❝ စာရေးဆရာ ၊ မိသားစု ၊ ရဲဘော်ရဲဘက် ❞
မင်းလူ ။
နာမည် ကို က တွေးစရာတွေ စ ပေးပါတယ် ။ ပြီးတော့ တစ်ခါ သူ့ ကို မင်းလူ လို့ ခေါ်တော့ ကိုယ် က လူ မဟုတ်တော့ဘူးလား ၊ လူမင်း နဲ့ ရော ဘယ်လိုတော်စပ်မှု ရှိလဲ ။ ဒါမှမဟုတ် မင်းလူ ဆိုတာ မင်း ရဲ့ လူ ၊ အဲ့ဒီတော့ အခြား တစ်ယောက် ရဲ့လူ မဟုတ်ဘူး လို့ ဆိုလိုတာလား ။ အဲ့ဒီလို အဲဒီလို အနက်အဓိပ္ပာယ် ကို ဆက်လက်တွေးခေါ်ကြည့်မယ် ဆိုရင်လည်း မျက်ခွက် က ပြုံးစစ နဲ့ မချိုမချဉ် ဖြစ် လာစေပါတယ် ။ အဲ့ဒီလို အဲ့ဒီလို ပေါ့ပေါ့ပါးပါး နဲ့ ဟာသဓာတ် လည်း ပါ ၊ အတွေးဝင်္ကပါ ထဲ ကိုလည်း ပို့ပေးနိုင်တဲ့ အမည် နာမ တစ်ခု နဲ့ သူ့ ကိုယ် သူ ပညတ် ခဲ့ တဲ့ စာရေးဆရာ တစ်ယောက် ကျွန်တော် တို့ နိုင်ငံ မှာ ရှိ ခဲ့ဖူးပါတယ် ။ သူ့ ရဲ့ နာမည် အရင်းက ဉာဏ်ပေါ် ပါ ။ သူ့ နာမည်အတိုင်း တကယ် ဉာဏ်ပေါ် လား မပေါ်လား ဆိုတာ ကို တော့ သူ ရေး ထားခဲ့တဲ့ စာတွေ နဲ့ သူ့ ရဲ့ ဖြတ်သန်းခဲ့မှုတွေ က အဆုံးအဖြတ် ပေးပြီးသား ဖြစ်မယ် ထင်ပါတယ် ။
သူ က ဆရာဝန်ကြီး မဟုတ်ပါဘူး ။ ဒါပေမဲ့ သူ က စာဖတ်သူတွေ ကို ရယ်မောခြင်း နဲ့ အသက် ရှည်စေခဲ့ပါတယ် ။ သူ က အင်ဂျင်နီယာကြီး မဟုတ်ပါဘူး ။ ဒါပေမဲ့ သူ က စာဖတ်သူတွေ ရဲ့ နှလုံးအိမ်တွေ ကို ခံစားမှုတွေ နဲ့ တည်ဆောက် အသက် ဝင် စေခဲ့ပါတယ် ။ သူ က စစ်သားကြီး မဟုတ်ပါဘူး ။ ဒါပေမဲ့ သူ က သူ့ ကလောင်လက်နက် နဲ့ တိုင်းပြည် ရဲ့ တန်ဖိုး ၊ လူ့ အဖွဲ့အစည်း ရဲ့တန်ဖိုး ၊ မိသားစုတွေ ရဲ့ တန်ဖိုး ၊ တစ်ဦးတစ်ယောက်ချင်း စီ ရဲ့ တန်ဖိုးတွေ ဘက် က ရပ်တည် ကာကွယ် ခဲ့ပါတယ် ။ သူ က နိုင်ငံရေးသမား မဟုတ်ပါဘူး ။ ဒါပေမဲ့ မတရားမှု ကို ၊ အာဏာရှင်စနစ် ကို ဘာတွေဖြစ်ကုန်ကြပြီလဲ ဆိုတဲ့ ကဗျာ နဲ့ အန်တု တော်လှန် ခဲ့ပါတယ် ။ ပန်းကျောင်း ဟာ သူ ကြီးပြင်းခဲ့ရာ နေရာ ဖြစ်သလို မျိုးဆက်သစ်တွေ ကို သူ တက်စေချင်တဲ့ ကျောင်း လည်း ဖြစ်တယ် ။ သဘာဝကျကျ ဟာသရသ တွေဟာ သူ့ ဘဝ ရဲ့ အမှတ်လက္ခဏာ ဖြစ်သလို လူ့ အဖွဲ့အစည်း ရဲ့ နှလုံးသား ထဲ သူ ကိန်းအောင်း စေချင်တဲ့ ရတနာ လည်း ဖြစ်တယ် ။ အချစ် သည် သက်တော်ရာကျော်ရှည်ပါစေသတည်း ဆိုတာ ဟာ သူ ကျူးရင့် ခဲ့ တဲ့ တောင်းဆု ဖြစ်သလို သူ တည်ဆောက်ချင် ခဲ့တဲ့ ယဉ်ကျေးမှု လည်း ဖြစ်တယ် ။ အဆင့်အတန်း မရှိတဲ့ ပေါတောတော ဇာတ်ကားတွေ ကို မတော်တဆ ကြည့် ကြည့်နေရတဲ့ အခါတိုင်း သူ့ ဝတ္ထုတွေ ကို ပြန် ရိုက်ခဲ့တဲ့ ရုပ်ရှင်တွေ ကို သတိရတယ် ။ ( ဓာတ်ခဲ ၊ အများနှင့် မသက်ဆိုင်သာသူ ) ။ MICT park ကြီး ကို တက္ကသိုလ်ကြီး လို လုပ်ပြီး ကျောင်းသား ကားတွေ ရိုက် ပြနေကြတဲ့ ဇာတ်ကားတွေ ကို ကြည့်ရတိုင်းလည်း သူ ရေးဖွဲ့ခဲ့တဲ့ သူ တို့ခေတ် က တက္ကသိုလ် အကြောင်းတွေ ကို တမ်းတ မိတယ် ။ သူတို့ ပျော်ကြလေပြီ ဆိုတဲ့ စာ တစ်အုပ် ရေးခဲ့တဲ့သူ ၊ ကျွန်တော်တို့ ပျော်ခွင့် ရပြီ ဆိုတဲ့ စာ တစ်အုပ် ကို ရေးခွင့် မရခဲ့ခင် မှာ ပဲ ကျွန်တော်တို့ အနား က နေ ထွက်ခွာ သွားခဲ့တယ် ။ သူ ကွယ်လွန် သွားခဲ့တဲ့ လ က ကျွန်တော်တို့ နိုင်ငံ ကို အိပ်မက်ဆိုးတွေ ခဏခဏ ပေးလေ့ ရှိတဲ့ ဩဂုတ်လ ။ ရေဝေး မှာ မီဒီယာသမား တစ်ယောက် က ဦးမင်းလူ ဆုံးပါးသွားခဲ့ခြင်း အတွက် ဘယ်လို ခံစားရပါသလဲ ဆိုတဲ့ မေးခွန်း ကို ကျွန်တော် အခုလို ဖြေ ဖြစ်ခဲ့ပါတယ် ။
“ ဦးမင်းလူ က ကျွန်တော် လေးစားရတဲ့ စာရေးဆရာ ပါ ။ ဒါပေမဲ့ အဲ့ဒီထက် မကပါဘူး ။ ကျွန်တော့် ဦးလေး နဲ့ သူ နဲ့ က သူငယ်ချင်း ဖြစ်သလို မိသားစုတွေချင်း လည်း ရင်းနှီးနေကြတော့ မိသားစုဝင် တစ်ယောက် ဆုံးရှုံး ရသလိုလည်း ခံစားရပါတယ် ။ နောက်ပြီး ဦးမင်းလူ က ကျွန်တော့် ကို ထောင်ကျဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက် ဖြစ်တဲ့ အတွက် ရဲဘော်ရဲဘက် တစ်ယောက် လို သဘော ထားပြီး ပြောဆိုဆက်ဆံ လေ့ ရှိပါတယ် ။ အဲ့ဒီတော့ ယုံကြည်ချက် တူ တဲ့ ရဲဘော်ရဲဘက် တစ်ယောက် ဆုံးရှုံးသွားတာလည်း ဖြစ်ပြန်ပါတယ် ။ ကျွန်တော့် အတွက်တော့ သူ ဟာ လေးစားရတဲ့စာရေးဆရာ ၊ ခင်မင်ရတဲ့ ဆွေမျိုးရင်းချာ ၊ တန်ဖိုးထားရတဲ့ ရဲဘော်ရဲဘက် တစ်ယောက်ပါပဲ ”
ကျွန်တော် ဘလော့ဂ် ရေး မှု နဲ့ ထောင် ကျတော့ အင်းစိန် ကနေ ဘားအံထောင် ကို အပို့ ခံရပါတယ် ။ အဲဒီ အကြောင်း ကိုလည်း သူ က သူ့ ရဲ့ တရားခံ ဆိုတဲ့ ကဗျာလေး မှာ အခုလို ထည့် ရေးခဲ့ပါသေးတယ် ။
တကယ်လို့သာ
ဘေလ်ဂိတ် ၊ စတိဂျော့ ၊
ဇပ်ကာဘတ်တို့ သာ
ခြေဆော့လက်ဆော့ မလုပ်ခဲ့ဘူးဆိုရင်
နေဘုန်းလတ် လည်း
ဘလော့ဂါ ဖြစ်မှာမဟုတ်
သူ့ မိဘတွေလည်း
ဘားအံ ကို ရောက်ဖူးမှာ မဟုတ်
တဲ့ ။
မှတ်မှတ်ရရ ပါ ပဲ ။ ကျွန်တော် ထောင် ထဲ ကနေ ကျွန်တော့် ညီငယ် ဆီ လှမ်း ရေးတဲ့ ပေးစာတွေ ကို ညီလေး ရေ … ဆိုတဲ့ နာမည် နဲ့ စာအုပ် ထုတ်တော့ အဲဒီ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား ကို ဦးမင်းလူ ရောက် လာခဲ့ပါတယ် ။ ပွဲတွေ သိပ် တက်လေ့တက်ထ မရှိတဲ့ ၊ တက် ရင်လည်း ရှေ့ သိပ် မထွက် တဲ့ သူ့ ကို အနိုင် ကျင့်ပြီး အမှတ်တရ စကား ပြော ခိုင်းတော့ ဦးမင်းလူ က အမှတ်တရ ကဗျာလေး တစ်ပုဒ် ရွတ်ဆို ပြပြီး ကျွန်တော့် ကို သတိ ပေးသွားခဲ့ပါတယ် ။
ခုချိန်မှာ မင်းတို့ ဟာ
ခြေစွမ်းထက်တဲ့ ဘောလုံးသမားတွေပေါ့ ။
စာချုပ်ချင်တဲ့ အသင်းတွေက
အများသားကလား ။
ကာလကလည်း
အပြောင်းအရွှေ့ ရာသီပေကိုး ။
သေချာစဉ်းစားသုံးသပ်ပြီးမှ
ဆုံးဖြတ်ကြပါကွယ်တို့
ကိုယ်နဲ့ အံမဝင်တဲ့
အသင်းမှာ ကစားမိလို့
ခြေစွမ်း မပြနိုင်ရင်
အရန်ခုံမှာ
အရိုးထုတ်ရတတ်တယ်လေ ။
ကာလတိုယာယီ
အငှားစာချုပ်လောက်ပဲဆိုရင်ကော ။
အဖိုးတန်ရွှေခြေထောက်တွေကို
အလွတ်ပြောင်းရွှေ့ကြေးနဲ့
ဈေးပေါပေါ လိုချင်ရင်တော့
ဘယ်တရားပါ့မလဲနော ။
ငါတို့ အတွက်ကတော့
နာကျင်အချိန်ပိုပါပဲကွာ ။
သူ့ ကဗျာလေး ထဲ က လိုပါပဲ ။ အခုတော့ နာကျင်အချိန်ပို ကို လွန်မြောက်ပြီး သူ ကျွန်တော်တို့ အားလုံး ကို ထားရစ်သွားခဲ့တာ တစ်နှစ် ပြည့်ပါတော့မယ် ။ အာဏာရှင်စနစ် ကနေ တန်းတက်လာတာ မကြာသေးတဲ့ ကျွန်တော်တို့ အသင်း ရဲ့ အနာဂတ် ဟာ တန်းပြန် ဆင်းသွားရနိုင်တဲ့ အလားအလာတွေ ဖြစ် လာနိုင်တာ ကို သူ စိတ်ပူ ခဲ့ပုံပါပဲ ။ လူငယ်ခြေတက်တွေ ရဲ့ ခြေစွမ်း ၊ ဂန္ထဝင်ကစားသမားကြီးတွေ ရဲ့ အတွေ့အကြုံ ၊ ပရိသတ်အပေါင်း ရဲ့ အင်တိုက်အားတိုက် အားပေးမှုတွေ ကို အချိုးညီညီ ပေါင်းစပ်ထားတဲ့ အသင်းသစ် ရဲ့ တန်းပြန်ဆင်းရမယ့် အရေး ကို ရှောင်ရှားပြီး ဒီမိုကရေစီဆုဖလားကြီး ကို အရ ယူမယ့် ရှေ့လာမယ့် ပွဲစဉ်တွေ ကို ဘောလုံးဝါသနာ ကြီးလွန်း တဲ့ ဦးမင်းလူ တစ်ယောက် တစ်နေရာရာ ကနေ စောင့် ကြည့် ရင်ခုန် နေမလားလို့ ကျွန်တော် သံသယ ပွားမိပါတယ် ။
ကျွန်တော်တို့ အားလုံး မျှော်လင့်တကြီး နဲ့ တောင့်တ ခဲ့ကြတဲ့ ဒီမိုကရေစီပန်းတိုင် တစ်ခု ကို အသေအချာ ရောက်ရှိတဲ့ တစ်နေ့ ၊ ဦးမင်းလူ တို့ ကလည်း သုဂတိဘုံ ကနေ ထ အော် ၊ ကျွန်တော် တို့ ကလည်း ဒီ ကနေ ထ အော် ၊ အဲဒီအခါ ကျ မှ ကျွန်တော် တို့ ပျော်ကြရလေပြီ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဝတ္ထု တစ်ပုဒ် လောက် တော့ ဦးမင်းလူ ကိုယ်စား ကျွန်တော် ရေးဖွဲ့ခဲ့ချင်ပါသေးတယ် ဗျာ ။
◾နေဘုန်းလတ်
📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment