အခန်း ( ၁၂ )
ထိုနေ့ သည် မောင်ဖေသော် ၏ မွေးနေ့ ဖြစ်သည် ။ မောင်ဖေသော် သည် မြင့် တို့ အိမ် သို့ ထွက် လာ ခဲ့လေ၏ ။ ( ၉ ) နာရီ ကျော်ကျော် လောက် တွင် မောင်ဖေသော် သည် မြင့် တို့ အိမ်ရှေ့ တည့်တည့် သို့ ရောက် လေ၏ ။ မောင်ဖေသော် သည် အသံ မပေးဘဲ မြင့် တို့ အိမ်ပေါ် သို့ တက် သွားမည် ။ မြင့် အနီး သို့ ရောက်ကာ မှ မြင့် ကို “ ဝါးခနဲ ” လှန့် လိုက်မည် ဟု စိတ်ကူး ကာ တံခါး ကို အသာအယာ တွန်း ဖွင့် ၍ အိမ် ပေါ် သို့ တက် လေ၏ ။ အိမ်ပေါ် သို့ ရောက် လျှင် ‘ ဆက်တီ ’ ခုံများ ချ ထားသော ဧည့်ခန်း နေရာ သို့ လှမ်း ၍ ကြည့် လိုက်ရာ မြင့် သည် ဓားမြှောင် ကို ဆုပ်ကိုင်လျက် ငူငူကြီး ရပ် နေသည် ကို တွေ့ ရ၏ ။
ထို ဓားမြှောင် မှာ လည်း ကျိုက်ထီးရိုးဘုရား ဖူး သွားရင်း ဝယ် လာ သော ဓားမြှောင် ဖြစ်မှန်း မောင်ဖေသော် ကောင်းစွာ မှတ်မိ သွား၏ ။ မြင့် ၏ ခြေရင်း ကြမ်းပြင် ပေါ်၌ မူ အရပ်ရှည်ရှည် လူ တစ်ယောက် သွေးအိုင် ထဲ တွင် လဲ နေသည် ကို တွေ့ရ၏ ။ ထို လူ မှာ မြင့် ပြောဖူးသော ကု,လားလန်ဘား ချောဘ ဖြစ်လိမ့်မည် ဟု မောင်ဖေသော် သည် အတတ် သိ နေ၏ ။
ထို မြင်ကွင်း ကို မြင်လျှင် မြင်ချင်း မောင်ဖေသော် သည် အံ့ဩ သွား၏ ။ ထို့နောက် မြင့် ထံ သို့ ပြေး သွား ပြီးလျှင် မြင့် ထံ မှ ဓားမြှောင် ကို ဆွဲယူ ကာ မြင့် ၏ ကိုယ် ကို လှုပ်၍ ..
“ ဘယ်လို ဖြစ်တာလဲ မြင့်ရယ် ”
ဟု အလောသုံးဆယ် မေး လိုက်လေ၏ ။
ထိုအခါ မြင့် က ..
“ ဆွမ်းခံ လာတဲ့ ဘုန်းကြီး ကြွ လာလို့ မြင့် က ဆွမ်း လောင်းဖို့ တံခါး ဖွင့် လိုက်တာ ။ ဘုန်းကြီး ကို ဆွမ်းလောင်း ပြီး လို့ ဘုန်းကြီး လည်း ပြန် ကြွ သွားရော ဒီ ကောင် က တက် လာပြီး မြင့် ကို ကိုးရိုးကားရား လုပ် ဖို့ ကြံတာ ။ ဟောဒီ ဓားမြှောင် က ဟောဒီ ကြွက်လျှောက်တန်း ပေါ် မှာ တင် ထားတာ ဆိုတော့ အဲဒီ ဓားမြှောင် နဲ့ကောက်ပြီး ထိုး လိုက်တာ သူ လည်း လဲ ကျသွားရော မောင် က အိမ် ပေါ် ရောက် လာတာ ”
ဟု ပြော လိုက်လေ၏ ။
ထိုအခါ မောင်ဖေသော် က ..
“ မောင် ပြောတဲ့ စကားကို နားထောင်ပေတော့ ။ မြင့် အနေ နဲ့ အချုပ် ထဲတွေ ဘာတွေ ရောက်လို့ မကောင်းဘူး ။ မောင် ထိုး တယ် ဆိုပြီး ရှင်း ရမှာပဲ ။ မောင့် အတွက် လည်း ဘာမှ မပူနဲ့ ။ မောင့် နည်း မောင့် ဟန် နဲ့ ရှင်း နိုင်ပါတယ် ”
ဟု ပြောကာ ကု,လားလန်ဘား ချောဘ ၏ မျက်နှာ ကို ‘ ထွီ ’ ခနဲ တံထွေး ထွေး ချ လိုက်လေ၏ ။
ထို့နောက် တွင် ကား ရပ်ကွက်လူကြီး မှ တစ်ဆင့် ဂါတ် သို့ အကြောင်း ကြား လိုက်လေ၏ ။ ဂါတ် မှ တာဝန် ရှိသူများ ရောက်ရှိ လာကြ၏ ။ မြင့် ၏ ဖခင်ကြီး လည်း သတင်း ကြား၍ ကျောင်း မှ နေ၍ အိမ်သို့ ပြန်လာ၏ ။ မြင့် တို့ အိမ်ရှေ့ တွင် လည်း ထို အဖြစ်အပျက် ကို လာရောက် ကြည့်ရှုကြသော လူများ ဖြင့် ပြည့်နှက် သွား၏ ။
များ မကြာမီ ၌ ပင် ဆေးရုံကား ရောက်ရှိလာပြီး လျှင် လန်ဘားချောဘ ၏ အလောင်း ကို ဆေးရုံ သို့ သယ် သွား၏ ။ မောင်ဖေသော် ကို လည်း သက်ဆိုင်ရာ မှ ရဲစခန်း သို့ ခေါ်သွားပြီဖြစ်၏ ။ ရဲစခန်း သို့ ရောက် လျှင် မောင်ဖေသော် အား အချုပ်ခန်း အတွင်း သို့ ထည့် ထား လိုက်လေ၏ ။ အချုပ်ခန်း သို့ ရောက်ပြီး တစ်နာရီ ခန့် အကြာတွင် ရဲအရာရှိ က ..
“ ဒီမှာ မောင်ဖေသော် ၊ မင်း ကို လူကြီး တစ်ယောက် က တွေ့ချင် လို့ တဲ့ ။ မင်း ကိုယ်တိုင် က သူ့ ကို တွေ့ချင်တယ် ဆိုရင် တွေ့ခွင့် ပေးလိုက် မယ် ။ မင်း က မတွေ့ချင်ဘူး ဆိုရင်လည်း သူ့ ကို ပြန် လွှတ်လိုက်မယ် ”
ဟု ပြောလျှင် မောင်ဖေသော် က ..
“ တွေ့ချင်ပါတယ်ဗျာ ”
ဟု ပြန်၍ ဖြေလိုက်လေ၏ ။
ထိုအခါ ရဲအရာရှိ သည် လူကြီး တစ်ယောက် အား မောင်ဖေသော် ရှိရာ အချုပ်ခန်း သို့ ခေါ် လာလေ၏ ။ မောင် ဖေသော် သည် ထို လူကြီး ကို မြင်လျှင် မြင်ချင်း အားရဝမ်းသာ ဖြင့် ..
“ ဦးစိန်မြသာ ”
ဟု လှမ်း၍ ခေါ်လိုက်လေ၏ ။
ထိုအခါ ဦးစိန်မြသာ က ပြုံးပြုံးကြီး ဖြင့် မောင်ဖေသော် အနီး သို့ လျှောက်ကာ သံတိုင် အတွင်း သို့ လက် ကို သွင်း ကာ မောင်ဖေသော် ၏ လက် ကို ကျစ်ကျစ်ပါ ဆုပ်ကိုင်၍ လှုပ်ယမ်း ရင်း ..
“ ဒီလိုပဲ ဖြစ်ရမယ် မောင်ဖေသော် ရေ ”
ဟု ပြော လိုက်ရာ မောင်ဖေသော် က ..
“ ဘယ်လို ဖြစ်ရမှာလဲ ဦးစိန်မြသာ ”
ဟု ပြန်၍ မေး လိုက်လေ၏ ။
“ မိန်းမ တစ်ယောက် အတွက် ဓားထိုးမှု ၊ လူသတ်မှု ဖြစ်ရမယ် မဟုတ်လား ။ သေတဲ့ လူ ဟာလည်း လူမျိုးခြား ဖြစ်ရမယ် ။ ဒါ လမ်းကြောင်း ပဲ ”
ဟု ဦးစိန်မြသာကြီး က ပြော လေ၏ ။
“ ဘာ လမ်းကြောင်း လဲ ဦးစိန်မြသာ ရဲ့ ၊ ခင်ဗျား ပြောတာ ကျုပ် ဖြင့် မရှင်းဘူး ။ ရှင်းရှင်း ပြောစမ်းပါဗျာ ။ လူသတ်မှု ဖြစ်လို့ စိတ် ညစ်ရ တဲ့ အထဲ ကိုးရိုးကားရား ပြောနည်းတွေ နဲ့ လာပြီး မပြောစမ်းပါနဲ့ ”
ဟု မောင်ဖေသော် က ပြန်၍ ပြော လိုက်လေ၏ ။
ထိုအခါ ဦးစိန်မြသာကြီး က ..
“ အခု ငါ ပြောတာတွေ ကို မင်း အနေနဲ့ နားလည် မှာ မဟုတ်ဘူး ။ ရှင်းပြရင် ပိုပြီးတောင် ရှုပ် သွားဖို့ ရှိတယ် ။ ဒါပေမယ့် မင်း အခု ဖြစ်နေတဲ့ ဖြစ်စဉ် ဟာ လူ တစ်ယောက် ရဲ့ ဖြစ်စဉ် နဲ့ တစ်ထေရာ တည်း တူ နေတယ် ။ တစ်ခါက လူ တစ်ယောက် ဟာ သူ့ ရဲ့ ချစ်သူ အိမ် ကို သွား လည်တယ် ။ အဲဒီ အချိန်မှာ သူ့ ရဲ့ ချစ်သူ ဟာ သူ့ ကို မတော်မတရား လာပြီး ကြံတဲ့ ဗလက္ကာရသမား တစ်ဦး ကို ဓား နဲ့ ထိုး သ-တ်လိုက်တယ် ။ အဲဒီ ဓားမြှောင်ကလေး ဟာ လည်း ဘုရားဖူး သွား ရင်း ဝယ် လာတဲ့ ဓားမြှောင်ကလေး ပဲ ။ အဲဒီ လူ ဟာ သူ့ ချစ်သူ လက် ထဲ က ဓားမြှောင် ကို ဆွဲယူပြီး သူ သ-တ်တာပါလို့ ပြော လိုက် တယ် ။ အဲဒီအခါမှာ အဲဒီ လူ ဟာ တစ်ကျွန်း ကို ကျ သွားတယ် ။ အဲဒီ တစ်ကျွန်း က နေ မှ လွတ်မြောက်ပြီး ဂမ္ဘီရပညာတွေ တတ် သွား တယ် ။ အဲဒီ လမ်းကြောင်း ကို ဒုတ်ဒုတ်ထိ လိုက် သွားတယ် ။ အခု မောင်ဖေသော် ဖြစ်တဲ့ အတိုင်းပဲ ။ အဲဒီတော့ မောင်ဖေသော် ရေ ၊ ဘာမှ စိတ် မပူနဲ့ ။ ထောင် ကျ မှာ သေချာတယ် ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် ၏ မျက်နှာ သည် ရှုံ့မဲ့ ၍ သွားလေ၏ ။
“ ဦးစိန်မြသာကြီး က လည်း ဗျာ ။ နိမိတ် မရှိ နမာ မရှိ ၊ လွတ်ဖို့ ပြော စမ်းပါဗျ ။ ထောင် ကျဖို့ မပြောစမ်းပါနဲ့ ”
ဟု မောင်ဖေသော် က ပြန်၍ ပြောလေ၏ ။
မှတ်ချက် ။ ။ ဦးစိန်မြသာ ပြော သော လူ တစ်ယောက် ဆိုသူမှာ မောင်ဖေသော် ကဲ့သို့ပင် ချစ်သူ ၏ အမှု ကို ဝင်ရောက် ဓားစာခံ သွားသော လူ တစ်ယောက် ဖြစ်၏ ။ ထို သူ သည် နောင်အခါ၌ လောကီကျင့်စဉ် စခန်း ကို ပေါက်ပေါက်မြောက်မြောက် ကျင့်ကြံ သွား နိုင်၏ ။ ထို သူ ၏ အမည်မှာ ရွှေမြသာ ဟူ၍ ဖြစ်၏ ။ ထို သူ ၏ အကြောင်း ကို “ မြေလျှောက်ဝိဇ္ဇာ ရွှေမြသာ ” ဟူသော အမည် ဖြင့် ကျွန်ုပ် မင်းသိင်္ခ သည် သုံးအုပ်တွဲ ဝတ္ထုကြီး တစ်ပုဒ် ရေး သား ခဲ့၏ ။ ထို ဂမ္ဘီရဝတ္ထုကြီး တွင် ဦးစိန်မြသာ ပြော သော လူ တစ်ယောက် ၏ အကြောင်း ကို အသေးစိတ် ဖော်ပြ ထားပါသည် ။ ထို ဝတ္ထုကြီး ကို လာဘ်မိုးစွေစာပေ မှ ထုတ်ဝေပြီး ဖြစ်၏ ။
စာရေးသူ
ဦးစိန်မြသာကြီး သည် မောင်ဖေသော် အား အချုပ်ခန်း အတွင်း၌ နေ ရစဉ် လက်ဖက်ရည် ၊ ဆေးလိပ် ၊ ထမင်းဟင်းများ ဝယ်ယူ ကျွေးမွေးရန် အတွက် ဂါတ်စာရေး ထံ တွင် ငွေ ငါးရာ ပေးခဲ့ပြီး နောက် မောင်ဖေ သော် အား နှုတ်ဆက် ကာ ပြန် သွားလေဘော့၏ ။
မောင်ဖေသော် သည် အချုပ်ခန်း သံတိုင် ကို ကိုင် ၍ မြင့် ကို မျှော် နေမိ၏ ။ သို့ရာတွင် မြင့် သည် ပေါ် မလာပေ ။ အချုပ်ခန်း ထဲ တွင် ( ၁၄ ) ရက် ပြည့် သောအခါ ၌ မောင်ဖေသော် အား ထောင်အချုပ် သို့ ပို့ လိုက် လေ၏ ။ ထောင် အချုပ် တွင် နေစဉ် အတွင်း ရုံးထုတ် ၍ အမှု စစ်လေ၏ ။ ရုံး ထုတ်သော အခါတိုင်း ၌ မောင်ဖေသော် သည် မြင့် ကို မျှော်ခဲ့၏ ။ သို့သော် မြင့် သည် ရောက် မလာခဲ့ပေ ။ နောက်ဆုံး တွင် မောင်ဖေသော် သည် ဦးစိန်မြသာကြီး အား ဖွင့် ၍ မေး၏ ။
“ ဒီမှာ ဦးစိန်မြသာ ၊ ကျုပ် က တော့ မြင့် ကို အမျှော်ကြီး မျှော်ခဲ့တာ ပဲ ။ ဒါပေမယ့် မြင့် က တော့ တစ်ခေါက် တလေ တောင် သတင်း မေးဖော် မရပါလား ”
ဟု ပြော လေတော့၏ ။
ထိုအခါ ဦးစိန်မြသာကြီး က ..
“ ဒီလို ရှိတယ် မောင်ဖေသော် ရဲ့ ။ အခင်း ဖြစ်ပွားပြီး နောက် တစ်နေ့ မှာ ပဲ သူ့ အဖေကြီး က အမျိုးတွေ ရှိတဲ့ မအူပင်မြို့ ကို ပို့ ပစ် လိုက် တယ် ။ ဒါပေမယ့် သက်သေ စစ်တဲ့ နေ့တွေ မှာတော့ ရန်ကုန် ကို လာပြီး သက်သေ ထွက် ပါတယ် ။ ငါ နဲ့ တောင် တစ်ခါနှစ်ခါ တွေ့ သေးတယ် ။ ဒါပေမယ့် သူ့ ကို နောက်ထပ် စစ်စရာ မရှိတော့ဘူး ကွ ။ ဒါကြောင့် သူ့ အနေ နဲ့ လာစရာ မရှိတော့ဘူး ။ အကောင်းဆုံး ပြော ချင်တာက လူတွေ ဟာ ရောထွေး နေပေမယ့် သွားတဲ့ လမ်း ကြောင်း က ကိုယ့် လမ်းကြောင်း နဲ့ ကိုယ် သွား နေကြတာ ။ အကောင်း ဆုံး ပြော ချင်တာ ကတော့ မင်း လမ်းကြောင်း အတိုင်း မင်း ဟာ မင်း လျှောက် သွားပါ ”
ဟု ပြော လိုက်လေ၏ ။
“ ပြော ရ မှာ တော်တော် ခက်တယ် ။ ကျုပ် ဟာ အသက် ငယ်ငယ်လေး ပဲ ရှိသေးတယ် ။ ဒါပေမယ့် မိန်းမ တော်တော်များများ နဲ့ တွေ့ဖူးတယ် ။ တွေ့ဖူးတဲ့ မိန်းမတွေ မှာ သူ တစ်ယောက်တည်း ပဲ ဖြစ်ရမယ် လို့ ဖြစ် နေတာ ။ ကျုပ် တွေ့ ဖူးတဲ့ မိန်းမတွေ က နာမည် ဆင်တူ တွေ ။ ဦးရွှေမြသာ သိအောင် အဲဒီ နာမည် ကို ပြောပြ ထား ပါ ဦးမယ် ‘ မြနန်းနွယ် ’ တဲ့ ”
ဟု ပြော လိုက်လျှင် ဦးစိန်မြသာ က ‘ တဟားဟား ’ ရယ် လေ၏ ။ ထိုသို့ ရယ်ပြီး နောက်
“ မင်း တွေ့ခဲ့တဲ့ မြနန်းနွယ် ဆိုတာတွေ က လူတွေ မဟုတ်ပါဘူး ကွာ ။ အိပ်မက် တွေ ပါ ။ အဲဒီ အိပ်မက်မျိုး တွေ ကို အရပ် အခေါ်တော့ လမိုင်း လို့ ခေါ် တာ ပေါ့ကွာ ။ မင်း ရဲ့ ဖြောင့်ဖြူး တဲ့ လမ်းကြောင်း ကို ကွေ့တိ ကွေ့ကောက် ဖြစ်အောင် လုပ်တဲ့ ဟာတွေ ပါ ကွ ။ မင်း မှာ က ဘဝ ဘဝ က ပါရမီကံကလေး က ကောင်း နေတော့ သူတို့ က ဘယ် လောက်ပဲ ကွေ့တိကွေ့ကောက် ဖြစ်အောင် လုပ် ပေမယ့် ဒုက္ခ ရောက် မသွားဘူး ။ ကယ်မယ့် သူ က ပေါ် လာတယ် ။ ကယ်မယ့် သူ ဘယ်သူလဲ ဆိုတော့ စိန်မြသာ ဆို တဲ့ ငါ ပဲ ကွ ။ ဟား .. ဟား .. ဟား ”
ဟု ပြောဆို ရယ်မော လိုက်လျှင် မောင်ဖေသော် က ..
“ စိတ်ညစ်ရတဲ့ အထဲ ဗျာ ။ ခင်ဗျား က လာပြီး ရယ်လား မောလား လုပ် နေသေးတယ် ”
ဟု စိတ်ဆိုးသော လေသံဖြင့် ပြော လိုက်လေ၏ ။
ထိုအခါ ဦးစိန်မြသာ က
“ စိတ်မဆိုးပါနဲ့ မောင်ဖေသော် ရယ် ။ ဟောဒီမှာ ဆေးလိပ် ၊ ထောင် ထဲ မှာ သောက်ဖို့ ။ ဟောဒီမှာ ငါးပိကြော် ထောင် ထဲ မှာ စားဖို့ ”
ဟု ပေးပြီး လျှင် တရားရုံး ၌ ပင် လမ်း ခွဲ သွား လေ၏ ။
မောင်ဖေသော် အား ရုံး ထုတ် ၍ ( ၄ ) လ တိုင်တိုင် စစ်ဆေးပြီး နောက် ချောဘ ဆိုသူအား ဒေါသ အလျောက် ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ၊ နဂိုက သ-တ်ရန် ရည်ရွယ်ချက် မရှိကြောင်း ထင်ရှားသည် ဟု ဆိုကာ ထောင် ( ၁ဝ ) နှစ် အပြစ်ဒဏ် ပေးခဲ့လေ၏ ။
ဦးစိန်မြသာကြီး သည် မောင်ဖေသော် အား တစ်လ တစ်ကြိမ် ထောင် ဝင်စာ လာ၍ တွေ့၏ ။ ဤသို့ ထောင်ဝင်စာ တွေ့လာခဲ့ရာ ( ၈ ) ကြိမ် မြောက် ထောင်ဝင်စာ လာ၍ တွေ့သောအခါ ..
“ မောင်ဖေသော် ရေ ၊ မင်း အတွက် ဝမ်းသာစရာ သတင်း ပါတယ် ကွ ။ ဟောဒီ မှာ ”
ဟု ဆိုကာ ဖိတ်စာကလေး တစ်စောင် ကို ထောင်ဝင်စာ တွေ့သော အပေါက် မှ ထိုး၍ ပေး လိုက်လေ၏ ။ မောင်ဖေသော် လည်း ထို ဖိတ်စာ ကို လှမ်းယူ ၍ ကြည့် လိုက်ရာ သူ ၏ ချစ်သူ မြင့် နှင့် မောင်မောင်ကြီး ဆို သူ တို့ ထိမ်းမြားလက်ထပ်သော မင်္ဂလာဖိတ်စာ ဖြစ်ကြောင်း ကို သိ ရ သဖြင့် မျက်လုံး အိမ် မှ မျက်ရည်များ ယိုစိမ့် ထွက် လာလေတော့၏ ။ ထိုအခါ ဦးစိန်မြသာ က ..
“ ဟေ့ကောင် မောင်ဖေသော် ၊ ဘာဖြစ်လို့ ငို နေရတာလဲ ”
ဟု မေး လိုက်ရာ မောင်ဖေသော် က ..
“ ကိုယ့် ချစ်သူ သူများ နဲ့ မင်္ဂလာဆောင် တဲ့ မင်္ဂလာဖိတ်စာ ကို ကြည့် ပြီး ကျုပ် က ရယ် နေရမှာလား ”
ဟု ပြန်၍ အော် ပြော လိုက်လေ၏ ။
“ ခက်တော့တာပဲ ကွာ ။ ဒီ ဖိတ်စာ က အခုမှ ရိုက်တဲ့ ဖိတ်စာ မဟုတ်ဘူး ။ နေ့စွဲ လည်း သေချာ ကြည့်ပါဦး ။ လွန်ခဲ့တဲ့ ( ၆ ) လ လောက် က ရိုက်တဲ့ ဖိတ်စာကွ ။ မြင့် တို့ ၊ မောင်မောင်ကြီး တို့ မင်္ဂလာဆောင် တာ အခုမှ မဟုတ်ဘူးဟေ့ ။ ပြီးခဲ့တဲ့ ( ၆ ) လ ကတည်း က ဆောင်ခဲ့ ကြတာ ။ အတိအကျ ပြော ရရင် စက်ရှင်တရားသူကြီး က မင်း ကို ထောင် ( ၁၀ ) နှစ် ပြစ်ဒဏ် ချတဲ့ နေ့ ဟာ မောင်မောင်ကြီး နဲ့ မြင့် တို့ မင်္ဂလာ ဆောင် တဲ့ နေ့ ကွ ။ တရားရုံး မှာ မင်း ကို လာတွေ့ပြီး တဲ့ နောက်ပိုင်း မှာ ငါ တောင် မြင့် တို့ မင်္ဂလာဆောင် ကို သွား ရသေး တယ်ဟေ့ ။ လက်ဖွဲ့လေး ဘာလေးလည်း သွားပြီး ပို့ ရသေးတယ် ။ ရေခဲမုန့်လေး ၊ ဘာလေး လည်း စား ရသေးတာပေါ့ကွာ ”
ဟု ဦးစိန်မြသာကြီး က ပြော လိုက်လျှင် မောင်ဖေသော် က ..
“ တော်စမ်းပါဗျာ ။ စိတ် ဆင်းရဲစရာတွေ ကို လာပြီး မပြောစမ်းပါနဲ့ ။ ခင်ဗျား ပြန် ပါတော့ ”
ဟု ပြော လိုက်လျှင် ဦးစိန်မြသာ က ..
“ လောကကြီး မှာ စိတ်ဆင်းရဲစရာ ကို အကျအန ခံစားဖူး မှ စိတ် ချမ်းသာစရာ နဲ့ တွေ့ ရင် အပြည့်အဝ ခံစားရတယ်ကွ ။ ကဲ .. ကဲ ငါ သွား လိုက်ဦးမယ် ”
ဟု ဆိုကာ ပြန် သွားလေတော့၏ ။
ထို့နောက် တွင် ကား ဦးစိန်မြသာကြီး သည် ထောင်ဝင်စာ လာ ၍ မတွေ့တော့ပေ ။ သို့ရာတွင် မောင်ဖေသော် အတွက် ဆေးပေါ့လိပ် ၊ ငါးပိ ကြော် စသည်များ ဝယ် ပေးရန် ထောင်ရုံးခန်း တွင် ငွေ ငါးရာ ကို လျှောက်လွှာ ရေး၍ တရားဝင် အပ်နှံ ခဲ့လေ၏ ။ ထို့ကြောင့် မောင်ဖေသော် သည် ဆေးလိပ် နှင့် ငါးပိကြော် ကို မပြတ်မလပ် ရရှိခဲ့လေ၏ ။
မောင်ဖေသော် ထောင် ကျ ပြီး တစ်နှစ် ခန့် ကြာသော အခါတွင် လူ တစ်ယောက် သည် မောင်ဖေသော် အား ထောင်ဝင်စာ လာ၍ တွေ့၏ ။ မောင်ဖေသော် သည် ထို သူ အား ..
“ ခင်ဗျား က ကျုပ် ကို ထောင်ဝင်စာ လာပြီး တွေ့တယ် ။ ကျုပ် က ခင်ဗျား ကို မသိဘူး ။ ခင်ဗျား ဘယ်သူလဲ ”
ဟု ခပ်ဆတ်ဆတ် မေး လိုက်လေ၏ ။ ထိုအခါ ထို သူ က မောင်ဖေသော် အား နှစ်လိုဖွယ် ရာ ပြုံး ပြပြီး ..
“ ဒီမှာ ကိုဖေသော် ။ ခင်ဗျား ကြိုတင်ပြီး သိ ထားဖို့ က တော့ ကျုပ် ဟာ ခင်ဗျား ရဲ့ ရန်သူ မဟုတ်ဘူး ။ ကိုယ်ချင်းစာ တရား ရှိတဲ့ အတွက် လာပြီး တွေ့တာ ။ ကျုပ် နာမည် မောင်မောင်ကြီး တဲ့ ။ ကျုပ် ဟာ မြင့် ရဲ့ ယောက်ျား ပဲ ။ ခင်ဗျား နဲ့ ပတ်သက်တဲ့ သတင်း ကို အန်ကယ် ဦးစိန်မြသာ ဆီ က သိ ရပါတယ် ။ ဘာပဲဖြစ်ဖြစ် ခင်ဗျား ဟာ သနားစရာ ကောင်းတဲ့ အဖြစ် ကို ရောက် နေပါတယ် ။ ခင်ဗျား ကို လာပြီး တွေ့ဖြစ်တဲ့ အကြောင်း ထဲ မှာ ကျုပ် ရဲ့ လုပ်ငန်းကြောင့် လည်း ပါ တာပေါ့ ဗျာ ။ ကျုပ် က ဒီ ထောင်ကြီး ကို ရိက္ခာ သွင်း တဲ့ ကန်ထရိုက် ဗျ ။ ပြီးခဲ့တဲ့ နှစ်လ လောက် က မှ ဒီ အလုပ် ကို လုပ်တာပါ ။ စီးပွားရေးသမား ဆိုတော့ အကျိုး ရှိမယ့် အလုပ်တွေ လျှောက်ပြီး လုပ်တာ ပေါ့ဗျာ ။ ခင်ဗျား ဟာ အခု လက်သမား အလုပ် ဘက် မှာ ကျ နေတယ် ဆိုတာ ကျုပ် သိတယ် ။ ထောင်ပိုင်ကြီး နဲ့ကျုပ် နဲ့ အတော်အတန် ရင်းနှီးပါတယ် ။ ကျုပ် က ခင်ဗျား ကို ကျုပ်ညီ တစ်ဝမ်းကွဲ လို့ ပြော ထားတယ် ။ ရိက္ခာရုံ ဘက် ရွှေ့ပေး ဖို့လည်း တစ်နေ့ က ပြော လိုက် တယ် ။ ဒီနေ့ ထောင်ဝင်စာ က ပြန်တာ နဲ့ ရိက္ခာရုံဘက် ကို ရောက် လိမ့်မယ် ။ အဲဒီမှာ သက်သာတယ် ဗျ ။ နောက် တစ်ခု ပြော ရဦး မယ် ။ ထောင် မှာ ရိက္ခာ သွင်းတဲ့ အလုပ် ကို ကျုပ် အနေနဲ့ လုပ်ဖြစ်ဖို့ ဦးစိန်မြသာကြီး က အကူအညီ ပေးတာ ။ ပြီးတော့ ခင်ဗျား ကို ထောင်ဝင်စာ တွေ့ ဖို့ ၊ ရိက္ခာရုံ ဘက် ကို ပြောင်းဖို့ ဦးစိန်မြသာကြီး က ပဲ အကြံ ပေးတာ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ...
“ ဪ .. ”
ဟု ရေရွတ် လိုက်လေတော့၏ ။
ထိုအခါ မောင်မောင်ကြီး က ..
“ ကဲ ကျုပ် သွားမယ် ။ လိုတာ ရှိ လည်း ကျုပ် နဲ့ မကြာမကြာ ရိက္ခာ ရုံ မှာ တွေ့နေမှာပဲ ။ ပြော ပေါ့ဗျာ ။ အရေးကြီးတဲ့ စကား တစ်ခု က တော့ ကျုပ် က မြင့် ရဲ့ ယောက်ျား ဆိုတော့ မြင့် ကို တော့ ပိုင် ပါ တယ် ။ ဒါပေမယ့် မြင့် ရဲ့ နှလုံးသား ကို တော့ ကျုပ် က မပိုင်ပါဘူး ။ မြင့် ရဲ့ နှလုံးသား ကို ပိုင် တာ က မောင်ဖေသော် ပါ ”
ဟု ပြော ၍ ပြုံးပြ နှုတ်ဆက် ကာ ပြန် သွားလေတော့၏ ။ မောင်ဖေသော် သည် ထောင်ဝင်စာ တွေ့ပြီး နောက် ရိက္ခာရုံ သို့ ပြောင်းရွှေ့ တာဝန် ကျလေ၏ ။ ရိက္ခာရုံ တွင် ရိက္ခာများ ကို ချိန်တွယ် ၍ လက်ခံ ရ၏ ။ စာရင်းအင်း များ ပြု လုပ် ရ၏ ။ ထို့ကြောင့် မောင်ဖေသော် အဖို့ လက်သမားရုံ တွင် အလုပ် ရ သည် ထက် များစွာ သက်သာ၍ သွား လေ တော့သည် ။
ရိက္ခာရုံ သို့ မောင်ဖေသော် ရောက်ပြီး ( ၈ ) ရက် ခန့် အကြာ တွင် မောင်ဖေသော် ၏ လက်အောက် ၌ ကုန်ချိန် ပေးရန် အတွက် ထောင်ကျ အသစ် တစ်ယောက် ရောက် လာလေ၏ ။ ထို ထောင်ကျ မှာ မောင်ဖေ သော် ထက် ငယ်၏ ။ သူ ၏ အမည် မှာ “ ဓူဝံ ” ဟု ခေါ်၏ ။ ကုန်ရုံ ၌ ဓူဝံ အပြင် ယခင် က ပင် ရှိနှင့် နေသော အကျဉ်းသား နှစ်ဦး လည်း ရှိ၏ ။ ထို နှစ်ဦး မှာ “ အီဆပ် ” နှင့် “ မာသီး’ ဟူ၍ ဖြစ်၏ ။
အီဆပ် နှင့် မာသီး သည် ကုန်ရုံ တွင် ရှိသော အလုပ်ကို လုပ်ကြသည် မဟုတ် ။ ထောင် ဖွင့် သည် မှ ထောင် ပိတ် သည် အထိ တစ်ထောင်လုံး လှည့် လည် ကာ ဆေးလိပ် ၊ အစားအသောက် ၊ ကွမ်းယာ စသည်များ ကို ရှာဖွေ လေ၏ ။ ရ လာလျှင် မောင်ဖေသော် နှင့် ဓူဝံ ကို လည်း ဝေငှ ၍ ပေး၏ ။ ထောင် ထဲ တွင် ထိုသို့ ရှာဖွေ စားသောက်သည် ကို ထောင် စကား အားဖြင့် “ အကြံအဖန် ” ဟု ခေါ်၏ ။
ထို့ကြောင့် မောင်ဖေသော် က ဓူဝံ အား ..
“ အီဆပ် နဲ့ မာသီး ဘယ် သွားသလဲ ”
ဟု မေး လိုက်လျှင် ဓူဝံ အနေနှင့် ဖြေသော စကား တစ်ခု သာ ရှိ ၏ ။
ထို စကား မှာ ..
“ အကြံအဖန် သွား လုပ်ကြတယ် အစ်ကိုကြီး ရေ ”
ဟု သာ ဖြေ၏ ။ သို့ရာတွင် မာသီး သည် ထမင်း စား ခါ နီး ၌ ဂိုဒေါင် ဘေး တွင် ဟင်း ခိုး၍ ချက်ကာ မောင်ဖေသော် နှင့် ဓူဝံ ကို ကျွေး တတ် ၏ ။ ထို့ကြောင့် မောင်ဖေသော် နှင့် ဓူဝံ သည် မာသီး ကျေးဇူးကြောင့် နေ့တိုင်း လိုလို ဆီပြန်ဟင်း နှင့် စား နေရသည် ။ တစ်နေ့ တွင် မာသီး ဟင်း ခိုး ချက်သည် ကို ထောင်ပိုင်ကြီး ကိုယ်တိုင် မိ သွားသဖြင့် မာသီး အား တိုက်ပိတ် အပြစ် ပေး ကာ အခြား သို့ ပြောင်း ပစ် လိုက်၏ ။ ထိုအချိန် မှ စ၍ မောင်ဖေသော် တို့ ဓူဝံ တို့ လည်း ဆီပြန်ဟင်း ကို မစားရ ရှာ တော့ပေ ။
မောင်ဖေသော် သည် နဂို က ပင် ပုတီးသမား ဖြစ်သောကြောင့် အလုပ် အားသည့် အချိန် တိုင်း တွင် ကုန်ရုံ ဂိုဒေါင်ဘေး အရိပ် တွင် ထိုင် ၍ ပုတီး စိပ် နေ တတ်သည် ။ ဓူဝံ မှာ မူ ဂိုဒေါင် ဘေး ရှိ ကုက္ကိုပင် အောက် တွင် ထိုင်ကာ ငြိမ် ၍ နေတတ်၏ ။ ၎င်းတို့ နှစ်ဦးသည် ထောင် ၏ စည်းကမ်း ကို လည်း လိုက်နာ၏ ။ အလုပ် ကို လည်း ကောင်းစွာ လုပ်ကိုင်၏ ။ အား သော အချိန်များ တွင် လည်း တစ်ဦး က ပုတီး စိပ် ၍ တစ်ဦး က တရား ထိုင် နေသည် ကို တစ်ထောင်လုံး က တွေ့မြင်၏ ။ ထောင် တန်းစီး ၊ ထောင် ဗာယာ နှင့် ထောင် ဝန်ထမ်း တို့ သာမက ထောင်မှူး ၊ ထောင်ပိုင် တို့ ပင် သိ နေကြပြီ ဖြစ်၏ ။
ထို့ကြောင့် ထောင်ပိုင်ကြီး က ..
“ အနှောင့်အယှက် မပေးကြပါနဲ့ကွာ ။ သူတို့ က ကောင်းတာ လုပ်နေတာပဲ ”
ဟု အသိအမှတ် ပြုထားလေ၏ ။
တစ်နေ့တွင် မောင်ဖေသော် နှင့် ဓူဝံ တို့ သည် တစ်ဦး က ပုတီး စိပ်၍ တစ်ဦး က တရား ထိုင်ပြီး နောက် အရိပ် အောက် တွင် ဖျာကြမ်းလေး ခင်း ကာ စကားစမြည် ပြော နေကြလေ၏ ။ ထိုအချိန် ၌ နှစ်ကြီး အကျဉ်းသား သန်းလွင် ဆို သူ ရောက်လာပြီး လျှင် ..
“ ကိုယ့် လူတို့ နှစ်ယောက် က ကောင်းတာတွေ လုပ်တယ် ဆိုတော့ ရေနွေးကြမ်း နဲ့ ကြံသကာ ဒါန ပြုဦးမယ် ”
ဟု ဆိုကာ ရေနွေး ပန်းကန် နှစ်လုံး ၊ ဒန်ရေနွေးကရား တစ်လုံး နှင့် ကြံသကာ နှစ်ချပ် လာ၍ ချ ပေးလေ၏ ။
မောင်ဖေသော် နှင့် ဓူဝံ တို့ လည်း ရေနွေးကြမ်း မော့ သောက်လိုက် ကြံသကာ ကိုက် လိုက် နှင့် စကား ပြော ဖြစ်ကြလေ၏ ။
“ နေစမ်းပါဦး ငါ့ ညီ မောင်ဓူဝံ ရ ။ မင်း က ပုတီး မစိပ်ပါလား ”
ဟု မောင်ဖေသော် က မေး လိုက်ရာ ဓူဝံ က ..
“ ဒီလိုပါ အစ်ကိုကြီး ရယ် ။ ကျွန်တော် က သမထ အလုပ် လုပ်တာ ပါ ”
ဟု ပြန်၍ ဖြေလျှင် ..
“ မောင်ဓူဝံ က လည်း အလာကြီးပဲ ကွယ့် ။ သမထ တွေ ၊ ဝိပဿနာ တွေ နားလည်သားပဲ ။ ငါ လည်း ပုတီး စိပ် တာ ဆိုတော့ သမထ ပေါ့ ကွာ ။ ဆရာ အမျိုးမျိုး ဆီ ချဉ်းကပ်ပြီး ပုတီး စိပ်နည်း အမျိုးမျိုး ကို သင်ယူ ခဲ့တာပေါ့ ။ အဲဒီတော့ မင်း နဲ့ ငါ နဲ့ ဟာ မကွာပါဘူး ကွာ ။ နှစ်ယောက် စလုံး သမထ လုပ်တာချည်း ပါ ပဲ ။ ငါ့ နည်း ကို မင်း သိ ချင် ရင်လည်း ငါ့ ရဲ့ ပုတီးစိပ်နည်း တွေ ပြော ပြပါ့မယ် ။ မင်း ရဲ့ နည်း ကို လည်း ငါ့ ကို ပြောပြ နိုင်ရင် ပြော ပြပါဦး ”
ဟု မောင်ဖေသော် က ပြော လိုက်လေ၏ ။
ထိုအခါ ဓူဝံ က ...
“ ကျွန်တော် လည်း တတ်သိနားလည် လို့ မဟုတ်ပါဘူး အစ်ကို ရယ် ။ ဆရာကောင်း နဲ့ တွေ့ပြီး ဆရာ က သင်ပေး ထားတဲ့ နည်း ပါ ။ အများ သိကြတာ က တော့ ဒီနည်း ကို “ တန္တ ” လို့ ပြောတယ် ”
ဟု ပြန်၍ ပြောလျှင် ..
“ အေး ဟုတ်ပြီကွ ။ “ မန္တ ” တို့ ၊ “ တန္တ္တ ” တို့ ဆိုတဲ့ စကားလုံးတွေ ကို ငါ ကြားဖူး သလိုပဲ ။ မန္တ ဆိုတာတော့ မန္တန် ရွတ်တဲ့ ကျင့်စဉ် ကို ပြော တာကွ ။ တန္တ ဆိုတာ တော့ အဲဒီ စကားလုံး ကို ပဲ ကြားဖူးတာ ။ အနက် အဓိပ္ပာယ် နဲ့ လုပ်နည်းကိုင်နည်း ကို ငါ့ အနေနဲ့ လုံးဝ မသိ ဘူးကွ ။ ပြောပြနိုင်ရင် ပြောပြပါလား ကွာ ”
ဟု မောင်ဖေသော် က အငမ်းမရ မေးလိုက်လေ၏ ။
“ အသေးစိတ် တော့ ကျွန်တော် လည်း မသိဘူး ။ ဆရာ က သင်ပေး ထား သလောက်ပဲ သိတာ ။ တန္တ နည်း က ( ၁၁၂ ) နည်း တောင် ရှိ တာ ။ အဲဒီ ထဲ က ကျွန်တော့် ဆရာ က ကျွန်တော့် ကို နည်း လေးနည်း သင် ပေးထားတယ် ။ အဲဒါ ကို ပဲ ကျွန်တော် က လုပ်နေတာ ”
ဟု ဓူဝံ က ပြော လိုက်လေ၏ ။
“ နေစမ်းပါဦး မောင်ဓူဝံ ရဲ့ ။ မင်း ဆရာ သင်ပေး ထားတဲ့ နည်း လေးနည်း စလုံး ကို မင်း က လုပ် နေတာလား ”
ဟု မောင်ဖေသော် က မေး လိုက်လေ၏ ။
ထိုအခါ ဓူဝံ က ...
“ ဒီလို မဟုတ်ဘူး အစ်ကို ရဲ့ ။ ဆရာ က နည်း လေးနည်း ကို သင် ပေး တယ် ။ အဲဒီ နည်း လေးနည်း စလုံး ကို စမ်းပြီး လုပ် ကြည့်ရတယ် ။ အဲဒီမှာ ကိုယ် နဲ့ အကိုက်ညီဆုံး နည်း တွေ့ ရင် အဲဒီ နည်း ကို ပဲ ဆက် ပြီး လုပ် ရတယ် ။ ကျန်တဲ့ နည်းတွေ ကို မလုပ်ရဘူး ။ အဲဒီ နည်း လေး နည်း ထဲ မှာ မှ ကိုယ် နဲ့ ကိုက်ညီ နေတဲ့ နည်း မပါဘူး ဆိုရင် ဆရာ က နောက်ထပ် နည်း လေးနည်း သင် ပေးရတယ် ။ အဲဒီတော့ ဆရာ က တစ်ခါ သင် ရင် လေးနည်း ဆိုတော့ ၂၈ ကြိမ် သင် ရ ရင် ၊ ၁၁၂ နည်း ပြီး ရောပေါ့ ။ ကျွန်တော့် အဖို့ တော့ ပထမ သင် ပေးတဲ့ လေးနည်း ထဲ က တစ်နည်း ဟာ ကျွန်တော် နဲ့အတော် ကိုက်ညီတယ် ။ ဒါကြောင့် အဲဒီ နည်း ကို ပဲ ကျွန်တော် လုပ် နေတာ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ...
“ မင်း နဲ့ ကိုက်ညီတယ် ဆိုတဲ့ နည်း ကို ငါ့ ကို ပြောပြ နိုင်ရင် ပြောပြပါလား ကွာ ”
ဟု တောင်းပန် လိုက်ရာ ဓူဝံ က ခေါင်းညိတ် ပြ လိုက်ပြီးလျှင် အောက်ပါ အတိုင်း ဖြေ လိုက်လေတော့သည် ။
“ တတိယ မျက်လုံး ”
◾မင်းသိင်္ခ
📖 မြနန်းနွယ်
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment