Monday, December 19, 2022

မြနန်းနွယ် ( ၁၄ )


 အခန်း ( ၆ )


မောင်ဖေသော် နှင့် ဆရာပါ တို့ သည် ရွှေတိဂုံဘုရား မှ ဆင်း လာကြ ပြီးနောက် ကန်တော်ကြီးစောင်း အတိုင်း လျှောက်ခဲ့ကြလေ၏ ။ ဆရာပါ သည် ခြေလှမ်း ကျဲ ကြီးများ ဖြင့် လျှောက်၏ ။ မောင်ဖေသော် က မူ မှန်မှန် ပင် လျှောက် လာခဲ့၏ ။ ထို့ကြောင့် ဆရာပါ က  ..


“ ဟေ့ ဖေသော် ၊ ခြေလှမ်း နှေးလှချည်လား ကွ ” 


ဟု အပြစ် တင်၏ ။ ထိုအခါ မောင်ဖေသော် က ..


“ နှေးတာ မဟုတ်ပါဘူး ဆရာ ရယ် ။ ကိုယ့် စိတ်ကူးလေး နဲ့ ကိုယ် လျှောက် နေလို့ပါ ”


ဟု ပြောလိုက်ရာ ဆရာပါ က ...


“ ဘာတွေ စိတ်ကူး နေတာလဲ ။ မင်း စိတ်ကူး နဲ့ ၊ ငါ့ စိတ်ကူး နဲ့ တူ မလား မဆိုနိုင်ဘူး ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က .. 


“ ဆရာ အရင် ပြောကြည့်လေ ” 


ဟု ပြောလေ၏ ။


“ ငါ က တော့ တို့ အဖြစ်အပျက် ကို ရှင်း ပေး နိုင်မယ့် ပုဂ္ဂိုလ် တစ်ဦး ဦး ပေါ်ပေါက် လာ စေချင်တယ် ။ ဒါမှလည်း တို့ ခေါင်း ထဲ မှာ ရှုပ်နေ တာတွေ ရှင်းလင်း သွားမှာပေါ့ကွာ ။ အခုတော့ မတင်မကျကြီး ” 


ဟု ဆရာပါ က ပြောလေ၏ ။ ထိုအခါ မောင်ဖေသော် က .. 


“ ကျွန်တော် က တော့ ဒီလို မဟုတ်ဘူး ဆရာ ရယ် ။ ကျွန်တော့် စိတ်ကူး မှာ တော့ အခုနေ မြနန်းနွယ် နဲ့ တွေ့ ရရင် ကောင်းမှာ ပဲ လို့ စိတ်ကူး နေ မိတယ် ။ ဘာပဲဖြစ်ဖြစ်လေ ကျွန်တော် စိတ်ကူး တာ လည်း မြနန်းနွယ် ၊ ဆရာ စိတ်ကူး တာ လည်း မြနန်းနွယ် ။ ဒီတော့ ဆရာ နဲ့ ကျွန်တော် နဲ့ စိတ်ကူး ချင်း တူတယ် ”


ဟု ပြော လိုက်လေ၏ ။


“ စိတ်ကူး ချင်း တူ တော့ ဘာဖြစ်သလဲ မောင်ဖေသော် ရဲ့ ”


ဟု ဆရာပါ က ပြောရာ မောင်ဖေသော် က ..


“ စိတ်ကူးချင်း တူ တော့ မအူကုန်း မှာ တွေ့တဲ့ လက်ဖက်ရည်ဆိုင် မှာ လက်ဖက်ရည် ဝင်ပြီး သောက် ရ ရင် ကောင်းတာပေါ့ ဆရာ ရယ် ။ ကျွန်တော့် မှာ တော့ ပိုက်ဆံ ပါ မလာဘူး ”


ဟု ပြော လိုက်လျှင် ဆရာပါ က ရယ် လေ၏ ။ ထို့နောက် .. 


“ ကောင်းပါပြီကွာ .. ကောင်းပါပြီ ။ ငါ့ မှာ ပိုက်ဆံ ပါ ပါတယ် ။ မင်း ကို လက်ဖက်ရည် တင် မဟုတ်ဘူး ။ မလိုင် နဲ့ နံပြား တောင် ကျွေး လိုက်ဦးမယ် ”


ဟု ပြောလေ၏ ။ ထို့နောက် ၎င်းတို့ နှစ်ဦး သည် စကား တပြော ပြော နှင့် လျှောက် လာခဲ့ကြရာ တိရစ္ဆာန်ရုံ လွန်သည် နှင့် ဆရာပါ က .. 


“ ငါ့ နှာခေါင်း ထဲ မှာ အမွှေး နံ့ လိုလို ၊ ဘာ လိုလို ရ တယ်ကွ ” 


ဟု ပြော လိုက်ရာ မောင်ဖေသော် က ..


“ အမွှေးနံ့ လိုလို မဟုတ်ဘူး ဆရာ ရေ ။ အမွှေး နံ့ ကို ရတာ ။ ဘာကြောင့် ရလဲ ဆို တော့ ဟောဟို တိရစ္ဆာန်ရုံ ထောင့်မှာ ပေါက် နေတဲ့ တောင် မရိုးပင်ကြီး က အနံ့ ဆရာ ရဲ့ ။ တခြား မထင်ပါ နဲ့ ဆရာ ရယ် ” 


ဟု ပြော လေ၏ ။


“ တောင်မရိုးနံ့ ကို ငါ ကောင်းကောင်း သိ တယ်ကွ ။ အခု ငါ့ နှာခေါင်း ထဲ မှာ ရ နေတာ တောင်မရိုးနံ့ မဟုတ်ဘူး ။ နံ့သာဖြူ နံ့ လိုလို ၊ ဆောင်တော်ကူး နံ့ လိုလို ရ နေတယ်ကွ ”


ဟု ဆရာပါ က ပြောလျှင် မောင်ဖေသော် က ရယ်လေ၏ ။ 


“ ဆရာ ရယ် ဆရာ နဲ့ ကျွန်တော် အတူ လျှောက် လာတာ ကျွန်တော် မရဘဲ ဆရာ ရတယ် ဆိုတော့ စိတ် က ထင်လို့ ဖြစ်ပါလိမ့်မယ် ” 


ဟုပြောလေ၏ ။ ထိုအခါ ဆရာပါ က ..


“ ဖေသော်ကြီး မင်း ကို ငါ ပြောရဦးမယ် ။ မင်း အနေနဲ့ ယုံ မလားတော့ မဆိုနိုင်ဘူး ။ ဟောဒီ ဘုတ်ကလပ် ဘေးနား မှာ ထန်းပင် လောက် မြင့် တဲ့ မကောင်းဆိုးဝါးကြီး တစ်ကောင် ရှိတယ်ကွ ။ ဒါပေမယ့် သူ့ ပုံစံ က မကောင်းဆိုးဝါး နဲ့ မတူဘူး ။ ဂေါ်ဇီလာကြီး နဲ့ တူ တယ် ကွ ။ သူ ထိုင်ရင် ဘုတ်ကလပ် ဘေး က ရေဆိပ် ဘက် မှာ ထိုင်တယ် ကွ ။ တစ်ခါတလေ ညောင်းတယ် နဲ့ တူ ပါတယ် ကွာ ။ လမ်းလျှောက် ထွက် တယ်ကွ ”


ဟု ပြော လိုက်လျှင် မောင်ဖေသော် က


“ မကောင်းဆိုးဝါး ဆိုတာ ညောင်းဖို့ မရှိပါဘူး ဆရာရယ် ” 


ဟု ပြော လိုက်လျှင် ..


“ ညောင်းတာ မဟုတ်ရင်လည်း ပျင်း လို့ ဖြစ်လိမ့်မယ် ။ ဖေသော်ကြီး ရဲ့ ။ အဲဒီ မကောင်းဆိုးဝါးကြီး ဟာ လမ်း ထွက် ထွက် လျှောက် တတ်တယ် ”


ဟု ဆရာပါ က ပြော လေ၏ ။ မောင်ဖေသော် က လည်း .. 


“ မကောင်းဆိုးဝါး မှာ ပျင်းတယ် တို့ ၊ ဘာတို့ ရှိမယ် မထင်ပါဘူး ဆရာ ရဲ့ ”


ဟု ပြောလျှင် ဆရာပါ က ...


“ အေးကွာ ... ဘာကြောင့်ပဲ ဖြစ်ဖြစ် ။ အဲဒီ ဂေါ်ဇီလာ နဲ့ တူ တဲ့ မကောင်းဆိုးဝါးကြီး ဟာ တစ်ခါတလေ ဟောဒီ ကတ္တရာလမ်း အတိုင်း ကနေဒီကျွန်း အထိ လမ်း လျှောက်တယ် တဲ့ ကွ ” 


ဟု ပြော လိုက်ရာ မောင်ဖေသော် က ခစ်ခနဲ ရယ်၏ ။


“ ဆရာ ပြောတဲ့ ဂေါ်ဇီလာ နဲ့ တူ တဲ့ မကောင်းဆိုးဝါးကြီး ဟာ ထန်းပင် လောက် မြင့်တယ် ဆိုတော့ လမ်း မှာ ဓာတ်ကြိုးတွေ ရှိတယ် ဆရာ ရဲ့ ။ သူ့ ခေါင်း နဲ့ လွတ် ပါ့မလား ”


ဟု ပြောလိုက်ရာ ဆရာပါ က ..


“ မကောင်းဆိုးဝါး ဆိုတာ ထိကိုင် လို့ ရတဲ့ အရာ မှ မဟုတ်ဘဲကွာ ။ အဲဒီတော့ ဓာတ်ကြိုး နဲ့ ဘယ်လို လုပ် ငြိ မှာတုံး ” 


ဟု ပြန်၍ ပြော လေ၏ ။ 


“ ကဲပါ ဆရာရယ် ။ ဆရာ့ ဂေါ်ဇီလာ မကောင်းဆိုးဝါး အကြောင်း ဆက်ပြီး ပြော စမ်းပါဦး ” 


မောင်ဖေသော် က ပြောသည် ။


“ အဲဒီ မကောင်းဆိုးဝါးကြီး လမ်းလျှောက် လာ တာ ကို အချို့ တက္ကစီ ကားသမား တွေ မြင်တွေ့ခဲ့ကြရတယ် ။ အဲဒီမှာ လန့်ဖျပ်ပြီး စတီယာတိုင် ဟိုဆွဲ ဒီဆွဲ ဆွဲ လို့ ကန်တော်ကြီး ထဲ ထိုး ကျတာ မနည်း တော့ဘူး ကွ ။ အဲဒီမှာ သေတဲ့ လူ လည်း သေတယ် ။ ရှင် တဲ့ သူတွေ က ပြန် ပြောပြတာ ။ အဲဒီ ဂေါ်ဇီလာ မကောင်းဆိုးဝါးကြီး ဟာ ကနေဒီကျွန်း ရောက်ရင် ပြန် ပြီး လှည့်တယ် ။ အဲဒီ အတိုင်း ပဲ ဘုတ် ကလပ် နဲ့ ကနေဒီ ကို လျှောက်နေတာ နှစ်ပေါင်းများစွာပေါ့ ကွာ ။ တစ်နေ့ မှာ အဲဒီဟာကြီး ဟာ မျက်စိလည် လမ်းမှား ပြီး ပြန် ကွေ့ရ မှာ မကွေ့ဘဲ သပြေကုန်းရပ်ကွက် ထဲ ကို ဝင် သွားတယ်ကွ ။ အဲဒီလို ဝင် သွားတဲ့ အချိန်မှာ အိမ် တစ်အိမ် ရဲ့ အပေါ် ထပ် မှာ ပရိတ် ရွတ် နေတဲ့ လူ တစ်ယောက် ဟာ ပြတင်းပေါက် ကနေ ရိပ်ခနဲ မြင် ပါလေ ရော ။ ဒီ လူ ဟာ ပရိတ် ရွတ် ရင် ရေခွက်ကလေး တစ်ခွက် ရှေ့ မှာ ချပြီး အမြဲ ရွတ်လေ့ ရှိတယ် ။ သူ ရွတ်လေ့ ရှိတဲ့ ပရိတ် က လည်း ဓာရဏပရိတ် ဟေ့ ။ အဲဒီ လူ ဟာ ကြောက်အား လန့်အား နဲ့ ဓာရဏ ပရိတ်ရေ နဲ့ လှမ်းပြီး ပက် လိုက်တာ အဲဒီ ဟာကြီး လည်း မချိမဆန့် ခံစားရပြီး ထွက်ပြေး သွားတယ် ။ အဲဒီ နောက် မှာ ဒါကြီးဟာ ကန်တော်ကြီးစောင်း မှာ လမ်းလျှောက်တာ မတွေ့ ရတော့ဘူး ။ သေသွားပြီ လို့ ယူဆရတာပဲ ”


ဟု ပြောလေ၏ ။ ထိုအခါ မောင်ဖေသော် က .. 


“ မကောင်းဆိုးဝါး က ဘယ်လို သေမှာလဲ ” 


ဟု ပြောလေ၏ ။


“ ဘယ်လို သေမှာ လည်း တော့ မသိဘူးကွ ။ ဒါကြီး မရှိတော့တာ တော့ သေချာတယ် ”


မှတ်ချက်  ။  ။ ဆရာပါ နှင့် မောင်ဖေသော် တို့ ထို အကြောင်းအရာ ပြောနေသည့် အချိန်ကာလ တွင် ဘုတ်ကလပ် ခေါ် ကန်တော်ကြီးဟိုတယ် ဘေး ၌ အင်္ဂတေဖြင့် ပြုလုပ်ထားသော ဂေါ်ဇီလာရုပ်ကြီး မရှိသေးပါ ။

           စာရေးသူ 


“ ဆရာ ပြောတဲ့ ဂေါ်ဇီလာ နဲ့ တူတဲ့ မကောင်းဆိုးဝါး ပုံပြင်တွေ ဟာ အစ ချီ လာ တာ က တော့ တော်တော် ကြောက်ဖို့ ကောင်းတယ် ။ ဒါပေမယ့် ဇာတ်သိမ်းပိုင်း မှာ အဖျား ရှူး သွားသလိုပဲ ” 


ဟု မောင်ဖေသော် က ပြောလျှင် ဆရာပါ က ..


“ မင်း ကို ပုံပြင် ပြောပြနေတာ မဟုတ်ဘူး ။ ငါ သိတာ ၊ ငါ ကြားဖူး တာကို ပြောပြနေတာ ။ ဖေသော်ကြီး ရ ၊ မင်း အခုလို ကတ်သီး ကတ်သတ် မေးမယ် ။ ပြောမယ်  ဆိုရင် နောက်နောင် ငါ ကြားဖူး တဲ့ မကောင်းဆိုးဝါး အကြောင်းတွေ မပြောတော့ဘူး ” 


ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..


“ အဲဒီလိုတော့ မလုပ်ပါနဲ့ ဆရာ ရယ် ။ ကျွန်တော် က ဒါမျိုးတွေ ကြိုက် ပါတယ် ။ နားလည်း ထောင် ချင်ပါတယ် ။ ဒါပေမယ့် စာရေး ဆရာတာတေ ရေးတဲ့ ထဘီခြုံ ဆရာကြီး ဆို တဲ့ ဝတ္ထု ထဲ က အကြောင်း အရာရယ် ၊ စာရေးဆရာ ကိုကိုလေး ရေးတဲ့ မှော်ဆရာမှတ်တမ်း ဆို တဲ့ ဝတ္ထု ထဲ က အကြောင်းအရာရယ် က လွဲရင် ပြောပါ ဆရာ ” 


ဟု ပြန်၍ ပြော လေ၏ ။


“ မင်း က အဲဒီ ဆရာ နှစ်ယောက် ရဲ့ စာအုပ် ထဲ က အကြောင်းအရာ တွေ ကို မယုံလို့လား ”


ဟု ဆရာပါ က ဒေါ နှင့် မော နှင့် မေးလေ၏ ။


“ ယုံပါတယ် ဆရာရယ် ။ ကျွန်တော် က အဲဒီ စာအုပ် ထဲ က အကြောင်း အရာတွေ ဖတ်ဖူးပြီးသား ဆိုတော့ ဆရာ့ အနေ နဲ့ ပြောဖို့ မလိုတော့ လို့ပါ ”


ဟု မောင်ဖေသော် က ပြန်၍ ပြောလေ၏ ။


၎င်းတို့ သည် ဤသို့လျှင် စကား တပြောပြော နှင့် လမ်းလျှောက် လာ ခဲ့ကြလေ၏ ။ ထိုသို့ လမ်းလျှောက် လာ ရင်း ဆရာပါ က ..


“ အမွှေး နံ့ က ပိုပြီး စူး လာတယ်ကွ ။ မင်း ပြောသလို တိရစ္ဆာန်ရုံ ထဲ မှာ ပေါက်နေတဲ့ တောင်မရိုးပင်ကြီး က အနံ့ ဆိုရင် အခု လောက် ဆို ပျောက်ဖို့ ကောင်းပါပြီကွာ ”


ဟု ပြောလေ၏ ။


“ ဆရာ ပြောတာ မှန်ပါတယ် ။ ဒါပေမယ့် အဲဒီ အနံ့ ကို ကျွန်တော် က မရတော့ ဆရာ တစ်ယောက် တည်း ဖြစ် နေတယ် ။ တစ်ခု ခု တော့ တစ်ခု ခ ပဲ ဆရာ ”


ဟု မောင်ဖေသော် က ပြော လိုက်လေ၏ ။ ဆရာပါ က .. 


“ မင်း အနေ နဲ့ လက်ခံမယ် ဆိုရင် ငါ့ အနေ နဲ့ စကား တစ်ခု ပြောချင် တယ် ။ အဲဒါက ဘာလဲ ဆိုတော့ အကောင်း လား ၊ အဆိုး လား ၊ ရန်သူ လား ၊ မိတ်ဆွေ လား ဆိုတာ တစ်ခါတလေ မှာ ခွဲခြားဖို့ သိပ်ပြီး ခက် တယ်ကွ ။ အခု ကိစ္စ မှာ ပဲ ကြည့်လေ ။ မြနန်းနွယ် ဟာ ငါတို့ ရဲ့ မိတ်ဆွေ လား ၊ ငါတို့ ရဲ့ ရန်သူ လား ၊ သူယောင် ဆောင် တဲ့ ဝိညာဉ် လား ၊ ဆိုးတဲ့ မကောင်းဆိုးဝါး ဝိညာဉ် လား ”


ဟု စကား စ လိုက်လေ၏ ။ မောင်ဖေသော် က .. 


“ ဆရာ့ စကား ကို ပြီးအောင် ဆက်ပါဦး ဆရာရယ် ” 


ဟု ပြော လိုက် လျှင် ဆရာပါ က ..


“ မင်း အနေ နဲ့ တစ်ခု စဉ်းစား ကြည့်လေ ။ မြနန်းနွယ် နဲ့ ပတ်သက်ပြီး မှ ဆေးရုံ ရောက်တဲ့ လူ ရှိတယ် ။ ရူးသွပ် တဲ့ လူ ရှိတယ် ။ သေသွား တဲ့ လူ ရှိတယ် ။ မင်း နဲ့ ငါ နဲ့ လည်း အခုထိ ဆောက်တည် ရာ မရကြသေးဘူး ” 


ဟု ပြော လိုက်လေ၏ ။


“ ဒါကိုတော့ ကျွန်တော် လည်း စဉ်းစား မိပါတယ် ။ တစ်ခု ပြောချင် တာ က ဆရာ တို့ ၊ ဖေသန်းမောင် တို့ ဟာ မြနန်းနွယ် ကို အိပ်မက် နဲ့ ပဲ တွေ့ ဖူးတာ ။ ကျွန်တော် က လူ နဲ့ တွေ့ခဲ့တာလေ ။ ရွှေညောင်ပင် ပြဇာတ် ကို အတူ ကြည့်ခဲ့တာပဲ ။ ကျော်အေး တို့ ၊ မေမြင့် တို့ ၊ မေချစ် တို့ ပါ တဲ့ ပြဇာတ် ဟာ လေ ။ အဲဒီတုန်း က တွေ့ခဲ့ရ တုန်း က မြနန်းနွယ် ဟာ ဆရာ ပြောသလို ရန်သူ စာရင်း ထဲ ထည့် ရ မှာ မဟုတ်ဘူး ။ ကျွန်တော့် ရဲ့ မိတ်ဆွေ ၊ ကျွန်တော့် ရဲ့ ချစ်သူ အစစ် ပဲ ။ အဲဒါကို ဆရာ့ အနေနဲ့ စွပ်စွဲဖို့ တစ်ခု ပဲ ရှိတယ် ။ မြနန်းနွယ် ဟာ အဆိုး ၊ မြနန်းနွယ် ဟာ ရန်သူ ဖြစ်တယ် ။ ဒါပေမယ့် အလွန် ချော မောလှပ တဲ့ ပုံသဏ္ဌာန် နဲ့ ကျွန်တော့် ကို လှည့်စား ထားတယ် လို့ တော့ ပြောချင် ပြော နိုင်တာပေါ့ ”


ဟု စိတ်ပျက်သံကြီး ဖြင့် ပြော လိုက်လေ၏ ။


ဆရာပါ သည် သူ ပြောသော စကား ကို မောင်ဖေသော် မနှစ်သက် ကြောင်း ရိပ် မိ လေသည် ။ ထို့ကြောင့် စကား စ ကို ဖြတ် လိုက်လေ၏ ။ ပြီး လျှင် မောင်ဖေသော် ၏ မျက်နှာ ကို အကဲ ခတ် ပြန်၏ ။ ထိုသို့ အကဲခတ် ပြီး နောက် ..


“ ဖေသော်ကြီး ရေ အခြား အကြောင်း ပြောတာ ထက် ၊ ဂေါ်ဇီလာ မကောင်းဆိုးဝါးကြီး အကြောင်း ပြောတာ က ပို ကောင်းတယ် ကွ ။ ပြောတဲ့ လူ က ပြော ၊ နားထောင်တဲ့ လူ က လည်း ယုံ ချင် ယုံ ၊ မယုံချင် နေ ။ အဲဒီ အကြောင်းတွေ ကို တစ်ဦး နဲ့ တစ်ဦး အယူအဆချင်း သိပ် ပြီး ကွဲလွဲစရာ မရှိဘူး ။ ငါ ဟာ ဝတ္ထုတွေ ၊ ဘာတွေ ဖတ်ရင်လည်း အဲဒါမျိုးတွေ ပဲ ဖတ် တယ်ကွ ။ နိုင်ငံခြား က လာတဲ့ ဂို့စ်စတိုရီ တို့ ၊ နော်ဗင့်အက်နိုက်( တ် ) လို့ ခေါ်တဲ့ “ ည မဖတ်ပါနဲ့ ” ညမဖတ်ရ ဆိုတဲ့ ဝတ္ထုမျိုးတွေ ပဲ ရွေးပြီး ဖတ်တာကွ ။ ငါ့ မှာ တခြား စာအုပ် သိပ် မရှိ ဘူး ။ အဲဒီ စာအုပ်မျိုးတွေ က များတာ ။ မြန်မာ မှာ လည်း အဲဒီ ဝတ္ထုမျိုး တွေ ၊ ဇာတ်လမ်းမျိုး တွေ က အများကြီး ပါ ပဲ ကွာ ။ ဖတ် လည်း ဖတ်ဖူး ပါတယ် ။ ကြား လည်း ကြားဖူးပါတယ် ”


ဟု ပြောလိုက်လေ၏ ။


“ အမှန်အတိုင်း ပြောရရင် ကျွန်တော် ဟာ မြနန်းနွယ် နဲ့ မတွေ့ခင် အထိ အဲဒါမျိုးတွေ ကို ယုံတာ မဟုတ်ဘူး ဆရာရဲ့ ၊ အခုတော့ လည်း မယုံဘူး လို့ ဘယ်လို လုပ်ပြီး ပြော မလဲ ဆရာရယ် ။ ဒါပေမယ့် ဆရာ စဉ်းစား သလို မြနန်းနွယ် ဟာ ရန်သူ လို့ တော့ ကျွန်တော် မစဉ်းစား နိုင်ဘူး ။ ကျွန်တော် တို့ တွေ့ကြုံ ဖြစ်ပျက် နေရတာတွေ ဟာ လည်း အကောင်းတွေ တော့ မဟုတ်ဘူး ။ အဲဒါတွေ ဘာကြောင့် ဖြစ်နေတယ် ဆိုတာ လည်း ကျွန်တော့် အနေ နဲ့ မတွေးတတ်အောင်ပါ ပဲ ဆရာ ရယ် ”


ဟု ဖေသော် က ပြော လေ၏ ။


ဤသို့လျှင် စကား တပြောပြော နှင့် လျှောက် လာခဲ့ကြရာ လူအိုရုံ လမ်းထိပ် နှင့် တည့်တည့် လောက် တွင် ရှိသော ကျွန်းဆွယ်လေး တစ်ခု အနီး သို့ ရောက်ရှိ လာခဲ့ကြလေတော့၏ ။ ထိုနေရာ သို့ ရောက် လျှင် ဆရာ တပည့် နှစ်ဦး အမော ပြေ ထိုင် ကြလေ၏ ။ ၎င်းတို့ ထိုင်သော နေရာ နှင့် မလှမ်းမကမ်း လောက် တွင် အကြော်ဆိုင်လေး တစ်ဆိုင် သည် လည်း ရှိ၏ ။ ထို့ကြောင့် ၎င်းတို့ သည် အကြော် ကို မှာ ၍ စားလေ၏ ။ အကြော်သည် အဒေါ်ကြီး ၏ သား ကလေး သည် ရေနွေးကြမ်းအိုး နှင့် ပန်းကန် နှစ်လုံး ကို လာ ၍ ချ ပေး၏ ။ ထို့နောက် အကြော် ထည့်ထား သော သံပန်းကန်ပြား ကို လာ၍ ချ ပေး၏ ။ အကြော် နှင့် စားရန် အချဉ် ကို မူ ရေနွေးကြမ်း ပန်းကန် တစ်လုံး တွင် ထည့်၍ ယူလာ ပေး၏ ။


အချိန်မှာ အတော်အတန် စော သေးသောကြောင့် လူသွား လူလာ အလွန်မတန် နည်းလေ၏ ။ ဆရာပါ နှင့် မောင်ဖေသော် တို့ သည် အကြော် နှင့် ရေနွေးကြမ်း ကို စကား တပြောပြော နှင့် စားသောက် နေကြလေ၏ ။


ထိုအချိန်၌ ဘုတ်ကလပ် ( ယခု ကန်တော်ကြီးဟိုတယ် ) ဘက် မှ ဘုန်းကြီး တစ်ပါး လျှောက် လာသည် ကို တွေ့ရ၏ ။ ထို ဘုန်းကြီး သည် ၎င်းတို့ နှစ်ဦး အနီးသို့ ရောက်သော အခါ၌ ၎င်း တို့ နှစ်ဦး အား စူးစူးရဲရဲ ကြည့်ရှုတော် မူ၏ ။ ပြီးလျှင် ဆရာပါ ၏ ရှေ့တည့် တည့် လောက် တွင် လာ၍ ရပ် လေ၏ ။ ဆရာပါ သည် မုန့်အကြော်များ ကို လှူရန် ကြည့်လိုက်၏ ။ သို့ရာတွင် သပိတ် မပါသော ကြောင့် ဝတ္ထု ပဲ ကပ် တော့မည် ဟု ဆုံးဖြတ်ကာ မတ်တတ် ရပ် လိုက်ပြီးလျှင် လွန်စွာ ရိုသေကိုင်း ရှိုင်းစွာဖြင့် (  ၁ဝ ) တန် တစ်ရွက် ကို ထုတ်၍ လှူဒါန်းမည် ပြု လိုက်လေ၏ ။ ထိုအခါ ဘုန်းတော်ကြီး က ...


“ အလှူ ခံ မလို့ မဟုတ်ဘူးကွ ။ လှူ မလို့ ။ မင်းတို့ နှစ်ယောက် စားတဲ့ အကြော်တွေ ရော ၊ မင်းတို့ နှစ်ယောက် သောက်တဲ့ ရေနွေးကြမ်း တွေ ရော ၊ အချဉ်တွေရော ငါ က လှူမှာ ၊ အဲဒါတွေ အားလုံး ဟာ ငါ့ ပစ္စည်းတွေ ၊ မင်းတို့ နှစ်ယောက် ကို ငါ က လှူတာ လို့ သဘော ထား ”


ဟု ဆိုကာ အကြော်ဆိုင် မှ ကလေး ကို ခေါ်၍ ငါးကျပ်တန် တစ်ရွက် ကို ထုတ် ပေး လိုက်လေ၏ ။ ကလေး လည်း ၎င်း ၏ အမေ အား ပိုက်ဆံ ကို ပေး လေ၏ ။ အကြော်သည် အဒေါ်ကြီး လည်း ကျသင့်ငွေ ကို တွက်ချက် ၍ ပြန် အမ်း ပေးလေ၏ ။ ကလေး သည် ထို ငွေ ကို ယူ၍ ဘုန်းတော်ကြီး အား ကပ်လေ၏ ။ ထိုအခါ ဘုန်းတော်ကြီး က


“ ငါ့ ကို အဲဒီ ဝတ္ထု မကပ်နဲ့ ကလေး ။ မင်း ကို ငါ က မုန့်ဖိုး စွန့်တာ ” 


ဟု ပြောလေ၏ ။ ထို့နောက် ထိုဘုန်းတော်ကြီး သည် ဆရာပါ ဘက် သို့ လှည့် ကာ


“ ဟေ့ ဒကာ ၊ ဘုန်းကြီး ကို ကူညီ စမ်းပါ ။ ဘုန်းကြီး က ခရီး သွား နေတာ ဆိုတော့ ၊ ဝတ္ထုငွေ များများ ယူ သွားလို့ မကောင်းဘူး ။ အဲဒါ ကြောင့် ဟောဒီ ငွေတွေ ကို ဘုန်းကြီး အပ် ခဲ့ ချင်တယ် ။ ခရီး က ပြန် လာမှ ဘုန်းကြီး ပြန် ယူမယ် ”


ဟု ဆိုကာ ငွေထုပ် တစ်ထုပ် ကို လှမ်း ၍ ပေးလေ၏ ။ ဆရာပါ သည် - “ ကောင်းပါပြီ ဘုရား ” ဟု ဆိုကာ ငွေထုပ် ကို လှမ်း၍ ယူလိုက်လေ၏ ။ ထို့နောက် ဘုန်းကြီး သည် သာဓု ခေါ် ကာ ထွက်ခွာ သွားလေ၏ ။ အချိန် အတော် ကြာ၍ မြင်ကွင်း ထဲ မှ ဘုန်းကြီး ပျောက် သွားချိန် တွင် ဆရာပါ က ..


“ ခက်တော့တာပဲကွာ ၊ ဘုန်းကြီး ဟာ ငါ့ အိမ်လိပ်စာ လည်း မေး မသွားဘူး ။ သူ့ ရဲ့ကျောင်း လိပ်စာ လည်း ပေး မသွားဘူး ။ ဒီ ငွေတွေ ကို ဘယ်လို လုပ်ပြီး ပြန် ပေးရမှာတုံး ”


ဟု ပြော လိုက်မှပင် မောင်ဖေသော် လည်း အလန့်တကြား နှင့် .. “ ဟုတ်ပါရဲ့ ဆရာရယ် ” ဟု ပြော လေ၏ ။


“ နေပါဦး ဖေသော်ကြီး ရ ။ သူ့ ပိုက်ဆံ ဘယ်လောက် ဆိုတာ မင်း နဲ့ အကြော်သည် အဒေါ်ကြီး ကို သက်သေ ထားပြီး ရေ ရ ဦးမယ်ကွာ ၊ ဘုန်းကြီး နဲ့ ပြန် မဆုံဖြစ်ဘူး ဆိုရင်တော့ သူ့ ပိုက်ဆံ ကို ငါ့ အနေ နဲ့ ကိုင် မထားဝံ့ဘူး ။ တောင်ညွန့်ဂါတ် မှာ ပဲ ဖြစ်ဖြစ် ၊ တာမွေဂါတ် မှာ ပဲ ဖြစ်ဖြစ် သွားပြီး အပ် ထားမယ်ကွာ ”


ဟု ပြောလေ၏ ။


“ ချက်ချင်းတော့ မအပ်ပါနဲ့ ဆရာ ရယ် ။ တစ်ပတ် တော့ စောင့် ပါဦး ။ တစ်ပတ် လောက် နေလို့ မလာ မှ အပ်ပါ ။ ခုတော့ သူ့ ငွေတွေ ကို ရေ ကြည့်ပါဦး ”


ဟု ပြော သဖြင့် ဆရာပါ သည် အကြော်သည် အဒေါ်ကြီး ၏ ရှေ့ တွင် ငွေထုပ် ကို ဖြေ၍ ရေ ကြည့်ရာ စုစုပေါင်း ( ၉၃၇ ) ကျပ် ဖြစ်ကြောင်း သိ ရလေတော့၏ ။ ပြီးလျှင် ဆရာပါ သည် ငွေ ကို ပြန် ထုပ်လေ၏ ။ ထို့ နောက် ၎င်းတို့ နှစ်ဦး သည် အကြော်ဆိုင် မှ ထွက်ခဲ့ကြလေတော့၏ ။ မအူကုန်း ထိပ် သို့ ရောက်သော အခါ၌ လက်ဖက်ရည်ဆိုင် သို့ ဝင်ကာ လက်ဖက်ရည် သောက်ကြပြန်၏ ။ ပြီးမှ နှစ်ယောက်သား လမ်းခွဲ လိုက်ကြလေ၏ ။


မောင်ဖေသော် သည် အိမ် သို့ ရောက်သည့်အခါ ၌ လည်း ဆရာပါ လမ်း ၌ ပြောခဲ့သော စကားများ ကို စဉ်းစား နေမိလေ၏ ။ မြနန်းနွယ် အကြောင်း ကို လည်း စဉ်းစား နေမိလေ၏ ။ ထို့ထက် ပို၍ စဉ်းစားမိသည် ကား ၎င်းတို့ စားသောက်သော အကြော်ဖိုး ကို ရှင်း ပေး သွားသည့် အပြင် လိပ်စာ မျှ မပေးဘဲ ဆရာပါ အား ငွေထုပ် အပ် သွားသည့် ဘုန်းတော်ကြီး အကြောင်း ကို အထပ်ထပ် တွေး နေမိလေ၏ ။


ည အိပ်ရာ သို့ ဝင်သော အခါ၌ လည်း မောင်ဖေသော် သည် ထို အကြောင်းအရာများ ကို ချည်း စဉ်းစား နေမိသောကြောင့် တော်တော် နှင့် အိပ် မပျော်နိုင်ဘဲ ရှိနေလေ၏ ။


နံနက် မိုး လင်းသည့် အခါ၌ ရွှေတိဂုံဘုရား ၌ ပုတီး စိပ်ရန် အတွက် ဆရာပါ အား ခေါ်ရန် မောင်ဖေသော် သည် ဆရာပါ ၏ အိမ် ဘက် သို့ ထွက် လာ ခဲ့လေ၏ ။


ဆရာပါ ၏ မိန်းမ သည် မောင်ဖေသော် ကို မြင် လျှင် ..


“ မင်း ဆရာ မနေ့ ကတည်း က ဘုန်းကြီး နဲ့ ပါ သွားတာ ခုထိ ပြန် မရောက်သေးဘူး ။ ည က လည်း အိမ်ပြန် မအိပ်ဘူး ”


ဟု ဆီး၍ ပြောလေ၏ ။


“ ဘယ် က ဘုန်းကြီး လဲ ဆရာကတော် ရဲ့ ” 


ဟု မောင်ဖေသော် က မေး ရာ ဆရာပါ ၏ မိန်းမ က ..


“ မင်းတို့ ဆရာ မင်း နဲ့ အတူ ပုတီး စိပ်ပြီး အိမ်ပြန် မရောက်ခင် နာရီဝက် သာသာ လောက် မှာ ဘုန်းကြီး တစ်ပါး အိမ် ကို ကြွ လာ တယ် ။ ငါ က လည်း “ ဘာကိစ္စ ရှိပါသလဲ ” လို့ လျှောက်ရတာပေါ့ ။ အဲဒီတော့ ဘုန်းကြီး က ဆရာပါ ကို ငွေ ၉၃၇ ကျပ် အပ် ထားတယ် လို့ ပြောတယ် ။ အဲဒီတော့ ငါ က ဘယ်မှာ အပ် ထားတာလဲလို့ တော့ မကြာခင် က ပဲ လမ်း မှာ အပ်တာတဲ့ ။ အခု အဲဒီငွေ ကို အသုံး လို လို့ လာ ပြန် တောင်းတာတဲ့ ။ အဲဒါနဲ့ ငါ လည်း ဘုန်းကြီး ကို နေရာ ထိုင်ခင်း ပေး ၊ ရေနွေးကြမ်းလေး ဘာလေး ကပ်ပြီး စောင့်တော်မူ ပါဦး ဆိုပြီး စောင့် ခိုင်းရတာပေါ့ ။ အဲဒီတော့ ဘုန်းကြီး ဟာ ဟောဒီ ဘုရားစင် ရှေ့ မှာပဲ ထိုင်ပြီး စောင့် နေတယ် ။ သိပ်ပြီး မကြာလှပါ ဘူး ကွယ် ။ မင်းတို့ ဆရာ ပြန် ရောက် လာတယ် ။ သူ့ လက် ထဲ မှာ က လည်း အထုပ် တစ်ထုပ် နဲ့ မင်းတို့ ဆရာ ဟာ ဘုန်းကြီး ကို လည်း မြင် ရော မျက်လုံး ပြူး သွားတယ် ။ ပြီးတော့ ကပျာကယာ ဦးချတယ် ။ အဲဒီလို ဦးချ ပြီးတော့ တပည့်တော် က စိတ် ပူနေတာ ။ တပည့်တော် လိပ်စာ လည်း အရှင်ဘုရား က မသိဘဲနဲ့ ဘယ်လို လုပ် ငွေထုပ် ကို ပြန် ယူမလဲလို့ တွေး မိတယ် ။ မတတ်သာတဲ့ အဆုံး မှာ တော့ ဒီ ငွေထုပ် ကို ဂါတ် မှာ သွားပြီး အပ်မယ်လို့ ဆုံးဖြတ် ထားတယ်လို့ မင်း တို့ ဆရာ က ပြော လိုက် တယ် ။ အဲဒီမှာ ဘုန်းတော်ကြီး က ပြုံး တယ် ။ အဲဒီလို ပြုံး ပြီးတော့ ဒကာပါ ရယ် ၊ ဒကာပါ ရဲ့လိပ်စာ ကို မေးထားဖို့ မလိုပါဘူး ။ ဘုန်းကြီး သိချင်ရင် သိလို့ ရပါတယ် ။ ဘုန်းကြီး ရှာ ချင် ရင် ရှာလို့ ရပါတယ် ။ ဘုန်းကြီး ရောက် ချင် ရင် သွား လို့ ရပါတယ် လို့ ပြော တယ် ။ အဲဒီမှာ မင်းတို့ ဆရာ က ဘုန်းကြီး ရဲ့ ငွေထုပ် ကို အပ်လိုက်တယ် ။ ဘုန်းကြီး က သူ့ ငွေထုပ် ကို ကိုင်လိုက် ပြီး တာ နဲ့ ဒကာပါ ငွေ ( ၁၀ ) လို နေတယ် လို့ ပြောတယ် ။ အဲဒီတော့ မင်းတို့ ဆရာ က မလိုပါဘူးဘုရား ရေ ကြည့်ပါဦး လို့ ပြန် ပြီး ပြော လိုက်တယ် ။ အဲဒီတော့ ဘုန်းကြီး က ရေကြည့် ရင် အရွက် တော့ စေ့ တာပေါ့ ။ ဒါပေမယ့် ငါ့ ရဲ့ငွေ ( ၁၀ ) လို နေတာတော့ အမှန်ပဲ ။ အရွက်ရေ လည်း စေ့တယ် ။ ငွေ တစ်ဆယ် လည်း လိုနေတယ် ဆို တော့ ဆရာပါ လဲ ထားပြီ လို့ ပြောတော့ မင်းတို့ ဆရာ က အိတ် ထဲ က ဆယ်တန် တစ်ရွက် ထုတ်ပြီး မှန်ပါတယ် ဘုရား ။ အရှင်ဘုရား ရဲ့ဆယ်တန် ကို အဆောင် အဖြစ် လိုချင်လို့ပါ ဆိုပြီး ပြန်ပြီး လဲပေး လိုက် ရတယ် ။ ပြီးတော့ ဘုန်းကြီး က ဒကာမကြီး ၊ ဒီ ဒကာကြီး ကို ခေါ် သွားမယ်နော် ။ တကယ်လို့များ လမ်း ကို ရောက် မှ ဒီ ဒကာကြီး က ရဟန်း ဝတ် ချင်ပါတယ် လို့ ပြောရင် ရဟန်း ဝတ် ပေးလိုက်ရ မလား လို့ မေးတော့ ငါ လည်း ရပါတယ် လို့ ပြန် ဖြေလိုက်တယ် ။ အဲဒီ နောက်တော့ ဘုန်းကြီး က “ ကဲ .. ဒကာပါ ရေ ။ ခရီး က နည်း နည်း လှမ်းတယ် ။ နေ မမြင့်ခင် ခရီး ထွက်ရအောင် ဘုန်းကြီး နဲ့ လိုက် ခဲ့စမ်းပါ ” လို့ ပြောတယ် ။ မင်းတို့ ဆရာ ဟာ မိန်းမ ကို တောင် နှုတ် ဆက်ဖော် မရဘဲ လွယ်အိတ်ကလေး လွယ်ပြီး သုတ်ခနဲ လိုက်သွား လိုက်တာ ခုထိ တောင် ပေါ် မလာတော့ဘူး ”


ဟု ရှည်လျားစွာ ရှင်းပြလေ၏ ။ မောင်ဖေသော် သည် လွန်စွာ ရှုပ်ထွေးသော အဖြစ်အပျက် ကြောင့် စိတ် အိုက်၍ လာ လေတော့၏ ။ ထို့ကြောင့် ဆရာကတော် အား နှုတ်ဆက် ကာ ပုတီး စိပ်ရန် အတွက် ရွှေတိဂုံဘုရားဘက် ဆီ သို့ တစ်ဦး တည်း ထွက် လာခဲ့လေတော့သတည်း ။ 


◾ မင်းသိင်္ခ


📖 မြနန်းနွယ်


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment