Thursday, December 29, 2022

ပုဏ္ဏက


 

❝ ပုဏ္ဏက ❞

မင်္ဂလာရပ်ကွက် က မဉ္စူလမ်း မှာ ပုဏ္ဏက တိုက် လို့ တဲ့ … ။

ကြား ရတဲ့ သူ တွေ အံ့သြ ကြတာပေါ့ ။ မင်္ဂလာရပ်ကွက် ဆိုတာ က မန္တလေး အရှေ့ဘက် ဆင်ခြေဖုံး ရပ်ကွက်
ဖြစ်ပေမယ့် မနေ့ တစ်နေ့ က မှ ကွက်သစ် ပေါ် လာတာ မဟုတ်ဘူး ။ ရပ်ကွက် တည် တာ နှစ်ပေါင်း ၂၀ ကျော် ပြီ ။
ရပ်ကွက် ထဲ ပုဏ္ဏက တိုက်တယ် ဆိုတာ မကြားဖူး ကြဘူး ။ အခုမှ ထူးထူးဆန်းဆန်း ကြား ရတော့တယ် ။

မဉ္စူလမ်း မှာ ပုဏ္ဏက တိုက်တာ က ၂ လ ကျော် လောက် ရှိပြီတဲ့ ။ အခုတော့ မဉ္စူလမ်း က အိမ်တွေ သာ မကဘူး ၊ မဉ္စူလမ်း မြောက်ဘက် မှာ ရှိတဲ့ သဇင်လမ်း ၊ တောင်ဘက် မှာ ရှိတဲ့ စံပယ်လမ်း က အိမ် တချို့ ပါ ပုဏ္ဏက တိုက်ပြီ တဲ့ ။ ကြားရတဲ့ သူတွေ က တော့ မယုံချင်ကြဘူး ။ ဒါပေမဲ့ တကယ် ခံ ရတဲ့ မဉ္စူလမ်း မှာ တော့ ပုဏ္ဏက ကို
နှင် ဖို့ နတ်ကနား ပေးပြီ ။ ဒီ နတ်ကနားပွဲ ကို ဦးတိုင်းကျော် က မ,တည် ငွေ တစ်သိန်း ထည့်ပြီး မဉ္စူလမ်း ၊ သဇင်လမ်း ၊ စံပယ်လမ်း တွေ က အိမ်တွေ ကို အလှူ ခံပြီး ကျင်းပတာ ။ ကနားစီး က တော့ မဉ္စူလမ်း ထဲ က နတ်ကတော် ဦးသိန်း က မေတ္တာ နဲ့ လုပ် ပေးတယ် ။ ကနားပွဲ ကို ဦးတိုင်းကျော် ဝင်းရှေ့က လမ်း ပေါ် မှာ မဏ္ဍပ် ထိုးပြီး ကျင်းပကြတယ် ။ ကနားပွဲ မစခင် မနက်ပိုင်း မှာ တော့ ဦးတိုင်းကျော် က ဘုန်းကြီး ၅ ပါး ကို သူ့ အိမ် မှာ ဆွမ်း ကပ်တယ် ။ ပရိတ် ရွတ်တယ် ။ ရပ်ကွက် လူကြီး နဲ့ လမ်း ၃ လမ်း က လူတွေ ကို ဖိတ်ပြီး တရား နာတယ် ။ ထမင်း ဟင်း နဲ့  ဧည့်ခံတယ် ။ ပရိတ်ရေ ကို ပွားပြီး ပုလင်းလေးတွေ နဲ့ ထည့်ပြီး ဝေတယ် ။ ဦးတိုင်းကျော် သားသမီးတွေက မြို့ထဲ နေတယ် ဆိုပေမယ့် လာ လုပ်ပေးကြတယ် ။ အိမ်နီးချင်းတွေ က လည်း ကူညီကြတယ် ။ နေ့လယ်ပိုင်း က စ,ပြီး နတ်ကနား ပေးတယ် ။ နတ်ကနားပွဲ မစ ခင် ရွှေဆိုင်းတော် မှ ဗြောင်းဆန် အောင် ကရောင်းသံ ပေးပြီး ဗြုန်း တိုက်တယ် ။ ပုဏ္ဏက နဲ့ မကောင်းမိစ္ဆာတွေ ကို နှင် ထုတ်တာပေါ့ ။ မန္တလေး ဘိုးဘိုးကြီး ၊ အောင်ပင်လယ် ဘိုးဘိုးကြီး ၊ နယ်တော်ရှင် ၊ မြင်းဖြူရှင် ၊ မြို့စောင့်နတ် ၊ ရပ်ကွက်စောင့်နတ် ၊ အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း တို့ ပါ မကျန် ပင့် ဖိတ်ပြီး လမ်း ၃ လမ်း မှာ သောင်းကျန်း နေ တဲ့ ပုဏ္ဏက နဲ့ မကောင်းမိစ္ဆာ တွေ ကို နှင် ပေးဖို့ တောင်းပန်တယ် ။ နတ်များ က လည်း နတ်ကတော် တွေ ကို ဝင် ပူးပြီး ပုဏ္ဏက ကို ချော့လိုက် ၊ ခြောက်လိုက် ၊ ကြိမ်းလိုက် နဲ့ နှင်ထုတ်ပေး ကြတယ် ။ နတ်ကတော် ဦးသိန်း ဆိုရင် ဖနောင့် နဲ့ ပေါက် ပေါက်ပြီး ပုဏ္ဏက ကို အာဏာသံ နဲ့ နှင် ပေးတာပေါ့ ။

•••••   •••••   •••••   •••••

ပုဏ္ဏက စ တိုက်ခံရတဲ့ အိမ် က မဉ္စူလမ်း ထဲ က ဦးတိုင်းကျော် အိမ် ပဲ ။ ဦးတိုင်းကျော် က ဒီ ရပ်ကွက်သား မဟုတ်ဘူး ။ ပြောင်း လာတာ မကြာသေးဘူး ။ ၃ လ နီးပါး လောက် ရှိ ဦးမယ် ။ ဦးတိုင်းကျော် က ဈေးချို နား က ဝါးတန်းရပ် က ပွဲစားကြီး ဖြစ်တယ် ။ အသက် ၆၀ ကျော်ပြီ ။ အသားဖြူဖြူ ၊ ဝဝဖိုင့်ဖိုင့် ၊ ဥပဓိရုပ် ကောင်းသူ ဖြစ်တယ် ။ သားသမီးတွေ က ကုန်သည်ပွဲစားတွေ ဖြစ်တယ် ။ ပွဲရုံ ကို သားအကြီး ကို လွှဲ ထားတယ် ။ အခုတော့ အသက် ကြီး လာတာ က တစ်ကြောင်း ၊ ဇနီးသည် ဆုံး လို့ ပူဆွေး ရတာ က တစ်ကြောင်း ကြောင့် ဆူဆူညံညံ လူစည်ကား တဲ့ ပွဲရုံတန်း မှာ မနေချင်တော့ဘူး ။

နား‌အေး ပါးအေး ပုတီးလေး စိပ် ၊ တရားလေး ထိုင် ပြီး ပဲ နေ ချင်တယ် ။ ဒါကြောင့် မင်္ဂလာရပ်ကွက် မှာ ဝယ် ထားတဲ့ ဝင်း ထဲ မှာ ၃ ပင် ၂ ခန်း ပတ်လည် ဒူးတုပ် ၊ နံကပ် ၊ သွပ်မိုး ၊ ပျဥ်ခင်း အိမ်လေး ဆောက်ပြီး ပြောင်း လာတာ ။

ဦးတိုင်းကျော် အတွက် ဝေယျာဝစ္စ ပြုလုပ်ပေးဖို့ သက်တူ ရွယ်တူ အဘိုးကြီး တစ်ယောက် ပါ လာတယ် ။ ဦးနက်တူး တဲ့ ၊ အသား မည်းမည်း ၊ အရပ် ရှည်ရှည် ဖြစ်တယ် ။ နား လေးတယ် ။ မြင်းခြံနယ် က လူပျိုကြီး တဲ့ ။
ဦးတိုင်းကျော် နဲ့ ဆွေရိပ် မျိုးရိပ် မကင်းဘူး ။ ဦးတိုင်းကျော် မင်္ဂလာရပ်ကွက် ပြောင်း လာ မှ
လှမ်း ခေါ်လိုက်တာ တဲ့ ။

ဦးတိုင်းကျော် တို့ ဝင်း က ပေ ၂၀၀ ပတ်လည် လောက် ကျယ်တယ် ။ သရက် ၊ အုန်းပင် ၊ မာလကာပင် တွေ နဲ့  စိမ်းစို နေတယ် ။ အိမ် က အလယ် လောက် မှာ ဆောက် ထားတယ် ။ ဝင်းထရံ လည်း မြင့်မြင့် ကာ ထားတယ် ။

ဦးတိုင်းကျော် က အိမ် ထဲ က သိပ် ထွက်တာ မဟုတ်ဘူး ။ တရား ထိုင် ၊ ပုတီး စိပ် နေ ပုံ ရတယ် ။ တစ်ပတ် တစ်ခါ လောက် တော့ သူ့ သားသမီးတွေ က ကား နဲ့ လာ ခေါ်လို့ မြို့ထဲ ပါ သွား တတ်တယ် ။

ဦးနက်တူး က တော့ ရပ်ကွက် ထဲ နေ့တိုင်း လိုလို ထွက်ပြီး ဈေး ဝယ် တတ်တယ် ။ တစ်ရက် မှာ ဦးတိုင်းကျော် နဲ့
ဦးနက်တူး တို့ ရပ်ကွက် လူကြီးဆီ ရောက် လာတယ် ။

“ ဦးလေးတို့ ထိုင်ကြ ခင်ဗျာ … ဘာ ကိစ္စများ ရှိလို့ပါလဲ ”

ရပ်ကွက်လူကြီး က ဆီး ပြီး မေးတယ် ။ ဦးတိုင်းကျော် က ရပ်ကွက် လူကြီး ရှေ့ က ကု,လားထိုင် တစ်ခု မှာ ဝင် ထိုင်တယ် ။  ဦးနက်တူး က ရပ် နေလို့ ဦးတိုင်းကျော် က အနား မှာ ရှိတဲ့ ကု,လားထိုင် ကို လက်ပုတ်ပြ မှ ဝင် ထိုင်တယ် ။

“ အင်း … ကျွန်တော် က တိုင်တာ တောတာ တို့ ၊ သူများတွေ ဒုက္ခ ရောက်စေတော့ ဆိုတဲ့စကားမျိုး ကို မပြောချင်ဘူး … နားအေး ပါးအေး နေချင်လို့ … တရား ထိုင် ပုတီး စိပ်ချင်လို့ ဒီ ကို လာ နေတာ ၊ အခုတော့ တရား လည်း ကောင်းကောင်း ထိုင် လို့ မရဘူး … အိပ် ကောင်းတုန်း ဆို လန့် နိုးရပြီ ၊ ဒါကြောင့် လာ ပြော တာပါ ”

ဦးတိုင်းကျော် က အပြောင်းအလဲ မရှိတဲ့ မျက်နှာ နဲ့ လေသံ တစ်ဖြောင့် တည်း ပြော တယ် ။

“ ဘာများ ဖြစ်လို့ပါလဲ ခင်ဗျာ … ပြောပါ ကျွန်တော် ကူညီနိုင်ရင် ကူညီ ပေးပါ့မယ် ”

ရပ်ကွက် လူကြီး က ပြောတယ် ။

“ ဟင်း … ကျွန်တော့် အိမ် ညတိုင်း ခဲ ကျ ကျ နေလို့ပါ ”

“ ဗျာ… ”

ရပ်ကွက် လူကြီး အံ့သြ သွားတယ် ။ သူတို့ ရပ်ကွက် မှာ ခဲကျတယ် ဆိုတာ မကြားဖူးဘူးလေ ။
 
“ ဟို … ကလေးတွေ ငှက် ပစ်ရင်း နဲ့ လောက်စာလုံး ချော်ကျတာ များလား ”

“ အင်း … ကျွန်တော် လည်း အစ က အဲဒီလို ထင်တာပဲ ၊ နောက်ပြီး ငှက်ကလေးတွေ ညောင်သီး တို့ ၊ သစ်သီး တို့ ကို ကိုက် ချီပြီး အိပ်တန်း ပြန်ရင်း ပြုတ် ကျ တာ လား လို့ လည်း တွေးမိပါတယ်… ဒါပေမဲ့ မဟုတ်ဘူး ၊ အိမ် ပေါ် ခဲ ကျတာ က အစ က တစ်ပတ် မှ တစ်ကြိမ် ၊ နှစ်ကြိမ် ရယ်… အခုတော့ ရက်ခြား ၊ ရက်ဆက် ဆိုသလို ကျ နေတယ် … နား မခံနိုင်ဘူးဗျာ ”

“ ဘယ် အချိန် ကျတာလဲ ”

“ ည ဆယ်နာရီ နဲ့ ဆယ့်တစ်နာရီ အတွင်း ကျ တယ် … ကျွန်တော် တရား မှတ် ချိန် ပေါ့ ၊ အဲ… တစ်ခါတစ်ရံ အိပ်မော ကျ တုန်း တစ်နာရီ ၊ နှစ်နာရီ ပိုင်းလည်း ကျ တယ်… ည လင်းပိုင်း လည်း ကျ တတ်တယ် ”

“ ဒီက ဦးလေး ရော… မကြားဘူးလား ”

ရပ်ကွက် လူကြီး က ဦးနက်တူး ကို လှမ်း မေးတယ် ။ ဦးနက်တူး က ကြောင် ကြည့် နေတယ် ။

“ သူ က နား လေးတယ် ဗျ … ဘယ် ကြားမလဲ ”

ဦးတိုင်းကျော် က ဝင် ဖြေတယ် ။

“ သြော် … ဟုတ်သားပဲ ”

သူတို့ ကို ကြည့် နေတဲ့ ဦးနက်တူး က သူတို့ ပြော နေတာတွေ သိပုံ ရတယ် ။

“ အင်း … ကျုပ် နား က သိကြားမင်း ဝရဇိန်လက်နက် နဲ့ အနား ကပ် ပြီးခွင်း တောင် ကြားမယ့်ပုံ မပေါ်ပါဘူးဗျာ …
စိတ် ညစ်ပါတယ် ”

ဦးနက်တူး က စိတ်ပျက် သံ နဲ့ ပြောတယ် ။

“ ကဲ ဦးလေးတို့ … စိတ်ချ လက်ချ ပြန် ကြပါ … ကျွန်တော် စုံစမ်းပြီး အရေး ယူပေးပါ့မယ် ”

ရပ်ကွက်လူကြီးများ က ပျားရည် နဲ့ ဝမ်းချ လိုက်တော့ ဦးတိုင်းကျော် တို့ ပြန် သွားကြတယ် ။

နောက် ရပ်ကွက်လူကြီး က ဆယ်အိမ်မှူး ကို ခေါ်ပြီး ဦးတိုင်းကျော် အိမ် အနီး တစ်ဝိုက် စုံစမ်း ကြည့်တယ် ။

ဟုတ်တယ် ၊ ဦးတိုင်းကျော် အိမ် ခဲ ကျသံ ကို အိမ်နီးချင်းတွေ က လည်း သဲ့သဲ့ ကြားတယ်လို့ ဖြေကြတယ် ။

ဒီတော့ ဟုတ်ပြီ … ၊ ဦးတိုင်းကျော် အိမ် ကို တစ်ယောက် ယောက် ခဲ နဲ့ ပေါက်နေပြီ ။ ရပ်ကွက်လူကြီး နဲ့ ဆယ်အိမ်မှူး စိတ် ထဲ မှာ ပြေးမြင် တာ က ဦးတိုင်းကျော် အိမ် နဲ့ မျက်နှာချင်း ဆိုင် အိမ်က အရက်သမား ငမူးလှဝင်း ဖြစ်တယ် ။ သူ ဖြစ်ဖို့ များတယ် ။ လှဝင်း ကို ခေါ်မေး ကြည့်တယ် ။

“ ဟေ့ကောင် … ဦးတိုင်းကျော် အိမ် ကို ခဲ နဲ့ ပေါက်တာ မင်း မဟုတ်လား… ဘာလို့ ပေါက်တာလဲ ”

“ ဟာ … ကျွန်တော် မပေါက်ပါဘူး ဗျာ ”

လှဝင်း က ပျာပျာသလဲ ငြင်းတယ် ။

“ မင်း မူး လို့ ပေါက်တာ မဟုတ်လား ”

ဆယ်အိမ်မှူး က အစ် လိုက်တယ် ။

“ ကျွန်တော် မူး ရင် သီချင်း ပဲ ဆို တာပါ ဗျာ ”

“ မင်း မဟုတ်ရင် ဘယ်သူ ပေါက် တာလဲ ”

ရပ်ကွက်လူကြီး မေး တယ် ။

“ မသိဘူး ဗျာ ”

“ မင်း… မသိဘူး ဆို ရင် အဲဒီ အိမ် မှာ ခဲ ကျ သံ ရော ကြားလား ”

“ ကျွန်တော် က ဆယ့်နှစ်ရာသီ မူး နေတဲ့ကောင် ဆိုတော့ မကြားပါဘူး ဗျာ ”

“ ဟေ့ကောင် … ငါ့ ကို မလိမ်နဲ့နော် ”

“ အရက် မူး လေ … မှန်တာကို ပြော တတ်လေတဲ့ ဗျ ”

“ အေး … ခဲ နဲ့ ပေါက်သူ တွေ့ ရင်တော့ ငါ မညှာဘူး … ကြားလား ”

“ ဟုတ်ကဲ့ပါ ခင်ဗျာ ”

ရပ်ကွက် လူကြီး က ချော့သလို နဲ့ ခြိမ်းခြောက်တဲ့ စကားလေး ထည့် ပြောလိုက်တယ် ။ လှဝင်း ပြန် သွားတယ် ။ ဆယ်အိမ်မှူး ကို လည်း လှဝင်း ကို စောင့်ကြည့် ဖို့ ပြော လိုက်တယ် ။ သတင်း မထူးဘူး ။ ဦးတိုင်းကျော် အိမ် ခဲ နဲ့ ပေါက် ခံ နေရဆဲ ဖြစ်နေတယ် ။

“ အုပ်ကြီး ရေ … လှဝင်း မိန်းမ က လည်း သူ့ အိမ် ခဲ ကျတယ်လို့ လာ တိုင်တယ် ”

ဆယ်အိမ်မှူး က လာ ပြောတယ် ။

“ ဟုတ်ရဲ့လား ဗျာ … လှဝင်း က သူ့ ကို ခေါ် မေးတာနဲ့ သူ့ အိမ် ခဲကျတယ် လို့ လုပ် တာလား ”

ရပ်ကွက်လူကြီး က မသင်္ကာသံ နဲ့ မေးတယ် ။

“ မဟုတ်ဘူး အုပ်ကြီး … လှဝင်းမိန်းမ မတင့် နဲ့ အတူ အေးမေ လည်း ပါတယ် … သူတို့ ထိုင်စကား ပြော နေတုန်း  သွပ် ခေါင်မိုး ပေါ် ကို ခဲ သုံးလေးလုံး ဆင့် ကျတာတဲ့ … ဒီမှာ ခဲတွေ တောင် ကောက် လာသေးတယ် ”

ဆယ်အိမ်မှူး က ခဲလုံးတွေ ပြတယ် ။ မင်္ဂလာရပ်ကွက် လမ်းတွေ မှာ ခင်းတဲ့ ကျောက်ပျက်ခဲလေးတွေပါ ။

“ လှဝင်း အိမ် က ကပ်မိုး မဟုတ်လား ”

“ သွပ် မိုးတာ နှစ်ရက် လောက် ရှိသွားပြီ ”

“ ဟုတ်လား … ဘယ်အချိန် ကျတာလဲ ”

“ ည ကိုးနာရီ လောက် လို့ ပြောတယ် ”

ရပ်ကွက်လူကြီး ဦးနှောက် ခြောက်ရပြီ ။ တစ်မှု က မပေါ်သေး နောက်ဆက်တွဲ အမှု က အလားတူ ဖြစ်နေတယ် ။

“ ဒါဆိုရင် ဦးတိုင်းကျော် အနောက် ဘက် အိမ် ဘက် က တိုးမောင် များ လား … ဒီကောင် က ကျပ် သိပ် မပြည့်ဘူး … ကိုဘအုန်း အဲဒီ အိမ် ကို စောင့်ကြည့် ထား ဗျာ ”

“ စိတ်ချပါ ”

မကြာပါဘူး ၊ တိုးမောင် အိမ် လည်း ခဲ ကျလို့ တဲ့ ။ သူ့ အမေ က လာ တိုင်တယ် ။

“ မဟုတ်မှ လွဲရော အုပ်ကြီး ရာ … လမ်းထိပ် ဈေးဆိုင် က ကိုသိန်းဇော် ထင်တာပဲ … ဒီ လူ က ကန့်လန့် ဗျ ”

ဆယ်အိမ်မှူး က မှတ်ချက် ပြုတယ် ။

“ ဟုတ်ပါ့မလား ဗျာ… ခဲ ကျတဲ့အိမ်တွေ နဲ့ လေးငါး ဆယ် အိမ် လောက် ဝေး တဲ့ ဥစ္စာ ”

“ လေးခွ နဲ့ လှမ်း ပစ်ရင် ရတာပဲ… ဒီ လူ့ မှာ လေးခွ ရှိတယ်ဗျ … သူ့ ဆိုင် ရှေ့ လာတဲ့ ခွေး ဆို လေးခွ နဲ့ ပစ် နေတာ … ခွေးရှင်တွေ နဲ့ အမြဲ စကား များနေရတာ ”

ဘာပဲ ပြောပြော စဥ်းစားစရာ ထဲ တော့ ထည့် ရမယ် ။ ကိုသိန်းဇော် အိမ် ကို လည်း စောင့်ကြည့် ခိုင်းရ ပြန်တယ် ။
ရက် ၊ လ ကြာ သွားတဲ့ တိုင် လက်သည် က မပေါ် ။ ခဲ ကျတဲ့အိမ် တွေ သာ များ လာတယ် ။ အစ က တော့ တစ်ယောက် ယောက် က စိတ်ရူး ပေါက် လို့ ခဲနဲ့ ပေါက် နေတယ် လို့ ထင်ရပေမယ့် အခုတော့ ဒီလို
မဟုတ်နိုင်တော့ဘူး ။ ဒါကြောင့် ရပ်ကွက် လူကြီး က အဲဒီ မဉ္စူလမ်း ထဲ က အိမ် အားလုံး ရုံး ကို ခေါ် လိုက်တယ် ။

“ ကဲ … ဒီနေ့ ခေါ်ရတဲ့ ကိစ္စက တော့ ခင်ဗျားတို့ မဉ္စူလမ်း မှာ ခဲ ပေါက် ခံရတဲ့ ကိစ္စပါပဲ … ဦးတိုင်းကျော် အိမ် က စ ပေါက် ခံရပေမယ့် အခုတော့ လေးငါးအိမ် လောက် အပေါက် ခံနေရတယ် … လက်သည် က မပေါ်ဘူး ။ အစ က တော့ တစ်ယောက် ယောက် က ပေါက် နေတယ်လို့ ထင်ခဲ့တယ် ။ အခုတော့ ဒီလို မဟုတ်နိုင်တော့ဘူး ။ ဒါ … မရိုးဘူး ၊ ရှင်းရှင်း ပြောရရင် ပါး ကိုက် လို့ နား ကိုက် တဲ့ပုံစံမျိုး ဖြစ်နေတယ် ။ ဒါကြောင့် လုပ်တဲ့ သူတွေ ရပ်တန်း က ရပ်ကြပါ ။ ခဲ ပေါက် တဲ့ သူ မိ ရင်တော့ ဘယ်သူ ဘယ်ဝါ ဆိုပြီး ညှာ မှာ မဟုတ်ဘူး ။ တရားဥပဒေ အတိုင်း လုပ်မယ် ။ ရပ်ကွက် ကင်း အဖွဲ့ ကို လည်း အဲဒီ လမ်း ကို အမြဲ ပတ် ဖို့ ညွှန်ကြား ထားတယ် ။ လမ်း ထဲ က ကာလသား အဖွဲ့ ကို လည်း ကင်းပုန်း ချဖို့ စီစဥ် ထားတယ် ။ ဒါကြောင့် လုပ်တဲ့ သူတွေ ရပ်တန်း က ရပ်ကြပါ လို့ ကျွန်တော် မေတ္တာ ရပ်ခံပါတယ် ”

ရပ်ကွက်လူကြီး စကား ကို အားလုံး က ထောက်ခံကြတယ် ။ ဦးတိုင်းကျော် လည်း …

“ ခဲ ပေါက်တဲ့ သူ မိရင် ကျွန်တော် က ငါးသောင်း ဆုချမယ် ”

လို့ ပြောတော့ ဒီ ကိစ္စ က ပို အသက် ဝင် သွားတယ် ။

တကယ်လည်း ကင်းအဖွဲ့ က မဉ္စူလမ်း ကို တစ်ည သုံးလေးကြိမ် လောက် ပတ်တယ် ။ ကာလသားတွေ လည်း ကင်းပုန်း ဝပ်ကြတယ် ။ ခဲပေါက် တာ ငြိမ် သွားတယ် ။

အဲ … ကင်းအဖွဲ့ က ပတ် နိုင်ပေမယ့် ကာလသားတွေ က ရက်ဆက် ကင်းပုန်း မဝပ် နိုင်ကြတော့ဘူး ။ အလုပ်သမားတွေ ဆို တော့ နေ့အလုပ် လုပ် ရ ၊ ည ကင်းပုန်း ဝပ်ရ ဆိုတော့ အိပ်ရေး ပျက် ပင်ပန်း တာ ကိုး ။ တစ်စ တစ်စ နဲ့ လူ နည်း နည်းလာတယ် ။ ဒီတော့ ခဲ ကျ သံ က ဟို တစ်အိမ် ဒီ တစ်အိမ် ပြန်ကျ လာပြန်တယ် ။ နောက် မဉ္စူလမ်း သာ မက ၊ သဇင်လမ်း နဲ့ စံပယ်လမ်း အိမ်တွေ ပါ ခဲ ကျ ခံရတယ် ။ 

ဒီတော့ နတ်ကတော်ဦးသိန်း က ဒါ လူ ပေါက်တာ မဟုတ်ဘူး ။ နတ်ဘီလူး ပေါက် တာ ။ ပုဏ္ဏက တိုက်တာ လို့ သတင်း ဖြန့်တယ် ။ ဒီတော့ မဉ္စူလမ်း မှာ ပုဏ္ဏက တိုက် နေတယ် လို့ သတင်း ပြန့် သွားတာပေါ့ ။ ဦးသိန်း က နတ်ကနား ပေးမယ် စည်းရုံးတယ် ။ ဦးတိုင်းကျော်က မ,တည်ငွေ ထည့်တယ် ။ လမ်း ၃ လမ်း က အမျိုးသမီးတွေ က နတ်ကနား ပွဲ မှာ တက်တက်ကြွကြွ ပါဝင် ဆင်နွှဲကြတယ် ။

•••••   •••••   •••••   •••••

နတ်ကနားပွဲ သာ ပြီး သွားတယ် ။ ခဲ ပေါက်တာတော့ မရပ်သေးဘူး ။ ဒီတော့ ရပ်ကွက်လူကြီး စဉ်းစားရတယ် ။ ခဲ ပေါက်တာ တစ်ယောက် တည်း မကဘူး ။ သုံးလေး ယောက် ဖြစ် နိုင်တယ် ။ သံသယ ဖြစ်စရာတွေ စဉ်းစားတော့ လှဝင်း ၊ တိုးမောင် ၊ ကိုသိန်းဇော် နဲ့ နတ်ကတော်ဦးသိန်း လည်း ဖြစ်နိုင်တယ် ။ ဒါကြောင့် ဒီ အိမ်တွေ ကို အထူး စောင့်ကြည့် ဖို့ ဆယ်အိမ်မှူး နဲ့ ကာလသား ခေါင်းဆောင် ကို တိုးတိုးတိတ်တိတ် မှာ ထားတယ် ။

မကြာပါဘူး ။ လှဝင်း ရေဖျဉ်း စွဲလို့ ဆေးရုံ တင်ရတယ် ။ ခဲ ကျတာ မပျောက်သေးဘူး ။ တိုးမောင် လည်း အိမ် က
ပျောက် သွားတယ် ။ ကိုသိန်းဇော် လည်း ရွာ ပြန် လယ် လုပ်နေတယ် ။ ဦးသိန်း လည်း နတ်ကနား ပွဲ တွေ လိုက် နေတယ် ။ သံသယ ရှိ သူ တွေ ရပ်ကွက် ထဲ မရှိပေမယ့် ခဲ ကျသံ တော့ မြိုင် တုန်းပဲ ။

ရပ်ကွက်လူကြီး ဦးနှောက် ခြောက် ရပြီ ။ ပုဏ္ဏက များ တကယ် တိုက် နေတာလား ၊ ဦးသိန်း က ပဲ မစွမ်းလို့လား တွေး ရပြီ ။ ဘုန်းကြီးတွေ ပင့် ပြီး လမ်း ၃ လမ်း မှာ ပရိတ် ရွတ် ရင် ကောင်းမလား လို့ တွေး နေမိပြီ ။

အဲဒီ အချိန် မှာ ဦးတိုင်းကျော် က ဗြုန်းခနဲ ဆုံး သွားတယ် ။ ဒါ ပုဏ္ဏက တိုက် လို့ သေတယ် ဆိုပြီး ရပ်ကွက် ထဲ
အုတ်အော်သောင်းတင်း ဖြစ်သွားတယ် ။ ဦးတိုင်းကျော် အိမ်မှာ လူ တွေ တိုးတိုး ကြိတ် ပဲ ။ ရပ်ကွက်လူကြီး နဲ့
ဆယ်အိမ်မှူး လည်း လူတွေ တိုးဝှေ့ပြီး အိမ် ပေါ် တက် ခဲ့တယ် ။

အိမ် ပေါ် မှာ သူ့ သားသမီးတွေ ရောက် နေပြီ ။

“ ဘာ ရောဂါနဲ့ ဆုံးတာလဲ ”

“ နှလုံးရောဂါ နဲ့ ပါ … အဖေ က နှလုံးရောဂါ ရှိတယ်လေ ”

သမီး ဖြစ် သူ က ငို ပြီး ဖြေတယ် ။

ဦးတိုင်းကျော် က ခုတင် ပေါ် မှာ ဆုံး နေ ရှာတယ် ။ အနား က စားပွဲ ပေါ် မှာ က ဆေးပုလင်းတွေ ၊ နောက် စာအုပ်လေး တစ်အုပ် ကို ဖျတ်ခနဲ တွေ့ လိုက်ရတယ် ။ စိတ်ရောဂါကု ဌာန က ပြင်ပလူနာ ကု ဆေး မှတ်တမ်း စာအုပ် ဖြစ်တယ် ။ သမီး တစ်ယောက် က စားပွဲ ပေါ် က ပစ္စည်းတွေ သိမ်း နေတယ် ။ သား ဖြစ် သူ က အလောင်း သယ်ဖို့ ခွင့် တောင်းတယ် ။ ခေါင်း ညိတ် လိုက်တယ် ။ ပါးစပ် က မဖြေ နိုင်ဘူး ။ စာအုပ်ကလေး ကို မြင် ပြီး စဉ်းစား နေလို့လေ ။

ဦးတိုင်းကျော် ကို သယ် သွားကြတယ် ။ ဦးနက်တူး လည်း လိုက်သွားတယ် ။ အဲဒီနေ့ ည က ဦးတိုင်းကျော် အိမ် ခဲမိုး ရွာတော့ မှာပဲ လို့ လူတွေ ထင် ကြတယ် ။ စောင့် ကြည့် ကြတယ် ။ 

ရပ်ကွက်လူကြီး က အဖြေ သိ နေပြီ မို့ ရေငုံနှုတ်ပိတ် နေတယ် ။ ဒီ အဖြေ ကို ဘယ်သူ မှ မသိကြဘူး ။ လူ တစ်ယောက် ရဲ့ ဂုဏ်သိက္ခာအတွက် ဘယ်သူ့ ကို မှ မပြောဖို့ ဆုံးဖြတ်ထားတယ် ။

တွေးထင် တဲ့ အတိုင်း ပါ ပဲ ။ မဉ္စူလမ်း ၊ သဇင်လမ်း နဲ့ စံပယ်လမ်း မှာ ဘာ ခဲ ကျသံ မှ မကြားရတော့ဘူး ။

•••••   •••••   •••••   •••••

တစ်ရက် မှာ ကျုံးဘေး မှ လမ်း လျှောက် ရင်း လူ တစ်ယောက် ထိုင် ပြီး ကျုံး ထဲ ကို ခဲနဲ့ အဆက်မပြတ် ပေါက် နေတာ ကို တွေ့ ရတယ် ။
 
ထို လူ , နား ကို ခပ်သုတ်သုတ် သွား တော့ …

“ ဟင် … ဦးနက်တူး ”

လို့ အလန့်တကြား အော် လိုက်တယ် ။ ဦးနက်တူး က နားလေး သူ မို့ သူ့ အော် သံ ကို မကြားရဘူး ။ ကျုံး ထဲ ကို ခဲ နဲ့ ပေါက် လိုက် နား စိုက် ထောင် လိုက် နဲ့ အလုပ် ရှုပ် နေတယ် ။

ရပ်ကွက်လူကြီး က လည်း တွေပြီး ကြည့် နေမိတယ် ။ အတွေးပေါင်းစုံ တွေး နေမိတယ် ။ ကန်ရေပြင် ခဲကျသံ ‘ ပလုံ ’ ဆိုတဲ့ အသံ ကို သူ ကြားရတယ် ။ ဦးနက်တူး ရော … ။ အဖြေ က လင်းခနဲ ဖြစ် သွားတယ် ။

“ ကန်ရေပြင် မှာ ခဲ ကျသံ သူ ဘယ် ကြားလိမ့်မလဲ … ၊ သူ့ ခမျာ ကြားချင် လွန်း လို့ အဆက်မပြတ် ပေါက် နေရ ရှာတယ် ”

စိတ် ထဲ က နေ ပြောပြီး မင်္ဂလာရပ်ကွက် ဆီ ပြန် ခဲ့တယ် ။ ဒါပေမဲ့ ခြေလှမ်းများ က နှေးလို့ … ။

အင်း … စိတ် ထဲ မှာ ဦးတိုင်းကျော် ကို အားနာ လိုက်တာ ။

◾မင်းတင်ထွဏ်း

📖 ရွှေအမြုတေမဂ္ဂဇင်း
      မတ်လ ၂၀၁၁

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment