Thursday, December 8, 2022

မြနန်းနွယ် ( ၂ )


 ( ၂ )


“ ဒီလို မောင်ရင် ရဲ့ ငါတို့ ဆရာကြီး အဘမှည့် က ရှေး စကားပုံ တွေ နဲ့ ဓာတ်ဆင် လေ့ ရှိတယ်ကွယ့် ။ အခုလည်း ငါ့ ကို ကြွေပန်းကန် မှာ ရွှေရေး အနား ကွပ် ပါ တဲ့ ပန်းကန် နဲ့ ထမင်း စား ရမယ်လို့ ပြော တာဟာ အကြောင်းမဲ့ ပြောတာ မဟုတ်ဘူး ကွ ။ တို့ မြန်မာစကား ပုံ မှာ “ မျက်နှာသာပေး ၊ ရွှေရေး ပန်းကန်တက် ” ဆိုတဲ့ စကား ရှိတယ် မဟုတ်လား ။ အဲဒီ ပညတ်ဓာတ် ကို ယူပြီး ငါ့ ကို ရွှေရေး ပန်းကန် နဲ့ စား ခိုင်းတာ ။ လူအများ ရဲ့ မျက်နှာသာ ပေးခြင်း ခံ ရအောင်ပေါ့ ကွာ ” 


ဟု ပြော လေ၏ ။ ကျွန်ုပ် လည်း ဦးအောင်သော်ကြီး ပြောသည့် စကား ကို စဉ်းစား နေမိလေ၏ ။ ထို့ကြောင့် ဦးအောင်သော်ကြီး က ..


“ ဘာလဲကွ ။ မင်း က ငါ ပြောတဲ့ စကား ကို မယုံလို့လား ။ ဒါမှ မဟုတ်ရင် တို့ ဆရာကြီး အဘမှည့် ပြောတဲ့ စကား ကို မယုံလို့လား ”  


ဟု မေးလေ၏ ။ 


ထိုအခါ ကျွန်ုပ် က .. 


“ ကျွန်တော် က ဘာကိုပဲ ဖြစ်ဖြစ် ယုံတယ် ၊ မယုံဘူး ဆို တဲ့ “ ဘက် ” တွေ နဲ့ မစဉ်းစားပါဘူး ။ ယုံတယ် ၊ မယုံဘူး ဆို တာ ဟာ လည်း ပုံသေ မရှိပါဘူး ။ ယုံစရာ ရှိတော့လည်း ယုံ လိုက်တာပေါ့ ။ ယုံစရာ မရှိတော့ လည်း မယုံ လိုက်တာပေါ့ ။ ဒါက အရေး မကြီးပါဘူး ”  


ဟု ပြော လိုက်ရာ ဦးအောင်သော်ကြီး က .. 


“ မင်း ပြောတဲ့ စကား မဆိုးဘူး ကွ ။ ဒါပေမယ့် ငါ ကတော့ မင်း လို မဟုတ်ဘူး ။ ဟိုတုန်း က ဘာမှ မယုံဘူး ။ အခုတော့ အကုန်လုံး ယုံ နေပြီ ။ ဟိုတုန်းက မယုံဘူး ဆိုတာ ဘာ ဆန်းသလဲ ကွယ် ။ အဲဒီ တုန်း က တမလွန် ဘဝ ရှိတယ် ဆိုတာ ကို တောင် မယုံတာ ။ အဲဒီ တုန်း က အယူအဆ နဲ့ ပြောမယ် ဆိုရင် သေပြီး ရင် ပြီးပြီ လို့ ယူဆ ခဲ့တာ ဟေ့ ။ ငါ့ သူငယ်ချင်း ဖေသော် ကို အကြောင်း ပြုပြီး တမလွန် ဘဝ ရှိတယ် ဆိုတာ ကို လည်း ယုံ ။ နတ် တွေ ၊ ဇော်ဂျီ တွေ ၊ ဝိဇ္ဇာ တွေ ရှိတယ် ဆိုတာ ကို လည်း ယုံ ။ သရဲ ၊ တစ္ဆေ ၊ မှင်စာ ရှိတယ် ဆိုတာ ကို လည်း ယုံ ။ အကုန်လုံး ကို ယုံ တော့ တာပဲ ကွာ ။ အဲဒီလို ယုံ ပြန် တော့ လည်း ယုံတဲ့ အတိုင်း လျှောက် ပြီးတော့ လုပ် တော့ တာ ပေါ့ ”  


ဟု ပြော လေ၏ ။ 


“ အဲဒါ ထားပါဦး ဦးလေး ရဲ့ ။ ကျွန်တော့် ကို ရွှေအဓိဋ္ဌာန် အကြောင်း ပြော ပါဦးဗျ ”  


ဟု ကျွန်ုပ် က ပြော လိုက်ရာ ...


ဦးအောင်သော် က ပြုံး ၍ .. 


“ ပြောရမှာပေါ့ ကွာ ..  ။ ငါတို့ ကို ငါတို့ ဆရာကြီး က ရွှေအဓိဌာန် လုပ်ခိုင်းတဲ့ နေ့ က စပြီး ငါတို့ နာမည်တွေ ကို ရိုးရိုး မခေါ်ဘူး ကွ ။ ရွှေ တပ်ပြီး ခေါ်တယ် ။ လှဖေ ကို ရွှေလှဖေ တဲ့ ။ ငါ့ ကို လည်း ရွှေအောင်သော် တဲ့ ။ တို့ နဲ့ အတူ အဓိဋ္ဌာန် လိုက်ပြီး ဝင်တဲ့ မပန်းနု ဆို တဲ့ မိန်းမ တစ်ယောက် ရှိ သေးတယ် ။ သူ့ ကို လည်း ရွှေပန်းနု တဲ့ ။ အဲဒီလို ဘာလို့ ခေါ်ရတာလဲ လို့ တို့ က တို့ ဆရာကြီး အဘမှည့် ကို မေးတယ် ။ အဲဒီအခါ မှာ အဘမှည့် က ရွှေဟိတ် ခတ်ပြီး ရွှေဓာတ် ဆင်ပေးတာပေါ့ ... လို့ ပြန်ပြီး ပြောတယ် ”  


ဟု ပြောလေ၏ ။ ထိုအခါ၌ ကျွန်ုပ် သည် ..


“ ဦးလေး .. ခဏ နေဦး ။ ကျွန်တော် စား စရာလေး တစ်ခု ခု သွား ဝယ်ဦးမယ် ” 


ဟု ပြောပြီး စေတီတော် ဝင်း အပြင်ဘက် တွင် ရောင်းချ နေသည့် ဘယာကြော်ကုလား ထံ မှ ဘယာကြော် ပူနွေးနွေး တစ်မတ်ဖိုး ကို သွား၍ ဝယ် လေ၏ ။ ထိုကုလားသည် ဘယာကြော် ကို သာမက ဘယာကြော် နှင့် တွဲဖက် စားရန် ကြက်သွန် နှင့် ငရုတ်သီးတောင့် ကို ပါ အဆစ် ပေးလိုက် သေး၏ ။ ကျွန်ုပ် သည် ဦးအောင်သော်ကြီး အား .. 


“ ဦးလေး စား ပါ ”  


ဟု ဆိုကာ ဘယာကြော်ထုပ် ကို ပေးလိုက်၍ ဦးအောင်သော်ကြီး က 


“ အလွန်ကောင်းတဲ့ အစားအသောက် ကွ ။ တို့ ဆရာကြီး ဆို သိပ် ကြိုက်တာ ။ ဘယာကြော် ဆိုတာ ဘေးဘယာတွေ ကျော်လွှား သွား တယ် လို့ နိမိတ် ကောက် တယ်ကွ ။ ဆရာကြီး ဟာ ဘေးဘယာ နဲ့ ကြုံတွေ့ နေတဲ့ လူတွေ ကို ဘယာကြော် ကျွေးလေ့ ရှိတယ် ”  


ဟု ပြောလိုက်လျှင် ကျွန်ုပ် က ...


“ ဒီလိုဆို ဦးလေး ရယ် ဘယာကြော်ပြီး ရောင်းတဲ့ ကုလားဟာ ဘယ်တော့မှ ဘေးဘယာ ရောက်စရာ မရှိတော့ဘူးပေါ့ ” ဟု ပြော လိုက်လျှင် ဦးအောင်သော် က ..


“ မင်း ဟာ အတော် ကို ကတ်ဖိုးကတ်ဖဲ့ ပြောတဲ့ ကောင် ။ တို့ ဆရာကြီး အဘမှည့် နဲ့ ဆိုရင်တော့ ဒီလို မေးလိုက်တာ နဲ့ မင်း ကို ထွေးခံ နဲ့ ပေါက်ပြီး သားပဲ ”  


ဟု ပြောလေ၏ ။ 


“ ဦးလေး ရဲ့ဆရာကြီး က လည်း အတော့် ကို စိတ် ကြီးတာပဲ ။ မသိ လို့ မေးတာပဲ အဘ ရယ် ”  


ဟု ကျွန်ုပ် ပြော လိုက်လျှင် .. 


“ မင်း ဟာ က မသိလို့ မေးတာ မှ မဟုတ်ဘဲကွ ။ ကတ်ပြီး ပြောတာပဲ ။ မင်း ပြော တဲ့ ဘယာကြော်ကုလားက ဓာတ်ဆင် တာ မဟုတ်ဘူးကွ ။ သူ့ ရဲ့ ဝမ်းစာရေး အတွက် သူ့ ဟာ သူ ကြော် ပြီး ရောင်းတာ ။ အဘမှည့် က ဓာတ်ဆင် တာ လေကွာ ။ တစ်ခါတုန်းက တို့ ရပ်ကွက် ထဲ မှာ သူခိုး ဆူ တော့ အိမ် ကို သူခိုး မဝင်အောင် ဆိုပြီး သူခိုး ရဲ့ ကက်ကင်း ဖြစ်တဲ့ ကြက်သွန် တွေ ဝယ် ပြီး အိမ် အဝင် ဝ မှာ ဆွဲ ကြတယ်ကွ ။ သူခိုး က တို့ အိမ် ကို တော့ မဝင်ဘူး ကွ ။ ဒါပေမယ့် တို့ ကြက်သွန် သွား ဝယ်တဲ့ အိမ် က ကြက်သွန်အိတ်ကြီး နှစ်အိတ် တော့ မ,ချသွား တယ်ပေါ့ ။ သူ က ဓာတ်ဆင် တာ မှ မဟုတ်ဘဲ ကွာ ။ အဲဒီတော့ သူ့ ကြက်သွန်အိတ်ကြီး ပါ သွား တာပေါ့ ။ တို့ က ဓာတ်ဆင် တာ မဟုတ်လား ။ အဲဒီလို ခွဲခြားပြီး နားလည် မှ ပေါ့ကွာ ”  


ဟု ဦးအောင်သော် က ပြော ပြလေ၏ ။ ထိုအခါ ကျွန်ုပ် က .. 


“ စိတ်မဆိုးပါနဲ့ ဦးလေး ရယ် ။ ကျွန်တော် က ကျီစား တာ ပါ ။ မယုံလို့ မဟုတ်ပါဘူး ဦးလေး ရယ် ။ ယုံ လို့ လည်း ဦးလေး ကို ရွှေအဓိဋ္ဌာန် အကြောင်း မေး နေတာပေါ့ ” 


ဟု ပြော လိုက်မှပင် ဦးအောင်သော် လည်း ကျွန်ုပ် အပေါ် ကျေနပ် သွား လေတော့၏ ။ ထို့နောက် ဦးအောင်သော် က ...


“ အလျင်တုန်း က စားတဲ့ သောက်တဲ့ နေရာမှာ ငါ ဟာ စည်းကမ်း မရှိဘူးကွ ။ ဇလုံ နဲ့ စားတယ် ။ ငါ စား တဲ့ ဇလုံ ဆိုတာ လည်း ကြွေရည်သုတ် သံဇလုံ ကွ ။ ကြွေ တွေ က လည်း ကွာ ပြီး ကြည့်လို့ မကောင်းတော့ပါဘူး ကွာ ။ အဲဒီလို ဇလုံစုတ် နဲ့ ဘာ နဲ့ စား တာကွ ။ ပြောရမှာ မရှက်ပါဘူး ကွာ ။ တစ်ခါတလေ ဒန်အိုးဖုံး နဲ့ ဘာ နဲ့ စား ချင် စား ပစ် လိုက်တာ ။ အဲဒီတော့ ငါ့ ဘဝ ဟာ အဆင် ပြေသင့် သလောက် အဆင် မပြေဘူးပေါ့ ကွာ ။ လူ ဟာ တစ်ခါတလေ စားတာ သောက်တာ နေတာ ထိုင်တာ ပုံ မကျရင် ကြီးပွားချမ်းသာ ဖို့ ခက်တယ် ။ အဲဒါကို တချို့ လူတွေ က မယုံဘူး ။ ဒါပေမယ့် ငါ က ကိုယ်တွေ့ ဆို တော့ ယုံတယ် ။ ငါ့ ဆရာကြီး အဘမှည့် နဲ့ တွေ့ မှ ဒါတွေ ကို သိရတာ ။ အစ ပထမ က တော့ မယုံပါဘူးလေ ။ နောက်တော့ လည်း တဖြည်းဖြည်း နဲ့ ယုံ လာ ရတော့တယ် ”  


ဟု ပြော လိုက်လေ၏ ။ ထိုအခါ ကျွန်ုပ် က .. 


“ စောစော က စကား ကို ပြန် ဆက်ပါဦး ။ ရွှေအဓိဌာန် ယူ တော့ ဘယ်လို ထူးခြား သွား သလဲ ”  


ဟု မေး လိုက်ရာ ဦးအောင်သော် က .. 


“ ငါ က သင်္ဃန်းကျွန်း ဘက် မှာ တပည့် နှစ်ယောက် လည်း အိမ် မှာ မွေးထားတယ် ။ တစ်ယောက် က ထမင်း ချက် ဖို့ ၊ တစ်ယောက် က ကား ပြင် ဖို့ ၊ ယုန်တံဆိပ် ၊ လခြမ်းတံဆိပ် တွေ တပ် ထားတဲ့ သင်္ဃန်းကျွန်း မော်တော်ကား သုံးစီး ထောင် ထားတယ် ။ ကား တွေ လည်း အကျိုး မပေးဘူး ။ သုံးစီး တစ်ခါတည်း ထွက် ရတဲ့ ရက် တစ်ခါ မှ မရှိဘူး ။ တစ်စီး ထွက် နှစ်စီး ပျက် ပဲ ။ ငါ ခေါ်ထားတဲ့ တပည့်လေး က လည်း ကား ပြင် လိုက်ရတာ နားရတယ် ကို မရှိဘူး ။ လမ်း ထဲ က လူတွေ က သူ့ ကို ကောင်းကောင်း မမှတ်မိဘူး ။ ဘာကြောင့်လဲ ဆိုတော့ အမြဲ တမ်း ဆီချေးတွေ ပေ နေလို့ ရုပ် ကို မပေါ်ဘူး ။ အဲဒါနဲ့ ငါ လည်း ကား ကို တစ်စီး ပြီး တစ်စီး ရောင်း ပစ် လိုက်တာ သုံးစီး စလုံး တက် တက် ပြောင် ရော ဆိုပါတော့ ။ အဲဒီက စပြီး ငါ့ ဆီ ကို ဒုက္ခတွေ တစ်ခု ပြီး တစ်ခု ရောက် လာတော့တာပဲ ။ အရပ်စကား နဲ့ လွယ် လွယ် ပြောရရင် ဒုက္ခတွေ ပင်လယ်ဝေ ပြီ ပေါ့ ကွာ ။ သုံးနှစ် လောက် ဒုက္ခ အကြီးအကျယ် ရောက် လိုက်တာ ကြွေးတွေ တင် ၊ လူ လည်း စုတ်ပြတ် သတ်ပြီး စားရ သောက်ရ မဲ့ တဲ့ ဘဝ ကို ရောက် ရတော့ တာ ပဲပေါ့ ။ အဲဒီလို ဖြစ် နေတုန်း မှာ ဆရာကြီး အဘမှည့် နဲ့ မလွှကုန်းဘူတာ မှာ ရထား စောင့် ရင်း စ ပြီး တွေ့ တာပဲ ကွ ။ အဲဒီမှာ အဘမှည့် က ငါ့ ကို ကယ် လိုက်တာ ။ စပြီး လုပ် ရတာ “ ရွှေဘုရား ခုနစ်ဆူ ”  မှာ စပြီး အဓိဌာန် ဝင် ခိုင်းတယ်ကွ ။ ဂါထာ က လည်း မင်း ကို ပြော တဲ့ ဂါထာ ပဲ ။ လုပ်ခါ စ က တော့ မယုံပါဘူး ကွာ ။ လုပ် သာ လုပ် နေရတယ် ။ တကယ် က တခြား လုပ်စရာ မရှိ လို့ လုပ်နေ ရတာ ။ အဓိဌာန် ရှစ်ပတ် လည်း ကျော် ရော ငါ့ ဆီ က ထွက်ပြေးသွား တဲ့ ငါ့ တပည့် နှစ်ယောက် ဟာ တွံတေး မှာ သွားပြီး ဆုံကြတယ် တဲ့ ။ အဲဒီမှာ စကား စပ်မိပြီး အကြောင်း ကို ပြောကြတယ် ။ အဲဒီလို ပြောမိရာ က နေ တို့ ဆရာ သနားပါတယ် ဆိုပြီး ငါ့ ဆီ ကို ပြန် လာ ကြတာ တဲ့ ။ အဲဒီလို ပြန် လာတဲ့ အခါ မှာ တွံတေး က ဆရာမင်း ဆို တဲ့ ဆေးဆရာကြီး ဆီ က ဆေးတွေဝါးတွေ တောင်း လာကြ တယ် ။ အဲဒီ ဆေး နဲ့ ပဲ ငါ လည်း နေကောင်း သွား တာပေါ့ ။ သူ တို့ ပြန်လာတဲ့ နေ့ မှာ ပဲ ငါ နေတဲ့ တဲကြီး ရဲ့ နောက်ဘက် က  တိုင်တွေ က ဆွေး ပြီး ပြို ကျတော့တာကိုး ။ အဲဒီမှာ ဆရာ တပည့် သုံးယောက် တိုင် အသစ်တွေ ဝယ်ပြီး တဲ ကို ပြင်ကြတယ် ကွယ့် ။ တိုင် ထူ ဖို့ ကျင်း ကို နက်နက် တူးကြမယ် ဆိုပြီး ဆရာ တပည့် သုံးယောက် တစ်လှည့် စီ တူးကြတယ် ။ ငါ တူး တဲ့ အလှည့် မှာ တူရွင်း နဲ့ ထိုး လိုက်တာ ဂေါက် ခနဲ မြည် လို့ မြေစာတွေ ဖယ်ပြီး ကြည့် လိုက်တဲ့ အခါ မှာ ဝက်အူရစ် ပါတဲ့ ကြေးနွားနို့အိုး အလတ်စားလေး တစ်လုံး ကို သွား တွေ့တယ် ဟေ့ ။ ငါ လည်း တွင်းပေါ် ကို ဆယ် ယူပြီး အားရဝမ်းသာ အိုး ကို ဖွင့် တော့တာပဲ ။ ဝက်အူရစ် က ကျပ် နေလို့ အဖုံး ပေါ် က ကြေး ကွင်း ထဲ ကို တူရွင်း လျှိုပြီး ဆရာတပည့် သုံးယောက် ပြိုင်တူ လှည့် ကြ တာပေါ့ ။ အဖုံး လည်း ပွင့် သွားရော သုံးယောက် သား ထ ခုန် လိုက်ကြတာ ။ ငါ့ တပည့် မက္ကင်းနစ် ဟာ တွင်း ထဲ ခြေထောက် တစ်ဖက် ကျ သွား လို့ ခြေပွတ်တိုင် လည် သွား တယ်ပေါ့ ။ အဲဒီလို ဘာကြောင့် ထ ခုန်ရသလဲ ဆိုတော့ အိုး ထဲ မှာ ရွှေဒင်္ဂါးတွေ ကွ ။ ဝင်း နေတာပဲ ။ သွန်ချ ပြီး ရေ ကြည့် တာ စုစုပေါင်း သုံးရာခြောက်ဆယ့်ငါးပြား ရှိ တယ်ကွ ”  


ဟု ပြော လိုက်ရာ ကျွန်ုပ် က ..


“ မူလ စု တဲ့ သူ က တစ်နေ့ တစ်ပြား ထည့် သွားဟန် ရှိတယ် ။ ဒါဟာ တစ်နှစ် ပြည့် လို့ အိုး ပြည့်တော့ မြေကြီး ထဲ မြှုပ် လိုက်တာ ဖြစ်မယ် ”  


ဟု ပြော လိုက်ရာ ဦးအောင်သော် က ... 


“ မင်း တွေးတောတာ မဆိုးဘူးကွ ။ အဲဒီလိုပဲ ဖြစ်နိုင်တယ် ။ အဲဒါ နဲ့ တို့ ဆရာတပည့် သုံးယောက် ဒီအတိုင်း မနေဘူး ဟေ့ ။ အိမ် မှာ ရှိတဲ့ တိုင်တွေ ဖြုတ်ပြီး လျှောက်ပြီး တူးတော့တာပဲ ဟေ့ ။ တဲအိမ် ကြီး လည်း ပြိုရော ဆိုပါတော့ကွာ ။ တဲ နေရာ တစ်ခု လုံး ကျောက် ပေါက်မာတွေ ဖြစ် ကုန်တော့တာပဲဟေ့ ။ ငါ့ တပည့် နှစ်ယောက် ဟာ နည်းနည်းလေး အားတာ နဲ့ တူး တော့တာပဲ ။ သစ်ပင်တွေ လည်း သေ ကုန် ရောပေါ့ ။ သစ်ပင် အောက် လည်း တူးတော့တာပဲ ။ ငါ လည်း ပဲ ငါ တို့ ဆရာကြီး အဘမှည့် ဆီ ကို အဲဒီ အိုး နဲ့ ပြေး သွားပြီး ပြော တော့တယ် ။ ပြီးတော့ အဘမှည့် ကို လည်း အပြား တစ်ရာ ရှစ်ဆယ် လှူ တယ် ။ အဘ သာသနာပြု ဖို့ ဆိုပြီး ပြောပြီး လှူတယ် ။ အဲဒီမှာ အဘ က ရယ်တယ် ။ ပြီးတော့ ဘာပြောသလဲ ဆိုတော့ မင်း တို့ ရွှေ မင်းတို့ ပြန် ယူသွား ။ ငါ ဘာမှ သာသနာ မပြုဘူး ။ ငါ လုပ်စရာ ရှိတာ လုပ်တာ ။ ငါတို့ လူတွေ က သာသနာ ပြုတာ မဟုတ် ပါဘူး ။ သံဃာတော်ရှင်မြတ်တွေ က သာသနာ ပြု တာ လို့ ပြောပြီး ပြန် ပေးလိုက်တယ် ” 


ဟု ပြောပြီး လျှင် ဦးအောင်သော် သည် ရေ ငတ်သည် ဟု ပြော၏ ။ ထို့ကြောင့် ကျွန်ုပ် လည်း သောက်ရေအိုးစင် မှ ရေ တစ်ခွက် သွား၍ ခပ်ပေး ရ၏ ။


ဦးအောင်သော် လည်း ရေ သောက် ပြီး နောက် ရေအကျိုး ဆယ်ပါး ဆု ကို ကျွန်ုပ် အား ပေး လေ၏ ။ ထို့ကြောင့် ကျွန်ုပ် က ..


“ ဦးလေး ရယ် .. အလကား ရ တဲ့ ရေတောင် ဆယ်ပါး ဆု ပေးတယ် ။ ဘယာကြော်ကျွေး တဲ့ ဆု ကျွန်တော့် ကို မပေးတော့ဘူးလား ”  


ဟု ပြော လိုက်ရာ ဦးအောင်သော် က .. 


“ မင်း က တော့ ကွာ တို့ဆရာကြီး အဘမှည့် နဲ့ တွေ့ရင် တောင်ဝှေး နဲ့ ရိုက် ခံရတော့မယ် ။ ကတ်ဖိုးကတ်ဖဲ့ တော်တော် ပြော တတ်တဲ့ ကောင်ပဲ ”  


ဟု ပြော၍ ရယ် လေ၏ ။ ထို့နောက် ဦးအောင်သော် က .. 


“ ငါ့ ဒုက္ခတွေ ကို ငါ က များလှပြီ အောက်မေ့ နေတာ ။ ဆရာကြီး နဲ့ တွေ့တော့ မှ ဆရာကြီး က မင်း ဒုက္ခတွေ ပြောစမ်း ဆိုပြီး ငါ့ ကို ပြော ခိုင်းတယ် ။ ငါ လည်း သူ့ ကို ပြော ပြလိုက်တယ် ။ အဲဒီမှာ ဆရာကြီး က ငါ့ ဒုက္ခတွေ ကို တစ်ခု ချင်း ခေါင်းစဉ် တပ်ပြီး ခွဲခြမ်း ပြ လိုက်တာ ငါ့ မှာ ဒုက္ခ ရှစ်မျိုး ရှိနေမှန်း သိ ရ တော့တာပဲ ။ အခုလို ရွှေဒင်္ဂါးတွေ ရ တော့ ဒုက္ခ ရှစ်မျိုး ဟာ တစ်ခု ပြီး တစ်ခု ပြေလည် သွားတော့တာပေါ့ ကွာ ”  


ဟု ပြော လျှင် ကျွန်ုပ် က .. 


“ နောက်ထပ် ထပ်ပြီး ရ သေးသလား ဦးလေး ”  


ဟု မေး လိုက်ရာ ဦးအောင်သော် က .. 


“ ရသေးတယ်ကွ ။ ငါတို့ ဆရာကြီး က ငါ့ ကို တဲ ပြန် မဆောက်နဲ့ဦး တဲ့ ။ ကျေနပ်အောင် တူး ကြည့် လိုက်ဦး တဲ့ ။ မင်း ခြံ ထဲ မှာ ဘာပင် တွေ ရှိသလဲ တဲ့ ။ ဘယ်လို ငှက်တွေ လာ နား တတ်သလဲ တဲ့ ။ ငါ့ ကိုမေး တယ် ။ အဲဒီတော့ ငါ က ခေါင်းရင်း ဘက် မှာ သကြားပင်လေး တစ်ပင် ရှိတယ် ။ အဲဒီ သကြားပင် မှာ ရွှေပြည်စိုး ငှက်လေး တစ်ကောင် ဟာ အိပ်တန်း လာ တက်လေ့ ရှိကြောင်း ပြော ပြတော့ ဆရာကြီး က ရွှေပြည်စိုးငှက် အဲဒီမှာ နေတယ် ဆိုရင် အဲဒီ ငှက် မစင် စွန့်တဲ့ နေရာ ကို ထပ်ပြီး တူး ကြည့်ဦး တဲ့ ။ အဲဒီလို မှာ လိုက် တော့ ငါ လည်း အိမ် ကို ပြန် လာပြီး ငါ့ တပည့် နှစ်ယောက် နဲ့ တူရွင်း တွေ ၊ ဂေါ်ပြားတွေ ကိုင် ကြ တာပေါ့ကွာ ။ အဲဒီမှာ ထပ်ပြီး ရတာ ပေါ့ကွာ ။ ထပ်ပြီး ရတာ ကလည်း ဝက်အူရစ် ပါတဲ့ ကြေးနွားနို့ အိုး ပဲ ကွ ။ ဒါပေမယ့် အိုး က အကြီး ကွ ။ အဲဒီ ရတဲ့ အခါ မှာတော့ ရွှေဒင်္ဂါးတွေ မဟုတ်ဘူး ။ လက်ဝတ်လက်စားတွေ ကွ ။ ကျောက်မျက် ရတနာတွေ လည်း ပါ တာ ပေါ့ကွာ ။ အဲဒါနဲ့ ငါ လည်း အဲဒီ အထဲ က ပစ္စည်း တစ်ခု ကို ယူပြီး စိန်ဘာဘူ ကို ပြ ကြည့်တယ် ။ အဲဒီတော့ စိန်ဘာဘူ က အဲဒီပ စ္စည်းကို ကြည့်ပြီး ဒီ ပစ္စည်းလက်ရာ ဟာ ခု ခေတ် လက်ရာ မဟုတ်ဘူး တဲ့ ။ ဒီ ပစ္စည်း ဟာ အနည်းဆုံး နှစ် ၂၀၀ ကျော် ၊ ၃ဝဝ လောက် က ပစ္စည်းတဲ့ ။ အဲဒီလို ပြော တယ်ကွ ”  


ဟု ပြောလေ၏ ။ 


“  ဦးလေး .. အဲဒီ ပစ္စည်းတွေ ကို ဘယ်လို လုပ် ပစ်သလဲ ”  


ဟု ကျွန်ုပ် က မေး လိုက်ပြန်ရာ ဦးအောင်သော် က .. 


“ ပြောပါမယ် ကွ ” 


ဟု ဝန်ခံပြီး လျှင် သူ ၏ အိတ် တွင်း မှ ဆေးလိပ် အသစ် တစ်လိပ် ကို ထုတ်ကာ မီးညှိ လေတော့၏ ။ ထို့နောက် အနည်းငယ် ရှိုက်ဖွာ လိုက် ၏ ။ ပြီးလျှင် မီးခိုးများ ကို အားရပါးရ မှုတ် ထုတ်ရင်း ..


“ ငါ့ သူငယ်ချင်းဖေသော် အတွက် အလှူအတန်း လုပ် ရမယ် ကွ ။ ပြီးတော့ ဒီ ကောင်ကြီး ကို အမျှအတန်း ပေးဝေ ရမယ် ကွ ။ အဲဒါကြောင့် ရွှေထည်ပစ္စည်းတွေ ကို ထုခွဲ ရောင်းချ ရတယ်ပေါ့ ။ ကျောက်မျိုးစုံစီ ခြယ်ထားတဲ့ ရတနာဘယက် တစ်ခု တည်း က ကို သုံးသောင်း လောက် ရ တယ်ကွ ။ အဲဒါနဲ့ ဖေသော်ကြီး အတွက် ဘုန်းကြီး ( ၂၅ ) ပါး ပင့်ပြီး ဆွမ်း ကျွေးတယ် ။ သင်္ကန်း ကပ်တယ် ။ ဘုန်းကြီးကျောင်း မှာ ဆွမ်းစားကျောင်း ကောင်းကောင်း မရှိလို့ ပျဉ်ထောင်သွပ်မိုး နဲ့ ဆွမ်းစားကျောင်း တစ်ဆောင် ဆောက်ပြီး လှူ ရတယ်ကွ ။ ပြီးတော့ ရေစက်ချ အမျှပေးဝေ လိုက်တယ် ။ နောက်တော့ ငါ မြို့ ထဲ မှာ နေချင်တာနဲ့ မောင်ဂိုမာရီလမ်း ( ယခု ဗိုလ်ချုပ်လမ်း ) မှာ တိုက်ခန်း တစ်ခန်း ဝယ် တယ် ။ တဲကြီး ကို လည်း ပျဉ်ထောင်သွပ်မိုး အိမ်ကြီး ဆောက် ပစ် လိုက်တယ်ကွ ။ ပြီးတော့ ငါ့ တပည့် နှစ်ယောက် ကို အဲဒီမှာ ထားတယ် ။ ဘတ်စ်ကား သုံးစီး ပြန် ဝယ် လိုက်တယ် ။ ငါ့ ရဲ့ ဘတ်စ်ကား တွေ မှာ “ ရွှေအိုးကြီး ” ဆို တဲ့ စာတမ်းတွေ ကို ရေး ထားတယ် ။ ငါ့ တပည့် နှစ်ယောက် ကို လည်း ငါ လစာရိက္ခာ ကောင်းကောင်း ပေး ထား တာပေါ့ကွာ ။ ပြီးတော့ ငါ စီး ဖို့ ဂျစ်ကား တစ်စီး ဝယ်တယ် ။ မနက် ဆို ရင် ငါ့ တိုက်ခန်း က နေ ပြီးတော့ သင်္ဃန်းကျွန်း မှာ ရှိတဲ့ ငါ့ တပည့် တွေ ဆီ ကို ဂျစ်ကား နဲ့ ထွက် လာခဲ့တယ် ။ တာမွေကလေး ရောက်တဲ့ အခါမှာ အီကြာကွေး ဝယ်တယ် ။ သင်္ဃန်းကျွန်းလမ်း ကွေ့ ရောက်တဲ့ အခါ ကျ မှ ကုလားဆိုင် မှာ ဆင်းပြီး လက်ဖက်ရည် ဝယ် တယ် ။ အဲဒီမှာ ငါ့ တပည့် နှစ်ယောက် က ပန်းကန် ဆေးပြီး အသင့် စောင့် နေတယ် ။ ပြီးတော့ တို့ ဆရာတပည့် သုံးယောက် လက်ဖက်ရည် နဲ့ အီကြာကွေး ကို လွေး ကြတော့တာပဲ ဟေ့ ။ ပြီးတော့ ငါ့ တပည့် မြမောင် က ကား ပြင်စရာ ရှိရင် ပြင် ဆင်တယ် ။ ပြင်စရာ မရှိရင် အသင်းတိုက် မှာ သွားပြီး ငွေ အပ်တယ် ။ ငါ့ တပည့် မောင်ညို က တော့ သင်္ဃန်းကျွန်း ဈေး သွားပြီး ဟင်းချက်စရာတွေ ဝယ် တော့တာပဲ ။ ပြီးရင် ဖွယ်ဖွယ်ရာရာ ဖြစ်အောင် ချက်ပြုတ် တယ်လေ ။ ငါ က တော့ ပုတီး စိပ်တော့တာပဲ ။ ပုတီး ( ၁၀ ) ပတ် ပြီး ရင် စာ ဖတ်တယ် ။ ပြီးတော့ ( ၁၁ ) နာရီ လောက် မှာ မနက် စာ စား ကြတယ်ဟေ့ ။ ထမင်း စားပြီးတဲ့ အခါမှာ တို့ ဆရာတပည့် သုံးယောက် တစ်ရေးတမော အိပ်ကြသေးတယ် ကွယ့် ။ အိပ်ရာ က နိုးတော့ မြမောင် က သူ လုပ်စရာ ရှိတဲ့ ကား အလုပ် ကို လုပ်တယ် ။ မောင်ညို က လည်း နေ့လယ်နေ့ခင်း လက်ဖက်ရည် သောက်ဖို့ စီစဉ်တော့တာပဲ ။ အဲဒီအချိန် မှာ ငါ က ပုတီး ( ၁၀ ) ပတ် ထပ် စိပ်တယ် ။ ( ၁၀ ) ပတ် ပြီး ရင် စာ ဖတ်တယ် ။ စာ ဖတ်ပြီး ရေမိုး ချိုး လိုက်တာ နဲ့ နေ့ခင်း တစ်နာရီ ၊ နှစ်နာရီ ရောက် သွား တော့တာပဲ ။ အဲဒီမှာ မောင်ညို က လက်ဖက်ရည် တိုက်တယ် ။ ဆရာ တပည့် သုံးယောက် လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောကြ တာ ပေါ့ကွာ ။ အဲဒီလို နဲ့ ညနေ ( ၃ ) နာရီ ၊ ( ၄ ) နာရီ ရောက်သွား တော့ မြမောင် က စာဖတ်အသင်း မှာ သွားပြီး ဝိတ် မတယ် ။ မောင်ညို က ထမင်း ချက်တယ် ။ ထမင်း ချက်ရင်း နဲ့ ခိုးပြီး ဝယ် ထားတဲ့ ပုလင်းလေး ကို တစ်ငုံချင်း မော့ တော့ တာပေါ့ကွာ ”  


ဟု ပြောလေ၏ ။ 


“ မောင်ညို ကတော့ အသောက်အစား ရှိတယ် ။ မြမောင် က အသောက်အစား မရှိဘူးပေါ့ ”  


ဟု ကျွန်ုပ် က မေးလိုက် ရာ .. 


“ မြမောင် က အသောက်အစား မရှိဘူးကွ ။ ကိုယ်လုံး လည်း သိပ် လှတယ် ။ သူ မြို့ကို သွားပြီး မောင်ရွေးပွဲ ဝင်တာ ဒုတိယ ရတယ် ။ ပြီးတော့ ညကျောင်းတွေ ဘာတွေ တက်ပြီး ( ၁၀ ) တန်းတွေ ဘာ တွေ ဖြေသေးတယ် ”   


ဟု ဦးအောင်သော် က ပြော လေ၏ ။ ထိုအခါ ကျွန်ုပ် က .. 


“ အဲဒါ ထားပါဦး ဦးလေး ရယ် ။ ဦးလေး ရဲ့ သူငယ်ချင်း ဖေသော် ဆိုတာ ကို ဦးလေး က ခဏခဏ ထည့် ပြောတယ် ။ ဦးလေး နဲ့ သူ နဲ့ က ဘယ်လို ပတ်သက် ကြတာတုံး ” 


ဟု ကျွန်ုပ် က ပြော လိုက်လျှင် ဦးအောင်သော် က .. 


“ အဲဒါက အရှည်ကြီး ကွ ။ တစ်ထိုင် တည်း ပြော လို့လည်း မပြီးဘူး ။ ဖြည်းဖြည်း ချင်း ပြော မှ ဖြစ်မှာ ၊ အဲဒါကြောင့် ငါ့ အိမ် ကို လိုက် ခဲ့ကွာ ။ ငါ့ သူငယ်ချင်း ဖေသော် အကြောင်း မင်း ကို ပြောပြမယ် ”  


ဟု ပြော လိုက်ပြီးလျှင် 


“ အမယ်လေး .. ကြည့်စမ်း ၊ ကြည့်စမ်း ။ ဒီကောင့် အကြောင်း ပြောမယ် ကြံကာ ရှိသေး ။ ကြက်သီးတွေ ထ လာလိုက်တာ ” 


ဟု ဆိုကာ သူ ၏ လက်တစ်ဖက် ကို ထိုး ပြလိုက်ရာ ကြက်သီးများ ထ ၍ မွေးညင်းများ မတ်နေအောင် ထောင် နေသည်ကို တွေ့ ရ လေ၏ ။ ထိုသို့ တွေ့ပြီး နောက် ကျွန်ုပ် လက် တွင် လည်း ကြက်သီးများ ထ လာ၏ ။ မွေးညင်းများ လည်း ထောင် လာလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က ..


“ တော်တော် ဆန်းတာပဲ ဦးလေး ။ သူ့ အကြောင်း ပြော တာ နဲ့ ဦးလေး က ကြက်သီး ထ တယ် ဆိုတာတော့ ထား ပါတော့ ။ ကျွန်တော် က ဘာကြောင့် ကြက်သီး ထ ရမှာတုံး ။ အခု ကြည့်စမ်း ။ ကျွန်တော် လည်း ကြက်သီး ထ နေပြီ ”  


ဟု ပြော လိုက်ရာ ဦးအောင်သော် က .. 


“ မင်း သိထား ဖို့ က ဖေသော် ဟာ လူ မဟုတ်ဘူး ကွ ” 


◾မင်းသိင်္ခ


📖 မြနန်းနွယ်


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment