Saturday, December 10, 2022

မြနန်းနွယ် ( ၅ )


 ❝ မြနန်းနွယ် ❞


ကျွန်ုပ် သည် ဦးအောင်သော်ကြီး ၏ အိမ် သို့ လိုက်ပါ သွား ခဲ့လေ၏ ။ ဦးအောင်သော်ကြီး သည် အိမ် သို့ ရောက်သော အခါ၌ ကျွန်ုပ် အား “ မင်း လည်း ဆာ ရောပေါ့ကွာ ၊ အဲဒီတော့ ထမင်း စား ၊ ငါ့ အိမ် မှာ ထမင်း က သက်သတ်လွတ် ပဲ ရှိတယ်ကွ ။ ငါ က လည်း ငှက်ပျောသီး ရယ် ၊ သကြား ရယ် ၊ ထမင်း ရယ် နယ်ပြီး စား နေတာကြာပြီ ၊ မင်း လည်း အဲဒါနဲ့ပဲ စား ”


ဟု ဆိုကာ ကျွန်ုပ် အား ထမင်း တစ်ပန်းကန် ၊ ထောပတ်ငှက်ပျောသီး သုံးလုံး နှင့် သကြား အနည်းငယ် ကို ပေး လေ၏ ။ ကျွန်ုပ် လည်း ငှက်ပျောသီး များ ၊ သကြား များ ကို ထမင်း နှင့် ဇိဇိပါအောင် နယ် လေ၏ ။ ပြီးလျှင် မြိန်ရေရှက်ရေ စားသောက် လေတော့၏ ။ ထို့နောက် ဦးအောင်သော်ကြီး သည် ပိတ်စ အနီ ဖြင့် ပတ်၍ ထုပ် ထားသော စာအုပ်ကြီး တစ်အုပ် ကို ကျွန်ုပ် အား ပေး လေ၏ ။ ပေးပြီး နောက်


“ ဒီ စာအုပ်ကြီး ကို မင်း အိမ် ကို ယူ သွားပါ ။ ဖြည်းဖြည်းဆေးဆေး ဖတ် ပါ ။ ဒီ စာအုပ် ဟာ ငါ့ သူငယ်ချင်း ဖေသော် ကိုယ်တိုင် ရေးထားတာ ”


ဟု ပြောလျှင် 


ကျွန်ုပ် က ... 


“ ဝတ်ထုစာအုပျ လား ”


ဟု မေး လိုက်ရာ ဦးအောင်သော်ကြီး က ..


“ ဝတ္ထု မဟုတ်ဘူးကွ ၊ တကယ့် အဖြစ်အပျက် ၊ အဲဒီ တကယ့် အဖြစ် အပျက် ဇာတ်လမ်း အချို့ နေရာတွေ မှာ ငါ ကိုယ်တိုင် တောင် ဇာတ်ကောင် အဖြစ် ပါ နေ ရသေးတယ် ”


ဟု ပြောလေ၏ ။


“ စာအုပ် က တော်တော် ထူတာပဲ ။ တကယ့် အဖြစ်အပျက် ပဲ ဖြစ် ဖြစ် ၊ ဘာ ပဲ ဖြစ်ဖြစ် ဇာတ်လမ်း ကောင်းတယ် ဆိုရင်တော့ ဝတ္ထု စာအုပ် ရိုက်တဲ့ တိုက် တစ်တိုက် ကို ပို့ပြီး ရိုက်နှိပ် ထုတ်ဝေလိုက် ရင် ကောင်းမယ် ထင်တယ် ” 


ဟု ကျွန်ုပ် က ပြော လိုက်ရာ ဦးအောင်သော် က ပြုံး လေ၏ ။ 


“ အဲဒီလို စာအုပ် အဖြစ် ရိုက်နှိပ်ဖို့ တော့ အကြံအစည် မရှိပါဘူး ကွာ ။ ဒါပေမယ့် ဒီ စာအုပ်ကြီး ကို ဝါရင့် အယ်ဒီတာ တစ်ယောက် ဖတ် ခိုင်းတယ် ။ အဲဒီ အယ်ဒီတာ က သေသေချာချာ ဖတ်ပြီးတဲ့ အခါ မှာ ဦးအောင်သော် ရယ် ဒီ စာအုပ် ဟာ အတော့် ကို ယုတ္တိ မရှိ တဲ့ ဇာတ်လမ်း တစ်ခု ပါ ။ ရူးကြောင်ကြောင် နိုင်တဲ့ လူ တစ်ယောက် ဒါမှ မဟုတ်ရင်တော့ ဆေးခြောက် မူး နေတဲ့ လူ တစ်ယောက် ၊ သူ့ စိတ် ထဲ မှာ ရှိ တာတွေ လျှောက်ပြီး ရေး ထားတာပါ ။ ဘာမှ တန်ဖိုး မရှိပါဘူး ။ အနှစ်သာရ လည်း မရှိပါဘူး ။ အဲဒီတော့ ဦးအောင်သော် အနေ နဲ့ မြတ်နိုးတယ် ဆိုရင်တော့ အဲဒါကြီး ခေါင်းအုံး ပြီး အိပ်ပေ တော့ ။ ပုံနှိပ်စက် တင်ဖို့ တောင် စိတ် မကူးလေနဲ့ လို့ အကြံ ပေးဖူး တယ်ကွ ၊ အဲဒါကြောင့် လည်း သူ ပြောတဲ့ အတိုင်း ခေါင်း အုံးပြီး အိပ် လာတာ ကြာပြီကွ ။ အဲဒီတော့ ဒီ စာအုပ်ကြီး ကို မင်း ယူသွားပါ ၊ ဖတ်တဲ့ အချိန် ဖတ်ပါ ၊ မဖတ်တဲ့ အချိန်မှာတော့ ခေါင်းအုံး ပြီး အိပ် ပေတော့ ”


ဟု ဦးအောင်သော်ကြီး က ပြော လေ၏ ။ 


ကျွန်ုပ် လည်း အဝတ်နီ ဖြင့် ပတ် ထားသော ထို စာအုပ်ကြီး ကို ပိုက် ၍ ဦးအောင်သော် အား နှုတ်ဆက် ကာ အိမ် သို့ ပြန် လာခဲ့လေ၏ ။ ထိုသို့ ပြန် လာခဲ့ရာ အတော်အတန် မိုးချုပ်နေပြီ ဖြစ်သဖြင့် ဘတ် ( စ် ) ကား မရသောကြောင့် ခြေကျင် လျှောက် ခဲ့ ရလေ၏ ။ ကျွန်ုပ် သည် ထို စာအုပ်ကြီး ကို ပိုက်၍ ပန်းဆိုးတန်း ကို ဖြတ် ၏ ။ ထို့နောက် ဘူတာရုံကြီး ကို ကျော်၏ ။ ပြီးလျှင် အထက် ပန်းဆိုးတန်း လမ်း အတိုင်း ဆက်၍ လျှောက်ခဲ့၏ ။ ထိုသို့ လျှောက် ခဲ့ရာ အထက် ပန်းဆိုးတန်း လမ်းထိပ် သို့ ရောက်သော အခါ၌ ကန်တော်ကြီးစောင်း အတိုင်း ပတ်၍ လျှောက်ခဲ့၏ ။ ထိုအချိန် မှ စ၍ မည်သို့ ဖြစ်သည် မသိ ။ ကျွန်ုပ် ၏ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထ လေတော့၏ ။ ကျွန်ုပ် ၏ ခေါင်း မှာ လည်း မကြာခဏ ကြီး၍ ကြီး၍ သွား လေ၏ ။ ထို့ကြောင့် ကျွန်ုပ် သည် မည်သည့် အရာကို ထိတ်လန့်သည် မသိ ၊ ထိတ်လန့်၍ လာ လေတော့၏ ။ ထိုသို့ ထိတ်လန့်၍ လာသောကြောင့် တစ်စုံတစ်ရာ သော မန္တန် ကို ရွတ် မည် ဟု စိတ်ကူး သော်လည်း မည်သည့် မန္တန် ကို မျှ အစအဆုံး မရသော ကြောင့် အခက် တွေ့ ရ လေတော့၏ ။ သို့ရာတွင် မန္တန် ရွတ် ၍ မဖြစ် သောကြောင့် ... 


“ ဘုရားကို ကိုးကွယ်ပါ၏ ။ 

တရားကို ကိုးကွယ်ပါ၏ ။ 

သံဃာကို ကိုးကွယ်ပါ၏ ။ ”


ဟု အဆက်မပြတ် ရွတ်ရင်း လျှောက်ခဲ့ ရလေတော့၏ ။ ထိုသို့ တိုးတိုး တိုးတိုး နှင့် ရွတ်၍ လျှောက် လာခဲ့ရာ ကနေဒီကျွန်း အနီး သို့ ရောက်သော အခါ၌ ထို ကျွန်းနှင့် ကပ်လျက်သော ရပ်ကွက် မှ အသံချဲ့စက် ဖွင့် သံ ကို ကြား ရ၏ ။ ထို အသံချဲ့စက် မှ သီချင်းသံ တစ်သံ ကို သဲသဲ ကွဲကွဲ ကြား နေရ၏ ။ ထို သီချင်း မှာ မည်သည့် သီချင်း ဖြစ်သည် ။ မည်သူ သီဆိုသည် ကို မသိရသော်လည်း သီချင်း စာသား တစ်ခု သည် ကျွန်ုပ် ၏ နား သို့ တည့်တည့်ကြီး ဝင် လာ လေတော့၏ ။


“ အတ္တာဟိ ၊ အတ္တနော ၊ နာဋ္ဌော ။

မိမိကိုယ်သာ ကိုးကွယ်ရာ ”


ကျွန်ုပ် သည် ထို စာသား ကို လွန်စွာ သဘောကျ သွား၏ ။ ထို့ကြောင့် တစ်ကိုယ် တည်း ကြိမ်းဝါး လိုက်၏ ။


“ ငါ့ ကို ကြက်သီး ထ အောင် ပဲ လုပ်လုပ် ၊ ဘဲသီး ထ အောင် ပဲ လုပ်လုပ် ၊ ငါ မကြောက်ဘူး ။ ဉာဏ်စွမ်း ရှိသရွေ့ ၊ ကိုယ်စွမ်း ရှိသရွေ့ ခုခံမယ် ” 


ဟု အော်ဟစ် လိုက်မိလေ၏ ။ ထိုသို့ အော်ဟစ်လိုက်သော အခါ၌ ကြက်သီး ထခြင်း သည် လည်းကောင်း ၊ ခေါင်းကြီးခြင်း သည် လည်းကောင်း လွင့်ပျောက် ၍ သွား လေတော့၏ ။ သို့ရာတွင် ဆက်၍ လျှောက်သော အခါ ၌ သစ်ပင်အုပ်အုပ်ကြီးများ ကို လေတိုက် ၍ တရှဲရှဲ မြည်သံကြီးများ သည် ကြောက်မယ်ဖွယ် ကောင်း အောင် ထွက်ပေါ် နေလေ၏ ။ ထိုအခါ ကျွန်ုပ် ...


“ လေတိုက် လို့ သစ်ရွက်ချင်း တိုက်ပြီး မြည်တဲ့ အသံ ပဲ ဖြစ်ဖြစ် ၊ ဘယ် သူ လုပ်တဲ့ အသံ ပဲ ဖြစ်ဖြစ် ၊ အသံ ဟာ အသံ ပဲ ဖြစ်တယ် ၊ ငါ့ ကို လာ ပြီး ဘာမှ မထိခိုက်နိုင်ဘူး ”


ဟု အော်ဟစ် လိုက်လေ၏ ။ ထိုသို့ အော်ဟစ်လိုက်သည့် တစ်ခဏ ၌ တရှဲရှဲ သစ်ရွက်လှုပ်သံများ ကို ကျွန်ုပ် သည် မကြောက်လန့်တော့ပေ ။ ဤသို့နှင့် ပင် ကြောက်စိတ် ကို ဖြေဖျောက်ရင်း ဆက်၍ လျှောက် လာခဲ့ ရာ အိမ် သို့ ချောမောစွာ ရောက် လေတော့၏ ။ အိမ် သို့ ရောက်လျှင် ကျွန်ုပ် ၏ မိခင် က ကျွန်ုပ် အား ...


“ မိုး ချုပ်လှချည်လား ၊ ထမင်း စား ပြီးပြီလား ”


ဟု မေးလေ၏ ။


“ ထမင်း က တော့ စား ပြီးပြီ ပြောရင်လည်း ရပါတယ် ။ ဒါပေမယ့် ခရီးဝေးကြီး က ခြေကျင် လျှောက် လာရတာ ဆိုတော့ ပြန်ပြီး ဆာ တာပေါ့ ။ ထမင်းတွေ ၊ ဟင်းတွေ ကျန်သေးတယ် ဆိုရင်တော့ ထပ်ပြီး စား ရမှာပဲ ”


ဟု ပြော လိုက်ရာ ကျွန်ုပ် ၏ မိခင် က ကျွန်ုပ် အား ထမင်း တစ်ပန်းကန် ခူး ပေးပြီးလျှင် ထို ထမင်း ပေါ် ၌ ပုစွန်ကြော် အနည်းငယ် နှင့် ကြက်သွန်ဥ တစ်လုံး တင်ကာ ပေးလေ၏ ။ ကျွန်ုပ် လည်း ပုစွန်ကြော် နှင့် ထမင်း ကို နယ် လိုက်ပြီးနောက် ကြက်သွန်ဥ ကို တဂွပ်ဂွပ် ကိုက် ရင်း ထမင်း တစ်နပ် ထပ်၍ စား လိုက်ပြန်လေ၏ ။ ထမင်း စား ပြီးသော အခါ ၌ .. 


“ ဒီ အချိန် လက်ဖက်ရည်ချိုလေး သောက် ရရင် ကောင်းမယ် အမေ ရယ် ”


ဟု ပြောလိုက်ရာ ကျွန်ုပ် ၏ မိခင် က  ... 


“ ထမင်း စား လို့ ဗိုက် တင်း သွားပြီပဲ ။ အေးအေးဆေးဆေး မနေ ဘူး ။ လက်ဖက်ရည် ထပ်ပြီး သောက်ချင် နေ သေးတယ် ။ နင် တို့ ဟာ အဖြုန်း သက်သက် ပဲ ။ ဘယ်တော့မှ ကောင်းစား မှာ မဟုတ် ဘူး ။ ရော့ .. ကာကာဆိုင် မှာ လက်ဖက်ရည် တစ်ခွက် သွား ဝယ်ချေ ”


ဟု ဆိုသဖြင့် ကျွန်ုပ် လည်း ဒန်ချိုင့်ကလေး ကို ဆွဲကာ ကာကာဆိုင် တွင် လက်ဖက်ရည် တစ်ခွက် သွား ဝယ်၏ ။ ပြီးလျှင် အိမ်ရှေ့ သို့ ထွက် ၍ ထိုင်လျက် ကာကာလက်ဖက်ရည် ကို တစိမ့်စိမ့် မော့ရင်း ကျွန်ုပ် နှင့် တွေ့ကြုံ သိကျွမ်းခဲ့ရသော ဦးအောင်သော်ကြီး ၏ အကြောင်း ကို စဉ်း စား နေမိလေ၏ ။ ကျွန်ုပ် ၏ လက်တွင်း ၌ လည်း ပိတ်စနီ ဖြင့် ပတ်ထား သော စာအုပ်ကြီး ကို ကိုင် ထားလျက် ရှိ၏ ။ ထို စာအုပ် မှာ ဦးအောင်သော် ၏ သူငယ်ချင်း ဦးဖေသော် ရေးသားခဲ့သည် ဆိုသော စာအုပ်ကြီး ပင် ဖြစ်၏ ။ မည်သည့် အကြောင်းအရာများ ပါဝင်သည် ကို မူ ကျွန်ုပ် မသိရ သေးပါ ။ ထိုအချိန် ၌ ကျွန်ုပ်တို့ ၏  အိမ်ရှေ့ ၌ ရှိသော အမှိုက်ပုံ ၌ လာ ရောက် ၍ ထမင်းကျန် ၊ ဟင်းကျန်များ ကို စားသောက်လေ့ ရှိသော ခွေးနက်မ တစ်ကောင် သည် ကျွန်ုပ် ၏ မျက်နှာ ကို မော့ကြည့် ၍ အစ ပထမ တွင် ဟောင် ၏ ။ ထို့နောက် အူ လေတော့၏ ။ ထိုသို့ အူ လိုက်သော အခါ၌ အခြား ခွေးများ လည်း ပြေး ၍ ထွက် လာပြီးလျှင် ကျွန်ုပ် အား မော့ ကြည့် ၍ သံပြိုင် အူ ကြလေတော့၏ ။


ကျွန်ုပ်တို့ ငယ်စဉ် က ခွေးများ သည် မကောင်းဆိုးဝါး တွေ့လျှင် အူသည် ဟု ကြားဖူး၏ ။ ယခု ခွေးများ သည် ကျွန်ုပ် အား ကြည့်၍ အူ နေ လေပြီ ။ ကျွန်ုပ် သည် မကောင်းဆိုးဝါး မဟုတ် ၊ အဘယ့်ကြောင့် ကျွန်ုပ် အား ကြည့်၍ အူ နေသည် ကို စဉ်းစား နေ မိလေ၏ ။ ကျွန်ုပ် ၏ မိခင် သည် အိမ်တွင်း မှ နေ၍ ကျွန်ုပ် အနီး သို့ ရောက်လာပြီးလျှင် ... 


“ ဟဲ့ ကောင်လေး နင့် ကို ကြည့်ပြီး ခွေးတွေ အူ နေပါလား ၊ သူတို့ အူ နေတာလည်း မကောင်းဆိုးဝါး တွေ့လို့ အူ နေတဲ့ အတိုင်းပဲ ။ နင့် မှာ များ သရဲ ၊ တစ္ဆေ တွေ ကပ် လာ ပြီလား မသိဘူး ”


ဟု ပြောကာ ကျွန်ုပ် ၏ မိခင်ကြီး သည် ဘုရားစင် မှ ရေမန်းပုလင်း ကို ယူ ကာ ကျွန်ုပ် ၏ ခေါင်း ပေါ် သို့ ရေဖျန်း ပေးလေ၏ ။ ထို့နောက် ကျွန်ုပ် ကို လည်း ရေခွက် တစ်ခွက် ယူ၍ ရေမန်း ထည့်ကာ “ သောက်လိုက် ” ဟု ဆို၏ ။ ကျွန်ုပ် လည်း ကျွန်ုပ် မိခင်ကြီး တိုက်သော ရေမန်း ကို သောက် လိုက်ပြီးနောက် ...


“ အမေ တိုက် တဲ့ အိပ်ချ်တူး အို က သိပ် မဆိုးပါဘူး ”


ဟု ပြောလိုက်ရာ ကျွန်ုပ် ၏ မိခင်ကြီးက နားမလည်သဖြင့် .. 


“ နင် ပြောတဲ့ အိပ်ချ်တူးအို ဆိုတာ ဘာလဲ ”


ဟု မေးလေ၏ ။


“ ဟိုက်ဒရိုဂျင် နှစ်ဆ ၊ အောက်စီဂျင် တစ်ဆ ကို ပြောတာ ၊ အဲဒါဟာ ရေ ပဲ အမေ ရဲ့ ”


ဟု ကျွန်ုပ်က ပြော လိုက်လျှင် ကျွန်ုပ် ၏ မိခင်ကြီးက .. 


“ ဟဲ့ ကောင်လေး ၊ ဒါဟာ နောက်စရာ မဟုတ်ဘူး ။ ငရဲကြီး လိမ့် မယ် ၊ ဒီ ရေ ဟာ တခြား ရေ မဟုတ်ဘူး ။ နင် ပြောတဲ့ ဟိုက်ဒရိုဂျင်တွေ ၊ အောက်စီဂျင်တွေ လည်း မဟုတ်ဘူး ။ အဘမှည့် ရဲ့ ရေမန်း ဟဲ့ ” 


ဟု ပြော လိုက်ရာ ကျွန်ုပ် က .. 


“ အဘမှည့် ဆို တာ ဘယ်သူလဲ ”


ဟု ပြန်၍ မေးလိုက်လေ၏ ။ ထိုအခါ ကျွန်ုပ် ၏ မိခင် က .. 


“ အလွန် သီလ ၊ သမာဓိ နဲ့ ပြည့်စုံတဲ့ ဆရာကြီး ဟဲ့ ၊ သူ မန်း ပေးထားတဲ့ ရေမန်း ”


ဟု ပြန်၍ ပြော လိုက်ရလေ၏ ။


“ အမေ က အဲဒီ အဘမှည့် ကို သိ လို့လား ” 


ဟု ကျွန်ုပ် က မေးလိုက်ရာ


“ သိတာပေါ့ဟဲ့ ။ အဲဒီ ဆရာကြီး က အရင်တုန်းက ဆေးဆရာကြီး ၊ နင် တို့ ငယ်ငယ်တုန်း က နေ မကောင်းရင် တောင် သူ့ ဆီ က ဆေး တွေ တောင်းပြီး တိုက် ရတယ် ။ သူ့ ရဲ့ဆေးတွေ က ဂမုန်းတွေ နဲ့ ဖော်စပ်ထားတာ ။ တစ်ခွက် တိုက် လိုက်တာနဲ့ ရောဂါ ဟာ ပျောက် တော့ တာပဲ ။ အခု ကြည့်စမ်း နင့် ကို ရေမန်း နဲ့ ဖျန်း လိုက်ရော နင့် ကို ကြည့်ပြီး အူ နေတဲ့ ခွေးတွေ ဘယ် ရောက်ကုန်လဲ ။ နင် ပြောတဲ့ ဟိုက်ဒရိုဂျင်တွေ ဆိုရင် ဒီ ခွေးတွေ က ကြောက် ပါ့မလား ။ အခု မရှိတော့ဘူး ။ နေစမ်းပါဦး ၊ နင့် လက် ထဲ မှာ ပိုက် ထားတဲ့ နီနီ အထုပ် က ဘာလဲ ” 


ဟု မေးလေ၏ ။


“ အမေ မသိပါဘူးအမေရယ် ၊ ဒါဟာ ကျွန်တော့် မိတ်ဆွေ ဦးလေးကြီး တစ်ယောက် က ဖတ်ဖို့ ပေး လိုက်တဲ့ စာအုပ်ပါ ။ သူ ကိုယ်တိုင် တွေ့ကြုံ ဖြစ်ပျက်ခဲ့တာတွေ ကို ရေး ထားတာပေါ့ ။ ဒါပေမယ့် အဲဒီ စာအုပ် ကို ရေးခဲ့တဲ့ လူ ကတော့ လူ့ လောကကြီး မှာ မရှိရှာတော့ ဘူး တဲ့ ။ အဲဒါကို ကျွန်တော် က ဖတ်ချင်လို့ ယူလာတယ် ” 


ဟု ပြော လိုက်လျှင် ..


“ အလိုတော် နင့် စာအုပ် က လည်း ရှန်နီစတွေ ၊ ဘာတွေနဲ့ ပတ် လို့ပါလား ။ ဘယ်လောက်များ အရေးကြီးတဲ့ စာအုပ် မို့ လို့ လဲ ၊ မင်း ဖတ်လို့ ကောင်းတယ် ဆိုရင် ငါ့ ကို လည်း ပြောပြ ၊ နေဦး .. နေဦး .. နင့် စာအုပ် မှာ မကောင်းဆိုးဝါးတွေ ဘာတွေ ကပ် နေဦး မယ် ။ အဘမှည့် ရေမန်း နဲ့ ပက် လိုက်ဦး မှ ”


ဟု ဆိုကာ ကျွန်ုပ် ၏ မိခင် သည် ရေမန်းခွက် နှင့် ကျွန်ုပ် ၏ စာအုပ် ကို ပက်မည် လုပ်၏ ။


“ မလုပ်ပါနဲ့ အမေ ရယ် ၊ စာအုပ် စို ကုန်ပါဦးမယ် ။ ပြီးတော့ အထဲ က စာတွေ လည်း ပျက် ကုန်ပါဦးမယ် ၊ စာအုပ် မှာ မကောင်းဆိုးဝါး မရှိပါဘူး ” 


ဟု ပြော လိုက်ရာ ကျွန်ုပ် ၏ မိခင် က .. 


“ မကောင်းဆိုးဝါး ဆို တာ ဘယ်မှာ မဆို ကပ် နိုင်တယ် ”


ဟု ပြော ကာ ပိတ်စနီ ဖြင့် ပတ် ထားသော ကျွန်ုပ် ၏ ငှား လာသည့် စာအုပ် ကို ရေမန်းများ ဖြင့် ဆွတ်ဖျန်းလေတော့၏ ။ ကျွန်ုပ် လည်း စာအုပ် အတွင်း မှ စာများ စိုကုန်မည် စိုး သောကြောင့် မိခင်ကြီး ၏ ရေမန်း ကို မနည်း ရှောင် နေ ရလေတော့၏ ။ ကျွန်ုပ် သည် စာအုပ် ကို ဖတ်မည် ဟု ကြံ ၏ ။ သို့သော် ကျွန်ုပ် ၏ မိခင် က  ...


“ နင် တစ်ည လုံး ဖတ် မှာ မဟုတ်လား ။ ဒီ မီး ကို တစ်ညလုံး ထွန်း လို့ မရဘူး ။ မီတာ တက် တယ် ”


ဟု ပြော သဖြင့် ကျွန်ုပ် က


“ အမေ့ မီး ကို အမေ ပိတ်လိုက် ။ အဲဒီ မီး နဲ့ ကျွန်တော် မဖတ်ဘူး ။ ဟောဟို ဓါတ်တိုင် က လာ တဲ့ အလင်းရောင် ဟာ ကျွန်တော် ကောင်းကောင်းကြီး ဖတ်လို့ ရတယ် ။ ကဲ မိုးချုပ်ပြီ ။ အမေ လည်း အိပ် လိုက်တော့ ”


ဟု ပြော သဖြင့် ကျွန်ုပ် ၏ မိခင်ကြီး သည် တံခါး ကို အတွင်း မှ ဆွဲ စေ့ ၍ ဝင်မည် လုပ်ပြီးနောက် အပြင် သို့ ပြန်၍ ထွက် လာပြီးလျှင် ကျွန်ုပ် ၏ ခေါင်းပေါ် သို့ ရေမန်းများ လောင်းချ ပြန်၏ ။ ထို့ကြောင့် ကျွန်ုပ် က .. 


“ အမေ့ ရဲ့ ဟိုက်ဒရိုဂျင် နှစ်ဆ ၊ အောက်ဆီဂျင် တစ်ဆ တွေ က ကျွန်တော့် ကို အအေး မိ တော့မယ် ။ တော်လောက်ပါပြီ အမေ ရယ် ” 


ဟု ပြော လိုက်ရာ ကျွန်ုပ် ၏ မိခင်ကြီး သည် ကျွန်ုပ်အား 


“ နင် ပြောတဲ့ ဟိုက်ဒရိုဂျင်တွေ ၊ အောက်ဆီဂျင်တွေ မဟုတ်ဘူး ။ ဒါဟာ အဘမှည့် ရဲ့ရေမန်းတွေ ၊ နင့် ကို မကောင်းဆိုးဝါး မနှောင့် ယှက်နိုင်အောင် ဖျန်း ပေးတာ ”


ဟု ပြော ကာ ကျွန်ုပ်၏ မိခင်ကြီး သည် အိမ် အတွင်း သို့ ဝင်သွား ပြီးလျှင် တံခါး ကို အတွင်း ဆွဲ ၍ စေ့ ထားလိုက်၏ ။ ကျွန်ုပ် သည် စာ ဖတ် မည် ဟု ကြံ သော်လည်း မိခင်ကြီး ၏ လောင်းချခဲ့သော ရေမန်းများ သည် တစ်ကိုယ်လုံး စိုရွှဲနေသည် ဖြစ်၍ ကျွန်ုပ် သည် အိမ်တွင်း သို့ ဝင်ကာ မျက် နှာသုတ်ပုဝါ တစ်ထည် ယူ၍ သုတ် ပစ် ရလေ၏ ။ ပြီးလျှင် ခြောက်သွေ့ သော အင်္ကျီများ ယူ၍ လဲလှယ် ရလေ၏ ။ ထို့နောက် ကျွန်ုပ် သည် အိမ် ရှေ့ ရှိ အုတ်ခုံကလေး ပေါ် တွင် ဖျာ တစ်ချပ် ခင်းကာ အကျ ထိုင်၍ စာ ဖတ် မည် ဟု စဉ်းစား ခဲ့သော်လည်း စာ ဖတ်နေစဉ် အတွင်း ခံတွင်း ချဉ်လျှင် သောက်ရန် အတွက် ဆေးလိပ် နှင့် မီးခြစ် လို သောကြောင့် လမ်းထိပ် ကာကာဆိုင် သို့ သွား ကာ မစိန်ညွန့်ဆေးလိပ် တစ်မတ်ဖိုး နှင့် နတ်သမီး မီးခြစ် တစ်လုံး ကို ဝယ် ရလေ၏ ။ ပြီးလျှင် အုတ်ခုံကလေး ပေါ် တွင် ပြန် ၍ ထိုင် လိုက်လေ၏ ။ အချိန် မှာ ည ၁၁ နာရီ ထိုး နေပြီ ဖြစ်၏ ။ ကျွန်ုပ် ၏ အိမ် အနီး တွင် ခပ်ညံ့ညံ့ ရုပ်ရှင်ရုံ တစ်ရုံ ရှိသည် ဖြစ်ရာ ထို ရုပ်ရှင်ရုံ ၌ ၉နာရီ မှ ၁၂နာရီ အတွက် ပြသသော ပွဲ သည် မကြာမီ အချိန် ၌ ပြီးတော့ မည် ဖြစ်ရာ ဆိုက်ကားများ နှင့် တက္ကစီကား အချို့ သည် ဟွန်းများ ၊ ဘဲလ် များ တီးကာ ထို ရုပ်ရှင်ရုံ ရှေ့သို့ လာ၍ ဆိုက် ကြလေ၏ ။ အိပ်ငိုက် နေသော ဈေးသည် များ လည်း ရုပ်ရှင် လွှတ် လျှင် ဈေး ရောင်းရန် အတွက် ပြန်၍ နိုးထ နေကြပြီ ဖြစ်၏ ။ ဆူဆူညံညံ ၊ လှုပ်လှုပ်ရှားရှား ပင် ဖြစ် နေကြပြီ ဖြစ်၏ ။


ဆိုက်ကားသမား တစ်ဦး သည် သူ ၏ ဆိုက်ကား ကို ရပ် ပြီးလျှင် သူ ၏ ဆိုက်ကား ပေါ် မှ ဆင်းကာ ကျွန်ုပ် ထံ ဆေးလိပ် မီး လာ၍ တောင်း လေ၏ ။ ထို ဆိုက်ကားသမား ကို ကျွန်ုပ် ကောင်းစွာ သိ၏ ။ သူ သည် သီတာ လမ်း ဆိုက်ကားဂိတ် တွင် ဂိတ် ထိုး ၍ ဆိုက်ကား နင်းခဲ့သည်မှာ အနှစ် ၂ဝ ပင် ကျော် ခဲ့ပြီ ဖြစ်၏ ။ သူ ၏ အမည် မှာ ကိုဘသက် ဟူ၍ ဖြစ်၏ ။ ကျွန်ုပ် တို့ နေထိုင်သော ရပ်ကွက် မှ ကိုဘသက် ကို မသိ သူ သည် မရှိသလောက် ဖြစ်၏ ။ ကိုဘသက် သည် ကျွန်ုပ် ထံ ၌ ဆေးလိပ် မီး တောင်းပြီး လျှင် ကျွန်ုပ်အား ..


“ မအိပ်သေးဘူးလား ” 


ဟု မေးလေ၏ ။ ထိုအခါတွင် ကား ..


“ ကိုဘသက် ဆို တဲ့ ဆိုက်ကားသမား တစ်ယောက် ကျုပ် ဆီ ကို ဆေးလိပ်မီး လာပြီး တောင်းမယ် ဆိုတာ သိ လို့ ကျုပ် မအိပ်ဘဲ စောင့် နေတာ ”


ဟု ပြော လိုက်ရာ ဆိုက်ကားသမား ကိုဘသက် သည် ကျွန်ုပ် အား ..


“ အမျိုးယုတ်ကလေး ”


ဟု ပြောကာ ထွက်သွား လေတော့၏ ။ ကျွန်ုပ် သည် စာ ကို မဖတ် ဖြစ်သေးပါ ။ စိန်ညွန့်ဆေးပေါ့လိပ် ကို မီးညှိ၍ ဖွာရင်း ကျွန်ုပ် အား စိတ် ဆိုး ၍ ထွက် သွားသော ကိုဘသက် အား ကြည့်၍ သဘောကျ နေ မိလေ ၏ ။ ထိုအချိန် ၌ ကျွန်ုပ် ထိုင်နေရာ ဘိုးလိန်းလမ်း ( ဗညားဒလလမ်း ) တစ် လျှောက် အထုပ်ကြီး နှစ်ထုပ် ကို လွယ်၍ မမောနိုင် မပန်းနိုင် လျှောက် နေသော “ ဒေါ်လာများ ” ဆိုသည့် ကုလားအရူး သည် ကျွန်ုပ် အနီး သို့ ရောက် လာပြီးလျှင် ကျွန်ုပ် ထံ မှ ဆေးလိပ် တောင်း လေ၏ ။ ကျွန်ုပ် သည် ထို ဒေါ်လာများ အရူး နှင့် လွန်စွာ ရင်းနှီး၏ ။ ထို ဒေါ်လာများ သည် ယခင် က ကျွန်ုပ်တို့ နှင့် များစွာ မဝေးသော ၁၄၆ လမ်း ထိပ် တွင် ကွမ်းယာ ရောင်း ခဲ့သော ကွမ်းယာကုလား ဖြစ်၏ ။ သူ သည် ရခိုင် သို့ အသွား၌ ကားဓားပြ များ က ရိုက်နှက်သော ကြောင့် ရူးသွပ် သွားရခြင်း ဖြစ်၏ ။ မည်မျှပင် ရူးသွပ် သွားရသည် ဖြစ်စေ သူ ၏ ဖောက်သည်များ ကို မေ့ သည် ဟူ၍ မရှိ ။ ဒေါ်လာများ သည် ကျွန်ုပ် ပေး လိုက်သော မစိန်ညွန့် ဆေးပေါ့လိပ် ကို မီးညှိ ၍ ဖွာပြီး နောက် ..


“ ဆေးပေါ့လိပ်တွေ ဟာ သိပ်ပြီး သောက်လို့ မကောင်းတော့ဘူး ။ ဘာဖြစ်လို့လည်း ဆိုတော့ မီးခိုးတွေ ဟာ ဖင်ဘက် က ထွက်နေတယ် ။ ခင်ဗျား တစ်ခု စဉ်းစားကြည့်လေ ၊ ဆန်စက်ခေါင်းတိုင် ပဲ ဖြစ်ဖြစ် ၊ သင်္ဘော ခေါင်းတိုင် ပဲ ဖြစ်ဖြစ် ၊ မီးခိုး ထွက်ရင် အပေါ် က ပဲ ထွက် တာ မဟုတ်လား ။ ဆေးပေါ့လိပ်တွေ က ဒီလို မဟုတ်ဘူး ။ ရှေ့ က မထွက်ဘဲ နောက်ဘက် က ပြန် ထွက် နေတာ ဒါကို ကျုပ် မကြိုက်ဘူး ”


ဟု ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က ..


“ ဒါဆိုရင်လည်း ခေါင်းဘက် က မီး မညှိဘဲ အစီခံဘက် က မီးညှိ ပြီး သောက် ပေါ့ ဒေါ်လာများ ရယ် ”


ဟု ပြော လိုက်ရာ ၎င်း က ..


“ အစီခံ ဘက် က မီး ညှိပြီး သောက် ရအောင် ကျုပ် က အရူး မှ မဟုတ်ဘဲ ” 


ဟု ပြော လိုက်လျှင် ကျွန်ုပ် က ...


“ မင်း က အရူး မဟုတ်ရင် ဘာလဲ ” 


ဟု မေးရာ ၎င်း က ..


“ ကျုပ် ဟာ သူဌေး တစ်ယောက် ဖြစ်တယ် ။ ဟောဒီမှာ ကျွန်ုပ် လွယ်ထားတဲ့ အထုပ် နှစ်ထုပ် ကို မြင်တယ် မဟုတ်လား ။ ဒီထဲ မှာ ဘယ်လောက် တန်ဖိုး ရှိတဲ့ ပစ္စည်းတွေ ရှိတယ် ဆိုတာ ဘယ်သူမှ မသိကြဘူး ။ ပြီးတော့ ခင်ဗျား ဟာ လည်း သူဌေး ပါ ပဲ ။ ဟောဟို ပိတ်စအနီ နဲ့ ထုပ် ထားတဲ့ အထဲ မှာ ဘယ်လောက် တန်ဖိုး ရှိတဲ့ ပစ္စည်း ရှိတယ် ဆိုတာ ကျုပ် က လွဲပြီး ဘယ်သူ မှ မသိကြဘူး ”


ဟု ဆိုကာ ပိတ်စအနီ ဖြင့် ပတ် ထားသော ကျွန်ုပ် ၏ စာအုပ် ကို ဆွဲ ယူမည် ပြုလေ၏ ။ ကျွန်ုပ် သည် ကပျာကယာ ပြန်၍ ဆွဲ ထားလိုက်ရ၏ ။ ထိုသို့ ဆွဲ ထားပြီး နောက် ..


“ ဒီ ထဲ မှာ စာအုပ် တစ်အုပ် ရှိတယ် ။ မင်း ယူလို့တော့ မဖြစ်ဘူး ။ တကယ် လို ရင် မင်း လွယ်ထားတဲ့ အထုပ်နှစ်ထုပ် ကို ငါ့ ကို ပေး ၊ ဒီ စာအုပ် ကို မင်း ကို ပေးမယ် ”


ဟု ကျွန်ုပ် က ကျီစား လိုက် လေ၏ ။ ထိုအခါ ကုလားအရူး ဒေါ်လာများ သည် နှစ်ပေါင်းများစွာ မြတ်မြတ်နိုးနိုး လွယ် ထားသည့် သူ ၏ အထုပ်ကြီး နှစ်ထုပ် အား ပခုံး မှ ဖြုတ်၍ ကျွန်ုပ် ၏ ရှေ့တွင် ပစ်ချ လိုက်လေတော့ ၏ ။ ထိုသို့ ပစ်ချ လိုက်ပြီး လျှင် ... 


“ ရော့ အဲဒီ စာအုပ် ပေး ”


ဟု ကျွန်ုပ် ထံ တွင် တောင်း လေတော့၏ ။ ကျွန်ုပ် သည် လွန်စွာ အံ့ဩ သွား၏ ။ ထို အရူးသည် သူ ၏ အထုပ် ကို မည်သူမျှ ထိ၍ မရ ။ ယခုမူ ထို အထုပ် နှစ်ထုပ် ကို ကျွန်ုပ် အား ရက်ရက်ရောရော ပေး၍ ထို စာအုပ် ကို တောင်း နေ လေတော့၏ ။ ထို့ကြောင့် ကျွန်ုပ် က ..


“ နေစမ်းပါဦး ဒေါ်လာများ ရဲ့ ၊ ဒီ စာအုပ် ထဲ မှာ ဘာတွေ ပါသလဲ မင်း သိသလား ”


ဟု မေး လိုက်ရာ ၎င်း က ..


“ သိတာပေါ့ ၊ အဲဒီ ထဲ မှာ အဖိုးတန် တဲ့ ပစ္စည်း ကိုးခု ရှိတယ် ။ အဲဒါ ကြောင့် လို ချင်တာ ”


ဟု ပြန်၍ ပြောလေ၏ ။


“ မင်း ကို ကျီစား တာ ပါကွာ ၊ ဒီ စာအုပ် က ငါ့ ဟာ မဟုတ်ဘူး ။ ငါ့ ရဲ့ မိတ်ဆွေ ဦးအောင်သော်ကြီး ရဲ့ စာအုပ် ”


ဟု ပြော လိုက်လေ၏ ။


ဒေါ်လာများ သည် ဆေးလိပ် ကို မီး ရဲအောင် ဖွာပြီးနောက် .. 


“ ခင်ဗျား သိပ် မှားတယ် ။ စာအုပ် ဆိုတာ ဘယ်သူ ရဲ့စာအုပ် လို့ ပြောလို့ မရဘူး ။ လူတွေ အတွက် ရေးထားတဲ့ စာအုပ် ဆို ရင် လူတိုင်း ပိုင်ဆိုင်ခွင့် ရှိတယ် ။ အဲဒီလောက် တောင် နားမလည် ဘဲ ခင်ဗျား စာ ဖတ် ရသလား ”


ဟု ပြောပြီးလျှင် ၎င်း ၏ အထုပ် နှစ်ထုပ် ကို ကောက် လွယ်၏ ။ ပြီး လျှင် ၎င်း သည် ကျွန်ုပ် အား မကြားဝံ့ မနာသာ ဆဲဆို ၍ ထွက် သွားလေ တော့၏ ။ ထို အရူး ၏ ဆဲသံ ကြောင့် ကျွန်ုပ် ၏ မိခင်ကြီး သည် အိပ်ရာ မှ လန့် ၍ နိုး လာပြီး လျှင် တံခါး ကို ဖွင့် ၍ ထွက် လာ၏ ။ ထို့နောက် ကျွန်ုပ် အား “ ဘာဖြစ်နေတာလဲ ” ဟု မေးလေ၏ ။


“ ဘာမှ မဟုတ်ပါဘူး အမေ ရယ် ။ အရူးဒေါ်လာများ ကျွန်တော့် ကို ဆဲပြီး ထွက် သွားတာပါ ”


ဟု ကျွန်ုပ် က ပြော လိုက်လျှင် ကျွန်ုပ် ၏ မိခင် က ..


“ ဒီ အရူး နင့် ကို တစ်ခါမှ မဆဲဖူးပါဘူး ။ တအား ဖောက် နေတုန်း က တောင် နင် ပြောရင် ရတာပဲ ။ အခု ဆဲတယ် ဆိုတော့ မကောင်း ဆိုးဝါး ကပ် နေပြီလား ”


ဟု ပြော လိုက်ရာ ကျွန်ုပ် က ...


“ မကောင်းဆိုးဝါး လည်း ကပ်ချင် ကပ်နေမှာပေါ့ အမေ ရယ် ၊ ဒါပေ မယ့် အမေ့ ရေမန်း တော့ မပက်ပါနဲ့ တော့ ။ နောက်ထပ် လဲ စရာ အင်္ကျီ လည်း မရှိတော့ဘူး ” 


ဟု ပြော လိုက်ရာ ကျွန်ုပ် ၏ မိခင် က ကျွန်ုပ် ၏ အနီးတွင် ထိုင်၍ မေတ္တာသုတ် ကို ရွတ် လေတော့၏ ။ ကျွန်ုပ် ၏ မိခင်သည် မေတ္တာသုတ် ၇ ခေါက် ရွတ်ပြီးနောက် စိတ်ချလက်ချ အိမ်တွင်း သို့ ဝင် သွားလေတော့ ၏ ။ ထို အချိန် မှာ ပင် ၁၂ နာရီ ထိုး သွားပြီ ဖြစ်သဖြင့် အနီး ရှိ ရုပ်ရှင်ရုံ မှ လူများ လွှတ်လိုက်ပြီ ဖြစ်၏ ။ ထိုသို့ လွှတ် လိုက်သဖြင့် ရုံ အတွင်း မှ လူများ စုပြုံ ထွက်လာကြ၏ ။ ထိုသို့ ထွက် လာသည့် အထဲ မှ လူ တစ်ယောက် သည် မိန်းမ တစ်ဦးအား ထိကပါး ရိကပါး ပွတ်တိုက် သွားသည် ဟု ဆိုကာ ထို မိန်းမ က ထို သူ အား ဆဲ၏ ။ ထို မိန်းမ နှင့် ပါသော ယောက်ျား တစ်ဦး က ထို သူ ၏ မျက်နှာ အား လက်သီး ဖြင့်ထိုး၏ ။ ထို သူ က လည်း မခံဘဲ ပြန် ၍ ထိုး ရာ ရန်ပွဲ တစ်ပွဲ ဖြစ် လေတော့၏ ။ ရန်ပွဲ သည် ကြီး လာလေ၏ ။ အမျိုးသမီး ဘက် မှ အခြား အမျိုးသား နှစ်ဦး က လည်း ဝင်၍ ထိုး ကြလေ၏ ။ တစ်ဖက်မှ အပေါင်းအသင်းများ က လည်း ပါဝင် လာ လေတော့၏ ။ ထို့ကြောင့် တစ်ဖက် လျှင် ယောက်ျား သုံးယောက် စီ ပါ သော လွန်စွာ ကြည့် ကောင်းသော ရိုက်ပွဲကြီး တစ်ပွဲ သည် ရုပ်ရှင်ရုံ ရှေ့ တွင် ဖြစ်ပွား လေတော့၏ ။ ကျွန်ုပ် သည် စာ မဖတ်နိုင်သေး ဘဲ စာအုပ် ကို ပိတ်ကာ အုတ်ခုံ ပေါ် မှ မတ်တတ် ရပ် ၍ ရန်ပွဲ ကို ကြည့်၏ ။ များမကြာမီ ၌ ရဲများ ရောက် လာပြီးလျှင် ရန်ပွဲ ကို ထိန်းသိမ်း လိုက်၏ ။ ရန် ဖြစ်သော လူ ခြောက်ယောက် စလုံး ခေါင်း ပေါက် ၊  ခေါင်းကွဲ ဖြစ် လေတော့၏ ။ ရဲများ သည် လူ အားလုံး ကို လက်ထိပ် ခတ် ၍ ကားနှစ်စီး ခွဲကာ စခန်း သို့ ခေါ် သွား လေတော့၏ ။ ဈေးသည် အချို့မှာ ရန်ပွဲ ကြောင့် ဈေးဗန်းများ လွတ်ကျ နေလေတော့၏ ။ တက်စီကား နှစ်စီး ၏ မှန် နှစ်ချပ် ကွဲသွား၏ ။ ထို့ကြောင့် ရုံ နေရာ တစ်ဝိုက် တွင် ကျွက်ကျွက်ညံ ၍ နေ လေတော့၏ ။ ကျွန်ုပ် သည် အငြိမ် မနေနိုင်ဘဲ သွားရောက် ၍ စပ်စု မေးမြန်း မိ၏ ။


ထိုသို့ မေးမြန်းနေစဉ် အတွင်း ရဲကား တစ်စီး ပြန် ၍ ရောက် လာပြီး လျှင် အုတ်ခဲများ ၊ တုတ်များ ကို သက်သေခံ ပစ္စည်း အဖြစ် ကောက်ယူ ၍ ပြန် သွား၏ ။ ဤသို့နှင့် နံနက် ၄ နာရီ ထိုး ပြီးသည် အထိ ကျွန်ုပ် သည် စာဖတ်ခြင်း မပြုရသေးပါ ။ အနည်းငယ် ဆာ လာ သောကြောင့် မိုးလင်း ရောင်း သော ကာကာဆိုင် သို့ သွား ကာ လက်ဖက်ရည် တစ်ခွက် နှင့် ယမန် နေ့ က ကျန်နေသော အထပ်တစ်ရာမုန့် တစ်ခု ကို ဝယ်ယူ စားသောက် ရ လေတော့၏ ။ ထိုသို့ စားသောက်ပြီး ပြန် လာသော အခါ၌ ရုပ်ရှင်ရုံ ရှေ့ ၌ လည်းကောင်း ၊ ကျွန်ုပ် တို့ ၏ အိမ် ရှေ့ ၌ လည်းကောင်း တိတ်ဆိတ်ငြိမ်သက် နေပြီ ဖြစ်၏ ။ ထိုအခါ ကျ မှ ပင် ဆေးပေါ့လိပ် ဖွာရင်း စာအုပ် ကို ပတ် ထား သော ပိတ်စအနီကြီး ကို ဖွင့် လိုက်လေ၏ ။ အတွင်း ၌ သားရေဖုံး ဖြင့် ချုပ် ထား သော စာအုပ် တစ်အုပ် ထွက် လာလေ၏ ။ ထို အချိန် ၌ ညစောင့်  ကင်းသမား ၏ သံချောင်း ခေါက်သံ ငါးချက် ကို ကြား ရလေတော့၏ ။ နံနက် ငါးနာရီ ထိုးပေပြီ ။


ကျွန်ုပ် သည် အရှေ့ဘက် မိုးကောင်းကင် သို့ လှမ်းမျှော် ၍ ကြည့် လိုက်၏ ။ အရှေ့ဘက် မိုးကောင်းကင် တွင် လှပသော အနီရောင် တစ်မျိုး ဖြစ် ၍ ထွက် နေ၏ ။ ထို အနီရောင် ကား ထို နေ့ အဖို့ ထွက်ပြူ လာမည် ဖြစ် သော သူရိယနေမင်းကြီး ၏ ရှေ့ပြေး ရောင်နီဦး ပင် ဖြစ်၏ ။ ကန်တော်ကြီး ဘက် မှ အိပ်တန်း ထ ၍ ပျံ လာသော ကျီးကန်းများ သည် တအားအား အော်မြည် လာ ၏ ။ ထို့နောက် အတွင်း ဘက် တွင် ရေး ထားသော စာ ကို ကြည့် လိုက်ရာ အောက်ပါ အတိုင်း တွေ့ ရလေတော့ သတည်း ။ 


--------------------------------


မှတ်တမ်းရေးသူ 

ကောလိပ်ကျောင်းသားမောင်ဖေသော်


မြနန်းနွယ် 


--------------------------------


◾ မင်းသိင်္ခ


📖 မြနန်းနွယ်


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment