Wednesday, December 28, 2022

ထောင် နဲ့ မကင်းတဲ့ ကျွန်တော် နဲ့ မင်းလူ


 

❝ ထောင် နဲ့ မကင်းတဲ့ ကျွန်တော် နဲ့ မင်းလူ ❞

မင်းလူ ကို ကျွန်တော် စတင် မြင်ဖူး သည် က ထောင် ထဲ မှာ ဖြစ်သည် ။ ကျွန်တော့် အသက် က နှစ်ဆယ့်နှစ်နှစ် ၊ သူ က နှစ်ဆယ့်တစ် ဝန်းကျင် တက္ကသိုလ်ကျောင်းသားတွေ ဖြစ်သည် ။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ မှာ ဦးသန့် အရေးအခင်း ဖြစ်သည် ။ ကျွန်တော် တို့ ကျောင်းသားတွေ အများကြီး အဖမ်း ခံရသည် ။ အရပ်သား တွေ လည်း အများကြီး ပါသည် ။ အင်းစိန်ထောင်ကြီး တစ်ခု လုံး ပြည့်ကျပ်ညပ် နေသည် ။ ဒီဇင်ဘာလ ၁၁ ရက် ဝေလီဝေလင်း ကျွန်တော် တို့ အဖမ်း ခံ ရသည် ။ စစ်ကားကြီးတွေ နဲ့ တင်ပြီး အင်းစိန်ထောင် ကို ခေါ် သွားသည် ။ ကျွန်တော် တို့ ကို တွဲဘက်ထောင် ( ယခု အပေါ် သီးသန့်ထောင် ) အဆောင် ( ၁ ) ကို ပို့သည် ။ အပေါ် ထပ် က အခန်း တွေ ရော အောက် ထပ် က အခန်း တွေ မှာ ပါ လူတွေ လျှံထွက် နေအောင် များသည် ။ ဖမ်း လည်း ဖမ်းနိုင်ပါပေ့တယ် ဆိုရတော့မည် ။ ညနေ ပိုင်း ရောက် တော့ ကျွန်တော်တို့ ကို အင်းစိန်ထောင်မကြီး ထဲ က ( ၂ ) တိုက် ( ရင်ကွဲတိုက် ) ကို ပို့သည် ။ ကြိုးတိုက် ဟု လည်း ခေါ်သည် ။ အဲဒီမှာ မှ ဒုက္ခလှလှ တွေ့ တော့သည် ။ ၈ ပေ × ၁၂ ပေ လောက် ရှိတဲ့ အခန်းကျဉ်းလေး ထဲ ကို ၁၅ ယောက် ထည့် သည် ။ တချို့အခန်းတွေ ဆို လူ ၂၀ လောက် အထိ ထည့်ထားသည် ဟု သိရသည် ။ လူတိုင်းစေ့ ဘယ်လို မှ အိပ် မရ ။ အိပ်သူ က အိပ် နေလျှင် နေရာ မရ သူ က အိပ်နေသူတွေ ရဲ့ ခြေရင်းနား မှာ ငုတ်တုတ်ကလေး ထိုင် နေ ရသည် ။ ဒါမှမဟုတ် အပေါက် ဝ သံတိုင် နား မတ်တတ် သွား ရပ်နေ ၊ လမ်း လျှောက် စရာ နေရာ လုံးဝ မရှိ ။ တစ်ယောက် ယောက် က အပေါ့ သွား ချင်လို့ ၊ ရေ သောက် ချင်လို့ ထ သွားလျှင် ထိုင် နေသူ က ထ သွား သူ ရဲ့နေရာ မှာ ကမန်းကတန်း ဝင် အိပ် ရသည် ။ နို့မို့ဆို ကျောကလေး ခင်း ရဖို့ပင် မလွယ်လှ ။ အပေါ့အပါး သွား ဖို့ ၊ အလေးအပင် စွန့် ဖို့ အခန်းထောင့် မှာ မြေအင်တုံ ( ထောင်တွင်း အခေါ် ဂန်ဖလား ) ၂ လုံး ချ ထားသည် ။ ဆီးတွေ ဝမ်းတွေ နှင့် လျှံ ထွက်နေသည် ။ သည်လို အခန်း ထဲ က အနံ့ အသက် ကို စဉ်းစား သာ ကြည့် ပေတော့ ။ မနက် တစ်ခါ ညနေ တစ်ခါ ဂန်ဖလား ထွက်သွန် ကြရသည် ။ အခန်းကျဉ်းလေး ထဲ ၂၄ နာရီ ပိတ်လှောင်မွန်းကျပ် နေရသူတွေ ချည်း မို့ ခဏတဖြုတ် အညစ်အကြေး ထွက် သွန်ရသည် ကို ပင် လုပြီး သွန် နေ ကြရသည် ။ ရေ သောက် ဖို့ က အဝင်ပေါက် သံတံခါး ရဲ့ရှေ့တွေ မှာ မြေအိုး ကို ညစ်ထေးထေး ဒန်ပန်းကန်ပြား တစ်ချပ် ဖြင့် ဖုံး လို့ ။ ရေ ခပ် သောက် ဖို့ နို့ဆီခွက် သံချေးတက်ကလေး တစ်လုံး တင် ထားသည် ။

ကံ ကောင်းချင်တော့ ကျွန်တော် ( ၂ ) တိုက် မှာ ကြာကြာ မနေလိုက်ရ ။ မျက်နှာ မသစ်ရ ၊ ရေ မချိုးရ ဘဝ ကို ၂ ပတ် လောက် ပဲ နေ လိုက်ရသည် ။ ကျွန်တော် အဆောင် ၃ ကို ရောက်သွားသည် ။ အဆောင် မှာ က တိုက်မှာ ထက် နေရ ထိုင်ရ တာ သက်သောင့်သက်သာ ရှိသည် ။ ၃ ဆောင် ကို ရောက်တော့ အောက်ထပ် အဆောင်မှူးရုံးခန်း ( ဂိတ်တဲ ) နဲ့ ကပ်လျက် အခန်း မှာ ကျွန်တော့် ကို ထားသည် ။ ဒါရိုက်တာ မောင်လတ်နောင် တို့ နှင့် အတူ နေရသည် ။

တစ်ရက် မှာ ဘာ အကြောင်းမှန်း မသိ ကျွန်တော် တစ်ယောက် တည်း ခေါ်ထုတ်သွားပြီး အပေါ် ( ၁ ) လို့ ခေါ်တဲ့ အခန်း ထဲ ထည့် လိုက်သည် ။ အဲဒီမှာ ပန်းချီကိုမျိုးမြင့် ကို တွေ့သည် ။ ကျွန်တော် ဝမ်းသာသွားသည် ။ ကျွန်တော်တို့ တွေ တစ်ယောက် အတွေ့အကြုံ တစ်ယောက် ဖလှယ်ကြ ၊ မေးမြန်းကြ ၊ စကားတွေ ပြောကြ ရသည် ။ အဲဒီမှာ သူ က ကျောင်းသား တစ်ယောက် ကို လက်ညှိုး ထိုးပြသည် ။ “ အဲဒါ ဒါရိုက်တာ ဦးသာဓု ရဲ့သား အငယ်ဆုံးကောင် ဉာဏ်ပေါ် လို့ ခေါ်တယ် ” လို့ ပြောသည် ။ ကျွန်တော် ကြည့် လိုက်တော့ ပိန်ပိန်မည်းမည်း ပေကပ်ကပ် တစ်ယောက် ကို တွေ့ ရသည် ။ သူ့ ကြည့်ရတာ တစ်စုံတစ်ခု ကို လေးလေးနက်နက် တွေး နေသည့် ပုံမျိုး ဖြစ်သည် ။ အဲဒီမှာ ဉာဏ်ပေါ် နှင့် ကျွန်တော် ပထမဆုံး တွေ့ဆုံရတာ ဖြစ်သည် ။ တွေ့ဆုံမှု က လည်း ဒီလောက်ပဲ ဖြစ်သည် ။

ညနေပိုင်း ရောက် တော့ ကျွန်တော့် ကို လာ ခေါ် ထုတ် ပြန်သည် ။ အထုပ်ကလေး ပိုက်ပြီး ကျွန်တော် လိုက် ရ ပြန်သည် ။ အောက် ( ၈ ) လို့ ခေါ်တဲ့ အောက်ထပ် အတွင်း ဘက် အစွန်းဆုံး အခန်း ထဲ ထည့် ပြန်သည် ။ ကျွန်တော် အောက် ( ၈ ) မှာ ဆက် နေရသည် ။ အဲဒီ နောက် ( ၈ ) အခန်း ထဲ မှာ ဘယ် လူတွေ နှင့် အတူ နေခဲ့ရသည် ကို အခု ပြန်စဉ်းစားတော့ စဉ်းစား လို့ မရတော့ ။ နာမည်တွေ ရော ရုပ်တွေ ရော ပြန် ဖမ်းလို့ မရတော့ ။ အင်းလေ နှစ်ပေါင်း ၄၀ နား ကပ်နေပြီပဲ ။ ကြာပါပေါ့ ။

အောက် ( ၈ ) အခန်း ထဲ မှာ ကျွန်တော် နေသား ကျ သလောက် ရှိတော့ အခန်း ထဲ ကို နောက်ထပ် ကျောင်းသား တစ်ယောက် ထပ် ရွှေ့လာသည် ။ ကြည့် လိုက် တော့ ဉာဏ်ပေါ်  ဖြစ် နေသည် ။

အဲဒီ အချိန် မှာ ကျွန်တော်တို့ လူငယ်တွေ ခဲတွေ နဲ့ ဂေါ်လီ ပစ် နေကြတာ ဖြစ်သည် ။ အုတ်နီကျိုးခဲတွေ ကောက်ပြီး သမံတလင်း နဲ့ လုံး နေအောင် သွေး ထားကြတာ ဖြစ်သည် ။ အခန်းတွင်း ခုတင်တွေ လွတ် နေတဲ့ ကွက်လပ် မှာ ဂွင်ရာ ရိုက်နေကြတာ ဖြစ်သည် ။ ဝင် လာသော ဉာဏ်ပေါ် ကို လှမ်း ကြည့်ရုံ ကြည့်ပြီး ကိုယ့် ဂေါ်လီလုံး ကိုယ် ဆက်ပြီး ကစား နေကြသည် ။ သူ အခန်း ထဲ ရောက်တော့ ရောက် နှင့် သူ တချို့ နှင့် စကားစမြည် အနည်းငယ် ပြောပြီး ဟေးလားဝါးလား ကစား နေကြတာ ကို သူ ကြည့် နေသည် ။ သူ ကြည့် နေသည့် ပုံစံ က ငေးကြည့် နေသည့် ပုံစံ ဖြစ်သည် ။ ကျွန်တော် က ကစားလက်စ ကို ခဏ ရပ်ပြီး “ ဟေ့ကောင် မင်း ပါမလား ” ဟု မေး လိုက်သည် ။ သူ က မဆိုင်းမတွ ပင် “ အေး ပါမယ် ” ဟု ဖြေသည် ။ “ အဲဒါဆို ငါ့ နေရာ မင်း ဝင်ကစား ” ဆိုပြီး ကျွန်တော့် နေရာ ကို ဖယ် ပေး လိုက်သည် ။ သူ အားရဝမ်းသာ ဝင် ကစား သည် ။ သူ ပျော် သွား ပုံ ရသည် ။

အဲဒီက စပြီး ဉာဏ်ပေါ် နှင့်ကျွန်တော် စတင် သိကျွမ်း ခင်မင်တာ ဖြစ်သည် ။

•••••   •••••   •••••   •••••

ကျွန်တော်တို့တွေ ကို စစ်ခုံရုံး ဖြင့် စီရင်ချက် ချသည် ။ ထောင်တွေ အသီးသီး ကျ ကုန်ကြသည် ။ ၃ နှစ် ၊ ၄ နှစ် ၊ ၅ နှစ် ၊ ၇ နှစ် ၊ ၁၀ နှစ် စသည် ဖြင့် ထောင်တွေ ကျကုန်ကြသည် ကို ပင် တစ်ယောက် မှ ဝမ်း မနည်း ပျော်နေကြပုံ ရသည် ။ မင်း က ဘယ်နှနှစ် လဲ ၊ နည်းတယ် ၊ ငါက ဘယ်နှနှစ် ကွ စသည် ဖြင့် တစ်ယောက် နှင့် တစ်ယောက် ပြိုင်နေကြသည် ။ ကျွန်တော် က ထောင် ၃ နှစ် ကျသည် ။ သူ လည်း ထောင် ၃ နှစ် ကျသည် ။ သားကြီး မောင်ဇေယျ လည်း ၃ နှစ် ။ ပန်းချီမျိုးမြင့် က ၄ နှစ် ဖြစ်မည် ။ ပန်းချီစံမင်း ၊ ပန်းချီအင်ဒရူး ၊ ပန်းချီတင်မောင်ရီ ၊ ပန်းချီရဲမြင့် တို့ က ထောင် ၇ နှစ် စီ ကျသည် ။

၁၉၇၅ ၊ ဧပြီလ ၄ ရက် နေ့ ကျတော့ ကျွန်တော်တို့ တစ်တွေ ပြန် လွတ်ကြသည် ။ ထောင်ဒဏ် ၃ နှစ် ၊ ၄ နှစ် ကျတဲ့ ကျောင်းသားတွေ ကို မိဘတွေ ရဲ့ ခံဝန်ချက်တွေ နဲ့ ပြန် လွှတ် ပေးတာ ဖြစ်သည် ။ ယခု ပုဒ်မ - ၄၀၁ နှင့် အတူတူ ပဲ ဖြစ်သည် ။ နောက် နောင် ထပ်မံ အပြစ် ကျူးလွန် ပါ က ကျူးလွန်သော ပြစ်ဒဏ် အပြင် ယခု ပြစ်ဒဏ် ၏ လက်ကျန် ပြစ်ဒဏ် ကို ပါ ထပ်မံ ခံစားရမည် ဆိုသည့် သဘောမျိုး ဖြစ်သည် ။ ကျွန်တော်တို့ တစ်တွေ ထောင် က လွတ်ပြီး ကျောင်းတွေ ပြန်တက် ကြတော့ ဉာဏ်ပေါ် တို့အုပ်စုတွေ ကျွန်တော်တို့ ရှိရာ တက္ကသိုလ် ပန်းချီခန်း ကို ရောက် လာကြသည် ။ သူတို့ အုပ်စု နှင့် ကျွန်တော် တို့ ပန်းချီခန်း က လူတွေ တစ်ပေါင်းတည်း ဖြစ် သွားကြသည် ။

ပန်းချီခန်း မှာ နံရံကပ် စာစောင်တွေ အတူတူ လုပ်ကြ ၊ လက်ရေး ပို့စကဒ်လေးတွေ ကျွန်တော်တို့ ရေးတော့ သူတို့ က ကဗျာတွေ စပ်ပေးကြ ။ ဉာဏ်ပေါ့် ဆရာမ က သူ့ အဆောင် နံရံကပ် စာစောင် ကို လာ ကူပေးပါဦး ဆို လို့ ကျွန်တော်တို့ တွေ အင်ကြင်းဆောင် မှာ ရွေးထားတဲ့ ကဗျာတွေ ကို လက်ရေး တွေ ရေးကြ ။ ကျောင်းသားတွေ က သရုပ်ဖော်ပုံတွေ ဆွဲကြ ၊ ကျောင်းသူလေးတွေ က လည်း လက်ဖက်ရည်တွေ လာ တိုက်ကြ ၊ ခေါက်ဆွဲကြော်တွေ လာ ကျွေး ကြ နဲ့ တပျော်ကြီးပေါ့ ။ မိန်းကလေးဆောင် မှာ ည အိပ် ကြရတဲ့ ကျောင်းသား ဆို လို့ ကျွန်တော်တို့ အုပ်စု ပဲ ရှိမည် ထင်သည် ။ နောက်ပြီး စာကူးစက် နဲ့ ရိုက်ပြီး ကဗျာစာအုပ်လေးတွေ စ လုပ်ကြ ၊ လိုက် ရောင်းကြ နှင့် ပျော်စရာကာလလေးတွေ ဖြစ်သည် ။

•••••   •••••   •••••   •••••

၁၉၇၆ ခုနှစ် ဧပြီလ ( ၁၀ ) ရက်နေ့မှာ ကျွန်တော် ပြန် အဖမ်း ခံရသည် ။ အိမ် မှာ လာ ခေါ် တာ ဖြစ်သည် ။ “ ညီလေး ၊ ခဏလောက် ” ဆိုပြီး ခေါ် သွားတာ ဖြစ်သည် ။ မှိုင်းရာပြည့် အရေးအခင်း နှင့် ပတ်သက်ပြီး ခေါ်ယူ စစ်ဆေး တာ ဖြစ်သည် ။ ကျွန်တော့် ကို အင်းစိန်ထောင် တိုက် - ၅ အခန်း ( ၁၀ ) မှာ ဖေမောင်ခင် ဆိုသော စက်မှုတက္ကသိုလ်ကျောင်းသား နှင့် အတူ ထားသည် ။ သားကြီးမောင်ဇေယျ က ကျွန်တော့် ထက် တစ်ရက် ကြို ရောက်နေသည် ။ သူ့ ကို ဧပြီလ ၉ ရက် နေ့ က ဖမ်းသည် ။ တိုက် - ၅ အခန်း ( ၉ ) မှာ ထားသည် ။ အခန်း ( ၁၁ ) မှာ က ကိုတင်အေးကြူ ၊ ကိုသန်းလင်း ၊ ကိုဝင်းမြင့် ( တေးရေးဆရာ ဝင်းမင်းထွေး ) တို့ ရှိသည် ။ သူတို့တွေက အဲဒီ ကာလ က နာမည်ကြီးတွေ ဖြစ်သည် ။ သတင်းစာ မှာ ကျောင်းသားဆိုး တွေ ဆိုပြီး ပါ လာကြသူတွေ ဖြစ်သည် ။ ကျွန်တော့် ကို အခန်း ထဲ ထည့်ပြီး အခန်းတွင်း က စကား လှမ်း မပြောရဘူး တဲ့ ။ ကျွန်တော် ခေါင်းညိတ် ပြလိုက်သည် ။ သူ ထွက် သွားတော့ အခန်းနံရံ ကို လက် နဲ့ တို့ ခေါက်ပြီး ဟိုဘက်ခန်း က ဘယ်သူ လဲ လို့ လှမ်းမေး လိုက်သည် ။ တစ်ဖက် ခန်း က “ ကျွန်တော် ဇေယျပါ ” ဟု ဖြေသည် ။ သူ့ အသံ ကို ကျွန်တော် ပြန် ပြောတော့  “ဟေ့ကောင် ထောင် ထဲ ရောက် တာ အဖော် ရှိသေးတော့ တော်သေးတာပေါ့ ” ဟု ကျွန်တော် ပြန် ပြော လိုက်သည် ။ သူ က စစ်ကြောရေး တစ်ကြိမ် ဝင်လာပြီး သား ဖြစ်သည် ။ ဘာတွေ မေးသလဲ ဆိုတော့ သူ ပြောပြသည် ။ သူ နှင့် ကျွန်တော် တစ်မှုတည်း အမှုတွဲ ဖြစ် နေသည် ။ သူ အစစ် ခံ ထားတာတွေ ကို ကျွန်တော် သိ ထားတော့ သူ နှင့် တစ်သံတည်း ထွက်အောင် ညှိပြီး ကျွန်တော် ထွက်ဆို ရသည် ။ စစ်ကြောရေး ငါးကြိမ် လောက် ဝင် ပြီးတော့ ကျွန်တော် တို့ ကို ခေါ် မစစ်တော့ ၊ မှိုင်းရာပြည့် အမှု နှင့် ကျွန်တော် တို့ နှစ်ယောက် ကို ရုံး တင်လို့ မရ ။ သို့သော် ယခင် က ပြစ်ဒဏ် ဟောင်းများ ကို ပြန်လည် ကျခံစေ ဆိုပြီး ကျွန်တော် နှင့် ဘိုဇေယျ တို့ ထောင်ဒဏ် ၃ နှစ် စီ ပြန် ကျကြရသည် ။

•••••   •••••   •••••   •••••

၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျွန်တော် ထောင် က လွတ်သည် ။ သားကြီးမောင်ဇေယျ ကျန် ခဲ့သည် ။ သူ က တစ်ရက် နောက်ကျ ပြီး မှ လွတ်သည် ။ အဲဒီ နေ့ က ကျွန်တော်တို့ ကို အင်းစိန်ထောင် မှ အချုပ်ကားကြီး ဖြင့် တင် ခေါ်လာပြီး ၃၅ လမ်း က မှုခင်းတပ်ဖွဲ့ရုံးခန်း ကို ပို့သည် ။ မနက် ကတည်း က ခေါ် လာပြီး အပေါ် ထပ် မှာ ထားသည် ။ နေ အတော် မြင့် သည် အထိ ထမင်း မစားကြရသေး ။ ဘာလုပ်ဖို့ စောင့်ခိုင်းထားတာလဲ မေး ကြည့်တော့ လမ်း စရိတ် တစ်ယောက် ပြား ၃၀ စီ ထုတ်ပေးဖို့ ၊ အဲဒါ ငွေ မရောက်လာသေး လို့ ဟု ပြော သည် ။ မယူဘဲ ပြန် ရင် ရလား ဆိုတော့ ရတယ် လို့ ပြန်ဖြေ သည် ။ ကျွန်တော် တို့ အောက်ထပ် ကို ဆင်း လာပြီး အိမ် သို့ပြန် ကြသည် ။ ကျွန်တော် နှင့် အတူတူ လွတ်တဲ့ အထဲ တွင် ကိုမြင့်အေး ( ယခု HRDP ဦးမြင့်အေး ၊ လူ့အခွင့်အရေး လှုပ်ရှားနေသူ ) ၊ ကဗျာဆရာ အနီမောင် ( ထိန်ဝင်းမွန် ) တို့ ပါသည် ။ မှုခင်းတပ်ဖွဲ့ရုံး က ထွက် လာပြီး ဘားလမ်း ( ယခု မဟာဗန္ဓုလပန်းခြံ ) ဘက် ကို လမ်းလျှောက် လာသည် ။ ဘားလမ်း အလယ်ဘလောက် က သာဓုရုပ်ရှင် လှေကား အတိုင်း တက် လာသည် ။ တိုက်တိုက်ဆိုင်ဆိုင် ကိုရူပ စားပွဲ မှာ ဉာဏ်ပေါ် အဲ မင်းလူ ထိုင် နေတာ တွေ့ ရသည် ။ ကျွန်တော် ဝင်သွား တော့ “ အူကျူဘူး ဘယ်တုန်း က လွတ် ” သူ့ စကား မဆုံးခင် အခုပဲ ကွ ၊ အိမ် တောင် မရောက်သေးဘူး အစ ချီ ရင်း မှုခင်းတပ်ဖွဲ့ရုံး မှ သူ့ ဆီ ထိ လမ်းလျှောက် လာတဲ့ အကြောင်း ၊ လမ်း စရိတ် ဝင် တောင်း တဲ့ အကြောင်း ပြော ရသည် ။ သူ က “ လာ လက်ဖက်ရည်ဆိုင် သွားမယ် ” ဆိုပြီး အပေါ် ဘလောက် က ဘားလမ်းမုတ်ဆိတ်ဆိုင် သွားကြသည် ။ လက်ဖက်ရည် မှာ ပြီး ထောင် ထဲ က အကြောင်း တွေ အပြင် က အခြေအနေတွေ စသဖြင့် စကား တွေ ပြော ဖြစ်ကြသည် ။ လက်ဖက်ရည် အေးစ ပြုတော့ “ ခင်ဗျား မသောက်ရတာ ကြာပြီ သောက် ” ဆိုပြီး လက်ဖက်ရည်ပန်းကန် ကို ကျွန်တော့် ဘက် တိုး ပေးသည် ။ ကျွန်တော် တစ်ကျိုက် တည်း မော့ ချ လိုက်သည် ။ သူ ကျွန်တော့် ကို ပြုံးပြီး ကြည့်ရင်း နောက် တစ်ခွက် ထပ် မှာ ပေးသည် ။ လက်ဖက်ရည် သောက် ပြီးတော့ “ ခင်ဗျား အမေ လည်း မျှော် နေရော့မယ် ၊ သုံးဘီး ငှား ပြန် ” ဆိုပြီး သုံးဘီး ငှား ပေးသည် ။ သုံးဘီး ပေါ် ကျွန်တော့် ကို တင် ပေးပြီး ကျွန်တော့် အိတ်ကပ် ထဲ ငါးကျပ်တန် တစ်ရွက် ထည့် ပေးသည် ။ အဲဒီ ကာလ က နေ့စား ဝန်ထမ်း တစ်ဦး ၏ တစ်နေ့ တာ လုပ်အားခ သည် “ သုံးကျပ် ဆယ့်ငါးပြား ” ဖြစ်သည် ။ သုံးဘီး ပေါ် က သူ့ ကို လက်ပြ နှုတ်ဆက်ရင်း “ ကျေးဇူး တင်တယ် သူငယ်ချင်း ” ဟု စိတ် ထဲ က ရေရွတ် လိုက်မိသည် ။

•••••   •••••   •••••   •••••

သည် တစ်ခေါက် ကျွန်တော် ထောင် က လွတ် တော့ ကျောင်း ထုတ် ခံရသည် ။ ကျောင်းသား လည်း မဟုတ်တော့ ၊ အလုပ် က လည်း မရှိသေးသဖြင့် စာလေး ကဗျာလေး ပဲ ရေး ရတော့ မလို ၊ ပန်းချီ ပဲ ဆွဲ ရတော့မလို ယောင်ပေယောင်ပေ လုပ် နေမိသည် ။ လုပ်ချင်သည် က နှစ်ခု စလုံး ဖြစ်နေသည် ။ ယောင်ပေပေ လျှောက် သွားနေရင်း ကျွန်တော့် ခြေဦး တည့်မိသည့် နေရာတွေ က ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမ ၊ မင်းလူ ရှိ ရာ ဘားလမ်း က သာဓုရုပ်ရှင် နှင့် သားကြီးမောင်ဇေယျ တို့ အိမ် တွေ ကို ဖြစ်သည် ။ တစ်ရက် ကျ တော့ မင်းလူ က ကျွန်တော့် ကို ပြောသည် ။ “ ကျွန်တော်တို့ ကဗျာ စာအုပ်ကလေး စု လုပ် ရအောင် ” တဲ့ ကျွန်တော် က “ ဘယ်သူ ထုတ် ပေးမှာလဲ ” မေးတော့ ကျွန်တော် ထုတ် ပေးမယ် ဟု ဆိုသည် ။ မင်းလူ က သူ ပိုင် သူရဲကောင်းလေးယောက် စာအုပ်တိုက် က အချစ်လားဟေ့ ဝင်ခဲ့လေကွယ် ကဗျာစာအုပ် ထုတ်ဝေ ပြီး ချိန် ဖြစ်သည် ။ သည်လို နှင့် မင်းလူ ၊ တိုးမိုး ၊ မြင့်ကောင်း ၊ မျိုးရာဇာညွန့် ၊ မောင်မောင်စနေ ငါးယောက် စု ပြီး ချစ်ဒုက္ခ ကဗျာစာအုပ် ကို ၁၉၇၈ စက်တင်ဘာလ မှာ ထုတ်ဖြစ်သည် ။ စောင်ရေ တစ်ထောင် ထုတ်သည် ။ မထင်မှတ်ဘဲ ကျွန်တော်တို့ ကဗျာ စာအုပ်ကလေး အတော် ရောင်းရသည် ။ စာအုပ် ကုန် သွားသည် ။ ၁၉၇၈ ဒီဇင်ဘာလ မှာ ကျွန်တော်တို့ ငါးယောက် ရဲ့ အချစ်မြို့သားများ ကဗျာ စာအုပ် ထပ် ထွက်သည် ။ သူ လည်း လွယ်လွယ်ကလေး ရောင်း ရသည် ။ စောင်ရေ ထောင့်ငါးရာ ရိုက် သည် ။ သူ လည်း ကုန် သွားသည် ။ ၁၉၇၉ မတ်လ မှာ နွေသစ်ရွက် ကဗျာ စာအုပ်ထပ် လုပ်ဖြစ်သည် ။ စောင်ရေ နှစ်ထောင် ရိုက်သည် ။ သူ လည်း ရောင်း ရသည် ။ ၁၉၈၁ မတ်လ မှာ ရွှေနှလုံးသား ကဗျာ စာအုပ် ထွက်သည် ။ ကျွန်တော်တို့ ငါးယောက် အပြင် သားကြီးမောင်ဇေယျ ပါ လာသည် ။ စောင်ရေ နှစ်ထောင် ရိုက်သည် ။ ရွှေနှလုံးသား လည်း အရောင်း သွက် သည် ။ ကျွန်တော်တို့ ၆ ယောက် စုပြီး ဝတ္ထုတို စာအုပ် ထွက်သည် ။ စာအုပ် နာမည် က မိုးထဲ က နှင်းဆီ ၊ ခုနှစ် ကို ကျွန်တော် သေသေချာချာ မမှတ်မိတော့ ။ မိုးထဲ က နှင်းဆီ စာအုပ် က တော့ မရောင်းရ ။ သည် တစ်ခါတော့ သူရဲကောင်းလေးယောက် စာအုပ်တိုက် ထိ သွားသည် ။ နောက် ကဗျာ စာအုပ် တစ်အုပ် အတွက် ကဗျာတွေ ထပ် စုကြသည် ။ အားလုံ ခုနစ်ယောက် ဖြစ် သွားသည် ။ လက်နှိပ်စက် ရိုက်ပြီး စာပေစိစစ်ရေး တင်သည် ။ ဖြစ်ချင်တော့ စာပေစိစစ်ရေး က ကျွန်တော်တို့ တင်တဲ့ ကဗျာ စာအုပ် ကို ခွင့် မပြု ။ ဟို အပုဒ်ကလေး ဖယ်ပါ ။ ဒီ စာပိုဒ်ကလေး ဖြုတ်ပေးပါ တောင် မလုပ်တော့ ။ တစ်အုပ် လုံး ကို လုံးဝ ပြန် မချပေးတော့ ။ ကျွန်တော်တို့ အုပ်စု ကဗျာစာအုပ်တွေ ကို ခွင့် မပြုချင်တော့သည့် အခြေအနေ ဖြစ်နေသည် ။ အဲဒါနဲ့ ကဗျာ စာအုပ်ကလေး မထွက် ဖြစ် ။ စာအုပ် နာမည် ကို ဘယ်လို ပေးခဲ့ မိ မှန်း ကျွန်တော် မမှတ်မိတော့ ။ ဒီလိုနဲ့ ကျွန်တော်တို့ တွေ ကဗျာ စာအုပ် စု ထုတ် ကြတဲ့ အလုပ် က ဒီမှာ တင် ရပ်သွားသည် ။ အဲဒီ နောက်တော့ သူ လည်း သူ့ အလုပ်တွေ နဲ့ သူ ၊ သူ့မိသားစု ကိစ္စတွေ နဲ့ သူ ၊ ကျွန်တော် တို့ လည်း ကိုယ့် အလုပ်တွေ နဲ့ ကိုယ် ကိုယ့် မိသားစု ကိစ္စတွေ နဲ့ ကိုယ် ဆိုကြပေမယ့် အဆက်အသွယ် မပြတ်ခဲ့ကြ ။ ပန်းချီပြပွဲ တွေ မှာ ဆုံကြ ၊ ဘားလမ်း မှာ ဆုံကြ ၊ သင်္ဃန်းကျွန်း မှာ ဆုံကြ ၊ အရက် အတူ တူ သောက်ကြ ရန် ဖြစ်ကြ ပြန် ခေါ်ကြနဲ့ တစ်ယောက် ကို တစ်ယောက် မြှောက် တဲ့ အခါ မြှောက်ကြ ၊ ချောက်ချတဲ့ အခါ ချောက်ချကြ နဲ့ နေ ခဲ့ကြ ။ သူ ထောင် ထဲ ပြန် ဝင်သွားတဲ့ အချိန်တွေ ၊ ကျွန်တော် ထောင် ထဲ ပြန် ရောက် သွားတဲ့ ကာလတွေ မှာ ဝေးကြ ။ တစ်ယောက် နဲ့ တစ်ယောက် ရိုင်းပင်းကြ ၊ ကူညီကြ နဲ့ နေခဲ့ကြတာ မနေ့ တစ်နေ့ က အထိ ပါပဲ ။ ခုတော့ ကျွန်တော်တို့ တွေ ကို သူ ထားရစ်ခဲ့လေပြီ ။

◾မောင်မောင်စနေ

( ညီလေး စာ ရေး စမ်းပါကွာ ၊ ရေး ဖြစ်အောင် ရေး စမ်းပါ ၊ မကြာခဏ တိုက်တွန်းလေ့ ရှိသည့် ကဗျာဆရာ အစ်ကို အောင်ဇင်မင်း အတွက် )

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment