အခန်း ( ၈ )
စိုးရှား က ဧည့်ခန်း ထဲ ရှိ နှစ်ယောက်ထိုင် ဆိုဖာ ပေါ် တွင် ပက်လက် လှဲရင်း ဟိုဟိုဒီဒီ လျှောက် စဉ်းစား
နေမိသည် ။
••••• ••••• ••••• •••••
လူ မှန်လျှင် တိတ်တိတ်ပုန်း ကိစ္စ နဲ့ ဘယ် ကင်းမလဲ ။
( အနည်းဆုံး တိတ်တိတ်ပုန်းတော့ အပျင်း ထူ ဖူးကြတဲ့ လူတွေချည်းပဲ ) ဒါပေမယ့် လူ အတော်များများ သည်
အဲဒီလို ကိစ္စမျိုးတွေ ကို ဖုန်းဖိ ထားချင်ကြသည် ။ လူရှေ့သူရှေ့ ကျ လျှင် ခပ်တည်တည်ကြီးတွေ နေ ပဲ နေ တတ် လွန်း
ကြသည် ။
တကယ် ဆိုလျှင် လူ မှန်လျှင် ကိုယ်တုံးလုံး နေခဲ့ကြဖူးတာချည်းပဲ မဟုတ်လား ။ အခုမှ ပြန် ပြောလျှင်
ဘာဖြစ်လို့ ရှက် နေရမှာလဲ ။
စိုးရှား က တော့ လူတွေ ကို အံ့ပဲ အံ့ဩ မိသည် ။ ပြီတော့ တစ်ယောက် တည်း ကျိတ်ပြီး ရယ်မော မိလေသည် ။
••••• ••••• ••••• •••••
လူ တွေ ဟာ ကိုယ့် ကိုယ် ကိုယ် သိပ်ပြီး ခြောက်ပစ်ကင်း သဲလဲစင် တွေ ဖြစ်ချင် ကြတယ် ။ လူကောင်းကလေး
တွေ လူတော်ကလေးတွေ သိပ်ဖြစ်ချင် ကြတယ် ။ အချီးကျူးခံချင် ကြတယ် ။ အရိုအသေပေး ခံချင်ကြတယ် ။
လောကဇာတ်ခုံ ပေါ် မှာ ကိုယ့် ကိုယ် ကိုယ် ပဲ ဇာတ်လိုက် လို့ ထင် နေကြတယ် ။ ကျန်တဲ့ လူ့ အဖွဲ့အစည်း
တစ်ခုလုံး ကတော့ သူ့ ကို လက်ခုပ် တီးပေး ဖို့ ပရိတ်သတ် ... သူ့ ကို ဗဟို ပြုပြီး ရှင်သန် ပေးမယ့် ဇာတ်ပို့ဇာတ်ရံ
တွေ ပဲ လို့ စိတ်ကူး ယဉ် ချင်ကြတယ် ။
ကိုယ့် ဘာသာ သတ်မှတ်ပစ်လိုက် တဲ့ နေရာ တစ်ခု ခုမှာ ကိုယ့် ကိုယ် ကိုယ် အကောင်ကြီးကြီး လို့ ယူဆ ပစ်လိုက် တတ်ကြတယ် ။ နောက်ဆုံး ကိုယ် က နိမ့်ကျ နေတာ ကို ငြင်း မရရင် တောင် ' ငါ က အမှန်တရား ကို မြတ်နိုး
ဖက်တွယ် နေလို့ မသမာတဲ့ လောကကြီး ရဲ့ နင်းပြား ဘဝ ရောက် နေတာ ' ဆိုတဲ့ တောပြဇာတ် က ခပ်ညံ့ညံ့ မင်းသား
အိုက်တင် မျိုး လုပ် တတ်ကြသေးတယ် ။
လူတွေ ဟာ အဲဒီလို ပြဇာတ် က ဖို့ အတွက်များ ဒီလောက်တောင် ကြိုးစားပမ်းစား အလုပ် လုပ် နေကြတာလား
ဟင် ...
••••• ••••• ••••• •••••
စိုးရှား ကတော့ သူ့ စိတ် ထဲ မှာ တကယ် ကို နှစ်နှစ်ကာကာ လုပ်ချင် စိတ် ရှိသော အလုပ်မျိုး ကို သာ လုပ်မည် ဟု
ဆုံးဖြတ် ထား၏ ။
သူ ရွေးချယ်သော အလုပ် သည် မြန်မာပြည် မှာ တခြား ဘယ်သူ မှ မလုပ်သော အလုပ် လည်း ဖြစ်ချင်
ဖြစ်မည် ။ ကဲ့ရဲ့လှောင်ပြောင် ရယ်မောစရာ အူကြောင်ကြောင် လည်း ဖြစ်ချင် ဖြစ် နေပေလိမ့်မည် ။
သို့သော် သူ ကတော့ လုံးဝ ဂရုစိုက်လိမ့်မည် မဟုတ်ပါ ။ အခု လူတွေ အားလုံး အသားတကျ ဖြစ်နေသည့်
အလုပ်အကိုင် ဟောင်း တွေ အားလုံး သည် ယခင်တုန်း က မည်သူမျှ မလုပ်ရဲသဖြင့် စွန့်ဦးတီထွင် ခဲ့ရသော လုပ်ငန်း
အသစ်တွေ ဖြစ် ခဲ့ဖူးသည် မဟုတ်လား ။
ထို့ကြောင့် သူ ' ကဗျာဆိုင် ' ဖွင့်ဖို့ ဆုံးဖြတ် လိုက်သည် ။
မြန်မာပြည် မှာ တော့ ဘယ်သူမှ မလုပ်သေး ။ သို့သော် သူ လန်ဒန် သို့ ရောက်စဉ်တုန်းက တော့
သိမ်း မြစ်ကမ်း ဘေး တွင် ကဗျာဆိုင်လေး တစ်ဆိုင် တွေ့ခဲ့ဖူးသည် ။
ကဗျာဆရာ က စားပွဲခုံလေးတစ်လုံး မှာ အေးအေးဆေးဆေး စာဖတ်ရင်း စိတ်ကူးရင်း စောင့် နေရုံပင် ။
ဝယ်ချင်သူ ( များသောအားဖြင့် ကမ္ဘာလှည့်ခရီးသည် တွေ က အမှတ်တရ ဝယ်ကြတာ များသည် ) မည်သူမဆို
တစ်ယောက် ယောက် က ကြိုက်ရာ စကားလုံး တစ်လုံး ရွေးချယ်ကာ ကဗျာဆရာ ကို ပြောရသည် ။
အများအားဖြင့်တော့ Birthday ( မွေးနေ့ ) Lover's Gift ( ချစ်သူ့လက်ဆောင် ) အစရှိသော စကားတွေ ကို
ရွေးချယ်ကြတာ များ သည်ကို တွေ့ရ၏ ။ ကဗျာဆရာ က ဝယ်သူ ရွေးချယ်သော စကားလုံး နှင့် ပတ်သက်သည့်
အကြောင်းအရာ ကို ကဗျာ စပ်ပေးသည် ။
အချိန် လည်း သိပ် မကြာ ။ စာလုံး ရွေးကာ ပေး ထားခဲ့ပြီး လည်စရာ ပတ်စရာ နေရာများကို သွားရောက်
ကြည့်ရှု ရင်း တစ်နာရီ ခန့် ကြာပြီးနောက် ပြန်လာသည့် အခါ ( တစ်ကမ္ဘာလုံး တွင် မိတ္တူ မရှိသော ) မိမိ အတွက် သီးသန့်
တစ်ပုဒ် တည်း ဖြစ်သည့် အမှတ်တရ ကဗျာ တစ်ပုဒ် ကို ရနိုင်မည် ဖြစ်သည် ။
စိုးရှား က အဲသည် စိတ်ကူးလေး ကို သဘော ကျသည် ။
အဲသည်လိုမျိုး လုပ်ကြည့်မည် ဟု စိတ်ကူးပြီး နေရာ
ရွေးသော အခါ သူ့ ဦးလေး ဦးစောဝင်း ၏ သူငယ်ချင်း ဖြစ်သူ ကိုနေမျိုး ၏ မစ္စတာဂစ်တာ ကဖေးဆိုင် ကို မျက်စိ ထဲ ပေါ်
လာ၏ ။
ထို့ကြောင့် သူ့ ဦးလေး ကို ပြော ခိုင်းသောအခါ ဦးစောဝင်း က ...
“ ဟာ ... မင်း ဟာ က အဓိပ္ပါယ် မရှိပါဘူးကွာ ... ကဗျာ ဆိုတာ သိပ် မြင့်မြတ်နက်ရှိုင်းတဲ့ အနုပညာ ကွ ၊ ဒါကို
လမ်း ဘေး မှာ ချ ရောင်းလို့ ရမလား ... ဝယ်တဲ့ သူ က အပ်တိုင်း ရေးလို့ ရင် ထဲ က ထွက် မတဲ့လား ... ပေါက်ကရ ကွာ
... ”
စိုးရှား က ပြုံး လိုက်သည် ။ ထိုနောက် ...
“ ဦးလေး ပြောသလိုပဲ တစ်ချို့လူတွေ ကလည်း ပြောကြပါတယ် ၊ အနုပညာ ကို ကိုးကွယ်စရာ ရုပ်တု တစ်ခု လို
ဖြစ်အောင် လုပ် နေကြတဲ့ လူတွေပေါ့ ၊ အဲဒီလို ပြောတဲ့ ထဲ က တစ်ချို့ကျတော့ လည်း အနုပညာရှင် ဆိုတဲ့ ခေါင်းစဉ်
တပ်ပြီး အကိုးကွယ်ခံ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ချင် ကြတာကိုး ၊ ရိုးရိုးပဲ တွေးပြီး ရိုးရိုးပဲ နေစမ်းပါ ဦးလေး ရာ ... ကဲ ဦးလေး
ပြောသလို အနုပညာ မဟုတ်တော့ရော ဘာ ဖြစ်သေးလဲ ... အမှတ်တရ ပစ္စည်း တစ်ခုခု လုပ် ရောင်းတယ် လို့ ပဲ သဘော ထားပေါ့ ... မဟုတ်ဘူးလား ... ”
“ ပြီးရောကွာ ... ပြီးရော ... မင်း သဘောပဲ ... ”
နောက်ဆုံး ဦးစောဝင်း က လက်လျှော့ပြီး မစ္စတာဂစ်တာဆိုင်ပိုင်ရှင် နှင့် ညှိ ပေးသည် ။ အဆင်ပြေသွား၏ ။
အစပိုင်း မှာ တော့ လူတွေက သူ့ကို အထူးအဆန်း တစ်ခု လို ကြည့် ကြသည် ။ ငပေါငကြောင် တစ်ယောက် လို
ထင်မြင်ချက် ပေးကြသည် ။
သို့သော် စိုးရှား ကတော့ လုံးဝ ဂရုမစိုက် ။
လူ ဆိုသည် မှာ နာမည် ကြီး ဖို့ မလို ။ လူ အထင်ကြီး ခံရသော ဂုဏ်ဒြပ်များ ၊ ရာထူး အလုပ်အကိုင်များ လည်း
ရှိဖို့ မလိုပါ ။
လူ ဆိုတာ ရိုးရိုးကလေး အသက် ရှင်သန်နေခွင့် လည်း ရှိသည် မဟုတ်လား ... ။
••••• ••••• ••••• •••••
စိုးရှား က ဆိုဖာ ပေါ် လဲလျောင်းရင်း စဉ်းစား နေရာ မှ ဧည့်ခန်း ထဲ သို့ တစ်စုံ တစ်ယောက် ဝင် လာသံ
ကြား ရသဖြင့် ဆတ်ခနဲ ထ ကာ ခေါင်းထောင် ကြည့် လိုက်သည် ။
သူ့ အံ့ဩ သွား၏ ။
ဝင် လာသူ က အသက် လေးဆယ်ကျော် ခန့် ပိန်ပိန်ပါးပါး နှင့် ကိုယ်ခန္ဓာ သေးသေးသွယ်သွယ် လူ တစ်ယောက်
ဖြစ်သည် ။
အသား ဖြူ ပုံ ကလည်း တစ်ကိုယ်လုံး သွေး တစ်စက် မှ မရှိ ဟု မှတ်ရထင်ရ လောက်အောင် ဖြူဖပ်ဖြူရော်
ဖြစ် နေ၏ ။ ( သို့သော် သွေးပြန်ကြော စိမ်းစိမ်းတွေ ကတော့ လက်နှစ်ဖက် စလုံး မှာ ထင်းထင်း ပေါ် နေသည် )
နှုတ်ခမ်း နှင့် ပါးပြင် တစ်ဝိုက်မှာ မရိတ်မညှပ် ဘဲ ဖြစ်သလို ထားသော နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး အစအန
တွေ ထိုးထိုးထောင်ထောင် နှင့် ။ ဆံပင်တွေ က လည်း တွန့်လိမ်ကောက်ကွေး ကာ ရှည်လျားပြီး ရှုပ်ပွ နေ၏ ။
ပါးရိုးတွေ ငေါ ထွက်နေလောက်အောင် ပိန်ချုံး နေသော ထိုသူ ၏ မျက်နှာ ပေါ် မှာ ထင်ရှားသည့် အရာ
နှစ်ခု သာ ရှိသည် ။ တစ်ခု က ပါဝါ ထူထဲ လှသော မျက်မှန် အောက် က ရီဝေသည့်မျက်လုံးများ ဖြစ်ပြီး နောက် တစ်ခု က
နီရဲပြီး ရှည်လျားသည့် နှုတ်ခမ်းများ ဖြစ်သည် ။
ထို သူ ကား အဆိုတော် သျှပ်မှူးအိမ် ။
ကက်စက်ခွေ ပိုစတာများ ဆိုင်းဘုတ်များ နှင့် မဂ္ဂဇင်းစာမျက်နှာ တွေ ပေါ် မှာ ခဏခဏ မြင် ဖူး နေသဖြင့်
စိုးရှား ချက်ချင်း သိ လိုက်သည် ။ သူ လဲလျောင်း နေရာ မှ ကမန်းကတန်း ထ ဖြစ်၏ ။
ကိုသျှပ်မှူးအိမ် က ...
“ ကိုစောဝင်း ရှိလား ...”
လေသံ တိုးတိုးဖြင့် မေးသည် ။ မျက်လုံးတွေ က လည်း စိုးရှား ကို ကြည့် မနေသလိုပင် ။ အမူအရာ က လည်း
မထုံတက်တေး ဟန်မျိုး ။
စိုးရှား က ...
“ ရှိပါတယ် အစ်ကို ... နေ့လည် ကတည်း က ပြန် လာပြီး အခန်း ထဲ မှာ အိပ် နေတယ် ”
ဟု တရိုတသေ ပြန် ဖြေလိုက်မိ၏ ။
ဘာကြောင့် ရိုရိုကျိုးကျိုး ဖြစ်နေ မိသလဲ ဆိုသည် ကို တော့ စိုးရှား ကိုယ်တိုင် သူ့ ဘာသာ သူ မသိ ။
တစ်ခု တော့ ရှိသည် ။ အနုပညာရှင် ဆိုသည် ကို အယုံအကြည် မရှိသော စိုးရှား ၏ ရင်ထဲ မှာ နှစ်သက် ကြည်ညို
သည့် အနုပညာရှင် ဟူ၍ မြန်မာပြည်တွင် လက် ဆယ်ချောင်းစာ ပင် မပြည့် ။
အဲဒီ အထဲ က မှ ထူးထူးခြားခြား တစ်ယောက် က အဆိုတော် သျှပ်မှူးအိမ် ။
အခု ထို သူ့ ကို မထင်မှတ်ထားဘဲ ဘွားခနဲ တွေ့ လိုက်ရခြင်းကြောင့် အလိုလို ရင် ထဲ က ညွှတ် ကျ သွားခြင်း
ဖြစ် နိုင်သည် ။
နောက် တစ်ချက် က ထို သူ ၏ ရိုးစင်းလွန်းသော စတိုင် ကြောင့်လည်း ဖြစ်သည် ။ နာမည်ကြီး အဆိုတော်
တစ်ယောက် နှင့် လုံးဝ မတူ ။ အရောင်အသွေး လွင့် နေသော ချည်လုံချည်နွမ်းနွမ်းကလေးနှင့် အပြာရောင် လွင့်ပြယ်
နေသော ဂျင်းဂျာကင် တစ်ထည် ကို တံတောင်ဆစ် အထိ ရောက်အောင် လက် ခေါက် ပြီး ဝတ်ထား၏ ။
ဒါပဲ ဖြစ်သည် ။
သူ သီဆိုခဲ့သော သီချင်း ထဲ မှ ဗင်းဆင့်ဗန်ဂိုး ၏ ဝိညာဉ် ကို သူ့ မျက်မှန်ထူထူ အောက် က မျက်ဝန်းညိုညို
တွေ ထဲမှာ တွေ့ လိုက်ရသလို အောက်မေ့ မိလေသည် ။
••••• ••••• ••••• •••••
ကိုသျှပ်မှူးအိမ် က ဦးစောဝင်း ၏ အိပ်ခန်း ထဲ သို့ ဝင် သွားလိုက်သည် ။ ခုတင် ပေါ် တွင် စောင် ကို ခေါင်းမြီး ခြုံ
ပြီး အိပ်နေသော ရတနာပုံစောဝင်း ကို တွေ့ လိုက်ရ၏ ။
ထို့ကြောင့် ကိုသျှပ်မှူးအိမ် က
“ ဟေ့လူ ... ဒါရိုက်တာ ထ ဗျာ ... နေ့ခင်းကြောင်တောင်ကြီး ဘာဖြစ်လို့ အိပ် နေတာလဲ ...”
စောင်ခြုံ အောက် မှ ဦးစောဝင်း က လေသံ မပွင့်တပွင့် ဖြင့် ...
“ ဟင် ... ကိုသျှပ် လား ...”
“ အင်း ... ခင်ဗျား ဆီ က အနှစ် နှစ်ဆယ် ငယ် တဲ့ ဆေး သောက်ချင်လို့ လာ တာ ၊ ဟေ့ လူ ... ထလေဗျာ ...
ဘာလို့ စောင်ကြီး ခေါင်းမြီး ခြုံထားရတာလဲ ...”
ကိုသျှပ်မှူးအိမ် က ပြောပြောဆိုဆို ဖြင့် ဦးစောဝင်း ၏ ခေါင်းပိုင်း ကို အုပ်လွှမ်းထားသည့် စောင် ကို အတင်း
ဆွဲခွာ လိုက်ရာ ...
“ ဟင် ...”
စောင်ခြုံ အောက် မှ ဦးစောဝင်း ၏ ဦးခေါင်း က ဘွားခနဲ ပေါ် လာ၏ ။
ဘယ်လိုမှ မြင်ရက်စရာ မရှိ ။
ဦးစောဝင်း ၏ ခေါင်း မှ တိုနံ့နံ့ ဆံပင်တွေ အားလုံးသည် ကပ္ပလီ လို အကြည့်ရ ဆိုးစွာ ကောက်ကွေးတွန့်လိမ်
နေကြ၏ ။ ဒါတင် မကသေး ... အလွန် တောက်ပသော ရွှေရောင် ဆိုးထားသဖြင့် ပြောင်လက်လက် ကြောင်စီစီ ဖြစ် နေ
လေသည် ။
အသက် ငါးဆယ်ခန့် ဝမ်းဗိုက် စူစူ အသားမည်းမည်း လူကြီး တစ်ယောက် အဖို့ ကား ဒီလို တိုနံ့နံ့ ရွှေရောင်
ဆံပင် ကောက်တိကောက်လိမ် ကြောင့် ကပ္ပလီအရူးမကြီး တစ်ယောက် နှင့် တူ နေလေသည် ။
ကိုသျှပ်မှူးအိမ် က ...
“ ဟေ့ ... ဒါရိုက်တာ ခင်ဗျား ဘာ စိတ်ကူး ပေါက်ပြီး လျှောက် လုပ်ထားတာလဲ ၊ ကျက်သရေ မရှိ လိုက်တာဗျာ
...”
ဟု သုန်သုန်မှုန်မှုန် ဖြင့် ပြော၏ ။ ဦးစောဝင်း က လင်ငယ် နှင့် အမိ ခံရသော မိန်းမ ကဲ့သို့ မဝံ့မရဲ အသံလေး
ဖြင့် မြနဒီ အကြောင်း ပြောပြရှာ၏ ။
အဲသည်တော့ မှ ပိုပြီး အဆဲ ခံရတော့သည် ။ ကိုသျှပ်မှူးအိမ် က ပျစ်ပျစ်နှစ်နှစ် ဆူပူကြိမ်းမောင်းရင်း ...
“ မိန်းမ တစ်ယောက် ကြပ်ပေးတိုင်း မစဉ်းမစား လျှောက်လုပ်ရအောင် ခင်ဗျား မှာ အသိ ဉာဏ် တစ်စက်
ကလေး မှ မရှိတော့ ဘူးလား ဟင် ...”
“ မဟုတ် ... မဟုတ်ဘူးလေ .. ကိုသျှပ် ရဲ့ ... ဟိုဒင်း အချစ် စိတ် က အဲ ...”
“ ဘာ ... အချစ်လဲ ... ဒါအချစ်မဟုတ်ဘူးဗျ ... မွှန်တာ ... အရူး ထ တာ ...”
ဦးစောဝင်း ကတော့ မျက်လုံးလေး ပြာလတွတ် ပြာလတွတ် စကား ထစ်တီးထစ်အ နှင့် ဘာပြန်ပြောရမည်မှန်း
မသိ ။ နောက်ဆုံး အဆူ ခံရတာ သက်သာ လို သက်သာ ငြား ရေခဲသေတ္တာ သွား ဖွင့်ပြီး ဇေယျဝတီစက်ရုံ ထုတ်
ဘီးအီးဒီစီ အရက်ဖြူစစ်စစ် တစ် ပုလင်း ထုတ် လာကာ ...
“ ဟဲ ... ဟဲ ... ဒီမှာ ကိုသျှပ် အတွက် အနှစ် နှစ်ဆယ် ငယ် တဲ့ ဆေး ...”
ကိုသျှပ်မှူးအိမ် က နိုင်ငံခြားဖြစ် ဝီစကီတွေ ထက် အရက်ဖြူစစ်စစ် ကို ပိုပြီး သဘောကျပုံ ရ၏ ။ သူ အသက်
နှစ်ဆယ် အရွယ် လောက် တုန်း က စပြီး မြည်းစမ်း နှစ်လိုခဲ့ဖူးသော ယမကာ အမျိုးအစား ပြန်တွေ့တိုင်း အသက်
နှစ်ဆယ် ခန့် ပြန် ငယ်သွား သလို ခံစားရသည့်ဆေး ဟု လွမ်းဆွတ်တသစွာ အမည် တပ်ထားခြင်း ဖြစ်သည် ။
ဦးစောဝင်း က စိုးရှား ကို လှမ်းခေါ်ရင်း ကိုသျှပ်မှူးအိမ် နှင့် မိတ်ဆက်ပေးသည် ။
“ ကိုသျှပ် ဒါ ကျွန်တော့် တူလေ ... မန္တလေး မှာ နေတဲ့ ကျွန်တော့် အစ်မ ရဲ့သား ပေါ့ ... ဒီကောင် အိမ်ပေါ် က
ဆင်း လာပြီး ကျွန်တော် နဲ့ လာ နေနေတာ ...”
“ ဪ ... ဪ ...”
ကိုသျှပ်မှူးအိမ် က စိုးရှား ကို ကြည့်သည် ဆိုရုံ တစ်ချက်မျှ ဖျတ်ခနဲ လှမ်းကြည့်ပြီး ' ဪ ... ဪ ' ဟု သာ
မပွင့်တပွင့် ရေရွတ်သည် ။ ဘာမှ မပြော ။ တစ်စုံတစ်ရာ ကို တွေး နေသလိုမျိုး ငြိမ်သက် နေ၏ ။
ဦးစောဝင်း က ...
“ ဒီကောင် အခု မစ္စတာဂစ်တာ မှာ ' ကဗျာဆိုင် ' ဆိုပြီး ဖွင့် နေတယ်လေ ...”
ကိုသျှပ်မှူးအိမ် က တော့ ဘာ စကား မှ မပြော ။ ကြည့်လည်း မကြည့် ။ ဦးစောဝင်း က သာ ဆက်ပြီး ...
“ ကျွန်တော့် တူ က စာတော့ အတော် ဖတ်တာဗျ ... ဉာဏ်လည်း ကောင်းတယ် ၊ ဒါပေမယ့် ဘာအလုပ် မှ
ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဘူး ၊ ဒီကောင် ငပျင်း ဗျ ...”
ကိုသျှပ်မှူးအိမ် က တော့ စောစောက လိုပင် တုံဏှိဘာဝေ ။ နှုတ်ဆိတ်လျက်သား တစ်စုံတစ်ရာ ကို
တွေး နေဟန် ရှိ၏ ။ ဦးစောဝင်း က ...
“ ကျွန်တော် ဒီကောင့် ကို ခဏခဏ ပြောတယ် ... ကိုသျှပ်ရဲ့ ... ကျွန်တော့် အကူအညီ အဆက်အသွယ်
တွေ လည်း ရှိတာပဲ ဥစ္စာ ၊ ရုပ်ရှင်လောက ထဲဖြစ်ဖြစ် စာပေနယ်ထဲ ဖြစ်ဖြစ် တစ်နေရာရာ မှာ ဖြစ်ထွန်းအောင် လုပ်ပါ
လား ဆိုတော့လည်း မဟုတ်ဘူး ၊ ဒါလည်း မလုပ်ချင်ပြန်ဘူး တဲ့ ...”
ဦးစောဝင်း ၏ စကား အဆုံး တွင် ကိုသျှပ်မှူးအိမ် က သူ့ လက် ထဲ မှ တစ်ဝက်တစ်ပျက် ငြှိမ်းသတ်ထားသော
စီးကရက်တို ကို မီးညှိဖွာရှိုက်လိုက်သည် ။
မီးခိုးငွေ့တွေ က လွင့်လွင့်မျောမျော ဝေ့ဝဲ သွားကြ၏ ။
အချိန် များ စွာ ကုန်ဆုံးလောင်ကျွမ်းသွား သည် အထိ ဟိုး အဝေးကြီး ကို ကိုသျှပ်မှူးအိမ် ငေးကြည့် နေသည် ။
ပြီးတော့မှ သူ ၏ သီချင်း ဆို သံ လို စွဲမက်ဖွယ် ကောင်းသော တိုးတိုးရှရှ အသံ ဖြင့် ...
“ ကိုယ် လုပ် ချင်တာ ကို လုပ် နေရတဲ့ သူ ဟာ သခင် ပဲ ၊ ပိုက်ဆံ လိုချင်လို့ ကိုယ် မလုပ်ချင်ပဲ လုပ် နေရတယ်
ဆိုရင် တော့ ကျွန် ပဲ ...”
ထို စကား ပြော ပြီးတော့ အဆုံး မသတ်သေး သလို ခဏ ရပ် ထားသည် ။ ပြီးတော့မှ သူ ဆက် ပြောသည် ။
“ အနုပညာ လောက ထဲ မှာ လည်း ကျွန် လူတန်းစား ရှိ တာပဲ ...”
••••• ••••• ••••• •••••
စိုးရှား အတွက် တော့ ကိုသျှပ်မှူးအိမ် ထံ မှ လေးလေးနင့်နင့် ပြော စကား ကို ကြား ရသည် မှာ အဲသည်
တစ်ကြိမ် သည် ပထမဆုံး နှင့် နောက်ဆုံးအကြိမ် ပင် ဖြစ်သည် ။ ( နောက်ပိုင်း တွင် အနုပညာအကြောင်း နှင့် ပတ်သက်
လျှင် သူ သိပ်ပြီး နက်နက် မပြောတော့ပါ )
ကိုသျှပ် က စကား များများ ပြောတတ်သူ မဟုတ် ။ သူ တွေး နေမည် ။ သူ လွင့်မျော နေမည် ။ သို့မဟုတ် သူ
နားထောင် နေမည် ။ ဒါပဲဖြစ်သည် ။
ခင်မင်သွားကြပြီး သည့် နောက်ပိုင်း တွင် နေ့လည်နေ့ခင်း အား နေသည့် အခါများ၌ ကိုသျှပ် နှင့် အတူ
မဂ္ဂဇင်းတိုက်များ သို့ စိုးရှား လိုက်သွားလေ့ ရှိသည် ။ အများဆုံး သွားတတ်ကြသည် က လမ်း ( ၃ဝ ) တွင် ရှိသော
သရဖူမဂ္ဂဇင်းတိုက် သို့ ဖြစ်၏ ။
အဲဒီ မဂ္ဂဇင်းတိုက် တွင် ဆရာဇော်ဇော်အောင် ၊ သစ္စာနီ ၊ မောင်မောင်ဇေယျ ၊ ငြိမ်းအေးအိမ် တို့လို
စာရေးဆရာတွေ က ကြမ်းပြင် ပေါ် ဝိုင်းဖွဲ့ ထိုင်လျက် မော်ဒန် ၊ ပို့စ်မော်ဒန် အနုပညာအ ကြောင်း နာရီပေါင်း များစွာ
ကြာအောင် ပြော တတ်ကြသည် ။
အဲသည်လို အခါတွင် လည်း ကိုသျှပ် ကတော့ ထောင့် တစ်ထောင့် တွင် နံရံ ကို ခွေခေါက်မှီကာ ငြိမ်သက်စွာ
ထိုင်ပြီး စာရေးဆရာတွေ ပြော သမျှကို အာရုံစူးစိုက် ကာ နားထောင် နေတတ်၏ ။ ရံဖန်ရံခါ ကဗျာဆရာ
သီချင်းရေးဆရာ ကိုမြင့်မိုးအောင် လည်း လာ တတ်၏ ။ ( သူ က လည်း ကိုသျှပ် လိုပင် အသားဖြူဖြူ ခန္ဓာကိုယ်
သေးသေး နှင့် ဝါးပင် လို သွယ်သွယ်ကိုင်းကိုင်း ဖြစ်၏ )
ကိုမြင့်မိုးအောင် က မှ စကား ဝင် ပြောသေးသည် ။ ကိုသျှပ်
ကတော့ နားထောင်သူ သက်သက် ။
တစ်ခါတစ်လေ သရဖူမဂ္ဂဇင်းတိုက် ကို ရောက်သည် နှင့် ကိုသျှပ် က ရေချိုးခန်း ထဲ သို့ တန်း ဝင် သွားတတ်
သည် ။ နောက် အတော်ကြာ မှ ပြန်ထွက်လာပြီး ထပ်ခိုး ပေါ် တက် ကာ ဇဉ်ဦး တို့ ၊ ကိုကြွက်နီ တို့ ကွန်ပျူတာ စာစီ
သည့် ဘေး ၊ ရှုပ်ပွ နေသည့် စာအုပ်ပုံ ကြား မှာ မဂ္ဂဇင်း သုံး လေး အုပ် ကို ခေါင်းအုံး ပြီး ကွေးကွေးကလေး အိပ်ချင် အိပ်နေ
တတ်လေသည် ။
သူ ၏ အာရုံငါးပါး အပြင်ပ တွင်ရှိသော နယ်မြေသစ် ထဲ မှာတော့ သူ သီဆို ချင်သော သီချင်းတွေ ၊ သူ ဖွဲ့ချင်
သော ကဗျာတွေ ကို ဖန်တီးနေပေလိမ့်မည် ။
“ အနုပညာသမား ဆိုတာ ဘာလဲ ”
စိုးရှား အဲသည် မေးခွန်း ကို ခဏခဏ တွေး ကြည့်ဖြစ်သည် ။ အဲသည် မေးခွန်း ကို မေးပြီးတိုင်း လည်း
ကိုသျှပ်မှူးအိမ် ၏ မျက်နှာ က သာ စိတ် ထဲ မှာ ဖျတ်ခနဲ ပေါ် လာတတ်၏ ။
“ အနုပညာသမား ဆိုသည် မှာ ' လူ ' သာ ဖြစ်သည် ”
သူ တကာ ထက် ပိုပြီး ဘုန်းတန်ခိုး ကြီးမားနေသူများ လည်း မဟုတ် ။ လူ သတ္တဝါတွေ ကို ကယ်တင်နေကြ သူ
များလည်း မဟုတ် ။
ကမ္ဘာကြီး တစ်ခုလုံး ကို သူတို့က ချည်း ထမ်းပိုး သယ်မ ထားရသလို အိုက်တင်မျိုး ဖြင့် သူတို့ ကိုယ် သူတို့
တန်ဖိုး ကြီး သယောင် ပဲ များ နေကြသူတွေ မဟုတ် ။
“ ပရိသတ်တွေ ကို ပေးဆပ်ရမယ် ... ပေးဆပ်ရမယ် ...”
ဟု ဘယာကြော်ကုလား ဈေး ရောင်း သလို တစာစာ အော်ဟစ်ပြီး ကိုယ့် ဘာသာ ကိုယ် ' ကျေးဇူးရှင်ကြီး ' ဖြစ်
အောင် ဇွတ် လုပ်နေသူများ လည်း မဟုတ် ။
သျှပ်မှူးအိမ် ကို အနုပညာသမား တစ်ယောက် အဖြစ် သူ စတင် ထိတွေ့ခဲ့ရသည် ။
သို့သော် သည့် နောက်မှာ
တော့ ...
' လူသား ပီသသော လူသား တစ်ယောက် ' အဖြစ် သူ လေးစား ခဲ့ရခြင်း ဖြစ်လေသည် ။
••••• ••••• ••••• •••••
မိုး ချုပ်ကာစ တစ်ည ကို သူ မှတ်မိသေးသည် ။
( ၃၃ ) လမ်း ထဲ ရှိ စတိုင်သစ်မဂ္ဂဇင်းတိုက် ဧည့်ခန်း ကျဉ်းကျဉ်းလေး ထဲ တွင် ဖြစ်သည် ။ အဲသည် ည က
ကိုသျှပ် နှင့် စကားဝိုင်း ဖွဲ့နေသူတွေ က စတိုင်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် အောင်စိုးသူ နှင့် ပို့စ်မော်ဒန် စာရေးဆရာ
ဆို သူ အသားမည်းမည်း လူငယ် တစ်ယောက် တို့ ဖြစ်ကြသည် ။
ကိုသျှပ် က စီးကရက် ဖွာရင်း တွေတွေငေးငေး ဖြင့် ...
“ ပို့စ်မော်ဒန် စာရေးဆရာတွေ နဲ့ Realism ဘက် က စာရေးဆရာတွေ ကို မျက်နှာချင်းဆိုင် ပေးပြီး အေးအေး
ဆေးဆေး အချိန် ယူ ဆွေးနွေးလို့ ရအောင် စီစဉ်ပေးလို့ ရရင် ကောင်းမယ် ၊ ကျွန်တော် ဘာပဲ လုပ်ပေးရ လုပ်ပေးရ ...”
အခန်း ထဲ မှာ လျှပ်စစ်မီးရောင်မရှိ ။ ဖယောင်းတိုင် တစ်တိုင် တည်း ကို သာ ထွန်းညှိ ထားသဖြင့် အလင်းရောင်
က ဝါကျင့်ကျင့် မှုန်ဝါး နေသည် ။
စကားသံတွေ က ပြန်လည် တိတ်ဆိတ်သွား၏ ။
ကိုသျှပ် ၏ မျက်လုံးတွေ က ဝေရီ နေသည် ။ သူ့ အတွေးစတွေ က လည်း အနက်ရောင်ပင်လယ် ထဲ မှာ တစ်စစီ
ကွဲကြေ လွင့်ပျံ့မျော နေပုံ ရ၏ ။
အချိန် ကြာမြင့်စွာ တိတ်ဆိတ် နေကြပြီး မှ ကိုသျှပ် က ရုတ်တရက် ဘာ စိတ်ကူး ပေါက်သွားသည် မသိ ။
သူ့ ဂျင်းဂျာကင်အိတ် ထဲ မှ ဓာတ်ပုံတစ်ပုံ ကို ဖျတ်ခနဲ ဆွဲထုတ် ပြလိုက်ပြီး စိုက် ကြည့်သည် ။ ထို့နောက် စားပွဲ ပေါ် သို့
ဓာတ်ပုံ ကို ချပြရင်း ...
“ ကြည့်ပါဦး ဗျာ ... ချစ်စရာ မကောင်းဘူးလား ၊ ဒါ ကျွန်တော့် သမီးလေး လေ ...”
ဓာတ်ပုံ ထဲ မှ ကလေးလေး ပြုံးရယ် နေသလိုမျိုး ကိုသျှပ် ၏ မျက်နှာ က လည်း ကြည်နူးရီဝေသော အပြုံး တစ်ခု
နှင့် ... ။
အဲဒါကို ကြည့်ပြီး စိုးရှား ၏ ရင် ထဲ တွင် အမျိုးအမည် မသိသော ဆွတ်ပျံ့မှု တစ်ခု ကို ခံစားရလေသည် ။
••••• ••••• ••••• •••••
စာရေးဆရာကြီးမြသန်းတင့် ကွယ်လွန်ပြီး အသုဘ ချသည့်နေ့ က ကိုသျှပ် ၏ ဆလွန်းကားအဖြူလေး ဖြင့်
စိုးရှား အသုဘ လိုက်ပို့ဖြစ်သည် ။
ကား ပေါ် တွင် သူ နှင့် ကိုသျှပ် နှစ်ယောက် တည်း ။ တစ်လမ်းလုံး တစ်ယောက် နှင့် တစ်ယောက် စကား လည်း
တစ်ခွန်း မှ မပြောဖြစ်ကြ ။ ရေဝေးသုဿန် ရောက်တော့ အသုဘ ရှု ဖို့ ပြင်ဆင် ထားပြီးနေပြီ ။ လူတွေ က ရှုပ်ယှက်ခတ်
နေကြသည် ။ အလုပ် များနေကြသည် ။ ဆူညံပွက် နေကြသည် ။ ယောက်ယက်ခတ် နေကြသည် ။
ကိုသျှပ် က တော့ ခပ်ဝေးဝေး က နေ၍ သာ ဆရာမြသန်းတင့် ၏ ရုပ်ကလာပ် ကို ငြိမ်ငြိမ်ဆိတ်ဆိတ်
လှမ်း ကြည့်နေ၏ ။ ဘာမှလည်း မပြော ။ ဘယ်သူ့ကို မှ လည်း နှုတ် မဆက် ။ စိုးရှား က လည်း ကိုသျှပ် ရပ်နေသည့်
နေရာ ဘေး တွင် သာ ရပ် နေလိုက်သည် ။
ရုပ်ကလာပ် ကို မီးသင်္ဂြိုလ် စက် ထဲ ပို့ရန် အချိန် ကျတော့ ပုံတူပန်းချီကား ကိုသယ် သူ က သယ် ၊ ပန်းခွေ
သယ် သူ က သယ် နှင့် လူစုလူဝေးကြီး စီတန်း ရွေ့လျားကြသည် ။
ကိုသျှပ် ကတော့ နေရာ မှ မရွေ့ ၊ ရပ်မြဲ ရပ်လျက်သား ပင် ။ သူ့အကြည့် တွေ ကတော့ အသုဘခေါင်း ရွေ့လျား
ရာ ဆီ သို့ မျှော်ငေးလျက် ။
ကိုသျှပ် ဘာတွေ တွေးနေသည် မသိ ။
နောက်ဆုံး စိုးရှား က ...
“ ပြန်ကြစို့လေ ကိုသျှပ် ...”
ဟု သတိ ပေး မှ သူ က ပြန်လည် အသက် ဝင် လာသည် ။ ပြီးတော့ စကား တစ်ခွန်း ကို တီးတိုး ပြော၏ ။
“ ဒီ အဘိုးကြီး သေသွား တာ ကျွန်တော် နှမြော လိုက်တာဗျာ ...”
ဘာ အတွက်ကြောင့် မှ တစ်သက် နှင့် တစ်ကိုယ် ဝမ်းမနည်းခဲ့ ဖူးသော စိုးရှား သည် ကိုသျှပ် ၏ စကားကြောင့်
ရင် ထဲ မှာ ဆို့ဆို့နင့်နင့် ဖြစ်သွားသလို ခံစား လိုက်ရ၏ ။
အကယ်၍
အကယ်၍သာ
နောက် သိပ် မကြာတော့သော ကာလ တစ်ခု တွင် အဆိုတော် သျှပ်မှူးအိမ် ဆိုသော သူ့ ကို ဒီ နေရာ မှာ ပင်
ဒီလိုမျိုး ဈာပန အခမ်းအနား ဖြင့် ကြေကွဲစွာ လိုက်ပါ ပို့ဆောင် သင်္ဂြိုလ်ရဦးမည် ဆိုသည် ကို ...
အဲဒီ ကတည်း က ကြို သိခဲ့လျှင်ကား ...
,မင်းခိုက်စိုးစန်
#ကိုအောင်နိုင်ဦး
ဝ
No comments:
Post a Comment