Monday, December 26, 2022

အချစ် တစ်ပတ်ရစ်


 

❝ အချစ် တစ်ပတ်ရစ် ❞

မောင်သောင်းတင် မှာ ကုန်သည်လမ်း ရှိ ရုံး တစ်ရုံး တွင် အောက်တန်း စာရေးကလေး တစ်ယောက် ဖြစ်၍ မိမိ နှင့် တစ်ရုံး တည်း လုပ်ကိုင်လျက် ရှိသော မသန်းမြ ဆို သူ အထက်တန်းစာရေးမ တစ်ယောက် နှင့် မျက်စိခြင်း ကြည့်ရာ မှ အစ တစ်ယောက် နှင့် တစ်ယောက် မေတ္တာ သက်ဝင်ခဲ့၏ ။ အခြား စာရေးများ မှာ မိမိ တို့ အတွဲများ ကို ရုပ်ရှင်များ ၊ ဟိုတယ်များ သို့ ပိုမို ရင်းနှီးအောင် ခေါ်သွားလေ့ ရှိသော်လည်း မောင်သောင်းတင် မှာ သစ္စာ ရှိ သူ တစ်ယောက် ဖြစ်သည့် အတိုင်း မိမိ ရည်းစား အပေါ် ၌ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများ ကို ရှောင်ရှားခဲ့လေ သည် ။

မောင်သောင်းတင် မှာ ဆင်းရဲနွမ်းပါး၍ အမေအို နှင့် ညီကလေး အား ထောက်ပံ့ ၍ နေရလေရာ အထက်တန်းလွှာ မိန်းမ တစ်ယောက် အား လက် ထပ် ၍ “ အိမ် တစ်ဆောင် မီး တစ်ပြောင် ” ထား နိုင်ရန် စိတ်ကူး မျှ ပင် မထည့်ဝံ့ ခဲ့ ရှာချေ ။

မသန်းမြ မှာ ပင်စင် အငြိမ်းစား ဝန်ထောက်ကြီး တစ်ဦး ၏ တစ်ယောက် တည်း သော သမီးဖြစ်၍ အင်းစိန် မှ နေ့စဉ် လာရောက် ရုံး တက် ရသူ ဖြစ်၏ ။ ဝန်ထောက်ကြီး သည် ဇနီး ဖြစ်သူ ကွယ်လွန်သော အခါ မသန်းမြ အား တက္ကသိုလ် တွင် ဆက်လက် မထားတော့ဘဲ ကျောင်း မှ နုတ် လိုက်ပြီးလျှင် မိတ်ဆွေ တစ်ဦး ရုံး တွင် အလုပ် လုပ် စေခဲ့ရာ မသန်းမြ မှာ အလုပ် လုပ်ရင်း အိမ်မှုကိစ္စများ ကို တစ်ဘက် က ဆောင်ရွက် ၍ ဖခင်ကြီး အား ပြုစု နေထိုင် ခဲ့လေသည် ။ 

အစိုးရ အရာရှိကြီးများ မှာ အလုပ် မှ အနားယူကြသော အခါ လခစား အလုပ် လောက် အခြား အလုပ်များ တွင် ကျွမ်းကျင်မှု ဗဟုသုတ မရှိသဖြင့် ဝန်ထောက်ကြီး သည် အလုပ် အမျိုးမျိုး ကို “ လက်တည့်စမ်း ” သည့် သဘောဖြင့် စ၍ လုပ်ကိုင်ခဲ့၏ ။ သို့သော် မည်သည့် အလုပ် တွင်မျှ ကျေးဇူး ခံစားရသည် မရှိဘဲ စုဆောင်း ထားရှိခဲ့သမျှ ပစ္စည်းကလေးများ သာ တဖြည်းဖြည်း လုံးပါး ပါး လေ၏ ။ 

အလုပ် မှ ထွက်၍ နှစ်နှစ် ခန့်ကြာသော အခါ ဝန်ထောက်ကြီး သည် မိမိ နေထိုင်သော အိမ် နှင့် ခြံ ကို ပင် ငွေ ၁၀၀၀၀ ကျပ် နှင့် ပေါင်နှံခဲ့လေရာ အသုံး အစွဲ ဘက် ၌ ကား ယခင် က “ မူ ” ကို မလျော့နိုင်သေး သဖြင့် နေ့စဉ် သုံးစွဲသော အိမ်စားရိတ် အပြင် အတိုးငွေ ၂၀၀ ကျပ် က လည်း လစဉ် တက်၍ လာပြန်၏ ။ အတိုး ကို သုံးလေးလ လောက် သာ ပေးဆပ် နိုင်ပြီးနောက် တစ်နှစ် ခန့် မျှ အတိုး မပေးနိုင်ဘဲ ရှိ ခဲ့ရာ ငွေရင်း တစ်သောင်း အပေါ် တွင် အတိုးတွက် ၂၅၀၀ ကျပ် ခန့် တက် ၍ လာပြန်၏ ။ ထိုအချိန်၌ ဝန်ထောက်ကြီး မှာ အိမ်ကြီး ကို မြီရှင် လက် သို့ ပေးအပ်ရန် မှ တစ်ပါး အခြား နည်းလမ်း မရှိတော့ချေ ။

ဝန်ထောက်ကြီး ၏ အိမ် ကိုအပေါင် ခံ သူ မှာ ကြို့ကုန်း တွင် ခြံ တစ်ခြံ နှင့် နေသော မြေပိုင်ရှင် ဦးကျော်ဇော ဆိုသူ ဖြစ်၏ ။ အလုပ်အကိုင် မှာ ကုန်သည် တစ်ယောက် ဖြစ်၍ ဈေး ချောင် ရသမျှ ပစ္စည်းများကို ဝယ်ယူ ပြီးလျှင် ရောင်းချက် ကောင်းသော နေရာ ၌ ထုခွဲ ရောင်းချခြင်း ၊ ရိုးသား ၍ မသိ နားမလည်သော ကုန် သည်များ အပေါ် တွင် ကော်မရှင် နှင့် ခေါင်းပုံဖြတ်ခြင်း ၊ တစ်ခါတစ်ရံ အစိုးရ အပြစ် မကင်းသည့် ကုန်ပစ္စည်းများ ကို ပင် တင်ပို့သွင်းထုတ်နိုင်ခြင်း စသည် ဖြင့် အရောင်း အဝယ် ဘက် တွင် ကျင်လည်စွာ လုပ်ကိုင်နိုင်စွမ်း ရှိသဖြင့် စီးပွား တက်လာခဲ့ သူ ဖြစ်၏ ။ မုဆိုးဖို တစ်ယောက် ဖြစ်၍ အိမ်ကြီး တွင် တစ်ယောက် တည်း နေထိုင်ခဲ့လေသည် ။

ဦးကျော်ဇော သည် တစ်စုံတစ်ခု သော အကြံ ဖြင့် ဝန်ထောက်ကြီး အပေါ် တွင် တင် ရှိသော ကြွေးဟောင်းများ ကို မတောင်းသေးဘဲ ငွေ ၂၀၀ ကျပ် စ ၊ ၃ဝဝ ကျပ် စ ကို ပင် လက်လှည့်သုံး အဖြစ် ချေးငှား ပြန်ရာ မူလ အိမ်ပေါင် ဖြင့် ချေးထားသော ရင်းတိုးငွေများ နှင့်တကွ နောက်ထပ် လက်လှည့် သုံးငွေများ ပါ စုစုပေါင်း ၁၅ဝဝဝ ကျပ် ကျော်ကျော် မျှပင် ရှိခဲ့လေပြီ ။

ထိုအချိန် ၌ ကြွေးမြီ အားလုံး ကို တစ်လ အတွင်း အပြေ ပေးဆပ်ရန် ဝတ်လုံတစ်ဦး ထံ မှ တစ်ဆင့် ဝန်ထောက်ကြီး ထံသို့ နို့တစ်စာ တစ်စောင် ရောက် ရှိလာရာ သားအဖ နှစ်ယောက် တို့မှာ ခေါင်းချင်း ဆိုင်၍ ငိုင် နေကြရုံ မှ တစ်ပါး မည်သို့ မျှ မကြံတတ်ကြတော့ချေ ။ ခြံ နှင့် အိမ်မှာ ၁၅၀၀၀ ကျပ် နှင့် ပင် ရောင်းသော်လည်း ဝယ်သူ ရှိမည် မဟုတ်ချေ ။ ထိုအခါမှ ဝန်ထောက်ကြီး မှာ ကုန်သည် အလုပ် ကို မကျွမ်းကျင်ဘဲ လုပ်ခဲ့သဖြင့် ဆုံးရှုံးခဲ့ရပုံများ ကို လည်းကောင်း ၊ မိမိ ကိုယ်တိုင် ကျစ်လျစ်သိပ်သည်းစွာ မနေခဲ့ပုံများ ကို လည်းကောင်း ၊ တစ်ခါတစ်ရံ ရလို ရငြား မြင်းပွဲများ သို့ ပင် သမီး မသိအောင် သွားခဲ့သည်များ ကိုလည်းကောင်း ယူကြုံး မရ ဖြစ်ရှာလေ၏ ။ 

ထိုအချိန် တွင် လ မကုန်မီ မသန်းမြ ၏ ဝန်ထောက်ကြီးထံ သို့ သတင်း တစ်ခု ရောက်ရှိ လာ တော့၏ ။ ထို သတင်း ကို ယူဆောင်လာ သူ မှာ ဝန်ထောက်ကြီး နှင့် ဆွေတစ်စ မျိုးတစ်စ တော်စပ် သူ မိန်းမကြီး တစ်ယောက် ဖြစ်လေ သည် ။ ထို သတင်း၏ အဆို မှာ အကယ်၍ ဝန်ထောက်ကြီး သည် သမီး ဖြစ်သူ မသန်းမြ အား မြေပိုင်ရှင် ဦးကျော်ဇော နှင့် လက်ထပ် ပေး က တင်ရှိသော ကြွေး များ အားလုံး ကို လျော်ပစ်ရုံ သာ မက မသန်းမြအတွက် လက်ဝတ်လက်စား အစုံ ခန်းဝင်ပစ္စည်းများ အပြင် သားအဖ နှစ်ယောက် သုံးစွဲ နေထိုင်ရေး အတွက် ငွေသား ၃ဝဝဝ ကျပ် ပင် ပေးဦးမည့်အကြောင်း ဖြစ် လေသည် ။ ထိုသတင်း မှာ ပထမ နား ဖောက်ရုံမျှသာ ရောက်ရှိ လာသော သတင်း ဖြစ်၍ ၃ - ၄ ရက် ခန့်ကြာ သောအခါ ထို သတင်း ကို အတည် ပြု ရန် အရပ်လူကြီး နှစ်ယောက် ထပ်မံ ရောက်ရှိ လာလေသည် ။

“ နောက် တစ်နေ့ ၌ သားအဖ နှစ်ယောက် တို့ သည် ဤ ကိစ္စ နှင့် ပတ်သက် ၍ ဆွေးနွေး တိုင်ပင်လျက် ရှိကြကုန်၏ ။ ဝန်ထောက်ကြီး မှာ စကား ကို တိုတို တုတ်တုတ် နှင့် ပြတ်ပြတ် ပြော တတ် သကဲ့ သို့ သမီး ဖြစ်သူ က လည်း ပွင့်ပွင့် လင်းလင်း ပြော တတ် သူ တစ်ယောက် ဖြစ်၏ ။ မသန်းမြ မှာ အင်္ဂလိပ်သီလရင် ကျောင်း ထွက် တစ်ယောက် ဖြစ်သည့် အပြင် အာသွက် လျှာသွက် တစ်ယောက် ဖြစ်၏ ။ ကျောင်း နေစဉ် က ပင် ရဲရင့်ခြင်း ၊ တည်ကြည်ခြင်း ၊ သွက်လက်ဖျတ် လတ်ခြင်း တို့တွင် နာမည် ရ ခဲ့သူ ဖြစ်၏ ။ ဝန်ထောက်ကြီး သည် သမီး ဖြစ် သူ အား မှေးမှိန်သော မျက်လုံးများ ဖြင့် ကြည့်ရှုလျက် ရှိလေရာ မှ

“ ကဲ … ဒါပဲ ကြည့်တော့ သမီး ရေ ၊ ကိုကျော်ဇော က တော့ ဖေဖေ တို့ ကို အကြပ် ကိုင်တာပဲ ။ အင်း … ကိုင်မယ် ဆိုလည်း ကိုင် စရာပါလေ ။ ခုနေခါ ဖေဖေ တို့ မှာ ခရမ်းသီးပိန် ဓားတုံး ဖြစ်တဲ့ အချိန် ကို ကွယ့် ”

“ ဟုတ်တာပေါ့ ဖေဖေ ”

“ သူ က လည်း သမီး အပေါ်မှာ အရင် ကတည်း က မေတ္တာ ရှိနေပုံ ပဲ ကွဲ့ ။ ၄ - ၅ ခေါက် အိမ်ကို လာဖူးတယ် မဟုတ်လား ။ ဒီ ကတည်း က ဖေဖေ အတော် အတန် တော့ အကဲ ခတ် မိပါတယ် ။ ဒါပေမယ့် သက်တူ ရွယ်တူ လည်း မဟုတ် ၊ ဖအေ နဲ့ သမီး ပြောသင့်တဲ့ စကားလည်း မဟုတ် လို့ ဖေဖေ အသာ ကြည့် နေ ခဲ့တယ် ”

“ ကျွန်မ လည်း နည်းနည်းပါးပါး တော့ ရိပ် မိပါတယ် ဖေဖေ ”

“ ဒီ အရွယ်ကြီး နဲ့ ငါ့ သမီး နဲ့ မတန်ဘူး ဆိုတာ တော့ ဖေဖေ နားလည်ပါ တယ် ။ ဒါထက် သမီး ကို မေတ္တာ ရှိနေတယ် ဆိုတဲ့ ရုံး က သူငယ် ”

“ ကိုသောင်းတင် အလုပ် က ထွက် သွားပြီ ဖေဖေ ။ ဒီ လူ က အတော် မာန ကြီးတဲ့ လူ ဖေဖေရဲ့ ။ တစ်ခါက ကျွန်မ ကို လက်ထပ် ဖို့ ပြောတော့ ကျွန်မကို အခု အခြေအနေ ထက် သာအောင် ထား နိုင်ပါ့မလား ။ အခုထက် ပိုပြီး ဆင် နိုင်ပါ့ မလားလို့ မေး တော့ ၊ ကြိုးစားရမှာပေါ့ - မြ ရယ် တဲ့ ။ အခု မဆင်နိုင်တောင် နောက် ၄ - ၅ နှစ် လောက် ကြာတဲ့ အခါ ဆင် နိုင်ရောပေါ့ ။ ကျုပ် ဟာ အညွန့် နဲ့လူ ပါ ။ အခု လုပ်နေတဲ့ အလုပ် က ကျုပ် အကြံ အထ မမြောက်ခင် စပ်ကူးမတ်ကူး မှာ အငတ် မခံနိုင်လို့ ဝင် လုပ်နေရတာပါ လို့ ရိုးရိုးကြီး ပြန် ပြောတယ် ဖေဖေ ။ ပြီးတော့ ဒီ လူ ဟာ ကတိ တည်တယ် ၊ သစ္စာ ရှိတယ် ၊ ကျွန်မ ကို ရိုးရိုးသားသား နဲ့ တကယ် ချစ်တဲ့ သူ ပါ ဖေဖေ ”

“ ရုပ်ရည် အမျိုးအနွယ် က ကော ”

“ သူ့ အမျိုးအနွယ် တော့ မသိပါဘူး ဖေဖေ ။ အမေအိုကြီး ကို လုပ်ကျွေး ပြီး ညီကလေး တစ်ယောက် ကို ကျောင်း ထားပေးရတာ လောက် ပဲ သိ ပါတယ် ။ ရုပ်ရည် က တော့ လှ လှတယ် မဟုတ်ပါဘူး ။ ရွက်ကြမ်းရေကျို ပဲ ဆိုပါတော ဒါပေမယ့် မိန်းမ လို မိန်းမ ရှာ ကနွဲ့ကယ အမူအရာမျိုး မရှိဘူး ။ ယောက်ျား ပီသ တဲ့ ရုပ်မျိုး ပဲ ”

“ တော်လောက်ပါပြီ သမီး ရယ် ။ ဒီ သူငယ် နဲ့ မေတ္တာ ရှိနေတယ် ဆိုတာ ဖေဖေ အပြစ် မဆိုပါဘူး ။ ဒါနဲ့ ဒီ သူငယ် က ဘာဖြစ်လို့ ထွက် သွားတာလဲ ”

“ ဒီ စာရေး အလုပ် နဲ့ တစ်သက်လုံး မကြီးပွားနိုင်ဘူး ။ တခြားအလုပ် တစ်ခု ခု ကြံ ရဦးမယ် ဆိုပြီး ထွက် သွားတာပဲ ဖေဖေ ”

“ သမီး နဲ့ ကော အဆက်အသွယ် ပြတ် နေပြီ ဆိုပါတော့ ”

“ ဟုတ်ကဲ့ ဖေဖေ ။ နို့ပေမယ့် ဝမ်း ထဲ က မေတ္တာဓာတ်ချင်းတော့ ဒီ တစ်သက် မှာ မပြတ်ဘူး ဆိုပါတော့ ။ တစ်ယောက် နဲ့တစ်ယောက် မေတ္တာစစ် မေတ္တာမှန် နဲ့ ချစ်ကြတာ သေမှ ပြတ်ကြတာပဲ ။ နို့ပေမယ့် သမီး ကို ဖေဖေ ပိုင် ပါတယ်ဖေဖေ့ သဘော အတိုင်း လုပ်နိုင်ပါတယ် ။ ဖေဖေ့ ကို သမီး ဘယ်လောက် ချစ် တယ် ဆိုတာ ဖေဖေ အသိဆုံး ပဲ မဟုတ်လား ”

ဝန်ထောက်ကြီး သည် သက်ပြင်း တစ်ချက် ချ လိုက်ပြီးနောက် ဦးခေါင်း ကို ညင်သာစွာ တစ်ချက် ညိတ်လိုက်၏ ။

“ ကိုကျော်ဇော ဟာ လည်း သမီး နဲ့ သက်တူ ရွယ်တူ မဟုတ်တာ က လွဲ လို့ အရည်အချင်း ရှိတဲ့ လူ တစ်ယောက် ပဲ သမီး ရဲ့ ။ ဒီ လူ က အရာရာ လည်ပတ် တယ် ၊ နှံ့စပ်တယ် ၊ ပစ္စည်းဥစ္စာ နဲ့လည်း ပြည့်စုံတယ် ။ အကြောင်း ရှိ ရင် တကယ် အားကိုးရတဲ့ သူ တစ်ယောက်ပေါ့ သမီး ရယ် ။ အခုနေ အခါ ဖေဖေ တို့ ဘယ်လောက် အကြပ်အတည်း နဲ့ တွေ့နေတယ် ဆိုတာ သမီး အသိဆုံးပဲ ။ သမီး လက် ဝတ်လက်စားကလေးတွေ တောင် တတိ တိ နဲ့ ချော နေပြီ မဟုတ်လား ။ သူ့အကြွေး က လည်း တော်တော်ကြာ ၂၀၀၀၀ ကျပ် ခိုက်တော့မယ် ။ ဖေဖေ ဖြင့် တွက်တောင် မကြည့်ဝံ့ဘူး ။ အဲဒီတော့ … ”  

မသန်းမြ သည် ဦးခေါင်း ကို ငုံ့လိုက်ပြီး နောက် -

“ ဖေဖေ့ သဘော အတိုင်းလို့ ပြော ပြီးပါပြီကော ဖေဖေ ။ မိဘကျေးဇူး ကို သိတတ်တဲ့ သမီး တစ်ယောက် အနေ နဲ့ ဖေဖေ့ ကျေးဇူး ကို ဆပ် တာပါပဲ ။ ဖေဖေ ရဲ့ ဂုဏ်သိက္ခာ ကို ထောက်ထားပြီး ကျွန်မ မျက်စိ ကို ဇွတ် မှိတ်ရတာပါပဲ ”

ဤသို့ဖြင့် မသန်းမြ သည် မြေပိုင်ရှင် ဦးကျော်ဇော နှင့် လက်ထပ် ခဲ့ ရ လေ ရာ လက်ထပ်ပြီး သည့် နောက်၌ မူကား ဦးကျော်ဇော အား မယားဝတ္တရား နှင့် အညီ ပြုစုခဲ့ရှာလေသည် ။ သို့သော် အချစ်ဦး မောင်သောင်းတင် ကိုမူ မသန်းမြ သည် မည်သည့်အခါမျှ မမေ့ ချေ ။

ဦးကျော်ဇော နှင့် လက်ထပ် ပြီး နောက် ငွေရေး ကြေးရေး နေရေး ထိုင်ရေး မှ စ၍ အစစ အဆင် ပြေလျက် နေသားတကျ ရှိ နေရာ တစ်နှစ် ခန့် ကြာသော အခါ မသန်းမြ ၏ ဖခင် ဝန်ထောက်ကြီး ရုတ်တရက် ကွယ်လွန် သွားရှာလေသည် ။

ထိုအခါ ဦးကျော်ဇော သည် ယခင် ၁၅ဝဝဝ ကျပ် နှင့် တန်ဖိုး ဖြတ်ခဲ့ သော ဝန်ထောက်ကြီး ၏ အိမ် နှင့် ခြံ ကို ၃ဝဝဝဝ ကျပ် ဖြင့် ရောင်းချ ပြီး လျှင် ငွေ ကို မသန်းမြ နာမည် နှင့် ဘဏ်တိုက် တစ်တိုက် တွင် အပ် ထားလေ၏ ။ ယခင် က မသန်းမြ မှာ ကြို့ကုန်းခြံ ၌ တစ်လှည့် ဖခင်ကြီး ထံ တွင် တစ်လှည့် နေခဲ့ရာ မှ မိမိ တို့ ခြံကြီး ကို ရောင်းချ လိုက်သောအခါ ကြို့ကုန်း ရှိ ဦးကျော်ဇော ခြံ သို့ တစ်ခါတည်း ပြောင်းရွှေ့နေထိုင်ခဲ့လေသည် ။ ဤသို့ ပြောင်းရွှေ့ လာသော အခါ ဦးကျော်ဇော က လည်း အိမ်ကြီးကို အသစ် မွမ်းမံ ပြင်ဆင်လျက် အခန်းသစ်များ ဖွဲ့ခြင်း ၊ အောက်ထပ် ကို ကျောက်ပြားခင်းခြင်း ၊ ဓာတ်မီးများ တိုးချဲ့တပ်ဆင်ခြင်းများ ပြုလုပ်ပြီးလျှင် မသန်းမြ အတွက် မိတ်ဆွေသူငယ်ချင်းများ နှင့် ပျင်းလျှင် စကား ပြောရန် ဟု ဆိုကာ တယ်လီဖုန်း ပင် တပ်ဆင် ပေးထား၏ ။ နောက်ဖေးဘက် အခန်း တစ်ခု အတွင်း ၌ အောက် သို့ ဆင်း သွားရသော မြေတိုက်ကလေး တစ်ခု ရှိ၏ ။ ၎င်း မှာ ဦးကျော်ဇော ဓာတ်ပုံ ကူး သော အမှောင်ခန်း နှင့် အခြား တိုလီမိုလီ ပစ္စည်းများ ထားသော အခန်း ဖြစ်၍ ထိုအခန်းကလေး ကို လည်း အံဖုံးတံခါး အသစ် တပ်ကာ မွမ်းမံပြင်ဆင်၏ ။ မသန်းမြ ၏ နောင်ရေး အတွက် ဟု ဆိုကာ မိမိ၏ အသက် ကို ငွေ ၂၀၀၀၀ ကျပ် ဖြင့် အာမခံ ပြုလုပ်ပြီးလျှင် မသန်းမြ အား ပေးထား၏ ။ စိန်ထည် ၃ဝဝဝ ကျပ်ဖိုး ခန့် ထပ်၍ ဝယ် ပေး ပြီးလျှင် အဝတ်အစားများ ကိုလည်း မသန်းမြ အလို အတိုင်း သဘောကျ ဝယ် စေ၏ ။ 

မသန်းမြ မှာ လက်တွေ့ လောက စည်းစိမ်များ ကို ခံစားရင်း ယောက်ျား ဖြစ်သူ အား တဖြည်းဖြည်း ကျေးဇူး တင်လျက် အသက် ကြီးသူများ သည် အမြော် အမြင် ဆင်ခြင်တုံတရား နှင့် ပြည့်စုံ၍ နေရာတိုင်း တွင် အားကိုးရကြောင်း ဖခင် ကြီး ၏ စကားများ ကို ပြန်၍ သတိရမိ၏ ။  ” မသန်းမြမှာ ဤကဲ့သို့ ‘ မတောင့်မတ မကြောင့်မကျ ’ နေထိုင်ရသော် လည်း ဦးကျော်ဇော မည်သည့် အလုပ် ကို လုပ်သည် ။ မည်သည့် နေရာ သို့ သွားသည် စသည်ဖြင့် လင်ယောက်ျား ၏ အလုပ်အကိုင် ကို အတိအကျ မသိ ၊ စုံစမ်းခြင်းလည်း မပြုချေ ။ ဦးကျော်ဇော သည် နံနက် ၉ နာရီ ၁၀ နာရီ ခန့် တွင် နံနက် စာ စား၍ အဝတ်အစားများ လဲ ပြီး နောက် ထွက်သွား တတ်၏ ။

ညနေ နေဝင်ချိန်များ ၌ ပြန်လေ့ရှိ ပြီးလျှင် တစ်ခါတစ်ရံ ညဉ့် ၉ နာရီ ၁ဝ နာရီ အထိ မိုးချုပ် မှ ပြန်လေ့ ရှိ၏ ။ တစ်ခါတစ်ရံ အိမ် အပြန် တွင် ဧည့်သည် ၃ - ၄ ယောက် ခန့် ပါ လာတတ်၍ ၎င်းတို့ နှင့် ညဉ့်နက်သန်းခေါင် အထိ စကား ပြောဆို နေတတ်၏ ။ ၎င်းတို့ ပြောသော စကားများ မှာ လည်း အများအားဖြင့် တီးတိုး တိုင်ပင်ခြင်းများဖြစ်၍ မည်သည့်အကြောင်း မည်သည့် ကိစ္စ ဟူ၍ မသန်းမြ မသိချေ ။

တစ်ကြိမ် တွင် ဦးကျော်ဇော သည် ညဉ့် ၇ နာရီ လောက် တွင် ညစာ စား သောက်ပြီး နောက် ထို ည တွင် မိမိ အား စောင့်၍ မနေဘဲ အိပ် နှင့် ရန် အကြောင်း ၊ အကယ်၍ တစ်စုံတစ်ရာ အကြောင်း ရှိ က ခြံထောင့် တဲကလေး တွင် နေသော မာလီအဘိုးကြီး အား ခေါ် ရန် အကြောင်း ၊ သူခိုးဓားပြအတွက် တစ်စုံ တစ်ရာ စိုးရိမ်ရန် မရှိ ၊ ဤ အရပ် သို့ သူခိုးသူဝှက်များ မလာကြောင်း ပြော ပြီးလျှင် ထွက် သွားရာ နောက် တစ်နေ့ နေ့လယ် ၁၂ နာရီ မှ အငှားကား တစ်စီး ဖြင့် ပြန် ရောက် လာ၏ ။

တစ်ကြိမ် တွင် ဦးကျော်ဇော သည် ညဉ့် ၈ နာရီ အချိန်လောက် ၌ မြေ တိုက် ထဲ သို့ ဝင်၍ ပုန်း နေပြီး နောက် မိမိအား မည်သူ က ပင် လာ၍ မေးသည် ဖြစ်စေ မရှိကြောင်း ပြော ရန် မသန်းမြ အား မှာ ထား၏ ။

တစ် ခဏမျှ ကြာသော အခါ ကား တစ်စီး ရောက်ရှိ လာ၍ ကား ပေါ် မှ မိန်းမပျို တစ်ယောက် ဆင်း လာပြီး လျှင် ဦးကျော်ဇော အား တွေ့ လိုကြောင်း ပြော ၏ ။ မသန်းမြ က ဦးကျော်ဇော အလုပ် မှ ပြန်မလာသေးကြောင်း ၊ မိမိ ယောက်ျား မှာ အလုပ် ပြန်ချိန် အတိအကျ မရှိဘဲ တစ်ခါတစ်ရံ အလွန် ညဉ့် နက် မှ ပြန် လာတတ်ကြောင်း ပြောရာ မိန်းမကလေး သည် စိတ်ရှည်လက်ရှည် ကု,လားထိုင် တစ်လုံးပေါ်၌ ထိုင်ကာ ၁၀ နာရီ အထိ စောင့် နေပြီး နောက် ပြန် သွား လေ၏ ။

တစ်ကြိမ်၌ ညဉ့် ၁၂ နာရီ ကျော်ကျော် လောက် တွင် ခြံ အတွင်း သို့ ကား တစ်စီး ဝင် လာ ပြီးလျှင် ဦးကျော်ဇော ၏ အမည်ကို ခေါ် ၍ နှိုးလေ၏ ။ ဦးကျော်ဇော အသံ ကျက် မိ ၍ တံခါး ဖွင့် ပေးသော အခါ ကား ပေါ် မှ ယောကျ်ား တစ်ယောက် နှင့် မိန်းမ တစ်ယောက် ရေးကြီးသုတ်ပြာ ဆင်း လာ၍ နာရီဝက် ခန့် မျှ ဦးကျော်ဇော နှင့် တိုင်ပင်လျက် ရှိ၏ ။ ကား မှာ ဂျစ်ကားဖြစ် ၍ ကား ပေါ် တွင် မိန်းကလေး တစ်ယောက် အား ပါးစပ် ကို အဝတ် စည်းလျက် လက်များ ကို ကြိုး ဖြင့် တုပ်ထား ပြီး လျှင် ထို မိန်းမ နှင့် ယောက်ျား တို့ က ဘေးမှ ညှပ်၍ ခေါ် သွားသည် ကို ကားထွက် သော အခါ အိမ် ပေါ် ထပ် မှ မသန်းမြ က မြင် လိုက် ရ၏ ။

မသန်းမြ မှာ လင်ယောက်ျား အလုပ် တွင် တစ်စုံတစ်ရာ ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ အေးချမ်းစွာ နေထိုင်တတ်သော်လည်း တစ်ခါတစ်ရံ ဤသို့ မသင်္ကာဖွယ် အချက်များ ကို တွေ့ ရ၍ ယောက်ျားဖြစ်သူ အား မေးမြန်းသော အခါ ဦးကျော်ဇော က “ မသိချင်ပါနဲ့ မြ ရယ် ။ ဒီ အလုပ်တွေ ဟာ မြ သိသင့်တဲ့ အလုပ်တွေ မဟုတ်ပါဘူး ။ လူ ဆိုတာ ဘယ်နေရာမျိုး မဆို ကြံရည်ဖန်ရည် ရှိတဲ့ လူ မှ ပို အား ရ တာ မဟုတ်လား ” ဟု ပြော၏ ။

မသန်းမြ က လင် နှင့် မယား ဆိုသည် မှာ ကောင်းတူ ဆိုးဘက် ဖြစ်၍ မည်သည့် နေရာမဆို သိခွင့် ရှိကြောင်းဖြင့် ဆင်ခြေ တက်သော အခါ ဦးကျော်ဇော က -

“ ဒီမယ် မြ … အစ်ကိုကြီး ပစ္စည်းဥစ္စာ ရှာဖွေတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဘယ်သူ့ ကို မှ မပြောဘူး ။ အစ်ကိုကြီး ဟာ ဘယ်နေရာမျိုး မဆို လျှို့ဝှက်ကျစ် လျစ်တဲ့ လူ တစ်ယောက်ဖြစ်တယ် ဆိုတာ မြ အသိသားပဲ ။ ဒီတော့ မြ စိတ် ဆိုး ချင် ဆိုး စိတ် ကောက် ချင် ကောက် ၊ အစ်ကိုကြီး ကို နောက်ထပ် ဘယ်တော့မှ မမေး နဲ့ ” ဟု ခပ်ထန်ထန် ပြောကာ စကားလက်စ ကို ဖြတ် လိုက်လေ၏ ။

ကြို့ကုန်း အိမ်ကြီး တွင် ပြောင်းရွှေ့ နေထိုင်ပြီး နောက် တစ်နှစ် ခန့် မျှ ကြာသောအခါ ဤကဲ့သို့ တစ်ယောက် နှင့် တစ်ယောက် စကား ပြော မတည့်ရာ မှ စ၍ လင်မယား ခပ် တန်းတန်း ဖြစ်ကာ မကြာခဏ ကတောက်ကဆ ဖြစ် ကြ ၏ ။ နောက်ဆုံး မသန်းမြ နာမည် နှင့် ထားသော ငွေ ၃ဝဝဝဝ ကျပ်အနက် ငွေ ၂၅၀၀၀ ထုတ် ယူရန် မသန်းမြ အား ဦးကျော်ဇောက လက်မှတ် ရေးထိုးစေ သော အခါ၌ လင်မယား အတော်ပင် စကား များကြလေသည် ။

ဦးကျော်ဇော ၏ အကြောင်းပြချက် မှာ အရေး ကြီးသော ကုန်ပစ္စည်း တစ်ခု ကို လူတစ်ယောက် ထံ မှ လျှို့ဝှက်စွာ တိတ်တဆိတ် ဝယ်ယူရန်အတွက် ဖြစ်ကြောင်း ၊ ယင်းပစ္စည်း ကို တစ်လခန့် အကြာ တွင် လုံခြုံသော နေရာ တစ်ခု ၌ ရောင်းချနိုင် က ၃၅၀၀၀ ကျပ် ရ နိုင်၍ တစ်လ အတွင်း ငွေ ၁၀၀၀၀ ကျပ် တိတိ မြတ်မည်ဖြစ်ကြောင်း စသည်တို့ ဖြစ်လေသည် ။ 

နိုဝင်ဘာလ ၏ တစ်နေ့သော ညနေ စောင်း ၌ မသန်းမြ သည် ဦးကျော်ဇော ၏ လျှို့ဝှက်သော အရောင်းအဝယ် ကိစ္စများအကြောင်း ကို လည်းကောင်း ၊ အိမ် သို့ လာရောက်သော ၎င်း ၏ ဧည့်သည်များ အကြောင်း ကို လည်းကောင်း ၊ မိမိ အပေါ် ၌ ပင် ပွင့်ပွင့်လင်းလင်း မရှိသော ၎င်း ၏ အပြုအမူများ ကိုလည်းကောင်း စဉ်းစားရင်း အိမ်ဘေး ပြတင်းပေါက် တစ်ခု မှ အပြင် သို့ လှမ်းမျှော် ကြည့်ရှုလျက် ရှိစဉ် မာလီအဘိုးကြီး ဦးဖိုးချိန် သည် ဒိုင်ယာရီ စာအုပ်ကလေး တစ်ခု ကို ကိုင်လာ ဟာပြီးလျှင် “ ဒီဟာ ဆရာ့ စာအုပ်ကလေး နဲ့ တူတယ် ” ဟု ပြောကာ မသန်းမြ အား ပေးလေ၏ ။ စာအုပ်ကလေး မှာ အစိမ်းရောင် အိတ်ဆောင် ဒိုင်ယာရီ စာအုပ်ကလေး ဖြစ်၍ မသန်းမြ သည် မြင်လျှင် မြင်ချင်း ဦးကျော်ဇော ၏ ဒိုင်ယာရီ ဖြစ်ကြောင်း သိရှိလေသည် ။ ထိုအခါ မသန်းမြ က -

“ ဟုတ်ပါတယ် ၊ ဒါဟာ အစ်ကိုကြီး စာအုပ်ပဲ ။ ကျေးဇူး တင်ပါတယ် ဦးဖိုးချိန် ” ဟု ပြောလေ၏ ။

စာအုပ်ကလေး ကို ဖွင့် ကြည့်ရာ ထို နေ့ မှာ နိုဝင်ဘာလ ၇ ရက် သောကြာ ဖြစ်၍ ထိုနေ့ စာမျက်နှာ ၌ ပင်

“ ယခု ည ၉ နာရီ ………… ဓာတ်ပုံ ” ဟု ခဲတံ အနီ ဖြင့် ရေးသားထားသည် ကို တွေ့ရ၏ ။ မသန်းမြ သည် လွန်ခဲ့သော ရက်များ က စာမျက်နှာများ ကို လှန်၍ ကြည့်ပြန်၏ ။

အောက်တိုဘာလ ၄ ရက် နေ့ စာမျက်နှာ တွင်

“ ယခုည ၁၂ နာရီခွဲ ၊ တောက ……. မိစိန် ကိစ္စ … ဆုံးဖြတ် …… ဖိုးကျင် လင်မယား အပ် ” ဟု မင်နီ ဖြင့် ရေးထား၏ ။

မသန်းမြ သည် လွန်ခဲ့သော တစ်လ လောက် က ညဉ့်သန်းခေါင် ကျော် ကျော် လောက် တွင် ယောက်ျားကြီးတစ်ယောက် နှင့် မိန်းမ တစ်ယောက် ကား ပေါ် မှ ဆင်းလာ ၍ ဦးကျော်ဇော နှင့် တီးတိုးတိုင်ပင် ပြီး နောက် ကား ပြန်၍ ထွက် သွားသော အခါ ကား ပေါ် ၌ ပါးစပ် တွင် အဝတ်များ စည်းနှောင် ထား သော မိန်းမ ကလေး တစ်ယောက် အား မိမိမြင် လိုက်ရသည် ကို ပြန်၍ သတိရ မိ၏ ။ အခြား နောက်ဘက် မှ စာမျက်နှာများ ကို ကြည့်ရှု ပြန်၏ ။ သြဂုတ်လ ၁၇ ရက် နေ့ မှာ တနင်္ဂနွေနေ့ ဖြစ်၍ ထို စာမျက်နှာ ၌ “ မစ္စက်ဝပ်ဆင် လာ တွေ့ … လင် ၏ပစ္စည်း ၅ဝဝဝဝ … အတွေ့ မခံ ” ဟု မင်နီ ဖြင့် ရေးသားထားသော စာလုံးများ ကို တွေ့ရ ပြန်၏ ။ မသန်းမြ သည် ပြန်၍ စဉ်းစားပြန်၏ ။ ထို လ အတွင်း လောက် က တစ်နေ့ ညဉ့် ၈ နာရီအချိန် လောက် တွင် အသက် ၂၅ နှစ် ခန့် ရှိ မိန်းကလေး တစ်ယောက် ရောက်လာ ပြီးလျှင် ဦးကျော်ဇော အား မေးမြန်းရာ ထိုအခါ က မြေတိုက် ထဲ တွင် ဦးကျော်ဇော ပုန်း နေသဖြင့် အလုပ် မှ ဦးကျော်ဇော ပြန်မလာသေးကြောင်း မိမိ က လိမ်လည် ပြောလိုက်ရကြောင်း ၊ မိန်းကလေး သည် နှစ်နာရီ ခန့်မျှ ဆက်လက် စောင့် နေသည်များကို ပြန်၍ သတိ ရပြန်၏ ။ ဒိုင်ယာရီ စာအုပ်ကလေး ၏ လွန်ခဲ့သော နေ့ရက်များ တိုင်းလိုလို ၌ ပင် အမှတ်အသားများ ၊ ငွေများ ပေါင်း ထားသည့် ဂဏန်းများ ၊ မည်သူမည်ဝါ နှင့် မည်သည့် နေရာ တွင် တွေ့ရန် အချိန်းအချက်များ စသည်တို့ကို တွေ့ ရ၏ ။ မိမိ သင်္ကာမကင်း ဖြစ်ခဲ့သော ကိစ္စ နှစ်ခု သုံးခု မှာ အခြား ကိစ္စများကဲ့သို့ ရိုးရိုး မင်နက် ဖြင့် မရေးဘဲ မင်နီ ဖြင့် ရေး ထားသည် ကို တွေ့ရ၏ ။ ယနေ့ အဖို့ လည်း ကိစ္စ တစ်ခု ကို မင်နီ ဖြင့် ရေး ထားပြန်ရာ ယင်း ကိစ္စ မှာ မည်သည့် ကိစ္စမျိုး ဖြစ်လေသနည်း ။ လွန်ခဲ့သော ၄ - ၅ လ လောက် က ပင် ဦးကျော်ဇော ၏  အသွားအလာများ ကိုလည်းကောင်း ၊ သူ့ ထံ သို့ရောက်လာသော ဧည့်သည်များ  ကို လည်းကောင်း သင်္ကာမကင်း ဖြစ်ခဲ့ရာ ယခု သင်္ကာမကင်း ဖြစ်ခဲ့သော ကိစ္စ နှစ်ခု သုံးခု မှာ ဒိုင်ယာရီ တွင် တွေ့ရသော မင်နီ မှတ်တမ်းများနှင့် အံကိုက် နေ သည် ကို တွေ့ရသော အခါ ပို၍ သင်္ကာမကင်း ဖြစ် လာတော့၏ ။ ယနေ့ ရက်စွဲ စာရွက် ပေါ် တွင် တွေ့ ရသော မှတ်တမ်းကလေး မှာ မည်သည့်ကိစ္စ ဖြစ် ပေမည် နည်း ။ မသန်းမြ သည် အမျိုးမျိုး တွေးတော လျက် ရှိလေ၏ ။

ထို ည ၌ ဦးကျော်ဇော သည် ညဉ့် ၇ နာရီ သာသာ လောက် ၌ အိမ် သို့ ပြန် ရောက်လာရာ အိမ်ထဲ သို့ ရောက်လျှင် ရောက်ချင်း

“ မြ ရေ အစ်ကိုကြီး ဒိုင်ယာရီ စာအုပ်ကလေး တစ်ခု ပျောက်သွားတယ် ဟေ့ ။ ဘယ်များ ကျကျန် ရစ်ခဲ့သလဲ  ၊ မပြောတတ်ဘူး ” ဟု ရေးကြီးသုတ်ပြာ ပြော လေရာ မသန်းမြ က အရေးမကြီး သကဲ့သို့ ဒိုင်ယာရီစာအုပ်ကလေး ကို စားပွဲ အံဆွဲအတွင်း မှ ထုတ်ယူ ပြီး နောက် “ ခြံ ထဲ မှာ ဦးဖိုးချိန် ကောက် ရလို့ လာ ပေးထားတယ် ” ဟု ပြော ကာ စာအုပ်ကလေး ကို ဦးကျော်ဇော လက် သို့ လှမ်း ၍ ပေး လိုက်လေ၏ ။ ထိုအခါ ဦးကျော်ဇော လည်း ရင် ထဲ မှ အလုံး တစ်ခု ကျ သွား သကဲ့သို့ စာအုပ်ကလေး ကို အငမ်း မရ ဆွဲ ယူ လိုက်လေသည် ။

“ ဒိုင်ယာရီ ကို မြ ဖတ်ကြည့်လား ”

“ ကြည့်တာပေါ့ အစ်ကိုကြီး ရဲ့ ။ နေပါဦး … ဒီနေ့ ည ၉ နာရီ ဆိုတာက ဘာလဲ ။ အစ်ကိုကြီး ဘယ်က မိန်းမ နဲ့ များ ချိန်း ထား ပြန်လဲ ” 

ဦးကျော်ဇော သည် ခေတ္တမျှ မျက်နှာ ပျက်သွား၏ ။ သို့သော် ချက်ချင်း ဣန္ဒြေ ဆယ်ကာ ပြုံးလိုက်ပြီးနောက် -

“ ဟုတ်တယ် ၊ ကောင်မလေး တစ်ယောက် နဲ့ ချိန်း ထားတယ် ။ အသား မဖြူမညို မျက်လုံးပြူးပြူး ကိုယ် က ငါးရဲ့ ကိုယ်ကလေး … ဟောဒီ က မြ ကိုယ်လေး အတိုင်းပါ ပဲ ဗျာ ”

ဦးကျော်ဇော သည် မသန်းမြ ၏ ကျစ်လျစ်သော ကိုယ်လုံးကလေး ကို ကြုံး၍ ဖက်ထားလိုက်လေ၏ ။

“ နေစမ်းပါဦး အစ်ကိုကြီး ရဲ့ ။ အကောင်း ပြောတာပါ ။ ည ၉ နာရီ ဆိုတာ ဘာလဲ ”

“ မြ ကလည်း ကွယ် ။ ည ၉ နာရီ မှာ တော်တော် အေးလာပြီ မဟုတ် လား ။ ဒီ အချိန် ဓာတ်ပုံဆေး ဖို့ ကောင်းတဲ့ အချိန် ပဲ ။ ဒီ အချိန် မှာ ဓာတ်ပုံတွေ ဆေးဖို့ရှိလို့ပေါ့ မြ ရဲ့ ။ မေ့ နေမှာ စိုးလို့ အစ်ကိုကြီး မှတ် ထားတာ ”

ဦးကျော်ဇော မှာ တစ်လ လျှင် တစ်ကြိမ် နှစ်ကြိမ် ကျ အောက်ထပ် မြေ တိုက် ထဲ သို့ ဝင်၍ သူ ၏ ဓာတ်ပုံများ ကိုဆေးခြင်း ၊ ကူးခြင်းများ ပြုလုပ်လေ့ ရှိ ၏ ။

ထမင်းများ စားသောက်ပြီးကြသောအခါ ၈ နာရီခွဲ ပြီ ဖြစ်၍ မသန်းမြ သည် ကနွဲ့ကရ အမူအရာဖြင့် ဦးကျော်ဇော ၏ မျက်နှာ ကို ကြည့် ကာ -

“ အစ်ကိုကြီး အခုတင် က ပြောတဲ့ မျက်လုံးပြူးပြူး ၊ ငါးရံ့ ကိုယ်ကလေး ဆိုတာ တကယ်လား ဟင် မြ ကို ပြောရမယ် ” 

“ တကယ်ပေါ့ မြ ရဲ့ ၊ မြ ကြည့်ချင်လို့လား ”

မသန်းမြ သည် နှုတ် ဖြင့် ပြန်၍ မပြောဘဲ ဦးခေါင်း ကို ညင်သာစွာ ညိတ် လေရာ ဦးကျော်ဇော သည် မသန်းမြ အား ကုလားထိုင် ပေါ် မှ ပွေ့ချီကာ “ အဲဒါ သူ ပဲ ” ဟု ပြောရင်း အိပ်ခန်း အတွင်း သို့ ခေါ် ဆောင် သွားလေ၏ ။

ဇနီးမောင်နှံ တို့ တစ်ရေးနိုးသောအခါ ၌ ကား ၁၁ နာရီ ပင် ထိုး ပြီး လေ ပြီ ။ ဦးကျော်ဇော နိုး သောအခါ “ နက်ဖြန် မှ ပဲ ဆေး တော့မယ် မြ ရေ ” ဟု ပြောကာ အိပ်ပျော် သွားလေ၏ ။ ထို ညဉ့် အဖို့ ၌ ကား တစ်စုံတစ်ရာ ထူးခြားခြင်း မရှိသဖြင့် မသန်းမြ မှာ စိတ် အေး ၍ သွားပြီးလျှင် တစ်ခါတည်း အိပ်ပျော် သွားလေရာ နံနက် ၇ နာရီ မှ ပင် အိပ်ရာ မှ နိုးလေတော့၏ ။

နောက် တစ်နေ့ ၌ ဦးကျော်ဇောသည် ခါတိုင်း နေ့ ကဲ့သို့ ၁၁ နာရီ သာ သာ ခန့် တွင် အိမ် မှ ထွက် သွားရာ မသန်းမြ သည် ဦးကျော်ဇော ၏ စာရွက်စာ တမ်းများ ကို ရှာဖွေ ကြည့်ရှုလိုစိတ် ပေါ် လာ သဖြင့် စာရေးစားပွဲအံဆွဲများ ကို ဗီရို အောက်တွင် တွေ့ ရသော သော့တွဲ မှ သော့များ နှင့် စမ်းသပ် ဖွင့်လေ၏ ။ သော့ ၃ - ၄ ချောင်းလဲ ၍ ဖွင့် သော အခါ အံဆွဲ နှစ်ခု ပွင့် သွားလေသည် ။

အံဆွဲ တစ်ခု အတွင်း ၌ ကား ဖိုင်ဟောင်း တစ်ခု ကို တွေ့ ရလေ ရာ ဖိုင်တွဲ ၍ ထားသော သတင်းစာ ဖြတ်ပိုင်းများ ကိုလည်း တွေ့ရ၏  ။ သတင်းရက်စွဲ မှာ လွန်ခဲ့သော ၁၅ နှစ်ခန့် က ရက်စွဲ ဖြစ်၍ အဖြူရောင် မှ အဝါရောင် သို့ ပင် ပြောင်းကာ စက္ကူများ နှင့် ဆွေးမြေ့ လု မတတ် ရှိ နေလေပြီ ။ 

ဖြတ်ပိုင်း တစ်စောင် တွင်

“ ဘိန်း နှစ်သောင်းဖိုး ချမှု ဖြင့် မိန်းမပျို တစ်ယောက် ထောင် ကျသောအမှု ” အခြား တစ်စောင်တွင် လူပြန်ပေးမှု ၊ အခြားတစ်‌စောင် တွင် မန္တလေးမြို့ ၊ သာစည် ၊ နမ္မတူ ၊ သီပေါမြို့ များ မှ မိန်းမပျိုကလေးများ ကို ခိုးယူ ပေါင်းသင်းပြီး နောက် အမျိုးသမီးလေးများ အစ ပျောက်နေခြင်း သတင်း များ ၊ အခြား တစ်စောင် တွင် ဇေဒဗာရီလူမျိုး ခေတ်ပညာတတ် တစ်ယောက် ဖြစ်သော ကိုမုတ်ဆိတ် ဆို သူ မှာ ရုပ်ရည်သနားကမား ရှိ သူ ဖြစ်၍ သီပေါမြို့မှ ရှမ်း အမျိုးသမီးလေး တစ်ယောက် နှင့် ပြင်ဦးလွင် ဈေးအနီး တွင် တိုက်တစ်လုံး ငှားရမ်း နေထိုင်ခဲ့ကြောင်း ၊ မကြာမီ ရှမ်းအမျိုးသမီးလေး ပျောက်သွား၍ ကိုမုတ်ဆိတ် သာ ရှိတော့ ရာ ကိုမုတ်ဆိတ် က မူ ဇနီး ဖြစ် သူ မှာ မိမိ နှင့် စကားများ ၍ စိတ် ဆိုး ပြီးလျှင် ၎င်း ၏ မိဘ ရပ် ထံ သို့ ပြန် သွားကြောင်း ဖြင့် လူ အများ အား ပြော လျက် ရှိထား၏ ။

မကြာမီ သီပေါ မှ အမျိုးသမီးလေး ၏ မိခင် လိုက်လာရာ ကိုမုတ်ဆိတ် က ၎င်း ၏ ဇနီး မှာ လွန်ခဲ့သော အပတ် က ပင် သီပေါ သို့ ပြန် သွားပြီဖြစ်ကြောင်း ပြော သဖြင့် မိန်းမကြီး ပြန် သွားရလေ၏ ။ သို့သော် မိန်းကလေး သည် သီပေါ မြို့သို့ မရောက်ဘဲ ရှိနေသဖြင့် နောက်ဆုံး တွင် ရဲဌာန ၌ လူပျောက်မှု ဖြင့် တိုင် ကြား ရတော့၏ ။ ထိုအချိန် ၌ ကား ကိုမုတ်ဆိတ် သည် သူ နေသော တိုက် ကို တိုက်ရှင် သို့ ပြန် အပ်ခဲ့ ပြီးလျှင် ခြေရာ ဖျောက် ၍ သွား ခဲ့လေပြီ ။ 

ထိုအကြောင်းများ ကို မန္တလေးမြို့ သတင်းစာ တစ်စောင် က အကျဉ်း ချုပ် ရေးသား ဖော်ပြပြီး လျှင် ဆက်လက်၍ နောက်တစ်နှစ် ခန့် အကြာ ၌ ကိုမုတ် ဆိတ် နှင့် ရှမ်းမလေး တို့ နေသွားသော တိုက် နောက်ဖေးဆောင် ပြိုကျ သဖြင့် အသစ် ထပ်မံ ပြုပြင်ရာ မီးဖို ကြမ်းပြင်များ ကို ဖျက် ရာ တွင် မြေကြီးအတွင်း တစ်ပေ ခန့် အနက် ၌ လူ ၏ အရိုးစုများ ကို တွေ့ရကြောင်း အရိုးစု မှာ ၅ ပေ ခန့် မျှ သာ အရပ် ရှိ ၍ ၎င်းနှင့်အတူ တွေ့ ရသော အဝတ်အစားများ မှာ ဆွေးမြေ့စုတ်ပြတ် လျက် ရှိ နေသော်လည်း မိန်းမ အဝတ်အစားများ နှင့် တူကြောင်း တွေ့ ရသဖြင့် ထို အရိုးစု မှာ ပျောက် သွားသော ရှမ်းမလေး ၏ အရိုးစု ဖြစ်လိမ့်မည် ဟု ရဲဘက် ယူဆကြောင်း ယခုအခါ ခြေရာ ဖျောက် သွားသော ကိုမုတ်ဆိတ် နောက် သို့ ရဲဘက် က အပူ တပြင်း လိုက် လျက်ရှိကြောင်း ရေးသားထား၏ ။

မသန်းမြ သည် ဖိုင်တွဲများ ကို နေသားတကျ ပြန် ထား လိုက်ပြီးလျှင် စားပွဲအံဆွဲ ကို သော့ခတ် ၍ သော့တွဲ ကို လည်း ခြေရာ လက်ရာ မပျက်စေဘဲ ပြန် ထား လိုက်၏ ။

သတင်းစာများ ကို ဖတ်ပြီးသောအခါ မသန်းမြ သည် အမျိုးမျိုး စဉ်းစား လျက်ရှိလေ၏ ။ တစ်ခါတစ်ခါ တွင် ဦးကျော်ဇော သည် ဇေဒဗာရီ ကု,လားနှင့် ခပ်ဆင်ဆင် တူသည့် အကြောင်း ကိုလည်းကောင်း ၊ ကု,လားများ နှင့် စကား ပြော ရာ ၌ ဦးကျော်ဇော သည် မြန်မာသံ မပေါက်ဘဲ ကု,လားသံ ပေါက်သည် ကို လည်းကောင်း ၊ ယခင် က မိမိ တွေးထင်ခဲ့ဖူးသည့် အချက်များကို ပြန်ပြီး ၍ စဉ်းစား မိ ၏ ။ “ ဟုတ်မယ် မထင်ပါဘူးလေ ၊ ငါ့ စိတ် က ထင်လို့ ထင်ပါရဲ့ ၊ ဒီနေ့ ည အကဲ ခတ် ကြည့်ရဦးမှာပဲ ။ ဒါပေမယ့် … ” ဟု စဉ်းစားလျက် ရှိစဉ် ဦးကျော်‌ဇော သည် အငှားကား တစ်စီး ဖြင့် ပြန်ရောက် လာသဖြင့် အတွေး ရပ် သွားရလေ၏ ။ အချိန် မှာ ၈ နာရီ ပင် ထိုး ခဲ့လေပြီ ။

ညစာ စားသောက်ကြပြီး နောက် အိမ်ရှေ့သို့ လာခဲ့ကြ၍ ကု,လားထိုင် များ တွင် အသီးသီး ထိုင် ကာ ဦးကျော်ဇော က ဆေးပြင်းလိပ်ကြီး ကို ကိုက်ရင်း ပက်လက် ကု,လားထိုင် ပေါ် တွင် သတင်းစာ ဖတ်လျက် လည်းကောင်း ၊ မသန်းမြ က မနီးမဝေး ရှိ ကု,လားထိုင်တစ်လုံး ပေါ် တွင် ထိုင်ကာ ပန်းထိုးခွေ တစ်ခု ဖြင့် ပန်းထိုးလျက် လည်းကောင်း ရှိနေကြလေ၏ ။ မသန်းမြ သည် စိတ်ထဲ တွင် ရနံ့ မကင်း သဖြင့် ဦးကျော်ဇော အား အကဲ ခတ်လျက် ရှိရာ ဦးကျော်ဇော သည် သတင်းစာ ပေါ် မှ ကျော် ၍ မိမိအား မကြာခဏ ကြည့် နေသည် ကို သတိ ပြုမိ၏ ။ တစ်ကြိမ် တွင် အကြည့် ချင်း ဆုံ သွားသဖြင့် မသန်းမြ က ချက်ချင်း မျက်နှာ လွှဲ လိုက်လေ သည် ။

မသန်းမြ သည် ပန်းခွေကလေးကို ကု,လားထိုင် ပေါ် ချထားလိုက်ကာ နားထင် ကို သူ ၏ လက်နှစ်ဖက် ဖြင့် ဖျစ်ညှစ်လျက် ရှိရာ ဦးကျော်ဇော က -

“ မြ ဘာဖြစ်လို့လဲ ”

“ နေ မကောင်းသလိုပဲ ။ ဒီနေ့ တစ်နေ့ လုံး ခေါင်း ကိုက်နေတယ် ”

“ ဒါဖြင့် အက် ( စ ) ပရင် သောက် လိုက်လေ ”

မသန်းမြ သည် ဆေးပုလင်းများ ထားသော ဗီရိုလေး ရှိရာ သို့ သွားကာ အက် ( စ ) ပရင် ကို သောက် လိုက်ပြီး နောက် -

“ တစ်ခါတည်း ကော်ဖီ သောက်ကြမယ် အစ်ကိုကြီး ။ ဒီနေ့ စောစော အိပ် ချင်တယ် ”

“ အေးကွယ် သောက်တာပေါ့ ။ ဟာ .. ဒီနေ့ည ဓာတ်ပုံဆေးဖို့ ရှိသေး တာပဲ ။ အစ်ကိုကြီး ခုမှ သတိရတယ် ။ အစ်ကိုကြီး တို့ မနေ့ ည က စောစော အိပ် ကြလို့ မဆေးရဘူး ။ မြ လည်း ကူညီဖို့ အစ်ကိုကြီး နဲ့ လိုက်ခဲ့နော် ”

“ ဟင့်အင်း … မြ နေမကောင်းလို့ မလိုက်တော့ဘူး ”

“ မလိုက်လို့ ဘယ် ဖြစ်မလဲ ။ ဖလင်လိပ်တွေ က အများကြီး လိုက် ကို လိုက် ရမယ် ”

ထိုအခါ မသန်းမြ သည် ဦးကျော်ဇော အပေါ် တွင် ယခင်က ထက် သင်္ကာမကင်း ဖြစ် လာတော့၏ ။ ဦးကျော်ဇော ကား ငြင်း၍ ရမည် မဟုတ်ချေ ။ ဥပါယ်တံမျဉ် ဖြင့် သာ နိုင်နင်းနိုင်မည် ဟု စိတ်ကူးမိ၏ ။

“ အင်း … ငါ ထင်တဲ့ အတိုင်း ပါပဲ ဟုတ်ပါပြီ ။ ဓာတ်ပုံခန်း ထဲ ရောက် ရင်တော့ ငါ့ ကို သ-တ်တော့ မှာ ပဲ ဘယ် အကူအညီ မှလည်း ရ မှာ မဟုတ်ဘူး ။ ဒီတော့ ကိုယ် က အရင် ဦးအောင် ကြံမှ ” ဟု စိတ် ထဲ က စဉ်းစားမိ၏ ။ သို့နှင့် ယခင် က အတိုင်း မျက်နှာ ကို ပြုံးရွှင်စွာ ထားလိုက် ပြီး လျှင် အမူအရာ ဖြင့် ဦးကျော်ဇော ရှိရာ သို့ လှမ်း ၍ -

“ ဒါဖြင့်လည်း လိုက် တာပေါ့ အစ်ကိုကြီး ရယ် ။ တကတည်း သူများ မလိုက် ရင် ပြီး ကို မပြီးဘူး ”

မသန်းမြ သည် အမူအရာဖြင့် ခြေကလေး ကို ဆောင့်ကာ နောက်ဖေး မီးဖိုခန်း သို့ သွားပြီးနောက် ကော်ဖီ နှစ်ခွက် ကို ဖျော် လျက် ရှိ၏ ။ ထို့နောက် ဦးကျော်ဇော သောက်လေ့ ရှိသော ဆေးလုံးကလေး နှစ်လုံးကို ငွေဇွန်းကလေး ဖြင့် ယူလာလေ၏ ။ ဦးကျော်ဇော မှာ နှလုံးရောဂါ ရှိ သဖြင့် ဆရာဝန် ၏ အညွှန်း အတိုင်း တနင်္ဂနွေ တစ်ပတ် လျှင် တစ်ကြိမ် ကျ ညဉ့် ကော်ဖီ မသောက်မီ သောက် ရသော ဆေးလုံး ဖြစ်လေသည် ။

“ အစ်ကိုကြီး ဒီ ဆေး မသောက်တာ နှစ်ပတ် ရှိပြီ ။ ကဲ … သောက်ဦး ”

“ အေး … ဟုတ်တယ် ”

မသန်းမြ သည် တိုင်ကပ်နာရီ ကို မသိမသာ လှမ်း၍ ကြည့်လိုက်ရာ ၉ နာရီ ထိုးရန် ၁၀ မိနစ် မျှ သာ လိုတော့ သည် ကို တွေ့ ရ၏ ။ မသန်းမြ နာရီ ကြည့် လိုက်စဉ် တွင် ဦးကျော်ဇော က အကဲခတ် လိုက်ကြောင်း ကို လည်း မသန်းမြ သတိ ပြု လိုက်မိ၏ ။

ဦးကျော်ဇော သည် ဆေးလုံးကလေး နှစ်လုံး ကို ရေ နှင့် သောက် လိုက် ပြီးနောက် ကော်ဖီ ကို တဖြည်းဖြည်း သောက် လျက် ရှိရာ မသန်းမြ က လည်း အခြား ကု,လားထိုင်တစ်လုံး ပေါ် တွင် ထိုင်ကာ စဉ်းစားရင်း ကော်ဖီ သောက်လျက် ရှိ လေသည် ။ အချိန်ကား ဆယ်မိနစ် မျှ သာ ရှိတော့၍ ထို ဆယ်မိနစ် အတွင်း တစ်စုံ တစ်ရာ အကြံ ထုတ်ရပေမည် ။ ထို ဆယ်မိနစ် ကား မိမိအတွက် အရေး ကြီးလှပေ၏ ။ ထို ဆယ်မိနစ် အတွင်း အကူအညီ ရှာ မှ ဖြစ်လေမည် ။ ထိုသို့ ပြုလုပ်ရန် တယ်လီဖုန်းသာ အားကိုး ရှိတော့၏ ။ မသန်းမြ သည် တယ်လီဖုန်း ဖြင့် အကူအညီ ရ ရန် ချက်ချင်း ဉာဏ် ထုတ်လေသည် ။ မသန်းမြ ၏ လက် များ မှာ တုန်တုန်ရီရီ ရှိ နေ သဖြင့် ကော်ဖီပန်းကန် ကို ကပျာကယာ ချ ထား လိုက် ရ၏ ။

“ နက်ဖြန် တနင်္ဂနွေနေ့ လား အစ်ကိုကြီး ”

ဦးကျော်ဇော က ခေါင်း ညိတ်ရုံသာ ညိတ် လိုက်၏ ။ မသန်းမြသည် နေရာ မှ ကပျကယာ ထလိုက်ကာ -

“ တနင်္ဂနွေနေ့ ဟုတ်လား ။ ဒီလို ဆို ရင် နုနု တို့ လင်မယား ဖိတ်ဦးမှာ ပေါ့ ။ မြ သတိ မေ့ နေလိုက်တာ သူတို့ နဲ့ တနင်္ဂနွေနေ့ ချိန်း ထားတာပဲ ”

ဤသို့ ပြောပြောဆိုဆို နှင့် ပင် မသန်းမြ သည် ဧည့်ခန်း နောက်ဘက် တယ်လီဖုန်း ရှိရာ နေရာသို့ ခပ်သုတ်သုတ် လျှောက်သွား လေ၏ ။ တယ်လီဖုန်း ရှိသော နေရာ မှာ ဧည့်ခန်း နှင့်လိုက်ကာ တစ်ခု သာ ခြားထားလေသည် ။

စားပွဲတင် ဓာတ်မီး ခလုပ် ကို ဖွင့် လိုက်ပြီး နောက် မသန်းမြသည် တယ်လီဖုန်းစာအုပ် ကို ကပျာကယာ လှန် လိုက်ရာ ကံအားလျော်စွာ ပထမ မျက်မှန်း တန်းမိသော စာလုံးမှာ “ မရမ်းကုန်း ဌာနာ ” ဟု ရေး ထားသော စာတမ်း နှင့် တယ်လီဖုန်း နံပတ် ဖြစ်လေသည် ။ မသန်းမြ သည် လက်ကိုင် ကို ကောက်၍ ကိုင်လိုက်ကာ ထို နံပတ်အစဉ်အတိုင်း လှည့် လိုက်၏ ။ ထိုအချိန် ၌ ဦးကျော်ဇော မှာ မသန်းမြ အား အတန်ငယ် သင်္ကာမကင်း ရှိဟန်ဖြင့် ခန်းဆီး အပြင် ဘက် ရှိ အနီးဆုံး ကု,လားထိုင် သို့ လာရောက် ထိုင် လေသည် ။ တစ်ဘက် မှ အသံ ကြား ရသည် နှင့်တစ်ပြိုင်နက် မသန်းမြ သည် စကား စ ၍ ပြောလေ၏ ။ သို့သော် ပြော ရမည့် စကားများ မှာ ရဲအရာရှိများ အား အရေးတကြီး ခေါ်ယူရမည်ဖြစ်၍ ဦးကျော်ဇော က လည်း မိမိ သည် နုနု နှင့် စကား ပြောနေသည် ဟု ထင်မှတ် အောင် ဉာဏ် ထုတ် ၍ ပြောရမည် ဖြစ်၏ ။

“ ဟုတ်ကဲ့ မသန်းမြပါ ၊
ဦးကျော်ဇော ခြံ က … ”

တယ်လီဖုန်း ကို လက်ဝါး ဖြင့် ပိတ် ကာ အခြားဘက် သို့ လှည့်လျက်

“ နု လားဟေ့ ”

“ မြ စကား ပြော နေတယ်လေ ။ နက်ဖြန် တနင်္ဂနွေနေ့ မဟုတ်လား ၊ အဲဒီတော့ …”

တယ်လီဖုန်း ကို ဖွင့်လျက် -

“ ကား နဲ့ လာပါ ”

ပိတ်လျက် -

“ နို့မှ ကလေးတွေ အကုန်လုံး ခေါ်ခဲ့နိုင်မယ် မဟုတ်လား ။ ဘာအရေးကြီးလို့ လားများ မေး နေရသေးလား ။ နု က လည်း … ”

“ အရေးကြီးလို့ ခေါ်တာပါ ”

ပိတ်လျက် -

“ နု က လည်း ကွယ် သိပ် နောက်တာပဲ ဟဲ … ဟဲ ”

ဖွင့် လျက် -

“ အိမ် ရောက်တော့ ပြောပါ့မယ် ”

ပိတ် လျက် -

“ နု က သိပ် အရင်လိုတာပဲ ။ အခုမှ သိချင်ပါနဲ့ဦး ကွယ် ။ နက်ဖြန်ကျ တော့ ပြော ပြမှာပေါ့ ”

ဤသို့ဖြင့် ကြို့ကုန်း ရှိ မြေပိုင်ရှင် ဦးကျော်ဇော ခြံ မှ မိန်းမ တစ်ယောက် အသံ ဖြင့် အမြန် လာရန် ရဲအရာရှိများ အား ခေါ်ကြောင်း ကို တယ်လီဖုန်း နားထောင် သူ ရဲအရာရှိ သိ သွားလေသည် ။ ထို့အပြင် အသံ မှာ အတန်ငယ် တုန်ရီ လျက် ရှိ ပြီးလျှင် စကား မှာ လည်း တစ်စုံတစ်ခု အနှောင့်အယှက်ကြောင့် အချို့ နေရာ ၌ ပြတ်တိ ပြတ်တောင်း ဖြစ် နေသည် ကို သတိ ပြုမိ၏ ။ ထိုအချိန်မှာ ဘေးဥပဒ် တစ်ခုခု နှင့် ကြုံ၍ အမြန် တယ်လီဖုန်း ဆက် ရသူများ ကိစ္စ တွင် အရေးအကြီးဆုံးသော အချက်တစ်ချက် ဖြစ်ကြောင်း ရဲအရာရှိများ သိ ရှိကြ၏ ။ သို့နှင့် မကြာမီ က ပင် အထက် မုံရွာ မှ ပြောင်း ရွှေ့ လာသော ရဲအုပ်ကလေး အား တာဝန် ပေးပြီးလျှင် လက်နက်ကိုင် ရဲသား နှစ်ယောက် နှင့် အတူ ကြို့ကုန်း ဦး ကျော်ဇောခြံ သို့ ညွှန်ကြားချက်များ ပေးကာ စေလွှတ် လိုက်လေ၏ ။

ဦးကျော်ဇော သည် အတန်ငယ် ခက်ထန်သော အသံ ဖြင့် “ စကား ပြော တာ မပြီးသေးဘူးလား ဟေ့ ” ဟု မေး လိုက်လေသည် ။

“ ဟုတ်ကဲ့ အစ်ကိုကြီး ပြီးပါပြီ ”

မသန်းမြ သည် အခန်း ထဲ မှ ထွက် လာပြီး နောက် ကု,လားထိုင် ပေါ် တွင် ဣန္ဒြေ မပျက် ဝင် ၍ ထိုင် လိုက်၏ ။ ဦးကျော်ဇော သည် နေရာ မှ ထ လိုက်ကာ

“ ကိုင်း … သွားကြမယ် ”

“ ဖြည်းဖြည်းပေါ့ အစ်ကိုကြီး ရဲ့  ”

“ အချိန်ဟာ အဖိုးတန်တယ်ကွ ။ ငါ က အခုဆို အခု မှ ကြိုက်တဲ့ အကောင် ”

ဦးကျော်ဇော သည် ခက်ထန်သော မျက်နှာ နှင့် မသန်းမြ ထိုင် နေသော ကု,လားထိုင် အနီးသို့ ချဉ်းကပ်လာ၏ ။ ဦးကျော်ဇော ၏ အသံ မှာ မာကျော သလောက် ၎င်း ၏ မျက်နှာ မှာ လည်း တင်းမာခက်ထန် ၍ လာ၏ ။ မျက်နှာ မှာ ယခင် က မိမိ အား ယုယ ပိုက်ထွေး ၍ ချော့မော့ခဲ့သော မျက်နှာမျိုး မဟုတ်တော့ ဘဲ အပေါ်ရံ မှ နူးညံ့ သိမ်မွေ့သော မျက်နှာဖုံး ကို ခွာချလိုက်သကဲ့သို့ သိမ်မွေ့ ခြင်း လုံးဝ ကင်းမဲ့လျက် မိမိ အား ကြောက်မက်ဖွယ်ရာ ပြူးကြောင်သော မျက်လုံးကြီးများ ဖြင့် ရက်စက်စွာ ကြည့် နေသော မျက်နှာကြီး ကို မြင်ရလေ၏ ။ သူ ၏ လက်ချောင်းများ မှာ တစ်စုံတစ်ရာ ကို ရစ်ပတ်ဖျစ်ညှစ် လို ဟန် ဖြင့် လက် ချောင်းကလေးများ သည်လည်း တွန့်လိမ် လှုပ်ရှားလျက် ရှိလေသည် ။

“ လာ သွားမယ် မြေတိုက် ထဲ ကို … ”

ဦးကျော်ဇော သည် မသန်းမြ ၏ ပခုံးနှစ်ဖက် ကို ခပ်နာနာ ဖျစ်ညှစ် လိုက်လေ၏ ။ မသန်းမြ က ကု,လားထိုင် နောက်မှီ ကို ကြောင် တစ်ကောင် ကဲ့ သို့ ကုပ်ခြစ် ဖက်တွယ် ၍ ထား လေသည် ။

“ မလုပ်နဲ့ အစ်ကိုကြီး မလုပ်နဲ့ ”

“ လုပ်မယ် ဘာဖြစ်သလဲ ”

“ အို … အို … နေပါဦး ၊ အစ်ကိုကြီးရဲ့  ။ မြ ပြောစရာ ရှိလို့ပါ ”

“ အောင်မယ် ဘာများ ပြော မလို့ပါလိမ့် ”

ဦးကျော်ဇော သည် ကု,လားထိုင် တစ်လုံး ကို ဆွဲယူ ပြီးလျှင် မသန်းမြ နှင့် မျက်နှာချင်း ဆိုင် ထိုင် လိုက်လေ၏ ။ အခိုက်အတန့် အား ဖြင့် မသန်းမြ မှာ တစ် မိနစ် ခန့် မျှ အချိန် ရ သွားလေပြီ ။

မသန်းမြ သည် အလွန်ကြောက်ရွံ့လျက် ရှိသော်လည်း တတ်နိုင်သမျှ ဟန်ဆောင် လျက် -

“ ဒီမယ် အစ်ကိုကြီး မြ ဟာ အသက် ၁၈ နှစ် ကတည်း က စာရေးမ အလုပ် လုပ် ခဲ့တယ် ။ နောက်ပြီးတော့ လည်း မြ ဟာ တစ်ခါမှ အိမ်ထောင် မကျဖူးဘူး ။ အပျိုအစစ် လို့ အစ်ကိုကြီး ထင်ခဲ့တယ် ”

“ အေးလေ … ဒါ ဘာဖြစ်သလဲ ”

“ ဒါတွေ မဟုတ်ဘူး အစ်ကိုကြီး ရဲ့  ။ အသက် ၁၉ နှစ် လောက် က တုန်း က တရုတ် တစ်ယောက် နဲ့ ၊ ဒီ နောက် ဘိုကပြားတစ်ယောက် နဲ့ အိမ်ထောင် ကျ ဖူးတယ် ။ တရုတ်ကြီး က ရိုးရှာပါတယ် ။ ကျွန်မ နဲ့ အိမ်ထောင် ကျ ပြီးလို့ ဘာမှ မကြာဘူး ၊ သူ့အသက် ကို ငွေ ၁၀၀၀၀ ကျပ် နဲ့ အာမခံ လုပ်ပြီး ကျွန်မ ပေး ထားတယ် ။ နောက် ၆ လ လောက်ကြာတော့ ဒီ ငွေ တစ်သောင်း ကျွန်မ ပိုင် လိုက်တာပါပဲ ”

“ ဘာဖြစ်လို့လဲ ”

“ ပြောဦးမယ်လေ … နားထောင်ဦး ၊ စစ်ပြီး လို့ အင်္ဂလိပ်တွေ ပြန် ဝင်လာ တဲ့အခါ ကက် ( စ ) ဘီ လက်ထက် က ဆရာဝန်ကြီး တစ်ယောက် ဆီ မှာ ကျွန်မ စာရေး လုပ်ဖူးတယ် ။ ဒီဆရာဝန်ကြီး က အဆိပ် ဘက် မှာ ပါရဂူ ပေါ့ အစ်ကိုကြီး ရဲ့ ။ သူ က အဆိပ် အမျိုးမျိုးအကြောင်း ကျွန်မ ကို သင်ပေးတယ် ” 

ဦးကျော်ဇော သည် အလွန် စိတ်ဝင်စား လာ ဟန် ဖြင့် မျက်လုံး များ ပြူး ကာ မသန်းမြ အား စိုက် ကြည့် လျက်ရှိလေ၏ ။ သို့နှင့် မသန်းမြ က ဆက်လက် ၍

“ အဆိပ် တစ်မျိုး ရှိတယ် အစ်ကိုကြီး ရဲ့  ။ အဖြူမှုန့်ကလေး ပေါင်ဒါ ထက်တောင် နုသေးတယ် ”

“ ဟုတ်လား ”

“ ဟုတ်တယ် ၊ ဪ … ဒါထက် အဆိပ် အကြောင်း အစ်ကိုကြီး နားလည်သလား ”

ပြတ်တောင်းသော အသံဖြင့် -

“ မလည်ပါဘူး ”

“ ဒါနဲ့ ပြောရဦးမယ် ။ ကျွန်မအလုပ် ထွက်ခါ နီးတော့ မေဂျာကြီး ဆီ က ဒီ အဆိပ်မှုန့်ကလေး နည်းနည်း ကျွန်မ ခိုး လာခဲ့တာပေါ့ ။ ဒီ အဆိပ် မိတဲ့ လူ ဟာ နှလုံးသွေး ရပ်ပြီး သေတဲ့ လူများ လို အင်မတန် ညင်သာတယ် ။ အဆိပ် က အစာ အိမ် ထဲ မှာ မနေဘဲ ချက်ချင်း သွေးကြောတွေ ထဲ ပြန့် သွားလို့ ဘယ် ဆရာဝန် မှ ရှာ မတွေ့ဘူး ။ သွေးရိုးသားရိုးနဲ့ သေတယ်ချည်း ပြောတာပဲ ”

“ အင်း … ပြောပါဦး ”

“ မပြောပါရစေနဲ့တော့ အစ်ကိုကြီး ရယ် ။ မြ ကြောက်လွန်းလို့ပါ ”

“ ပြောရမယ် ။ အခုတော့ မပြောဘဲ မနေရဘူး ”

မသန်းမြ က မျက်နှာခပ်ပြုံးပြုံးဖြင့် -

“ ဒီ လူကြီး က မိန်းမ ငယ်ငယ် ရ နေတော့ မြ ကို သိပ် အလို လိုက်တာပေါ့ အစ်ကိုကြီး ရယ် ။ မြ က လည်း ကနွဲ့ကရ လုပ်တော့ ကော်ဖီ ဆို ရင် မြကိုယ်တိုင် ဖျော် ပေးမှ သဘော ကျတယ် ”

မသန်းမြ လည်း ပန်းထိုးခွေ မှ ဇာကလေးများ ကို ခပ်အေးအေး ဆက် လက် ဖောက် နေ ပြန်၏ ။

“ ပြောလေ … ဆက် ပြောလေ ၊ ပြော… ပြော ”

ဦးကျော်ဇော ၏ အသံ မှာ တုန်တုန်ရီရီ ဖြစ်၍ လာသည် ။ မသန်းမြ က ဆက်လက် ၍ -

“ တစ်နေ့ တော့ ညနေခင်း ကျွန်မတို့ အိမ်ရှေ့ ဥယျာဉ် ထဲမှာ ကော်ဖီ သောက် ကြရင်း သူသောက်တဲ့ ကော်ဖီခွက် ထဲ ကို အဲဒီ အမှုန့်ကလေး နည်းနည်း သူ မမြင်အောင် ခပ် လိုက်တာပေါ့ ။ ပြီးတော့ ကျွန်မ သူ့ ကို စောင့် ကြည့်နေ တယ် ။ စကား တပြောပြော နဲ့ ၁၅ မိနစ် လောက် လည်း ကြာ ရော ဖြစ်လာတာပါ ပဲ အစ်ကိုကြီး ရယ် ။ မူးတယ် မူးတယ် အသက်ရှူ ကြပ်လိုက်တာ ဆိုလို့ သူ့ ရှပ် အင်္ကျီ အပေါ် ကြယ်သီး တောင် မြ က ဖြုတ် ပေးရသေးတယ် ။ ဒါနဲ့ အိမ်ဖော် မိန်းမကြီးနဲ့ အစေခံတွေ ရောက် လာပြီး နှစ်မိနစ် တောင် မကြာပါဘူး ၊ ကု,လားထိုင် ပေါ် ဇက် ကျိုးကျသွားတာပါပဲ ”

မသန်းမြ သည် သက်ပြင်း တစ်ချက် ချ လိုက်ရာ ဦးကျော်ဇောသည် ခြောက်သွေ့ သော နှုတ်ခမ်းများ ကို လျှာ ဖြင့် ပွတ်သပ်ပြီး နောက် တံတွေး ကို မနည်း မျို ချ လိုက်ရ၏ ။

“ အသက်ပေါင် တဲ့ ငွေ ကော ”

“ မြ ရ လိုက်တာပေါ့ အစ်ကိုကြီး ရဲ့ ။ သွေးရိုးသားရိုး အတိုင်း နှလုံးသွေး ဖြုန်းခနဲ ရပ်ပြီး သေတဲ့ အကြောင်း ဆရာဝန် က လက်မှတ် ပေးတာပဲ ။ ဘာမှ ပြဿနာ မပေါ်ဘူး ၊ အားလုံး ချောချောမောမော ပဲ ”

“ ပြီးတော့ ကော ”

“ နောက် တစ်ယောက် က တော့ မထူးပါဘူး အစ်ကိုကြီး ရယ် ။ သူ က အင်္ဂလိပ်ကပြား ခရစ်ယာန် အသက် က တော့ ရွယ်တူ လောက် ပါ ပဲ ။ ရုပ်လည်း ချော တယ် ။ မြ ကို ချစ်လိုက်တာ မပြောနဲ့တော့ ၊ သူ သေရင် သူ ပိုင်တဲ့ ပြင်ဦးလွင် က ခြံကြီးတွေ ရော ဟောင်ကောင်ဘဏ်တိုက် မှာ ထားတဲ့ ငွေ ၂ဝဝဝဝ ရော မြ ကို ပေး ဖို့ ဝတ်လုံ တစ်ယောက် ဆီ မှာ သေတမ်းစာ ရေး ထားခဲ့တယ် ။ သူ သေအောင် ဘယ် စောင့်နိုင်မလဲ အစ်ကိုကြီး ရဲ့ ။ လူ ဆိုတာ လောဘသား မြန်မြန် လိုချင်တာ ပေါ့ ”

“ သူ့ ကို ကော ဘယ်လို လုပ် လိုက်သလဲ ”

“ အရင် နည်း အတိုင်းပေါ့ အစ်ကိုကြီး ရယ် ။ သေခါနီးတောင် ကော်ဖီ က ခါး လိုက်တာ ခါတိုင်း နဲ့ မတူဘူးလို့ ညည်း သွားသေးတယ် ”

အချိန် မှာ သုံးမိနစ် ခန့် ကုန်လွန်၍ သွား ပြန်၏ ။

“ ကော်ဖီ က ခါးတယ် … ဟုတ်စ ”

“ ခါးတာပေါ့ အစ်ကိုကြီး ရဲ့ ၊ အဆိပ် ခပ် ထားတာကို ”

“ ဘုရား … ဘုရား … ဟဲ့ ခွေးမ ၊ ငါ သောက်တဲ့ ကော်ဖီ ထဲ နင် အဆိပ် ခပ် လိုက်ပြီ ဟုတ်လား ။ ဒါကြောင့် ခါတိုင်း နဲ့ မတူဘူး ။ နည်းနည်း ခါးတယ် လို့ အောက်မေ့ မိတာ ကို ဘုရား … ဘုရား ”

ဦးကျော်ဇော သည် အသက်ရှူ ကြပ် လာသည့် ဟန် ဖြင့် လည်ပင်း ကို ပွတ်သပ်ပြီးနောက် မသန်းမြ ၏ လည်မျို ကို ဖျစ်ညှစ်ရန် နေရာ မှ ထ လိုက်လေ ၏ ။ မသန်းမြ သည် မိမိ ထိုင် နေသော ကု,လားထိုင် ကို နောက်သို့ တအား ရွှေ့ လိုက်ပြီးလျှင် မတ်တတ် ရပ်လိုက်၏ ။ ထို့နောက် ဦးကျော်ဇော ၏ မျက်နှာ ကို လက်ညှိုး ထိုး ကာ -

“ ခပ်လိုက်တယ် လေ … ခပ်လိုက်တယ် ။ ခါတိုင်းထက် တောင် နည်း နည်း ပို ထည့် လိုက်သေးတယ် ။ အခု ၆ မိနစ် ရှိ သွားပြီ ။ ရှင် နေရ လှ ရင် နောက် ၅ မိနစ် ပေါ့ ”

ဦးကျော်ဇော သည် ဒယိမ်းဒယိုင် နှင့် ကု,လားထိုင်ပေါ် သို့ ပြန်၍ ထိုင် လိုက်၏ ။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လျက် ရှိ၏ ။

“ ဟဲ့ခွေးမ ၊ နင့် ကို ငါ သ-တ်မယ် ”

“ အောင်မယ် ၊ ဘယ်သူက သ-တ်မလဲ ဆိုတာ ကြည့်သေးတာပေါ့ ။ ပါးစပ် က ပြော မနေနဲ့ ၊ ရှင် ရင်ထဲ က ပူမလာဘူးလား ဘာ မှတ်သလဲ ။ ရှင့် အူတွေ ၊ အသည်းတွေ အခုလောက် ကြာ ရင် ပြတ်ကြကုန်ပြီ ။ အပိုင်းပိုင်း ပြတ် ကုန်ပြီ နားလည်လား ”

ဦးကျော်ဇော သည် အသက်ရှူ ကြပ်ဘိ သကဲ့သို့ ရှပ်အင်္ကျီလည်ပင်း ကို အတင်း ဆုတ်ဖြဲ ပြီး နောက် ကု,လားထိုင်နောက်မှီ ပေါ် သို့ ဇက်လန် ကျသွားလေ၏ ။

ထိုခဏ ၌ ခြံ ထဲ သို့ မော်တော်ကား တစ်စီး ဝင် လာသောအသံ နှင့် ခြေသံ များ တံခါး ခေါက်သံများ ကို ကြားရလေရာ မသန်းမြ သည် နေရာမှခုန် ထ ကာ တံခါး ရှိရာ သို့ အတင်း ပြေးသွား ပြီး လျှင် တံခါး ကို ဖွင့် ပေးလေ၏ ။ တံခါး ပွင့် သွားသည် နှင့် တစ်ပြိုင်နက် လက် ထဲ တွင် ခြောက်လုံးပြူး ကိုင်၍ ဝင်လာသော ယူနီဖောင်း အပြည့်အစုံ ဝတ်ထားသည့် မောင်သောင်းတင် မျက်နှာ ကို မြင် လိုက်ရလေရာ မသန်းမြ သည်

“ အမယ်လေး ကိုသောင်းတင် ရဲ့ ”

ဟု ပြောကာ အချစ်ဟောင်း ၏ ရင်ခွင် ထဲ သို့ လဲကျ သွားလေတော့၏ ။

“ ဘာ ဖြစ်တာလဲ မြ ၊ ဟင် … ဘာဖြစ်တာလဲ ပြောစမ်းပါဦး ”

“ သွားကြည့်တော့လေ ၊ ဦးကျော်ဇော ဘာ ဖြစ်သလဲ မပြောတတ်ဘူး ”

မောင်သောင်းတင် နှင့် တကွ ရဲသားများ သည် ဦးကျော်ဇော ရှိ ရာ သို့ သွားရောက် ကြည့်ရှုရာ ဦးကျော်ဇော မှာ သေဆုံးနေပြီ ဖြစ်ကြောင်း တွေ့ကြရလေ၏ ။

ဦးကျော်ဇော မှာ နဂို က ပင် နှလုံးရောဂါ ရှိ သူ တစ်ယောက် ဖြစ်သည့် အတိုင်း အလွန်ကြောက်မက်ဖွယ် ကောင်း ၍ သဘာဝ ကျလှသော မသန်းမြ ၏ ” ထိုးဇာတ် ” ကလေး ကို ကြား ရသောအခါ စိတ်ကို အပြင်းအထန် ထိခိုက် သွား သဖြင့် နှလုံးသွေး ရပ် ကာ သေဆုံး သွားခြင်း ဖြစ်လေသည် ။

လူတို့ ၏ စိတ်ဓာတ် သည် လွန်စွာ ဆန်းကြယ်လျက် စိတ်နှလုံး ကို ထိခိုက်စေတတ်သော စကားများ သည် လူ တစ်ယောက် ကို ရူးသွပ် ၍ သွားစေ နိုင်၏ ။ တစ်ခါတစ်ရံ အသက်ကို ပင် သေစေ နိုင်၏ ။

◾ဒဂုန်ရွှေမျှား

📖 နဝဒေး မဂ္ဂဇင်း
      အမှတ် ( ၇ )
      ၁၉၆၃ ခု ၊ ဇူလိုင်လ ၊

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment