ဤသို့နှင့်ပင် ၎င်းတို့ စီးနင်း လာ သော ဘုရားဖူး ကား သည် ကျိုက်ထီးရိုး ၏ တောင်ခြေ ဖြစ်သော ကင်ပွန်းစခန်း သို့ ရောက် သွား လေတော့ ၏ ။ ခရီးသည်များ သည် ကား ပေါ် မှ ဆင်း၍ ကိုယ့် အုပ်စု နှင့် ကိုယ် ဆိုသလို တောင်ပေါ် သို့ တက် ကြလေ၏ ။ မြင့် သည် မောင်ဖေသော် နှင့် တက်၏ ။ ဤသို့နှင့် ပင် တရွေ့ရွေ့တက် လာကြရာ သစ်သားပေါင် တပ် ထား သော ရေတွင်းကလေး တစ်တွင်း ၏ အနီးသို့ ရောက်ရှိ သွားလေတော့၏ ။
ရေတွင်း ဆို သော်လည်း ကြိုး ဖြင့် ခပ်ရန် မလိုဘဲ အသာလေး ကိုယ် ကို ကုန်း ၍ ခပ် လျှင် ရနိုင်သော တွင်းမျိုး ဖြစ်၏ ။
မောင်ဖေသော် သည် မြင့် မျက်နှာ သစ်ရန် အတွက် လည်းကောင်း ၊ ခြေထောက် ဆေးရန် အတွက် လည်းကောင်း ခပ် ပေး၏ ။ မြင့် က လည်း .. “ အို အားနာစရာကြီး ” ဟု ဆို ကာ မောင်ဖေသော် ခပ်ပေး သမျှ ကို မျက်နှာ သစ်၏ ။ ခြေထောက် ဆေး ပစ်၏ ။ သောက် ၏ ။ မောင်ဖေသော် မှာ မူ ရေ လဲ ရန် ပုဆိုး အပို ပါ လာသဖြင့် ထို ရေတွင်းကလေး ၌ ရေ ချိုး လေတော့၏ ။ ရေချိုး အဝတ်အစား လဲ ပြီးသော အခါ၌ နှစ်ယောက်သား ထိုင် ကြလေ၏ ။ ထိုသို့ ထိုင်သည့် အခါ၌ မောင်ဖေသော် က ...
“ မေးပါရစေဦး မြင့် ရယ် ၊ တခြား အဖော်တွေ နဲ့ မတက်ဘဲ ကျုပ် နဲ့ ဘာလို့ လိုက် တက် တာလဲ ”
ဟု မေး လျှင် မြင့် က ..
“ မြင့် မှာ အဖော် မပါဘူး ။ တစ်ယောက် တည်း လည်း မတက်ဝံ့ဘူး ။ တောလမ်း ထဲ မှာ မတော်တရော် လူ နဲ့တွေ့ ရင် ဘယ့်နှယ် လုပ်မလဲ ကိုဖေသော် ရဲ့ ”
ဟု ပြောရာ မောင်ဖေသော် က ..
“ အဲသလို မတော်တရော် လုပ်မယ့် အထဲ မှာ ကျုပ် တစ်ယောက် ကော မပါနိုင် ဘူး လား ဗျာ ”
ဟု ပြော လိုက်လျှင် မြင့် က တခစ်ခစ် ရယ်လေ၏ ။ ထိုသို့ ရယ် ပြီး နောက် ..
“ ကျွန်မ ရှင့် မျက်လုံး ကို သေချာ ကြည့် ပြီး ပါပြီ ။ ရှင် ဟာ ဒီလိုလူ မျိုး မဟုတ်ပါဘူး ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ..
“ မင်းတို့ မိန်းကလေးတွေ က သိပ် ခက်တာပဲ ။ အရမ်း ယုံ လွယ် တာပဲ ။ ကျုပ် က ထင် သလို လူကောင်း မဟုတ်ဘူးဗျ ”
ဟု ပြော ရင်း မျက်နှာ သုတ်ရန် အတွက် အိတ် ထဲ မှ မျက်နှာသုတ် ပဝါ ကို ဆွဲထုတ် လိုက်ရာ အိတ် ထဲ မှာ တစ်စုံတစ်ရာ သည် မျက်နှာသုတ် ပဝါ နှင့် ရော၍ ပါ လာကာ မြေပေါ် သို့ ဘုတ်ခနဲ ထွက်ကျ သွားလေတော့ ၏ ။ မြင့် သည် ထို ထွက်ကျ သွား သော အရာ ကို လှမ်း၍ ကြည့် လိုက်၏ ။
“ အမလေး ဒီမှာ ကြည့်စမ်းပါဦး ။ ဒီ ပစ္စည်းကြီး နဲ့ လူ က များ မတော် တရော် လုပ်မတဲ့လား ရှင် ”
ဟု ဆို ကာ ခွက်ထိုးခွက်လန် ရယ် လေ၏ ။ မောင်ဖေသော် လည်း သူ ၏ အိတ် အတွင်း မှ ပြုတ်ကျ သွားသော သူ ၏ ပစ္စည်း ကို ကြည့် လိုက် ရာ စိပ်ဖန် များ ၍ ပြောင်လက် နေသော ( ၁၀၈ ) လုံး ပုတီး ကို တွေ့ ရ သဖြင့် ကပျာကယာ ကုန်း ၍ ကောက် လိုက် ပြီးလျှင် လက် နှစ်ဖက် ဖြင့် ပွတ် လိုက်လေ၏ ။
ထိုအခါ မြင့် က ..
“ အိပ်မက် ထဲ မှာ ပုဂ္ဂိုလ်ထူး နဲ့ တွေ့ ရမယ် ဆိုတာ ကိုဖေသော် များ ဖြစ်နေမလား မဆိုတတ်ဘူး ။ လက်စသတ်တော့ ကိုဖေသော် က အသက် ငယ်ငယ်ကလေး နဲ့ ပုတီးသမား ဖြစ် နေတာကိုး ”
ဟု ပြော လိုက်လေတော့၏ ။
ထို့နောက် ၎င်းတို့ နှစ်ဦး သည် စကား တပြောပြော နှင့် ကျိုက်ထီးရိုး ကို တက် ကြ လေတော့၏ ။ မြင့် မောလိမ့်မည် ဟု ထင်သော နေရာများ တွင် မောင်ဖေသော် က ..
“ မြင့် မော နေဦးမယ် ။ နား လိုက်ပါဦး ”
ဟု ပြော လေ၏ ။ ထို့နောက် နှစ်ဦးသား ထိုင်၍ နားကြလေ၏ ။ နားသော အခါ များ ၌လည်း မောင်ဖေသော် က မြင့် အား ယပ်ခတ် ပေး လေ၏ ။ ထိုအခါ မြင့် က ...
“ နေပါစေ ကိုဖေသော် ရယ် ၊ နှစ်ယောက် အတူ မောတာ ကိုဖေသော် က ချည်း ယပ်ခတ် ပေး နေရတယ် ဆိုတော့ မတရားပါဘူး ။ မြင့် လေ သိပ် အားနာတာပဲ ဟိ ဟိ ”
ပြော လေ၏ ။
“ အားမနာပါနဲ့ မြင့် ရယ် ။ မြင့် တို့ မိန်းမသား က အားနွဲ့သူ မို့လား ။ ကိုဖေသော် တို့ က ညှာ ရမှာပေါ့ ။ ကိုဖေသော် ပြောတာ မှန်တယ် မို့လား ဟာ ဟ ”
ဟု မောင်ဖေသော် က ပြော လိုက်ရာ မြင့် က ..
“ ကိုဖေသော် က သိပ် ကို အလိုက် သိ တာပဲ ။ မြင့် က တော့ မယုံဘူး ။ မိန်းမ ဘယ်နှစ်ယောက် နဲ့ များ တွေ့ ပြီးပြီလဲ မသိဘူး ။ မိန်းမတွေ ရဲ့ အကြိုက် ကို သိလိုက်တာ လွန် နေတာပဲ ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ..
“ မြင့် ဘုရားစူးရစေရဲ့ ။ စုစုပေါင်း မှာ ဒီ တစ်ယောက် တည်း ပါ ”
ဟု ကျိန် လိုက်လျှင် မြင့် က ..
“ ကိုဖေသော် ကျိန်တာလည်း ဘုရားစူး လို့ ကျိန်ရင် တစ်မျိုး ပေါ့ ။ အခုတော့ မြင့် ဘုရားစူးရစေ ရဲ့ ဆိုတော့ ကိုဖေသော် ဘုရားစူး မှာ မှ မဟုတ်ဘဲ ။ မြင့် စူး မှာပေါ့ ”
ဟု ပြော လေ၏ ။ ထိုအခါ မောင်ဖေသော် က ..
“ မြင့် က တော်တော် အကင်း ပါး တယ်နော် ”
ဟု ပြော လိုက်ရာ မြင့် က ..
“ မြင့် တို့ ရပ်ကွက် က လူတွေ က လူရိုးတွေ ချည်းပဲ ။ အဲဒီထဲ မှာ မြင့် တို့ အိမ် က အ , အ ဆုံး ၊ အဲဒီထဲ မှာ မြင့် က ပိုပြီး အ , သေးတယ် ”
ဟု ပြန်၍ ပြောလေ၏ ။ ထိုအခါ မောင်ဖေသော် က ..
“ မြင့် တို့ ရပ်ကွက် ဆိုတာ ကျောက်မြောင်း ကို ပြော တာလား ”
ဟု ပြန်၍ မေး လိုက်လျှင် မြင့် က တခစ်ခစ် ရယ်လေ၏ ။ ဤသို့နှင့် ပင် ကျိုက်ထီးရိုး ရင်ပြင်တော် ဆီ သို့ ရောက် သွားကြလေတော့၏ ။ ထို့ နောက် နှစ်ယောက်သား ဘုရား အတူ ဖူး၏ ။ ထိုသို့ ဘုရား ဖူးပြီး နောက် မောင်ဖေသော် က ..
“ မြင့် ရေ စိတ် တော့ မဆိုး နဲ့ နော် ။ ယောက်ျား နဲ့ မိန်းမ ဘယ်လောက် ခြား သလဲ ဆိုတာ အခု ပြမယ် ။ ကိုဖေသော် ဟောဒီ တံတားလေး က ဖြတ်ပြီး ကျိုက်ထီးရိုးစေတီ ဘက် ကို သွား ဖူးမယ် ။ မြင့် က တော့ လိုက် လို့ မရတော့ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ဘက် ကို မိန်းမ တွေ လိုက်လို့ မရဘူးလေ ။ မိန်းမတွေ ဆိုတဲ့ နေရာမှာ ရိုးရိုး မိန်းမ မပြောနဲ့ ။ ဘုရင်မ တောင် ဟိုဘက် ကို ကူးလို့ မရဘူး ”
ဟု ဆိုကာ မောင်ဖေသော် သည် မြင့် ကို ပြောင် ပြ၍ ကျိုက်ထီးရိုး စေတီ ဘက် သို့ တံတားလေး မှ တစ်ဆင့် ကူး သွား လေတော့၏ ။ မြင့် သည် မောင်ဖေသော် ၏ အပြုအမူ ကို ကြည့်ကာ တခစ်ခစ် ရယ် နေ လေ၏ ။ ထို့နောက် မှ ..
“ မြင့် အတွက် လည်း ပိုပြီး ဆုတောင်းခဲ့ နော် ”
ဟု မှာ ရှာ၏ ။ မောင်ဖေသော် က လည်း ..
“ စိတ်ချ မြင့် ၊ စိတ်ချ ။ မြင့် တစ်ယောက် လင်ကောင်း သားကောင်း ရဖို့ ဆုတောင်း ခဲ့ ပါမယ် ”
ဟု ပြော ကာ ကျိုက်ထီးရိုး စေတီတော် ကျောက်လုံးကြီး ကို လက် နှစ်ဖက် ဖြင့် ကိုင် ကာ ဆုတောင်း လေတော့၏ ။ ပြီးလျှင် တစ်ဖက် သို့ ပြန် လာ ကာ ..
“ ကဲ ဆုတောင်းခဲ့ပြီ မြင့် ရေ ။ သွားကြဦးစို့ ”
ဟု ဆို ကာ နှစ်ယောက်သား လျှောက်၍ သွားကြ၏ ။ ထမင်းဆိုင် တွင် ထမင်း အတူ စားကြ၏ ။ ရင်ပြင်တော် ပေါ် တွင် ပင် အိပ် ကြရ၏ ။ ညပိုင်း သို့ ရောက်သော အခါ တွင် လည်း မောင်ဖေသော် သည် ရင်ပြင်တော် တွင် ပင် ပုတီး စိပ်၏ ။ မြင့် က နောက် မှ နေ၍ မှက် ၊ ခြင် ၊ ယင် မသန်းရအောင် ယပ်ခတ် ပေး၏ ။ ထို့နောက် ညဉ့် နက်သည် အထိ နှစ်ယောက်သား စကား ပြောနေ ကြ၏ ။ လွန်စွာ အေးချမ်းသော အချိန် သို့ရောက်သော အခါ၌ မောင်ဖေသော် က သူ ၏ ဗလေဇာ ကုတ်အင်္ကျီကြီး ကို ချွတ် ၍ မြင့် အား ခြုံ ပေး လိုက်၏ ။
ထိုအခါ မြင့် က ..
“ အို မဟုတ်တာဘဲ ။ မြင့် က နွေး ပြီး ကိုဖေသော် က အရမ်းကြီး အေး နေမှာပေါ့ ။ မြင့် မခြုံရက်ပါဘူး ”
ဟု ပြောရာ မောင်ဖေသော် က
“ မြင့် လည်း နွေး ၊ ကိုဖေသော် လည်း မအေး ရ အောင် နည်း တစ်နည်း တော့ ရှိတယ် ”
ဟု ဆိုကာ မောင်ဖေသော် သည် မြင့် ကို ခြုံပေးထားသော ကုတ်အင်္ကျီ ကို မြင့် ထံ မှ ပြန် ယူ ပြီးလျှင် ဝတ် လိုက်လေ၏ ။ ထိုသို့ ယူ လိုက်ပြီး နောက် ..
“ ဟောဒီလို ”
ဟု ဆိုကာ မြင့် အား သိုင်း ၍ ဖက် ထားလိုက်လေ၏ ။ ထိုအခါ မြင့် က ...
“ အို ဘယ်လို လုပ်တာလဲ ကိုဖေသော် ။ လွှတ်ပါ ၊ လွှတ်ပါ ”
ဟု ပြော လေ၏ ။ ထိုအခါ မောင်ဖေသော် က ..
“ ကိုဖေသော် က လွှတ် စေချင် ရင် မြင့် က ကိုဖေသော် အင်္ကျီ ကို ဝတ် ရမယ် ။ အဲဒီလို မဝတ်ဘူး ဆိုရင် တော့ ဒီ နည်း ဟာ အကောင်းဆုံး ပဲ ”
ဟု ပြောရာ မြင့် က ..
“ လွှတ်ပါ ၊ လွှတ်ပါ ”
ဟု ပါးစပ် မှ တတွတ်တွတ် ပြော နေသော်လည်း အမှန်စင်စစ် အား ဖြင့် ရုန်းကန်ခြင်း မပြုတော့ပေ ။ ထိုအခါ မောင်ဖေသော် က
“ မြင့် က ကိုဖေသော် ကို မချစ်ဘူးလား ။ ကိုဖေသော် က မြင့် ကို ချစ် ပါတယ် ”
ဟု ပြော လျှင် ..
“ မဟုတ်တာဘဲ ကိုဖေသော် ရယ် ။ မြင့် နဲ့ ကိုဖေသော် နဲ့ ဒီ နေ့ မှ တွေ့ကြတာ ။ ဒီနေ့ပဲ ချစ်ရမယ် ဆိုတော့ ခုတွေ့ ခုကြိုက် ဆိုပြီး ကိုဖေသော် က ပဲ မြင့် ကို အထင် သေး မှာ ပေါ့ ”
ဟု ပြော ရှာလေ၏ ။ ထိုအခါ မောင်ဖေသော် က ..
“ လူချင်း ခု မှ တွေ့ပေမယ့် ဘယ် ဘဝ ကတည်း က ဆုပန် လာ တဲ့ ရေစက်တွေ လည်း မှ မသိဘဲ မြင့် ရယ် ”
ဟု ပြော လိုက်လျှင် မြင့် က ..
“ ဒါတော့ မြင့် လည်း မပြောတတ်ဘူး ။ မြင့် ကို အထင် မသေးရဘူး နော် ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က
“ ကျိန် ဆို ရင် ကျိန်ပါ့မယ် မြင့် ရယ် ။ ကိုဖေသော် မြင့် ကို တကယ် ချစ် တာပါ ။ အထင် လည်း မသေးပါဘူး ။ ဒီ စကား က အမှန်ပါ ။ မမှန်မကန် ပြောခဲ့ရင် ကျိုက်ထီးရိုးဘုရား ရော ၊ ရွှေတိဂုံဘုရား ပါ စူး ရပါစေ ရဲ့ ”
ဟု ပြော လိုက်ရာ မြင့် က ..
“ အို ကိုဖေသော် က လည်း ကျိုက်ထီးရိုး ဆို တော် ရောပေါ့ ။ ဘာလို့ ရွှေတိဂုံ ပါ ထည့် ရမှာလဲ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..
“ ဒီ လို မြင့် ရဲ့ ၊ ကျိုက်ထီးရိုး ဆို တာ က တနင်္လာ ရယ် ၊ စနေ ရယ် ၊ ဗုဒ္ဓဟူး ရယ် လေ ။ ရွှေတိဂုံ ဆို တာ က ဗုဒ္ဓဟူးရယ် ၊ စနေရယ် ၊ တနင်္လာ ရယ်လေ ။ မြင့် နားလည် အောင် အရပ် စကား နဲ့ ပြော ရ ရင်တော့ ပြောင်းပြန် ပေါ့ ။ လောကီပညာ စကား နဲ့ ပြော ရ ရင်တော့ ကက်ကင်း လို့ ခေါ်တယ် မြင့် ရဲ့ ။ အဲဒါကြောင့် မြင့် ယုံ အောင် နှစ်ဆူလုံး နဲ့ ကျိန် ပြလိုက်တာ ”
ဟု ပြော လိုက်လျှင် မြင့် က ..
“ ကိုဖေသော် က သိပ် စကား တတ်တာပဲ ”
ဟု ပြန် ၍ ပြော လေ၏ ။
“ ကိုဖေသော် တို့ ရပ်ကွက် က ကိုဖေသော် တို့ မြို့ မှာ စကား ပြော အညံ့ ဆုံး ၊ အဲဒီ ထဲ မှာ ကိုဖေသော် တို့ အိမ် က ပိုပြီး ညံ့သေးတယ် ။ အဲဒီထဲ မှာ မှ ကိုဖေသော် က ထပ်ပြီး ညံ့တာ ”
ဟု မောင်ဖေသော် က ပြော လိုက်လျှင် မြင့် က တခစ်ခစ် ရယ် လိုက် လေ၏ ။ မောင်ဖေသော် သည် မြင့် အား နွေးစေရန် အတွက် ထွေးပိုက် ထား လေ၏ ။ ထို့နောက် သူ ၏ လက် တစ်ဖက် ဖြင့် မြင့် ၏ နဖူး ပေါ် တွင် ဖွာရရာ ကျဲ ၍ ကျ နေသော ဆံစလေးများ ကို အသာအယာ သပ် ၍ တင် ပေးနေ၏ ။ ကြောင်မလေး တစ်ကောင် အား သူ ၏ သခင်က ခေါင်း ကို လက် ဖြင့် သပ် ပေးသော အခါ ငြိမ်၍ ခံ နေ သကဲ့ သို့ မောင်ဖေသော် က မြင့် ၏ နဖူး မှ ဆံစကလေးများ အား လက်ဖြင့် အသာအယာ သပ် တင် ပေး နေသော အခါ မြင့် သည် မျက်စိကလေး မှိတ်ကာ ငြိမ် ၍ ခံ နေလေ၏ ။ ထိုအခါ ၌ မောင်ဖေသော် က မြင့် ၏နား အနီး သို့ သူ ၏ ပါးစပ် ကို တေ့ ကာ အသံ ထွက် သည် ဆိုရုံကလေး ဖြင့် ..
“ မြင့် ကို သိပ် ချစ်တယ် ။ မြင့် က ကော ကိုဖေသော့် ကို ချစ် ရဲ့လား ”
ဟု မေး လိုက်ရာ မြင့် က ..
“ လူ တစ်ယောက် လုံး လည်း ရင်ခွင် ထဲ ရောက်နေပါပြီ ကိုဖေသော် ရယ် ။ မေး ဖို့ လိုသေးလား ”
ဟု ပြန် ၍ ဖြေ လိုက်လျှင် မောင်ဖေသော် က ..
“ ရင်ခွင် ထဲ ရောက်တာ မရောက်တာ အကြောင်း မဟုတ်ပါဘူး ။ ပါးစပ် က ချစ်တယ် လို့ ပြော တဲ့ အသံ ကို နားထောင် ချင် လို့ပါ ။ အဲဒီ အသံ ဟာ ကိုဖေသော့် အတွက် တော့ အလွန် ကျက်သရေ မင်္ဂလာ ရှိ တဲ့ အသံ ဖြစ် မှာပဲ ”
ပြော လိုက်လျှင် မြင့် က တိုးတိုးညင်ညင်အသံကလေး ဖြင့် ..
“ ချစ်ပါတယ် ”
ဟု ဖြေ လိုက်လျှင် မောင်ဖေသော် က မြင့် ၏ နဖူးကလေး ကို နမ်း ရှုံ့ လိုက်လေ၏ ။
“ အို .. ကိုဖေသော် ရယ် ။ မလုပ်ကောင်း လုပ်ကောင်း ။ ဒီလို နေရာ မျိုး မှာ အဲဒီလို မလုပ်ရဘူး ။ လေကြီးမိုးကြီး ကျ တတ်တယ် ”
ဟု ပြော လိုက်လျှင် ...
“ ဘယ်နေရာ ကို ပြော တာလဲ မြင့် ရယ် ”
ဟု မောင်ဖေသော် က မေး လိုက်ရာ မြင့် က ..
“ ဟိုး .. ကင်ပွန်းစခန်း က နေ အစ ၊ ဒီနေရာ အဆုံး ဘယ်နေရာ မှာ မှ ဘာမှ မလုပ်ရဘူး ။ လေကြီးမိုးကြီး ကျ တတ်တယ် ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ..
“ ဟုတ်နိုင်ပါ့မလား မြင့် ရယ် ။ ဒီ တောင်ပေါ် တော့ ထား ပါတော့ ။ ကင်ပွန်းစခန်း က စပြီး ပြောမယ် ဆိုရင် စဉ်းစားစရာပဲ ။ တချို့ဆိုင် တွေ ဆိုရင် တစ်နှစ်လုံး ဖွင့် ထားကြတာ ။ မိုး ကျ မှ ပြန် ကြတာ အဲဒီ ဆိုင်တွေ မှာ ကလေးတွေ လည်း တွေ့ တယ် ”
ဟု ပြော လိုက်လျှင် မြင့် က ..
“ လုပ်ပြီ ။ မြင့် က အကောင်း ပြော တာ ကို ကိုဖေသော် က လျှောက် ပြီး ကတ်သီးကတ်သတ် ပြော နေတယ် ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် သည် မြင့် ၏ ပခုံးကလေး ကို လက်ဝါး ဖြင့် တဘုတ်ဘုတ် ပုတ် လိုက်ရင်း ကလေး ချော့ သကဲ့သို့ ချော့ လေ၏ ။
ထို့နောက် ၎င်းတို့ နှစ်ဦး သည် စောင် တစ်ထည် ကို ထုတ် ၍ အတူ တကွ ခြုံ ကြပြီးလျှင် မှေးစက် ကြလေ၏ ။ မောင်ဖေသော် သည် စည်းကမ်း ရှိသော ယောက်ျား ဖြစ်ရာ မြင့် နှင့် အတူ မှေးစက်ခဲ့သော်လည်း မလိုလား အပ်သော အပြုအမူများ ကို လုံးဝ ရှောင်ကြဉ်ခဲ့လေ၏ ။
နံနက် အရုဏ်တက် ခါနီး ၌ နှစ်ယောက် စလုံး ထကြ ပြီးလျှင် ရေ ထမ်းသမား ထံ မှ ရေ ဝယ်၍ မျက်နှာ သစ် ကြ၏ ။ ထို့နောက် အရုဏ်ဆွမ်း ကပ် ကာ ဆုတောင်း ကြ၏ ။ ထို့နောက် တစ်ဦး ကို တစ်ဦး ဖက်ကာ ကျိုက်ထီးရိုး ရင်ပြင်တော် ပေါ် မှ တရွေ့ရွေ့ဆင်း လာ ကြလေတော့၏ ။
မောင်ဖေသော် နှင့် မြင့် တို့ သည် ရေမြောင်ကြီးစခန်း သို့ ရောက် သော အခါ၌ ရေ ချိုး ကြလေ၏ ။ ပြီးလျှင် ဆက်၍ ဆင်း လာခဲ့ရာ ကင်ပွန်း စခန်း သို့ ရောက်ကြလေ၏ ။ ကင်ပွန်းစခန်း သို့ ရောက်သော အခါ၌ ကြေးကုန် ၊ သံကုန် ရောင်းသော ဆိုင် သို့ မြင့် က ဝင် သဖြင့် မောင်ဖေသော် လည်း လိုက်၍ ဝင် ရလေ၏ ။
မြင့် သည် ထို ဆိုင် တွင် ရှိသော ဓားအိမ် ပါ သည့် ရှမ်းဓားမြှောင် တစ်လက် ကို ဝယ် လိုက်လေ၏ ။ မောင်ဖေသော် သည် မြင့် လက် တွင်း မှ ဓားမြှောင် ကို ဆွဲယူ ပြီးလျှင် အသွား ကို လက် ဖြင့် တိုင်း ကြည့်၏ ။
“ မြင့် ဒီ ဓားမြှောင် က အသွား ခြောက်လက်မ ရှိတယ်နော် ။ လမ်း မှာ အလွတ် ကိုင်ခွင့် မရှိဘူး ။ ဥပဒေ နဲ့ ငြိစွန်းတယ် ။ ဘာဖြစ်လို့ ဒါ ကို ဝယ် ရတာလဲ မြင့် ရယ် ”
ဟု မောင်ဖေသော် က အထိတ်တလန့် မေး လိုက် လေ၏ ။
“ ဒီလို ကိုဖေသော် ရဲ့ ၊ မြင့် မှာ က ညီအစ်ကို မောင်နှမ လည်း မရှိဘူး ။ အမေ လည်း မရှိဘူး ။ အဖေ နဲ့ နေရတာ ။ အဖေ က မြူနီစပယ် ကျောင်း က ကျောင်းအုပ်ဆရာကြီး ၊ အဖေ ကျောင်း ကို သွား ရင် မြင့် တစ်ယောက် တည်း နေရတာ တချို့ က အဲဒီ အချက် ကို သိတော့ မြင့် ကို စော်ကား ချင်ကြတယ် ။ ဒါကြောင့် ဒီ ဓားမြှောင် ကို ဝယ် လိုက် တာ ။ ယီးတီးယားတား လာ လုပ် ရင်တော့ ဓားမြှောင်စာ တွေ့ သွား မယ် ”
ဟု မြင့် က ပြော လိုက်လေ၏ ။
ထို့နောက် ၎င်းတို့ သည် ထို ဆိုင် အတွင်း မှ ထွက် လာကြ၏ ။ မောင်ဖေသော် သည် ကလေး ကစား သော ဝါး ဖြင့် ပြုလုပ်ထားသည့် မြွေရုပ် များ ၊ မိကျောင်းရုပ်များ ၊ ဝါးလက်ခုပ်များ ၊ ပုတီးများ ကို ဝယ် ၍ မြင့် အား ပေး၏ ။ ပုတီးများ ကို မူ ကိုယ်တိုင် မြင့် ၏ လည်ပင်း ၌ ဆွဲ ပေး လိုက်၏ ။ ထို့နောက် ဝါးဖတ် ဖြင့် ပြုလုပ်ထားသော ခမောက် တစ်လုံး ကို ဝယ်၍ လည်း မြင့် ၏ ခေါင်း ၌ ဆောင်း ပေး လိုက်၏ ။
“ မြင့် ကို အရုပ် ကျ နေတာပဲ ။ အကုန်လုံး ဝယ်ပြီး မြင့် ကို လျှောက် ဆင် ပေးနေတာပဲ ”
ဟု မြင့် က ပြော လိုက်လေ၏ ။
“ မြင့် ကို ပြောရဦးမယ် ။ ကိုဖေသော်ကြီး .. ကိုဖေသော်ကြီး နဲ့ နှုတ် ကျိုး သွားဦးမယ် ။ မောင် လို့ ခေါ်ရမယ် နော် ”
ဟု မောင်ဖေသော် က ပြော၏ ။
“ အို ရှက်စရာကြီး မခေါ်ရဲပါဘူး မောင် ရယ် ”
ဟု မြင့် က ပြန် ၍ ပြော လျှင် မောင်ဖေသော် က ..
“ မြင့် က နောက်တီးနောက်တောက် လုပ် တတ်တယ် ။ မောင် က သိပ် ချစ်တယ် ။ ချစ်တော့ လည်း အခိုင်း ခံ ရပေဦးမပေါ့ ။ မြင့် နဲ့ မောင် နဲ့ ညား ရင်တော့ မြင့် ခိုင်းသမျှ မောင် က ကုန်းရုန်း လုပ် ရတော့မှာပဲ ”
ဟု ပြန် ၍ ပြောလိုက်လျှင် မြင့် က ..
“ အမလေး ... အမလေး ဘယ်သူ က များ ယူမယ် လို့ ပြောသေး လို့တုံး ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ..
“ မြင့် က သာ ယူမယ်လို့ မဆုံးဖြတ်ရသေးတာ ။ မောင် က တော့ စိတ်ကူး ထဲ မှာ မြင့် နဲ့ အိမ်ထောင် ကျပြီး ကလေး တောင် ရနေပြီ ။ အကြီးကောင်လေး တောင် ရှင်ပြု လို့ ရှင်လောင်း လှည့်နေပြီ ။ အငယ်မလေး ကို လည်း အဲဒီ ရှင်ပြုပွဲ မှာ နားသ တစ်ခါတည်း လုပ် နေပြီ ”
ဟု ပြော လိုက်လျှင် မြင့် သည် တခစ်ခစ် ရယ်လေ၏ ။
ထို့နောက် ၎င်းတို့ နှစ်ဦး သည် လက်ဖက်ရည်ဆိုင် သို့ ဝင်ကာ လက်ဖက်ရည် မှာ ၍ သောက်ကြ၏ ။ ပြီးလျှင် ဘုရားဖူး မော်တော်ကားကြီး ဆီ သို့ သွား ထိုင်နေကြလေ၏ ။
“ နေစမ်းပါဦး မြင့် ရယ် ။ မောင့် ယောက္ခမကြီး နာမည် က ဘယ်သူ တဲ့ တုံး ”
ဟု မောင်ဖေသော် က မေး လိုက် လျှင် မြင့် က ..
“ အမလေး .. အမလေး ပိုင်စိုးပိုင်နင်း ၊ ယောက္ခမကြီး တဲ့ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က
“ အခု မတော်ရသေး လည်း နောက်တော့ တော် ရ မှာ ပဲ ဟာ ။ အခု ကတည်း က ကြို ခေါ်ထား ရတာပေါ့ ”
ဟု ပြော လိုက်ရာ မြင့် က ..
“ ယောက္ခမကြီး နာမည် က ဦးချစ် လို့ ခေါ်တယ် ။ ဒါပေမယ့် ရပ်ကွက် တစ်ခု လုံး က ဆရာချစ် လို့ ပဲ ခေါ်ကြတယ် ”
ဟု ပြန်၍ ပြော လိုက်လေ၏ ။
နေ့လယ် ( ၁၂ ) နာရီ ထိုး လောက် တွင် ဘုရားဖူး ခရီးသည်များ စုံပြီ ဖြစ် သဖြင့် ဘုရားဖူး မော်တော်ကားကြီး သည် ကျိုက်ထီးရိုး မှ ရန်ကုန် ဘက် ဆီ သို့ ပြန်၍ မောင်း လာခဲ့လေတော့၏ ။
ထို မော်တော်ကားကြီး သည် ရန်ကုန် ရောက်သော အခါ၌ ဗျိုင်းရေအိုးစင် ရှိ မော်တော်ကား ပိုင်ရှင် ၏ အိမ် ရှေ့ ၌ သွား၍ ရပ် လေ၏ ။ မော်တော်ကား ပိုင်ရှင် သည် ခရီးသည်များ အား ..
“ ဘယ်လိုလဲ ဗျာ ပျော်ခဲ့ကြရဲ့လား ”
ဟု မေး လေ၏ ။ ထိုအခါ မောင်ဖေသော် က ..
“ ပျော်ပါတယ်ဗျာ ၊ ပျော်ပါတယ် ။ အတော့် ကို ပျော်ပါတယ် ”
ဟု အာသွက်လျှာသွက် နှင့်ဖြေ လိုက်ရာ ကားစပယ်ယာ က ..
“ ပျော်ရမှာပေါ့ ကိုယ့် လူ ရာ ၊ ပျော်ရမှာပေါ့ ။ ဟီး .... ဟီး ”
ဟု ရယ် လိုက်သဖြင့် ခရီးသည်များ အားလုံး ဝါးခနဲ ဝိုင်း ၍ ရယ် လိုက်ကြလေ၏ ။ ထို့ကြောင့် မြင့် သည် ရှက်သွေးများ ဖြာပြီး မျက်နှာ တစ်ခုလုံး နီမြန်း သွားလေ၏ ။ မောင်ဖေသော် သည် မြင့် ရှက်သွားသော အဖြစ် ကို ရိပ်စားမိ သဖြင့် ..
“ လာ .. မြင့် သွားမယ် ”
ဟု ဆိုကာ ဆိုက်ကား တစ်စီး ငှား၍ မြင့် နေထိုင်ရာ အိမ် အထိ လိုက် ၍ ပို့လေ၏ ။ မြင့် က ..
“ လာလေ မောင် ၊ အိမ်ပေါ် တက်ဦး လေ ။ ကော်ဖီ လေး ၊ ဘာ လေး သောက် သွားဦးလေ ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ..
“ တော်ကြာ ဆရာချစ်ကြီး ပြန် လာတာ နဲ့ တိုး လို့ ပြေးပေါက် မှား နေပါဦးမယ် ”
ဟု ပြော လိုက်ရာ မြင့် က ..
“ ယောက္ခမကြီး ဆို ဘာ ပြေးပေါက် မှားစရာ ရှိလဲ ”
ဟု ပြုံးစစ နှင့် ပြန် ၍ ပြော လိုက်လေ၏ ။
“ အမလေး ယူတောင် မယူရသေးဘူး ။ ယောက္ခမကြီး လို့ သွား ခေါ် လို့ ဘယ်ဖြစ်မလဲ မြင့် ရဲ့ ”
ဟု မောင်ဖေသော် က ပြန်၍ ပြောရာ မြင့် က ..
“ မောင် က သာ မယူရသေးတာ ။ မြင့် က မောင် နဲ့ အိမ်ထောင် ကျ တာ ကလေး နှစ်ယောက် တောင် ရနေပြီ ။ အကြီးကလေး က အရက် သမား ဖြစ်ပြီး ၊ အငယ်မလေး က အရွယ် မရောက် ဘဲ လင် နောက် လိုက် သွားလို့ အမှုတောင် ဖွင့် ထား ရတယ် ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် သည် မျက်ရည် ထွက်သည့် တိုင် အောင် ရယ်မော ရ လေတော့၏ ။
“ မြင့် ဟာ အတော့် ကို ရယ်စရာ ပြော တတ်တာပဲ ။ မောင် ဖြင့် ချစ် လို့ ကို မဝတော့ဘူး ”
ဟု မောင်ဖေသော် က ပြော လိုက်ရာ မြင့် က အုန်းပင် ပေါ် သို့ လက်ညှိုး ထိုး ပြလိုက်သည် ။
“ ဟိုမှာ အုန်းသီးတွေ ရှိတယ် ။ ခြစ်လို့ မဝသေးရင် ခြစ် သွားဦး
လေ ။ မောင် အုန်းသီးတွေ ခြစ်သွားရင်တော့ မနက်ဖြန် အုန်းထမင်း ချက်ပြီး ဖေဖေ အသက် ငါးဆယ်ပြည့် မွေးနေ့ အတွက် ဘုန်းကြီး ပင့် ပြီး ကြက်သားဟင်း နဲ့ ဆွမ်း ကပ် လိုက်မယ် ”
ဟု နောက် လိုက်သဖြင့် မောင်ဖေသော် လည်း မြင့် ၏ ကိုယ်လုံးလေး ကို သိမ်း ၍ ဖက် လိုက်လေတော့၏ ။
“ မောင် တော့ စိတ် မထိန်းနိုင်တော့ဘူး နော် ။ မြင့် နောက်တီး နောက်တောက် လုပ်တာ မောင် ဖြင့် သိပ် ချစ်တာပဲ ”
ဟု မောင်ဖေသော် က ပြော လိုက်ရာ မြင့် က မျက်လုံး ကို ပြူး၍ နှာခေါင်း ရှုံ့ ပြကာ မောင်ဖေသော် အား ပြောင်ပြ လိုက်လေ၏ ။ ထိုအခါ မောင်ဖေသော် လည်း စိတ် မထိန်းနိုင် ဘဲ မြင့် ၏ ပါးပြင်ကလေး အား တရှုံ့ရှုံ့ ဖြင့် နမ်းရှုံ့ လိုက် လေတော့၏ ။
ထို့နောက် မြင့် က ..
“ လွှတ်ဦး ၊ ကော်ဖီ သွား ဖျော်ဦးမယ် ။ နမ်း နေလို့ ကော်ဖီ သောက် ရမှာ မဟုတ်ဘူး ”
ဟု ဆိုကာ ရုန်း ထွက် သွား၍ ကော်ဖီ ဖျော် လေ၏ ။
ထို့နောက် မောင်ဖေသော် အား ကော်ဖီ တစ်ခွက် တိုက် လေ၏ ။ မောင်ဖေသော် လည်း ကော်ဖီ သောက်ပြီး နောက် မြင့် ကို နှုတ်ဆက် ၍ သံပုံချိုင့်ဘုန်းကြီးကျောင်း သို့ ပြန် ခဲ့လေတော့၏ ။
ထို့နောက် တွင် လည်း မောင်ဖေသော် သည် မကြာခဏ ဆိုသလို မြင့် နေထိုင်ရာ မအူကုန်းလမ်းကျယ် ရှိ အိမ် သို့ သွားရောက် လေတော့၏ ။ တစ်ခါ တွင် မောင်ဖေသော် အား ..
“ ဗျို့ ဆရာကြီး ၊ မအူကုန်းလမ်းကျယ် ကို လာ လှချည်လား ။ လမ်းကြီး နိမ့် ပြီး ချောင်းကြီး ဖြစ် သွားဦးမယ် ”
ဟု နောက်ပြောင် လေ၏ ။ ထိုအခါ မောင်ဖေသော် က ..
“ ချောင်း ဖြစ် ရင်တော့ လှေ တစ်စီး ဝယ်ရမှာပဲ ။ မလာလို့ တော့ မရ ဘူး ။ လာ ရမှာပဲ ။ မောင် က ချစ် နေတာ ကိုး ၊ အဲဒီတော့ ကိုယ် ချစ် တဲ့ လူ ဆီ ကို လှေကလေး လှော်ပြီး လာမယ် ။ ချောင်း မဟုတ်ဘဲ မြစ် ဖြစ် သွားရင်တော့ မော်တော်ဘုတ် ဝယ်မယ် ။ ပင်လယ် ဖြစ်သွား ရင်တော့ ပင်လယ်ကူးသင်္ဘော တစ်စီး ဝယ် ရမှာပဲ ။ မလာလို့တော့ မဖြစ်ဘူး ။ မောင် က မြင့် ကို ချစ် နေတာကိုး ”
ဟု ပြော လိုက်လျှင် မြင့် က ..
“ သိပ်ပြီး အပြော ကောင်းတာပဲ မောင် ရယ် ။ မောင့် စကားတွေ ကြား ရတာ မြင့် တော့ မြောက် တက် သွားတာပဲ ။ ဟောဟို က အိမ် အမိုး နဲ့ ထိပြီး ခေါင်း တောင် ပေါက် လောက်ပါရဲ့ ”
“ တော်တော့် ကို နောက်တဲ့ မိန်းကလေးပဲ ။ ကဲကွယ် ... ကဲကွယ် ”
ဟု ဆိုကာ သူ က တစ်လှည့် ပြန် ၍ နမ်း ပြန်လေ၏ ။
ဤသို့နှင့် ပင် မောင်ဖေသော် နှင့် မြင့် တို့ သည် ချစ်သူ ဘဝ သို့ လုံးလုံးလျားလျားကြီး ရောက်ရှိ သွားကြ လေတော့သည် ။ အတူတကွ ဘုရားဖူး ထွက်ကြလေ၏ ။ ပျော်ပွဲစား ထွက်ကြလေ၏ ။ တစ်ဦး ကို တစ်ဦး တုန် နေအောင် ချစ်သည် ဆိုသော စကား သည် မောင်ဖေသော် နှင့် မြင့် တို့ နှစ်ဦး အတွက် အထူး ဖော်စပ် ထား သကဲ့ သို့ ရှိ၏ ။ ၎င်းတို့ နှစ်ဦး သည် တစ်ဦး ကို တစ်ဦး တုန် နေအောင် ချစ်ကြလေ၏ ။
တစ်နေ့ တွင် မြင့် က မောင်ဖေသော် အား ..
“ မောင့် ကို ပြော ရ ဦးမယ် ။ နားထောင်ရုံ နားထောင်နော် ။ ဒေါတွေ ပွပြီး တရှူးရှူး တရှားရှား မဖြစ်ရဘူး ”
ဟု စကား ပလ္လင် ခံ လိုက်လေ၏ ။
“ ကဲပါ မြင့်ရယ် ။ ပြောမှာ ပြောစမ်းပါ ”
ဟု မောင်ဖေသော် က ပြော လိုက်ရာ မြင့် က ..
“ မြင့် တို့ လမ်း ထဲ မှာ ချောဘ ဆိုတဲ့ ကု,လားကပြား တစ်ယောက် ရှိ တယ် ။ သူ က မြင့် အပြင် ထွက် တာ နဲ့ အတင်း ကပ် လာပြီး ချစ်တယ် ကြိုက်တယ် နဲ့ ရည်းစား စကား လာ ပြော တော့တာပဲ ”
ဟု ပြော လိုက်လျှင် ..
“ ဒါက ဒီလို ရှိတယ် မြင့်ရေ ။ လှတာ မြင်ရင် ချစ်တာဟာ ကု,လားရယ် ၊ မြန်မာရယ် မရှိပါဘူးကွယ် ။ အဲဒီတော့ ချောဘ ဆိုတဲ့ ကု,လားကပြား က လည်း ချောတဲ့ မြင့် ကို မြင်တော့ ချစ်ပေ မပေါ့ ။ ချစ် တော့ လည်း မမျိုသိပ် နိုင်တော့ဘဲ ချစ်တဲ့ စကား ၊ ကြိုက်တဲ့ စကား လိုက်ပြီး ပြောမှာပေါ့ ။ ဒါဟာ အပြစ် လည်း မဟုတ်ဘူး ။ မကောင်းဘူး လည်း မဟုတ်ဘူး ။ ကောင်းမှု ထဲ လည်း ထည့် လို့ မရဘူး ။ သဘာဝ ထဲ ပဲ ထည့် ရမယ် ။ ဒီလိုပဲ ကိုယ် ချစ်တဲ့ လူ ကို ဒီ့ပြင် လူ က ချစ်ရင် မခံချင်စိတ်တွေ ဖြစ်တာ သဘာဝပဲ ။ အဲဒီတော့ ကိုယ် လည်း မခံ ချင်စိတ်တွေ ဖြစ် နေတယ် ။ အဲဒီတော့ ဒီ ချောဘ ဆိုတဲ့ ကောင် ကို တံတောင် နဲ့ ထောင်း ရင် ထောင်း ၊ မထောင်း ရင် သူ့ မျက်နှာ ကို ဒူး နဲ့ တိုက် ရမှာပဲ ”
ဟု ပြော လိုက်လျှင် မြင့် က ရယ်လေ၏ ။
“ ဘာ ရယ်တာလဲ မြင့် ရဲ့ ”
ဟု မောင်ဖေသော် က မေး လိုက်လျှင် မြင့် က ..
“ သူ က မောင့် ထက် အရပ် အများကြီး မြင့်တယ် မောင် ရဲ့ ။ ဘယ်လို လုပ်ပြီး တံထောင် နဲ့ထောင်း မှာလဲ ၊ ဘယ်လို လုပ်ပြီး ဒူး နဲ့ တိုက် မှာလဲ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က
“ ဪ ဒီ ချောဘ ဆိုတဲ့ ကောင် က ကု,လားလန်ဘား ကိုး ။ ကု,လားလန်ဘား ကို တော့ အခြား နံပြား ကျွေးပြီး ၊ ခေါင်း ကို မမီရင် ဗိုက် ကို လက်သီး နဲ့ ထိုး ရ မှာပဲ ။ အဲဒါမှ ဗိုက်ထိုး ဖြစ် သွားမယ် ”
ဟု ပြော လိုက်ရာ မြင့် က ရယ်လေ၏ ။ မောင်ဖေသော် က လည်း ရော ၍ ရယ် လေ၏ ။ ထို့နောက် မြင့် က ..
“ မောင် ဟာ သိပ်ပြီး ပျော်တတ်တာပဲ ။ အဲဒီလို ပျော်ပျော် နေတတ် လို့ လည်း မြင့် က ချစ်တာ ။ ချစ်လို့ ကို မဝ ဘူး ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က မြင့် တို့ အိမ်ရှေ့မှ အုန်းပင် အား လက်ညှိုး ထိုး ပြ လိုက်ပြီးလျှင် ..
“ ချစ်လို့ မဝရင် ဟို ပေါ် မှာ အုန်းသီးတွေ ကျန်သေးတယ် ။ မြင့် ဘာသာ အုန်းပင် ပေါ် တက်ပြီး အုန်းသီး ခူး ၊ ပြီးတော့ ခြစ် အဲဒီ အုန်းသီးတွေ နဲ့ အုန်းထမင်း ချက်ရမယ် ။ ပြီးတော့ ကြက်သားဟင်း နဲ့ မနက်ဖြန် အုန်းထမင်း ဆွမ်း ကပ်ရမယ် ။ မနက်ဖြန် မောင့် မွေးနေ့ လေ ”
ဟု ပြော လိုက်ရာ မြင့် က ..
“ ဒါဖြင့် မနက်ဖြန် မြင့် ဆီ လာခဲ့နော် ။ မောင့် ရဲ့ မွေးနေ့ အတွက် မွေးနေ့ လက်ဆောင် ကောင်းကောင်း ပေးမယ် ”
ဟု ပြော ကာ မောင်ဖေသော် အား လက် နှစ်ဖက် ဖြင့် သိုင်း ၍ ဖက် လိုက်လေတော့သတည်း ။
◾မင်းသိင်္ခ
📖 မြနန်းနွယ်
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment