Sunday, September 25, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၆ )


 အခန်း ( ၆ )


စည်ကားနေသော ပွဲတော်ဈေးတန်း တစ်လျှောက် သူမ တစ်လှမ်းချင်း ဖြည်းဖြည်းလျှောက် နေမိသည် ။


ဆူညံသော သီချင်းသံတွေ ကိုလည်း သူမ မကြား ။

 

ကျိတ်ကျိတ်တိုး နေသည့် လူတွေ ကို လည်း သူမ မမြင်တော့ ။


ဆိုဖီယာလပြည့်ဝန်း က သူမတစ်ကိုယ်တည်း ကြားသာရုံ ' တောက် ' တစ်ချက် ကို တိုးတိုးဖွဖွ ခေါက် မိသည် ။


ဘာကို အလိုမကျ ဖြစ်နေမိမှန်း သူမ ကိုယ် သူမ လည်း ဝေခွဲ မရ ။


လူ တစ်ယောက် ဟာ မေးသမျှ မေးခွန်းတွေ အားလုံး ကို ဖြေနိုင်တယ် ဆိုတာ လုံးဝ ယုတ္တိ မရှိဘူး ။


သူမ ၏ မာန က ခါးခါးသီးသီး ငြင်းပယ် နေ၏ ။


ဖြစ်နိုင်လျှင် အမည် မသိရသော ထိုသူ့ ကို အနိုင် ယူချင်သည် ။ ထို သူ လုံးဝ မဖြေနိုင်မည့် မေးခွန်းတွေ မေးပြီး သူမ ၏ ဆာလောင်မွတ်သိပ်နေသော မာန ကို အစာ ကျွေးချင်သည် ။


“ မသိဘူး ...”


ဟု ဖြေလာမည့် ထို သူ့ စကားသံ ကို နားထောင်ပြီး သူမ နှစ်နှစ်ခြိုက်ခြိုက် ရယ်မော ပစ် လိုက်ချင်သည် ။


ငါ ... သူ့ ကို ဘာ မေးခွန်းတွေ မေး ရမလဲ ။


စဉ်းစားစမ်း ... ဘယ်လို မေးခွန်းမျိုးတွေ မေးရင် ကောင်းမလဲ .... ။


•••••   •••••   •••••   •••••


နောက်ထပ် မိနစ် နှစ်ဆယ်ခန့် အကြာတွင် မေးခွန်းဆိုင်လေး ရှေ့သို့ ဆိုဖီယာလပြည့်ဝန်း ပြန် ရောက် လာသည် ။


ပိုက်ဆံတွေ ကို ရေတွက်ရင်း ငွေစက္ကူ အထပ်လိုက်တွေ ကို အိတ်ကပ် ထဲ ထိုး ထည့် နေသည့် ဦးစောဝင်း က တအံ့တဩ မော့ ကြည့်ကာ ...


“ ဟော ... သမီး ... ဆိုဖီယာ စောစော က တစ်ခေါက် လာသွားသေးတယ် မဟုတ်လား ...”


“ အင်း ... ဟုတ်တယ် ဦးရဲ့ ... မေးစရာတွေ များ လွန်းလို့ အခု နောက် တစ်ခေါက် ထပ်လာတာ ...”


ဦးစောဝင်း က တော့ ပြောပြီး ခေါင်း ငုံ့လျက် ပိုက်ဆံ ဆက်ရေ နေသည် ။


ဆိုဖီယာလပြည့်ဝန်း က အလှူခံပုံး ထဲ သို့ ပိုက်ဆံ တစ်ထောင် ထည့်ပြီး အခန်း ထဲ သို့ မာကျောသော ခြေလှမ်းများ ဖြင့် လှမ်း လျှောက် ဝင်ခဲ့တော့သည် ။


•••••   •••••   •••••   •••••


ကာတွန်းရုပ်ပြောင် ၏ ပါးစပ်ပေါက် မှ တစ်ဆင့် မှဲ့စိမ်းရှင်မကလေး ကို လှမ်း မြင်လိုက်ရသောအခါ စိုးရှား စိတ် ထဲ တွင် ပျော်ရွှင် ရ မလို တစ်စုံတစ်ရာ ကို စိုးရိမ်ကြောင့်ကြ ရတော့ မလိုလို ဝေဒနာ တစ်ခု ခံစားလိုက်ရသည် ။


သူမ ဘာဖြစ်လို့ ပြန် လာရတာလဲ ။


စိုးရှား ၏ ဦးနှောက် ထဲ တွင် အန္တရာယ် သတိပေး ခေါင်းလောင်းသံ တွေ ဆူညံစွာ မြည်ဟီး သွားကြသည် ။


သူ့ ထံ မှာ မေးခွန်း သုံးခု မေးသွားသူတွေ အားလုံး မည်သူမျှနောက်တစ်ကျော့ ပြန် လာသည့် ထုံးစံ မရှိပါ ။


အားလုံး က ရယ်ရယ်မောမော အပျော် သဘော မေး သွားကြသူတွေ သာ ဖြစ်၏ ။


အခု ... ညာဘက် ပါးပြင် ပေါ် က မှဲ့ကလေး နှင့် မိန်းမပျိုကတော့ အဲသည်လို ဟုတ်ပုံ မရပါ ။


ဝင် လာ ကတည်း က သူမ ၏ မျက်နှာ က တိုက်ပွဲဝင်ဖို့ ပြင်ဆင် လာပုံမျိုး ဖြစ်နေ၏ ။ ဂရိ ရာဇဝင် ထဲ က ဓားလှံ ဒိုင်းမြား ကိုင်စွဲထားသော အသီးနား ( (Athena ) စစ်နတ်သမီး ဆိုသည် မှာ ဟောသည် ကောင်မလေး လိုမျိုး ဖြစ်မှာပါပဲ ... ဟု စိုးရှား တွေးလိုက်မိ၏ ။


တိုက်ခိုက်ချေမှုန်းခံရတော့မည့် ခံစားချက်မျိုး ဖြင့် သူ အသင့်ပြင်ဆင် ထားလိုက်လေတော့သည် ။


•••••   •••••   •••••   •••••


ဆိုဖီယာလပြည့်ဝန်း က သူမ ၏ စူးရှ တောက်ပသော မျက်ဝန်းအစုံ ဖြင့် ကာတွန်းရုပ်ပြောင် ရေးဆွဲထားသည့် သုံးထပ်သား နံရံ နောက်ဘက် ကို ဖောက်ထွင်း သွားမတတ် စိုက် ကြည့်ရင်း ပထမမေးခွန်း ကို စ မေးလိုက်သည် ။


“ သုည ဟာ ' စုံ ' လား ' မ ' လား ”


စိုးရှား ၏ စိတ် ထဲ တွင် အသက်ရှု ကျပ်သလို ခံစားလိုက်ရသည် ။ ဒါ သင်္ချာမေးခွန်း မဟုတ်မှန်း သူ သိနေ၏ ။


ဒီလို မေးခွန်းမျိုး ကို တာအိုကျမ်းတွေ ထဲ မှာ သူ ဖတ်ဖူးသည် ။ သုည သည် အလုံးစုံသော စကြဝဠာ သဘော ဖြစ်၏ ။ အရာရာတိုင်း သည် ဘာမှ မရှိသော ဗလာ ထဲ မှ ထွက်ပေါ် လာရခြင်း ဖြစ်သည် ။


ဒီ မေးခွန်း သည် အဖြေ မရှိသော မေးခွန်းမျိုး ဖြစ်သည် ။ တရားဉာဏ် အလင်း ပွင့်ဖို့ ရည်ရွယ်ပြီး မေးသော မေးခွန်း ဖြစ်သည် ။ လူ့ ပင်ကိုယ် သိ စိတ် ဖြင့် ဖြေစရာစကားလုံး မရှိချေ ။


ထို့ကြောင့် စိုးရှား က သက်ပြင်း ချ ရင်း ...


“ မသိဘူး ...”


ထို အဖြေ စကား ၏ အဆုံး တွင် ဆိုဖီယာလပြည့်ဝန်း ၏ နှုတ်ခမ်းဓားသွား သည် အနည်းငယ် ကော့ညွှတ် ကာ ပြုံးသယောင်ယောင် အရိပ် တစ်ခု ဖြတ်သန်း သွား၏ ။


ထို့နောက် သူမ က အထက် စီး ရနေသူ တစ်ဦး ၏ လေသံ ဖြင့် ...


“ ဒါဆို ဒုတိယ မေးခွန်း ကို ဆက်ပြီး မေးမယ် ၊ သေသေချာချာ စဉ်းစားပြီး ဖြေပါ ...”


စိုးရှား အတွက် ပြောစရာစကား မရှိ ။ ထို့ကြောင့် တိတ်ဆိတ် နေလိုက်သည် ။ 


ဆိုဖီယာလပြည့်ဝန်း က ...


“ လေ ဟာ မတိုက်တဲ့ အချိန် မှာ ဘာ လုပ်နေသလဲ ”


ဒါလည်း တာအိုပုစ္ဆာ တစ်ပုဒ် ပင် ဖြစ်သည် ။ ဒီတစ်ခါတော့ စိုးရှား သက်ပြင်း ချမနေတော့ ။ သူ့ စိတ် ကို လျှော့ ထားလိုက်ပြီ ဖြစ်၏ ။ စိုးရှား က


“ မသိဘူး ...”


ဒီ တစ်ကြိမ် မှာတော့ သူမ အနိုင် ရသည့် ဝမ်းမြောက်မှု ကို ဟန်ဆောင် ဖုံးကွယ်ခြင်းပင် မရှိတော့ ။ သိသိ

သာသာ ပြုံး လိုက်သည် ။


စိုးရှား ကတော့ သူ့ တစ်ကိုယ်လုံး တစ်စစီ ပဲ့ကြွေကျ နေသလို ခံစားရ၏ ။ ရှုံးနိမ့် ရ တဲ့ အရသာ ဆိုတာ ဒီလိုပဲ အခံရ တော်တော် ဆိုးသလား ။


ဆိုဖီယာလပြည့်ဝန်း က သူမ ၏ မျက်နှာ ကို ပြန်ပြီး တည်လိုက်သည် ။ နောက်ဆုံး အမိန့်ချ တော့မည့် တရားသူကြီးမ တစ်ယောက် ၏ ဣန္ဒြေမျိုး ။ ဒါမှ မဟုတ်လျှင် လည်း ... ပွဲသိမ်းဓားချက် ကို ခုတ်ပိုင်းချလိုက်ဖို့ ကင်ဒိုဓား ကို လက်နှစ်ဖက်ဖြင့် စုံကိုင် ကာ မြှောက်ထားသည့် ဆာမူရိုင်း သူရဲကောင်း တစ်ယောက် ၏ သမာဓိ မျိုး ။


“ ကဲ ... နောက်ဆုံး မေးခွန်း မေးမယ် ...”


သူမ ၏ အသံ က အေးစက်စက် ထွက်ပေါ် လာသည် ။ စိုးရှားကတော့ သူမ ၏ ပွဲသိမ်းဓားချက် အောက် တွင် လည်စင်း ပေး လိုက်ဖို့ အသင့် ဖြစ်နေလေပြီ ။


ဆိုဖီယာလပြည့်ဝန်း က ...


“ ကိုယ့် ဖခင် ကို ' ဪ ဒီလူကြီး ဟာ ငါ့ အဖေ ပါ လား ' လို့ ကိုယ့် စိတ် ထဲ က ပထမဆုံး စပြီး သိ လိုက်တဲ့ နေ့ရက် ကို မှတ်မိသလား ”


ရက်စက်လိုက်တဲ့ မိန်းမ ...


မေးခွန်း ရိုးရိုးကလေး သုံးခုတည်း နဲ့ ငါ့ ကို အနိုင် ယူသွားတယ် ။ နင် ဟာ မကောင်းဆိုးရွားမလေး ပဲ ။


စိုးရှား က မှောင်ထဲ မှာ ပင် ဦးခေါင်း ကို ခါ ရမ်းလိုက်သည် ။ ထို့နောက်


“ မသိဘူး ...”


ဆိုဖီယာလပြည့်ဝန်း က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည် ။ ထို့နောက် ...


“ ရှင် ဘယ်သူလဲ ”


“ ဒါက စတုတ္ထမြောက် မေးခွန်းဖြစ် သွားပါပြီ ”


စိုးရှား ၏ အသံ က အေးတိအေးစက် ။ သူ့ စိတ် ကို ဗလာ ဖြစ်အောင် ဘာကို မှ မတွေးမိဘဲ နေဖို့ ကြိုးစားနေ၏ ။


ဆိုဖီယာလပြည့်ဝန်း ကတော့ နံရံ နောက်ဘက် ဆီ ဖောက်ထွင်းနိုင်လောက် သည့် စူးရှမှုမျိုး ဖြင့် တစ်ချက် လှမ်း ကြည့်ရင်း ပေါ့ပေါ့ပါးပါးပင် ချာခနဲ လှည့် ထွက်သွားသည် ။


အခုလို ကျတော့လည်း သူမ သည် နွေဦးသီချင်း ကို ဆိုသော ငှက်ကလေး တစ်ကောင် နှင့် တူ နေလေပြန်တော့သည် ။


သူမ က ဦးစောဝင်း ၏ စားပွဲရှေ့တွင် ရပ် လိုက်ပြီး လက်ဝါး ဖြန့်ကာ ...


“ ကဲ ... ပိုက်ဆံ ပြန်အမ်းတော့ ...”


ဦးစောဝင်း က သူမ ၏ စကားသံကြောင့် တအံ့တဩ ဖြစ်သွားပြီး အခန်း တွင်း သို့ လှမ်းကြည့်လိုက်သည် ။


သူ့ ပုံ တူ ကာတွန်းရုပ် ၏ မျက်လုံး နေရာ မှာ အနီရောင် မီးလုံးကလေး လင်း နေသည်ကို တွေ့ရ၏ ။


အဓိပ္ပါယ် ကတော့ စိုးရှား က မေးခွန်း ကို သူ ဖြေဆိုနိုင်ခြင်း မရှိကြောင်း အချက် ပေးလိုက်သည့် သင်္ကေတ ။


တစ်နည်းအားဖြင့် ပြော ရလျှင် စိုးရှား ၏ ရှုံးနိမ့်မှု ... ။


ဦးစောဝင်း က ဆိုဖီယာလပြည့်ဝန်း ကို ထူးဆန်းသည့် သတ္တဝါ တစ်ကောင် လို တအံ့တဩ ငေး ကြည့် နေမိသည် ။ သူ အထင် ကြီးထားသော သူ့ တူ စိုးရှား ကို အနိုင်ယူ သွားသည် မှာ ဒီလို ကောင်မလေး တဲ့ လား ... ။


နောက် ... ဦးစောဝင်း က သူ့ အင်္ကျီအိတ်ကပ် ထဲ မှ တစ်ထောင်တန် ငွေစက္ကူနှစ်ရွက် ကို ထုတ်ယူပြီး

ဆိုဖီယာလပြည့်ဝန်း ၏ ဖြန့်ထားသော လက်ဖဝါး ထဲ ထည့်ပေးလိုက်၏ ။


ဆိုဖီယာလပြည့်ဝန်း က ပြုံးလိုက်သည် ။


ထိုနောက် ပြန်အမ်းပေးသော ပိုက်ဆံ အားလုံး ကို အလှူခံပုံးထဲ သို့ ထည့်လိုက်ပြီး မေးခွန်းဆိုင်လေး ကို ကျော ခိုင်းကာ လှည့် ထွက်ခဲ့လေတော့သည် ။


ခြေလှမ်းတိုင်း သည် ဂီတ ဆန်နေလေသည် ။


•••••   •••••   •••••   •••••


စိုးရှား က နံရံ နောက်ကွယ် မှ ထွက် လာသည် ။


အကြောင်သား ငေး ကြည့်နေသော သူ့ ဦးလေး ထံ သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး အနီး မှာ လာ ရပ်၏ ။


ထိုနောက် အပြင် ဘက် ဆီရောက် သွားလောက်ပြီ ဖြစ်သည့် တစ်စုံတစ်ယောက် ကို မျှော်ငေးသလို လှမ်း ကြည့်လိုက်ရင်း

...


“ သွားပြီလား ...”


“ အင်း ...”


ဟု ဦးစောဝင်း က ဖြေ လိုက်သည် ။ ထိုနောက် ဆက် မေးလာဦးမည့် မေးခွန်းတွေ ကို ပြောဖို့ တိတ်ဆိတ်စွာပင် စောင့်စား နေလိုက်၏ ။


ထင် ထားသည့် အတိုင်းပင် စိုးရှား က မေးခွန်း ထုတ်လာသည် ။


“ အဲဒီ ကောင်မလေး က ဘယ်သူလဲ ဦးလေး ...”


“ ဘာလဲ ... မင်း စိတ်ဝင်စားသွားပြီလား ...”


“ ကိုယ့် ဘက် က ပိုက်ဆံ တတ် နိုင်တဲ့ အခါ ကျရင် အိမ် မှာ ခေါ်ပြီး မွေး ထားချင်တဲ့ တိရစ္ဆာန်လေး တစ်ကောင် ကို နာမည် သိအောင် မေးထားတဲ့ သဘောပါ...”


“ အပြော ကြီးပုံကတော့ ကွာ သောက်မြင်ကတ်စရာ ကောင်းလိုက်တာ ၊ အခု မင်း ပြောနေတာ ဘယ်သူလဲ သိရဲ့လား ၊ အဲဒါ မြနဒီ ရဲ့ တူမ ကွ ၊ သူ့ နာမည် က ဆိုဖီယာလပြည့်ဝန်း တဲ့ ...”

 

“ ဪ ... ဆိုဖီယာလပြည့်ဝန်း တဲ့လား ...” 


ဆိုဖီယာ ( SOPHIA ) ဟူသော ဝေါဟာရ သည် ဂရိဘာသာစကား ဖြင့် အသိဉာဏ်ပညာ ( WISDOM ) ဟု အဓိပ္ပါယ် ရပါသည် ။


သူမ နှင့် အလွန် လိုက်ဖက်သော နာမည် ဖြစ်သည် ဟု စိုးရှား စိတ် ထဲ မှ ကျိတ်ပြီး အသိအမှတ် ပြုလိုက်၏ ။


“ ဉာဏ်ပညာ ” ဆိုသော ဂရိဝေါဟာရ ကို ကိုယ်စားပြုသည့် နောက်ထပ် စကားလုံး တစ်လုံးလည်း ရှိသေးသည် ။ ယင်းစကားလုံး မှာ ပန်းသီး ( APPLE ) ဖြစ် လေသည် ။


ကမ္ဘာမြေ ဆွဲအား ကို ရှာဖွေ တွေ့ရှိခဲ့သော သိပ္ပံပညာရှင်ကြီး နယူတန် သည် သူ့ ဦးခေါင်း ပေါ် ပန်းသီး

ကြွေ ကျသည် ကို အကြောင်းပြုပြီး ထို နိယာမ ကို ဖော်ထုတ်ခဲ့သည် ဟု မှတ်တမ်းတင် ထားကြသည် ။ လူပြိန်းတွေ ကလည်း ' နယူတန် ရဲ့ ခေါင်းပေါ် ကြွေ ကျတာဟာ ပန်းသီး မဟုတ်ဘဲ ဒူးရင်းသီး ဖြစ်နေရင် ဒီ နိယာမ ကို တွေ့ခဲ့ မှာ

မဟုတ်ဘူး ' ဟု ခပ်ညံ့ညံ့ ပြက်လုံး ထုတ်ကြသည် ။ အမှန်မှာတော့ တကယ့် ပန်းသီး အစစ် ကို ဆိုလိုခြင်း မဟုတ် ။


နယူတန် ၏ ဦးခေါင်း ပေါ် ကြွေ ကျခဲ့သော ပန်းသီး သည် ' ဉာဏ်ပညာ ' ကို ကိုယ်စားပြုထားသော နိမိတ်ပုံ ဖြစ်ပါသည် ။


ကမ္ဘာဦးကျမ်း တွင် လည်း အာဒမ် နှင့် ဧဝ တို့သည် တားမြစ်ထားသော ပန်းသီး ကို စားမိသောကြောင့် ဧဒင် ဥယျာဉ် ထဲ မှ နှင်ထုတ်ခြင်း ကို ခံရ၏ ။ ထိုပန်းသီး သည် လည်း ဉာဏ်ပညာ ကို ကိုယ်စား ပြုထားသော နိမိတ်ပုံ

ဖြစ်သည် ။ လူသား သည် မိမိ ၏ ကိုယ်ပိုင် အသိဉာဏ် ကို အသုံးချတတ်လာပြီးသော အခါ တစ်ဦး တစ်ယောက် ၏ အစေအပါး အဖြစ် မှ လွတ်မြောက်ပြီး ဧဒင်ဥယျာဉ် ကို ကျောခိုင်း ထွက်လာခဲ့ကြလေတော့၏ ။


•••••   •••••   •••••   •••••


ဆိုဖီယာ ...


သူမ သည် လည်း ဉာဏ်ပညာ ကို ကိုယ်စားပြုသော သစ်သီးလေး တစ်လုံး ဖြစ် ပါသလား ။


စိုးရှား တွေးရင်း ပြုံး လိုက်သည် ။


သူ့ ကို အကဲခတ် နေသော ဦးစောဝင်း က ...


“ ဘာပဲဖြစ်ဖြစ် မင်း ကို အနိုင်ယူ သွားတဲ့ မိန်းကလေး ကို တော့ ငါ က အမှတ်ပြည့် ပေးရမှာပဲ ...”


“ အင်း ... ဟုတ်တော့ ဟုတ်ပါတယ် ၊ ဒါပေမယ့် အဲဒီ မိန်းကလေး က ဦးလေး တို့ လို အနုပညာ အသိုင်းအဝိုင်း ထဲ က ဖြစ်နေလို့ ကျွန်တော် အမှတ် ပြန် လျှော့လိုက်တယ် ”


သူ့ စကား ကြောင့် ဦးစောဝင်း  ဟက်ဟက်ပက်ပက် ရယ်မောသည် ။ ထိုနောက် ...


“ အေး ပြောထားဦးပေါ့ ကွာ ၊ အနုပညာ အသိုင်းအဝိုင်း ကို အထင် သေးတယ်လို့ ပဲ ပြောပြော မင်း ကြိုက်သလို ဘဝင် မြင့် နိုင်ခွင့်ရှိတယ် ငါ့ တူ ... ဒါပေမယ့် အဲဒီ စကားတွေ အတွက် ဆိုဖီယာ က မင်း ကို တစ်နေ့ ဒဏ် ခတ်လိမ့်မယ်

လို့ ငါ့ စိတ် ထဲ မှာ ကြိုပြီး မြင်ယောင် နေတယ် စိုးရှား ...”


စိုးရှား က ခေါင်း ကို ခါယမ်းလိုက်သည် ။


ကျွန်တော် က အဲသည်လောက် မြန်မာရုပ်ရှင်ကား ဆန်မယ့်ကောင် မဟုတ်ဘူး ... ဟု ပြန် ပြော ချင်သော်လည်း မပြောဖြစ် ။


ဂီတသံများ ရောင်စုံမီးအလင်းရောင်များ ဖြင့် တဖျတ်ဖျတ် တောက်လောင်နေသည့် ညပွဲဈေးတန်း ကို သူ ငေး ကြည့် နေမိသည် ။ သူ့ ကို အနိုင် ယူသွားသည့် စစ်သူရဲကောင်းမ က တော့ တစ်နေရာရာ မှာ အောင်ပွဲ ခံလျက် မြူးတူး ပျော်ပါး နေပေလိမ့်မည် ။


သူ ကောင်းကင် ကို မော့ ကြည့်လိုက်၏ ။


ကြယ်တွေ ပင် လျှင် တိတ်တိတ်ကလေး အိမ် ကို ပြန်ကြပြီ ။


ပွဲတော် ည သည် မေးခွန်းပုစ္စာတစ်ပုဒ် နှင့် တူ နေလေသည် ။


(မင်းခိုက်စိုးစန်)


#ကိုအောင်နိုင်ဦး

No comments:

Post a Comment