Thursday, December 8, 2022

မြနန်းနွယ် ( ၃ )


 “ မင်း သိထား ဖို့ က ဖေသော် ဟာ လူ မဟုတ်ဘူး ကွ ” 


ဟု ပြော ကာ မျက်ရည်များ တတွေတွေ စီး ကျ လာ လေတော့သည် ။


ကျွန်ုပ် သည် ဦးအောင်သော် အား ကြည့် ၍ ကရုဏာ သက်မိ၏ ။ ထို့ကြောင့် ချော့မော့ ရလေ၏ ။


“ ဦးလေး ရယ် .. ကျွန်တော် က အဓိဌာန် အကြောင်း သိချင် လို့ မေးတာပါ ။ မဆိုင်တဲ့ အကြောင်းအရာတွေ ပါ လာတော့ စိတ် မကောင်း ဖြစ် ရတယ် ။ ကျွန်တော် တောင်းပန်ပါတယ် ” 


ဟု ပြော မှသာ ဦးအောင်သော် သည် မျက်ရည်စများ ကို သုတ် လေ ၏ ။ ထိုသို့ သုတ်ပြီး နောက် ..


“ သတိ ရ လို့ပါ ကွာ .. မင်း ကြောင့် စိတ် မကောင်း ဖြစ်ရတာ မဟုတ်ပါဘူး ”  


ဟု ဦးအောင်သော် က ပြော လေ၏ ။ 


“ ဒီမှာ ဦးလေး ၊ ကမ္ဘာ မီးလောင် တဲ့ အထဲ ဆီမီးခွက် က တစ်မှောင့် ဆိုတာ လို ဖြစ်နေပြီ ။  ဦးလေး ရဲ့ ဆရာကြီး အဘမှည့် က ရွှေ အဓိဋ္ဌာန် ဆိုပြီး ရွှေဘုရား ခုနစ်ဆူ မှာ အဓိဋ္ဌာန် ဝင်ခိုင်းတဲ့ ကိစ္စ ဟာ စဉ်းစား ကြည့်ရင် ရန်ကုန် က လူတွေ အတွက်ပဲ ဖြစ် နေတယ် ။ တခြား မြို့က လူတွေ အဲဒီ အဓိဋ္ဌာန် လုပ် ချင် ရင် အခက်အခဲ ရှိတာ ပေါ့ ။ တည့်တည့် ပြောရရင် လုပ်လို့ မရနိုင်ဘူးပေါ့ ဦးလေး ရယ် ” 


ဟု ပြော လိုက်ရာ ဦးအောင်သော်ကြီး က ကျွန်ုပ် အား မျက်လုံး ပြူး၍ ကြည့်ပြီး လျှင် ..


“ မင်း က တော့ တစ်ခု မဟုတ် တစ်ခု ကတ်သီးကတ်သတ် မေးတတ် တဲ့ ကောင်ပဲ ။ တို့ ဆရာကြီး အဘမှည့် နား မှာ နေရင် မင်း က တော့ ဖနောင့် နဲ့ အပေါက် ခံရမယ့် ကောင်ပဲ .. ”  


ဟု ပြန်၍ ပြောလေ၏ ။ 


“ စိတ်မဆိုးပါနဲ့ ဦးလေး ရယ် ။ ကျွန်တော် က သိချင်လို့ မေးတာပါ ။ ကတ်သီးကတ်သတ် လုပ်တာ မဟုတ်ပါဘူး ”  


ဟု ပြော လိုက်ရာ ဦးအောင်သော်ကြီး က .. 


“ စိတ်မဆိုးပါဘူးကွာ ..  ။ အခု မင်း မေးတဲ့ မေးခွန်းမျိုး ကို မန္တလေး သား မောင်ဇင်မြင့် ဆို တဲ့ သူငယ် တစ်ယောက် က မေး ဖူးတယ် ။ အဲဒီတော့ အဘမှည့် က မောင်ဇင်မြင့် ကို လည်း ရွှေအဓိဌာန် ပေး လိုက်တယ် ။ သူ့ ကို လည်း မန္တလေး မှာ ပဲ လုပ် ခိုင်းတယ် ။ မန္တလေး က ရွှေဘုရား ခုနစ်ဆူ ပေါ့ကွာ ။ အဲဒီမှာ လုပ် ခိုင်းတယ် ဟေ့ .. ”  


ဟု ကျွန်ုပ် အား ပြန်၍ ပြော လေ၏ ။ 


“ မန္တလေး ကို ကျွန်တော် ရောက် ဖူးပါတယ် ။ အတော့် ကို နှံ့နှံ့စပ်စပ် ရောက်ဖူး ပါတယ် ။ ရွှေဘုရား ခုနစ်ဆူ တော့ မရောက်ဖူးပါဘူး ။ ဘယ်ဟာတွေ လဲ ဦးလေး ရဲ့ ”  


ဟု ကျွန်ုပ် က မေး လိုက်ရာ ဦးအောင်သော် က .. 


“ ရွှေစာရံ ၊ ရွှေကျီးလာ ရွှေကျီးသာ ၊ ရွှေကျီးမြင် ၊ ရွှေကြက်ယက် ၊ ရွှေကြက်ကျ ၊ ရွှေကူကြီး ၊ ရွှေမုဋ္ဌော ရယ်လို့ ခုနစ်ဆူ ရှိပါတယ် ကွာ ..  ။ ရွှေစာရံ ဆိုတာ ကတော့ အများ သိပြီးသား စောမွန်လှ နဲ့ ပတ်သက် နေတဲ့ စေတီတော် ပဲ ။ မန္တလေး - မေမြို့( ပြင်ဦးလွင် ) ကားလမ်း ဘေး အုန်းချောရွာ နား က ဒုဋ္ဌဝတီ မြစ် ဘေး မှာ ရှိတယ် ။ အုန်းချောရွာ ကနေ ၃ မိုင် ၊ ၂ ဖာလုံ လောက် သွားရင် ရွှေစာရံ ဆိုတဲ့ သာယာတဲ့ ရွာကလေး တစ်ရွာ ရှိတယ် ။ အလွယ် ခေါ် တော့ ရွှေစာရံ ပေါ့ကွာ ။ အပြည့်အစုံ ခေါ်ရင်တော့ “ သစ္စာဓိဌာန် ရွှေစာရံ ဆုတောင်းပြည့်သည် မြတ်စေတီ ” လို့ ခေါ်ရမယ် ကွ ။ “ ရွှေကျီးလာ ရွှေကျီးသာစေတီ ”  ကတော့ မန္တလေးမြို့ အထွက် အောင်ပင်လယ် ကန် နဲ့ မလှမ်းမကမ်း မှာ ရှိတယ် ။ “ ရွှေဂူကြီးဘုရား ” က တော့ မန္တလေး - အမရပူရ လမ်းမ ပေါ် မှာ ရှိတယ် ကွ ။ ရွှေကူကြီး လမ်းညွှန် ဆိုင်းဘုတ် လည်း တပ်ထားတယ် ။ “ ရွှေမုဋ္ဌောစေတီ ” က တော့ စစ်ကိုင်းချောင် သွား တဲ့ ကားလမ်း ဘေး မှာ တင် ရှိတယ်ကွ ။ ကျန်တဲ့ စေတီတွေ က တော့ မင်း သိပြီးသားပါကွာ ။ ပြီးတော့ မင်း ကို ပြော ရဦးမယ် ။ ဒါက ရွှေစေတီတွေ ကို ကိုယ်တိုင် သွားရောက်ပြီး ဖူးမြော် အဓိဋ္ဌာန် လုပ်ရတဲ့ ကိစ္စ ကွ ။ အကြောင်း အမျိုးမျိုး ကြောင့် မလုပ်နိုင်တဲ့ လူတွေ အတွက် ရွှေအဓိဋ္ဌာန် လုပ်နည်း ကို လည်း ငါတို့ ဆရာ အဘမှည့် က သင်ပြ ပေးထားပါတယ် ”  


ဟု ရှည်လျားစွာ ကျွန်ုပ် အား ပြော ပြလေ၏ ။ ထိုအခါ ကျွန်ုပ် က .. 


“ ဦးလေး ဟာ ကလည်း ဗျာ ။ အဲဒီလို စေတီတော်တွေ ကို မသွား ဘဲ နဲ့ အဓိဋ္ဌာန် လုပ်လို့ ရရင် ဘာဖြစ်လို့ အပင်ပန်းခံပြီး သွား မလဲ ”  


ဟု ကျွန်ုပ် က မေး လိုက်ပြန်၏ ။ ထိုအခါ ဦးအောင်သော် က .. 


“ ကိုယ်တိုင် ကိုယ်ကျ သွားပြီး လုပ်တဲ့ လူ အတွက် သွားပြီး လုပ်ပေါ့ကွာ ။ ကိုယ်တိုင် ကိုယ်ကျ မသွားနိုင်တဲ့ သူ အတွက်တော့ ရွှေဘုရား ခုနစ်ဆူ ဓာတ်ပုံ နဲ့ အဓိဋ္ဌာန် ဝင် ရင်လည်း ရ နိုင်တာပါပဲ ။ တို့ ဆရာ ကြီး အဘမှည့် ဆိုရင် ဓာတ်ပုံ ကို တောင် သူ က သိပ်ပြီး အသုံး မခိုင်းဘူးကွ ။ ရွှေရေးအနားကွပ် ပါတဲ့ ပန်းကန် ( ၇ ) ချပ် ဝယ်ခိုင်း တယ် ။ ပြီးတော့ အဲဒီ ပန်းကန်ပြား ပေါ် မှာ ဆေး နဲ့ ရွှေစေတီ ခုနစ်ဆူ ရဲ့ ဘွဲ့အမည် တွေ ရေး ခိုင်းပြီးတော့ ပန်းကန်ပြား တစ်ချပ် စီ မှာ ရွှေတစ်ပြား စီ ချ ခိုင်းတယ် ။ ပြီးတော့ အဲဒီ ပန်းကန် တွေ ကို ဘုရားစင် ပေါ် မှာ တင်ခိုင်းပြီး အဓိဌာန် လုပ်ခိုင်းတယ် ကွ ။ ဥပမာ ရွှေမုဋ္ဌောစေတီ အဓိဌာန် အလှည့် ဆို ရင် ပုတီး ကို ရွှေမုဋ္ဌော လို့ ရေး ထားတဲ့ ပန်းကန်ပြား ထဲ မှာ ထည့်ပြီး ရှိခိုး ခိုင်းတယ် ။ ပြီးတော့မှ ပုတီး ကို လက်နှစ် ဖက် နဲ့ တရိုတသေ ယူပြီး သတ်မှတ်ထား တဲ့ ဂါထာ ကို ပုတီးစိပ် ခိုင်းတယ် ။ အဲဒါ ဘယ်သူ့ ကို လုပ်ခိုင်းတာ တွေ့ဖူးသလဲ ဆိုတော့ မျက်စိ မကောင်း လို့ ကောင်းကောင်း လမ်း မလျှောက်နိုင်တဲ့ ကရင်အမျိုးသားကြီး စောထွန်းစိန် ကို လုပ်ခိုင်းတာ ငါ ကိုယ်တိုင် တွေ့ ဖူးတယ် ကွ ။ အဲဒီတော့ ငါ က အဘ ရယ် .. ကျွန်တော် လည်း ဘုရားတွေ မသွားဘဲ ဦးစောထွန်းစိန် လုပ် သလို လုပ် ရမလား လို့ ပြောတော့ တို့ ဆရာကြီး အဘမှည့် က ရွှေအောင်သော် ရယ် မင်း အသက် က ငယ် ပါ သေးတယ် ။ အပင်ပန်း ခံလိုက် ပါ ။ ရွှေထွန်းစိန် က တော့ မျက်စိ က မှုန်ဝါးဝါး ဖြစ် နေလို့ အဲဒီလို လုပ်ခိုင်း ရတာ လို့ ပြောဖူးတယ် ကွ ။ ကျောက်မြောင်းဈေး ထဲ က ပန်းမာမွတ် ဆို တဲ့ ပန်းသည် အဘွားကြီး ကို လည်း ရွှေဘုရား ခုနစ်ဆူဓာတ်ပုံ နဲ့ အဓိဌာန် ဝင် ခိုင်းတာ ငါ တွေ့ဖူးတယ် ကွ ။ အဲဒီ မိန်းမကြီး ရဲ့ ဆရာ အရင်း က ဆိတ်သား ရောင်းတဲ့ မာမွတ် ။ အဲဒါ ကြောင့် အဲဒီ မိန်းမကြီး ကို ပန်းမာမွတ် လို့ ခေါ်တာ ။ အဲဒီ မိန်းမကြီး က ပုတီးလေး တစ်ကုံး နဲ့ လိုက်ပြီး ဗေဒင် ဟော နေ တဲ့ မိန်းမကြီး ကွ ။ နောက်တော့ လည်း တို့ အဘမှည့် ရဲ့ တပည့် ဖြစ် လာတယ် ။ သူ့ မှာ ရွှေဘုရားခုနစ်ဆူ ရဲ့ ဓာတ်ပုံလေးတွေ ရှိတယ် ။ အဲဒီ ဓာတ်ပုံ လေးတွေ ကို သူ က ရောင်စုံ ခြယ်ထားတယ် ကွ ။ ဘုရားတစ်ဆူ ရဲ့ ဓာတ်ပုံ ကို ရှေ့မှာ ထောင်ပြီး ပုတီး စိပ် တော့တာပဲ ဟေ့ ။ ဒါနဲ့ ငါ က ဒေါ်ပန်းနုကြီး လို ဓာတ်ပုံ နဲ့ အဓိဋ္ဌာန် ဝင်လို့ ရ မလား အဘ လို့ မေး ဖူးတယ် ။ တို့ ဆရာကြီး အဘမှည့် က မင်း က လည်း တော်တော် အသက်သာ ခို ချင်တာပဲ လို့ ပြောတယ် ။ ဒါပေမယ့် မရဘူးလို့ တော့ မပြောဘူး ကွ ။ အဲဒါ ထောက်ရင် ရ တဲ့ သဘော ရှိတာပေါ့ကွာ .. ” 


ဟု ဦးအောင်သော်ကြီး က ပြန်၍ ပြောလေ၏ ။ ထို့နောက် ဦး အောင်သော်ကြီး သည် ဆေးလိပ် သောက်ချင်သည် ဟု ပြောသဖြင့် ကျွန်ုပ် လည်း “ လက်ညှိုးထိုးတံဆိပ် ၊ မအေးမေ ” ဆေးပေါ့လိပ် ကို ပြေး ၍ ဝယ် ရပြန်လေ၏ ။ ပြန် ၍ ရောက်သော အခါ ထို လူကြီး က သူ သောက်သော ဆေးလိပ် မှာ လက်ညှိုးထိုးဆေးလိပ် မဟုတ် ။ မစိန်ညွန့် တံဆိပ် သာ သောက်သည် ဟု ပြော လေ၏ ။ ကျွန်ုပ် သည် စောစော က ၎င်း လွှင့် ပစ် လိုက်သော ဆေးလိပ်တို လေး ကို ကောက်ယူ ကြည့် လိုက်ရာ လက်ညှိုးထိုးတံဆိပ် မအေးမေ ဆေးပေါ့လိပ် ဖြစ်နေသည် ကို တွေ့ ရလေ၏ ။ ထို့ကြောင့် ..


“ ဦးလေး စောစောက သောက်တာ လက်ညှိုးထိုးတံဆိပ် မအေးမေ ပါ ။ ဒီမှာလေ ဦးလေး သောက်ပြီး ပစ် ထားတဲ့ ဆေးလိပ်တို ” 


ဟု ဆိုကာ ကျွန်ုပ် သည် ၎င်း ၏ ဆေးလိပ်တို ကို ပြ လိုက်လေ၏ ။ ထိုအခါ ဦးအောင်သော် က ..


“ မင်း ဟာ အတော့် ကို ကတ်သီးကတ်သတ် ပြောတဲ့ ကောင်ပဲ ။ စောစောက ဒီ ဘုရား ထဲ ကို ငါ ရောက်တဲ့ အချိန်မှာ ဟောဟို က ဆေးလိပ်ဆိုင်လေး မဖွင့်သေးဘူး ကွ ။ ဒီဘက်က ဆိုင် ပဲ ဖွင့်သေး တယ် ။ အဲဒီ ဆိုင် မှာ က တခြား ဘာ ဆေးလိပ် မှ မရှိဘူး ။ လက်ညှိုး ထိုးတံဆိပ် မအေးမေ ဆေးပေါ့လိပ် ပဲ ရှိလို့ သောက် ရတာပေါ့ ။ တကယ် သောက်တာ မစိန်ညွန့်ဆေးလိပ် ကွ ” 


ဟု ပြန်၍ ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ် သည် မအေးမေ ဆေးပေါ့လိပ် ကို ကျွန်ုပ် အိတ် တွင်း သို့ ထည့် လိုက်ပြီး လျှင် မစိန်ညွန့် ဆေးလိပ် ကို ပြေး ၍ ဝယ် ရပြန်လေ၏ ။ ထို့နောက် ကျွန်ုပ် သည် မစိန်ညွန့် ဆေးလိပ် ကို ဦးအောင်သော် အား ပေး လိုက်ရာ ဦးအောင်သော် က .. 


“ မင်း ဟာ ဆေးလိပ် ရွေးတဲ့ နေရာ မှာ တော်တော် ညံ့တဲ့ ကောင်ပဲ ကွ ။ ဖက် မည်းမည်းကြီး တွေ မရွေးရဘူး ။ ဖက် စိမ်းစိမ်းကလေး တွေ ယူ ရတယ် ။ စိမ်းစိမ်းကလေးတွေ က ဖက်နု ကွ ။ သောက် တဲ့ နေရာ မှာ အရသာ နည်းနည်း ကွာ တယ်ကွ ။ ပြီးတော့ .. ဆေးလိပ် ကို လက် နဲ့ ဖျစ် ကြည့်ရတယ် ။ ပျော့ပျော့ကြီး နေရင် ဆေးစာတွေ ချောင် နေတယ်ကွ ။ သောက် တဲ့ နေရာမှာ ဟာတာတာကြီး ဖြစ် တတ်တယ် ။ သိပ်ပြီးတော့ မာ နေရင်လည်း ဆေးစာတွေ ကျပ်နေ လို့ကွ ။ အဲဒီတော့ သောက် တဲ့ အခါမှာ မီးခိုး ကောင်းကောင်း မလိုက်ဘူး ။ ပြီးတော့ ဆေးလိပ် ကို နမ်း ကြည့်ရတယ် ။ မှို နံ့ ရရင် လည်း မယူရဘူး ငါ့ လူ ရ ...” 


ဟု ကျွန်ုပ် အား ပြောရင်း ၎င်း ၏ ဆေးလိပ် ကို မီး ညှိ လေတော့၏ ။ ထို့နောက် ဆေးလိပ် ကို စိတ်အေး လက်အေး ဖွာ နေ၏ ။ မီးခိုးများ ကို မှုတ်ထုတ် နေ၏ ။ ထိုအချိန် ၌ ကျွန်ုပ် က ဦးအောင်သော် အနီး တွင် ထိုင် ကာ ဦးအောင်သော် လှုပ်ရှား ပုံ ကို အသေးစိတ် ကြည့်ရှု မှတ်သား နေ၏ ။ ထိုသို့ မှတ်သား ရင်း ... 


“ ဦးလေးတို့ ဆရာကြီး အဘမှည့် နဲ့ ဦးလေး တို့ နဲ့ က တော်တော့် ကို ရင်းနှီးကြတာ ကိုး ။ သူ က ဦးလေး ကို ဘယ်လို ပညာမျိုး အဓိက ထား ပြီး သင် ပေး ပါသလဲ ”  


ဟု ကျွန်ုပ် က မေး လိုက်ရာ ဦးအောင်သော် က ပြုံး လေ၏ ။


“ ငါ့ ကို တော့ များများစားစား မသင်ပါဘူး ကွာ ။ တခြား ထွေထွေ ထူးထူး လည်း မလုပ်ခိုင်းပါဘူး ။ ပုတီး ပဲ စိပ် ခိုင်းတာပါပဲ ။ ပုတီး ကို တော့ အမျိုးမျိုး စိပ် ခိုင်းတယ်ပေါ့ ။ တစ်ခါတလေ ငါ့ ပုတီးတွေ ကို ယူ ပြီး သူ က သိမ်း ချင် သိမ်း ထားတာ ။ အဲဒီလို သိမ်း ထားပြီး ပုတီး သွား ဝယ်ချည် ဆိုပြီး ပုတီး အသစ် နဲ့ စိပ် ချင် စိပ် ခိုင်းတာ ။ ငါ့ ဆီ က သိမ်း တဲ့ ပုတီး ချည်း ပဲ ငါ မှတ်မိသလောက် ပြော ရရင် ရှစ်ကုံး ကွ ။ ပါပုတီး ၊ ကြေးပုတီး ၊ ကျောက်ပုတီး ၊ မျောက်မင်းသွေးခဲ ပုတီး ၊ သမလန်းပုတီး ၊ သရိုးပုတီး ၊ ဖန်ပုတီး ၊ ကြိုးပုတီး ။ အဲဒါတွေ အားလုံး သူ က ယူပြီး သိမ်း လိုက်တယ်ကွ ။ နောက်ဆုံး မှာ ငါ က ပိတောက်သား နီနီရဲရဲ ရတာ နဲ့ ပုတီး လုပ်တတ်တဲ့ သူ ဆီသွားပြီး ပိတောက်သားပုတီး တစ်ကုံး လုပ်ရတယ် ။ အဲဒီ ပိတောက်သား က လည်း ငါ စိပ် လိုက်တာ ပြောင်ပြီး ချောမွတ် နေပြီ ။ ငါ့ ဆရာကြီး ရှေ့ မှာ မစိပ်ရဲဘူး ကွ ။ ငါ့ ပုတီး ကို သိမ်းမှာ စိုး လို့ ။ ဒါပေမယ့် လည်း ဘယ် ကြာကြာ ဝှက် နိုင်မလဲကွာ ။ သူ ရှေ့ မှာ စိပ်မိတာပါ ပဲ ။ အဲဒီ တော့ သူ က ပုတီး ကို ယူ ကြည့်ပြီး “ ကောင်းတယ် ၊ ပုတီးခေါင်းလေး တော့ လဲ ပစ်လိုက် ။ ပိတောက်သားလေး နဲ့ ပဲ လေးထောင့်ချွန်းချွန်း ကလေး လုပ် လိုက် ” ဆိုလို့ ငါ လည်း ပုတီး လုပ်တဲ့ ဆီ သွားပြီး ခေါင်း လေး လဲ ပစ် ရတယ် ” 


ဟု ဦးအောင်သော် က ပြောလေ၏ ။ 


“ ဘာဖြစ်လို့ အဲဒီလို လုပ် ခိုင်းတာလဲ ”  


ဟု ကျွန်ုပ် က မေး လိုက်ရာ ဦးအောင်သော် က .. 


“ မင်း က သာ ငါ့ ကို အခုလို မေးခွန်းတွေ တစ်ခု ပြီး တစ်ခု မေးတာ ကွ ။ ငါတို့ က ငါတို့ ဆရာကြီး ကို မေးဝံ့တာ မဟုတ်ဘူး ။ အမေး မတော် ရင် ခေါင်း ကို ခေါက် တယ်ကွ ။ ပြီးတော့ သိပ်ပြီး စိတ် တို လာရင် အနား မှာ ရှိတဲ့ ထွေးခံ နဲ့ ကောက် ပေါက်တယ် ။ တောင်ဝှေး နဲ့ ရိုက်တယ်ကွ ။ အဲဒီတော့ ပုတီးခေါင်းလေး ကို လေးထောင့်ပုံ လဲ လိုက်ဆိုရင် လဲ လိုက်ရတာပဲ ။ ဘာကြောင့်လဲ ဆိုတာ မမေးဝံ့ဘူး ”  


ဟု ပြောရာ ကျွန်ုပ် က ... 


“  ဦးလေး တို့ ဟာ ကလည်း နေရာ မကျပါဘူး ။ ဘုမသိ ဘမသိ နဲ့ လိုက် လုပ်နေတဲ့ နောက်လိုက်တွေ ပဲ ။ ဘလိုင်းဖောလိုဝါး လို့ ခေါ် တာပေါ့ ” 


ဟု ပြောလိုက်ရာ ဦးအောင်သော် က ပြုံး လေ၏ ။ ထိုသို့ ပြုံးပြီး နောက် .. 


“ ဟုတ်တယ် ငါ့ လူ ရေ ။ ဘလိုင်းဖောလိုးဝါး ပဲ ပြောပြော ၊ ဘာပဲ ပြောပြော တို့ ဆရာကြီး အဘမှည့် နဲ့ပတ်သက် လို့ တို့ က အားလုံး ယုံ ထားရတာ ။ ကြောက် လည်း သိပ် ကြောက် ရတယ် ။ မကြောက် တဲ့ လူတွေ လည်း ဒုက္ခ ရောက် ကုန်ကြတာ ။ ငါ့ မျက်စိ နဲ့ မြင်ဖူးတာ များ လှပြီ ။ တစ်ခုတော့ ရှိတယ် ငါ့ လူ ရ ။ တို့ ဆရာကြီး ဟာ တို့ အပေါ် မှာ မကောင်း မကြံတာ အမှန်ပဲ ။ တို့ ရဲ့ကောင်းကျိုး ကို လည်း လိုလားတာ အမှန်ပဲ ။ အဲဒါကြောင့် သူ နဲ့ ပတ်သက် လာ ရင် ဘလိုင်း ပဲ ပြောပြော ၊ ဘလက် ပဲ ပြောပြော သူ့ ကို ပုံပြီး ယုံ ထားရ တာ ။ ထားပါတော့ ငါ့ လူ ရယ် ။ စောစော က ငါ ပြောသလို ပုတီး ခေါင်းလေး ကို လေးထောင့် ချွန်ချွန်လေး လုပ် လိုက်ရတယ် ။ ပြီးတော့ သူ့  ရှေ့ မှာ ငါ ပုတီး စိပ် တယ် ။ အဲဒီတော့ ငါ့ ပုတီး ကို ယူပြီး ကြည့် ပြန် ရောပေါ့ ။ အဲဒီလို ကြည့် ပြီးတော့ သူ က ပြုံး တယ် ။ ပြုံး ရုံ နဲ့ မပြီးသေးဘူး ပေါ့ ။ “ ရွှေ ချလိုက် ” လို့ ပြောတယ် ။ အဲဒီတော့ ငါ လည်း ကပျာကယာ ထ ပြီး ဘုရားစောင်းတန်း က ပန်းပုဆိုင် ကို သွားပြီး ရွှေ ချ လိုက်တယ် ။ နောက်တစ်ခါ အဘ ရှေ့ မှာ ပုတီး စိပ် တော့ ငါ့ ပုတီး ကို အဘ က ယူ ကြည့်ပြီး ပြုံး ပြန်တယ် ။ အဲဒီလို ပြုံး ပြီး “ သိပ်ကောင်းတာပဲ ။ ကျောက်ကလေးတွေ ကပ်လိုက် ” လို့ ပြော ပြန်တယ် ။ အဲဒီတော့ ငါ လည်း မနေသာတော့ဘဲ ငွေထည် ပစ္စည်းကလေးတွေ ရောင်းတဲ့ ကုလားပန်းထိမ် ဆိုင် သွားပြီး ကျောက်နီ ၊ ကျောက်စိမ်း တွေ ဝယ်ပြီး ပန်းပုဆိုင် ကို သွားပြီး သရိုး နဲ့ ကျောက် ကလေးတွေ ကို ကပ် ခိုင်းရတယ် ။ အဲဒီတော့ ပုတီးခေါင်းလေး ဟာ ရွှေရောင် လက် ပြီး ပြောင်ပြောင်လက်လက်လေး တွေ ဖြစ် နေတာ ပေါ့ကွာ ။ အဲဒါကို ဘာဖြစ် လို့ လုပ် ရတာလဲ လို့ တို့ က တို့ အဘ ကို မမေးဝံ့ဘူး ကွ ။ မေး ရင် ခေါင်း ကို ခေါက်ဦးမှာ ။ အဲဒီ ပုတီးလေး နဲ့ ငါ က သူ့ ရှေ့ မှာ ပုတီး စိပ် တော့ အဘ က ပုတီးလေး ကို ကြည့်ပြီး ပြုံး ပြန်တယ် ။ ဘာကြောင့် ပြုံး မှန်းတော့ မသိဘူးကွ ”  


ဟု ဦးအောင်သော် က ပြော လိုက်ရာ ကျွန်ုပ် က ... 


“ ဦးလေး တို့ အဘ က လည်း ခဏခဏ ပြုံး နေတာပဲ ။ ကလေး ဆိုရင်တော့ အဲဒီလို ခဏခဏ ပြုံး ရင် သွား ပေါက် တော့မယ် ။ လူကြီး ဆို ရင်တော့ ဘာ ဖြစ်မယ် မှန်း မသိဘူး ”  


ဟု ပြော လိုက်လေတော့၏ ။ 


“ အေး ... အဲဒီလို ရွတ်နောက်နောက် ပြော ရင်လည်း သိပ် စိတ်ဆိုး တာကွ ။ တစ်ခါက ကိုလှဖေ ဆို တဲ့ သူ က တော့ အဘရှေ့ မှာ အရွှန်း ပြော မိလို့ ခေါင်း ကို တောင်ဝှေး နဲ့ ရိုက် လိုက်တယ်ကွ ။ အဲဒီ ရိုက် ပြီးနောက် “ လူပျက် ”  လို့ လေးလေးနက်နက် ပြော လိုက် တယ်ကွ ။ အဲဒီလို ပြောပြီး ကတည်း က ကိုလှဖေ လည်း အဘရှေ့ မှာ ရွှတ်ရွှတ်နောက်နောက် မပြောရဲ တော့ဘူး ဟေ့ ” 


ဟု ဦးအောင်သော် က ပြော လေ၏ ။ ထိုအခါ ကျွန်ုပ် က .. 


“ ဦးလေးတို့ အဘ ကျင့်စဉ် က တခြား ကျင့်စဉ် မဟုတ်ဘူး ။ အမြဲ တမ်း စိတ်ဆိုးအောင် လုပ်နေတဲ့ ကျင့်စဉ် ပဲ ဖြစ်မှာပေါ့ ”  


ဟု ပြော လိုက်လျှင် ဦးအောင်သော်ကြီး က .. 


“ မင်း နဲ့ အဘ နဲ့ အတူ နေ စေချင်တယ် ။ မင်း ခေါင်း မှာ ဘုတွေ ၊ ထစ်တွေ နည်းမှာ မဟုတ်ဘူး ။ မင်း ခေါင်း တစ်ခေါင်း လုံး ဒူးရင်းသီး လို ဖြစ်နေမှာ ”  


ဟု ပြော ကာ ဦးအောင်သော် က ရယ် လေ၏ ။ ထိုသို့ ရယ်ပြီး နောက် 


“ ငါ ဟာ စောစောက  ပြောတဲ့ ပုတီးလေး နဲ့ မကြာခဏ စိပ် မိတယ် ။ တစ်လခွဲ လောက် ကြာတော့ ပုတီးလေး ကို သူ က ကိုင် ကြည့်ပြီး ပြုံးတယ် ။ ပြီးတော့ “ တစ်ကုံးလုံး ရွှေ ချလိုက်တော့ ” တဲ့ ။ အဲဒီတော့ ငါ က “ အဘ ရယ် ၊ တစ်ကုံးလုံး ရွှေ ချလိုက်ရင် ကျွန်တော် ဘယ်လို စိပ် မှာတုံး ။ စိပ် ရင်လည်း ရွှေတွေ ကွာကျ ကုန်မှာပေါ့ ” လို့ ပြော တယ် ။ အဲဒီမှာ အဘ က ငါ့ ခေါင်း ကို “ တောင် ” ခနဲ ခေါက်ပြီး တော့ “ ရွှေစော်နံ ပြန်လိုက်ဦး ဆိုတာ မင်း လိုကောင်မျိုး ကိုပြော တာ ရွှေအောင်သော် ရဲ့ ” လို့ ဆူ တယ်ကွ ။ အဲဒါနဲ့ ငါ လည်း ပန်းပုဆိုင် ကို သွားပြီး ပုတီးတစ်ကုံး လုံး ကို ရွှေ ချ လိုက် ရတယ်ပေါ့ ။ အဲဒီလို ချ ပြီးတာနဲ့ သူ့ ရှေ့ကို ယူ လာတယ် ။ အဲဒီမှာ သူ က “ အဲဒီ ပုတီး နဲ့ မစိပ်နဲ့ ။ စိပ်ပုတီး မဟုတ်ဘူး ။ ဆွဲပုတီး ” တဲ့ ။ “ ဆွဲပုတီး ဆိုတာ ဘာလဲ အဘ ” လို့မေးတော့ သူ က “ စိပ်ပုတီး ၊ ချိတ်ပုတီး ၊ ဆွဲပုတီး ၊ စွပ်ပုတီး ၊ ဆောင်ပုတီး ၊ ပုတီး အမျိုးမျိုး ရှိတာပေါ့ ။ ဆွဲပုတီး ဆိုတာ က လည်ပင်း မှာ ဆွဲထားဖို့ ။ ချိတ်ပုတီး ဆိုတာက ကိုယ့် ရဲ့ဘုရားခန်း မှာ ဝိဇ္ဇာတွေ ကို လှူဒါန်းပြီး ချိတ် ထားတဲ့ ပုတီး ကွ ။ စွပ်ပုတီး ဆိုတာက စိပ်ဖို့ မဟုတ်ဘူး ။ လမ်း သွားရင်း ပုတီးသမား မှန်း သိအောင် လက် မှာ စွပ်ထားဖို့ ။ ကိုယ့် ရဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ က ပေးတဲ့ ပုတီး ကိုတော့ အိတ်ကလေး နဲ့ ထည့်ပြီး သွားလေရာ မှာ ယူသွား တဲ့ အဆောင်ပုတီး ကို ဆောင်ပုတီး လို့ ခေါ်တယ် ။ ကြွားပုတီး ဆိုတာ က ပုတီး ကို ထူးထူးဆန်းဆန်း လုပ်ပြီး ဘယ်တောင် မှာ ကျုပ် အဓိဋ္ဌာန် ဝင်တုန်းက တောင်စောင့်ဘီလူး က လာပြီး လက်ဆောင် ပေး သွားတာ ဆိုပြီး ကြွားလုံး ထုတ်တဲ့ ပုတီး ။ ဘယ်ဘီလူး ၊ ဘယ် သရဲ က မှ ပုတီး ကို လက်ဆောင် မပေးဘူး ။ မြဲမြဲ မှတ်ထား ” လို့ ပြောဖူးတယ် ”  


ဟု ဦးအောင်သော်ကြီး က ပြော လိုက်ရာ ..


“ နေပါဦး ဦးလေး ။ အဲဒီ ပုတီးကြီး ကို ရွှေ ချ ခိုင်း ပြီးတော့ ဦးလေး လည်ပင်း မှာ ဆွဲ ခိုင်းတယ်ပေါ့ ”  


ဟု ကျွန်ုပ် က မေး လိုက်ရာ ဦးအောင်သော် က .. 


“ ဟုတ်တယ်ကွ ။ ငါ့ ရဲ့ စိပ်ပုတီးကြီး ဟာ ရွှေရောင် တဝင်းဝင်း နဲ့ ဆွဲပုတီးကြီး ဖြစ် သွားပါလေရော ”  


ဟု ပြန်၍ ပြောလေ၏ ။ 


“ ဦးလေးတို့ ဆရာကြီး က သူ့ တပည့်တိုင်း ကို အဲဒီလို လုပ်ခိုင်း သလား ”  


ဟု ကျွန်ုပ် က မေး လိုက်ရာ ဦးအောင်သော်ကြီး က .. 


“ မင်း အနေ နဲ့ မေးမယ် ဆိုရင်လည်း မေးစရာပဲ ကွ ။ လူတိုင်း ကို အဲဒီလို မလုပ်ခိုင်းဘူး ကွ ။ တချို့လူတွေ ကျတော့ ပုတီး ကို ဆေး အနီရောင် သုတ် ခိုင်းတယ် ။ တချို့ကျတော့ ငွေမင်ရောင် သုတ် ခိုင်းတယ် ။ ငါ မှတ်မိသလောက် ပြောမယ် ဆိုရင် ရေကျော် ဘက် က ကိုကျော်ရွှေ ဆိုတဲ့ လူ တစ်ယောက် ကို သူ စိပ်နေတဲ့ ပုတီး ကို ငွေမင် သုတ်ရမယ် ဆိုပြီး အတင်း သုတ်ခိုင်းတယ် ။ ပြီးတော့ အဲဒီ ပုတီး ကို မစိပ်နဲ့တော့ ဆွဲပုတီး လုပ်တော့ ဆိုပြီး ဆွဲ ခိုင်းတယ် ။ အဲဒီ ကိုကျော်ရွှေ မှာ အိမ်ထောင် မရှိဘူးကွ ။ မိန်းကလေး တစ်ယောက် နဲ့ တော့ မေတ္တာ မျှတယ် ။ မိန်းကလေး မိဘ က သူ နဲ့ သဘော မတူ ဘူး ။ မိန်းကလေး က တော့ သူ့ ကို မေတ္တာ ရှိပါတယ် ။ အဲဒီမှာ မိန်းကလေး မိဘ ဘက် က ဘယ်လို လုပ်သလဲ ဆို တော့ ကိုကျော်ရွှေ နဲ့ သူတို့ သမီး ရ သွားမှာ စိုးလို့ သူတို့ သမီး ကို နိုင်ငံခြား ပို့ လိုက်တယ် ။ နိုင်ငံခြား ဆိုလို့ ဝေးဝေး မဟုတ်ပါဘူးကွာ ။ မလေးရှား ပို့ လိုက်တာပါ ။ မလေးရှား မှာ က သူ့ အစ်ကို တစ်ယောက် ရှိတယ် ကွ ။ အဲဒီလို မိန်း ကလေး က နိုင်ငံခြား ကို လည်း ထွက် သွားရော ကိုကျော်ရွှေ ခမျာ မှာ ရူးမတတ် ခံစား ရတော့တာပေါ့ ကွာ ။ အဲဒီတော့ အဘ က သူ့ ရဲ့ ငွေရောင် ချိတ်ပုတီးကြီး ကို စက်ဝိုင်း နှစ်ထပ် ပုံသဏ္ဌာန် ကြမ်း မှာ ခင်း ခိုင်းတယ် ။ ပြီးတော့ ကတ်ပြားလေး တစ်ခု ပေါ် မှာ လိပ်ပြာရုပ် ကလေး တစ်ခု ရေး ပေးတယ် ။ အဲဒီ လိပ်ပြာရုပ်ကလေး ကို တော့ ငါ ကောင်းကောင်း တတ်တယ်ကွ ။ အဘ ရေးတာ ကို ကြည့်ပြီး ငါ လေ့ကျင့် ထားတာ ။ ဟောဒီမှာ ကြည့် ” 


( Comment တွင် တင်ပေးထားပါသည် )


ဟု ဆိုကာ ဦးအောင်သော် သည် လိပ်ပြာရုပ်ကလေး တစ်ခု ကို ရေး ပြလေ၏ ။


“ ပြီးတော့ ကိုကျော်ရွှေ ကို နှစ်ထပ် စက်ဝိုင်း ပုံသဏ္ဌာန် လုပ်ထား တဲ့ အထဲ ကို အဲဒီ လိပ်ပြာရုပ်ကလေး ချ ခိုင်းတယ် ။ အဲဒီလို ချ ခိုင်း ပြီးတော့ ပုတီး တစ်ခုလုံး ကို နှင်းဆီပန်း တွေ ၊ စံပယ်ပန်း တွေ ၊ ကံ့ကော်ပန်း တွေ ရှာလို့ ရသမျှ ပန်းတွေ နဲ့ ပုတီး ကို ပျောက်သွား အောင် အုံ ခိုင်းပြီးတော့ ပုတီး စိပ် ခိုင်းတယ် ။ ခုနစ်ရက် ပြည့်အောင် စိပ် ရတယ် ။ ဘာ ကို စိပ် ရသလဲ ဆိုတော့ ...


မုဉ္စလိန္ဒာ 

တောသာယာက 

လာသည့်လိပ်ပြာ ..

မောင့်လိပ်ပြာ 

မယ့်နှလုံးသားမှာ 

နားသည်တကား ။ 

ဟိမဝန်တာ 

သူယောင်ရွာက 

လာသည့်လိပ်ပြာ 

မယ့်လိပ်ပြာ ..

မောင့်အသည်းမှာ 

နားသည်တကား ။


အဲဒီလို စိပ်ခိုင်းတယ် ကွ ” 


ဟု ဦးအောင်သော်ကြီး က ပြောလေ၏ ။ ထိုအခါ ကျွန်ုပ် က .. 


“ ဦးလေး ဟာ က လည်း ဂါထာ လည်း မဟုတ်ဘူး ။ အချစ်ကဗျာ ကြီးပါလား ”  


ဟု ပြော လိုက်လျှင် ဦးအောင်သော် က .. 


“ အဲဒါတွေ မင်း ပြောမနေနဲ့ ။ ကိုကျော်ရွှေ ရဲ့ မိန်းကလေး ဟာ မလေးရှား မှာ ကြာကြာ မနေနိုင်ဘူး ။ ချက်ချင်း ပြန် လာတော့ တာပဲ ” 


ဟု ပြော လျှင် ကျွန်ုပ် လည်း ဦးအောင်သော်ကြီး ဆွဲ ပြသော လိပ်ပြာ ရုပ်ကလေး ကို ဆွဲ တတ်ရန် အတွက် ထို လိပ်ပြာပုံလေး ပါသော စာရွက် ကို ပြန်၍ မပေးဘဲ ကျွန်ုပ် ၏ မှတ်စုစာအုပ် အတွင်း ၌ သိမ်း ထားလိုက် လေ၏ ။ ထို့နောက် ဦးအောင်သော်ကြီး ပြောပြသော ချစ်လိပ်ပြာ ဂါထာ သို့မဟုတ် အဝေးရောက်ချစ်သူ အား ပြန်လည် ၍ ခေါ်ယူနိုင်သော ဂါထာ ကို အလွတ် ကျက်မှတ်ရန် အတွက် ကျွန်ုပ် ၏ မှတ်စုစာအုပ် ၌ ရေးသွင်း လိုက်ရလေတော့ သတည်း ။


◾မင်းသိင်္ခ


📖 မြနန်းနွယ်


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment