Monday, December 12, 2022

ဥစ္စာစောင့်


 ❝ ဥစ္စာစောင့် ❞


“ ဘယ်ကိုလဲ ဟေ့ မောင်မြ ။ ငါ လည်း မလိုက်ရဘူးလား ကွယ့် ” ဟု ပြောကာ ဖိုးမောင် သည် အိမ်ရှေ့ ၌ ထိုင် ၍ နေရာ မှ လမ်းမ သို့ ပြေးထွက်၍ မောင်မြ နောက် ကို လိုက်လေ၏ ။ မောင်မြ သည် ကား အစစ အရာရာ၌  ခွကျသော ဖိုးမောင် ကို အပေါင်း မလုပ်ချင် - မခေါ်ချင် သော်လည်း မလိုက်နဲ့ ဟု မပြောနိုင် သဖြင့် အတူ ယှဉ်ကာ လျှောက်၍ သွားရလေ၏ ။


“ ဘယ်ကိုလဲ မောင်မြ ရဲ့”


“ မင်း က လည်း သိချင်လိုက်တာ ။ ဘယ်ဖြစ်ဖြစ် မင်း ဘာလုပ်မလို့လဲ ” 


“ ဒီလိုပေါ့ကွယ့် ။ အပေါက်ကောင်းကလေးများ တွေ့ ရင် အားကိုးရအောင်ပေါ့ ” 


“ မင်း ဖို့ နေနေသာသာ ငါ့ ဖို့ တောင် မတွေ့နိုင်ဘူး ၊ ဘာ အပေါက်လဲ ”  


“ မေးနေရသေးသလားကွယ့် မြာပေါက် ပေါ့ ။ မင်း က တော့ ရုပ်ကလေး ဘာကလေး ပညာကလေး လူစကလေး နဲ့ မို့ တွေ့တတ်တယ် ကြားလို့ပါ ”

 

“ ငါ တွေ့ တာ မင်း က ဘာလုပ်မှာတုန်း ” 


“ တွေ့သမျှ တွေ မင်းချည်း အကုန် စားနိုင်မှာလား မောင်မြ ရဲ့ ။ ဝေစား မျှစားကလေးများ မလုပ်တော့ဘူးလား ” 


“ ဘာ - မင်း အင်မတန် ခွကျတဲ့ အကောင် ။ မင်း က ငါ့ ကို မိန်းမဖောက်သည်ချတဲ့ လူများ မှတ် လို့လား ။ တန်ပါကွယ် ။ မိန်းမတွေ ပေါလွန်းလို့ ။ ကိုယ့်ဟာ ကိုယ် ရှာပါလား ။ မင်း ဖို့ ငါ က မိန်းမလှည့် ပေးရမယ် ။ တယ်တော်တယ် ။ ငါ လှည့် ရရင် ငါ ယူ မှာပေါ့ ။ မင်း ပေးပါ့မလား ။ သွားပါကွယ် ။ ငါ့ နောက် မလိုက်ပါနဲ့ ”


“ အခု ဘယ်သွားမှာလဲ ” 


“ ဘယ်ဖြစ်ဖြစ်ပေါ့ ကွယ့် ” 


“ ဧကန် မင်း ဟိုကောင်မကလေး ဆီ သွား မလို့ ။ မယ်ညို လေ ။ တကယ် ယူမှာလည်း မဟုတ်ဘဲနဲ့ ၊ မလုပ်ပါနဲ့ကွယ် ။ ဒီ ရွာ မှာ ငါ နဲ့ ကြိုက်တာ ဒင်းကလေး တစ်ယောက် ရှိပါတယ် ။ မင်း မှာ တော့ မရှားပါဘူး ” 


“ အလို ဖြစ် မှ ဖြစ်ရလေဗျာ ။ ဘယ်သူ က ငါ့ ကို မယ်ညို နဲ့ လို့ ပြောသလဲ ” 


“ မညာပါနဲ့ ကွယ် ။ မင်း တစ်နေ့ က ရေဆိပ် မှာ စကား ပြော နေတာ မဟုတ်ဘူးလား ” 


“ စကား ပြောတိုင်း လင်မယား ဖြစ်ရတော့မှာလား ကွယ့် ။ ရပ်သူ ရွာသား အချင်းချင်း မပြောရတော့ဘူးလား ”  


“ ဒီလိုဖြင့် တော်ပါရဲ့ကွယ် ” 


“ စိတ်ချ ။ မင်းမယ်ညို ဆီ ကို ငါ မသွားဘူး ။ ပြန် ၊ ငါ သွားစရာ ရှိတယ် ” 


ဖိုးမောင် သည် မယုံကြည်စိတ်မချသော မျက်နှာ နှင့် ကြည့်ပြီး ဖြစ်၍ နေလေ၏ ။ ထို့နောက် ပေကပ်ကပ် လုပ်ကာ မပြန် ဘဲ ဇွတ် နေလိုက်လေ၏ ။ မောင်မြ က နှင် သော်လည်း မရ ။ နောက်ဆုံး၌ မောင်မြ သည် လမ်းကြားကလေး တစ်ခု ၌ ရှိသော တဲကုတ်ကလေး ဘက်သို့ သွားလေ၏ ။ ဖိုးမောင် သည် နောက် ချန် ၍ နေရစ်လေ၏ ။ ဖိုးမောင် လည်း မသင်္ကာသော အမူအရာ နှင့် မပြန်သေးဘဲ ရပ်ကာ ကြည့်နေလေရာ မောင်မြက “ ပြန်သာ ပြန်ပါကွယ့် ။ မင်း ဘာ စောင့်နေတာလဲ ” ဟု ပြန်၍ပြောလေရာ ဖိုးမောင် လှည့် ၍ လာလေ၏ ။


မောင်မြ သည် တဲကလေးအတွင်း သို့ ရောက်၍ သွားလေ ရာ ကွပ်ပျစ် ပေါ် ၌ ထိုင် ကာ ကြိမ်လုံး နှင့် ကြမ်း ကို ရိုက်လျက် ကျီးခြောက် ၍ နေသော မျက်မမြင် အဘိုးကြီး တစ်ယောက် ကို တွေ့ လေ၏ ။ ၄င်း ၏ အပါး၌ ဝပ်၍ နေသော ခွေးနက် သည် အမြီး နှံ့ ကာ မောင်မြ ကို ခရီးဦးကြို ပြုသဖြင့် အဘိုးကြီး က “ မောင်ရင် ရောက် လာ မှ ကိုး ။ ထိုင် ထိုင် ဒီအနားတိုး ။ ဘယ်သူများ ပါသလဲ ။ ဘယ်သူမှ မသိစေနဲ့နော် ။ မြန်မြန် သွားနိုင်ပါ့မလား ။ စွန့် ရဲ ရဲ့လား ” 


“ ရဲပါတယ် ဘကြီး ရဲ့ ။ ဘာလို့ မစွန့်ရဲရ မှာတုန်း ။ မသေ - ရွှေထီး ။ သေ - မြေကြီးပေါ့ ။ ဘကြီး ပြော တာသာ မှန် ပါစေ ” 


“ ဘကြီး မဟုတ်တာ ဘာပြောမလဲ ။ ဘကြီး မှာ တော့ မျက်မမြင် ဒုက္ခိတ ။ မောင် မြင် တဲ့ အတိုင်း ဒီ ခွေး တစ်ကောင် ရှိ လို့ ဘကြီး ထမင်း စား နေရတာ ။ ဆွေမျိုးညာတိ ရှိ တာ မဟုတ်ဘူး ။ မောင့် ကျေးဇူး အင်မတန် ကြီးလို့ ဘကြီး ပြော တာ ။ ဘကြီး ကို တစ်ရွာ လုံး ဘယ်သူ မှ ဂရု မစိုက်ဘူး ။ မောင် တစ်ယောက် သာ ဆွေမတော် မျိုးမတော် ဘကြီး မကျန်းမာ ခိုက် မှာ ကြည့်ရှုကျွေးမွေး ဆေးဝါး ကု လို့ ဘကြီး ကျေးဇူး ဆပ်တာပါ ။ မောင် ကောင်းစား ရင် လည်း ဘကြီး မဆင်းရဲဘူး ဆိုတာ စိတ်ချ လို့ ပြော တာပါ ။ ဘကြီး မှာ တော့ ဒုက္ခိတ ၊ ကိုယ်တိုင် လည်း မတတ်နိုင် ။ လူတိုင်း ကို လည်း မယုံရလို့ ။ သား သေပြီး ကတည်း က သုံးလ ရှိပြီ ။ ဘယ်သူ့ ကို မှ မပြောခဲ့ဘူး ။ တစ်နေ့ က ပေးလိုက် တာ ဟာ ပန်းထိမ် ကို ပြ ကြည့်ရဲ့လား ” 


“ ဦးကင်း က နောင် ရရင် ယူ ခဲ့ပါဦး ပြောတယ် ။ ဟောဒီ မှာ ဘကြီး ငွေ သုံးဆယ် ” 


ဟု ပြော ကာ အိတ် ထဲ မှ အထုပ် ကို ထုတ်၍ အဘိုးကြီး လက် ထဲ သို့ ထည့် လေ၏ ။


“ သာဓု မောင် သာဓု ၊ မောင် တော်ပါပေတယ် ။ မောင့် ထက် စိတ်ချရဖို့ လူ တော့ မရှိပါဘူး ။ မောင် ပဲ ယူထားပါ ။ ဘကြီး ငွေ သုံးဆယ် တောင် ဘယ်လိုထိန်း ရမလဲ ။ မောင် သုံးပါ ။ ဘကြီး အချိန်တန် ကွမ်းဖိုး ဆေးဖိုး သရေစာဖိုး နဲ့ အဝတ်အစား မှန်မှန် ရရင် ပြီးတာပဲ ” 


“ ဒါအတွက် မပူနဲ့ ဘကြီး ၊ ဘကြီး ကြိုက်တတ်တာ ကို သာ ပြောပါ ။ အိမ် က လူကြီးများ က တော့ အင်မတန် မေးတာပဲ ။ ကျွန်တော် က မိဘ တောင် မပြောဘူး ။ သူတို့ တကြိတ်ကြိတ်နဲ့ ဖြစ် နေကြတာပဲ ” 


“ ဒီလို မောင်ရင် ၊ ဘကြီး သားက အရပ် လေးမျက်နှာ မှာ လေလွင့် နေခဲ့လို့ တွေ့ရတာ ။ အကုန် သယ်ပြီး ရွာ ကို ယူမယ်လို့ ကြံစည် နေခိုက်မှာ အနိစ္စ ရောက် သွားတယ် ။ သေခါနီး မှ ဘကြီး ကို ပြော ပြပြီး ပေး သွားတာကလား မောင်ရဲ့ ။ မတ်တတ် ထ ။ ခေါင်မိုး မှာ ဝါးလုံးခေါင်း တစ်ခု တွေ့ လိမ့်မယ် ၊ နှိုက်စမ်းကြည့် ”  


ဟု ပြောလေရာ မောင်မြ သည် ဝါးလုံးခေါင်း ကို လွယ်ကူစွာ တွေ့ လေ၏ ။ မှိုင်းခံစက္ကူ အလိပ်ကလေး ကို ရရှိ လေ၏ ။ ကြည့်ရာ မြေပုံ ကို တွေ့ ရလေ၏ ။ အဘိုးကြီး က 


“ ဟုတ်ကဲ့လား အနောက်လွှဲ ကို မောင် ရောက်ဖူး ရဲ့ မဟုတ်လား ၊ ထူးကြီး ဘက် က နေပြီး သွားရ သတဲ့ ။ ထူးကြီး အနား တောင်ကုန်း က နေပြီး အနောက်မြောက် ဘက် ကို ကြည့်ရင် ဖိုခနောက် ဆိုင် ၊ ညောင် သုံးပင် ကို မြင်လိမ့်မယ် တဲ့ ။ အနောက်မြောက်ဘက် ညောင်ပင် က နေပြီး အနောက်တောင် ဘက် တခေါ် သာသာလောက် မှာ ထိန်ပင် ၊ သစ်ဆိမ့်ပင် နှစ်ပင် ယှဉ်နေတဲ့ အကြား ဗဟို တည့်တည့် မှာ ရပ်ပြီး အနောက်ဘက် ကို ကြည့်ရင် မြူတိမ်များ ကင်းတဲ့ အခါ သင်္ဘောသဏ္ဌာန် ရှိတဲ့ တောင်စွယ် ကို မြင်ရ မ တဲ့ ။ အဲဒီနေရာ ကို ရောက် ရင် နောက် က ရေးထားတဲ့ ပုံ အတိုင်းပဲ လို့ ပြောတာပဲ ။ မြေပုံ ( ၂ ) ခု ပါ ရဲ့ မဟုတ်လား ။ အဝေး တစ်ခု ၊ အနီး တစ်ခု လေ ” 


“ ဟုတ်ကဲ့ ၊ တွေ့ ပါတယ် ”  


အဘိုးကြီး 


“ အဲဒီကို ရောက်အောင် သာ သွားပေတော့ ။ ဘုရားကလေး နဲ့ ကျောက်ဆောင် အောက် မှာ ကလိုင် ဖြစ်ပြီး ရေ ဝပ် နေတာ တွေ့ လိမ့်မယ်တဲ့ ။ ဒီ ရေ ထဲ ကိုဆင်းရင် ဘယ်သူ မှ ပြန် မတက်နိုင်ဘူး ။ မြေကြီး ဝမ်းဗိုက် အတွင်း ရောက်တယ်လို့ အများ အယူ ရှိကြလို့ ဘယ်သူမှ မဆင်းဝံ့ကြဘူး ။ ဒီ စကား ဟာ အလကား စကား တဲ့ ။ သိသူ တစ်ယောက် ယောက် က ခြောက်လှန့် ထားခဲ့တာ နဲ့ တူတယ် ။ ဘကြီး သား က ဝရမ်းပြေး မို့ နေ့ည မရှောင် သွား ရာမှာ အဲဒီ ရေထဲ လိမ့်ကျလို့ တွေ့ ခဲ့ရတာ ။ ရေ ထဲ မှာ ကျောက်ဖျာ ပဲ ရှိတယ် ။ အဲဒီကျောက်ဖျာ မှာ အခေါင်း ရှိတယ် ။ အဲဒီ အခေါင်း ကို သာ ရအောင် ရှာဖို့ ရှိတာပဲ ။ ဘယ်နည်း ဘယ်ပုံ ဒီ ရွှေတွေ ဒီ နေရာ ကို ရောက်တယ် ဆိုတာ ဘယ်သူ မှ မပြောနိုင်ဘူး ”  


"ပြော နိုင်ရင် ဘာ ရှိတော့မလဲ ဘကြီး ရဲ့ ။ ဥစ္စာဟောင်း သိုက်များ လား ” 


“ ဘကြီး ဒီ အကြောင်း ကို ဘာမှ မသိဘူး ။ ရှိတယ် ။ဆိုတာ တစ်ခု သိ တာပဲ ။ ဘကြီး သား ဟို နေရာ မှာ တစ်ခါလည် ကျော် ဥစ္စာစောင့် ဖြစ် နေတာသာ သိရတာပဲ ။ ဝရမ်းပြေး ကိုး မောင် ရဲ့ ။ သယ်ယူ လာဖို့ အခက်သား လား ။ တစ်ခါတစ်ခါ သာ ရုပ်ဖျောက် လာပြီး ရိက္ခာများ ဝယ်ခြမ်း ပြန် ရတာပဲ ”  


ဟု အဘိုးကြီး က ပြောလေ၏ ။


မောင်မြ သည် မြေပုံ မှာ သာ စိတ်ဝင်စား ၍ နေလေ၏ ။ သို့ နေခိုက် တွင် ချောင်း ဟန့်သံကြား ရသဖြင့် လှည့်၍ ကြည့်လိုက်ရာ ဖိုးမောင် သည် ကျေနပ်သောအမူအရာ နှင့် ပြုံး၍ နေသည် ကို တွေ့ ရလေ လျှင် မောင်မြ သည် ဒေါသထွက်ပြီး “ မင်း ဘယ်တုန်း က ရောက်သလဲ ” ဟု မေးလေ၏ ။ ဖိုးမောင် သည် ကား စကား ပြန် ၍ မပြောဘဲ နောက်ကို လှည့်ကာ ထွက်၍ သွားလေ၏ ။


“ ခက်ပြီ ။ ဒီ အကောင် ဘယ်လောက်များ ကြား သွားပါလိမ့်မလဲ ” 


ဟု မောင်မြ က ပြောလေ၏ ။


“ ဘယ်သူလဲ ” 


ဟု အဘိုးကြီး က ထိတ်လန့်လျက် မေး လေ၏ ။


“ ဖိုးမောင် ဆို တဲ့ အကောင်ပေါ့ ဘကြီး ၊ သိပ် ခွကျတဲ့ အကောင် ။ သူ ဘယ်တုန်းကများ သိလို့ မသင်္ကာ ပြီး လိုက်တာ လည်း မသိဘူး ။ ဪ - ဟိုနေ့ က ဦးကင်းပန်းထိမ်ဖို မှာ ကျွန်တော် တွေ့ ခဲ့တယ် ။ သည့် အတွက် မသင်္ကာပြီး သူ လိုက်တာပဲ ဘကြီး ။ မြေပုံ က လည်း သိဖို့ သိပ် ခက်တာ မဟုတ်ဘူး ။ ဘကြီး ပြောတာ နဲ့ အပုံကြီး ထင်ရှား နေတယ် ။ ခွကျတာပဲ ။ ဒီ အကောင် ဟာ ငြိမ်ငြိမ် နေမယ့် အကောင် မဟုတ်ဘူး ” 


ဟု မောင်မြ က ပြောလေ၏ ။


“ ဒီလိုဖြင့် မောင် ဦးအောင် လုပ်မှပဲ ။ သူ နဲ့ စကားများ နေလို့ အကျိုး မရှိဘူး ” 


“ သူ နဲ့ စပ်တူ လုပ်ရရင် မကောင်းပေဘူးလား ” 


“ စိတ်မချရဘူး မောင် ။ သူ အခု ရှောင်သွားပုံ ထောက် ကြည့် တော့ သူ က စပ်ချင် ဟန်မတူဘူး ။ သူ ကြံ လိမ့်မယ် ။ မောင် ဦးအောင် ကြိုးစားမှပဲ ။ တယ် ခွကျပါကလား က ရို့ ။ အင်း ဒါလည်း အဖျက်အဆီး အနှောင့်အယှက် ထင်ပါကလားလေ ”


•••••   •••••   •••••


နံနက်ခင်း တက်နေ ၏ အရောင်တွင် ကျောက်သင်္ဘော နှင့် ဘုရားဖြူဖြူကလေး သည် ပြာမှိုင်းသော တောင်ကမ်းပါးယံ မှာ ထင်းထင်းကြီး ပေါ်၍ နေလေ၏ ။ မောင်မြ ၏ စိတ် ၌ ဖိုးမောင် မိမိ အရင် ဦး နေလေမလား ဟူ၍ သာ ပူပင်လျက် တထိတ်ထိတ် ဖြစ်၍ နေ လေ၏ ။ ခရီး မှာ အတော် ကြမ်း သဖြင့် အတော် ပင်ပန်းသော်လည်း မရပ်မနား စဉ်တိုက် သွားလေ၏ ။ ထိုအခါ ဆောင်းဦး ပေါက် စ ရာသီ ဖြစ်လေ၏ ။ နေ သည် ကျော ကို အပ်ပေါင်းများစွာ တို့ နှင့် ဆွ သကဲ့သို့ စူးရှစွာပူလောင် လေ၏ ။ နောက်ဆုံး ၌ ရေငတ် သဖြင့် တစ်ကြောင်း ၊ ဒူးများ ချောင် သဖြင့် တစ်ကြောင်း ၊ ဆီးပင် တစ်ပင် ၏ အရိပ် အောက် တွင်ထိုင် ကာ ရေဘူး ကိုမော့၍ သောက် ရာ ၌ ပင် ဘုရားဖြူဖြူကလေး ကို မျှော်၍ ကြည့်ရလေ၏ ။ မတော်တဆ ဘုရား ပျောက်သွား ရင် ခက်မှာပဲ ဟူ၍ ပင် စိတ် တွေးတောကာ ကြောက်ရွံ့လေ၏ ။


ဖိုးမောင် မိမိ အရင် ရောက်လေပလား ။ ရွာ မှာ ဖိုးမောင် ကို မတွေ့ခဲ့ရသည် ကိုထောက်လျှင် သင်း အရင် ထွက် တာပဲ ။ ငါ့ လို တစ်ယောက် တည်း ပဲလား ။ တစ်ယောက် တည်း ဖြစ်ရင် တောတောင်ဥပဒေ အရ လက်ချက် ဦး သူ က နိုင်တမ်းပဲ ဟု တွေးကာ ဆောင်ဓား ၏ ထက်မြသော အသွား ကို ကိုင်စမ်း ၍ ကြည့်လေ၏ ။


ဖိုးမောင် ၏ အရိပ်အရောင် ကို အဘယ်မှာ မျှ မမြင်ရချေ ။ နေ စောင်း၍ ရိုးမတောင် တစ်ဘက် သို့ သက်ဆင်းခြင်း မပြုမီ အရှေ့ဘက် သို့ နှုတ်ဆက်သောရောင်ခြည်များ ကို ပြန်၍ လွှတ်ခိုက် တွင် မောင်မြ သည် ဘုရား နှင့် တစ်ခေါ်လောက် အကွာ သို့ ရောက်၍ သွား လေ၏ ။ မောင်မြ ၏ ရင်ထဲမှာ လှိုက်ဖို၍ နေလေ၏ ။ တစ်မိနစ်မျှ ရပ် ကာ ဘုရား ကိုလက်အုပ် ချီ ၍ ဖူးမြော် လိုက်ရာ တွင် အမော ဟူသမျှ သက်လျော၍ ကျ သွားသည် ဟု မှတ်ထင်မိလေ၏ ။


ထို့နောက် ဆက်လက်၍ သွားလေရာ နေလုံးကြီး သည် နီဝင်းတောက်ပကာ လောကဓာတ် တောတောင် မှာ ကုံကုမံရောင် သွေးမင်ဆေး နှင့် ရေး သလို ဖြစ်လေ၏ ။ ဘုရား နှင့် ဝါး တစ်ရိုက် လောက် အကွာ နိမ့် သော နေရာ တစ်ခု သို့ ရောက်၍ သွားလေရာ မောင်မြ မှာ မြင်ရသော သဏ္ဌာန် ကြောင့် ကြက်သေ သေ၍ နေလေ၏ ။ မိမိ ၏ အထက် ကျောက်ဆောင် ၏ အစွန်း၌ ထိုင်ကာ ဒူး နှစ်ဘက် ပေါ် တွင် လက် နှစ်ဘက် ကိုတင် ၍ မေး ထောက် လျက် နေသော အလွန် လှသော မိန်းမပျို တစ်ယောက် ၏ သဏ္ဌာန် ကို မြင်ရလေ၏ ။ ၄င်း မှာ သရက်ထည်လုံချည် ပန်းရောင်အပွင့်အဆုပ်ကြီးများ ကို ဝတ်လျက် ဖားလျား ချသော ဆံပင်မှာ လေထဲ တွင် လွင့်၍ နေ လေ၏ ။ ဖြူစင်သော အင်္ကျီ မှာ အတွင်းဇာဘော်လီ နှင့် ရွှေဝါရောင် အသား ကို ထွင်းဖောက် ၍ မြင် ရလေ၏ ။ မျက်နှာ မှာ သနပ်ခါး လိမ်း ၍ ထားပြီး လျှင် နဖူး အထက် မှာ တောစံပယ်ပန်းတွေ ဝေ ၍ နေလေ၏ ။ ကျယ်သော မျက်လုံးများ သည် အဝေး ကို လှမ်း မျှော် ကာ ချစ်ဖွယ် ကောင်းသော မျက်နှာမှာ ခပ်မော့မော့ကလေး ရှိလျက် မြောက်ဘက် စူးစူး ကို မျှော်၍ နေလေ၏ ။


ဤတော ဤတောင် ၌ သနပ်ခါးပန်းမန် လိမ်း ကာ ဖြူဖြူစင်စင် ဝတ်ဆင်၍ နေသော ဤ မိန်းမပျို သည် လူသား စင်စစ် မဟုတ် ရာ နာနာဘာဝ ဧကန်ဒိဋ္ဌိ ဥစ္စာစောင့် ပြိတ္တာမ ရုပ်ဆောင်ကာ ရူပါရုံ အလှ ကို ဖန်ဆင်း ၍ ပြတာ နဲ့ တူတာ ပဲ ဟု တွေးဆကာ မောင်မြ မှာ စူးစိုက်စွာ ကြည့် ၍ နေလေ၏ ။


ဥစ္စာစောင့် ရှိလျှင် ထို ဥစ္စာ ကို လွယ်ကူစွာ ရဖို့ မရှိ ။ သိုက်ဆရာ နှင့် မှ သာ ရဖို့ ရှိမှာပဲ ဟု တွေးတော မိ လျှင် မောင်မြ မှာ များစွာ စိတ်ပျက်၍ သွားဖို့ ရှိလေ၏ ။ သို့သော်လည်း ထို အတွေး သည် စိတ်ထဲ ၌ ပေါ်လာခွင့် မရချေ ။ အကြောင်းမူကား လှပသောရူပါရုံ သဏ္ဌာန် ၌ သာ စိတ်ဝင်စား ၍ နေ လေတော့သတည်း ။


မောင်မြ သည် တဖြည်းဖြည်း ကပ်၍ သွားလေ၏ ။ မကြာမီ ကုန်းမြင့် ပေါ် သို့ ရောက်၍ သွားလေ၏ ။ မိန်းမပျို သည် ကျော ခိုင်း လျက် ဆက်လက် ငြိမ်သက်စွာ နေ လေ၏ ။


နာနာဘာဝ ဆို တာ သိ မှာပဲ တမင် သက်သက် မသိ ဟန် ဆောင် နေတာပဲ ။ အမျိုးမျိုး လည်း ဖန်ဆင်း နိုင်သတဲ့ ။


ဘယ်လို ဖြစ်ဖြစ် အတင်း ဖက်ရ ရင် မိ များ မိ မလား ။ ကံ ကောင်းရင် လည်း ဥစ္စာစောင့်များ နဲ့ ညား ရတတ်တာပဲ ။ ဒီလို နာနာဘာဝ အချောကလေး နဲ့  ညား ရင် နောင် အခါ လိပ်ပြာ ကို နှုတ် စေတော့ ။ သေကျိုး နပ်မှာပဲ ။ တစ်ခါ လူများ လည်း ဥစ္စာစောင့် နဲ့ ညားလို့ ရွှေငွေ ရကြသတဲ့ ။ အခု နေ ပုံတော့ တမင် သက်သက် ငါ့ ကို မြှူ တဲ့ ပုံပဲ ။ သူ ပေး မှ ရဖို့ ရှိတယ် ။ ရေ ထဲ ကို ငါ ဆင်းရင် မရမယ့် အပြင် ဘေးအန္တရာယ် ပင် ဖြစ်လိမ့်မယ် ထင်တယ် ။ လင်မယား ဖြစ်ရင် သူ က ကြည်ဖြူ မှ ရဖို့ ရှိပါကလား ။ အခုနေ နောက် က နေပြီး အတင်း ဖက် ရလျှင် မိ များ မိလေမလား ။ ပျောက်များ သွား မလား ။ သရဲသဘက်မကြီး ဖြစ်ကာ အစွယ်ကြီးများ ဖြစ် လေမလား ။ မြွေကြီးများ ဖြစ်ပြီး ငါ့ ကိုပေါက် ၍ သတ်လေမလား စသည်ဖြင့် တွေး ကာ စိတ် ကို မနိုင်အောင် ဖြစ်၍ နေလေ၏ ။


သဏ္ဌာန် မှာ ကား ကြည့်ရင်းတိုး၍ သာ ယဉ်ကျေး လှပ၍ လာသည် ဟု မှတ်ထင် ရလေ၏ ။ အပါး သို့ တစ်လှမ်း တိုးကာ ဖက်တော့မည် ပြုရာတွင် ကြက်သီးတွေ ဖြန်းခနဲ ထလေ၏ ။ လျင်မြန် လတ်ဆတ်သော လေအေး သည် ပတ်ရစ်ကာ ဝှေ့၍ ကစားလေ၏ ။ ငါ့ တော့ သေနေ့ စေ့လို့  ဒီ နေရာ ကို ရောက် လာတာပဲ ။ ဘာပဲ ဖြစ်ဖြစ် စွန့်စား၍ မလာရင် ဒီလို ရူပါရုံအသွင် ကို ပင် မြင်ရဖို့ မရှိပေ ။ မြင် ရတာ လာ ကျိုးနပ်၏ ။ ဖူးစာရေစက် ပါသည့် အတွက် နတ်ကညာကလေး နဲ့ ညား ရရင် ငါ သည် ကို ရောက်၍ လာရတယ် ထင်ပါရဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ အတင်း ပွေ့တော့မည် ။ ပျောက်ကွယ်၍ မသွားလိုက်ပါ နဲ့ နတ်ကညာကလေး ရဲ့စသည် ဖြင့် တွေးတောကာ မောင်မြ မှာ အရူး လို ဖြစ်စ ပြုလေ၏ ။


နေလုံးကြီး သည် တောင်စွယ်တစ်ဘက် သို့ သက်ဆင်း၍ သွား လေရာ မိုးကြိုးရောင်အဆင်း ရှိသော အနောက်ကောင်းကင် ၏ အေးချမ်းသော အရောင် ၌ ထို သဏ္ဌာန် သည် လူ နှင့် မတူ ။ နတ် အသွင် နှင့် သာလွန်၍ တူလေ၏ ။ မောင်မြ ၏ နှလုံးသွေး သည်။ရေတံခွန် သက်ဆင်း သလို အုန်းအုန်းကျွက်ကျွက် ဖြစ်၍ နေလေ၏ ။ မကြာမီ စွန့်စား ကာ အတင်း ပြေး၍ ပွေ့ လိုက်လေ၏ ။


မိန်းမပျို က “ အမယ်လေး ” ဟု အော်ပြီး လှည့် ၍ ကြည့် ရင်း ရုန်း ပြန်လေ၏ ။ မျက်နှာ မှာ ကြောက်ရွံ့ခြင်း နှင့် ဖြူ ၍ သွား လေရာ တိုး၍ လှလေ၏ ။


မပျောက် မကွယ် ရုံ မက ကြောက်ရွံ့သော အသွင် ရှိသည် ကို ပင် သိ ရလျက် နူးညံ့မွှေးကြိုင်သော ကိုယ်ကလေး သည် လက်မောင်း အတွင်း မှ မလွတ်မထွက် နိုင်ပုံ ရသည် ကို ပင် သိမြင်ရ သောအခါ မောင်မြ ၏ စိတ်နှလုံး သည် ဝမ်းမြောက်ခြင်း ၊ အားတက်ခြင်း နှင့် ဆွေ့ဆွေ့ ခုန်လေ၏ ။ တောမြိုင်စွန်း ဇာတ်ကား ထဲ က မောင်ဘဌေး က ရုပ်ရှင်မင်းသမီး ပွစိစိကြီး ကိုပွေ့ရင်း ငါ့ မှာ အကယ့် နတ်ကညာ ကို တပ်အပ် ကိုယ်တွေ့ ပွေ့ရတဲ့ မောင်ဘဌေး အစစ်အမှန် ပါ ပဲ ဟု တွေး ပြီး ဆက်လက်ကာ “ မကြောက်ပါနဲ့ နတ်သူကလေး ရဲ့ ၊ ကြောက်လို့များ မင်း ကိုယ်ကလေး ကို မဖျောက်လိုက်ပါနဲ့ ။ ဖျောက် လိုလျှင် ဟောသည် က လိပ်ပြာ ကို တပါတည်း နှုတ် ယူပြီး မှ ပျောက်ကွယ်တော်မူပါ နတ်ကညာကလေး ရဲ့ ” ဟု တုန်လှုပ်သော အသံ နှင့် အပြောမှာ မိန်းမပျို သည် လျင်မြန်သော လက် နှစ်ဘက် နှင့် မောင်မြ ၏ ပါး ကို တဖတ်ဖတ် ညှပ်ကာ ချ ရင်း ရုန်း လေ၏ ။


“ ချသာ ချပါ ။ အားမနာပါနဲ့ ။ ပျောက်ကွယ် လို့ သာ မသွားပါနဲ့ ။ အားရအောင် ချပါ ။ ဘာဖြစ်လို့ ရုန်း ရတာတုန်း ။ ဒီက ကြောက် ဖို့ပါ ။ မင်း က ကြောက်ဖို့ မဟုတ်ပါဘူး ” ဟု မောင်မြ က ဆက်၍ ပြောလေ၏ ။


မိန်းမပျို သည် နှစ်ချက် သုံးချက် ပါး ကို နှက်ပြီး တအား ရုန်း ထွက်လိုက်ရာ မောင်မြ ၏ လက် မှ လွတ် ပြီးလျှင် အမျက်ဒေါသ ထွက် လျက် ရပ် ကာ မောင်မြ ကို ကြည့်၍ နေလေ၏ ။


“ စိတ် မဆိုးပါနဲ့ ။ လွန်သမျှ ကို ဝန်ချတောင်းပန် အသနား ခံပါတယ် ။ ရူပါရုံ အချစ်မြား စူးလို့ အရူး လို ဖြစ်ကာ ပြစ်မှားခြင်း ပြုမိပါတယ် ။ ဒီက အပြစ် မဟုတ်ပါဘူး ။ ဒီကို ရူးအောင် ရူပါရုံဆောင် သူ ရဲ့ အပြစ်ပါ ။ ဘယ်အတွက် ပြ ရတာတုန်း ” 


စသည်ဖြင့် ပြောရင်း ရှိခိုးတော့ မလို ၊ လက်အုပ် ချီတော့ မလို ခြေ ကို ဖက်တော့ မလိုလို ဖြစ်၍ နေလေ၏ ။ မိန်းမပျို မှာ တဖြည်းဖြည်း အမျက် ပြေပြီး သနားသလို ဖြစ်လေ၏ ။ ထို့နောက် မောင်မြ ကို ကြည့်ကာ ရယ်မောပြီး နောက် ကို လှည့် ကာ ရင်ဘတ် ကို နှိပ်၍ နေလေ၏ ။


မောင်မြ သည် တွေးတောသံသယ ဖြစ်၍ လာ ပြန်လေ၏ ။ မိန်းမပျို လှည့်၍ ကြည့်သောအခါ “ အနို့ နေပါဦး ၊ မင်းက ဘာလဲ ”  ဟု ဆောင့်ကြောင့် ထိုင် ကာ မော်လျက် မေး လေ၏ ။


“ ကျွန်မ လူ ပေါ့ ရှင့် ။ ရှင် က ဘာ ထင်လို့လဲ ” 


“ ဟင် လူ ပဲ လား ။ နို့ ဒီမှာ ဘာလုပ် နေရတာတုန်း ” 


“ ကျွန်မ ဒီမှာ နေတာပေါ့ ” 


“ အလို တကယ်ပဲလား ။ နို့ နေပါဦး ။ ဘာကိစ္စ နဲ့ ဒီမှာ နေ ရတာလဲ ။ ကိုဘိုးထင် ကို သိသလား ”


“ ကျွန်မ ပထွေး ပါ ။ ရှင် ဘယ်မှာ တွေ့သလဲ ။ ဘယ်တော့ လာမယ် လို့ မှာ လိုက်သလဲ ။ အမေ က မျှော် လှပြီ ” 


“ ဪ မင်း ပထွေး လား ။ မရှိတော့ဘူး ။ သေတာ သုံးလေးလ ကြာ ပြီ ။ သူ့ အဖေ က မျက်မမြင် ဒုက္ခိတ ။ အဲဒီ အဘိုးကြီး က ပြောလို့ ။ မင်းပထွေး သေ ကြောင်း သတင်း ပေးဖို့ လာ တာ ။ ငါ က မင်း ကို အစိမ်းတစ္ဆေ နာနာဘာဝဥစ္စာစောင့်များ လား လို့ ။ ဪ ဒီလိုဖြင့် မင်း သူ့ သမီး ပဲကိုး ။ နို့ ဘယ်မှာ နေသလဲ ” 


“ ကျွန်မတို့ အိမ် ဟိုဘက် မှာ ရှိတယ် ။ ရှင် သတင်း ပေး ဖို့ လာတာ ပဲ လား ” 


“ နို့ တခြား ဘာကိစ္စ ရှိမလဲ ။ မင်း ပထွေး မသေ မီ က ကျေးဇူး ပြုဖူးတဲ့ အတွက်ပါပဲ ” 


"ဒီလိုဖြင့် ရှင် သိတာပေါ့ ။ သတင်း ပေး ဖို့ သက်သက် လာတာ မဟုတ်ပါဘူး ။ ကျွန်မ သိ ပါတယ် ” 


“ သတင်း ပေး ဖို့ လာတာပါ ။ ဖိုးမောင် ခေါ် တဲ့ အကောင် တစ်ယောက် ၊ မင်းတို့ ကို အနှောင့်အယှက် ပေး လာလိမ့်မယ် ။ ဒါလည်း သတိ ပေးရင်း ... ” 


“ ဪ ကျွန်မ ခု တင် က ပဲ လူ လိုလို ဘာ လိုလို မြင် လိုက်တယ် ထင် တာပဲ ” 


“ ဟုတ်လား ။ ဒီလိုဖြင့် မင်းခု တင် က ထိုင် နေတာ မြင် ရရင် ဥစ္စာစောင့် လို့ ထင်မှာပဲ ။ သူ မလာ ဝံ့အောင် ကြံ မှ ဖြစ်မယ် ။ ဥစ္စာစောင့် ဆို ရင် သူ စွန့်ဝံ့ မှာမဟုတ်ဘူး ။ မသကာ သိုက်ဆရာ တွေ ဘာတွေ နဲ့ ကြံ မှာပဲ ။ ဟောဟော ဟိုဘက် က ဖြတ်သွားတယ် ထင်တယ် ။ ခု တင် က လို ထိုင် နေစမ်း ။ ငါ က အစောင့်သရဲ လုပ်ပြီး ခြောက်မယ် ။ မင်း က ဥစ္စာစောင့် လုပ် ။ သွား ခု တင်က လို ထိုင် နေစမ်း ။ ဟုတ်တယ် သူ ပဲ ” ဟု ပြောပြီး ၊ မောင်မြ သည် လျှိုလိုလို နေရာ တစ်ခု သို့ ဝင်ပြေး လေ၏ ။ မိန်းမပျိုကလေး သည် မကြာမီ က ထိုင် သလို ပြန်၍ ထိုင် နေလေ၏ ။


နေ ဝင်၍ သွားပြီး နောက် လပြည့်ဝန်းကြီး ပေါ်လာလေရာ ထို နေရာမှာ နေ့ ကဲ့သို့လင်း၍ နေ လေ၏ ။


ဖိုးမောင် သည် လမ်းပန်း မသိ ။ လူနေအိမ်ခြေ လည်း မရှိ သဖြင့် ကရင်ယာတောတစ်ခု ခု ကို တွေ့လျှင် တည်းခိုရာ နေရာ ရ ရဲ့ ဟု အားကိုး ကာ လွန်စွာ ကြောက်ရွံ့လျက် ထိုနေရာ အနီး တွင် တဝဲလည်လည် ဖြစ်၍ နေလေ၏ ။ အမြင် နီးလျက် ခရီး ဝေး သော တောင် ဟူသောစကား ကို သတိ မထားဘဲလျက် လောဘ ရမ္မက် ၏ ဆောင်ဆွဲ ရာ သို့ လိုက်ပါ ၍ လာရာ ခိုကိုးရာ မဲ့ သော အဖြစ် သို့ ရောက်၍ နေလေ၏ ။


မကြာမီ ဖိုးမောင် သည် ထိုနေရာ သို့ ရောက်၍ လာလေရာ လှပသော ရူပါရုံ အသွင် ကို မြင်ရ လေလျှင် မောင်မြ ဖြစ်သလိုဖြစ်၍ နေလေ၏ ။ ခဏမျှ အံ့အား သင့်၍ နေပြီး မောင်မြ ကဲ့သို့ တက်၍ လာ ပြီးလျှင် နောက်နား မှ ကပ် ကာ ပွေ့ဖက်မည် အပြု တွင် မနီးမဝေး တော ထဲ မှ သစ်ကိုင်း တွေ ကျိုးသံ ၊ ချုံတော တွေ လှုပ်ရှားသံကို ကြား ရပြီးနောက် ဝုတ် - ဝုတ် ဟု ကြောက်မက်ဖွယ် မြည်သော အသံ နှင့် မည်းနက်သော အကောင်ကြီး တစ်ကောင် သည် အမြီးရှည်ရှည်ကြီး ကို ရမ်းလှုပ် ကာ လက်နက် ကိုင်လျက် တစ်ဟုန်တည်း ပြေး ထွက်၍ လာပြီး ဖိုးမောင် နှင့်မိန်းမပျို စပ်ကြား သို့ ဝင်ရောက် ကာ ဖိုးမောင် ၏ သျှောင် ကို ဆွဲပြီး တောငှက်ပျောပင် နှင့် တအုံးအုံး ရိုက် နှက်ပြီး တောင်ကုန်း ပေါ် မှ ကန်ကျောက် ၍ ချလိုက်လေရာ ဖိုးမောင် မှာ တလိမ့်ခေါက်ကွေး ကျ ၍ သွားလေ၏ ။ ထို့နောက် မောင်မြ နှင့် မိန်းမပျို သည် တောလမ်း တစ်ခု ဖြင့် သွား ကြရာ စမ်းချောင်း တစ်ခု သို့ ရောက်လျှင် မောင်မြသည် မိမိ ကိုယ် ၌ လိမ်းကျံ၍ ထားသော တောမီးပြာများ ကို စင်ကြယ်စေရန် ရေချိုး လေ၏ ။ မကြာမီ နှစ်ယောက် သား မီးရောင်ကလေး တစ်ခု ကို မြင် ကြရပြီး နောက် လျှို ထဲ တွင် သစ်တုံးများ ကို အတုံးလိုက် တပ်ဆင်ကာ ဆောက်လုပ် ၍ ထားသော သစ်တဲကလေး ထဲ ၌ စောင့်မျှော် ၍ နေသော မိန်းမကြီး တစ်ယောက် ထံ သို့ ရောက်၍ သွား ကြလေသတည်း ။


မိန်းမပျို က အကျိုးအကြောင်း ကို အသက် မရှူဘဲ ပြော၍ ပြလေ၏ ။ မိခင် ဖြစ်သူ သည် သေဆုံးသော ဝရမ်းပြေး လင် ကို တမ်းတ ကာ မျက်ရည်များသုတ် ပြီး နောက် “ ဝဋ် ကျွတ် တာပါပဲလေ ။ မောင် လာပေလို့ သိ ရတာပဲ ။ သူ့ အဖေ ဆီ ရယ်လို့ ခဏ တိတ်တဆိတ် သွားတာ မောင်ရင် ရဲ့ ။ အဒေါ် တို့လည်း ဒီ တော ထဲ မှာ ဘယ် နေချင် မလဲ ။ သူ့ အတွက် နေရတာပေါ့ ။ ပြီးတော့လည်း မောင် သိတဲ့ အတိုင်း ပေါ့လေ ။ ဒီ ဥစ္စာတွေ ကို စွန့်ပြီး မသွား နိုင်ကြတာ က လည်း တစ်ကြောင်းပါပဲ ” ဟု ပြောလေ၏ ။


“ နို့ အခု ဒါတွေက ဘယ်မှာလဲ ” 


“ အဒေါ်တို့ သားအမိ နှစ်ယောက် တဖြည်းဖြည်း သယ် လို့ အကုန် ဒီမှာ ပဲ ရှိပါတယ် ” ဟုပြောပြီး ၊ မီးဖို ကို ထ ၍ သွားလေ၏ ။ မီးဖို ကို ဖျက် လိုက်သော အခါ ကျောက်ပြားကြီး တစ်ခု ပေါ် ၍ လာလေ၏ ။ ထိုကျောက်ပြားကြီး ကို လှန်လိုက်သောအခါ တွင်း တစ်ခု ကို တွေ့ရလေ၏ ။ ထို တွင်း ထဲ မှ သားအမိ နှစ်ယောက် နှိုက်ယူ ၍ ပြသော ရွှေမန်ကျည်းတောင့် ၊ ငွေမန်ကျည်းတောင့် လက်ဝတ်လက်စား နော်စာကုန်းစသည် တို့ မှာ ဆယ်သက် စား၍ မကုန်နိုင် ဟု မောင်မြ ၏ စိတ် ၌ ခန့်မှန်း သိရှိရလေသတည်း ။


နောက်များ မကြာမီ မျက်မမြင် အဘိုးကြီး နှင့် မောင်မြ တို့ တစ်အိမ်သားလုံး ပျောက်၍ သွားသည် ဟူသော သတင်းများ ဖြစ်ပွား လေ၏ ။ ဖိုးမောင် သည် ကား ရွာ သို့ မသေရုံ အသက် နှင့် ပြန်၍ ရောက်လေ၏ ။ စိတ် မကျေ သဖြင့် သိုက်ဆရာများ ကို ရှာ၍ ထိုနေရာ သို့ တစ်ရွာလုံး တပ်ချီ၍ သွား ကြလေ၏ ။ သို့သော်လည်း အနီးအနား လူ မရှိသော သစ်တဲကလေး မှ တစ်ပါး အခြား တစ်စုံတစ်ရာ မှ မတွေ့ မရှိ ကြရပေတော့သတည်း ။


◾ပီမိုးနင်း


📖 သူရိယရုပ်စုံသတင်း 

      အတွဲ ၃ ၊ အမှတ် ၃၄ ၊ 

      ၂ဝ ၊ နိုဝင်ဘာ ၊ ၁၉၃၂ ခု


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment