Thursday, September 29, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၂ )


 အခန်း ( ၁၂ )

မော်လမြိုင်မြို့ ...

အရိပ် အာဝါသ ငြိမ်းချမ်းသည့် ' အမေ့အိမ် ' ကလေး ... ။

ဒီ အတွေ့အကြုံ ကို တော့ စိုးရှား ဒီ တစ်သက် မေ့ပျောက် နိုင်တော့မည် မထင် ။

တစ်ချိန်က သူနာပြုဆရာမကြီး တစ်ဦး ဖြစ်ခဲ့သော ကိုသျှပ် ၏ မိခင်ကြီး ဒေါ်မြရင် သည် သား ဖြစ်သူ တေလေငှက်ကလေး အသိုက်အမြုံ ဆီ ပြန်လာသည် ကို အပြုံး ဖြင့် ကြိုဆို နေခဲ့လေသည် ။

ကိုသျှပ် သည် အမေ ၏ ရှေ့မှောက် တွင် ကလေးငယ်လေး တစ်ယောက် ဖြစ်သွား၏ ။ ရေလောင်း ပေါင်းသင် ပေးဖို့ လိုအပ်နေသော သစ်ပင်ငယ်ကလေး တစ်ပင် ဖြစ်သွားသည် ။ မိခင် ကြောင်မကြီး ၏ ဝမ်းဗိုက် ကို ဦးခေါင်း ဖြင့်
ပွတ်သပ် နေသော ကြောင်ကလေး တစ်ကောင် လို ဖြစ် သွားလေသည် ။

ကိုသျှပ် ၏ ရှည်လျားသော ကောက်တိကောက်ကွေး ဆံပင်တွေ ကို သူ့ မိခင် က တယုတယကိုင်တွယ်ပြီး ခေါင်းလျှော် ပေးနေသည့် မြင်ကွင်း ကို စိုးရှား ဆွတ်ပျံ့စွာ ငေးကြည့် နေခဲ့မိ၏ ။

ရှေးရိုးဟန် မိခင် တစ်ယောက် ၏ အကြင်နာလက်များ ဖြင့် မြန်မာဆန်ဆန် တရော်ကင်ပွန်းသီး တို့ ကို မွှေစပ်ပြီး သား ဖြစ်သူ ၏ ဆံပင်ရှည်ရှည်တွေ ကြား ထဲ လက်ချောင်းကလေးများ ကို ထိုးဖွ ဆုပ်နယ် ပေးနေရင်း ...

“ သားကြီး ရယ် မမိုက်နဲ့တော့ကွယ့် ... မင်း ညီလေး က လည်း အိမ် မှာ ရှိတာ မဟုတ်ဘူး ၊ တစ်ခုခု အကြောင်း ရှိပြီ ဆို အမေ တို့ က သားကြီး ကို ပဲ ပြေး သတိရတာ ...”

ကိုသျှပ် လို နိုင်ငံကျော် အဆိုတော်ဂီတပညာရှင်ကြီး တစ်ယောက် ကို သူ့ မိခင် ဖြစ်သူက ကလေးငယ်လေး တစ်ယောက် လို တတွတ်တွတ် ပြောဆို ဆုံးမ နေသည် ကို ကြည့်ရင်း စိုးရှား ရင် ထဲ မှာ တစ်စုံတစ်ရာ ကို ကြေကွဲ တသမိ၏ ။

စိုးရှား ကိုယ်တိုင် က မိဘမေတ္တာ ဆိုသည် ကို အလွန်အကျွံ ဖွဲ့နွဲ့ချဲ့ကား နေစရာ မလိုဘဲ သဘာဝ ၏ စည်းဘောင် ထဲ မှာ သာ ရှိသင့်သည် ဟူသော ခံယူချက် ဖြင့် အမေ့ ရင်ခွင် ကို ခွဲခွာ ကာ အိမ် ပေါ် မှ ဆင်း လာခဲ့ သူ မဟုတ်လား ။

ကိုသျှပ် ကတော့ သူ့ အမေ ပြော သမျှ ကို တအင်းအင်း လိုက်နေရင်း ခေါင်းလျှော် ပေး သည် ကို ငြိမ် ခံနေ၏ ။

အခုတော့လည်း အမေ့ ရဲ့ဒုက္ခအိုးလေး သည် သစ်ရွက် ပေါ် တင်သော နှင်းရည်စက်လေး တစ်စက် လို အေးမြ ငြိမ်းချမ်း နေလေသည် ။

အခုအချိန် ... ကိုသျှပ် ရဲ့ ရင် ထဲ မှာ ဘာတွေများ ရှိ နေလေမလဲ ။

စိုးရှား ငိုင်တွေစွာ စဉ်းစားနေမိ၏ ။

•••••   •••••   •••••   •••••

မြစ်ရေတွေ က တသွင်သွင် စီးဆင်းနေသည် ။

တောင်ရိုးတန်းလေး ပေါ် ရှိ ကျိုက်သလ္လံဘုရား ရင်ပြင် ပေါ်မှ နေ၍ သူ နှင့် ကိုသျှပ် တို့ သံလွင်မြစ် ၊ အတ္ထရံမြစ် နှင့် ဂျိုင်းမြစ် တို့ မြစ်သုံးစင်း ဆုံရာ ရေပြင်ဆီ လှမ်း ကြည့်နေမိကြ၏ ။

လေပြည်လေညင်း ၏ ရနံ့ကြားထဲ တွင် အဆက်အစပ် မရှိ ပေါ်လာသော မေးခွန်း တစ်ခု ကို မေးလိုက်၏ ။

“ ကိုသျှပ် ဂီတလောက မှာ အခုပေါ် နေတဲ့ RAP ... တို့ ၊ Hip Hop ... တို့ကို ဘယ်လို မြင်သလဲ ”

ကိုသျှပ် က ခဏမျှ ငြိမ်သက်နေသည် ။ နောက် ... ညင်သာသိမ်မွေ့သော အသံဖြင့် ...

“ ကျွန်တော့် သဘော ကတော့ အသံ ဆိုတဲ့ နေရာ မှာ သာမန် အသံ ရယ် ... အနုပညာမြောက်တဲ့ အသံ ရယ် ... အနုပညာ မဖြစ်တဲ့ အသံ ရယ် ... ဆိုပြီး သုံးမျိုး ရှိတယ်လို့ ထင်တယ် ဗျာ ... သာမန် သံ ဆိုတာ ကတော့ သဘာဝ အတိုင်း ရှိနေတဲ့ အသံမျိုး ၊ စကား ပြောတဲ့ အသံမျိုးပေါ့ ... အဲဒီ အသံတွေ ကို အနုပညာ မြောက်အောင် ဖန်တီး လို့ ရပါတယ် ၊ သာမန် အသံ လည်း မဟုတ် ၊ အနုပညာ လည်း မမြောက်တဲ့ အသံမျိုး ဆိုရင်တော့ နားထောင် ရတာ တော်တော် ဒုက္ခ ရောက်တယ် ...”

“ ဒါဆိုရင် ... အနုပညာ မြောက်အောင် မဖန်တီးနိုင်ဘဲ နဲ့ အနုပညာရှင် ဆိုပြီး နာမည်ကြီး အောင်မြင် နေ တဲ့ လူတွေ ကို ကျတော့ ကိုသျှပ်  ဘာပြောမလဲ ...”

စိုးရှား ၏ အမေး စကား က သရော် ရှုတ်ချသံ ၊ မနာလိုသံ  ပါ သွား၏ ။ ကိုသျှပ် က တော့ ခပ်တိုးတိုး ရယ်လိုက် ပြီး ...

“ အောင်မြင်မှု ဆိုတာ မီးခိုး လိုပဲ ဗျ ... မီးရှို့ မှ မီးခိုး ထွက်တာ ၊ အောင်မြင်လောက်တဲ့ အကြောင်းရင်းခံ မီးတောက် ရှိ လို့ပေါ့ဗျာ ... ဒါပေမယ့် အဲဒီမီးတောက်ကလေး ကြာရှည်တောက်လောင် နေဖို့ ကျတော့ မီးစာ ထည့် ပေး နေဖို့ လိုတယ်ဗျ ... အဲဒါကတော့ အနုပညာ ဝမ်းစာ ပဲ ...”

ပြာလဲ့သော ကောင်းကင် တွင် တိမ်တွေ ရွေ့လျား နေကြသည် ။ ရွေ့လျားကြတာချင်း အတူတူ မြစ်ရေတွေ က ခရီး အဆုံးသတ် ပင်လယ် ရှိပြီး တိမ်တွေ ကတော့ ဦးတည်ရာ မဲ့ ... ။ ရည်ရွယ်ရာ ရှိတဲ့ မြစ်ရေတွေ လည်း အငွေ့ ပျံတဲ့ အခါ တိမ်တိုက် ဖြစ်ပြီး မျော ချင် ရာ မျောလွင့် ရသေးတာပဲ မဟုတ်လား ။ ဦးတည်ရာ မဲ့ တဲ့ တိမ်တွေ ဟာလည်း ငွေ့ရည်ဖွဲ့ပြီး မိုးရွာ ချတဲ့ အခါ မြစ်ရေဖြစ်ပြီး ပင်လယ် ဆီ ကို စီးဆင်း ရတာပဲလေ ... ။

လူ့ ဘဝ ဆိုတာ ...

တစ်ခါတစ်ခါ တိမ်တိုက်ဖြစ်လိုက် .... တစ်ခါတစ်ခါ မြစ်တစ်စင်း ဖြစ်လိုက်ပေါ့ ...

ငါ ကရော ဘာလဲ ¿

ဦးတည်ရာချက် ရှိတဲ့ မြစ်တစ်စင်းလား ...

လွင့်ချင်ရာ လွင့်မျောနေတဲ့ တိမ်တိုက်လား ...

ငေးငိုင်နေသော စိုးရှား ကို ကြည့်ပြီး ကိုသျှပ် က ...

“ ထားလိုက်စမ်းပါဗျာ အရေး မပါတာတွေ ... စိတ်အေး လက်အေး ရှိတုန်း ပေါ့ပေါ့ပါးပါးစကားတွေ ပဲ ပြောရအောင်ပါ ...”

ကိုသျှပ် က ပြောလက်စ အကြောင်းအရာ ကို ပြောင်းပြစ်ဖို့ တိုက်တွန်းသော်လည်း တကယ်တမ်း တွင် ဘာစကား မှ မဆက် ဖြစ်ကြ ။

ကြာမြင့်စွာ ငေးမောနေပြီး မှ ဘုရား ပေါ် မှ ဆင်း လာခဲ့ကြသည် ။

မြစ်ရေပြင် ကို ဖြတ်သန်း တိုက်ဖြတ်လာသော လေပြေ ထဲ တွင် ဆည်းလည်း ခတ် သံ ကို ကြား ရသည် ။

အသံ မှာ လည်း ရနံ့ ရှိသည် ဟု သူ ခံစားရ၏ ။

•••••   •••••   •••••   •••••

တောင်ကုန်း ပေါ် မှ စီး ကြည့်လျှင် မြင် နေရသော မြို့ကလေး သည် ဆည်းဆာ နေရောင်ခြည် အောက် တွင် ကြောင်ဝါလေး တစ်ကောင် လို ခွေခွေလေး အိပ် နေ၏ ။

အဝေးရှိ သစ်ပင်များ ကို ငေးကြည့်ရင်း စိုးရှား က သူ သိချင်လွန်းနေသော မေးခွန်း တစ်ခု ကို မေး လိုက်သည် ။

“ ဒီမှာ ကိုသျှပ် ... ကျွန်တော် က အနုပညာ ကို လည်း အယုံအကြည် မရှိဘူး ... ချစ်ခြင်းမေတ္တာ ကို လည်း အယုံအကြည် မရှိဘူး ... နာမည် ကြီးတာ ကို လည်း အယုံအကြည် မရှိဘူး ... ကုန်ကုန် ပြောရရင် ... ဘာသာတရား ကို လည်း အယုံအကြည် မရှိဘူး ... အဲဒီတော့ ကျွန်တော် ဟာ ဘာလဲ ... ဘာလဲဗျာ ... တိမ်လို ဦးတည်ရာ မဲ့ လွင့်မျောနေတဲ့ လူလား ... မြစ်လို ခရီးပန်းတိုင် တစ်ခု ဆီ စီးဆင်းနေတဲ့ လူလား ... ကိုသျှပ် စိတ် ထဲ ထင်တာ ကို
ပြော စမ်းပါ ဗျာ ...”

ကိုသျှပ် က စိုးရှား ၏ မျက်နှာ ကို တည့်တည့် စိုက် ကြည့်သည် ။ ကိုသျှပ် က ဘယ်သူ့ ကို မှ အားမနာ ဘဲ စိတ် ထဲ ရှိသည့် အတိုင်း ပိုးစိုးပက်စက် ပြော တတ်သည့်လူစားမျိုး ဖြစ်၏ ။ ထို့ကြောင့်လည်း စိုးရှား က ဘယ်သူ့ ကို မှ ဒီလိုမျိုး မမေး ဘဲ ကိုသျှပ် ၏ ဝေဖန် စကား ကို မှ တမင် တောင်းယူခြင်း ဖြစ်သည် ။

ထင်ထားသည့် အတိုင်း ကိုသျှပ် က ပွင့်ပွင့်လင်းလင်း ပင် ...

“ တိမ် လည်း မဟုတ်ဘူး ... မြစ် လည်း မဟုတ်ဘူး ... ခင်ဗျား က ကျောက်တုံး ပဲ ဗျ ...”

“ ဗျာ ...”

“ တခြား လူတွေ အားလုံး က သူတို့ မှာ ရှိနိုင်သလောက် ယုံကြည်မှုလေး နဲ့ သူတို့ တတ် နိုင်သလောက် အနုပညာ အတတ်ပညာလေးတွေ နဲ့ ခရီး သွား နေကြတာ ချည်း ပဲ ၊ တိမ် လိုပဲ ... ဖြစ်ဖြစ် ... မြစ် လိုပဲ ဖြစ်ဖြစ်ပေါ့ ... အနည်းဆုံး တော့ သူတို့ ဟာ ရွေ့လျား နေကြတာချည်းပဲ ၊ ခင်ဗျား က တော့ ဘယ်နေရာ မှာ မှ သောက်သုံး မကျဘူး ... ဘာ ရွေ့လျားမှု မှ မရှိတဲ့ ကျောက်တုံး ပဲ ...”

အဲသည် စကားလုံးများ သည် သူ နှင့် ကိုသျှပ် တို့ အချိန် တွေ ကြာမြင့်စွာ နောက်ဆုံး ပြော ဖြစ်ခဲ့သည့် စကားများ ဖြစ်သည် ။

နောက် တစ်ကြိမ် သူ နှင့် ဒီလို အေးအေးဆေးဆေး စကား ပြောခွင့် ရတော့ မှာ မဟုတ်ဘူး ဆိုသည် ကို သေမင်း ၏ တမန်တော် ထံ မှ စောစောစီးစီး ကြိုတင်ပြီး သိခွင့်ရခဲ့မည် ဆိုလျှင်တော့ ကိုသျှပ် ဆီ က တန်ဖိုးရှိသော စကားတွေ ( ဒါမှမဟုတ် ချစ်ခင်နှစ်လိုဖွယ် ကောင်းသော ဆဲရေး စကားတွေ ) ကြား ရဖို့ နောက်ထပ် မိနစ် အနည်းငယ် ဖြစ်ဖြစ် အချိန်တွေ ကို ခိုးဖဲ့ ယူခဲ့မိ မှာ သေချာပါသည် ။

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

*

No comments:

Post a Comment