Thursday, September 1, 2022

ငှက်ကလေး ( ၁၁ )


 

အပိုင်း ( ၁၁ )

ခြံဝင်းတံခါး က ဝင် လိုက်တာနဲ့ ကျော ထဲ က စိမ့်ပြီး ချမ်း သွား၏ ။ ကိုယ် တို့ အိမ် ကို ပြန် ရောက်ပြီ ။ ဘူတာရုံ မှာ ရထား ဆိုက်ပြီးတော့ ဦးလေးမောင်မောင်ကြီး က သူ့ ကိစ္စ ရှိတဲ့ နေရာကို တန်း သွားသည် ။ ကိုယ် က အိမ် ပြန်လာသည် ။ အိမ် ကတော့ ထုံးစံ အတိုင်း ခြောက်ကပ်လျက်ပင် ။ ကိုယ် ရောက်သွားသော အချိန်မှာ ဖေဖေ ရော မေမေ ပါ အိမ် မှာ မရှိကြ ။ အလုပ် သွား ကြပြီ ။ မီးဖိုချောင် ထဲ မှာတော့ ထုံးစံအတိုင်း ဆော်လီမား နှင့် မီးခိုး များ သာ ရှိလေသည် ။

ကိုယ် တို့ အိပ်ခန်း ထဲ သို့ ဝင်ခဲ့သည် ။ အဝတ်အစားတွေ ထည့် ယူသွားသော အိတ်ကလေး ကို ခုတင်ပေါ်  ပစ် တင်လိုက်သည် ။ ပြီးတော့ အပြင်ခန်း ကို ပြန် ထွက်လာသည် ။ ဧည့်ခန်း ထဲ က ကုလားထိုင် မှာ ထိုင် သည် ။ ကိုယ် သည် ဘာ လုပ်ရမှန်း မသိဘဲ ကြောင်တက်တက် ဖြစ် နေသည် ။ ဘာလို နေမှန်း မသိ ။ နောက် မှ စဉ်းစား မိသည် ။ ကိုယ်တို့ အိမ်သည် လူ နည်းပြီး တိတ်ဆိတ်လွန်း နေခြင်းပင် ဖြစ်သည် ။ ရန်ကုန် မှာ တုန်းက ခုချိန် ဆို ကိုတွတ် တို့ ၊ သီတာ ၊ နီလာ တို့ ၏အသံများ ဖြင့် ဆူညံ နေပြီ ။

ကိုယ် ပြန်ခါနီးတုန်း က ကိုတွတ်ကြီး က ကိုယ့် လက်မောင်း ကို အတင်း ဆုပ်ကိုင်ထားပြီး “ အစ်ကို ညီ ၊ နွေကျောင်းပိတ် ရင် လာ ဦးနော် ”

ဟု ပြောသည် ။ သီတာ က ချောင် မှာ ကုပ် ထိုင်ပြီး တရှုံ့ရှုံ့ ငိုနေသည် ။ နီလာ ကတော့ “ မပြန်ရဘူး ၊ မပြန်ရဘူး ”

ဆိုပြီး အိမ်ရှေ့ နှင့် အိမ်နောက်ဖေး ပြေး နေသည် ။

ဦးလေးချစ် နှင့် ဒေါ်လေးသန့် ကို သတိ ရ မိပြန်သည် ။ ဦးလေးချစ် သည် လူရှေ့သူရှေ့ကျလျှင် ဒေါ်လေးသန့် ကို ဟောက်လားပြုလား လုပ် သော်လည်း တကယ့် တကယ် ကျတော့ ဒေါ်လေးသန့် ကို သူ ကြောက်ရသည် ။ ဒေါ်လေးသန့် သည် ဦးလေးချစ် ကို နိုင်သည် ဆိုသော်လည်း ဦးလေးချစ် ကြိုက် တတ်တဲ့ စားစရာတွေ ဘာတွေ ကျတော့ ကောင်းကောင်း လုပ်ပေးတတ်သည် ။ “ လိုက်လည်း လိုက်တဲ့ လင်မယား ပဲ ”

ဟု ဘွားမေသိန်း က ပြောဖူးပါသည် ။

ကိုယ် တို့ အိမ် မှာလည်း ဦးလေးချစ် တို့ ၊ ဒေါ်လေးသန့်တို့ အိမ် လို ဖြစ် စေချင်သည် ။ အဲဒီမှာ လို ပျော်ပျော်ရွှင်ရွှင် နေချင်သည် ။ ခုဟာက အိမ် မှာ ခြောက်တ ိခြောက်ကပ် ။ ဖေဖေ နှင့် မေမေ သည် စကား ပင် မပြောကြ ။ ပြီးတော့ ဘွားမေသိန်း ပြောသော စကား တစ်ခု ရှ ိသေးသည် ။ ဖေဖေ က ခွစာ တဲ့ ။ ဖေဖေ က ခွကျ လို့ပဲ မေမေ နဲ့ စကား မပြောကြတာလား ၊ ဖေဖေ က ခွ မကျရင်ကော ကိုယ်တို့ အိမ် သည် ဘွားမေသိန်း တို့ ဆီ မှာ လို ပျော်စရာ ကောင်း မှာလား ။

အဲဒါတွေ ကို ညနေ ထမင်း စားသည် ထိပင် ဆက်၍ စဉ်းစား နေမိသည် ။ ထမင်း စား နေတုန်းမှာလည်း ကောင်းကောင်း မစားနိုင် ။ ထမင်း စားရင်း ကိုယ် ငိုင်နေတာ ကို မေမေ ရုံး က ပြန် အလာ မှာ တွေ့ သွားသည် ။ မေမေ က ...

“ ဟဲ့.. သား ၊ ဘာဖြစ်လို့လဲ ၊ နေ မကောင်းဘူးလား ”

“ ကောင်းပါတယ် ” ဟု ကိုယ် တိုးတိုး ပြန်ပြောသည် ။

မေမေ က ကိုယ့် ဘေးနား မှာ လာ ရပ်ပြီး

“ ဪ .. ဟုတ်သားပဲ ၊ သား ဒီနေ့ ပြန် ရောက်မယ်မှန်း မသိလို့ ထင်ပါရဲ့  ၊ ငါးဇင်ရိုင်း မှ သား မကြိုက်ဘဲ ၊ ကြက်ဥကြော် စား မလား ၊ မေမေ ကြော်ပေးမယ် ”

ကိုယ် ခေါင်း ခါလိုက်သည် ။

“ စားလို့ မကောင်းလို့ မဟုတ်ပါဘူး မေမေ ရဲ့”

“ ဒါဖြင့် ဘာဖြစ်လို့လဲ ”

ဆိုပြီး ကိုယ့်ဘေးက ခုံမှာ ဝင်ထိုင်သည် ။ ကိုယ့် မျက်နှာ ကို မေမေ စိုက် ကြည့်နေသည် ။

ကိုယ် မနေတတ်တော့ ။

“ ဟိုဥစ္စာ ပါ ၊ ဟိုဟာလေ ရထား စီး လာရတာ အကြာကြီးပဲ ဆိုတော့ ညောင်း တာပေါ့ ”

“ အေး ... အေး ”

မနက် ကျတော့ ထမင်း စားခန်းထဲမှာ ကိုယ် ကော်ဖီ သောက်နေတုန်း ဖေဖေ နှင့် တွေ့သည် ။ ဖေဖေ က ကိုယ့် ကို တစ်ခု မေးသည် ။

“ ဒေါ်ဒေါ်သိန်း က သား ကို ဘာ ပြောလိုက်သေးသလဲ ”

ကိုယ် အံ့သြ သွားရသည် ။ ရထား ပေါ် မှာ တုန်း ကလည်း ဦးလေးမောင်မောင်ကြီး က ကိုယ့် ကို အဲသလို မေး သေးသည် ။ မနေ့ည က တုန်း ကလည်း မေမေ က ရန်ကုန် မှာ ပျော်ရဲ့လား ။ ဘယ်တွေ ရောက်ခဲ့သလဲ ။ ဦးလေးချစ် တို့ က ဘာတွေ ကျွေး သေးသလဲ ။ လျှောက် မေးပြီးတော့ သား ကို ဒေါ်ဒေါ်သိန်း က ဘာတွေများ ပြော လိုက်သေးသလဲ ” တဲ့ ။

ခုလည်း ဖေဖေ က မေးပြန်သည် ။ ကိုယ် ကလည်း “ ဖေဖေ တို့ နေကောင်းလား လို့ မေးတယ် ” ဟု ပြန် ပြောလိုက်သည် ။ ဖေဖေ က ကိုယ့် ကို ခဏ ကြာအောင် ကြည့် နေသေးသည် ။ ကိုယ် လည်း ကြောက် လာသဖြင့် ကော်ဖီကိုပင် ကုန်အောင် မသောက်ပဲ ထ ထွက် လာခဲ့ရသည် ။

သူတို့ သုံးယောက် စလုံး က ကိုယ့် ကို အဲသလို မေး ခဲ့ကြသည် ။ အန်တီလူး လာလျှင်ပင် ထပ် မေးနေဦးမလား မသိ ။ တကယ်တော့ ကိုယ် ကသာ မေးရမှာ ။ ကိုယ့် မှာ သိချင်တာတွေ အများကြီး ။ မသိသေးတာတွေ အများကြီး ။ ဘယ်သူ့ ကို သွား မေးရမလဲ ။

ကိုယ့် စိတ် တွေ တစ်မျိုး ဖြစ်လာသည် ။ ဖေဖေ တို့ မေမေ တို့ အကြောင်း ကို အရမ်း သိ ချင်လာသည် ။ ဘွားမေသိန်း ဆီ ကတော့ နည်းနည်း သိ ခဲ့ရသည် ။ သို့သော်လည်း ကောင်းခန်း ရောက်ခါနီးမှ ဘွားမေသိန်း က မဆက်တော့ဘဲ နေသည် ။ ထိုအခါ ကိုယ် ပို၍ သိ ချင် လာသည် ။ ကိုယ် သည် ရေချိုး ပြီး တုန်း က မှန် ထဲ မှာ ကိုယ့် မျက်နှာ ကို ပြန် ကြည့်ခဲ့သည် ။ ကိုယ့် မျက်နှာ သည် ရန်ကုန် က ပြန် လာ မှ အသက် နည်းနည်း ပို ကြီးလာသည် ဟု ထင်မိသည် ။

     •••••   •••••   •••••   •••••

“ သိလား ”

“ ဟင် .. ဘာလဲ ”

မိခိုင် က ကိုယ့် ကို တစ်ခုခု ပြော လိုက်သည် ။ ကိုယ် မကြားမိ ။ ထိုကြောင့် သူ့ကို “ ဘာလဲ ”

ဟု ပြန်မေးခြင်း ဖြစ်သည် ။

“ နင် ဘယ်လို ဖြစ်နေတာလဲဟင် ”

“ ဘာဖြစ်လို့လဲဟ ”

“ ငါ ပြော တာ နင် မကြားဘူးလား ”

ကိုယ် က ခေါင်း ခါ ပြလိုက်သည် ။ သူ က စိတ်ပျက်သလို ပုံစံမျိုး လုပ် လိုက်၏ ။

“ နင် ခုတလော တစ်မျိုး ဖြစ်နေတယ် ”

“ ဘယ်လို တစ်မျိုးလဲ ”

“ ဘယ်လိုလဲ ဆိုတော့ ငိုင်တိုင်တိုင်နဲ့ ၊ နင့် ကို ကြည့် လိုက်ရင် တစ်ခုခု စဉ်းစား နေသလိုပဲ အမြဲတမ်းပဲ ၊ ခုလည်း ကြည့်ပါလား ။ ငါ ပြောနေတာကို နင် မကြားဘူး မဟုတ်လား ။ ဘာတွေ စဉ်းစားနေတာလဲ ဟင် ”

“ မစဉ်းစားပါဘူး ”

“ ဟုတ်ပါတယ် ဟာ ၊ ငါ ပြောနေတာလည်း စိတ် မဝင်စားဘူး ”

“ ဝင်စားပါတယ် ”

“ ကဲ .. အဲဒါဆို ပြော ။ ငါ ခုနပြောတာ ဘာလဲ ”

ကိုယ် က သူ့ ဘက် လှည့် ကြည့်ပြီး ရယ် နေလိုက်ရသည် ။ တကယ်တော့ လည်း ခုန သူ ဘာ ပြောနေမှန်း ကိုယ် မသိ ။ သူ ပြော သလိုပင် ကိုယ် သည် ခုတလော ဘာဖြစ်နေမှန်း မသိ ။ တစ်ယောက် ယောက် နှင့် စကား ပြော နေရသော်လည်း စိတ် မပါသလို ဖြစ်နေသည် ။ တစ်ခါတလေ စာ သင်နေရင်း ကပင် စိတ် မဝင်စား မိ ဘဲ အပြင် ကို ငေး နေမိတတ်သည် ။ မြန်မာစာ အချိန် မှာပင် ဒီလို နေလို့ တီချာမေ က မဆူစဖူး ဆူ တာ ကို ခံ လိုက်ရသေးသည် ။

“ ကဲ... ပြောလေ ဘာလဲ ”

“ ကိုယ် သိပါတယ် ဆိုမှ ဘယ်လို ဖြစ်နေတာလဲ ”

ကိုယ် က သူ့ ကို ဟောက် သလို ပြော လိုက်သည် ။

“ ကဲ ... ဒါဆိုလည်း ပြီးရော ၊ ငါ ဆက် ပြောမယ်နော် ”

“ အင်း ”

“ ငါတို့ ဖေဖေ က အဲဒီလိုလည်း ပြော လိုက်ရော ဟိုလူကြီး က ဒေါသ ဖြစ်ပြီး ... ”

ကိုယ် လွှတ်ခနဲ ဝင်ပြောမိသည် ။

“ ဘယ် လူကြီးလဲ ”

“ ဟော ... နင် ပဲ ခုနက သိ ပါတယ် ဆို ၊ ခု ပေါ်ပြီ ဟုတ်လား ၊ ငါ ပြောတာ နင် သေသေချာချာ နား မထောင်လို့ မသိတာပေါ့ ”

ကိုယ် က ရယ် သည် ။ ရယ်ရင်း သက်ပြင်း လည်း ချ လိုက်၏ ။

“ ကဲပါ ဟာ ၊ အစ က ပြန် ပြော ၊ ကိုယ် သေသေချာချာ နား ထောင်မယ် ”

“ တော်ပြီ ဟာ မပြောတော့ဘူး ”

သူ နှုတ်ခမ်း စူပြီး တဖက် ကို လှည့် နေသည် ။ ကိုယ် သိသည် ။ သူ စိတ်ကောက် နေပြီ ။ ဒီလို ဆိုတော့လည်း ကိုယ် မနေနိုင်ပြန်ပါ ။

“ မိခိုင် ရာ နင် ကလည်း တဆိတ်ကလေး ရှိ စိတ် ကောက်ဖို့ပဲ ”

သူ က ကိုယ့် ကို လှည့် မကြည့်ဘဲ ပြောသည် ။

“ စိတ် ကောက်တာ မဟုတ်ပါဘူး ဟာ ၊ ငါ ဝမ်းနည်းတယ် သိလား ”

“ ဟင် ... ဘာဖြစ်လို့လဲ ”

“ နင် က... နင် က ငါ့ ကို တကယ် မခင်ပါဘူး ”

သူ့ အသံ က ငိုသံ ပါ သလိုလို ဖြစ် လာသည် ။

“ ခင်ပါတယ် ဟာ ”

ပြီးလျှင် ကိုယ် လည်း ဝမ်းနည်း သလိုလို ဘာလိုလို ဖြစ် သွား၏ ။

သူ က ....

“ ခင်ပါဘူး ဟာ ၊ နင် အရင် က လို မဟုတ်တော့ဘူး ”

“ ဟာ.. မဟုတ်တာ ”

“ ဟုတ်ပါတယ် ၊ အရင်ကလို မခင်တော့လို့ပေါ့ ၊ နင် ခု ငါ နဲ့ ထမင်းတူတူ လာ မစားတော့ဘူး မဟုတ်လား ”

ကိုယ် ဘာ ပြန်ပြောရမှန်း မသိ ။ ခု နောက်ပိုင်း သူ နှင့် မုန့်စားလွှတ်ချိန် ထမင်းတူတူ သွား မစားတော့တာ အမှန်ပါပဲ ။ သူ နှင့် ထမင်း တူတူ စားကြပြီ ဆိုလျှင် သူ့ ဆီ က ဟင်းတွေ ကို သာ ကိုယ် စားရတာများသည် ။ ကိုယ့် ထမင်းဘူး ထဲ မှာက ဟင်း တယောက် စာ သာ နည်းနည်းလေး ပါ သဖြင့် သူ့ ကို ခွဲ ကျွေးရင်တောင် မှ နည်းနည်း ပဲ ကျွေး နိုင်သည် ။ သူတို့ ထမင်းချိုင့် ကျတော့ ဟင်းတွေ က များလည်း များသည် ။ သုံး လေး မျိုး ၊ ကိုယ့် ထမင်းဘူး ထဲ ကို သူ ကိုယ်တိုင် အများကြီး ခပ် ထည့် ထည့်ပေးသည် ။ ကိုယ် က တော်ပြီ ဆိုတာ တောင် မှ မရ ။ သူ့ အမေ ကပါ အတင်း ကျွေးသည် ။ ပြီးတော့လည်း လိမ္မော်သီး တို့ ၊ ရှောက်ချိုသီး တို့ ၊ သကြားလုံး တို့ လည်း ကျွေး သေးသည် ။ သူတို့ ဆီ က ချည်းပဲ အမြဲ စားနေရတော့ ကိုယ် အားနာ လာသည် ။ နောက်ပြီးတော့ ကိုယ် က မိခိုင် နဲ့ပဲ ထမင်း သွား သွား စားလို့ ဆိုပြီး ဂျွန်ဆင် တို့ ဇော်ဝင်း တို့ က မကြည် ကြချေ ။ တင်အောင်ခိုင် က လည်း ကိုယ့် ကို စ သည် ။

“ ကဲ .... ပြောလေ ၊ မဟုတ်ဘူးလား ”

သူ့ ကို ကိုယ် လှည့် ကြည့် လိုက်သည် ။ သူ က လည်း ကိုယ့် ကို ကြည့် နေသည် ။ စောစော က မျက်ရည် ဝဲ ထားသောကြောင့်လားတော့ မသိ ။ သူ့ မျက်လုံးတွေ သည် လက်လက် တောက် နေကြသည် ။ ကိုယ် လည်း ဒီဘက် ကို ပြန် လှည့်ပြီး “ ခင်ပါတယ်ဟာ ”

ဟု တိုးတိုး ပြော လိုက်၏ ။

     •••••   •••••   •••••   •••••

တခါတုန်းက စီ တန်း မှ ကျောင်းသား နှစ်ယောက် ငြင်း ကြသည် ။ တစ်ယောက် ရဲ့ အဖေ က ရဲအုပ်ကြီး ၊ နောက်တစ်ယောက် ရဲ့ အဖေ က ဗိုလ်ကြီး ၊ အဲဒါ ဘယ်သူ က ရာထူး ပိုကြီးသလဲလို့ ငြင်းကြခြင်း ဖြစ်သည် ။ နောက်ဆုံးမှာ ဘယ်သူ မှ နိုင်အောင် မငြင်းနိုင်ကြသဖြင့် သူတို့ အတန်းပိုင်ဆရာ ကို အဆုံးအဖြတ် ပေး ခိုင်းဖို့ သွား ကြသည် ။ ဆရာ့ ကို မေးကြည့်သောအခါ ဆရာ က “ အေး ... မှတ်ထားကြ ကွ ၊ မင်းတို့ နှစ်ယောက်စလုံး ရဲ့ အဖေ တွေ ထက် ဆရာ့ အဖေ က ပိုပြီး ရာထူး ကြီးတယ် ၊ ဆရာ့ အဖေ က ဗိုလ်မှူး ကွ ” လို့ ပြောသတဲ့ ။

ကိုယ် က ပြောပြသောအခါ တီချာမေ က အရမ်း ရယ်လေသည် ။ ကိုယ် ဖြင့် တီချာမေ ဘာကြောင့် ဒီလောက် ရယ်မှန်း စဉ်းစားလို့ မရ ။ နည်းနည်း အရယ် ရပ်တော့မှ ကိုယ် မေး လိုက်သည် ။

“ မဟုတ်ဘူး တီချာ ၊ ကိုယ် သိချင်တာက အဲဒီ ရဲအုပ်ကြီး နဲ့ ဗိုလ်ကြီး နဲ့ ဘယ်သူ က ပိုပြီး ရာထူး ကြီးသလဲဟင် ”

တီချာမေ သည် ရယ်တာ အရှိန်မသေသေး ။ ခဏရပ်ပြီးမှ ကိုယ့်ကို ဖြေ၏ ။

“ သူ့ နေရာ နဲ့ သူ ရာထူး ကြီးကြတာပါပဲကွယ် ၊ ရဲဘက် မှာ ဆိုရင် ရဲအုပ်ကြီး က ရာထူး ကြီး သလို စစ်ဘက် မှာ ဆိုရင်လည်း ဗိုလ်ကြီး က ရာထူး ကြီးတာပေါ့ ။ သူ့ နေရာနဲ့ သူပေါ့ ။ ရဲအုပ်ကြီး ကလည်း ပြစ်မှုခင်းတွေ ကို ဖော်ထုတ် ပေးရတယ် ။ ဗိုလ်ကြီး ကလည်း တိုင်းပြည် ရဲ့ ရန်ကို ကာကွယ်ပေးရတယ် ။ သူ့ တာဝန် နဲ့သူ အရေး ကြီးကြတာ ချည်းပါပဲ ။ ဘယ်သူက ပိုပြီး ရာထူးကြီးတယ်လို့ ပြောလို့ မရဘူး ”

ကျောင်း မတက်ခင် ကျောင်း မှာ တီချာမေ နှင့် တွေ့သောကြောင့် တူတူ လိုက်လာခဲ့သည် ။ ဆရာများ အခန်း ထဲ တွင် ခဏ ဝင်ထိုင်ရင်း တီချာမေ ကို မေး ကြည့်ခြင်း ဖြစ်သည် ။ ကျောင်း တက်ဖို့က နာရီဝက် လောက် လို လိမ့်ဦးမည် ။ ဒီနေ့ တီချာမေ ရော ကိုယ် ပါ ကျောင်း ကို အစောကြီး ရောက်နေကြခြင်း ဖြစ်၏ ။ ခုနေခါ တီချာမေ ကို ကိုယ် တစ်ခု မေးချင်တာ ရှိသေးသည် ။ မမေးရဲတာ ကလည်း တစ်ကြောင်း ၊ ပြီးတော့ ကိုယ် တို့ အိမ် က အကြောင်း ကို တီချာမေ သိ နိုင်ပါ့မလား ဟု ထင်သည် က တစ်ကြောင်း ကြောင့် မေးသင့် မမေးသင့် ကိုယ် စဉ်းစားနေရသည် ။ ထိုအချိန် မှာ တီချာမေ က ကိုယ့် ကို မေးလေသည် ။

“ ညီညီ့ ကို တီချာမေ တစ်ခု မေးစရာ ရှိတယ် ”

“ မေးပါ တီချာ ”

“ ဒီလိုကွယ် ၊ ခုတလော ညီညီ့ ကို ကြည့် ရတာ တစ်မျိုးပဲ ၊ စာ သင်တာ ကို တစ်ခါတလေ စိတ် မဝင်စားသလိုပဲ ၊ ဟို တစ်နေ ့က သိပ္ပံဆရာဦးတင်ဝင်း  က လည်း ပြောတယ် ၊ သူ စာသင် နေတာ ကို ညီညီ က မကြည့်ဘဲ ခေါင်းကြီး ငုံ့ပြီး ဘာတွေ စဉ်းစားနေသလဲ မသိဘူး တဲ့ ။ နှစ်ရက် သုံးရက်လောက် သူ သတိထား ကြည့်မိတယ် တဲ့ ”

“ မဟုတ်ပါဘူး တီချာ ၊ ကိုယ် ... ”

“ ဟုတ်ပါတယ် ၊ တီချာမေ့ အချိန် မှာလည်း ဒီလိုပဲ ၊ ဟိုတစ်နေ့ကတောင် အတန်းအပြင် ကို ငေး နေလို့ ဆူ ရသေးတယ် မဟုတ်လား ။ ညီညီ ဘာဖြစ်နေသလဲ ဟင် ၊ ခုတစ်ခါ ကျောင်းပြန်ဖွင့်ပြီးမှ ကြည့်ရတာ ပုံတစ်မျိုး ပြောင်းလာတယ် ”

ကိုယ် ဘယ်လို ဖြေရမှန်းမသိ ။ အမှန်အတိုင်း ဖြေ ရမှာလား ။ တကယ့် တကယ်တော့ အမှန်အတိုင်း ဆိုသည် ကိုပင် ကိုယ် သေသေချာချာတော့ မသိပါ ။ ကိုယ် မဖြေတတ်သည် ကို တီချာမေ ကလည်း သိပုံ ရသည် ။ ထပ် မမေး ။ သူ့ ဘာသာ ပြောသည် ။

“ ခုချိန်မှာ ညီညီ က စာ ကို ကြိုးစားရမယ့် အရွယ် ၊ စာ သင်နေတဲ့ အချိန်မှာ စာ ထဲ မှာပဲ စိတ်ဝင်စား သင့်တယ် ၊ တခြား ဟာတွေ လျှောက် မစဉ်းစားရဘူး ”

“ တခြားဟာတွေ ”

“ ဪ ... ဒီလိုလေကွယ် ၊ စာ နဲ့မဆိုင်တဲ့ တခြား ဟာတွေ ၊  ဥပမာ သူငယ်ချင်းတွေ အကြောင်း တို့ ၊ အိမ် က အကြောင်း ”

“ ဟင် ... ကိုယ့် အိမ် က အကြောင်း ကို တီချာမေ သိလား ”

တီချာမေ သည် ဘာမျှ ပြန် မပြောဘဲ ကြောင် သွားသည် ။ ပြီးမှ ...“ နည်းနည်းပါးပါးတော့ သိ တာပေါ့ ၊ ညီညီ့ ဖေဖေ က စက်မှုလက်မှုလုပ်ငန်း လုပ်တယ် ၊ ညီညီ့ မေမေ က လည်း ရုံး မှာ အလုပ် လုပ်တယ် မဟုတ်လား ” ဟု ပြောပြီး တီချာမေ ကိုယ့် ကို စိုက် ကြည့်နေသည် ။ တီချာမေ သည် ကိုယ့် ကို အဲဒီလို မကြာခဏ ကြည့် တတ်သည် ။ ဘယ်လိုကြည့်ပုံမျိုးလဲတော့ မပြောတတ် ။

“ ကဲ .. ကဲ သွားတော့ ၊ တီချာ ပြောတာ နားထောင်နော် ”

ကိုယ် ခေါင်းညိတ်ပြပြီး ထွက် လာခဲ့သည် ။ တီချာမေ က ပြောသည် ။ စာသင်ချိန်မှာ တခြားဟာတွေ လျှောက် မစဉ်းစားနဲ့ တဲ့ ။ သူ့ ဘာသာ သူ စဉ်းစားမိတာ ၊ မစဉ်းစားဘဲ မှ နေလို့ မရတာ ။ ကိုယ် ဘာ တတ်နိုင်မှာတဲ့ လဲ ။

     •••••   •••••   •••••   •••••

“ ဟယ်လို ”

ကိုယ့် လက်မောင်း ကို လာ ကိုင်သောကြောင့် မော့ ကြည့်လိုက်သည် ။ အန်တီလူး ဖြစ်သည် ။

“ ဟောင်းဒူး ယူဒူး ”

ကိုယ် က ဘာမျှ ပြန် မပြောဘဲ ပြုံး ရုံသာ ပြုံး ပြလိုက်သည် ။

“ ကျောင်း က ပြန် လာတာလား ”

ကိုယ် ခေါင်းညိတ် ပြသည် ။

“ အတော်ပဲ ၊ အန်တီ လည်း ညီညီ တို့ အိမ် သွားမလို့ ” ဟု ပြောပြီး ကိုယ့် ပခုံး ပေါ် ကို လက် တင်သည် ။ ကိုယ် နှင့် တူတူ လျှောက် လိုက်လာသည် ။ ကိုယ် စိတ်ညစ် သွား၏ ။ အန်တီလူး သည် အိမ် ကို လိုက် လာပြီး စကားတွေ အများကြီး ပြောတော့မည် ။ ခုလောက် ဆို မေမေ လည်း ပြန် မရောက်နိုင်သေး ။ ဒီတော့ သူ သည် ကိုယ့် ကို သာ ဟိုမေး ဒီ မေး လုပ် တော့မည် ။

အလိုလို က မှ သူ့ ကို သိပ် မကြည်ရတဲ့ အထဲ ၊ ဟိုတစ်နေ့ က ဖေဖေ့ အလုပ်ရုံ မှာ တွေ့ လိုက်ရသဖြင့် ပိုပြီး မကျေမနပ် ဖြစ်ခဲ့ရသည် ။ အဲဒီနေ့ တုန်း က ကိုယ် ကျောင်း ရောက်သော အခါ ကျ မှ “ ပညာရည်တိုးတက်မှုကတ်ပြား ” မှာ မိဘ လက်မှတ် မထိုးရသေးကြောင်း သတိရသည် ။ အဲဒီနေ့က ကတ်ပြားတွေ ပြန် အပ်ရမည့် နေ့ ဖြစ်သည် ။ ကိုယ် သည် လက်မှတ် ထိုးခိုင်းဖို့ မမေ့စဖူး မေ့ သွားသဖြင့် တီချာမေ ပင် အံ့သြ သွားရသေးသည် ။ တီချာမေ့ ကို တောင်းပန်၍ မုန့်စားလွှတ်ချိန် ကျမှ မေမေ့ ရုံး ကို အမြန် ပြေး ရသည် ။ ဟို ရောက်တော့လည်း မေမေ က မရှိ ။ မြို့နယ်ရုံး ကို ကိစ္စ ရှိလို့ သွားတယ် တဲ့ ။ ဒါနဲ့ ဖေဖေ့ အလုပ်ရုံ ကို သွား ရပြန်သည် ။ အလုပ်ရုံ ထဲ ဝင် လိုက်သောအခါ သူတို့ ကို လှမ်း မြင်နေရသည် ။ အန်တီလူး က ဖေဖေ့ ကို စကား တွေ ပြော နေသည် ။ သူ့ ထုံးစံ အတိုင်း စကား ပြောရင်း အိုက်တင် က လည်း ပါသေးသည် ။ ခေါင်းရော ၊ ကိုယ်ရော ၊ လက်ရော လှုပ်ပြီး ရှုပ်ယှက် ခတ်နေတာပဲ ။ တစ်ချက် တစ်ချက် လည်း ရယ် သေးသည် ။ ဖေဖေ ကတော့ သိပ် မပြော ။ တစ်ချက် တစ်ချက် ကျမှ နည်းနည်း ဝင် ပြောသည် ။ ကိုယ့် ကို မြင်သောအခါ သူတို့ ပြောနေသော စကား ကို ဆက် မပြောတော့ ။ ကိုယ် လည်း ဖေဖေ့ ကို ကတ်ပြား မှာ လက်မှတ် ထိုးခိုင်းပြီး ပြန် ထွက်လာခဲ့သည် ။

အဲဒီတုန်း က လည်း ကိုယ် မကျေနပ် ။ သူ နဲ့ ဖေဖေ့ အလုပ်ရုံ နဲ့ ဘာဆိုင် လို့ လဲ ။ ပြီးတော့ အန်တီလူး သည် စကား ပြော နေရင်းက ဖေဖေ့ လက်မောင်း ကို လှမ်းလှမ်းပုတ်တော့မလိုပဲ ။ ဖေဖေ ကကော မေမေ နဲ့ ကျတော့ စကား မပြောဘဲ အန်တီလူး နဲ့ကျတော့ ဘာလို့ ပြော ရသလဲ ။ ဖေဖေ နှင့် မေမေ တို့ ပြဿနာ တက်အောင် သူ ကြား ထဲက ဝင် လုပ်နေတာလား မသိ ။

“ ဟေး ... အိမ်တောင် ရောက်လာပြီကွ ”

အန်တီလူး က ပြော လိုက်မှ အိမ်နား ရောက် လာကြောင်း သတိ ထား မိသည် ။ ကိုယ် သည် ရှေ့က ခပ်မြန်မြန် လျှောက်၍ အိမ် ထဲ ဝင်လိုက်သည် ။ လွယ်အိတ် ကို စားပွဲပေါ်တင်ပြီး အိပ်ခန်း ထဲ ဝင်သည် ။ ဘောင်းဘီတိုကလေး ပဲ ဝတ်ပြီး ပြန် ထွက်လာသည် ။ ရေချိုးခန်း ဘက် သွားမည် လုပ်ပြီးမှ အိပ်ခန်း ထဲ ပြန် ဝင်ပြီး လုံချည်တစ်ထည် ယူ လိုက်သည် ။ နောက် ရေချိုးခန်း ထဲ ဝင် လိုက်သည် ။ ကိုယ် ရေချိုး ၊ အဝတ်အစား လဲပြီး သည် အထိ မေမေ ပြန် မလာသေးချေ ။ ထမင်းစားခန်း ထဲ သို့ ဝင် လိုက်သောအခါ စားပွဲ မှာ အန်တီလူး ထိုင် နေသည် ကို တွေ့ ရသည် ။ ထမင်း လည်း ပြင်ထား ပြီး ပြီ ။

“ ဆော်လီမား က ကိစ္စ ရှိလို့ ပြန်ချင်တယ် ဆိုတာနဲ့ ပြန် လွှတ်လိုက်ပြီ ၊ ထမင်းပွဲတော့ အန်တီ ပဲ ပြင် ထားလိုက်တယ် ၊ ဝင် စားလိုက်လေ ”

ကိုယ် ဘာမျှ မပြောဘဲ ထမင်း ဝင်စားသည် ။ ကိုယ် စား သည် ကို အန်တီလူး က ကြည့် နေသည် ။ သူ ကတော့ မစား ချေ ။ ကိုယ် သည် သူ့ ကို ထမင်း စားပါဦး လို့ မပြောမိ ။

“ ညီညီ က တစ်ယောက်တည်း စား တာပဲ ၊ အန်တီ့ တော့ မကျွေးဘူးလား ”

“ ကျွေးပါတယ် ”

ကိုယ် က မကြည့်ဘဲ ပြောသည် ။

“ ညီညီ က အန်တီ့ ကို စိတ် ကောက်နေတာလား ဟင် ”

ကိုယ် တစ်ချက် မော့ကြည့်ပြီး ခေါင်း ခါ ပြလိုက်၏ ။

“ ဟုတ်ပါတယ် ကွာ ၊ အန်တီ သိ ပါတယ် ။ တကယ်တော့ ကွာ အန်တီ ဟာ ညီညီ တို့ မိသားစု ပျော်ပျော်ရွှင်ရွှင် နေတာကို သိပ် ကြည့်ချင်တဲ့သူပါ ”

ကိုယ် သူ့ ကို ဖျတ်ခနဲ ကြည့် လိုက်သည် ။ ကိုယ့် စိတ် ထဲ ကလည်း အန်တီလူး ဆီ က တစ်ခုခု သိ ရတော့မည်ဟု ထင်လိုက်မိသည် ။

“ ကိုယ်တို့ က ခု ဘာ ဖြစ်နေလို့လဲ ”

ကိုယ် လွှတ်ခနဲ မေး လိုက်မိသည် ။

“ ဪ .. ဟိုဒင်း ဘာမှ မဖြစ်ပါဘူးကွယ် ” ဟု ပြောပြီး ကိုယ့် ကို အကဲ ခတ်သလို ကြည့်ကြောင်း ကိုယ် သိ လိုက်သည် ။

“ ကဲ ကဲ... ထမင်း စား လိုက်ဦးလေ ၊ ပြီးမှ စကား ပြောတာပေါ့ ”

ကိုယ် သိသည် ။ ကိုယ် ထမင်း စားပြီးလျှင် သူ ဘာမျှ ထပ် ပြောမည် မဟုတ်တော့ ။ အန်တီလူး သည် ကိုယ် က သူ့ ကို မကြည် ကြောင်း ရိပ်မိနေပြီ ထင် သည် ။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ သူ့ ကို ကြည်တာ မကြည်တာ ထက် သူ့ ဆီ က တစ်ခုခု သိ ရဖို့ အရေး ကြီးသည် ။ ကိုယ် သည် သူ့ ကို ပြုံး ပြလိုက်၏ ။

“ အန်တီ ကော ထမင်း မစားသေးဘူးလား ဟင် ၊ ခု တစ်ခါတည်း ဝင် စားပါလား ”

“ ဟင့်အင်း ... မင်း မေမေ လာ မှ စား တော့မယ် ၊ ညီညီ သာ ဝအောင် စားလေ ”

“ ကိုယ် တော်ပြီ ”

ဟု ပြောပြီး ကြွေဇလုံ ထိ ထ သွား၍ လက် ဆေးလိုက်သည် ။ ကိုယ် စား တာ ထမင်း တစ်ဝက် လောက်ပဲ ရှိ သေးသည် ။ ကိုယ် သည် ထမင်းစားပွဲ သို့ ပြန် လာပြီး လက် သုတ်သည် ။ အန်တီလူး ကို တစ်ချက် လှမ်း ကြည့်ပြီး လှည့် ထွက်မည် ပြုသည် ။

“ ညီညီ ”

သူ့ ကို လှည့် ကြည့်လိုက်သည် ။

“ ခဏ ထိုင်ပါဦး ကွ ”

ကိုယ် ပြန် ထိုင်လိုက်သည် ။

“ အန်တီ ပြောပြမယ် ၊ သေသေချာချာ နားထောင် နော် ”

ကိုယ် ခေါင်းညိတ် ပြလိုက်၏ ။ အန်တီလူး သည် တော်တော်ကြာအောင် စဉ်းစား သလို လုပ် နေသည် ။ ပြီးမှ ...

“ မင်း ဖေဖေ ရယ် ၊ မောင်မောင်ကြီး ရယ် ၊ အန်တီ ရယ်က ငယ်ငယ်က အခင်ဆုံး သူငယ်ချင်း တွေ ပေါ့ ။ တစ်တန်းထဲ တူတူ ကျောင်း တက်ကြတာ ၊ ဆယ်တန်း အောင်တော့ အန်တီ တို့ က ကျောင်း ဆက် တက်တယ် ။ ကောလိပ်ကျောင်း ကို ပေါ့ ။ ဖေအောင် ကတော့ ဆက် မတက်တော့ဘူး ။ အလုပ် ဝင် လုပ်တယ် ။ ကျောင်း အတူတူ မတက်ကြတော့ပေမယ့် အန်တီတို့ သုံးယောက် က တွဲလျက် ပဲ ။ တစ်ခုတော့ ရှိတယ် ။ ဖေအောင် က အလုပ်ချိန် များ လာတော့ အရင်လောက်တော့ မတွေ့ကြဘူးပေါ့ ။ ကောလိပ် မှာ အန်တီ နဲ့ မင်း မေမေ နဲ့ သိ ကြတာ ။ အတန်းချင်း လည်း တူ ၊ ဝါသနာချင်း လည်း တူ တော့ အရမ်း တွဲမိကြတာပေါ့ ။ စော ရော ၊ အန်တီ ရော သီချင်း ဆို တာ ဝါသနာ ပါ ကြတယ် မဟုတ်လား ။ တစ်နေ့တော့ အန်တီ တို့ အသင်းက ဝဲလ်ကမ်း လုပ်တယ် ။ ကျောင်းသား ကျောင်းသူအသစ်တွေ ကို ကြိုဆို တဲ့ ပွဲပေါ့ ။ အဲဒီတုန်းက အန်တီ တို့ တတိယနှစ် ရောက်နေပြီ ။ အဲဒီ ပွဲ မှာ စော က သီချင်း ဆို ရတယ် ။ ဘာသီချင်းလဲ ဆိုတော့ သူ့အကြိုက်ဆုံး သီတဂူ ဆိုတဲ့ သီချင်း ပေါ့ ”

ဟု ဆိုပြီး သီချင်း ကို ညည်း ပြနေသေးသည် ။

“ ဘုန်းမယ့်နန်းသာကီနွယ် ၊ မြစံပယ်ငုံ ၊ လလယ်ယုန် ၊ ဆဆယ်ပုံပျက်ပါပေါ့ ဘုရား ”

ဒီ သီချင်း ကို ကိုယ် မသိဘဲ ရှိပါ့မလား ။ ညတိုင် ကျ လျှင် မေမေ ဆိုနေကျ သီချင်း ပဲ ဟာ ။

“ အဲဒီ ပွဲ ကို ဖေအောင် ကိုလည်း ဖိတ်သေးတယ် ၊ သူ က မလာချင်ဘူး ။ အပျော်အပါးတွေ ဝါသနာမပါဘူး ။ အလုပ် ပျက်တယ် ဘာတယ် နဲ့ ပေကပ်ကပ် လုပ်နေသေးတယ် ။ မောင်မောင်ကြီး က အတင်း ဆွဲ ခေါ်လာမှ ပါ လာတာ ။ ဒီမှာတင် စော သီချင်း ဆိုတာကို တွေ့ သွားတာ ။ နောက်တစ်ခါ အန်တီ့ မွေးနေ့မှာ သူတို့ နှစ်ယောက် ထပ် ဆုံတယ် ၊ အန်တီ တို့ က မိတ်ဆက် ပေး လိုက်လို့ သိ သွားကြတာပေါ့ ၊ ဖေအောင် က သိလား ၊ စော ကို ကြိတ်ပြီး ကြိုက် နေတာ ။ အန်တီတို့ ကတော့ ဘာမှ မပြောဘူး ။ ဒါပေမယ့် သိတာပေါ့ကွ ၊ ဟဲ .... ဟဲ ... ”

အန်တီလူး က ရယ် လိုက်သည် ။ ပြီးတော့ “ ရေ ငတ်လိုက်တာ ” ဆို ပြီး ရေ ထ သောက်သည် ။ ကိုယ် လည်း ရေ သောက်ချင် လာ၏ ။ သို့သော်လည်း စကား ပြတ်သွားမည် စိုးသောကြောင့် ဒီအတိုင်း ထိုင် နေရသည် ။ အန်တီလူး က ပြန် လာ ထိုင်ပြီး

“ အဲဒါနဲ့ အဲ... အန်တီ ပြောတာ ဘယ် ရောက်သွားပလဲ ”

“ အန်တီတို့ ကလည်း သိ တယ် တဲ့ ”

“ အေး ... အေး ... ဟုတ်တယ် ”

သူ ကိုယ့် မျက်နှာ ကို ကြည့်ပြီး ရယ်သည် ။ “ ညီညီက သိပ် စိတ်ဝင်စားနေလား ”

ဟု မေးသည် ။ ကိုယ် က ဘာမျှ ပြန် မပြောဘဲ ပြုံး ရုံသာ ပြုံး နေလိုက်၏ ။

“ အင်း ... အန်တီတို့ အနေနဲ့ ကလည်း တကယ်တော့ သဘော တူ တာပါပဲ ၊ ဖေအောင် က လူရိုးလူဖြောင့် ဆိုတာလည်း သိတယ် ။ စော က စိတ်ထား ကောင်းတာလည်း သိတယ် ။ အဲဒီတော့ အန်တီတို့ ကလည်း မြှောက် ပေးတာပေါ့ ၊ စော ကို လည်း အန်တီ က အရိပ်အမြွက် လောက် ပြော ထားရတာပေါ့ ။ ခက်တာ က မင်း အဖေ ကွ ၊ သူ့ ဟာ သူ လည်း မပြောရဲဘူး ။ အန်တီတို့ က ပြော ပေးမယ် ဆိုတော့လည်း မပြောရဘူး တဲ့ ။ ဖေအောင် က လူ တစ်မျိုး ကွ ၊ ဒီလိုနဲ့ အချိန်တွေ လည်း ကြာ လာတာပေါ့ ။ အန်တီ တို့ နောက်ဆုံးနှစ် စာမေးပွဲ ဖြေ ပြီးတဲ့ အခါကျမှ အဲ .. မင်း အဖေ လုပ်ပုံ ၊  ပြောမယ့် ပြော တော့လည်း ဘာ ပြောတယ် မှတ်သလဲ ၊ သိလား မင်း ”

ကိုယ် ခေါင်း ခါ ပြလိုက်၏ ။

“ အေး ... အဲဒါ ပြော မလို့ဘဲ ၊ ဖေအောင် က စော ကို ဘာ ပြောသလဲ ဆိုတော့ ကျွန်တော် ကတော့ မင်္ဂလာဆောင် ကို သိပ်ခမ်းခမ်းနားနားကြီး လုပ်ပေးနိုင်မှာ မဟုတ်ဘူး ။ ဒါပေမယ့် မစောမြင့် ကို တစ်သက်လုံး မကြောင့်မကျ ထားနိုင်အောင် ကျွန်တော် ကြိုးစားပါမယ်တဲ့ ။ ကဲ ... အဲဒါ သူ ပထမဆုံး ပြောတဲ့ ရည်းစား စကား ပဲ ”

အန်တီလူး က အကြာကြီး ရယ် နေသည် ။ ကိုယ် လည်း ဘာမှန်း ရေရေရာရာ မသိသော်လည်း လိုက် ရယ်မိသည် ။

“ အင်း ... အတိုချုပ်ကတော့ ကွယ် ၊ ကြိုက် သွားကြရောပေါ့ ၊ စော တို့ ဘက်က သဘော မတူဘူး ၊ ဒါနဲ့ ဖေအောင် က ခိုး ပြေးတာ ။ နောက်တော့လည်း စော မိဘတွေ က ပြန် ခေါ်ပြီး လက်ထပ် ပေး လိုက်တာပါပဲ ။ အဲ ... မင်းတို့ အဖေက ဘယ်လောက် ဂျစ်ကန်ကန် နိုင်သလဲ ဆိုရင် မင်္ဂလာ ဆောင် တဲ့ နေ့က တိုက်ပုံအင်္ကျီ မဝတ်ပါဘူး လုပ် နေလို့ မောင်မောင်ကြီး တို့ တော်တော် ပြော ယူရသေးတယ် ”

အန်တီလူး ဘာ ဆက်ပြောဦးမလဲလို့ နားထောင် နေသေးသည် ။ ဘာမျှ ထပ်မပြောတော့ ။ ကိုယ် သိချင်နေတာတွေ ကျန် သေးသည် ။ သူ ကလည်း ပြောတော့မယ့်ပုံ မပေါ် ။

“ နောက်တော့ကော ဘာဖြစ်သေးလဲဟင် ”

ဟု ကိုယ် အရဲစွန့်၍ မေးလိုက်သည် ။

“ နောက်တော့လား ၊ ညီညီ့ ကို မွေး လာတာပေါ့ကွ ” ဟု ပြောပြီး သူ ရယ်နေသည် ။ ကိုယ့် ဆံပင်များ ကို သူ့ လက် ဖြင့် ပွတ်သပ်ရင်း သူ ပြောသည် ။

“ မင်း နောက်တော့ သိလာမှာပေါ့ ကွာ ”

အိမ်ရှေ့ က ' ကလင် ' ဆိုသော ခေါင်းလောင်းသံ ကြား သည် ။ မေမေ ပြန်လာပြီ ။

◾မင်းလူ

📖 ငှက်ကလေး

#ကိုအောင်နိုင်ဦး

No comments:

Post a Comment