Sunday, December 25, 2022

ပွင့်ဖူးဝေစေ မေတ္တာတွေ


 

❝ ပွင့်ဖူးဝေစေ မေတ္တာတွေ ❞

လူတိုင်း လူတိုင်း မှာ ပစ္စည်းဥစ္စာ လုံလောက်မှု ထက် ပို အရေး ကြီးတာ က ချစ်ခြင်းမေတ္တာတွေ ပြည့်စုံ နေဖို့ပါပဲ ။ တစ်ခါတစ်ရံ မှာ အကြောင်း အမျိုးမျိုးကြောင့် ချစ်ခြင်းမေတ္တာတွေ နဲ့ ကင်းဝေးခဲ့ကြရတယ် ဆိုရင် ကံကြမ္မာ ရဲ့ ထုထောင်းချက်တွေ လို့ ယူဆကြ ရုံ က လွဲ လို့ ..  ။

•••••   •••••   •••••

အခန်း ( ၁ )

“ ဗျို့ ဆရာကြီး ကိုမောင်မောင် ”

အိမ်ရှေ့ မှ ဆူဆူညံညံ ခေါ်သံ ကြောင့် မောင်မောင် တစ်ယောက် အိပ်ရာ ထဲ မှ လူးလဲ ထ လာခဲ့ ရသည် ။

“ ညကြီး အချိန်မတော် ဘာ ဖြစ်လို့လဲ ဗျာ ၊ ဘာတွေများ အရေး ကြီး နေလို့လဲ ဗျ ”

“ အရေးကြီးပါရောလား ၊ ဥက္ကဌ အိမ် ကို အမြန်ဆုံး သွားရ အောင် ဗျို့ ”

ရင် ထဲ မှာ မထိတ်သာ မလန့် သာနဲ့ ။ ငါ ဘာများ လုပ် မိထားလဲ ။ ငါ့ ကြောင့် တစ်ခုခု ပြဿနာ တက်လို့ များ လား ။ “ လား ” ပေါင်း များစွာ နဲ့ ဆရာ ကိုမောင်မောင် တစ်ယောက် ဥက္ကဌ အိမ် ရောက် ခဲ့ရသည် ။

“ လာဗျာ ဆရာလေး ရေနွေးကြမ်း သောက် ရင်း ပြော ကြတာပေါ့ ”

အိမ်း ခက်ပြီ ။ ဖိတ်ခေါ်သူ ကတော့ အေးဆေးပဲ ။ ရေနွေးကြမ်း တောင် သောက်ဖို့ ပြော နေသေးတယ် ။ ကိုယ့် မှာသာ ဒီ အချိန်ကြီး လာ ခေါ်တယ် ဆိုတော့ ထိတ်လန့် နေပြီ ။ ဟုတ်တယ်လေ ၊ ဟိုတစ်လော က တင် အင်တာနက် ပေါ် မှာစာလေး တစ်ပုဒ် ဖတ် လိုက်ရတယ် ။ ကိုယ့် လို ပဲ ဆရာ တစ်ယောက် အဖြစ် က အိမ် မှာ ဝေယျာဝစ္စ လာ လုပ်ပေးတဲ့ ကောင်မလေး ။ သူ့ ရှေ့ မှာ ပန်းအိုး ကျ ကွဲတော့ သူ့ မှာ ဟိုဒင်း ဟိုဟာ ဖြစ်ပါတယ် ဆိုပြီး ပြဿနာ ရှင်း လိုက်ရတဲ့ အဖြစ် ။

“ ဖြစ်ပုံကတော့ ဗျာ ...”

ဟော စကားလေး စ ရုံ ရှိသေး သူကြီး က သူ့ ထုံးစံ အတိုင်း ရေနွေးတွေ တဂွပ်ဂွပ် သောက် တော့ တာ ။ ဒီ က သိချင် လွန်းလှပြီ ။

“ ပြော ရရင်တော့ ကလေး ကိစ္စ ၊ ဒီ ကလေး နဲ့ ပတ်သက်ပြီး အားလုံးနဲ့ သက်ဆိုင်တယ် ။ အားလုံး ပါဝင် ဆုံးဖြတ်သင့်တယ် လို့ ယူဆတာကြောင့် ဆရာလေး အပါအဝင် ရွာသူရွာသား အားလုံး ကို ကျွန်တော့် အနေ နဲ့ လာရောက် စေရခြင်း ဖြစ်ပါတယ် ”

အရေး ထဲ မှာ သူကြီး က ပြောဖို့ အရေး ကို နိဒါန်းတွေ ချီ နေ သေးတယ် ။

“ ည ၁၀ နာရီ လောက် က အောင်လင်း တို့ အုပ်စု မီးကင်း စောင့် ရင်း ရွာ ထဲ ကို လှည့်တဲ့ အချိန် မှာ ရွာ ထိပ် က မန်ကျည်းပင် အောက် မှာ မွေးကင်းစ ကလေး တစ်ယောက် လာ ပစ်ထားတာ ကို သွား တွေ့တယ် ဗျာ ။ အဲဒါနဲ့ ရွာနီး ပတ်ဝန်းကျင် က များ လာပစ် ထားသလား သွား စုံစမ်း တော့ လည်း အကြောင်း မထူးခဲ့ ဘူး ”

“ ဒါဆို ဒီ ကလေး ဘယ်လို လုပ် မှာ လဲ ဗျ ”

ရွာသား တစ်ယောက် ရဲ့ မေးသံ ။

“ ဒီ ကလေး ကို တစ်ယောက် ယောက် မွေးစားပေါ့ ဗျာ ၊ ရွာ တောင်ပိုင်း က အပျိုကြီး မသန်း တို့ ဆိုလဲ မွေးစား လို့ ရ တာပဲ ”

ရွာ က လူတွေ ရဲ့ တစ်ယောက် တစ်မျိုး ထင်မြင်ချက် အမျိုးမျိုး နဲ့ ပြော နေကြပြီ ။

“ ကဲပါဗျာ ကျွန်တော် ပြောပါရစေဦး ”

“ ပြောပါ ဆရာလေး ၊ ဆရာလေး က ဘယ်လို စဉ်းစား ထားလို့လဲ ဗျာ ”

“ ကလေး က အရမ်း ငယ်သေးတယ် ဗျာ ။ ဒီ အရွယ် က မိခင် ရင်ခွင် နဲ့ နေရမယ့် အရွယ်ဗျ ။ ဒါပေမဲ့ သူ့ မိခင် လဲ မရှိတော့ဘူး ဆိုတော့ ကျွန်တော်တို့ က ဒီ ကလေး ကို တာဝန် ယူ ပေးရမှာပဲ ”

“ ဟုတ်တာပေါ့ ဆရာလေး ရာ ။ ဒါကြောင့် ဒီ တာဝန် ကို ဘယ်သူ ယူနိုင်မလဲ ဝိုင်း စဉ်းစား ကြတာပေါ့ ”

ထန်းခေါက်ဖာလေး ထဲ က ပါးဖောင်းဖောင်းလေး နဲ့ နုဖတ်နေ တဲ့ ကလေးငယ်လေး ။ သူ့ ဘဝ သူ သိသည့် အလား ငြိမ်သက်စွာ နဲ့ သနားစရာ ကလေးငယ် ရယ် ၊ အကြင်နာတရား မရှိတဲ့ လူ့ ပတ်ဝန်းကျင် မှာ ပေါက်ဖွားခဲ့ ရလေတော့ စွန့်ပစ်ခြင်း နဲ့ ရင်းနှီးခဲ့ပြီပေါ့ ။

“ ကျွန်တော် ဒီ ကလေး ကို တာဝန် ယူမယ်ဗျာ ”

စိတ် ကို ဒုန်းဒုန်းချပြီး ပြော ချ လိုက်သည် ။

“ ဟာ ဆရာလေး ဖြစ်ပါ့မလား ဗျာ ။ ဆရာလေး က လူပျိုလေး လေ ။ ဆရာလေး ဘဝ ကို ပြန် ထည့် တွက်ဦး ”

ရွာ ထဲ က လူ အများစု ရဲ့ စကားသံတွေ ကို သူ ဂရု မစိုက်ချင်တော့ ။ အဓိက က သူ ဒီ ကလေး ကို မွေးစား ဖို့ ။

•••••   •••••   •••••

အခန်း ( ၂ )

“ သားရေ ... အဖေတို့ ထမင်း စား ကြရအောင် ဟ ။ နေ လည်း အတော် ပူနေပြီ ။ ဒီနေ့တော့ စောစောလေး ပြန် နားကြမယ် ဟေ့ ”

“ ဟုတ်ကဲ့ပါ အဖေ ၊ သား ဒါလေး လက်စသပ် ပြီးရင် လာခဲ့မယ် ”

သစ်ပင်ရိပ် အောက် မှာ နား နေတဲ့ အဖေ့ ကို ပြောရင်း အလုပ် ဆက် လုပ် နေလိုက်တယ် ။ ကျောင်း နားရက်လေး မှာ အဖေ့ ကို တတ်နိုင် သမျှ ကူ ပေးချင်တယ် ။ နေ က လည်း ပူလိုက်တာမှ ။ သူ့ ကို မော် မကြည့်ရဲအောင်များ ပူ လေရော့သလား ။

“ အဖေ ပြီးပြီ ၊ ထမင်း စား မယ်လေ ”

“ အေး သား စားကြမယ်ကွ ”

“ ဒါနဲ့ သား ဒီနှစ် ကျောင်း တက် ပြီးရင် ဘွဲ့ ရတော့မယ် နော ။ အဲဒါ ငါ့ သား ဘာ ဆက် လုပ်မယ် စိတ်ကူးထားလဲ ”

အဖေ့ အမေး မှာ ကျွန်တော် တွေဝေ သွားခဲ့မိတာ အမှန်ပါ ။ ဒီ တော ဒီ တောင် နဲ့ ဒီ အဖေ ကို ထားခဲ့ပြီး တစ်နယ်တစ်ကျေး ကို သွားမယ် ဆိုတာ နှစ်ပေါင်း များစွာ သံယောဇဉ် ကြီးကြီး နဲ့ ကိုယ့် ကို သား အရင်း တစ်ယောက် ပမာ ပညာ သင်ပေး ခဲ့တဲ့ အစစ အရာရာ ပံ့ပိုး ပေးခဲ့တဲ့ အဖေ့ အပေါ် မတရား ရာ များ ကျ လေ မလား ။

“ ဟင် သား အဖေ မေး နေတယ်လေ ၊ သား ဘာ လုပ်မယ် စိတ်ကူး ထားလဲလို့ ။ အဖေ့ ကို အားမနာနဲ့ သား ။ သား ဖြစ်ချင်တာ ဘာမဆို အဖေ့ ဘက် က ပံ့ပိုး နိုင်အောင် ကြိုးစား ပေးမယ် ”

အော် အဖေရယ် သား အတွက် ဘာမဆို လုပ်ပေးမယ်တဲ့ လား ။ အဖေ က သား ရဲ့အဖေ အရင်း သာ ဖြစ်ပါတော့ လား ။ တွေးရင်း နဲ့ ရင် ထဲ မှာ ဝမ်းနည်းမှုတွေ က အလုံးလိုက် အရင်းလိုက် ။ ဆို့ တက် လာတဲ့ မျက်ရည်စလေး တွေ ကို အသာ ဖယ် ထုတ် ရင်း ။

“ သား ဆန္ဒ ကတော့ လေ ကိုယ် သိ သမျှ ပြန် ဝေမျှရင်း မပြည့်စုံ တဲ့ ကွက်လပ်လေး တွေ ကို ချောမော ပြေပြစ် တဲ့ ဝါကျ တစ်ကြောင်း အဖြစ် ဖန်တီး ပေးတဲ့ ကျောင်းဆရာ အလုပ် ကို လုပ်ချင်တယ် ဗျာ ”

“ တော် လိုက်တဲ့ ငါ့ သား လုပ်ကွာ အဖေ အားပေးတယ် ။ ကျောင်းဆရာ ဆိုတာ မွန်မြတ်တဲ့ အလုပ် ကွ ။ သံသရာ အဆက် ဆက် အထိ ကောင်းကျိုး ပေးတဲ့ အလုပ် ။ အဖေ အားပေးတယ် ကွာ ”

အဖေ့ ရဲ့ အားပေးမှုတွေ နဲ့ အတူ ဘွဲ့ရ အပြီး ကျောင်းဆရာ အလုပ် လျှောက် ခဲ့တယ် ။

“ အဖေ သား သွားတော့မယ်နော် ။ အဖေ ကျန်းမာရေး ဂရုစိုက်ပါ ”

“ အေးပါ သား ရာ အဖေ က ကျန်းမာရေး ကောင်းတာပဲ ကို ”

“ ဖျားခဲ့ နာခဲ့ ရင် လဲ ခေါင်းရင်း အိမ် က အရီးပု တို့ ကို ပြောနော် ။ အရီးပု တို့ လည်း အဖေ့ ကို ဝိုင်းပြီး ဂရုစိုက် ပေးကြပါဦး ဗျာ ”

“ ဟဲ့ နင် သွားစရာ ရှိတာ သွား ငါတို့ တောဓလေ့ ဆိုတာ တစ်ယောက် တည်း နေ လို့ ပူ နေရမယ့် အရပ် မဟုတ်ဘူး ။ နင် သာ ကျောင်းဆရာကြီး ဖြစ်အောင် ကြိုးစား ။ ကျန်းမာရေး ကို ဂရုစိုက် ”

အရီးပု ရဲ့ စကား အဆုံး မှာ ကျွန်တော် သိပ် ချစ်ရတဲ့ အဖေ့ ကို ထိုင် ကန်တော့ခဲ့တယ် ။ ရွာ က ထွက် တဲ့ အစောဆုံး ကား မှာ လိုက် စီးရင်း ကိုယ့် ဘဝ ရဲ့ ဖြစ်တည်ပုံတွေ ကို စဉ်းစားလာခဲ့တယ် ။

အဖေ ပြောတာ တော့ ကျွန်တော် မွေးကင်းစလေး တုန်း က သူများ လာ ပစ် သွားတာတဲ့ ။ အဖေ အရင်း အမေ အရင်း ဆိုတာ ဘယ်သူ မှန်း မသိ ။ ကလေးလေး က ချစ်စရာ သနားစရာ ကောင်းလွန်း လို့ ကရုဏာ သက်ပြီး အဖေ က မွေးစားခဲ့တာ တဲ့ ။ အဲအချိန် တုန်း က အဖေ က အရွယ် ကောင်း ။ အသက် ၃ဝ နဲ့ ။ ဘယ်က လာမှန်း မသိတဲ့ ကလေး ကို မွေးစား လို့ ဆို ပြီး အဖေ့ ရည်းစား က အဖေ့ ကို လက် မခံနိုင်တော့ဘဲ တခြား တစ်ယောက် နဲ့ ယူ သွားတယ် လို့ အဖေ တစ်ခါ ပြော ဖူးတယ် ။ အဲလို နဲ့ အဖေ ဟာ အခု အသက် ၆ဝ ကျော် တဲ့ အရွယ် ထိ အိမ်ထောင် မပြုဘဲ ကလေးအဖေကြီး ဖြစ်ခဲ့ ရ ပြန်တယ် ။

“ ကဲ ဆင်းမယ်ဗျို့ စစ်ကိုင်း ရောက်ပါပြီ ”

အတွေးစတွေ နဲ့ ကား စီး လာလိုက်တော့ စစ်ကိုင်း တောင် ရောက် လာခဲ့ပြီ ။

“ ဗျို့ ဆရာ ဘယ် သွားမှာလဲ ဗျ ”

“ ကျွန်တော် စစ်ကိုင်း ပညာရေးကောလိပ် ကို သွား ချင်တယ် ဗျ ”

ဒီလိုနဲ့ ဆိုင်ကယ်သမား နဲ့ ဈေးညှိ ပြီး ကောလိပ် အရောက် သွားခဲ့တယ် ။ ဟို ရောက်တော့ ကိုယ် နေရမယ့် အဆောင် ကိုသွား ပစ္စည်းတွေ လည်း နေရာ ချထားခဲ့ပြီး တစ်ရေး လောက် အိပ် လိုက်သေးတယ် ။

အခန်းဖော် သူငယ်ချင်း က လည်း ကိုယ့် လို အညာသား ။ ဒါပေမဲ့ သူ က တောသူဌေးသား ။ မိဘ က ပံ့ပိုး ပေးနိုင်တဲ့ လူ ။

“ သူငယ်ချင်း လက်ဖက်ရည်ဆိုင် သွား ရအောင် ။ ငါ တိုက် မှာပါကွ ”

“ အေးပါ မောင်မောင် ရာ မင်း က သူဌေးသား ပဲ မင်း တိုက် မှ သဘာဝ ကျ မှာပေါ့ ကွ ။ ငါ က ငါ့ ကျောင်းစရိတ် တောင် အနိုင်နိုင် ”

သူငယ်ချင်း ရဲ့ နာမည် က မောင်မောင် ။ မောင်မောင် က ငွေကြေး ချမ်းသာ ပေ မယ့် မောက်မာမှု မရှိ ။ လူ တစ်ယောက် ရဲ့ဘဝ ကို အရှိ အတိုင်း လက်ခံတယ် ။ ဒီလို နဲ့ သူငယ်ချင်း နှစ်ယောက် လက်ဖက်ရည်ဆိုင် ရောက် ခဲ့တယ် ။

“ ပြောပါဦး မျိုးအောင် ရ မင်း အကြောင်းလေး ဘာလေး ”

“ ငါ့ အကြောင်း က နားထောင် ချင်စရာ မကောင်းပါဘူး ကွာ ”

“ ဘယ် ဟုတ်မလဲ ငါ့ ကောင် ရ ၊ လူတိုင်း မှာ ကိုယ်ပိုင် ဘဝ တစ်ခု ရှိတယ် ကွ ။ အေး အဲဒီ ဘဝ က ဘာကြီး ဖြစ်နေနေ ငါတို့ က လေးစား ပေး ရမယ် ။ စာနာ ပေးရမှာပဲ ကွ ”

“ ဟာ မောင်မောင် မင်း အတွေးအခေါ်တွေ က ကောင်းလှပါလား ကွ ။ မင်း က သူဌေးသား ဆိုတော့ ခွဲခြား တတ်မယ် ထင် တာ ”

“ မင်း က လည်း ငါ့ ကို မစာနာတတ်တဲ့ ကောင် လို့ ထင်တယ် ”

“ အေးပါကွာ ငါ ပြောပါ့မယ် ။ငါ့ ဘဝ မှာ မွေးကင်းစ ကတည်း က အဖေ ရယ် အမေ ရယ် ဆိုတာ ရဲ့ စွန့်ပစ်ခြင်း ကို ခံခဲ့ ရ တာကွ ။ အခု လက်ရှိ က ငါ့ မွေးစား အဖေ ။ အဖေ က ပဲ ဒီ အရွယ် ဒီ အခြေအနေ ထိ ဖြစ်အောင် လုပ်ကိုင် ပေးခဲ့တာ ကွ ”

“ ဒါဆို မင်း က စွန့်ပစ်ထားခဲ့တဲ့ အဖေ နဲ့ အမေ ကို စိတ် နာတယ်ပေါ့ ”

“ နာတယ်တော့ မဟုတ်ပါဘူးကွာ ၊ ဒါပေမဲ့ သူများတွေ အဖေ အမေ လို့ အားရ ပါးရ ခေါ်ချိန် မှာ ငါ့ မှာ မခေါ်နိုင်ခဲ့ဘူး ။ မိဘမဲ့ တစ်ယောက် ရဲ့ စိတ် ခံစားချက် ကို မိဘမဲ့ တွေ ပဲ နားလည်ပါတယ် ကွာ ”

“ အေးပါကွာ ဒါပေမဲ့ မိဘမဲ့ မဟုတ်တဲ့ သူ တွေ လဲ မိဘမဲ့ သူ ရဲ့ ခံစားချက် ကို နားလည် ပေးတတ်ကြတယ် ဆို တာ မင်းမှတ်ထား ကွ ”

“ အေးပါကွာ ကျေးဇူးပဲ ”

ပြောမယ့်သာ ပြောရသည် ။ ကိုယ်တွေ က အဖေ အမေ နဲ့ ပြည့်စုံ ခဲ့ရတော့ မရှိသူတွေ လို စိတ် နာကျင်မှုမျိုး မရှိခဲ့တာ အမှန်ပါပဲ ။ ကိုယ့် မိဘတွေ ကို တကယ် ကျေးဇူး တင် မိသည် ။ ဒီလို အရာတွေ နဲ့ ကင်းဝေး စေခဲ့တာတွေ အတွက် တကယ့် ကိုကျေးဇူး တင် မိပါသည် ။

“ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားကွာ ”

မျိုးအောင် ကို အားပေးစကား ပြောရင်း အဆောင် ပြန် ရောက်ခဲ့ကြသည် ။ ညပိုင်း လည်း စကား မပြောဖြစ်တော့ သူ လည်း သူ့ အတွေး နဲ့ သူ ကိုယ် လည်း ကိုယ့် အတွေး နဲ့ ကိုယ် ။

“ ရွှီ  ရွှီ ”

“ ဟာ ခရာ တွတ် နေပြီ ။ မောင်မောင် ထ ကွ ။ ငါတို့ ကိုယ်လက် လှုပ်ရှား ကစား ရမယ်လေ ”

မျိုးအောင် စကား သံ ကြောင့် မောင်မောင် အလူးအလဲ ထ ကာ နှစ်ယောက်သား ပြေး ခဲ့ကြရသည် ။

“ တစ် နှစ် သုံး ၊ တစ် နှစ် သုံး ” ဟု တစ်ဖုံ ။

“ ဘယ် ညာ ဘယ် ညာ ” ဟု တစ်ဖုံ ။

အပြန်ပြန် အလှန်လှန် လေ့ကျင့်ရင်း ။

“ ဟ မျိုးအောင် ဟိုမှာ ကောင်မလေး တစ်ယောက် ။ ကြည့်ပါဦးကွာ ချော လိုက်တာ ”

မောင်မောင် ညွှန်း လွန်း လို့ လှည့် ကြည့် လိုက်မိသည် ။ တကယ် မြင် လိုက်ရတဲ့ အခိုက်အတန့် သံလိုက် ဆွဲညှို့ ထား သလိုပါပဲ ။ မျက်လုံးများ က သူမ ရဲ့ မျက်လုံး ဆီ မှ မခွာနိုင် ။ သူမ က လည်း ဆတ်ကနဲ အကြည့် ။

“ အေးကွာ ချောတယ် ၊ မင်း ပြော တာ ထက် ပို ချောတယ် ”

“ မင်း ကြိုက်လား ကြိုက်ရင် ဖွင့် ပြောကွာ ”

မျိုးအောင် အား မောင်မောင် က တိုက်တွန်း နေသည် ။

“ မဖြစ်ပါဘူးကွာ ငါ ဘာ မှ အဆင်သင့် မဖြစ်သေးဘူး ။ ငါ့ ဘဝ နဲ့ ငါ လည်း အဆင် မပြေသေးပါဘူး ကွာ ”

ပြောပြီး မောင်မောင့် အနား က လှည့် ထွက် လာခဲ့ သည် ။

“ ဆရာလေး ဆရာလေး ဘာတွေ တွေး နေတာလဲ ဗျ ”

ဘေး မှ လူ က လက်မောင်း ကို ကိုင် လှုပ်ရင်း မေး မှ သတိ ပြန် ဝင် လာတယ် ။

“ ကျွန်တော် အတွေး လွန် သွားလို့ ပါ ဗျာ ၊ ဒီ ကလေး ကို ကျွန်တော် မွေးစားမယ် နော် ဥက္ကဌကြီး ”

“ ဆရာလေး .. တကယ် တာဝန် ယူနိုင် ရင်  ကျွန်တော်တို့ က ကြည်ဖြူ ပြီးသားပါ ။ လိုအပ်တာ လည်း ပြောပေါ့ ။ ကျွန်တော်တို့ အားလုံး ကူညီ ကြမှာပါ ဗျာ ”

“ ဟုတ်ကဲ့ပါ ဗျာ ကျေးဇူး တင်ပါတယ် ဗျာ ”

ကလေးလေး ကို ကောက်ယူ ထွေးပွေ့ လိုက်သည် ။ ဖြူဖွေးလွန်းသည့် သားငယ်လေး အဖေ့ ရင်ခွင် မှာ နွေးထွေး နိုင်ပါစေကွယ် ။

•••••   •••••   •••••

အပိုင်း ( ၃ )

ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေး ထဲ မှာ မောင်မောင် တစ်ယောက် မျိုးအောင် အလာ ကို စောင့် နေမိသည် ။ သို့သော်လည်း မျိုးအောင် ကား ပေါ် မလာတော့ ။ ဘယ်ဆီ ရောက် လို့ ဘာတွေ လုပ်နေ မှန်း လဲ မသိရတော့ ။ မောင်မောင့် မှာ တော့ ချစ်ခင်ရမယ့် ဖြူနု ဆို တဲ့ ဆရာမလေး တစ်ယောက် ရှိ နေခဲ့ပြီ ။

အချိန် ရာသီတွေ ဟာ လည်ပတ် နေတာ ကြောင့် အရာအားလုံး ဟာ ပြောင်းလဲ ကုန်ပြီ ။ အခု ဆို ရင် မောင်မောင် က လည်း မင်းဘူးမြို့ နား က ရွာလေး တစ်ရွာ မှာ ကျောင်းဆရာ တစ်ယောက် ဖြစ်နေခဲ့ပြီ ။ ချစ်ရသူလေး က လဲ သူ နဲ့ မနီးမဝေး က စာသင်ကျောင်းလေး မှာ  ။

သူငယ်ချင်း မျိုးအောင် ရေ မင်း ရော ဘယ် ရောက်နေလဲ ။ ဘာတွေ လုပ်နေလဲ ။ မင်း ကို ငါ ပြောခဲ့ဖူး သလို ပဲ မိဘမဲ့ သူ တစ်ယောက် ရဲ့ ခံစားချက် ကို မိဘ ရှိ သူတွေ လည်း ခံစား ပေးတတ်တယ် ဆိုတာလေ ။ အခု ငါ့ လက် ထဲ မှာ မင်း နဲ့ ဘဝ တူ တဲ့ ကလေးငယ်လေး တစ်ယောက် ။ ဒီ ကလေး အတွက် ငါ ဟာ အဖေ အရင်း မဟုတ်ပေမယ့် အဖေ ရင်း နဲ့ မခြား ချစ် သွားမှာပါ ကွာ ။ ဒီ ကမ္ဘာ ပေါ် က ကလေး တိုင်း ချစ်ခြင်းမေတ္တာ မှ မကင်းဝေး ကြပါစေ နဲ့ လို့ ဆုတောင်း ရင်း ...

◾မယ်နှင်း ( ပညာရေး )

📖 နှလုံးသား ဖြင့် စီရင်သည်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment