အပိုင်း ( ၁၃ )
မုန့်စားကျောင်းဆင်း ခေါင်းလောင်း ထိုးသည် ။ သိပ္ပံဆရာ က နှုတ်ဆက်ပြီး ထွက် သွားသည် ။ အတန်း ထဲ က ကျောင်းသား ကျောင်းသူတွေ အပြင် ထွက်ကြသည် ။ ကိုယ် လည်း စာအုပ် ကို ပိတ် ၍ လွယ်အိတ် ထဲ ထည့် လိုက်သည် ။
ခုနောက်ပိုင်း ကိုယ် ထမင်းဘူး မယူတော့ချေ ။ မုန့်ဖိုး ရသော တစ်ကျပ် ထဲ ကနေ တစ်ခုခု ဝယ် စားလိုက်သည် ။ ခေါက်ဆွဲသုပ် ဖြစ်ဖြစ် ၊ မုန့်ဟင်းခါး ဖြစ်ဖြစ် ၊ အာလူးပူရီ ဖြစ်ဖြစ် ... ။
ကိုယ့် နေရာ က တံခါးပေါက် ရှိရာ သို့ လျှောက်သွားသည် ။ အပေါက်ဝနား ရောက်သောအခါ ကိုယ် အရမ်း အံ့သြသွားသည် ။ အပြင် မှာ ရပ်နေသော ဖေဖေ ။ ကိုယ် ဖေဖေ့ ကို ကြောင်ပြီး ကြည့်နေမိသည် ။
“ သား ... ဖေဖေ နဲ့ ခဏ လိုက်ခဲ့ကွာ ”
ကိုယ် ယောင်ပြီး ဆက် ရပ်နေမိသည် ။
“ သွားလေ လွယ်အိတ် ပါ ယူခဲ့ ၊ သား ဆရာမ ကို လည်း ဖေဖေ ခွင့် တိုင် ပြီးပြီ ၊ ဒီနေ့ နေ့တစ်ဝက် ခွင့် ပေးဖို့ ပြော ထားတယ် ”
ကိုယ် လွယ်အိတ် သွားယူသည် ။ ပြီးတော့ ဖေဖေ နှင့် လိုက်လာခဲ့သည် ။ ဖေဖေ က ကိုယ့် ကို ဘာကြောင့် လာ ခေါ်မှန်း မသိ ။ မေးလည်း မမေးရဲ ။
ဈေးနား ရောက်တော့ ဖေဖေ က မေးသည် ။
“ သား ... ဘာစားမလဲ ”
ကိုယ် ဘာပြောရမှန်း မသိ ။ စောစောတုန်းကတော့ ကိုယ် သိပ် ဆာ နေသည် ။ အခု မဆာတော့ပြန်ပါ ။ ဖေဖေ က ငုံ့ ကြည့်နေ၏ ။
“ မသိဘူး ဖေဖေ ၊ ဖေဖေ စားချင်တာ စားပေါ့ ”
ဖေဖေ က တရုတ်ဆိုင် ထဲ ခေါ် သွားသည် ။ ခေါက်ဆွဲကြော် နှစ်ပွဲ မှာသည် ။ ဘဲကင် လည်း မှာသည် ။ ယိုးဒယားဟင်းချို ဆိုတာလည်း မှာ သည် ။
ရောက်လာတော့ အများကြီး ပဲ ။ ဘယ်လိုမှ ကုန်အောင် မစားနိုင် ။ နောက်ပြီး ဘာဖြစ်လို့လဲ မသိ ။ ကိုယ် နည်းနည်းလေး စား ပြီးတာနဲ့ ဝ သွားသည် ။
“ သား ... နည်းလှချည်လား ၊ ဘဲကင် စားဦးလေ ”
“ တော်ပြီ ဖေဖေ ၊ ကိုယ် ဗိုက်တင်းနေပြီ ”
“ နည်းနည်းဖြစ်ဖြစ် စားဦးကွာ ”
ဖေဖေ က ဘဲကင် မှ ပေါင်တစ်ခု ယူ ပေးသောကြောင့် ကိုယ် စားရသည် ။ စား ပြီးကြတော့ ကိုယ် တို့ ဈေး ထဲ ဝင်လာခဲ့ကြ၏ ။ ဟိုတစ်ခါ လုံချည် ဝယ်သော ဆိုင် ကို သွားကြသည် ။ ဟိုရောက်တော့ လုံချည်အစိမ်းကလေး နှစ်ထည် နှင့် အကွက်ကလေး တစ်ထည် ဖေဖေ က ဝယ် ပေးသည် ။ ပြီးတော့ နောက် တစ်ဆိုင် မှာ ချုပ်ပြီးသား အင်္ကျီ နှစ်ထည်လည်း ဝယ် ပေးသေးသည် ။ အစင်းကလေး တစ်ထည် ။ အပွင့်ကလေး တစ်ထည် ။ ဝယ်ပြီး ထွက်လာကာ နီးမှ ဆိုင် ထဲ ပြန်ဝင်ပြီး အဖြူတစ်ထည် ထပ် ဝယ်ပေးသေးသည် ။ ပြီးတော့ ကိုယ် တို့ ဆိုက်ကား စီးပြီး အိမ် ကို ပြန် လာကြသည် ။
အိမ်ထဲ ရောက်တော့ ဖေဖေ က ပြောသည် ။
“ သား ... အခန်းထဲ ဝင်ကြည့်စမ်း ”
ကိုယ် သည် အိပ်ခန်း ထဲ ဝင် ကြည့်သည် ။ ကိုယ် အရမ်း အံ့သြသွား၏ ။ ဝမ်း လည်း သာ သွားသည် ။ ကိုယ် တို့ အခန်းထဲမှာ စက်ဘီးအသစ်ကလေး တစ်စီး ၊ ကိုယ်သည် စက်ဘီးကလေး ကို တွန်းပြီး ပြေး ထွက်လာသည် ။
“ ဖေဖေ ဝယ်လာတာလား ဟင် ၊ ဖေဖေ ကိုယ့် ဖို့ လား ဟင် ”
ဖေဖေ က ခေါင်းညိတ် ပြသည် ။
“ သား ... ကျောင်းသွား ကျောင်းပြန် လမ်း မလျှောက်ရတော့ဘူးပေါ့ ”
“ ကိုယ် စီးကြည့်မယ်နော် ဖေဖေ ”
“ အေး ... အေး ”
ကိုယ် သည် စက်ဘီးကလေး ကို ခြံဝ သို့ တွန်း ထုတ်သွားသည် ။ လမ်းပေါ် ရောက်သောအခါ ကျ မှ အိမ်ဘက် သို့ ပြန် လှည့်သည် ။ ဖေဖေ က ခြံအဝ မှာ ရပ်ပြီး ကြည့် နေသည် ။
ကိုယ် က ရယ် ပြ လိုက်ပြီး
“ ဖေဖေ ခဏ ”
“ ဘာလဲ သား ”
“ ကိုယ် မှ စက်ဘီး မစီးတတ်ဘဲ ဖေဖေရဲ့ “
“ ဟေ ”
ဖေဖေ က ရယ်သည် ။ ကြည့်ပါဦး ၊ ဖေဖေ ရယ် သည် ။ ဖေဖေ ရယ် နေပြီ ။ ဖေဖေ က ရယ် တာတောင် ဌာန်ကရိုဏ်း ကျအောင် ရယ် တတ်တာ မဟုတ်ဘူး လို့ ဦးလေးမောင်မောင်ကြီး က ပြောတာ ။ ဌာန်ကရိုဏ်းတွေ ဘာတွေ ကိုယ် မသိ ။ ဖေဖေ ရယ်ဖို့သာ အဓိကပါ ။
“ ကဲ ... ဖေဖေ သင်ပေးမယ် ၊ တက် ”
ဖေဖေ က စက်ဘီး ကို ကိုင် ထားသည် ။ ကိုယ် က ခွ တက်သည် ။ မရ ။ လုံချည် နဲ့ တုပ် ပြီး ခံ နေသည် ။
“ ခဏလေးနော် ဖေဖေ ”
ကိုယ် အိမ်ထဲ ပြန် ပြေး ဝင်ခဲ့သည် ။ လုံချည် ကို ချွတ် ချလိုက်ပြီး ဘောင်းဘီတို တစ်ထည် ယူ ဝတ်သည် ။ ပြီးတော့ ပြန် ပြေး ထွက်လာခဲ့သည် ။ သည်တစ်ခါတော့ စက်ဘီး ပေါ် ကို လွှားခနဲ ရောက် သွားလေသည် ။ဖေဖေ က နောက် ကနေ တွန်း ပေးသည် ။ ဖင်ထိုင်ခုံ ကို ကိုင်ပြီး ထိန်း ထားပေးသည် ။
“ သား ... ကိုယ် ကြီး ကို စောင်း မထားနဲ့လေကွာ ၊ တည့်တည့် ထား .... လက် က တောင့်တောင့်ကြီး လုပ်မထား နဲ့ ၊ အေး ... ဟုတ်ပြီ ၊ ခြေထောက် ကလည်း နင်းဦးလေ ”
ကုန်းဆင်းကလေး ကို ရောက်သောအခါ စက်ဘီး က နည်းနည်း ပို မြန်လာသည် ။
“ ဖေဖေ ထိန်းထားနော် ”
ဖေဖေ ပြန်ပြောသံ မကြားရ ။ ကိုယ် စောင်း ကြည့်လိုက်သည် ။ ဟင် ... နောက်မှာ ဖေဖေ မရှိတော့ ။ စက်ဘီး ကို ကိုယ် တစ်ယောက် တည်း နင်း နေရတာပါလား ။
“ ဖေဖေ လာပါဦး ၊ ကိုယ် ကြောက်တယ် ”
ဖေဖေ က “ ထိန်းထား သား ၊ ရတယ် ထိန်းထား ” ဟု နောက်ကနေ လှမ်းအော်သည် ။ စက်ဘီး သည် ပို၍ မြန် လာသည် ။ ကိုယ် လည်း အရမ်း ကြောက်လာသည် ။ ဘယ်လိုမှ ထိန်း မထားနိုင်တော့ဘဲ လမ်းဘေးကို ထိုး ဆင်းသွား၏ ။ ချုံပုတ် တစ်ခုထဲ စိုက်ဝင် သွားပြီး စောင်း လဲသွားသည် ။ ကိုယ် ခုန်ဆင်း လိုက်ရသည် ။ တော် သေးသည် ။ ဘာမျှ မဖြစ် ။
ဖေဖေ က ..
“ သား ... ဘာဖြစ်သွားသေးလဲ ”
“ ဘာမှ မဖြစ်ပါဘူး ၊ ဖေဖေ ကလည်း ဘာလို့ လွှတ် ပေးလိုက်တာလဲ ”
“ စက်ဘီး စီး သင်တယ် ဆိုတာ ဒီလိုပဲကွ ၊ လွှတ် မပေးရင် ဘယ် တတ်တော့မလဲ ၊ ကဲ ... နောက် တစ်ခေါက် ကွာ ”
“ ဟာ ... တော်ပြီ ဖေဖေ ရာ ၊ ကိုယ် ကြောက်တယ် ”
“ အေး ... အေး ၊ ဒါဆိုလည်း နောက် တစ်ခါပေါ့ ကွာ ”
ကိုယ်တို့ အိမ်ထဲ ပြန် ဝင်ပြီးနောက် ကိုယ် ရေချိုးသည် ။ ဖေဖေ က အင်္ကျီအသစ်ကလေး ဝတ် ကြည့်ပါဦးကွ ဟု ဆိုသဖြင့် ဝတ် ရသည် ။
“ ဖေဖေ မေ့ သွားတယ်ကွာ ၊ လုံချည်လေးတွေ ပါ ဈေး ထဲ မှာ တစ်ခါတည်း ချုပ် ခဲ့ရကောင်းသား ”
“ ကိစ္စမရှိပါဘူး ဖေဖေရဲ့ ၊ ဒီနားမှာပဲ ချုပ်ရင်လည်း ရတာပဲဟာ ”
“ သား .. ဘာစားဦးမလဲကွ ”
“ ဟာ .. ဖေဖေကလည်း ဆယ့်နှစ်နာရီ လောက် က မှ စားတာ ၊ ဘယ် ဆာမလဲ ”
ဖေဖေ သည် ကိုယ့် အင်္ကျီ ကို ကိုင် ကြည့်သည် ။
“ ကြိုက်ရဲ့လားကွ”
ဟု မေးသည် ။
“ ကြိုက်တာပေါ့ ဖေဖေ ရ ၊ ဒီ အစင်းကလေး ရော ဟို အပွင့်ကလေးပါ ကြိုက်တာပဲ ”
“ အေး ... အေး ၊ ထိုင်ပါဦး သား ရဲ့ ”
ကိုယ် သည် ဖေဖေ့ ရှေ့ က ကုလားထိုင် မှာ ဝင် ထိုင်လိုက်သည် ။
“ သား ကို ဖေဖေ ပြောစရာ ရှိသေးတယ်ကွ ”
“ ဟုတ်ကဲ့ ဖေဖေ ”
ဖေဖေ က ပြောစရာ ရှိတယ် ဆိုသော်လည်း ဘာမျှ မပြောဘဲ တော်တော်ကြာအောင် သည် အတိုင်း နေသည် ။ စီးကရက် ကို သာ တစ်ဖွာပြီး တစ်ဖွာ ဆက်တိုက် ဖွာသည် ။ ရှေ့က နံရံ ကို ငေး ကြည့်နေသည် ။ ကိုယ် လည်း ယောင်ပြီး ဖေဖေ ကြည့်နေသော နေရာ သို့ လှည့် ကြည့်မိသည် ။ နံရံမှာ ချိတ် ထားသော မေမေ့ ဓာတ်ပုံ ။ ကိုယ် သည် ဖေဖေ့ အခန်း ထဲ က ကိုယ်တို့ မိသားစုဓာတ်ပုံ ကို သွား သတိရမိသည် ။
ငေးနေသော ဖေဖေ့ မျက်နှာ ကို ကြည့် မိပြန်သည် ။ ဖေဖေ သည် အရမ်း ပိန်သည် ။ နဖူး မှာ လည်း အသားတွေ တွန့်ပြီး အစင်းကြောင်းကြီးတွေ လို ဖြစ် နေသည် ။ ကိုယ်တို့ မိသားစုဓာတ်ပုံ ထဲ က ဖေဖေ နှင့် တခြားစီ ။ ခု မြင်နေရသော ဖေဖေ က အရမ်း အသက် ကြီးနေသလိုပဲ ။ ဖေဖေ့ မျက်လုံးတွေ ကလည်း မိခိုင် ရဲ့ ဖေဖေ တို့ ၊ ဦးလေးမောင်မောင်ကြီး တို့ နှင့် မတူ ။ နီ နေသလို ထင်ရသည် ။
“ သား ”
“ ခင်ဗျာ ..... ဘာလဲ ဖေဖေ ”
ဖေဖေ သည် ကိုယ့် ကို စိုက် ကြည့်ပြီး မေးသည် ။
“ ဖေဖေ့ ကို ချစ်ရဲ့လား ကွာ ”
“ ချစ်တာပေါ့ ဖေဖေ ရဲ့ ”
ဖေဖေ သည် အသက် အရမ်း ရှူသွင်းသလို လုပ် လိုက်ပြီး ....
“ ဖေဖေ နဲ့ မင်း မေမေ နဲ့ ဘယ်သူ့ ကို ပို ချစ်သလဲ ”
ကိုယ် အံ့ဩပြီး ဖေဖေ့ ကို ငေး ကြည့်နေမိသည် ။ ခုရက်အတွင်း ကိုယ် အဲသလို အမေး ခံရတာ နှစ်ခါ ရှိပြီ ။ ဟိုတစ်နေ့က လည်း မေမေ က ကိုယ့် ကို အဲသလို မေး ခဲ့သေးသည် ။ မေမေ က မေးတုန်း က “ နှစ်ယောက်စလုံးကို တူတူပဲ ချစ်တာပေါ့ မေမေရဲ့ ”
ဟု ဖြေခဲ့သည် ။ ခုတစ်ခါ ....
“ မသိဘူး ဖေဖေ ”
ကိုယ် လွှတ်ခနဲ ပြော မိသည် ။ ဖေဖေ သည် နံရံ က မေမေ့ ဓာတ်ပုံ ကို ပြန် ကြည့်နေပြန်သည် ဟု ကိုယ် ထင်သည် ။
••••• ••••• ••••• •••••
မုန့်စား လွှတ်သောအခါ သူငယ်ချင်းတွေ နှင့် ဆုံနေကျ စိန်ပန်းပင်ကြီး ဆီ မသွားဘဲ ဟိုး ကျောင်း ထောင့်က ညောင်ပင်ကြီး အောက် မှာ သွား ထိုင်နေလိုက်သည် ။ ဒီနေ့ ကိုယ် ဘယ်သူနှင့် မျှ စကား မပြောချင် ။ တစ်ယောက် တည်း နေပြီး စဉ်းစား ချင်သည် ။
မနေ့တုန်းက ဖေဖေ လာ ခေါ်သော ကိစ္စ ကို အိပ်မက် လို့တောင် ထင် နေမိသည် ။ ဖေဖေ သည် ကိုယ့် ကို ဘာလို့ ကျောင်း မှာ လာ ခေါ်ရတာလဲ ။ ပြီးတော့ အရင်တုန်းက နှင့် လုံးဝ မတူဘဲ အရမ်း အလို လိုက်ခဲ့တာ က ကော ။ ဒီအချိန်တုန်းက ကိုယ့် စိတ် ထဲမှာ ဘယ်လိုတွေ ဖြစ် နေမှန်းတောင် သတိမရ ။ ပျော် လည်း ပျော်သည် ။ အံ့လည်း အံ့သြနေသည် ။ ပြီးတော့ ဝမ်းနည်းသလိုလိုလည်း ဖြစ်နေသလား မသိ ။ အဲဒါကကော ဘာဖြစ်လို့လဲ ။ တစ်ခုတော့ ရှိသည် ။ သိပ် ဝမ်းသာလွန်းရင်လည်း မျက်ရည် ကျတယ်လို့ လူကြီးတွေ ပြော ကြသည် မဟုတ်လား ။ ဦးလေးဦးမောင်မောင်ကြီး ပြောသော တစ်နေ့ကျရင် သိ လာလိမ့်မယ် ။ အကောင်းဆုံး အခြေအနေ ကို မျှော်လင့် ရတာပဲဆိုတာ ဒါကို ပြောတာလား မသိ ။
“ ဟိတ် ”
မိခိုင် ၏ အသံ ကို နောက်မှ ကြား ရသောကြောင့် လှည့် ကြည့်လိုက်သည် ။ ကိုယ် အံ့သြသွား၏ ။ ရယ်လည်း ရယ်ချင် သွားမိသည် ။ သူ သည် ခါတိုင်းလို စကတ်လေးဖြင့် မဟုတ်တော့ဘဲ ထဘီအစိမ်းကလေး ကို ဝတ် ထားသည် ။ သူ ထဘီ ဝတ်ထားပုံမှာ အတန်းကြီး က အစ်မတွေ လို သပ်သပ်ရပ်ရပ် မရှိချေ ။ ထဘီအောက်စ သည် ရွေ့ စောင်း ၍ ထွက် နေသည် ။
သူ သည် ထဘီ ဝတ်ထားသောကြောင့် ရှက်နေပုံ ရလေသည် ။ ကိုယ့် ကို သေသေချာချာ မကြည့်ဘဲ သူ့ လက်ထဲ က ဓားလှီးရေခဲမုန့်နှစ်ခု ထဲက တစ်ခု ကို လှမ်း ပေးသည် ။ ကိုယ် သည် ရယ်ချင် စိတ် ကို မအောင့်နိုင်ဘဲ ရယ်မိသည် ။
“ ဘာရယ်တာလဲ”
ဟု ပြောပြီး ကိုယ့် ဘေး မှာ ဝင် ထိုင်ရင်း ကိုယ့် လက်မောင်း ကို ထု မ လို လုပ်သည် ။ နောက် မထုတော့ ဘဲ နေ လိုက်၏ ။
“ နင် က ထဘီ နဲ့ အပျို လုပ်လာတာပေါ့လေ ”
“ မဟုတ်ပါဘူး ဟာ ၊ မေမေ က အတင်း ဝတ်ခိုင်းလို့ ”
ခါတိုင်း စကတ် ဝတ်တုန်း က ဆိုလျှင် သူ့ ခြေသလုံး ဖြူဖြူလေးတွေ ကို အမြဲ မြင်နေရသည် ။ ခု ထဘီ နဲ့ဆိုတော့ မမြင်ရတော့ချေ ။ ဘာဖြစ်လို့လဲ မသိ ။ ခုမှ သူ့ခြေသလုံးတွေ ကို ပြန် ကြည့်ချင်နေမိသည် ။
“ နင် က ဒီ မှာ တစ်ယောက် တည်း ဘာ လာ လုပ်နေတာလဲ ”
“ ဘာမှ မလုပ်ပါဘူးဟာ ”
“ နင် ... ခုတလော ဘာ ဖြစ်နေတာလဲ ဟင် ၊ သိပ် ငိုင်တာပဲ ”
“ ဘာမှ မဖြစ်ပါဘူး ၊ နင် ကကော ကိုယ့်ကို ဘာလို့ လိုက်ရှာရတာလဲ ”
“ ဟို .. ဟိုဒင်းလေ ၊ ငါ ပြောစရာ ရှိလို့ ၊ မဟုတ်ဘူး ... မဟုတ် ... ဓားလှီးရေခဲမုန့် ကျွေးမလို့ ။ အဲဒါနဲ့ ငါ ဟိုကောင်မတွေ မသိအောင် လျှို ပြီး ထွက်လာတာ ၊ သိ သွားရင် ငါ့ ကို ပြောကြဦးမယ် ”
“ ဘာပြောမှာလဲ ”
“ စ မှာပေါ့ ဟ ”
“ ဘာ .. ဘယ်လို စ မှာလဲ ”
“ မပြောချင်ပါဘူးဟာ ၊ ဘာမှန်းလဲ မသိဘူး ”
သူ့ မျက်နှာ သည် အရင်က တစ်ခါ မျှ မမြင်ဖူးသော ပုံစံမျိုး ဖြစ်နေသည် ။
“ မပြောချင်လည်း နေဟာ ၊ ဒါပေမယ့် နင် ပြောမယ့်ဟာ ကိုယ် သိတယ် ”
“ ဟင် .. ဘာလဲ ၊ ဘာလဲ ပြော ”
“ ဟိုဥစ္စာလေ ”
ကိုယ် သည် ပြောမည် ပြုလိုက်ပြီးမှ မပြောတတ်ဘဲ ဖြစ်သွားသည် ။
“ ဟို ... အေးဟာ ၊ ကိုယ် သိတယ် ဆိုရင် ပြီးတာပဲ မဟုတ်လား ”
“ အေးလေ .. ပြီးရောပေါ့ ”
အမှန်မှာ ကိုယ် ဘာမျှ မသိဘူး ဟု ထင်ပါသည် ။ စကား မရှိ စကား ရှာပြီး ပြော လိုက်ရခြင်း ဖြစ်မည် ။
“ ပြီးတော့ တင်အောင်ခိုင် ကလည်း ကိုယ့် ကို ပြောတယ် ”
“ ဘာပြောတာလဲ ”
ကိုယ့် ကို မကြည့်ဘဲ မေး သည် ။
“ နင် မသိဘူးလား ”
သူ ခေါင်း ခါသည် ။
“ နင် သိမှာပါ ”
သူ ကိုယ့် ကို တစ်ချက် မော့ကြည့်သည် ။ ပြီးတော့ ခေါင်း ခါပြသည် ။ ကိုယ် သည် တံတွေး ကို မျို ချလိုက်ပြီး ...
“ နင် .. နင် ထဘီ ဝတ်တာက ရယ်စရာကြီး ”
သူ ရယ်သည် ။ ခါတိုင်းတုန်းက ရယ်သလိုမျိုး မဟုတ်တော့ချေ ။ အရင်က ဆိုလျှင် သိပ် ရယ်စရာ မကောင်းသော ကိစ္စပင် ဖြစ်စေ အသံစာစာကလေး ဖြင့် အကြာကြီး ရယ် တတ်သည် ။ သူ ရယ်ပြီ ဆိုလျှင် သူ့ ကိုယ်ကလေး ရော ၊ သူ့ ဆံပင်များ ပါ လှုပ်ယမ်း၍ နေ တတ်လေသည် ။ ပြီးတော့လည်း စကား ပြောလျှင် ကိုယ့် လက်မောင်း ကို သူ့ လက်ညှိုးကလေး ဖြင့် တို့၍ တို့၍ ပြော တတ်သည် ။ ခုတော့ဖြင့် သူ သည် ခဏကလေး သာ ရယ်ပြီး ပြန် တည်သွားသည် ။ သူ့ လက်ကလေးများ ကလည်း သူ့ ပေါင်ပေါ် မှာ ငြိမ်ငြိမ်ကလေး နေ နေကြသည် ။
“ မေမေ က နောက် ဆိုရင် ထဘီ ပဲ ဝတ်ရမယ်လို့ ပြောတယ် ”
သူ တိုးတိုးလေး ပြော၏ ။
“ ကိုယ် ကတော့ ကြိုက်ပါတယ် ”
“ ဟင် .. ဘာလဲ ”
သူ ကိုယ့် ကို ကြည့် ပြန်သည် ။
“ ဟုတ်တယ် ၊ နင် ထဘီ ဝတ်တာပဲ ကောင်းတယ် ၊ စကတ် နဲ့ ဆိုရင် .... ”
ကိုယ် ဆက် မပြော ၊
“ စကတ် နဲ့ ဆိုရင် နင့် ခြေထောက်တွေ က အငြိမ် မနေဘူး ”
ဟု ကိုယ် ပြောချင်သည် ။ သို့သော်လည်း ပြောလို့ မထွက် ။ ကိုယ် သည် သက်ပြင်း ကို အသံ မမြည်အောင် ဖြည်းဖြည်းလေး ချ လိုက်ပြီး
“ ထဘီ ဝတ်တာပဲ ကောင်းပါတယ် ဟာ ”
သူ သည် ကိုယ့် ဘေးနားမှာ ထိုင် နေရာမှ ဟိုဘက် သို့ နည်းနည်းလေး ရွှေ့ ထိုင်သည် ။ ရွှေ့ ထိုင် သည် ဆိုသော်လည်း တကယ်တော့ နေရာ မရွေ့ချေ ။
ဒီနေ့ သူ့ ကို ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေသည် ။ ကိုယ့် စိတ်တွေ ကလည်း ထူးခြား နေသလိုပဲ ။ သူ့ မျက်နှာ ကို ခါတိုင်းလို စေ့စေ့ကြည့်ရန် မရဲချေ ။ သူ သည်လည်း ကိုယ့် ကို မကြည့်ဘဲ ခေါင်း ငုံ့နေ၏ ။ လေတစ်ချက် တိုက် သောအခါ ညောင်ရွက်တွေ လှုပ် သွားသည် ။ ကိုယ့် ရင် ထဲ က တလှပ်လှပ် ဖြစ်လာ၏ ။ သူ့ ဆီက သနပ်ခါးနံ့ ကို တစ်ချက် တစ်ချက် ရသော အခါ စိတ် ထဲ က တစ်မျိုးကြီး ဖြစ်နေသည် ။ ကိုယ့် ရင်သည် တဒိတ်ဒိတ် ခုန်နေသည် ။ ဘာစကား မှ လည်း ပြောလို့ မရ ။ သူ ကကော ဘယ်လို ဖြစ်နေသလဲ ။ ပေါင်ပေါ် မှာ တင်ထားသော သူ့ လက်ကလေး သည် ထဘီစ ကို ဆုပ်ကိုင် ထားသည် ။ ထူးဆန်းသည် ဟု ပင် ထင်သည် ။ ခုနလေးပဲ ကြာဇံကြော်သုပ် စား လာသော်လည်း ခု ဗိုက် ထဲ က ဆာသလိုကြီး ဖြစ် လာသည် ။ ရေ ငတ်သလိုလည်း ဖြစ်နေသည် ။ ကိုယ် သည် လွှတ်ခနဲ ပြော မိသည် ။
“ နင့် လက်ကလေးတွေ က သိပ် လှတာပဲ ”
ကိုယ် သည် သူ့ လက်ကလေး ကို ဆတ်ခနဲ ဆုပ် ကိုင်မိသည် ။
သူ့ မျက်နှာသည် ချက်ချင်း အရောင် ပြောင်းသွားသည် ။ အရင်လို ဖြူဖြူကလေး မဟုတ်ဘဲ ပန်းရောင် ဖြစ်သွား၏ ။ သူ့ လက်ကလေး သည် အေးစက် နေသည် ။ ကိုယ် ချက်ချင်း ပြန် လွှတ်လိုက်၏ ။
တဒေါင်ဒေါင် ခေါက် လိုက်သော ကျောင်းတက် ခေါင်းလောင်းထိုးသံ သည် ကိုယ်တို့ ကို လန့်ဖြန့် သွားစေသည် ။
“ ဟော ... ကျောင်းတက်ပြီ ”
သူ့ အသံသည် အရင်ကလို စူးစူးကလေး မဟုတ်တော့ ဟု ကိုယ် ထင်သည် ။
“ သွားကြစို့ မိခိုင် ”
ကိုယ့် အသံ သည်လည်း ချက်ချင်း သြ လာသလို ထင်ရ၏ ။ ကိုယ် တို့ ထ ရပ်လိုက်သည် ။ စောစောက ပစ်ချ ထားသော ဓားလှီးရေခဲမုန့် မှာ ထိုးသည့် တုတ်ချောင်းတွင် နားနေသော ယင်ကောင်တွေ လန့်ပြီး ထ ပျံကုန်ကြသည် ။
••••• ••••• ••••• •••••
ကိုယ် သည် ကျောင်း မှ အိမ်သို့ လျှောက် ပြန်လာခဲ့သည် ။ နောက် ကိုယ် စက်ဘီး စီး တတ် သွားလျှင် ခုလို လျှောက်စရာ မလိုတော့ ။ လမ်းလျှောက် ရင်း ကိုယ် စဉ်းစားလာသည် ။ ဒီနေ့ မိခိုင် သည် ဘယ်လို ဖြစ်နေသလဲ မသိ ။ ကိုယ် လည်း ဘယ်လို ဖြစ်နေမှန်း မသိ ။ တကယ့်တကယ်တော့ ကိုယ်တို့ ဘာတွေ မှန်းမသိ ဖြစ်နေကြတာ ခုတလော ခဏခဏ ပဲ ။ အိမ် မှာလည်း ဒီအတိုင်းပဲ ။
ဦးလေးမောင်မောင်ကြီး သည် ကိုယ်တို့မြို့ ကို ခဏခဏ လာသည် ။ လာတိုင်း လည်း မေမေ နှင့် လာ လာ စကား ပြောသည် ။ ဘာတွေ ပြောမှန်းတော့ ကိုယ် မကြားရလို့ မသိ ။ အန်တီလူး ကလည်း မေမေ့ ဆီ ညတိုင်း လို လာသည် ။ ကိုယ် အိပ်သွားသည် ထိ မီးဖိုချောင် ထဲ မှာ တိုးတိုးတိုးတိုး ပြောကြသည် ။ တစ်ခုခုတော့ တစ်ခုခုပဲ ။
ကိုယ် သည် လမ်း လျှောက်လာရင်းက ကောင်းကင် ကို မော့ ကြည့်မိသည် ။ အရှေ့ဘက် တွင် လကွေးကွေး ကို မှုန်မှုန်ကလေး မြင် နေရသည် ။ ညနေခင်း အချိန် မှာ လည်း လ ထွက် တတ်ကြောင်း ကို အရင်က သတိထား မကြည့်မိဖူးသဖြင့် အံ့သြ နေမိသည် ။ အနောက်ဘက် ကို ကြည့်သော အခါ မှာလည်း တိမ်တိုက်တွေ ကြားထဲသို့ ဝင် ကာနီး ဖြစ်နေသော နေမင်းကြီး ကို မြင်ရသည် ။
အိမ်ရှေ့သို့ ရောက်သော အခါ ခြံဝင်း ထဲ သို့ မဝင်သေးဘဲ နေမင်းကြီး ကို ခဏ ကြည့်သေးသည် ။ နေမင်းကြီး သည် တိမ်တိုက် ထဲ သို့ လုံးဝ ဝင် သွားတော့မှ အိမ် ထဲ သို့ ဝင်ခဲ့သည် ။ လွယ်အိတ် ကို စားပွဲပေါ် တင်သည် ။ ဖေဖေ့ အခန်း ဘက် သို့ လှမ်း ကြည့်သေးသည် ။ တံခါး ပိတ်ထားသည် ။ ကိုယ်တို့ အိပ်ခန်း ထဲ သို့ ဝင်လိုက်၏ ။
ကိုယ် အရမ်း အံ့သြသွားသည် ။ မေမေ သည် ခုတင် ပေါ် မှာ ထိုင်နေသည် ။ ကိုယ့် ကို မေမေ လှမ်း ကြည့်သည် ။ မေမေ့ မျက်နှာ က ဘယ်လို ဖြစ်နေသလဲ ။ မေမေ ဘာ ဖြစ်နေတာလဲ ။ မေမေ့ ကို ကြည့်ရင်း ကိုယ် စိုးရိမ် လာသည် ။ လန့် လည်း လန့် လာသည် ။ ဘာဖြစ်တာလဲ ။
ကိုယ် မေမေ့ နား ကို လျှောက် သွားသည် ။ ဘေးမှာ ဝင် ထိုင်လိုက်သည် ။ မေမေ သည် ကိုယ့် ကို ကြည့် နေတုန်း ။ ပြီးတော့ ကိုယ့် ကို သူ့ ရင်ခွင်ထဲ ဆွဲ သွင်းပြီး ဖက် ထားလိုက်သည် ။ ခုမှ ကိုယ် သတိထား လိုက်မိသည် ။ မေမေ့ ဘေး က အိပ်ရာ ပေါ် မှာ စာရွက် တစ်ရွက် ။ မေမေ့ ရင်ခွင် ထဲ က ရုန်း ထွက်လိုက်သည် ။ စာရွက် ကို ဆွဲယူပြီး ....
သား ညီညီ နဲ့ မစောမြင့်
ကျုပ် စဉ်းစားခဲ့တာ ကြာပြီ ။ သား ရဲ့ သံယောဇဉ် ကြောင့် မဆုံးဖြတ် ဖြစ်ခဲ့ဘူး ။ ခင်ဗျား နဲ့ ကျုပ် ဟာ သဘောထားချင်း မတိုက်ဆိုင်ဘူး ဆိုတာ အမှန်ပဲ ။ ဘယ်လိုမှ ညှိ လို့ ရမှာ မဟုတ်ဘူး ဆိုတာလည်း ကျုပ် သိတယ် ။ ဒီအတိုင်း ဆက် နေရင် နှစ်ယောက် စလုံး စိတ် ဆင်းရဲရုံပဲ ရှိမယ် ။ ဒါကြောင့် ကျုပ် ခုလို ဆုံးဖြတ် လိုက်တာပါပဲ ။ သား ကို ကျုပ် ခေါ်သွားချင်ပေမယ့် ခင်ဗျား နဲ့ထားခဲ့တာဟာ သား အတွက် ပို ကောင်းမယ်လို့ ထင်တယ် ။ အလုပ်ရုံ ကို ရောင်းလို့ ရတဲ့ ငွေ ထားခဲ့တယ် ။ အိမ် ကို လည်း သား ကို ပဲ ပေး ခဲ့ပါတယ် ။ ကျုပ် ဘဏ် မှာ ရှိတဲ့ ငွေနှစ်သောင်း ပဲ ယူ သွားတယ် ။ သား အတွက် ငွေ မှန်မှန် ပို့ ပေးမယ် ။ သား ကို နှုတ်ဆက်ခဲ့ချင်ပေမယ့် သား မျက်နှာ ကို မြင်ရရင် ကျုပ် ငို မိလိမ့်မယ် ။ သား လည်း ကျုပ် ကို ခွင့်လွှတ်ဖို့ ပြောပြပါ ။ ကျုပ် ဒီ ညနေ ရထား နဲ့ ..
ကိုယ် သည် လက် ထဲ က စာရွက် ကို ပစ် ချလိုက်သည် ။ မေမေ့ ကို ကြည့်သည် ။ မေမေ ကလည်း ကိုယ့် ကို စေ့စေ့ ကြည့်နေသည် ။ မေမေ့ လက်မောင်း နှစ်ဖက် ကို ကိုင် ပြီး ကိုယ် ခေါ်မိသည် ။
“ ဖေဖေ ”
ကိုယ် အခန်း ထဲ က ပြေး ထွက်လာခဲ့သည် ။ အိမ် ပေါ် မှ ခုန် ဆင်းလိုက်သည် ။ ဝင်းတံခါး ကို ကိုယ် နှင့် တိုက်ပြီး တိုးထွက်သည် ။
“ သား .. သား ... ”
ဟု မေမေ ခေါ်လိုက်သော အသံ ကို သဲ့သဲ့ ကြားရသည် ။ ကိုယ် လှည့် မကြည့် ။ ပြေးသည် ။
မော်တော်ကားတွေ ၊ ဆိုက်ကားတွေ ကိုယ့် ဘေး မှ ဖြတ် သွားသည် ။ ကိုယ့် စိတ် သည် ဘူတာရုံ သို့ ရောက်ခါနီးလေ ပို၍ စိုးရိမ်လာလေပင် ။ ပြေးရလွန်း၍ မော လာသော်လည်း မရပ်ဘဲ ဆက်၍ ပြေးသည် ။ ဘူတာရုံ ထဲ ကို ဟိုဘက် က ပတ် မဝင်တော့ဘဲ ကုန်းပေါ် မှ ဖြတ် ဆင်းပြေးသည် ။ ကုန်ရထားကြီး တစ်စင်း က ရှေ့ မှ ခံနေသည် ။ သစ်လုံးတွေ တင် ထားသော တွဲပေါ် သို့ ကိုယ် ကျော် တက်သည် ။ ခုန်ချပြီး ဆက် ပြေးသည် ။ ဘူတာရုံ ထဲ သို့ ဝင် လိုက်သော အချိန်တွင် ရထားဥသြဆွဲသံ ကြား ရသည် ။ လူကြီး တစ်ယောက် သည် သားရေအိတ်အနီကြီး ကို ဆွဲ၍ ရထားပေါ် တက် သွားသည် ။ ‘ ဖေဖေ ’ ဟု လှမ်း ခေါ်သော်လည်း မကြား ။ ခရာမှုတ်သံ ကြား ရသည် ။ ရထား ၏ နောက်ဆုံးတွဲ ကို ဖြတ်ကျော်မိစဉ်မှာပင် ရထားကြီး သည် လှုပ်ခါသွား၏ ။ ရထား ထွက်ပြီ ။
ကိုယ် သည် ရထားတွဲများ ကို တစ်တွဲပြီး တစ်တွဲ ဖြတ်ကျော် ပြေးရင်း ဖေဖေ့ ကို ရှာသည် ။ ပါးစပ် က လည်း “ ဖေဖေရေ ... ဖေဖေ ”
ဟု အဆက်မပြတ် အော်နေမိသည် ။ တွဲတစ်တွဲ ကို ဖြတ်ကျော် ပြေးလိုက်သော အချိန်မှာပင် ရထားပြတင်းပေါက် မှ အပြင်သို့ ကြည့် နေသော ဖေဖေ့ ကို .....
“ သား ”
ဖေဖေ့ မျက်နှာ ပေါ် မှာ အံ့သြတာရော ၊ ထိတ်လန့်တာရော ၊ ဝမ်းနည်းတာရော ။ ဖေဖေ သည် ပြတင်း ပေါက် မှ ခေါင်း ကို ထုတ်လိုက်သည် ။ ကိုယ် သည် တဖြည်းဖြည်းချင်း လိမ့် နေသော ရထားကြီး ကို အမှီ ပြေး လိုက်နေရသည် ။ ကိုယ့် ပါးစပ် ကလည်း အဆက်မပြတ် ပြောနေဆဲ ။
“ ဖေဖေ ဘယ် သွားမလို့လဲ ၊ မသွားပါနဲ့ ၊ ပြန်ဆင်းခဲ့ပါ ၊ ဖေဖေ သား ကို ချစ်ရင် ... ”
“ သား မလိုက်နဲ့လေ ၊ သားလေး ရပ်လိုက်တော့ ”
ဖေဖေ က ပြန် အော်သည် ။ ရထား သည် တဖြည်းဖြည်း မြန် လာသည် ။ ကိုယ် သည် ပို၍ မြန်အောင် ပြေး ရသည် ။ မျက်ရည်တွေ ကျ လာသောကြောင့် ဖေဖေ့ ကို သေချာစွာ မမြင်ရ ။ ရထားကြီး သည် ပို၍ မြန် လာသည် ။ ကိုယ် အတင်း ပြေးသည် ။ သို့သော်လည်း မမှီတော့ ။ ဖေဖေ ထိုင်နေသော ပြတင်းပေါက် သည် ကိုယ့် ကို ကျော် တက်သွားသည် ။ ဖေဖေ သည် ပြတင်းပေါက် မှ ကိုယ် တစ်ခြမ်း ထွက်ပြီး အော် နေသည် ။ ကိုယ် မကြားရတော့ ။ အရမ်း မောလာသည် ။ မျက်လုံးတွေ ပြာ လာသည် ။ ရှိသမျှ အားကို ဖျစ်ညှစ်၍ ပြေးရင်း ကိုယ် တစ်အား ကုန်းအော်လိုက်သည် ။
“ ဖေဖေ ကိုယ့် ကို မချစ်ဘူး ”
မျက်လုံး ထဲ က ဝင်းခနဲ လက် သွားသည် ။ ရင် ထဲ က စူးခနဲ နာ လာသည် ။ ကိုယ့် တစ်ကိုယ်လုံး ချာလပတ် လည်သွား၏ ။
“ ဟေ့လူ မဆင်းနဲ့ မဆင်းနဲ့ ”
ဆိုသော အသံတွေ ကို ကြား ရသလား မသိ ။ ကိုယ် မျက်လုံး ကို ကြိုးစား ၍ ဖွင့် ကြည့်သည် ။ လူ တစ်ယောက် သည် ရထား ပေါ် မှ ခုန် ချလိုက်ပြီး ပလက်ဖောင်း ပေါ် သို့ လိမ့် ထွက်သွားသည် ။ ကိုယ် သတိ လစ်သွား၏ ။
••••• ••••• ••••• •••••
ကိုယ် သည် မျက်စိ ဖွင့်ကြည့်လိုက်သည် ။ ချက်ချင်း မမြင်ရ ။ ဝါး နေသည် ။ ခေါင်းထဲ က လည်း အရမ်း ပူသည် ။ တစ်ကိုယ်လုံး လည်း နာ နေသည် ။ တဖြည်းဖြည်း မှ မြင် လာရသည် ။ ကိုယ့် ဘေးနား မှာ လူတွေ ဝိုင်း နေကြသည် ။ ကိုယ် တစ်ယောက်စီ လိုက် ကြည့်သည် ။ မေမေ ၊ ဦးလေးမောင်မောင်ကြီး ၊ အန်တီလူး ၊ မိခိုင် ၊ မိခိုင် တို့ မေမေ ။
“ ဖေဖေ ရော ”
“ ရှိပါတယ် ၊ ခေါင်း မှာ နည်းနည်း ပေါက်သွားလို့ ဆေးရုံ မှာ တင်ထားတယ် ၊ ညီညီ နေကောင်းရင် သွား ကြည့်တာပေါ့ ”
အန်တီလူး က ပြောသည် ။ ကိုယ် သည် သူတို့ တစ်ယောက် စီ ရဲ့ မျက်နှာများ ကို ထပ် ကြည့်ပြန်သည် ။ ကြည့်လိုက်တဲ့ လူတိုင်း က ကိုယ့် ကို ပြုံး ပြကြသည် ။ သို့သော်လည်း သူတို့ ပြုံးတာကို ကိုယ် မသင်္ကာဘူး ။ မိခိုင် ကို လှမ်း ကြည့်သည် ။ သူ့ မျက်နှာ ကို မမြင်လိုက်ရ ။ မိခိုင် ရဲ့ မေမေ က သူ့ ကို ဆွဲ ခေါ်သွားသည် ။
“ ကဲ ညီညီ ပြန် အိပ်လိုက်ဦးကွာ ၊ အား ရှိသွားအောင် ”
ဦးလေးမောင်မောင်ကြီး က ပြောသည် ။ မေမေ့ ကို လှမ်း ကြည့်လိုက်သည် ။ မေမေ က မျက်နှာ လွှဲသွားသည် ။ နောက် သူတို့ ကိုယ့် နား က ထွက် သွားကြသည် ။ ကိုယ် သည် ပြန် အိပ်လို့ မရဘဲ အပေါက်ဝ ကို ကြည့်နေမိသည် ။
မိခိုင် ။
မိခိုင် သည် ကိုယ့် ဆီ ကို ပြေး လာသည် ။ ခုတင်ဘေး မှာ ဒူးထောက် ထိုင် ချလိုက်သည် ။ အိပ်ရာ ပေါ် မှာ မျက်နှာ ကို မှောက် ထားသည် ။ သူ ပြော၏ ။
“ နင့် ဖေဖေ ၊ နင့် ဖေဖေ မရှိတော့ဘူး ”
“ ဟင် ”
လှဲနေရာ မှ အတင်း ထ လိုက်သည် ။ ရင် ထဲ က အရမ်း အောင့် တက်သွားသည် ။ ကိုယ့် ရင်တွေ အရမ်း တုန်နေသည် ။ အိပ်ရာခင်း ကို အတင်း ဆုပ်ကိုင် ထားမိသည် ။ ကိုယ် ဘာဖြစ်နေမှန်း ကိုယ့် ဘာသာ မသိ ။ အိပ်ရာ ပေါ် မှာ မျက်နှာ ကို မှောက်ထားသော မိခိုင် ထံ မှ ရှိုက်သံ ကို ကြား ရမှ ကိုယ် သတိရသည် ။ ကိုယ် ငိုချင်သည် ။ ငိုလို့ မရ ။ ကိုယ် အရမ်း မောလာပြန်ပြီ ။ ကိုယ့် ကိုယ် ကို ထိန်းထားလို့ မရ ။ ထိုင် နေရာမှ လန် ကျသွားသည် ။
“ ညီညီ ”
“ သား ”
“ ညီညီ ”
“ သား .. ”
အသံတွေ အများကြီး ။ လူတွေ အများကြီး ကိုယ့် ဆီ ပြေး ဝင်လာကြသည် ။ ကိုယ့် ကို ပွေ့ လိုက်ကြ၏ ။ အိပ်ရာခင်း ကို ဆုပ်ထားသော လက် ကို အတင်းဆွဲ ဖြည်ကြသည် ။ နောက် ကိုယ် ဘာမှ မသိတော့ ။ တစ်ခုပဲ သိသည် ။ကိုယ် ငို နေသည် ။ အသံ လည်း မထွက် ။ မျက်ရည် လည်း မကျ ။ သို့သော်လည်း ကိုယ် ငို နေသည် ။ ကိုယ့် ငိုသံ ကို ကိုယ် တစ်ယောက် တည်း သာ ကြားရသည် ။
••••• ••••• ••••• •••••
ဖေဖေ နှင့် မေမေ သည် ဆေးရုံ ပေါ် မှာ စကားတွေ အများကြီး ပြောခဲ့ကြသည် တဲ့ ။ သို့သော်လည်း ကိုယ် မကြားလိုက်ရ ။ မေမေ က ဖေဖေ့ နဖူး ကို နမ်း သည် တဲ့ ။ ကိုယ် မမြင်ရ ။
မေမေ သည် ဖေဖေ့ အသုဘ ကို လိုက်ပို့တော့ မငိုခဲ့ချေ ။ သို့သော်လည်း ကိုယ် သိသည် ။ မေမေ သည်လည်း ကိုယ့် လိုပင် အသံ လည်း မထွက် ။ မျက်ရည် လည်း မကျဘဲ ငို လိမ့်မည် ။ မေမေ့ ငိုသံ ကို ကိုယ် ကြားပါသည် ။
မိခိုင် က သူ့ အမေ ရင်ခွင် ထဲ တိုးဝင်၍ တရှုံ့ရှုံ့ ငို နေသည် ။ တင်အောင်ခိုင် နှင့် ဂျွန်ဆင် က ကိုယ့် လက်မောင်း ကို ကိုင် ထားကြသည် ။ ဖေဖေ့ အလောင်း ကို အုတ်ဂူ ထဲ ထည့်သော အခါကျမှ ကိုယ့် ရင် ထဲက တလိပ်လိပ် တက် လာသည် ။
“ ငိုချလိုက် ညီညီ ၊ ငိုချလိုက် ”
ကိုယ် မငို ။ အံကြိတ်ထားသည် ။
“ ငိုလေ ၊ ရင်ထဲ မှာ ကြိတ် မခံနဲ့ ”
“ ဖွင့် ငိုလိုက် ၊ ငိုလေ ၊ ငို .. ငို .. ငို ... ”
မရဘူး ၊ ရင်ထဲ က ဆို့နေသည် ။ အသံ မထွက် ။ အသက်ရှူ လို့ လည်း မရ ။ အုတ်ဂူ ကို ပိတ် နေကြပြီ ။
“ ဖေဖေ ”
ကိုယ် ဒူးထောက် ထိုင် ချလိုက်သည် ။ ဘာလုပ်မိမှန်း မသိ ။ အုတ်ဂူ နှင့် နဖူး ကို ဆောင့်သည် ထင်၏ ။ လူတွေ က ကိုယ့် ကို ဝိုင်း ဆွဲသည် ။ ကိုယ် အတင်း ရုန်းသည် ။ ကိုယ့် ကို ဝိုင်း ချုပ်ထားကြသည် ။ မေမေ ကို ဟိုဘက် မှာ လှမ်း မြင်နေရသည် ။ ဦးလေးမောင်မောင်ကြီး နှင့် အန်တီလူး က တဖက်စီ တွဲ ထားသည် ။ မေမေ သည် အုတ်ဂူ ကို ငေး ကြည့်နေသည် ။ မေမေ့ မျက်နှာ ပြာခနဲ ဖြစ်သွားသည် ။ မြေကြီးပေါ် သို့ ပုံ ကျသွားသည် ။ ကိုယ် လည်း ......
ကိုယ်ရယ် ၊ ဖေဖေရယ် ၊ မေမေရယ် အုတ်ဂူ ထဲ မှာ တူတူ နေကြရပါပြီ ။ ကိုယ်တို့ မိသားစု ဓာတ်ပုံကလေး ကို ဖေဖေ့ ရင်ခွင် ထဲ မှာ ထည့် ပေးလိုက်ပါတယ် ။ ဖေဖေ ရေ ... နေရစ်ခဲ့ပေတော့ ။
••••• ••••• ••••• •••••
“ ကြာချည်ရန် ၊ နာရီပြန် ဗဟိုငြိမ့်ပါပေါ့ မှေးမှိတ်လို့ စက်ပါသော် ရေးမှ မပျော် ”
မေမေ သည် ပြတင်းဘောင် ပေါ် တွင် လက်ထောက် ၍ မေး တင်ရင်း သီချင်း ဆိုသည် ။ ကိုယ် သည် အိပ်ရာပေါ် တွင် လှဲနေရင်း မေမေ သီချင်း ဆိုသည် ကို နားထောင် နေ၏ ။ မေမေ့ မျက်နှာ သည် ရွှင်ရွှင်ပျပျ မရှိ ။ မေမေ့ ကို ကိုယ် သနား နေမိသည် ။ မေမေ့ အသံ သည် လွမ်းစရာ ကောင်း နေပါသည် ။
ခုတော့ဖြင့် မေမေ ဘာ ကို လွမ်းနေကြောင်း ကိုယ် သေသေချာချာ သိပါပြီ ။ ကိုယ် သည်လည်း ဘာကြောင့် လှိုက်ခနဲ ဝမ်းနည်း သွားရကြောင်း သိပါပြီ ။ ဘာပဲဖြစ်ဖြစ် ဒီ အိမ်ကြီး မှာ မေမေရယ် ၊ ကိုယ်ရယ် နှစ်ယောက်တည်း ။
ဖေဖေ ဝယ်ပေးခဲ့သော စက်ဘီးကလေး သည် ဖေဖေ နေခဲ့သော အခန်း ထဲ မှာ ဒီအတိုင်း ။ ဒီ စက်ဘီး ကို ကိုယ် စီး လည်း မစီးချင် ၊ စီး လည်း မစီးတတ် ၊ ကိုယ့် ကို စက်ဘီး စီး သင်ပေးမယ့် လူ လည်း မရှိပါ ။
( ပြီး )
◾မင်းလူ
📖 ငှက်ကလေး
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment