Tuesday, December 27, 2022

မြနန်းနွယ် ( ၂၂ ) ( ဇာတ်သိမ်း )


 အခန်း ( ၁၃ )


မောင်ဖေသော် သည် ဓူဝံ ပြောပြသော တတိယမျက်လုံး အကြောင်း ကို စိတ်ဝင်စားစွာ နားထောင်လေ၏ ။ သူ သည် ဓူဝံ အတွက် ဆေးပေါ့လိပ် တစ်လိပ် ကို မီးညှိ ပေး လိုက်၏ ။ ဓူဝံ က ဆေးပေါ့လိပ် ကို မီးခိုး တထောင်းထောင်း ထ အောင် ဖွာရင်း အောက်ပါအတိုင်း ပြော လေတော့၏ ။


“ အစ်ကိုကြီး ကို ကျွန်တော် တစ်ခု ပြောမယ် ။ တစ်ခါတလေ ကိုယ့် သူငယ်ချင်း ထဲ မှာ မောင်ဖြူ ဆိုတာ ရှိတယ် ဆိုပါတော့ ။ အဲဒီ မောင်ဖြူ နဲ့ မတွေ့ရ တာ လည်း ကြာပြီ ဆိုတော့ မောင်ဖြူ နဲ့ တွေ့ရင် ကောင်း မှာ ပဲ လို့ ကိုယ် က စိတ်ကူး မိတယ် ။ မကြာခင် မှာ ပဲ တစ်ယောက် ယောက် က ကိုယ့် အိမ် တံခါး ကို လာ ခေါက်တယ် ။ သွား လည်း ဖွင့် လိုက်ရော ကိုယ် တွေ့ ချင်တဲ့ မောင်ဖြူ ဖြစ် နေတယ် ။ အဲဒီ အခါ မှာ ကိုယ် က ဘာပြောမလဲ ။ “ အောင်မလေး မောင်ဖြူ ရယ် ။ မင်း အကြောင်း ကို အခုပဲ ငါ က စိတ် ရောက်နေတယ် ။ မင်း ကို တွေ့ချင်နေတာ မင်း က ရောက် လာတယ် ။ တိုက် လည်း တိုက် ဆိုင် လွန်းတယ် ” လို့ ပြော မှာ ပေါ့ ”


မောင်ဖေသော် သည် ဓူဝံ ပြောသော စကား ကို နားထောင် နေ၏ ။ ထို့နောက် ဆေးလိပ် ကို ဖွာ၍ မီးခိုးများ ကို မှုတ်ထုတ် လိုက်၏ ။ ထိုအခါ ဓူဝံ က ..


“ အစ်ကိုကြီး အဲဒီ အဖြစ် အပျက်မျိုး မကြုံဖူး ဘူး လား ” 


ဟု မေး လိုက်လေ၏ ။ 


ထိုအခါ မောင်ဖေသော် က .. 


“ အခုပဲ ငါ က ပြောမလို့ကွ ။ အဲဒါမျိုးတွေ ခဏခဏ ကြုံ ဖူးပါတယ် ။ အဲဒါ တိုက်ဆိုင်တာ မဟုတ်ဘူးလား ”


ဟု မေး လိုက်လေ၏ ။


“ တစ်ခါ ဆိုရင် တော့ တိုက်ဆိုင် တာ ပေါ့ ။ နှစ်ခါ ဆိုရင် လည်း တိုက် ဆိုင်တာပေါ့ ။ ခဏ ခဏ ဆိုရင်တော့ တိုက်ဆိုင်တာ မဟုတ်တော့ဘူး ။ အကြောင်း တစ်ခု ခု ရှိနေပြီ ဆိုတာတော့ သဘော ပေါက်ဖို့ လိုတယ် ”


ဟု ဓူဝံ က ပြော လိုက်လေ၏ ။


“ နေစမ်းပါဦး မောင်ဓူဝံ ရဲ့ ။ အကြောင်း တစ်ခု ခု ဆိုတာ က ဘာလဲ ”


ဟု မောင်ဖေသော် က မေး လိုက်လျှင် ဓူဝံ က .. 


“ အကြောင်း တစ်ခု ခု ဆိုတာ ဘာလဲ မေးရင် အဲဒီ အကြောင်း တစ်ခု ခု ဆိုတာ က အခု ကျွန်တော် ပြောပြမယ့် ကျင့်စဉ် ပဲ ။ အဲဒါက ဘာလဲ ဆိုရင် တတိယမျက်လုံး ကျင့်စဉ် ပေါ့ ”


ဟု ပြောလိုက်လေ၏ ။


“ လုပ်စမ်းပါဦးကွ ။ မင်း ရဲ့ တတိယမျက်လုံး ကျင့်စဉ် ဆိုတာ ငါ သိချင်လှပြီ ”


ဟု မောင်ဖေသော် က ပြော လိုက်လျှင် ဓူဝံ က .. 


“ မျက်လုံး နှစ်လုံး ရဲ့ အလယ် မျက်ခုံးမွေး နှစ်ခု ရဲ့ ကြား နေရာ မှာ တတိယမျက်လုံး ဆိုတာ ရှိတယ် ။ အင်္ဂလိပ် လိုတော့ “ သတ်ဒ် အိုင်း ” လို့ ခေါ်တယ် ။ ခေတ်မီ ဆေးသိပ္ပံပညာ က လည်း အဲဒီ နေရာ မှာ အကျိတ်ကလေး တစ်ခု ရှိတယ်လို့ ပြော ထားတယ် ။ ဒါနဲ့ ပတ်သက် လို့ ဂျာမန်လူမျိုး စိတ်ပညာရှင် တစ်ဦး ဖြစ်တဲ့ ဝီလျံဝပ်ချ် က တော့


ထူးဆန်းအံ့ဩဖွယ် ကောင်း တဲ့ နေရာလေး အဖြစ် ထုတ်ဖော် ပြော တယ် ။ ဒါပေမယ့် ရှေးဟောင်း အိန္ဒိယလူမျိုးတွေ က တော့ ဒါလေး အကြောင်း သိတာ နှစ်ပေါင်း သုံးထောင် ကျော် လောက် ရှိပြီ ။ ဒါပေမယ့် ဒါလေး ကို သူတို့ က တတိယမျက်လုံး လို့ အတိအကျ မပြောဘူး ။ ' သျှီဝနတ္တရ ' ၊ ' သီဝမျက်လုံး '  လို့ ပြော တယ် ။ အဲဒီ သီဝ မျက်လုံး ကို အနက်အဓိပ္ပာယ် ဖွင့် တာ က လည်း တတိယမျက်လုံး ရဲ့ အနက်အဓိပ္ပာယ် နဲ့ အတူ တူ ပါပဲ ။ အဲဒီတော့ အကျဉ်းရုံး ပြောရ ရင် မျက်ခုံးမွေး နှစ်ခု ကြား မှာ တတိယမျက်လုံး ရှိတယ်ပေါ့ အစ်ကိုကြီး ရာ ”


ဟု ပြော လိုက်လေ၏ ။ 


ထိုအခါ မောင်ဖေသော် က .. 


“ လုပ်စမ်းပါဦး မောင်ဓူဝံ ရေ ။ မင်း ဟာ က အတော့် ကို စိတ်ဝင်စား စရာ ကောင်းတယ် ”


ဟု ပြော လိုက်လေ၏ ။


“ တတိယမျက်လုံး ဟာ ကန်း နေတာ မဟုတ်ဘူးနော် ။ သူ က အလုပ် မလုပ်တာ ။ နားလည်အောင် ပြော ရရင် သူ မှိတ်ရုံလေး မှိတ်နေတာ ။ သူ ဖွင့် လိုက်ရင်တော့ တန်ခိုးသိဒ္ဓိ ဆိုတဲ့ ကိစ္စ ဟာ ပြီး သွားပြီ ။ အဲဒီ မျက်လုံး ကို ဖွင့်အောင် ဘယ်လို လေ့ကျင့်ရမလဲ ဆိုရင် အစ်ကိုကြီး ထိုင် တတ်သလို ထိုင်ပါ ။ အကောင်းဆုံး က တော့ ခြေထောက် နှစ်ခု ကို ချိတ်ပြီး ထိုင်ပါ ။ အဲဒီ ထိုင်နည်း ကို ‘ ပဒုမာသဏ ’ လို့ ခေါ်တယ် ဟုတ်လား ”


ဟု မောင်ဓူဝံ က ပြော လိုက်ရာ မောင်ဖေသော် က .. 


“ ဟုတ်တယ်ဟေ့ ၊ ဟုတ်တယ် ၊ အဲဒီ လုပ်နည်း ကို ငါ ကောင်းကောင်း လေ့ကျင့် ထား တာပဲ ။ ဒါပေမယ့် ကြာကြာ ထိုင်ရင်တော့ ခြေထောက် နှစ်ခု ဟာ ညှပ်ပြီး နာ တယ် ကွ ” 


ဟု ပြော လိုက်လျှင် မောင်ဓူဝံ က .. 


“ အစ်ကိုကြီး တော်တော် ထိုင် ထားတာပဲ ။ ဒါကြောင့် သေသေချာချာ သိတာ ၊ အဲဒီ ပဒုမာသဏ ထိုင်နည်း ဟာ ပုံစံ အမှန်ပဲ ။ ဒါပေမယ့် ကြာရင် ခြေထောက် သိပ်ပြီး နာတယ် ။ အဲဒီတော့ ဘယ်ဘက် ခြေဖဝါး ကို ညာဘက် ပေါင် ပေါ် တင် လိုက် ၊ ညာဘက် ခြေဖဝါး ကို ဘယ်ဘက် ဒူးကွေး အောက် ထဲ ထည့် လိုက် ၊ ဒီ ထိုင် နည်း ကို တော့ အစ်ကိုကြီး ထိုင် ဖူး မှာ ပေါ့ ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..


“ ငါ အနှစ်သက်ဆုံး ထိုင်နည်း ပဲ ကွ ။ သုခသဏ လို့ ခေါ်တယ် မဟုတ် လား ။ မောင်ဓူဝံ ရဲ့ ”


ဟု ပြန်၍ မေး လိုက်လျှင် မောင်ဓူဝံ က ..


“ အစ်ကိုကြီး တော်တော် လုပ်ထားတာပဲ ။ ဒါကြောင့် သေသေချာချာ သိတာ ”


ဟု ပြော လိုက်လေ၏ ။ ထို့နောက် မောင်ဓူဝံ က ပင် .. 


“ ကဲ အစ်ကိုကြီး ထိုင် နိုင်တဲ့ သုခသဏ ဆို တဲ့ ထိုင်နည်း အတိုင်း ထိုင် လိုက်ပေတော့ ။ အစ်ကိုကြီး ကြိုက်သလို ထိုင် ပေတော့ ။ ကုန် ကုန် ပြောမယ် အစ်ကိုကြီး ရယ် ။ ကုလားထိုင် ပေါ် မှာ ထိုင်ပြီး လည်း ကျင့်လို့ ရပါတယ် ။ ဒီ ကျင့်စဉ် မှာ ထိုင်နည်း ပေါ် မှာ သိပ်ပြီး ဇီဇာ မကြောင်လှဘူး အစ်ကိုကြီး ရဲ့ ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က 


“ အေးပါကွာ နားလည်ပါပြီ ။ ဆက်ပြီး ပြော စမ်းပါဦး ” 


ဟု ပြော လိုက်လေ၏ ။ 


ထိုအခါ ဓူဝံ က ..


“ အဲဒီလို ထိုင် ပြီးရင် မျက်လုံး နှစ်လုံး ကို ပိတ် လိုက်ရမယ် ။ ပြီးတော့ သူငယ်အိမ် နှစ်လုံး ကို စောစော က ကျွန်တော် ပြောတဲ့ တတိယ မျက်လုံး နဲ့ နီး နိုင်သမျှ နီးအောင် ဆွဲ ကပ် လိုက်ရမယ် ။ ပြီးတော့ စိတ်အာရုံ ကို လည်း တတိယမျက်လုံး နေရာ မှာ ထည့် ထားရမယ် ။ အထဲ က မှိတ် ထားတဲ့ မျက်စိ ရဲ့ သူငယ်အိမ် နှစ်လုံး ဟာ တတိယ မျက်လုံး နေရာ ကို ရောက် နေပြီ ဆိုတာ ဘယ်လို သိမလဲ ဆိုတော့ သူငယ်အိမ် ဟာ ရွှေ့လို့ မရအောင် တင်း နေပြီ ဆိုရင်တော့ ရောက် နေပြီ ပေါ့ ။ သူငယ်အိမ် နှစ်လုံး ဟာ တတိယမျက်လုံး နေရာ မှာ ရောက် နေသလိုပဲ စိတ်အာရုံ က လည်း တတိယမျက်လုံး နေရာ မှာ စိုက် နေရမယ် ”


ဟု ပြော လိုက်လေ၏ ။


“ အထဲ က မျက်လုံး နှစ်လုံး ရွှေ့ တာ က သိပ် မခက်ဘူးကွ ။ တတိယ မျက်လုံး နေရာ မှာ စိတ် ကို စိုက် ထားရမယ် ဆိုတာတော့ ခက် လိမ့် မယ် ကွ ။ ငါ က စိတ် ကို ငယ်ထိပ် မှာ စိုက် တဲ့ နည်း တို့ ၊ ရင်ညွန့် မှာ စိုက် တဲ့ နည်း တို့ ၊ ဗိုက် မှာ စိုက် တဲ့ နည်း တို့ အများကြီး လုပ်ဖူးတယ် ကွ ။ တစ်ခါတည်း စိုက် နေဖို့ ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး ။ အပြော လွယ် သဘော လွယ် ပြီး တကယ် လုပ်တော့ ခက်တယ်ကွ ” 


ဟု မောင်ဖေသော် က ပြော လိုက်လေ၏ ။ 


ထိုအခါ ဓူဝံ က ... 


“ ဒီလို ရှိတယ် အစ်ကိုကြီး ။ ငယ်ထိပ် မှာ စိုက်ထားပါ ဆိုတာ လွယ် တဲ့ ကိစ္စမဟုတ်ဘူး ။ အဲဒီလိုပဲ ရင်ညွန့် မှာ စိုက်ထားပါ တို့ ၊ ဗိုက် မှာ စိုက် ထားပါတို့ ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး ။ တော်တော့် ကို သမာဓိ ရမှ ဖြစ်တဲ့ ကိစ္စ ။ ဒါပေမယ့် တတိယမျက်လုံး နေရာ မှာ စိတ် ကို စိုက် ထားပါ ဆိုတာ ကတော့ သိပ် မခက်ဘူး ။ ဘာဖြစ်လို့ လဲ ဆို တော့ တတိယမျက်လုံး နေရာ က ဒီ့ပြင် နေရာတွေ နဲ့ မတူဘူး ။ ကိုယ် က စိတ် ကို သူ့ နေရာ မှာ စိုက် ထား သလို သူ ကလ ည်း ကိုယ့် စိတ် ကို သံလိုက် လို ပြန်ပြီး ဆွဲ ထားတယ် ။ အဲဒီ နေရာမှာ စိတ် ကို စိုက်ထားဖို့ သိပ်ပြီး လွယ်တယ် အစ်ကိုကြီး ရဲ့ ။ အဲဒီ တတိယ မျက်လုံး က အကျိတ် ဟာ သူ့ ဆီ ကို လာဖို့ စုပ် ယူ တယ် ။ ဆွဲ ငင် တယ် ။ သူ့ကို အာရုံ စိုက် လိုက် မိရင် အညှို့ ခံ ရသလို ဖြစ် သွားတတ်တယ် ။ ဒီနည်း ဟာ အာရုံ စု ဖို့ ကို ကိုယ် က ပင်ပင်ပန်းပန်း လုပ်ဖို့တောင် မလိုဘဲ အလိုလို စုစည်းပြီး ဖြစ်သွားလို့ပါပဲ ” 


ဟု ပြော လိုက်လျှင် မောင်ဖေသော် က


“ တကယ်ပဲလား မောင်ဓူဝံ ရယ် ။ အတော့်ကို ထူးဆန်းတာပဲ ။ သူ က ပြန်ပြီး ဆွဲထားတယ် ဟုတ်လား ။ ကောင်းလိုက်တာကွာ ” 


ဟု ပြော လိုက်လေ၏ ။ 


ထို့နောက် ဓူဝံ သည် ရေနွေးကြမ်း ကို တစ်ခွက် ငှဲ့ ၍ သောက် လိုက်ပြီး နောက်


“ အဲလို စိုက် ပြီးတဲ့ အခါမှာ အသက်ရှူ တဲ့ အကြောင်း ကို လည်း ပြောရဦးမယ် ။ ကျွန်တော် တို့ အသက် ရှူနေတာ လေတွေ ကို ချည်း ရှူ နေတာ မဟုတ်ဘူးနော် အစ်ကိုကြီး ”


ဟု ဓူဝံ က ပြော လိုက်လျှင် မောင်ဖေသော် က ..


“ ဒါတော့ ငါ သိပါတယ် ညီလေး ရာ ။ လေတွေ တင် ဘယ် က မလဲ ။ အောက်စီဂျင်ဓာတ် ဆိုတာ ကိုလည်း ရှူ နေတာပေါ့ ”


ဟု ပြောလေ၏ ။ 


ထိုအခါ ဓူဝံ က ခေါင်း ကို တွင်တွင် ယမ်း ရင်း .. 


“ အခု အစ်ကိုကြီး ပြောတဲ့ အောက်စီဂျင် ၊ နိုက်ထရိုဂျင် ၊ ဟိုက်ဒရိုဂျင် တို့ မပါဘူး အစ်ကိုကြီး ရဲ့ ၊ ကျွန်တော်တို့ ရှူသွင်း နေတဲ့ လေ ထဲ မှာ “ ပရာနာ ” ဆိုတဲ့ ဓာတ် တစ်မျိုး လည်း ပါတယ် ။ ဒါကိုတော့ သိပ္ပံ ပညာ က လက် မခံသေးဘူး ။ ဂျာမန်လူမျိုး စိတ်ပညာရှင် ဝီလျံဝပ်ချ် ဆိုတဲ့ ဆရာ တစ်ဦး က တော့ လေ ကို လူတွေ ရှူတဲ့ အခါမှာ အခြား အရာ တစ်ခု ပါ ပါတယ် တဲ့ ။ အဲဒီ အရာဟာ ‘ အိုဂွန်း ’ ဖြစ်တယ် လို့ ပြောတယ် ။ သူ ပြောတဲ့ ‘ အိုဂွန်း’ ဆိုတာ က လည်း ပရာနာ ကို ပြော တာပါပဲ ။ အဲဒီတော့ လေ ဆိုတာ က ဒီ ပရာနာ ကို သယ်ဆောင် လာ တဲ့ ယာဉ် တစ်ခု ပါ ပဲ ။ တကယ် လူတွေ မှာ လိုအပ်တာက ပရာနာ ဖြစ်တယ် ။ လေ ဟာ ယာဉ်ရထား နဲ့ တူတယ် ။ ပရာနာ ကို ထည့်ထား တဲ့ ဘူး နဲ့ လည်း တူတယ် ။ တကယ့် အနှစ်သာရ က တော့ ပရာနာ ပါပဲ ။ လေ က တော့ အပေါ် က ဘူးခွံ ပဲ ” ဟု ပြော လေ၏ ။


“ အဲဒီမှာ အောက်စီဂျင် ဆိုတာ ကို ထည့် မပြောတော့ဘူးလား မောင်ဓူဝံ ရဲ့ ”


ဟု မောင်ဖေသော် က မေး လိုက်လျှင် ..


“ အောက်စီဂျင် မရတဲ့ နေရာ မှာ လူ တစ်ယောက် ဟာ နှစ် လေးဆယ် လုံးလုံး အသက်ရှင် နေတယ် လို့ ပြောရင် အစ်ကိုကြီး အောက်စီဂျင် ဆိုတဲ့ စကား ကို စွန့်လွှတ် မလား ”


ဟု မေး လိုက်ရာ မောင်ဖေသော် က ရယ်လေ၏ ။ 


“ အထောက်အထား နဲ့ပြောပြ နိုင်ရင်တော့ ဒီ တစ်သက် မှာ အောက်စီဂျင် ဆိုတဲ့ စကား ကို မပြောတော့ဘူး လို့ ကတိ ပေးပါတယ် ” 


ဟု မောင်ဖေသော် က ပြော လိုက်လျှင် ဓူဝံ က အောက်ပါ အတိုင်း ပြော လေ၏ ။


“ ဒီလို ရှိတယ် အစ်ကိုကြီး ၊ အီဂျစ်ပြည် မှာ လူ တစ်ယောက် ဟာ ၁၈၈ဝ ခုနှစ် က နေပြီး မြေကြီး ထဲ ကို ဝင်ပြီးတော့ နေတာ ။ လူတွေ က လည်း သူ့ ကို အပေါ် က မြေတွေ ဖို့ လိုက်ပြီး ဖို့ တယ် ဆိုတာ မသာ ကို မြေဖို့ သလို ဖို့ လိုက်တာနော် ။ သူ ဟာ မြေကြီး ထဲ မှာ အစ်ကိုကြီး ပြောတဲ့ အောက်စီဂျင် လည်း မရပါဘူး ။ ဒီအ တိုင်း ပြောရ ရင်တော့ သေပြီ ပေါ့ ဗျာ ။ အောက်စီဂျင် မှ မရဘဲ ။ တကယ့် ကို ပဲ အစ်ကိုကြီး ရေ ၊ သက္ကရာဇ် ၁၉၂၀ ခုနှစ် ရောက် မှ သူ ဟာ အဲဒီ ကျင်း ထဲ က ပြန်ပြီး ထွက် လာတယ် ။ အနှစ် ၄၀ လုံးလုံး အောက်စီဂျင် မရဘဲ မြေကြီး ထဲ မှာ နေခဲ့တာနော် ။ မျက်စိ နဲ့ မမြင်ရတော့ ယုံစရာ မရှိပါဘူး ။ ဒါပေမယ့် အောက်စီဂျင်ဓာတ် လည်း မရဘဲ နဲ့ နေ ခဲ့တာ ။ အသားအရေ က တော့ နည်းနည်း ဖျော့တော့ သွားတာ ပေါ့ ။ အပြင် ကို ပြန် ထွက်ပြီး ဆယ်နှစ် နေ သေးတယ် ။ ဆယ်နှစ် ကြာ မှ အသက် က လည်း ကြီးပြီ ဆိုတော့ အခြား ရောဂါ တစ်ခု နဲ့ အနိစ္စ ရောက် သွားရှာတယ် ။ အောက်စီဂျင် ဟာ နေရောင် မရှိတဲ့ နေရာ ကို လည်း သူ က ထိုးဖောက်ပြီး ရောက် နိုင်တာကိုး ။ အဲဒီ အကြောင်း ရေး ထားတဲ့ စာအုပ်စာတမ်းတွေ ၊ ဖတ်ချင်တယ် ဆိုရင် တော့ အစ်ကိုကြီး လွတ်တဲ့ အခါ ပြန် ဖတ်ကြည့်ပေတော့ ” 


ဟု ပြော လိုက်လေ၏ ။


“ ဒီမှာ မောင်ဓူဝံ ရေ ။ မင်း ကို အစ်ကိုကြီး မေးနေတယ် ဆိုတာက မယုံလို့ မေး နေတာ မဟုတ်ဘူး ။ ခိုင်လုံစေချင်လို့ မေးတာကွ ” 


ဟု ပြန်၍ ပြော လိုက်လေ၏ ။ 


ထိုအခါ မောင်ဓူဝံ က မောင်ဖေသော် အတွက် ရေနွေးကြမ်း တစ်ခွက် ငှဲ့ပေးရင်း ..


“ လေ ကို ရှူသွင်းတဲ့ အခါမှာ လေ ဟာ အဓိက မဟုတ်ဘူး ။ လေ ထဲ မှာ


ပါနေတဲ့ ပရာနာ ကို ရှူသွင်း နေတယ် လို့ အာရုံ ပြုမယ် ။ အဲဒီ ပရာနာ ဓာတ် ကို ဘာ နဲ့ ကိုယ်စား ပြုရမလဲ ဆိုရင် အလင်းရောင်ဓာတ် တစ်ခု နဲ့ ကိုယ်စား ပြု ရမယ် ။ အလင်းရောင် တွေ ကို ရှူသွင်း နေ တယ်ပေါ့ အစ်ကိုကြီး ရာ ။ အဲဒီလို စိတ် ကို အာရုံ ပြုပြီး ရှူသွင်း လိုက်တဲ့ အလင်းရောင်တွေ ဟာ ငယ်ထိပ် ကို ရောက် သွားတယ်လို့ စိတ် မှာ အာရုံ ပြု ထားရတယ် ။ ခေါင်း အထက် ပိုင်း တစ်ခု လုံး ဟာ အလင်းရောင်တွေ နဲ့ ပြည့် နေပြီ ။ ပြီးတော့ ကိုယ့် ကိုယ် ပေါ် ဖြာကျ နေပြီ လို့ အာရုံ ပြု ပြီးတော့ အသက် ရှူရမယ် ။ မျက်လုံး နှစ်လုံး ဟာ တတိယမျက်လုံး နေရာ မှာ ရောက် နေတယ် လို့ အာရုံ ပြုထားမယ် ။ ငယ်ထိပ် တစ်ခုလုံး က နေ အလင်းရောင်တွေ ဟာ ကိုယ် ပေါ် ကို ဖြာကျ နေတယ်လို့ အာရုံ ပြုထားရမယ် ။ အဲဒီတော့ အလင်းရောင် ပရာနာတွေ ပဲ အစ်ကိုကြီး ”


ဟု မောင်ဓူဝံ က ပြော လိုက်လျှင် မောင်ဖေသော် က .. 


“ မောင်ဓူဝံ ရေ မင်း အခု ပြော နေတာတွေ ဟာ ကျင့်စဉ် ပဲ ပေါ့ ကွာ ” 


ဟု ပြော လိုက်လေ၏ ။ 


ထိုအခါ ဓူဝံ က ..


“ တကယ့် ကို ကျင့်စဉ် ပါ ပဲ  ။ တိဘက်ပြည် မှာ အင်မတန် နာမည် ကြီး တဲ့ တန္တ ဆိုတာ ကျင့်စဉ်ပေါင်း ၁၁၂ နည်း ကို ပြော တာပါ ။ အခု ကျွန်တော် အစ်ကိုကြီး ကို ပြောပြနေတဲ့ တတိယမျက်လုံး ဆိုတာ ဟာ တန္တ ကျင့်စဉ် နံပါတ် ( ၅ ) ကို ပြော တာပါပဲ ”


ဟု ပြော လေ၏ ။ 


ထိုအခါ မောင်ဖေသော် က .. 


“ အဆန်းပဲဟေ့ ”


ဟု ရေရွတ် လိုက်လေ၏ ။


“ အဆန်း လို့ မပြောပါနဲ့ အစ်ကိုကြီး ရယ် ။ အမြင်သစ် လို့ ပြောပါ ။ ရိုးရိုး မျက်လုံး နှစ်လုံး နဲ့ မြင်နိုင်တဲ့ အမြင် က တော့ အမြင်သစ် လို့ မပြောနိုင်ပါဘူး ။ ရိုးရိုး တွေ့နေကျ ၊ မြင်နေကျ အမြင် လို့ ပဲ ပြော ရမှာပါပဲ ။ တတိယမျက်လုံး ပွင့် သွားပြီး အဲဒီ မျက်လုံး နဲ့ မြင်တဲ့ အမြင် မှ ပဲ တကယ့် အမြင်သစ် ဖြစ် မှာပေါ့ ။ အဲဒီတော့ ကျွန်တော် အခု ပြောပြတဲ့ တတိယ မျက်လုံး ကျင့်စဉ် ကို စမ်းသပ်ပြီး ကျင့် ကြည့် ပါလား ”


ဟု ဓူဝံ က ပြော လိုက်ရာ မောင်ဖေသော် က သူ ၏ လက် တွင်း မှ ရေနွေးခွက် ကို မိုး ပေါ် သို့ မြှောက် ရင်း ..


“ တတိယမျက်လုံး ပွင့်ရေး ”


ဟု လေးလေးနက်နက်ကြီး ပြော လိုက်လေတော့၏ ။


ထိုနေ့မှ စ၍ မောင်ဖေသော် သည် ဓူဝံ ပြောသော တတိယမျက်လုံး ကျင့်စဉ် ကို စ၍ ကျင့် ခဲ့လေတော့၏ ။ တစ်ခုသော အင်္ဂလိပ်လ ၏ ( ၈ ) ရက် နေ့ ဖြစ်၏ ။ စ၍ ကျင့်သော အချိန် မှာ နံနက် ( ၈ ) နာရီ ဖြစ်၏ ။ မောင်ဖေသော် သည် ဂိုဒေါင် ရိပ် တွင် ဖျာကြမ်းလေး ခင်း ကာ ထို ဖျာကြမ်း ပေါ် တွင် စောင်ကလေး ထပ် ၍ ခင်း ပြီး လျှင် အကျအန တင်ပလ္လင်ခွေ ထိုင် လျက် တတိယမျက်လုံး ပွင့် ရေး ကို ဦးစားပေး ၍ ကျင့် လေတော့၏ ။


မောင်ဖေသော် သည် ထို တတိယမျက်လုံး ကျင့်စဉ် ကို တစ်ခါ ကျင့် လျှင် ကိုးရက် ဆက်တိုက် ကျင့်၏ ။ ပြီးလျှင် တစ်ရက် နား ၏ ။ ထို့နောက် ပြန် ၍ ကိုးရက် ကျင့် ပြန်၏ ။ ဤသို့ဖြင့် ( ၂၇ ) ကြိမ် တိတိ ကျင့် ခဲ့၏ ။ ထို့ ကြောင့် စ၍ ကျင့်သော ရက် မှ ရေတွက် လျှင် ၂၅၁ ရက် ကြာ ခဲ့လေ၏ ။ 


၂၅၁ ရက် ကျင့်ပြီးသည် ဆိုသော် လည်း နားရက် မှာ ၂၄၃ ရက်ဖြစ်၏ ။ ( ၂၄၃ ) ရက် ပြည့်သော နေ့ တွင် မောင်ဖေသော် က .. 


“ ဒီ ရက်ပိုင်း အတွင်း ငါ ထောင် က လွတ် မှာ ”


ဟု ပြော လိုက်ရာ ဓူဝံ က


“ ဟုတ်ပါ့မလား အစ်ကိုကြီး ရယ် ။ အစ်ကိုကြီး လွတ်ရက် သိအောင် ထောင်ရုံး မှာ သွားပြီး ဘုတ် , တိုက် ကြည့်ပါဦး ။ အစ်ကိုကြီး ကျ တာ နှစ်ကြီး ကျ တာပဲ ။ ဘယ်လိုလုပ် လွတ်ဦး မှာ တုံး ”


ဟု ပြော လိုက်ရာ မောင်ဖေသော် က ..


“ မင်္ဂလသုတ်စာမေးပွဲ တွေ ခဏခဏ အောင် ထားတာပဲကွာ ။ အဲဒါ လျှော့ရက် ရမှာပေါ့ ”


ဟု ပြော လိုက်ရာ ဓူဝံ က ..


“ ဘယ်လောက်ပဲ လျှော့ရက် ရရ ၊ ဒီရက် အတွင်း တော့ မလွတ်နိုင် သေးပါဘူး ။ အများကြီး လို သေး တာပဲ ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က တဟားဟား ရယ်လေ၏ ။ 


“ မင်း ကို ငါ ပြောမယ် ဓူဝံ ရေ ။ လူ တစ်ယောက် ဟာ သူ့ ရဲ့ မိတ်ဆွေ မောင်ဖြူ ကို သတိ ရ လိုက်တယ် ဆိုပါတော့ ကွာ ။ နောက် နာရီဝက် အတွင်း မှာ ပဲ မောင်ဖြူ ဟာ အိမ် တံခါး လာ ခေါက် တော့တာပဲ ဟေ့ ။ ဒါကို မသိရင် တိုက်ဆိုင်တာ ပဲ လို့ ပြော ကြမှာပဲ ။ နောက် တစ်ခါ ငါးသလောက်ပေါင်း ကိုယ် က စားချင် နေတယ် ။ မကြာခင်ပဲ မိန်းမ ဟာ ဈေး က ပြန် လာတယ် ။ ကဝက်ကင်းငါးသားလောက် လတ်လတ်ဆတ်ဆတ်ကြီးတွေ ကို ဝယ် လာတယ် ။ ငါးသလောက် ပေါင်းမယ် လို့ ပြောတယ် ။ အဲဒါကို တိုက်ဆိုင်တာပဲ လို့ ပဲ ပြောမယ် ။ ခဏခဏ တိုက်ဆိုင် နေတော့ အံ့ဩစရာ ပေါ့ ကွယ် ။ဒါပေမယ့် အဲဒီလို တိုက်ဆိုင်မှုတွေ က ခဏခဏ ဖြစ်သလား လို့ မေးရင် မဖြစ်ဘူးလို့ ပဲ ဖြေ ရ မှာပဲ ။ သူ ဖြစ်ချင်တဲ့ အခါ တိုက်ဆိုင် ချင်တဲ့ အခါ ကျတော့ တိုက်ဆိုင် ပြန်ရော ဟေ့ ။ ဒါပေမယ့် လူ တော်တော်များများ ဟာ ဘာကြောင့် ဖြစ်တယ် ၊ ဘာကြောင့် တိုက်ဆိုင်တယ် ဆိုတာ ကို မစဉ်း စားခဲ့ကြဘူး ။ အဲဒါ ငါ ပြောတဲ့ စကား မဟုတ်ဘူး နော် ဓူဝံ ရေ ။ မင်း ငါ့ ကို ပြောခဲ့တဲ့ စကား ။ ဒါပေမယ့် ရက်ပေါင်း ( ၂၄၃ ) ရက် အဲဒါကို လေ့ကျင့် လိုက်တဲ့ အခါ မှာ ငါ သေသေချာချာ သိ သွားပြီ ။ မျက်လုံးသူငယ်အိမ် နှစ်လုံး ဟာ တတိယမျက်လုံး မှာ အာရုံ စိုက်လိုက် တဲ့ အချိန် ၊ ရှူသွင်း လိုက်တဲ့ ပရာနာ ဟာ ငယ်ထိပ် ကို ရောက်သွား တဲ့ အချိန် ၊ တစ်စုံတစ်ခု ကို တမ်းတ လိုက်တဲ့ အချိန် ၊ အဲဒီ အချက် သုံးချက် ဟာ ညီညွတ် ရင် စောစော က တိုက်ဆိုင်တယ် ဆိုတာ ဖြစ် လာတော့တာပဲ ။ အဲဒီတော့ ငါ ဖြစ်ချင်တာ တစ်ခု ကို အဲဒီ နည်း နဲ့ တိုက်ဆိုင် ခိုင်း လိုက် တော့ တာပေါ့ ကွာ ။ တိုက်ဆိုင် ခိုင်းလိုက်လို့ တိုက်ဆိုင်ပြီ ဆိုရင်တော့ ငါ လိုတာ ရ ပြီပေါ့ ။ ကိုယ် လိုချင်တာ ရပြီ ဆိုရင် လိုတရ ပြီ ပေါ့ ။ လိုတရ ပြီ ဆိုရင် ဣစ္ဆာသယ ပေါ့ ကွာ ။ အဲဒီ တော့ ငါ ထောင် က လွတ်မယ့် ရက် ကို ငါ တိုက်ဆိုင် ခိုင်း ထား ပြီးပြီ ။ အဲဒါတွေ လည်း ငါ ပြောတဲ့ စကားတွေ မဟုတ်ပါဘူး ။ မင်း ပြောတဲ့ စကားတွေ ပါ ပဲ ။ ဒါပေမယ့် ငါ က လက်တွေ့ လုပ် ပြခဲ့တာ ။ ပြည့်စုံပြီလား ဆိုတော့ ပြည့်စုံတဲ့ အဆင့် မရောက်သေးဘူး ။ ကြိုးပမ်းပြီး နေတဲ့ အဆင့် မှာ ပဲ ရှိ သေးတယ် ။ နာရီ တိုင်း ၊ မိနစ် တိုင်း ၊ တိုက် ဆိုင် နိုင်တဲ့ အဆင့် ကို တော့ ဆက်ပြီး လုပ်ရဦးမယ် ။ ဘာပဲဖြစ်ဖြစ် ဆက် လေ့ကျင့်ရင်း ကိုယ် လိုချင်တာတွေ ကို မကြာခင် တိုက်ဆိုင် လာ လိမ့်မယ် ။ မင်း ကို လည်း တစ်ခု ပြော ရဦးမယ် ။ ငါ ဟာ ရိုးရိုး ဖေသော် မဟုတ်ဘူး ။ မကြာခင်မှာ တတိယမျက်လုံး ပိုင်ရှင် ဖေ သော် ဖြစ် လာလိမ့်မယ် ”


ဟု ပြော လိုက်လျှင် ဓူဝံ က မောင်ဖေသော် အား ပြေး၍ ဖက် လေ၏ ။


“ ပြီးတော့ ထပ် မှာ ခဲ့ဦးမယ် ။ မင်း ပဲ ထောင် ထဲ က အရင် ထွက်ထွက် ၊ ငါ က ပဲ အရင် ထွက်ထွက် ၊ ဟောဒီမှာ ငါ့ ရဲ့မှတ်တမ်းကြီး ရှိတယ် ။ အဲဒီ မှတ်တမ်းကြီး ကို ငါ့ ရဲ့ သူငယ်ချင်း အောင်သော် ဆီ ကို မဖြစ် ဖြစ်အောင် သွား ပေးလိုက် ။ တစ်ခု မှာ ချင်တာ က တော့ ဟောဒီ မှတ်တမ်းကြီး ဟာ စ ရေး ကတည်း က မကောင်းဆိုးဝါး တွေ စီး နေ တယ် ။ မကောင်းဆိုးဝါးတွေ နဲ့ လည်း ငါ ဟာ အများကြီး ပတ်သက် ခဲ့ တယ် ။ ဒီ မကောင်းဆိုးဝါးတွေ ဆိုတာက အရပ် စကား နဲ့ ပြော ရရင် လမိုင်း တွေ ။ အဲဒီ ငါ နဲ့ တွေ့ တဲ့ လမိုင်းတွေ က လည်း ယောက်ျား တွေ မဟုတ်ဘူး ။ မိန်းမ တွေ ။ အားလုံး လာပြီး လှည့်စား ကြတယ် ။ ပြီးတော့ ငါ့ ကို လမိုင်း တစ်ကောင် ဖြစ်အောင် လုပ် ကြတယ် ။ တစ်ခု ထူးခြား တာ ကတော့ မိန်းမ တစ်ယောက် ဟာ ငါ့ ကို လာပြီး အနှောင့် အယှက် ပေးတယ် ။ မရရင် နောက် တစ်ယောက် လာတယ် ။ သူတို့ အချင်းချင်း လည်း အဆက်အသွယ် ရှိ ကြတယ် ။ ဒါကြောင့် လာ ရင် နာမည် တစ်မျိုး တည်း နဲ့ လာတယ် ။ အဲဒီ နာမည် က လည်း မြနန်းနွယ် တဲ့ ။ ဟောဒီ မှတ်တမ်းကြီး ကို က သူတို့ ရဲ့ ဓာတ်သက်တွေ စွဲ နေ တယ် ။ ဒါပေမယ့် ငါ့ မှာ အမြင်သစ်တွေ ရ လာပြီ ။ နောက် တစ်ခု မင်း ကို ပြော ရဦးမယ် ။ မြနန်းနွယ် ဆိုတဲ့ သူတော်ကောင်း အမျိုးသမီး တစ်ဦး ရှိတယ် ။ သူ ဟာ အလှူအတန်း ရက်ရောတယ် ။ စေတီတော် တစ်ဆူ ကို တန်ဖိုး ရှိတဲ့ ပစ္စည်းတွေ လှူဒါန်း သွား ပြီးပြီ ။ အဲဒီ အမျိုးသမီးကြီး နဲ့ စောစော က လမိုင်းတွေ နဲ့ ဘာမှ မဆိုင်ဘူး နော် ။ အဲဒီ သူတော်ကောင်း အမျိုးသမီးကြီး လည်း ကောင်းမှု ကုသိုလ်တွေ အကျအန လုပ်ပြီး လူ့ပြည့် လူ့လောက ကို စွန့်ခွာ သွားပါပြီ ။ ငါ နဲ့ တွေ့ ခဲ့တဲ့ မြနန်းနွယ် ဟာ အဲဒီ အမျိုးသမီးကြီး နဲ့ ဘာမှ မဆိုင်ဘူး ဆိုတာတော့ မောင်ဓူဝံ နားလည်ဖို့တော့ လိုတယ် ”


ဟု ပြော လိုက်လျှင် ဓူဝံ သည် ခေါင်း တဆတ်ဆတ် ညိတ် လိုက်၏ ။


ထို့နောက် မောင်ဖေသော် ၏ နဖူး ကို နမ်း လိုက်လေ၏ ။ ၎င်း နမ်းသော နေရာ သည် တတိယမျက်လုံး နေရာ ပင် ဖြစ်လေ၏ ။ 


ထို့နောက် ဓူဝံ က .. 


“ အစ်ကိုကြီး အတော့် ကို ပေါက်ပေါက်မြောက်မြောက် ဖြစ်သွား ပြီပဲ ။ ကျွန်တော် အစ်ကိုကြီး နဲ့ နေရကျိုး နပ်ပါပြီ ”


ဟု ပြောချိန် ၌ ပင် အကျဉ်းသား တစ်ဦး နှင့် ထောင်မှူး တစ်ဦး ရောက် လာ ပြီးလျှင် အကျဉ်းသား က ..


“ အဘ ဦးဘကောင်း အကျဉ်းသား ဓူဝံ လွတ်လူ ” 


ဟု အော် လိုက်လေ၏ ။ ထိုအခါ ဓူဝံ က ..


“ အစ်ကိုကြီး ရေ ကျွန်တော် လည်း တိုက်ဆိုင် သွားပြီ ။ အဲဒီတော့ သွားမယ် ။ အစ်ကိုကြီး ရေးထားတဲ့ မှတ်တမ်း ဆိုတာ လည်း ကျွန်တော် ရအောင် ထုတ် လိုက်မယ် ”


ဟု ဆိုကာ ထွက် သွား လေတော့၏ ။ မောင်ဖေသော် လည်း ထောင် ထဲ တွင် ၄၅ ရက် ခန့် နေရ၏ ။ ( ၄၅ ) ရက် ပြည့်သော နေ့ တွင် မင်္ဂလသုတ် စာမေးပွဲ ကို ထူးချွန်စွာ အောင်သည် ကို အကြောင်း ပြ၍ လျှော့ရက် အမြောက်အမြား ရရှိသည် ဖြစ်ရာ မောင်ဖေသော် အား ထောင် မှ အပြီး အပိုင် လွှတ် လိုက်လေတော့၏ ။ ထောင်ဘူးဝ တွင် ဦးစိန်မြသာကြီး သည် မောင်ဖေသော် အား လာ ၍ ကြိုနေ၏ ။ ဦးစိန်မြသာကြီး သည် မော်တော်ကား ကို ကိုယ်တိုင် မောင်း လာ ခြင်း ဖြစ်၏ ။ မောင်ဖေသော် အား ကား ပေါ် တင် ၍ ကား ကို မောင်း၍ ထွက် လာ၏ ။


“ ဘယ်လိုလဲ မောင်ဖေသော် ။ ထောင် ထဲ မှာ အတော်ကလေး အတိဒုက္ခ ရောက်ရဲ့လား ”


ဟု မေး လိုက်ရာ မောင်ဖေသော် က


“ ဦးစိန်မြသာ ရဲ့ ပို့သသော မေတ္တာ ကြောင့် မရောက်ပါဘူး ဗျာ ။ ကျုပ် အများကြီး အလုပ် လုပ် နိုင်ခဲ့ပါတယ် ”


ဟု ပြော လိုက်လျှင် ဦးစိန်မြသာကြီး က ရယ်မောလေ၏ ။ 


“ ကဲ မောင်ဖေသော် မင်း ကို ဘယ် ပို့ပေးရမလဲ ” 


ဟု မေး လိုက်ရာ မောင်ဖေသော် က ..


“ ဒီလို ရှိတယ် ဦးစိန်မြသာ ၊ ဖြစ်နိုင်ရင် ကျုပ် ကို ပုပ္ပါး ကို ပို့ ပေး စမ်းပါ ။ အဲဒီမှာ ကျန်တဲ့ အလုပ်ကလေးတွေ ဆက်ပြီး လုပ်မယ် ။ အဲဒီ က နေ ပြီး မှ ခရီး ဆက်မယ် ”


ဟု ပြော လျှင် ဦးစိန်မြသာကြီး က ..


“ ဘာပဲ ဖြစ်ဖြစ်ကွာ ။ မဂိုလမ်း ( ယခု ရွှေဘုံသာလမ်း ) က သက်သတ်လွတ် ထမင်းဟင်း ရောင်းတဲ့ ဘရာဟင်ထမင်းဆိုင် မှာ ထမင်း စား ကြသေးတာပေါ့ ။ ပြီးတော့မှ ပုပ္ပါး ကို ပို့ ပါမယ် ”


ဟု ပြောလေ၏ ။ ထို့နောက် ၎င်းတို့ သည် မဂိုလမ်း သို့ သွားကာ ဘရာဟင်ဆိုင် တွင် ထမင်း စားသောက်ကြလေ၏ ။ ထို့နောက် ဦးစိန်မြသာ က မောင်ဖေသော် ဝတ်ရန် အတွက် အဝတ်အစားများ ၊ လိုအပ်သော အသုံးအဆောင်များ လိုက်၍ ဝယ်ပေးလေ၏ ။ ၎င်းတို့ နှစ်ဦး စီးသော ကားကလေး သည် တရွေ့ရွေ့ နှင့် မောင်း နှင် ခဲ့ရာ နောက် တစ်နေ့ နံနက် ( ၈ ) နာရီ လောက် တွင် ကျောက်ပန်းတောင်း မှ ပုပ္ပါး သို့ သွားသော လမ်း ပေါ် သို့ ရောက်ရှိ နေတော့၏ ။ နေရိပ် တစ်နေရာ သို့ ရောက်သော အခါ ၌ ကား ပေါ် မှ ဆင်း၍ လမ်းဘေး တွင် ရပ် နေကြလေ၏ ။ ထိုအချိန် တွင် ပုပ္ပါးတောင် ဘက် မှ နေ ၍ မောင်း လာသော ကားတစ်စီး သည် ၎င်းတို့ ရှိရာ ဘက် ဆီ သို့ ဦးတည်၍ မောင်းနှင် လာသည် ကို တွေ့ရလေ၏ ။ ထို ကားကလေး သည် ဦးစိန်မြသာ စီး သော ကားကလေး နှင့် တထေရာတည်း လည်း တူ၏ ။ ထို ကားကလေး သည် ဦးစိန်မြသာ ၏ ကားကလေး နှင့် ခေါင်းချင်း ဆိုင် ၍ လာ ရပ်လေ၏ ။ ထို့နောက် ကားပေါ် မှ တစ်စုံတစ်ယောက် ဆင်း လာ၏ ။ ထို တစ်စုံတစ်ယောက် သည် အဖြူရောင် ဥရောပဝတ်စုံ ကို ဝတ် ထားပြန် လေ၏ ။ စီး ထားသော ရှူးဖိနပ် သည် ပင် လျှင် အဖြူ ဖြစ်၏ ။ ထို သူ သည် သွက်လက် ဖျတ်လတ်သော လူငယ် တစ်ဦး မျှ သာ ဖြစ်၏ ။ မောင်ဖေသော် သည် ထို လူ အား လှမ်း၍ ကြည့် လိုက်၏ ။ ထို့နောက် မျက်မှောင် တစ်ချက် ကြုတ် လိုက်၏ ။ ပြီးလျှင် သူ ၏ မျက်နှာ ၌ ပြုံးရောင် သမ်း သွားလေ၏ ။ ထို အပြုံး နှင့် အတူ အသံ ထွက် လာ၏ ။


“ ဓူဝံ ပါ လား ”


“ ဟုတ်ပါတယ် အစ်ကိုကြီး ။ ကျွန်တော် ဓူဝံ ပါ ။ ဒါနဲ့ ပြော ရဦးမယ် ။ ကျွန်တော့် ကို တစ်နေ့ က အစ်ကိုကြီး ကို ပေးလိုက်ပါ ဆိုပြီး ထား တဲ့ ဖိတ်စာ တစ်စောင် ရှိတယ် ။ ဖိတ်စာ က တော့ တခြား မဟုတ်ပါဘူး ။ ကလေး ကင်ပွန်းတပ် ဖိတ်စာ ပါ ။ ကိုမောင်မောင်ကြီး နဲ့ မြင့် တို့ က ဖိတ်တဲ့ ဖိတ်စာ ပါ ။ သမီးကလေး တဲ့ ။ သမီးကလေး ကို ကင်ပွန်း တပ် မလို့ တဲ့ ။ အစ်ကိုကြီး လာ နိုင်ရင် လာပါ တဲ့ ” 


ဟု ဆိုကာ ဖိတ်စာ တစ်စောင် ကို ပေး လိုက်လေ၏ ။ မောင်ဖေသော် လည်း ထို ဖိတ်စာ ကို အိတ် ထဲ တွင် ထည့် လိုက်လေ၏ ။ 


“ နေစမ်းပါဦးကွ မောင်ဓူဝံ ရ ၊ မင်း က ဘယ်ကို သွားမှာတုံး ” 


ဟု မေးလိုက်ရာ ဓူဝံ က ..


“ ကျွန်တော့် အလုပ် တာဝန် ပြီးပါပြီ အစ်ကိုကြီး ။ ကျွန်တော် အစ်ကိုကြီး ကို တတိယမျက်လုံး အကြောင်း ပြော ဖို့ ထောင် ထဲ ကို လိုက် လာ ရတာပါ ။ ကျွန်တော့် တာဝန် ပြီး လို့ ရှမ်ဘဲလား ကို ပြန် ရမှာပါ ။ ရှမ်ဘဲလား ဆိုတာ က မဟာမြိုင် ပေါ့ ခင်ဗျာ ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် သည် ဦးစိန်မြသာ ၏ မျက်နှာ ကို လှမ်း ကြည့်လိုက်လေ၏ ။ ထိုအခါ ဦးစိန်မြသာ က ..


“ ကဲ လူကလေး မောင်ဖေသော် ကား မောင်း တတ်ရင် အဲဒီ ကား ကို ယူ သွားပေတော့ ။ ငါ တော့ ဓူဝံ ရဲ့ ကား နဲ့ လိုက် သွားတော့မယ် ” 


ဟု ဆိုကာ ဓူဝံ ၏ ကား ပေါ် သို့ တက် လိုက်လေ၏ ။ ထို့နောက် ၎င်း တို့ နှစ်ဦး သည် မောင်းနှင် ၍ ထွက်ခွာ သွားလေတော့၏ ။ မောင်ဖေသော် သည် ငူငူကြီး ရပ် ကျန်ရစ် ခဲ့ လေတော့သည် ။


မှတ်ချက် ။  ။ ဤ မှတ်တမ်း မှာ မောင်ဖေသော် ၏ မှတ်တမ်းကြီး ဖြစ်၏ ။ မောင်ဖေသော် နှင့် ဦးစိန်မြသာ ၊ မောင်ဓူဝံ တို့ ခွဲခွာခဲ့ပုံ ကို မောင်ဓူဝံ က ရေးသားခဲ့ဟန် တူ၏ ။ ထို မှတ်တမ်း ၏ အဆုံး တွင် မောင်ဓူဝံ သည် ကား ဘေး တွင် ငူငူကြီး ရပ်၍ ကျန်ရစ်ခဲ့သော မောင်ဖေသော် ၏ အကြောင်း ကို အောက်ပါ အတိုင်း စိတ်ကူး ၍ ရေးသားခဲ့ဟန် တူ၏ ။

             စာရေးသူ


မောင်ဖေသော် သည် မော်တော်ကား ဘေး တွင် ငူငူကြီး ရပ်၍ နေ ၏ ။ ကားကလေး သည် တဖြည်းဖြည်း ဝေး၍ သွား၏ ။ ထို့နောက် ဖုန်လုံးကြီး ထဲ တွင် ပျောက်ကွယ် သွား၏ ။ မောင်ဖေသော် လည်း မြင့်မြင့် နှင့် ကိုမောင်မောင်ကြီး တို့ ၏ သမီးကလေး ကင်ပွန်းတပ် ဖိတ်စာ ဆိုသည် ကို ဖွင့်၍ ကြည့် လိုက်၏ ။ ထို ဖိတ်စာ မှာ အောက်ပါ အတိုင်း ရေးသားထား သည် ကို တွေ့ရ၏ ။


ကျွန်တော် မောင်မောင်ကြီး နှင့် ကျွန်မ မြင့် တို့ က ... ကျွန်တော် ၊ ကျွန်မ တို့ ၏ ရင်နှစ်သည်းချာ သမီးရတနာလေး ကို အမည်ပေး ကင်ပွန်းတပ် ပြုလုပ်မည် ဖြစ်ပါ၍ လူကြီးမင်း ကိုယ်တိုင် ကြွရောက်ပါရန် ဖိတ်ကြားပါသည် ။ ကျွန်မတို့ ၏ ရှုမငြီးသည့် သမီးဦး ရတနာလေး ကို အောက်ပါ အမည် မှည့်ခေါ်မည် ဖြစ်ကြောင်း ကို လည်း ကြိုတင် သတိပေး အပ်ပါသည် ။

        သမီးကလေး

        မြနန်းနွယ်


မောင်ဖေသော် သည် ထို ဖိတ်စာ ကို ကြည့် ပြီး နောက် သူ ၏ မျက်လုံး တို့ မှာ လည်း မှုန်မှိုင်းရီဝေ သွား၏ ။


“ ဪ ... သူတော်စင် အမျိုးသမီးကြီး ၊ လူ့ပြည် ကို တစ်ခေါက် ပြန် လာပြီ ကိုး ”


ဟု ဝမ်းမြောက်ဝမ်းသာ ရေရွတ် လိုက် လေတော့သတည်း ။  ။


သဗ္ဗေ သတ္တာ ကမ္မဿကာ


◾မင်းသိင်္ခ 


📖 မြနန်းနွယ်


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment