Sunday, September 25, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၇ )


 အခန်း ( ၇ )


ရိုက်ကွင်း ပေါ် မှာ အရင်ကလို ဒါရိုက်တာဦးစောဝင်း ၏ တဟက်ဟက် ရယ်သံ ကို မကြားရ ။ဦးစောဝင်း ၏ မျက်လုံးတွေ ရီဝေမှုန်မှိုင်း နေ၏ ။


ဒီ ဇာတ်ကား စ ရိုက် ကတည်း က ယနေ့ အထိ သုံးရက် စလုံး အဆင် မပြေသေး ။ ဘာကို စိတ် တို ရမည်မှန်းလည်း မဝေခွဲတတ် ။ သူ စိတ်တိုင်း မကျသည် က အားလုံး လိုလိုပင် ဖြစ်သည် ။


ဟိုး အစောကြီး ကတည်း က ဇာတ်ညွှန်း ခွဲဖို့ ကြို အပ်ထားသော်လည်း တကယ် စ ရိုက်သည့် နေ့အထိဇာတ်ညွှန်း အပြည့်အစုံ လက်ထဲ ရောက်မလာ ။ ဇာတ်ညွှန်းရေးဆရာက ...


“ ဒါလေးများဗျာ ... ရပါတယ် လုပ်နေကျပဲ ဥစ္စာ ”


ဟု ခပ်ပေါ့ပေါ့ ပြောရင်း ရိုက်ကွင်း ပေါ်မှာ တင် ဇာတ်ညွှန်း ကို လက်တန်းရေးသည် ။ တကယ်တမ်း ချရေးသောအခါ တွင်လည်း သူ သေသေချာချာ ကြိုတင် မှာ ထားသလို ဖြစ်မလာ ။ 


မင်းသား က လည်း ဇာတ်လမ်း အစ အဆုံးယှက်နွယ်ထားသည့် အချိတ်အဆက်များ ကို အပြည့်အစုံ နားမလည် ။ ဇာတ်ကောင် စရိုက် ကို ရှေ့နောက် ညီအောင်သဘော မပေါက်ပဲ ဟိုနေရာ ဝင်ပြင် ဒီနေရာ ဝင်ဖြည့်စွက် ဖြင့် သူ လုပ်ချင်တာများ ကိုသာ ဇာတ်ညွှန်း ထဲ ထည့် ခိုင်းရာဇာတ်လမ်း က ပျက် တော့သည် ။


ပရိုဂျူဆာ ကလည်း မင်းသား မင်းသမီး သရုပ်ဆောင်ကြေး ပေး ရသည် မှာ များလွန်းသည်ဟု ညည်းညူပြီးဇာတ်ကား အတွက် ကုန်သင့်ကုန်ထိုက်သော အခြား အသုံးစရိတ်များအတွက် ပိုက်ဆံ မထုတ်ချင်တော့ချေ ။


အကုန်အကျ မခံနိုင်သောအခါ မူရင်း ဝတ္ထုဇာတ်လမ်း အတိုင်း ဖြစ်ရမည့် ဆက်တင် ၊ Location တို့ကို ရှာဖွေဖန်တီးပြီး ရိုက်ကူးသည့် ခေတ် မရှိတော့ သည် မှာ ကြာပြီ ။


ရှူတင်မန်နေဂျာ ကလည်း ...


“ ဦးနှောက်စား ခံမနေပါနဲ့ ဆရာရယ် ၊ ရိုက်နေကျ ရှူတင်အိမ်ကလေး မှာ ပဲ ဖြစ်အောင် လုပ်လိုက်ကြတာပေါ့... ”


သည်တော့လည်း ဒါရိုက်တာဦးစောဝင်း တစ်ယောက် စိတ် လျှော့ ရပြန်သည် ။ လျှော့ရင်း လျှော့ရင်းနောက်ဆုံး သူ့ မှာ ဘာမှ မကျန်ရစ်တော့ ။


သူ့ ရင်ဘတ် သည် အခွံဟောင်းလောင်း ။


ထိုစဉ် မင်းသား က သူ့ အနီး သို့ ရောက် လာပြီး ...


“ ကျွန်တော် လစ် လိုက်ဦးမယ် ဆရာသမား ... ဒီ ညနေ ကြော်ငြာလေး တစ်ခု ရိုက်ဖို့ ချိတ်ထားတာ ရှိလို့ ...ဒီနေ့တော့ မင်းသမီး ဘက်အခြမ်းတွေ ချည်းပဲ ကဒ်တွေ ကျော်ပြီး ရိုက် ထားလိုက်ပါဗျာ ၊ ဖြစ်တယ် မဟုတ်လား ... ”


ဦးစောဝင်း က ခေါင်း ကို ကုတ်သည် ။ နောက် ...


“ အင်း ... အဲ ... ဖြစ် ... ဖြစ်ပါတယ်ဗျာ ... ဖြစ်ရမှာပေါ့ ... ”


“ အိုကေ ... အိုကေ ... အဲဒါမျိုးလေးတွေ နားလည်မှု ရှိလို့ ဆရာသမား နဲ့ ရိုက်ရတာ အဆင်ပြေတာ ၊ ကဲ ...ဘိုင့်ဘိုင် ... ”


မင်းသား က ပြောပြောဆိုဆို နှင့် သူ့ ကား ပေါ် တက်ပြီး မောင်း ထွက်သွား၏ ။ ဦးစောဝင်း က သက်ပြင်း ကိုချ လိုက်သည် ။ ထို့နောက် သူ့ကား နောက်ဖုံး ထဲ တွင် ရေသန့်ဗူး ဖြင့် ထည့် ထားသော အရက်ဖြူ ကို တစ်ငုံ စာ မော့သောက် လိုက်၏ ။


ထိုစဉ် ရှူတင်မန်နေဂျာမောင်သက် ရောက် လာသည် ။ ( ဦးစောဝင်း က သူ့ ရှူတင်မန်နေဂျာကို' ရှူရှူမန်နေဂျာ ' ဟု ခေါ်၏ )


မောင်သက် က ဦးစောဝင်း လက် ထဲ မှ ရေသန့်ဗူး ကို လှမ်းကြည့်ရင်း ...


“ ဟာ ... ဆရာ ဘာတွေ သောက်နေတာလဲ ... ”


“ အာ ... ဒါလား ဟိုဒင်းကွာ ... ငါ့ ကို ဆရာတော်တစ်ပါး သိဒ္ဓိ တင်ပေးထားတဲ့ ရေမန်း ပါ ၊ ရိုက်ကွင်း မှာအန္တရာယ်ကင်း ဘေးကင်းအောင် ရေမန်း ခဏ ခဏ သောက်ပေးရမယ် ဆိုလို့ ဟဲ ... ဟဲ ... ဟဲ ... ”


ဦးစောဝင်း က ဗြောင် ညာလိုက်သည် ။ ' ရိုက်ကွင်း ပေါ် မှာ အရက် မသောက်ရ ' ဟု သူ ကိုယ်တိုင် စည်းကမ်းထုတ် ထားခဲ့ဖူးသည် ကို ပြန် သတိရလိုက်မိသောကြောင့် ဖြစ်၏ ။


မောင်သက် က ဒါရိုက်တာ ခွက်ပုန်း မော့နေမှန်း သိသိကြီးချည်း နှင့် လိမ် ပြောခံရသောကြောင့် သိပ်မကျေနပ် ။ သူ လည်း သောက်ချင်သည် မဟုတ်လား ။ မောင်သက် က သူ့ ခံစားချက် ကို မျိုသိပ်ပြီး ...


“ ဆရာ မင်းသား က ပြန်သွားပြီ မဟုတ်လား ၊ ဘယ်လို ဆက်လုပ်ကြမလဲ ... ”


“ ဘာ တတ်နိုင်မှာလဲကွာ ... မင်းသမီး တစ်ယောက် တည်း ရိုက်လို့ ရတဲ့ Scene တွေချည်း ပဲ ရိုက်ကြတာပေါ့... ကဲ ... လုပ်ကွာ ... မင်းသမီး ကို သီချင်းနောက်ခံနဲ့ MTV ရိုက်မယ် ... သွား ... သွား ... မြနဒီ ကိုသွားပြောလိုက် ၊ ဪ ... နေဦး ... ဇာတ်ညွှန်း ရေးတဲ့ အောင်ရဲထွန်း ကို ပါ မှာလိုက် ၊ သီချင်း MTV ရိုက် ဖို့စာသား နဲ့ လိုက်မယ့် အကွက်တွေ အခုချက်ချင်း ထိုင်ရေးလို့ ကြားလား ... ”


မောင်သက် က ကုပ်ချောင်းကုပ်ချောင်းဖြင့် ထွက်သွားပြီး မြနဒီကို သွားပြောသည် ။ မြနဒီက သူ့ ဘက်သို့လှမ်းပြီး မျက်စောင်း တစ်ချက် ထိုး သည်ကို မြင်ရ၏ ။ ဦးစောဝင်း က မသိချင်ယောင် ဆောင်နေလိုက်သည် ။


နောက် ... ဟိုလိုလို ဒီလိုလို ဖြင့် အရက်ဖြူ ထည့်ထားသော ရေသန့်ဗူးလေး ကို ကိုင်ပြီး ခပ်ဝေးဝေးလျှောက် သွားလိုက်၏ ။ ခဏနေတော့မှ ...


“ ကဲ ... ရိုက်ကြမယ်ဟေ့ ... ”


“ စမယ် တဲ့ ... ဟေ့ ... လုပ်ကြ ... လုပ်ကြ ... ”


“ ကင်မရာ ရယ်ဒီလားဟေ့ ... ” 


မင်းသမီး အဝတ် လဲပြီး အသင့် ဖြစ်သောအခါ ရိုက်ကွင်း သည် ပြန်လည် အသက်ဝင်ပြီး စုရုံးစုရုံး ဖြစ်လာကြတော့သည် ။ ထို အချိန်တွင် မှ ဇာတ်ညွှန်းရေးဆရာ အောင်ရဲထွန်း ( ထီးချိုင့် ) ဆိုသူ က စာရွက် သုံးလေးရွက်ကိုင်ကာ ဦးစောဝင်း အနီးသို့ ရောက်လာပြီး ...


“ ဆရာ ... ဆရာ ... ”


“ ဘာလဲကွ ... ”


“ သီချင်း စာသား ထဲ မှာ ' ချယ်ရီပင်တွေရယ် ဧည့်ဝတ်မပျက်ပါဘူးကွဲ့ အချစ်ရယ် ...' ဆိုတာ ပါနေတယ် ၊ရိုက် ပြ စရာ ချယ်ရီပန်း ကလည်း မရှိဘူး ဆရာ ... ကြိုပြီးတော့လည်း ရှာမထားမိဘူး ၊ ဘယ်လို လုပ်ကြမလဲ ဆရာ... ”


“ ဟာ ... ဒုက္ခပါပဲ အောင်ရဲထွန်းရာ ... ဒီအချိန်ကြီး ကျမှ ချယ်ရီပန်း ကို ဘယ်လိုလုပ်ပြီး လိုက် ရှာရမလဲကွ... ”


ဦးစောဝင်း က ခေါင်း ကိုသာ တဗျင်းဗျင်း ကုတ်ရင်း ညည်းမိတော့သည် ။


ဇာတ်ညွှန်းရေးဆရာ အောင်ရဲထွန်း( ထီးချိုင့် ) ကလည်း မျက်နှာငယ်ကလေး နှင့် ... ။ ကြံရာမရဖြစ်နေသည့် အဆုံးတွင်မှ ဦးစောဝင်း က တစ်စုံတစ်ရာ ကိုသတိ ရသွားပြီး ...


“ ဟာ ... ဟုတ်ပြီ ... ငါ တစ်ခု သတိရပြီ ... ”


“ ဟုတ်ကဲ့ ဆရာ ... ”


“ မောချယ်ရီ ဆိုတဲ့ အဝေးပြေးကားလိုင်း ရှိတယ် ၊ အဲဒီ ကား ကို နောက်မြီး ဘက် က စာတန်းပေါ်အောင် ရိုက်ပြီးချယ်ရီ ဆိုတဲ့ စာသားပါမယ့် နေရာ မှာ ထည့် လိုက်ကွာ ... ”

 

“ ပြောင်မြောက်ပါပေတယ် ဆရာရယ် ... သီချင်း နဲ့ တော့ ဘာမှတော့ မဆိုင်ဘူးနော် ... ”


“ ဆိုင်ဆိုင် မဆိုင်ဆိုင်ကွာ ... ' ချယ်ရီ ' ပါဖို့ အဓိကပဲ ၊ သွား ... ငါ ပြောသလိုလုပ် ... ”


ရှိတာလေး နှင့် ဖြစ်အောင် လုပ်သည့် ပညာ မှာတော့ ဦးစောဝင်းကို ဘယ်သူ မှ မမှီချေ ။ တယ်တော်တဲ့ငါ ပါလား ... ဟု ဦးစောဝင်းက သူ့ ကိုယ် သူ ပြန်သုံးသပ်မိသည် ။


“ ကဲ ... ရိုက်မယ်ဟေ့ ... ကင်မရာ ရယ်ဒီလား ... ”


“ ရပြီ ဆရာ ... ”


“ ရပြီဆိုရင် ရိုက်မယ် ၊ အားလုံး ရယ်ဒီ ... ဖိုက် ... ဖိုး ... သရီး ... တူး ... ဝမ်း ... ဂိုး ... ”


ရိုက်ကွင်းကား တဖြည်းဖြည်း အရှိန် ရလာသည် ။ ကင်မရာ မှ တဆင့် မော်နီတာဖန်သားပြင်ပေါ်တွင်ပေါ်နေသော မြနဒီ ၏ ရုပ်လွှာ ကို ကြည့်ပြီး ဦးစောဝင်း ကလည်း ရင်တွေ ခုန်လာသည် ။


“ ဒီနေ့တော့ မြနဒီ ကို ရည်းစားစကား ပြော ဖြစ်အောင် ပြောမယ် ”


ဟု သူ စိတ်ပိုင်းဖြတ်လိုက်၏ ။ ဗီဒီယို တစ်ကားစာ ရိုက်ရက် က တစ်ပတ် သာ ရသည် ။ ဒီအချိန်လေးအတွင်း မှာ မြန်မြန် ရည်းစား စကား ပြောပြီး မြန်မြန် အဖြေ တောင်းမှ ဖြစ်တော့မည် ။


နောက်ထပ် ဗီဒီယိုကား တစ်ကား ရိုက်ဖို့ဆိုတာက ဘယ်လောက် စောင့်ရဦးမည် မသိ ။ ရသည်ပဲ ထားဦး ...အဲဒီ အတွင်း မှာ မြနဒီ ကို ရိုက်ဖို့ ရက်ချိန်း ရပါဦးမှ ... ။


မတော်တဆ ရုပ်ရှင်ကားကြီးရိုက်သည့် ရက်နှင့် ဆုံ နေပါက မြနဒီ က ဗီဒီယို ထက် စာလျှင် ရုပ်ရှင်ကားကြီးရက်ချိန်း ကိုသာ ဦးစားပေး မှာ သေချာသည် ။


အဲသည်တော့ ရည်းစားစကား ပြောမည် ဆိုလျှင် ဒီ ရက်ပိုင်းအတွင်း လှုပ်ရှားနိုင်မှ အဆင်ပြေမည် ။ ဟင်း ...ဘယ်လို ဘဝကြီးလဲ ... ။ တစိမ့်စိမ့်တောင် ရင်ခုန်ခွင့်မရတဲ့ သုတ်သီးသုတ်ပျာ လောကကြီးပါလား ... ဟု ဦးစောဝင်းတွေးရင်း သက်ပြင်းချလိုက်၏ ။


ထိုသို့ တွေး နေစဉ်မှာပင် ...


“ ဂုံး ... ဂလွမ် ... ”


“ ဟ ... ဘာတွေ ဖြစ်ကုန်တာလဲဟ ... ”


တစ်စုံတစ်ရာ မှောက်ကျလဲပြိုသံ ကြားရသဖြင့် ဦးစောဝင်း က လှမ်း မေးလိုက်သည် ။ နောက်ဘက်ဆီ မှ ...


“ ကန်တော့ပွဲ ကို ဝင် တိုက်မိလို့ မှောက်ကျတာတဲ့ ဆရာ ... ”


“ ဟာ ... မင်းတို့ ကလည်း ကွာ ... သေသေချာချာ လုပ်ကြမှပေါ့ ... ”


ယုံကြည်တာ မယုံကြည်တာ အပထား ... ။ ရှူတင်ရိုက်ကွင်း တည်ပြီ ဆိုလျှင် ကန်တော့ပွဲ ပေးကြသည့် ထုံးစံရှိသည် ။ ယခု ထို ကန်တော့ပွဲ မှောက်ကျသည် ဆိုတော့ ဦးစောဝင်း မျက်နှာ မကောင်း ... ။


ဘယ်သူကများ ဝင်တိုက်လိုက်ပါလိမ့် ... ။


ရှူတင်မန်နေဂျာမောင်သက် က ပျာရီးပျာယာ ဖြင့် ရောက်လာပြီး ...


“ ဆရာ ကန်တော့ပွဲ မှောက်သွားလို့ ပြန် ထိုးလိုက်ရင် ကောင်းမယ် ၊ ဒီ နေရာတွေ က မြေကြမ်းတယ် လို့ပြောတယ် ဆရာရဲ့ ... အဖျက်အမှောင့်များ ရှိသလား မသိဘူး ... ”


“ အေး ... အဲဒါဆိုလည်း မင်း ပဲ ကြည့်လုပ်လိုက် မောင်သက် ရာ ၊ သွား ... သွား ... ”


“ ဒါဆို ဆရာ့သိဒ္ဓိဝင် ရေမန်း နဲ့ ဒီနေရာ တစ်ဝိုက် ဖြန်း ထားလိုက်မယ်လေ ၊ ဆရာ့ ရေမန်းပုလင်းလေး ခဏပေးနော် ... ”


မောင်သက် က ပြောပြောဆိုဆို နှင့် ဦးစောဝင်း ၏ ဘေးတွင်ချ ထားသော ရေသန့်ဗူး ကို ဆတ်ခနဲ ကောက်ယူပြီးသုတ်ချေတင်တော့သည် ။


“ ဟာ ... ဟာ ... ဟေ့ကောင် ... မောင်သက် မယူသွားနဲ့လေကွာ ၊ ပြန်ထားခဲ့ ... ဟာ ... ဒီကောင်  ...တောက် ... ”


ဦးစောဝင်း ဘယ်လောက်အော်ခေါ် အော်ခေါ် မောင်သက်ကား မကြားချင်ယောင်ဆောင်ပြီး လစ်လေတော့သည် ။


နောက် ... နာရီဝက်ခန့် ကြာမှ မောင်သက် ပြန် ရောက်လာသည် ။ ရေချိန် ကိုက်လာပုံ ရသည် ။ မျက်နှာကလည်း အနည်းငယ် နီရဲနေ၏ ။ သူ့ လက် ထဲ မှာတော့ ဦးစောဝင်း ဆီ က အလစ်သုတ်သွားသော ရေသန့်ဗူး  ။


မောင်သက် က စပ်ဖြဲဖြဲ မျက်နှာဖြင့် ...


“ ဆရာ ... ဒီမှာ ဆရာ့ သိဒ္ဓိရေစင် ... ”


ဟု ပြောကာ ဦးစောဝင်း ထိုင် နေသော ဒါရိုက်တာ ခုံဘေး တွင် ရေသန့်ဗူး ကို ချထားပေးခဲ့ပြီး အဆူ ခံရမည်စိုး သဖြင့် ခပ်ဝေးဝေး မှာ ယောင်လည်လည် သွား လုပ်နေတော့သည် ။


ရေသန့်ဗူး ကို ကြည့်လိုက်တော့ လက်တစ်လုံး ခန့်သာ လျော့သည် ။ တော်ပါသေးရဲ့ဟု တွေးရင်းဦးစောဝင်း က ရေသန့်ဗူးအဖုံးကို ဖွင့်ကာ မော့သောက်လိုက်၏ ။


“ ဖွီး ... ”


အားလုံး ရေတွေ ချည်းသာ ဖြစ်၏ ။ ဦးစောဝင်း တစ်ယောက် ခံ လိုက်ရချေပြီ ။ အထဲ မှ အရက်တွေ အားလုံး ကိုမောင်သက် က သောက်ပစ်လိုက်ပြီး ရေတွေ ပြန် ဖြည့်ထားခြင်း ဖြစ်လေသည် ။


•••••   •••••   •••••   •••••


ညနေ ငါးနာရီ ကျော် လောက်မှ ရှူတင် ကို လက်စသိမ်း ဖြစ်ကြသည် ။ အဖွဲ့သားတွေ က ကင်မရာတွေ ၊ဘက်ထရီအိုးတွေ ကို သိမ်းဆည်းပြီး ကားပေါ်သို့ တင် နေကြစဉ်မှာပင် ဦးစောဝင်း က မြနဒီ ၏ အနီးသို့ လျှောက်သွားလိုက်ပြီး ...


“ ဒီ ... ”


ဦးစောဝင်း ၏ ခပ်တိုးတိုးခေါ်သံကြောင့် မြနဒီ က မော့ကြည့်သည် ။ ဦးစောဝင်း က စကားမပြောခင် ဘေးဘီဝဲယာ တွင် လူသူ ရှိ မရှိ ၊ ခပ်မြန်မြန်မျက်လုံး ဝေ့ကြည့်ကာ အကဲခတ် လိုက်၏ ။


ဘယ်သူ မှ မရှိ ။


မလှမ်းမကမ်း တွင် မြနဒီ က လက်တိုလက်တောင်းညခိုင်းသော မိန်းကလေး က သာ မြနဒီ ၏ အသုံးအဆောင်အဝတ်အစား တို့ကို ခရီးဆောင်သေတ္တာ ထဲ ထည့်ကာ သိမ်းဆည်း ပြီး ကား ပေါ် တင်နေသည် ကို တွေ့ရသည် ။မြနဒီ က ကား ကို ကိုယ်တိုင်မောင်းသူ ဖြစ်သဖြင့် ဒရိုင်ဘာလည်း မပါ ။ မည်သူ မှ ရှိမနေသဖြင့်ဦးစောဝင်း က မြနဒီ အနီးသို့ ပိုမို တိုးကပ်လိုက် ပြီး ...


“ ဟို ... ဟိုလေ ... ဒီ .. ဒီ့ ကို ညစာ ကျွေးချင်လို့ ... အဲ ... အဲဒါ ဒီ ည အချိန် ရမလားဟင် ... ”


ဦးစောဝင်း ၏ လေသံ ကလည်း ကတုန်ကယင် ၊ မျက်စိ ကလည်း ကျီးကန်းတောင်းမှောက် ဟိုကြည့်ဒီကြည့် ဖြင့် ... သူ့ ပုံစံက ဟင်းခိုးစားမည့် ကြောင်ဝဝကြီး တစ်ကောင် နှင့် တူနေလေသည် ။


မြနဒီ က ...


“ ဒီ ည တော့ မအားဘူး ရတနာပုံကြီး ရဲ့ ... ကိုဇော် ( အရုဏ်ဦး ) နဲ့ ဗီစီဒီ တစ်ပုဒ် ရိုက် ထားတာ ၊ Night Scene ရိုက် လက်စ လက်ကျန်လေး ကို ဒီည အပြီးညသွားရိုက်ပေးရမယ် ”


ဦးစောဝင်း က အဲသည် ကိုဇော် ( အရုဏ်ဦး ) ဆိုသော ဒါရိုက်တာ ငနဲ ကို စိတ်ထဲက အခွန်း တစ်ရာပြည့်အောင် အသက် အောင့်ပြီး ကျိန်ဆဲလိုက်သည် ။ ထိုနောက် သူက ...


“ ဒါဆို မနက်ဖြန် ည ရောဟင် ... ”


“ မနက်ဖြန်ည ကျရင် အဆိုတော်စည်သူလွင်မွေးနေ့ ... ဆီဒိုးနား မှာ ညဘက် ဒင်နာ ရှိတယ်လေ ... ”


ဟာ ... သေတော့မှာပဲ ဟု ဦးစောဝင်း စိတ် ထဲက ညည်းတွားမိသည် ။ ဒီ ကောင်လေး ကလည်း မွေးနေ့ ကိုမနက်စောစော ဘုန်းကြီးဆွမ်း ကပ်တာတွေ ဘာတွေ လုပ်ပါတော့လား ။ ဘာလို့ ညဘက်ကျမှ ဒင်နာ လုပ်ရတာလဲ ...ဟု မဆီမဆိုင် အပြစ် တင်နေမိသည် ။


သို့သော် ဦးစောဝင်း က ဇွဲကိုတော့ မလျှော့ ။ ထပ် မေးသည် ။


“ သန်ဘက်ခါ ည ဆိုရင်ရော ဟင် ... ”


“ ကျွန်မ Live Show ဆိုထားတာ အသံ ထပ်ဖို့ ရှိတယ်လေ ၊ စတူဒီယို မှာ ရက်ချိတ်ထားတယ် ၊သန်ဘက်ခါ ည က စပြီး နောက်တစ်ပတ် သောကြာနေ့အထိ ... ”


မြနဒီ ၏ အဖြေ စကားကြောင့် ဦးစောဝင်း ၏ မျှော်လင့်ချက်တွေအားလုံး ' ပလုံ ' ခနဲ အသံ မြည်သွားသည် ။ဘာစကား မှ မဆက်နိုင်တော့ဘဲ သူ့ ဝမ်းဗိုက်စူစူ ကို လက်ဖြင့် ပွတ်ရင်း ငေးငိုင်နေသည့် ဦးစောဝင်း ကိုမြနဒီ က မသင်္ကာ သလို ကြည့်ရင်း ...


“ နေစမ်းပါဦး ရတနာပုံကြီး က ကျွန်မ ကို ဘာဖြစ်လို့ ဒီလောက်တောင် အသည်းအသန် ညစာ ကျွေးချင် နေရတာလဲ ”


ဦးစောဝင်း က မျက်လုံးလေးပေကလပ် ပေကလပ်လုပ်ရင်း ...


“ ဟို ... ဟို ... ကျွန်တော် ... ကျွန်တော် ... ဒီ့ ကို အရေးကြီးတဲ့ စကား တစ်ခွန်း လောက် ပြော စရာရှိလို့ပါအဲဒါ ... ”


“ ဘာ စကားမို့လို့လဲ ရတနာပုံကြီးရဲ့ ... ”


“ ဟိုလေ ... ကျွန်တော် ... ”


ပြော ချလိုက်တော့မည် ဟု အားယူ လိုက်စဉ်မှာပင် သူ့ကျောဘက် ဆီ မှ ညောင်နာနာအသံ တစ်ခု က ...


“ ဒီ ရေ ... အဝတ်အစားတွေ အားလုံး သိမ်းပြီးပြီ သွားကြစို့လေ ... နော် ... ”


အမြင်ကတ်စရာ ကောင်းလောက်အောင် ချွဲချွဲပစ်ပစ် အသံဆိုးကြီးဖြင့် ကနွဲ့ကလျပြောရင်း ရောက်လာသူ ကမြနဒီ ကို မိတ်ကပ်လိမ်းပေးသော မိန်းမလျာ ' စိန်လှလှ ' ။ဦးစောဝင်း ကတော့ အဲဒီမိန်းမလျာ ကို နီးရာ သစ်ပင်မှာ ကြိုးဆွဲချသတ်ပစ်လိုက်ချင်စိတ် ပေါ်သွား၏ ။


“ သွားကြတာပေါ့ အလှ ရေ ... ကဲ ... ရတနာပုံကြီး ... ဒီ ပြန်လိုက်ဦးမယ်နော် ... ”


မြနဒီ က ဦးစောဝင်း ကို နှုတ်ဆက်ပြုံး တစ်ချက် ဖြင့် ကြည့်ပြီး ကား ပေါ် တက် ကာ မောင်းထွက် သွား၏ ။


ဦးစောဝင်း ကတော့ ခေါင်းငိုက်စိုက်ဖြင့်သာ သူ့ ဆလွန်းကားလေး ရှိရာ ဆီသို့ အိပ်မက် ထဲ ယောင်ပြီးလမ်း လျှောက် ထွက်သူ တစ်ယောက် လို ဖြည်းဖြည်းချင်း ရွေ့လျားသွားလေတော့သည် ။


ထိုနောက် ကား ပေါ် တက်ပြီး စက် နှိုး လိုက်သည် ။ ကျင့်သားရနေသော လက် နှင့် ခြေထောက် တို့က ဂီယာပြောင်း ကာ လီဗာ ကို အသာနင်း လိုက်တော့ ကားက ဖြည်းဖြည်းချင်း စတင်ရွေ့လျားသည် ။


သူ က ကား ကို မောင်းနှင်နေခြင်း မဟုတ် ။ ကား ၏ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာရခြင်းသာဖြစ် လေသည် ။


မည်မျှ အချိန်ကြာကြာ သူ့ စိတ်တွေ ပျံ့လွင့်နေမိသည် မသိ ၊ လမ်းကြော တစ်လျှောက် မော်တော်ယာဉ်တွေမျိုးစုံ ရှုပ်ထွေးလာပြီ ကို သတိထားမိချိန် တွင် ရန်ကုန်မြို့ ထဲ သို့ ပြန်ဝင်နေပြီ ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်း ပေါ် ရောက်နေပြီ မှန်း သိ လိုက်၏ ။


ဟိုး ... ရှေ့ ကို လှမ်း ကြည့်လိုက်တော့ မြနဒီ ၏ ကားကို လှမ်း မြင်နေရဆဲပင် ရှိသေးသည် ။


ဘုရားရေ ... ငါ ဟာ တစ်ချိန်လုံး မြနဒီ ရဲ့ ကား နောက်က တကောက်ကောက် လိုက်နေမိခဲ့တာပါလား ။


ရှေ့နောက် ကြား မှာ ကားနှစ်စီးသာ ခြားသည် ။ ဘာကြောင့် ဒီလို လိုက်လာမိတာလဲ ဆိုသည်ကိုလည်းသူ့ ဘာသာ နားမလည် ။


မသိစိတ် က စေခိုင်းမှုကြောင့် ဟု ပြောဖို့ရန် မှာ လည်း ငယ်ငယ်ရွယ်ရွယ် ရူးရူးမိုက်မိုက်လူငယ်လေး တစ်ယောက် မဟုတ် ။ အသက် ( ၄၅ ) နှစ်ကျော်စ ပြုပြီ ဖြစ်သော လူဝဝထိုင်းထိုင်းကြီး တစ်ဦး ၏ နူးနူးညံ့ညံ့ သွေးပျက်နေပုံမျိုးသာ ဖြစ်သည် ။


သူ့ အဖြစ် ကို သူ ပြန်စဉ်းစားရင်း ' မြနဒီ ကို ဖွင့် မပြောရရင် ငါ ရူးများ ရူးသွားမလား မသိဘူး ' ဟုသူ တွေးကြည့်စ ပြု လာသည် ။


ဖွင့်ပြောဖို့ အခြေနေကလည်း မပေး ။ ဟိုး ယခင်ခေတ် က ဆိုလျှင်တော့ ကျေးငှက်ကို တမန် စေလွှတ်ပြီးစာဆိုတွေ က ' ကျေးစေရတု ' တွေ ဘာတွေ ရေးကြလိမ့်မည် ထင်သည် ။အခုခေတ် မှာ တော့ သတင်းစကား မှာ စရာ လွှတ်စရာ ကျေးငှက် မရှိ ။ တယ်လီဖုန်း သာ ရှိတော့သည် ။


ထိုသို့ တွေးမိပြီး မှ သူ့ လက်ကိုင်ဖုန်း ကို သတိရသွား၏ ။ မြနဒီ ဆီ ကို ဖုန်း လှမ်း ဆက်ကြည့်ရင်ကောင်းမလား ဟူသော စိတ်ကူး ဖြင့် ဖုန်း ဆီ သို့ အကြည့် ရောက်သွားစဉ် ...


“ တီ ... တီ ... တီ ... ”


သူ့ လက်ကိုင်ဖုန်း မှ ခေါ်သံ ထွက်ပေါ် လာသဖြင့် လန့်သွားသည် ။


ကား မောင်းရင်း တယ်လီဖုန်း ကို ကောက်ယူ ကြည့်လိုက်တော့ ဖန်သားပြင် ပေါ် မှာ ' ဒီ ' ဆိုသော အင်္ဂလိပ်အက္ခရာ တစ်လုံး ကို မြင် လိုက်ရသည် ။သူ့ နှလုံးသွေးတွေ တဒိန်းဒိန်း ဆူပွက် လာ၏ ။


ဒါ ... ဒါ ... မြနဒီ က ငါ့ ဆီ ကို လှမ်း ဆက်နေတာပဲ ။ သူ ... သူ ဘာ ပြောချင်လို့ပါလိမ့် ။ သူ့ကား နောက်ကတကောက်ကောက် လိုက်နေတာ ကို ရန် တွေ့ချင်လို့များလား ... ။


ဦးစောဝင်း က တုန်ယင်နေသော လက် ဖြင့် ဖုန်း ကို ဖွင့်ပြီး နားထောင် လိုက်သည် ။


“ ဟဲလို ... ”


“ ဟဲလို ... ရတနာပုံကြီးလား ... ”


မြနဒီ ၏ ပြက်ရယ်ပြုသံအနည်းငယ် စွက်သော မေးစကား က ချိုမြစွာ စီးဝင်လာ၏ ။ ဦးစောဝင်း က ...


“ ဟုတ် ... ဟုတ်ပါတယ် ဒီ ... ”


“ ဪ ... ရှူတင် သိမ်းခါနီး တုန်း က ပြောတယ် မဟုတ်လား ၊ ကျွန်မ ကို အရေးကြီးတဲ့ စကား ပြောစရာရှိလို့ဆို ... အဲဒါ ဘာ ပြောမလို့လဲ ဟင် ... ”


ထို မေးခွန်းကြောင့် ဦးစောဝင်း ၏ မျက်လုံးတွေ မိုက်ခနဲ မှောင်သွားသည် ။ အဲသည် အချိန် မှာ နံဘေး မှကားတွေ က လည်း သူ့ ကား ကို ဝှီးခနဲ ဝှီးခနဲ ပွတ်တိုက်တော့မည့်အလား ကျော်တက် သွားနေကြသည် ။


ကားစတီယာရင် ကို သတိထားပြီး ထိန်းနေရ၏ ။


ဘာ စကားလုံး နူးနူးညံ့ညံ့ လှလှပပမှ ရွေးချယ်စဉ်းစားနေချိန် မရ ။ ပြော ချင်လွန်းသော သူ့ပါးစပ်ကလွှတ်ခနဲ ထွက်သွား၏ ။


“ ကျွန်တော် ... ကျွန်တော် ဒီ့ ကို ချစ်တယ် ”


“ ခစ် ... ခစ် ... ခစ် ... ”


ဖုန်း ထဲ မှ မြနဒီ ၏ ရယ်သံ ကို ကြားနေရသည် ။ ( ရုပ်ရှင် ဗီဒီယိုတွေ ထဲ ကလို ဘယ်နည်းနဲ့ မှ ကဗျာ မဆန်သောရည်းစားစကား ပြောခန်း ဖြစ်၏ ။ အခုအချိန် မှာ အချစ် အတွက် သိပ် ရင်ခုန်နေလို့ မဖြစ် ။ ကား တိုက်ပြီး ဆေးရုံရောက်သွားနိုင်သည် )


မြနဒီ က ...


“ ရှင် က ကျွန်မ ကို ပိုင်ဆိုင်ချင်လို့ ချစ်တာလား ... ”


ဘုရားရေ ... ငါ ဘယ်လို ပြန်ဖြေရမလဲ ...


စဉ်းစား ... အမြန်စဉ်းစားစမ်း ...


ဦးစောဝင်း ခေါင်းတွေ ထူပူလာ၏ ။ အဲသည် အခိုက်အတန့် မှာ ပင် မီးပွိုင့် က နီသွားသည် ။


ဦးစောဝင်း က ရှေ့ကား ၏ နောက်မြီး ကို ဝင် မတိုက်မိ ခင် ကမန်းကတန်း ဘရိတ် ကို ဆောင့် နင်းလိုက်ရ၏ ။ရပ်တန့်နေကြသော ကားတန်းရှည်ကြီး ၏ ရှေ့ဘက် နား တွင် မြနဒီ ၏ ကား ရှိနေပြီး နောက် ငါးစီး အကွာမှာ တော့ ဦးစောဝင်း ၏ ကား ဖြစ်သည် ။


ကား ရပ်တန့် လိုက်သဖြင့် စက္ကန့်ပိုင်း လောက် ပို ထွက်လာသောအချိန်လေး အတွင်းမှာ ပင် သူ့ စိတ် က ကဗျာတစ်ပုဒ် ကို သတိ ရသွားလေသည် ။


ကျွန်တော် နဲ့ ယမ်းမီးခြစ်

မင်း လက်သန်းလေး ငါးမိနစ်ဆုပ်ထားခွင့် ရရင်ပဲ

သံသရာ ခရောင်းတောထဲ ဝံ့စားစွာ ဖြတ်မယ် ။


သူ က ဖုန်း ထဲ သို့ မဆိုင်းမတွပင် ပြော လိုက်သည် ။


“ ကျွန်တော် က ဒီ့ ဘဝ တစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရဖို့ မထိုက်တန်ရင်တောင် ဒီ့ ရဲ့လက်သန်းလေး တစ်ချောင်းတည်း ကို ဆုပ်ကိုင်ခွင့် ရရင် သေပျော်ပါပြီ ”


အားပါးပါး ... တယ် နူးညံ့တဲ့ ငါပါလား ... လက် တစ်ဖက် ကိုတောင် ဆုပ်ကိုင်ခွင့် ရဖို့ မဟုတ် ...


လက်သန်းလေး တစ်ချောင်းတည်း ...


ဖုန်း ထဲ မှာတော့ မြနဒီ ၏ ဟက်ဟက်ပက်ပက် ရယ်မောသံကို ကြားရ၏ ။ ထိုနောက် သူမ က ...


“ ကောင်းပြီလေ ... ဒါဆိုရင် အခု ကျွန်မ ရဲ့ လက်သန်းလေး တစ်ဖက် ကို ကားပြတင်း ကနေ အပြင် ထုတ်ထားပေးမယ် ... လာ ခဲ့လေ ... ”


ဦးစောဝင်း တစ်ကိုယ်လုံး စကြဝဠာ လေဟာနယ် ထဲ ပြုတ်ကျသွားသလို ခံစားရသည် ။


မီးပွိုင့် ကို လှမ်း ကြည့်လိုက်တော့ မီးနီ နေဆဲ ရှိသေးသည် ။ 


သူ ဘာကို မှ မစဉ်းစားတော့ ။ ကားတံခါး ကိုဝုန်းခနဲ ဖွင့်ပြီး ဆင်းကာ ရှေ့သို့ တဟုန်ထိုး ပြေးတော့သည် ။


ကားတန်းရှည်ကြီး အပြည့်အကျပ်ရပ်ထားသော ကမ္ဘာအေးစေတီလမ်းမ ပေါ် တွင် လူဝဝထိုင်းထိုင်းကြီးတစ်ယောက် စည်ပိုင်း လိမ့်သလို လုံးလုံး လုံးလုံး ဖြင့် ပြေး နေပုံမှာ အကြည့် ရ တော့ အတော်ဆိုးသည် ။


မြနဒီ ၏ ကားဘေး တွင် သူ ရပ်မိချိန် ၌ အနက်ရောင် ကားပြတင်းမှန်ချပ် က လျောခနဲ ညင်သာ တိတ်ဆိတ်စွာပွင့် သွားသည် ။ ထို့နောက် မြနဒီ ၏ ဖြူသွယ်ဝင်းလဲ့သော လက်ကလေး တစ်ဖက် က အပြင် သို့ ထွက်လာ၏ ။


နူးညံ့သော လက်သန်းကလေးကို သူ အသာအယာ ဆုပ်ကိုင်လိုက်သည် ။ အိမ်မက် မက်နေသလို ခံစားရ၏ ။


မြနဒီ က ခပ်တိုးတိုး လှောင်ရယ် ရယ်မောရင်း ...


“ ရှင် ကျွန်မ ကို တကယ် ချစ်သလား ... ”


“ အင်း ... ”


“ ကျွန်မ ကို တကယ် ချစ်ရင် မနက်ဖြန် ကျ ရင် ရှင့် ခေါင်းပေါ်က ဆံပင်တွေ အားလုံး ကို ဆံပင် ကောက်ပြီးရွှေရောင် တောက်တောက် ဆေး ဆိုးလာရမယ် ၊ ဘယ်လိုလဲ လုပ် နိုင်ပါ့မလား ... ”


•••••   •••••   •••••   •••••


မထင်မှတ်ထားသော စကားကြောင့် ဦးစောဝင်း နှုတ်က ' ဗျာ ' တစ်လုံး တည်း သာ ပြောနိုင်တော့သည် ။


ဘယ်လို တုန့်ပြန်ရမည် မသိ ။အဲဒီ အခိုက်အတန့် မှာ ပင် မီးပွိုင့်က မီးစိမ်း ပြသွား၏ ။ ရယ်သံဖွဖွ နှင့် အတူ မြနဒီ က သူ ၏ လက် ကိုပြန် ရုပ်သိမ်းပြီး ကား ကို ညင်သာစွာ မောင်းထွက်သွားလေတော့သည် ။ကားလမ်းမ ပေါ် ငေးငိုင်ကျန်ရစ်သူ က ဦးစောဝင်းတစ်ယောက် တည်း ။


မော်တော်ကားတွေ က သူ့ ဘေးမှ ပွတ်ကာသီကာ အလုအယက် မောင်းထွက်နေကြသည် ။ တံခါးဖွင့် ကာရပ်လျက်သား ထား ပစ်ခဲ့သော သူ့ ကား နောက်မှာ ပိတ်မိနေသည့် ကားတွေ ကတော့ စိတ်မရှည်စွာဖြင့် အော်ဟစ်ဆဲဆိုရင်း ဟွန်းမတီးရနယ်မြေ ဖြစ်သဖြင့် ကားတံခါးများ ကို တဝုန်းဝုန်း ထု နေကြပြီ ။ မီးပွိုင့် မှ မော်တော်ပီကယ် ကတရွှီရွှီ ခရာ တွတ်ပြီး အမြန် ထွက်ရန် လက်ဟန် ဖြင့် ကြိမ်းမောင်းခြင်း ကို ခံနေရပြီ ။


ဦးစောဝင်း က သူ့ ကား ဆီသို့ နောက်ကြောင်းပြန် တလိမ့်လိမ့် ပြေး ရပြန်သည် ။ ကားပေါ်ရောက်တော့အမောပင် မဖြေအား ။ ကမန်းကတန်း စက်နှိုးပြီး မောင်း ထွက်လိုက်ရ၏ ။ဟင်းခနဲ သက်ပြင်း ချသံ နှင့်အတူ ...


“ ငါတော့ အကြီးအကျယ် သောက်ပေါ ဖြစ်ပြီ ... ”


ဟု သူ့ ဘာသာ တစ်ယောက် တည်း ပြော လိုက်မိ၏ ။ဟုတ်လည်း ဟုတ်သည် ။


•••••   •••••   •••••   •••••


မြနဒီ တောင်းဆိုသည့် အတိုင်း မလုပ်ပြန်လျှင်လည်း သူမ ကို တကယ် ချစ်ပါတယ် ဟု ပြော ထားသည့်စကားလုံး ကြောင့် ငပေါကြီး လုံးလုံး ဖြစ်ရမည် ။


သူမ တောင်းဆိုသလို ဒီအသက် ဒီအရွယ် ဒီခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်ကြီး ဖြင့် ဆံပင်တွေကောက် ပြီးရွှေရောင် ဆိုးပြန်လျှင်လည်း မြင်သူတိုင်းက ' ငပေါကြီး ' ဟု ပြောပြီး အဟား ခံရဦးမည် ။


မည်သည့် ဘက်က မှ မသက်သာ ။


ဦးစောဝင်း က မော်တော်ကားနောက်ကြည့်မှန် ကို ဘေးသို့ အသာ စောင်းလိုက်၏ ။ မှန်ထဲတွင် သူ့ မျက်နှာ ကပေါ် လာသည် ။


မှန်ထဲ တွင် ထင်ဟပ် နေသော သူ့ ပုံရိပ် ကို သူ သေသေချာချာကြည့်သည် ။ မျက်နှာ ကို ညာဘက်ခပ်စောင်းစောင်း ထားပြီး ကြည့်သည် ။ နောက် ဘယ်ဘက် သို့ စောင်းငဲ့ပြီး ကြည့် ပြန်သည် ။ ပြီးတော့မှ ...


“ ဪ ... သောက်ပေါ ဆိုတာ ဒီလို ရုပ်ရည် ဒီလို မျက်ခွက်မျိုးပါလား ... ”


ဟု သူ့ ဘာသာ သူ တစ်ယောက်တည်း ပြောမိလေတော့သည် ။


-မင်းခိုက်စိုးစန်


#အောင်နိုင်ဦး

No comments:

Post a Comment