Monday, December 12, 2022

မြနန်းနွယ် ( ၇ )


 ထိုအချိန် ၌ ပြဇာတ် သည် ပရိသတ် အား အကြီးအကျယ် ဖမ်းစား ထားပြီ ဖြစ်၏ ။ လူကြမ်း အေးငွေကြီး သည် ကြည့်မြင်တိုင် မှ သိုက်ဆရာ ကို ခေါ်ကာ ရွှေညောင်ပင်သိုက် မှ မေမြင့် နှင့် ကျော်အေး တို့ အား ချည်မန်းကွင်းများ ဖြင့် ချည်နှောင် ၍ ရိုက် နေပြီ ဖြစ်၏ ။ မေမြင့် နှင့် ကျော်အေး တို့ မှာ လည်း အလူးအလှိမ့် ခံ နေကြရ၏ ။ မြနန်းနွယ် သည် ပါးပြင် ပေါ် သို့ မျက်ရည်များ စီး ကျ လာ လေ၏ ။ မောင်ဖေသော် သည် ထို အဖြစ်အပျက် ကို ကြည့် ကာ စိတ် မကောင်း ဖြစ် သွား၏ ။


“ နွယ် ဘာဖြစ်လို့ ငို နေတာလဲ ။ ဒီ ဟာ ပြဇာတ် ပဲ ။ ပြဇာတ် ဆို တာ သရုပ်ဆောင် နေတာပဲ ။ တကယ်မှ မဟုတ်ပဲ နွယ် ၊ အဲဒီလို မျက်ရည်တွေ ကျ တော့ ကိုယ် ဘယ် စိတ် ကောင်းမလဲ ”


ဟု မောင်ဖေသော် က ချော့ လိုက်လျှင် မြနန်းနွယ် က ..


“ တကယ် မဟုတ်ဘူး ဆိုတာ သိပါတယ် ။ ဒါပေမယ့် အဲဒါ ဟာ တကယ် ဆိုရင် ဘယ်လို လုပ်မှာတုံး ။ ဥစ္စာစောင့်မလေး မေမြင့် နေရာ မှာ နွယ် ဖြစ်ပြီး ၊ ကျော်အေး နေရာ မှာ ကို ဆို ရင် ဘယ်လို ခံစား မှာ တုံး ”


ဟု မေး လိုက်ရာ မောင်ဖေသော် က


“ ဒီမှာ နွယ် ၊ အဲဒီမှာ ကျော်အေး နေရာ က ကိုယ် ဆိုရင် လက် ကို ကြိုးတုပ် ထားပေမယ့် ခြေထောက် နှစ်ချောင်း က လွတ် နေတာပဲ ။ ဟို သိုက်ဆရာ ရဲ့ မျက်နှာ ကို ခြေထောက် နဲ့ ပြေး ကန် ပစ် လိုက်မှာပေါ့ ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် သည် ကျေနပ် သွား လေ၏ ။ 


ထို့နောက် မြနန်းနွယ် က ..


“ တကယ် လား ”


ဟု ပြော လိုက်ရာ မောင်ဖေသော် သည် လက်ညှိုး နှစ်ချောင်း ထောင် ပြ လိုက်လေ၏ ။ ပြီး လျှင် ..


“ နှစ်ကယ် ”


ဟု ပြော လိုက်လေ၏ ။ 


မြနန်းနွယ် သည် မောင်ဖေသော် ၏ မျက်နှာ ကို လှမ်း၍ ကြည့် လိုက်၏ ။ နှုတ်ခမ်းမွေး စစ မေးရိုးကားကား စူးရဲသော မျက်လုံးပိုင်ရှင် မောင်ဖေသော် အား ယောက်ျား ပီသပါပေသည် ဟု စိတ် တွင်း မှ ချီးကျူးမိ၏ ။


“ သူ့ ကြည့် ရတာ လိုအပ်ရင် တကယ် စွန့်စားမယ့် လူစားမျိုး ”


ဟု လည်း စိတ်တွင်း ၌ ကောက်ချက် ချ မိလေ၏ ။ ထိုအချိန် ကျော်အေး ၏ ရည်းစားဟောင်း သည် သိုက် အတွင်း သို့ လိုက် လာ ပြီး လျှင် သိုက်ဆရာများ ကို ရိုက်နှက်၏ ။ ပွဲများ ကို လည်း ရိုက် ချ၏ ။ ထိုအခါ ရှုံးနိမ့် နေသော ဥစ္စာစောင့်မ မေမြင့် တို့ သည် အသာ စီး ရ သွားကာ သိုက်တံခါး ကို ဆွဲ ပိတ် လိုက်ကာ သိုက်ဆရာ နှင့် ပွဲစားကြီးအေးငွေ တို့ သည် လည်း သိုက် အတွင်း ၌ ပိတ် မိ သွား၏ ။ ၎င်းတို့နှင့် အတူ မေချစ် လည်း ပိတ်မိ ၍ သေဆုံး သွားလေ၏ ။ ထိုအခါ မြနန်းနွယ် က ... 


“ ကဲ ကြည့်စမ်းပါဦး ၊ သိုက် ထဲ မှာ ဥစ္စာစောင့်မ မေမြင့် ရော ၊ မေချစ်ကြီး ရော ဆုံ နေကြပြီ ။ အဲဒီတော့ ကျော်အေးကြီး ဘယ်လို လုပ်ဦးမလဲ မသိဘူး ။ အဲဒါ ထားပါတော့လေ ။ ကျော်အေး နေရာ မှာ ကို သာ ဆိုရင် ဘယ်လို လုပ်မတုံး ”


ဟု မေး လိုက်ရာ မောင်ဖေသော် က


“ နွယ် ရယ် ၊ မိန်းမ နဲ့ ယောက်ျား ချစ် တဲ့ အချစ် က တစ်ထောင့်ငါးရာ လို့ ပြောတယ် ။ တစ်ယောက် ၇၅ဝ စီ ယူ ကြပေါ့ ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ..


“ ရွှေညောင်ပင် သိုက် ထဲ က ဥစ္စာစောင့်မ က တော့ ဘယ်လို သဘော ထား သလဲ မဆိုနိုင်ဘူး ။ နွယ် သာ သူ့ နေရာ မှာ ဆို မရဘူး ။ ၁၅ဝဝ ထဲ က ၇၅ဝ လည်း ခွဲ မပေးနိုင်ဘူး ။ တစ်ယောက် တည်း ပဲ အပိုင် ယူမယ် ။ ဘယ်သူ နဲ့ မှ ခွဲပြီး မယူနိုင်ဘူး ။ အချစ် ဆို တဲ့ အရာ ဟာ ဘာ လုပ်လုပ် မှန်တယ် မဟုတ်လား ကို ရယ် ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က ..


“ ဪ ဒီလိုလား ။ နွယ့် ကို ကိုယ် က ချစ်တယ်လေ ၊ အဲဒီတော့ နွယ် ပြောတာ မှန် ရမှာပေါ့ ။ အချစ် ဆိုတာ မှန်တယ် မဟုတ်လား ”


ဟု ပြန် ၍ ပြော လိုက်လျှင် ..


“ တကယ်လား ဟင် ... ”


ဟု ညင်ညင်သာသာကလေး မေး လိုက်လေ၏ ။ ( နောက်ဆုံး မှ ဟင် ဆိုသော စကား သည် အသံထွက် မှန် ကို ရေး ပြ၍ မရပါ ။ ဟင် နှင့် အင် ကြား ထဲ မှ အသံ တစ်သံ ဟု သာ ရေးပြ ၍ ရပါသည် ) ထို အသံလေး သည် မောင်ဖေသော် ၏ နှလုံးသား ကို အမိအရ ဆုပ်ကိုင် လိုက်သော အသံလေး တစ်သံ ဟု လည်း ဆို နိုင်လေ၏ ။ ပြဇာတ် မှာ လည်း ပြီး သွားပြီ ဖြစ်၏ ။


ပြဇာတ် မှာ ပွဲစားကြီး နှင့် သိုက်ဆရာ တို့ လည်း အစိမ်းသရဲများ ဖြစ်သွားလေ၏ ။ စားရမဲ့ ၊ သောက်ရမဲ့ ဖြစ် နေ သောကြောင့် ရွှေညောင်ပင် သခင်မကြီး က ၎င်းတို့ နှစ်ဦး အား ရန်ကုန် - ပဲခူးလမ်း ကို အပိုင်စား ပေး လိုက်လေ၏ ။ ၎င်းတို့ နှစ်ဦး သည် လာသမျှ ကားများ ၊ လှည်းများ ကို ၎င်းတို့ ၏ ကမ္မဇိဒ္ဓိ တန်ခိုး ဖြင့် မှောက် ပစ်နေ၏ ။ လှည်းသမား ၊ ကားသမားများ လည်း ၎င်းတို့ အား လာရောက်၍ ပူဇော် ကြရလေ၏ ။


နောင်တွင် ပွဲစားကြီး သည် ကျွတ်လွတ် သွား ပြီး သိုက်ဆရာ တစ်ဦး သာ ကျန် နေ၏ ။ ထို သိုက်ဆရာ သည် လည်း ဆက်လက် အကြမ်း မဖက်တော့ပေ ။ ကားပိုင်ရှင် တို့ သည် ထို ညောင်ပင် သို့ လာရောက် ၍ ထို သိုက်ဆရာ အား ဘိုးဘိုးကြီး ဟု ‘ တ ’ ကာ ပ,သ ကြလေ၏ ။ ထိုအချိန် မှ စ၍ သိုက်ဆရာ သည် ကားသမားများ အား စောင့်ရှောက်သည် ဟု ဆို၏ ။ ထို သိုက်ဆရာ သည် နောင် တွင် ရွှေညောင်ပင်ဘိုးဘိုးကြီး ဟု ကျော်ကြား သွား ကြောင်း ပြဇာတ် တွင် ပြ လေ၏ ။


ထို့နောက် ပြဇာတ် ပြီး သွား၏ ။ ပြဇာတ် ပြီး သွားသော အခါ၌ ပြဇာတ် ကြည့် ပရိသတ်များ ရုံတွင်း မှ ထွက် သွားလေ၏ ။ ထိုအချိန်တွင် နွယ် သည် ထိတ်ထိတ်ပျာပျာ ဖြင့် ..


“ ကို ရေ နွယ့် ရဲ့ စိန်လည်တုံလေး ကျပျောက် သွားပြီ ”


ဟု ပြော လိုက်ရာ မောင်ဖေသော် လည်း ထိတ်ထိတ်ပျာပျာ ဖြစ် သွား၏ ။ ထို့ကြောင့် ၎င်းတို့ သုံးဦး သည် ရုံ အတွင်း မှ တော်ရုံ နှင့် မထွက်နိုင်ကြဘဲ စိန်လည်တုံ ကို ရှာ ကြလေ၏ ။ ပြဇာတ်ရုံ မှ လူများ လည်း ကူညီ ၍ ရှာ ပေးကြ၏ ။ သို့ရာတွင် စိန်လည်တုံ ကို ရှာ ၍ မတွေ့ကြတော့ပေ ။ နာရီဝက် ခန့် ရှာ သော်လည်း ရှာ၍ မတွေ့သည့် အဆုံး၌ လက်လျှော့ လိုက်ကြလေ၏ ။ 


ရထားလုံး မောင်း သော ကု,လားကြီး သည် အိပ်ငိုက်နေပြီ ဖြစ်၏ ။ မြနန်းနွယ် က ကု,လားကြီး အား ကု,လားဘာသာ စကား ဖြင့် အောက်ပါ အဓိပ္ပာယ် ရသော စကား ကို ပြောလေ၏ ။


“ ဦးမူဆာ တို့ များ သိပ်ပြီး အားကိုး ရတာပဲ ။ တစ်ခါတည်း ငိုက် နေတာပဲ ”


ဟု ပြော လိုက်ရာ ဦးမူဆာ က ..


“ ငိုက်တာ မဟုတ်ပါဘူး ။ အိပ် နေတာပါ ။ မူဆာ က ဘယ်တော့ မှ မငိုက်ဘူး ။ အိပ် ရင် တစ်ခါတည်း အိပ်တယ် ။ ကဲပါလေ အိပ်ချင် လို့ အိပ် တဲ့ လူ ဟာ အပြစ် မရှိပါဘူး ။ ညဉ့် လည်း နက် လှ ပါပြီ ။ ပြန်ကြပါစို့ ရယ် ”


ဟု ပြော လိုက်လေ၏ ။ ထိုအခါ မြနန်းနွယ် တို့ သုံးဦး သည် ရထားလုံး ပေါ် သို့ တက် လိုက်ကြတော့၏ ။ ရထားလုံး မောင်း သော ကုလားကြီး လည်း ကြာပွတ် ကို တဖြောင်းဖြောင်း ခါ ၍ သူ ၏ မြင်း ကို ကြာပွတ်သံ ပေး လိုက်လျှင် မြင်း သည် ခပ်သုတ်သုတ်လေး ဆွဲ သွား၏ ။ ထို့ကြောင့် မြင်း တွင် တပ် ထားသော ချူများ နှင့် ရထားမောင်းသမားကြီး ၏ ခုံတွင် တပ် ထားသော ခေါင်းလောင်းလေးများ မြည် သွားကြသည် ဖြစ်ရာ တိတ်ဆိတ် သော ညချမ်း ၌ ချူသံ ၊ ခေါင်းလောင်းသံ တို့သ ည် တစ်မျိုးတစ်ဖုံ အား ဖြင့် သာယာလျက် ရှိ လေတော့သည် တကား ။


“ ချွင် ... ချွင် ... ခေါင် ”


“ ချွင် ... ချွင် ... ခေါင် ”


ရထားလုံးလေး သည် “ ချွင်ခလောက် ” “ ချွင်ခလောက် ” ဟူသော အသံ ကို ဖြစ်စေ လျက် ပြေး နေ၏ ။ ရထားလုံး အတွင်း သို့ လမ်း ဓာတ်မီးတိုင် မှ အလင်းရောင် သည် မကြာခဏ ဝင် လာလေ၏ ။ ထို့ကြောင့် မြနန်းနွယ် ၏ မျက်နှာကလေး အား မောင်ဖေသော် သည် မကြာခဏ ကြည့် ခွင့် ရလေ၏ ။ မီးတိုင် မှ အလင်းအရောင် မရသော အခါ၌ ရထားလုံး အတွင်း ၌ မှောင် အတိ ကျ သွား၏ ။


ထိုအချိန်မျိုး ၌ မောင်ဖေသော် လည်း ငရဲ ကျ သော သတ္တဝါ ကဲ့ သို့ ခံစား ရလေ၏ ။ မောင်ဖေသော် သည် မျက်နှာ ကို သုတ် ရန် အတွက် သူ ၏ အိတ်တွင်း မှ လက်ကိုင်ပဝါ ကို ယူ လိုက်ရာ မြနန်းနွယ် ၏ လက်ဖျားကလေး ကို သူ ၏ လက်ဖျားကလေး နှင့် ထိ မိ သွား၏ ။ ထိုအခါမျိုး ၌ မောင်ဖေသော် ၏ တစ်ကိုယ်လုံး သည် လျှပ်စစ်ဓာတ် ဖြင့် တို့ လိုက် သကဲ့ သို့ ဖြန်းခနဲ ဖြစ် သွား၏ ။


ထို့ကြောင့် မောင်ဖေသော် သည် လက်ကိုင်ပဝါ ကို မယူတော့ဘဲ မြနန်းနွယ် ၏ လက်ဖျားလေး ကို အသာအယာ ကိုင် ထား လိုက်၏ ။ မြနန်းနွယ် က လည်း ငြိမ်၍ နေ၏ ။


မောင်ဖေသော် သည် မြနန်းနွယ် ၏ လက်ကလေး အား သူ ၏ လက် ဖြင့် ဆုပ်နယ် နေ၏ ။ ထူးခြား ဆန်းပြားသော အရသာ တစ်မျိုး ကို တွေ့ရှိ ရ လေ၏ ။


ရထားလုံး အတွင်း သို့ လမ်းဓာတ်မီးတိုင် မှ အလင်း ဝင် လာသော အခါ သူ ၏ လက် ကို ရုတ် ထားရ၏ ။ ထို့ကြောင့် မောင်ဖေသော် သည် လမ်းမီးတိုင် ကို ကျိန်ဆဲ မိပြန်၏ ။ ထိုသို့ ကျိန်ဆဲ မိသော်လည်း အလင်းရောင် ဝင် လာသော အခါ၌ မြနန်းနွယ်၏ မျက်နှာ ကို ကြည့်ရှုခွင့် ရသော ကြောင့် ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲ ၍ လည်း မဖြစ်ပေ ။


အမှန်စင်စစ် အား ဖြင့် ရထားလုံး အတွင်း သို့ အလင်းရောင် ဝင် လာလျှင် မျက်နှာ ကို ကြည့် ခွင့် ရ၏ ။ အလင်းရောင် ပျောက် သွားလျှင် လက် ကို ကိုင် ခွင့် ရ၏ ။ ထို့ကြောင့် မောင်ဖေသော် သည် “ ယောနိသော မနသီကာယ ” သင့်တင့် လျောက်ပတ်စွာ နှလုံးသွင်း နိုင်ခဲ့၏ ။


“ မီး လာရင် မျက်နှာ ကို ကြည့်မယ် ၊ မီး မလာရင် လက် ကို ကိုင်မယ် ”


ဟု ဆုံးဖြတ် လိုက်လေတော့၏ ။


တစ်ခါတစ်ရံ ၌ လမ်း ဓာတ်မီးတိုင် ၏ အလင်းရောင် သည် ချိန်သား မကိုက်ဘဲ ရှိသည် ဖြစ်ရာ အလင်းရောင် သည် ရထားလုံး အတွင်း သို့ အပြည့်အဝ မဝင်တော့ဘဲ မြနန်းနွယ် ၏ မျက်နှာ တစ်ဝိုက် သို့ သာ ကျရောက် လေ၏ ။ ထိုအခါ ၌ မောင်ဖေသော် သည် မြနန်းနွယ် ၏ မျက်နှာ ကို လည်း ကြည့်ခွင့် ရ၏ ။ လက် ကိုလည်း ကိုင်ခွင့် ရ၏ ။


တစ်ခါတစ်ရံ ၌ လည်း အလင်းရောင် သည် ရထားလုံး အတွင်း အောက်ပိုင်း ဆီ သို့ သာ ရောက်ပြီး မျက်နှာ သို့ အလင်းရောင် မရောက် သည် လည်း ရှိ၏ ။ ထိုအခါမျိုး၌ မောင်ဖေသော် သည် မျက်နှာ ကို လည်း ကြည့်ခွင့် မရ ၊ လက် ကို လည်း ကိုင်ခွင့် မရ ဖြစ် လေတော့၏ ။ ထို့ကြောင့် မောင်ဖေသော် သည် ရထားလုံး စီး နေစဉ် အတွင်း မျက်နှာ ကို ကြည့်ခွင့် ရ သော ကံ ၊ မျက်နှာ ကို ကြည့်ခွင့် မရဘဲ လက် ကို သာ ကိုင်ခွင့်ရသော ကံ ၊ မျက်နှာ ကို လည်း ကြည့်ခွင့် ရ ၊ မြနန်းနွယ် ၏ လက်ကလေး ကို လည်း ကိုင်ခွင့် ရ သော ကံ ၊ မျက်နှာ ကို လည်း ကြည့်ခွင့် မရ ၊ မြနန်းနွယ် ၏ လက်ကလေး ကို လည်း ကိုင်ခွင့် မရ ဟူသော လေးမျိုး လေးစား သော ကံတရား တို့သည် အကွက် ကျကျ စီစဉ် လာသည် ဖြစ်ရာ မောင်ဖေသော် သည် ရထားလုံး စီး နေ ရင်း ငရဲ သို့ ကျလိုက် ၊ အသူရကယ်ဘုံ သို့ ရောက်လိုက် ၊ လူ့ပြည် သို့ ရောက်လိုက် ၊ နတ်ပြည် သို့ တက်လိုက် နှင့် သုခ ၊ ဒုက္ခ ဟူသော အရာ နှစ်မျိုး ကို အလှည့်ကျ ခံစား လာခဲ့ရ၏ ။ ရထားလုံး စီးရင်း မောင်ဖေသော် သည် ရယ်စရာ ကောင်းသော အကြောင်းအရာများ ကို ပြော လာ၏ ။ မြနန်းနွယ် သည် နားထောင်ရင်း တခစ်ခစ် ရယ်၍ လိုက် လာလေ၏ ။


ဒေါ်စာဥကြီး မှာ မြနန်းနွယ် ၏ ပေါင် ကို မကြာခဏ လိမ်ဆွဲ နေလေ၏ ။ ထိုသို့ လိမ်ဆွဲ နေသော အဓိပ္ပာယ် မှာ ..


“ မိန်းကလေး ဖြစ်ပြီး ယောက်ျားလေး တစ်ယောက် ရှေ့ မှာ ဒီလို မနေ ရဘူး ။ ကိုယ့် ကို အထင်သေး သွားတတ်တယ် ” ဟူ၍ ဖြစ်တန်ရာ၏ ။


ဤသို့ နှင့် ပင် ရထားလုံးကလေး သည် အချိန် အတော်ကြာ မောင်းနှင် လာခဲ့လေ၏ ။ မောင်ဖေသော် သည် မြနန်းနွယ် ဟူ သော အရာ တစ်ခု တည်း ၌ သာ အာရုံ စိုက်ထားသည် ဖြစ်ရာ ရထားလုံး ၏ အပြင်ဘက် ကို အာရုံ မစိုက်ဘဲ ရှိ နေလေ၏ ။ ထို့ကြောင့် မည်သည့် နေရာ မည်သည့် အရပ် သို့ ရောက် နေသည် ကို လည်း သူ သည် မသိနိုင်တော့ပေ ။


ထိုအချိန်၌ မှာ ပင် ဒေါ်စာဥကြီး က ..


“ မြနန်းနွယ် ရေ ရယ်တာ ၊ မောတာလေး ကို နည်းနည်း ရပ် လိုက်ပါဦး ။ အိမ် ရောက်ပြီ မိန်းကလေး ရဲ့ ”


ဟု ပြော လိုက် မှ ပင် မောင်ဖေသော် လည်း ရထားလုံး အပြင် သို့ ကြည့် လိုက်၏ ။ ထို့အတူ ရထားလုံး အတွင်း မှ ခေါင်း ကို ထုတ်၍ ရှေ့ ကို လည်း လှမ်းမျှော် ၍ ကြည့် လိုက်လေ၏ ။


လွန်စွာ ပု ၍ လွန်စွာ ခြေ ခွင်သော လူ တစ်ယောက် သည် ခြံတံခါး ကို လာ၍ ဖွင့် ပေး ကြောင်း တွေ့ ရလေ၏ ။ 


ဒေါ်စာဥ သည် ထို သူ အား ..


“ ဟဲ့ ခွင်ကလေး ၊ ခြံ တံခါး ဖွင့် ပြီးရင် အိမ်တံခါး ကို လည်း သွား ဖွင့်ဦး ။ မီးတွေ လည်း ဖွင့် ထား ”


ဟု ပြော လိုက်ရာ ထို ခြေခွင်သူ သည် ခွင်တင် ခွင်တင်  ၊ ကွတ ကွတ ဖြင့် အိမ်ကြီး ဆီ သို့ သွား လေ၏ ။ ထိုအခါ မောင်ဖေသော် က ..


“ နွယ် ရေ ဒီ လူ က ခွင်ကလေး ဆိုတော့ ဒီ အိမ် မှာ ခွင်ကြီး ဆိုတဲ့ လူ တစ်ယောက် ရှိ ဦးမှာပေါ့ ”


ဟု မေး ရာ နွယ် က ခစ်ကနဲ ရယ် လိုက်လေသည် ။


“ ကို က သိပ် တော်တယ် ။ လူတိုင်း အဲဒီလို မစဉ်းစားမိဘူးလေ ။ သိပ်ပြီး ဉာဏ် ကောင်းတာ ”


ဟု ပြောရာ မောင်ဖေသော် က ..


“ ဉာဏ် ကောင်းသလား မကောင်းသလား တော့ မသိဘူး ။ စာမေးပွဲ ကျ တာ နှစ်ခါ ရှိပြီ ”


ဟု ပြော လိုက်ရာ မြနန်းနွယ် က ရယ် ပြန်လေ၏ ။ ထိုသို့ ရယ်ပြီး နောက် ..


“ ဒီ အိမ် မှာ ခွင်ကြီး ၊ ခွင်လေး ဆိုပြီး ရှိတယ် ။ သူတို့ က ညီအစ်ကို နှစ်ယောက် ၊ ပြီးတော့ မျက်နှာ ပြား တဲ့ ညီအစ်ကို နှစ်ယောက် လည်း ရှိသေးတယ် ။ သူတို့ က ပြားကြီး ၊ ပြားလေး တဲ့ ။ လက် ကောက် နေ တဲ့ ညီအစ်ကို နှစ်ယောက် လည်း ရှိ သေးတယ် ။ သူတို့ က လည်း ကောက်ကြီး ၊ ကောက်ကလေး ပဲ ” 


ဟု ပြောလေ၏ ။


ဤအချိန်၌မူ မောင်ဖေသော် ရယ် ရသောအလှည့် ဖြစ် လေ၏ ။ သူ သည် တခစ်ခစ် ရယ် လိုက်လေ၏ ။ ရယ်ပြီး လျှင် ..


“ ဒေါ်စာဥကြီး က ရော နှစ်ယောက် လား ၊ ဥကြီး ၊ ဥကလေး ဆိုပြီး ရှိ သလား ”


ဟု ပြော လိုက်ရာ ဒေါ်စာဥကြီး က ..


“ ဟေ့ သူငယ် ၊ မဟုတ်တာတွေ မပြောနဲ့ ။ စာဥ က တစ်ဥ တည်း ရှိတယ် ”


ဟု ပြော ကာ ရထားလုံး ပေါ် မှ ဆင်း လေ၏ ။ ထို့နောက် မြနန်းနွယ် က ဆင်း လေ၏ ။ ထို့နောက် မှ မောင်ဖေသော် က ဆင်း လေ၏ ။


မောင်ဖေသော် သည် ခြံကြီး ကို လှမ်းမျှော် ကြည့်လိုက်၏ ။ ပန်းပင်များ ကို လည်း တွေ့ရ၏ ။ ချုံနွယ်ပိတ်ပေါင်းများ ကို လည်း တွေ့ရ၏ ။ အိမ်ကြီး ကို လည်း ကြည့် လိုက်၏ ။ အိမ်ကြီး မှာ လွန်စွာ ရှေး ကျသော အိမ်ကြီး ဖြစ် လေ၏ ။ သို့ရာတွင် မီးများ ထိန်ထိန် လင်း နေ၏ ။


မြနန်းနွယ် သည် မောင်ဖေသော် အား အိမ်ကြီး အတွင်း သို့ ခေါ် သွား လေ၏ ။ အိမ်ကြီး မှာ ရှေး ကျ သကဲ့သို့ အတွင်း မှ ပစ္စည်းများ မှာ လည်း လွန်စွာ ရှေးဆန်၏ ။ ထိုင်ခုံများ မှာ ကနုတ်ပန်းများ နှင့် ဖြစ်၏ ။ ခေါင်းရင်း ဘက် ၌ မူ ရွှေရောင်ဆွမ်းအုပ်ကြီးများ ၊ ယွန်း ဖြင့် ပြုလုပ်ထားသော ကလပ်ကြီးများ ကို တွေ့ရ၏ ။


မောင်ဖေသော် သည် နံရံတွင် ချိတ်ဆွဲထားသော နာရီ ကို ကြည့် လိုက်၏ ။ နာရီ မှာ ရှစ်နာရီ တစ်ဆယ်မိနစ် သို့ ပြ နေ၏ ။ မောင်ဖေသော် က မြနန်းနွယ် အား ..


“ နွယ် တို့ အိမ် မှာ နာရီ တိုက်မယ့် လူ မရှိဘူး ထင်တယ် ။ နာရီ က အခုမှ ရှစ်နာရီ ဆယ်မိနစ် ပဲ ပြ နေသေးတယ် ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က ..


“ ရှစ်နာရီ ဆယ်မိနစ် ဆိုတာ ကို နဲ့ နွယ် နဲ့ စပြီး တွေ့တဲ့ အချိန် လေ ။ ပြဇာတ်ရုံ ရှေ့ မှာ ရထားလုံး ရပ်ပြီး နွယ် ရဲ့ နာရီ ကို ကြည့် လိုက်တယ် ။ အဲဒီ အချိန် ဟာ ရှစ်နာရီ ဆယ်မိနစ် ပဲ ”


ဟု ပြော လိုက်လေ၏ ။


“ ထားပါတော့ နွယ် ၊ ရှစ်နာရီ ဆယ်မိနစ် မှာ တွေ့ပြီး ပြဇာတ် ကြည့် ကြတာပဲ ။ ပြဇာတ် က သုံးနာရီ ကျော်ကျော်လောက် ကြာတယ် ။ အဲဒီတော့ ဆယ့်တစ်နာရီ ၊ ဆယ့်တစ်နာရီခွဲ လောက် ရောက် သွား ပြီပေါ့ ။ ရထားလုံး စီး တာက ဘာပဲ ဖြစ်ဖြစ် ၊ တစ်နာရီခွဲ လောက် ကြာတယ် ၊ အဲဒီတော့ ဒီအချိန် ဟာ တစ်ချက်ခွဲ ၊ နှစ်ချက် တော့ ရှိပြီပေါ့ ”


ဟု ဆို ကာ မောင်ဖေသော် သည် သူ ၏ နာရီ ကို ငုံ့ ကြည့် လိုက်၏ ။ မောင်ဖေသော် ၏ နာရီ သည် ရှစ်နာရီ တစ်ဆယ်မိနစ် သို့ ပြနေ၏ ။


“ ကြည့်စမ်း ၊ ကြည့်စမ်း ကိုယ့် ရဲ့ နာရီ လည်း ရှစ်နာရီ ဆယ်မိနစ် မှာ ရပ် နေတာ ကိုး ။ နာရီ လည်း ပြန် တိုက် လို့ မရတော့ဘူး ။ ဒီ အိမ် က နာရီ နဲ့ တိုက် လို့လည်း မဖြစ်ဘူး ။ သူ လည်း ရှစ်နာရီ ဆယ်မိနစ်ပဲ ၊ နွယ့် ရဲ့ နာရီလေး ပြပါဦး ”


ဟု ပြော လိုက်ရာ မြနန်းနွယ် သည် သူ ၏ လက်ဖြူဖြူလေး ကို ဆန့်တန်း၍ မောင်ဖေသော် ၏ မျက်နှာ အနီး သို့ ကပ်၍ ပြရာ မောင်ဖေသော် လည်း မြနန်းနွယ် ၏ လက် မှ နာရီ ကို ကြည့် လိုက်၏ ။ မြနန်းနွယ် ၏ နာရီ မှာ လည်း ရှစ်နာရီ ဆယ်မိနစ် သာ ရှိသေး၏ ။


မောင်ဖေသော် သည် အူကြောင်ကြောင် ဖြစ်သွား၏ ။


“ နာရီတွေ က ဘယ့်နှယ်ကြောင့် ရှစ်နာရီ ဆယ်မိနစ် ပဲ ရှိ သေးတာတုံး ”


ဟု မေး လိုက်ရာ မြနန်းနွယ် က ...


“ ကို နဲ့ နွယ် နဲ့ တွေ့တဲ့ အချိန် ကို သူတို့ က မှတ်တမ်း တင် နေတာ ဖြစ် မှာပေါ့ ၊ ဒါမှမဟုတ် ဂုဏ်ပြု နေတာ ဖြစ် မှာပေါ့ ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..


“ ထားပါတော့ နွယ် ရယ် ၊ အခု အချိန် က အမှန်အတိုင်း ခန့်မှန်းရမယ် ဆိုရင် နှစ်နာရီ ဆယ်မိနစ် ရှိနေပြီ ဆိုကြပါစို့ ။ ဒါပေမယ့် နာရီ က ရှစ်နာရီ ဆယ်မိနစ် ပဲ ပြ နေတယ် ဆိုတာ တကယ့် အချိန် နဲ့ နာရီ ထဲ က အချိန် ဟာ လေးနာရီ ကွာနေပြီ နွယ် ။ ကမ္ဘာကြီး ဟာ လေးမိနစ် မှာ လောင်ဂျီတွဒ် “ တစ် ” ဒီဂရီ နှုန်း လည်ပတ်တယ် ဆို ရင် ၊ တစ်နာရီ မှာ ဆယ့် ငါးဒီဂရီ ကွာ သွားပြီး ၊ လေးနာရီ ဆို တော့ ဒီဂရီ ခြောက်ဆယ် လောက် ကွာ သွားပြီ ၊ ကမ္ဘာကြီး က ဒီ အတိုင်း လည် နေပြီး ၊ နွယ် နဲ့ ကိုယ် တို့ က ဒီဂရီ ခြောက်ဆယ် နောက်ကျ ပြီး ကျန် နေသလား ”


ဟု ပြော လိုက်လျှင် မြနန်းနွယ် က . .


“ ဒီဂရီ ခြောက်ဆယ် က တော့ ကိစ္စ မရှိဘူးနော် ။ သူ့ရဲ့ သုံးဆ ဆိုရင်တော့ ဒီဂရီ တစ်ရာ့ရှစ်ဆယ် ပဲ ။ အဲဒီလောက် ဆိုရင်တော့ နေထွက် နဲ့ နေဝင် ကွာသွားပြီး ၊ ကမ္ဘာကြီး က နေ ထွက် နေပေမယ့် ကို နဲ့ နွယ် က နေဝင်ချိန် မှာ ကျန် နေခဲ့လိမ့်မယ် ။ ကမ္ဘာကြီး က နေဝင် နေ ပေမယ့် ကို နဲ့ နွယ် က နေထွက်ချိန် မှာ ရောက် နေကြလိမ့်မယ် ။ အဲဒီလို ဆိုရင်တော့ ကို နဲ့ နွယ် တို့ ဟာ ဒီ ကမ္ဘာမြေကြီး ရဲ့ အချိန် စည်းမျဉ်း ရဲ့ အပြင်ဘက် ကို ရောက် သွားကြပြီပေါ့ ။ အချိန် စည်းမျဉ်း ရဲ့ အပြင်ဘက် ကို ရောက် သွားရန် ထာဝရ ပေါ့ ။ အဲဒီတော့ ကို နဲ့ နွယ် တို့ ရဲ့အချစ် က လည်း ထာဝရပေါ့ ကို ရယ် ။ ဘာတွေများ တွေးပြီး ပူပန် နေရတာတုံး ”


ဟု လွန်စွာ သာယာသော အသံကလေး ဖြင့် ပြော လိုက်ရာ မောင်ဖေသော် သည် သူ၏ နား အတွင်း သို့ နှင်းရည်များ လောင်းချ လိုက် သကဲ့ သို့ အေးစက် ၍ သွား သည် ဟု ပင် ထင်မှတ် လိုက်ရလေတော့၏ ။


“ နွယ် ပြောတဲ့ စကား ကို ကြား ရတာ ကိုယ့် နား ထဲ မှာ အေး သွား တာပဲ ”


ဟု ပြန်၍ ပြောလိုက်ရာ မြနန်းနွယ် က ..


“ နား မဟုတ်ပါဘူး ကို ရယ် ။ နွယ် ပြောတဲ့ စကားတွေ နား ထဲ က နေ နှလုံးသား ထဲ ကို ရောက် သွားတာပါ ။ အေးတယ် ဆိုရင် နှလုံးသား အေး သွား တာပါ ”


ဟု ဆိုကာ မောင်ဖေသော် ၏ လက် ကို ကိုင် လိုက်လေ၏ ။ မောင်ဖေသော် လည်း မြနန်းနွယ် ၏ ကိုယ်ကလေး ကို ရင်ခွင် တွင်း သို့ ဆွဲ၍ သွင်း လိုက်လေ၏ ။ မြနန်းနွယ် က ..


“ ဟိုမှာ ဒေါ်စာဥကြီး လာ နေပြီ ”


ဟု ပြော လိုက် သဖြင့် ခွာ လိုက် ရလေ၏ ။ မောင်ဖေသော် သည် ..


“ အဲဒီ ဒေါ်စာဥ ဆိုတဲ့ အပျိုကြီး ကို ကွကြီး နဲ့ ဖြစ်ဖြစ် ၊ ကွကလေး နဲ့ ဖြစ်ဖြစ် ပေးစား လိုက်စမ်းပါ ။ ဒါမှ မဟုတ်လည်း နွယ် ပြော တဲ့ ပြားကြီး နဲ့ ဖြစ်ဖြစ် ၊ ပြားကလေး နဲ့ ပဲ ဖြစ်ဖြစ် ပေးစား လိုက်စမ်းပါ ။ ဒါမှ အချစ် အကြောင်း သိ မှာ ”


ဟု ပြော လိုက်လေ၏ ။


“ မဟုတ်တာပဲ ကို ရယ် ၊ ဥယျာဉ်မှူး ဟာ ပန်းပင် ပဲ စိုက် လို့ ရတယ် ။ ပန်း ပွင့်ခိုင်း လို့ တော့ မရဘူး ။ ပန်းပွင့် ဆိုတာ သူ့ သဘာဝ အတိုင်း ပွင့် ချင် တဲ့ အချိန် မှ ပွင့် တာ ။ အတင်း ပွင့် ခိုင်း လို့ ဘယ် ရမလဲ ။ အချစ် ဆိုတာ လည်း ဒီလိုပဲ ပေါ့ ။ ချစ်ပန်းပွင့်ကလေး ကို အတင်း ပွင့်ခိုင်း လို့ ဘယ် ရမလဲ ”


ဟု မြနန်းနွယ် က ပြော လိုက်လျှင် မောင်ဖေသော် က ..


“ ဟုတ်ပါတယ် ၊ နွယ် ပြော တာ သိပ် မှန်တာပဲ ။ ကိုယ့် နှလုံးသား ထဲ က ချစ်ပန်းပွင့်ကလေး က တော့ ရထားလုံး ပေါ် က ဆင်း လာတဲ့ နွယ် ဆို တဲ့ မိန်းကလေး ရဲ့ ခြေထောက်ကလေး ကို မြင် ကတည်း က ပွင့် သွားတာ ။ အခု ထက် ထိ ပြန် ပိတ်လို့ ကို မရတော့ဘူး ”


ဟု ပြော လိုက်ရာ နွယ် သည် တခစ်ခစ် ရယ်နေ၏ ။


ထို့နောက် မြနန်းနွယ် က


“ ခဏနေဦး ”


ဟု ဆို ကာ အိမ် အတွင်း သို့ ဝင် သွားပြီး လျှင် ကော်ဖီပူပူ တစ်ခွက် ကို ကိုယ်တိုင် ဖျော် ယူလာပြီး မောင်ဖေသော် ကို လာ၍ ပေး၏ ။


“ ကို ညဉ့် နက်တော့ သိပ် အေးတယ် ။ ကော်ဖီ သောက် လိုက်ဦး ”


ဟု ပြော လိုက်လေ၏ ။ မောင်ဖေသော် လည်း ကော်ဖီ ကို သောက် လိုက်၏ ။ ထို့နောက် မြနန်းနွယ် သည် မောင်ဖေသော် အိပ်ရန် အတွက် မောင်ဖေသော် အား အိပ်ခန်း တစ်ခု အတွင်း သို့ ခေါ် သွား၏ ။ အိပ်ခန်း မှာ လွန်စွာ သပ်ရပ် လှပသော အိပ်ခန်း ဖြစ်၏ ။ ခြူးပန်းခြူးနွယ်များ ထွင်းထု ထား သည့် ခုတင် ပေါ် တွင် လွန်စွာ ထူသော မွေ့ရာကြီး တစ်ခု ခင်း ထား၏ ။ မွေ့ရာ ပေါ် တွင် ပန်းပွင့်ကြီးများ ပါသော အိပ်ရာခင်းကြီး နှင့် ခေါင်းအုံးကြီး နှစ်လုံး ၊ ဖက်ခေါင်းအုံး တစ်လုံး ကို တွေ့ရ၏ ။ စောင် မှာ လည်း ထိုစဉ် က “ ရိုး ” တိုက် တွင် ရောင်းသော အကောင်းစား သက္ကလတ် စောင် ဖြစ်၏ ။


မောင်ဖေသော် သည် အိပ်ရာ ထက် သို့ တက်၍ ပက်လက် လှန် လိုက်လေ၏ ။ မြနန်းနွယ် က စောင် ခြုံပေး၏ ။ ပြီးလျှင် အခန်း တွင်း မှ ထွက်ရန် လှည့်လိုက် စဉ် မောင်ဖေသော် က မြနန်းနွယ် ၏ လက် ဖြူဖြူလေး ကို ဆွဲ ၍ နမ်းရှုံ့ လိုက်လေ၏ ။ ထို့နောက် “ ဂွတ်နိုက် ” ဟု ပြော လိုက်ရာ မြနန်းနွယ် က ..


“ နွယ် နဲ့ ကို တို့ ဟာ အမှန် ဖြစ်ရမယ့် ဒီဂရီ ထက် ဒီဂရီ ခြောက်ဆယ် နောက်ကျပြီး နေ ခဲ့တယ်နော် ။ အမှန်က မကြာခင် မိုး လင်းတော့ မှာ ။ အဲဒီတော့ ဂွတ်မောနင်း ”


ဟု ပြောကာ ထွက် သွားလေ၏ ။


မောင်ဖေသော် သည် လည်း အိစက်ညက်ညောသော အိပ်ရာကြီး ပေါ် တွင် အိပ် လိုက်သည် နှင့် အိပ်ပျော်ခြင်း သို့ ရောက်လေ၏ ။


နံနက် နိုး လာသော အခါ၌ နာရီ ကို ကြည့် လိုက်ရာ နံနက် ရှစ်နာရီ ဆယ်မိနစ် ပင် ထိုး နေသည် ကို တွေ့ရ၏ ။


သို့ရာတွင် ၎င်း အိပ်စက် နေသည် မှာ မြနန်းနွယ် တို့ အိမ် မှ အိပ်ခန်း တစ်ခု အတွင်း ၌ မဟုတ်ဘဲ ဗိုလ်တစ်ထောင် ကုန်ရုံကြီး နှစ်ခု ကြား ရှိ အုတ်ခုံဟောင်း တစ်ခု ပေါ် ၌ ဖြစ် နေ၏ ။


အစ ပထမ တွင် မောင်ဖေသော် သည် အူကြောင်ကြောင် ဖြစ် သွား၏ ။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် နွယ် တို့ အိပ်ရာ မထ ခင် မှာ သူ့ အိမ် မှာ ရှိတဲ့ ခွင်ကလေး တို့ ၊ ခွင်ကြီး တို့ ဒါမှ မဟုတ်ရင် ပြားကြီး တို့ ၊ ပြားကလေး တို့ ဆိုတဲ့ တောမရောက် တောင်မရောက် ကောင်တွေ က ငါ့ ကို အိပ်ရာ ထဲ က မ , ပြီး ဒီနေရာ မှာ လာ ချ ထားတာ ဖြစ်မယ် ၊ ဒီ ကောင်တွေ က တော်တော့် ကို မနာလိုစိတ် များ တဲ့ ကောင်တွေပဲ ။ ဒါကြောင့်လည်း အချိုးမကျတွေ ဖြစ် နေတာ ။ သူတို့ ထဲ က အဆိုးဆုံးကောင် ကို မှတ်လောက်သားလောက် ဖြစ် သွားအောင် ဒေါ် စာဥကြီး နဲ့ ပေးစား ပစ်မယ် ဟု စိတ် အတွင်း မှ ကြုံးဝါးရင်း အနီး ရှိ ရေဘုံဘိုင် မှ ရေ ဖြင့် မျက်နှာ သစ် ကာ ၎င်း နေထိုင်ရာ ဘော်ဒါဆောင် သို့ ပြန် လာ ခဲ့လေတော့သတည်း ။


◾ မင်းသိင်္ခ


📖 မြနန်းနွယ်


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment