❝ ပါရမီ ဖြည့်ဖက် ❞
ဝိုင်းစက် ညီညာနေသော လက်ရေးလေး နှင့် စာအိတ်လေး တစ်အိတ် ။ ဒီ လက်ရေး ကို ဘယ် မှာ မြင်ဖူးပါလိမ့် တွေး နေမိသည် ။ အပြင် သွားခိုက် တပည့် တစ်ဦး လာ သွားသည် ဆိုကာ အဒေါ် ဖြစ်သူ က ယူ ထားခြင်းဖြစ်သည် ။
မခိုင် က ပရဟိတ အလုပ် ကို စိတ် ဝင်စား၍ ရပ်ကွက် ထဲ ရှိ ကျူရှင် မယူနိုင်သော ကလေးများ ၊ စာ မလိုက်နိုင်သော ကလေးများ ကို အိမ် မှာ အခမဲ့ စာသင်ဝိုင်းလေး ဖွင့်ပြီး ညနေပိုင်း တွင် စာ သင်ပေးခဲ့ သည် ။ တစ်ခါတစ်ရံ စာအုပ် ၊ ခဲတံ ၊ ပေတံ ၊ ခဲဖျက်လေးတွေ က အစ အိတ်စိုက် ဝယ်ပေးရသည် က ရှိ သေးသည် ။
ကလေး ချစ်တတ်သော မခိုင် မှာ သမီးလေး တစ်ယောက် သာ ရှိ သည် ။ သမီးလေး အိမ်ထောင် ကျပြီး သူ့အိုး ၊ သူ့အိမ် ဖြင့် နေထိုင်သည် က စ၍ မခိုင် အထီး ကျန် ခဲ့ရသည် ။ ခင်ပွန်း သည် ကလည်း သမီးလေး မွေး ပြီး ငါးနှစ် လောက် ကတည်း က ဆုံးပါး သွားခဲ့သည် ။ TAXI ကား လေး တစ်စီး နှင့် အိမ် တစ်ခန်း အပို ငှားစား ထားတာ ရှိ၍သာ အဆင် ပြေ ပြေ နေနိုင်ခဲ့လေသည် ။ ပုသိမ် က အဒေါ် က မခိုင် နှင့် လာ နေချင်သည် ဆို၍ ရန်ကုန် ခေါ် ထားလိုက် သဖြင့် တစ်ယောက် တည်း သမား မခိုင် အတွက် အဖော် ရ သွားခဲ့သည် ။ အပြင် က ဝယ် လာသော ပစ္စည်းထုပ် များ ကို စားပွဲ ပေါ် တင်ရင်း -
“ ဟူး ... ပူလိုက်တာ ဒေါ်လေး ရယ် ၊ ညနေ ငါးနာရီ ခွဲတော့ မယ် ၊ အပြင်မှာ ခုထိ ပူတုန်းပဲ ။ ဒါက ဒေါ်လေး အတွက် အားဆေး ၊ ဒါက ဒေါ်လေး မှာ တဲ့ သရက်သီးသနပ် ၊ ဒီ အထုတ် ထဲ က အဝတ်လျှော် ဆပ်ပြာ ၊ ဒေါ်လေး ပဲ ကြည့် သိမ်းလိုက်တော့နော် ... ”
ခုန ဒေါ်လေး ကမ်း ပေးလာသော စာအိတ်ပေါ် က စာ ကို ပြန် ဖတ် လိုက်သည် ။
“ ဆရာမ အတွက် သမီးကေဇင် ”
ကေဇင် တဲ့ ဘယ် ကေဇင် ပါလိမ့် ၊ မခိုင် သိပ် မှတ်မိပုံ မရ ဖြစ်နေ ပြီး စာအိတ် ကို အလျင်စလို ဖောက် လိုက်မိသည် ။
ချစ်သော ဆရာမ ရေ ...
ကျန်ခဲ့တဲ့ လ က သမီးတို့ ရပ်ကွက် တစ်လမ်း ကျော် က ဆေးခန်း တစ်ခု မှာ ညနေပိုင်း အလုပ် ရသွားတယ် ။ ခု လ ကုန် တော့ သမီး လစာ ငွေ ကိုးသောင်း ထဲ က ဆရာမ အတွက် ဦးဦးဖျားဖျား တစ်သောင်း ကန်တော့ဖို့ လာ ခဲ့တာပါ ။ ဆရာမ စာ သင် သွားနေတယ် ဆိုလို့ မတွေ့ခဲ့ရ ပေမယ့် ဆရာမ ကို ရည်မှန်းပြီး ဦးချ ကန်တော့ခဲ့ပါတယ် နော် ။
ဆရာမ ကျေးဇူး ကြောင့် သမီး အခု ဆယ်တန်း အောင် ခဲ့ရပါပြီ ။ အဝေးသင် တက်ရင်း အိမ် ရဲ့ ဝင်ငွေ ကို တစ်ဖက်တစ်လမ်း ရှာမယ် ဆရာမ ။ ပြီးတော့လေ သမီး လို ချို့တဲ့ တဲ့ သူတွေ ကို ဆရာမ လို စာ ပြန်သင်
ပေးဖို့ စိတ်ကူး ထားပါတယ် ။ မမဝေဇင် လည်း ဘွဲ့ ရခဲ့ပါပြီ ၊ ဆရာမ သိရင် ဝမ်းသာ မှာပဲ ဆိုပြီး သမီး အပြေး လာခဲ့တာပါ ။ ဆရာမ ပြောပြတဲ့ မေတ္တာ အရင်းခံပြီး စေတနာ ပြည့်ဝ မှ လည်း ပါရမီ ဖြည့်ရာ ရောက်မယ် ဆိုတဲ့ စကားလေး ကို သမီး အမြဲ သတိ ရ နေမိပါတယ် ဆရာမ ရယ် ။ ဆရာမ ပျိုး ခဲ့တဲ့ သမီးတို့ လို လူငယ်လေးတွေ ကလည်း ဆရာမ အတွက် ပါရမီ ပြန် ဖြည့်ရမယ် ။ ဒါမှလည်း ဆရာမ ကျေးဇူး ကို ပြန်ဆပ်ရာ ရောက် မှာ မဟုတ်လား ။ သမီး မေမေ ကလည်း ဆရာမ ကို သတိတရ နေဖို့ရယ် ၊ နေ့စဉ် ဘုရား ရှိခိုးတိုင်း ကန်တော့ မေတ္တာ ပို့ ဖို့ရယ် အမြဲ သတိပေး နေတာ ဆရာ ရဲ့ ။ မေမေ ကလည်း ဆရာမ ကို သတိ ရကြောင်း ၊ မေတ္တာ ပို့ပေး ကြောင်း မှာ လိုက်သေးတာ ။ ဆရာမ နဲ့ နောက်တစ်ခါ ဆုံရင် ကိုယ် တိုင် ဦးချ လို့ ဆရာမ ပေးတဲ့ တန်ဖိုး ရှိလှတဲ့ ဆုပေးသံ တွေ ကို နားထောင် ခံယူ ချင်သေးပါတယ် ။ ဆရာမ ဆုံးမစကားများ ကို အစဉ် ဦးခိုက်လျှက် ။
သမီး ကေဇင်ဦး ... ။
“ ဪ ... ကိုမြင့်ဦး နဲ့ မဇင်မာ တို့ သမီးလေးပေကိုး ၊ သူ လေး တောင် ဆယ်တန်း အောင် လို့ အလုပ် ရသွားပြီပဲ ”
စာ ဆုံးတော့မှ အမှတ် ရ မိကာ ရေရွတ်မိသည် ။ ပြီးတော့ သမီး ကေဇင်ဦး ပြောပြဖူးသော သူတို့ မိသားစု အကြောင်း က အတွေး ထဲ တိုး ဝှေ့ ဝင်ရောက်လာသည် ။
••••• ••••• ••••• •••••
ဇင်မာ တို့ က သမီး ချည်းပဲ သုံးယောက် မွေးထားပြီး ယောက်ျား ဖြစ်သူ ကိုမြင့်ဦး မှာ သစ်လုပ်ငန်းရုံး က ဖယ်ရီကား မောင်းသူ ဝန်ထမ်း တစ်ဦး ဖြစ်သည် ။ ဇင်မာ က အိမ် နေရင်း တစ်ဖက်တစ်လမ်း က ဝင်ငွေ လေး ရအောင် အိမ်ဆိုင်လေး ဖွင့်ပြီး ရှာတတ် ဖွေတတ် သူ ဖြစ်သည် ။
အိမ်မှုကိစ္စ လည်း နိုင်နင်းအောင် လုပ်ကိုင် နိုင်ပြီး လင်သား နှင့် သမီးများ ၏ ဝေယျာဝစ္စ ကို လည်း မလစ်ဟင်းအောင် လုပ်တတ်သူ ဇနီး တစ်ဦး ဖြစ်လေသည် ။ ထမင်းဟင်း ချက် ၊ ဈေး က တစ်ဖက် ရောင်း ၊ သမီး များ ကို ကျောင်းပို့ ကျောင်းကြို ဆိုတော့ တစ်နေ့ တစ်နေ့ သနပ်ခါးပါး ကွက်ကြား နှင့် ချွေးတလုံးလုံး ဖြင့် သာ အချိန် ကုန်ခဲ့ရသည် ။ သို့ပေမယ့် ဇင်မာ မညီးမငြူ ခဲ့ ။ ညပိုင်း မိသားစု စုံ၍ လင်သား နှင့် သမီးများ မျက်နှာ မြင် ရလျှင်ပင် ကျေနပ် နေတတ်သူ ဖြစ်သည် ။
သမီးကြီး က ငါးတန်း ၊ သမီးလတ် က သုံးတန်း နှင့် သမီးငယ်လေး က မူကြို တက်နေရသဖြင့် လင်မယား နှစ်ယောက် အတူ ရုန်း မှ တစ်လ တစ်လ အဆင် ပြေသည် ။ ဒီနေ့ ကိုမြင့်ဦး တို့ ရုံး က စာရေးမ မနွယ်လွင် နှင့် ဈေး တွင် ဇင်မာ ဆုံခဲ့သည် ။
“ ဟဲ့ ဇင်မာ ... အမလေး နင် နဲ့ တွေ့ချင်နေတာ နဲ့အတော်ပဲ ။ ငါ ပြောစရာ ရှိတယ် ။ ငါ ပြောတယ် မပြောနဲ့နော် ”
ဟု အစ ချီကာ ကိုမြင့်ဦး က သီသီမော် ဆိုသော မုဆိုးမလေး နှင့် တွဲ နေသည် ဆိုသည့် အကြောင်း ၊ သီသီမော် မှာ သား တစ်ယောက် ရှိကြောင်း ၊ စကား ပြောလျင် ချွဲ တတ် ပြီးချူ စား တတ်သူ ဖြစ်ကြောင်း နှင့် ရုပ်ရည် က လည်း ရှိ နေသူဖြစ်ကြောင်း စုံစေ့အောင် ဖောက်သည် ချသွား ခဲ့သည် ။ ဇင်မာ့ ရင်ထဲ တွင် ဗလောင်ဆူ သွားခဲ့ရပြီး အိမ် အပြန် ခြေလှမ်းများ နှေးကွေး သွားခဲ့ရသည် ။
တစ်နေ့လုံး အလုပ်တွေ သာ လုပ် နေသော်လည်း စိတ် နှင့် လူ နှင့် မကပ်တော့ ။ ညနေ လင်ယောက်ျား ပြန် အလာ သာ မျှော် နေမိသည် ။ ခြောက်နာရီ လောက် တွင် ကိုမြင့်ဦး အိမ် ပြန် ရောက်လာသည် ။ ခါတိုင်း နှင့် မတူ ဇင်မာ ကိုမြင့်ဦး ကို သတိထား ကြည့်မိသည် ။ ကိုမြင့်ဦး တကယ် ပဲ ဖောက်ပြန် နေသလား ၊ စိတ် တွေ နောက်ကျိ နေသည် ကို ထိန်း ရင်း -
“ အစ်ကို ရေချိုးတော့မလား ”
“ ငါ ရုံး မှာ ချိုး လာလိုက်တယ် ”
တုံးတိတိ နှင့် ကိုမြင့်ဦး အဖြေ ကို ဇင်မာ သဘော မကျပေမယ့် ဘာမှ ထပ် မပြောတော့ဘဲ ထမင်းဝိုင်း ကို သာ ပြင် နေလိုက်မိသည် ။ စားသောက် သိမ်းဆည်းပြီး နံရံ ထက် က နာရီ ကို ဇင်မာ လှမ်း ကြည့် လိုက်သည် ။ ကိုးနာရီ တောင် ခွဲပြီပဲ ၊ သမီးလေးတွေ ကတော့ အိမ်စာ တွေ လုပ် ပြီး၍ အိပ် ကုန်ကြပြီ ဖြစ်သည် ။ ကိုမြင့်ဦး က အိပ်ရာ ထဲ အရင် ရောက် နှင့် နေပြီ ဖြစ်ရာ ဇင်မာ လည်း ဘုရား ဝတ်ပြုပြီး အိပ်ရာ ဝင်ခဲ့လေသည် ။ ခရေပန်း နှင့် သနပ်ခါး ရော သွေး လိမ်း ထားသည့် ရနံ့တွေ က ဇင်မာ့ ကိုယ် ပေါ် လှိုင် နေသည် ။
“ အစ်ကို ၊ ဇင် မေးစရာ ရှိလို့ .. အမှန် ဖြေမလား .. ”
“ ဘာတုန်းကွာ ကဲ မေးမေး ၊ ဒီနေ့ ပင်ပန်း လာ လို့ စောစော အိပ်ချင် နေပြီ ”
နေ့လည် က မနွယ်လွင် ပြော သွားတဲ့ သီသီမော့် အကြောင်း မေးလိုက်သည် နှင့် မျက်နှာ ပျက်သွား ကာ ...
“ မင်းတို့ မိန်းမတွေ က တစ်ဆိတ်ရှိ မယုံသင်္ကာ နဲ့ ရုံး က ခိုင်းသမျှ မောင်း ပို့ နေရတာ အားအားယားယား ကွာ ။ အိပ်ချင်ပြီ ပင်ပန်း လာ ရတဲ့ အထဲ ”
ပြောပြောဆိုဆို တစ်ဖက်သို့ လှည့်ကာ အိပ်တော့သည် ။ ဇင်မာ ကတော့ အတွေးပေါင်းစုံ ဖြင့် မိုး လင်းခါနီး မှ အိပ်ပျော် သွားခဲ့သည် ။
••••• ••••• ••••• •••••
ကိုမြင့်ဦး တစ်ယောက် မုဆိုးမ သီသီမော် ကို ခိုးပြေး သွားသည် ဆိုသော သတင်း မှာ ဖဆပလ အိမ်ရာ တစ်ဝင်း လုံး ပျံ့နှံ့ နေလေသည် ။ သမီးကြီး ဝေဇင် ကျောင်း က ပြန်လာပြီး ဇင်မာ့ ရင်ခွင် ထဲ တိုး ကာ ရှိုက် ကြီး တငင် ငိုကြွေး နေသည် ။ ဇင်မာ မည်သို့ နှစ်သိမ့်ရမည်နည်း ။ သမီး လတ် ကေဇင် နှင့် သမီးငယ် မေဇင်လေး က ဘာမှ နားမလည်သေးသော အရွယ် ဖြစ်၍ အမေ နှင့် အစ်မ ဘာ ဖြစ်နေသည် သူ တို့ နားလည်ဟန် မပြုချေ ။
သည့် နောက်ပိုင်း သမီး သုံးယောက် ၏ တာဝန်ကို မနိုင်ဝန် ထမ်း ခဲ့ရတော့သည် ။ ဝန်ထမ်း အိမ်ခန်း ကို တော့ ရုံး က မဖယ်ခိုင်းသေး ၍ သာ တော် တော့သည် ။ ကိုမြင့်ဦး နောက် အိမ်ထောင် ထူထောင်သွား သည့် အချိန် က စ၍ မိသားစု စားဖို့ အတွက် အိမ်ဆိုင်လေး က ရပေမယ့် ကျူရှင်ဖိုး ၊ ကျောင်းစရိတ်ဖိုး ခက်ခဲ ခဲ့ရသည် ။
ထို့ကြောင့် မခိုင် ၏ စာသင်ဝိုင်း သို့ ဇင်မာ ရောက်လာပြီး ကလေးတွေ ကို လာ အပ်ခြင်းပင် ။ ဇင်မာ က သူတို့ အဖြစ်အပျက် ကို ငိုယို ပြီး ပြော နေ၍ မခိုင် က နှစ်သိမ့် ပေးရသည် ။
••••• ••••• ••••• •••••
မခိုင် က အတွေးများ ကို ပြန် စုစည်းလိုက်သည် ။ ဇင်မာ ၏ သမီးကြီး ဝေဇင် ကို စာ သင်ပေးချိန်တွင် ခြောက်တန်း ရှိ နေပြီဖြစ်ပြီး ကေဇင် က လေးတန်း ဖြစ်သည် ။ မခိုင် က သူတို့ ညီအစ်မ တစ်တွေ ကို အဝတ်အစား ၊ စာအုပ် ၊ ခဲတံ စသဖြင့် ကူညီခဲ့သည် ။ ကလေးတွေ ၏ စိတ်ပိုင်းဆိုင်ရာ ကိုလည်း အားပေး မြှင့်တင်ပေးခဲ့သည် ။ ကြာ လာတော့ သူတို့ သုံးယောက် သည် မခိုင် ၏ ချစ်ခင်ယုယမှု ၊ သွန်သင်မှု အောက် တွင် ကိုယ်ပိုင် ယုံကြည်ချက်များ ရှိ လာခဲ့ပေသည် ။ ကေဇင် ဆယ်တန်း ဖြေပြီး သည် နှင့် ဇင်မာ့ မိဘများ အိမ် သို့ ပြောင်း သွားကြရာ မတွေ့ဖြစ်ခဲ့ကြ တော့ပေ ။
“ ဪ သူတို့လေးတွေ တောင် အတောင် ဖြန့် နိုင်သွားခဲ့ကြပြီပဲ ”
မခိုင် ၏ အထီးကျန်မှုတွေ ကို အမှောင် ချခဲ့ပြီး သူတို့လေးတွေ ကို မေတ္တာ ကွန်ရက် တွေ ဖြန့်ကျက် ပေးခဲ့ပြီ ။ ပါရမီဖြည့်ဖက် ဆိုတာ ချစ်သူကြင်သူတွေ အတွက်သာ မဟုတ်ဘဲ လိုအပ်တဲ့ သူတွေ ရဲ့ ပါရမီ တွေ ကို ဖြည့်ဆည်း မျှဝေ ပေးတတ် သူ ပဲ ဖြစ်ပေတော့မည် ။
◾မခိုင် ( ပန်းလှိုင် )
📖 နှလုံးသားဖြင့် စီရင်သည်
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment