❝ ဘကြီးသိုက် ရဲ့ နောက်နွား ❞
တကယ်တော့ ဒီ နောက် နွား ကို အရင် ပထမ နွား ထက် မျက်မျက်ကလေး စား ရ လိမ့်မယ် ထင်ပြီး စွန့် ဝယ် လိုက်တာပါ ။ ဒါပေမဲ့ ဘကြီးသိုက် အနေ နဲ့ မှန်းချက် နဲ့ နှမ်းထွက် မကိုက်ဘဲ အလွဲလွဲ အချော်ချော်တွေ ဖြစ် သွားပါတော့တယ် ။ ဒါကလည်း ဘကြီးသိုက် ရဲ့ လောဘ နဲ့ မာန ကြောင့် ဒီလို ဖြစ် သွားရတာပါ ။ တကယ်တော့ ဘကြီးသိုက် ဟာ ဒီ အရင် နွားတွေ တုန်း က ဒီ အမှားမျိုး မမှား ခဲ့ ဖူးပါဘူး ။ အခု မှားမယ့် မှားတော့ ကျော် မကောင်း ကြား မကောင်း ပါ ပဲ ။ ဒါကြောင့် အခု သူ့ ကိုယ် သူ ခွင့်မလွှတ်နိုင် ဖြစ်ပြီး ရင် ထဲ မှာ ပူလောင် နေပါတော့တယ် ။ ရင် ထဲ မှာ ပူလောင် နေတဲ့ အခါ ဘကြီးသိုက် ဟာ သူ့ရဲ့ ထုံးစံ အတိုင်း သူ့ လုပ်ဖော်ကိုင်ဖက် နွားသမားများ နဲ့ တဝါးဝါး တဟားဟား နေ လေ့ ရှိပါတယ် ။ အခုလည်း ကြည့် ။ သူ့ အိမ် က နွားတဲကြီး ထဲ မှာ လုပ်ဖော် ကိုင်ဖက် နွားသမားတွေ ရောက် နေကြပြီ ။ ခြောက်တိုင် ကုတင်ကြီး ပေါ် မှာ သူ က အလယ်ခေါင် က ထိုင် လို့ ။ သူ့ ရဲ့ သရော်ပြုံး မျက်နှာကြီး နဲ့ သူ အဝယ် မှား ခဲ့တဲ့ နွား အကြောင်း ပြော နေ လိုက်တာ ၊ သူ့ လူတွေ ကို ပါးစပ် ပိတ် မနေရဘူး ။ ရယ် လိုက်ကြတာ တဝါးဝါး နဲ့ ။ ဘကြီးသိုက် ရုပ် ကို က ရယ်စရာ ရုပ် ဖြစ် နေလို့လား မပြောတတ်ဘူး ။
ဘကြီးသိုက် ရဲ့ ဥပဓိရုပ် ဟာ ဘယ်အခါ ကြည့်ကြည့် သူ့ မျက်နှာ က သရော်ပြုံး ပြုံး နေ တာကြောင့် သူ့ မျက်နှာ ကို တော်တော့် လူ မကြည့်ရဲ ကြဘူး ။ မှန်ပါတယ် ။ ဘကြီးသိုက် ဟာ သူ့ စိတ် ထဲ မှာ သံပရာသီးပေါက် တစ်ခု ခု တွေ့ ထားရင် သူ့ သရော်ပြုံးကြီး က ကြောက်စရာ ကောင်း လောက်အောင် ပြုံး ပြုံး လာ တတ်ပါတယ် ။ အဲဒီလို ပြုံးတဲ့ အခါ ကြောက်စရာ ကောင်း သလို ရယ်စရာ လည်း ကောင်းပါတယ် ။ အခုလည်း ကြည့် ။ သူ့ ကို သံပရာသီးပေါက် လုပ် သွားတဲ့ နွား အကြောင်း ပြော နေ လိုက်တာ အစအဆုံး လေ ဆက် မပြတ်ဘူး ။ ရယ် လိုက် ကြရတာလဲ မပြောနဲ့ ။ တဝေါဝေါ တသောသော နေ တာပဲ ။ တကယ်တော့ ဒီ နွား သွား ဝယ်တဲ့ နေ့ က ဦးဆွဲ ကို ခေါ် သွား ရမှာပါ ။ ဘာပြုလို့တုံး ဆိုတော့ ဒီ နွား လက်ပံစဉ်ရွာ မှာ ရှိတဲ့ သတင်း အစအန ကို နွားပွဲစား ဦးဆွဲ ဆီ က ရ , ထား လို့ပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဘကြီးသိုက် က ဦးဆွဲ ကို မသုံးပါဘူး ။ ပွဲခ တစ်ကျပ် တစ်ပြား မပေးချင် လို့ လည်း မဟုတ်ပါဘူး ။ ဒါဖြင့် ဘာပြုလို့လဲ ဆိုတော့ ဦးဆွဲ ရဲ့ လူလည် လုပ်ပေါက်တွေ ကို မကြိုက်လို့ပါပဲ ။ ဟုတ်တယ် ၊ ဦးဆွဲ က လည်း ဦးဆွဲ ပဲ ။ ဖျံ ကျလွန်း အားကြီးတယ် ။ ပြီးတော့ ဘယ်သူ သေသေ ၊ ငတေမာ ရင် ပြီးရော ဆို တဲ့ တစ်ကိုယ်ကောင်းသမား ရယ် ။ ကြည့် လေ ။ သူ လိုက် ဝယ် ပေးတဲ့ နွား ဟာ ဈေး က သင့်လျော်ပြီး နွား က လည်း အပြစ် အနာအဆာ ဘာညာ ကင်း လို့ ရွာသားများ ရဲ့ ချီးမွမ်းခြင်း ခံရပြီ ဆိုရင် သူ က “ ဒါကြောင့် ဒီကောင် ကို ငါ လက်ကုတ် လိုက်တာ ” လို့ ပြောလေ့ ရှိသလို ၊ နွား က ကြေး များပြီး အဝယ် မှား လို့ လူအများ နှာခေါင်း ရှုံ့ကြပြီ ဆိုရင် “ ဒါကြောင့် ဒင်း ကို ငါ လက်ကုတ်သားပဲ ။ ဒါကို ဒင်း က အကင်း မရှိဘူး ။ ငွေ ထ ချေလိုက်တယ် ။ ဒီတော့ သေပေါ့ ” ဆိုပြီး အဲဒီ လူ ကို ဆဲ လိုက်သေးတယ် ။ ဟိုလူ ခမျာ မှာ တော့ မျက်နှာငယ်လေး နဲ့ ပေါ့လေ ။ မှား ဝယ်လာခဲ့မိတဲ့ နွား ရဲ့ ကျောခုံးလေး ကို ပွတ်သပ် ပေးရင်း နေ ရှာ ပါတယ် ။ ဦးဆွဲ က အဲဒီလို လူ ရယ် ။ ဒါကြောင့် ဘကြီးသိုက် က သူ့ ကို ဘယ်တော့မှ မသုံးဘူး ။ မှား ရင် မှောက် ခံမယ် ဆိုတဲ့ စိတ် နဲ့ သူ့ ဘာသာ သွား ဝယ်တာပါ ။
အခုလည်း ဦးဆွဲ ဆီ က သတင်း အစအန ရ လို့ ဒီ နွား ကို သွား ဝယ်တာပါ ။ ဒါပေမဲ့ ဒီ နွား ကို သွား ဝယ်တဲ့ မနက် က သူ့ သား အောင်ဘော် ကို နှိုးပြီး တစ်ရွာလုံး ဘယ်သူ မှ အိပ်ယာ မထခင် ရွာ က ထွက် သွား ကြတာမို့ ဦးဆွဲ လည်း မသိလိုက်ပါဘူး ။ ဒီလို လုပ်ပေါက်မျိုး တွေ က သူတို့ နွားသမား အချင်းချင်း မှ သိ ကြတာပါ ။ ဒါကြောင့် ဘကြီးသိုက် တို့ သားအဖ ဟာ လက်ပံစဉ်ရွာ ထဲ ကို ဆွမ်းခံပြန် သာသာ လောက် ရောက် သွားကြပြီး ရောင်းမယ့် နွားရှင် နဲ့ ဈေးစကား တောင် ပြော နေကြပါပြီ ။ ဘကြီးသိုက် က နွားရှင် နဲ့ စကား ပြော ရာ မှာ ကြားပွဲစား မပါလို့ လိုရင်း ကို ရောက်အောင် သူ့ ဟာ သူ နွားရှင် ရဲ့ စကား အခြေအနေ ကြည့်ပြီး ပြော ပါတယ် ။
နွားရှင် က နွားသမား မဟုတ်တဲ့ တောင်သူ သက်သက် လူ မို့ စကား ပြောရာ မှ ရိုးစင်း ပါတယ် ။ ဒါကြောင့် နွား ရဲ့ အမူအကျင့် နဲ့ ပတ်သက်ပြီး ဘာ မှ မထိမ်ချန်ဘဲ အားလုံး အိတ်သွန်ဖာမှောက် ပြောပြီး ၊ နွား ရဲ့ တန်ဖိုး ကို လည်း တန် တာ ထက် ထက်ဝက် လောက် လျော့ ပေးမယ် လို့ ပြော ပါတယ် ။ ဒါကြောင့် ဒီ နွား အကြောင်း အပြင် နွားသမား လောက မှာ ပြော နေကြတာတွေ ရော ၊ အခု မိမိ ကိုယ်တိုင် မြင်တွေ့ရတဲ့ အခါမှာ နွား က သူ့ ပြစ်ချက်တွေ သူ အကုန် ဖော်ပြ ထားတာရော မြင် နေရလို့ ဘကြီးသိုက် အကုန် သိပြီး ဖြစ် နေပါတယ် ။
ဒီ နွား က အိမ်ရှင် ကိုင်တာ တွယ်တာ မြင် လိုက်ရ ကတည်း က “ တစ်လက်ကိုင် ” နွား ဆိုတာ ဘကြီးသိုက် သိ လိုက်ပါတယ် ။ ဟုတ်တယ် ။ နွားတဲ ထဲ က ထုတ် လာပြီး အပြင် ချီ တိုင် မှာ ချည်တော့ ဘကြီးသိုက် တို့ သားအဖ ကြည့် ကြပါတယ် ။ နွား က အမြီး တရမ်းရမ်း ၊ နားရွက် တပေပေ နဲ့ ဂဏှာမငြိမ် ဖြစ် နေတယ် ။ ချီတိုင် ကို လှည့်ပတ်ပြီး ကျင်ကြီးကျင်ငယ် စွန့်တဲ့ အခါ ဘကြီးသိုက် က အဲဒါကို အခွင့်အရေး ယူပြီး ဆီး နဲ့ ဝမ်း ပါ စစ်ဆေး ကြည့် လိုက်တယ် ။ ဆီး ရော ဝမ်း ပါ ကောင်း နေတာကြောင့် ဒီ နွား ရဲ့ ကျန်းမာရေး ကို စိတ်ချ ယုံကြည် လိုက်ပါတယ် ။ ဒါကြောင့် သူ့ သား အောင်ဘော် ကို သူ့ အနား ခေါ်ပြီး ပြော ပါတယ် ။
“ လူလေး အောင်ဘော် ၊ ဒီမှာ ကြည့် ။ ဒီ နွား ရဲ့ မစင် ဟာ ဝင်းပြီး အငွေ့ တထောင်းထောင်း ထ နေတယ် ။ အငွေ့ ကို ရှူ ကြည့်တော့ ဘာ အနံ့အသက် မှ မရဘူး ။ ဒါဟာ နွား ရဲ့ ကျန်းမာရေး မှန်ကန် ကောင်းမွန် နေလို့ပဲ ။ ကျန်းမာရေး ကောင်း တာ ကလည်း ဝမ်းမီး ကောင်းလို့ ပေါ့ လေ ။ ဝမ်းမီး ကောင်းတာ က လည်း သူ့ ဟာ သူ ကောင်းချင် လို့ ကောင်းနေတာ မဟုတ်ဘူးကွ ။ ဒီ နွားရှင် ဟာ သောင်သာ တဲ့ တောင်သူကြီး ဖြစ်ပြီး နွား ကို လည်း ဂရုတစိုက် ကျွေးမွေး စောင့်ရှောက်တတ် သူ ဖြစ် ရမယ် ။ မင်း မယုံရင် အဲဒီ နွားစာကျင်း နား ကို မလိမ့်တပတ် အကဲခတ် ကြည့်ပါလား ။ ဆင်တုံးမနွယ် နဲ့ ဆန်ဆေးရည် စိမ် ထားတဲ့ အိုး တွေ့ရလိမ့်မယ် ။ ဒီ နွား အဲလို လှပြီး ဝဖီး နေတာ ဟာ အဲဒီ ဆန်ဆေးရည် နဲ့ စိမ် ထားတဲ့ ဆင်တုံးမနွယ် ကြောင့် ပဲ ။ အဲဒါ နွားဆေး ပဲ ကွ ။ တစ်သက်လုံး မှတ်ထား ။ နွား ကောင်း ကိုင်ချင်တဲ့ သူ ဟာ နွား ကို ပိုးစိုးပက်စက် တအား ခိုင်း ချင်တိုင်း ခိုင်း ပြီး ပစ် မထားရဘူး ။ ဂရုစိုက်ရတယ် ။ ဒါကြောင့် ဒီ နွား ဝ ပြီး လှ နေတာ ။ ကဲ မှတ်ထား ”
ဘကြီးသိုက် တို့ သားအဖ ဟာ နွား အရှင် မရှိတုန်း ကို တစ်ခု ချင်း ဝေဖန် ရင်း ဘကြီးသိုက် က သူ့ သား အောင်ဘော် ကို သင်ပြ ပြောဆို နေတာပါ ။ ဘကြီးသိုက် က သူ့ သား အောင်ဘော် ကို နွား နဲ့ တစ်သက်လုံး လုပ်ကိုင် စား ရ မှာမို့ အလျဉ်းသင့်တုန်း သင်ပြ နေတာ ဖြစ်ပါတယ် ။
“ ဒီ နွား ဟာ အဖေ ထင် တဲ့ အတိုင်း စာတိုင် မပျက်ရင် ဒို့ ပွ မှာပဲ ။ ဒါပေမဲ့ သူ့ ကို ကိုင်တဲ့ နေရာ မှာ သတိ ထား ရလိမ့်မယ် ။ အဖေ ပြောတာ အသေအချာ မှတ် ထား ။ ဒီ နွား ဟာ နွား ရဲ့ အင်္ဂါရပ် နဲ့ အကုန် ပြည့်စုံပြီး စင်းလုံးချော ချော နေတာ ကို က နွားသမားတိုင်း မျက်စိ ကျတဲ့ အမျိုးအစား ရယ် ၊ ပြီးတော့ ဒီ နွား ကိုယ်ပေါ် မှာ နွား နဲ့ ပတ်သက် တဲ့ ဗွေဆိုး ဗွေကောင်း တွေ ကို ရှာကြည့် ။ အားလုံး ကောင်းပြီး အနေအထား မှန်နေတယ် ။ ဘာ ပြစ်ချက်မှ ရှာ မတွေ့ဘူး ။ ဒါပေမဲ့ ဘယ် နွားသမား မှ မသိတဲ့ ပြစ်ချက် တစ်ခု ဒီ နွား မှာ ရှိ နေတယ် ။ အဲဒါ ဘယ် နွားသမား မှ မသိသေးတဲ့ ပြစ်ချက် ပဲ ။ အဲဒါ မင်း သိလား ”
ဘကြီးသိုက် က စကား ဖြတ်ပြီး သူ့ သား အောင်ဘော် ကို မေး လိုက်တယ် ။ အောင်ဘော် က
“ ဟာ အဖေ က လည်း ကျုပ် ဘယ် သိ ပါ့မတုန်း ။ ဦးဆွဲ တို့ လို ဘိုးတော်တွေ တောင် သိမှာ မဟုတ်ဘူး ”
လို့ ပြောပါတယ် ။ ဒီတော့ မှ ဘကြီးသိုက် က ဆက် ပြော ပါတယ် ။
“ အေး အဲဒါ အသေအချာ မှတ်ထား ။ ဒီ နွား ဟာ အမွေးအရောင် က နွားပြာနီမွေးတို ထောင်ကပ် ဖြစ်ပြီး ၊ မျက်လုံး က ငါးကြင်းမျက်ဆံနီ မျက်လုံး ရယ် ။ ဒါကြောင့် လူ ကို အမြဲတစေ ရန် မူ တတ်တယ် ။ ဝှေ့ တတ်တယ် ပေါ့ ကွာ ။ ဒါပေမဲ့ အဖေ ဒီ နွား ကို ဈေး ကာရန်သင့် ရင် ဝယ် မှာ ပါ ။ ဒို့ လက် ထဲ ရောက်ရင် ဒီ နွား ဟာ နွားကောင်း ဖြစ် ရမှာပေါ့ ။ ကြည့်နေ ... အဖေ ဒီ နွား ကို နွားကောင်း ဖြစ်အောင် ကိုင် ပြမယ် ။ တစ်ခုတော့ ရှိ တာပေါ့ကွာ ၊ သူ့ ကံ ကိုယ့် ကံ စွန့် ရမှာပေါ့ ။ ဘာပြုလို့လည်း ဆိုတော့ သူ့ မျက်လုံး က လူ လို ဆိုတော့ ဥပေစ္ဆေဒ မျက်လုံး ကိုး ကွ ။ ဒီတော့ ဂရုစိုက် ကိုင်တွယ်ပြီး နွားကောင်း ဖြစ်အောင် လုပ် ရမှာပေါ့ ။ သူ က နွား ၊ ကိုယ် က လူ ပဲ ကွာ ။ ကြောက် လွဲ ရဲ မင်းဖြစ် ဆိုတဲ့ စကား ရှိ သားပဲ ။ ကဲ ကြိုက်ရင် ငွေ ချေ ရုံပဲ ”
ဘကြီးသိုက် က သူ့ သား အောင်ဘော် ကို ပြောပြီး နွား အနား က ခွာ ခဲ့ကြပါတယ် ။ ဘကြီးသိုက် ဟာ နွား ရဲ့ အင်္ဂါရပ် နဲ့ ရုပ်လက္ခဏာများ ကို သူ့ အတွေ့အကြုံ နဲ့ ရောသမ မွှေနှောက် တွက်ချက်ပြီး စိတ် ဆုံးဖြတ် လိုက်ပါတယ် ။ ဒီ နွား ကို ဟင်းဖိုးလောက် နဲ့ ရရင် တစ်ခါ တည်း ငွေ ချေပြီး ဆွဲယူ ခဲ့ ဖို့ပါပဲ ။ ဈေး စကား ပြော ကြတော့ နွားရှင် က လည်း ဒီ နွား အပေါ် စိတ် ကုန် နေ တာကြောင့် ပေးတဲ့ ဈေးနဲ့ ရောင်း ဖို့ ဆုံးဖြတ်ထားတဲ့ အတိုင်း ဘကြီးသိုက် ပေးတဲ့ ဈေးနဲ့ နွားကြိုး အပ် လိုက်ပါတယ် ။ ဒါကြောင့် ဘကြီးသိုက် တို့ သားအဖ ဟာ နွား ကို ရှေ့ကြိုး ၊ နောက်ကြိုး နဲ့ ရွာ အရောက် ဆွဲ ယူ လာ ခဲ့ကြပါတယ် ။
••••• ••••• ••••• •••••
နောက် တစ်နေ့ မှာ ပန်းတစ်ခုံ တစ်ရွာ လုံး အုံးအုံးကျက်ကျက် ဖြစ် သွား တာကတော့ ဘကြီးသိုက် တို့ သားအဖ ဝှေ့ တတ်တဲ့ နွား အဝယ် မှား လာတယ် ဆိုတဲ့ သတင်း ပါပဲ ။ ဒီ သတင်း ဟာ တောမီးပမာ ခဏလေး နဲ့ ပြန့်နှံ့ သွားပါတယ် ။ ဒါကြောင့် ဘကြီးသိုက် အိမ် မှာ နွား လာ ကြည့်တဲ့ လူများနဲ့ ကြိတ်ကြိတ်တိုး စည်ကား နေတာပါ ။ ဒါက ဦးဆွဲ ရဲ့ လက်ချက် မှန်း ဘကြီးသိုက် သိ ပါတယ် ။ ဒါပေမဲ့ ဘကြီးသိုက် က မမှုပါဘူး ။ အိန္ဒြေရရ ပါ ပဲ ။ ဒါကြောင့် ပန်းတစ်ခုံရွာသားများ က ဒီ ဝှေ့ တတ်တယ် ဆိုတဲ့ နွား ကို ရှေ့ဆက်ပြီး ဘယ်လိုများ လုပ်မှာလဲ လို့ စောင့်ကြည့် နေကြတယ် ။ ဒါကိုလည်း ဘကြီးသိုက် က သိတယ် ။ သူ့ ကိုယ် သူ ယုံကြည် လို့ လုပ် လာတဲ့ အလုပ် ကို သူတို့ ကြည့်ကြည့် ၊ မကြည့်ကြည့် ရှေ့ဆက်ပြီး လုပ် မှာ ပါ ။ နောက်ဆုံး ဒီ နွား ဟာ နွားအိုနွားမင်း မဟုတ်တဲ့ အတွက် အသားဈေး နဲ့တွက်ဦး အမြတ် ထွက်နိုင်တယ် ။ သူ ဘယ်လိုမှ ရှုံး မဖြစ်ဘူး ။ ဒီအထိ ဘကြီးသိုက် က တွက် ထား တာပါ ။ ဒါကြောင့် မနက်ဖြန် မှာ နွား ရဲ့ ဒူးဆစ် အထိ ကျွံ တဲ့ လယ် ထဲ ကို သွား ထွန်ဖို့ စိတ် ဆုံးဖြတ် လိုက်ပါတယ် ။
••••• ••••• ••••• •••••
ဒီနေ့ ဒီ နွား ကို စိတ်ကူး ထားတဲ့ အတိုင်း အိမ် က အထိုင် နွားကြီး နဲ့ ထမ်းပိုး တပ်ပြီး သူ့ လယ် ထဲ ကို သွား ထွန် ပါတယ် ။ နွား ရဲ့ ထမ်းပိုး အစအနကို သိ ရအောင်ပေါ့ လေ ။ ဘကြီးသိုက် ဟာ သူ ဝယ်လာတဲ့ နွားအသစ် တိုင်း အိမ် က အထိုင် နွားကြီး နဲ့ ထမ်းပိုး ကျင့် ပြီး အကဲ စမ်းလေ့ ရှိပါတယ် ။ ဒီလို အကဲ စမ်းတဲ့ အခါ မနေ့ က ဝယ် လာတဲ့ ဝှေ့ တတ် တဲ့ နွား ဟာ သနားစရာ ကောင်းလောက်အောင် မော နေတာ တွေ့ ရလို့ ဘကြီးသိုက် က အနား ပေး လိုက်ပါတယ် ။ ဒါကြောင့် နေ မွန်း မတည့်မီ သားအဖ နှစ်ယောက် ထွန် ဖြုတ်ပြီး အိမ် ပြန်ခဲ့ကြပါတယ် ။
ဘကြီးသိုက် က အခုလို ထမ်းပိုး တပ်ပြီး နွား ရဲ့အကဲ ကို စမ်းသပ် ကြည့်တဲ့ အခါ ဒီ နွား ဟာ ကိုင် တတ်ရင် နွားကောင်း တစ်ကောင် အချောင် ရ လိုက် တာပဲလို့ ယူဆ လိုက်ပါတယ် ။ ဒါကြောင့် စိတ် ထဲ မှာ အကျေနပ်ကြီး ကျေနပ်ပြီး ပျော် သွားပါတယ် ။ ပျော် သွား တာလည်း မပြောနဲ့လေ ။ ဒီ နွား အပေါ် က ရမယ့် အမြတ်အစွန်း နဲ့ ရှေ့ဆက် အကျိုး ခံစားခွင့်တွေ က တသီတတန်းကြီး မဟုတ်လား ။ ဒါကြောင့် ဘကြီးသိုက် မိုး မမြင် လေ မမြင် ဖြစ် သွား ပါတော့တယ် ။ မိုး မမြင် လေ မမြင် ဖြစ်သွားတဲ့ အလျောက် အိမ် ရောက်တော့ ထွန် အဖြုတ် မှာ မောပန်းပြီး စိတ် ဆိုး နေတဲ့ နွား ကို သတိ မထား လိုက် မိတာပါ ။
နွား က ထွန် အဖြုတ် မှာ ရှေ့ ကြိုး က ဆွဲ သွားတဲ့ ဘကြီးသိုက် ကို နောက် က နေ ကော်ဝှေ့ ဝှေ့ လိုက်တာ အောင်ဘော် တောင် နောက်ကြိုး ဆွဲ ထားဖို့ သတိ မထားလိုက်မိဘူး ။ ဒါကြောင့် နွား က ဘကြီးသိုက် ကို လွတ်လွတ်ကျွတ်ကျွတ် ဝှေ့ လိုက်နိုင်တာပါ ။ ဘကြီးသိုက် လည်း စပါးပုတ် နား က ထန်းရွက်ပုံ ပေါ် ကို အလိုက်သင့် သွား ကျလို့ တော်ပါသေးတယ် ။
အောင်ဘော် လည်း ဗြုံးကနဲ ဘာ လုပ်မရမှန်း မသိ ဖြစ်ပြီး ဂယောင်ဂတမ်း နဲ့ နွားကြိုး ကို လိုက် ဆွဲပါတယ် ။ ဒီမှာ တင် နွား က စိတ်ဆိုး မပြေသေးဘဲ အောင်ဘော့် ဆီ ဝှေ့ ဖို့ ပြန် လှည့် အလာ အောင်ဘော် က အနား မှာ တွေ့တဲ့ ပေါက်ဆိန် ( ပုဆိန် ) နဲ့ တအား လွှဲပြီး အပြတ် ရှင်း လိုက်ပါတော့တယ် ။
••••• ••••• ••••• •••••
နောက် တစ်နေ့ ဘကြီးသိုက် ရဲ့နွားတဲ ထဲ က ခြောက်တိုင် ကုတင်ကြီး ပေါ် မှာ ရွာနီးချုပ်စပ် က လူနာ လာ မေးတဲ့ နွားသမားတွေ ပြည့် နေပါတော့တယ် ။ အဲဒီမှာ ဘကြီးသိုက် ဟာ ဆရာအေး ရဲ့ ဒဏ်ကြေ လိမ်းဆေးတွေ တစ်ကိုယ်လုံး လိမ်း ထားပြီး လက် တစ်ဖက် ကိုလည်း လည်ပင်း နဲ့ ကြိုး သိုင်း ထား ရတယ်ပေါ့လေ ။ ဒီ မြင်ကွင်း ကို သူ့ ရဲ့ အပေါင်းအသင်း နွားသမားတွေ မြင် သွားတော့ စိတ် မကောင်း ဖြစ် သွားကြပါတယ် ။ ဒါပေမဲ့ ဘကြီးသိုက် ကိုယ်တိုင် က အရွတ်စကား နဲ့ သူ့ လူတွေ ကို ခရီးဦးကြို ပြုတာကြောင့် ဘယ်သူ မှ ကြာကြာ စိတ် မကောင်း ဖြစ် မနေကြတော့ဘဲ အားလုံး အရွှန်း ဖောက် ကုန်ကြပြီး တဝါးဝါး တဟားဟား ဖြစ် ကုန် ကြပါတော့တယ် ။ နွားသမား ဆိုတာ သိတဲ့ အတိုင်းပဲ ။ တစ်ယောက် တစ်ပေါက် ဗရုတ်သုခ တော်တော် ပြောကြတဲ့ လူတွေ ရယ် ။ ပြီးတော့ ဆဲမနာ ဆိုမနာ တွေ မို့ ဘကြီးသိုက် ကို ဝိုင်း နောက် ကြတယ် ။ ဘကြီးသိုက် က လည်း သူ့ ရဲ့ သရော်ပြုံး မျက်နှာကြီး ကို ပြုံးရင်း သူ့ လူတွေ စိတ် ဆွ မေးတဲ့ မေးခွန်းများကို ပွဲ ထဲ က လူရွှင်တော်များ လို ဖနောင့် နင်းပြီး ဖြေ ပေး နေပါတယ် ။
နွားသမား တစ်ယောက် က
“ နို့ နေပါဦး ၊ ခင်ဗျား က ဒီ နွား ကို ဝှေ့ တတ်မှန်း သိလျက်နဲ့ ဘာပြုလို့ ထီးရိုးရှည်ပြီး ဝယ် လာ ခဲ့ရတာလဲ ”
ဘကြီးသိုက် က
“ ဟင်းကောင်း စားချင်လို့ ဆိုင်း ထဲ လိုက် သွားတာပါဗျာ ။ နှဲကြီး နင်း မိလို့ လျော် လိုက် ရတာတော့ ကျုပ် လည်း မတတ်နိုင်ဘူး ”
နောက် နွားသမား တစ်ယောက် က
“ ကိုယ် အ အ တယ် ပြောစမ်းပါ ဘကြီးသိုက် ရာ ။ ခုမှ လျောချ မနေချင်ပါနဲ့ ”
ဘကြီးသိုက် က သရော်ပြုံး မျက်နှာကြီး ကို အပြုံး မပျက်ဘဲ
“ လုပ်ပါ ၊ ရေနွေးကြမ်းလေး ဘာလေး သောက်ကြစမ်းပါဦး ။ အရည်မရ အဖတ်မရ စကားတွေ လျှောက် ပြော မနေကြစမ်းပါနဲ့ ”
နောက် နွားသမား တစ်ယောက် က
“ ဒါဟာ ဦးဆွဲ ကို အမြင် ကပ်ပြီး လုပ်တာရယ် ။ လုပ်တော့ ကိုယ့် ဒေါသ မာန်မာန နဲ့ အမှား လုပ်မိတာပဲ မဟုတ်လား ”
နောက် တစ်ယောက် က
“ ဒါဟာ ဒေါသကြောင့် မဟုတ်ဘူး ကိုယ့် လူ ရ ။ လောဘ ကြောင့် သတိ လက်လွတ် ဖြစ်ရတာ ။ ဒီတော့ ကျားဖင် ခြင် ကိုက် ခံ လိုက် ရတာပေါ့ကွာ ”
ဘကြီးသိုက် က ကိုယ် ကို တစ်ချက် တွန့်ပြီး သူ့ ရဲ့ သရော်ပြုံး မျက်နှာကြီး ရှုံ့တွ သွားပါတော့တယ် ။ ပြီးတော့ အဲဒီ လူ က ပဲ ဆက် မေးပါတယ် ။
“ နို့ နေပါဦး ဘကြီးသိုက် ရ ။ ဒီလောက် မနိပ်တဲ့ နွား ကို ရှေ့ ဆက်ပြီး ဘာ မျှော်လင့်ချက်တွေ ထား သေးသလဲ ။ အပန်း မကြီးဘူး ဆိုရင်လည်း ပြော စမ်းပါဦး ။ နောင်လာ နောင်သား နွားသမားတွေ အတွက် ဗဟုသုတ ပေါ့ ”
ဘကြီးသိုက် က
“ နွား ဟာ နွား ပဲ ဗျ ။ နွား ကို နွား ပဲ ဆိုပြီး အထင် သေး မိတာဟာ ကျုပ် ရဲ့ အမှား ပေါ့ ဗျာ ”
“ ဒါဖြင့် ဒီ မနိပ် တဲ့ နွား ကို ရှေ့ဆက် ဘယ်လို ပြုပြင်ဖို့ စီစဉ် ထားသေးလဲ ။ လုပ်စမ်းပါဦး ”
ဘကြီးသိုက် က သူ့ ရဲ့ သရော်ပြုံး မျက်နှာကြီး ကို ပီပီပြင်ပြင် ပြုံး ပြီး ရေနွေးကြမ်း နဲ့ မြီး ဖို့ ချ ထားတဲ့ အမဲခြောက်ဖုတ် ပန်းကန် ကို မေး ငေါ့ ပြ လိုက်ပါတယ် ။
အဲဒီမှာ နွားသမား အားလုံး သဘော ပေါက် ပြီး မပြုံးဘဲ နဲ့ ဝါးလုံးကွဲ ရယ်လိုက်ကြတာ “ ဝါး ” ကနဲ နေ တာပဲ ။ ဒါကြောင့် စပါးဖျာ က စာကလေး တွေ တောင် တစ်ကောင် မကျန် လန့် ပျံ ပြေး ကုန်ကြတယ် ။
◾ မောင်သာပို
📖 ဗြူတီမဂ္ဂဇင်း
၂၀၀၉ ၊
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment