Friday, December 9, 2022

ရွှေလ နှင့် ခြူးပိုက်ဆံ


 

❝ ရွှေလ နှင့် ခြူးပိုက်ဆံ ❞

စမူဆာ ဂျောင်ဂျားမှာ
မောင် စားတာတွေ
အိပ်ရာဝင် စောင်မရှိလို့
ယောင်မိတာတွေ ။  ။
     [ ဂျဘိုး (ကြမ်းပိုး) သီချင်း ]

သိင်္ဂါရောင်ဝေ ၊ မှောင်ခြွေပယ်ခွာ ၊ မြတ်မွန်ရတနာ ၊ စန္ဒာလမင်းကြီး သည် ၊ လျှံညီးထိန်လင်း ၊ ရွှေနန်းဆောင်ဆောင်ဘုံ မှာ ၊ ကြယ်ပေါင်းစုံ ရံလျက် ၊ သာယာသာယာအေးမြ ၊ သာ လည်း သာ လှပေသော ည တစ်ည ၌ - ဤမည်သော ရန်ကုန်မြို့ကြီး ပေါ်ဝယ် နှစ်ကောင် သော ငှက်ဖြူ နှင့် ငှက်မည်း တို့ သည် ပျံဝဲလျက် ရှိ ကြပါပေသည် ။

သံသာ လေညင်းဆော် … လို့  ၊ ထူးထွေ ကြူးလေတည့် ငှက်သံသာ ။ “ ဝဲကာလေ ဝဲကာလေ ပျော်မြူးရှာကြ ” ။

ငှက်ဆိုး လော ၊ ငှက်ကောင်း လော ၊ တစ်တီတူး လော ၊ ကြိုးကြာ လော ။ ထို ငှက်တို့ကား အဘယ် ငှက်များ ဖြစ်ကြသနည်း ။ အထက် တာဝတိံသာပြည် ပဋိသန္ဓေဘက် ဆိုင်ရာ နတ်မင်းကြီး ၏ ရုံးတော် မှ လူ့ပြည် တွင် ပဋိသန္ဓေ ပေးရန် စေလွှတ်လိုက်သော ငှက်အစေခံ ၊ ငှက်ပြာတာ များ ဖြစ်ကြသဖြင့် ငှက်ကောင်းများ ဟု ခေါ်ဝေါ် ယူဆသင့်ပါသည် ။ ထို ငှက်တို့ ၏ နှုတ်သီးဖျား၌ ပိတောက်ပန်းခက်ကလေး တစ်ခက်စီ ချီ လာကြပါသည် ။ ထို ပိတောက်ပန်းခက်ကလေးများ ကို သူတို့ ကြိုက်နှစ်သက်ရာ အိမ်ခေါင်မိုးများ ပေါ် တွင် ပစ်ချထားခဲ့တတ်ကြပါသည် ။ ထို ပိတောက်ပန်းခက်ကလေးများ သက်ရောက်ရာ အိမ်များတွင် သားရတနာ ၊ သမီးရတနာများ ထွန်းကား ကြရပါသည် ။

ထိုညဉ့် အဖို့၌ စဉ့်အိုးတန်း ၊ တိုက်နံပါတ် ( ၅၂၈ ) တွင် ဗျိုင်းဖြူ၏ နှုတ်သီး မှ ပိတောက်ပန်းခက်ကလေး သက်ဆင်းလေတော့သည် ။ ငှက်မည်း မူကား ဟိုလိုလို ၊ သည်လိုလို နှင့် အတန်ကြာ ယောင်လည်လည် ရှိနေပြီး နောက် စတီဝင်ဆင်လမ်း ၊ တိုက်နံပါတ် ( ၁၅ဝဝ ) တွင် မိမိ ၏ ဝန်ထုပ် ကို စွန့်ပစ်ကာ ကောင်းကင် သို့ ပျံတက် ပြေးလေသတည်း ။

°°°°°   °°°°°   °°°°°

အချိန် သည် လူ ကို မစောင့်ချေ ။ တစ်နေ့ တစ်နေ့ နှင့် တရွေ့ရွေ့ ကုန်ခဲ့သော ရက် တို့ ကို စုပေါင်း သည် ရှိသော် ဆယ်လ ကျော် ၍ တစ်နှစ် နီးပါးပင် ကြာရှိခဲ့လေပြီ ။ ထိုကြောင့် ငှက်ဖြူ ၏ ရွေးချယ်ရာ ( ၅၂၈ ) ၊ စဉ့်အိုးတန်း တိုက်ဂေဟာ တွင် မနောဟရ ၊ လူ့ဘုံကျသို့ ၊ နုလှယဉ်ရွဲ ၊ မြင်သူတိုင်း စွဲလောက်သည့် သမီး ရတနာ ချောကညာ ကို မာတာမိခင် ဖွားသန့်စင် သည် အမည်သညာ ခေါ်စရာကား မပုစု ၊ အသက် ၁၂၀ ရှည်စေ ။

ငှက်မည်း ရွေးကောက်ရာ ( ၁၅ဝဝ ) ၊ စတီဝင်ဆင်လမ်း ၌ကား ပွဲကတော်ကြီး ၏ ပတ္တမြားရွှေကြုတ် တွင် နှုတ်ငုံတော် အရင့်အမာ ရှိသဖြင့် ပွဲစားကြီး ပင်ပန်းစွ တကား ။ သန်းခေါင်ယံ အချိန် တွင် ဘအေး ဟု ခေါ်တွင်မည် ဖြစ်သော ဂေါ်ရင်ဂျီအသားညစ်ကလေး ၏ တအား ဟစ်လိုက်သည့် အူဝဲသံ ကို ဒါလဟိုဇီလမ်း မှ လန်ချားကုလားများ ကြား လိုက်ရလေသည် ။

°°°°°   °°°°°   °°°°°

ခရစ်နှစ် ၁၉၃၃ ခုနှစ် တွင် ထို မပုစု နှင့် ၎င်း မောင်ဘအေး တို့ သည် ဤမည်သော အမိတက္ကသိုလ်ကျောင်းတော်ကြီး ဝယ် ပညာတည်း ဟူ သော နို့ ကို သောက်စို့ရန် ရောက်လာ ကြတော့သည် ။ “ အကြောင်းကံ ဆုံလို့ ကြုံတွေ့ရပြန်တယ် ၊ ဪ ... ဘယ်ရှေး ဘယ်ကံ စီမံ ဖန်လာခြယ် ... ။ ”

ပုစု ကို မြင်သည် နှင့် တစ်ပြိုင်နက် ဘအေး တွင် ရာဂပုတ္တများ တဖွားဖွား ဖြစ်ရလေသည် ။ ဘအေး ကား ကြိုက် မရှက် ။ ဘအေး က ပုစု ကို အတင်း ပိုး လေ တော့သည် ။ ကျောင်း တက်လျှင် ဒုတိယ ခုံတန်း ကို တစ်ဦးတည်း ကိုယ် စားလှယ်ခံကာ ပုစု ၏ နောက်နား မှ ကပ်လျက် စက္ခုရူပေန သံဝါသာရာဂ ပုတ္တများ တဖွားဖွား ။ ပုစု နှင့် မိမိ အား ခြားလျက် ထားသော အနံ တစ်ပေ ရှိ စားပွဲခုံ တန်းလျားကလေး ကို ပင် ဘအေး သည်းမခံနိုင် ။ စိတ် ထဲတွင် ကြိတ်ခဲ၍ မရတိုင်း ထုမိတော့၏ ။ ဘအေး  စာ အစောင်စောင် ပေး ရှာ၏ ။ သုံးနှစ် တိုင် တိုင် ပိုး ရှာ၏ ။ သို့သော် မစွံ ။

ပုစု ကား စကား လည်း မပြော ။ စာ လည်း မပြန် ။ နောက်ခုံ တွင် မခွဲနိုင် မခွာနိုင် ထိုင်လျက် နေရှာသော ဘအေးကလေး ကို ပင် သံတွေခဲ နှင့် တူသည်ဟု ထင်တော် မူလေသည် ။

ဘအေး ကား မည်းသည် မှန်၏ ။ ပုစု ကား ဖြူသည် မှန်၏ ။ သို့သော် ဘအေး ၏ အချစ် ဖြူစင်သလောက် ပုစု ၏ အမုန်း ကား မည်းနက် လေတော့သည် ။ ဥပမာ လျှင် ဘအေး ၏ အချစ် သည် ပုစု ၏ မျက်နှာ ကဲ့ သို့ ၊ ပုစု ၏ အမုန်း သည် ဘအေး ၏ မျက်နှာ ကဲ့ သို့ ။

ဘာ လုပ်ရမည်နည်း ။ သုံးနှစ် သုံးမိုး ကျော် သည့် တိုင်အောင် ပိုးပန်းခဲ့ပြီး နောက် ဘာမျှ အကြောင်းမထူး ရှိနေသည် မှာ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ်ပင် ဖြစ်နေတော့၏ ။ အဘယ်ကြောင့် ဆိုသော် တက္ကသိုလ် ၌ စာသင်ချိန်မှာ ယေဘုယျ အားဖြင့် လေးနှစ် လေးမိုး ကြာလျှင် ပြီးဆုံး လေသည် ။ ထို့ကြောင့် ဘအေး အဖို့ အချိန်များများ မကျန်ရှိတော့ပါ ။ တစ်ဖက်၌ စာ ကျက်ရန် လည်း တာဝန် ရှိနေ၏ ။ အပြင်  လောက မှ လယ်သမား မောင်သာပြော နှင့် ကောက်စိုက်သမ မယ်သုံ တို့လို ခုနစ်နှစ် ၊ ခုနစ်မိုး ကြာအောင် အချစ် ကိစ္စ ကို ကြိုးရှည်ရှည် နှင့် လှန်ထားရန် မှာ လည်း တက္ကသိုလ်လောက ၌ မဖြစ်နိုင်ချေ ။

ဘယ်လို ဖြစ်နိုင်သနည်း ။ မင်းကုသ ၏ မျက်နှာတွင် ကျောက်ပေါက်မာများ ပါရှိလျက် လွန်စွာ အရုပ် ဆိုးသည် ဟု ကြားဖူး၏ ။ အလွန် ချော ၊ အလွန် လှပသူ ပပဝတီ က စောစောပိုင်းတွင် မပုစု က ဘအေး အပေါ်၌ မျက်မုန်း ကျိုးသလိုပင် ကုသမင်း နှင့် ဘုကျခြင်းများ အကြီးအကျယ် ရှိခဲ့ပေသည် ။ သို့သော် ခုနှစ်ပြည်ထောင် မင်းများ နှင့် ရင်ဆိုင်ရန် စစ်မက်ရေးရာ ပေါ်ပေါက် လာသောအခါ ပပမယ် ကပင် ပြေး၍ မင်းကုသ ၏ ခြေသလုံး ကို ဖက် ခဲ့ရသည် မဟုတ်ပါလော ။

တစ်ဖန်တုံ လည်း ရှိတ်စပီးယား ရေးသော ကဒ်လီ ဗိုလ်ချုပ်ကြီး အိုသဲလို ပြဇာတ် ၌ လူဖြူမယ်ကလေး ဒက်စဒီမိုနာ သည် “ တိုက်ကြီးပေါ် က အပျိုစင် ရေ ... ဒယ်အိုးဖင် နှင့် ညားရလေခြင်း ” ဟူသော သံချပ် ကဲ့ သို့ အဖြူ နှင့် အမည်း ဒွန်တွဲ ခဲ့ကြသော သာဓက ရှိခဲ့ပေသည် ။ “ ရှေးထုံးကိုလည်း မပယ်နှင့် ” ဟူသော စကားပုံ အရ မပုစု က ထိုသို့သော အစဉ်အလာများ ကို သတိမူ သင့်သည် မဟုတ်ပါလော ။

အဘယ့်ကြောင့် ဤသို့ ဖြစ် ရသနည်း ။ ကိစ္စ တစ်ခု အဆင် မပြေသည် ရှိသော် တစ်စုံတစ်ခု သော ချို့ယွင်းချက် ၊ သို့မဟုတ် တစ်ဦး တစ်ယောက် ၏ မှားယွင်းမှုကြောင့် ဖြစ် တတ်ရကား ဤ ချစ်ကိစ္စ ၌ လည်း ကျွန်ုပ်တို့ သည် တရားခံ ရှာရန် မမေ့လျော့သင့်ပေ ။ ဘအေး နှင့် မပုစု တို့ ပဋိသန္ဓေ တည်ချိန်က ပန်း ခက်ကလေးများ သယ်ဆောင် လာသော ငှက် နှစ်ကောင် ကို လည်း စုံစမ်း စစ်ဆေးသင့်သည် မဟုတ်ပါလော ။

ဘအေး ၏ ပန်းခက် ကို သယ်ဆောင်ခဲ့သော ငှက် က ထို ပန်းခက် ကို မီးဖိုချောင် ရှိ မီးသွေးအိတ်များ ပေါ် သို့ ကပျာကယာ ပစ်ချထားခဲ့သဖြင့် ဘအေး ခမျာ အသားမည်းခြင်း ဖြစ်ရသည် ဟု ယူဆနိုင်သည် မဟုတ်ပါလော ။

တစ်နည်းအားဖြင့် ဆိုလျှင်လည်း မပုစု ၏ ပန်းခက် ကို သယ်ဆောင်ခဲ့သော ငှက် သည် အဘယ်ကြောင့် ဘအေး တို့ နေထိုင်သော လမ်း နှင့် အလှမ်း ကွာဝေးသော စဉ့်အိုးတန်းသို့ တမင်တကာ သွားကာ ထို ပန်းခက် ကို ချ ထားရပါသနည်း ။ တစ်လမ်း တည်း ၌ ချထားခဲ့ပါမူ မယ် နှင့် မောင် တို့ ပိုမို နီးစပ်နိုင်ဖွယ် အကြောင်း ရှိသည် မဟုတ်ပါလော ။

( ဝါ ) တစ်နည်းကား - အငှား တိုက်တန်းလျား တစ်ခု တည်း ၌ ပင် ဘအေး နှင့် မပုစု တို့အား တစ်ခန်းခြား အိမ်နီးချင်းများ အဖြစ် ဖန်တီးပေးခဲ့ပါက ငှက်များ အဖို့ အပို ခရီးဝေး ပျံသန်းရခြင်း မှ သက်သာဖွယ် ပင် ရှိနိုင်သည် မဟုတ်ပါလော ။

ယခုသော်မူ ထိုငှက်တို့ က အိမ်နံပါတ် ရွေးချယ်ပုံ သည် ပင်လျှင် ဘအေး အား ပြောင်လှောင် သရော်ခဲ့သို့ ရှိနေ၏ ။ မပုစု ၏ အိမ်နံပါတ် က ( ၅၂၈ ) ၊ ဘအေး ၏ အိမ်နံပါတ် က ( ၁၅၀၀ ) ။

အို .. ငှက်မိုက် တို့ ၊ လွန်လေပြီးသော အတိတ်ဘဝ ၌ နတ်ပြည် က နန္ဒာကန်ဝယ် လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး မခွဲတမ်း မခွာတမ်း ချစ်ခဲ့ကြ ၊ ကြိုက်ခဲ့ကြ ၊ ပျော်ပါးခဲ့ကြသော နတ်မောင်မယ် ကို သင်တို့သည် အဘယ့်ကြောင့် ဤသို့လျှင် ရွှေလ နှင့် ခြူးပိုက်ဆံ ကဲ့သို့ ( ဝါ ) ပုစု နှင့် ဘအေး ကဲ့သို့ ကွဲလေ ကွာလေအောင် ပြုကြလေဘိသနည်း ။ လုပ် မှ လုပ်ရက်လေတော့သည် ။

အို ... ငှက်မိုက် တို့ ၊ ဘအေး ၌ အချစ်မီး လောင်ကျွမ်းလျက် ကယောင်ကတမ်း ဖြစ်၍ နေချေပြီ ။ “ မကြံနိုင် ကိုယ်တည်း ကြုံ ” တော့သည် ။ ကြည့်ကောင်း တိုင်း ကြည့် နေကြသလော ။ သင်တို့ ၏ အမှား ကို သင်တို့ လျှင် အမြန် ပြန်၍ စေ့စပ် ပေးကြပါကုန်လော့ ... ။

သာဓု သာဓု သာဓု ... ။

◾ ညိုမြ

📖 စာဆိုတော်မဂ္ဂဇင်း
      ဇန်နဝါရီ  ၊ ၁၉၃၆ ခုနှစ်
     
#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment