❝ ဧကရာဇ် ရနံ့ သင်းပျံ့လှိုင်စေ ❞
မှော်ဘီ နဲ့ ရန်ကုန် က ဘာ ဝေး တာ မှတ်လို့ ။ ဒီနေ့ သောကြာ နေ့ ။ ကျောင်း ဆင်း တာ နဲ့ မိဘတွေ ဆီ ပြန် နေကျလေ ။ ဆရာမ ဖြစ် နေပေမယ့် အမေ့ ရင်ခွင် ထဲ ခေါင်း ထိုး ဝင်ချင် နေတုန်း ။ အဖေ ရဲ့ အဆုံးအမ ကို ခံယူချင် နေတုန်း ။ မိဘ မေတ္တာ က အေးချမ်းတယ် မို့ လား ။
သူ အိမ် ပေါ် တက် လိုက်တော့ သူ့ အမေ က စားပွဲ ပေါ် က ပစ္စည်းတွေ ကို တုန်တုန်ချည့်ချည့် သိမ်း နေ ဆဲ ။ အမေ့ အပြုံး တွေ က သူ့ ဆီ ကို ဝဲပျံ လာတယ် ။
“ သမီး … သမီး တပည့်တွေ လာ သွားတယ် ... အညာ လက်ဆောင် တွေ ကို စုံလို့ ... ဒီမှာ သမီး တပည့်မ စိုးစိုး က တယုတယ ပေး သွားတဲ့ ဧကရာဇ်ပန်း ထုပ် ... ”
သူ ကလေး တစ်ယောက် လို ထ ခုန်မတတ် ပျော် သွားမိတယ် ။ ငှက်ပျောဖက် စိမ်းဖျော့ဖျော့ ထဲ က ဖွတ်မြီးကျစ် ထားတဲ့ ဧကရာဇ်ပန်းကုံး ဖွေးဖွေးလေး တွေ ကို လက်ခုပ် ထဲ အသာအယာ ထည့် လိုက်တယ် ။ အဆုတ် ထဲ မှာ ပန်းရနံ့ ပြည့် သွားတဲ့ အထိ အားရပါးရ ရှူရှိုက် လိုက် မိတယ် ။ ကြိုက် မရှက်လေ ။ ဒီ အနံ့ က သူ ရဲ့ဂန္ဓာရုံ နဲ့ ကင်းကွာ သွား တာ တော်တော် ကြာပြီ ။ သနပ်ခါးတုံး က တော့ သူ့ ကို မနာလို ဖြစ်ချင် ဖြစ်နေမှာ ။ ဧကရာဇ် နံ့ က သူ ရဲ့ နှလုံးသား ဗဟိုချက်မ တိုင်အောင် ထိုးဖောက် နေရာ ယူ ခဲ့တာ ကိုး ။
“ ပြန်ခါနီး ပြောသွားသေးတယ် ... သမီး ဆရာမ ဧကရာဇ်ပန်း ကြိုက်ချက် က .. ရက်စက်သယ် တဲ့ ... ”
ဟုတ်တယ် ။ သူ ဧကရာဇ်ပန်း ကို ကြိုက်ခဲ့တယ် ။ မြတ်မြတ်နိုးနိုး ချစ် ခဲ့တယ် ။ သူ့ မေတ္တာတရား ဟာ ကာလ တစ်ခု မှာ တည်း က ပန်းဧကရာဇ် ဝတ်ဆံ မှာ သန္ဓေ တည် ပြီး ပြီလေ ။
••••• ••••• •••••
လွန်ခဲ့တဲ့ နှစ် နှစ်ဆယ် ရဲ့ အစောပိုင်း ကာလ ၊ ဘွဲ့ လက်မှတ် ကို ကိုင် ပြီး အလုပ် ရှာပုံတော် ဖွင့်စဉ် ကပေါ့ ။ စစ်ကိုင်းတိုင်း ပညာရေးမှူးရုံး ရောက် တော့ လစ်လပ် နေရာ တွေ ထဲ က ကိုယ် ကြိုက်နှစ်သက်ရာ ကျောင်း ကို ရွေးခွင့် ရတယ် ။ မြင်းမူ မြို့နယ် ထဲ က “ မဲနောရွာ ” မူလတန်းကျောင်း ကို သူ့ မျက်စိ ရောက်သွားတယ် ။ မြေပုံ ထဲ မှာ တော့ အလ္လကပ္ပ နဲ့ လမ်းကြီး ကို ဖြူး လို့ ။ သည်လို နဲ့ မဲနောရွာ ဟာ သူ့ ဘဝ စည်းဝိုင်း ထဲ ကို ဝင် လာတယ် ။
မိဘတွေ နဲ့ တစ်ခါ မှ ဝေးဝေးလံလံ ခွဲ မသွားဖူးသည် မို့ သူ အားတော့ အငယ်သား ။ လူငယ် ပဲ စွန့်စား ရမှာပေါ့ ဆိုတဲ့ အသိ က သူ့ ကို အင်အား ဖြစ် စေ လို့ ။ လူ့ က လည်း တက်ကြွ လို့ ။ ဆရာမ ဟန်ပန် ပီသအောင် လို့ ရန်ကုန် မှာ ကတည်း က ချုပ် ခဲ့တဲ့ ဝက်ဝံတံဆိပ် ၊ အုန်းနှစ်ပင်တံဆိပ် ၊ လုံချည်စိမ်းတွေ ၊ မှန်စာ ၊ အရိပ်ပန်း ၊ သရီးရိုင်ဖယ် ၊ အဖြူ လက်ရှည် ၊ လက်စက ၊ အင်္ကျီတွေ က လက်ဆွဲအိတ် နဲ့ အပြည့် ။ ယင်းမာတံဆိပ် ဖိနပ် က သုံးရန် တောင် မှ ။ စမတ်ကျကျ ဝတ်လိုက်မယ့် ပုံ ။
မြို့နယ်ပညာရေးမှူးရုံး မှာ သတင်း ပို့ ပြီးတော့ လာ ကြိုတဲ့ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ကြည် နဲ့ အလ္လကပ္ပ က နေ မဲနော ကို နွားလှည်း နဲ့ သူ လိုက်ခဲ့တယ် ။ လှည်းအိမ် နောက်မြီး မှာ ခြေ နှစ်ချောင်း တွဲလောင်း ချ ပြီး ထိုင် လိုက်ခဲ့ရတာမို့ ကြည်နူးမှု က အပြည့် ။ စတိုင် ကြွားကြွား ၊ ပဲ များများ ပေါ့ ။
“ ဆရာကြီး ရွာ က ဘယ်လောက် ဝေးလဲ .... ”
“ အင်း ... သုံးတိုင် ပြင်းပြင်း လောက် ဝေးတယ် ... ဟိုး ... သစ်ပင် အုပ်အုပ် ပေါ် က အပင် မြင့်မြင့် ရှိတဲ့ နေရာ က ရွာ ပေါ့ ဆရာမ ရဲ့ .. ”
မှုန်ပြပြ တော့ မြင် နေရပြီ ။ နွား နှစ်ကောင် က မြေလမ်း အတိုင်း အသော့ နှင် နေတယ် ။ သန်းထွန်းလေး ရဲ့ သီချင်း ထဲ က အတိုင်း လှည်းနောက် ကနေ မြေနီမှုန် ဖုန်လုံးကြီးတွေ က တလိမ့်လိမ့် ။ သူ့ ဆံပင်တွေ က လည်း ဆံပွင့်ရုံ အဆင့် ကို ကျော်ပြီ ။ အဖွားအို ပေါက်စ ပုံ ဖြစ် နေလောက်ပြီ ။ ခါး ကြား ထဲ က လက်ကိုင်ပဝါ က နှာခေါင်း ပေါ် ကို ရောက်လို့ ။ လှည်းပေါ် စီး ကာ စ က ဇိမ် ရှိလှပြီ အောက်မေ့ နေတာ ခုတော့ တင်ပါးတွေ လည်း အောင့် လှပေါ့ ။ လမ်း တစ်လျှောက် အပင် ကြီးကြီးမားမား တစ်ပင် မှ မရှိ ။ ဝဲယာ မှာ ယာခင်းတွေ က ပတ်ချာလည် ။ နှမ်းခင်းတွေ ၊ ပြောင်းခင်း တွေ ပဲစင်းငုံခင်း တွေ က စိမ်းစိမ်းစိုစို နဲ့ မျက်စိကို အေး ချက် ။ တစ်နာရီ နီးပါး ကြာ သွားပြီ ။ သစ်ပင် မြင့်မြင့် နားကို မသိနိုင်သေး ။ တော်သေး ရဲ့ ၊ လမ်း ခုလတ် ဇရပ် မှာ လူရော ၊ နွားရော ၊ ခဏနား ပေလို့ ။ လေလေး တဖြူးဖြူး နဲ့ ချမ်းမြေ့ လိုက်တာ ။ ဒီ ဇရပ် ဟာ ခရီး တစ်ထောက် ကွန်းခိုရာ နေရာတဲ့ ။ နောက်ထပ် ခရီး တစ်ဝက် ဆက် လိုက်တော့ ရွာ ကို ရောက်ပြီ ။ နေ လည်း မွန်းတည့် ပြီ ။
လှည်း က ရဝတ ဥက္ကဋ္ဌ အိမ် မှာ ဂိတ်ဆုံးပြီ ။ လှည်း နောက် က ကလေး အရွယ်စုံ ပြေး လိုက် လာကြတယ် ။ သူ စာသင် ပေး ရမယ့် သူ တွေ ထင် ပါရဲ့ ။ အိမ်ရှေ့က အဖီ အောက်မှာ ချ ထားတဲ့ တန်းလျားခုံ ပေါ် မှာ နား ကြတယ် ။ လမ်းဘေး မျက်လှည့်ပွဲ လာ အားပေး တာ ကျ နေတာပဲ ။ ကလေး ရော ၊ လူကြီး ရော ၊ ဝိုင်း လို့ ။ ကလေး ကို ခါးထစ်ခွ ချီ ထားပြီး ထဘီ စွန်တောင်ဆွဲ ဝတ် ထားတဲ့ ကလေး အမေ တွေ လည်း ပါ လိုက်သေး ။ အင်္ကျီ ဗလာ ၊ ပုဆိုး ခေါင်းပေါင်း နဲ့ အမျိုးသားတွေ လည်း မနည်းပါလား ။ သူ့ မျက်နှာ ဘယ်လို ထား ရမှန်း မသိလို့ ထင်ရဲ့ ။ လက်ကိုင်ပဝါ နဲ့ ဖုန်တွေ ကို ရိုက် ခါ နေ လိုက်တာ မျက်နှာ က ကျိန်းစပ် လို့ ။
အဖီ အောက် က စားပွဲ မှာ ပဲ ထမင်း စား ကြတယ် ။ ဆရာကြီး ရယ် ၊ ဥက္ကဋ္ဌကြီး ရယ် ၊ သူ ရယ် လက်ဆုံ စားကြတယ် ။ တကယ့် အညာဟင်း စစ်စစ်တွေ စား လို့ မြိန် မှ မြိန် ။ ထမင်း စား ပြီးတော့ ရေ သောက်ဖို့ ကြွေရည်သုတ် မတ်ခွက် လာ ချတယ် ။ ခွက် ထဲ သို့ သူ့ အကြည့် တစ်ချက် စောင်းငဲ့ ရောက် သွားတယ် ။ ဘယ်လို ဖြစ်ပြီး လက်ဖက်ရည် ချိုအေး က ခွက် ထဲ ရောက် နေတာပါလိမ့် ။ ဆရာကြီး ဆီ ကို မသိမသာ မျက်လုံး ကစား လိုက်တယ် ။ တဂွတ်ဂွတ် နဲ့ အားရပါးရ သောက်နေ ပါလား ။ သူ လည်း တစ်ကျိုက် လောက် သောက် ချလိုက်တယ် ။ အို ရေတွေ ပါလား ။ သူ ဆက် သောက်ဖို့ ဘယ်လို မှ မျို မကျတော့ ။
“ ဆရာမ.. ဒါ က ကန်ရေ လေ ... ဒီ မှာ က တွင်းရေ မရှိဘူး ... တစ်နှစ်ပတ်လုံး ... သောက်ရေ သုံးရေ ကို ကန်ရေ ပဲ သုံးကြတာ ... ”
သူ ခေါင်း တစ်ချက် အသာ ညိတ် လိုက်ပြီး ထန်းလျက် တစ်ခဲ အသာ ကိုက် လိုက်တယ် ။
••••• ••••• •••••
ရွာ အရှေ့ပိုင်း မှာ ကိုးတောင်ပြည့် စေတီတော် က စုလစ်မွန်းချွန် ပျဉ်ထောင်ပျဉ်ကာ ၊ ခြေတံရှည် ဘုန်းတော်ကြီးကျောင်း နဲ့ သိပ် သပ္ပာယ် တာ ။ မန်ကျည်းပင် ပတ်လည် ဝိုင်း ထားတဲ့ ရေကန် က လည်း အေးအေးချမ်းချမ်း ပါ ။ ရေ က တော့ ရွှေဝါရောင် ပေါ့ ။ မြေနီယာခင်းတွေ ထဲ ဖြတ်စီး လာတဲ့ မိုးရေတွေ ကို စုထားတဲ့ ကန် ပါ ။ ဘုန်းကြီးကျောင်း နဲ့ ကပ်လျက် မှာ မူလတန်း အဆင့် စာသင်ကျောင်း ။ ရှစ်ခန်းတွဲ အုတ်ကာ သွပ်မိုး ၊ တစ်ထပ်တိုက် ။ တစ်ခန်း နဲ့ တစ်ခန်း ကြား မှာ ဘာ အကန့် မှ မရှိ ။ အခန်းတိုင်း ရဲ့ နံရံတိုင်း မှာ တော့ ဘော ( သင်ပုန်း ) တစ်ချပ်စီ က နေရာ ယူ လို့ ။ ဒီဘက် ထိပ် အခန်းက စပြီး သူငယ်တန်း ကို နေရာ ချပေးထားတာ ဟိုဘက် ထိပ် ရောက်ခါနီး တော့ လေးတန်း ။ ရုံးခန်း က တော့ ထိပ်ဆုံး မှာ ။ ငါးယောက် တစ်တွဲ ထိုင်ခုံရှည် ချ လိုက်တော့ ကလေးတွေ အတွက် စာသင်ခုံ ဖြစ်ပြီ ။ ဖင်ထိုင်ခုံ က တော့ သမံတလင်း မှာ ဖင်ချ ထိုင် လိုက်ရုံ ။ သည် ခုံရှည်တွေ က နေ့ခင်း မှာ ဆို စာသင်ခုံ ။ ည ရောက် လို့ လေးငါးခုံ ဆက် လိုက်ပြီ ဆိုမှ ဖြင့် ဆရာတွေ အတွက် အိပ်စက်ရာ ဖြစ်ကရော ။ ရောက်စ က သူ လည်း ဒီ အိပ်ရာ မှာ အိပ် ခဲ့ရတယ် ။ နောက်တော့ သူ့ အတွက် ရ.၀.တ အိမ်ဝန်း ထဲ မှာ ဆောက်ပေးထားတဲ့ သီးခြား အိမ်လေး မှာ ပြောင်း နေခဲ့တယ် ။
••••• ••••• •••••
ဆရာမ ဘဝ ပထမ ဦးဆုံး နေ့ ကို စတင် လိုက်တယ် ။ မှန်စာအဖြူ လက်ရှည် က ချပ်ချပ်ရပ်ရပ် ၊ တက်ထရွန် လုံချည်စိမ်း က တင်းတင်းရင်းရင်း ။ ခြေချောင်း ဖွေးဖွေးလေးတွေ က ယင်းမာတံဆိပ် ဖိနပ် သည်းကြိုး အောက် က ရုန်းထွက် လို့ ။ ခြေသည်းလေးတွေ ကို နှုတ်ခမ်း နဲ့ အရောင်တူ ဆေး ဆိုးဖို့ တော့ သူ ဘယ်မေ့ လိမ့်မလဲ ။ ဆံပင် ကို တစ်ပတ်လျှို ထုံးပြီး ကလစ် ညှပ်ထားလိုက်တယ် ။ ပန်း တစ်ပွင့် တော့ ဆင့်လိုက် ချင်သား ။ လူ က တော့ ဟန်ကိုယ့် ဖို့ ပေါ့ ။ ကလေးတွေ ကို သင် ပေးရမယ် ဆိုပေမယ့် စိတ် က ဂနာ မငြိမ်ချင် ။ စားပွဲ မှာ ထိုင်ပြီး သူငယ်တန်း ဖတ်စာအုပ် ထဲ မှာ သူ အာရုံ ခဏ နှစ်ထား လိုက်တယ် ။ သင်ရိုးညွှန်းတမ်း တို့ ၊ သင်အံ စီမံချက် တို့ ဆိုတာ သူ ဘယ်သိ လိမ့်ဦးမလဲ ။ သူ က ဆွဲခန့် ဆရာမ လေ ။ စာ မသင်ခင် ဆရာကြီး ရဲ့ အနီးကပ် သင်တန်းက နား ထဲ မှာ ပြန် ကြား လာတယ် ။
“ ဆရာမ ရေ … စေတနာ ၊ ဝါသနာ ၊ အနစ်နာ ထားပြီး စာသင်ပါ ... ဒါဆို .. ဆရာမ ကောင်းကောင်း တစ်ယောက် ဖြစ်ပြီ ... ”
ဆရာကြီး ရဲ့ ဆရာဖြစ် သင်တန်း လည်း ပြီးရော ၊ သူ တွေးကြည့်တယ် ။ ကျောင်းသားတွေ အပေါ် စေတနာ ထားဖို့ ရကောင်း ရနိုင်ပေမယ့် ၊ ကျောင်းဆရာမ အလုပ် ကို ဝါသနာ ပါ ၊ မပါ ဆိုတာ သူကိုယ်တိုင် က မသေချာသေး ။ အနစ်နာ ခံတယ်.. ဆိုရ အောင် က လည်း သူ့ ဆန် စား လို့ ရဲ ရတာ ။ နိုင်ငံတော် ဆီ က ကိုယ် က လစာ ယူ ထားတာ မို့လား ။ သူ တွေး လိုက်တယ် ။ ကျောင်းသားတွေ အပေါ် မှာ ထားရ မှာ က စေတနာ ၊ ဝါသနာ ၊ အနစ်နာ ၊ ဒီ နာ သုံးနာ ပဲ လား ။ တခြား တစ်ခု ခု တော့ ရှိဦးမယ် ထင်တယ် ။
ဘယ်ဘက် လက်ကောက်ဝတ် ကို သူ့ အကြည့် ရောက် သွားတော့ နာရီ လက်တံ က ရှစ်ဂဏန်း ။ ကျောင်း မှာက ခေါင်းလောင်း မရှိ ။ ကလိုင် မရှိ ။ ကျောင်းသား စုံ တဲ့ အချိန် က ကျောင်းတက်ချိန် ။ ကလေးတွေ က မနက် မိုး လင်း တာ နဲ့ မြက်ရိတ် ၊ နွားစာ စဉ်း ၊ နွားချေး ကျုံး ၊ ထမင်း ချက် ၊ ဟင်းရွက် ခူး ၊ ယာခင်း ထမင်းအုပ် ပို့ ၊ ပြီးတော့ မှ ကျောင်း လာကြရတာ ။ ဒါပေမဲ့ အံ့သြဖွယ် မြင်ကွင်း က သူ့ ကို မှင် တက်မိစေတယ် ။ ကျောင်းသူလေးတွေ က လင်ပန်းလေးတွေ ကိုယ် စီ ခေါင်း ပေါ် ရွက် လို့ ။ ရုံးခန်း ထဲ က ခုံတန်းရှည် ပေါ် မှာ လင်ပန်းတွေ က အစီအရီ နဲ့ ။ အကြော်စုံ ၊ မြေပဲဆံကြော် ၊ လက်ဖက်ချင်းသုပ် ၊ ထန်းလျက် ၊ နွားနို့ ၊ ရေနွေးကြမ်း စုံ နေတာပါပဲ ။ ကလေးတွေ ရဲ့ ပညာရေး အတွက် မိဘတွေ ရဲ့ စေတနာရင်းနှီးမြှုပ်နှံမှု ထင်ပါရဲ့ ။ ချစ်စရာ ရွာဓလေ့ လေ ။
ကျောင်း ဝတ်စုံ က စာမေးပွဲကြီး ဖြေချိန် မှ သူတို့ ကိုယ် ပေါ်ကပ် တာ ။ နေ့စဉ် ဝတ်နေကျ အဝတ်အစားတွေ သာ သူတို့ ရဲ့ ကျောင်းဝတ်စုံ ။ ဒီတော့ အရောင်စုံ ၊ အသွေးစုံ ပေါ့ ။ ရောင်စုံပန်းခင်း ရယ် လို့ စိတ်ကူး ယဉ်ချင်စရာ ။ သူ့ အင်္ကျီ ဖြူဖြူတွေ လည်း ကန်ရေ ရဲ့တန်ခိုး နဲ့ ဝါကြန့်ကြန့် အရောင် ပြောင်း သွား တယ် ။ သူ့ကျောင်း ဝတ်စုံတွေက သေတ္တာ ထဲ မှာ အနား ရ သွား တာပေါ့ ။ မြင်းမူမြို့ကို လစာ နဲ့ ကိုယ်တာ ဆန် သွား ထုတ်တဲ့ အချိန် ကျ မှ သူ့ ကိုယ် ပေါ် ပြန်ရောက် တော့တယ် ။ သူ ဝတ် နေကျ ဘလောက်အင်္ကျီ ရောင်စုံ နဲ့ ထဘီစိမ်းတွေ က ကျောင်းသားတွေ နဲ့ တစ်သား တည်း ဖြစ်လို့ ။
••••• ••••• •••••
သူငယ်တန်း ကို သူ စာ စ သင် ရပြီ ။ ကိုယ် က တစ်သက်လုံး မှာ အသင် ခံ ဘဝ နဲ့ နေလာ ရတာ ။ သူများ ကို ဗြုန်းစားကြီး စာ သင် ပေးရမယ် ဆိုတော့ ကလေး တွေ ရှေ့ မှာ ဆိုပေမယ့် မဝံ့မရဲ ပါ ပဲ ။ ဘော ( သင်ပုန်း ) ပေါ် မှာ မြေဖြူတောင့် နဲ့ စာ ရေး ရတာ က အခက်သား ။ တဖျောက်ဖျောက် နဲ့ ကျိုး ကုန်တာ ။ လက်မ ၊ လက်ညှိုး ၊ လက်ခလယ် ကြား မှာ မြေဖြူတောင့် ထိပ်လေး ကို လှည့်လှည့် ပြီး ရေး ရတယ် ဆိုတာ မှ မသိတာ ။ ကျောင်းသား သုံးဆယ် ကျော် ၊ နောက်ဆုံးတန်း ထိ ကြား အောင် အော်ဖို့ဆိုတာ လွယ်တာ မှတ်လို့ ။ သူ့ အသံ က လည်ချောင်း ထဲ က ကို ထွက် မလာဘူး ။ အဲဒီတော့ ကလေးတွေ ရဲ့အလယ် မှာ ရောက်သွား တာပေါ့ ။ အသံတွေ ပြာ လာတော့လည်း ကျောင်းသားတွေ ကို တစ်လှည့် စီ စာ အံခိုင်း လိုက်တာ ပိုလို့ အဆင် ပြေသေး ။ သူတို့ ပြီးတော့ သူ့ အလှည့် ။ ဒါက သူ ရဲ့သင်ကြားရေး နည်း စနစ် ။
“ ဟို ... နောက်ဆုံး ခုံတန်း ဘေး အစွန် က သမီး ဒီမှာ ဆရာမ စာ သင် နေတယ်လေ ... ဘာဖြစ်လို့ ဘေး ကို လှည့် နေရတာလဲ ... ဒီဘက် လှည့် ”
သူ့ အသံ မှာ ဒေါသသံ ပါ နေမှန်း သူ့ ကိုယ် သူ သတိ ထား လိုက်မိတယ် ။ ကြည့်ဦးလေ ။ သူ့ မျက်နှာ က ဘေး ကို ချက်ချင်း ပြန် လှည့်သွား ပြန်တယ် ။ တစ်ခါ မ က ၊ နှစ်ခါ မ က မို့ ၊ သူ စိတ် မထိန်း နိုင်တော့ ။ လက် ထဲ က အဝတ်ထုပ် က လေထဲ ပျံဝဲပြီး နံရံ ကို သွား ထိတယ် ။ ကလေးမ ခေါင်း ပေါ် မှာ မြေဖြူမှုန့် လေပွေ ဝေ့ သွားတယ် ။ ဒါကြောင့် ထင်ပါရဲ့ ၊ ဆရာကြီး က သူ့ ကို သံပြား အနား ကွပ် ထားတဲ့ ဘောဖျက် ကို ပေး မထားတာ ကိုး ။ ကလေးမ ဆီ ကို သူ လျှောက် သွားတယ် ။ ကလေးမ မျက်နှာ က မှုန်ကုပ်ကုပ် ။ ဘာမှ မဖြစ်တဲ့ ပုံ ။ တကယ့် “ ဂျစ်တူးမ ” ။ သူ ငယ်ငယ် က အတိုင်း ပါ လား ။ သူ အူတွေ ယား လာ ပြန်တယ် ။ ဒါပေမဲ့ သတိ ကို သတိ ထားဖို့ သူ သတိ ရ လိုက်တယ် ။ သူ့ လက် ကို ဆွဲခေါ် လာပြီး ရှေ့တည့်တည့် ခုံ မှာ အထိုင် ခိုင်း လိုက်တယ် ။ ကလေးမ ကို ကြည့် ရင်း သူ့ ရင် ထဲ မှာ တစ်ခု ခု ခံစားလာ မိ သလိုပါပဲ ။
••••• ••••• •••••
ကျောင်းသား က နှစ်ရာ မပြည့်ချင်ဘူး ။ ကျောင်းအုပ်ကြီး အပါအဝင် ဆရာ က နှစ်ယောက် ၊ ဆရာမ က သုံးယောက် ။ တစ်ခါတစ်ခါ အထွေထွေ လုပ်သား က အရေးပေါ် ဆရာ အဖြစ် လုပ်အား ပေး ရတယ် ။
စာသင်ခန်း က သွပ်မိုး ။ မျက်နှာကြက် မပါတာ မို့ ဆရာ တပည့် တွေ ချွေး တလုံးလုံး နဲ့ ။ ဒီတော့ ကျောင်းဝန်း ထဲ က မန်ကျည်းပင် ရိပ် ၊ ထနောင်းပင် ရိပ် တွေ အောက် မှာ ဆရာ တပည့် တွေ ကိုယ်စီ ကိုယ်စီ စာ သင်လို့ ။ ဆရာကြီး လက်ဆောင် ပေးထား တဲ့ ယပ်တောင် ကိုယ်စီ က တဖျပ်ဖျပ် နဲ့ ။
မနက်ပိုင်း ကျောင်းတက် ချိန် နောက် ကျပေမယ့် ညနေ ကျောင်းဆင်း ချိန် ကျ စော လွှတ် လိုက် ရ ပြန်ရော ။ နွားကျောင်း ၊ ဆိတ်ကျောင်း ၊ ယာခင်း သွား ၊ ရေခပ် ၊ ထမင်းချက် ။ ကိုယ် တတ် နိုင်သလောက် မိသားစု ကို ကူညီ ကြ ရ ရှာတယ် ။ ဒါပေမဲ့ ည ခြောက်နာရီ လောက် ဆို ကျောင်းသား အားလုံး ဖယောင်းတိုင်လေးတွေ ကိုယ်စီ ကိုင် လို့ ကျောင်း ပြန် ရောက် လာရော ။ လေး ငါးယောက် တစ်အုပ်စု ဖွဲ့ပြီး စာ ကျက်ကြ ၊ စာ ရေးကြ ၊ ဂဏန်းသင်္ချာ တွက်ကြ နဲ့ ကျောင်းလေး က အသက် ပြန် ဝင်လာတယ် ။ အုပ်စု အလယ် မှာ ဖယောင်းတိုင် က တစ်တိုင် တည်း လင်း လို့ ။ ကျန် ဖယောင်းတိုင်တွေ က မီးငြိမ်း ထား လို့ ။ တစ်တိုင် ကုန် မှ တစ်တိုင် လေ ။ သည် စာသင်ချိန် က အချိန်ပို လို့ခေါ် မလား ၊ ညကျောင်း လို့ ခေါ်မလား ။ ကျူရှင် မဟုတ် တာ တော့ သေချာတယ် ။ စေတနာ ဆို တာ ဒါပဲလား လို့ ။ ညကျောင်း ဆင်း ပြီ ဆို မှ ဖြင့် ဆရာဦးသိန်းနိုင် က သူငယ်တန်း က နေ နှစ်တန်း ထိ ကျောင်းသားတွေ ကို အိမ်တိုင် ရာရောက် လိုက် ပို့တယ် ။ သုံးတန်း ၊ လေးတန်း ကျောင်းသား ၊ ကျောင်းသူတွေ က တော့ ကျောင်း မှာ ပဲ အိပ် ကြတယ် ။ စာရေးခုံ တွေ ဟာ သူတို့ အတွက် ခုတင်တွေ ။ ကျောင်းသားကြီးတွေ က စာရေးခုံ ပေါ် က ဖယောင်းတွေ ကို ခဲတန် ချွန် တဲ့ ဓား နဲ့ လိုက် ခြစ် ကြတယ် ။ ရ လာတဲ့ ဖယောင်းတွေ ကို ရှည်မျောမျော လိပ် တယ် ။ အလယ် မှာ ကျစ်ပြီး သား ဝါချည် ကို ထည့် ထားတယ် ။ သူတို့ ပျော် သွားကြတယ် ။ ဖယောင်းတိုင် လုပ်နိုင် ပြီလေ ။ တစ်ရက်စာ ဖယောင်းတိုင် ချွေတာရေး နည်းလမ်း ပေါ့ ။
“ မင်းမင်း ... ဘာတွေ ဖျက် နေတာလဲ ... သား ရဲ့ ...”
“ မနက်ဖြန် ရေးဖို့ စာအုပ် အပို မရှိလို့ ရေးပြီးသား စာတွေ ပြန် ဖျက် နေ တာ ... တစ်အုပ်လုံး ပြီးဖို့ ... ဒီ တစ်မျက်နှာ ပဲ ကျန် တော့တာ ဆရာမ ရဲ့ သား က စာ အားလုံး ကို ခေါင်း ထဲ ထည့် ထားတာ ဆရာမ ၊ စာအုပ် မလိုဘူး ... သား က ... ဒီလိုပဲ ... အမြဲတမ်း ဖျက် ဖျက်ပြီး ... ပြန် သုံးတာ ... ”
သူ့ ရင် ထဲ မှာ ခေါင်းစဉ် မဲ့ ခံစားချက် တစ်ရပ် က ဖျတ်ခနဲ နေရာ ယူ သွားတယ် ။
••••• ••••• •••••
လ သာ တဲ့ ညများ မှာ ဆို ကျောင်းရှေ့ တလင်း ပြောင်ပြောင် မှာ ကလေးတွေ နဲ့ ဝိုင်းဖွဲ့ ပြီး ပြောင်းဖူး ပြုတ်ပြီး စားလား စားရဲ့ ။ ပဲစင်းငုံ ပြုတ်ပြီး စားလား စားရဲ့ ။ ပြောင်းဖူး သယ်လာ သူ နဲ့ ၊ ပဲစင်းငုံ သယ်လာ သူ နဲ့ ၊ ထင်း အတွက် သနပ်ခါး ကိုင်းဖျား ကိုင်းနား သယ် လာ သူ နဲ့ ၊ ပဲစင်းငုံရိုး သယ်လာ သူ နဲ့ ။ သူတို့လေးတွေ တက်ကြွနေ လိုက်တာ ။ အမေ့ ကို တောင် သူ သတိ မရတော့ဘူး ။ နောက်ပြီး ကစား မလား ၊ နား မလား ပေါ့ ။ ဖန်ခုန် ၊ ကြက်ဖခွပ် ၊ ရွှေစွန်ညို ၊ ပုဏ္ဏားတိုင် ၊ ဇယ်ခတ် ၊ ထုပ်ဆီးတိုး ၊ ကစားနည်း ကို စုံလို့ ။
“ ဆရာမ ... ဆရာမ ... မင်းမင်း လေ ... ကစား ရင်း နဲ့ ခိုက် မိတာ ... ခြေမ ကွဲ သွားတယ် ... သွေးတွေလည်း ထွက် လို့ ... ”
“ အို ... ဘယ်မှာလဲ ... ပြစမ်း ... ပြစမ်း ... ဟုတ်ပါရဲ့ .. သွေးတွေ ထွက် နေတာပဲ ... ”
သူ့ စိုးရိမ်သောက အမှတ် က ငယ်ထိပ် ရောက်ပြီ ။ ဒဏ်ရာ ကို ကြည့် ပြီး ခြေ မကိုင်မိ ၊ လက် မကိုင်မိ ဖြစ် နေပြီ ။ ကျောင်းသား တစ်ယောက် အမောတကော ယူ လာပေးတဲ့ ခြေမွပြီးသား သစ်ရွက်စိမ်းကို သူ ပြောတဲ့ အတိုင်း ဒဏ်ရာ ပေါ် ဖိ အုပ် လိုက်တယ် ။ မင်းမင်း ရဲ့ ရှုံ့မဲ့ နေတဲ့ မျက်နှာ ပေါ် မှာ လျှပ်စီး အပြုံး တစ်ချက် လက် သွားတယ် ။ သူ့ ရင် ထဲ မှာ ကလေးတွေ ကို ကြည့်ရင်း ဝေဒနာ တစ်ခု ဖြစ်တည် သွား တာ ကို သူ သတိ ထား လိုက် မိတယ် ။
••••• ••••• •••••
ရွာ က အိမ်ခြေ နှစ်ရာ ကျော်ကျော် ။ ရွာ ထဲ ဝင်ပြီ ဆိုမှ ဖြင့် မိဘတွေ က သူတို့ သားသမီးတွေ ရဲ့ ပညာရေး အခြေအနေ ကို မေးတတ် လွန်းလို့ ကလေး နဲ့ မိဘတွေ ကို တွဲပြီး မှတ်တတ်တဲ့ အကျင့် လည်း ရပြီ ။ ရွာ က အသပြာ ပါးလျား ပေမယ့် စေတနာ က မရှား ။ ဆရာ ၊ ဆရာမ တွေကို မိဘ တွေ က အလှည့် ကျ ထမင်း ဖိတ် ကျွေးတယ် ။ ရွာ ထမင်း ရွာ ဟင်း ထဲ မှာ ပဲဟင်း က တော့ ဇာတ်လိုက် ။ ထနောင်းဖူးသုပ် တို့ ၊ သမုန်းဖူးသုပ် တို့ က လွမ်း စရာ ။
ကလေးတွေ ရဲ့ ထမင်းချိုင့် ထဲ မှာ ပင်တိုင် ပါလေ့ ရှိတဲ့ စပ်ချဉ်ဟင်း လည်း ပါ တာပေါ့ ။ နာမည် နဲ့ လိုက်အောင် အလွန် စပ်တဲ့ အပြင် ချဉ် လိုက် တာ ကလည်း ကမ်းကုန်တယ် ။ တချို့ကလေးတွေ ဆို သည် ဟင်း တစ်မျိုး နဲ့ တင် ထမင်း တစ်နပ် ပြီး သွားကြတာ ။ ထမင်း ဆို လို့ ဆန် နဲ့ပြောင်းဆန် ရော ချက် ထားတဲ့ ထမင်း ။ တချို့ဆို ဆန် တောင် မရောနိုင် လို့ ပြောင်း နိုင်းချင်း နဲ့ ချက် တာ ။ ထမင်း က ကြာလေ မာလေ ။ သူ ကလေးတွေ နဲ့ အတူတူ အဲဒီ ထမင်း နဲ့ အဲဒီ စပ်ချဉ်ဟင်း ကို စား ကြည့် မိတယ် ။ လည်ချောင်း ထဲ မှာ နှစ်ခါ ပြန် နင် သွားတယ် ။ ထမင်း နင် တာ ထက် သူတို့လေး တွေ ရဲ့ ဘဝ ကို နင် တာ က ပို ဆိုးသလား လို့ ။
••••• ••••• •••••
ဒီ တစ်ခါ အတန်းတင် စာမေးပွဲကြီး ပြီး သွား ရင် သူ မဲနောရွာ ကို ခွဲခွာ ရ တော့မယ် ။ နောက် တစ် နေရာ မှာ ဆရာမ ဘဝ ကို မြတ်မြတ်နိုးနိုး ခင်တွယ် နေရဦး မှာ ။ လေးတန်း စာမေးပွဲ က တစ်တိုင် ပျော့ပျော့ လောက် ဝေး တဲ့ ‘ ရွှေယင်းမာ ’ အလယ်တန်ကျောင်း မှာ သွား ဖြေ ကြရတာ ။ ကျောင်းသား နှစ်ဆယ် နီးပါး နဲ့ ဆရာ တွေ ဖို့ နွားလှည်း တွေ စီစဉ်ပေးတယ် ။ တချို့ မိဘတွေ လည်း ပါ တာပေါ့ ။ ထမင်းချိုင့်တွေ ကိုယ်စီ နဲ့ ၊ ပျော်ဖို့ ကောင်း သလို ကျောင်းသားများ ကိုယ်စား ရင် ခုန်ဖို့ လည်း သိပ်ကောင်း ။ စ ထွက်မယ် ။ လူ စစ် လိုက် တော့ ရွာ အနောက်ပိုင်း မှာ နေတဲ့ “ ဂျစ်တူးမ ” ရောက် မလာဘူး ။ သူ့ စိတ် တွေ လှည်း နောက် မှာ ကျန်ခဲ့တယ် ။ ညနေ ပြန် ရောက်တော့ သူ ကိုယ်တိုင် သွား တွေ့တယ် ။ ကိုယ်တွေ ခြစ်ခြစ်တောက် ပူ နေတဲ့ အဘွား ဘေး မှာ နှုတ်ခမ်းပဲ့ ပန်းကန်လုံး ထဲ က ရေနွေး ကို မှုတ် ပေးနေတဲ့ “ ဂျစ်တူးမ ”က ခေါင်းလေး ငုံ့ လို့ ။ သူ ဆက် တွေး နေမိတယ် ။ ဒီ ရွာ က နေ မူလတန်း အောင်ပြီ ဆိုပါစို့ ။ အလယ်တန်း က နှစ်မိုင် အကွာ ၊ အထက်တန်း က ခုနစ်မိုင် အကွာ မှာ ။ သူတို့ အတွက် သွားရမယ့် ခရီး ၊ ကုန်ကျရမယ့် ကျောင်း စရိတ် ၊ ရင်း ရမယ့် အချိန်တွေ ဟာ မိဘတွေ ရဲ့ ရှိစု မဲ့စု အင်အားတွေ ကို ဟီးလေးခို နေကြမှာပေါ့ ။ သူတို့လေး တွေ ရဲ့ မူလတန်း ပညာ ဟာ ဘဝ ခရီးလမ်း ကို လျှောက်ဖို့ အတွက် ဖိနပ် တစ်ရန် လောက် အသုံး တည့် ရင် သိပ်ကောင်း မှာ ။
••••• ••••• •••••
သူ တစ်သက်လုံး မှတ်မိ နေဦးမှာပါ ။ တစ် မနက် မိုးလေး က တဖွဲဖွဲ ကျ လို့ ။ ခုလို မိုးလေး ရွာ ပြီ ဆိုမှ ဖြင့် စာသင်ခုံတွေ မှာ ကွက်လပ်လေး တွေ က နေရာ ယူ ကုန်တယ် ။ သူတို့ အတွက် ကျောင်းစာ ထက် ဝမ်းစာ က ပို အရေးကြီးတယ် မို့ လား ။ အနာဂတ် အရေး ထက် ပစ္စုပ္ပန် အရေး ကို လက်တွေ့ ကျ ကျ ဖြေရှင်း နေကြရတာလေ ။ ကွက်လပ်လေးတွေ ကို ကြည့်ရင်း သူ့ ရင်တွင်း မှာ လေ ၊ သူ့ ရင်တွင်း မှာ ။
“ ဆရာမ .. ဆရာမ ပန်ဖို့ ... ဧကရာဇ် ပန်းကုံး ... သမီး ကိုယ်တိုင် ဖွတ်မြီး ကျစ်ထားတာ ... ”
ပန်း ဖွေးဖွေးလေးတွေ ကို လက်ခုပ် နှစ်ဖက် နဲ့ ဖွဖွလေး စုံကိုင်ပြီး ၊ ရှေ့ မှာ စုံရပ် နေတဲ့ သူ့ ရင်ထဲ မှာ တိတ်တခိုးလေး နာမည် ပေး ထားတဲ့ “ ဂျစ်တူးမ ” စိုးစိုး လေ ။ အရောင် ဖျော့ နေတဲ့ သူ့ မျက်နှာ ပေါ် မှာ အရောင် လက် နေတဲ့ မျက်လုံး တစ်စုံ ကို တွေ့ လိုက်တယ် ။ သူ ပန်းကုံးလေး ကို စူးစူးစိုက်စိုက် ကြည့် လိုက်တယ် ။ ပြီး အားရပါးရ ရှူရှိုက် လိုက်တယ် ။ နောက် သူ့ ဆံထုံး ဘေး မှာ တစ်ကုံး ပေါ် တစ်ကုံး ဆင့် လိုက်တယ် ။ “ ဂျစ်တူးမ ” ရဲ့ နှုတ်ခမ်းလွှာ အောက် မှာ ဝါကြန့်ကြန့် ရှေ့သွား နှစ်ချောင်း ကို အထင်း သား မြင် လိုက်ရတယ် ။
“ ဆရာမ ... သမီး ... ယာခင်း ထဲ ဆင်းရ မှာ ... ဒီနေ့ ကျောင်း တက် နိုင်မှာ မဟုတ်တော့ဘူး ... ”
“ ဂျစ်တူးမ ” တစ်ယောက် အဝေး ကို ရောက် သွားပေမယ့် သူ့ နှလုံးသား မှ ထွက်ပေါ် လာ တဲ့ အသံလှိုင်း က ပဲ့တင်ရိုက်ခတ် လွင့်ပျံ့ နေဆဲ ။ ဆရာမ တစ်ဖြစ် လဲ သူ့ မေတ္တာတရား ဟာ ဧကရာဇ် ဝတ်ဆံ ထဲ မှာ သန္ဓေ တည် သွားခဲ့ပြီ ဆို တာ ကို သူ ကျေကျေနပ်နပ် ခံယူလိုက်ပါတယ် ။
••••• ••••• •••••
ဆရာ ဆို တာ စေတနာ ၊ ဝါသနာ ၊ အနစ်နာ ၊ နာ သုံး နာ အပြင် မေတ္တာ ပါ ပေါင်းစပ် မှ ဆရာ့ ဘဝ ပို လှ လာမယ် ဆိုတာ သူအတွေ့အကြုံ နဲ့ ရင်း ပြီး နားလည် လိုက်ပါပြီ ။ မေတ္တာ ဆိုတာ ကိုယ့် မှာ ရှိ နေမှ သူများ ကို ပေးလို့ ရ သလို ၊ ကိုယ် က လည်း ခံယူ ထိုက်တဲ့ အရည်အချင်း ရှိမှ သူ တစ်ပါး ရဲ့ မေတ္တာ ကို ရယူ နိုင်မှာပါ ။
“ မဲနောရွာ ” လေး ရဲ့ ဧကရာဇ် ဝတ်ဆံ မှာ သန္ဓေ တည်ခဲ့တဲ့ ဆရာမ လေ ။ သူ အငြိမ်းစား ယူတဲ့ အထိ ဧကရာဇ် ရနံ့တွေ ထာဝရ သင်းပျံ့လှိုင် စေ ဖို့ တာဝန် ကျရာ ဒေသတိုင်း မှာ ကျောင်းဆရာမ ဘဝ ကို မြတ်မြတ်နိုးနိုး ခင်တွယ် နေရဦးမှာ တော့ သေချာပါတယ် ။
◾မင်းအဂ္ဂ ( ဆင်တဲဝ )
📖 မြဝတီမဂ္ဂဇင်း ။
၂ဝ၁၉ ခုနှစ် ၊ မတ်လ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment