Tuesday, December 27, 2022

ရင်ထဲ က ချာတိတ်မလေး


 

❝ ရင်ထဲ က ချာတိတ်မလေး ❞

အွန်လိုင်း ပေါ်  မှာ အမှတ်မထင် ဆုံ ကြပြီး ခပ်ပျော်ပျော် နေ တတ်တဲ့ အသက် နှစ်ဆယ် အရွယ် ချာတိတ်မလေး တစ်ယောက် ရင်းနှီးမှုလေးတွေ ကြာ လာတော့ တစ်ယောက် အကြောင်း တစ်ယောက် ရင် ဖွင့် မိကြတယ် ။

“ ချာတိတ် က တစ်ဦး တည်း သော သမီး ပါ ဖေဖေ မရှိတော့ဘူး ။ မေမေ နဲ့ သားအမိ နှစ်ယောက်နေတယ် ။ မေမေ က ဈေး ထဲ မှာ ရွှေဆိုင် ဖွင့် ထားတယ် ။ ချာတိတ် က ဘွဲ့ရပြီးသား အလုပ် မရှိ အကိုင် မရှိ ၁ဝ၉ - ၁၁ဝ ပေါ့ ။ ဘဝ ကို အပူပင် ကင်းကင်း နဲ့ လွတ်လွတ်လပ်လပ် နေတယ် ၊ သွား ချင် ရာ သွား ၊ လုပ် ချင် ရာလုပ် နေ ချင် သလို နေတယ် ။ မေမေ က သူ့ စီးပွားရေး နဲ့ သူ  ။ ချာတိတ် အကြောင်း ကတော့ ဒါဘဲ ၊ ကိုကြီး အကြောင်း ပြော ပြတော့ ”

သူ့ အကြောင်းလေး ကို ရှည်လျှားစွာ ရှင်းပြတယ် ။ သူ့ ကိုယ် သူ ကျွန်တော် က ခေါ်တဲ့ ချာတိတ် ဆိုတာလေး ကို သဘောကျ နေမိတယ် ။

“ ဟိတ် ကိုကြီး ပြောပြလေကွာ ဘာ လုပ်နေတာလဲ ၊ ညာတော့ မညာနဲ့ နော် ချာတိတ် မကြိုက်ဘူး ”

“ စိတ်ချပါ ချာတိတ် ရယ် ၊ မညာပါဘူး ။ ထူးထူးခြားခြား ဘာမှ မရှိပါဘူး ။ ကိုကြီး က အိမ် မှာအကြီးဆုံး ဘွဲ့ရ ပညာတတ် တစ်ယောက် တော့ မဟုတ်ဘူး  ။ စက်ရုံ တစ်ခု မှာ အလုပ် လုပ်ပါတယ် ။ ညီမလေး နှစ်ယောက် ရှိတယ် ။ အကြီးမ က ကုမ္ပဏီ တစ်ခု မှာစာရေး လုပ်တယ် ။ အငယ်မ က ဒီနှစ် နောက်ဆုံးနှစ် တက်မှာပါ ။ ဖေဖေ က ကျောင်းဆရာ ပင်စင်စား မေမေ က မှီခို ပေါ့ ။ ကိုကြီး တို့က ဆင်းရဲတယ် ။ ဒါပေမဲ့ မိသားစုလေး က နွေးနွေးထွေးထွေး ပျော်စရာလေး ။ တစ်ယောက် နဲ့ တစ်ယောက် လေးစားမှု ရှိကြတယ် ။ ဒါပါပဲ ဘာမှ ထွေထွေထူးထူး မရှိပါဘူး ချာတိတ်ရာ ”

ကျွန်တော့် မိသားစု အကြောင်းလေး ကို ရှည်လျှားစွာ ရှင်းပြလိုက်ပါတယ် ။ သူ့ ဘက် က ငိုင်နေတာများ လား စာ တော်တော်နဲ့ ပြန် မလာဘူး ။ ခဏ နေ မှ ...  ။

“ ကိုကြီးတို့ မိသားစု ဘဝလေးက ပြည့်စုံ လိုက်တာ ပျော်စရာလေး ပေါ့ ၊ ချာတိတ် အားကျလိုက်တာ ”

“ ဘာများ အားကျစရာ ရှိလို့လဲ ချာတိတ် ရယ် ၊ ချာတိတ် ဘဝ လေး က မှ အားကျစရာပါ နော် မရှိမရှား ဘဝလေး လေ ”

“ ဟင့်အင်း တစ်ယောက် တည်း လုပ် ချင် ရာ တွေ လုပ် ၊ သွား ချင် ရာ သွား ၊ နေချင် သလို နေ ရတာ မှန်ပေမယ့် နွေးထွေးတဲ့ မိသားစု က ချာတိတ် မှာ မရှိဘူးလေ ”

“ ဟောဗျာ ချာတိတ်ရယ် ရတာ မလို လိုတာ မရ ဖြစ်နေပြန်ပါပြီ ”

“ တကယ်ပါ ကိုကြီး ရယ် ၊ မိသားစု ရဲ့ နွေးထွေး တဲ့ အရသာ ကို ချာတိတ် အရမ်း လိုချင် တပ်မက်မိတာပါ ။ ရွှေ ဆို ရွှေ ငွေ ဆို ငွေ ဖြစ်နေရပေမယ့် ချာတိတ် မပျော်ဘူးကွာ ”

“ တစ်ယောက် တည်း အထီးကျန် သလို ချာတိတ် ခံစားနေရတာလား စိတ် မကောင်းလိုက်တာ ”

“ ဟုတ်ကဲ့ ရပါတယ် .. ကိုကြီးရယ် ၊ အခုဆို အဲ့ဒီလို မခံစားတော့ဘူး ။ ချာတိတ် မှာ အမျိုး တောင့်သွားပြီ ။ ချာတိတ် မှာ အရမ်း ပျော်ရွှင်စရာ ကောင်းတဲ့ ကိုကြီး တို့ မိသားစု ရှိသွားပြီ ချာတိတ် ပျော် လိုက်တာ ”

“ ကိုကြီး ကို တစ်ခု တောင်းဆိုမယ် ရမလား ”

“ ဟုတ် ပြောကြည့်လေ ၊ ချာတိတ် ကိုကြီး ကူညီနိုင်တာဆို ကူညီပါ့မယ် ”

“ ဟိုလေ ချာတိတ် ကိုကြီးတို့ မိသားစု နဲ့ လာ တွေ့ချင်တယ် ”

“ ဘာများလဲ လို့ ရပါတယ် ချာတိတ်ရယ် အချိန်မရွေးပါတဲ့ ဗျာ ”

“ တကယ် … ဝေး ... ပျော်လိုက်တာ ၊ အဲဒါဆို ဒီ တစ်ပတ် တနင်္ဂနွေနေ့ လာ ခဲ့မယ် ရမလား ”

“ ကောင်းတာပေါ့ ချာတိတ် ရ ... အဲဒီ ရက် ဆို ကိုကြီးတို့ အိမ် မှာ လူ စုံတယ်လေ ၊ မိသားစု အကုန် ရှိတယ် ”

“ အိုကေ လာခဲ့မယ် ၊ ကိုကြီးလမ်းထိပ် က ထွက် စောင့်ပေး နော် ”

“ ဟုတ်ကဲ့ပါဗျာ ”

ချာတိတ်လေး က တော့ ကလေးလေး တစ်ယောက် လို ပျော်ရွှင်လို့ ကျွန်တော် လည်း သူပျော်တာ ကြည့်ပြီး ရင်ထဲ ကို အပျော်လေး တွေ ကူးစက် ရပါတယ် ။ မရှိမရှား ဘဝ နဲ့ နေ ရပေမယ့် အထီးကျန် ဝေဒနာ ကို ခံစား နေရတယ် ထင်တယ် ။

ကျွန်တော် မိသားစု ဆုံတဲ့ထမင်းဝိုင်းလေး မှာ ပြောပြတော့ အားလုံး က တစ်ညီတညွတ် ထဲ လာပါစေတဲ့ ။ မေမေ က ပြောလာတယ် ။

“ ကောင်းသားပဲ တနင်္ဂနွေနေ့ ဆိုတော့ မိသားစု ဆုံရင် အိမ် မှာ တို့ တစ်ခု ခု လုပ်စားနေကျလေ ။ ဒီ တစ်ပတ် မုန့်ဟင်းခါး ချက်စားကြမလား လို့ ဘယ်လိုလဲ ဖေကြီး ”

“ မေကြီး သဘော မေကြီး သဘော ကောင်းတယ် ”

ချာတိတ် ကို လှမ်းပြောပြတော့ သူ လည်း အရမ်း တက်ကြွ နေတယ် ။ မနက် မိုးမလင်းခင် ကတည်း က သူ လာမယ် ဆိုပဲ ။ တနင်္ဂနွေ မနက် ခြောက်နာရီ လောက် ကျွန်တော် တောင် အိပ်ရာ က မထသေးဘူး ချာတိတ် ဆီ က ဖုန်း ဝင်လာတယ် ။ သူ အိမ်က ထွက်လာနေပြီ တဲ့ ။ ကျွန်တော် အိပ်ရာက အမြန်ထ ရေမိုးချိုးပြီး လမ်းထိပ်က သွား စောင့်နေပေးခဲ့ပါတယ် ။ ချာတိတ် နဲ့ က ဓာတ်ပုံတွေ အပြန်လှန် ပို့ ထားတော့ ပြောစရာ မလိုအောင် မှတ်မိနေကြတယ် ။

“ ဘာတွေလဲ ချာတိတ် ရာ ဘာတွေ ဝယ် လာတာလဲ ”

“ ဟင် ကိုကြီးတို့ အိမ် မှာ မုန့်ဟင်းခါး ချက်စားမလို့ ဆို အဲ့ဒါကြောင့် လိုအပ်မယ့် ပစ္စည်း စာရင်း မေမေ့ ကို မေးပြီး တခါထဲ ဝင် ဝယ် လာခဲ့တာပါ ”

“ ဟာကွာ မလိုပါဘူး ၊ ကိုကြီးတို့တတ် နိုင်ပါတယ် ။ နောက်ကို အဲ့လိုတွေ ဝယ်လာမယ် ဆို ကိုကြီး အိမ် မခေါ်ဘူးနော် ”

“ ဟင် သူများ က စေတနာ နဲ့ ဝယ်လာတဲ့ ဟာ ကို ”

ကလေးလေး တစ်ယောက် အလား ချက်ချင်း မျက်ရည်တွေ ဝဲတက် လာတာ ကို တွေ့တော့ ကျွန်တော် သတိ ပြန်ဝင်သွားပြီး ...

“ ဆောရီးပါ ချာတိတ် ရယ် ၊ ကိုကြီး လော သွားတယ် တကယ်ဆို ကိုကြီး တွေ့ တွေ့ချင်း ဆူသလို ဖြစ် သွားတယ် ။ ချာတိတ် စေတနာ ကို အသိမှတ် ပြုပါတယ်နော် ကိုကြီး တောင်းပန်ပါတယ် ”

ကျွန်တော် တောင်းပန်လိုက်တော့ သူ့ မျက်နှာ ချက်ချင်း အရောင် ပြောင်းသွားပြီး ...

“ အဲ့လို လုပ်ပါ ကိုကြီး ရ ၊ ချာတိတ် က စေတနာ ပါ ။ မေမေတို့ မမတို့ ဈေး သွားရ သက်သာအောင် ကြိုပြီး ဝယ်လာတာ ။ မေမေ့ ကို ပြောပြတော့ မေမေ က တောင် ဝမ်းသာနေသေးတယ် ။ သူ ဆိုင် ဖွင့်ရမှာ မို့တဲ့ နို့မို့ဆို မေမေ ပါ ပါလာတယ် ”

“ မေမေ့ ကို ပါ ပြောပြထားတယ်လား ။ ကောင်းတာပေါ့ လူကြီး သိတော့ စိတ် မပူရတော့ဘူးပေါ့ ။ လာလာ ချာတိတ်ရေ ကိုကြီး လည်း ဝိုင်း ဆွဲ ကူမယ် သွားရအောင် ဖေဖေ တို့ မျှော်နေတော့မယ် ”

ကား က လမ်းထဲ ဝင်မရလို့ လမ်းထိပ်ကနေ အိမ် ကို ဆယ်မိနစ် လောက် လမ်းလျှောက် ဝင်ရတယ် ။ ချာတိတ် က တော့ မြူးကြွသွက်လက် နေတာပဲ ။ အိမ် ရောက်တော့ ဖေဖေ ၊ မေမေ ၊ ညီမလေး တို့ က ဆွေမျိုး အရင်းအချာ လို ဝိုင်းပြီးကြိုနေကြတယ် ။ ပထမဆုံး နွေးထွေး တဲ့ မိသားစု အရသာ ကို ချာတိတ် ရ လိုက်တယ် ။ ပြီးတော့ စားရင်း မေမေ က ၊ ခဏနေ ချက်ပြုတ်လုပ်ကိုင်ကြရမဲ့ အစီအစဉ်တွေ ကို တစ်ယောက်ချင်းစီ တာဝန် ခွဲဝေပေးတော့ ...

“ မေမေ သမီးလေး လည်း လုပ်မယ်လေ ဘယ်နေရာ နား က ပါရမလဲ ”

“ သမီးလေး က အေးဆေး နေလေ ရပါတယ် ”

“ ဟင့်အင့် မရဘူး ၊ မေမေ က မမတို့ ညီမလေးတို့ ကိုကြီးတို့ကို ကျတော့ တာဝန် ကိုယ်စီ ပေးပြီး သမီးလေး ကျတော့ ချန်ထားတယ် မရဘူး ”

“ သမီးလေး က အငယ်ဆုံးလေးမို့ ဦးစား ပေးထားတာလေ ”

“ ဘေးမဲ့ ပေးထားတဲ့ သဘောပေါ့ နော့ မေမေ ”

ကျွန်တော် က ဝင်ဖောက်ပေးလိုက်တော့ ...

“ ဟင် သူများ ကို တိရိစ္ဆာန် နဲ့ နှိုင်းတယ် ငိုမှာ နော် ဟီးဟီး ”

သူ့ ရဲ့ သွက်လက်တဲ့ ပုံစံ နဲ့ ငိုမလို လုပ်နေတာ ကို ကြည့်ပြီး အားလုံး ပွဲကျ နေကြတယ် ။ မိသားစု နွေးထွေးတဲ့ အရသာ ကို ချာတိတ်လေး ထပ်မံ ခံစားလိုက်ရတယ် ။

ခဏနေ ကျ တော့ တစ်ယောက်တစ်လက် ဝိုင်းဝန်း လုပ်ကိုင် ရင်း စကြ နောက်ကြ နဲ့ ချက်ပြုတ် ကြတယ် ။ ကျွန်တော်တို့ မိသားစုလေး က ချမ်းချမ်းသာသာ မနေနိုင်ကြပေမယ့် စိတ်ချမ်းသာမှု အပြည့် ရှိကြတယ် ။ အခုလို ရုံးပိတ်ရက် လူ ဆုံရင် အိမ်မှာ တစ်ခု မဟုတ်တစ်ခု လုပ် စားနေကြ ။ လုပ် စားတိုင်း လည်း ဘယ်သူမှ အလကား မနေရဘူး ။ ဖေဖေ က အစ ဘာ လုပ်ရမယ် ဘာ ကိုင်ရမယ် ဆိုတာ ကို မေမေ က တာဝန် ခွဲ ပေးနေကြ ။ တစ်ယောက် တစ်လက် နဲ့ မိသားစု လည်း ပိုမို နွေးထွေးသလို ပျော်ရွှင်စည်းလုံးမှု လည်း ပို ရရှိကြတယ် ။ မိသားစု အရသာ ကို ငတ်မွတ် နေတဲ့ ချာတိတ်လေး အတွက် တော့ ရေ ငတ်နေတုန်း ရေတွင်း ထဲ ကျ သလိုပေါ့ ။ အဲ့ဒီ နေ့ က တစ်နေကုန် အိမ် မှာ အားလုံး နဲ့ နွေးထွေးပျော်ရွှင်စွာ ချာတိတ်လေး နေခဲ့ပါတယ် ။ချာတိတ်လေး ကို ကားပေါ်  လိုက်ပို့တော့ ...

“ တအားကို ကျေးဇူးတင်ပါတယ် ကိုကြီး ရယ် ၊ ချာတိတ် မက်ခဲ့ရတဲ့ အိပ်မက် ကို အကောင်အထည် ဖော် ပေးခဲ့လို့လေ ။ နောက်ဆို ဘယ်မှ မသွားတော့ဘူး ကိုကြီးတို့ အိမ်ပဲ အမြဲ လာမယ် နော် ”

နောက် နေ့ တွေ က စလို့ ချာတိတ် တစ်ယောက် အိမ် ကို မကြာခဏ ဝင်ထွက် နေပါတော့တယ် ။ တစ်ခါတစ်ခါ ကျွန်တော်အလုပ် က ပြန် မှ သူ အိမ်ပြန်တယ် ။ တကယ့် မိသားစု အရင်းအချာတွေ လို ဖြစ်ကုန်ကြတယ် ။ အိမ် ပြန် ရောက်ရင်လည်း အားမရနိုင်သေးဘူး ကျွန်တော်တို့ မိသားစု အကြောင်းတွေ သူ ပြန်ပြောရင်း ပျော် နေတတ်တယ်လေ ။

“ ကိုကြီး ချာတိတ် မေး မယ်နော် အမှန်အတိုင်းဖြေ ။ ကိုကြီး မှာ ချစ်သူ ရှိလား ”

“ ရှိတာပေါ့ ချာတိတ် ရ ၊ ဒီ အရွယ် မှ အမြီး မပေါက် ဘာမျောက် လဲ မေးရမလိုပဲ ”

“ ကြည့်စမ်း ငါ့ ကိုကြီး က လျှိုထားတယ် ၊ တစ်ခါမှ မပြောပြဘူး ”

“ အမယ် ချာတိတ် က မမေးပဲ အရှက်မရှိ ကိုကြီး က ပြောပြစရာ လားလို့ ”

“ ကိုကြီးတို့ ဘယ်တော့ ယူ မှာလဲ ချာတိတ် ရှိတုန်း ယူစေချင်တယ် ။ ချာတိတ် ကိုကြီးတို့ ကို လက်ဖွဲ့ ချင် လို့ အမှတ်တရ ဖြစ်မယ့် ဟာမျိုး ပေါ့ ”

“ အယ် ချာတိတ် ရှိတုန်းဆိုတော့ ချာတိတ် က ဘယ် သွားမှာမို့ လဲ ”

“ တကယ်ဆို ချာတိတ် က သေတော့မယ့် လူ တစ်ယောက်ပါ ။ ဦးနှောက်ကင်ဆာ နဲ့ လူ့ ဘဝ မှာ ခြောက်လ ပဲ နေရမယ် လို့ ပြီးခဲ့တဲ့ ခြောက်လ လောက် က ဆရာဝန်ကြီး တွေ ပြော ပြတယ်လေ ”

“ ဟင် မဖြစ်နိုင်တာ ချာတိတ် ရယ် ၊ ဒီလောက် မြူးကြွသွက်လက် နေ တဲ့ လူ က ဖြစ်နိုင်မလား ”

“ တကယ်ပါ ကိုကြီး ရယ် ၊ ရောဂါ ကကျွမ်း နေပြီလေ ။ ဆေးတွေ နဲ့ အသက် ဆက်ပြီး ပျော်ရွှင်အောင် နေချင် သလိုတွေ ချာတိတ် နေခဲ့တာပါ ။ မေမေ က လည်း ချာတိတ် ရဲ့ နောက်ဆုံး အချိန် မို့ ဘာမှ ကို မပြောတော့ပဲ လုပ်ချင် သလို လုပ် ၊ နေ ချင်သလို နေ ဆိုပြီး လွှတ် ထားခဲ့တာလေ ။ သိခါစ က ဆိုရင် ချာတိတ် လုပ်ချင်တာတွေ အကုန် လျှောက်လုပ် ပစ်တာ ။ ပျော်မယ် ဆိုတဲ့ အရာ မှန်သမျှပေါ့ ။ ဘီယာ တွေ သောက် အရက် တွေ သောက် ktv တွေ သွား ၊ နိုက်ကလပ်တွေ တက် ၊ သူငယ်ချင်းတွေ နဲ့ နေချင် သလို ဘဝ ကို ပိုးစိုးပက်စက် နေခဲ့တာပါ ကိုကြီး ”

“ ဖြစ် မှ ဖြစ်ရလေ ချာတိတ် ရာ ကိုကြီး မယုံကြည်နိုင်ဘူး ကွာ ”

ကျွန်တော့် စိတ် ထဲ မယုံကြည်ခြင်း များစွာနဲ့ စို့နင့် ကြေကွဲရပါတယ် ။

“ ဘယ် တတ်နိုင်မလည်း ကိုကြီး ရယ် ၊ အရာရာ ကို ကံကြမ္မာ က ဖန်တီး လာခဲ့ပြီလေ ။ စိတ်လေပြီး ပျော်မယ် ထင်တဲ့ အရာတိုင်း ကို လျှောက် လုပ်ခဲ့ ပြီးပါပြီ ။ တကယ်တော့ အဲဒါက ပျော်ရွှင်မှု အစစ်အမှန် မဟုတ်ခဲ့ဘူး ကိုကြီး ရယ် ”

အို ... အရွယ် နဲ့ မလိုက်အောင် သေမှာ ကို သိ ပေမယ့် တည်ငြိမ် နေတဲ့ သူ့ ရဲ့ စိတ်ကလေး ကို ကျွန်တော် လေးစားမိသွားပါတယ် ။ သူ့ ကို ကျွန်တော် ဘယ်လို အားပေးနှစ်သိမ့် ရမလဲ ။

“ အခုဆို ချာတိတ် လေ ကိုကြီး နဲ့ စ သိ ခင်မင် လိုက်ရပြီး ငယ်ငယ် ထဲ က လိုချင် တောင့်တခဲ့ရတဲ့ မိသားစု ရဲ့ နွေးထွေးတဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ လဲ ရခဲ့ပါပြီ ။ အဲ့ဒီ အတွက် လည်း ကိုကြီး တို့ မိသားစု ကို ကော အဓိက ကိုကြီး ကို အထူး ကျေးဇူး တင်ပါတယ် ။ ချာတိတ် အရင် က ဆို ချက်ချင်းပဲ သေသေ သေမင်း ကို ရင်ဆိုင် လိုက်ချင်တာ အခု ကိုကြီး တို့ မိသားစု နဲ့ နေခဲ့ရတော့ လူ့ ဘဝ က နေ ချက်ချင်းမထွက်ခွာချင် သေးဘူး ကိုကြီး ရယ် ။ သေ မှာ ကို ချာတိတ် ကြောက် နေမိသေးတယ် ”

“ ချာတိတ် ရယ် .. ကိုကြီး ဘာပြန် ပြောရမှန်း မသိအောင် ခံစားရပါတယ် ကွာ ”

လုံးဝ ထင်မှတ် မထားမိဘူး ။ သူ့ ရောဂါ ဒီလောက် ရင့်လာတာ သူ ဝေဒနာ ကို မခံစားရဘဲ မနေဘူး ခံစား ရ မှာ ပဲ ။ ဒါပေမဲ့ ဘယ်သူ မှ မသိ အောင် ဟန်ဆောင် ကောင်းကောင်း နဲ့ ကြိတ်မှိတ် ခံစား နေတာ ကို မချီးကျူးပဲ မနေနိုင်ဘူး ဗျာ ။ ဖေဖေ မေမေ တို့ ကို ပြောပြတော့ အားလုံး က အံ့ဩ မှင်တက်ပြီး ကျွန်တော့် လို ပဲ မယုံကြည်ခြင်းတွေ နဲ့ ဝမ်းနည်းကြေကွဲ ကြရတယ် ။

“ ထင်တော့ ထင်တယ် ... ဒီ သမီးလေး ဒီ ရက် ထဲ မျက်နှာတွေ နည်းနည်း ချောင် လာတယ် ။ အရင်လောက် လည်း သွက်လက်ချက်ချာ မှု မရှိတော့ သလိုပဲ ။ မျက်ကွင်းလေး တွေ ပါ ညို လာသလို ထင်နေတာ ဟန်ဆောင် ကောင်းလိုက်တာ ”

နောက်ဆုံး ကျွန်တော်တို့ မိသားစု သဘော တူ လိုက်ကြတာက သူ့ ရောဂါ အကြောင်း ဘာ တခုမှ မပြော မမေး ဘဲ မေ့မေ့ပျောက်ပျောက် ထား ကြပြီး အရင် ထက် နွေးထွေးတဲ့ မိသားစု အရသာလေး ကို အပြည့်အဝ ပေးဆပ် ကြဖို့ပါ ။ နောက်ဆုံး အနေနဲ့ပေါ့ ... 

ကျွန်တော်တို့ မိသားစု က လည်း အရင် ထက် နွေးထွေးပျော်ရွှင်မှုတွေ ပေး ပါတယ် ။ သူ့ ပုံစံလေး ကြည့်ရတာ တကယ်လည်း အရင် နဲ့ လုံးဝ မတူတော့ဘူး လေ ။ ရောဂါ က အဆုံး ထိ နှိပ်စက် နေပြီ နဲ့ တူပါတယ် ။ အရင်လို ကား ကို ကိုယ်တိုင် မမောင်း တော့ ဘဲ ဒရိုင်ဘာ နဲ့ မောင်း ရတဲ့ အဆင့် ရောက် လာပြီလေ ။

ကျွန်တော် အလုပ် က ပြန်လာတာ မိုး က ရွာနေတယ် ။ရေမိုး ချိုးပြီး ခဏ နားနေချိန် မေမေ က ... 

“ ဟဲ့ .. သမီးငယ်လေး မလာတာ ကြာပြီ ၊ ဖုန်း ဆက်ကြည့်ပါဦး ။ နေမှ ကောင်းရဲ့လား လို့ ”

ဖုန်း ဆက်တော့ သူ့ အသံတော့ မဟုတ်ဘူး ။ ဒရိုင်ဘာ အသံ ။

“ ညီလေးရေ လုပ်ပါဦး ။ မင်း ညီမလေး က တစ်နေကုန် သေလုမျောပါး ဖြစ်နေလို့ အိပ်ရာ ထဲ က မထနိုင်ဘူး ။ အခုနည်းနည်းလေး လည်း သက်သာ ရော အစ်ကို တို့ အိမ် သွားချင်တယ်တဲ့ လေ ။ အဲ့ဒါကြောင့် သူ့ အမေ က လိုက် ပို့ ခိုင်းထားတယ် ။ နောက်ဆုံး အချိန်ပဲ တဲ့လေ ။ သူ စိတ် ချမ်းသာအောင် လိုက် ပို့တာ ကို အခု သူ က ကား ပေါ် က နေ ဒယိမ်းဒယိုင် နဲ့ မိုးရွာ ထဲ ဆင်း သွားလို့ ”

ကျွန်တော် မိုးရွာ ထဲ ချက်ချင်း ပြေးထွက် သွားခဲ့တယ် ။ မိုးရွာထဲ မှာ ဂါဝန်အဖြူလေး နဲ့ လျှောက်လာ တဲ့ ချာတိတ်လေး ကို လှမ်း မြင်နေရတယ် ။ သူ့ အနား မရောက်ခင် မှာ ပဲ ခေါင်းကို လက် တစ်ဖက် က ကိုင် လို့ ပစ်လဲကျ သွားတယ် ။ ကျွန်တော် အတင်း ပြေးပွေ့ပြီး အိမ် ထဲ ခေါ်သယ် လာ ခဲ့တယ် ။ ပျော့ဖတ်နွမ်းလျ နေ တဲ့ သူ့ ပုံလေး ကို မကြည့်ရက်တော့ပါဘူး ။

မေမေ နဲ့ ညီမလေးတွေ က သူ့ အဝတ်အစားတွေ အခန်း ထဲ မှာ ဝိုင်း လဲ ပေးနေတုန်း သူ့ ကားဒရိုင်ဘာ ကို လှမ်းခေါ်ပြီး အိမ်ပြန် ပို့ကြတယ်လေ ။ ကျွန်တော် တို့ မိသားစု ပါ လိုက်သွားတယ် ။ ကား ပေါ် မှာ ကျွန်တော့် ရင်ခွင် ထဲ ထည့်ပြီး ထွေးပိုက်ထားတော့ ... 

“ ကိုကြီး ရယ် … ခေါင်းတွေ တအား ကိုက်တယ် ။ မျက်လုံးတွေ လည်း ပြာ လာပြီ ။ ဘာမှ မမြင်ရတော့ဘူး ။ ချာတိတ် လေ ကိုကြီးတို့ မိသားစုလေး ကို နှုတ်ဆက် ချင်လို့ နောက်ဆုံး အနေ နဲ့ ရောက်လာတာပါ ။ အခုတော့ အားလုံး ဒုက္ခ ရောက်ရပြီ ကိုကြီး ရယ် ”

“ အို ... စကားတွေ အများကြီးမပြောပါနဲ့ ကလေး ရယ်၊ ပင်ပမ်း နေမယ်နော် ။ အခု ကား ပေါ် မှာ မိသားစု အားလုံး ပါတယ် ။ ချာတိတ်လေး တို့ အိမ် မှာ ပျော်ပျော်ပါးပါး နေကြမယ် နော် ”

ကျွန်တော့် ရဲ့ ဆို့နင့်ကြွေကွဲ တဲ့ အသံ ကို ထိန်းရင်း သူလေး စိတ်ချမ်းသာ အောင် အားပေးနှစ်သိမ့် နေခဲ့တယ် ။ ချာတိတ်လေး က ခေါင်းလေး တစ်ချက် ညိတ်ပြရင်း ဖေဖေ ၊ မေမေ နဲ့ ကျွန်တော့် ကို လက်အုပ်ကလေး ချီ လို့ ရောဂါဝေဒနာ ကို ခံစား နေရ ရှာတယ်လေ ။ အိမ် ရောက် လို့ ကျွန်တော် ပွေ့ ပြီး သူ့ ကုတင် ပေါ် တင်တဲ့ အချိန် မှာ ပဲ သူ့ ခေါင်းလေး ကို သူ ပြန် ကိုင်လို့ လုံးဝ ငြိမ်သက် သွား ပါတော့တယ် ။ ရင်ခွင် ထဲ က နေ ချ မပေးချင်တော့ပါဘူး ။ သူ့ ကို ဖက်ရင်း မျက်ရည်တွေ သာ စီးကျ နေမိပါတော့တယ် ။ အားလုံး လည်း ချာတိတ်လေး ရဲ့ အဖြစ် ကို ပူဆွေး ငိုကြွေးနေခဲ့ကြရပါတယ် ။

•••••   •••••   •••••

ချာတိတ် ရဲ့ဈာပန ကိစ္စဝိစ္စတွေပြီးစီးပြီ မို့ ပြန်မယ် လည်း လုပ် ရော ချာတိတ်လေး ရဲ့ မေမေက ...

“ သား ခဏနော် ”

ချာတိတ်လေး ရဲ့မေမေ က စာရွက်အခေါက်လေး ရယ် ၊ စာရွက်အလိပ်လေး ရယ် ယူပြီး အခန်း ထဲ က ထွက်လာတယ် ။

“ ရော့ သား ”

ကျွန်တော် ယူ ကြည့်လိုက်တော့ အိမ် အရောင်းအဝယ် စာချုပ် ။

“ ဟင် ဒါဘာလဲ အန်တီ ”

“ အဲ့ဒါ သား ညီမ က သူ့ မုန့်ဖိုးလေးတွေ နဲ့ စုပြီး သားတို့ ဇနီး မောင်နှံ နေဖို့ လက်ဖွဲ့တာ တဲ့ လေ တိုက် နဲ့ ခြံ ပေါ့ ”

“ ဟာ အန်တီ မဟုတ်တာ .. ကျွန်တော် လက် မခံပါရစေနဲ့ ။ ကျွန်တော်တို့ ချာတိတ်လေး ကို ညီမ အရင်း တစ်ယောက် လို မိသားစု အရင်း တစ်ယောက် လို နွေးထွေးကြင်နာမှု ပေးခဲ့တာ ဖြူစင်စွာ ချစ်ခင်ကြတာပါ ”

“ အန်တီ အစအဆုံး အကုန် သိပါတယ်ကွယ် ။ သား တို့ မိသားစု ရဲ့ ရိုးသား အေးဆေးစွာ နေတတ်မှု သား ကိုယ်တိုင် ဖြူစင်ပြီး စောင့်စည်း တတ်တဲ့ စိတ်တွေ ကြောင့် လည်း သမီးလေး က ပြန်ပြီး ကျေးဇူး ပြုတာ ပါ ကွယ် ။ သူ့ သွားလမ်းလေး ဖြောင့်အောင် သား လက်ခံပေးလိုက်ပါနော် ”

“ အန်တီ ရယ် ကျွန်တော် လက် မခံပါရစေနဲ့ ၊ ကျွန်တော် သူ့ အပေါ် ထားတဲ့ သန့်ရှင်းဖြူစင်တဲ့ မေတ္တာတွေ ကို အရောင်ဆိုးသလို အဖြစ် မခံနိုင်လို့ပါ ခင်ဗျာ ။ ဒီလို လုပ်ပါလား အဲ့ဒီအိမ် နဲ့ ခြံ ကို အန်တီ ပြန် ဝယ် တဲ့ ပုံစံ မျိုး ငွေ ထုတ်ပေးလိုက် ၊ ကျွန်တော် တို့ အဲ့ဒီ ငွေတွေ အကုန်လုံး ကို ညီမလေး ကောင်းရာ သုဂတိ လားစေဖို့ လှူ လိုက် ကြမယ်လေ ၊ ဒါဆို ညီမလေး လက်ခံကြည်ဖြူ မှာ ပါ နော် ”

“ အေးလေ သား သဘောပါကွယ် ၊ သား လုပ်တာ ဆို သမီးလေး လက်ခံ ကြည်ဖြူ မှာ ပါ လေ ”

“ ရော့ ဒါက သူ ရေးခဲ့တာပါကွယ် ”

လက်ရေးလေးတွေ ဝိုင်းစက်ပြီး ရေးထားတဲ့ စာလေး ကို ဖတ်လိုက် တော့ ...

“ ကိုကြီး ရေ ချာတိတ်လေး အားလုံး နဲ့ ဝေးတဲ့ ဆီ ကို သွားရတော့မယ် လေ ။ ချာတိတ်လေးအရမ်း ချစ် တဲ့ ကိုကြီး ရဲ့ချစ်သူလေး ကို လည်း တွေ့မြင်ခွင့် မရတော့ပါဘူး ။ မျက်လုံးထဲ က ပုံဖော် ကြည့်မိတယ် ၊ ဆံပင်ရှည်ရှည် အိန္ဒြေ ရှိရှိ မြန်မာ ဆန်ဆန်လေး ဖြစ်မယ်လို့ ။ အဲ့ဒီ မမ လည်း ကိုကြီး လို မေတ္တာတရားတွေ ပြည့်ဝပြီး ယောက်ျား ပီသတဲ့ လူမျိုး နဲ့ တွေ့ရတာ ကံကောင်း မှာ ပါ ။ အခု မိသားစုလေး ထူထောင်ထားသလို ကိုကြီး လည်း ထူထောင်ပါ နော် ။ ကိုကြီး တို့ ဇနီးမောင်နှံ အတွက် ညလေး အမှတ်တရ လက်ဖွဲ့ ခဲ့ပါတယ်နော် ။ ကိုကြီး လက်မခံဘူး ဆိုတာ သိပါတယ် ၊ ဒါပေမဲ့ လက်ခံပေးပါ ပြီး မှ ကိုကြီး ကြိုက်သလို လုပ်ပါနော် ။ ချာတိတ်လေး တော့ သွားရတော့မယ် ကိုကြီး ရေ အားလုံး ကို နှုတ်ဆက် ခဲ့ပါတယ် ။ နောက် ဘဝများ ရခဲ့ရင် လေ ကိုကြီးတို့ဇနီးမောင်နှံ ဆီ မှာ လာ ဝင်စား ပါရစေနော် ...
      အရမ်းချစ်တဲ့ ကိုကြီးရဲ့
             ချာတိတ်လေး ...

စာလေး ကို ဖတ်ရင်း ကျွန်တော် ချုံးပွဲချ ငိုကြွေး ရပါတော့တယ်  ။ ချစ် တတ်လိုက်တဲ့ ချာတိတ်လေး သံယောဇဉ် ကြီးတတ်လိုက်တာ ။ ဖြူစင် သန့်ရှင်းပြီး နှလုံးသား လှတဲ့ ချာတိတ်လေး ကို မှ လောကကြီး ထဲ က အစောကြီး ထွက်ခွာခွင့်ပေး လိုက်ရလား ကံကြမ္မာကြီး ရယ် ...

ဆုတောင်း ပေး လိုက်ပါတယ် ။ ဖြစ်လေရာ ဘဝ တိုင်း ဘဝ တိုင်း နွေးထွေးပျော်ရွှင် တဲ့ မိသားစုဘဝလေး ကို ရရှိ ပိုင်ဆိုင်ပါစေ ။ လူ့ ဘဝ ကို သက်တမ်းစေ့ နေရပါစေ ချာတိတ်လေး ရယ် ...

အမြဲ ရင် ထဲ မှာ အမှတ်တရ ရှိနေမှာပါ ...

◾သက်ဆုံးတိုင်

📖နှလုံးသားဖြင့် စီရင်သည်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment