ပတ်သက်သော ကျင့်စဉ် ကို ဖိဖိစီးစီး ကျင့် လေတော့၏ ။ ကျင့်စဉ် ပြီးဆုံးကာ နီး တွင် ဦးစိန်မြသာ ပြောသည့် အတိုင်းပင် တစ်စုံ တစ်ယောက် သည် လည်ပင်း ကို လာ၍ ညှစ် သဖြင့် မောင်ဖေသော် သည် အတင်း ရုန်းကန် ရ၏ ။ ထိုသို့ ရုန်းကန်ရင်း မေတ္တာ ပို့ရန် သတိ ရ သဖြင့် မေတ္တာ ပို့ သော အခါမှပင် သက်သာခွင့် ရလေတော့၏ ။ ထို အဓိဋ္ဌာန် ပြီးသော အခါ ၌ ဦးစိန်မြသာကြီး သည် မောင်ဖေသော် အား ထမင်းဆိုင် သို့ ခေါ်၍ သွားကာ သက်သတ်လွတ် ထမင်းဟင်းလျာ များ ဖြင့် ခေါ်၍ ကျွေးမွေး ပြန်၏ ။
ဤသို့နှယ်ပင် မောင်ဖေသော် သည် တစ်စ ထက် တစ်စ အဆင့် မြင့် သော ကျင့်စဉ်များ ကို ကျင့် လာခဲ့၏ ။ အဓိဋ္ဌာန် ရက် အလုံးစုံ ပြည့် မြောက်သော အခါ၌ ဦးစိန်မြသာကြီး သည် မောင်ဖေသော် ထံ ရောက် လာ၏ ။
“ မောင်ဖေသော် ရေ မင်း ရဲ့ကျင့်စဉ် က တော့ အတော်ကို ပြည့်စုံ သွားပြီ ။ ဘုရားတွေ လှည့်ပြီး ဖူး ရ ဦးမယ် ။ အဲဒီလို ဘုရားဖူး ဖို့ ငါ က ပဲ အစီအစဉ် လုပ်ပေးပါ့မယ် ။ အခု လောလောဆယ် တော့ မင်း ကို အနား ပေး ရဦးမယ် ။ ပြီးတော့ ဟိုး သံပုံချိုင့် နား က ဘုန်းကြီး ကျောင်း မှာ ခဏ ထားမယ် ။ အဲဒီ ဘုန်းကြီး က ငါ နဲ့သိပ်ပြီး ခင် တာ ။ ညီအစ်ကို အရင်း လို ပဲ ။ အဲဒီမှာ နေ ရင်း မင်း ရဲ့ စာမေးပွဲ ကို ဖြေ ဖို့ ဆရာ တစ်ယောက် နဲ့ ကျောင်းပျက် တဲ့ ရက်တွေ အတွက် စာတွေ ကို ပြန် သင် ပေးရဦးမယ် ”
ဟု ပြော လေ၏ ။
ထို့နောက်တွင် ကား ဦးစိန်မြသာကြီး သည် မောင်ဖေသော် အား သံပုံချိုင့် ရှိ ဘုန်းကြီးကျောင်း ဆီ သို့ ခေါ်ဆောင် သွားပြီး လျှင် ဘုန်းကြီး ထံ အပ်နှံလေ၏ ။
နေ့လယ်ပိုင်း သို့ ရောက်သော အခါ၌ ဦးစိန်မြသာကြီး သည် အသက် လေးဆယ် အရွယ်ရှိ ပိန်ပိန်ပါးပါးကု,လားတစ်ဦး ကို ခေါ် လာလေ၏ ။
ဦးစိန်မြသာကြီး သည် ထိုကု,လားအား မောင်ဖေသော် ကို စာ သင် ပေးရန် အပ်နှံလေ၏ ။ သင်ပေးရသော စာ မှာ ဘာသာစုံ ဖြစ်၏ ။ မောင်ဖေသော် လည်း ကြိုးစား၍ လိုက် ရလေ၏ ။ မာစတာလားဇရား သည် လွန်စွာ အသင် အပြ ကောင်းသူ ဖြစ်၏ ။ ရက်ပေါင်း ကိုးဆယ် ခန့် သင် လိုက်သောအခါ မောင်ဖေသော် ကျောင်း မတက်ဘဲ လွတ် ခဲ့သော စာများ ကို မီ သွား လေတော့၏ ။ ထို့ကြောင့် စာမေးပွဲ ကို ကောင်းစွာ ဖြေဆို နိုင်လေ၏ ။
အောင်စာရင်း ထွက်သော နေ့ ၌ ဦးစိန်မြသာကြီး သည် မောင်ဖေသော် ထံ သို့ ရောက် လာလေ၏ ။
“ ဘယ်လိုလဲ မောင်ဖေသော် ၊ စာမေးပွဲ က တော့ အောင်သွားပြီ ။ ကျောင်း ဆက်ပြီး တက်ဖို့ က လည်း ငါ ပဲ တာဝန် ယူပါ့မယ် ။ မင်း မိဘ ဆီ က လည်း ငွေတွေ ၊ ဘာတွေ မတောင်းပါ နဲ့ တော့ ။ တစ်ခု တော့ ရှိ တယ်ကွ ။ ဗိုလ်တထောင်ဘုရား မှာ နေ့တိုင်း တော့ ပုတီးစိပ် ဦး ကွ ။ စိပ် ရမယ့် ဂါထာ က တော့ ဟောဒီ ဂါထာ ပဲ ကွ ”
ဟု ဆို ကာ အောက်တွင် ဖော်ပြထားသော ဂါထာ ကို ရေး ပေးခဲ့လေ၏ ။
ဂတေ ဂတ
ပါရ ဂတေ ၊
ပါရ ဆမ်ဂတေ
ဗောဓိဆွာဟ ။
မောင်ဖေသော် က ထို ဂါထာ ၏ အဓိပ္ပာယ် ကို မေးရာ ဦးစိန်မြသာ က ..
“ တစ်ဖက်ကမ်း ကို ကူးမြောက်ကုန်ကြပြီ တဲ့ ။ အဲဒါ ဘာကို ပြော တာလဲ ဆိုတော့ နိဗ္ဗာန် စံဝင် သွား တဲ့ ဘုရားရှင်တွေ ကို ပြောတာ ။ ပြီးတော့ ကျွန်ုပ် လည်း အဲဒီ လမ်း ကို လိုက်မယ် တဲ့ ။ ကမ်းတစ်ဖက် ကို ကူးမြောက် နိုင်အောင် ကြိုးစားမယ် ဆိုတဲ့ အဓိပ္ပာယ် ပေါ့ ”
ဟု ပြောလေ၏ ။
စာမေးပွဲ ပြီးသည့် အချိန် မှ စ၍ မာစတာလားဇရား သည် လုံးဝ ပေါ် မလာတော့ပေ ။ မောင်ဖေသော် သည် ဗိုလ်တထောင်ဘုရား သို့ နေ့စဉ် မှန်မှန် သွား၍ ပုတီး စိပ်၏ ။ ကျောင်း ဖွင့်သော အခါ၌ ဘုန်းကြီးကျောင်း မှ ပင် ကျောင်း တက် လေတော့၏ ။
ထိုသို့ ကျောင်း တက် နေစဉ် ကာလ အတွင်း ၌ မောင်ဖေသော် သည် သူ ၏ မှတ်တမ်းကြီး ကို ဆက်လက် ရေးသား နေလေ၏ ။ ပြည့်စုံသည် ထက် ပြည့်စုံရန် လိုအပ်သည်များ ကို ဖြည့်စွက် နေလေ၏ ။
ထိုအချိန်ကလေး အတွင်း ၌ ကွဲကွာ သွား သော ဆရာပါ အား မကြာ ခဏ အိပ်မက် တွင် မြင်မက် လေ၏ ။ ထိုသို့ မြင်မက်သော အခါ၌ လည်း ဆရာပါ အား လူ အဖြစ် နှင့် မြင်မက်သည် မဟုတ် ၊ ရဟန်း အသွင် ဖြင့် မြင် မက်ခြင်း ဖြစ်၏ ။
ဆရာပါ သည် အိပ်မက် မြင်မက်သော အခါတိုင်း ၌ ..
“ တို့ နှစ်ယောက် တွေ့ ကြသေးတာပေါ့ ”
ဟူ၍ သာ ပြောလေ့ ရှိ၏ ။
တစ်နေ့ တွင် မောင်ဖေသော် သည် ကျောင်း မှ ပြန်လာပြီး ဗိုလ်တထောင်ဘုရား သို့ ပုတီး စိပ်ရန် သွားရောက် ခဲ့လေ၏ ။ ၎င်း သည် အမြဲတမ်း စိပ်နေကျ ဖြစ်သော ချောင်ကလေး တစ်ချောင် တွင် ဝင် ၍ ထိုင်လိုက် ၏ ။ ထိုသို့ ထိုင်ပြီး များမကြာမီ ၌ ပင် ၎င်း နှင့် မလှမ်းမကမ်း နေရာ သို့ အသက် သုံးဆယ် နီးပါး အရွယ် ရှိ မိန်းမ တစ်ဦး ရောက် လာလေ၏ ။
ထို မိန်းမ သည် ဖယောင်းတိုင် ၊ အမွှေးတိုင်များ ကို ထုတ်၍ ဂြိုဟ် တိုင် အနီး တွင် မီးပူဇော်၏ ။ သို့ရာတွင် လေ တိုက်သောကြောင့် ဖယောင်းတိုင်များ သည် မကြာခဏ ငြိမ်းလေ၏ ။ ထိုအခါ မောင်ဖေသော် ကို ခေါ်၍ အကူအညီ တောင်း လေ၏ ။ မောင်ဖေသော် လည်း ထို မိန်းမ ၏ ဖယောင်းတိုင်များ ကို လေကွယ် ရာ တွင် ထွန်းပေး၏ ။ ထို့ကြောင့် ထိုမိန်းမ က မောင်ဖေသော် အား “ ကျေးဇူးတင်လိုက်တာ မောင်လေးရယ် ” ဟု ပြောလေ၏ ။
ထို့နောက် မောင်ဖေသော် လည်း ၎င်း ၏ နေရာကလေး တွင် ထိုင်၍ ပုတီး စိပ်လေ၏ ။ မောင်ဖေသော် ပုတီး စိပ် သည်မှာ ၄၅ မိနစ် ခန့် ကြာ၏ ။ မောင်ဖေသော် ပုတီး စိပ် ပြီး ၍ မျက်စိ ဖွင့် လိုက်သော အခါ၌ ထို မိန်းမ က ..
“ ဒီမှာ ငါ့ မောင် ရယ် ၊ မမ က ဘုရား ကို လာရင် အပြည့်အစုံ ယူ လာတာ ။ ကော်ဖီ ထည့်ဖို့ ဖလပ်စ် လည်း ပါလာတယ် ။ မုန့် လည်း ဘူး နဲ့ ထည့်လာတယ် ။ ဘုရား ပါ ရှိခိုး ၊ ပုတီး ပါ စိပ် ပြီး ရင် ဘရိတ် ဖတ်စ် ကို ဒီမှာ ပဲ စားလိုက်တာ ။ ဖလပ်စ် က နှစ်ခု ယူ လာတာ ၊ တစ်ခု က ကော်ဖီ ၊ တစ်ခု က ရေနွေးကြမ်း ကွယ့် ။ မမ ရဲ့ လက်ဖက်ခြောက် လည်း သောက် ကြည့်ဦးနော် ။ ရွှေဖီမိုးလွတ် လက်ဖက်ခြောက် ခပ် ထားတာ ။ ရွှေဖီမိုးလွတ် ဆိုတာ ဟိုး ပလောင်တောင် မှာ သင်္ကြန် မကျ ခင် ခူး ရတာ ကွယ့် ။ အဲဒီ လက်ဖက် က သိပ်ပြီး နုတာ ။ အရသာ လည်း အလွန် ကောင်းတာကလား ကွယ့် ။ စား ပါဦး ။ ကော်ဖီ လည်း သောက် ပါဦး ”
ဟု ဆို ကာ သတ္တုဘူးလေး ကို ဖွင့် ၍ ပေါင်မုန့်ထောပတ်သုတ် တစ်ခု ထုတ် ယူ ပြီးလျှင် ကော်ဖီ တစ်ပန်းကန် နှင့်အတူ ပေး လေ၏ ။ မောင်ဖေသော် လည်း အားနာပါးနာ နှင့် ပင် ထို ကော်ဖီ နှင့် ပေါင်မုန့် ကို လှမ်း ၍ ယူပြီး စားသောက် လေ၏ ။ ထိုသို့ စားသောက်ပြီးသော အခါ၌ ..
“ ကျေးဇူးတင်ပါတယ် ခင်ဗျာ ”
ဟု ပြော လိုက်လျှင် ထို မိန်းမ က ..
“ ကျေးဇူး မတင် နဲ့ မောင်လေး ရေ ။ ရေနွေးကြမ်း သောက် လိုက်ဦး ။ အစ်မ ရေနွေးကြမ်း တစ်ခါ သောက် ပြီးရင် တစ်သက် စွဲ သွားမှာ နော် ”
ဟု ပြောလိုက်လေ၏ ။
ဤ နေရာ ၌ ထို မိန်းမ ၏ နောက်ဆုံးစကားလုံး ဖြစ်သော “ နော် ” ဟူ သော အသံ မှာ “ နော် ” ဟု မထွက်ပါ ။ ဟထိုးသံ ပါ ၍ “ နှော် ” ဟူ၍ အသံ ထွက်သည် နှင့် အလွန် နီးစပ်၏ ။ သို့သော် “ နှော် ” ဟူ၍ လည်း အတိ အကျ မထွက်ပါ ။ “ နော် ” နှင့် “ နှော် ” ကြားမှ အသံ ဖြစ်၏ ။ စာ ဖြင့် ရေးပြ ၍ မရပါ ။
မောင်ဖေသော် ၏ နား ၌ ထို အသံကလေး သည် ပဲ့တင်ရိုက် ၍ သွားလေတော့၏ ။
“ နှော် ... နှော် ... နှော် ”
ထို မိန်းမ သည် သူ ၏ ဓာတ်ဘူး အတွင်း မှ ရေနွေးကြမ်း ကို အကြမ်း ပန်းကန် အတွင်း သို့ လောင်း ၍ ထည့် လိုက်၏ ။ လက်ဖက်ခြောက် အနံ့ သည် မောင်ဖေသော် ၏ နှာခေါင်း ထဲ သို့ တိုးဝင် သွားလေ၏ ။ ထို ရနံ့ မှာ လွန်စွာ မွှေး သော ရနံ့ ဖြစ်၏ ။
ထို့ကြောင့် မောင်ဖေသော် က
“ မမ ရဲ့ ရေနွေးကြမ်း က ဖြင့် မသောက်ရ ခင် ကတည်း က မွှေး နေတာပဲ ”
ဟု ချီးမွမ်း လိုက် လျှင် ထို မိန်းမ က ..
“ ဒီလို ရှိပါတယ် မောင်လေး ၊ မင်း ရဲ့ မျက်စိ မှာ တော့ ရေနွေးကြမ်း ရိုးရိုး လို့ မြင် မှာ ပေါ့ကွယ် ။ ရေနွေးကြမ်း ရိုးရိုး ဆိုရင်တော့ ဒီလောက် မွှေး ဖို့ မရှိပါဘူး ကွယ် ။ မမ က ဒီ ရေနွေးကြမ်း ထဲ မှာ မင်း မမြင်နိုင် တဲ့ စေတနာတွေ ၊ မေတ္တာတွေ ထည့် ထားတယ် ကွယ့် ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က
“ ဟုတ်မှာပါ ခင်ဗျာ ”
ဟု ပြန်၍ ပြောလေ၏ ။
“ မောင်လေး က ဒီ မှာ ပုတီး လာ စိပ်တာလား ။ နေ့တိုင်း လာ စိပ် တာ ဆိုရင်တော့ သူတော်ကောင်းလေး ပေါ့ ။ မမ က နေ့တိုင်း လာ ပြီး ဝတ်ကြီးဝတ်ငယ် ပြုစု ချင် ပါတယ် ။ မနက်တိုင်း လည်း ကော်ဖီ တို့ ၊ မုန့် တို့ ၊ ရေနွေးကြမ်း တို့ လာပြီး တိုက်မယ် ။ ဒါန ပေါ့ ၊ ဒါန ပြု တာ ဆိုတော့ မငြင်းကောင်းဘူး နှော် ”
ဟု ပြော လိုက်လေ၏ ။ နောက်ဆုံး ‘ နှော် ’ ဟူသော အသံကလေး သည် မောင်ဖေသော် ၏ နား ၌ ပဲ့တင် ထပ် ၍ သွား ပြန်လေ၏ ။
“ နှော် ... နှော် ... နှော် ”
မောင်ဖေသော် သည် ရေနွေးကြမ်း ပန်းကန် ကို လှမ်း ယူ ပြီး နောက် အရသာ ခံ၍ တစ်ငုံချင်း စုပ်၍ သောက် နေလေ၏ ။ ရေနွေးကြမ်း တစ်ပန်း ကန် ကုန် သွားသော အခါ၌ အောက်သို့ ချ လိုက်လျှင် ထို မိန်းမ က ထပ်၍ ငှဲ့ ပေးပြန်၏ ။ ထိုအခါ မောင်ဖေသော် က ..
“ မမ ရေ ကျွန်တော် တော့ ‘ ကရင် ထန်းလျက်အိုး တွေ့ ' ဆို သလို ဖြစ် နေပြီ ”
ဟု ပြော လိုက်ရာ ထို မိန်းမကြီး က ..
“ စိတ်ချ မောင်လေး ။ နေ့တိုင်း ကို လာပြီးတော့ ဒါန ပြုမယ် ”
ဟု ပြော လိုက်လေ၏ ။ ထို့နောက် တွင် ကား မောင်ဖေသော် သည် ရေနွေးကြမ်း ကို သောက် ရင်း
“ အစ်မ နာမည် လည်း ကျွန်တော် မသိရပါလား ။ ကျွန်တော့ နာမည် အရင် ပြောမယ် ။ ကျွန်တော့် နာမည် မောင်ဖေသော် တဲ့ ”
ဟု ပြော လိုက်လျှင် ထို မိန်းမ က
“ မင်း က နာမည် ပြောတော့ မမ က လည်း ပြော ရမှာ ပေါ့ ကွယ် ”
ဟု ဆို ပြီးလျှင် ပိုက်ဆံအိတ် ကို ဖွင့် ၍ ပါ့ဖ် ခေါ် တို့ပတ်ပဝါ အဝိုင်းကလေး ကို ထုတ်ကာ မျက်နှာ ကို ဟိုတို့ ဒီတို့ လျှောက် ၍ တို့ ပြန်၏ ။ ထိုသို့ တို့ ပြီး နောက်
“ မမတို့ က ညီအစ်မ သုံးယောက် ရှိတာ ။ အကြီးဆုံး က မမထားစီ တဲ့ ။ အငယ်က မထားရီ တဲ့ ။ မမ က အလတ် ကွယ့် ။ မထားကြည် လို့ ခေါ်တယ် ။ ညီမ သုံးယောက် ထဲ မှာ မမ က အပေါင်းအသင်း အများ ဆုံး ။ အားလုံး က လည်း မထားကြည် လို့ ဘယ်သူ မှ မခေါ်ကြ ပါဘူး ။ ထား လို့ ပဲ ခေါ် ကြတယ် ။ အဲဒီတော့ မောင်လေး က လည်း ခေါ်မယ် ဆိုရင် တော့ .. ”
ဟု ပြော ကာ စကား ကို ရပ် လိုက် သဖြင့် မောင်ဖေသော် က
“ ဘယ်လို ခေါ်ရမလဲ ခင်ဗျ ”
ဟု ပြန်၍ မေး လိုက်လျှင် ၎င်း မိန်းမ က လွန်စွာ သာယာနာပျော်ဖွယ် ကောင်းသော လေသံ ဖြင့် အောက်ပါ အတိုင်း ပြော လိုက်လေတော့သတည်း ။
“ မမထား .. ”
◾မင်းသိင်္ခ
📖 မြနန်းနွယ်
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment