Thursday, December 22, 2022

မြနန်းနွယ် ( ၁၇ )


 အခန်း ( ၉ )


နံနက် လေးနာရီ ခန့် တွင် မောင်ဖေသော် သည် အိပ်ရာ မှ နိုး လေ၏ ။ နိုးသည် နှင့် တစ်ပြိုက်နက် မျက်နှာ သစ် ခြင်း ၊ ကိုယ်လက်သုတ်သင်ခြင်း ကို ပြုပြီး နောက် ဗိုလ်တထောင်ဘုရား ဆီ သို့ ထွက် လာခဲ့လေ၏ ။ ဘုရား သို့ ရောက် လျှင် ဖယောင်းတိုင် တစ်တိုင်  ။ အမွှေးတိုင် တစ်တိုင် ပူဇော် လိုက် ပြီးနောက် ဘုရား ကို ရှိခိုးလေ၏ ။ ထို့နောက် ဘယ်လို အဓိဋ္ဌာန် မျိုး လုပ်ရင် ကောင်းမလဲ ဟု ငြိမ်ငြိမ်ကလေး ထိုင်၍ အာရုံ ပြု လိုက်ရာ မောင်ဖေသော် ၏ အာရုံ ၌ ပိတ်ဖြူစင်ကြယ် ဝတ် ၍ ဘုရားစာ ရွတ်ဆို နေပုံ ကို ထင် မြင် လေ၏ ။ သူ ၏ စိတ်တွင် ( ၄၉ ) ရက် လုပ်ရမည် ဟု လည်း သိ နေ သကဲ့သို့ ရှိလေ၏ ။ ( ၄၉ ) ရက် လုံးလုံး နံနက်စောစော မှ ညနေ နေဝင် သည် အထိ ဘုရား တွင် နေပြီး အမွှေးနံ့သာ လိမ်းကျံကာ ပိတ်ဖြူစင်ကြယ် ဝတ်လျက် ဘုရား ၌ သာ အာရုံ ထားလျက် ဘုရားစာ ရွတ် နေ ရမည် ဟု ရင် ထဲ မှာ သိနေ ၏ ။ ထိုအချိန် ၌ မှာပင် ဦးစိန်မြသာ ရောက် လာ၏ ။ ထို့ကြောင့် မောင်ဖေသော် က ..


“ ဒီမှာ ဦးစိန်မြသာ ။ ခင်ဗျား မလာခင် အချိန် မှာ ကျွန်တော့် ဟာ ကျွန်တော် ငြိမ်ငြိမ်ကလေး ထိုင် နေတာ အာရုံ ထဲ မှာ ပိတ်ဖြူစင်ကြယ် ဝတ်ပြီး ( ၄၉ ) ရက် လုံးလုံး ဘုရား ၌ သာ အာရုံ ထားပြီး ဘုရား စာ ရွတ် နေရမယ် လို့ ထင်မြင် လာတယ် ”


ဟု ပြော လိုက်လျှင် ဦးစိန်မြသာ က .. 


“ အဲဒီ အတိုင်း လုပ် လိုက်ရုံပေါ့ ။ ဘာများ ခက်လို့လဲ ။ ကဲ .. မောင်ဖေသော် ရေ ။ ကျုပ် လည်း ဘုရား ဝတ်ပြု လိုက် ဦးမယ် ။ အချိန် က ငါးနာရီ ကျော်ပြီ ဆို တော့ ဟောဟိုနား က ကု,လားလက်ဖက်ရည်ဆိုင် က ဖွင့် ပါပြီ ။ လက်ဖက်ရည်လေး ဘာလေး သွား သောက် ကြ တာပေါ့ ။ ပြီးမှ လိုက် လုပ်စရာ ရှိတာ လာပြီး လုပ်ကြတာပေါ့ ” 


ဟု ပြော လေ၏ ။


မောင်ဖေသော် လည်း ဦးစိန်မြသာ ၏ စကား ကို သဘော တူ လိုက်လေ၏ ။


ထို့ကြောင့် ၎င်းတို့ နှစ်ဦး သည် ဗိုလ်တထောင်စေတီ နှင့် မဝေးလှသော နေရာ တွင် ရှိသည့် ကု,လားလက်ဖက်ရည်ဆိုင် သို့ ထွက် လာ ခဲ့လေ ၏ ။ ထို ဆိုင် သို့ ရောက်လျှင် မောင်ဖေသော် က နံပြားထောပတ်သုတ် တစ်ချပ် နှင့် လက်ဖက်ရည် တစ်ခွက် ကို မှာ ယူ ၍ စားသောက်လေ၏ ။ ဦးစိန်မြသာ က မူ မည်သည့် အစားအသောက် ကို မျှ မစားသောက်ခဲ့ပေ ။


ဦးစိန်မြသာ သည် မောင်ဖေသော် လက်ဖက်ရည် သောက် နေစဉ် အတွင်း စကား တပြောပြော နှင့် ရှိနေလေ၏ ။


“ ဒီလို မောင်ဖေသော် ရဲ့ ။ ( ၄၉ ) ရက် လုံး လုပ်ရမယ် ဆိုတော့ မင်း အနေ နဲ့ ဘုရားလူကြီး တွေ ကို ပြောပြီး ဘုရား ထဲ မှာ နေ မှ ကို ဖြစ် တော့မယ် ။ ငါ လည်း မနက်တိုင်း ရောက် လာမှာပါ ။ အကောင်း ဆုံး က တော့ သက်သတ်လွတ် နဲ့ ရှစ်ပါးသီလ ယူ ထားရင် ကောင်း တယ်ကွ ။ ဒီ နား က ဆိုင် မှာ ( ၄၉ ) ရက် စာ ငါ က ပိုက်ဆံ ပေးထား မယ် ။ အဲဒီတော့ ဘာမှ ပူစရာ မလိုတော့ဘူး ။ မနက်စာ ကို အဲဒီ ဆိုင် မှာ စားလိုက် ။ ဥပုသ် စောင့် ထား တာ ဆိုတော့ ညစာ လည်း မလိုတော့ဘူး ။ ရေနွေးကြမ်း သောက်ချင် ရင် လည်း ဓာတ်ဘူး တစ်လုံး နဲ့ ပန်းကန် တစ်လုံး ရှိရင် လုံလောက်တာပဲ ကွာ ။ အဲဒီ အတွက် လည်း ငါ စီစဉ်ပေးခဲ့မယ် ။ နောက်ပြီး ပိတ်ဖြူစင်ကြယ် အတွက် လည်း ဘာမှ မပူနဲ့ ။ မင်း ရဲ့ကိုယ်တိုင်း ကို ငါ အခု ပဲ ယူ သွားမယ် ။ စက်ဆိုင် မှာ အပ် လာခဲ့မယ် ။ အဲဒီတော့ ဒီ က နေပြီး မင်း ပြန် သွား ။ အိပ်ရာလိပ် ယူပြီး ပြန် လာခဲ့ ။ ဘုရား ထဲ မှာ အဓိဌာန် ဝင် ဖို့ ကိစ္စ လည်း ဘုရားလူကြီးတွေ ကို ငါ ပဲ ဝင် ပြောခဲ့မယ် ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က


“ ကျောင်း တက်ဖို့ ကိစ္စ ကော ဦးစိန်မြသာကြီး ရဲ့ ” 


ဟု ပြော လိုက်လျှင် ..


ဦးစိန်မြသာကြီး က ရယ် လေ၏ ။


“ ကျောင်း တက်ဖို့ ကိစ္စလည်း ဘာမှ မပူနဲ့ ။ ငါ စီစဉ်ပေးမယ် ။ စာမေးပွဲ အောင်ဖို့ အဓိက မဟုတ်လား ကွ ”


ဟု ပြောလေ၏ ။ ထို့နောက် ၎င်းတို့ နှစ်ဦး သည် လမ်းခွဲ သွားကြ လေ၏ ။ မောင်ဖေသော် လည်း အိပ်ရာလိပ် ယူ ပြီး ဗိုလ်တထောင်ဘုရား သို့ ပြန် ၍ လာ၏ ။ ( ၁ဝ ) နာရီ ထိုး လောက်တွင် ဦးစိန်မြသာကြီး သည် မောင်ဖေသော် ထံ သို့ ရောက် လာလေ၏ ။ သူ ၏ လက်တွင်း တွင် အထုပ်အပိုး များ လည်း ပါ လာ၏ ။


“ ဟေ့ မောင်ဖေသော်  ( ၄၉ ) ရက် လုံးလုံး ဒီမှာ နေပြီး အဓိဋ္ဌာန် ဝင် ဖို့ လည်း ဘုရား က လူကြီးတွေ ဆီ မှာ ငါ ပြော ပြီးပြီ ။ သူတို့ က ခွင့် ပြု ကြပါတယ် ။ ပြီးတော့ ည ဘက် မှာ ရေနွေးကြမ်းလေး ဘာလေး သောက်ဖို့ ဟောဒီ မှာ ဓာတ်ဘူး ၊ ဟောဒီမှာ ပန်းကန်လုံး ၊ ဟောဒီမှာ ထန်းလျက်ပုလင်း  ၊ ဟောဒီမှာ လက်ဖက်ခြောက်ထုပ် ၊ ပြီးတော့ ဟောဒီ ပုလင်းကြီး က အမွှေးနံ့သာပုလင်းကြီး ၊ မနက်တိုင်း ရေ ချိုး ပြီး ရင် အမွှေးနံ့သာ လိမ်း ရမယ်ကွ ။ ပြီးတော့ ဟောဒီ မှာ ပိတ်ဖြူ လုံချည် ( ၇ ) ထည်  ။ ပိတ်ဖြူအင်္ကျီ ( ၇ ) ထည်  ။ အင်္ကျီ က ကော်လာ မပါ ဘူးနော် ။ ရှုပ် မှာ စိုးလို့ ရိုးရိုး လည်ကတုံးပေါက် ပဲ လုပ် ထားတယ် ” 


ဟု ပြော ဆို ကာ ပိတ်ဖြူအင်္ကျီ ( ၇ ) ထည် နှင့် ပိတ်ဖြူလုံချည် ( ၇ ) ထည် ကို မောင်ဖေသော် အား ပေး လိုက်လေ၏ ။


မောင်ဖေသော် သည် ပိတ်ဖြူအင်္ကျီ ၊ လုံချည်များ ကို လှမ်းယူရင်း .. 


“ ဒီ အချိန်လေး အတွင်း မှာ အင်္ကျီ ( ၇ ) ထည် ချုပ်နိုင်တဲ့ စက်ဆရာ ကို တော့ ရွှေတံဆိပ် တောင် ဆုချဖို့ ကောင်းနေပြီ ” 


ဟု ပြော လိုက်ရာ ဦးစိန်မြသာ က ..


“ တစ်ဆိုင် တည်း အပ်တာ မဟုတ်ဘူး ငါ့ လူ ရ ။ ( ၇ ) ဆိုင် ခွဲပြီး တစ် ထည် စီ အပ်တာ ။ ချုပ်ခ အမြန်ကြေး လည်း ပေး ရတာပေါ့ ။ ကဲပါ ကွာ  ဟောဟို နား မှာ ရေ သွား ချိုးလို့ ရတယ် ။ ရေ ချိုးခဲ့ ပြီးတော့ အမွှေးနံ့သာတွေ လိမ်း ။ ပိတ်ဖြူစင်ကြယ်တွေ ဝတ်ပြီး အဓိဋ္ဌာန် ယူ ရအောင် ”


ဟု ဆိုသဖြင့် မောင်ဖေသော် လည်း ဘုရား နှင့် မလှမ်းမကမ်း နေရာ တွင် ရေ သွား ချိုး၏ ။ ထို့နောက် အမွှေးနံ့သာများ လိမ်းကျံ၏ ။ ပြီးလျှင် ပိတ်ဖြူစင်ကြယ်များ ဝတ် လိုက် လေ၏ ။ ထိုအခါ၌ ဦးစိန်မြသာ က .. 


“ မင်း နဲ့ ဒီ အဖြူရောင် နဲ့ သိပ်ပြီး လိုက်ဖက်တယ် မောင်ဖေသော် ။ အမြဲတမ်း တောင် ဝတ်ဖို့ ကောင်းတယ် ”


ဟု ပြော လေ၏ ။


“ တစ်ခုတော့ ရှိတယ် ဦးစိန်မြသာ ။ တစ်နေကုန် ဘုရားစာတွေ ရွတ် နေရမယ် ဆိုတော့ ကျုပ် က ဘုရားစာတွေ အများကြီး မရဘူး ။ ဘယ်လို လုပ်ရမလဲ ”


ဟု မေး လိုက်ရာ ဦးစိန်မြသာ က ..


“ ရှည်ရှည်ဝေးဝေးတော့ လုပ် မနေပါနဲ့ကွာ ။ အဇ္ဇတဂ္ဂေ ။ ပါဏု ပေတံ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ  ။ ယနေ့မှ စ၍ မြတ်စွာဘုရား ကို အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်ပါ၏ လို့ အဓိပ္ပာယ် ရတယ် ကွ ။ အဲဒါ ကို ပဲ အထပ်ထပ် ပွားများ နေပေါ့ကွာ  ... ”


ဟု ပြော လေ၏ ။


“ အဲသလောက် ဆိုရင် မဆိုးဘူး ။ ဦးစိန်မြသာ ရဲ့ ။ ရွတ်နိုင်ပါတယ် ။ ကဲ  ... ကျွန်တော် အဓိဋ္ဌာန် ယူ လိုက်ဦးမယ် ”


ဟု ဆိုကာ မောင်ဖေသော် လည်း ဘုရား ရှိခိုး၍ ( ၄၉ ) ရက် အဓိဋ္ဌာန် ယူ လိုက်လေ၏ ။ ထို့နောက် ဦးစိန်မြသာ သည် မောင်ဖေသော် ထမင်း စား ရမည့် ဆိုင် ကို လိုက်၍ ပြလေ၏ ။ ထို့နောက် နှစ်ယောက် သား လမ်းခွဲ သွား ကြလေ၏ ။


မောင်ဖေသော် သည် ( ၄၉ ) ရက် လုံးလုံး ဗိုလ်တထောင်ဘုရား ၌ ရှစ်ပါးသီလ သက်သတ်လွတ် အဓိဋ္ဌာန် ဝင် နေလေ၏ ။ ဦးစိန်မြသာကြီး သည် နံနက်တိုင်း မောင်ဖေသော် ထံ သို့ ရောက် လာ၏ ။ ရောက် လာသော အခါ တိုင်း တွင်လည်း ပဲပြုတ် ၊ နံပြား ၊ လက်ဖက်ရည်များ ပါ လာ တတ်မြဲ ဖြစ်လေ၏ ။


ထို့ကြောင့် မောင်ဖေသော် သည် ( ၄၉ ) ရက် လုံးလုံး ကိုယ် ၏ ချမ်းသာခြင်း ၊ စိတ် ၏ ချမ်းသာခြင်း ဖြင့် အဓိဋ္ဌာန် ဝင် နိုင်ခဲ့လေ၏ ။ ( ၄၉ ) ရက် ပြည့်သော နေ့ ၌ ဦးစိန်မြသာကြီး ရောက် လာ ပြီးလျှင် .. 


“ ဘယ်လိုလဲ မောင်ဖေသော် ရဲ့ ။ ( ၄၉ ) ရက် အဓိဋ္ဌာန် ကို တော့ အောင်မြင် သွားပြီ ။ ရှေ့ ဘာ ဆက် လုပ်ရမယ်ဆိုတာ အာရုံ ပေါ် အောင် ထိုင် ကြည့်ပါဦး ”


ဟု အကြံ ပေးလေ၏ ။ ထို့ကြောင့် မောင်ဖေသော် လည်း အဓိဋ္ဌာန် အောင် သည့် အတွက် ဗိုလ်တထောင်ဘုရား တွင် ဆုတောင်း ပြီး နောက်ထပ် ပြုလုပ်ရမည့် အဓိဋ္ဌာန် အတွက် ငြိမ်ငြိမ်ကလေး ထိုင် ၍ အာရုံ ခံနေ လေ၏ ။ ထိုသို့ ပြုလုပ်နေစဉ် ၎င်း ၏ အာရုံ၌ ရက်ပေါင်း ( ၆၀ ) အဓိဋ္ဌာန် လုပ်ရမည် ပေါ် လာ၏ ။


ထို အဓိဋ္ဌာန် မှာ အရပ် လေးမျက်နှာ ကို လှည့်၍ သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များ ကို မေတ္တာ ပို့ ရမည် ။ ၎င်းတို့ ပေးသော အိပ်မက် များ ကို လည်း မှတ်သား ထားရမည် ဟု ပေါ် လာလေ၏ ။


ထိုသို့ ပေါ် လာသည့် အကြောင်း ကို လည်း ဦးစိန်မြသာကြီး အား ပြော ပြလိုက်ရာ ဦးစိန်မြသာကြီး က ...


“ သိပ်ပြီး ကောင်းတာပဲ ဟေ့ ။ ငါ ကြားဖူး သလောက် ပြော ရရင် သမ္မာဒေဝနတ်တွေ က ချီးမြှင့် တဲ့ ဒေဝသိဒ္ဓိ အဓိဋ္ဌာန် ဆိုတာ အဲဒါ ကို ပြောတာ ငါ့ လူ ရ ။ အောင်မြင်အောင် လုပ် ကွာ ။ ထမင်းဆိုင် ကို လည်း ပိုက်ဆံ ထပ်ပြီး ပေး ထားမယ် ”


ဟု ဆိုလေ၏ ။ ထို့ကြောင့် မောင်ဖေသော် လည်း ဒေဝသိဒ္ဓိ အဓိဋ္ဌာန် ကို စတင်လေတော့၏ ။


ဦးစိန်မြသာကြီး သည် နံနက် တိုင်း ရောက် လာ၏ ။ ဒေဝသိဒ္ဓိ အဓိဋ္ဌာန် ( ၇ ) ရက် မြောက်သော နေ့ ၌ မောင်ဖေသော် သည် ထူးခြားသော အိပ်မက် ကို မက် လေ၏ ။ အိပ်မက် ထဲ တွင် လွန်စွာ လှပချောမောသော လူ တစ်ယောက်  သည် ၎င်း ထံ သို့ ရောက် လာ ပြီးလျှင် ..


“ ဒီမှာ မောင်ဖေသော် ။ မင်း ကို ငါ ပြောပြချင်တယ် ။ အဲဒါက ဘာလဲလို့ ဆိုတော့ နဝင်း ပြတ်တယ် ဆိုတဲ့ အကြောင်းပဲ ။ နဝင်း ပြတ် တဲ့ နှစ် မှာ လူ ဟာ သိပ်ပြီး ဒုက္ခ ရောက် တတ်တယ် ။ နဝင်းပြတ် တဲ့ နှစ် ဟုတ် မဟုတ် သိဖို့ က ကိုယ် ရောက် နေတဲ့ အသက် ကို သုံး နဲ့ မြှောက် ရတယ် ။ ပြီးတော့ ကိုး နဲ့ စား ကြည့် ရတယ် ။ သုည ကြွင်းရင် နဝင်း ပြတ် တယ် ပေါ့ ။ နဝင်း ပြတ် ရင် အလုပ်အကိုင် ရော  ။ ကျန်းမာရေး ကော ထိခိုက် တတ်တယ် ။ အဲဒီလို ဒုက္ခ ရောက်မယ် ဆိုတာ ကြိုပြီး သိရင် နဝင်း ဆက် တဲ့ ယတြာ ရှိတယ်ကွ ။ အဲဒါက ဘာလဲ ဆိုတော့ လဆန်း ( ၉ ) ရက် နေ့ ။ ဘယ် လဆန်း ပဲ ဖြစ်ဖြစ် လုပ်လို့ ရ တယ် ။ လဆန်း ( ၉ ) ရက် နေ့ မှာ ကိုးနဝင်းစေတီ လို့ ခေါ်တဲ့ ကိုးတောင်ပြည့်စေတီ ကို သွား ရတယ် ။ ဆွမ်းတော်ပွဲ ကိုးပွဲ  ။ ပန်း ကိုးပွင့်  ။ ပန်း ကိုးပွင့် က လည်း ကြိုက်ရာ ပန်း ကို လုပ်လို့ ရတယ် ။ သောက် တော်ရေ ကိုးခွက် ။ ဖယောင်းတိုင် ကိုးတိုင် လှူဒါန်းပြီး ဘုရား မှာ ကိုးပါးသီလ ယူ ရတယ် ။ ပြီးတော့ ဂုဏ်တော်ကိုးပါး ကို ပုတီး ကိုးပတ် စိပ် ရတယ်ကွ ။ အဲဒါကို ကိုးရက် တိတိ လုပ်ရတယ် ။ အဲဒါဆိုရင် နဝင်း ပြတ်တာ ပြန် ဆက်ပြီး အစဉ် ကောင်းကျိုးချမ်းသာတွေ ရရှိ တတ်တယ် ”


ဟု ပြောလေ၏ ။ မောင်ဖေသော် လည်း အိပ်မက် မက် ရာ မှ လန့်၍ နိုး လာ၏ ။ နိုးသည် နှင့် တစ်ပြိုင်နက် ထို အကြောင်းအရာ ကို စာအုပ် ထဲ တွင် ရေးမှတ် ထား လိုက်လေ၏ ။


နောက် တစ်နေ့ တွင် လည်း လူတစ်ယောက် ကို အိပ်မက် မက်ပြန် ၏ ။ ထို လူ မှာ ပထမ နေ့ က လူ နှင့် မတူပေ ။ ထို သူ က မောင်ဖေသော် အား - 


“ ဟေ့ မောင်ဖေသော် တြင်း ပြတ်တယ် ဆိုတာ ရှိတယ်ကွ ။ တြင်း ပြတ် ရင် လူ ကို ဥပဒ် ပေးတတ်တယ်ကွ ။ တြင်း ပြတ် - မပြတ် သိဖို့ က တော့ ရောက်တဲ့ အသက် ကို တည် ။ ကိုးခု နဲ့ပေါင်း ။ သုံးခု နဲ့ မြှောက် ပြီး ရှစ် နဲ့ စား ရတယ် ။ သုည ကြွင်းရင် တြင်း ပြတ် တာပေါ့ကွာ ” 


ဟု ပြော လေ၏ ။ ထိုအခါ မောင်ဖေသော် က ..


“ အဲဒီတော့ တြင်း ပြတ် ရင် ဘယ်လို လုပ်ရမှာတုံး ။ သူ့ ကို ချေပတဲ့ နည်း မရှိဘူးလား ”


ဟု မေး လိုက်ရာ ထို သူ က ..


“ ချေပတဲ့ နည်း ပြောချင် လို့ လာ တာကွ ။ တြင်း ပြတ်တယ် လို့ သိရုံ နဲ့ ချေပတဲ့နည်း မရသေးဘူးကွ ။ တွက် ရသေးတယ် ။ အဲဒါက ဘာလဲ ဆိုတော့ အသက် ကို တည်ပြီး ၄ - နဲ့ ပေါင်း ပြီး ၄ - နဲ့ စား လို့ သုည ကြွင်းရင် တေဇောဓာတ် ပျက်တယ် လို့ ခေါ်တယ် ။ တေဇောဓာတ် ပျက်ရင် ဗောဓိညောင်ပင် မှာ ဆီမီး လေးတိုင် ထွန်းညှိ ပူဇော် ရတယ် ။ အသက် ကို တည်ပြီး ၁၂ - နဲ့ ပေါင်း  ။ ၄ - နဲ့ စား လို့ ( ၀ ) ကြွင်း ရင် အာပေါဓာတ် ပျက်တယ် လို့ ခေါ်တယ် ။ အဲဒီလို အာပေါဓာတ် ပျက် ရင် ဗောဓိညောင်ပင် မှာ ရေ ( ၁၂ ) ခွက် လောင်းပြီး ပူဇော်ရ တယ် ။ အသက် ကို တည် ပြီး ၆ - နဲ့ မြှောက်  ။ ၄ - နဲ့ စား လို့  ။ ( ၀ ) ကြွင်း ရင် ဝါယောဓာတ် ပျက်တယ် လို့ ခေါ်တယ် ။ အဲဒီ အခါ မှာ ဗောဓိ ညောင်ပင် မှာ ယပ် ( ၆ ) ခု လှူဒါန်း ရတယ် ။ ပြီးတော့ အသက် ကို တည် ပြီး ၂၀ - နဲ့ပေါင်း  ။ ၄ - နဲ့ စားလို့ ( ၀ ) ကြွင်းရင် ပထဝီဓာတ် ပျက် တယ် လို့ ခေါ်တယ် ။ ပထဝီ ပျက် ရင် ဗောဓိညောင်ပင် မှာ သံပုံး နဲ့ သဲ အပြည့် ပုံး ( ၂၀ ) ခင်းပြီး ပူဇော် ရတယ် ”


ဟု ပြောလေ၏ ။ ထို့နောက် တွင် လည်း တစ်နေ့ တစ်မျိုး ဓာတ် ယတြာများ ချေပုံ ။ တွက်ချက်ပုံ တို့ ကို အိပ်မက် တွင် လာ၍ ပြ ကြလေ၏ ။ ထို ပြ သည့် ပညာရပ်များ ထဲ တွင် ငလျင်တွက်ကိန်း ။ ကပ်ကြီးသုံးပါး တွက်ကိန်း ။ သံပုရာသီးတစ်ခြမ်း ဖြင့် ယတြာ ချေ နည်း စသည်တို့ ပါ လေ၏ ။


ထို့နောက် ရုတ်တရက် ဖြစ် တတ်သော လေဘေး  ။ မီးဘေး အန္တရာယ် ဆိုးများ ကို ကာကွယ်သည့် ယတြာများ ကို ပြော ပြလေ၏ ။ မောင်ဖေသော် လည်း ရသမျှ ကို မှတ်သား လေ၏ ။


မောင်ဖေသော် သည် ဗိုလ်တထောင်ဘုရား ၌ အဓိဋ္ဌာန် ( ၂ ) လ ဆက် ၍ ဝင် ခဲ့လေ၏ ။ ထို အဓိဋ္ဌာန်ရက် အတွင်း ၌ ပညာရပ် မျိုးစုံ ကို အိပ်မက် မက်ခြင်းဖြင့် နားလည် တတ်ကျွမ်း ခဲ့ ရ၏ ။ ထို့ကြောင့် မောင်ဖေသော်သည် သူ ၏ မှတ်စုစာအုပ် ၌ “ သင်ယူရသော အဓိဋ္ဌာန်ရက်များ ” ဟု မှတ်သား ထား လိုက်လေတော့၏ ။


ထို အဓိဋ္ဌာန် ပြည့်သော နေ့ ၌ ဦးစိန်မြသာကြီး က မောင်ဖေသော် အား ချစ်တီးကု,လားများ ရောင်းသော ထမင်းဆိုင် သို့ ခေါ် သွားကာ ထောပတ် ထမင်း  ။ သက်သတ်လွတ်ဟင်းများ ဖြင့် ကျွေးလေ၏ ။ ထိုသို့ ကျွေးရင်း .. 


“ မောင်ဖေသော် ရေ  ။ မင်း က တော့ အဓိဋ္ဌာန်ကြီး နှစ်ခု အောင်ပြီး သွား ပြန်ပြီ ။ တတိယ အဓိဋ္ဌာန် ကို ဆက် ပေဦးတော့ ” 


ဟု ပြော လေ၏ ။


ထို့နောက်တွင် ကား ဦးစိန်မြသာကြီး သည် မောင်ဖေသော် အတွက် လိုအပ်သော ပစ္စည်းများ ကို ဝယ်ခြမ်း ၍ ပေးလေ၏ ။ ပြီးလျှင် မောင်ဖေသော်အား ဗိုလ်တထောင်ဘုရား သို့ ပြန်၍ ပို့လေ၏ ။ မောင်ဖေသော် သည် ဘုရား ဖူးပြီး နောက် တတိယ ယူ ရမည့်အဓိဋ္ဌာန် ကို အာရုံ ပြုရာ ငှက်ပျောသီး ၊ အုန်းသီး ၊ ထီး ၊ တံခွန် ၊ ကုက္ကား တို့ ဖြင့် ဝေဝေဆာဆာ ထိုးထားသည့် ကန်တော့ပွဲကြီး ကို တွေ့ရလေ၏ ။ ထို့နောက် သူ ၏ စိတ် ၌ ကိုးရက် ပတ်လုံး ဂုဏ်တော်ပုတီး ကို ပွားများရမည် ဟု သိ သလို ရှိ လေ၏ ။ မောင်ဖေသော် သည် အဓိဋ္ဌာန် တောင်း ပြီး နောက် သူ ၏ ထိုင် နေကျ နေရာကလေး တွင် ထိုင် နေ၏ ။ ထိုသို့ ထိုင် နေခြင်း မှာ ဦးစိန်မြသာကြီး အား စောင့် နေခြင်းဖြစ်၏ ။ ဦးစိန်မြသာကြီး သည် ကိုးနာရီ ထိုး လောက် တွင် ရောက်လာ၏ ။ ထိုအခါ မောင်ဖေသော် က ..


“ ဒီမှာ ဦးစိန်မြသာ ။ ကျုပ် ခင်ဗျား ကို စောင့် နေတာ ဒီ တစ်ခါ ကျုပ် လုပ်ရမယ့် အဓိဋ္ဌာန် က ကန်တော့ပွဲ ထိုး ဖို့ လိုတယ်ဗျ ။ ကန်တော့ပွဲ က ခုနစ်ပွဲ တောင် ”


ဟု ပြော လိုက်ရာ ဦးစိန်မြသာ က .. 


“ ဘာများ ခက်လို့လဲ မောင်ဖေသော် ရယ် ။ ဒါက လွယ်လွယ် ပါ ။ ဟောဟို နား က ပန်းဆိုင် ကို သွားပြီး ကန်တော့ပွဲ ၇ ပွဲ ထိုးပေး ပါ ။ ကျသလောက် ပေးပါ့မယ် လို့ ပြော လိုက်ရုံပဲ ။ ကန်တော့ပွဲ က လည်း ကိုယ် ကြိုက်တဲ့ ပုံစံ ပြောပြပေါ့ ။ ဇလုံ နဲ့ ထိုး ချင်ရင်လည်း သူတို့ ဇလုံ ငှားလိမ့်မယ် ။ ဇလုံ မလိုချင်ဘူး ဆိုလည်း ကန်တော့ပွဲ ထိုး တဲ့ ဝါးတောင်းကလေးတွေ ရှိ တယ် ။ ဘာများ ခက်လို့လဲ မောင်ဖေသော် ရယ် ။ ကဲပါ ငါ ပဲ သွားပြီး မှာ လိုက်ပါ့မယ် ” 


ဟု ပြော ဆိုကာ ဦးစိန်မြသာကြီး သည် ထွက်သွား လေတော့၏ ။


များမကြာမီ ၌ ပင် ကန်တော့ပွဲများ နှင့် အတူ ဦးစိန်မြသာကြီး က ရောက် လာလေ၏ ။ မောင်ဖေသော် လည်း ကန်တော့ပွဲများ ကို ဘုရား ရင်ပြင်တော် ပေါ် ၌ နေရာ ချပြီးလျှင် အဓိဋ္ဌာန် ယူလေ၏ ။


အဓိဋ္ဌာန် ယူ ပြီးနောက် မောင်ဖေသော် သည် ဂုဏ်တော်ပုတီး ကို စိပ် လေ၏ ။ ကိုးရက် မြောက်သော နေ့ တွင် မောင်ဖေသော် သည် မျက်စိ ကို မှိတ်၍ အာရုံ ပြု လိုက်ရာ ဂုဏ်တော် ကို ပင် ဆက်၍ စိပ်ရမည် ဟု စိတ် ထဲ တွင် သိ လာလေ၏ ။ ထို့ကြောင့် ( ၈၁ ) ရက် လုံးလုံး ဂုဏ်တော် ကို ဆက်၍ ပွားများ ခဲ့လေ၏ ။


အဓိဋ္ဌာန် ပြည့်မြောက်သော နေ့ တွင် ဦးစိန်မြသာကြီး သည် မောင်ဖေသော်အား မြန်မာထမင်းဆိုင် တစ်ဆိုင် သို့ ခေါ် သွားပြီး လျှင် သက်သတ်လွတ် ထမင်းဟင်းများ ဖြင့် ကျွေး ပြန်လေ၏ ။ မောင်ဖေသော် အတွက် လိုအပ်သော ပစ္စည်းများ လည်း ဝယ် ပေးပြန်၏ ။ ထို့နောက် ..


“ မောင်ဖေသော် ရေ မင်း ပြောတဲ့ အတိုင်း ဆိုရင် မင်း ရဲ့ တတိယ အဓိဋ္ဌာန် က ဝိဇ္ဇာသိဒ္ဓိ အဓိဋ္ဌာန် ကွ ။ ထူး လိမ့်မယ်ဟေ့ ” 


ဟု ပြောလေ၏ ။


“ ကဲ မင်း ရဲ့ စတုတ္ထ အဓိဋ္ဌာန် ကို ဆက်ပြီး လုပ် လိုက်ဦးဟေ့ ” 


ဟု ပြော၏ ။ ထို့ကြောင့် မောင်ဖေသော် လည်း ဗိုလ်တထောင် ဘုရား သို့ ပြန် လာပြီး လျှင် လေးကြိမ်မြောက် ပြုလုပ်ရမည့် အဓိဋ္ဌာန် အတွက် မျက်စိ ကို မှိတ်ကာ အာရုံ ယူ၍ နေလေ၏ ။


၎င်း ၏ အာရုံ ထဲ တွင် မြတ်စွာဘုရား ၏ ဘယ်ဘက် မျက်စိတော် ၊ ညာဘက် မျက်စိတော် ၊ ဘယ်ဘက် နားတော် ၊ ညာဘက် နားတော် ၊ ပါးစပ်တော် ၊ နှာခေါင်းတော် ၊ ဥဏှလုံမွေးရှင်တော် ၊ ရောင်လျှံတော် စသည့် နေရာများ သို့ တစ်ကွက်ချင်း အာရုံ ပြု၍ ဂုဏ်တော်များ ပွားများရမည် ကို ထင်မြင် လာလေ၏ ။


ထို အကြောင်း ကို ဦးစိန်မြသာကြီး အား ပြော ပြရာ ..


“ ငါ တော့ တပ်အပ်သေချာ မသိပါဘူးကွာ ။ ရှေးလူကြီးတွေ လုပ် တာတော့ တွေ့ဖူး ၊ ကြားဖူးပါရဲ့ ။ ပိတ်နေတဲ့ ကံတွေ ပွင့် အောင် လုပ်တဲ့ ကံပွင့် ၊ လာဘ်ပွင့် အဓိဋ္ဌာန်တစ်မျိုး ပဲ ကွ ။ ထူးလိမ့်မယ် ထင်တယ် ဟေ့ ။ ကြိုးစားသာ လုပ်ပေတော့ ” 


ဟု ပြော လိုက်ရာ မောင်ဖေသော် က ..


“ ဦးစိန်မြသာကြီး က လည်း ဗျာ  ။ ပြော လိုက်ရင် မသိဘူး  ။ မသိဘူး နဲ့ ဘာမဆို သိ နေတာချည်းပဲ ။ ဘာပဲဖြစ်ဖြစ်လေ ကျုပ် ကတော့ ကျေးဇူး တင်ရမှာပဲ ။ ခင်ဗျား က ကျုပ် ကို အဓိဋ္ဌာန် ဝင် ဖြစ်အောင် ကူညီ နေတာကိုး ”


ဟု ပြော လိုက်ရာ ဦးစိန်မြသာကြီး က ...


“ ဒါကတော့ အကြောင်းကြောင်း အရာရာပေါ့ ငါ့ လူ ရာ ”


ဟု ပြန်၍ ဖြေ ပြီးလျှင် တဟားဟား ရယ်လေတော့၏ ။ မောင်ဖေသော် လည်း ၎င်း ၏ အဓိဋ္ဌာန် ကို ပြင်းပြင်းထန်ထန်ကြီး ဆက်၍ လုပ်လေ၏ ။


အဓိဋ္ဌာန် ပြည့်မြောက်သော အခါ ၌ ဦးစိန်မြသာကြီး ရောက် လာ ပြီး လျှင် စားသောက်ဆိုင် တစ်ဆိုင် သို့ ခေါ် သွား ပြီးနောက် အဓိဋ္ဌာန် အောင် မြင်သော အထိမ်းအမှတ် အဖြစ် ကျွေးမွေးပြန်၏ ။ ထို့နောက် လိုအပ်သော ပစ္စည်းများ ကို ဝယ် ပေးပြန်၏ ။


မောင်ဖေသော် သည် ( ၅ ) ခု မြောက် အဓိဋ္ဌာန် ကို ယူ လေ၏ ။ ထို အဓိဋ္ဌာန် မှာ မြတ်စွာဘုရား ၏ ဥဒါန်းဂါထာ ခေါ်  “ အနေကဇာတိ သံသာရံ ”  အစ ချီ သော ဂါထာတော် ကို ရွတ်ဆို ပွားများရခြင်း ပင် ဖြစ်၏ ။ မောင်ဖေသော် သည် မည်သည့် အဓိဋ္ဌာန် ကို ပြုရမည်နည်း ဟု အာရုံ ယူ လိုက်ရာ ဤ အတိုင်း ပေါ်လာခြင်း ဖြစ်၏ ။ ထို အကြောင်း ကို ဦးစိန်မြသာ အား ပြောပြရာ ဦးစိန်မြသာ က ..


“ ငါ က တော့ ဒါကို အသေအချာ မသိပါဘူးကွာ ။ ငါ ကြားဖူး တာ က ဒီ အဓိဋ္ဌာန်မျိုး ဟာ ဝိညာဉ်လောက က စကားတွေ ကို နားလည် တတ်ကျွမ်း စေတဲ့ အဓိဋ္ဌာန်မျိုး ပဲကွ ။ နောက်ပြီးတော့ ဒါ ဟာ မြတ်စွာဘုရား ရဲ့ ဥဒါန်းဂါထာ ဆိုတော့ ဝိဇ္ဇာတွေ က အလွန် ပဲ စောင့်ရှောက် တတ်တယ် ။ ပြီးတော့ အနှောင့်အယှက်တွေ လည်း လာ တတ် သေးတယ် ကွ ။ ဂရုတော့ စိုက် ပေါ့ မောင်ဖေသော် ရာ ” 


ဟု ပြောလေ၏ ။ မောင်ဖေသော် လည်း အဓိဋ္ဌာန် ကို ဖိဖိစီးစီး ဝင် လေ၏ ။


အဓိဋ္ဌာန် ဝင် ၍ လေးရက် မြောက်သော နေ့ တွင် မောင်ဖေသော် သည် မြနန်းနွယ် ကို အိပ်မက် မက် လေတော့၏ ။


မြနန်းနွယ် သည် အိပ်မက် ထဲ တွင် လွန်စွာ လှနေ၏ ။ မောင်ဖေသော် အား နှစ်လိုဖွယ်ရာ ပြုံးပြ၏ ။ ထို့နောက် ပျောက်ကွယ် သွား၏ ။


မောင်ဖေသော် သည် အိပ်ရာ မှ လန့် ၍ နိုးသွား၏ ။ ထို့ကြောင့် ဓာတ်ဘူး အတွင်း မှ ရေနွေး ကို ငှဲ့ ကာ သောက်လေ၏ ။ ထို့နောက် ဆာလောင်မွတ်သိပ် လွန်း သဖြင့် ထန်းလျက် တစ်ခဲ ကို စား လိုက်လေ၏ ။ နံနက် မိုး လင်း သော အခါ ၌ မောင်ဖေသော် သည် ကြာသပတေး ထောင့် တွင် ပုတီး စိပ်လေ၏ ။ ပုတီး စိပ် ၍ ပြီးသော အခါ၌ ထ လိုက်ရာ အနီး သို့ မိန်းကလေး တစ်ဦး ရောက် လာ ပြီး လျှင် ..


“ ဒီမှာ အစ်ကိုကြီး  ။ ညီမ က နယ် က ပါ ။ ရန်ကုန် ကို တစ်ခါ မှ မရောက်ဖူးဘူး ။ ညီမ ဒီ မှာ ဘုရား ဝတ်ပြုနေတုန်း အဖော်တွေ က ထွက် သွားကြပြီး ညီမ တစ်ယောက် တည်း ဒီမှာ ကျန်နေတာ ဘယ် သွားရမှန်း လည်း မသိဘူး ။ အစ်ကို မကယ်ရင် တော့ ညီမ တော့ ဒုက္ခ ရောက်ပါပြီ ။ ညီမတို့ တည်း တဲ့ နေရာ က မင်္ဂလာဒုံ မှာ ပါ ။ လိပ်စာ ကို တော့ ပြော မပြတတ်ဘူး ။ အဲဒီ နား ရောက်ရင် တော့ ညီမ သွား တတ်ပါတယ် ။ လိုက်ပို့မယ် မို့လား ဟင် ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် သည် ပထမ အစ ၌ လွန်စွာ သနား ၍ သွား၏ ။ ထို့နောက် မိမိ ၏ အဓိဋ္ဌာန် ကို  သတိရ သွားသဖြင့် .. 


“ သနား တော့ သနားတယ် မိန်းကလေး ရေ ။ ဒါပေမယ့် ကျုပ် က အဓိဋ္ဌာန် လုပ်နေတာ  အဓိဋ္ဌာန် တစ်ခု မပြတ်မချင်း ဒီ ဘုရား ပရိဝုဏ် အတွင်း က ထွက်ခွာ သွားလို့ မရဘူး ။ အဓိဋ္ဌာန် ပျက် သွားလိမ့်မယ် ” 


ဟု ပြော လိုက်ရာ ထို မိန်းကလေး က ..


“ မဟုတ်တာပဲ အစ်ကို ရယ် ။ အဓိဋ္ဌာန် နဲ့ သတ္တဝါ ကို ကယ်တင် တာ ဘယ်ဟာ က အရေးကြီးသလဲ ။ အလောင်းတော်တွေ ဟာ သတ္တဝါ တွေ ကို သူတို့ အသက် ကို တောင် စွန့်ပြီး  ။ ကယ်တင်တယ် လို့ ကြား ဖူးတယ် ။ အစ်ကို ကျ တော့ ဒါလေးတောင် လုပ် မပေးနိုင်ဘူးဆို တော့ အစ်ကို က တော့ သူတော်ကောင်း တရား နဲ့ တော်တော် နီးနေ ပြီ ။ ညီမ ကို မကယ်နိုင်ဘူးလား ။ ဟီး .. ဟီး ”


ဟု ပြော ကာ ငို ချ လိုက် လေတော့၏ ။ မောင်ဖေသော် ၏ စိတ် သည် ယိုင် နဲ့ ၍ သွား၏ ။


“ သူ ပြောတာ ဟုတ်သားပဲ ။ သူ့ ခမျာ အပျိုအရွယ်ကလေး ။ မသမာ သူ တွေ နဲ့ တွေ့ သွား ရင် ရေတိမ် နစ်ရချည်ရဲ့ ”


ဟု တွေးလိုက်မိလေ၏ ။ ထိုအချိန်၌ မှာ ပင် ထို မိန်းကလေး က .. 


“ အစ်ကို ရယ် ညီမ ကို ကယ်ပါ ။ ညီမ ရေတိမ် နစ် ရပါလိမ့်မယ် ” 


ဟု ပြော လိုက်ရာ မောင်ဖေသော် သည် မျက်စိ ကို မှိတ်၍ ထို မိန်းကလေး ကို ကယ်သင့် ၊ မကယ်သင့် အာရုံ ပြု မိလေ၏ ။ ထိုအခါ သူ ၏ အာရုံ ထဲ ၌ .. “ အဖျက်  ။ အဖျက် ” ဟူ၍ ပေါ် လာလေ၏ ။ မောင်ဖေသော် သည် ထို မိန်းကလေး အား ကြည့်၍ မခိုးမခန့် ပြုံး လိုက် လေ၏ ။ ထိုသို့ ပြုံး ပြီး နောက် ..


“ ဒီမှာ မိန်းကလေး ။ ဒီ အချိန် မှာ ကျုပ် လုပ်နေတဲ့ အဓိဋ္ဌာန် ထက် ဘာမှ အရေး မကြီးဘူး ။ မိန်းကလေး အနေ နဲ့ အကူအညီ တောင်းရ မယ့် သူတွေ ဒီ ဘုရား ပေါ် မှာ အများကြီး ပါ ။ ဒီတော့ ကျုပ် မကူညီ ရင်လည်း ရေတိမ် နစ်ဖို့ မရှိပါဘူး ။ နောက် တစ်ခု က မိန်းကလေး တစ်ယောက် ဒုက္ခ ရောက် နေရင် ငမ်းငမ်းတက် ကူညီချင်တဲ့ ယောက်ျား ပေါ ။ ယောက်ျား ပျက် ထဲ မှာ ကျုပ် မပါဘူး ။ အဲဒီတော့ ကိုယ့် လမ်း ကိုယ် သွား ပါ ”


ဟု ပြော လိုက်ရာ မိန်းကလေး က မဲ့ လိုက်လေ၏ ။ ထိုသို့ မဲ့ ပြီး နောက် - 


“ ကြင်နာသနား တတ် တဲ့ စိတ် မရှိဘဲ ဘယ်လို အဓိဋ္ဌာန်မျိုး ဝင်ဝင် ။ ဘာမှ ဖြစ်မှာ မဟုတ်ဘူး ”


ဟု ဆိုကာ ဆောင့် ဆောင့် ဆောင့် နှင့် ခြေ ကို ဆောင့် ၍ နင်း ကာ ထွက် သွား လေတော့၏ ။ ထိုအချိန် မှာ ပင် ဦးစိန်မြသာကြီး ရောက် လာလေ၏ ။ ဦးစိန်မြသာကြီး သည် ပြော မပြပါ ဘဲလျက် အလုံးစုံ သိနေသည့် အလား မောင်ဖေသော် အား ပြုံးပြ လိုက်လေ၏ ။ ပြီးလျှင်


“ မင်း သိပ်ပြီး မှန်တယ် မောင်ဖေသော်  ။ အဲဒါ အဖျက် ပဲ ။ မင်း ဆီ ကို လာပြီး ပြောတယ် မဟုတ်လား ။ ဘယ် လိုက်ပို့ပါ ၊ ညာ လိုက်ပို့ပါ ဆို ပြီးတော့ ..  ။ မင်း က မလိုက်နိုင်ဘူး လို့ ပြော လိုက်တယ် မဟုတ် လား ”


ဟု ပြော လေ၏ ။ မောင်ဖေသော် က .. 


“ ဦးစိန်မြသာ ပြောတာ အမှန်ပဲ ” 


ဟု ဖြေ လိုက်ရာ ဦးစိန်မြသာ က ..


“ သာဓု  ... သာဓု  .. သာဓု ”


ဟု လေးလေးနက်နက်ကြီး သာဓု သုံးကြိမ် ခေါ် လိုက်လေတော့ သတည်း ။


◾မင်းသိင်္ခ


📖 မြနန်းနွယ်


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment