Friday, September 30, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၃ )


 

အခန်း ( ၁၃ )

မော်လမြိုင် မှ ပြန်ရောက်ရောက်ချင်း ရတနာပုံဦးစောဝင်း တစ်ယောက် ပထမဦးဆုံး လုပ်သည့် အလုပ် ကတော့ မြနဒီ ဆီ သို့ အပြေးအလွှား အခစား ဝင်ဖို့ ပြင်ဆင်ရခြင်းပင် ဖြစ်သည် ။ ( သူ့မွေးသမိခင် အရင်း ခေါက်ခေါက် သေခါနီးဆဲဆဲ ဖြစ်တုန်း က ပင်လျှင် အသက် မီလို မီငြား ကမန်းကတန်း သွားဖို့ ဒီလောက် စိတ်အား ထက်သန်ခဲ့ဖူးသည် ဟု မထင် )

ဦးစောဝင်း က ...

“ ဟေ့ကောင် ... စိုးရှား ... မင်း ပါ လိုက်ခဲ့ကွာ ၊ ကိုသျှပ် က အတင်း ခေါ်သွားလို့ပါ ဆိုတာ ကို မြနဒီ က မယုံရင် မင်း ပါ ဝင်ပြီး ရှင်းပြပေးနိုင် မှ ကောင်းမယ်ကွ ၊ သူ က ရိုက်ရက် ပေးထားတာ ကို ငါ က ဂရု မစိုက်ဘဲ ပစ်ထား ပြီး ခရီး ထွက်သွားတဲ့ ပြဿနာ ဟာ ပေါ့သေးသေးတော့ မဟုတ်ဘူး ...”

“ မလိုက်ချင်ပါဘူး ဦးလေး ရာ ... ဦးလေး ဘာသာ ဦးလေး ရအောင် ချော့ပေါ့ ...”

“ ဟာ ... ငါ မျက်ခုံးတွေ လှုပ်တယ်ကွ ...”

“ ဒါဆို လေ ဖြတ်ချင်လို့ ဖြစ်မယ် ထင်တယ် ဦးလေး ရဲ့ ...”

စိုးရှား က တမင်ရိရိ ပြောလိုက်သောကြောင့် ဦးစောဝင်း နဖူးကြော ရှုံ့သွား၏ ။ ပြီးမှ ကလေး ကို မုန့်ကျွေး ဖို့  မြှူသည့် လေသံ ဖြင့် ...

“ လိုက်ခဲ့ပါကွ ... ဟို ရောက်ရင် ဆိုဖီယာ နဲ့ လည်း တွေ့ ရမှာပဲ ဥစ္စာ ၊ ဆိုဖီယာ က သူ့ အန်တီလေး နဲ့ အတူတူ နေတာကွ ငယ်ငယ်လေး ကတည်း က ပဲ ...”

“ ဆိုဖီယာ က မိဘတွေ မရှိတော့ဘူးလား ...”

စိုးရှား က စိတ်ဝင်တစား ပြန်မေးလိုက်သည် ။ ဦးစောဝင်း က ...

“ ဆိုဖီယာ့ အမေ က တော့ ရှိသေးတာပေါ့ကွ ... ဒေါ်မြထွေးတဲ့ ... မြနဒီ ရဲ့အစ်မ အကြီးဆုံး ဆိုပါတော့ ၊ အဲဒီ ဘွားတော်ကြီး ကတော့ အူတူတူပါ ၊ အဲ ... ဆိုဖီယာ ကို ငယ်ငယ် ကတည်း က ထိန်းကျောင်းပြုစုလာခဲ့ရတာ ကတော့ မြနဒီ ပဲ ၊ ဆိုဖီယာ့ အဖေ မျက်နှာလွှဲ သွားပြီးခဲ့ ကတည်း က ဆိုပါတော့ကွာ ...”

“ ဪ ... ဪ ... ဆိုဖီယာ့ အဖေ က မျက်နှာ တည့်တည့် ကို ရှူရှူ နဲ့ အပန်းခံရသေးတာကိုး ...”

“ ငါ့လခွေး ... မျက်နှာ လွှဲသွားတယ် ဆိုတာ သေသွားတယ် လို့ ပြောတာဟ ...”

ဦးစောဝင်း က စိတ်ပေါက်ပေါက် ဖြင့် ဆဲရေးသဖြင့် စိုးရှား က ရယ်မော နေလိုက်၏ ။ ထိုနောက် ဦးစောဝင်း က ပင် ဆက်၍ ...

“ အေး ... ဆိုဖီယာ့ အမေကြီး ဒေါ်မြထွေး နဲ့ တွေ့ရင်တော့ နည်းနည်း သတိထား ... အဘွားကြီး က ဂဂျီဂဂျောင် ကျတတ်တယ် ၊ သူ့ ကို ဂရုစိုက် အလေးပေးပြီး ဆက်ဆံ မှ ကြိုက်တာကွ ၊ အရိုအသေ ကလည်း ခံချင်ပါဘိသနဲ့ ၊ မင်း က လူကြီးသူမ ဆိုရင် ကိုးလိုးကန့်လန့် လုပ် တတ်လွန်း လို့ ကြို မှာ ထားရတာ ၊ ကိုင်း ... မြန်မြန် အဝတ်အစား သွား လဲပေတော့ကွာ ၊ ငါ့ စိတ်ထဲမှာ ကတုန်ကယင် ဖြစ်နေလို့ ကား ကို မင်း ပဲ မောင်းပေးကွာ ... နော်
...”

အတင်း တိုက်တိုက်တွန်းတွန်း ပြော နေသောကြောင့် စိုးရှား က အဝတ်အစား လဲရန် အခန်း ထဲ သို့ ဝင်ခဲ့သည် ။

အဝတ် လဲ နေရင်းကပင် သူ့ ကိုယ် သူ မေးခွန်း ပြန် ထုတ်မိ၏ ။

' ဆိုဖီယာ့ ဆီ ကို ငါ အရမ်းကြီးသွားချင် စိတ် ဖြစ် နေသလား ... ' ဟု ။

ဟင့်အင်း ... မသွားချင်ပါ ... ။ ဒါပေမယ့် သူမ ကို တော့ တွေ့ချင်ပါသည် ။

အဲဒါ ဘာလဲဟင် ... သံယောဇဉ်လား ... တွယ်တာမှုလား ... အလွမ်းလား ... ပုဂ္ဂိုလ်စွဲ တွေ့ချင်နေမှု တစ်ခု ပဲ လား ... ။

ငါ့ ရဲ့ ပင်လယ်ဓားပြလေး ရေ ... မင်း က ငါ့ အရိပ် ကို ကောက် ရခဲ့တာလား ... ငါ က မင်း အရိပ် ကို ကောက် ရခဲ့တာလား ... အမှား ကတော့ ဖြင့် နှစ်ကိုယ်ခွဲပြီ ထင်ပါရဲ့ ...

•••••   •••••   •••••   •••••

မြနဒီ ၏ ခြံဝင်း အတွင်း သို့ ဝင်မိပြီး ကား ကို ဆင်ဝင် ရှေ့ ၌ အရှိန် သတ်လိုက်သည် နှင့် တစ်ပြိုက်နက် ရတနာပုံဦးစောဝင်း ကား ဆယ့်ငါးနှစ်သားလေး တစ်ယောက် ၏ လျင်မြန်ဖျတ်လတ်မှု မျိုး ဖြင့် ကား ပေါ်မှ သုတ်ခနဲ ဆင်းကာ တိုက် ထဲ သို့ အပြေး တစ်ပိုင်း ဝင် သွားတော့သည် ။

စိုးရှား က တော့ သူ့ ဦးလေး ၏ ဆလွန်းကားအစုတ်ကလေး ကို တယုတယ သော့ပိတ် တံခါးမှန်တွေ လှည့်တင် ဖြင့် တစ်ခုချင်း  လုပ် နေရသောကြောင့် ကျန်ရစ်နေခဲ့သည် ။

ပြီးတော့ အိမ် ထဲ သို့ ချက်ချင်း မဝင်သေးဘဲ ကျယ်ဝန်းလှသော ခြံဝင်းကြီး ကို ဟိုဟိုဒီဒီ ကြည့် ဖြစ်သည် ။

ခြံ ထဲ မှာ သစ်ပင်တွေ က မျိုးစုံလှ၏ ။ အရိပ် ကောင်းသော သစ်ပင်ကြီးတွေ သာ မက ယိမ်းနွဲ့ပျိုရွယ်သော ဝါးရုံပင်စုစုကလေးတွေ ကိုပါ တွေ့ ရသည် ။

ခြံထောင့် ရှိ ကုက္ကိုပင်ကြီးကား လူကြီး လက် နှစ်ဖက်စာမျှ ရှိအောင် ကြီးမားလှ၏ ။ အဲဒီ ကုက္ကိုပင်ကြီး ပေါ် ရှိ အကိုင်း ကြား တွင်တော့ တာဇံကာတွန်းရုပ်ရှင်ကား ထဲ က လို လင့်စင် ထိုးထားသည့် သစ်လုံးအိမ်ငယ်ကလေး ။

ဆိုဖီယာ ငယ်စဉ် ကလေး ဘဝတုန်း ကတော့ အဲဒီ လင့်စင်အိမ်ကလေး ပေါ် တက်ပြီး ကစားကောင်း ကစား ခဲ့ပေလိမ့်မည် ဟု စိုးရှား တွေး လိုက်၏ ။
ဒါပေမယ့် သစ်ပင် က မြင့်မားလွန်း အားကြီးသည် ။ ကလေး တစ်ယောက် တက်ဖို့ ဆိုတာ ဘယ်လိုနည်း နှင့်မှ မဖြစ်နိုင် ။ သေသေချာချာ သတိထား ကြည့် လိုက်တော့မှ အိမ် ၏ အပေါ်ထပ် ခေါင်မိုး ပေါ် ရှိ လသာဆောင် မှ နေ၍
သစ်ပင် ဆီ သို့ သွယ်တန်းထားသော ကြိုးတံတားလေး တစ်ခု ကို တွေ့ လိုက်ရလေသည် ။ မြေပြင် မှ ပေ ( ၃ဝ ) ခန့်မြင့်သော အဲသည် ကြိုးတံတားကလေး ကို စိုးရှား မော့ကြည့်လိုက်မိသည် ။

တံတား ကို ခင်းထားသော သစ်သားပျဉ်ချပ်တွေ က အတော်ပင် အိုဆွေးနေကြပုံ ရ၏ ။ အချို့ နေရာများ တွင် ပျဉ်ချပ်တွေ က ပြုတ်ထွက် ကာ ဟောင်းလောင်း ဖြစ်နေသည် ကို မြင် ရသည် ။ အနည်းငယ် လေ တိုက်ခတ်ရုံမျှ ဖြင့် ကြိုးတံတား က သိသိသာသာ လွှဲယမ်းသွားသည် ကိုလည်း မြင်ရ၏ ။

စိုးရှား က အပေါ် ကို မော့ ကြည့်နေရာ မှ မျက်လုံး ကို လွှဲဖယ်ရုပ်သိမ်းကာ အိမ် အဝင်ပေါက် ဆီ သို့ ဗြုန်းခနဲ လှမ်း ဝင်လိုက်ရာ ...

“ အိုး ...”

“ အောင်မလေး သေပါပြီတော့ ...”

မိန်းမကြီး တစ်ယောက် ၏ ပူပူဝဝ ဝမ်းဗိုက်စူကြီး ကို ဝင် တိုက်မိပြီး ရော်ဘာတုံး က တွန်းကန်သလို နောက် သို့ ပြန် လန်ထွက်လာ၏ ။

ထို မိန်းမကြီး က လည်း မျက်နှာ ရှုံ့မဲ့ကာ ဝမ်းဗိုက်စူစူဖောင်းဖောင်းကြီး ကို ပွတ်သပ်ရင်း ...

“ ကျွတ် ... ကျွတ် ... နာလိုက်တာတော် ၊ နင် က မွန်ပြည်နယ်နေ့အခမ်းအနား မှာ ရိုးရာလက်ဝှေ့ သွား ထိုး မယ့် လူ လား ... ဒီမှာ ဘာလုပ်နေတာလဲ ...”

“ ဟောဗျာ ... ကျွန်တော် က အခု ဒေါ်ဒေါ် ရှေ့ မှာ မတ်တတ် ရပ်နေတယ်လေ ၊ လက်စသတ်တော့ ဒေါ်ဒေါ် က ကြောင်တောင်ကန်း ကိုး ... မသိလို့ပါ ဒေါ်ဒေါ် ရယ် ၊ ကျွန်တော် က ဒေါ်ဒေါ်  မြင်တယ် မှတ်လို့ပါ ...”

ဘွားတော်ကြီး က ဆွေ့ဆွေ့ခုန်သွားပြီး ...

“ ငါ မကန်းဘူး ... မြင်တယ်ဟဲ့ ... မြင်တယ် ... နင့် ကို ဘယ်သူလဲ လို့ မေးနေတာ ...”

“ ကျွန်တော် စိုးရှား ... မြန်မာလူမျိုး ... ဗုဒ္ဓဘာသာ မှတ်ပုံတင် နံပါတ် က ...”

“ အလိုတော် ... လျှာရှည်လိုက်တဲ့ မိကျောင်းသား ရယ် ... လိုရင်း ကို ပြောစမ်းပါ ၊ နင့် ကိုယ်ရေးရာဇဝင် ကို ငါ စောင့်ပြီး နား ထောင်မနေနိုင်ဘူး ၊ ငါ့ မှာ ကိစ္စ ရှိသေးတယ် ...”

စိုးရှား က ခေါင်း ကို ကုတ်လိုက်ပြီး ...

“ ကျွန်တော် စစ်ကိုင်းတိုင်း အထက်ပိုင်း ဘက် ရောက်ဖူးတုန်း ကတော့ ပင်လယ်ဘူး မှာဆိုရင် ' အသုဘ ' ရှိ တာကို ' ကိစ္စရှိတယ် ' လို့ ပြောတာ ကြားဖူးတာပဲ ၊ အခု ဒေါ်ဒေါ် က ...”

“ အမယ်လေး ... ဖွဟဲ့ ... လွဲပါစေ ... ဖယ်ပါစေ ... ငါ့ ကိုယ်များ တော် ပြောပုံ က ... ဆိုစမ်းပါဦး ... မင်း က ဒီ အိမ် ကို ဘာ လာလုပ်တာလဲ ...”

“ တိုတို ပြောရရင်တော့ ... ကျွန်တော့် ဦးလေး က မြနဒီ ဆီ ကို လာတာပါ ၊ ကျွန်တော် က ဆိုဖီယာ့ ဆီ လာတာပါ ...”

သူ့ စကား ကြောင့် အဘွားကြီး ၏ နှုတ်ခမ်း ထူလပျစ် မည်းမည်းကြီး က ကုလားအော် ငရုတ်သီးစိမ်း ဆယ်တောင့် လောက် ဖြင့် အပွတ် ခံလိုက်ရသလို အပြင် သို့ လက် သုံးလုံးခန့် စူထော် ကာ ထွက် လာပြီး ...

“ အလိုတော် ... ငါ့ သမီး ဆီ ကို လာတာ ... ငါ့ ကို တော့ ဖြင့် မခန့်လေးစား ပြောလား ပြောရဲ့ ... ငါ့ ဗိုက် ကို လည်း ခေါင်း နဲ့ ဝှေ့ လား ဝှေ့ ရဲ့ ... နင် ဘယ်လို ကောင်တုန်း ... ငါ ဘယ်သူ ဆိုတာ မသိဘူးလားဟဲ့ ...”

အဘွားကြီး ပြောသော စကား ထဲ တွင် ' ငါ့သမီး ' ဆိုသော စကားလုံး ကို ကြား လိုက်ရသဖြင့် စိုးရှား ၏ သိစိတ် ထဲ တွင် လင်းခနဲ ပွင့်လက် သွား၏ ။

အဲဒီ အချိန် မှာ ပင် ဦးစောဝင်း က လည်း သူ့ တူတော့ ပြသနာတစ်ခုခု တက် နေပြီ ဟု ရိပ်မိကာ ဧည့်ခန်း တွင် ထိုင် နေရာ မှ ကမန်းကတန်း ထလာသည် ။ စိုးရှား က ဦးစောဝင်း လာနေသည် ကို မြင် လိုက်သည်နှင့် အတူ သူ့ ဦးလေး ဖြစ်သူ က သတိပေး ထားသော စကား ကို ဖျတ်ခနဲ ပြန် သတိ ရလိုက်၏ ။

ထို့ကြောင့် အဘွားကြီး ကို ကမန်းကတန်း မျက်နှာချို သွေးကာ ...

“ ဟာ ... သိတာပေါ့ ဒေါ်ဒေါ်ရယ် ... ဒေါ်ဒေါ့် ကို မသိဘဲ နေပါ့မလား ... ဟို ... အဲ ... ကျွန်တော် က ဒေါ်ဒေါ့် ကို ရိုသေသမှု ပြုချင်လွန်းတဲ့ စိတ်တွေ လော ကြီး ပြီး စကားတွေ မှား ကုန်တာပါ ၊ ဟို ဥစ္စာ လေ ... ဒေါ်ဒေါ် က ဆိုဖီယာ့ အမေ ဒေါ် ... ဒေါ်မြ ... ဟိုဒင်း ... မဟုတ်လား ...”

ခွကျပြီ ။ အရေးထဲ ကျကာမှ အဘွားကြီး ၏ နာမည် ကို မေ့သွား၏ ။ အဘွားကြီး က မျက်မှောင် ကုပ် ကာ ...

“ ဘယ့်နှယ် ကွယ် ... ငါ့ နာမည်ကို ဒေါ်မြဟိုဒင်း ရယ် လို့ ... ကြံကြံဖန်ဖန် ...”

ထိုစဉ် မှန်တံခါး အကွယ် မှ ဦးစောဝင်း က စိုးရှား တစ်ယောက် ' ဒေါ်မြထွေး ' ဆိုသည့် အမည် ကို မှတ်မိအောင် တံတွေး ထွေး သည့် အမူအယာ လုပ်ပြ၏ ။

စိုးရှား မျက်နှာ က ဝင်းခနဲ လက် သွားပြီး ...

“ ဪ ... ဟုတ်ပြီ ... ဟုတ်ပြီ ... ဒေါ်ဒေါ့် နာမည် က ဒေါ်မြထွီထွမ် ... ဟုတ်ပေါင် ... ဒေါ်မြရွံ ... အဲ ... ဒါလည်း မဟုတ်သေးဘူး ...”

ဦးစောဝင်း က လေ ထဲ တွင် လက်ညှိုး ဖြင့် စာ ရေးကာ စာလုံး ပေါင်း ပြ၏ ။ စိုးရှား က ဖျတ်ခနဲ ခိုး ကြည့်ရင်း ...

“ သိပြီ ... သိပြီ ... ဒေါ်ဒေါ့်နာမည် က ဒေါ်မြထဆင်ထူး ဝဆွဲ ... ဪ ... ဒေါ်မြထွေး ... လေ ...”

“ မင်း နှယ် ကွယ် ... ဒါလေး ပြောမယ့် အရေး ... ရှည်လျားလိုက်တာ ကဲ ... ကြွ ... ကြွ ... အိမ်ထဲ ဝင်တော်မူ
...”

အဘွားကြီး က နှုတ်ခမ်းစူစူဆောင့်ဆောင့် ဖြင့် ပြောရင်း ထွက် သွားတော့မှ စိုးရှား လည်း မှန်တံခါး ကို တွန်းဖွင့် ကာ ဧည့်ခန်း ထဲ သို့ ဝင်လိုက်ရလေတော့သည် ။

မြနဒီ က ဆက်တီ ပေါ် တွင် ထိုင်နေရာ မှ လှမ်း ပြုံးပြရင်း ...

“ ဘယ့်နှယ့်လဲ ... မမထွေး နဲ့ တွေ့ လို့ ချွေး ပြန်သွားပြီလား ... လာ ... လာ ... ထိုင်ဦး ...”

စိုးရှား က ဆက်တီ တွင် ဝင်ထိုင်လိုက်သည် ။ မြနဒီ က အိမ်ဖော်ကောင်မလေး ကို အအေး တစ်ခွက် ယူလာဖို့ ခိုင်း လိုက်၏ ။ တစ်ဆက်တည်း မှာ ပင် ...

“ မိစန်း ... နင့် မမလေး ကို လည်း သွား ပြောလိုက်ဦး ၊ ဒီမှာ ဧည့်သည် ရောက်နေတယ်လို့ ...”

“ ဟုတ်ကဲ့ မမကြီး ...”

ပြောပုံဆိုပုံ အရ ဆိုဖီယာ ကို သွား ခေါ်ခိုင်းလိုက်ခြင်း ဖြစ်မည် ဟု စိုးရှား တွက်မိ၏ ။ သူ ဘာမှ ဝင် မပြော ။ တိတ်တဆိတ် သာ ငြိမ် နေလိုက်သည် ။

လူ ကသာ ငြိမ်ငြိမ် နေသော်လည်း အကြားအာရုံကတော့ ငြိမ် နေ၍ မရ ။ သူ့ဦးလေး ဦးစောဝင်း က မြနဒီ ကို ပလီစိချောက်ချက်တွေ ပြော နေသမျှ အားလုံး နားမချမ်းသာစရာ ကြား နေရ၏ ။ မြနဒီ ကတော့ ပြုံး သလိုလို တည် သလိုလို နှင့် သာ ။ ( စိုးရှား တစ်ယောက် တည်း ၏ အမြင် နှင့် ပြောရမည် ဆို
လျှင် တော့ အဲဒီ အမူအရာ သည် နိုင်ငံကျော် မင်းသမီး တစ်ယောက် ၏ အိုက်တင် ပီသနေလွန်းသည် ဟု ထင်၏ ) ဒါကတော့ မတတ်နိုင် ။ သူတို့ စရိုက် သူတို့ သဘာဝ ဖြစ်သည်ဟု နားလည် ပေးရတော့မည် ။ တစ်သက်လုံး ကင်မရာ ရှေ့ မှာ သရုပ်ဆောင်ရင်း ဘဝ ၏ အချိန်တွေ ကို ကုန်လွန်စေခဲ့သော်လည်း အလိုလို နေရင်း ကပင် ( သာမန် သူလို ငါလို နေ ရမည့် အချိန်တွေ မှာပါ ) သူတို့ကိုယ် သူတို့ သရုပ်ဆောင် နေတာလား တကယ့် လူ လို နေ နေတာလား ကွဲပြားတော့ ပုံ မရချေ ။

ရုပ်ရှင် က ဘဝ နှင့် တူအောင် တုပ ရမည့်အစား ( သူတို့ အတွက် ကတော့ ) ဘဝ ကို ရုပ်ရှင် နှင့် မတူ တူအောင် ကြိုးစား နေကြပုံ ရလေသည် ။

•••••   •••••   •••••   •••••

မြနဒီ က ဦးစောဝင်း ကို မျက်စောင်း တစ်ချက် ဝင့် ကာ ကြည့် လိုက်ရင်း ...

“ ဒါနဲ့ ရတနာပုံကြီး ကို ပြော ရဦးမယ် သိလား ...”

“ ဘာများလဲ ဒီ ...”

“ ဒီ တို့ ရိုက်ကွင်း ကို လိုက်လိုက် လာ တဲ့ ပိန်ပိန်ရှည်ရှည် နဲ့ သစ်ကုန်သည် သူဋ္ဌေး လေ ... ဝင်းမောင်မောင်ကျော် ဆိုတာ ...”

“ ဪ ... သိပြီ ... သိပြီ ... ဟိုတလောက နိုင်ငံခြား က ပြန်လာ လို့ ဆိုပြီး ဒီ့ ကို လက်ဆောင်တွေ အတင်း လာ ပေးတာ ၊ အင်း ... ဆိုစမ်းပါဦး ... အခု အဲဒီ လူ ဘာ ဖြစ်သွားပြီလဲ ... ထောင် ကျသွားပြီလား ... တစ်ကိုယ်လုံး နူ သွားပြီလား ... ဒါမှမဟုတ် ချီးကား ကြိတ် လို့ သေပြီလား ...”

ဦးစောဝင်း ၏ လေသံ က မနာလိုခြင်း ကြီး စွာ ဟိန်းထွက်လာ၏ ။ မြနဒီ က တခစ်ခစ်ရယ်မော ရင်း ...

“ မဟုတ်ဘူး ... ဟိုနေ့က အဲဒီ လူ က ဖုန်း ဆက်ပြီး ဒီ့ ကို ရည်းစားစကား ပြောတယ် ...”

“ ဟင် ...”

“ ရည်းစားစကား ပြောတာမှ သူပြောပုံ က ရိုးရိုး ပြောတာ မဟုတ်ဘူး ရတနာပုံကြီး ရဲ့ ...”

“ ဘာ ... ဒီကောင် က ရည်းစားစကား ကို ပါဠိ လို ပြောသလား ... တောက် ... မိုက်ရိုင်းလိုက်တာကွာ ...”

ဒေါသတကြီး ဖြစ်နေသော ဦးစောဝင်း ကို မြနဒီ က မျက်စောင်း တစ်ချက် ထိုးလိုက်ရင်း ...

“ အို ... မဟုတ်ပါဘူး ... သူ ပြောတာက ဒီလို ။ သူ က အရမ်း ချမ်းသာတယ်ဆိုတော့ ... တဲ့ ... သူ့ နား ကို ကပ်ချင်တဲ့ မော်ဒယ်ဂဲလ် ပေါက်စလေးတွေ ဆိုတာ ဝိုင်းဝိုင်း လည် နေတာပဲ ... တဲ့ ... ဒါပေမယ့် သူ က နဒီ့ ကို မှ တကယ် ချစ်တာပါ ... ဆိုပဲ ... ကဲ ... ပြောပုံ က ဘယ်လောက်မိုက်ရိုင်း စော်ကားသလဲ ... လို့ ...”

“ ဟုတ်တယ် ... ဒီ တစ်ယောက် တည်း ကို တင် စော်ကားတာ မဟုတ်ဘူး ၊ သရုပ်ဆောင် ဝါသနာ ပါ တဲ့ ကလေးမလေးတွေ ရဲ့ သိက္ခာ ကို ပါ အပုပ်ချတာ ၊ အဲဒီ စကား မျိုး သူတို့ မိဘတွေ ကြားရင် ရင်ကျိုးမှာပဲ ...”

မြနဒီ က သက်ပြင်း ချလိုက်ရင်း ...

“ ခက်တော့ ... ခက်တယ် ... ရတနာပုံကြီး ရယ် ... သရုပ်ဆောင် ဘဝ ... နာမည်ကျော် ဘဝ ဆိုတာ တစ်ဖက် မှာ ပရိသတ် က ချစ် သလောက် တစ်ဖက် က ယုတ်မာတဲ့ လူတွေရဲ့ ပါးစပ်ဖျား မှာ ကျတော့ မှိုချိုးမျှစ်ချိုး အပြော ခံရတယ် ၊ ဒီ လည်း ကိုယ့် ကိုယ် ကိုယ် ဂုဏ် ယူ ရမှာလား ... ဝမ်း နည်း ရမှာလား တောင် မပြောတတ်တော့ပါဘူး
...”

သူမ ၏ စကားသံ က တိုးတိုးဖျော့ဖျော့ ... ဦးစောဝင်း က သူမ ၏ စကား ကို နားထောင်ရင်း မျက်နှာ က အိုမင်း သွား၏ ။

သူ့ မျက်နှာကြီး က သေခါနီး ဖားပြုတ်အိုကြီး ဝမ်းလျှော ပြီး ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသလိုလို မျက်ခွံ တစ်ဝက် တွဲ ကျပြီး ပါးစပ်လေး ဟစိဟစိ ဖြင့် ...

ပြီးတော့ မှ ဦးစောဝင်း က ...

“ ဟုတ်တယ် ဒီ ... အနုပညာသမားတွေ ကို ငွေ နဲ့ ပေါက်ပြီး စော်ကား လို့ မရဘူး ဆိုတာ ပရိသတ် ကို တင်ပြရမယ် ...”

“ ဟာ ... ဦးလေး ကလည်း သူ က မိန်းကလေး ဆိုတော့ တင်ပြလို့ ဘယ် ကောင်းမလဲ ၊ ဦးလေးဘာသာ တင်ပြရုံ မကလို့ ခါး အထိ ရောက်အောင်ပဲ လှန် ချင် လှန် ... ကွင်းလုံး ပဲ ချွတ် ချင် ချွတ် ပေါ့ ...”

စိုးရှား ၏ ခပ်တိုးတိုး ကပ်ပြောသော စကားကြောင့် ဦးစောဝင်းက အံကြိတ်ပြီး မျက်လုံးပြူးပြ၏ ။ မြနဒီ ကတော့ ပြတင်းပေါက် အပြင်ဆီ ငေး ကြည့်ရင်း ...

“ မင်းသမီး ဆိုတာ ကတော့ လူမုန်း ခံလို့ မဖြစ်တဲ့ ဘဝ ဆိုတော့ ဘယ်သူ့ ကို မဆို မကောင်းမှန်း သိ လည်း အပြုံး နဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံ နေရတာပဲ ၊ အဲဒီလိုမှ မဆက်ဆံပြန်ရင်လည်း မာန ကြီးတယ် အောက်ခြေ လွတ်တယ် လို့ အကဲ့ရဲ့ခံ ရဦးမယ် ၊ အင်း ... တကယ်တော့ နာမည် ကြီးတယ် ဆိုတာ ကိုယ့်ဘဝ လွတ်လပ်မှု ကို အဆုံးရှုံး ခံပြီး လဲ ယူထားရ သလိုပါပဲ လေ ...”

သူမ ရေရွတ်နေပုံ က ဟိုးအဝေးမှာ ရှိသော တစ်စုံတစ်ရာ ဆီ တိုင်တည် ပြောဆိုနေပုံမျိုး နှင့် တူနေ၏ ။

စိုးရှား ကတော့ ခေါင်း ကို သာ မသိမသာ ခါယမ်း နေမိသည် ။ ကိုယ့် ဘဝ ကိုယ် အဆုံးရှုံး ခံရဖို့ ကြိုးစားပမ်းစား နာမည်ကြီးအောင် လုပ် ယူရတာ ဘဝ ရဲ့ အဓိပ္ပါယ် တဲ့ လား ... ။

အားလုံး ကို လှောင်ရယ် ရယ်ချင်လာ၏ ။

အဲသည် အချိန် မှာ ပင် သူ့ ဘေးနား သို့ တစ်စုံတစ်ယောက် လာ ရပ် သည် ကို သတိထား မိသဖြင့် မော့ ကြည့် လိုက်သည် ။

ဆိုဖီယာလပြည့်ဝန်း ...

သူမ က ...

“ လာလေ ကိုစိုးရှား ... အန်တီလေး တို့ ဆွေးနွေး နေတာ အနှောင့်အယှက် ဖြစ် နေပါဦးမယ် ၊ ကျွန်မ တို့ ခြံ ထဲ ဆင်းပြီး စကား ပြောရအောင် ”

အမိန့်ပေးသံ မဟုတ် သော် လည်း သူမ ၏ စကားအဆုံးတွင် သူ အလိုအလျောက် ပင် မတ်တတ် ရပ်ပြီးသား ဖြစ် နေ၏ ။

( ဒါကို ပြန် တွေးမိတော့ သူ့ ကိုယ် သူ ဒေါသ ဖြစ် မိသလို ခံစားရသည် ။ ကိုယ့် စိတ် ကို ကိုယ် မနိုင်ခြင်းသည် ကိုယ့် အတွက် အကြီးမားဆုံး ရန်သူဖြစ်သည် ဆိုခြင်း ကို ရိပ်စားမိ သလိုလို ဖြစ်လာ၏ )

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

.

မိုးသောက်ပန်းချီ


 

❝ မိုးသောက် ပန်းချီ ❞

ကြည်နူးစရာ အဖြစ်အပျက်ကလေး တစ်ခု ။

ဘာကြောင့်မှန်း မသိ ၊ ယနေ့ ထက်တိုင် သူ့ စိတ် ထဲ ၌ တိတိကျကျ တစ်ခုမကျန် မှတ်မိ နေသေးသည် ။ အကြိမ် အခါ မရေတွက်နိုင်တော့အောင် သည် အဖြစ်အပျက်ကလေး ကို ပြန်ပြောင်း အောက်မေ့ မိသည် ။ ထိုအခါတိုင်း ထို အခါတိုင်း တိမ်မေ့ပျောက်ကွယ်လုနီးနီး အကြောင်းအရာကလေး တို့ သည် အသေး စိတ်၍ စိတ်၍ ပေါ်ပေါက်လာ တတ်လေသည် ။

ဝေလီဝေလင်း နံနက်ခင်း တစ်ခုတွင် ဖြစ်လေသည် ။ အရှေ့ဘက် ရှိ တောင်တန်းရှည်ကြီး တို့မှာ ပြာမည်းလျက် ရှိပြီးလျှင် ၎င်းတို့ ၏ နောက်ကျောဘက် တွင် အလင်းရောင် သည် ထွက်ပြူစ ပြုလေရာ တောင်စွန်းတောင်ကွယ် တို့ မှာ အနီရောင်ဖျော့ဖျော့ ဖြင့် အနားကွပ် ထားသကဲ့သို့ ရှိလေ သည် ။ အရှေ့ဘက် တောင်ထိပ်များ မှာ အလင်းရောင် သည် မိုးကောင်းကင် သို့ မြင့်လေ မြင့်လေ ဖျော့လေ ဖျော့ လေ ဖြစ်သွားပြီးလျှင် တစ်စ တစ်စ ညို၍ ညို၍ ၊ မည်း၍ မည်း၍ လာခဲ့ရာမှ အနောက်ဘက် မိုးကုတ်စက်ဝိုင်း ဆီ သို့ ရောက်သောအခါတွင် မူ ကား ပကတိညဉ့် ၏ အမှောင်ထု ဖြင့် လွှမ်းမိုးလျက် သွားတော့သည် ။

သိပ် အလွန်အကျွံ မဟုတ်သော်လည်း အတော်က လေး ချမ်းလေရာ သူ သည် လက်နှစ်ဖက် ကို ကုတ်အင်္ကျီ အိတ်များအတွင်း ထည့်သွင်းလိုက်၍ ခါးကို လည်း ခပ် ကိုင်းကိုင်းထားကာ လျှောက်လာ မိလေသည် ။ သူ လျှောက် လျက် ရှိသော လယ်ကွက်ကြီး အတွင်း မှ မြေကြီး တို့ သည် နံနက် ဝေလီဝေလင်း ၏ အညိုရောင် သမ်းလျက် ရှိပေသည် ။

သို့ လျှောက်ခဲ့စဉ် မှာ ပင် သူ့ ရှေ့တည့်တည့် ၌ နွားတင်းကုတ် သာသာ တဲပုတ်ကလေး တစ်ခုအား တွေ့ ရလေသည် ။

တဲကလေး ၏ နံဘေး ဝယ် လိမ္မော်ရောင် မီးတောက် ကလေး သည် မီးလင်းဖို မှ ထိုး၍ တက်လျက် ရှိကာ ထိုမီးတောက်ကလေး မှ တစ်ဖန် အညိုရောင် မီးခိုးအူအူကလေး တို့သည် တလူလူ လိပ်၍ လိပ်၍ တက် သွားပြန် ပြီးလျှင် မိုးကောင်းကင် ၏ အတော်မြင့်မြင့် နေရာ သို့ ရောက်သောအ ခါ မြူခိုးကလေးများ အထဲ ၌ ရောပြန့်၍ ပျောက်ကွယ် သွား ကြလေတော့သည် ။

မီးလင်းဖို ၏ နံဘေးတွင် ဆောင့်ကြောင့်ကလေး ထိုင်လျက် ရှိသော မိန်းမ တစ်ယောက် ကို သူ တွေ့ရသည် ။ ထို မိန်းမ မှာ အမှန်မတော့ ကလေးမကလေး တစ်ဦး သာဖြစ် လျက် ဤမျှ ချမ်းစီးသော နံနက်စောစော အချိန်တွင် သူမ သည် ထဘီ ကို သာ ရင် ရှား ထားလေသည် ။

သူ သည် တစ်စ တစ်စ ရှေ့သို့ တိုး၍ လျှောက် ခဲ့သော အခါတွင် မိန်းမရွယ် ၏ ရင်ခွင် အတွင်း ၌ အအေးဒဏ် မှ သက်သာရာ ရ စေရန် ကိုယ်ကလေး ကို ကွေး ၍ နို့ စို့ လျက်ရှိ သော ကလေးငယ် ကို ပါ တွေ့ ရလေသည် ။ မိခင် မိန်းမရွယ် မှာ ကား မီး အရှိန် မလျှော့စေရန် သစ်ကိုင်းခြောက်ကလေး များ ကို အဆက်မပြတ် မီးတောက် အထဲ သို့ ထိုးသွင်း လျက် ရှိရာ မှ မီးဖို ပေါ် မှ မြေအိုးကလေး ကို စူးစိုက် ကြည့် ရှုနေလေသည် ။ ကလေးငယ် မှာလည်း နို့ ကို သာ အစဉ်မပြတ် စို့လျက် ရှိလေ၏ ။ သို့ရာတွင် သူ သည် မိခင် ၏ အလုပ် ၌ မူကား အနည်းငယ် မျှ အနှောင့်အယှက် ပေးခြင်း မရှိဘဲ ငြိမ်သက်စွာပင် ကွေးလျက်ရှိလေသည် ။ မိခင် မိန်းမရွယ် ၏ ပြုမူ လှုပ်ရှားမှုများ မှာ ပေါ့ပါး ဖျတ်လတ် ပြီးလျှင် ကျင့်သား ရပြီး ဖြစ်နေကြောင်း ကို ဖော်ပြလေသည် ။ မီးလင်းဖိုအတွင်း မှ လိမ္မော်ရောင် မီးတောက် မီးလျှံကလေး တို့ မှာ ကား နံဘေးနား ရှိ တဲပုတ်ကလေး အပေါ် တွင် ဟပ်ကာ တယိမ်းယိမ်း တနွဲ့နွဲ့ က လျက် ရှိလေ သည် ။ သူ သည် နီးသထက် နီးလာ ပြီးလျှင် အရသာ အင်မတန် ရှိမည် ဟု အောက်မေ့လောက်သော ပူနွေးနွေး ထမင်း နံ့ ကို ရှူရှိုက် မိလေသည် ။ ထိုအချိန် တွင် အရှေ့ဘက် တွင် ကား အလင်းရောင် သည် လျင်မြန်သော အဟုန်ဖြင့် ထွန်း လင်း စ ပြု လာလေပြီ ။ သူ သည် မိန်းမရွယ် အနီး သို့ ရောက် သွား၍ မီးဖို အနီး ၌ ရပ်လိုက်မိလေသည် ။

ထိုအခိုက် မှာ ပင် တဲပုတ်ငယ်ကလေး အတွင်း မှ လူ ရွယ် တစ်ယောက် ထွက် လာပြီးလျှင် သူ့ နောက် မှ ရှေ့ဆင့် နောက်ဆင့် လူကြီး တစ်ယောက် ပါ လာပြန်လေသည် ။ သူတို့ နှစ်ယောက် စလုံး အင်္ကျီ မပါ ၊ လုံချည် ကို သာ ခပ်တို တို ဝတ်ထားကြလေသည် ။ သူတို့ နှစ်ယောက် ၏ မျက်နှာ များ ကား ခပ်ဆင်ဆင် တူ ကြလေသည် ။ သူတို့ နှစ်ယောက် စလုံး ပင် တဲပေါက်ဝ မှ နေ၍ အရှေ့ဘက် လင်းရောင်ခြည် ဝိုးဝါးဝါး ကို ငြိမ်သက်စွာ ရပ် ကြည့်နေကြရာမှ “ ဝါး ”ခနဲ သမ်းဝေ လိုက်ကြလေ၏ ။ ထို့နောက် မှ သူတို့သည် မီးဖို ဆီ သို့ လှည့်ကြည့်ရင်း ဧည့်သည် လူရွယ် အား သတိ ပြု လိုက် မိကြလေသည် ။

“ စောစောစီးစီး ဆရာလေး ဘယ် က လာသလဲ ” ဟု လူကြီး က မေး လိုက်လေသည် ။ သူ့အသံ မှာ ဖော်ရွှေပုံ လည်း မပြ ၊ ရိုင်းပျဟန် လည်း မရ ။

“ ရွာ က လာတာပဲ ။ ဒီဘက် မရောက်ဖူး လို့ သက်သက် လျှောက် လာတာပါ ” ဟု ကုတ်အင်္ကျီ ၊ သိုးမွေး ဦးထုပ် ၊ မာဖလာ စသည် တို့ကို စတိုင်ကျကျ ဝတ်ဆင် ထားသော ဧည့်သည် လူရွယ် က ယဉ်ကျေးစွာ ဖြေ လိုက် လေ၏ ။

လူကြီး နှင့် သူ့ ထက် ငယ် လူရွယ် တို့ သည် မီးဖို အနီး သို့ လျှောက် လာကြ၍ မီးလှုံကြလေသည် ။ မိန်းမရွယ် မှာ ကား သူ့ အလုပ် ကို သာ လုပ်မြဲ လုပ်လျက် မီးဖို ပေါ် မှ မြေအိုး တွင် သာ စိတ်ဝင်စားလျက် ရှိလေသည် ။ သူမ ၏ ဖွာတာတာ ဆံစ မှာ မျက်နှာ ပေါ် ၌ အနှောင့်အယှက် ကင်း လွတ်စေရန် ကြိုးစ တစ်ခု ဖြင့် စုပြုံချည်နှောင် ထားလေရာ အလုပ် လုပ် နေစဉ် အခါများ၌ လည်ကုပ် ပေါ် တွင် ဖွာရရာ ဝဲလျက် ရှိလေသည် ။ အတန်ကြာသော အခါ သူမ သည် မီးဖို ပေါ် မှ မြေအိုး ကို လက်နှီးစုတ် ဖြင့် ချလျက် ဒန်ဇလုံတစ် ခုတွင်း သို့ ထမင်းရည်ကို ငှဲ့ နေသည် ။ ထို့နောက် ထမင်းအိုး ကို မီးကျီး ပေါ် တွင် ပြန် နှပ် ထားလိုက်ရာမှ ထမင်းရည် ဇလုံ ထဲ သို့ ဆားအနည်းငယ် ထည့် လိုက်ပြီးလျှင် မွှေ နေ လေသည် ။ ဇလုံ တွင်း မှ ထမင်းရနံ့ သည် မွှေးကြိုင်စွာ ပျံ့နှံ့ သွားသောအခါ တွင် ယောက်ျား နှစ်ယောက်စလုံး အားရ ပါးရ ရှုရှိုက် လိုက်ကြပြီးလျှင် “ ဆာလိုက်တာ ” ဟု အိမ်ရှင် လူရွယ်က ဆာလောင်မွတ်သိပ်သော အသံကြီး နှင့် ဆို လိုက်လေသည် ။ လူကြီး ဖြစ်သူ က မူ .....

“ ဆရာလေးတို့ ကတော့ မနက်စောစော ကာဖီ သောက် ကြမှာပေါ့နော် ” ဟု ပြော လိုက်လေသည် ။

“ ဟုတ်ကဲ့.. ဒါပေမဲ့ ဦးကြီး ရာ ဒီရွာ ရောက်တော့ မသောက်ပါဘူး ”

“ ဒါဖြင့်ရင် ကျုပ်တို့ နဲ့ ထမင်းရည်ကလေး အဆာ ပြေ သောက် သွားပါလားဗျာ ”

လူကြီး က “ ငါ ပြောတာ ကြိုက် မှ ကြိုက်ပါ့မလား ” ဟူသော ဟန်မျိုး ဖြင့် လောကွတ် ပြုလိုက်သောကြောင့် ဧည့်သည်လူရွယ် လည်း ဝမ်းမြောက်စွာပင် “ ဟာ ... သောက်တာပေါ့ ဦးကြီး ရာ ... ကောင်းမှာ ပဲ ”

“ ဟေ့ မယ်မှုံ ၊ တစ်ခွက် ပို ငှဲ့ လိုက်ပါကွယ် ” ဟု အိမ်သယ်လူရွယ် က မိန်းမရွယ် အား အမိန့် ပေး လိုက်လေသည် ။ ထို့နောက် သူတို့ လေးယောက်သား မီးဖို တစ်ဝိုက် ၌ ပင် ဝိုင်း ဖွဲ့၍ ဆောင့်ကြောင့် ထိုင်လိုက်ကြရာ က မိန်းမရွယ် ပေး သော ထမင်းရည် ပူနွေးနွေး ကို စတင် မြည်း မိကြလေ၏ ။

“ ဦးကြီးတို့ ... လယ် လုပ်ကြတာပေါ့ နော် ” ဟု ဧည့် သည် လူရွယ် က မေးလိုက်သည် ။

“ ဟုတ်ကဲ့ ၊ လယ်သမား - လယ်ပဲ လုပ်တတ်တာပေါ့ ”

“ ကျုပ်တို့ ကနေ့ ပဲ လယ်ထွန်ကြမလို့ ” ဟု အိမ်ရှင် လူရွယ် က ဝင် ထောက်လိုက်သည် ။

ထိုအခါ စကား တစ်ခွန်းမျှ မပြောဘဲ နေခဲ့သော မိန်းမ ရွယ်က “  ဒါကြောင့် အဘ နဲ့ ကိုညို တို့ တမင်္ဂလာ စောစောကြီး ထ ကြတာပေါ့ ” ဟု ပြုံးပြုံးကလေး ဝင် ပြောလိုက်လေ ၏ ။ ထိုအခါ လူကြီး နှင့် လူရွယ် တို့ သည် သူတို့ လက် ထဲ မှ ထမင်းရည်ပန်းကန်များ ကို အမှတ်မထင် ငုံ့ကြည့်လိုက်မိ ကြလေသည် ။

“ ဒါမှပဲ ကျုပ်တို့ မိသားတစ်စုတွေ ဝဝလင်လင်ကလေး စားနိုင်ကြတော့မပေါ့ ဗျာ ”ဟု လူကြီး ဖြစ်သူ က တိုးတိုးကလေး ပြော လိုက်လေ၏ ။

မိန်းမရွယ် သည် ကလေး ကို လက်တစ်ဖက် က ပွေ့ ပိုက်လျက်ပင် သူ့ အဘ ဆို သူ နှင့် ကိုညို ဆို သူ တို့ အား ထမင်းရည် ထပ် ငှဲ့ ပေးရာက “ ထပ် ထည့်ပါဦးတော် ” ဟု စေတနာ ရှိစွာ ပြော လိုက်ရာ ဧည့်သည် လူရွယ် ကလည်း မငြင်းဆန်ဘဲ ခွက် ထိုး ခံလိုက်လေသည် ။

မိန်းမရွယ် ၏ ရင်ခွင် တွင်း မှ ကလေးငယ် မှာ ကား ငြိမ် သက်စွာပင် နို့ချို စို့လျက် ရှိလေသည် ။ သူ့ ကလေး မှာ ခေါင်းကလေးကို မိခင် ၏ နို့အုံ နှင့်လက်မောင်း အကြား တွင် အတင်း တိုးခွေ့လျက် အချမ်းဒဏ် မှ အကာအကွယ် ယူ နေ ရှာလေသည် ။ သူ့ ကလေး ၏ နို့ စို့ သံ မှာ ပြွတ်ခနဲ ၊ ပြွတ်ခနဲ ပင် ပေါ် ထွက် လာတတ်လေသည် ။

လူကြီး မှာ ကား ထမင်းရည် ကို မြိန်ယှက်စွာ သောက် နေလေသည် ။ သောက် ရာ က ...

“ အင်း ..... ထမင်းရည် တောင် တယ် အရသာ ရှိပါက လား ဆရာလေး ရယ် ” ဟု ကျူးရင့်လိုက်လေသည် ။ ထို အခါ လူရွယ် က “ ဆရာလေး တလောက ကျုပ်တို့ ဟာ ဒီ ထမင်းရည်ကလေး တောင် မသောက်နိုင်ကြဘူး ဗျ ” ဟု တိုင်တန်း သလိုလို နှင့် ပြောလိုက်လေ၏ ။

သူတို့ သည် စကား ပြောရင်း သောက်ရင်း နှင့် ပင် သူတို့ ၏ အေးစက်သော ကိုယ်လုံးများ မှာ နွေးသလိုလို ရှိ လာကြပြီးလျှင် မျက်နှာများ တွင် လည်း အားအင် ပြည့်ဖြိုး လာသော အရိပ်အယောင်များ ယှက်သန်း ၍ လာလေ တော့သည် ။

ဒီအချိန် တွင် လင်းရောင်ခြည်ဝယ် ရောင်စုံများ မြူး ကွန့်လာလေပြီ ။ နီကျင့်ကျင့် အရောင်သည် လောကဓာတ် ကို ပိုမို၍ အေး လာစေသယောင် ထင်ရလေသည် ။ အိမ်ရှင် ယောက်ျားနှစ်ယောက် တို့ ကား အရှေ့ဘက် သို့ မျက်နှာများ မူ လိုက်ကြလေရာ သူတို့ မျက်နှာများ မှာ နံနက်ခင်း လင်း ရောင်ခြည်ဖြင့် တောက်ပ ၍ သွားလေသည် ။ ဧည့်သည် လူရွယ်လည်း သူတို့ မျက်နှာ မူရာဘက်သို့ ကြည့် လိုက်ရာ ရောင်ခြည် တွင် လှပစွာ ရပ်တည်လျက် ရှိသော တောင် တန်းကြီး ကို မြင်ရ၍ အိမ်ရှင်လူကြီး ၏ မျက်နှာ ကို ကြည့် လိုက်မိပြန်သော အခါတွင် မူကား ကြည်လင်ဝိုင်းစက်သော မျက်လုံးများ တွင် နေရောင်ခြည် ဟပ်လျက် ရှိကြောင်း ကို တွေ့ ရလေသည် ။

ထိုအခိုက် တွင် အိမ်ရှင်ယောက်ျား နှစ်ယောက် တို့ သည် လက်များ ကို အညောင်း ဆန့်တန်း ဟန် ပြုလိုက်ကြ ရာ မှ “ ကဲ ... ငါတို့ လည်း အလုပ် သွားကြဖို့ တော်ပြီ ” ဟု ပြောလိုက်ကြလေသည် ။ လူရွယ် သည် ဧည့်သည် ဘက် သို့ လှည့်၍ -

“ ဆရာလေး ကော ကျုပ်တို့ လယ်ထွန် တာ လိုက် ကြည့်ဦးမလား ” ဟု မေး လိုက်လေသည် ။

“ ဟင့်အင်း ကျွန်တော် ရွာ ကို ပြန်လိုက်ပါဦးမယ် ။ ခင်ဗျား တို့ နဲ့ ပျော်ပျော်ပါးပါး စားရသောက်ရတာ သိပ် ဝမ်း သာ တာ ပဲ ဗျာ ။ ကျေးဇူး တင်လိုက်တာ ။ နောက်များမှ လာ ခဲ့ဦးမယ် ”

အိမ်ရှင်လူကြီး သည် “ ကျေးဇူး တင်စရာ မလိုပါဘူး ” ဟူသော အဓိပ္ပာယ်မျိုး ဖြင့် လက်ကြီး ကို ရမ်းကာ ပြ လိုက် ပြီးလျှင် “ ဘယ်တော့မဆို လာသာ လာခဲ့ပါဗျာ ၊ ကျုပ်တို့ စားသလို ဆရာလေး တို့ စားရ သောက်ရမှာပဲ ” ဟု ပြော လိုက်လေသည် ။

ထို့နောက် သားအဖ နှင့် တူပုံ ရသော သူတို့ နှစ်ယောက် သည် လယ်ကွင်းကြီး ဆီ သို့ သွားကြ၍ နွားများ ၊ ထွန်များ ကို ပြင်ဆင် နေကြလေတော့သည် ။ အရှေ့ဘက် ကောင်းကင်လဟာပြင် တွင် မူ ကား အလင်းရောင် သည် အ တန့် အတန့် အကန့် အကန့် ဖြာဆင်းလျက် ရှိကာ အဆုံး အစ မမျှော်မှန်းနိုင်သော လယ်ကွင်းပြင်ကြီး တို့ အား တလက်လက်တောက်ပ စေလေတော့သည် ။

ဧည့်သည် လူရွယ် လည်း လယ်သမား အိမ်ထောင် သည်တစ်စု နှင့် တကွ တဲပုတ်ကလေးအား တစ်ချက် မျှ လှည့် ကြည့်လျက် ရွာ ဆီသို့ လျှောက် လာခဲ့လေတော့သတည်း ။

     •••   •••   •••   ••• 

ဒါပဲ ဖြစ်ပေသည် ။ ဘာကြောင့် ဒီလောက် ကြည်နူး စရာ ကောင်းသည် ဟူသော အချက်ကို မူ သူ သည် နား လည်တော့ နားလည် သည် ။ သို့ဖြစ်၍ ယနေ့ ထက်တိုင် သူ့ စိတ် ထဲ ၌ တိတိကျကျ တစ်ခု မကျန် မှတ်မိနေသေး သည် ။ အကြိမ်အခါ မရေတွက် နိုင်တော့အောင် သည် အဖြစ်အပျက်ကလေး ကို ပြန်ပြောင်း အောက်မေ့ မိသည် ။ ထိုအခါတိုင်း ၊ ထိုအခါတိုင်း တိမ်မြုပ်မေ့ပျောက်ကွယ်လုနီးနီး အကြောင်းအရာကလေး တို့ သည် အသေး စိတ်၍ စိတ်၍ ပေါ်ပေါက် လာတတ်ပေသည် ။

ကြည်နူးစရာ အဖြစ်အပျက်ကလေး တစ်ခု ။

_______________________

မင်းရှင်

ရှုမ၀ မဂ္ဂဇင်း
အတွဲ -၂ ၊ အမှတ် - ၁၄
၁၉၄၈ ၊ ဇူလိုင်

#ကိုအောင်နိုင်ဦး

Thursday, September 29, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၂ )


 အခန်း ( ၁၂ )

မော်လမြိုင်မြို့ ...

အရိပ် အာဝါသ ငြိမ်းချမ်းသည့် ' အမေ့အိမ် ' ကလေး ... ။

ဒီ အတွေ့အကြုံ ကို တော့ စိုးရှား ဒီ တစ်သက် မေ့ပျောက် နိုင်တော့မည် မထင် ။

တစ်ချိန်က သူနာပြုဆရာမကြီး တစ်ဦး ဖြစ်ခဲ့သော ကိုသျှပ် ၏ မိခင်ကြီး ဒေါ်မြရင် သည် သား ဖြစ်သူ တေလေငှက်ကလေး အသိုက်အမြုံ ဆီ ပြန်လာသည် ကို အပြုံး ဖြင့် ကြိုဆို နေခဲ့လေသည် ။

ကိုသျှပ် သည် အမေ ၏ ရှေ့မှောက် တွင် ကလေးငယ်လေး တစ်ယောက် ဖြစ်သွား၏ ။ ရေလောင်း ပေါင်းသင် ပေးဖို့ လိုအပ်နေသော သစ်ပင်ငယ်ကလေး တစ်ပင် ဖြစ်သွားသည် ။ မိခင် ကြောင်မကြီး ၏ ဝမ်းဗိုက် ကို ဦးခေါင်း ဖြင့်
ပွတ်သပ် နေသော ကြောင်ကလေး တစ်ကောင် လို ဖြစ် သွားလေသည် ။

ကိုသျှပ် ၏ ရှည်လျားသော ကောက်တိကောက်ကွေး ဆံပင်တွေ ကို သူ့ မိခင် က တယုတယကိုင်တွယ်ပြီး ခေါင်းလျှော် ပေးနေသည့် မြင်ကွင်း ကို စိုးရှား ဆွတ်ပျံ့စွာ ငေးကြည့် နေခဲ့မိ၏ ။

ရှေးရိုးဟန် မိခင် တစ်ယောက် ၏ အကြင်နာလက်များ ဖြင့် မြန်မာဆန်ဆန် တရော်ကင်ပွန်းသီး တို့ ကို မွှေစပ်ပြီး သား ဖြစ်သူ ၏ ဆံပင်ရှည်ရှည်တွေ ကြား ထဲ လက်ချောင်းကလေးများ ကို ထိုးဖွ ဆုပ်နယ် ပေးနေရင်း ...

“ သားကြီး ရယ် မမိုက်နဲ့တော့ကွယ့် ... မင်း ညီလေး က လည်း အိမ် မှာ ရှိတာ မဟုတ်ဘူး ၊ တစ်ခုခု အကြောင်း ရှိပြီ ဆို အမေ တို့ က သားကြီး ကို ပဲ ပြေး သတိရတာ ...”

ကိုသျှပ် လို နိုင်ငံကျော် အဆိုတော်ဂီတပညာရှင်ကြီး တစ်ယောက် ကို သူ့ မိခင် ဖြစ်သူက ကလေးငယ်လေး တစ်ယောက် လို တတွတ်တွတ် ပြောဆို ဆုံးမ နေသည် ကို ကြည့်ရင်း စိုးရှား ရင် ထဲ မှာ တစ်စုံတစ်ရာ ကို ကြေကွဲ တသမိ၏ ။

စိုးရှား ကိုယ်တိုင် က မိဘမေတ္တာ ဆိုသည် ကို အလွန်အကျွံ ဖွဲ့နွဲ့ချဲ့ကား နေစရာ မလိုဘဲ သဘာဝ ၏ စည်းဘောင် ထဲ မှာ သာ ရှိသင့်သည် ဟူသော ခံယူချက် ဖြင့် အမေ့ ရင်ခွင် ကို ခွဲခွာ ကာ အိမ် ပေါ် မှ ဆင်း လာခဲ့ သူ မဟုတ်လား ။

ကိုသျှပ် ကတော့ သူ့ အမေ ပြော သမျှ ကို တအင်းအင်း လိုက်နေရင်း ခေါင်းလျှော် ပေး သည် ကို ငြိမ် ခံနေ၏ ။

အခုတော့လည်း အမေ့ ရဲ့ဒုက္ခအိုးလေး သည် သစ်ရွက် ပေါ် တင်သော နှင်းရည်စက်လေး တစ်စက် လို အေးမြ ငြိမ်းချမ်း နေလေသည် ။

အခုအချိန် ... ကိုသျှပ် ရဲ့ ရင် ထဲ မှာ ဘာတွေများ ရှိ နေလေမလဲ ။

စိုးရှား ငိုင်တွေစွာ စဉ်းစားနေမိ၏ ။

•••••   •••••   •••••   •••••

မြစ်ရေတွေ က တသွင်သွင် စီးဆင်းနေသည် ။

တောင်ရိုးတန်းလေး ပေါ် ရှိ ကျိုက်သလ္လံဘုရား ရင်ပြင် ပေါ်မှ နေ၍ သူ နှင့် ကိုသျှပ် တို့ သံလွင်မြစ် ၊ အတ္ထရံမြစ် နှင့် ဂျိုင်းမြစ် တို့ မြစ်သုံးစင်း ဆုံရာ ရေပြင်ဆီ လှမ်း ကြည့်နေမိကြ၏ ။

လေပြည်လေညင်း ၏ ရနံ့ကြားထဲ တွင် အဆက်အစပ် မရှိ ပေါ်လာသော မေးခွန်း တစ်ခု ကို မေးလိုက်၏ ။

“ ကိုသျှပ် ဂီတလောက မှာ အခုပေါ် နေတဲ့ RAP ... တို့ ၊ Hip Hop ... တို့ကို ဘယ်လို မြင်သလဲ ”

ကိုသျှပ် က ခဏမျှ ငြိမ်သက်နေသည် ။ နောက် ... ညင်သာသိမ်မွေ့သော အသံဖြင့် ...

“ ကျွန်တော့် သဘော ကတော့ အသံ ဆိုတဲ့ နေရာ မှာ သာမန် အသံ ရယ် ... အနုပညာမြောက်တဲ့ အသံ ရယ် ... အနုပညာ မဖြစ်တဲ့ အသံ ရယ် ... ဆိုပြီး သုံးမျိုး ရှိတယ်လို့ ထင်တယ် ဗျာ ... သာမန် သံ ဆိုတာ ကတော့ သဘာဝ အတိုင်း ရှိနေတဲ့ အသံမျိုး ၊ စကား ပြောတဲ့ အသံမျိုးပေါ့ ... အဲဒီ အသံတွေ ကို အနုပညာ မြောက်အောင် ဖန်တီး လို့ ရပါတယ် ၊ သာမန် အသံ လည်း မဟုတ် ၊ အနုပညာ လည်း မမြောက်တဲ့ အသံမျိုး ဆိုရင်တော့ နားထောင် ရတာ တော်တော် ဒုက္ခ ရောက်တယ် ...”

“ ဒါဆိုရင် ... အနုပညာ မြောက်အောင် မဖန်တီးနိုင်ဘဲ နဲ့ အနုပညာရှင် ဆိုပြီး နာမည်ကြီး အောင်မြင် နေ တဲ့ လူတွေ ကို ကျတော့ ကိုသျှပ်  ဘာပြောမလဲ ...”

စိုးရှား ၏ အမေး စကား က သရော် ရှုတ်ချသံ ၊ မနာလိုသံ  ပါ သွား၏ ။ ကိုသျှပ် က တော့ ခပ်တိုးတိုး ရယ်လိုက် ပြီး ...

“ အောင်မြင်မှု ဆိုတာ မီးခိုး လိုပဲ ဗျ ... မီးရှို့ မှ မီးခိုး ထွက်တာ ၊ အောင်မြင်လောက်တဲ့ အကြောင်းရင်းခံ မီးတောက် ရှိ လို့ပေါ့ဗျာ ... ဒါပေမယ့် အဲဒီမီးတောက်ကလေး ကြာရှည်တောက်လောင် နေဖို့ ကျတော့ မီးစာ ထည့် ပေး နေဖို့ လိုတယ်ဗျ ... အဲဒါကတော့ အနုပညာ ဝမ်းစာ ပဲ ...”

ပြာလဲ့သော ကောင်းကင် တွင် တိမ်တွေ ရွေ့လျား နေကြသည် ။ ရွေ့လျားကြတာချင်း အတူတူ မြစ်ရေတွေ က ခရီး အဆုံးသတ် ပင်လယ် ရှိပြီး တိမ်တွေ ကတော့ ဦးတည်ရာ မဲ့ ... ။ ရည်ရွယ်ရာ ရှိတဲ့ မြစ်ရေတွေ လည်း အငွေ့ ပျံတဲ့ အခါ တိမ်တိုက် ဖြစ်ပြီး မျော ချင် ရာ မျောလွင့် ရသေးတာပဲ မဟုတ်လား ။ ဦးတည်ရာ မဲ့ တဲ့ တိမ်တွေ ဟာလည်း ငွေ့ရည်ဖွဲ့ပြီး မိုးရွာ ချတဲ့ အခါ မြစ်ရေဖြစ်ပြီး ပင်လယ် ဆီ ကို စီးဆင်း ရတာပဲလေ ... ။

လူ့ ဘဝ ဆိုတာ ...

တစ်ခါတစ်ခါ တိမ်တိုက်ဖြစ်လိုက် .... တစ်ခါတစ်ခါ မြစ်တစ်စင်း ဖြစ်လိုက်ပေါ့ ...

ငါ ကရော ဘာလဲ ¿

ဦးတည်ရာချက် ရှိတဲ့ မြစ်တစ်စင်းလား ...

လွင့်ချင်ရာ လွင့်မျောနေတဲ့ တိမ်တိုက်လား ...

ငေးငိုင်နေသော စိုးရှား ကို ကြည့်ပြီး ကိုသျှပ် က ...

“ ထားလိုက်စမ်းပါဗျာ အရေး မပါတာတွေ ... စိတ်အေး လက်အေး ရှိတုန်း ပေါ့ပေါ့ပါးပါးစကားတွေ ပဲ ပြောရအောင်ပါ ...”

ကိုသျှပ် က ပြောလက်စ အကြောင်းအရာ ကို ပြောင်းပြစ်ဖို့ တိုက်တွန်းသော်လည်း တကယ်တမ်း တွင် ဘာစကား မှ မဆက် ဖြစ်ကြ ။

ကြာမြင့်စွာ ငေးမောနေပြီး မှ ဘုရား ပေါ် မှ ဆင်း လာခဲ့ကြသည် ။

မြစ်ရေပြင် ကို ဖြတ်သန်း တိုက်ဖြတ်လာသော လေပြေ ထဲ တွင် ဆည်းလည်း ခတ် သံ ကို ကြား ရသည် ။

အသံ မှာ လည်း ရနံ့ ရှိသည် ဟု သူ ခံစားရ၏ ။

•••••   •••••   •••••   •••••

တောင်ကုန်း ပေါ် မှ စီး ကြည့်လျှင် မြင် နေရသော မြို့ကလေး သည် ဆည်းဆာ နေရောင်ခြည် အောက် တွင် ကြောင်ဝါလေး တစ်ကောင် လို ခွေခွေလေး အိပ် နေ၏ ။

အဝေးရှိ သစ်ပင်များ ကို ငေးကြည့်ရင်း စိုးရှား က သူ သိချင်လွန်းနေသော မေးခွန်း တစ်ခု ကို မေး လိုက်သည် ။

“ ဒီမှာ ကိုသျှပ် ... ကျွန်တော် က အနုပညာ ကို လည်း အယုံအကြည် မရှိဘူး ... ချစ်ခြင်းမေတ္တာ ကို လည်း အယုံအကြည် မရှိဘူး ... နာမည် ကြီးတာ ကို လည်း အယုံအကြည် မရှိဘူး ... ကုန်ကုန် ပြောရရင် ... ဘာသာတရား ကို လည်း အယုံအကြည် မရှိဘူး ... အဲဒီတော့ ကျွန်တော် ဟာ ဘာလဲ ... ဘာလဲဗျာ ... တိမ်လို ဦးတည်ရာ မဲ့ လွင့်မျောနေတဲ့ လူလား ... မြစ်လို ခရီးပန်းတိုင် တစ်ခု ဆီ စီးဆင်းနေတဲ့ လူလား ... ကိုသျှပ် စိတ် ထဲ ထင်တာ ကို
ပြော စမ်းပါ ဗျာ ...”

ကိုသျှပ် က စိုးရှား ၏ မျက်နှာ ကို တည့်တည့် စိုက် ကြည့်သည် ။ ကိုသျှပ် က ဘယ်သူ့ ကို မှ အားမနာ ဘဲ စိတ် ထဲ ရှိသည့် အတိုင်း ပိုးစိုးပက်စက် ပြော တတ်သည့်လူစားမျိုး ဖြစ်၏ ။ ထို့ကြောင့်လည်း စိုးရှား က ဘယ်သူ့ ကို မှ ဒီလိုမျိုး မမေး ဘဲ ကိုသျှပ် ၏ ဝေဖန် စကား ကို မှ တမင် တောင်းယူခြင်း ဖြစ်သည် ။

ထင်ထားသည့် အတိုင်း ကိုသျှပ် က ပွင့်ပွင့်လင်းလင်း ပင် ...

“ တိမ် လည်း မဟုတ်ဘူး ... မြစ် လည်း မဟုတ်ဘူး ... ခင်ဗျား က ကျောက်တုံး ပဲ ဗျ ...”

“ ဗျာ ...”

“ တခြား လူတွေ အားလုံး က သူတို့ မှာ ရှိနိုင်သလောက် ယုံကြည်မှုလေး နဲ့ သူတို့ တတ် နိုင်သလောက် အနုပညာ အတတ်ပညာလေးတွေ နဲ့ ခရီး သွား နေကြတာ ချည်း ပဲ ၊ တိမ် လိုပဲ ... ဖြစ်ဖြစ် ... မြစ် လိုပဲ ဖြစ်ဖြစ်ပေါ့ ... အနည်းဆုံး တော့ သူတို့ ဟာ ရွေ့လျား နေကြတာချည်းပဲ ၊ ခင်ဗျား က တော့ ဘယ်နေရာ မှာ မှ သောက်သုံး မကျဘူး ... ဘာ ရွေ့လျားမှု မှ မရှိတဲ့ ကျောက်တုံး ပဲ ...”

အဲသည် စကားလုံးများ သည် သူ နှင့် ကိုသျှပ် တို့ အချိန် တွေ ကြာမြင့်စွာ နောက်ဆုံး ပြော ဖြစ်ခဲ့သည့် စကားများ ဖြစ်သည် ။

နောက် တစ်ကြိမ် သူ နှင့် ဒီလို အေးအေးဆေးဆေး စကား ပြောခွင့် ရတော့ မှာ မဟုတ်ဘူး ဆိုသည် ကို သေမင်း ၏ တမန်တော် ထံ မှ စောစောစီးစီး ကြိုတင်ပြီး သိခွင့်ရခဲ့မည် ဆိုလျှင်တော့ ကိုသျှပ် ဆီ က တန်ဖိုးရှိသော စကားတွေ ( ဒါမှမဟုတ် ချစ်ခင်နှစ်လိုဖွယ် ကောင်းသော ဆဲရေး စကားတွေ ) ကြား ရဖို့ နောက်ထပ် မိနစ် အနည်းငယ် ဖြစ်ဖြစ် အချိန်တွေ ကို ခိုးဖဲ့ ယူခဲ့မိ မှာ သေချာပါသည် ။

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

*

ချစ်ခဲ့ဖူးပါသည်


 

❝  ချစ်ခဲ့ဖူးပါသည်  ❞

အိမ် ကို စာတိုက် မှ တစ်ဆင့် ဖြတ်ပိုင်းလေး ရောက်ရှိ လာသည် ။ ရူပဗေဒ အဓိက ဟူသော ပုံနှိပ်စာလုံး က ထင်ထင်ရှားရှား ပါပဲ ။ ရင် ထဲ နွေးခနဲ ဖြစ်ခဲ့ရသည် ။

တက္ကသိုလ် တက်ဖို့ ယူ ရမယ့် အဓိက ဘာသာတွဲ ကို သိခွင့် ရခဲ့ပြီ ဆိုတော့ စက်ဘီး ကို အပြင်း နင်းပြီး နွယ် တို့ အိမ် ဘက် ထွက် ခဲ့သည် ။

သူ့ ကို မြင်တော့ နွယ် က ပြေးထွက် လာခဲ့သည် ။

“ ဖိုးစံ နင် ဘာမေဂျာ ရလဲ ... ”

“ ဖီးဆစ် နင် ကော ... ”

နွယ့် မျက်နှာ တစ်ချက် ညှိုး သည် ။

“ ဟယ် နင် က ဖီးဆစ် ၊ ငါ က ဇူး ရတယ် ... ”

“ ဟား ဟား ဟား ... ”

“ နင် ဘာ ရယ်တာလဲ ”

“ နင့် ကို အစတည်း က ငါ ပြောသားပဲ ။ နင့် အမှတ် က နည်းတော့ နင် ဇူး ပဲ ရ မှာပါလို့ ... ”

“ အေးပါ ၊ ခုတော့ နင် ပြောတာ မှန် နေပြီပေါ့ ၊ ဒါပေမဲ့ ဟာ ငါ က နင် နဲ့ မေဂျာ အတူ ဖြစ်ချင်တာ ၊ ဒါမှ ဟိုဒင်း ငါ လည်း အဖော် ရတာပေါ့ ... ”

“ အမယ်လေး ဟာ ဒါများ ဟိုရောက်ရင် နင့် မှာ သူငယ်ချင်း အသစ်တွေ အများကြီး ရဦး မှာ ... ”

“ ဒါတော့ ဒါပေါ့ ဟာ ... ”

သည်တုန်းက နွယ့် မျက်လုံးတွေ စိုစွတ် နေတာ ကို အမှတ်တမဲ့ ဥပေက္ခာ ပြုခဲ့သည် ။

တက္ကသိုလ် ရောက် တော့ နွယ် နဲ့ သိပ် မဆုံဖြစ်တော့ ။ မေဂျာ က လည်း မတူ ၊ အတန်း က လည်း မတူ နဲ့ လူချင်း ကွဲ သွားခဲ့သည် ။ တစ်ခါတစ်ရံ မှသာ သွားရင်း လာရင်း လမ်း မှာ ဆုံဖြစ်ခဲ့သည် ။ သည်လို ဆုံလေတိုင်း နွယ့် မျက်နှာ ထက် မှာ အားတက်ရွှင်လန်း တဲ့ အပြုံးပန်းလေးတွေ နဲ့ သူ့ ကို လှိုက်လှိုက်လှဲလှဲကြီး ကို နှုတ်ဆက် စကား ပြောတတ်သည် ။

သူ မှ နေထိုင်ရာ သစ္စာဆောင်သို့ လာခဲ့ ဖို့ အကြိမ်ကြိမ် အခါခါ ခေါ် လေတိုင်း “ အင်းပါ ” လို့ အလွယ်တကူ ခေါင်း ညိတ် ခဲ့ပေမယ့် တစ်ခါ မှ မရောက်ဖြစ်ခဲ့ ။

သစ္စာ ကို မရောက်ခဲ့ပေမယ့် နောက်ပိုင်း မှာ ရွှေမန်းဆောင် ကို ခြေရာချင်း ထပ် ခဲ့ပါပြီ ။

သူ့ ရဲ့ အချစ် ကို လက်ခံ ခဲ့သော မေဂျာ တူ ၊ အတန်း တူ ၊ တောင်ကြီး သူ ‘ မေသူဝင်း ’ က ရွှေမန်းဆောင် က မို့ ပါပဲ ။

မေသူ ရဲ့ အချစ် ကို ရခဲ့စဉ်က သူ ရင် ထဲ ပျော်တယ် လို့ ကို ဘယ် မဆုံးနိုင် ။ ကျောင်း မှာ လိုချင် သူ တွေ ဝိုင်းဝိုင်း လည်နေတဲ့ အလှဘုရင်မ ဘွဲ့ ရထားတဲ့ မေသူ လို မိန်းမချော မိန်းမလှ က သူ့ လို လူ ကို ရွေးချယ်ခဲ့ပြီ ဆိုတော့ ကိုယ့် ကိုယ် ကို “ ငါကွ ” လို့ပင် ဟစ်အော် ခဲ့မိသည် အထိ ပျော်မြူး ခဲ့ရသည် ။

သူငယ်ချင်း အပေါင်းအသင်းတွေ ရဲ့ အလယ် မှာ မျက်နှာ ပွင့် ခဲ့သည် ။ မေသူ နဲ့ တတွဲတွဲ တွဲ ခဲ့လေတိုင်း မြင်သူတကာ ရဲ့ မျက်လုံးတွေ မှာ အားကျတဲ့ အရိပ်လက္ခဏာတွေ က ယှက်သန်း လို့ ပါပဲ ။

ပျော်တပြုံးပြုံး နဲ့ မဆုံးနိုင်တဲ့ အချစ် သံသရာ ထဲ မှာ တဝဲလည်လည် နစ်မျောရင်း အချိန်တွေ ကုန် ခဲ့ရသည် ။

မေသူ နဲ့ ချစ်သူ ဘဝ ရောက်ပြီးတဲ့ နောက် နွယ် နဲ့ လုံးဝ ကို မဆုံခဲ့လေတော့ ။ မဆုံတာ မှ သွားရင်း လာရင်း တောင် မဆုံတော့ ။ မဆုံအောင် တမင်ပဲ ရှောင် နေခဲ့တာလား မဆိုနိုင် ။

မဆုံတော့ လည်း သူ့ ရင် ထဲ ဘာမှ မဖြစ် ။ မေ့မေ့ပျောက်ပျောက် ပဲ နေ ခဲ့သည် ။

ည ဘက် မှာ ဆာ တတ်တဲ့ ချစ်သူ အတွက် သည် တစ်ညမှာ တော့ ခေါက်ဆွဲကြော် တစ်ထုပ် ကို ညစောင့် တံခါးမှူး ဆီ အခန်း နံပါတ် နဲ့ နာမည် ပါ တဲ့ စာရွက်ကလေး နဲ့ အတူ သွား ပို့ခဲ့သည် ။

အဲသည်က အပြန် မှောင်ရိပ်ထဲ ငိုသံ ကြားလို့ သွား ကြည့်တော့ တမာပင်ကြီး ကို ဖက်ပြီး တဟီးဟီး နဲ့ ငိုကြွေး နေတဲ့ အဆောင် က သူငယ်ချင်း တစ်ယောက် ကို သွား တွေ့သည် ။

ဘေး က အဖော် နှစ်ယောက် က ဝိုင်းပြီး ဖျောင်းဖျ နေကြသည် ။

"ဟ .. ကိုသန်းဝင်း ဘာ ဖြစ်လို့လဲ ... ”

သူ့ အသံ ကို ကြားတော့ ရှိုက်ကြီးတငင် ငို နေတဲ့ ကိုသန်းဝင်း ရဲ့ ခန္ဓာကိုယ် က ဆတ်ခနဲ တွန့်ပြီး သူ့ ဆီ လှည့် လာသည် ။

သူ့ ကို မျက်ရည်လည်ရွဲ နဲ့ ကြည့်ပြီး

“ ကိုစံဝင်းမောင် ကျွန်တော့် ကို ကယ်ပါဦး ဗျာ... ခင်ဗျားတို့ မြို့ က နွယ်နွယ်စိုး က ကျွန်တော့် ကို မချစ်နိုင်ဘူးတဲ့ ဗျာ ... ဒီနေ့ ပဲ အဖြေ ပေး လိုက်တယ်ဗျာ အဲဒါ .…. အဲဒါ ဟီး .... ”

ပြောရင်း နဲ့ ပိုပြီး ဝမ်းနည်းလာပုံ ရသည် ။ ဟီးခနဲ ငို ချလိုက်ပြန်သည် ။

သည်တော့မှ နွယ် ရဲ့ ပုံရိပ်လွှာက သူ့ မျက်လုံး ထဲ ဝင် လာခဲ့သည် ။ ဘာမှန်း မသိ ၊ ရင်ထဲ ထိတ်ခနဲ ဖြစ် လာခဲ့ရသည် ။

“ ကိုစံဝင်းမောင် ကျေးဇူးပြုပြီး နွယ်နွယ်စိုး ကို လိုက် ပြောပေးပါလား ဗျာ ... ”

စကား မြန်မြန် ဖြတ် လိုသည်ကြောင့်

“ ကောင်းပြီလေ .. ကျွန်တော် ပြော ပေးပါ့မယ် ။ မိုး လည်း ချုပ်နေပြီ ... ကိုသန်းဝင်း ပြန်အိပ် လိုက်ပါ ... ”

“ ဟုတ်တယ် ကိုစံဝင်းမောင် ကျွန်တော် တို့ လည်း ဒါပဲ ပြော နေတာ ။ မိန်းကလေး ဆို တာတော့ ဒီလိုပဲ ငြင်း ကြမှာပဲ ... ဒါ သဘာဝ ပဲ ကိုယ် က ဇွဲ ရှိရှိ နဲ့ လိုက်ဖို့ပဲ လိုတာ ဟုတ်တယ် မဟုတ်လား ဗျာ ”

“ ဟုတ်တာပေါ့ … ဒါပေါ့ ... ဒါပေါ့ ”

သည်တုန်း က နွယ့် အတွက် စိုးရိမ် စိတ်လား ။ နှမြော တဲ့ စိတ်လား မဝေခွဲနိုင် ။ ရင် ထဲ မှာ ဝေဒနာ တစ်ရပ် က တကယ်ကို ပေါ်ထွန်း ခဲ့ပါသည် ။ .

တစ်နေ့ ကန်တင်း မှာ မေသူ နဲ့ ထိုင်ပြီး လက်ဖက်ရည် သောက် နေဆဲ ဆိုင် ထဲ ဝင်လာတဲ့ စုံတွဲ ကြောင့် သူ လန့် သွားသည် ။

သူ့ ကို မြင်တော့ နွယ် က ထိတ်လန့်တကြား နဲ့ ရှက် သွားပုံ ရသည် ။ ခေါင်းလေး ကို ငုံ့ သွားရှာသည် ။ သည်မှာ ပါလာတဲ့ လူ က ပိုင်စိုးပိုင်နင်း နဲ့  နွယ့် လက်မောင်းအိုး ကို ဆုပ်ကိုင်ပြီး လွတ် နေတဲ့ စားပွဲ ဆီ ခေါ်သွားသည် ။

သူ့ ပုံစံ ကို ကြည့် ပြီး မေသူ ဒေါပွသည် ။

“ မောင် … ဒါက ဘာ ဖြစ်ရတာလဲ ”

“ မဟုတ်ဘူး မေသူ ... အဲဒိ မိန်းကလေး က မောင် တို့ မြို့ က မောင့် သူငယ်ချင်း အရမ်းအေး တာ သူ နဲ့ တွဲ လာတဲ့ ကောင် က လူရှုပ် လူပွေ ၊ အဲဒီ ကောင် ကို မောင် သိ တယ် ”

မေသူ ရဲ့ မျက်နှာ တင်းခနဲ ဖြစ်သွားပြီး ဒေါသမျက်လုံး တွေ နဲ့ သူ့ ကို ကြည့်သည် ။

“ အဲဒါနဲ့ မောင် နဲ့ ဘာဆိုင်လဲ ၊ သူတို့ ကိစ္စ နဲ့ သူတို့ ၊ မောင် က အနေသာကြီး ပါ ၊ ဘာလဲ မောင်က မကျေမနပ် ဖြစ် နေလို့ လား ၊ ဘေး မှာ မောင် သိပ်ချစ်တဲ့ မေသူ တစ်ယောက် လုံး ရှိ နေတယ်လေ မောင် မောင် က ဒါ ဘာသဘောလဲ ”

မေသူ ဒေါပွ သွားသည် ။ သူ ဘယ်လိုမှ ရှင်းပြ လို့ မရတော့ ။ ဝုန်းခနဲ ထ ရပ် ၊ လွယ်အိတ် ကို ဆတ်ခနဲ ကောက်ကိုင် ၊ နေရာ က ချာခနဲ လှည့်လျက် ထွက်ပြေး တော့သည် ။

ဘယ်လိုမှ ချော့ လို့ လည်း မရ ၊ ပြော ပြ လို့လည်း မရ ၊ အရမ်း ကို စိတ်ညစ် သွားခဲ့သည် ။

တစ်ပတ်လောက် စိတ်ကောက် ပြီး မှ သူ့ ကို သနားလို့ ဆိုပြီး မေသူ က ပြန် ခေါ်သည် ။

သို့ပေတည့် စည်းကမ်းချက်တွေ ထုတ် လာသည် ။ သူမ က လွဲလို့ တခြား ဘယ် မိန်းကလေး ကို မှ မကြည့်ရ ၊ မရောရ ၊ မပြောရ စသည် ဖြင့် သူ သဘော တူခဲ့သည် ။

တစ်နေ့ အတန်း တက် ဖို့ တစ်ယောက် တည်း ထွက် လာရင်း တစ်မြို့ ထဲ က သူငယ်ချင်းမလေးတွေ နဲ့ လမ်း မှာ တွေ့သည် ။ နွယ် တစ်ယောက် နေမကောင်းလို့ တက္ကသိုလ်ဆေးရုံ မှာ တင် ထားရသည် တဲ့ ။

ဆိုတော့ ထိတ်ခနဲ ရင်ထဲ တစ်ချက် ပူပြီး ဘယ်လို က ဘယ်လို ဆေးရုံ ကို ရောက်သွားမှန်းတောင် မသိ လိုက် ။ ရောက်တော့ နွယ် က ခုတင် ထက် မှာ မှိန်း နေသည် ။ အဖော် စောင့် ပေးနေတဲ့ ကျောင်းသူ က နွယ့် ကို ဧည့်သည် ရောက်နေတယ် ဟု လှမ်း ပြောသည် ။

သည်မှာ နွယ့် မျက်လုံး အစုံ ပွင့်လာသည် ။ သူ့ ကို မြင်တော့ နွယ့် မျက်လုံးအိမ် ထဲ က မျက်ရည်တွေ က တလိမ့်လိမ့် စီးထွက် လာသည် ။

သူ ဘာလုပ်ရမှန်း မသိတော့ ။

“ နွယ် နွယ် မငိုနဲ့လေ ၊ ငါ ရောက် လာပြီပဲ နင် ဖြစ်နေတာ ငါ မသိလို့ပါ ဟာ ၊ နင် ဆေးရုံ တက် နေတာ ဒီနေ့ မှ ငါ သိတယ် ”

ငို နေတဲ့ နွယ့် မျက်နှာ ထက် ရှားပါးတဲ့ အပြုံးရိပ်လေး တစ်ခု ဖြတ်သန်းသည် ။

“ ရပါတယ် ဟာ ၊ ခုလို လာတာ ကျေးဇူး တင်ပါတယ် ။ ငါ လည်း နေကောင်း နေပါပြီ ၊ နက်ဖြန် ဆို ဆေးရုံ က ဆင်းရတော့ မှာပါ ”

“ ဘာပဲ ဖြစ်ဖြစ်ပေါ့ဟာ ကျန်းမာရေး ကို တော့ ဂရုစိုက်ပါ ။ ဒါပေမဲ့ နင် ဘာပဲဖြစ်ဖြစ် ဘာမှတော့ အားမငယ်ပါ နဲ့ ၊ နင့် ဘေး မှာ ငါ အမြဲ ရှိ နေမှာပါ ”

နွယ့် ပါးစပ်ကလေး ပွင့်ဟ သွားသည် ။ အံ့သြသွားပုံ ရသည် ။ အားတက် သွားသည့် လက္ခဏာ ၊ နွယ့် မျက်နှာ ထက် သွေးရောင် နဲ့ ရဲတက် လာခဲ့သည် ။

နွယ် လက်အစုံ ကို ဆုပ်ကိုင်လိုက်ပြီး အားပေးစကားတွေ အများကြီး ပြော ဖြစ်ခဲ့သည် ။

သည် မှာ သတိ ရ လာပြီး တစ်ခါက ကန်တင်း မှာ ဆုံခဲ့တာနဲ့ ပတ်သက် လို့ ပွင့်ပွင့်လင်းလင်းပဲ မေးမြန်း ဖြစ်ခဲ့သည် ။

နွယ် က ချက်ချင်းပဲ ငြင်းချက်ထုတ်သည် ။ သူမ နဲ့ ထို သူ နဲ့ ဘာမှ မဖြစ်ကြကြောင်း နဲ့ အဲသည် နေ့ က လက်တွေ့ လုပ်ပြီး အပြန် မှာ ကန်တင်း မှာ တစ်ခုခု စားဖို့ အတင်း ခေါ်တာ နဲ့ အားနာပါးနာ လိုက် ခဲ့ရတာပါ ဆိုပြီး ပြူးတူးပြဲတဲ နဲ့ ရှင်းပြ ရှာသည် ။

ပြီးတော့ ထို သူ နဲ့ က ခုံနံပါတ်ချင်း က လည်း ကပ်လျက် ၊ တစ်ခန်းထဲ သားချင်း တွေ ဖြစ်နေလို့ ဖိတ်ခေါ်မှု ကို မငြင်းသာဘဲ သူမ ဘက် က ရိုင်း သွားမှာ စိုးတာ နဲ့ ပဲ လိုက်ဖြစ်သွားခဲ့တာပါ လို့ သနားစဖွယ် ရှင်းပြနေသည် ။

ဆိုတော့မှ ပဲ သူ့ ရင် ထဲ မှာ ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့ရသည် ။ နောက်နောင် အဲလို လူ နဲ့ ဘယ် ခေါ်ခေါ် မလိုက်ဖို့ မှာရသည် ။ အဲသည် လူ က စရိုက် မကောင်းတဲ့ လူ မို့ နွယ့် အတွက် စိုးရိမ်ကြောင်း ပြော ဖြစ်ခဲ့သည် ။

သူမ အတွက် စိုးရိမ်တကြီး နဲ့ အနေအထိုင် အသွားအလာ ဆင်ခြင်ဖို့ တတွတ်တွတ် မှာနေတာ ကို ကြည့်ပြီး နွယ့် ရင် ထဲ မှာ တသိမ့်သိမ့် နဲ့ ကြည်နူး ခဲ့ရပါသည် ။

နွယ် က သူမ အတွက် စိတ်ချရန် နှင့် ဘယ် ယောက်ျားလေး ရဲ့ အချစ် ကို မှ လက်မခံပါဘူး လို့ ပင် ရဲရဲကြီး ကတိ ပေးလိုက် သေးသည် ။

နွယ့် ဆီ က ကတိ တစ်လုံးကြောင့် သူ့ စိတ် ထဲ တစ်မျိုးကြီး ဖြစ်ခဲ့ရသည် ။

သည်သို့ သည်ပုံ နဲ့ ပဲ စာမေးပွဲကြီး လည်း စစ်ပြီးခဲ့ပြီ ၊ ကျောင်းသူ ကျောင်းသား တွေ အားလုံးလည်း ကိုယ့် မြို့ ကိုယ့် ဒေသ ဆီ ပြန် ကုန်ကြပြီ ။

အောင်စာရင်း တွေ ထွက်တော့ သူတို့ အားလုံး အောင်ကြပါသည် ။ နောက်ဆုံး နှစ် ပြီးခဲ့ပြီမို့ ဘွဲ့ တစ်ခု စီ ကိုယ်စီ ပိုက် ခဲ့ကြပါပြီ ။

ချစ်သူ နဲ့ ခွဲခွာ နေရတာ ကြာပြီမို့ တစ်ခါတည်း လက်ထပ် ယူဖို့ သူ ဆုံးဖြတ်သည် ။ ဒါကြောင့် နွယ့် ကို ဖွင့် ပြောပြပြီး တောင်ကြီး ကို သူ ထွက်ခဲ့သည် ။

သို့သော် ...

တောင်ကြီး ရောက် သွားတော့ မျှော်လင့်ချက်တွေ ပျောက် ဆုံး ကုန်သည် ။ မေသူ က အတွေ့ ပင် မခံတော့ ။ ခြံ တံခါးဝ က လှည့် ပြန်ရတာ မနည်းတော့ ။ တည်းခိုခန်း မှာ တစ်ယောက် တည်း ငေါင်တောင်တောင် နဲ့ ရူးချင်ချင် ဖြစ် လာသည် ။

နောက်ဆုံး အကြောင်း သိ သူငယ်ချင်း တစ်ယောက် ဆီ မှာ အကူအညီ တောင်းပြီး မေသူ နဲ့ တွေ့ ဖို့ ကြိုးစား ရသည် ။ ဒါက နောက်ဆုံး ကြိုးစားခြင်း လို့ စိတ် ထဲ ယတိပြတ် ချမှတ်သည် ။

မေသူ နဲ့ တွေ့ခွင့် ရခဲ့သည် ။ ပုံစံတွေ အချိုးတွေ က အံ့သြစရာ ကောင်း လောက်အောင် လုံးဝ ကို ပြောင်းလဲ နေသည် ။ သူမ နဲ့ ချစ်သူ ဘဝ မှာ နှစ်ကိုယ်တူ ကြည်ဖြူ ခဲ့ပါသည် ဆိုတာ ကို တောင် ဘယ်လို ပြောရမှန်း မသိလောက်အောင် သူစိမ်း တွေ ဆန် ပြခဲ့သည် ။

မေသူ ရဲ့ စကားလုံးတွေ က ပြတ်သားသည် ။ မာကျောသည် ။ ရက်စက်လွန်းသည် ။

ပြီးခဲ့တာတွေ မေ့ ပစ်လိုက်ပါတဲ့ ၊ သူမ ကတော့ အိပ်မက် တစ်ခု လို့ ပဲ သဘော ထားလိုက်ပါသည် တဲ့ ။ နယ်စပ် က လုပ်ငန်းရှင် တစ်ဦး နဲ့ မကြာမီ ခမ်းခမ်းနားနား လက်ထပ်တော့မည်တဲ့ ။ ကျေးဇူးပြု၍ မနှောင့်ယှက်ပါနဲ့ တဲ့ ။

ခံစားချက် ကင်းမဲ့စွာ ပြောစရာ ရှိတာ ဒိုးဒိုးဒေါက်ဒေါက် ပြောချပြီး နှုတ်ပင် မဆက်ဘဲ ပြန် သွားခဲ့သည် ။ ရိုင်းလိုက်လေခြင်း ရယ် လို့ စိတ် ထဲ မှာ တဆတ်ဆတ် နာကြည်း ခဲ့ရသည် ။

သည်တော့ ယောက်ျား မာန က ထောင်းခနဲ ထ လာသည် ။ သွားစမ်းပါ ၊ ဒါမျိုး ဖြစ် လာမှတော့ ကိုယ့် လမ်း ကိုယ်လျှောက် ကြရုံ ပဲပေါ့ ။

ချက်ချင်းပဲ တောင်ကြီး က ပြန်ချလာခဲ့သည် ။ ကိုယ့် ကို မချစ်တော့လို့ စွန့်ခွာ သွားတဲ့ မိန်းမတစ်ယောက် အတွက် ဘာမှ ကြေကွဲ နေစရာ မလို ။

သူမ ပြောခဲ့သလို မေ့ပစ်ခြင်းသည် သာ အကောင်းဆုံး ပါပဲ ။ စိတ် ကို တင်းခဲ့သည် ။

အပြန် ခရီး မှာ စိတ် ကို အံ့သြဖွယ် ထိန်းကျောင်း နိုင်ခဲ့သည် ။ ဘာမှ မဖြစ်သလိုပါပဲ ။

စီး လာတဲ့ ခရီးသည် ပို့ဆောင်ရေး ကား က ဇာတိ မြို့ ကို ရောက်လာသည် ။ ကားဂိတ် မှာ ငြိမ့်ခနဲ ထိုး ရပ်လိုက်သည် နှင့် ခရီးဆောင်အိတ် ကို ပခုံး မှာ ချိတ်ဆွဲ ပြီး ကား ပေါ် က ဆင်းသည် ။

သည်မှာ မလှမ်းမကမ်း မှာ စက်ဘီးလေး နဲ့ ရပ် နေတဲ့ နွယ့် ကို လှမ်း တွေ့သည် ။ ဆိုတော့ သူ့ မှာ အံ့သြ သွားရသည် ။ နွယ့် ကို လှမ်း ကြည့်ရင်း တစ်လှမ်းချင်း လျှောက် သွားခဲ့သည် ။ နွယ် က အားငယ် စိုးရွံ့စွာ မဝံ့မရဲ နဲ့ ငေး ကြည့်ရင်း လျော့ရဲ တဲ့ အပြုံး တစ်စ နဲ့ ဆီးကြိုရှာသည် ။

နွယ့် ရှေ့ မှာ မားမားမတ်မတ် ရပ် သည် ။ နွယ် နဲ့ အကြည့် ချင်း ဆုံ လိုက်သည် ။ နွယ့် မျက်လုံး ထဲ မှာ တစ်စုံတစ်ရာ ကို ရှာဖွေ ကြည့်သည် ။

မျက်လုံး ဆို သည် က စိတ် ၏ ပြတင်းပေါက် ပဲ မဟုတ်လား ။ သည်မှာ ပဲ သူ လိုချင်သည့် အဖြေ တစ်ခု ကို ရ လိုက်သည် ။ နွယ် လက်ဖဝါး နုနုလေးတွေ ကို ဆုပ်ကိုင် လိုက်သည် ။ နွယ့် လက်ချောင်းလေးတွေ တဆတ်ဆတ် တုန် လို့ပါလား ။

______________________

တက္ကသိုလ်စိုးနောင်

ရုပ်ရှင်သစ္စာမဂ္ဂဇင်း
အမှတ် (  ၂၃၀  )
၂ဝဝဝ ပြည့်နှစ် ၊ နိုဝင်ဘာလ

#ကိုအောင်နိုင်ဦး

Wednesday, September 28, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၁ )


 အခန်း ( ၁၁ )


ဗီဒီယို ရိုက်ကွင်း သည် သူ နှင့် စိမ်း နေသောကြောင့်လား မသိ ။ သူ့ မျက်စိ ထဲတွင် အရာရာ တိုင်း သည် အသစ် အဆန်း ဖြစ်ကာ ရှုပ်ယှက်ခတ် နေလေသည် ။


သူ့ ဦးလေး ဖြစ်သူ ရတနာပုံစောဝင်း က လည်း ဒါရိုက်တာ မှန်း မသိ သိအောင် တမင် စတိုင် လုပ်နေသလား ဟု ပင် ထင် ရ၏ ။ စပီကာ တပ်ထားသော အော်လံ အငယ်စားလေး တစ်ခု ကို လက် က မချစတမ်းကိုင် ကာ တောင်အော်

မြောက်အော် ဖြင့် ' ကင်မရာ ကို ဟိုဘက်ချိန် ၊ ဒီဘက် က ချိန် ...' စသဖြင့် စွတ် ပြောနေသည် ။ တကယ်တော့ စပီကာ ဖြင့် အဲသည်လောက် အော် ပြောနေစရာ မလို ။ လက် လှမ်း တို့ပြီး ပြော လျှင်ပင် ရနိုင် လောက်အောင် နီးကပ် နေသည် မဟုတ်လား ။


စိုးရှား မျက်စိ အနောက်ဆုံးပုဂ္ဂိုလ် ကတော့ ရုပ်ရှင်မင်းသမီး မြနဒီ ကို မိတ်ကပ် လူး ပေးသော အခြောက် ' စိန်လှလှ ' ဖြစ်၏ ။ တစ်ချိန်လုံး သူ့ ကိုယ် သူ ' အလှကလေ အလှကလေ ...' ဟု အသံ တစာစာ ဖြင့် ကြက်မ လို ကတော်ကတော် တွန်ရင်း ရှုတင် တစ်ခု လုံး အနှံ့ ယောက်ယက် ခတ်နေသည် ။


စိုးရှား ကတော့ အဲဒီ ' အလှ ' ဆိုသည့် မိန်းမလျာ က သူ့ အနီး သို့ ရောက် လာတိုင်း ဝင်းဦး ၏ သီချင်း ဖြစ်သော ...


“ တကယ်မမောပန်းစေရန်ကိုကွယ် ... ပြော ... ပြောပြမယ် ...

ကိုယ့်ဋ္ဌာနေ ဝန်းကျင်မှာကွယ် တကယ်ကို ' အလှ ' ရှိတယ် ...”


ဟူသည့် စာသား ကို အော်ဟစ်ပြီး ဆိုပစ် လိုက်ချင် စိတ် ပေါ် လာ၏ ။


ဒါရိုက်တာဦးစောဝင်း က ရှူတင်မန်နေဂျာ ကို အော်ဟစ်ကြိမ်းမောင်း နေသသည် ။


“ ဟေ့ကောင် ... မောင်သက် ... နေ့လည် ကျ ရင် ရိုက်မယ့် Scene မှာ မင်းသမီး နဲ့ အတွဲ ပါရမယ့် ကောင်မလေး ကို ရှာ ထားပြီးပြီလား ...”


“ ဗျာ ... ဆရာ ဘယ်ကောင်မလေး ပါ လို့လဲ ...”


“ ဟာ ... မင်းတို့ အဲဒါ ခက်တာပဲ ၊ မိခင် ဆိုတဲ့ ကောင်မလေး လေကွာ ၊ ရော့ ... ဒီမှာ ဇာတ်ညွှန်း ထဲ မှာ ကြည့်ဦး ... ' မိခင် နှင့် မြနဒီ အပြန်အလှန် စကားပြော ...'  တဲ့ ... တွေ့လား ...”


ရှူတင်မန်နေဂျာ မောင်သက် က ဇာတ်ညွှန်းစာရွက် ကို ယူကာ ပါဝင်ရမည့် သရုပ်ဆောင် စာရင်း ကို ကြည့်ပြီး ခေါင်း ကုတ်ရင်း ...


“ ဟာဗျာ ... ဆရာ က လည်း မိခင် ဆိုတာ လူ နာမည် မဟုတ်ဘူးဗျ ၊ အမေ ... အမေ ကို ပြောတာ ၊ ဘယ်က ကောင်မလေး မှ သွား ရှာစရာ မလိုဘူး ၊ မင်းသမီး အမေ နေရာ က သရုပ်ဆောင် တဲ့ အန်တီစန်း နဲ့ ရိုက်ရမှာ ...”


ဦးစောဝင်း က သူ့ အမှား ကြောင့် ရှက် သွားဟန်တူ၏ ။ ဒေါသတကြီး တောက် ခေါက်လိုက်ပြီး ...


“ တောက် ... ဇာတ်ညွှန်းရေး ဆရာ က လည်း ကွာ ရှည် ကို ရှည်တယ် ၊ အမေ ဆိုရင် လည်း အမေ လို့ ရေးတာ မဟုတ်ဘူး ၊ မိခင်တွေ ဘာတွေ နဲ့  ...ငါ့ ကို အာရုံ နောက်အောင် သိပ် ရေးတဲ့ လူ ... ဟိုတစ်ခါ က လည်း ဘုန်းကြီး လူထွက် ကို ရိုးရိုး မရေးဘဲ ' လူပြန်တော် ' ဆိုပြီး ရေး လို့ ... ငါ့ မှာ လူပျံတော် ပတ္တမြားသွေးဆေးတွေ မှား ပြီး ဝယ်ခဲ့ရ ပြီးပြီ ...”


ဒါရိုက်တာဦးစောဝင်း က ရှက်ရမ်း ရမ်းပြီး ဇာတ်ညွှန်းရေး ဆရာ ကို သာ အပြစ် ပုံချကာ တတွတ်တွတ် ဆဲဆို နေ၏ ။


စိုးရှား ကတော့ ဗီဒီယို ရိုက်ကွင်း ကို ကြည့်ရင်း စိတ်လည်း ရှုပ်သည် ။ ရယ်လည်း ရယ်ချင်၏ ။ တစ်ခါတစ်ရံ တော့ ဦးစောဝင်း ၏ ...


“ မင်းသမီး ကို ခါးလောက် ဖြတ်ပြီး ရိုက် ”


ဟူသော အသံ ကို လည်း ကြားရသည် ။


ကင်မရာ မြင်ကွင်း အကျဉ်းအကျယ် ကို ရည်ညွှန်းပြီး ပြောသော စကား ဖြစ်သော်လည်း ဘေး က လူ အဖို့ ကြား ရသည် မှာ တစ်မျိုးကြီး ဖြစ်နေ၏ ။


မင်းသမီး ကို ခါး က ဖြတ်ပြီး ရိုက် ရင် ခါး ရိုး ကျိုးပြီး ဒုက္ခိတ ဖြစ် သွားမှာပေါ့ ... ဟုလည်း သူရောက်တတ် ရာရာတွေ လျှောက် တွေးနေဖြစ်သည် ။

တကယ်တော့ ဒီနေရာ သည် သူ နှင့် အစိမ်း သက်သက် ။ ဟို ... ပင်လယ်ဓားပြ နှင့် တူသော ကောင်မလေး ကြောင့် သာ မဟုတ်လျှင် ဒီနေရာ တွင် သူ အခုလို ယောင်ချာချာ ဖြစ်နေစရာ အကြောင်း မရှိ ။

အခုတော့ ငါ့ မှာ သက်သက်မဲ့ ... ။


သူ့ ကိုယ် သူ မကျေနပ်သလို တွေး နေမိစဉ်မှာ ပင် နီညိုရောင် Surf ကား တစ်စီး ဝင်လာသည် ။


ဟော ... လာပါပြီ ...

 

သေချင်းဆိုးမလေး ...


ဆိုဖီယာလပြည့်ဝန်း က ကားပေါ် မှ ဆင်းလာပြီး သူမ ၏ အဒေါ်ဖြစ်သူ မြနဒီ ကို အရင်သွား နှုတ်ဆက်သည် ။ ထိုနောက် သူ ထိုင်နေသော နေရာ ဆီ သို့ တန်းတန်းမတ်မတ် လျှောက်လာပြီး ...


“ ရှင် ရောက်နေတာ ကြာပြီလား ...”


“ ရှူတင် စ ကတည်း က ပဲ ...”


အနည်းငယ် မာဆတ်ဆတ် ဖြစ်ကောင်း ဖြစ်နေမည့် လေသံ ဖြင့် စိုးရှား က ပြန် ပြောလိုက်၏ ။


ဆိုဖီယာ က တစ်ချက် ပြုံး သည် ။ စိုးရှား စိတ် ကသိကအောက် ဖြစ်အောင် တမင် နောက်ကျပြီး မှ လာခဲ့ခြင်း အတွက် ကျေနပ်ပျော်ရွှင်သော အပြုံး ။


ပြီးမှ သူမ က မျက်နှာ ကို ချက်ချင်း ပြန် တည်ပစ်လိုက်ပြီး ...


“ ဆောရီးပဲ ရှင် ... မနေ့ည က ရှင် ပြောတဲ့ အကြောင်းတွေ ကို စဉ်းစားရင်း အိပ်လို့ ကို မပျော်တာနဲ့ ဒီနေ့ မနက် အိပ်ရာ ထ နောက်ကျ သွားတယ် ”


ဆိုဖီယာ ၏ ပါးနပ်မှု ကို စိုးရှား အသိအမှတ် မပြုဘဲ နေ၍ မရ ။ မိန်းမဉာဏ် ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့ ... ဟု သူ ကျိတ်ပြီး တွေး မိသည် ။


စိုးရှား က ...


“ ထားလိုက်ပါတော့လေ ... ကဲ ... အခု ကျွန်တော်တို့ ဘယ်မှာ သွားပြီး စကား ပြောကြမလဲ ၊ ဒီ ရိုက်ကွင်း ပေါ် မှာတော့ စကား ပြောလို့ ရမှာ မဟုတ်ဘူး ထင်တယ် ၊ သူတို့ အသံ ဖမ်းတဲ့ အထဲ မှာ ကျွန်တော်တို့ စကား ပြောသံ တွေ ကြောင့် အနှောင့်အယှက် ဖြစ်နေဦးမယ် ” 


“ ရှင် လက်ဖက်ရည် ကြိုက်တတ်လား ၊ ကျွန်မ က တော့ လက်ဖက်ရည် ကျဆိမ့် ကို ကြိုက်တယ် ၊ ဟိုဘက် နား က လက်ဖက်ရည်ဆိုင် မှာ သွား ထိုင်ရအောင်လေ ...”


အအေးဆိုင် သွားရအောင် ခေါ်လိမ့်မည် ဟု စိုးရှား က မျှော်လင့် ထားသော်လည်း တခြားစီ ဖြစ်သွား၏ ။


စိုးရှား က ခေါင်းညိတ် ပြရင်း ...


“ ကောင်းသားပဲ ကျွန်တော် လည်း လက်ဖက်ရည် ကြိုက်ပါတယ် ”


ပြောပြောဆိုဆို ဖြင့် ရိုက်ကွင်းနှင့် အတော် အလှမ်းဝေးသော လက်ဖက်ရည်ဆိုင် ဆီ သို့ ဦးတည် လိုက်သည် ။


သူတို့ နှစ်ဦးသား လျှောက်လာခဲ့ကြသည် မှာ ခြေလှမ်း ဆယ့်လေးငါးလှမ်း မှ ပင် မပြည့်သေးခင် နောက်ဘက် ဆီ မှ လှမ်း ခေါ်သံ ကြား ရ၏ ။


လှည့် ကြည့် လိုက်တော့ ဦးစောဝင်း ... ။ သူ့ အသံပြဲကြီး ဖြင့် ...


“ ဟေ့ ... အဲဒီ နှစ်ယောက် က ဘယ်ကို တိတ်တိတ်လေး လစ်သွားကြမလို့လဲ ...”


“ လက်ဖက်ရည် သွား သောက်မလို့ ... ဦးလေး ...”


“ ဟာ ... မင်း တို့ က လည်းကွာ ... ထမင်း စားခါနီး ကျ မှ လက်ဖက်ရည် သွားသောက်ဦးမလို့လား ၊ နေကြပါဦး ကွ ... ခဏ နေရင် ရှူတင် ခဏ နားပြီး ထမင်း စားကြတော့မှာ ...”


ဟာ ... ပြသနာ ပဲ ... ဟု စိုးရှားနှုတ် က ခပ်တိုးတိုး ညည်းတွားမိသည် ။ အတင်းကြီး ငြင်းဆန်ပြီး ဇွတ်ထွက် သွားဖို့ ကျတော့လည်း မကောင်းပြန် ။


ဒီကြား ထဲ မြနဒီ က ပါ ...


“ လာပါ ... ဆိုဖီယာ ရော ... ဟိုမောင်လေး ပါ ရှူတင်ထမင်းဟင်းလေး စား ဖူးတယ် ရှိတာပေါ့ ...”


ဟု ရယ်ရယ်မောမော ဖြင့် လှမ်းပြော နေသဖြင့် သူတို့ နှစ်ယောက် သား ပြန် လှည့်ခဲ့ရပြန်သည် ။


ခဏနေတော့ ရိုက်ကူးရေး ကို ခေတ္တ နားပြီး ထမင်း စားဖို့ ပြင်ကြဆင်ကြသည် ။ ဦးစောဝင်းနှင့် စိုးရှား ထိုင် နေသော စားပွဲဆီ သို့ မြနဒီ က လာပြီး သူမ ၏ ထမင်းချိုင့် ထဲ မှ ဟင်းများ ကို ခွဲ ထည့်ပေး၏ ။


ထိုစဉ် နံဘေး သို့ အဖြူရောင် ဆလွန်းကား တစ်စီး ထိုး ရပ်ပြီး တီ ... တီ ... ဟု ဟွန်း တီး လိုက်သဖြင့် ဦးစောဝင်း က လှမ်း ကြည့်၏ ။


“ ဟာ ... ကိုသျှပ် ...”


ကား ပေါ် မှ ဆင်းလာသူ က သျှပ်မှူးအိမ် ။ အင်္ကျီလက်ရှည် အစိမ်းကွက်ရောင်ဖျော့ဖျော့ ကို လက်ခေါက် တင် ကာ ဝတ် ထားပြီး ကချင်ပုဆိုးကွက် နှင့် ။

နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ထိုးထိုးထောင်ထောင် နှင့် ကောက်ကွေးလိမ်ခေါက်ပြီး ရှည်လျား နေသော ဆံပင် ဖရိုဖရဲ ကတော့ ထုံးစံ အတိုင်းပင် ။


ကိုသျှပ် က ...


“ ကိုငြိမ်းအေးအိမ် ဆီ ဖုန်းဆက် ကြည့် လိုက်တော့ ခင်ဗျား ရိုက်ကွင်း ဒီမှာ ရှိတယ် ပြောလို့ ဝင် လာတာ ...”


“ လာဗျာ ... ကိုသျှပ် ထမင်း စား သွား ...”


ကိုသျှပ် က စားပွဲဝိုင်း တွင် ဝင်ထိုင်၏ ။ ထိုနောက် ဟင်းခွက်များ ကို ငုံ့ ကြည့်ပြီး ...


“ ဘာဟင်းတွေလဲ ဗျ ...”


“ ဟောဒီ က ပုစွန် ကတော့ မင်းသမီးထမင်းချိုင့် ထဲ က ... ရှူတင် ထမင်းဟင်း ကတော့ ဒီလို ပေါ့ဗျာ ... ဒီမှာ ကြက်သား နဲ့ ပဲကြီးဆူးပုပ်ဟင်းချို နဲ့ မန်ကျည်းရွက်သုပ် ...”


ကိုသျှပ်က သူ့ ပင်ကိုယ်ဟန် အတိုင်း ရယ် လိုက်ရင်း ...


“ ဟာ ... မန်ကျည်းရွက်နုသုပ် နဲ့ ပဲကြီးဆူးပုပ်ဟင်းချို က သိပ်လိုက်တယ်ဗျ ... ဝက်သရက်သီးနှပ် နဲ့ ဆို ပိုတောင် ကောင်း ဦးမယ် ...”


အဲသည်လို စကားမျိုး ပြောချိန်တွင် ကိုသျှပ် ၏ မျက်နှာ သည် အပြစ် ကင်းစင်သော ကလေးတစ်ယောက် နှင့် တူနေ၏ ။


ဦးစောဝင်း က ...


“ ဘယ့်နှယ် ပြောလိုက်တာလဲ ကိုသျှပ်ရာ ... အခုတောင် စားချင်လာပြီ ...”


“ ခင်ဗျား တကယ် စားမှာလား ... မနက်က ကျွန်တော့် အမ ဆီ ဖုန်း ဆက်တော့ အိမ် မှာ ဝက်သရက်သီးနှပ် ချက်တယ် လို့ ပြောတယ် ၊ မကျဉ်းရွက်နု သုပ်တာတို့ ဘာတို့ က အိမ် ကျ မှ လုပ်ရင် ဖြစ် တာပဲ ”


ဟင်းကောင်းကောင်း ကြိုက်တတ်သော ဦးစောဝင်း ၏ မျက်လုံးတွေ က အရောင်တောက်ပ လာပြီး ...


“ ဟာ ... ကိုသျှပ် အမေ ရဲ့ လက်ရာ ဆို ကောင်း မှာ ဗျ စားမယ် ဗျာ ...”


“ တကယ် စားမယ် ဆိုရင် လာဗျာ ... ကျွန်တော့် ကား ပေါ် တက် အခု သွားရအောင် ...”


ကိုသျှပ် က ပြောပြောဆိုဆို နှင့် ထ ရပ်ပြီး ကားတံခါး ဖွင့်သည် ။ စိုးရှား ရော ဦးစောဝင်း ပါ မနေသာတော့ဘဲ စားလက်စ ထမင်းပန်းကန် ကို ဒီအတိုင်း ထားကာ ကိုသျှပ် ၏ ကား ပေါ် တက် ရတော့သည် ။


ဦးစောဝင်း က မြနဒီ ကို လှမ်းပြီး ...


“ ခဏလေးနော် ... ဒီ ... ကိုသျှပ်အိမ် ကို လိုက် သွားလိုက်ဦးမယ် ” 


စိုးရှား က လည်း ဆိုဖီယာလပြည့်ဝန်း ရှိရာဆီ သို့ တစ်ချက် လှမ်းကြည့်သည် ။ သူမ က လည်း ကြည့် နေသည် နှင့် မျက်ဝန်းချင်း ဆုံ၏ ။


အကြည့်သက်သက် ဖြင့် သာ ' ခဏစောင့်နော် ... ' ဟု အဓိပ္ပါယ် ပါ အောင် မျက်လုံး က နှုတ်ဆက်လိုက်သည် ။


သူမ က မျက်တောင် တစ်ချက် ကို သိသာအောင် ခတ် ပြ၏ ။


မျက်ဝန်းချင်း နှုတ်ဆက်၍ မဆုံးခင် မှာ ပင် ကိုသျှပ် က သူ့ကား ကို ပြည်လမ်းမ ဆီသို့ ဦးတည် မောင်းထွက် လိုက်လေသည် ။


•••••   •••••   •••••   •••••


ကား ပေါ် တွင် ကိုသျှပ် က သူနောက် ထုတ်မည့် စီးရီးအတွက် ရွေးချယ်ထားသည့် သီချင်းအကြမ်းများ ကို ဖွင့် ပြသည် ။ စိုးရှား နှင့် ဦးစောဝင်း ကတော့ တောင်ပြောမြောက် ပြောတွေပြောလိုက် စိတ်ကူး တည့် ရာ အကြံ ပေးလိုက် နှင့် ရယ်ကာ မောကာ စကား ကောင်း လာကြသည် ။


သတိထားမိတော့ ကား က လှည်းကူး ကို ပင် ကျော်လွန်လာစ ပြုပြီ ။ ပဲခူး သို့ ပင် ရောက်တော့မည် ။


သည်တော့မှ ဦးစောဝင်း က အထိတ်တလန့် ဖြင့် ...


“ ဟေ့လူ ကိုသျှပ် ... ဘယ်ကို မောင်း နေတာလဲ ၊ ပဲခူး တောင် ရောက် တော့မယ် ...” 


“ ကျွန်တော့် အမေ အိမ် ကိုလေ ... ခင်ဗျား ပဲ အိမ် ကို လိုက်ပြီး ထမင်း စားမယ် ဆို ...”


“ ဟုတ် ... ဟုတ်တော့ ဟုတ်တယ်လေ ... ကိုသျှပ် ရဲ့ ... အခု မောင်း နေတာ က ...”


“ မော်လမြိုင် မှာ ရှိတဲ့ ကျွန်တော့် အမေ အိမ် ကို သွား နေတာလေ ...”


“ သေပြီဗျာ ...”


ဦးစောဝင်း က ပါးစပ် အဟောင်းသား ဖြစ် သွား၏ ။ ကိုသျှပ် က တော့ အေးအေးဆေးဆေး ပင် ။ ကား ကို မောင်းမြဲ မောင်း နေသည် ။ သူ ဘာတစ်ခု မှ အမှားအယွင်း မလုပ်ခဲ့သည့် အတိုင်း ။


ပြူးတူးပြဲတဲ ဖြစ် နေရသူ က တော့ ဦးစောဝင်း ...


“ မဖြစ် ... မဖြစ်ဘူး ထင်တယ် ကိုသျှပ် ရဲ့ ... ကျွန်တော့် မှာ ရိုက်လက်စ ရှူတင် ကို တန်းလန်းကြီး ထား ပစ်ခဲ့ရတာ ...”


ကိုသျှပ် က ဘာမှ မသိနားမလည်သူ တစ်ယောက် လို အပြစ် ကင်းစင်သော မျက်နှာ အမူအရာ ဖြင့် ဦးစောဝင်း ကို လှည့် ကြည့်ရင်း ...


“ ဒါနဲ့ ခင်ဗျား ပြောတော့ ထမင်း လိုက်စားချင်တယ် ဆို ...”


သူ့ စကား ကြောင့် ဦးစောဝင်း က ခေါင်းကို ကုတ်ရင်း စိတ်ကျဉ်းကျပ်စွာ ဖြင့် ...


“ အဲ ... ဟုတ်တော့ ဟုတ်တယ် ၊ ဒါပေမယ့် ဟို ...”


အ, တီးအ, ထစ် ဖြင့် ဘာ ပြောရမည်မှန်း မသိ ဖြစ်နေ၏ ။ ကိုသျှပ် ကတော့ လီဗာ ကို နင်းကာ ကား ကို အရှိန် မြှင့် လိုက်ရင်း ...


“ ကဲ ... ထမင်း လိုက် မစားတော့ဘူး ဆိုရင်လည်း ကား ပေါ် က သာ ခုန်ချပြီး နေရစ်ခဲ့ ဗျာ ...”


ဝေါခနဲ ပြေး နေသည့် ကားအဖြူရောင်လေး က ရန်ကုန် - ပဲခူး ကားလမ်းမ ပေါ်တွင် တရိပ်ရိပ် ...


ဦးစောဝင်း က တော့ ဝက်ဝံအိုကြီး တစ်ကောင် လို ငူငူငိုင်ငိုင် ။ နောက်ဆုံး ပဲခူး သို့ ရောက်သော အခါတွင် မှ ( အဲသည်တုန်း က ပဲခူး တွင် GSM ဖုန်းလိုင်း မမိသေးသောကြောင့် ) ကိုသျှပ် ကို တောင်းပန်ကာ လမ်းဘေး ဖုန်း မှ နေပြီး ရန်ကုန် မှာ ကျန်ရစ်နေခဲ့သည့် ရိုက်ကူးရေး အဖွဲ့ ကို ရှူတင် ဖျက်ကြောင်း ပြော လိုက်ရလေတော့သည် ။


ဆိုဖီယာလပြည့်ဝန်း တစ်ယောက် တော့ ဘယ်လောက် တောင် ဒေါ ကန် နေ မလဲ မသိ ။


•••••   •••••   •••••   •••••


မော်လမြိုင် ကို ခရီး ဆက် ဖို့ ကားပေါ်  ပြန်တက်ကာ မောင်းထွက် လာကြတော့ ဦးစောဝင်းက ကား ထဲ မှ ကက်ဆက် ထဲ သို့ သီချင်းခွေတစ်ခွေ ထည့်ပြီး ဖွင့် လိုက်သည် ။ သီချင်းသံ ထဲ မှ စကားလုံးတွေ က အဝေးပြေး ကားလမ်းမ မျက်နှာပြင် ပေါ်  ပြန့်ကျဲ သွား၏ ။


မွန်းကျပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ စီးမျောရင်းလေ . . .

မပြီးသေးတဲ့ ခရီးတစ်ခု . . . 

အဆုံးအထိရောက်ဖို့ ကြိုးစားနေသူမှာ . . .

ရိုးသားတဲ့ကျေးလက် က အမေ့အိမ်လေးအကြောင်း တွေးမိနေလို့ . . .

မြင်ယောင်ကာ အိပ်မက်ရင်း . . .

အလိုလို ငိုချင်တယ် . . .

အိမ်ပြန်ချင်တယ် . . .

ဟူး . . .

ဟူး . . .


___________________________


မင်းခိုက်စိုးစံ


#အောင်နိုင်ဦး


ဘာလုပ်ခဲ့သလဲ


 ❝ ဘာလုပ်ခဲ့သလဲ ❞


ဒီ စာအုပ် ဖတ်တာ နဲ့ အချိန် ကုန် တော့မယ် ။ အဲဒီ ကုန် သွားမယ့် အချိန် ဟာ အကျိုး ရှိ စွာ ကုန်ဆုံးခြင်းလား၊ အကျိုး မဲ့ စွာ ကုန်ဆုံးခြင်းလား ဆိုတာ ကို ဖတ်ပြီးချိန် မှာ ပြန် စဉ်းစားပါ ။


အဲသလိုပဲ ...


ဘာပဲ လုပ်လုပ် တခြား အလုပ်တွေ ကို လည်း လုပ် ပြီးတာ နဲ့ ပြန် စဉ်းစား ကြည့် ။ “ ငါ ဒါ လုပ်လိုက်လို့ ကုန်ဆုံးသွားရတဲ့ အချိန်တွေ ဟာ အကျိုး ရှိ စွာ ကုန်ဆုံးခြင်းလား ။ အကျိုး မဲ့ စွာ ကုန်ဆုံးခြင်းလား ” ဆိုပြီးတော့ ။ ပွင့်ပွင့်လင်းလင်း ရေး ရရင်တော့ ရည်းစား နဲ့ ချိန်းတွေ့ ခဲ့ပြီး ရင် တောင် ပြန် စဉ်းစားပါ ။


“ သူ့ အသား က အတော် ဖြူတာပဲ ၊ လက်ဖဝါး က နုနုလေး ၊ သူ့ ဆံပင်တွေ က တော်တော် သန်တယ် ၊ ငါ့ ထက် အရပ် မြင့်တယ် ”


ဆိုတာမျိုး စဉ်းစားဖို့ ပြောတာ မဟုတ်ဘူးနော် ။ ငါ အချိန် ကုန် ခံပြီး တွေ့ခဲ့ တဲ့ လူ ဟာ ဘဝ အတွက် ဘယ်လို အကျိုး ပြု နိုင်သလဲ ။ သူ ဟာ ငါ့ လုပ်စာ ထိုင် စားဖို့ ကြိုးစား နေတာလား ။ ငါ့ ဘဝ ကို မြှင့်တင်ပေးနိုင်စွမ်း ရှိမယ့် လူလား ။ သူ့ဟာ သူ က မှ အစ်မ အိမ် တစ်လှည့် ၊ ဦးလေး အိမ် တစ်လှည့် ကပ် စား နေရတဲ့ လူလား ။ သူ နဲ့ ငါ ဘဝ တစ်လျှောက် လက် တွဲပြီး ဒုက္ခ တွေ  ပင်လယ် ဝေ ရမှာလား ။ စဉ်းစား ။


အဲသလို စဉ်းစား လိုက် လို့ ကိုယ့် ဘဝ ရှေ့ရေး အတွက် ကောင်းကျိုးထက် ဆိုးကျိုး ဘက် ဦးတည် နေတယ် ဆိုရင် ။


ကိုယ် အချိန် ကုန် ခံပြီး လုပ်သမျှ အလုပ် တိုင်း ကို လုပ် ပြီးတာ နဲ့ စဉ်းစားပါ ။ သုံးသပ်ပါ ။ အကျိုး မဲ့ တဲ့ အလုပ် မျိုး လုပ် မိရင် နောင် မလုပ်မိအောင် ရှောင် ။ အကျိုး ရှိတဲ့ အလုပ်မျိုး လုပ် မိရင် နောက် ဆက် လုပ် ။ လုပ်ခဲ့ သမျှ စဉ်းစားတာ ၊ ဝေဖန်တာ ကို အလေ့အကျင့် လုပ်လိုက်ရင် နောက်တော့ တစ်ခု ခု လုပ်တော့မယ် ဆိုတာ နဲ့ ငါ လုပ်မယ့် အလုပ် ဟာ အကျိုး ရှိ တဲ့အလုပ် လား ။ အကျိုး မဲ့ တဲ့ အလုပ် လား ဆိုတာ ကြို တွေးမိလာလိမ့်မယ် ။ အဲသလို တွေး မိလို့ မလုပ်သင့်တဲ့ အလုပ် ဆိုရင် ရှောင် ။ မလုပ်မိစေနဲ့ ။ လုပ်သင့်တဲ့ အလုပ် မှ လုပ် ။


ကိုယ် လုပ်မယ့် အလုပ် မှန်သမျှ သင့် - မသင့် ကြို တွေးမိတဲ့ အလေ့အကျင့် ဖြစ်ပြီ ဆိုရင် ငါ့ တူမများ ဘဝ တိုးတက်ပြီပေါ့ ။


◾ ကံချွန်


📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )


#ကိုအောင်နိုင်ဦး


.

တင်ကျီး တစ်ဝမ်း ဗျိုင်း တစ်ဝမ်း


 

❝  တင်ကျီး တစ်ဝမ်း ဗျိုင်း တစ်ဝမ်း  ❞

( ၁ )

“ ဆင်းရဲငတ်မွတ်ခြင်း က တံခါးမကြီး ကို လာ၍ ခေါက်သော အခါတွင် … ချစ်ခြင်းမေတ္တာ တို့ သည် လည်း ပြတင်းပေါက် မှ ထွက်ခွာပြေးသွားလေ့ ရှိတတ်ပါသည် ”

( ၂ )

သူ နှင့် တွေ့ ရ၍ ကျွန်တော် ပျော်ပါသည် ။ သူ့ ကို ကျွန်တော် နှစ်သက်ပါသည် ။ ကျွန်တော် ပျော်ခြင်းကား သူ နှင့် တွေ့ ရသည် ထက် သူ နှင့် အတူ ရင်းနှီးစွာ နေရခြင်း ကြောင့် ပင် ဖြစ်ပါသည် ။ ထို့ကြောင့်ပင် သူ့ ကို ကျွန်တော် နှစ်သက်သည် ဟု ဆိုမိပါသည် ။ သူ ဆိုသည် ကား မလေးနွယ် တည်း ။

မလေးနွယ် က လှ၏ ၊ ချော၏ ၊ သို့သော် ဆင်းရဲသည် ။ ကျွန်တော် က အရုပ်ဆိုး၏ ၊ အကျည်းတန်၏ ၊ မလေးနွယ် ကဲ့သို့ ပင် လည်း ဆင်းရဲသူ ဖြစ်သည် ။ ထို့ကြောင့် ပင်လျှင် ဆင်းရဲသော သူ အချင်းချင်း သတင်းလွေ့လွေ့  ပေါင်းဖက် တွေ့ ခဲ့ရခြင်း ဖြစ်ပါသည် ။

သို့သော် မလေးနွယ် ၌ ခေါ်မည့် သူ ပြောမည့် သူ အရောဝင်မည့် သူ အလျှံပယ် လျက် ရှိ၏ ။ အကြောင်းမူ မလေးနွယ် ၏ အလှ ၌ ခုံမင်ယစ်မူး မျှော်လင့်ဇော ထားကြ ၍ ဖြစ်လေ၏ ။ ထိုကဲ့သို့ သဘော ထားလေ့ရှိသူများ ကား မလေးနွယ် နှင့် ဆန့်ကျင်ဘက် သဘာဝ ဖြစ်သော ယောက်ျားသား များ တည်း ။

ကျွန်တော့် ၌ မူ ခေါ်မည့် သူ ၊ ပြောမည့် သူ ၊ အရော ဝင်မည့် သူ ဟူ၍ နည်းပါးလှချေ၏ ။ အကြောင်းမူ ကျွန်တော် သည် အရုပ်ဆိုး၏ ။ အကျည်းတန်၏ ။ ကျွန်တော် ကဲ့သို့ သော ယောက်ျားသား နှင့် ဆန့်ကျင်ဘက် မိန်းမ တို့ ၌ ကား အလှအပ ဟူသည် မက်မောဖွယ်ရာ ဖြစ်၏ ။ ထို့ကြောင့်ပင် လျှင် ကျွန်တော့် ၌ ခုံမင်ယစ်မူး မျှော်လင့်ဇော ထားမည့် သူ ကင်းမဲ့လေခြင်း ဖြစ်သည် ။

ဤအခါ၌ ကျွန်တော့် အတွက် အားကိုးစရာ ကား မမတင့် သာ လျှင် ဖြစ်ချေတော့သည် ။ မမတင့် မှာ တစ်ကိုယ်ရေ တစ်ကာယ အပျိုကြီး ဘဝ နှင့် နေသူ ဖြစ်၏ ။ မိဘ နှစ်ပါး တွင် ရှိသည့် ပစ္စည်းပစ္စယ မှာ လည်း သူ့ အတွက် ဆို တစ်သက်တာ သုံး၍မျှ မကုန်နိုင်အောင် ဖြစ်၏ ။ ကျွန်တော် နှင့် မမတင့် မှာ မေမေ မှ တစ်ဆင့် သိကျွမ်းရသူများ ဖြစ် ကြ၏ ။ မမတင့် သည် ကျွန်တော် ခင်မင်သည်ထက် မမတင့် ကို မေမေ က ပို၍ လေးစားရ၏ ။ အကြောင်းမူ မေမေ့ ကုန်ဆိုင်ကလေး မှာလည်း မမတင့် ၏ ငွေကြေး ဖြင့် တည်ထောင် ထားရသော ဆိုင် ဖြစ်လေသောကြောင့် တည်း ။

တောနယ် သဘာဝ ဖြစ်၍ ကျောင်းချိန် မှ တစ်ပါး ကျွန်တော် ၌ အားလပ်လွန်းလှသည် ။ ပျော်ပွဲရွှင်ပွဲ ဟူ၍ လည်း မရှိလှချေ ။ ကျောင်း ဆင်း သည် ဆိုလျှင်ပင် မေမေ့ ဆိုင် သို့ရောက်၍ ဗာဟီရကိစ္စများ ကို ပြုလုပ်လေ့ ရှိသည် ။ မေမေ့ ကုန်ပစ္စည်းများ ကို သိမ်းဆည်းထုပ်ပိုး ၍ နေချိန်များ ၌ မေမေ မှာ ကျွန်တော့် ကို ကြည့်ကာ ဝမ်းသာအားရ ပြော ရှာပါသည် ။

“ ငါ့ သား ကတော့ သိပ်အားကိုးရတဲ့ သားပဲ ၊ မေမေ ဖြင့် ငါ့ သား ပင်ပန်း မှာ စိုးပါတယ်ကွယ် ၊ အိမ် ပြန် အေးအေးဆေးဆေး စာလေး ဘာလေး ကျက်ဦးပေါ့ ၊ မေမေ့ ဟာ မေမေ သိမ်းပါ့မယ် ... ” ဟုပင် မေမေ က ဝမ်းသာအားရ ပြော ရှာပါသည် ။

ဤအခါ၌ မေမေ့ အပြုံး ကိုကြည့်၍ ကျွန်တော် ပီတိ ဖြစ် ရပါသည် ။ တစ်ခါတစ်ရံ ဤသို့သော အချိန်များ ၌ ဆိုင် ရှေ့သို့ မမတင့် က ရောက် လာတော့သည် ။ သည်အခါများ ၌ မေမေ သည် တစ်ဦးတည်းသော သား ဖြစ်သူ ကျွန်တော့် အပေါ် ၌ ဂုဏ်ယူဝင့်ကြွားလိုဟန် ဖြင့် “ အဲဒါပဲ ကြည့်တော့ တင့်တင့် ရေ ... ညည်း မောင် က တော့ အတော် အားကိုး ရတယ် ။ ခုလည်း အမေ ပင်ပန်းမှာ စိုးလို့ ကျောင်း ဆင်းတာတောင် ဘယ်မှ မလည်ဘဲ အမေ့ အလုပ်တွေ ကူ လုပ်နေတယ် .. ” ဟု ပြော ရှာပါသည် ။

သည်အခါ ၌ မမတင့် က ကျွန်တော့် အပြုအမူ ကို ကြည့်၍ ခပ်ထေ့ထေ့ ပြုံးရင်း .….“ ခုတော့ ငယ်သေးတာ ကိုး အရီး ရယ် ၊ တော်တော်ကြာ ကျတော့ ကြိုက်တာ တွေ့ ရင် မိုက်ပါလိမ့်မယ် နော ” ဟု ပင် ရယ်သွမ်းသွေး၍ ပြောလိုက်ပါတော့သည် ။

မမတင့် ထိုကဲ့သို့ ပြောသွားခဲ့သော စကားရပ် ကို ကျွန်တော် မမေ့ နိုင်ပါချေ ။ ထို့ကြောင့်ပင်လျှင် မလေးနွယ် နှင့် ပတ်သက်၍ မမတင့် ကို ကျွန်တော် ဖွင့်ဟ ၍ တိုင်ပင် မိပါချေသည် ။

“ မမတင့် … မလေးနွယ် ကို သိသလား ဟင် ”

ရုတ်တရက် ကျွန်တော် ကောက်ကာငင်ကာ မေး လိုက်သော စကားကြောင့် မမတင့် မှာ အံ့အားသင့်သွားသည် ။

“ ဟဲ့ .. သိတာပေါ့ ၊ တို့ အနောက်လမ်း က ကုန်စိမ်းသည် မမယ်ခင် သမီးကလေး ပဲ ၊ မင်းတို့ ကျောင်း မှာ နေတယ် မဟုတ်လား ... ” ဟု ပင် ပြန်၍ ဖြေပါတော့သည် ။

“ ဟုတ်တယ် မမတင့် ... အဲဒီ ကောင်မလေး မလှဘူးလား ဟင် .. ” ဟု ပင် ကျွန်တော် က ဝမ်းသာအားရ ဆက်၍ မေး မိပါသည် ။

“ မင်းတို့ ခေတ် မျက်စိ နဲ့ တော့ လှ သပေါ့ကွာ ၊ အမှန် တော့ မိန်းကလေး ဆိုတာ ဒီ အရွယ် အလှဆုံး အချိန် ပဲ ၊ ယောက်ျားကလေးတွေ ရဲ့ မျက်စိ ထဲ မှာ ချစ်စရာ အကောင်းဆုံး အချိန်ကိုး ကွ ” ဟု မမတင့် က ဆက်၍ ပြောပြန်ပါသည် ။ ဤအခါ ၌ မမတင့် ၏ သိတတ်သော စိတ် ကို ကျွန်တော် ကြည့်၍ ချီးကျူးမိပါသည် ။

“ ဒါပေါ့ မမတင့် ရာ … မလေးနွယ် ကို ကျွန်တော် ရှင်းရှင်း ပြော ရရင် ချစ် နေမိတယ် ၊ သူ က လည်း ကျွန်တော့် ကို ချစ်တယ် ဆိုပါတော့ ”

ကျွန်တော် က မရှက်မကြောက်နိုင်ဘဲ ဖွင့်၍ ပြောမိသော အခါ မမတင့် မှာ ဟက်ဟက်ပက်ပက် ရယ်ပါလေတော့သည် ။

“ အံမာလေး မောင်မြလှိုင် ရာ မင်း က ခုမှ ကျောင်းသား ရှိ သေးတယ် ၊ ဟို ကလည်း ဆင်းရဲပါဘိ သ နဲ့ ၊ မင်း တို့ နှစ်ယောက် ချစ်ကြရုံ နဲ့ ပြီး မတဲ့လား ” ဟု ပင် မမတင့် က ရယ်ရလွန်း ၍ စို့ထွက်လာသော မျက်ရည်စများ ကို သုတ်ရင်း မေး ပြန်ပါတော့သည် ။

“ ဒါတော့ မမတင့် ရာ ဆင်းရဲတာ ချမ်းသာတာ ဘေးထား ၊ ချစ်တာ သာ ပဓာနမ ဟုတ်လား ၊ မမတင့် တို့ ခေတ် တုန်းက တူနှစ်ကိုယ် တဲအိုပျက် မှာ နေရ ဆိုတဲ့ သီချင်း တောင် ပေါ် ဖူးသေးတယ် မဟုတ်လား ”

ကျွန်တော် က ဆင်ခြေ တက်မိသည် ။ မမတင့် မှာ အရယ် ရပ်လိုက် ပြီး “ အေးပေါ့ကွယ် ချစ်တုန်း ခင်တုန်း ဆိုတော့ လောကကြီး ရဲ့ စားဝတ်နေရေးကို ဘယ် သိကြဦးမလဲ ” ဟု သူ့စကား ကို ဤမျှ နှင့် ရပ် လိုက်ပါတော့သည် ။

ကျွန်တော့် မှာ မမတင့် နှင့် တွေ့တိုင်း ပင် မလေးနွယ် အကြောင်း ကို မပြောရဲအောင် ဖြစ် လာရတော့သည် ။ ကျွန်တော် နှင့် မလေးနွယ် ချစ်နေကြောင်း မမတင့် အား အသိ ပေး ခဲ့ခြင်းမှာ မှားယွင်း နေခဲ့ပြီလော ဟု သံသယ ဖြစ်ရပါသည် ။ အကြောင်းမူ မလေးနွယ် လို ဆင်းရဲသော သူများ အပေါ် ၌ မမတင့် ကဲ့သို့ ချမ်းသာသော သူများ က အထင် သေး လေ့ ရှိ တတ်သောကြောင့် ဖြစ်၏ ။ ထို့ထက် မမတင့် ၏ ငွေကြေးသြဇာရေး ၌ ခိုလှုံနေကြ ရသော ကျွန်တော် တို့ သားအမိ အပေါ် တွင် မမတင့် အနေ နှင့် ကျွန်တော့် နှင့် မလေးနွယ် ၏ ကိစ္စ ကို မေမေ့ အပေါ် ၌ တစ်စုံတစ်ခု ပြောလိုက်ခြင်း အား ဖြင့် ကျွန်တော်တို့ ၏ ချစ်ဗိမာန်ကလေး ပြိုပျက်သွားမည် ကိုလည်း စိုးရိမ် ရပါသေးသည် ။ ထို့ကြောင့်ပင်လျှင် မလေးနွယ် နှင့် တွေ့ သည့် အခါ၌ ကျွန်တော့် မှာ အလောသုံးဆယ် ဖြစ်ရပြန်သည် ။

“ ကိုယ်တို့ နှစ်ယောက် တစ်နေရာရာ ထွက် ပြေးကြပါစို့လား နွယ် ရယ် ၊ ကိုယ် တော့ နွယ် နဲ့ မြန်မြန် နေချင်လှပြီ ” ဟု ပူဆာ မိပါသည် ။

“ ဘာဖြစ်လို့ ဒီလောက် လောနေရတာလဲ ကိုမြလှိုင် ရယ် ၊ နွယ် က ဘယ် ထွက်ပြေး မှာ မှတ်လို့ နေ့တိုင်း ကျောင်း မှာ လည်း တွေ့ နေရတာပဲ ၊ အိပ် မှာ ဆိုရင်လည်း အိပ်တဲ့ မျက်စိ ပဲ ခွဲကြတာ မဟုတ်လား ဒါနဲ့များ ဘာတွေ တွေး ပူနေရတာလဲ ” ဟု မလေးနွယ် က ခပ်ပေါ့ပေါ့ ပင် ပြန်၍ ပြောပါသည် ။

“ မဟုတ်ဘူး နွယ် ၊ လူ ဆိုတာ ရှေ့ရေး ကို တွေးနိုင် မှ တော်ရုံ ကျတာ ၊ ရှေ့မှာ ဘာတွေ ဖြစ်လာမယ် ဆိုတာလည်း ၊ တို့များ သိနိုင်တာ မဟုတ်ဘူး ၊ အခြေအနေ ဆိုတာ ရုတ်တရက် အမျိုးမျိုး ပြောင်းလဲ တတ်တယ် မဟုတ်လား ၊ မတော်လို့များ ဒီ ကြားထဲ မှာ နွယ့် ကို ဒီ့ပြင် လူ နဲ့ ပေးစား လိုက်ရင် ကိုယ် ရင် မကွဲရပါလား ”

ကျွန်တော် က စောဒက တက်မိသည် ။ ဤအခါ ၌ မလေးနွယ် က ဟက်ဟက်ပက်ပက် ရယ်ပါချေသည် ။

“ အံမယ်လေး ကိုမြလှိုင် ရာ အလုပ် မရှိ အလုပ် ရှာ ပူ တတ်ရင် ကော ၊ ဒိပြင် လူ နဲ့ ပေးစားလို့ကော နွယ် က ယူ မှာ တဲ့လား ၊ ချစ်ခြင်းမေတ္တာ ဆိုတာ နွယ် နဲ့ ကိုမြလှိုင် လို ဆင်းရဲတဲ့ လူ အချင်းချင်း မှ သာ နှစ်နှစ်ကာကာ ချစ် တတ်ကြတာ ။ ကိုမြလှိုင် ဘယ် ဘဝ ပဲ ရောက် နေနေ နွယ် ကတော့ ချစ် ရမှာပဲ ၊ ကိုမြလှိုင် က သာ ဒီ ဆင်းရဲတဲ့ ဘဝကြီး က လွတ်မြောက်အောင် ကြိုးစားဖို့ လိုတယ် ။ အဲဒီ အချိန် မှာ နွယ် နဲ့ ကိုမြလှိုင် ဘဝသစ် ကို ထူထောင်ကြဖို့ပဲ ရှိ တော့တာပေါ့ ” မလေးနွယ် က ရှည်လျားစွာ ရှင်းပြ လိုက်ပါတော့သည် ။ ဤသို့သော မလေးနွယ် ၏ စကား ကို ကြား ရသည်မှာ ကျွန်တော့် ရင် မှာ ဝမ်းသာချမ်းမြေ့ ရပါသည် ။ ဝမ်းသာအားရပင် မလေးနွယ် အား ကတိ တစ်ခု ကို လည်း ပေး မိပါတော့သည် ။

“ ဘာပဲဖြစ်ဖြစ် ကိုယ် ဒီနှစ် ဆယ်တန်း အောင် အောင် ဖြေမယ် ၊ ဆယ်တန်း အောင် ပြီး ရင် ရတဲ့ အလုပ် ကို ဝင် လုပ်မယ် ၊ ဘယ် အလုပ် ပဲ လုပ်ရ လုပ်ရ ရတဲ့ ငွေ နဲ့ ကိုယ့် ချစ်သူ ကို တစ်အိုးတစ်အိမ် ထား နိုင်ရင် ဘဝ မှာ ပျော်စရာ ပဲ ။ ဒီနေ့က စပြီး ကိုယ်တို့ နှစ်ယောက် နီးဖို့ အရေး အတွက် ကိုယ် မဖြစ်မနေ ကြိုးစားတော့မယ် ”

ကျွန်တော် ၏ စကား အဆုံး၌ ဝင်းပသွားသော မလေးနွယ် ၏ မျက်နှာကလေးကို မြင် လိုက်ရပါတော့သည် ။

( ၃ )

ပဲ့ မပါသော လှေ သည် လိုရာ ခရီး သို့ မရောက် ဟု ကျွန်တော် ကြားဖူးပါသည် ။ ရည်ရွယ်ချက် မရှိသော လုပ်ငန်း တစ်ခု သည်လည်း အောင်မြင်ခြင်း ပန်းတိုင် မရောက် ဟု ကျွန်တော် ကြားဖူးပါသည် ။ ကျွန်တော် ၌ မူ မလေးနွယ် နှင့် နီးရဖို့ ကြီးစွာသော ရည်ရွယ်ချက် က ရှိနေခဲ့၏ ။ ထို့ကြောင့် ပင် လျှင် ခဲရာခဲဆစ် ဖြင့် ကျွန်တော် ဆယ်တန်း အောင် ခဲ့ပါသည် ။

ဤအခါ၌ ကျွန်တော် အလုပ် တစ်ခု ကို ဝင်၍ လုပ် ရန် ကြံ မိသည် ။ ကျွန်တော် အလုပ် ရလျှင် မည်သည့် နည်းဖြင့် ဖြစ်စေ မလေးနွယ် နှင့် ပေါင်း ရမည်ကို ကြံစည် မိသည် ။ ဤအခါ၌ မေမေ နှင့် မမတင့် က ကျွန်တော် အလုပ် ဝင်မည့် ကိစ္စ တွင် ကန့်ကွက် ကြတော့သည် ။

“ သား အသက် လည်း ငယ်ပါသေးတယ် ကွာ ... ဆယ်တန်း အောင်ပြီး အလုပ် ဝင် လုပ်ရအောင် မေမေ လည်း စားလောက်သားပဲ ။ မေမေ့ လုပ်စာ နဲ့ တောင် ငါ့ သား ကို ဒီ အထိ ကျောင်း ထားလာခဲ့ သေးတာပဲ ၊ တက္ကသိုလ် ဆက် နေဖို့ ဘာ ပူစရာ လို သလဲ သားရယ် … ၊ ငါ့ သား ပညာရေး အတွက် ဆို မေမေ ကျွန်ခံ ရှာရရှာရ မပင်ပန်းပါဘူး ။ ငါ့ သားဆရာဝန်ကြီး ဖြစ် ချင်တယ် ဆို ... ကျောင်း သာ ဖြောင့်ဖြောင့် သွားပါ ၊ အလုပ် လုပ် ဖို့ စိတ် မကူးစမ်းပါနဲ့ ” ဟု မေမေက ကျွန်တော့် ကို ပြန်၍ တောင်းပန် ပြောဆိုပါချေတော့သည် ။

ကျွန်တော် အဘယ်ကြောင့် အလုပ် ဝင်၍ လုပ်ချင်ကြောင်း ကို ပြော ရမှာလည်း ခက်နေပါချေသည် ။

ပင်ပင်ပန်းပန်း ရှာဖွေ၍ သင်ရသော ပညာ နှင့် မိန်းမ ယူရမည့် အရေး ကို လည်း တွေးလိုက်လျှင် မချည့်စရာ ဖြစ်ရပါသည် ။

ထို့ကြောင့် ပင် လျှင် မေမေ့ ကို လိမ်၍ ပြောမိပါသည် ။ “ မေမေ က ချည့်ပဲ လုပ်ကျွေးရတာ ပင်ပန်းလှပြီ မဟုတ်လား ၊ ဒီ တစ်ခါ သားအလှည့် ဆိုတော့ မေမေ့ ကို သား ကလည်း လုပ်ကျွေးချင်သေးတယ် ” ဟု မေမေ့ အကြိုက် ကို လိုက်၍ ပြောမိပါသည် ။

ဤအခါ ၌ မေမေ့ မှာ အလွန်အမင်း ဝမ်းသာဟန် ဖြင့် “ အံမာလေး သားရယ် ၊ မေမေ ဖြင့် ဒီ စကား ကြားရတာ ဝမ်းသာလို့ မဆုံးပါဘူး ။ သား လုပ်စာ လည်း မေမေ မစားရက်ပါဘူး ။ မေမေ ပဲ သား ကို ပညာ ဆက်ပြီး သင်ပေးပါရစေဦး ။ ငါ့ သားဆရာဝန်ကြီး ဖြစ်တယ် ဆိုရင်  မေမေ က အိမ်ဦးခန်း က နေပြီး ဥပုသ်သီတင်း ဆောက်တည်ပြီး အေးအေးဆေးဆေး နေရမှာပေါ့ ။ ဒါကြောင့် ငါ့ သား ကျောင်း ဆက် နေပါကွယ် ” ဟု မေမေ က ဝမ်းသာ အားရ ဆို ရှာပါသည် ။

ကျွန်တော့် မှာ မိမိ ရည်ရွယ်ချက် ကို မိမိ ဖွင့်၍ ပြော လိုက်ချင်သော်လည်း ဘေး မှ မမတင့် က ရှိ နေသောကြောင့် ဘာမျှ မပြောသာဘဲ ရှိနေရတော့သည် ။

“ ဟုတ်သားပဲ မောင်မြလှိုင် .. ၊ ကိုယ့် မိဘ ထားနိုင်တုန်း ကျောင်း ဖြောင့်ဖြောင့် နေပေါ့ ။ သူများတွေ မှာ နေချင်ရက် နဲ့ တောင် မနေရဘူး ။ မင်း မှာ အခု ဘာ ပူစရာ ရှိ လို့လဲ ၊ အမေ တစ်ခု သား တစ်ခုပဲ ” ဟု မမတင့် က ပါ ဝင်၍ ပြော လာတော့သည် ။ သည်အခါ တွင် ကျွန်တော့် မှာ မိမိ အထုပ် ကို မိမိ မဖြေနိုင်ဘဲ ကျိတ်မှိတ် ငြိမ်သက်၍ နေရပါတော့သည် ။

ဤသို့ ဖြင့် ပင် ကျွန်တော် ရန်ကုန်တက္ကသိုလ် သို့ ဆက်လက် တက်ရန် ဆုံးဖြတ် လိုက်ရပါတော့သည် ။ ရန်ကုန် မသွားမီ တစ်နေ့ မှာ ပင် မလေးနွယ် ထံ သို့ သွား၍ နှုတ်ဆက် ရသည် ။ မခွဲစဖူး ခွဲ ရသည့်အချိန် ဖြစ်၍ မလေးနွယ် ၏ မျက်လုံးအိမ် ၌ မျက်ရည်အပြည့် ဖြင့် တွေ့  ရသည် ။

“ ကိုယ် လည်း စာ မကြာခဏရေး ပါ့မယ် နွယ် ... ၊ တကယ်တော့ ဘယ် သွားချင်ပါ့မလဲ ၊ ခုနေ အလုပ် ဝင် လုပ်တယ် ဆိုရင် နွယ် နဲ့ မြန်မြန်နီး ရမှာ ၊ ဒါပေမဲ့ မေမေ ကလည်း ကျောင်း ဆက်နေပါ ဆိုတော့ ကိုယ် မငြင်းသာ ဘူးပေါ့ ။ တစ်နည်းတော့ လည်း ကောင်းတာပဲ ၊ ဆရာဝန် သင်တန်း တက်ပြီး ဆရာဝန်ကြီး ဖြစ်တဲ့ အခါ နွယ့် ကို သည်ထက် ပိုပြီး လှလှပပ ထား နိုင်မယ်လို့ တွေး ပြီး စိတ် ကို ဖြေ ရတာပဲ ” ဟု ကျွန်တော် ပြော မိပါတော့သည် ။

ကျွန်တော့် စကားကြောင့် ပင် မလေးနွယ် ၏ မျက်နှာ မှာ ရွှင်ပြုံးလာဟန် ရှိ သော်လည်း ခဏချင်း မှာပင် ပြန်လည် ၍ ညှိုးငယ် သွားသည်ကို တွေ့ ရပါသည် ။

“ အင်းပေါ့လေ … ပညာရေး အတွက် ဆိုတော့လည်း မခွဲချင် ပေမယ့် ခွဲ ရဦးမှာပေါ့ ၊ ဘာပဲဖြစ်ဖြစ် နွယ် က တော့ ကိုမြလှိုင် နဲ့ နီးရမယ့် ရက် ကို ပဲ လက်ချိုး မျှော်နေမှာ ... ကိုမြလှိုင် က သာ ရန်ကုန် ရောက် လို့ ကောလိပ်ကျောင်းသူတွေ နဲ့ တွေ့ပြီး နွယ့် ကို မေ့ မသွားပါစေနဲ့ လို့ ဆုတောင်း ပါတယ် ။ ဘယ်အခါ ဖြစ်ဖြစ် နွယ် ကတော့ သစ္စာ မပျက်ဘူး ဆိုတာ ယုံ စေချင်ပါတယ် ”

နွယ်ဘက ဝမ်းနည်းတသ စွာ ပြော လိုက်ပါသည် ။ ဤသို့ဖြင့်ပင် နွယ့် အပါး မှ ကျွန်တော် ခွာ ခဲ့ရပါ၏ ။

( ၄ )

ကျွန်တော် တက္ကသိုလ်ကျောင်း သို့ ရောက် ၍ တစ်နှစ် မျှ ကြာသော ကာလ အတွင်း ဝယ် မလေးနွယ် ထံ မှ လွမ်းဆွတ်တသ သော စာများကို ရခဲ့ပါ၏ ။ ကျွန်တော် ၏ မေမေ ထံ မှလည်း အလားတူ သား ကိုအောက်မေ့သော စာ များ ကို ရခဲ့ပါ၏ ။

မလေးနွယ် ၏ စာ ၌ မူ အပူအပင် ကင်းလှချေ၏ ။ ကျွန်တော် မည်သည့် နေ့ ၌ ပြန် လာ၍ သူ့ အား လက်ထပ်မည့် အရေး ကို သာ လျှင် မျှော်မှန်း တမ်းတသော ချစ်သူတို့ ဘာဝ ပေးစာများ ဖြစ်၏ ။ သို့သော် မေမေ့ စာ ၌ မူ ကျွန်တော် မည်သည့် နေ့ ၌ ဆရာဝန်တစ်ယောက် ဖြစ်မည် ဆိုသည့် ကျွန်တော့် အနာဂတ်ရေး ကို တွေး၍ ကြိုးစားစေလိုသော စိုးရိမ်ပူပန်စာများဖြစ်၏ ။

မေမေ့ စာ ထဲ၌ ပင် ကျွန်တော် ၏ ပညာရေး ကိစ္စ ၌ ငွေကြေး ထောက်ပံ့မှု အကူအညီ ကို မမတင့် ထံ မှ အချို့အဝက် တောင်းယူ ထား ရသဖြင့် ကျွန်တော် စာ ကြိုးစားပါ မှ တန်ရုံ ကျမည့် အကြောင်း ပါ လာတတ်လေ့ ရှိသည် ။ ဤသို့ဖြင့် ပင် တစ်နှစ် လည် ခဲ့သည် ။

မေမေ့ ထံ မှ စာများ မှာ ရောက်လေ့ ရှိသော အချိန် ထက် စော၍ ရောက်လာ တတ်၏ ။ သို့သော် မလေးနွယ် ထံ မှ စာများ မှာ မူကား တစ တစ နှင့် နောက်ကျ၍ လာလေ့ ရှိ ရာ မှ တဖြည်းဖြည်း နှင့် စာအလာ ပါး ၍ သွားတော့သည် ။ နွေဦးရာသီ ကျောင်း ပိတ်၍ ကျွန်တော် မေမေ့ ထံ ပြန်ရန် စီစဉ်ချိန် တွင် မလေးနွယ် ထံ မှ နောက်ဆုံးသော စာ ကို ရ ခဲ့သည် ။ ပြင်းပြစွာ တုန်လှုပ်ရပါ၏ ။

ကိုမြလှိုင် …
        ဒီ စာ ကို နောက်ဆုံး အဖြစ် ရေးခဲ့ပါတယ် ၊ နွယ့် မိဘ တွေ ရဲ့ သဘော တူညီချက် အရ ဆန်စက်ပိုင်ရှင် ရဲ့ သား တစ်ယောက် နဲ့ လက်ထပ် ရပါတော့မယ် ၊ နွယ် ကိုမြလှိုင် ကို ချစ် ပါတယ် ။ ဒါပေမဲ့ နွယ့် မိဘ မှာ ဆင်းရဲတယ် ဆိုတာ လည်း ကိုမြလှိုင် အသိပဲ ၊ ဆင်းဆင်းရဲရဲ နဲ့ ကျောင်း ထားခဲ့ရတဲ့ မိဘ ရဲ့ အကြွေး တွေ ကျေဖို့ နွယ် ကချမ်းသာတဲ့ လူ ကို ယူ မှ ဆပ် နိုင်လိမ့်မယ် ။ နွယ့် အဖေ လည်း လေငန်း ရောဂါ နဲ့ ဘာမှ လုပ်နိုင်တာမဟုတ်ဘူး ၊ မေမေ က လည်း ခု မျက်စိ ကွယ်သွားပြီ ။ ဒီတော့ နွယ် ဒီလို အိမ်ထောင် ပြု မှသာ မေမေ နဲ့ ဖေဖေ ရဲ့ အသက် ရှင်နေမှု ဖြေရှင်း နိုင်လိမ့်မယ် လို့ ယူဆပြီး လက်ခံ လိုက်ရပါတယ် .…. ။

ကျွန်တော် စာ ကို ဆက် ၍ မဖတ်တော့ဘဲ ၊ ဤမျှနှင့် ပင် ရပ် လိုက်မိပါသည် ။ ကျွန်တော့်လက် များ လည်း တဆတ်ဆတ် တုန် လျက် ရှိသည် ။

“ ကောင်းပါပေတယ် နွယ်ရယ် ... အချစ် ကို ငွေကြေး နဲ့ လဲတယ် ဆိုတာ ခုမှပဲ လက်တွေ့ သိရတော့တယ် ။ တကယ်ဆိုတော့ လောကကြီး မှာ မိန်းမတွေ အတွက် လင် ယူတယ် ဆိုတာ ထမင်းအိုးကြီး တစ်ခု ကို အပိုင် သိမ်း လိုက်တာမျိုးပဲ ဆိုတာ ခုတော့ မောင် သိပါပြီ ။ တကယ်တော့ သစ္စာတရား ဆိုတာ လည်း မင်း တို့ မိန်းမတွေ မှာ ရှာလို့ မတွေ့ နိုင်တဲ့ အရာမျိုးပဲ ”

ကျွန်တော့် စိတ် ကို ကျွန်တော် မကျေမချမ်း ဖြစ်ရပါသည် ။ ထို့ကြောင့် ပင် လျှင် ကျောင်းပိတ်ရက် ၌ မပြန် တော့ဘဲ ရန်ကုန် တွင် ပေကပ်၍ နေမိသည် ။ မလေးနွယ် အတွက် ရင်ကွဲ မတတ် ပူပန်ခဲ့ရသော စိတ် တွေ ကို လည်း ကျိတ်မှိတ် ၍ ဖြေဖျောက် ရပါသည် ။ ကျွန်တော့် ဘဝ တစ်သက်တာ တွင် အချစ်ဦး ဖြစ် ခဲ့သော မလေးနွယ် အား ဆုံးရှုံးရချေပြီ ဟူသော အသိ က ကျွန်တော့် ရင် ကို ဖြင့် ခွဲ ၍ ဆား ပက်လိုက် သကဲ့သို့ ရှိ ပါတော့သည် ။ ကျွန်တော့် အား ချစ်လှပါသည် ဟု ဆိုခဲ့သော မလေးနွယ် တစ်ယောက် သူ့ ဘဝ ရပ်တည်ရေးအတွက် ကျွန်တော့် အလာ ကို မှ မစောင့်ဘဲ ငွေကြေး ချမ်းသာသူ ၏ ရင်ခွင် ၌ ဝင်ရောက် သွားလေသည့်အဖြစ် ကပင် ကျွန်တော့် စိတ် ၌ ပို၍ မကျေမချမ်း ဖြစ်ရတော့သည် ။ ထို့ကြောင့်ပင် မလေးနွယ် နှင့် တွေ့ လျှင် လက်ညှိုးငေါက်ငေါက် ထိုး၍ မှိုချိုး မျှစ်ချိုး ပြောဆိုပစ်လိုက်မည် ဟု လည်း ကျွန်တော် ဆုံးဖြတ် လိုက်မိပါတော့သည် ။

( ၅ )

လောက ဟူသည် မထေမဲ့မြင် ပြု တတ်လွန်းလှချေသည် ။

ကျွန်တော် ဥပစာသိပ္ပံ ဒုတိယနှစ် အောင်ပြီး ဆေးတက္ကသိုလ် တက် ရမည့် နှစ် ၌ မေမေ့ ထံ မှ စာ ရောက်၍ လာသည် ။ ဤ စာ ကား ကျွန်တော့်ရင် ကို ဓား ဖြင့် ခွဲ၍ ဆား ပက် လိုက်ပြန်သော စာ တည်း ။

လူကလေး
        မေမေ တော့ မရေးရမယ့် စာ မှန်း သိ ပေမယ့် အင်မတန် ချစ်လွန်းတဲ့ သား အတွက် သနားရက် နဲ့ ရေး လိုက်ရတယ် ။ မေမေ့ မှာ အခု ဆိုင် လည်း ဖြုတ် လိုက်ရပြီ ။ မေမေ လည်း ကောင်းကောင်း မကျန်းမာဘူး ။ ဒါကြောင့် သား ရဲ့ရှေ့ရေး အတွက် မေမေ စိုးရိမ်မိတယ် ။ တကယ်တော့ သား ခုလောက် ထိ ပညာ သင်ခွင့် ရအောင် ထောက်ပံ့လာ သူ က မေမေ မဟုတ်ဘူး သား ရဲ့မမတင့် ပဲ ။

        မေမေ့ မှာ တင့်တင့် ကို ပေးဆပ်စရာ ကြေးငွေတွေ ကို တွက် လိုက်ရင်တော့ ဒီ တစ်သက် မှာ မေမေ ဘယ်နည်း နဲ့ မှ ဆပ် နိုင်လိမ့်မယ် မထင်တော့ပါဘူး ။ ခုလည်း ရှေ့ ဆက်ပြီး သားဆရာဝန် ဖြစ်တဲ့ အထိ ဘယ်နည်းနဲ့ မှ မေမေ မထောက်ပံ့ နိုင်တော့ဘူး ။ ဒီတော့ ရှေ့ဆက်ပြီး ထောက်ပံ့ရမယ့် သူ က တင့်တင့် ပဲ ဖြစ်လိမ့်မယ် ။

        တင့်တင့် က လည်း သူ ရထိုက်တဲ့ အခွင့်အရေး တစ်ရပ် အနေနဲ့ မေမေ့ အပေါ်  မှာ တောင်းခံလာတယ် ၊ မေမေ့ အနေ နဲ့ ကလည်း ဒီ အခွင့်အရေး ကို ပေးမှ အနာဂတ်ရေး ကောင်း လိမ့်မယ် လို့ ထင် မိတယ် ။ ဒီအခွင့်အရေး က တော့ ငါ့ သား ကို ရှေ့ဆက် ဆရာဝန် ဖြစ်အောင် ထောက်ပံ့ဖို့ ကိစ္စ မှာ တင့်တင့် ကို လက်ထပ် မှ သာ အားလုံး အဆင် ပြေ လိမ့်မယ် ဆိုတာ မေမေ ပြောချင်တယ် ။ ဒါကြောင့် ဒီ ကျောင်း ပိတ်ရင် ပြန်ဖြစ်အောင် ပြန်ခဲ့ပါ ။ မေမေ့ စကား ကို သား နားထောင်လိမ့်မယ် လို့ မျှော်လင့်ပါတယ် .…. ။

မေမေ့ စာ ကို ဖတ် ပြီးသည် ၌ ကျွန်တော့် တစ်ကိုယ် လုံး လျှပ်စစ် မိသကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့ သွား မိတော့သည် ။ စိတ် ထဲ ၌ လည်း မခံချိသော ဝေဒနာ က ပြင်းပြစွာ ခံစား လျက် ရှိပါသည် ။

ကျွန်တော် ချစ်သော ချစ်ဦးသူ မလေးနွယ် ကို ဆုံးရှုံး ရသည့် ဝေဒနာ ထက် ကျွန်တော် မချစ်သော မမတင့် ကို လက်ဆက် ရမည့် အရေး က ကျွန်တော့် အတွက် ဆရာဝန် တစ်ယောက် ဖြစ်လာသည့် တိုင်အောင် ကိုယ်တိုင် ကုစား ၍ ရမည် မဟုတ်သော ဝေဒနာ ဟု ထင်မိပါသည် ။

နောက်ဆုံးတွင် ကျောင်း ပိတ်ရက် ၌ မေမေ့ ထံ သို့ ကျွန်တော် ပြန်ခဲ့ရပါတော့သည် ။ အကြောင်းမူ မေမေ့ ကို သနားသောကြောင့် တည်း ။

( ၆ )

တင်ကျီးငှက် တို့ မည်သည် ရေအောက် သို့ ငုပ်လျှိုး ၍ ငါး ကို ရှာ ရ၏ ။ ဥဗျိုင်း တို့ မည်သည် လည်း ကုန်းပေါ် ၌ တစ်ထောက် နား ၍ ငါး ကို ရှာရ၏ ။ စင်စစ်တော့ ဝမ်းစာ ရှာပုံ ရှာနည်း ကား အတူတူ တည်း ။

မလေးနွယ် သည် သူ့ ဘဝ ရှေ့ရေး အတွက် သူဌေး ၏ သား နှင့် လက်ထပ် လိုက်၏ ။ သူ့ အတွက် ကုန်းပေါ် ၌ တစ်ထောက် နား ၍ ငါး ကို ရှာရသော ဥဗျိုင်းငှက်ငယ် တည်း ။

ကျွန်တော် သည် မမတင့် နှင့် ကျွန်တော့် ဘဝ ရှေ့ရေး အတွက် လက်ထပ် လိုက်ရ၏ ။ ရေအောက် သို့ ငုပ်လျှိုး ၍ ငါး ကို ရှာရသော တင်ကျီးငှက် ကဲ့ သို့ တည်း ။

ကျွန်တော့် အတွက် ဆင်းရဲငတ်မွတ်ခြင်း က တံခါးမကြီး ကို လာ၍ ခေါက်သော အခါ တွင် ချစ်ခြင်းမေတ္တာ တို့ သည် လည်း ပြတင်းပေါက် မှ ထွက်ခွာ ပြေး သွားလေပြီ တကား ။

◽ကောက်လှိုင်း

🗒️မြဝတီ မဂ္ဂဇင်း
     ဧပြီ ၊ ၁၉၆၅

#ကိုအောင်နိုင်ဦး

*

Tuesday, September 27, 2022

ပစ္စုပ္ပန် ဆိုတာ မရှိဘူး

❝ ပစ္စုပ္ပန် ဆိုတာ မရှိဘူး ❞

မိန်းကလေး တစ်ယောက် ဟာ ကိုယ့် ဘဝ လုံခြုံ တိုးတက်အောင် ထူထောင် တည်ဆောက်ဖို့ အတွက် ယောက်ျား တွေ အကြောင်း သိဖို့ လို သလို အထွေထွေ တွေးခေါ် မြော်မြင်မှုပါ ရှိဖို့ လို တယ် ကွယ့် ။ မှန်မှန်ကန်ကန် တွေးခေါ် မြော်မြင်တတ်ဖို့ အတွက် အသိဉာဏ် ရှိရမယ် ။ ကြိုတင် စဉ်းစား တတ်ရမယ် ။

“ အချိန် ” ရဲ့ အကြောင်း ကို သေသေချာချာ သိမယ် ဆိုရင် ကြိုတင် စဉ်းစားတဲ့ အလေ့အကျင့် ရ သွားမှာပါ ။

ကဲ လေးလေး မေးမယ် ။

ငါ့ တူမ များ “ အချိန် ” ကို ဘယ်လို နားလည် ထားသလဲ ။ အချိန် အကြောင်း ဘယ်လောက် များ သိသလဲ ။ အချိန် ရဲ့အကြောင်း မသိ လို့ အချိန် ရဲ့တန်ဖိုး နား မလည်လို့ သန်းဥ စမ်း ရင်း နှုတ်ခမ်းနီ ဆိုး ရင်း ။ အတင်း ပြောရင်း ။ အချိန်တွေ ကုန် နေရတာပေါ့ ။ အချိန် ရဲ့ အကြောင်း မသိ လို့ ပြင် မရတဲ့ အမှား တွေ ကျူးလွန်မိပြီး ဘဝ မှာ အမည်းစွန်း တွေ ထင် စွဲ ခဲ့ကြရတာပေါ့ ။ အချိန် ရဲ့ ရွေ့လျားမှု ကို အမှတ် မဲ့ နေ မိလို့ “ နောင်တ ” ရတဲ့ အချိန် မှာ ဒုက္ခ အဝီစိ တွင်း ထဲ ရောက် နေကြရတာပေါ့ ။

ဒီတော့ အချိန် အကြောင်း လေးလေး နည်းနည်း ပြောချင်တယ် ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

 

နန်းကြိုးကလေး


 ❝  နန်းကြိုးကလေး  ❞


မုဆိုးမကြီး ဒေါ်မှုန် တွင် ရွှေစာ ဟု ခေါ်တွင်သော သမီးငယ်လေး တစ်ဦး ရှိ လေသည် ။ ရွှေစာ သည် ရက်ကန်းရက်ခြင်း ဖြင့် အသက်မွေး ဝမ်းကျောင်း ၏ ။ ရွှေစာ လေး အရွယ် ရောက် လာသော အခါ သူ့ ကို ကြိုက်နှစ်သက်၍ ပိုးပန်းကြသူ များပြားသော်လည်း မိခင် ဖြစ်သူ ဒေါ်မှုန် က သဘော မတူ၍ မပေးစားချေ ။


“ အမေ ... တစ်နေ့ က ကိုလှဘူးရယ်  ... လယ်ထွန် သွားခါနီး သမီး ကို မေတ္တာ မျှတယ် လို့ပြော သွားတယ်လေ .. ”


“ အောင်မယ် ... ဘာ လုပ်ရမှာလဲ ၊ လှဘူး က သွားခေါကြီး ပဲ ”


“ အော် ...  သူကြီးသား ကိုမြဟန် ကလည်း ဒီလိုပဲညတဲ့ ”


“ ဟယ် ... မြဟန် က မျက်ပြူးကြီးပဲ ဟဲ့ ”


“ အောင်မယ် ... အမေ ရေ့ ၊ ပန်းပဲဖို က ကိုသံခဲ က လည်း ... ဟဲ ဟဲ ”


“ ဟဲ့ .. သူက ထန်းရည်သမား ဟဲ့ ၊ တစ်နေ့ ကျရင် သံခဲ က သံချေး တွေ တက်လာမှာ ... ”


“ ပန်းရံသမားလေး ကိုမောင်အေး က ...  ”


“ အို - ဒီကောင် က ညီအစ်ကို မောင်နှမ များ လွန်းတယ် ။ ဆယ့်တစ်ယောက် တောင်ပဲ ”


“ ပန်းပု ဆရာကြီး ဦး‌ဒွေး ဆီမှာ အလုပ် လုပ်တဲ့ ...  ”


“ ငပုတက် လား ၊ တော်စမ်းပါအေ  ... သူ့ အရပ် က တစ်နေ့ တခြား ပု သွားတာ ၊ ကြာရင် မြေမျို သွားမှာတောင် ကြောက် ရသေးတယ် ”


“ အို - အမေ့ ဟာ က တစ်ယောက် လည်း မကောင်း ၊ တစ်ယောက် လည်း မကောင်းနဲ့ .. ”


“ အေးလေ .. ညည်းအကောင်တွေ က လည်း အလကားကောင် တွေဘဲ ...  ဟာ ... ”


“ ဒီလိုဆိုရင် သမီး ဒီ တစ်သက်မှာ အိမ်ထောင် ပြု ရပါအုံးမလား ”


“ အချိန်တန်တော့ နွားပိန် ကန်လိမ့်မပေါ့ ဟယ် ... ”


“ ဟင် ... နွားပိန်ကြီး တော့ မယူချင်ပေါင် ၊ ဒီ ဘဝ လင် မရရင် နေပါစေတော့ ၊ နွားပိန် တော့ ဘာလုပ်ဖို့လဲ ... ”


“ တယ် ... ဒီကောင်မ ၊ ငါ ဖနောင့် နဲ့ ပေါက် ရရင်လေ ၊ အသက် နံကြား ခို သွားရော့မယ် ၊ သွားစမ်း .. ”


ဤလိုနှင့်ပင် ရွှေစာ ၏ ရှေ့ရေးမှာ မရေမရာ ဖြစ်ခဲ့ရ၏ ။


သို့သော် ဒေါ်မှုန် ပြောသည့် အချိန်တန်လျှင် နွားပိန်ကန်လိမ့်မည် ဆိုသော စကား မှာ မဆိုးလှပါ ။ အချိန်တန်တော့ တကယ်ပင် နွားပိန် ကန် လာပါသည် ။


ထို နွားပိန် သည် ကား တစ်ရပ်တစ်ရွာ မှ ထင်းလှည်း ဖြင့် ထင်း လာ ရောင်းလေ့ ရှိသူ မောင်ဒိုး ပင် ဖြစ်တော့၏ ။ မောင်ဒိုး တွင် မိဘ ဆွေမျိုး ဟူ၍ မရှိတော့သော တစ်ကောင်ကြွက် ဖြစ်၏ ။ သူ့ ရွာ မှ ဘုန်းကြီးကျောင်း တွင် ကြီးပြင်း လာခဲ့ရပြီး ထင်းရောင်း သော အလုပ် ဖြင့် အသက်မွေးသူ ဖြစ် လေသည် ။


သူ့ ကျတော့ ဒေါ်မှုန် က မျက်စိ ကျ၏ ။


“ ဟင် ... အမေ့ လူ ရဲ့နာမည် ကလည်း ကိုဒိုးတဲ့ ”


“ ကိုဒိုးတဲ့ မဟုတ်ပါဘူး ၊ ကိုဒိုးပါ ... ”


“ အော်  ... ကိုဒိုးပါ တဲ့လား ”


“ ဟယ်  ... မဟုတ်ပါဘူး ၊ ကိုဒိုးတဲ့ ဒါလည်း မဟုတ်ပါဘူး ၊ ကိုဒိုး - အို လွဲ ပြန်ပြီကွယ် ၊ ကိုဒိုး  ... တော်ပြီ ဒါပဲ  ... ”


“ အဟီး  ... သူ့ နာမည် က ကိုဒိုးတော်ပြီဒါပဲ ဆိုတော့ တော်တော် ရှည် တာပဲ ”


“ မိရွှေစာ လျှာ မရှည်နဲ့ ၊ ငဒိုး ကို နင် ယူရမယ် ၊ ဒါပဲ .. ”


“ ဟင် - သူ့ အရပ်ကြီးက တစ်နေ့ တခြား ရှည် ရှည်လာတော့ ကြာရင် မိုး ကို ခေါင်း နဲ့ တိုက် မိတော့မှာပဲ ”


“ ဒါက သိကြားမင်း ပူ လိမ့်မယ် ၊ နင့် အလုပ် မဟုတ်ဖူး ”


“ ရုပ် ကလည်း မလှဘူး ”


“ နင် ကကော ဘယ်လောက်ချော လို့ တုန်း ဟဲ့ ၊ အိုး နဲ့ ဆန် တန်ရုံပေါ့ ”


“ အမေ က ဘာများ သဘောကျလို့တုန်း ... ”


“ သူ က ဘုန်းကြီးကျောင်း ထွက် ၊ ပညာ ရှိတယ် ၊ ဒါမှ နင့် ကို ကောင်းကောင်း ဆုံးမ နိုင်မှာ ၊ ညည်း ဟာ တစ်ဦးတည်းသော သမီး ၊ ဒါကြောင့် နွဲ့ဆိုး ဆိုး လွန်းလို့ ပညာ နည်းတယ် ”


ထို့ကြောင့် ရွှေစာ သည် မောင်ဒိုး နှင့် လက်ထပ်ထိမ်းမြားလိုက်ရလေသည် ။


အိမ်ထောင် ကျပြီး၍ များ မကြာမီပင် တစ်နေ့သော အခါ မောင်ဒိုး သည် ဇနီး ဖြစ်သူ ရွှေစာ အား ခေါ်၍ သူ ၏ လက်ဝဲ ဘက် လက်မောင်း က ပစ္စည်းလေး ကို ပြ၏ ။ ထို ပစ္စည်းလေးသည် ကား လက်ဝဲ လက်မောင်း တွင် ပတ်နှောင်ထား သော သံနန်းကြိုးကလေး ပင် ဖြစ်လေသည် ။


“ ဒါလေးနဲ့ ပတ်သက်လို့ နင် ဘာမှ မသိချင်နဲ့ ၊ ပြီးတော့ ဘယ်အခါ ဖြစ်ဖြစ် ဒီ ကြိုးလေး ကို မဖြတ်လိုက်နဲ့ နော် .. ”


“ ဒီ နန်းကြိုးကလေး ကို ဖြတ်လိုက်ရင် ဘာ ဖြစ်မလဲ ... ဟင် ”


ထိုအခါ မောင်ဒိုး သည် မျက်စိမျက်နှာ ပျက်သွားပြီး ..


“ အို  ... မမေးပါနဲ့ ၊ ဘာပဲ ဖြစ်ဖြစ် နင် ဒုက္ခ မရောက်ချင်ယင် ဒီ နန်းကြိုးလေး ကို ငါ မသိတုန်း ဖြတ် မပစ်ရဘူး ”


ထို့နောက် မောင်ဒိုး သည် တောသို့ ထင်းခွေရန် သွား လေ၏ ။


“ အမေ … အမေ ကိုဒိုး ရဲ့လက်ဝဲ လက်မောင်း မှာ နန်းကြိုးကလေး ပတ်ထားတယ် ။ ဘယ်လောက် ကြာပြီလဲ မသိဘူး  ...  ၊ အသားတွေ တောင် ချိုင့် ဝင်နေပြီ ”


“ ငါ မြင်သားပဲ ၊ ဒါ ဘာဖြစ်သလဲ ”


“ အဲဒါကို မဖြတ်ရဘူး တဲ့ ၊ ဖြတ်ရင်  ... သူ ဘယ်လို ဖြစ် သွားမလဲ မသိဘူး နော် .. သေများသေသွားမလား ”


“ ဟယ်  ... မဖြစ်နိုင်ပါဘူး ၊ လူ့အသက် ဆိုတာ လူ့ ကိုယ်ထဲ မှာပဲ ရှိ တော့မပေါ့ ၊ ဘာဖြစ်လို့ နန်းကြိုး ထဲ ရောက် နေမှာလဲ ”


“ သူ က ပြောသေးတယ် ၊ ဒါနဲ့ ပတ်သက်လို့ ဘာမှ မသိချင်ပါနဲ့တဲ့ ”


“ ဒါဖြင့်လည်း မသိချင်နဲ့ပေါ့ဟယ် ၊ သူ ပြောတာ ရှင်းသားပဲ ”


ဒေါ်မှုန် နှင့် ဆွေးနွေး၍ ဟန်မကျချေ ။ ဒေါ်မှုန် က ဤကိစ္စ ကို ခပ်အေးအေး ပဲ ပြော ပစ်လိုက်သည် ။


ရွှေစာ ကား  ... ထို အချိန် မှ စ၍ နန်းကြိုးကလေး အကြောင်း ကို စိတ်ဝင်စား နေတော့သည် ။ စားလည်း ထို နန်းကြိုးလေး ၊ အိပ်လည်း နန်းကြိုးကလေး ၊ အလုပ်လုပ်လည်း နန်းကြိုးကလေး  ...  ။


တစ်ခါတွင် ရက်ကန်း ရက်ရင်း အဖော် ဖြစ်သူ မဇံသီး ကို ပြောပြ၏ ။ ရွှေစာ ၏ စကား ကို ကြားသောအခါ မဇံသီး သည် မျက်လုံး ပြူးသွား၏ ။


 “ ဟဲ့ ... ရွှေစာ ၊ ညည်း ယောက်ျား က လူ စင်စစ် မှ ဟုတ်ရဲ့လား ဟဲ့ ”


“ ဟုတ်ပါတယ် ဟဲ့ ... ဇံသီး ရဲ့ ၊ သူ့ မှာ လည်း တို့ လိုပဲ ခေါင်း တစ်လုံး ၊ လက် နှစ်ဖက် ၊ ခြေထောက် နှစ်ဖက် ”


“ ဟယ်  ... ဒါ ပြောတာ မဟုတ်ဘူး ၊ ဘီလူးတွေ နဂါးတွေ လူ ယောင် ဆောင် ထားလားမှ မသိတာ ”


“ အို  ... ဇံသီး ရယ် ၊ ဘီလူးတွေ နဂါးတွေ က ဘုန်းကြီးကျောင်း မှာ ငယ်ငယ်ကလေး ထဲ က လာနေမယ် တဲ့ လား .. ”


“ ဒါက သူ ပြောတာ နင့်တို့ သိကြရတာပဲ ဟာ ၊ ဟုတ်ချင် မှဟုတ်မှာပေါ့ ”


“ ကဲ  ... ဘီလူး ဖြစ်ဖြစ် ၊ နဂါး ဖြစ်ဖြစ် ၊ ယက္ခဂုမ္ဘာဏ် ပဲဖြစ်ဖြစ် ဒီ နန်းကြိုးကလေး ကို ဘာလုပ်ဖို့ လက် မှာ ပတ် ထားရမှာလဲ အေ့ ”


“ မပြောတတ်ဖူး လေ ၊ ဒါလေးပြတ် သွားရင် သူ့ ဇာတိရုပ် ပြန် ပေါ် လာပြီး ဘီးလူး ဆိုလည်း ဘီလူး ပြန်ဖြစ် ၊ နဂါး ဆိုလည်း နဂါး ပြန်ဖြစ် သွားမလားမှ မသိဘဲ ၊ ကိုထောပတ် ကို မေးကြည့် ပါလား ၊ သူ က ဗေဒင်လေး ဘာလေး လည်း တတ်တယ် ”


ရွှေစာ သည် တွေဝေ သွားမိ၏ ။ ဤကိစ္စ ကို သူ့ မိခင် ဒေါ်မှုန် ကို ပြန် ၍ တိုင်ပင်၍ မဖြစ်ချေ ။ ဒေါ်မှုန် က နန်းကြိုးကလေး ကိစ္စ ကို မသိချင်ဘဲ နေ၍ ဖြတ်တောက်ခြင်း ကိစ္စ ကို လည်း စိတ် မဝင်စားချေ ။


ထို့ကြောင့်ပင် ရွှေစာ သည် ဇံသီး ကို အဖော် ပြု ၍ ကိုထောပတ် နှင့် သွားရောက် တွေ့ဆုံ လေသည် ။ ရွှေစာ တို့ ပြောသမျှ ကို သိ ရသောအခါ ကိုထောပတ် သည် စိတ်ပါဝင်စားစွာ ပြန်၍ ပြော၏ ။


“ ဟာ  ... သိပ် ဖြစ်နိုင်တာပေါ့ ၊ ဒီ လူ ဟာ နဂါး ရင်လည်း ဖြစ်ရမယ် ၊ ဘီလူး ရင်လည်း ဖြစ်ရမယ် ၊ ညည ကျ မအော်ဘူးလား ”


“ အော်တော့ မအော်ဘူး ၊ တစ်ခါ တစ်ခါ ဟောက်တယ် ”


“ အိပ်ပျော် နေရင်ကော ... . တွန့်လိမ် မသွားတတ်ဖူးလား ”


“ တစ်ခါတစ်ခါ တော့  ... အင်းလို့ သံရှည်ကြီး ဆွဲပြီး လက်ကြီး နှစ်ဖက် ကို အပေါ် ဆန့်ပြီး တွန့်လိမ် သွားတတ်တယ် ။ ဒါအညောင်း ဆန့်တာ မဟုတ်ဖူးလား ”


“ ဟုတ်ချင် ဟုတ်မှာ ပေါ့ ၊ ဘာပဲ ဖြစ်ဖြစ်လေ ... သူ့ ရုပ်လက္ခဏာ ကို ကြည့် ပြီး မှ ပြောလို့ ရမှာ ၊ ဒူးခေါင်း မှာအကြေးခွံတွေ လို သဏ္ဌာန် ပါ ရင် နဂါး ပဲ ။ မျက်လုံး ဒေါင့် မှာ သွေးနီရောင်ပို လျှမ်းရင် ဘီလူး ပဲ ။ ဒါဟာ လူတိုင်း က ကြည့်တတ်တာ မဟုတ်ဘူး ၊ငါ ကိုယ်တိုင် လာ ကြည့် မှ ရမှာ ”


ထို့နောက် များမကြာမီ မောင်ဒိုး  ထင်း တိုက်ရာ မှ ပြန်ရောက် လာမည့် ရက် သို့ ရောက်ခဲ့လေ၏ ။ ဝီရိယ ကောင်းသော ကိုထောပတ် သည် ထိုနေ့ နေလယ်စောင်း အချိန် လောက်တွင် ရွှေစာ တို့ ၏ အိမ် သို့ မယောင်မလည် နှင့် ရောက်ခဲ့၏ ။ ဝင်းခြံဝ မှ ယောင်ပေယောင်ပေ နှင့် ခြံ ထဲ သို့ ဝင် လာလေရာ သူ ၏ ယောင်ပေ ယောင်ပေ လုပ်မှုကြောင့် မောင်ဒိုး မွေး ထားသော အောင်နက် ခေါ် ခွေးကြီး သည် ပြေးလာ လေတော့၏ ။


“ ဟယ်  ... နင် ခွေးမသား စစ်စစ်ပဲ ၊ ထွက်  ... သွား ၊ သွားလဟာ ”


ကိုထောပတ် က လက်ကားယား ခြေကားယား နှင့် ခွေး ကို အတင်း မောင်း ထုတ်၏ ။ သူလွယ် ထားသော လွယ်အိတ်ကြီး ကလည်း သူ့ ကိုယ် လှုပ်ရမ်းသည် နှင့် အမျှ လွှဲလိုက် ရမ်းလိုက် ဖြစ်နေ လေရာ အောင်နက် မှာ ပို၍ မျက်စိနောက် လာ၏ ။


ထို့ကြောင့် “ ဝူး  ... ဝုတ်  ... ဝုတ် ” ဟု တစ်ချက် ဟောင် ကာ ကိုက်တော့မည် ကဲ့ သို့ ထိုး၍ ဝင်လာလေ၏ ။ ဤတွင် ကိုထောပတ် မှာ ဘာမျှ မတတ်နိုင်တော့ဘဲ နီးရာ မာလကာပင် ပေါ် တက် ပြေးရတော့သည် ။


မလကာပင် ကား သိပ် မြင့်လှသည် မဟုတ်ချေ ။ ထိပ်ဖျား မှာ လူ့ တစ်ရပ်ခွဲ စာ ရှိ၏ ။ ထို့ကြောင့် ကိုထောပတ် က သစ်ကိုင်း တစ်ကိုင်း ပေါ် ဆောင့်ကြောင့် ထိုင်လိုက် ရာ တွင် အကိုင်း မှာ အိ၍ ညွတ်ပဲ့ကြီး ဖြစ် သွား၏ ။ ထိုအခါ အောက် က အောင်နက် သည် “ လူ ကို မကိုက်ရလျှင် ကြုံရာ ကို ကိုက်မည် ” ဟူသော သဘောဖြင့် တွဲရရွဲ ကျပြီး လွှဲရမ်းနေသော လွယ်အိတ်ကြီး ကို ခုန်၍ ဟပ်တော့၏ ။


လွယ်အိတ် ၏ အောက်စွန်း တစ်ခု ကို စွဲစွဲမြဲမြဲ ဟပ်မိ လေရာ အောင်နက် မြေကြီး ပေါ် ပြန် ကျသော အခါ လွယ်အိတ် ကနေ ကိုင်၍ ဆွဲ လိုက်သကဲ့သို့ ဖြစ်သွား သဖြင့် မာလကာကိုင်းကြီး မှာ ထပ်၍ ညွတ်သွား၏ ။


ကိုထောပတ် မှာ ကြောက်ကြောက်လန့်လန့် နှင့် အပေါ် က အကိုင်း ကို လက် နှက်ဖက် ဖြင့်ဆုပ်ကိုင်ကာ မတ်တပ် ရပ်ရန်ကြိုးစား ပြီး အတင်း ထ ၏ ။ သူ က အတင်း ရပ် သဖြင့် လွယ်အိတ်ကြီး ပါ မြင့်တက်လာလေရာ မလွှတ်တမ်း ကိုက်ထားသော အောင်နက် မှာ ယက်ကန်ယက်ကန် နှင့် မြေကြီး ပေါ် မှ ကြွ၍ တန်းလန်းကြီး ပါလာသည် ။


သို့သော် အောင်နက် ၏ အလေးချိန် ကြောင့် ကိုထောပတ် နင်း ထားသော မာလကာ ကိုင်း မှာ ပို၍ အိပြီး အောင်နက် ၏ ခြေထောက်များ မြေ နှင့် ပြန် ထိသွား၏ ။ လက် နှစ်ဖက် က မူ လေ ထဲ တွင် တန်းလန်း ဖြစ်လျက် ပါးစပ် က ကိုက် ထားသေး၏ ။


တစ်ဖန် ကိုထောပတ် က မတ်တပ် ရပ်ရန် ကြိုစား ပြန်သည် ။ ဤသို့ဖြင့် အောင်နက် မှာ လည်း မြေကြီး ပေါ် က စွေ့ခနဲမြောက်တက် သွားလိုက် ၊ တစ်ဖန် ပြန်၍ ခြေ ထောက်မိလိုက်နှင့် ဖြစ်နေစဉ် အိပဲ့ အိပဲ့ ဖြစ်နေသော မာလကာကိုင်း မှာ အရင်းနား က ဂျွတ်ခနဲ မြည်၍ ကျိုးကျလေတော့၏ ။


ကိုထောပတ် မှာလည်း မြေကြီးပေါ် သို့ ဖုတ်ခနဲ ပြုတ်ကျလေရာ ၊ ဖုန်များ မှာ ထောင်းခနဲ ထသွားသဖြင့် အောင်နက် သည် လန့် ၍ လွယ်အိတ် ကို လွှတ် လိုက်သည် ။ ပြီးတော့ နောက်သို့ အတင်း ဆုတ်ပြေး၏ ။


တစ်ကိုယ်လုံး ဖုံတွေ ပေနေသော ကိုထောပတ် သည် သူလဲကျနေစဉ် အောင်နက် က ဝင်ဆွဲမည် ကြောက် ၍ ကပျာကယာ မုဆိုး ထိုင် ထိုင် လိုက်သည် ။ သူ့ ရုပ် နှင့် လုပ်ပုံ ကို မြင်သော် အောင်နက် မှာ ပို၍ အလန့်တကြား ဖြစ်သွားကာ အတင်း ဟောင်လေတော့သည် ။ သို့သော် အနားသို့ ချဉ်းကပ်ခြင်းတော့ မပြုချေ ။


ခွေး ဟောင်သံ ကြား၍ ဒေါ်မှုန် ထွက် လာပြီး အောင်နက် ကို မောင်းနှင် ထုတ်လိုက်မှ ကိုထောပတ် မှာ စိတ်အေး သွားပြီး မတ်တပ် ထ လိုက်၏ ။ ထိုအခိုက်တွင် မောင်ဒိုး လည်း ရောက် လာလေတော့သည် ။


“ ကိုဒိုး ဆိုတာ ခင်ဗျား လား ”


“ ဟုတ်ပါတယ် ”


“ ခင်ဗျား ဟာ ကျွန်တော့်ကျေးဇူးရှ င်ပဲ ၊ ဒီတော့ ကျေးဇူး ဆပ်ရ မယ် ”


“ ကျွန်တော် က ဘာ ကျေးဇူးတွေများ ခင်ဗျား ကို ပြုထားဖူးလို့လဲ ”


“ ခွေး ရန် က ကယ်တာလေ ...  ။ ခင်ဗျားသာ ခွေး ကို မောင်း မထုတ်လိုက်ရင် ကျွန်တော့်အသက် သေချင် သေသွားနိုင်တယ် ”


ထိုအခါ  ... ဒေါ်မှုန် က ဝင် ၍ ပြော၏ ။


“ ဟဲ့  ... ခွေး မောင်းထုတ်တာက ငါ ပါလကွဲ့ ”


“ ဟင်  ... ဟုတ်လား ၊ ဒါပေမယ့် ကျွန်တော် ကတော့ ဒီက ကိုဒိုး ကို ကျေးဇူး ဆပ်ရမှာပဲလေ  ...  ၊ သူ က ဒီ အိမ် မှာ ဦးစီးဦးဆောင် ပြုနေတာကိုး ”


“ ကျွန်တော့် ကို ဘယ်လိုကျေးဇူး ဆပ်မှာလဲ ”


“ ကျုပ် က ဗေဒင်ဆရာလေ ”


“ ဗေဒင်ဆရာ က လည်း ညစ်ပတ် လှချည်လား ၊ ကျွန်တော် က အရူး မှတ်လို့ ”


“ အို  ... ဒါက ခွေး ရန်ကြောင့် မာလကာပင် ပေါ် တက်ပြေးတာ မာလကာကိုင်း ကျိုး ကျလို့ပါ ၊ ကျုပ် ကျေးဇူး ဆပ်မှာ က ခင်ဗျား ကို ဗေဒင် အလကား ဟော ပေးမယ် ….”


“ ဟာ  ... ကျွန်တော် ဝါသနာ မပါဘူး .. ”


မောင်ဒိုး က အိမ်ထဲ သို့ ဝင်သွားလေ၏ ။ ကိုထောပတ် က ဇွတ်ပင် 


“ ဝါသနာ မပါပေမယ့် ကျွန်တော် ကတော့ အတင်း ဟောရမှာပဲ ”


ဟု ပြော၍ နောက် က လိုက်ဝင်လာလေသည် ။


အိမ် ထဲ သို့ ရောက်သော အခါ မောင်ဒိုး သည် မောမော နှင့် ဖျာ ပေါ်တွင် လဲလျောင်းနေလေသည် ။ ကိုထောပတ် ကား မျက်နှာချို သွေး ကာ မောင်ဒိုး ၏ အနား သို့ လာရောက်ထိုင်၏ ။


ခဏကြာအောင် တော့ သူ စောင့်ပါသေးသည် ။ သို့သော် ဤသို့ ထိုင် စောင့်နေ၍တော့ မောင်ဒိုး ၏ ဒူးခေါင်း ကို မြင်ရမည် မဟုတ် ဟု တွေးမိသည် ။


“ ကိုဒိုး - လာဗျာ ၊ ခြင်း ခတ်ရအောင် ... ”


“ ကျွန်တော် ... မခတ်ချင်ဘူး ၊ အမော ဖြေနေတယ် ”


“ ခါးတောင်းကျိုက်ပါဗျ  ... ”


“ အော် - မခတ်ချင်ပါဘူး ဆိုနေ ”


“ အို ... ဘာပဲဖြစ်ဖြစ်လေ ”


ကိုထောပတ် သည် ပြောပြောဆိုဆို နှင့် မောင်ဒိုး ၏ လုံချည်စ ကို အတင်း ဆွဲ၍ လှန်ရာ အေးအေးလူလူ နေ နေသော မောင်ဒိုး မှာ မအေးလူ နိုင်တော့ဘဲ ထိုးထိုးထွန့်ထွန့် ဖြစ်သွားရပြီး ရုန်းရင်း ကန်ရင်း နှင့် လုံချည် စ ကို ဆွဲ၍ ဖိရလေ၏ ။


“ ဟ  ... ဘယ်လိုတုန်းဗျ ၊ ဘာကြောင့် ပုဆိုး ဆွဲ လှန်ရတာလဲ ၊ ကျုပ် ဒေါသ ဖြစ်လာလိမ့်မယ်နော် ၊ ဟေ့လူ  ... ဘာလဲဗျ ”


ဆွဲရင်းလှန်ရင်း ကန်ရင်း နှင့် ပင် ကိုထောပတ် သည် မောင်ဒိုး ၏ ဒူးခေါင်း ကို မြင်သွားလေ၏ ။


သို့သော် သူလို ငါလို ဒူးခေါင်း ပင် ဖြစ်သည် ။


“ အော်  ... ခင်ဗျား မှာလည်း ဒူးခေါင်း နဲ့ ပဲ ကိုး .. ”


“ ဒူးခေါင်း နဲ့ ပေါ့ ဗျ ၊ ဒူးခေါင်း မရှိရင် ကျွန်တော့် ခြေထောက် ကို ဘယ်လို လုပ်ပြီး ကွေး လို့ ရမှာလဲ ၊ ခင်ဗျား စိတ် မှ ကောင်းရဲ့လား ”


“ ဟဲဟဲ  ... ပြီးတော့ မျက်လုံး ”


“ ဘာဗျ ... ”


“ အော်  ... ခင်ဗျား ဟာ မျက်လုံးမျက်ခုံး တော်တော် လှတယ်လို့ ပြောတာပါ  ... ”


“ ကျွန်တော် မြှောက်ပင့် ပြောတာ မကြိုက်ပါဘူး .. ”


မောင်ဒိုး သည် မျက်လုံးများ ကိုပြန် ပိတ်၍ မှိန်း နေပြန်၏ ။ ကိုထောပတ် သည် ခဏတော့ စောင့် သေး၏ ။ သို့သော် ဤသို့ထိုင် စောင့် နေခြင်းဖြင့် အကျိုး မထူး ။ ဒူးခေါင်း တုန်းက လိုပင် အတင်း လုပ် မှ ရတော့မည် ဟု ကြံမိသည် ။


“ အောင်မယ်  ... အပေါ် က ထုတ် မှာ တောက်တဲ့ကြီး ပါလား ”


“ အော်သံ မကြားပါဘူး ဗျာ ”


“ အလို - ဟို ပင့်ကူ က ရွှေရောင်လေးပါလား  ... ”


“ နေရောင်နေပြောက် ကြောင့် ခင်ဗျား မျက်စိ မှားတာပါ ”


မောင်ဒိုး က မျက်လုံးများ ကို မဖွင့်ဘဲ စိတ်ကူး ဖြင့် ပြန် ပြောနေသည် ။


“ ကဲကွာ - ကဲကွာ  ... ”


ကိုထောပတ် သည် မစောင့်နိုင်တော့ဘဲ မောင်ဒိုး ၏ မျက်လုံး များ ကို အတင်း ဖြဲ ကြည့်လေတော့ရာ စောစောက လိုပင် မောင်ဒိုး မှာ ရုန်းရကန်ရ ပြန်လေ၏ ။


“ ဟေ့လူ - ဘာလဲဗျ ၊ သွား ...”


မောင်ဒိုး ၏ မျက်စိများ ကို ကိုထောပတ် မြင်သွားပါပြီ ၊ သို့သော် ဘာမျှ မထူးခြားချေ ။


“ အော် .. ခင်ဗျား ကလည်း မျက်စိတွေ နဲ့ ပဲကိုး ”


“ ဘာလဲဗျ - မျက်စိ မပါရအောင် ကျုပ် က အကန်းလား ဗျ ၊ အကန်း ဆို ဘယ့်နှယ် ထင်းတိုက် နိုင်မှာလဲ ၊  သွားဗျာ - သွား ”


ထိုအခိုက် တွင် မလှမ်းမကမ်း မှထိုင်၍ အကဲခတ် နေသော ဒေါ်မှုန် သည် မနေနိုင်တော့ဘဲ ထလာလေတော့၏ ။


“ ဟဲ့ - ဗေဒင် ဆရာ ၊ အခု ပြန်ချင် ပြန် ၊ မပြန်ရင် မောင်ရင့် ကို ကျုပ် ခုံဖိနပ် နဲ့ လာဘ် တင်မိလိမ့်မယ်  ... ”


“ အော် ဟုတ်ကဲ့ ၊ ဒီလိုဆိုတော့လဲ ပြန်ရမှာပေါ့ .. ”


“ ဘယ့်နှယ်တော် ၊ ကျေးဇူး ဆပ်မယ် ဆိုလို့ ဘယ်လို ဆပ်မလဲမှတ်တယ် ။ ပုဆိုး ဆွဲ လှန်လား လှန်ရဲ့ ၊ မျက်လုံး တွေ နှိုက်လားနှိုက်ရဲ့ ၊ ဒူးခေါင်း နဲ့ ၊ မျက်လုံး နဲ့ ၊ ဗေဒင် နဲ့ ဘာ ဆိုင်သလဲ ၊ ကျေးဇူး ဆပ်တာ နဲ့ ပိုပြီး ဘာ ဆိုင်လဲ ၊ တယ်လေ - ပြောရင်း က ရိုက်ချင် လာပြီ .. ”


ကိုထောပတ် ခပ်သုတ်သုတ် ထွက် သွား၍ ဒေါ်မှုန် ၏ လက်ကို မတွေ့ လိုက်ရတော့ချေ ။ ရွှေစာ ပြန် ရောက်လာသော အခါ ဒေါ် မှုန် ပြောပြ၍ အကြောင်း စုံ သိ ရသော်လည်း သူ့ အနေဖြင့် ဘာမျှ ပြန် မပြောဘဲ နေလိုက်သည် ။


နောက်များ မကြာမီ ရွှေစာ နှင့် မဇံသီး တို့ စကား စပ်မိ ပြန်လေသည် ။


“ ဟဲ့ရွှေစာ - အရှေ့ပိုင်း က ဘုန်းကြီးကျောင်း မှာသိုက်ဆရာကြီး တစ်ယောက် ရောက် နေတယ်တဲ့ တော့ ”


“ အဲဒါ ငါ နဲ့ ဘာ ဆိုင်သတုန်း ဇံသီး ရဲ့ ”


“ အော်  ... ညည်း ယောက်ျား အကြောင်း ပြော ကြည့်ပေါ့ ၊ သူ က သိုက် ထဲ က လာသလား မှ မသိတာ ၊ ဒါကြောင့် ဒီ နန်းကြိုးကလေး ကို ဖြတ် လိုက်ရင် သူ ဟာ သိုက် ထဲ ကို ပြန် သွားရမယ် ထင်တယ်  ... ”


မဇံသီး ပြောသော စကားများ ထဲ တွင် စိုးရိမ်မကင်းစရာတွေ ပါဝင် နေသည် ။ တွေးရင်း တွေးရင်းပင် ထို သိုက်ဆရာကြီး သည် တန်ခိုးတွေ အပြည့်အဝ နှင့် သူ နှင့် သူ့ယောက်ျား ၏ ဘေးဒုက္ခ ကို ကယ်တင်နိုင်သော သူ ကြီး ပမာ ထင်မြင်လာသည် ။


ဤသို့ဖြင့် ရွှေစာ သည် မဇံသီး နှင့် အတူ သိုက်ဆရာကြီး ဆရာပွန်း ၏ ရှေ့မှောက် တွင် ရောက် နေကြရလေ၏ ။


“ အဲ ... နင်တို့ ပြောတဲ့ အတိုင်း ဆိုရင် သေချာပါပြီလေ ၊ ဒီ သူငယ် ဟာ သိုက် ထဲ က လာတဲ့ ဥစ္စာစောင့် ဝင်စားတဲ့ လူ ပဲ ၊ ငါ နဲ့ အချိန်မီ တွေ့  လို့ သာပေါ့ ။ မတွေ့များ မတွေ့ ရင်တော့လား ဒုက္ခပဲ  ... ဒုက္ခပဲ ၊ ကောင်းပြီလေ ငါ က နင့် ယောက်ျား ကို မြင်ဖူးအောင် ကြည့် ထားမယ် ၊ ကျန်တာ ငါ့ တာဝန်သာ ထားပေတော့ ”


ရွှေစာ တို့ လည်း ပြန် လာခဲ့ကြလေ၏ ။ သိုက်ဆရာကြီးဆရာပွန်း သည် မောင်ဒိုး မသိအောင် တိတ်တဆိတ် ကြည့် ထား၏ ။


ရက်များ မကြာမီ မောင်ဒိုး သည် ထင်း တိုက်ရန် လှည်းကလေး နှင့် ရွာ ထဲမှ ထွက် လာခဲ့လေ၏ ။ တောစပ် သို့ အရောက် တွင် ပင် သိုက်ဆရာကြီး နှင့် တပည့် နှစ်ယောက် တို့ သည် မောင်ဒိုး ကို ဝိုင်းဖမ်းကြ လေ၏ ။


မောင်ဒိုး သည် ဘုမသိ ၊ ဘမသိနှင့် အဖမ်း ခံရသဖြင့် အတင်း ရုန်းကန်ပါသော်လည်း သုံးယောက် နှင့် တစ်ယောက် ဖြစ်သဖြင့် အဖမ်း ခံ ရတော့သည် ။ ဆရာပွန်း တို့ လူသိုက် သည် တောထဲ ရှိ တစ်နေရာ တွင် ရှိသော သစ်ပင်ကြီး ၌ မောင်ဒိုး ကို ကြိုးများဖြင့် ချည်နှောင်ကြ လေတော့၏ ။


ထို့နောက် ဆရာပွန်း သည် မောင်ဒိုး ၏ လက်တစ်ဖက် ကို သူ့ ဆေးကြိမ်လုံး နှင့် ထိုး ပြ၏ ။


“ ဟေ့ကောင် ၊ မှန်မှန် ပြော ၊ ဒါ ဘာလဲ .. ”


“ ဒါ ... နန်းကြိုးကလေး ပေါ့ ”


“ မင်း မှန်မှန် မပြောဘူးလား ”


“ မှန်မှန် ပြောတာပဲဗျ ၊ ဒါ နန်းကြိုးကလေး ပဲ ၊ ဘာလဲ  ... ခင်ဗျ က ဒါကို ပိုက်ဆံကြိုး မှတ်နေလို့လား ”


“ တယ်  ... ငါ ရိုက်လိုက်ရ ၊ ပြောစမ်း  ... မင်း ဟာ ဥစ္စာစောင့် မဟုတ်ဖူးလား ”


“ မဟုတ်ဘူး ”


“ ကဲ  ... လိမ်အုံးကွာ ၊ လိမ်အုံးကွာ ”


ဆရာပွန်း က လက် ထဲ က ကြိမ်လုံးကြီး နှင့် လွှဲ၍ လွှဲ၍ နှစ်ချက် သုံးချက် ခန့် ရိုက် လေ၏ ။


“ ဟေ့လူကြီး  ... နာတယ် ဗျ ၊ဘာဖြစ်လို့ ကျုပ် ကို ရိုက် နေရတာလဲ ”


“ မင်း မှန်မှန် မပြောလို့ ရိုက်တာကွ .. ”


“ ကျုပ် ပြောတာတွေ ဟာ အမှန်ကြီးပဲ  ... ”


“ ဘာ မှန်ရမှာလဲ ၊ မင်း ဟာ ဥစ္စာစောင့် မဟုတ်ဘူးလား ”


“ မဟုတ်ဘူး ”


“ ကဲ  ... မဟုတ်အုံးနဲ့ကွာ  ... မဟုတ်အုံးနဲ့ကွာ  ...  ”


“ အို ... ဘယ်လိုလဲဗျ ၊ သောက်ရမ်းပဲ ရိုက် နေရသလား ၊ ခင်ဗျာ ဟာ ကျုပ် ရဲ့ အဖေ လည်းမဟုတ် ၊ ဆရာ လည်း မဟုတ်ဘဲနဲ့ ၊ ဘာလို့ နင်းကန် ရိုက် နေရတာလဲ ။ သတ္တိ ရှိရင် ကျုပ် ကို ကြိုး ဖြေပေးလေ ကောင်းကောင်းကြီး ခင်ဗျား ကို နားရင်း ရိုက် ပစ်လိုက်မယ် .. ”


“ မင်း စကားတွေ တော့ အများကြီး ပြောတတ်သလားကွ ၊ ငါဘမေးတာတော့ မဖြေဘူးလား ၊ မဖြေမချင်း မင်း ကို ငါ ရိုက် နေရမှာဘဲ ၊ ရိုက် ရမှာက ငါ့ တာဝန် ၊ ဖြေ ရမှာက မင်း ရဲ့ တာဝန် ပဲ  ... ကဲလေ  ”


မောင်ဒိုး သည် ဆရာပွန်း ၏ စကားများ ကို တွေ ပြီး နားထောင် လေ၏ ။ သူ့ စိတ်ထဲတွင် ဘာ လုပ်ရ ကောင်းမည်လဲဟု အကြံ ယူနေသည် ။ မောင်ဒိုး ငြိမ်၍ တွေဝေ စဉ်းစားနေသည် ကို မြင်သော် ဆရာပွန်း က မောင်ဒိုး သည် ဝန်ခံ ၍ မိမိ ၏အလို သို့ လိုက်တော့မည် ဟု ထင်၍ ဝမ်းသာ လာ၏ ။


“ ပြောစမ်း ငါ့ လူ ရယ် ၊ ဘာဖြစ်လို့ အသား ကို အနာ ခံချင်ရတာလဲ ဒါဟာ ရိုးရိုး ကြိမ်လုံးမဟုတ်ဖူးကွ ၊ ဆေးကြိမ်လုံး ပဲ ”


“ အော် ... ခင်ဗျားတို့ က ဆေး သုတ်ရင် ကြိမ်လုံး နဲ့ သုတ်သလား ”


"ဟဲဟဲ ... မင်း က ရယ်စရာ ပြောတာကိုး ၊ ကဲပါကွာ - ငါ မေး တာ ဖြေမယ် မဟုတ်လား  ... ဟင် ”


“ ဖြေမယ်  ... ခင်ဗျား က ဘယ်သူလဲ .. ”


“ ဆရာပွန်း ဆိုတာပေါ့ကွ ”


“ ဘာ လုပ်စားတုန်း ”


“ ဥစ္စာသိုက် တူး တဲ့  ... သိုက်ဆရာလေ ကွ ”


“ ခင်ဗျား မှာ မိန်းမတွေ ၊ သားသမီးတွေ မရှိဘူးလား ”


“ မရှိဘူးကွ ၊ ငါ က ပညာ နောက် ပဲ လိုက်နေတာ ”


“ သိုက် ကို ရှာလို့ မတွေ့ ရင် ခင်ဗျား ဘယ်လိုလုပ် ထမင်းရှာစား       ”


“ ဒါကတော့ ငါ့ တပည့်တွေ က ကျွေးတာပေါ့ ၊ အောင်မယ်  ... ခွေးမသား  ... နင် က ညာတာပါတေး နဲ့ ငါ့ ကို ချည်းမေးနေတာကိုး ငါ က မေးရမှာကွ ”


“ မေးပါလေ ၊ ဒါထက် ခင်ဗျား အသက်  ... ဘယ်လောက် ရှိပြီလဲ ”


“ ငါးဆယ့်ကိုးနှစ် - တယ် ... တော်ပြီ ”


“ တော်ရင်လည်း ကျုပ် ကို ကြိုးဖြည် လွှတ်လေ ”


“ အောင်မယ် .. ဘာရမလဲ ၊ နင် တော်တော် လူလည် ကျတဲ့ ကောင် ၊ ကိုင်းပါ ငါ မေးတာ ဖြေလဟဲ့  ... ”


“ ဒါဖြင့်လဲ မေးလဟဲ့ ”


“ မင်း ဟာ ဥစ္စာစောင့် မဟုတ်ဖူးလား ”


“ ဟုတ်တယ် ”


မောင်ဒိုး က ဤသို့ ဖြေလိုက်ရာ ဆရာပွန်း သည် ကျေနပ် သွား သလို လက်ဝါးကြီး နှစ်ဖက် ကို အားရပါးရ ပွတ်လိုက်လေ၏ ။ ထိုအခါ ကြိမ်လုံးကြီး လွတ်ကျသွားသဖြင့် ကပျာကယာ ပြန်ကောက် လိုက်ရာ မှည့်ပျော် နေသော ရဲယိုသီး ကို ချော်၍ ကိုင်မိလေ၏ ။ ထိုအခါ ကျန်သော လက်တစ်ဖက် ဖြင့် ကြိမ်လုံး ကိုကောက် လိုက်ပြီး ရဲယိုသီး ကိုင်မိသော လက် ကို နမ်းကြည့် သည် ။ နံ သဖြင့် မျက်နှာကြီး ရှုံ့သွား၏ ။


“ တယ် နံပါလား ”


“ နံ မှာပေါ့ - သစ်သီးပုပ်ကြီး ကိုး ”


“ ဟေ့  ... ဒါက မင်း ကို ငါ မေးတာ မဟုတ်သေးဘူး ၊ ကဲ - မေးခွန်း ဆက် မေးမယ် ၊ မင်း ဟာ ဥစ္စာစောင့်နော် .. ”


“ ဟုတ်တယ် ”


“ ဟာ  ... ကောင်းပါပြီ ၊ မင်း ရဲ့ သိုက်နန်း ကို ငါတို့ ကို လိုက်ပြမလား ”


မောင်ဒိုး က ခေါင်း ကို ညိတ်ပြ၏ ။ သို့ဖြစ်လေရာ ဆရာပွန်း နှင့် တပည့် နှစ်ယောက် သည် များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး လျှင် မောင်ဒိုး ကို ကြိုး ဖြည် ပေး ၍ သိုက်နန်းဆီ သို့ ခေါ်သွား စေ၏ ။


မောင်ဒိုး သည် ထင်းခုတ်သမားပီပီ ဤတောကြီး ၏ အကြောင်း ကို ကောင်းစွာ သိသူ ဖြစ်လေရာ ဆရာပွန်း တို့ ကို တစ်နေရာ သို့ ခေါ် သွားလေ၏ ။ ထိုနေရာ မှ လူ တစ်ရပ်စာ လောက် နက် သည့် တွင်းကြီး ဖြစ်၏ ။ တွင်းဝ မှာ ငါးပေခန့်ကျယ်ဝန်းသည် ၊ ထိုတွင်း ဝ မှနေ၍ ငုံ့ ကြည့် လျှင် အောက်တွင် မဲမှောင် နေ၍ ဘာကိုမျှ မမြင်ရ ။ စင်စစ် သော်ကား အောက် တွင် ရေ သည် ခါးလောက် ရှိ၍ သစ်ရွက်ဆွေး ၊ သစ်ရွက်ပုပ် ၊ သစ်သီးပုပ် ၊ တိရစ္ဆာန်အသေကောင်ပုပ် များ ရှိသည် ။


မောင်ဒိုး သည် တွင်းဝ နား သို့ ရောက်သော အခါ တွင်း ထဲ သို့ တစ်ချက် ငုံ့ ကြည့် လိုက်ပြီးလျှင် လက်ညှိုး နှင့် တွင်း ထဲ သို့ တငေါက်ငေါက် ထိုး လိုက်၏ ။


ထိုအခါတွင် သိုက်တွင်း မှ ပစ္စည်းများ ကို လိုချင်သည့်လောဘဇော တက်လျက် ရှိသော ဆရာပွန်း နှင့် တပည့် နှစ်ယောက် တို့ သည် လည်း တွင်း ၏ နှုတ်ခမ်းဝ သို့ လာရောက် ၍ ရပ်ကာ ဘာမသိ ညာမသိ နှင့် တွင်း ထဲ သို့ ငုံ့ ကြည့်မိကြလေ တော့သည် ။


ထိုအခါ တွင် မှ မောင်ဒိုး သည် နှုတ် မှ 


“ ကဲ ... ငမိုက်သားတွေ သွားကြရော့ကွာ  ... သွားကြရော့ကွာ ” 


ဟု ပြောပြောဆိုဆို နှင့် သုံးယောက် သား ကို တစ်ယောက် ပြီး တစ်ယောက် ဖင် ကို ကန်၍ ချ လိုက်လေရာ ဆရာပွန်း နှင့် တပည့် နှစ်ယောက် တို့ မှာ “ အား .. အား ” ဟု အော်၍ ခြေကားယား လက်ကားယား နှင့် တွင်း ထဲ သို့ ဂျွမ်းပျံ ကျ ကုန်ကြလေတော့သည် ။


မောင်ဒိုး သည် ပြုံးရယ်ရွှင်ပျစွာ နှင့် အိမ် သို့ ပြန် လာခဲ့ပြီး တစ်ရေးတမော အိပ် နေလေ တော့၏ ။


တွင်း ထဲ က ဆရာပွန်း နှင့်တပည့် နှစ်ယောက် သည် ပထမ တော့ ရေ အနက်ကြီး ဟု ထင်မှတ်၍ တဗွမ်းဗွမ်း နှင့် ကူးသေး၏ ။ သူတို့ ကူး သည့် တွင်း မှ အပုပ်နံ့ မှာ ပို၍ ပို၍ပင်ထောင်းခနဲ ထောင်းခနဲ ထ လာသဖြင့် သူတို့ ၏ မျက်နှာကြီးများမှာ ကြည့်မကောင်း ရှုမကောင်း အောင် ပင် ရှုံ့ မဲ့ နေကြလေသည် ။ ပြီးမှ ရေ သည် ခါးလောက် သာ နက်မှန်း သိသွားကြ၍ မတ်တပ် ရပ်လိုက်ကြသည် ။ တောနက်ကြီး ထဲ မှ တွင်းထဲ ရှိ ရေသည် အလွန်တရာ မှ အေးမြလှသည် ဖြစ်၍ ခဏမျှ စိမ်လိုက်ရုံကလေး ဖြင့် တခိုက်ခိုက် ချမ်းလာကြရတော့သည် ။ ပုပ်စော် က နံ ၊ ချမ်း လည်း ချမ်း မို့ တပည့် တစ်ယောက် သည် မျက်နှာကြီး မဲ့ ၍ ဆရာ့ အား စကား ပြော လိုက်သည် ။


“ ဆ - ဆရာ ... ဂတ်ဂတ်  ... ဒီ - ဒီလိုပဲ  ... ဂတ်ဂတ် .. ရေစိမ် နေ နေ - ရ ရင်  ... အင် - အင် - မကြာခင် .. အင်အင် ဂတ်  ... သေ သေကြလိမ့် - မ - မယ်  ... မယ်  ... ဂတ်ဂတ် - ထထင် .. တယ် - ဂတ် ဂတ် ”


“ အအေး  ... င ငါ  ... လ လဲ  ... ဂတ်ဂတ် .. ဂတ်ဂတ် .. ဂတ်ဂတ် ဂါဂါ  ... ဂတ်  ... ဂဲ - ဂဲ  ... ဂိုက်ဂိုက် ”


“ ဟာ ... ဂတ်ဂတ် - ဆဆ - ရာ - ရာ ဂတ်ဂတ် ပြောပြော .. ဂတ် ဂတ်တာတွေ ဂဂတ် - ကျကျနော် - ဂတ်ဂတ်  ... ဘာမှ န နား မမလယ်  ... ဂတ်ဘူး - ဂတ်ဂတ် ”


ထိုအခိုက် တွင် သူကြီး နှင့် ရွာသား ဆယ်ယောက် ခန့်တို့သည် တုတ်များ ၊ ဓားများ ကိုင် ကာ တွင်းကြီး နား သို့ရောက် လာကြ၏ ။ ခြေသံများ နှင့် စကားသံတွေ ကို ကြား ရသောအခါ တွင်း ထဲ မှဆရာပွန်း တို့ လူစု သည် အား တက် ကာ ကုန်း အော်ကြလေ၏ ။


“ တကယ် - ဂဂတ် - ဂတ်တတော် .. ဂတ်ဂတ် ”


ရွာသား တစ်ယောက် က သူတို့ ၏ အော်သံ ကို ကြားသော အခါ အံ့ဩ သွားကာ သူကြီး ကို ပြောလိုက်၏ ။


“ သူကြီး  ... ဟို တွင်း ထဲ မှာ ဘဲတွေ ကျ နေတယ် ထင်တယ် ၊ တဂတ်ဂတ် နဲ့  ”


 “ ဟ  ... လူသံ ပါ ကွ ၊ ငါတို့ လိုက် နေတဲ့ သူခိုးတွေ ထင်တယ် ၊ အသာနေ .. ”


သူကြီး သည် တွင်းနား သို့ မသွားဘဲ နွယ်ကြိုးရှည်ကြီးများ ကို အဝေး က လှမ်း ပစ်ချပေးပြီး သူတို့ က မူ ခြုံများနောက် တွင် ပုန်းနေသည် ။


နွယ်ကြိုး ၏ တစ်ဖက်စ များ ကို သစ်ပင် တွင် ချည်ထားသဖြင့် ဆရာပွန်း နှင့် တပည့် နှစ်ယောက် မှာ လွယ်ကူစွာပင် တွင်းပေါ် သို့ တက်ရောက် လာကြလေ၏ ။ သူတို့ တစ်ကိုယ်လုံးမှာ ညစ်ပတ်ပေရေ နေ လေသည် ။ ဆရာပွန်း ၏ နဖူး တွင် သစ်ရွက်ပျော့ပျော့ အဖပ်ကြီး သည် အပြားလိုက် ကပ်နေ၏ ။ ဂုတ်ပိုး တွင် မျှော့ကြီး တွယ်နေ၏ ။ တပည့် တစ်ယောက် ၏ ထိပ်ပေါ် တွင် ကြွက်သေကောင်လေး ပါလာ၏ ။ အခြား တပည့် တစ်ယောက် ၏ ယောင်ထုံး တွင် သရက်သီးပုပ်ကြီး ပါ လာလေသည် ။


အပေါ် ရောက်သော အခါ သူတို့ သည် လူ တစ်ယောက် မှ မတွေ့ သဖြင့် ဆရာပွန်း က တပည့်တွေကို လှည့်၍ ကြွားလိုက်သည် ။


“ လက်စသတ်တော့ ငါ့ အစောင့်တွေ က လာ ကယ်တာကိုး ကွ ၊ ကဲ - သွားကြစို့ ”


ထိုအခိုက်တွင် သူကြီး နှင့်ရွာသားများ ထွက်ပေါ်လာ၍ သူတို့ ကို ဖမ်းဆီး ထုထောင်း ကြလေ၏ ။ ထိုအခါ တပည့်တစ်ယောက် က နာလွန်း၍ အော် ရှာသည် ။


“ ဆရာရေ - ဆရာ့ အစောင့်တွေ ကို ပြောပါဦး ၊ ချလှ ချည်လား ဆရာရေ့ ... လုပ်ပါအုံးဗျို့ ၊ သေတော့မယ် .. ”


“ ဟဲ့ကောင်ရဲ့ - ငါ့ ကို ပါ ငါ့ အစောင့်တွေ က ချ သကွာ ၊ အီးအီး ”


ထိုနောက် မှ သူကြီး က သေသေချာချာ ကြည့်လိုက်ကာ


“ ဟကောင်တွေ  ... နေကြပါအုံး ၊ နေကြပါအုံး ၊ ဒီ လူတွေ ဟာ ဟို အရှေ့ပိုင်း က ဘုန်းကြီးကျောင်း မှာ တည်း တဲ့ ဆရာ ဆိုတာ မဟုတ်လား ဟ ”


ဟု ပြောလိုက် မှ ရွာသားများ က ရပ် လိုက်လေသည် ။


“ ဟုတ်ပါတယ် သူကြီး ရယ်  ...  ၊ ကျုပ် ဆရာပါ ”


“ ဆရာ က လည်း ပုပ်စော် နံလှချည်လား ”


“ အင်း သိုက် ကို မနိုင်လို့ ခံ လိုက်ရတာပါဗျာ ”


“ ကျွန်တော်တို့ သူခိုး လိုက် ဖမ်းနေကြတာပါ ၊ ကဲ - လူ မှားတာ သည်းခံပါ ဆရာရယ် ၊ ကျွန်တော် တို့ သူခိုး ဆက်လိုက် လိုက်အုံးမယ် ”


ဆရာပွန်း နှင့် တပည့်များ ကား လွန်စွာ မှ ရှက်သွားကြသည် ဖြစ်သောကြောင့် အရှေ့ပိုင်းဘုန်းကြီးကျောင်း တွင် ကျန်ရစ်ခဲ့သော ပစ္စည်း ပစ္စယကလေးများ ကို ပင် မယူတော့ဘဲ ထို တော ထဲ မှ နေ၍ အခြား သော အရပ်ဒေသ သို့ ထွက်သွားကြလေတော့သည် ။ ဤ တစ်သက် တွင် တော့ ဤရွာ သို့ သူတို့ပြန် မလာတော့ပါ ဟု အဓိဋ္ဌာန်ပြု သွား ကြသည်ဆို၏ ။


ဒေါ်မှုန် သည် သရက်ကင်းကျေးရွာ မှ ပြန် ရောက်လာသောအခါ တွင် ကား အိမ် တွင် သမီး ဖြစ်သူ ရွှေစာ သည် တရှုံ့ရှုံ့ နှင့် ငို နေသည် ကို တွေ့ရ သဖြင့် အထိတ်တလန့် ဖြစ်သွားရသည် ။


"ဟဲ့ ... သမီး ဘာ ဖြစ်တာလဲ ”


“ ကိုဒိုး ပေါ့ ”


“ မောင်ဒိုး ဘာ ဖြစ်သလဲ ”


“ ကျွန်မ က သူ အိပ်ပျော်နေတုန်း သူ့ လက်မောင်း က နန်းကြိုးလေး ကို ဖြတ် ပစ် လိုက်တယ်လေ ၊ အီး ... အီး ”


“ ဟင် - ဟုတ်လား ၊ ဖြတ်ပစ်လိုက်တော့ ဘာ ဖြစ်သလဲ ”


“ ဖြတ် ပစ်လိုက်တော့ ပြတ် သွားတာပေါ့ အမေရဲ့ ”


“ တယ် ဒီ ကောင်မလေး ဟာ  ... မောင်ဒိုး ကော ဘယ်မလဲ ”


“ သူ့ သူငယ်ချင်း ကိုဖိုးထိန် ဆီ သွား လည်တာပေါ့ ”


“ ငါ့ ကို ရှင်းအောင် ပြောစမ်းပါ ဟဲ့ ”


“ သူ အိပ်ရာ က နိုးတော့ ကျွန်မက နန်းကြိုးလေး ကို ဖြတ်ပစ်တာ  ကို  သိရော ၊ ဒီ ကြိုး ဟာ ဘာကြိုး မှ မဟုတ်ဖူး ၊ ငါ တမင် ပတ်ထားတာ  ၊  နင့် ကို စပ်စု တတ်တဲ့ ရောဂါ ကို ပျောက်အောင် ကု မလို့ တမင် လုပ်ထားတာ ... တဲ့ ၊ ပြီးတော့ စပ်စုအုံး ဟဲ့  ... စပ်စုအုံး ဟဲ့ ဆိုပြီး ကျွန်မ ကို ရိုက်ပြီး သွား လည် တော့တာပဲ ... အင်း ... အင်း ”


ဒေါ်မှုန် သည် သမီး ကို ကြည့်၍ မျက်ရည်များ ထွက်အောင်ပင် အော် ၍ ရယ် လိုက်မိလေတော့သည် ။


“ ကောင်းသဟဲ့ ၊ ကောင်းသဟဲ့ စပ်စုချင်အုံး ၊ စပ်စုတော့ ဘာဖြစ်သလဲ  ... လင် ထောင်းခံရတာပေါ့ တော့  ... လင် ထောင်းခံရတာပေါ့ ... ဟဲ .. ဟဲ .. ဟဲ .. အား .. ဟား .. ဟား ”


_______________________


ကြပ်ကလေး


ဆင့် အချစ်တော် မောင်အောင်ဘော်


#ကိုအောင်နိုင်ဦး


_______________________