Sunday, September 11, 2022

ငယ် က ခူး တဲ့ စံပယ်ဦး


 

❝  ငယ် က ခူး တဲ့ စံပယ်ဦး  ❞

ကျွန်မ တို့ မှာ အမေ့ ဘက် က စပ်လျှင် တော် သော ဦးကြီး သုံးယောက် ရှိခဲ့ဖူးပါသည် ။ ယခုမူ သုံးယောက် လုံး ပင် ကွယ်လွန်ကြပါပြီ ။

အမေ့ အစ်ကိုကြီး ဦးကြီးလွန်းမောင် သည် ကျွန်မတို့ မမွေးမီ ကပင် ကွယ်လွန် နှင့် ပါသည် ။

အလတ် ဦးကြီးထွန်းမောင် သည် ကျွန်မ လေးနှစ် သမီး အရွယ် က ဆုံး သည် ဖြစ်၍ ရေးရေး မျှ ပင် မမှတ်မိတော့ပါ ။

အငယ် ဦးကြီးကွန်းမောင် တစ်ယောက် သာ ကျွန်မတို့ အရွယ် ရောက်ပြီး မှ ဆုံး သဖြင့် ကောင်းစွာ သိရှိ လိုက်ပါသည် ။

သေသော သူ ကြာလျှင် မေ့ ဟု ဆိုရိုး ရှိသော်လည်း အမေ သည် သူ့ အစ်ကို များ ကို မကြာကြာ သတိ ရတတ်ပါသည် ။ ထိုအခါ သူ့ သားသမီး ကျွန်မတို့ ကို ပြန်ပြောင်း ပြောပြလေ့ ရှိပါသည် ။ ကျွန်မတို့ ဦးကြီးများ ကား လူဇော်လူကျော်များ ပင် ဖြစ်ကြပါသည် ။

အမေ သည် သူတို့ ၏ တစ်ဦးတည်း သော ညီမ ဖြစ်သည့် အပြင် ကုသိုလ် ကံ ကွက်ကျား ကာ ငွေကြေး ပြည့်စုံ သူ ကျွန်မ တို့ အဖေ နှင့် အိမ်ထောင် ကျ သဖြင့် သားချင်းများ ထဲ တွင် အချောင်လည် ဆုံး ဖြစ်ခဲ့ပါသည် ။ ထိုအခါ အစ်ကိုများ ၏ ဒဏ် ကို အခံခဲ့ရဆုံး သူ လည်း ဖြစ် လာပါသည် ။

အမေ မကြာမကြာ ပြန်ပြောင်းသတိ ရ ကာ တသသ ပြောပြတတ်သည် မှာ လည်း သူ့ အစ်ကိုလတ် ကိုကြီးထွန်း ၏ အကြောင်းများ ဖြစ်ပါသည် ။

ကျွန်မတို့ ကား ကိုယ် မမြင်ဖူးလိုက်သော အထက် ဦးကြီး နှစ်ယောက် ကို သံယောဇဉ် မရှိလှပါ ။ အမေ ပြောပြလျှင် ပုံပြင် တစ်ပုဒ် ကို ကြား ရသလို ခံစားမှု ကင်းစွာ နား စိုက် လိုက်လေ့ ရှိကြပါသည် ။

သည်အတွက် ကျွန်မ မှာ အခြား မောင်ညီမ တွေ ထက် ပို၍ အပြစ် ရှိကောင်း ရှိပါလိမ့်မည် ။ အကြောင်း မှာ ကျွန်မ သည် သမီးဦး စနေ ဖြစ်ခဲ့ ၍ ရှေးထုံးစဉ်လာ အတိုင်း သူ တစ်ပါး ထံ စတိ ရောင်း ခံခဲ့ရာ ဦးကြီးထွန်း က ဆန်တစ်ပြည် ငွေတစ်မတ် နှင့် ကျွန်မ တစ်ယောက် ကို ဝယ်ခဲ့သော ကြောင့် ဖြစ်သည် ။

ဦးကြီးထွန်း ကို မွေးစားဖခင် အဖြစ် စတင် သိရစဉ်က စ၍ ကျွန်မ မမှတ်မိနိုင်တော့သော ဦးကြီး ကို သံယောဇဉ် တွယ်ဖြစ်ခဲ့သည် ဟု ထင်ပါသည် ။ သို့သော် ဦးကြီးထွန်း အကြောင်း ကြား ရသမျှ အကောင်း တစ်ခု မှ မပါပါ ။

ငယ်စဉ်က ပညာ ကို ကောင်းစွာ မသင် ၊ ဆိုးပေသည် ။ အရွယ်  ရောက်တော့ မည်သည့် အလုပ် ကို မှ ကောင်းစွာ လက်ကြော တင်းအောင် မလုပ် ။ ထန်းရည်သောက် ၊ ကြက်တိုက် ၊ ဖဲရိုက် ၊ အစုံလုပ်ရင်း တေပေလေလွင့် နေခဲ့သည် ။ အိမ်ထောင် သုံးဆက် ယူ ခဲ့သည် ။ ပြီး အသက် သုံးဆယ့်ခြောက်နှစ် အရွယ် ကောင်းတုန်း မှာ မသေသင့်ဘဲ သေခဲ့ရလေသည် ။

ဦးကြီးထွန်း ကို လူပေလူတေ ဟု အများ က ပြောသလို သာမန် သိ သိ ထားသည် ထက် ပို၍ နားလည်ခဲ့ရသည် မှာ ကျွန်မ အသက် နှစ်ဆယ်ကျော် အရွယ်လောက် ကျတော့ မှ ဖြစ်ပါသည် ။

သည်တုန်းက ကျွန်မ တို့ မိသားစု သည် အမေ့ ဇာတိ ရွာ ငုမြိုင် သို့ ပထမဆုံး အကြိမ် ရောက်ခဲ့ဖူးကြပါသည် ။ အမေ ငယ်စဉ် က အစ်ကို သုံးယောက် မောင်တစ်ယောက် နှင့် အတူ နေထိုင်ခဲ့သော ကျွန်းအိမ်ကြီး မှာ အတော်ပင် ဟောင်းအို နေပါပြီ ။

ကျွန်မ ဆယ်နှစ် သမီး အရွယ် က အဘွား ကွယ်လွန်ခဲ့၍ ယခုအခါ ဦးလေးငယ် တို့ မိသားစု နေထိုင်လျက် ရှိပါသည် ။

ထို ရွာ အိမ် တွင် ကျွန်မ အမှတ် ပြုမိသော အရာ နှစ်ခု ရှိပါသည် ။ တစ်ခု မှာ အိမ် ခေါင်းရင်း ထောင့် ရှိ စံပယ်ရုံအိုကြီး ဖြစ်၍ ကျန် တစ်ခု မှာ ဘုရားစင် ရှေ့ ရှိ ဆွမ်းကပ်ခုံ ပေါ် မှ ဇာနားတပ် ပိတ်ဖြူစားပွဲခင်းစ ပင် ဖြစ်ပါသည် ။

စပယ်ရုံကြီး မှာ အတော်ကြီးလှပါသည် ။ စိမ်းစိမ်းစိုစို ရှိနေမည့် မိုးရာသီ မှာ မူ မည်မျှ အုံ ကြီးမည် ကို မခန့်မှန်းတတ်ပါ ။

ကျွန်မ တို့ ရောက်သွားသော နွေဦး အချိန် မှာ အရွက်များ ကျ ၍ အရိုးချည်း ကျန်နေသည် က ပင် ၅ ပေ ပတ်လည်ခန့် မျှ ရှိပေလိမ့်မည် ။ ဦးလေးငယ် က ပြုပြင်ထိန်းသိမ်းထားပုံ ရသည် ။ စံပယ်ရုံ ကို မြင်တော့ အမေ က အတိတ် ကို ပြန်ပြောင်းတမ်းတ နေပါသည် ။

“ အမေတို့ ကလေးဘဝ ကတည်း က အစ်ကိုထွန်း စိုက်ခဲ့တဲ့ အပင် ပေါ့ ၊ သုံးလေးနှစ် တစ်ခါ ပြန်ပြန် ပျိုးထားလို့ ခုလောက် အုံ ကောင်းနေတာ ၊ ဘုရားလေးပွဲ လှည့် တဲ့ တပေါင်း ဆို ပွင့် လိုက်တာ ၊ တစ်ရွာလုံး က အပျိုတွေ ပန်ရတယ် ၊ မမခင်နွယ် က အစောဆုံး လာ ခူးတာပဲ ၊ အမေ တို့ ဆရာကြီး ဦးရွှေခိုင် ရဲ့ သမီး ပေါ့ ”

ကျွန်မ က မူ စားပွဲခင်းစ ကို ပို၍ မျက်စိ ကျ နေမိပါသည် ။ ရှေးက ခေတ်စားခဲ့ဖူးသော တက်တင်း ခေါ် တစ်ချောင်းထိုး ဇာပန်းများ ဖြင့် အနား လိုက်ထားသည် ။

ဇာပန်း မှာ အဖူး အရိုး နှင့် အရွက် ရော နေသော နှင်းဆီပန်းပုံ ဖြစ်၍ အလွန် လက်ရာ ကောင်း လှသည် ။

အနားထောင့် လေးဖက် တွင်လည်း ချည်မျှင်များ ထုတ်ကာ သူ့ အသား ပေါ် တွင် သူ့ ချည် နှင့် သူ ရက်ဖောက်ဇာပန်းပွင့်များ ဖော် ထားသေးသည် ။ စားပွဲခင်း မှာ ဝါကြန့်ကြန့် အရောင် ထွက်၍ အတော်ပင် ဟောင်းရိ နေပါသည် ။

သည်တုန်း က ကျွန်မ သည် ဇာထိုးပန်းထိုး အတတ် ကို အသေအလဲ ဝါသနာ ပါ နေခိုက် ဖြစ်၍ ယင်း စားပွဲခင်း ကို အတော် ပင် စိတ်ဝင်စား ခဲ့ပါသည် ။

“ အဲဒါလည်း အစ်ကိုထွန်း လက်ရာပေါ့ ”

ကျွန်မ သည် အံ့အားသင့် နေခဲ့ပါသည် ။ အလုပ် ကို လက်ကြော တင်းအောင် မလုပ်ချင် သူ သည် စိတ် လည်း ရှည် ၊ ဇွဲ လည်း ရှိရမည့် သည် လို အနုပညာမြောက် အလုပ်မျိုး ကို မည်သို့ လုပ်ဖြစ်ခဲ့ပါသနည်း ။

သူတို့ ပြောပြသလောက်လည်း ဟုတ်မည် မထင် ၊ ဒါလောက် လက်ရာ ကောင်းအောင် ဇာပန်းထိုး တတ်တဲ့ လူ ဟာ ဘယ်နည်းနဲ့ မှ လူညံ့ မဖြစ်နိုင်ဘူး ဟု လည်း ဦးကြီးထွန်း ကို အထင်ကြီး စ ပြု လာသည် ။

“ ဦးကြီးထွန်း ထိုး ခဲ့တဲ့ အခြား လက်ရာတွေ ကော ရှိသေးလားဟင် ”

“ ဒီ တစ်ထည် ပဲ ကျန်တော့တာ အစ်ကိုထွန်း က သိပ် ပျင်းတာ ၊ ခိုင်းတိုင်း လုပ်တာ မဟုတ်ဘူး ၊ ဒါတောင် အမေ ပူဆာလွန်းလို့ ထိုးဖြစ်တာ ”

“ ဆရာကြီး ဦးရွှေခိုင် တို့ အိမ် မှာတော့ အစ်ကိုထွန်း လက်ရာ ကျန်ဦးမှာ ပေါ့ ”

ဦးလေးငယ် က ပြုံးပြ၍ ပြောပြန်ပါသည် ။

“ ဆရာကြီးသမီး မမခင်နွယ် ကို တော့ အစ်ကိုထွန်း က ခင်တယ်လေ ”

“ မမခင်နွယ် က လည်း အပြောကောင်းတယ် မဟုတ်လား ၊ အစ်ကိုထွန်း အိမ် လာလည်ပါဦးဆိုပြီး အတင်း ခေါ် သွားတာပဲ ၊ ထမင်းပွဲ အကျ ပြင်ပြီး အရင် ကျွေးတာ ၊ ပြီးတော့မှ အစ်ကိုထွန်း ခေါင်းအုံးစွပ် ဇာနားကလေး ထိုးပေးပါဦး ဆိုပြီး ခိုင်းတာ ၊ အစ်ကိုထွန်း လည်း ခြေ ကို ချုပ်မိသွားတာပဲ ၊ ဆရာကြီး မျက်နှာ က လည်း ရှိတာကိုး ”

အမေ ပြော ပုံမှာ လှိုက်လှဲ လိုလားသံတွေ အများကြီး ပါလာသည် ဟု ထင်ရသည် ။

ကျွန်မ က မူ ထိုခဏ မှာပင် မခင်နွယ် ဆိုသူ ကို မနှစ်မြို့ စိတ်ဝင် ခဲ့ပါသည် ။

တစ်ဆက်တည်း မှာ ပင် ကိုကြီးထွန်း ကို လည်း စိတ် ကွက် လိုက်ပြန်သည် ။ ကိုယ့် အိမ် ကိုယ့် နှမလေး အတွက်တော့ မထိုးဘဲ ထမင်းလေး တစ်နပ်စားရုံ နှင့် သူ ခိုင်းတာ လုပ်ပေးရအောင် မခင်နွယ် ဆိုသူ က ဘာမို့လဲ ။ အလကား လုပ်အား ကို ခေါင်းပုံ ဖြတ်တာ ဟု ခပ်စွာစွာ တွေး လိုက်မိသည် ။

သို့သော် ထို မခင်နွယ် တို့ အဖေ ဦးရွှေခိုင် သည် အမေ တို့ ငယ်ကြောက် ရွာ အလယ်တန်းကျောင်း က ကျောင်းအုပ်ကြီး ဖြစ်သည် သာ မက လယ်ပိုင် ယာပိုင် နှင့် ဘုရားဒကာ သိမ်ဒကာ တစ်ယောက် လည်း ဖြစ်ပါသည် ။

မခင်နွယ် ကိုယ်တိုင် မှာ လည်း အပြော ချို ၍ အသား ဖြူ လုံးကြီးပေါက်လှ မို့ ရုပ် ချောရုံသာမကသေး ၊ မြို့ ကျောင်း မှာ သွား နေဖူး၍ ဝတ်ပုံစားပုံ အလွန် ခေတ်မီလှသည် ဟု ဆိုပါသည် ။

“ ရွာ က အပျိုတွေ ဆို မမခင်နွယ် ပြင်ပုံဆင်ပုံ ကို လိုက် အတု ခိုးကြရတာပဲ ”

အမေ က အားကျသံ နှင့် ပြောပြပါသည် ။ သူ လည်း အတုခိုးခဲ့ပုံ ရပါသည် ။ မခင်နွယ် သည် အမေ တို့ ခေတ် က “ ကြယ်ပွင့် ” ဖြစ် ပါလိမ့်မည် ။

“ တို့ ရွာ မှာ လုပ်ခဲ့ဖူးသမျှ အလှူမင်္ဂလာဆောင် တွေ ထဲ မှာ တော့ မမခင်နွယ် တို့ မင်္ဂလာဆောင် က အကြီးအကျယ်ဆုံး ပဲ ၊ တန်ခူးလကြီး ပေါ့ ၊ မှတ်မှတ်ရရ ပါ ပဲ ၊ ရွာ တောင် ထန်းတော ထဲ မှာ အစ်ကိုထွန်း မူး ရမ်းနေလို့ အမေ ကြိမ်လုံးတစ်ချောင်း နဲ့ လိုက် ရိုက်တဲ့ နေ့ပေါ့ ”

ကျွန်မ တို့ အဘွား လည်း အလွန် ထက် ပါသည် ။ အသက် ၃၀ မပြည့်ခင် မုဆိုးမ ဖြစ်ခဲ့၍ သားတွေ ကို လူပျိုကြီးဖားဖား  ဖြစ်သည် အထိ ကြိမ် တစ်ချောင်း နှင့် အုပ်ချုပ်ကာ ရုန်းကန် ကျွေးမွေးသည် ဟု ဆိုပါသည် ။

မခင်နွယ် ကား သူ့ အစ် ကို ကောလိပ်ကျောင်းသား က အိမ် အလည် ခေါ်လာသော ကောလိပ်ကျောင်း ထွက် ဘီ ၊ အိုင် ၊ အေ စစ်ဗိုလ်ကလေး ဗိုလ်ရန်ကျော် နှင့် ဖူးစာ ဆုံကာ ဂျပန်ခေတ် က ပင် အိမ်ထောင် ကျ သွားခဲ့ပါသည် ။ ယခု ဗိုလ်ကြီးကတော် ခင်နွယ်ကျော် ဖြစ် ၍ နေပါပြီ ။

ကျွန်မ သည် မင်္ဂလာပွဲ တွင် သတို့သမီး ၏ ဆံထုံး ပေါ် မှ စံပယ်ပွင့်များ သည် ဦးကြီးထွန်း ၏ ပွင့်ဦးစံပယ် တွေ များ ဖြစ် နေလေမည်လား ၊ အိပ်ရာခမ်းနား မှ ဖဲခေါင်းစွပ် ၏ အနားပန်းများ တွင် ဦးကြီးထွန်း ၏ လက်ရာများ ပါဝင်လေမည်လား ဟု တွေးတော နေမိသည် ။

ထို့ပြင် သူ အလွန် ခင်သော မခင်နွယ် ၏ မင်္ဂလာပွဲ မှာ ဝေယျာဝစ္စ လုပ်ကိုင်ပေးရမည့် အချိန်မျိုး မှာ ဦးကြီးထွန်း သည် အဘယ်ကြောင့် ထန်းတော ထဲ သို့ ရောက်နေပါသနည်း ဟု မေးခွန်း ထုတ်ကြည့်နေမိ ပြန်ပါသည် ။

အမေ့ ကို ဖွင့်ဟ ၍ မေးဖြစ်သော အခါ အမေ က “ ဟဲ့ တောက်တီး တောက်တဲ့ ”  ဟု ထ အော်ပါသည် ။

“ ကြံကြီးစီရာ တော် ၊ မမခင်နွယ် က ဆရာကြီးသမီး ရွာကွမ်းတောင်ကိုင် ပဲ ၊ အစ်ကိုထွန်း က ရွာရိုးကိုးပေါက် လျှောက်ပြီး ကြက် တိုက်နေတဲ့ လူ ၊ ဘယ်လို လုပ် ကြိုက် မိကြမှာလဲ ၊ ပြီးတော့ အစ်ကိုထွန်း က မိန်းမ သုံးယောက် သာ ယူခဲ့တာ မိန်းမ ကိစ္စ မရှုပ်တတ်ဘူး ”

အမေ သည် ကျွန်မ ကို ပြစ်မှုကျူးလွန်ထားသည့် ပမာ ကြည်ခဲ့ပါသည် ။ သူ့ အစ်ကို ကျွန်မ ဦးကြီး လို လူ နှင့် မှ မသင်္ကာ ဖြစ်ရပါမည်လား ဟု သူ တို့ကြယ်ပွင့် ဘက် က လိုက်၍ နာခဲ့ဟန် တူပါသည် ။ အမေ့ ကွယ်ရာတွင် ဦးလေးငယ် ကို မေးကြည့်သေးရာ သူ လည်း ထိုအချိန် က ကလေးအရွယ် သာ ဖြစ်၍ သေချာဂန သိပုံ မရပါ ။

မခင်နွယ် တို့ တစ်အိမ်သားလုံး နှင့် ဦးကြီးထွန်း ကျွမ်းဝင်ခဲ့ပုံ ကို သာ အခိုင်အလုံ ပြောပြ နိုင်ပါသည် ။ ကျွန်မ ကား ဦးကြီးထွန်း သည် မခင်နွယ် သာ မက တစ်အိမ်လုံး ၏ “ ခိုင်းဖတ် ” ပင် ဖြစ်ခဲ့လေသလား ဟု အဆိုးမြင် ရှုထောင့် မှ တွေး ကြည့်လိုက်ပါသေးသည် ။

အမေ က တော့ သူတို့ မိသားစုသည် ဦးကြီးထွန်း ၏ “ ကျေးဇူးရှင် ” ဟု ပင် ဆိုပါသည် ။ ဦးကြီးထွန်း ကို ဆရာကြီး ၏ ညီ တစ်ဦး ပိုင်သော ဖျာပုံမြို့ မှ ဆန်စက် တစ်ခု တွင် တာလီစာရေး ခန့်ခဲ့ဖူးသောကြောင့် ဖြစ်ပါသည် ။

“ အေးပေါ့ သူ ပထမ မိန်းမ အဲဒီတုန်း က တွေ့ တာပေါ့ ”

“ အဲဒီတုန်းက ခင်နွယ် ယောက်ျား ရပြီလား ”

“ ရပြီးပြီ ထင်တယ် ၊ ရွာ မှာ အစ်ကိုထွန်း ဆိုးလွန်းလို့ အမေက အကူအညီ သွား တောင်းတာ နဲ့ ဆရာကြီး က သူ့ ညီ ကို ချက်ချင်း ပြော ပေးတာပဲ ”

အမေ က ကျေးဇူး မမေ့သော လေသံ နှင့် ပြောနေပါသည် ။ ကျွန်မ က မူ “ မဖွင့်ဟ နိုင်သော အချစ် ” များ ထဲ တွင် ဂုဏ်နိမ့်သူ တို့ ၏ အချစ် လည်း ပါဝင်လိမ့်မည်လား ဟု ကိုယ့် ဘက် ကိုယ် ယက် ကာ တွေးတောနေမိသည် ။

ကျွန်မ တို့ မြို့ အိမ် သို့ ရောက်သော အခါ ဦးကြီးထွန်း အလွမ်းပြေ အဖြစ် စပယ်ပင် တစ်ပင် စိုက် ထားလိုက်ပါသည် ။

ကျွန်မ တတ် ချင်သော ဇာပန်းထိုးနည်း ကို မူ ယနေ့ ထိ မည်သူမျှ ကျွန်မ အား သင်မပေးနိုင်ခဲ့ကြပါချေ ။ ကျွန်မ သည် ဦးကြီးထွန်း ကို များစွာ တမ်းတ နေမိပါသည် ။

ကျွန်မ နည်းတူ ဦးကြီးထွန်း အား တမ်းတ တတ် သူ တစ်ယောက် ကို ကျွန်မ အသက် ၁၄ နှစ် ၁၅ နှစ် အရွယ် လောက် တွင် တစ်ကြိမ်တည်း သာ တွေ့ခဲ့ဖူးပါသည် ။

တစ်နေ့ တွင် အိမ်ခန်း ၌ အမေ နှင့် အတူ ထိုင် စကား ပြောနေသော ဧည့်သည် မိန်းမကြီး တစ်ယောက် ကို ကျွန်မ မြင် လိုက်ရပါသည် ။ ရုပ်ရည် က သိပ်အချောကြီး မဟုတ်ဘဲ ကြည့်ပျော်ရုံ သာ ရှိလိမ့်မည် ဟု ထင်ပါသည် ။

အဖိုးတန် အဝတ်အစားများ နှင့် တောက်တောက်ပြောင်ပြောင်  ရှိလှသည် ။ အသက်အရွယ် နှင့် စာလျှင် များစွာ ခေတ်ဆန် နေသည် ဟု လည်း ထင် မိခဲ့ပါသေးသည် ။ အမေ နှင့် မူ သိဟောင်းကျွမ်းဟောင်းများ လို စကား ပြောကြပါသည် ။

“ အထွန်း တို့ ကော နေကောင်းကြရဲ့လား ”

အမေ မျက်နှာ ကွက်ခနဲ ပျက်သွားသည် ကို မှတ်မိနေပါသေးသည် ။ အမေ သည် သူ စိတ်ကျဉ်းကျပ် လာ လျှင် လုပ်မြဲအတိုင်း ခေါင်း ကို အောက် သို့ ငုံ့ကာ လက်ချောင်းချင်း ပွတ်တိုက် နေပြီး မှ မပွင့်တပွင့် ပြန် ပြောခဲ့ပါသည် ။

“ အစ်ကိုကြီး ဆုံးသွားပြီ မမနွဲ့  ”

ကျွန်မ သိသမျှ ဦးကြီးထွန်း ကို အထွန်း ဟု ထို မိန်းမ တစ်ယောက် သာ ခေါ်ဖူးသောကြောင့် များစွာ စိတ်ဝင်စား သွားသည် ။ ထိုစဉ်က ဦးကြီးထွန်း ကွယ်လွန်ခဲ့သည် မှာ ၉ နှစ် ၁၀ နှစ် မျှ ပင် ရှိခဲ့ပါပြီ ။

“ ဘယ်လို ဖြစ်တာလဲ ညီမလေးရယ် ၊ မမနွဲ့ ဘာမှ မသိရပါလား ၊ မမနွဲ့ ဆီ ဘာလို့ အကြောင်း မကြားလဲ ဟင် ၊ နေနိုင်ကြပါပေ ရဲ့ ”

ထို မိန်းမ ၏ မျက်နှာ မှိုင်ကာ အညှိုးကြီး ညှိုးကျသွားပုံ ၊ အသံတွေ တုန်ယင် ကြေကွဲလာပုံ ၊ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပုံ တို့ ကို နှစ်ကာလ အတန် ကြာသည်အထိ ကျွန်မ မေ့ပျောက်၍ မရနိုင်ခဲ့ပါ ။

အခု အသက်အရွယ် မှာ ပင် ရုပ်ရှင် တွေ ထဲ မှာ မင်းသမီးကြီး ဒေါ်မေနွဲ့ ၏ လွမ်းခန်း ကို ကြည့် မိတိုင်း မဆီမဆိုင် ထို မိန်းမ ၏ အလွမ်း ကို ပြန်လည်မြင်ယောင် နေမိပါသေးသည် ။

ထို မိန်းမ သည် အမေ က တုံ့ဆိုင်းတုံ့ဆိုင်း ရှင်း ပြနေသည် ကို မျက်ရည်တွေ ကြား မှ ဆုံးသည် အထိ နားထောင်ပါသည် ။

ပြီးလျှင် မျက်ရည် ကို သုတ် နှပ် ညှစ် ကာ သူ့ ကိုယ် သူ ထိန်း လိုက်ပါသည် ။ အမေ့ ကို နှုတ်ဆက် ၍ ပြန်ရန် ပြင်သောအခါ အမေ က အိမ်ဝ အထိ လိုက် ပို့လိုက်ပါသည် ။

ခွဲခွာကြခါနီး မှာ မူ သူ သည် တံခါးဝညကို ခေါင်းမှီ ကာ “ အထွန်း ရေ အထွန်း ရဲ့ ... အမျှကွယ် အမျှ အမျှ ”  ဟု အမျှဝေခဲ့ ရှာပါသည် ။ အမေ လည်း မျက်ရည်စတွေ နှင့် ကျန်ရစ်ခဲ့ပါသည် ။

“ အဲဒါ အစ်ကိုထွန်း ရဲ့ ပထမ မိန်းမ မနွဲ့ရီ ဆိုတာပေါ့ ၊ အရောင်းအဝယ် ကိစ္စ နဲ့ ဖျာပုံ က နေ ရန်ကုန် ခဏ လာရင်း ဝင်လာတာ ”

ဟု အမေ က ပြောပြခဲ့ပါသည် ။

“ ဦးကြီးထွန်း ဆုံးတုန်း က ဒေါ်ကြီးနွဲ့ရီ ဆီ အမေတို့ ဘာလို့ အကြောင်း မကြားတာလဲ ”

ကျွန်မ က ခုမှပင် ဇာတ်ကြောင်း ပြန်လှန်ကာ အမေ့ ကို မေးမိပါသည် ။

“ ဘာ လုပ်တော့မှာလဲ သမီး ရယ် ၊ ဘဝချင်း ခြား ကုန်ကြပြီပဲ ၊ သူ က တစ်မြို့တစ်ရွာ မှာ ၊ ပြီးတော့လည်း နောက် အိမ်ထောင် နဲ့ ”

ကျွန်မ က မူ မိမိ တွင် အိမ်ထောင်သစ် ရှိနေသည့်တိုင် တစ်ချိန်က ကြင်နာခဲ့ဖူးသူ အတွက် မျက်ရည်စက်တွေ ချန် ထားနိုင်သေးသော ထို မိန်းမ သည် ထို ချစ်ကြင်သူ အား မည်သို့သော အင်အားမျိုးဖြင့် ခွဲခွာ နိုင်ခဲ့ပါသနည်း ဟု တွေးမိလာပြန်ပါသည် ။

“ သူတို့ ဘာဖြစ်လို့ ကွဲ ကြတာလဲ အမေ ”

အမေ သည် မပြောတတ်သလို တွေးနေခဲ့ပြီး မှ မဆီမဆိုင် ဖြေပါသည် ။

“ သူတို့ ကွဲကြပုံလေး က သိပ်ကောင်းတာ ပဲ ”

“ အမေ့ နှယ် လင်မယား ကွဲတာပဲ ကောင်းတယ် ရှိသေးလား ” 

“ ဟဲ့ တခြား လင်မယားတွေ လို ဆဲကြ ဆိုကြ ၊ ရိုက်ကြ ပုတ်ကြ ၊ ရုံးရောက် ဂါတ်ရောက် နဲ့ ကွဲကြပုံမျိုး မှ မဟုတ်ဘဲ ၊ အေးအေးဆေးဆေး အချစ် အခင် မပျက် လမ်း ခွဲကြတာ ”

“ ဖျာပုံ မှာ သူတို့ အကြောင်း ပါပြီး မကြာခင် ရွာ မှာ အမေတို့ နဲ့ အတူ ပြန် လာနေကြတယ် ၊ အစ်ကိုထွန်း က ခဏလောက် လယ် လုပ်သေးတယ် ၊ နောက်တော့လည်း ထုံးစံ အတိုင်း ထန်းတော ထဲ ရောက်ပြန်တာပေါ့ ”

“ မမနွဲ့တို့ က ကုန်သည်မျိုးရိုး ရောင်းတတ် ဝယ်တတ် နဲ့ ချက်ချက်ချာချာ ရှိတယ် ၊ တို့ အမေ က ဆို သူ့ ချွေးမ ကို သိပ်သဘော ကျတာ ”

“ တစ်နေ့ တော့ သူ အဝတ်အစားလေးတွေ ထုပ်ပိုးပြီး ကောင်းကောင်းမွန်မွန် ပဲ တို့ အမေ ကို ကန်တော့တယ် ၊ ပြီးတော့ တို့ ရှေ့ မှာပဲ သူ့ ယောက်ျား ကို ပြောတယ် ၊ အထွန်း တဲ့ ၊ ဖျာပုံ ကို လိုက်ခဲ့ပါတဲ့ ၊ ဟိုမှာ က ကိုယ့်မြို့ ကိုယ့်ရွာမို့ သူ လုပ်ကိုင် စားတတ်ပါတယ် တဲ့ ၊ အထွန်း အလုပ် မလုပ်ချင် နေ ၊ သူ လုပ်ကျွေးပါ့မယ် တဲ့ ၊ ဒီမှာတော့ သူ့  အနေ နဲ့ ရောင်းဝယ် လုပ်ကိုင် လည်း မစားတတ် ၊ မုဆိုးမ အမေအိုကြီး ရဲ့ လုပ်စာ ကို လည်း ကူ မစားရက်ဘူး တဲ့ ”

“ ဒါပေမဲ့ ဦးကြီးထွန်း က မလိုက်ဖူး မဟုတ်လား ”

“ အေးပေါ့ ၊ ဒါကြောင့် ကွဲတာပေါ့ ၊ တို့ အမေ ကတော့ ကိုယ့် သား က တာဝန် မကျေလို့ ချွေးမ ပြန် သွားရတဲ့ အဖြစ်မျိုး ဘယ် ဖြစ်စေချင်မလဲ ၊ တို့ နဲ့ပဲ ဆက် နေဖို့ ဇွတ် တားသေးတယ် ၊ သူ ဘယ်လို မှ မနေနိုင်တော့ဘူး တဲ့ ”

“ ဘယ်လိုမှ မနေနိုင်တော့ဘူး ” 

ဟူသော စကား ကို ကျွန်မ တွေးကြည့် နေမိပါသည် ။ ယောက္ခမ ၊ ယောက်မ တွေ နှင့် ပဋိပက္ခ မဖြစ်ဘဲ ထို မိန်းမ ၏ မာန သည် အဘယ်သို့ ပေါ် ခဲ့ပါသနည်း ။ လင့် တစ်မျက်နှာ ကို အဘယ် ကြောင့် တစ်ရွာ မထင်နိုင်ပါသနည်း ။ ယောက္ခမ လုပ်စာ သူ မစားချင် သည့် စိတ်ဓာတ်ကလေး ကို မူ ချီးကျူး မိပါသည် ။

“ အစ်ကိုထွန်း က မလိုက်တော့ မှာ ခဲ့တယ်လေ ၊ နွဲ့ ကတော့ အစ်ကိုထွန်း ကို ဖျာပုံ ကနေ စောင့် နေမှာပဲတဲ့ ၊ ဒါပေမဲ့ အထွန်း နောက် အိမ်ထောင် ပြုချင်လည်း ပြု နိုင်တယ် တဲ့ ၊ အဲဒီအခါ ကျ ရင်သာ နွဲ့ ကို အကြောင်း ကြားပါတဲ့ ၊ နောက် သူ့ မြို့ သူ ပြန် သွားတာပဲ ”

“ ဒါနဲ့ ဦးကြီးထွန်း က လည်း ဒေါ်ကြီးစန်းမေ ကို ယူ လိုက်ရောလား ”

ဒေါ်ကြီးစန်းမေ သည် ဦးကြီးထွန်း ၏ ဒုတိယ ဇနီး ဖြစ်ပါသည် ။ ထို ဇနီး နှင့် သားသမီး နှစ်ယောက် ရခဲ့ပါသည် ။

“ ချက်ချင်း မဟုတ်ပါဘူး ၊ တစ်နှစ် လောက် ကြာ မှပါ ၊ နောက်ထပ် လေးငါးနှစ် လောက် ကြာ မှ မမနွဲ့ လည်း နောက် အိမ်ထောင် ပြု တာ ၊ မမနွဲ့ အိမ်ထောင် ကျပြီး မှ သူတို့ တစ်ခါ နှစ်ခါ ပြန် တွေ့ကြသေးတယ် ၊ တစ်ယောက် က လည်း အထွန်း တဲ့ ၊ တစ်ယောက် ကလည်း အနွဲ့ တဲ့ ၊ အခေါ် အပြော မပျက်ကြဘူး ၊ ဒါကြောင့် သူတို့ ကွဲပုံ ကောင်းတယ် လို့ ပြောတာ ”

“ သူတို့ တစ်ခါမှ ရန် မဖြစ်ကြဘူးလား ”

“ ဟင့်အင်း မဖြစ်ပါဘူး ”

“ သေသေချာချာ စဉ်းစားပါဦး အမေ ရယ် ၊ နည်းနည်းပါးပါးကလေး တောင် စကား မများကြဘူးလား ”

“ ဪ ... ဒီ ကောင်မကလေး ခက် တော့တာပဲ ၊ ဘာကြောင့် ဒီလောက် စပ်စု နေရတာလဲ ”

“ မဟုတ်ပါဘူး အမေ ရာ ၊ ဦးကြီးထွန်း လူဆိုး လို့ ပြောကြတာ ကို မခံချင်လို့ပါ ”

“ အမလေး မခံချင် မရှိပါနဲ့ ၊ ကျုပ် ရဲ့ အစ်ကိုတွေ အကြောင်း ကျုပ် အသိဆုံး ၊ ကျုပ် ယောက်မတွေ များ ကံ ဆိုးလွန်းလို့ ဒီလို ယောက်ျားတွေ နဲ့ ရ ကြတာ ”

အမေ သည် သူ့ ယောက်မ ခြောက်ယောက် လုံး နှင့် တည့်အောင် ပေါင်း နိုင်ခဲ့သူ ဖြစ်ပါသည် ။

“ အစ်ကိုထွန်း ကတော့ အဆိုးဆုံး ပေါ့ ၊ တစ်ခါတလေ မမူးဘဲနဲ့ တောင် ဆိုး ချင်တာ ၊ မမနွဲ့ က အင်မတန် သည်းခံ ရှာပါတယ် ၊ တစ်ခါက ပေါ့ မမနွဲ့ က ဖျား နေတယ် ၊ နေမကောင်း တုန်း ဆိုတော့ ယောက်ျား က အနား မှာ နေပြီး ဆေးတွေ ဘာတွေ ကိုယ်တိုင် တိုက်တာ ကို ခံချင်မှာပေါ့ ၊ ညည်း ဦးကြီးထွန်း က တစ်နေ့ လုံး ရွာ ထဲ လျှောက်နေတာပဲ ၊ ည မိုးကြီး ချုပ် မှ အိမ် ပြန်လာတော့ မယား ကို ဘယ့်နှယ် နေသေးလဲ လို့ အရင် မေးဖော် မရဘူး ၊ စံပယ်ပင် ကိုတော့ ရေ သွား လောင်းနေသတဲ့ ၊ ငါ့ ကို သူ့ စံပယ်ပင် လောက်တောင် မတွယ်တာပါဘူး လို့ မမနွဲ့ က မျက်ရည်စမ်းစမ်း နဲ့ ပြောတယ် ၊ ဒီလောက်ပါပဲ အေ ၊ ရန်တော့ မဖြစ်ပါဘူး ”

ဦးကြီးထွန်း ၏ ဇာတ်သိမ်းခန်း မှာ ကြေကွဲဖွယ် ပင် ဖြစ်ပါသည် ။

ဒုတိယ ဇနီး တစ်ရွာတည်း သူ ဒေါ်ကြီးစန်းမေ နှင့် ကလေး နှစ်ယောက် ရပြီး ကွဲကြပြန်ပါသည် ။ ဒေါ်ကြီးစန်းမေ သည်လည်း ပျိုးနုတ် ကောက်စိုက် စသော အလုပ် ကို အလွန် ကျွမ်းကျင်လှ သူ ဖြစ်ပါသည် ။

လယ်သူမျိုးရိုး ဆွေမျိုးအင်အား လည်း တောင့်သူ ဖြစ်ရာ သူတို့ လင်မယား ၏ ပဋိပက္ခ တွင် နှစ်ဖက်ဆွေမျိုးစု ၏ တွန်းအားများ လည်း ပါခဲ့လေသည် လား မသိပါ ။ ပါခဲ့သည် ဆိုတောင် မှ ဒေါ်ကြီးစန်းမေ တို့ ဘက် က မလွန် ဟု ကျွန်မ က ပါ ယူဆ လာနိုင်ပြီ ဖြစ်ပါသည် ။

ဒေါ်ကြီးစန်းမေ သည် ဦးကြီးထွန်း ဆုံးပြီး နောက် ၇ နှစ် ၈ နှစ် အကြာ သူ ကွယ်လွန်သည် အထိ အမေ တို့ မိသားစု နှင့် နီးနီးကပ်ကပ် ရှိ ခဲ့ပါသည် ။ ကျွန်မ ၏ ဝမ်းကွဲ အစ်ကို နှစ်ယောက် က မူ သူတို့ အဖေ ကျွန်မ ဦးကြီး အကြောင်း ကို ယနေ့တိုင် ပြန် လည် ပြောပြတတ်ခြင်း မရှိတော့ပါ ။

ဒေါ်ကြီးစန်းမေ နှင့် ကွဲပြီး ဦးကြီးထွန်း သည် ရွာ မှ ထွက်ခဲ့ပြန် ကာ ကမာရွတ် ကွမ်းခြံ တွင် ခြံ စိုက်နေရင်း မလှသီ ဆို သူ နှင့် တတိယ အိမ်ထောင် ထူပြန်သည် ။

ထို တတိယ ဇနီး ကို အမေ ပင် သိပ် တွေ့ဆုံဖူးခဲ့ဟန် မတူပါ ။ ရိုးရိုးအေးအေး ထုံထုံအအ ဆင်းရဲနွမ်းပါး သူ တစ်ယောက် ဖြစ်ကြောင်း သာမန် မျှ လောက်သာ အမေ က ပြန် ပြောနိုင်ပါသည် ။

မလှသီ သည် ဦးကြီးထွန်း နှင့် သားသမီး မကျန်ရစ်ဘဲ မရှေးမနှောင်း မှာ ပင် ကွယ်လွန်ခဲ့သည် ဟု ဆိုပါသည် ။

“ အစ်ကိုထွန်း မှာ ကောင်းတာ တစ်ခု က တို့ အမေ က ဘယ်လောက် ပဲ ဆူဆူ ဆဲဆဲ  ရိုက်ရိုက် ဘာ တစ်ခွန်း မှ ပြန် မပြောဘူး ငုံ့ ခံနေတာပဲ ၊ နောက်တော့ လည်း သူ လုပ်ချင်ရာ လုပ် တာပဲ ၊ အလုပ်တော့ မရွေးဘူး ၊ ကျရာ လုပ်တယ် ၊ စွဲစွဲမြဲမြဲ မလုပ်တာ တစ်ခုပဲ ၊ မရှိလည်း ဗိုက် မှောက် နေတယ် ၊ သူများ ဆီ က အချေး အငှား အတောင်း အရမ်း မလုပ်တတ်ဘူး ၊ အမေ့ ဆီ က တောင် သူ တစ်ခါ ပဲ တောင်း ဖူးတယ် ၊ တစ်ခါတည်း ပါပဲ ”

အမေ့ မျက်လုံး အိမ် တွင် မျက်ရည်တွေ လည် လာပါသည် ။

“ အဲဒီတုန်း က မလှသီ နဲ့ ကွမ်းခြံ မှာ နေကြတယ် ၊ သီတင်း ကျွတ်ခါ နီး ပေါ့ ၊ ညီမကလေး အစ်ကို့ ကို ငွေ တစ်ဆယ် လောက် ပေး ပါ တဲ့ ၊ သီတင်းကျွတ် မှာ မီးပုံး ချိုး ပြီး ရောင်း မလို့တဲ့ ၊ ဝါး နဲ့ စက္ကူ ဝယ်ဖို့ ဆိုလား ၊ နောက် မကြာခင် ဘဲ မြေ ပေါက်ရင်း ခြေထောက် မှာ နည်းနည်းခိုက် မိသွားတယ် ၊ အနာ က သေးသေး ပါ ၊ ကျက် တောင်သွားပြီ ၊ သုံးလေးလ လောက် ကြာ မှ တို့ မြန်မာ လို ငန်းမန်း လိုက်တယ် ခေါ် မှာပေါ့ ”

မေးခိုင် ပိုး ဝင် သွားခြင်းပင် ဖြစ်ပါလိမ့်မည် ။

“ အမေတို့ မကုကြဘူးလား ”

“ နေမလား သမီး ရယ် ၊ ညည်းအဖေ က ဆို တို့ ကြည့်မြင်တိုင် မှာ အဲဒီ အချိန်တုန်း က နာမည် အကြီးဆုံး ဆရာဝန်ကြီး ဦးဖေ ကို ပင့် တာပေါ့ ၊ နှစ်ပတ်လောက် ပဲ ခံ လိုက်ပါတယ် ၊ သူ့ မိန်းမ မလှသီ နဲ့ ညည်း အဘွား လက် ပေါ် မှာ ပဲ ဆုံးတယ် ”

မိခင် လက် ပေါ် မှာ သေဆုံး ခွင့် ရသည့် အတွက် နောက်ဆုံး အကြိမ် အဖြစ် ဦးကြီး ကံ ကောင်းခဲ့ပါသည် ။

သို့သော် ကျွန်မတို့ ဆွေမျိုးများ က မူ “ ထွန်းမောင် တို့ များ သေတဲ့ အထိ အဘွားကြီး ကို ဒုက္ခ ပေး ခဲ့တာ ” ဟု ယနေ့ တိုင် ပြောဆို နေကြဆဲပင် ဖြစ်ပါသည် ။

ဦးကြီးထွန်း အလွမ်းပြေ အဖြစ် ကျွန်မ စိုက်ထားခဲ့သော အိမ်ရှေ့ မှ စံပယ်ရုံ မှာ လည်း တဖြည်းဖြည်း အုံကောင်းလာပါပြီ ။ တပေါင်းလ ရောက်ပြီ ဆိုလျှင် စတင် ဖူးပွင့်တတ်ပါသည် ။

ယခု နှစ် တွင် အပွင့် တစ်ထောင် ကျော် မျှ ပင် ရရာ ဆယ်ပွင့် တစ်ကုံး သီကုံးပြီး ရှေ့အိမ် နောက်အိမ်များ သို့ ပင် ဝေငှရပါသည် ။

ညစဉ် ပင် လရောင် အောက် ၌ မွှေးထုံပွင့်အာစ ပြု လာသော စံပယ်ပွင့်ဖြူများ ကို ခူးဆွတ်ရင်း ကျွန်မ သည် တစ်သက် တွင် တစ်ကြိမ် သာ မြင် လိုက်ဖူး၍ ယခု အချိန် မှာ သေသည် ရှင်သည် ပင် မသိရတော့သော ကျွန်မ ၏ ဒေါ်ကြီး ဟောင်း ဒေါ်နွဲ့ရီ ကို များစွာ သတိ ရနေမိပါသည် ။

သူ ၏ အလွမ်း နှင့် အမျှဝေခန်း ကို ကား ယနေ့ တိုင် ပြန်လည်မြင်ယောင်နေမိဆဲ ဖြစ်ပါသည် ။

ဒေါ်ကြီးနွဲ့ရီ ရှိနေသေးသည် ဆိုပါလျှင် ခုချိန် တွင် အသက် ခြောက်ဆယ် ကျော် ပေရော့မည် ။

ကျွန်မ သည် ကျွန်မ ၏ စံပယ်ရုံ မှ တစ်ကုံးစာ မျှ သော စံပယ်ဖြူပွင့် တို့ ကို ခူးဆွတ်ကာ ဒေါ်ကြီး ၏ ဆွတ်ဆွတ်ဖြူ နေတော့မည် ဖြစ်သော ဆံပင်များပေါ် တွင် တစ်ကြိမ် တစ်ခါမျှ ဖြစ်စေ ကိုယ်တိုင် ကိုယ်ကျ ပန်ဆင် ပေးချင်ပါသေးသည် ။

◾ မိုးငြိမ်းဧ

📖 မိသားစုဝိုင်း မဂ္ဂဇင်း
      ၁၉၇၈

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment