Sunday, December 11, 2022

ကျွန်မ ရဲ့ ကိုတာတေ

 

❝ ကျွန်မ ရဲ့ ကိုတာတေ❞

 

ကျွန်မ က လည်း ကျွန်မ ပဲ ။ ဒီ ယောက်ျား အကြောင်း စကား ထဲ ထည့် ထည့် ပြော နေမိတယ် ။ ဒါကိုပဲ သူငယ်ချင်းတွေ က သူ့ ကို ကျွန်မ ချစ်လွန်းလို့ တဲ့ ။ ဟွန့် … ဝေးသေး ။ သူ့ များ စိတ် ကုန်ပါတယ် ။ ဘယ်လို ရေစက် နဲ့ များ ဆုံ လာ ရတယ် မသိပါဘူး ။ တစ်နေ့ တစ်နေ့ ဘယ်နား သွား နေရမလဲ မသိအောင် စိတ်ညစ်တယ် ။ သူ နဲ့ မို့ မျက်နှာချင်း မဆိုင်လိုက် နဲ့ ၊ ဆိုင် လိုက်တာ နဲ့ ပြောစရာ က လာ ပြီ ။ ဘယ်သို့ နေ ၊ ဘယ်သို့ ထိုင် ။ ထိုင် ထိုင် ပြန်ပြီ ။ ထ ထ ပြန်ပြီ ။ လူ ပဲ အရုပ် မှ မဟုတ်တာ ။ ကိုယ့် စိတ် နဲ့ ကိုယ့် ကိုယ် တော့ လည်း ရှိ ဦးမှာပေါ့ ။ သူ တောင် သူ့ သူငယ်ချင်းတွေ နဲ့ ဆုံရင် လက်ဖက်ရည်ဆိုင် က မထ တတ်တဲ့ အကျင့် ရှိတာပဲ ။ ကျွန်မ ရဲ့ အကျင့် က လည်း ဝါသနာ တူ စာပေမိတ်ဆွေ တွေ နဲ့ ဆုံချင် တွေ့ချင် တတ်တယ် ။ ကျွန်မ ခင်မင်လေးစား ရ တဲ့ စာရေးသူ တွေ မကျန်းမာ ရင် တတ်နိုင် သလောက် ကူညီ ပေး ချင်တယ် ။ အဲဒါ ကို လည်း သိပ် မကြည်ချင်ဘူး ။ ထားပါ ။ အဲဒါ ကျွန်မ ချို့ယွင်းချက် ပဲ ထား ။ 


သူ ခွင့်လွှတ် နိုင်ရမယ်ပေါ့ ။ 


ဟင်း … မပြောလိုက်ချင်ဘူး ။ 


ကျွန်မ ကို သူ ဘယ်လို စ , စိတ် ဝင်စားသလဲ ။

 

ကျောင်း မဂ္ဂဇင်း မှာ ရေး ထားတဲ့ ကျွန်မ ဝတ္ထုတွေ ကို ကြိုက်လှချည် ရဲ့ ဆိုပြီး ကျွန်မ သူငယ်ချင်းတွေ က တစ်ဆင့် မိတ်ဆက် ခိုင်းတာ လေ ။ ပြီးတော့ သူ ရေး ထားတဲ့ စာမူ ကို ဖတ်ပြီး ဝေဖန်ပေးပါ ဆိုပြီး စာအိတ် တစ်အိတ် ပေးတာ ။ ကျွန်မ ဆိုတဲ့ ကျွန်မ က လည်း ဘယ်လောက် တုံးသလဲ အ,သလဲ ဆိုရင် ကိုယ့် ကို ရည်းစားစာ ပေးလို့ ပေးမှန်း မသိ ။ အဟုတ်ကြီး မှတ်ပြီး ယူ လာရော ။ အိမ်ကျ ဖောက် ကြည့် လိုက်မှ ရည်းစားစာကြီး ဖြစ် နေရော ။


အမယ်  … ဒါတွေ ပြန် ပြောတာ ကိုယ်တော် က ရှက် ချင် ရှက် နေဦးမှာ ။ ကျွန်မ က လည်း ကြည်နူးပြီး ပြန် ပြော နေတာ မဟုတ်ပါဘူး ။ အစ ကတည်း က ကျွန်မ စာပေဝါသနာ ကြီး တာ သူ သိ သားပဲ ။ အဲဒီတုန်းက ဘယ် မဂ္ဂဇင်းတိုက် သွားချင်လို့ ဆို သူပဲ လိုက်ပို့ ပေး နေကျ ။ ခုမှ ဒါကို မကြည်မဖြူ ဖြစ်တော် မူနေတာလေ ။

 

ပြီးတော့ ကျွန်မ က တစ်နှစ် နေ လို့ အင်္ကျီ တစ်ထည် မဝယ်ဖြစ်ပေမဲ့ ၊ တစ်လ လောက် စာအုပ်ဆိုင် မရောက်ရင် မနေတတ်ဘူး ။ စာအုပ် အဟောင်းဆိုင်တွေ မှာ မကြာခဏ ဝင် မွှေ ရတာကို လည်း အင်မတန် သဘော ကျ တယ် ။ မိဘ လက်ထက် မှာ မုန့်ဖိုးလေး ချွေတာ သုံး ရတာတောင် အပို ဘာမှ မသုံးဘဲ စာအုပ်တွေ ပဲ ဝယ် မိတာ ။ အစ က တော့ တစ်ယောက် တည်း ပေါ့ ။ နောက်တော့ သူ က ကျွန်မ သွား လေရာ လိုက်ပြီး စာအုပ်ဆိုင်တွေ နောက်လည်း မညည်းမညူ လိုက် ပေးတာပဲ ။ သူ က တောင် စာအုပ်တွေ ဝယ် ပေးသေး ။ ကျွန်မ သိသလောက် သူ လည်း စာ နဲ့ အဝေးကြီး ထဲ က မဟုတ်ပါဘူး ။ လူနာဆောင် အမှတ် ၆ တို့ ၊ လေရူးသုန်သုန် တို့ ဆိုရင် သူ့ ဆီ က ကျွန်မ ဖတ် ခဲ့ရတာပဲ ။ အဲဒီလို အခြေအနေ က နေ ခုကျမှ ကျွန်မ စာအုပ်တွေ ဝယ် လာရင် ၊ ဘာတွေ ဖြုန်း လာ ပြန်ပြီလဲ ။ ကိုယ့် အကျိုး ရှိမယ့် ဆေးပညာစာအုပ်တွေ တော့ မဝယ်ဘူး ၊ ဘာညာ နဲ့ သူ က ပြော လာရင် ၊ ကျွန်မ လေ သူ့ ပါးစပ် ကို တအား ကုတ်ဖဲ့ ပစ်လိုက်ချင်တာ ။


အဲဒါ မုန်းစရာမကောင်းလား ။


အဲဒီလို မုန်းစရာတွေ ကို ကျွန်မ ပြော မိတာများ သူ့ ကို ချစ်လို့တဲ့ ။


ကဲ … မခက်လား ။

 

ခက်ပါတယ် ၊ ယောက်ျားများ ဟာ ။


ချစ်သူ ဘဝ တုန်း က ဘာမှ မပြောမဆို ပါးစပ်ကြီး အဖြဲသား နဲ့ ၊ နေရာတကာ မှာ ဘေး က အမြဲ ပါနေကျ ။ အပျိုတုန်း ကတည်း က ကျွန်မ က ဆံပင် ခဏခဏ ညှပ်လိုက် ၊ ပုံသွင်းလိုက် လုပ် နေကျပဲလေ ။ ဒါကို ကျွန်မ သွား စရာ ရှိတယ် ။ မလိုက်နဲ့ ဆိုရင် မရဘူး ။ မရမက မေးတယ် ။ အမျိုးသားတွေ လိုက် စောင့်လို့ မရတဲ့ ဆိုင် မှာ ကျွန်မ က ဆံပင် ညှပ်တာလေ ။ ဒါလည်း မရဘူး ။ အတင်း လိုက်မှာပဲ တဲ့ ။


“ ကဲ လိုက်တော်မူ ကိုယ်တော် ” ဆိုတော့ နိုက်ဂျူတီ ဆင်းပြီး ထွက်လာတဲ့ အလုပ်သင် ဆရာဝန် ဘဝ ၊ မျက်တွင်း ဟောက်ပက် နဲ့ လိုက်ပို့တယ် ။ ပြီးရင် ဆိုင် အပြင် တစ်နေရာ မှာ မငိုက်မမြည်း ဘဲ စောင့်နေ တတ်တယ် ။ ခုများဖြင့် သူ အလုပ် မအားတာ ဂျီ မကျဘဲ ကိုယ့် ဟာ ကိုယ် ဆံပင် သွား ညှပ်တာတောင် … “ ဒီ ဆံပင်ပဲ လုပ် နေတာပဲ ၊ အိမ် မှာ ကို မနေဘူး ” ဆိုတာက တစ်မျိုး ။ “ ဆံပင် သွား လုပ်ထားပြန်ပြီလား ၊ သိပ် လှချင်နေတယ် ဟုတ်လား ၊ အလကား အပိုတွေ ” ဆိုတာ ရေရွတ် လို ရွတ် ။ လူ တစ်ဖက်သား မခံချိ မခံသာ ဖြစ်အောင်တော့ အတော် ပြောတတ်တာ ။ မိန်းကလေး ပဲ ။ လူတော ထဲ တင့်တယ်အောင် ကြည့်ရှု ကောင်းအောင် မပြင်ရတော့ဘူးတဲ့ လား ။


ဒါတောင် ကျွန်မ ဆိုတဲ့ မိန်းမ က နောက်ဆုံးပေါ်ပေ့ ဆိုတာတွေ ဝတ် ၊ မိတ်ကပ် ၊ နှုတ်ခမ်းနီ ၊ အသားလှဆီ ၊ ဒေးခရင် ၊ နိုက်ခရင် ၊ Skin Care တွေ ပေါ် သမျှ ကြော်ငြာ သမျှ ဝယ်လိမ်း ၊ ဝယ်သုံး နေ တတ်တဲ့ မိန်းမမျိုး မဟုတ်ဘူး ။ ကျွန်မ အပြင် ထွက်မယ် ဆိုရင် ခုမှ ( သူများ နည်းပေးလမ်းပြ လုပ်လို့  ) Camella Lotion လေး အောက်ခံ လိမ်း ၊ သနပ်ခါး အတုံး ကို သွေးပြီး ပွတ် လိုက်ရင် အလှပြင်ခြင်း ကိစ္စ ပြီးပြီ ။ တစ်ခါတလေ စိတ်လို လက်ရ ရှိမှ အစ်မတွေ ဝယ် ထားတဲ့ ခရင်ပတ် တစ်မျိုးမျိုး ကို ပိတ် ရိုက် လိုက်တာနဲ့ ပြီးတာ ။ အရင် က ဆို ပရိုမီနာ လောက် သာ လိမ်း တတ်တာ ။


ဒါ့ အရင် က ကျွန်မ ဆေးကျောင်းသူ ဘဝ တုန်း က ဆို တက္ကသိုလ်နတ်ရေကန် မိတ်ကပ် နဲ့ ပြီးတာ ။ ယုံနိုင်ကြမလား ။ အလှပြင်ဖို့ လာ တဲ့ ကောင်မလေးတွေ ကို လိုက် စ ဖို့ လောက် သာ ကြည့် နေတာ ။ ခုထိ ( ယောက်ျား သာ ရ နေတယ် ) လှတဲ့ ကောင်မလေးတွေ ကို ကြိုက် ချင်တုန်း ။ ပြီးတော့ ကျွန်မ က အရောင်နုနုလှလှ ၊ အပွင့်အနု ဖက်ရှင်တွေ ကို လည်း မဝတ်တတ်ဘူး ။ ကျွန်မ ဝတ် လိုက်ရင် ထဘီ ပြောင်ရင့်ရင့် ( များသောအားဖြင့် အနက် ) ၊ ရှပ် သို့မဟုတ် ဘလောက်စ်ပွပွတွေ သာ ဝတ် တတ်တာ ။ အဲဒီလို မိန်းမစားမျိုး ကို မှ “ သိပ် လှချင်နေတယ် ဟုတ်လား ” တို့ ဘာညာ နဲ့ လာ ခနဲ့ နေ တော့ အမြင် က ကပ် လာရော ။ အဲဒီ အမြင်ကပ်တာတွေ ပြော မိတော့လည်း သူ့ ယောက်ျား အကြောင်း ချည်း ပြော နေတာပဲတဲ့ ။


ကဲ … ခက်ပုံ က ။

 

နောက်တစ်ခု … ။ 


ကျွန်မ စိတ် တိုတာ ရှိသေးတယ် ။ ကျွန်မ တစ်ခုခု လုပ် တာ အဆင် မပြေလို့ သူ့ ကို အကူအညီ တောင်းတိုင်း “ Everything is difficult for you ” လို့ ပြော တတ်တာလေ ။ အဖုံး တစ်ခုခု ကျပ် နေလို့ ဖွင့် ခိုင်းရင် သူ က အဲဒီလို မခိုးမခန့် ပြောပြီး ဖွင့် ပေးတတ်တာ ။ သူ့ ယောက်ျား အားကြီး နဲ့ ဖွင့် မှ တော့ မပွင့်ဘဲ နေ မလား ။ ဒါကိုပဲ ကျွန်မ လုပ်သမျှ ခက် နေတယ် ။ ကျွန်မ အသုံး မကျဘူးပေါ့လေ ။


ကဲ … ဒါ ပြောစရာလား ။

 

ပါးစပ်လေး ပိတ်ပြီး လုပ်စရာ ရှိတာ လုပ် ပေးလိုက်ရင် ပြီးပြီ မဟုတ်လား ။ ဒါကိုပဲ သူ့ မှာ လှောင်စရာ တစ်ခု လို ပြက်ရယ် ပြု လို့ ။ ကျွန်မ က လည်း ကျွန်မ ပဲ ။ အမှတ် မရှိဘဲ ပစ္စည်း တစ်ခုခု ပျောက်တာ မေး မိတာတို့ ၊ တစ်ခုခု လိုရင် ညည်း မိတာတို့ ၊ သူ့ ရှေ့ မှာ အိုးနင်းခွက်နင်း ဖြစ် ကုန်တာတို့ အမြဲ ဖြစ်လေ့ ရှိတယ် ။


သူ့ ကွယ်ရာ မှာ ဆိုရင် အဆင်ချော နေတာတွေ က သူ့ ရှေ့ မှာ ဆိုရင် ဖြစ်ပြီ ၊ မဟုတ်တာတွေ ။ သူ က လည်း အကွက် စောင့်ပြီး ပြော ပြီ ။ ကြာတော့ သူ နဲ့ ဆိုရင် အမှားမှား အယွင်းယွင်း တွေ ဟာ သတိထား တဲ့ ကြား က အမြဲ ဖြစ် နေတော့တယ် ။ သတိ ထား လေ ၊ ပို ဖြစ်လေ ထင် ပါရဲ့ ။ ပို ဖြစ်လေ သူ ပို ငေါ့ လေ ။ ကျွန်မ က ဒေါသတွေ ပို ဖြစ်လေပေါ့ ။

 

ကျွန်မ အခက်အခဲ တစ်ခု ကြုံ တိုင်း သူ့ ပါးစပ် က “ Everything … ” လို့ ထွက် လာတာနဲ့ ကျွန်မ အဲဒီ လုပ်နေတာတွေ ကို ချက်ချင်း ရပ်ပစ်ပြီး သူ့ ကို မျက်စောင်း လှမ်း ထိုး တတ်တယ် ။


ပြီးတော့ ကျွန်မ က ဆောင့်ခနဲ သူ နဲ့ ဝေးရာ လှည့် ထွက် လိုက်မိတယ် ။ ဒါတောင် “ ပြောရင်လည်း မကြိုက်ဘူး ” လို့ သူ က ရေရွတ် ကျန်နေခဲ့သေးတယ် ။ ကိုယ့် ကို ဒီလောက် စောင့်ကြည့် အပြစ် ပြောဖို့ လောက် ရှာ နေတာ ကြိုက်တဲ့ သူ ဘယ်မှာ ရှိမလဲ ။ သူ က မှ ခွ စာ ။

 

ပြီးတော့ လူ ပဲ ။ တစ်ခုခု တော့ ကိုယ်သန်ရာ ကျွမ်းကျင်ရာ ရှိတာပေါ့ ။ ကျွမ်းကျင်ရာ လိမ္မာ တဲ့ ။ သူ က ခွဲစိတ်အထူးကု ဆရာဝန်ပဲ ။ ပြည်တည်နာလေးတွေ ခွဲတာ လောက်တော့ အပျော့ ပေါ့ ။ ပြီးတော့ ခြေသည်း လက်သည်း ခွာတာလေးတွေ ၊ အဆီကျိတ် ခွဲထုတ် တာလေးတွေ ဆို တာ ထမင်းစား ရေသောက် ၊ အပျင်းပြေ လောက် ရှိတာ ။

 

ထိခိုက်ဒဏ်ရာတွေ ကွဲပြဲ ရောက်လာပြီ ဆိုရင် လည်း ဘယ်လောက် နက်နက် ၊ ဘယ်လောက် ဟက်တက် ကွဲပြီး စုတ်ပြတ်နေပါစေ ၊ သူ က စကားလေး တပြောပြော နဲ့ လူနာ ကို ထမင်း စားပြီးပြီလား ။ ဘာ ဟင်း နဲ့ စား ခဲ့လဲ ။ ပါးစပ် က မေးရင်း လက် က လုပ်စရာ ရှိတာ လုပ် ပြီးပြီ ။ အောက် က လူနာ က ကိုယ် ဘာ နဲ့ စားခဲ့ပါလိမ့် လို့ ပြန် စဉ်းစား နေချိန် မှာ တစ်ချက် လောက် တော့ ချုပ်ပြီး သွားပြီ ။ နောက်တော့ တချို့ လူနာတွေ က နပ် နေပြီ ။ တစ်ခုခု လုပ်စရာ ရှိလို့ အာရုံပြောင်းဖို့ “ ထမင်း စားပြီးပြီလား ” လို့ စကား စ လိုက်တာနဲ့ “ လုပ်သာ လုပ်ပါတော့ ဆရာ ရယ် ၊ ကျွန်တော် အောင့် ခံပါ့မယ် ” လို့ ရှုံ့မဲ့ ပြောသူ တောင် ပြော နေကြပြီ ။ သူ လက်သံ ပြောင်မှန်း သိသိကြီး နဲ့ မပျောက်နိုင်တဲ့ အနာတွေ ၊ ခွဲ ဖို့ လိုတဲ့ အခါတွေမှာ သူ့ ဆီ ပြေး လ ာကြရစမြဲပါပဲ ။

 

အဲသလို သူ နာမည်ကြီး လို့ သူ့ အနာသမားတွေ က ဆေးခန်း ကို ပြေး အလာ ၊ သူ ဂျူတီ ကျ လို့ ဆေးခန်း မထိုင် နိုင်တဲ့ အခါ ကျွန်မ က ခွဲ ရရော ။ ဒီအခါမှာ တော်ရုံ အနာ လောက်တော့ ကျွန်မ တို့ ဆရာဝန် တိုင်း က လုပ် တတ်ပေမယ့် ဒီ အနာတွေ ထိုင် လုပ်ပေးနေရတာ နဲ့ တင် နောက်မှာ လူနာတွေ က ပုံသွားပြီ ။ ဒီကြား ထဲ ထုံဆေး ပေးပြီး ခွဲရ စိတ်ရ တဲ့ အခါ ထုံဆေး အရှိန် ရအောင် စောင့်ရ ၊ ခွဲရစိတ်ရ နဲ့ ကျွန်မ တစ်ယောက် တည်း မနိုင်မနင်း ပေါ့ ။ ဘာပဲဖြစ်ဖြစ် ကြိုးစားပြီးတော့ တော့ လုပ်ထားတာပေါ့ ။ ဒါကိုပဲ နောက်နေ့ အဲဒီ လူနာ ကို သူ ဆက်ကြည့် တဲ့ အခါ ဟင်း … လက်ရာ က တော့ ပြောင်ပါ့ကွာ ၊ ဘာညာ နဲ့ လူနာ မကြားအောင် ကျွန်မ ကို ရိ သေးတာ ။ ပြီးတော့ အနာတွေ လုပ်ရတာ များလို့ လူနာတွေ ပုံ နေတုန်း သူ ရောက်လာတဲ့ အခါ ဒါလေးများကွာ လို့ စိတ်မရှည်သံ နဲ့ မျက်မှောင်ကြီး ကြုတ် ထားပြန်ရော ။


ကဲ … ဘယ်လောက် မခံချင်စရာ ကောင်းလဲ ။ လူပဲ ။


ကိုယ် ကျွမ်းကျင်ရာ ကိုယ် ပေါ့ ။ ဒါကိုပဲ သူ့ မှာ စိတ်မရှည်ပုံ နဲ့ ဘယ်လောက် ခက်လဲ ။ ဒါတွေ ပြောမိ ပြန်တာရော သူ့ ကို ချစ်လို့တဲ့ လား ။ ဟွန်း … ဝေးသေး ။


နောက်တစ်ခု … ။


ကျွန်မ တစ်သက် မှာ ယောက်ျား မယူခဲ့ ရင် ကောင်းမှာ ဆို တဲ့ အတွေးတွေ ရင် ထဲ ရောက် လာစေတဲ့ အချိန် က တော့ ကျွန်မတို့ သူငယ်ချင်း တွေ စုပြီး ပြန်လည် ဆုံတွေ့ ကြမယ် ဆိုတဲ့ အချိန်ပေါ့ ။ ကျောင်း တုန်း ကတည်း က ကွဲ သွားခဲ့ကြတဲ့ ငယ်သူငယ်ချင်း တွေ အားလုံး ကြိုတင်ချိန်းဆို ထားတဲ့ အဲဒီ ရက် မှာ နိုင်ငံခြား ရောက်နေတဲ့ သူငယ်ချင်း က လည်း သူ လည်း ပြန် လာမယ် ၊ အားလုံး စုပြီး ပုဂံ ကို သွား လည်ကြမယ် လို့ လှမ်း အဆို ပြုတယ် ။

 

ကျွန်မ တို့ က အဲဒီလိုပဲ ။ သူငယ်ချင်း တစ်သိုက် ဟာ စာမေးပွဲ အပြီး တို့ ၊ မွေးနေ့ တို့ ၊ အောင်စာရင်း ထွက်တဲ့ နေ့ တို့ စသဖြင့် မှတ်မှတ်ရရ နေ့ တွေ မှာ ဆုံပြီး အလည်အပတ် ခရီးတွေ ထွက်လေ့ ရှိတယ် ။ ကျွန်မ က ငယ်စဉ် ကတည်း က ကျန်းမာရေး ချူချာတယ် ။ ဒါကြောင့် ဘယ်မှ ခရီးဝေးဝေး မသွားခဲ့ရဘူး ။ ပြီးတော့ ကျွန်မတို့ မိသားစု က သူများတွေ လို အပန်းဖြေ ခရီးတွေ ထွက်လေ့ မရှိတော့ ဘယ်မှ သိပ် ရောက်ဖူးတယ် မရှိဘူး ။ ဒါကြောင့် အခု ကျွန်မ အသက် ကြီး လာ ချိန် မှာ နည်းနည်း နေကောင်း လာတဲ့ အခါ သူငယ်ချင်းတွေ နဲ့ လည်း အဖော် ကောင်းချိန်မှာ မေမေ တို့ ကလည်း ကျွန်မ ကို လည်ပတ်တာ ခွင့်ပြုလေ့ ရှိတယ် ။ ပြီးတော့ သူငယ်ချင်းတွေ ရဲ့ အမေ ၊ အစ်မတွေ လည်း အားရင် အားသလို လိုက်လေ့ ရှိတယ် ။ ဘယ်သူမှ မပါလည်း ကျွန်မ တို့ သူငယ်ချင်း တစ်သိုက် က ဘယ်သူ့မှ မမှုပေါင် ။ သူငယ်ချင်း အားလုံး စု မိရင် ကျွန်မတို့ တစ်သိုက်က ဝက်ဝက်ကွဲ သောင်းကျန်း တော့ တာပဲ ။ ဒါပေမဲ့ ပရမ်းပတာ သိပ် ဟော့ရမ်း တာ တော့ မဟုတ်ဘူးပေါ့ ။ အသက်တွေ လည်း ငယ်တော့ တာ မှ မဟုတ်တာ ။

 

မှတ်မှတ်ရရ နောက်ဆုံးနှစ် အပိုင်း ( က ) အပြီး ကျောင်းပိတ်ရက် မှာ သူငယ်ချင်း ‘ အေး ’ ရဲ့ ဇာတိမြို့ မကွေးမြသလွန် ဘုရားပွဲ နဲ့ တိုက် နေတော့ ကျွန်မတို့ တစ်တွေ မကွေး ကို လိုက် သွားခဲ့ကြတယ် ။ အမြန် ဟီးနိုးကားကြီးတွေ နဲ့ သွား ကြတာပေါ့ ။ ကား က ညနေ ဘက် ထွက်ပြီး တစ်ည လုံး မောင်း တာလေ ။ ကျွန်မတို့ သူငယ်ချင်း က ၇ ယောက် ဆိုတော့ နှစ်ယောက်တွဲ သုံးခုံ ထိုင်ပြီး ခပ်ရဲရဲ သူငယ်ချင်း တစ်ယောက် က ရှေ့ဆုံးခုံ မှာ တစ်ယောက် တည်း ထိုင်တယ် ။ သူက ဂျူဒို ကရာတေးသမား ဆိုတော့ စိတ်ချရတယ် ။ ဒီလိုနဲ့ တစ်ည လုံး မောင်းတဲ့ ကား ပေါ် မှာ ကျွန်မတို့ အားလုံး ငိုက်ပြီး လိုက် လာကြတယ် ။ မနက် အရုဏ်အလင်း နံနက်စာ ဆိုင် တစ်ဆိုင်ရှေ့ ဆင်း စား ကြတော့ ရှေ့က သူငယ်ချင်း ကရာတေးသမား က လေသံ တိုးတိုးနဲ့ “ ငါ တော့ ည က ခြေတော်တင် ခံ လိုက်ရလို့ တွယ် ထည့်လိုက်ရသေးတယ် ” လို့ ပြော ပါလေရော ။


ကျွန်မ တို့ မှာ အားလုံး ‘ ဟင် ’ ခနဲ ထိတ် သွားပြီး “ ဟဲ့ … ဘာမှ လည်း မကြားလိုက်ရပါလား ၊ ငါတို့ ကို ဘာလို့ လှမ်း မပြောလဲ ၊ နင် ဘာ ဖြစ်သွားသေးလဲ ၊ ဘယ်မလဲ အဲဒီ အကောင် ” စသည်ဖြင့် တစ်ယောက် တစ်ပေါက် ကြွက်ကြွက်ညံ သွား ပါတယ် ။ ဒီတော့မှ တစ်ယောက် တလဲ မောင်း ဖို့ အပို လိုက်လာတဲ့ ဒရိုင်ဘာ တစ်ယောက် က ရှေ့ဆုံး ခုံ မှာ ဆန့်ဆန့်ကြီး အိပ်ပျော် သွားတော့ ကပ်ရက် ခုံ မှာ တစ်ယောက် တည်း ထိုင် နေတဲ့ သူငယ်ချင်း ရဲ့ ပေါင်ပေါ် သူ့ ခြေထောက်ကြီး ရောက် လာတာမို့ ခြေတော်တင် ခံရတယ်လို့ နောက် ပြော ကြောင်း ၊ တင် လာတဲ့ သူ့ ခြေထောက်ကြီး ကို ပြန် တွန်းချလည်း ပြန် ရောက် လာတာ နဲ့ မို့ အသင့် ဆောင် ထားတဲ့ ချိတ် နဲ့ ဖနောင့် ကို အားကုန် ထိုး ထည့် လိုက်မှပဲ ပြူးပြဲ ထ လာပြီး တစ်ဖက် ရွှေ့ သွားတဲ့ အကြောင်း ပြောပြီး ကျွန်မ တို့ သူငယ်ချင်း တွေ ဟား ကြတော့တယ် ။ ကား ပေါ် တက် တော့ ခြေတစ်ဖက် ထော့နင်း ထော့နင်း ဖြစ် နေတဲ့ ငနဲသား ကို ကြည့်ပြီး ကျွန်မတို့ သူငယ်ချင်း ဟာ ကရာတေး တင် မကဘဲ ‘ ချိတ်သိုင်း ’ လည်း ပြောင်မြောက်ပါပေ့ လို့ ဝိုင်း ဩဘာ ပေးကြရတယ် ။

 

အဲဒီလို အုပ်စု လိုက် ပျော်ပျော်ပါးပါး သွား ခဲ့ကြတဲ့ ရောဂါ က ကျောင်း လည်း ပြီးရော တစ်ယောက် တစ်ကွဲ သူငယ်ချင်း တွေ ကွဲ ကုန်တော့ အတော် ငြိမ်သွားခဲ့ရတယ် ။ အားလုံး ထဲ မှာ ကျွန်မ က အရင်ဆုံး ယောက်ျား ရ တာလေ ။ သူငယ်ချင်း တွေ ကတော့ အားလုံး ထဲ မှာ နေမကောင်းဘူး ၊ မကောင်းဘူး နဲ့ ငါတို့ ကတော့ စိုးရိမ် လိုက်ရတာ ။ သူ က တော့ ကုတ်ကမြင်း လို့ ဝိုင်း ဆဲကြတာပေါ့ ။ ပြောမယ့် သာ ပြောတာ ။ သူ က ကျွန်မ သူငယ်ချင်းတွေ နဲ့ မဟာခံတပ် တံတိုင်းကြီး ကို လည်း အပိုင် ဖြတ်ကျော်ပြီး သူ တို့ ကိုပါ စည်းရုံး နိုင် ခဲ့တာလေ ။

 

အဲဒီတုန်း က တော့ သူငယ်ချင်း တွေ ကြား ထဲ မှာ ပထမ ဆုံး ယောက်ျား ယူမိလေခြင်း လို့ နောင်တတွေ မရ ပေါင် ။ ချစ်တဲ့ သူ နဲ့ အတူ လက်တွဲ ဖို့ အားအင်တွေ အပြည့် ပေါ့ ။ ကဲ ခဲ့တာလေ ။ ဒီလိုနဲ့ ကျောင်း ပြီးလို့ ကွဲခဲ့တာ ကြာ ပြီး မှ သူငယ်ချင်းတွေ ပြန် ဆုံကြတဲ့ အခါ အရင်က ရောဂါတွေ ပြန် ထ ကြပြီး ခရီး ထွက် ကြမယ်ပေါ့ ။

 

အစ က တော့ ရန်ကုန် မှာ စု မိ ကြတဲ့ သူငယ်ချင်းတွေ ပဲ တိုင်ပင်ပြီး ခွင့်တွေ ယူကြတယ် ။ ကျွန်မ တစ်ယောက် သာ ကျန်မားရေး ကြောင့် အလုပ် မဝင်ဘဲ ကိုယ်ပိုင် ဆေးခန်း ပဲ ထိုင်တာ ။ ကျန် သူငယ်ချင်း တွေ အားလုံး က အလုပ်ခွင် အသီး သီး မှာလေ ။ နောက်တော့ အမေရိကား မှာ ရောက် နေတဲ့ ကရာတေးသမား သူငယ်ချင်း လည်း ကြား သွားရော သူ ပါ လိုက်မယ် ဆိုပြီး အစီအစဉ်တွေ လှမ်း ဆွဲ တော့တာပဲ ။ မီနီဘတ်စ်လေး ငှား ပြီး ပုဂံ ၊ ပုပ္ပါး တစ်ခွင် ပြဲပြဲစင် လျှောက်လည် ကြမယ်ပေါ့ ။ သူ ဟို က လှမ်း စီစဉ်သမျှ ကို ဒီ က သူ့ အိမ် က အကုန် လုပ်ပေးထားရတာလေ ။ ကျွန်မ တို့ တစ်တွေ ဖုန်း ကိုယ်စီ နဲ့ တိုင်ပင်ကြ ၊ စီစဉ်ကြ နဲ့ ရှုပ်ယှက်ခတ် နေတုန်း မှာ ကျွန်မ ယောက်ျား လင်တော်မောင် က ငြိမ် နေတာပဲ ။ ကျွန်မကလည်း ကျွန်မတို့ အုပ်စု အရင်ကတည်းက သွားလာ နေကျ ။ အိမ် က လည်း ခွင့်ပြုနေကျ ဆိုတော့ ထူးကဲပြီး သူ့ ကို ခွင့် မတောင်းမိ ပေါင် ။ မေမေ က တော့ မေး သား ။ ညည်း ယောက်ျား က ခွင့်ပြုရဲ့လား တဲ့ ။ သူငယ်ချင်းတွေ နဲ့ သွား တာပဲ ၊ ဘာလို့ ခွင့် မပြုရမှာလဲ လို့ တောင် ကျွန်မ က ပြန် ပြော မိသေး ။


ကိုယ့် ဘက် က အပိုင် ပေါ့ လေ ။

 

ဒီလိုနဲ့ နိုင်ငံခြား က သူငယ်ချင်း ရောက် လာတော့ နေ့တွေ ဘာတွေ အတည် လည်း ပြု ပြီးရော “ မလိုက်ပါနဲ့ မိန်းမ ရယ် ” တဲ့ ။ ကျွန်မ က လည်း ငယ်ငယ် ကတည်း က ကိုယ် လုပ်ချင်တာ ကိုယ် လုပ် လာတဲ့ မိန်းမ ပဲ ။ ဘာဖြစ်လဲ ၊ လိုက်မှာပဲ ပေါ့ ။ “ မလိုက်ပါနဲ့ ကွာ ၊ ကိုယ် လည်း မပါဘူး ၊ လမ်း မှာ တစ်ခု ခု ဖြစ်ရင် ဘယ်လို လုပ်မလဲ ၊ နောက် ကိုယ် အားတော့ ကိုယ် နေရာ အနှံ့ လိုက် ပို့ ပေးမှာပေါ့ ” လို့ အပျော့ ဆွဲ ပါလေရော ။ ကျွန်မ က လည်း မရဘူး ၊ လိုက်မယ် ဆိုပြီး သူ့ ကို ရန် လုပ်ပေါ့ ။ အဲဒီမှာ မနက်ဖြန် ထွက် တော့မယ် ဆို ဒီနေ့လို နေ့ခင်း မှာ ကရာတေး သူငယ်ချင်း က ဖုန်း လှမ်း ဆက်ပါလေရော ။ ကျွန်မ က ဘာမှ မပြောရသေးခင် “ တော်ပြီ ဟာ ၊ နောက်ဆို နင်တို့ နဲ့ အလည် ထွက် ဖို့ မခေါ်တော့ဘူး ၊ အစ က တော့ ကောင်းပြီး ကောင်းရက် နဲ့ ၊ ခုမှ အနား ကပ်ပြီး ညိုမီ က ခွင့် မရလို့ ၊ နင် က နေ မကောင်း လို့ နဲ့ ၊ ငါ က ကား စင်းလုံး ငှား ထားရတာ အလကားပဲ ” လို့ ပြော ပါလေရော ။ ကျွန်မ က “ ဟဲ့ … ငါ က ဘာ ဖြစ်လို့လဲ ၊ နေကောင်းပါတယ် ” လို့ ပြော ပေမယ့် “ သွားပါ ၊ နင့် ယောက်ျား က ငါတို့ ကို မခေါ်စေချင် လို့ နင် သိပ် နေမကောင်းဘူး လို့ ပြောတာ ငါတို့ သိ ပါတယ် ၊ နင် တို့ လင်မယား လည်း ငါတို့ ကြောင့် ရန် ဖြစ် နေတယ် လို့ နင့် အမေ ပြော တယ် ၊ နေပါတော့ ဟာ ၊ ငါတို့ချည်း ပဲ သွား လိုက် ပါတော့မယ် ” ဆိုပြီး သူငယ်ချင်းတွေ က သူတို့ ဟာ သူတို့ ထွက် သွားကြတယ် ။ ဘယ်အချိန် က များ ကျွန်မ နေမကောင်းဘူး လို့ သူ သွား ပြော လိုက်ပါလိမ့် လို့ တွေးမိတယ် ။ ဒါပေမဲ့ နောက်ဆုံး တော့ ကျွန်မ ကျန် ခဲ့ရတာပါပဲ ။

 

ကျွန်မ ကို အဲဒီ ည က သူ အကြီးအကျယ် ချော့ တာပေါ့ ။ သူငယ်ချင်းတွေ ရဲ့ အငြိုအငြင် ကို ခံပြီး မှ ရလာ တဲ့ ယောက်ျား ရဲ့ အယုအယ က ကျွန်မ အတွက် တော့ မုန်းစရာကြီး ပါ ။ အဲဒီလို သူ့ ကို မကျေနပ်တာတွေ ပြောမိ ပြန်တာရော သူ့ ကို ချစ်တာ တဲ့ လား ။


ပြီးတော့ မိတ်ဆွေ တစ်ယောက် က ဂျာနယ်လေး တစ်စောင် ကို လုပ်ပေးပါ လို့ အကူအညီ တောင်း တော့ ကျွန်မ လည်း စိတ်ဝင်စားတာ နဲ့ လုပ် ပေးမိတယ် ။ အဲဒီမှာ ကျွန်မ ရေး ထားတာတွေ ကို Layout လုပ် တော့ ရုံး မှာ ကျွန်မ သွား ထိုင်ပြီး လုပ် ပေးနေတုန်း သူ ရောက် လာပါလေရော ။


ဖြစ်ချင်တော့ အဲဒီ အချိန်မှာ တစ်ရုံး လုံး ကွန်ပျူတာသမား အမျိုးသားတွေ ပဲ ရှိ နေတော့ ယောက်ျားတွေ ကြား မှာ ဘာတွေ လုပ် နေတာတုံး တဲ့ ။ တစ်လမ်းလုံး လည်း လူ ကို ရစရာ မရှိဘူး ၊ ပြောလိုက် ဆိုလိုက် တာလေ ။ ပြီးတော့ ကျွန်မ လုပ် ပေးတဲ့ ဂျာနယ် က တာဝန် ရှိသူနဲ့ စကား ပြော ရ တာ ကို လည်း စွပ်စွဲတယ် ။ အဲဒီ လူ က ကျွန်မ အဖေ အရွယ် လောက် ရှိတဲ့ အဘိုးကြီး ပါ လို့ ပြော မိတော့ “ ယောက်ျားတွေ အကြောင်း ခင်ဗျား က ဘယ်လောက် သိလို့လဲ ” တဲ့ ။

 

“ ကဲ … ယောက်ျား နဲ့ မိန်းမ တွေ့ တာနဲ့ ဒီ ကိစ္စ စဉ်းစား နေကြတာ မဟုတ်ဘူး ၊ ကိုယ် နဲ့ နှိုင်းပြီး မရိုင်းနဲ့ ” လို့ ကျွန်မ က ပြန် အော် မိပြီး ရန် ဖြစ်ကြပြန် ရော ။ ကိုယ် လုပ် ချင်တာ မလုပ်ရ ၊ ကိုယ် ဝါသနာ ပါ တာ မလုပ်ရ လို့ စိတ် ညစ်တာတွေ ပြော မိ ပြန်တော့လည်း အားလုံးက သူ့ ဘက် က ချည်းပဲ ။


အမေတို့ အစ …


“ သမီး ရယ် … ကိုယ့် ယောက်ျား မကြိုက် တာ မလုပ်ပါနဲ့ ၊ ကိုယ် က အိမ်ထောင်ရှင် ပဲ ၊ သွားတာ လာတာ တွေ လျှော့ ၊ သူ က စိုးရိမ် လို့ ပြောတာပဲ ” တဲ့ ။


အမယ်လေး … ကျွန်မ သူငယ်ချင်း ဆရာဝန် စာရေးဆရာမ တွေ ရှိပါ့ ။ တစ်ယောက် က ဆိုရင် ဂီတ ပါ ဝါသနာ ပါ တော့ စန္ဒယား အတီး ဆရာ နဲ့ တောင် အတီး သင် နေသေး ။ သူ့ ယောက်ျား များ ဘာ တစ်ခု မှ မပြော ပေါင် ။ ဆရာ မမိချမ်းဝေ ရဲ့ ယောက်ျား ကို အင်တာဗျူး ထား တဲ့ အထဲမှာ “ မိန်းမ အားလုံး လုပ်နိုင်တဲ့ ထမင်းချက် ဟင်းချက် ကိစ္စ ပဲ မီးဖိုချောင် ထဲ မှာ အချိန်ကုန် နေတာ ထက် ၊ မိန်းမ အားလုံး မလုပ်နိုင်တဲ့ စာပေ ရေးသား တဲ့ အလုပ် ကို သူ့ ကို ပို လုပ်စေချင်တယ် ” လို့ သူ့ ယောက်ျား က ပြော ထား တယ် ။

 

သူ က တော့ တတ်နိုင် သမျှ မိန်းမ ကို အိမ် ထဲ သော့ခတ် သိမ်း ထား ချင်တာ ။ ဒါတွေ သူငယ်ချင်းတွေ ကို စိတ်ညစ်တဲ့ အကြောင်း ပြော မိတော့ “ နင့် ကို ချစ်လွန်းလို့ပါ ဟယ် ၊ နင့် ကို ဂရု မစိုက်ဘဲ စိတ် ကုန် နေရင် ဒါတွေ ဘယ် ပြောနေမှာလဲ ” လို့ တညီတညွတ်တ ည်း ဝိုင်း ပြော ကြပြီး နောက်တစ်ခါ ယောက်ျား အကြောင်း ပြောရင် ငွေ ၅၀၀ ပေးကြေး လို့ စ ကြပြန်ရော ။ သူတို့ ပြောတာက ကျွန်မ ကို ချစ်လွန်း လို့ သဝန် တို တာ ပေါ့ လေ ။ 


ဒါလား ကျွန်မ ကို ချစ်တာ ။


သက်သက်မဲ့ ချုပ်ချယ် နေတာ ။ တကယ် ချစ်ရင် ကျွန်မ စိတ်ချမ်းသာ အောင် ထား ရမှာပေါ့ ။


ကျွန်မ က တော့ ဒီလောက် ချုပ်ချယ်တာ ကို သာယာ မနေနိုင်ပေါင် ။ ဒါများ သူ့ ကို ချစ် လို့ သူ့ အကြောင်း ချည်း ပြော နေသတဲ့ ။ 


ဝေးသေး ။

 

အခုတလော သူ့ ထမင်းချိုင့် ထဲ မှာ ထည့် ပေးလိုက်တာ က ငါး ဆို ရင် ကြက် အရိုးတုံး ပြန် ပါ လာတတ်တယ် ။ ထည့် ပေး လိုက်တာ က ဘဲဥဟင်း ဆိုရင် ငါး အရိုး ပြန် ပါ လာတတ်တယ် ။ ဘယ်သူတွေ နဲ့ ဟင်းတွေ ဖလှယ် စား နေတာလဲ လို့ မေးတော့ သူငယ်ချင်းတွေ ပါ ပဲ တဲ့ ။ ညနေ ဆေးရုံ က အပြန် လည်း သိပ် နောက်ကျ တာပဲ ။ ကျွန်မတို့ က ဆေးခန်း မသွားခင် ညနေတိုင်း လက်ဖက်ရည်ဆိုင် ထိုင် တတ်ကြတယ် ။ ခုတော့ သူ အပြန် နောက်ကျ တော့ လက်ဖက်ရည်ဆိုင် တောင် မထိုင်ရတာ ကြာပြီ ။

 

သူ့ မေး တော့ လည်း ဝါ့ဒ် ထဲ မှာ အလုပ်တွေ များ လို့တဲ့ ။ သူ့ အပြော ပဲ လေ ။ သိနိုင်တာ မှ မဟုတ်ဘဲ ။ စနေ ၊ တနင်္ဂနွေ လည်း ဆေးရုံ မှာ အလုပ် ရှိလို့ တဲ့ ။ တစ်ပတ်လုံး နံနက်ထမင်း ကို နှစ်ယောက် အတူ မစားရ သမျှ စနေ ၊ တနင်္ဂနွေ ပဲ လက်ဆုံ စားခွင့် ရတာ ။ ခုတော့ အဲဒီ နှစ်ရက် တောင် အတူတူ ထမင်း စားခွင့် မရသလို ဖြစ် လာတယ် ။ သူ့ အပြောတော့ သူငယ်ချင်းတွေ နဲ့ စာ ဖတ် နေလို့ပါတဲ့ ။


အေးပေါ့လေ ။ ကျွန်မ က လည်း ယောက်ျား တစ်ယောက် နောက် ကို မယုံသင်္ကာ စိတ် နဲ့ တကောက် ကောက် လိုက် နေဖို့ ဝါသနာ ပါ တဲ့ မိန်းမ မှ မဟုတ်ဘဲ ။ ကိုယ့် အနား မနေချင် တဲ့ ယောက်ျားများ ပုဆိုးစ လိုက် ဆွဲ နေစရာ မလိုပါဘူး ။ မနေ ချင် သွား ပေါ့ ။ မတားပါဘူး ။ လူ ဆို တာ မာန နဲ့ ပါ ဆိုတဲ့ သီချင်း လို ပေါ့ နော် ။

 

ဒါပေမဲ့ … ကျွန်မ မခံချင်တာ က သူများ ကျွန်မ ကို လှိမ့် နေတာလား ။ ညာဖြီး ပြီး မဟုတ်တာတွေ ဘာများ လုပ်နေလဲ လို့ သိ ချင်တာ ။ ကျွန်မ ကို တော့ အိမ် ထဲ ထည့် သော့ခတ် ထား ချင်ပြီး သူ က တော့ ဘာတွေ ဖောက်ပြန် နေပါလိမ့် ဆိုတာ သိ ချင်တာ ။ သူ့ ကို လည်း ကျွန်မ ပြန် နိုင် ကွက် ရ ချင် တာပေါ့ ။ အဲဒီ စိတ်ကူး နဲ့ တစ်နေ့ တော့ ထမင်း စားချိန် နေ့လယ်ခင်း တစ်ခု မှာ ဆေးရုံ ကို ကျွန်မ လိုက် သွား ဖြစ်တယ် ။ သူတို့ ဒီနေ့ ခွဲစိတ်တဲ့ နေ့ မဟုတ်ဘူး ဆိုတော့ ထမင်း တော့ အေးအေးဆေးဆေး စား နေ ကြမှာပဲပေါ့ ။

 

ကျွန်မ ဝါ့ဒ် ထဲ ဝင် မိ ချိန် မှာ တစ်ဝါ့ဒ် လုံး တိတ်ဆိတ် လို့ ။ သူ့ အခန်း တံခါးကြီး က လည်း ပိတ် ထားတယ် ။ သူ့ ဟန်းဖုန်း လှမ်း ဆက်ရင် ရ ပေမဲ့ ကျွန်မ လာတာ သူ မသိစေချင် တာ မို့ အခန်းစောင့် သန့်ရှင်းရေး သမားလေး ကို မေး ကြည့်တော့ ဆရာ ထမင်း စား ဆင်း သွားသတဲ့ ။ ဘယ် သွား တတ်သလဲ ဆိုတော့ အောက် က ဘလတ်ဘန့် ( သွေးလှူဘဏ် ) နား က ဆိုင် မှာ တဲ့ ။


နေနှင့်ဦးပေါ့ လို့ စိတ် ထဲ မှာ ကြုံးဝါးပြီး ကျွန်မ လည်း လိုက် ဆင်း လာခဲ့တယ် ။ ဆိုင်နား ရောက် တော့ တိတ်ဆိတ် နေတဲ့ ကြားမှာ သူ့ ကို လှမ်း မမြင်ခင် ကတည်း က သူ့ အသံ ဟောင်ဖွာ ဟောင်ဖွာ ကို ကြား နေ ရတယ်လေ ။ သူ့ အသံ နဲ့အတူ တဝါးဝါး တဟားဟား အသံတွေ လည်း ဆူညံ နေတာပဲလေ ။ ဒါဆိုရင်တော့ ပထမ စိတ်အေး သွားရတာက ကောင်မလေး တစ်ယောက် ယောက် နဲ့ သာဆို ဘယ် ဒီလို ထိုင် ဟား နေမလဲ ။ တိုးတိုးသက်သာ ညုကလီးယား နေ မှာပေါ့ ။ ဆိုင်း နား မှာ အထဲ မဝင်သေး ဘဲ ကျွန်မ ကိုယ် ရှိန် သတ်လိုက်တယ် ။ ပြီးမှ ဆိုင် ထဲ ဝင် တဲ့ ခြံစည်းရိုးလေး နား မှာ ရပ် ပြီး အထဲ လှမ်း ကြည့် လိုက်တယ် ။ ခုနေ ကိုယ့် သူငယ်ချင်းတွေ များ တွေ့ရင် အမယ်လေး … ကိုယ် မချစ်ဘူး ဆို တဲ့ ယောက်ျား နောက် မှာ ဘာလို့ လိုက် ချောင်း နေပါလိမ့် လို့ သရော်ကြ မှာ ပဲ လို့ စိတ် ထဲ က လည်း ကိုယ့် ကိုယ် ကိုယ် မလုံချင် ပြန်ဘူး ။ 


အိုလေ … ဒါ သူ့ ကို ချစ်လွန်းလို့ မှ မဟုတ်ဘဲ ။

 

ကိုယ် အညာ ခံ နေရမှာ စိုး လို့လေ ။


ပြော သာ ပြော ရတယ် ။ သူ့ နောက် လိုက် လာပြီး မတော်တာ တွေ့ မှာ စိုးရိမ် နေရတုန်း က တော့ ရင် တလှပ်လှပ် နဲ့ ။ ကိုယ် အညာ ခံ ရမှာ စိုး ရုံနဲ့တော့ ဒီလောက် ပူပင် နေပါ့မလား ။ ပြီးတော့ သူ့ သူငယ်ချင်းတွေ နဲ့ ဟားတိုက် နေသံ ကြားတော့ ဟင်းခနဲ သက်ပြင်းတွေ ချ ပြီး ရင် ထဲ ပေါ့ သွားလိုက်တာ ။ ဒါ ယောက်ျား ကို မချစ်ဘူး ၊ သဝန် မတိုတတ်ဘူး လို့ ကြွေးကြော် နေတဲ့ မိန်းမ တစ်ယောက် ရဲ့ ခံစားချက် လား ။ ကျွန်မ ကိုယ့် ကိုယ် ကိုယ် လိပ်ပြာ မလုံ ဖြစ်နေ ရ ပြန်ပြီလေ ။ 


အို … လင်မယား ပဲ ။

 

ဘယ်လောက် ပဲ မချစ်ဘူး ပြောနေ ပြောနေ ၊ သံယောဇဉ် ဆိုတာ က တော့ ရှိ မှာပေါ့လေ ။ ကိုယ့် ကိုယ် ကိုယ် ရှက်စနိုး နဲ့ ဖြေတွေး တွေးပြီး ဆိုင် ထဲ လှမ်း ကြည့် လိုက်တော့ သူ က ကျွန်မ ရှိရာ ဆိုင် အဝင် ဘက် ကို ကျော ပေးပြီး ထိုင် နေလေရဲ့ ။ သူ နဲ့ မျက်နှာချင်း ဆိုင် ထိုင် ပြီး ကျွန်မ ဘက် မျက်နှာ လှည့် နေသူတွေ က လည်း အကုန် ယောက်ျားလေး တွေ ။ ပြီးတော့ တစ်ယောက် မှ ကျွန်မ နဲ့ မသိသူ တွေ ။ ဒါလည်း ခပ် ကောင်းကောင်း ။ ဒါမှ ကျွန်မ သူ့ နောက် က စားပွဲ မှာ အသာလေး ဝင် ထိုင် ရင် ဘယ်သူ မှ သူ့ ကို လက် တို့ ပြော နိုင်မှာ မဟုတ်ဘူး ။ အဲဒီ ဆုံးဖြတ်ချက် နဲ့ အတူ ကျွန်မ သူ့ နောက် က စားပွဲပုလေး မှာ အသာ ဝင် ထိုင်လိုက်တယ် ။ စားပွဲထိုး ချာတိတ်လေး လာ မေးတော့ တောင် ကိုလာ တစ်လုံး လို့ လေသံတိုးလေး နဲ့ အပြတ် မှာ ပြီး သူတို့ စကားသံတွေ နား စွင့် လိုက်တယ် ။ သူ့ အသံကြီး က အတိုင်းသား ပဲ လေ ။

 

“ ဟေ့ကောင် တွေ … မင်း ကြက်ရိုးကြီး ဘယ်နှယ် ငါ့ ထဲ လာ ထည့် နေရတာလဲ ၊ ခုတလော အိမ် က မိန်းမ က ဘယ်သူ နဲ့ ထမင်း စား လဲ ၊ ဘာညာ နဲ့ စစ်ဆေးရေး ဝင် နေပြီ ကွ ”


“ အေးလေ … မင်း ပဲ ဟိုတလော က ငါ့ ဟင်းကျန်တွေ ပါ သွားလို့ မိန်းမ က မေးမြန်း နေတယ် ၊ ဒီလိုတော့ လည်း မိန်းမ က ငါ့ ကို ဂရုစိုက်ဖော် ရသားပဲ ဆို ”


“ တော်ပြီလေ ကွာ ၊ ခုဟာ က ငါ့ ဟာ ငါ အလုပ် များ လို့ စနေ တနင်္ဂနွေ ဆေးရုံ လာ တာတောင် မယုံသင်္ကာ ဖြစ် နေလို့ မနည်း ရှင်း နေရတယ် ကွ ၊ တော်ကြာ ကွိုင် တက် နေပါဦးမယ် ကွာ ”


တဟားဟား နဲ့ အော် ရယ် နေကြတဲ့ သူတို့ အသံတွေ မစဲခင် ဘဲ စားပွဲထိုးလေး ကို ပိုက်ဆံ လှမ်း ပေးပြီး ကျွန်မ အသာ လစ် ထွက်ခဲ့တယ် ။


ညနေ ကျ ရင် သူ့ ထမင်းချိုင့် ထဲ က ကြက်ရိုးကြီး ကို မသိချင်ယောင် ဆောင် ပြီး ဒီနေ့ ဘယ်သူ နဲ့ စား ပြန်ပြီလဲ လို့ ရင်ဘတ်ကြီး ကို ထု ပြီး မေး ပစ် လိုက်ဦးမယ် ။ 


ဟွန်း … သိပ် မုန်းဖို့ ကောင်းတဲ့ ကျွန်မ ချစ်လင် ကိုတာတေကြီး လေ … ။

 

◾အမရာ ( ဆေး - ၁ )


📖 ကလျာမဂ္ဂဇင်း ၊

     ၂၀၀၅ ၊ ဩဂုတ်လ ။


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment