▬▬▬▬▬
ယုံလား ဟင်
▬▬▬▬▬
“ ယုံလား ဟင် ”
“ ဟင် ... မိန်းမ မင်း ဟာ ဘယ်လို ဖြစ် လာရပြန်တာလဲ ကွာ ၊ မင်းတို့ ငါတို့ အသက် ၆ဝ အရွယ် ခေါင်းဖြူ စွယ်ကျိုး တွေ ဟာ ၊ ကလေးကလား စကား တွေ ဟယ် ”
“ မဟုတ်ဘူး မောင် ၊ မောင့် ကို လူတွေ က ယုံ ရဲ့လား ၊ မောင့် အလုပ် ကို လူတွေ က ယုံရဲ့လား ၊ မောင် ထုတ်လုပ် ရောင်းချ နေ တဲ့ ကုန်ပစ္စည်းတွေ အပေါ် ယုံကြည်မှု ရှိရဲ့လား လို့ မေးတာပါ မောင် ”
“ အယ် ... အဲဒါ မောင် တစ်ခါမှ မစဉ်းစားမိဘူး ၊ အခု မင်း ပြော မှ စဉ်းစားမိတယ် ၊ မင်း တော်လှချည်လား ကွ ၊ ဒါကြောင့်မို့ မောင့် မိန်းမ ဖြစ် နေတာ ၊ ကျေးဇူးတင်တယ်တကယ်ပါ ”
( စီးပွားရေး လုပ်စားနေတဲ့ မိတ်ဆွေ ၊ စီးပွားရေး လုပ်စားတော့မယ့် မိတ်ဆွေ ၊ သင့် ကိုအကြံ လာပေးပြီ ဆိုရင် အကြံဉာဏ် ပေးသူ ကို လေးစားပါ ။ သူ့ အကြဉာဏ် ကို အသိအမှတ် ပြုပေးပါ ။ ကိုယ် သိထားတာ ပင် ဖြစ် စေဦးတော့ မသိသေး ချင်ယောင် ဆောင်ပြီးခေါင်း ညိတ်ပါ ။ ပြီးတော့ ကျေးဇူး တင်ကြောင်း ပြော ပါ ။ လက်တွေ့ ကျင့်သုံး အောင်မြင်နေသော လျှို့ဝှက်ချက် တစ်ခုပါ ။ )
ကျွန်တော် ဒါကို သဘော ပေါက် နေတာ ကြာပြီ ၊ လက်ခံ ကျင့်သုံး နေတာလည်း ကြာပါပြီ ။ အခု မိန်းမ က ပြော တော့ မှ သည် ဆောင်းပါး ရေး ဖို့ သတိ ရတာပါ ။
ကျွန်တော် ပြည်မြို့ ရွှေတောင် ကားဂိတ် နား မှာ အအေးဆိုင် ဖွင့် ထားတယ် ခင်ဗျာ ၊ ကျွန်တော် တို့ ဒေသ ထွက် သစ်သီးများ ကို ဖျော် ရောင်းတာပါ ။ ငှက်ပျောသီး ၊ သင်္ဘောသီး ၊ နာနတ်သီး ၊ သခွားမွှေး ၊ မွန်ပြည်နယ် ထွက် ဒူးရင်းသီး ၊ ရှမ်းပြည်နယ် ထွက် စတော်ဘယ်ရီ စတဲ့ သစ်သီးများ ကို ဖျော် ရောင်းတာပါ ။
တစ်နေ့တော့ အလွန် ချမ်းသာ တဲ့ သူဌေးကြီး တစ်ယောက် ကား နဲ့ ဝင်လာပြီး ကျွန်တော့် ဆိုင် မှာ အအေး သောက်တယ် ခင်ဗျာ့ ၊ တပည့် လက်သား အခြွေအရံတွေ လည်း ပါတယ် ။ သောက်ပြီး အအေးဖိုး ရှင်း တော့ ...
“ သား က ဒီ ဆိုင် ပိုင်ရှင်လား ”
“ ဟုတ်ကဲ့ ခင်ဗျ ... လိုတာ ရှိရင် ပြော ပါ ”
“ ဘ ... အကြံဉာဏ် တစ်ခု ပေးခဲ့မယ် သား ၊ သား ကို လူတွေ ယုံကြည် အောင် လုပ်ပါ ၊ သား ထုတ်လုပ်တဲ့ ကုန်ပစ္စည်း တွေ ကို ယုံကြည်စိတ်ချ လက်ခံ လာအောင် လုပ်ပါ ၊ လူတွေ ( လာရောက် စားသုံးသူတွေ ) က လက်ခံ လာပြီ ဆိုရင် သား တောင်းတဲ့ ဈေး ကို မငြင်းဘဲပေးပြီး သောက်ကြမှာပါ ၊ အကယ်၍ သား ကို မယုံဘူး ၊ သား ကို အထင် သေး နေမယ် ဆိုရင် သူတို့ ဈေးဆစ်ကြလိမ့်မယ် ကွ ၊ တောင်း တဲ့ ဈေး မပေးချင်ဘူး ၊ ဈေး ဆစ်နေတယ် ဆို ရင်သား ကို မယုံ လို့ ပဲ ၊ သား ပစ္စည်း ကို တောင်း တဲ့ ဈေး နဲ့ မတန်ဘူးထင် လို့ပဲ ကွ ”
ထိုနောက် သူဌေးကြီး ဟာ အခါအားလျော်စွာ လာ သောက်တယ် ခင်ဗျာ့ ။သူဌေး ဆိုပြီး ဦးစားပေး ဖျော် မပေးဘူး ခင်ဗျာ့ ၊ သာမန် ဖျော်ရိုးဖျော်စဉ် ပဲ ဖျော် ပေးတယ် ၊ သူဌေးကြီး ကလည်း ကျသင့်တဲ့ ဈေး အမြဲ ပေးတယ် ။
“ မင်း ကို ငါ ယုံသွားပြီ ၊ မင်း ဆိုင် ကို ငါ ယုံတယ် ၊ မင်း ပစ္စည်း ကို ယုံ လို့ မင်း သတ်မှတ် တောင်းဆို တဲ့ ဈေး ငါ ပေးတယ် ကွာ ”
သူဌေးကြီး က တစ်နေ့ အဲသလို ပြော တယ် ခင်ဗျာ့ ။ ကျွန်တော့် မှာ ဝမ်း ကို သာ လို့ ဗျာ ။ သူ ပြော တာ အမှန်ပဲ ခင်ဗျာ့ ။ လူ ကို ယုံ မှ ပစ္စည်း ကို ယုံ မှ စီးပွားရေး လုပ် လို့ ရတာပါ ။ မယုံ တော့ ဘူး ဟေ့ ဆိုလျှင် အမှန်တကယ် ၁၀၀ဝ တန် တဲ့ပစ္စည်း ကို တောင် ၁၀၀ဝ မတန်ဘူး ၊ ၅၀ဝ လောက် ပဲ တန်တယ်လို့ ထင် ကြတာဗျာ့ ၊ ယုံလာပြီ ဆို ရင်တော့ ၁၀၀ဝ တန် တဲ့ပစ္စည်း ကို ပဲ ၁၀၀ဝ မ က တန်တယ် လို့ ထင် ကြတယ်ဗျာ့ ။ လူ့ သဘော လူ့ လောကကြောက်စရာ ။
ကျွန်တော် တို့ အောင်လံမြို့ မှာ အပ်ပိန် ဆို တဲ့ ကုန်စုံဆိုင် တစ်ဆိုင် ရှိတယ် ။ သူ့ ဆိုင် က အလေး မှန်တယ် ဆိုပြီး နာမည် ကြီး တယ် ခင်ဗျာ့ ။ ငါး ဝယ်လာလည်း သူ့ ဆိုင် မှာ ပြန် ချိန်ကြည့် ၊ ကြက်သား ဝယ်လာလည်း သူ့ ဆိုင် မှာ ပြန် ချိန်ကြည့် ၊ သူ့ ခမျာ သူ့ ပစ္စည်း ချိန်ရတယ်ပဲ မရှိပါဘူး ဗျာ ။ ကျွန်တော် လည်း အမျိုးမျိုး ဖမ်းလှပြီ ၊ အမှန်တကယ် ပဲ သူ့ အလေး ဟာ မှန် နေတယ်ဗျာ ။ ဒါကြောင့်လည်း သူ့ ဆိုင် မှာလာ ဝယ်တဲ့ သူတွေ တိုးမပေါက်ဘူး ခင်ဗျာ့ ။
ယုံကြည်မှု အရင်းခံ ကြောင့် ။ ကျွန်တော်တို့ စီးပွားရေးလောကကြီး မှာ ယုံကြည်မှု နဲ့ လုပ် ကြတာပါဗျာ ၊ ငွေပေး ငွေယူ ကို ကြည့် မလား ၊ ၁ဝ သိန်း ၁၅ သိန်း ၊ သိန်း ၅ဝ သိန်း ၁၀ဝ အထုပ်အတိုင်း ပေးကြ ယူကြတာ ခင်ဗျာ့ ၊ ဘာ လက်မှတ် မှလည်း မလိုဘူး ၊ ဘာ မှတ်ပုံတင်ကဒ်ပြား မှ လည်း ပြစရာ မလိုဘူး ။
၁ဝ သိန်း ၁၅ သိန်း များ စကား ထဲ တောင် ထည့် မပြော ကြပါဘူး ဗျာ ၊ ငွေ ယူဖို့ လွှတ်လိုက်တဲ့ အလုပ်သမား ၊ ပုဆိုးအင်္ကျီအနွမ်းလေး နဲ့ ၊ စက်ဘီးအိုလေး နဲ့ ၊ လွယ်အိတ်အဟောင်းလေး နဲ့ သည်လိုပဲ ဂျောက်ဂျောက် ဂျောက်ဂျောက် နဲ့ လာ သယ်သွားတာပါ ခင်ဗျာ ။ ဟား ... ဟား ...ဟိတ်ကြီး ဟန်ကြီး မရှိ ၊ ပြောင်ပြောင် ရောင်ရောင် မရှိပါ့ဗျာ ၊ ပေးလိုက်တဲ့ သူ ကလည်းပေး လိုက်တာပဲ ခင်ဗျာ့ ။ ဘယ်သူ ဘယ်ဝါ လာ ယူသွားတယ် တောင် အတေး အမှတ်မရှိဘူး ခင်ဗျာ ။
“ ဟဲ ဟဲ ... လွယ်လှချည်လား ”
သည်လိုများ မထင် လိုက်နဲ့နော် ၊ သည်လို ယုံကြည်မှု ရအောင် ၊ လူ လေးစား ခံ ရအောင် အနှစ်နှစ် အလလ က တည်ဆောက် ယူ ရတာ ခင်ဗျာ့ ၊ အသက် ကြီးတာ ငယ်တာ နဲ့ မဆိုင်ဘူး ၊ ယုံကြည်မှု က ယုံကြည်မှု ပဲ ။ ယုံကြည်ပြီ ဆိုတော့ တစ်သက် လုံး စား မကုန်ဘူးပေါ့ ခင်ဗျာ ။
အဲ ... မယုံကြည်တော့ဘူး ဆိုလို့ကတော့ နာမည် ပျက်ပြီ ဆိုလို့ကတော့ သွားပြီ ဗျို့ ၊ ဘယ်သူ မှ မလေးစားကြတော့ဘူး ဗျာ ၊ လမ်း မှာ ပက်ပင်းကြီး တိုး နေတာ တောင် တော်ရိလျော်ရိ နှုတ် ဆက်မယ့် သူ တောင် မရှိတော့ဘူး ဗျာ ၊ လူ တော ထဲ ခေါင်း မဖော်ဝံ့တော့ဘူး ဆိုတာ သည်လို ဘဝမျိုး ပေါ့ ဗျာ ။
မိတ်ဆွေ ၊ စီးပွားရေး လုပ်စား တော့ မလို့လား ၊ လုပ်စား နေပြီလား ။ သင့် ကို လူတွေ က ဘယ်လောက် ယုံကြည်မှု ရှိသလဲ ဆိုတာ အပေါ် မူတည်ပြီး သင့် ကြီးပွားရေး ကို ဆုံးဖြတ်သွားလိမ့်မယ် ခင်ဗျာ ။
( ကိုယ်တွေ့ ကို သာ ရေးပါသည် ခင်ဗျား ။ )
◽မောင်ချမ်းသာ
🚩 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
No comments:
Post a Comment