Monday, December 19, 2022

မတွက် ရဲ့ ဂေဟဗေဒ


 

❝ မတွက် ရဲ့ ဂေဟဗေဒ ❞

( ၁ )

ညီအစ်ကို လေးယောက်သား ဂေဟစနစ် အကြောင်း ပြောနေကြစဉ် မှာ မတွက် ကို ဖမ်းမိ လာကြသည် ။

( ၂ )

“ တို့ ငယ်ငယ်တုန်း က တော့ ခုလို ဆေးဖျန်းတာတွေ ဘာတွေ မရှိပါဘူး ကွာ ။ ဒီလို ပဲခင်းတွေ ပျ ကျ တော့လည်း နေပူတာ နဲ့ ပျ တွေ ပျောက် သွားတော့တာ ”

အတွေ့အကြုံ အရ လည်း အကြီးဆုံး ဖြစ်သည့် အစ်ကိုကြီး က ထောက် ပြ လိုက်တော့ …

“ ဟုတ်တယ်နော် အစ်ကိုကြီး ၊ ရှေးတုန်း က တော့ ဘာ စိုက်စိုက် မြေပေါ် မျိုးစေ့ ကျ တာ နဲ့ ပေါက်ပြီးသား ။ သီးနှံထွက် လည်း ကောင်းပြီးသား ။ ခုတော့ ဖျန်း လိုက်ရတဲ့ ဆေး ၊ ကျွေး လိုက်ရတဲ့ မြေသြဇာ ”

အစ်ကိုလေး ၏ ထို ထောက်ခံဆွေးနွေးမှု ကို မကြိုဆို သူ က ညီငယ် ကိုကျော် ။

“ အဲဒီ တုန်း က ခုလို ဆေး မှ မပေါ်သေးတာ ။ ပေါ် နေ လို့ တော့ ရှေး လူကြီးတွေ လည်း ဖျန်းကြမှာပါ ဗျ ”

“ ဟ ဖိုးကျော် ရ ၊ ငါ က ဆေးဖျန်း တာ ကို အပြစ် ပြောနေတာ မဟုတ်ဘူး ။ အကျိုး ရှိ မရှိ ချင့် ချိန်ဖို့ ။ ခု မင်း တို့ ဆေးဖျန်းနေ တော့ ကော ဟိုတုန်း က လို သီးနှံ ထွက် လို့လား ”

“ ဟုတ်ပါ့ ။ ကျွန်တော် ဆို ပင်ဖြစ်ဆေး ဆို ပင်ဖြစ်ဆေး ၊ သီးအောင် ဆို သီးအောင်ဆေး ဖျန်း တာပါပဲ ။ မထူးလှပါဘူး ။ အဲ ထူး တာ ဆိုလို့ ဆေး ဖျန်းရလွန်းလို့ ဆေးနံ့တွေ ရှူရှိုက် ရပြီး ချောင်း တဟွပ်ဟွပ် ဆိုး ကျန် တာပဲ အဖတ် တင် တယ် ”

နောင်တော်များ ၏ ဆွေးနွေးခန်း တွင် ဝင်ရောက် ဆင်နွှဲရန် ငံ့လင့် နေမိသည် ။ ခက်တာ က သူတို့ ပြောဆို နေကြသည်များနှင့် မရင်းနှီး ၊ ငယ်စဉ် က လည်း ကျောင်း တက်နေရ ၊ ခုတော့လည်း မြို့ မှာ အခြေကျ ဆိုတော့ ပို၍ ပင် မယဉ်ပါး ။ သီးနှံ အထွက် ဆုတ်တာ နှင့် ပတ်သက်၍ ပြော နေကြကြောင်း ကို တော့ ရိပ် မိသည် ။

ဉာဏ် မီသရွေ့ ဆက်စပ် ကြည့်မိသည် ။ ဟိုတုန်း က စိုက်ပျိုးရေး နှင့် ခုခေတ် စိုက်ပျိုးရေး ။ ဟိုတုန်း က ရာသီဥတု နှင့် ခုခေတ် ရာသီဥတု ၊ ဟိုတုန်း က လူဦးရေ နှင့် ခုခေတ် လူဦးရေ ။ ရှေးတုန်း က မြေဆီလွှာ က မပွန်းသေး ၊ တစ်နှစ် မှ တစ်သီး သာ စိုက် ကြရာ မြေဆီလွှာ က အကြွယ် မပျက် ။ နောက်ပြီး ချဲ့ထွင်စရာ မြေလွတ်တွေ ကလည်း ကျယ်ပြော လှ ချည့် ။ လုပ်ကိုင်သူ လူဦးရေ နည်း လို့ အိန္ဒိယ က လယ်ကူလီတွေ ကို တောင် ကိုလိုနီ အစိုးရ က သွင်း ခဲ့ရသေးသတဲ့ ။ ဒါတင်မက ကျွဲတွေ ၊ နွားတွေ အတွက် စားကျက်မြေ ဆိုတာ လည်း သီးသန့် သတ်မှတ် ပေး သတဲ့ ။ ကောင်ရေ အလိုက် အကျယ်အဝန်း ပေါ့ ။ ခုတော့ အဲဒီ မြေတွေ လည်း ဘယ်သူ့ စားကျက် တွေ ဖြစ် ကုန်ပြီလဲ မသိ ။

ရာသီဥတု ဆို တာ လည်း သိပ် မှန်တာ တဲ့ ။ မေလ ဆယ့်ငါးရက် နဲ့ နှစ်ဆယ့်တစ်ရက်အတွင်း မုတ်သုံ ဝင် မြဲ ။ အစ အလယ် အဆုံး ဆို တဲ့ မိုး သုံးပါး ညီ သတဲ့ ။ မုတ်သုံ အဝင် မှန် ၊ အထွက် မှန် ဆိုတော့ စိုက်ပျိုးရ အဆင် ပြေပြီပေါ့ ။ ဒီလို မုတ်သုံ မှန်အောင် ဖိတ်ခေါ်နိုင်စွမ်းတဲ့ သူတွေ က လည်း တောအနှံ့ ၊ တောင်အနှံ့ စိမ်းလို့ ညို့လို့ မဟုတ်လား ။ ခုတော့ လည်း သင်းတို့ လည်း ဘယ်ဝယ် ဘယ်ဆီ မြန်းကြလေပြီ မသိ ။ ဒီ အထဲ ဥတုရာသီ ယွင်းချွတ် ဖို့ ဖန်လှောင်အိမ် ယဉ်ကျေးမှု တဲ့ ။ ဟို အပြာရောင် အိုဇုန်းလွှာ ပေါက်ပြဲမှု တဲ့ ဟူး … ။

လူဦးရေ က တော့ ဗြိတိသျှခေတ် က ဆယ့်ကိုးသန်း ဆိုလားပဲ ။ ဒီတော့ သူ့ လူ နှင့် သူ့ရိက္ခာ ထုတ်မှု မျှ နေမှာပေါ့ ။ ခုတော့ လူဦးရေ က သန်း ငါးဆယ်ကျော် ။ ဒီ အထဲ …

“ ကိုယ် မဖျန်း ကိုယ် ခံ သွား ရမှာပေါ့ ။ အခင်း နား နီး တွေ က ဆေး ဖျန်းတယ် ။ ကိုယ် က မဖျန်းရင် ရှိသမျှ ပိုး က ကိုယ့် စိုက်ခင်း ထဲ အကုန် ကျ တော့မှာပေါ့ ။ အဲဒီတော့ မှ အသီး မပြော နဲ့ အရိုးတောင် ရ လိုက်မှာ မဟုတ်ဘူး ”

ညီ ကိုကျော် ပြော ပြန် တော့ လည်း အဟုတ်သား ။ ကိုယ် မပြုပေမယ့် သူ ပြု လျှင် လည်း ကိုယ့် ကို သက်ရောက် စေ တဲ့ ဂေဟဗေဒ အနေအထား ။

“ ဆေး ဖျန်းမှ မဟုတ်ပါဘူးမောင် ရာ ။ ဟိုနေ့ က ဗျိုင်း တစ်အုပ် ဝဲ နေတာ ဆေး ဖျန်းထား တဲ့ ပဲတီခင်းတွေ ကို ရှောင်ပြီး ငါ့ ပဲခင်း ထဲ ကျသွားတာ တစ်ခါတည်း ပိုးစိမ်းကောင်တွေ ပြောင် သွားတာပဲ ”

“ ဟုတ်တယ် ။ အဲဒါက ပိုကောင်းတယ် ကိုကြီး ။ ကျွန်တော် ဖြင့် ဆေးဖျန်း မှ ပိုးတွေ ပွား လာသလား လို့ တောင် ထင် မိတယ် ။ ပိုး က ပြတ် မှ မပြတ်ဘဲ ။ တစ်မျိုး ပြီး တစ်မျိုး ပဲ ”

အစ်ကို နှစ်ယောက် နှင့် ညီ တို့ ရဲ့ အချေအတင်ပွဲ မှာ ဘယ်ဘက် ကို လိုက်ရမလဲ လို့ ဝေခွဲ မရ ။ ဖိုးကျော် ပြောတာ ဟုတ်သည် ဟု ထင်မိသည် ။ ခုလို နည်းပညာတွေ ဖွံ့ဖြိုးတဲ့ ခေတ်ကြီး မှာ သူ့ ခေတ် နှင့် သူ လျှော်နိုင်မှ ။

“ တမန်း ညက် အောင် ၊ ရာသီ မလင့် အောင် တော့ မလုပ်ကြပါဘူး ။ အဲ ဆေးဖျန်း ဖို့ က တော့ အကြွေး တင် ခံ ပြီးတော့ ကို ဖျန်း ကြတယ် ။ ဖျန်း တော့ လည်း နားမလည် ၊ ပါးမလည် နဲ့ တချို့ဆို  အပင် သန် တဲ့ ဆေး ကို ပွင့် ဝင်ချိန် ဖျန်း ၊ အသီးဆေး ကို ပျိုးပင် ပေါက်မှာ ဖျန်း နဲ့ နောက်ဆုံး ဆေး အတွက် နဲ့ လေး ကုန် ကြရော ”

အဲ အစ်ကိုကြီး ပြော တာလည်း ဟုတ် နေပြန်ရော ။ ‘ ငအောကြီး ပြော တော့လည်း ချော လို့ ၊ ငလောကြီး ပြော တော့လည်း မော လို့ ’ ဆိုတဲ့ အမေ ခိုင်း တဲ့ ပုံ ကို တောင် အမှတ် ရ မိသည် ။ သူ့ ဟာ နှင့် သူ ဟုတ်လို့ ။ အင်း  ပိုးသတ်ဆေး ထုတ်လုပ် တဲ့ ကုမ္ပဏီတွေ က တော့ ပေါ မှ ပေါ ပဲ ။ ပါဠိ နာမည်တွေ နဲ့ ရော ၊ တိရစ္ဆာန် နာမည်တွေ နဲ့ ရော အမျိုးမျိုး ကို ကြော်ငြာ နေကြတာ ။ ဆေး သုံးစွဲပုံ သုံးစွဲနည်း နဲ့ အကျိုးအပြစ် တွေ ကို ပါ ထိထိရောက်ရောက် ကြေညာပေးကြရင် ကောင်း မှာ ။ တကယ်ဆို ကြေညာ သင့် တယ် ။ မကြေညာ လို့ ဆေး ကြောင့် ဆိုးကျိုး ဖြစ်ရင် သူတို့ မှာ တာဝန် ရှိတယ် ။ အင်း ကြေညာတော့ကော ရွာသားတွေ က ဖတ်ကြည့် ကြပါ့မလား ။ မဖတ်ဘဲ ကြားဖူး နားမဝ နဲ့ သုံး နေကြလေတော့ ကိုကြီး ပြောသလို ဆေး အတွက် လေး ။

ငယ်ငယ် က သင်ခဲ့ရသည် ။ ခုန က ကိုကြီး ပြော ခဲ့တဲ့ ဗျိုင်းတို့ ၊ ငှက်တော် တို့ လို လူ့ မိတ်ဆွေ ငှက်များ အကြောင်း ၊ သီးနှံပိုးများ ကို ကောက်ယူ စားသုံးရင်း လူတွေ ကို ကူညီသည့် အကြောင်း ၊ ခုတော့ ထို မိတ်ဆွေများ သည် လူတွေ ကို စိတ် နာ သွားကြကုန်ပြီ ထင့် ။ ငှက်တွေ ရှားပါး ကုန်ပြီး ငှက်တော် လို အချို့ ငှက် ဆို မျိုး တုံး မှာ ပင် စိုးရ ၊ မမြင်တွေ့ရ တော့ ။ လူတွေ ဖျန်းသော ပိုးသတ်ဆေး ကို အင်းဆက် နှင့်ကြွက်များ က စား ၊ ထို အကောင်များ ကို ငှက် က စား ။ သို့ဖြင့် ငှက်တို့ သည် မျိုး မပွားဘဲ မျိုးပြုန်း ။ ထိုအခါ သီးနှံပိုးတို့ ကို သုတ်သင် ပေး ရန် လူတို့ကို မကူညီနိုင် ။ မကူညီနိုင်သော အခါ စိုက်ခင်းများ ပျက် ။ စိုက်ခင်းများ ပျက် တော့ သီးနှံ မအောင် ။ သီးနှံ မအောင်တော့ … ဟူး … ။

သည်တော့ သီးနှံ အောင် ဖို့ ဆေး ပို ဖျန်း ၊ ဆေး ပို ဖျန်းတော့ အပင် ပေါ် တွင် မက မြေ ပေါ် သို့ တိုင်ကျ ။ မြေပေါ် ကျတော့ မြေအောင်း အပြစ် မဲ့ ပိုးကလေးတွေ သေကျေ ။ ပိုးလေးတွေ သေကြေတော့ မြေသြဇာ ဖြစ် စေသည့် မစင် ကို မစွန့်ပေးနိုင် ။ မစွန့်နိုင်တော့ မြေဆီသြဇာ အသစ် မရ ။ မရ တော့ အပင် မအောင် ။ အပင် မအောင်တော့ ဟား  … တကယ့် ဆက်နွှယ်မှု ဗေဒ ။ ဒါကို ကြားနေပြီး အစ်ကိုတွေ နဲ့ ညီ ကို တတ် သလောက် မှတ်သလောက် ရှင်း ပြ ကြည့်မည် ။ နားထောင် လျှင် အမြတ် ပေါ့ ။ ငယ်ငယ် က အော် ကျက်ခဲ့ရတဲ့ ကောင်းကင် တခို ၊ ပြို မလို တိမ်ညို ဘာကြောင့် မှိုင်းပါတယ် အစ ချီ တဲ့ ရေသံသရာ ကဗျာလေး နဲ့ ရှင်း ပြရလျှင် ၊ ဟို ‘ ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် ’ ကမှ ပို ရင်းနှီးတာ ။ ဒီ ကဗျာလေး နဲ့ ယှဉ်ပြီး ရှင်း … ။

“ ဟောဒီမှာ ဦးကြီး ၊ ဂျုံသူခိုးတွေ မိ လာပြီ ”

( ၃ )

ဘုတ်ခနဲ ကျ လာသည် က ပုဆိုးပိုင်း နှင့် ထုပ် ထားသည့် အထုပ် တစ်ခု နှင့် တောင်းငယ်တစ်လုံး ။ တောင်း ထဲ တွင် ဂျုံနှံဝင်းဝင်းများ ၊ အနှံရင်း ကပ်ချိုးထား တာကြောင့် အမြင် မှာ နည်း သော်လည်း အထွက် က မနည်း နိုင် ။ အစ်ကိုကြီး တို့ မောင်နှမ နှင့် အတူ နေသော တူမောင် စန်းလွင် က သူ့ ဦးကြီးထံ သို့ သူခိုးများ ကို ခိုးရာပါ ပစ္စည်း နှင့် အပ်နှံ လာ၍ ပြိုင်တူ ကြည့် လိုက်ကြတော့ ကလေး နှစ်ယောက် ။ ဆယ်နှစ် ၊ ဆယ့်တစ်နှစ် အရွယ်များ ။ ရှင်မီးနွမ်းလေး နှင့် တစ်ယောက် ၊ ဘောင်းဘီရှည်လေး နှင့် က တစ်ယောက် ။

သူတို့ နှင့် အတူ ရွာ ထုံးစံ ရပ်ထုံးစံ မပျက် ကြည့်ကြကုန်အံ့ ဆိုသည့် ဝိုင်းအုံ လာသူတွေလည်း မနည်း ။ အရွယ်စုံ ။ ကျား နည်း မ များ တာသာ ခြားသည် ။ ဂျုံတွေ မကြာခဏ အခိုး ခံရ ။ အခိုး ခံရ ၍ စောင့်ဖမ်း နေရာ ယခု မိလာကြောင်း ၊ သူခိုးများ သည် ခိုးရည် ဝ နေကြောင်း ၊ ဂျုံ ကို အပင် လိုက်ရိတ် ယူ က အခင်းရှင် သိ နိုင်၍ ယခုကဲ့သို့ အနှံ ကို သာ ချိုး၍ ပင်ထောင် မပျက် ခိုးယူကြကြောင်း ၊ စပါး စိုက်ချိန် ဆိုလည်း စပါး ခိုး ၊ ပြောင်းဖူး ချိန်ဆိုလည်း ပြောင်းဖူး မို့ ခိုးယူ ခံရကြောင်း ၊ သူခိုး တစ်ဝက် ၊ ပိုး တစ်ဝက် လုပ်ကိုင် စားနေရကြောင်း တူတော်မောင် က မကျေမချမ်း ရှင်း ပြနေသည် ။ သူ မကျေမချမ်း ဖြစ်မည် ဆိုလည်း ဖြစ်သင့်ပေသည် ။ သူ က ဦးကြီး နှင့် အတူ အဓိက ထွန်ရ ယက်ရ စိုက်ပျိုးရ သူ မဟုတ်လား ။

ထို ပြောဆိုသံများ ကြောင့် ကျွန်တော်တို့ နှမ အပျိုကြီးမ သည် အိမ် အပေါ် ထပ် မှ ဆင်း လာ ကာ ကလေးများ ကို စေ့စေ့စပ်စပ် ကြည့် လျက် …

“ အောင်မယ် ညည်း ကိုး ။ အရင် နေ့ တွေ ကတည်း က ဂျုံခင်းတွေ နား မှာ ရစ်သီရစ်သီ နဲ့ တွေ့ နေတယ် အောက်မေ့တာ လက်စသတ်တော့ အကြံ နဲ့ ကိုး ”

ကောင်ကလေး က ခေါင်း ကို ပို၍ ငုံ့သွားစေပေမင့် အညွှန်းခံ ရှင်မီးမလေး က တော့ အရယ်အကျဲ မပျက် ။

“ အံမယ် စပ်ဖြဲဖြဲ နဲ့ မှန်မှန် ပြောစမ်း ။ အရင်နေ့တွေ က လည်း ညည်းတို့ ပဲ မဟုတ်လား ”

“ ဒီ တစ်ခါတည်း ရှိပါသေးတယ် အစ်မ ရယ် ”

“ မညာပါနဲ့ အေ ။ ညည်းတို့ချောင် က လွန် လွန်းတယ် ။ ပြောင်းဖူး လည်း ထွက် ချိုး ၊ ပဲ လည်း ထွက် ဆွတ် ၊ သီးနှံဦး ခူးစားရုံ မကဘူး ၊ ခု ရောင်းစားဖို့ပါ ခိုးကြ နဲ့ ဟင်း … ”

ဟုတ်တာပဲ ။ လယ်သမား ၊ ယာသမား ဆိုတာ ပင်ပန်းကြီးစွာ စိုက်ကြ ပျိုးကြ ရ ။ မစိုက်မီ ကျလည်း စိုက် စရိတ် ရှာရ ၊ ပျိုး စရိတ် ဖွေရ ။ စိုက် ပြီးတော့လည်း ရာသီ ပူရ ၊ ဥတု ပင်ရ ။ ပွင့်ချိန် သီးချိန် ကျလည်း ပိုး ပူရ ၊ ခိုး ပူရ ။ ရိတ်သိမ်း ပြီးတော့ လည်း ဟူး … ။

ထိုသို့ ရင်းခဲ့ ၊ ကြိုးခဲ့ ကြရသော ခမျာများ ယခုလို အမှု ကြုံရတော့ …

“ ကြာပါတယ် ဒေါ်ဒေါ် ရာ ။ လူကြီးအိမ် ကို ပို့ လိုက်မယ် ။ ဥက္ကဋ္ဌ က သီးနှံ ခိုးရင် ဒဏ် ရိုက်မယ်လို့ မောင်း ခတ်ထားတာပဲ ”

နှမ ဖြစ်သူ နှင့် တူတော်မောင် တို့ ပြောဆို နေဟန် ကို ကြည့်ပြီး အစ်ကိုကြီး လည်း ဘာ ပြောရမှန်း မသိ ဖြစ် နေသလို ၊ အစ်ကိုလေး နှင့် ညီ ဖိုးကျော် တို့လည်း ဘာ ဆုံးဖြတ် ရမည် မသိ ဖြစ်နေဟန် မို့ ။

“ ဟုတ်တယ် ၊ ငါ့ နှမ နဲ့ မောင်စန်းလွင် ပြောတာ သဘာဝ ကျတယ် ။ လူကြီး အိမ် သာ သွားပို့လိုက် မဆင့် ”

ဝင်ရောက် ဆုံးဖြတ် ပေးလိုက်ရာ စတင် လှုပ်ရှား လာ သူ က ဘောင်းဘီဝတ် ကောင်လေး ။

“ လူကြီး အိမ် တော့ မပို့ပါနဲ့ ။ ကျွန်တော် တစ်ခါ မှ မခိုးဖူးပါဘူး ။ ခုဟာ က သူ လာ ခေါ်လို့ လိုက် မိတာပါ ”

ငိုမဲ့မဲ့ နှင့် တောင်းပန် လာသည် ။ မယ်ရှင်မီး က တော့ ရယ်ကျဲဆဲ ။

“ ကဲ ကြာတယ် ။ လူကြီးအိမ်သွားမယ် ။ မောင်စန်းလွင် ငါ့ တူ ဟို ဂျုံထုပ်တွေ ယူခဲ့ ။ သက်သေခံ ရအောင် ”

ပြောပြောဆိုဆို နှမ ဖြစ်သူ မဆင့် က ထ သွားဟန် ပြင်တော့ ကောင်လေး က မျက်ရည် ထုတ် ၍ တောင်းပန် သည် ။ ဟို ရှင်မီးမ လည်း ခုမှ စိတ် ပူရကောင်းမှန်း သတိရ ထင့် ။ မျက်နှာ ညှိုး စ ပြုသည် ။ အစ်ကိုကြီး က တော့ ခမျာများ ကို ကြည့်ကာ စိတ် မကောင်း၍ ပြန် လွှတ်လိုက်ရန် ပြောသည် ။ ကျွန်တော်တို့ မောင်နှမ တစ်တွေ က သဘော မတူ ။

“ ဟာ အစ်ကိုကြီး က လည်း ဒီလို အရေး မယူဘဲ ပြန် လွှတ်လို့ကတော့ သူခိုးတွေ ရောင့်တက်အောင် လုပ်ရာ ကျတော့ မပေါ့ ။ ကဲပါ မဆင့် ရယ် ကြာပါတယ် ၊ ခေါ်သာ သွား တော့ ”

အစ်ကိုကြီး ကန့်ကွက်နေသည့်ကြား က ကျွန်တော် ဆုံးဖြတ်ပေး လိုက်သည် ။ အစ်ကိုကြီး သာ မဟုတ် ၊ လာရောက် ကြည့်ရှုလာသူ ရွှေပွဲလာများ ကလည်း သဘော မတူကြ ။ လူကြီး အိမ် မပို့ရန် လူကြီး က ဘယ်သို့ ဘယ်ညာ နှင့် ဆိုကြကာ တစ်ယောက် တစ်ပေါက် တားမြစ်ကြသည် ။ ခြေရင်းအိမ် က ဒေါ်ကေတူး က ဆို “ လူကြီး က သူ့ ကိုယ် သူ ပေါင်ချိန် ရူး ရူးနေတာ ။ မတော်တရော် ဒဏ် ရိုက်ပြီး ယူလိုက်ရင် ပြီးပါလေရော အစ်မဆင့် ရယ် ” ဟု ဝင်ရောက် တောင်းပန် လာပြန်သည် ။ ရွာသူရွာသားတွေ နှယ် ခက်တာပဲ ။ တောင်သူချင်း စာနာဖို့ ထက် သီးနှံ ခိုးသူ ကို ညှာတာ နေကြ ပြန်သည် ။ ဘက် မှားပြီး ညီညွတ် နေကြတာပဲ ။ တို့ ဆီ က လူတွေ အဲဒီလို ဘက် မှား ပြီး ညီညွတ် တာ က အကျင့် တစ်ခု လို တောင် ဖြစ် နေကြပြီလား ။ ဒီ အထဲ ဟို နွားလှည်းသမား ကံရွှင် ဆိုသူ က လည်း ဒီ ကလေးတွေဟာ သူ သွားနေကျ အနောက်ဘက် ရွာ က ဖြစ်လို့ သူ သိကြောင်း ၊ အကျင့်စာရိတ္တ ကောင်းမွန်သူများ ဖြစ်ကြောင်း ဝင်ရောက် အာမခံ လာသည် ။ သူ့ စကား က ဒီ လူတွေ က ပဲ မတရား ဖမ်းဆီး သယောင် ကျွတ် … ။

စဉ်းစားကြည့်မိသည် ။ တကယ်လို့ သူတို့သီးနှံကို ခုလို ခိုးယူ ခံရလျှင် ကော ။

“ လူတွေ က တော်တော် တရား ကျ ဖို့ ကောင်းတယ် ။ သူတို့ ပစ္စည်းလေး ပြောင်းဖူး တစ်ဖူးတလေ ပျောက် ရင်တောင် ကျိန်လိုက် ၊ ဆဲလိုက်ကြတာ ။ သူများ ဟာ အခိုး ခံရလို့ တရားနည်းလမ်း အတိုင်း တိုင်မယ် တောမယ် ဆိုတော့ ဘာဖြစ်သလေး ၊ ညာဖြစ်သလေး နဲ့ ဝင်သနား နေလိုက်ကြတာ ၊ နောက်တစ်ခါ မခိုးပါဘူးလို့ ခင်ဗျားတို့ အာမ ခံမလား ”

တူတော်မောင် စကား အကွက် ကျလှသည် ။ အသံ သိပ်မထွက်ကြတော့ ။ ကြည့်သူ ဦးရေကတော့ တိုး၍ တိုး၍ လာနေသည် ။ လူစုရှဲဖို့ …

“ ကဲ … ကဲ … ဥပဒေကြောင်း အတိုင်းပဲ ကောင်းတယ် ။ ကလေးတွေ လည်း နောက် ကြဉ် သွားတာပေါ့ ။ လူကြီး သင့်သလို ဆုံးဖြတ် လိမ့်မပေါ့ ။ ကိုင်း … မဆင့် ရေ ခေါ်သာ သွားတော့ ”

မညှာ လို့ တော့ မဟုတ် ။ စာရိတ္တ ကို မပြုပြင် နိုင်‌တောင် ဒီလို လုပ်လျှင် ဒီလို အပြစ်ရှိကြောင်း ကို တော့ သိစေချင်သည် ။ နို့မဟုတ်ဘဲ ပိုင်ရှင် မသိလျှင် လုပ်ကောင်းသည် ဟု မှတ်ထင် သွားခဲ့သော် … ။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ကို အစ်ကိုကြီး က လွဲ၍ အားလုံး သဘော တူ ကြသည်မို့ မဆင့်တို့ တူဝရီး ဦးဆောင်ကာ အခမဲ့သမားများ ခြံရံ လျက် ချီတက် သွားကြတော့သည် ။

ညီအစ်ကို တစ်တွေ ဂေဟဗေဒ အကြောင်း ပြန်ဆက်ဖို့ ပြင်လိုက်တော့ အစ်ကိုကြိး ကို မတွေ့တော့ ။

( ၄ )

“ အမေရိကန် လို ဖွံ့ဖြိုးပြီး နိုင်ငံတွေ မှာ ဆို ခုလို ဆေးတွေ ဖျန်းထားတဲ့ သီးနှံတွေ ၊ မျိုးဗီဇပြုပြင်ထားတဲ့ အသီးအရွက်တွေ ကို မစားသုံးကြတော့ဘူး ။ သဘာဝ အတိုင်း စိုက်တဲ့ ၊ ပျိုးတဲ့ သီးနှံ က မှ … ”

စကား ပင် မဆုံးလိုက် ။ ချီတက်သွားသူ တချို့ ပြန်ရောက် လာကြသည် ။ ဘာ ဖြစ်ပြန်ပါလိမ့် ။

“ မောင်မောင်ကြီး က မတိုင်ရဘူးတဲ့ ။ တစ်လမ်းလုံး လိုက်ဆူနေလို့ ပြန် ခဲ့ရတယ် မောင်မောင် တို့ ရေ ”

နှမ ဖြစ်သူ မဆင့် ၏ လှမ်း ပြော လိုက်သံ ။

“ ဟုတ်တယ် ။ ဦးကြီး က ဘာမှန်း မသိဘူး ။ ပြီးတော့ သူာပဲ သီးနှံတွေ ပျောက်ရင် ဆူတယ် ။ ခု သူခိုး မိ တော့လည်း မတိုင်ရဘူး ၊ ပြန် လွှတ်ရမတဲ့ ။ နောက်ဆို ခိုးချင်တဲ့ သူ ခိုးကြ ။ ကျွန်တော် တော့ မဖမ်းဘူး ”

တူမောင် ၏ မကျေမချမ်း စကား ။ ကျွန်တော်တို့ အားလုံး အစ်ကိုကြီး ကို ဝိုင်းဝန်း ပြစ်တင်ကြသည် ။ အစ်ကိုကြီး ကတော့ ဘာမှ မတုံ့ပြန် ။ ဒါသည် က အစ်ကိုကြီး ၏ စိတ်ရင်း ။ သနား တတ်သည် ။ အားနာ တတ်သည် ။ ကလေးတွေ မျက်ရည် ကျ တာ မြင်ကတည်း က ပြန် လွှတ် စေ လိုနေသည် ။ ညီတွေ အထူးသဖြင့် စာကလေး ဘာကလေး မတောက်တခေါက် ရေးသော ကျွန်တော့် ကို မဆန့်ကျင်လို၍ သာ ငြိမ် နေခဲ့ပြီး သူ နိုင်သည့် နှမငယ် နှင့် တူ တို့ ကို လမ်းမှသွား ကာ တားမြစ်ခဲ့ခြင်းပင် ။

“ အစ်ကိုကြီး က နေရာတကာ သနား တတ်တာကိုး ။ ဒါ သနားတာ မဟုတ်ပါဘူး ။ သူတို့ ကို စာရိတ္တ ပျက်အောင် အားပေးတာ ”

“ ခုလောက်ဆို သူတို့ လည်း ကြောက်သွားပါပြီ ကွာ ။ နောင် လုပ်မှာ မဟုတ်ပါဘူး ”

“ မောင်မောင်ကြီး က လည်း သူတို့ လား နောင် မလုပ်မှာ ဝေးပါသေး ။ တို့ ကို ဖမ်းတယ်ဟ ဆိုပြီး အငြိုး နဲ့ တောင် လုပ်ဦးမယ် ဟင်း ”

မဆင့် ၏ သောက ထင်ကြေး ဖြစ် နိုင်သည် ။ မလုပ်ဘူး ဟု ဘယ်သူ မှ မဆိုနိုင် ။ လူ ဆိုတာ ကြီးငယ် မဟူ အငြိုး ဖွဲ့တတ်တာ ကလား ။ ထို အငြိုး နှင့် ဖျက်လို ဖျက်ဆီး ပြုခဲ့လျှင် ၊ ဒါဆို အစ်ကိုကြီး ဆန္ဒ အတိုင်း ပြန် လွှတ် လိုက်ရင်ကော ။ အဲဒီအခါကျ လည်း အင်း … ။

“ ကဲ ဒါဆို ဘယ်လို လုပ်မလဲ ”

“ ငါ သူတို့ မိဘတွေ ဘယ်သူ ဘယ်ဝါ ဆိုတာ အဲဒီ ရွာ ကို စုံစမ်း ခိုင်း လိုက်တယ်ကွ ”

ဟုတ်သားပဲ ။ အစ်ကိုကြီး ရဲ့ အစီအစဉ် အကောင်းသား ။ သူတို့ မိဘတွေ ခေါ်ပြီး နောင် မလုပ်အောင် ဆုံးမ ပေးဖို့ ပြောဆို ပြီး အပ်နှံ လိုက်ရုံပေါ့ ။ ဒါ အကောင်းဆုံး ဖြေရှင်းနည်း ။ ဒါကြောင့် အားလုံး သဘော တူညီ ပြီး ညီ ကိုကျော် က -

“ အဲဒါ ကောင်းတယ် ။ မိဘ လည်း အသိ ပေးပြီးသား ဖြစ်တာပေါ့ ။ ဒီ ကောင်လေးက တော့ လှည်းမီးချ တဲ့ ဖို က ပဲ ။ ဟို ကောင်မလေး က တော့ ရွာအရှေ့တောင် ချောင် ထဲ က ဖြစ်မယ် ။ အဲဒီမှာ စုံစမ်း အခေါ်ခိုင်း လိုက်ပေါ့ ”

ထို အဆို ကို အထိတ်တလန့် ကန့်ကွက် သူ က …

“ အမေတို့ ကို အခေါ် မခိုင်းပါနဲ့ ။ ကိုတွတ် ကျုပ် ကို သ-တ်လိမ့်မယ်တော့ ”

( ၅ )

ကောင်လေး က စိတ် သက်သာ ရ ဟန် ရှိသွား သော် လည်း ရှင်မီးက မူ ခုမှ ပို တုန်လှုပ် လာသည် ။ မျက်ရည် စမ်းစမ်း ဖြင့် သူ့ အိမ်ကို မခေါ်ဖို့ ပြော နေသည် ။ မောင်လေး ဖျား နေလို့ အမေ အဝေးကြီး သွား နေကြောင်း ၊ ကိုတွတ် က နွားထွန် သွား နေကြောင်း ၊ သူ့ အိမ် ဘယ်မှာ ရှိကြောင်း မှ အစ တတွတ်တွတ် ပြောပြ နေသည် ။ ပြောဆိုပုံ သရုပ် မပီ လို့ ထင့် မည်သူမျှ မယုံကြ ။ ကရုဏာ မသက်ကြ ။

တစ်စတစ်စ အားပေးသူ ပရိသတ် က တော့ လူစု ကွဲသွားပြီ ။ အိမ်ထောင်ကွဲ အစ်ကိုလေးနဲ့ ညီတို့ က လည်း ည မှ လာခဲ့ဦးမယ်ဆိုကာ ပြန်ကြပြီ ။ အစ်ကိုကြီး တို့ ၊ မဆင့် တို့ ကလည်း ဆိုင်ရာဝန် တို့ ကို ထမ်းရန် သွားကြပြီ ။ ကျွန်တော် နှင့် အထူးဧည့်သည်တော် နှစ်ယောက် တို့ သာ ငုတ်တုတ် ။ မြေပြင် ပေါ် တွင် ထိုင်နေကြသော သူတို့ ကို တန်းလျားခုံပေါ် တက် ထိုင်ရန် ပြော ရသည် ။

နှစ်ယောက် ကို ယှဉ်ပြီး ကြည့်မိတော့ ကလေးမ က ပို၍ နွမ်းပါးဟန်ပင် ။ ကောင်လေး က သပ်သပ်ရပ်ရပ် ။ ကလေး မို့ လား မသိ ၊ မျက်နှာဟန်ပန်က ပြောင်းလွယ် လဲလွယ် ။ ခုနက မျက်ရည် မျက်နှာ သည် ခုတော့ ပြုံးရယ် ကာ အဖော် ကောင်လေး ကို စကား ပြော နေပြန်သည် ။ ဘာတွေ ပြောနေသည်တော့ မသိ ။

အင်း ဆယ်ကျော်သက်လေးတွေ ပဲ ။ ကျောင်း မှ နေကြရဲ့လား မသိ ။ သူတို့ မိဘတွေ က ကော ဒီ အရွယ်တွေ မှာ ပညာမသင်စေဘဲ ပေါက်လွှတ်ပဲစား ထား ကြလေရော့လား ။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေ ကို ခုလိုဖြစ်တာ မကောင်းကြောင်း ၊ သူ တကာ အထင်မြင် သေးဖွယ် ဖြစ်ကြောင်း ကို တော့ ပြောပြရဦးမည် ဟု တွေးရင်း စကား တောက် ကြည့်တော့ ကောင်ကလေး က ကျောင်းဖွင့်လျှင် ခုနစ်တန်း တက်မည်ဖြစ်ကြောင်း ၊ အဘွား သိ လျှင် ရိုက် နိုင်ကြောင်း ၊ ရိုးရိုး ကောက်သင်း ကောက် ထွက် ရာ  ကောင်မလေး သင်ပြ၍ ယခုလို …

“ ငါ သင်တာ မဟုတ်ပါဘူး ။ နင့် ဘာသာ ခိုးတာပါ ”

“ မနေ့ က နင်ပဲ လာ ခေါ်တာလေ ။ ဒီနေ့ လည်း နင်ပဲ ဒီ အခင်း ချိုးမယ် လို့ ပြောတာ ”

ခုတော့ သဘောထား ကွဲကြပြီ ။ မနေ့ က လည်း ချိုးသေး ဆိုပါလား ။ မဆင့် ကြား ရင်တော့ ဒေါ ပွဦးမည် ။ အစ်ကိုကြီးကော ခုလို ပြန် လွှတ်မိတာ မှားပြီ ထင်မလား ။ ဘယ်လို လုပ်ရပါ့ ။ ဒီလို နည်းနည်း ခိုး ရင်း က တဖြည်းဖြည်း အင်း သီးနှံလောက် နေမှာပါလေ ။ တစ်ဝမ်းတစ်ခါး နေမှာပါ ။ အူမတောင့်တဲ့ အချိန်ကျ ဒါတွေ စောင့် နိုင်သွားကြမှာပါ ။ ခုဟာက တကယ့်ကလေး အရွယ်လေးတွေ ။ ရှိလှ ရန်ကုန် မှာ ကျန်ခဲ့တဲ့ သားကြီး အရွယ်လေးတွေ ။ သြော် ဒီ အရွယ်တွေ နဲ့ ။

“ ကျွန်တော့်ကို ပြန်လွှတ်ပေးပါ ဦးလေး ရယ် ။ နောင် မလုပ်တော့ပါဘူး ”

ပြန် လွှတ်ပေး၍ မဖြစ်သေး ။ မတော် တစ်စုံတစ်ခု လမ်းမှာ ဖြစ်ခဲ့သော် ၊ မိဘ ထံ ပင် သေချာ အပ်နှံ ရပေမည် ။ လွှတ်ပုံ မရတော့ ကောင်လေး က မျက်ရည် ကူသည် ထင့် ။ ငိုသည် ။ ဒါကို ရှင်မီးမယ် က ဝမ်းသာဟန် မထီ ကြည့် သူ့ အပေါင်းအသင်း ကို ကြည့် နေသည် ။ နှစ်ဦး ယှဉ် ကြည့် မိ မှ အဆင်းအသွင် ကွာ သလို အမူအရာ က လည်း ကွဲ သည် ။

“ မင်းတို့ ဘယ်မှာ တွေ့ကြတာလဲ ”

“ သူ က လာ ခေါ်တာ ။ ကျွန်တော်တို့ က ဒီ ရွာ ကို ဒီ နှစ် မှ ရောက်တာ ။ မြောင် ကို ပြန်ရင် ဂျုံဆန် ကျိုသောက်ရအောင် လိုက် သွားတာပါ ”

“ မင်း က ကျောင်းနေတယ် ။ သူ က ကော ”

“ ဟဲ့ နင့် မေးနေတယ် ။ ဖြေလိုက်လေ ”

“ ဟင့်အင်း ”

သူ က ဒါပဲ ဖြေသည် ။ စဉ်းစားထားသော ဆုံးမစကား တို့ သည် ပျောက် သွားကြသည် ။ သင်းကလေး နား နဲ့ တန်အောင် ဘယ်လို ပြောရပါ့ ။ ခိုးတာ မကောင်းကြောင်း ၊ ခိုးလျှင် ငရဲကြီး တတ်ကြောင်း ၊ အင်း ဒါလောက်နဲ့ ဖြုံမည့် ပုံ မတွေ့ရ ။ သူ့ ဥစ္စာ ကို သိလျက်သား နဲ့ လောဘ စိတ် ထား ခိုးယူလို ကဗျာလေး ဆို ပြ ၊ အဲ … လောဘစိတ် ထား လောဘ ဟုတ်မယ် မထင်ပါဘူးလေ ။

နောက်ဆုံးတော့ …

“ မင်းတို့ မှာ သူငယ်ချင်းတွေ မရှိဘူးလား ”

ဘာကြောင့် မေးသလဲ ဆိုသည့် အကြည့် နှင့် ပြန် ကြည့်နေကြသည် ။ ဟို မယ်ရှင်မီး က ဖြင့် အရေး မလုပ် ။ လမ်းမ ဘက် လှမ်း ငေး နေလိုက်သေး ။

“ အေး အဲဒီ သူငယ်ချင်းတွေ မင်းတို့ အကြောင်း ကြား သွားရင် မင်းတို့ ကို ကဲ့ရဲ့လိမ့်မယ် ။ နောက်ပြီး ... ”

ကောင်လေး မျက်တောင် ပုတ်ခတ် လှုပ်သည် ။ ဟုတ်ပြီ ဒီအချက် ကို ဖိ ပြောပေးရမယ် ။

“ စာရိတ္တ မကောင်းဘူး ဆိုပြီး အပေါင်းအသင်း မလုပ်ချင်ကြဘူး ။ ဒါတင်မက အဖမ်းအဆီးလည်း ခံ ရတတ်တယ် ။ ဒါကြောင့် သူ တစ်ပါး ဟာဆို မပေးဘဲ မယူရဘူး ။ လိုချင် တောင်းရတယ် ။ ဂျုံဆန် ကျို သောက် ချင် ရင်လည်း တောင်း ”

“ အံမယ် အိမ် ပြန် မလာပါလား အောက်မေ့နေတာ ၊ သင်းက ဒီလိုဖြစ်နေတာကိုး လာခဲ့ ”

အဒေါ်ကြီး တစ်ယောက် သုတ်သုတ် ဝင် လာသည် ။ လှည်းမီးချဖို က ဖြစ်မည် ။ ရောက်လျှင် ရောက်ချင်း မြေးလက် ကို ဆွဲ ကာ တင်ပါး ကို လက်ဝါး နှင့် ဖြန်းဖြန်းချ ၍ မဆင့် မီးဖိုဆောင် မှ ထွက်လာကာ …

“ မလုပ်ပါနဲ့ အဒေါ် ။ နောင် မလုပ်အောင်သာ ဆုံးမပေးပါ ”

“ ဆုံးမပါတယ် တူမ ရယ် ။ အခုဟာ က လည်း ဟို အဆွယ် ကောင်း လို့ ဖြစ် ရတာပါ ။ နောင် မဖြစ်စေရပါဘူး ။ အမယ်လေး … လူကြီးအိမ် မပို့တာပဲ ကျေးဇူး တင်လှပါပြီ ”

ပြောသင့် ဆိုသင့် သော စကားလေးတွေ ဝင် ပြောပေးကာ ကောင်လေး ကို ထည့် ပေးလိုက်သည် ။ မဆင့် က သူ့ဂျုံတောင်းလေး ကို လည်း ဂျုံနှံတွေနှင့် တကွ ပြန် ပေးလိုက်သည် ။ ထို မြေးအဘွား ပြန်မည် ပြုတော့ ရှင်မီးမလေး ကလည်း လိုက်အံ့ ပြင်သည် ။ ပြန်ထည့် လိုက်၍ မဖြစ်သေး ။ သူ က ဒီ အမှု တွင် အခရာ ။ သူ့ မိဘ ထံ သေချာ အပ်နှံမှ ။

“ ညည်း က နေခဲ့ဦး ”

နှစ်ယောက် လာ ရာ တစ်ယောက် ပြန်ရပြီး သူ ကျန်ရစ်တော့ ဝမ်းနည်း လာသည် ထင့် ။ ရှင်မီးမ ဟီးခနဲ ငိုချ လိုက်သည် ။ မီးဖိုချောင် မှ မဆင့် ပင် ပြန် ထွက်လာပြန် ကာ ဘာဖြစ်တာလဲ စူးစမ်းရသည် ။

“ ဟဲ့ မငိုနဲ့လေ ။ ခုနက အဒေါ်ကြီး နဲ့ နင့် အမေ ကို မမှာလိုက်ဘူးလား ”

“ အီး ဟီး ကိုတွတ် သိရင် သ-တ် မှာ အီး ဟီး ဟီး ”

ရော် ခက်ပြီ ။ ကိုတွတ် တဲ့ ။ ဒါ သူ့ အဖေ နေမှာ ။ သင်း ခုမှ ကြောက်ရ ကောင်းမှန်း သိတယ် ။ အဲဒီ ကိုတွတ် ဆိုတဲ့ လူကို က ချာတာ ။ ကလေး ကို ဒီအရွယ် နဲ့ ခိုင်းစား ရမလား ။ ကလေး ရဲ့ကောက်သင်း ကောက် တဲ့ လုပ်စာ က ဘယ်လိုများ များမှာ မို့လဲ ။ ကောက်သင်း ကောက် လို့ မရပြန်ရင်လည်း ငြိုငြင်ကြဦး မှာ ။ ဒါကို ကြောက် တဲ့ ကလေး က ကောက်သင်း မရတော့ ရတာ ယူ ။ ရတာ ယူ ရင်း အတင့် ရဲ ပြီး …

“ ညည်း နာမည် ဘယ်လို ခေါ်တုံး ”

“ မတွတ် ”

“ ညည်း အဖေ က ကော ”

“ ကိုတွတ် ”

“ ဟေ အဖေ က လည်း တွတ် ၊ သမီး က လည်း တွတ် ဟုတ်ပေ့ကွာ ”

မဆင့် က ရယ်သည် ။ နောက် နေတာလား လို့ သင်းကလေး ကို ပြန် ကြည့်ရသေးသည် ။ သူ က ခပ်တည်တည် ပင် ။ မင်းတန်းရွာ တောင်ပိုင်း ထဲ က ဖြစ်မယ် ထင်ကြောင်း မဆင့် က ဝင်မေးတော့ …

“ ဟုတ်တယ် ။ တောင်ပိုင်း ၊ ဦးစံရွှေ တို့ အိမ်နား က ”

“ ညည်း အဖေ က ဘာလုပ်လဲ ”

“ မသိဘူး ။ ကိုတွတ် က တော့ ဦးစံရွှေအိမ် မှာ လူငှား လုပ်တယ် ”

“ ကိုတွတ် က ညည်း အဖေ မဟုတ်လား ”

“ ဟုတ်တော့ ဟုတ်တယ် ။ သူ က အမေ့ ယောက်ျား ”

“ ဟေ ”

အာမေဍိတ် ကို တော်တော် ကျယ်ကျယ် ပြုမိသည် ။ နားမျက်စိ လည်ကုန်ပြီ ။ ကိုတွတ် ။ သူ က အမေ့ ယောက်ျား ။ အဖေ က ဘာ လုပ်မှန်း မသိ ။ လယ်သူရင်းငှား လုပ်တယ် ။ ဘယ့်နှယ်တုံး ။ သူ့ အဖေ ကို တိုင်မည် စိုး၍ ပါးစပ် ထဲ ရှိတာတွေ ပြောနေတာ ဖြစ်မည် ။ စောစောကပဲ ကိုတွတ် က ရိုက်မှာ စိုးကြောင်း ပြောခဲ့သေးသည် ။ ကိုတွတ် က သူ့ ဖအေ မဟုတ်လို့ ၊ ဘယ်သူ့ အဖေ တုံး ။ ဇဝေဇဝါ ဖြစ်ဟန် ကို ကြည့်ရင်း နှမ ဖြစ်သူ မဆင့် ရယ် ( ရီ ) နေသည် ။ မကျေနပ်၍ ထပ်ပြီး …

“ ညည်း အဖေ က ဘယ်သူ ”

“ မသိဘူး ”

“ ဟင် ခုနက တော့ ကိုတွတ် ဆို ”

“ ကိုတွတ် က အမေ့ ယောက်ျားရယ် ”

“ အမ်း နင့် အမေ ယောက်ျား က နင့် အဖေ ”

ကျွန်တော် ၏ လောဂျစ် မကျ အတွေး ကို အချိန်မီ ကျွန်တော့်နှမ က ဝင်ရောက် ဖြေရှင်းပေးသည် ။

“ သူ့ အမေ က ယောက်ျား နှစ်ယောက် ဖြစ်မယ် ထင်တယ် မောင်မောင် ” ဟု တီးတိုး ပြောသည် ။

ပြီးမှ …

“ ဦးစံရွှေ တို့ အိမ် နား က ဆိုတော့ မရင့် သမီး လား ”

“ ဟုတ်တယ် တော့် ”

ခုမှ လိပ်ပတ်မွှတ် တော့ သည် ။ အမေ့ ယောက်ျား တိုင်း အဖေ မဟုတ်နိုင် ။ သူ က ကြောက်ရွံ့ ရသည် ဆိုတော့ အင်း ခေါင်လိုက်တဲ့ ငါ ။ နှမ ဖြစ် သူ က စာရေးဆရာ ဆိုသည့် အစ်ကို့ အဖြစ် ကို ကြည့်ရယ်ပြန်သည် ။ ရယ်သင့်သပ ငါ့ နှမ ရယ် ။

“ ကိုတွတ် က အမေ့ ယောက်ျား ။ ညည်း အဖေ က ဒါဆို ဘယ်သွားတုံး ”

“ မသိဘူး တော် ။ ကျုပ် ငယ်ငယ် ကတည်း က မရှိတာ ”

ကိုတွတ် ကို ခေါ်ဖို့ ပြောတော့ အကျောက်အကန် ငြင်းဆန်ခဲ့တာကို ရိပ်မိပြီ ။ ဒါဆို အချိန်မီသေးလား ။ သူ့ အမေ ကို သာ အခေါ် ခိုင်းရ ကောင်းသား ။

“ ညည်း အမေ ကို မမှာလိုက်ဘူးလား ”

“ အမေ က မရှိဘူး ။ ဟိုးအနောက်တာ ဆီ မှာ ဂျုံရိတ်လိုက် နေတယ် ”

“ ပြန်ရောက်တော့ လာမှာပါ ”

“ လာချင် မှ လာ မှာ တော့် ။ မိုးချုပ် မှာ မို့ မောင်လေး ကို ကွမ်းရွက်ပြုတ်ရည် တိုက်ထားဖို့ မှာ ခဲ့တယ် ”

“ မောင်လေး က ဘာဖြစ်လို့လဲ ”

“ သူ လား ၊ ဖျား နေတာ ။ ခုလောက်ဆို ကျုပ် ကို မျှော်လှရော့မယ် ”

“ ကိုတွတ် တိုက် ထားမှာပေါ့ကွယ် ”

“ ကိုတွတ် လား ၊ ခုချိန် ဆို သူ က မူး နေမှာ ”

သဘော ပေါက်ပြီ ။ သင်းကလေး ကို ဘယ်လို ပြန်လွှတ်ရပါ့ ။ တစ်ယောက် တည်း လွှတ်လိုက် ရ အောင် ကလည်း နေဝင်လုပြီ ။ သူ့ အိမ် က လိုက်မခေါ်နိုင် လျှင် ခက်ကပြီ ။ တတ်နိုင်ဘူးလေ ။ တူတော်မောင် ရေမိုးချိုးပြီး လောက် မှ စက်ဘီး နဲ့ ဖြစ်ဖြစ် လိုက် ပို့ခိုင်းရတော့မည် ။ ထိုစဉ် မဆင့် က ဟင်းတွေ ပုံ ထည့်ထားသော ထမင်း တစ်ပန်ကန် ကို ယူလာကျွေးသည် ။ သူ ဟန်မဆောင်နိုင် မွတ်သိပ်စွာ လွေးတော့သည် ။

မဆင့် က “ ထမင်း လိုရင် ထပ်တောင်း နော် ”

ထမင်း ကို အားရပါးရ စားနေသော သူ က ကျွန်တော့် ကို တစ်စုံ တစ်ခု သင်ပြ နေသယောင် ပင် ။

( ၆ )

“ ကျွန်မ သတင်း ကြား လို့ ရောက်ရောက် ချင်း လာတာ ။ သာထွန်းရွာ အနောက် ပိုင်း က အိမ်ကြီး တစ်အိမ် မှာ ဖမ်းထားတယ် ဆိုတော့ ဒါဆို အမေကြီးကံ တို့ အိမ် နေမှာ ပဲ ဆိုပြီး လိုက်လာတာ တော်ပါသေး ။ ဟဲ့ လာခဲ့ မသာမလေး ”

အသက် သုံးဆယ် ကျော် အရွယ် မိန်းမ တစ်ယောက် ။ ကျွန်တော်တို့ မိခင်ကြီး နာမည် ကို ပြောကာ ဝင်လာပြီး မတွတ်ကို ဆွဲသည် ။ ရိုက်အံ့ ရွယ် ၍ မောင်နှမ နှစ်ယောက် ပျာပျာသလဲ ။

“ မလုပ်ပါနဲ့ ၊ မလုပ်ပါနဲ့ ”

“ မရိုက်ပါနဲ့ ”

တားမြစ်ကြရသည် ။ မအေ လက် ထဲ တွင် ယက်ကန် ယက်ကန် ပါ နေသော မတွတ် ကိုလည်း ကွယ်ကြ ၊ ကာကြရသည် ။ အဝေး က ပြန် လာသော မိခင် သည် သမီး ကို မတွေ့ ။ သား ကို လည်း ဆေး မတိုက် ရသေး ။ ချက်ရေးပြုတ်ရေး က လည်း မစီမံရသေး ။ ဒီအထဲ ခုလို တစ်ရွာ ကို လိုက်လာရ ဆိုတော့ ဒေါသ ထွက် ပေမပေါ့ ။ တစ်ရွာ နှင့် တစ်ရွာ အလှမ်း မဝေးတာ ကို ပင် ကျေးဇူး တင်ရသေး ။

မမှောင်ခင် ပြန်ကြဖို့ သတိ ပေးရင်း သူ့ အထုပ်လေး ကို ပြန် ပေး လိုက်ကြသည် ။ အစစ နှမြော တတ် သူ အဖြစ် နာမည်ထွက် သော ကျွန်တော့် နှမ အပျိုကြီးမ က ဂျုံနှံလေးတွေ ပြန် မယူလိုက်သည့် ပြင် ပဲ တစ်ပြည် ထပ် ဆောင်း ကာ …

“ ရော့ ဒါ မတွက် ကို ပေးတာ ။ အိမ် ကျ ပြုတ်စားဖို့ ”

ပြန် သွားကြသော သားအမိ ကို ငေး ကြည့်ရင်း နေ့ခင်း ဘက် က ညီအစ်ကို တစ်တွေ ဝိုင်းဖွဲ့ ပြောခဲ့ကြသော ဂေဟစနစ် အကြောင်း ကို ဥပမာ အသစ် နှင့် ပြောပြ ရပေဦးမည် ။

◾ကံထွန်းသစ်

📖 ရွှေအမြုတေမဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၀၉ ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment